Friday, December 20, 2013

ခွေးရဲ့အတွေးတွေကို လူဘာသာစကား အဖြစ် အသံထွက်ပေးနိုင်မယ့် ခွေးလည်ပတ်


ငွေကြေးအခက်အခဲကြောင့် ပစ္စည်းတွေမတီထွင် နိုင်တဲ့ ခေတ်ကာလ ကိုကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ပစ္စည်းတွေတီထွင်ဖို့အတွက် လူအများက ငွေကြေးစိုက်ထုတ်ပေးတဲ့ kickstarter, Indiegogo တို့လို ၀က်ဆိုက် တွေ တွင်ကျယ်စွာ ပေါ်ပေါက်လာပြီဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာလည်း အဲဒီ စီမံကိန်း တွေက နေ အံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတွေ အများကြီးထွက်ပေါ်လာခဲ့ပြီးပါပြီ။ အခုတစ်ခါမှာလည်း ထူးဆန်းအံ့သြစရာကောင်းတဲ့ နည်းပညာမြင့် ပစ္စည်းတစ်ခုပေါ်ထွက်လာပြန်ပါပြီ။ No More Woof လို့နာမည်ပေးထားတဲ့ ခွေးလည်ပတ်လေး က ခွေးရဲ့ အတွေးတွေကို သိရှိအာရုံခံနိုင်ပြီး လူသာသာစကားအဖြစ်ပြောင်းလဲ အသံထွက်ဖတ်ပေးနိုင်ပါတယ်။ No More Woof က နည်းပညာဆန်းသစ်ပေမယ့် စတာလင်ပေါင် ၄၀ သာကုန်ကျမှာဖြစ်ပါတယ်။

Nordic Society for Invention အဖွဲ့မှ Scandinavian လူမျိုးတွေက Indiegogo ၀က်ဆိုက်မှတစ်ဆင့် No More Woof အတွက် ရန်ပုံငွေ ကောက်ခံနေကြပြီဖြစ်ပါတယ်။ တိရိစ္ဆာန် တွေရဲ့ အတွေးတွေကို English အပြင် Mandarin, French, Spanish ဘာသာစကားတွေအဖြစ်ပြောင်းလဲပေးနိုင်တဲ့ စီမံကိန်း ကို ပြုလုပ်နေပါတယ်။

No More Woof ခွေးလည်ပတ်မှာ EEG Recorders ပါရှိပြီး Raspberry Pi ကွန်ပြူတာအသေးလေးနဲ့ချိတ်ဆက်တပ်ဆင်ထားပါတယ်။ Loudspeaker အသေးလေးလည်းပါရှိပြီး ခွေးရဲ့အတွေးတွေကို လူတွေနားလည်တဲ့ ဘာသာစကားအဖြစ် အသံထွက်ပေးမှာဖြစ်ပါတယ်။ ခွေးရဲ့ အခြေခံ စိတ်ကူးအတွေးတွေဖြစ်တဲ့ မောပန်းတာ ၊ ဆာလောင်တာ စတဲ့ အတွေးတွေကို ခြေရာခံနိုင်တဲ့ Patterns တွေကိုလည်း ဖော်ထုတ်သိရှိပြီးဖြစ်တယ်လို့ တီထွင်သူတွေက ပြောပါတယ်။
No More Woof ကို ရောင်းချမယ့် ဈေးဟာ စတာလင်ပေါင် ၄၀ (ဒေါ်လာ ၆၅) ၀န်းကျင်ဖြစ်ပြီး Patterns နှစ်မျိုး သို့မဟုတ် သုံးမျိုး ပါရှိမှာဖြစ်ပါတယ်။ Nordic Society for Invention က ဒေါ်လာ တစ်သောင်း(စတာလင်ပေါင် ၆၁၀၀) ရန်ပုံငွေကောက်ခံထားပြီး အခုလောလောဆယ်မှာ ဒေါ်လာ ၃၀၀၀ နီးပါး ရရှိနေပြီဖြစ်ပါတယ်။

အဆိုပါ စီမံကိန်း ဟာ အခုလောလောဆယ်မှာ စိတ်ကူးပုံဖော်နိုင်တဲ့ အဆင့်သာရှိသေးပေမယ့် တီထွင်သူတွေက လက်တွေ့စမ်းသပ်ပြီးပြီလို့ပြောပါတယ်။ လာမယ့် နှစ်အနည်းငယ်မှာ လူတွေနဲ့ ခွေးတွေကြားမှာ စကားပြောဆိုနိုင်မယ့် No More Woof လို Translators တွေပေါ်ထွက်လာမယ်လို့မျှော်လင့်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။


http://mmconsumerguide.com/?p=2350

အမေရိကန်-မြန်မာ နဲ့ မြောက်ကိုရီးယား ပြဿနာ

20.12.2013

မြောက်ကိုရီးယားခေါင်းဆောင် အာဏာရှင် ကင်ဂျုံအွန်း က သူ့ရဲ့  အကြံပေးလို့ယူဆကြတဲ့ ဦးလေးဖြစ်သူကို ရာထူးကဖယ်ရှားပြီး လွန်ခဲ့တဲ့အပတ်က ကွပ်မျက်လိုက်တဲ့သတင်းကို ကမ္ဘာ့စာနယ်ဇင်းကြီးတွေမှာ အထူးဖော်ပြကြပါတယ်။ မြောက်ကိုရီးယားသတင်းကို အမေရိကန်မှာ အထူးစိတ်ဝင်စားကြပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းက ဝါရှင်တန်အခြေစိုက် Heritage Foundation ဆွေးနွေးပွဲမှာ မြန်မာနဲ့ မြောက်ကိုရီးယားဆက်ဆံရေးကို ရှင်းလင်းစွာသိဖို့လိုကြောင်း ဆီးနိတ်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဝါရင့်အရာထမ်းဟောင်း Keith Luse က အိုဘားမားအစိုးရကို တိုက်တွန်းထားပါတယ်။

နောက်ပြီးတော့ လွန်ခဲ့တဲ့ (၁၃) နှစ်အတွင်း မြောက်ကိုရီးယားပါဝင်ခဲ့တဲ့ မြန်မာ့စီမံကိန်းအားလုံးရဲ့  စာရင်း၊ မြောက်ကိုရီးယားဆီက ရယူထားတဲ့ စစ်လက်နက်ပစ္စည်းစာရင်းအပြည့်အစုံ၊ ဒုံးလက်နက်နဲ့ အဏုမြူစီမံကိန်းမှာပါဝင်တဲ့ မြောက်ကိုရီးယားကုမ္မဏီစာရင်း၊ မြောက်ကိုရီးယား စစ်ပစ္စည်းတင်သွင်းရာမှာ တရုတ်ပါဝင်တဲ့အခန်းကဏ္ဍ စတာတွေကို အမေရိကန်အစိုးရ သိသင့်တယ်လို့ Keith Luse က ဆိုပါတယ်။ အခြားပညာရှင်တွေကလည်း ဒီအဆိုကို ဝိုင်းဝန်းထောက်ခံကြပါတယ်။ မြန်မာကိုပြန်လည်ဆက်ဆံတဲ့အကြောင်းရင်းထဲမှာ မြောက်ကိုရီးယားကိစ္စပါဝင်တယ်လို့ ယူဆသူလည်းရှိပါတယ်။

ဗမာစစ်အုပ်စုက (၁၅) နှစ်လောက် လျှို့ ဝှက်စွာ ပြုစုပျိုးထောင်လာခဲ့တဲ့ မြန်မာ-မြောက်ကိုရီးယား ဆက်သွယ်မှုအားလုံးကို အတိအလင်းကြေညာဖို့ တောင်းဆိုတာဟာ မဖြစ်နိုင်တာကို လုပ်ခိုင်းတဲ့သဘောမျိုး ဖြစ်နေပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း ဗမာစစ်တပ်နဲ့ မြောက်ကိုရီးယား ဆက်သွယ်မှုရှိနေတာကို အမေရိကန်အစိုးရသိတာကြောင့် ကကထုတ် (ခေါ်) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုညွှန်ကြားရေးမှူးရုံးရဲ့  အကြီးအကဲ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကို ဇူလိုင်လဆန်းပိုင်းက ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ အဆက်ဖြတ်ဖို့ ကြိုးပမ်းနေတဲ့ ဦးသိန်းစိန်အစိုးရကို ဒဏ်ခတ်ဖို့ မရည်ရွယ်ဘူးလို့လည်း အမေရိကန်အစိုးရက ကြေညာပါတယ်။ အစိုးရကို အရေးမယူဘဲ လက်အောက်ခံအမှုထမ်းတဦးကိုသာ ကွက်ပြီးအရေးယူတာဟာ ဝေဖန်ရှုတ်ချစရာ ဖြစ်နေပါတယ်။

ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေး တယောက်တည်းလုပ်တာ မဟုတ်တဲ့အတွက် အခုလို အမည်ထုတ်ဖော်ပြီး အရေးယူတာဟာ ယုတ္တိမရှိဘူးဆိုတာကို အိုဘားမားအစိုးရကလည်း နားလည်းသဘောပေါက်မှာပါ။ ဦးသိန်းစိန်လက်ထက်မှာ မြောက်ကိုရီးယားနဲ့ ဗမာစစ်တပ် ဆက်သွယ်နေတာကို အမေရိကန်အစိုးရက သိရှိကြောင်း ပြသတဲ့အနေနဲ့ ဒု-ဗိုလ်ချုပ်ကြီးသိန်းဌေးကို ရွေးပြီးဒဏ်ခတ်အရေးယူလိုက်တာ ဖြစ်ပုံရပါတယ်။ ၂၀၀၈ နိုဝင်ဘာလက မြောက်ကိုရီးယားကိုသွားတဲ့ ဗိုလ်ချုပ်ကြီးသူရရွှေမန်း ခေါင်းဆောင်တဲ့အရာရှိ (၁၆) ဦး ပါဝင်တဲ့ စစ်မစ်ရှင်အဖွဲ့မှာ ဗိုလ်ချုပ်သိန်းဌေး လိုက်ပါခဲ့ပါတယ်။ ၂၀၀၈ နိုဝင်ဘာလ (၂၆) ရက်နေ့မှာ ဗိုလ်ချုပ်ကြီးသူရရွှေမန်း နဲ့ မြောက်ကိုရီးယားစစ်ဦးစီးချုပ်တို့ နားလည်းမှုစာချွန်လွှာ လက်မှတ်ထိုးတာကို ပေါက်ကြားသွားတဲ့ စစ်မစ်ရှင်ရဲ့  (၃၇) မျက်နာ အစီရင်ခံစာအရ သိရှိရပါတယ်။

ဗိုလ်ချုပ်ကြီးသူရရွှေမန်းနဲ့ မြောက်ကိုရီးယားဗိုလ်ချုပ်ကြီးကင်ချုပ်စစ်တို့ လက်မှတ်ထိုးကြတဲ့ နားလည်မှုစာချွန်လွှာကြောင့် အမေရိကန်အစိုးရရဲ့  မြန်မာပြည်ဆိုင်ရာ လမ်းစဉ်ပြောင်းလဲလာတာ ဖြစ်တယ်လို့ မြန်မာ့ရေးရာဝါရင့်အကဲခတ် Bertil Lintner က အောက်တိုဘာ (၈) ရက်ထုတ် ဧရာဝတီစာစောင်မှာ ရေးထားပါတယ်။ အမေရိကန်ရဲ့  ရေရှည်ဦးတည်ချက်ဟာ တရုတ်ကို ထိန်းထားနိုင်ဖို့ ဖြစ်ဖွယ်ရာရှိပေမယ့် လောလောဆယ်ကတော့ မဟာဗျူဟာ အချက်အချာဖြစ်နေတဲ့ မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားတို့ ရင်းနှီးမသွားဖို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ဦးသိန်းစိန်တက်လာပြီး ပြုပြင်ရေးလုပ်တဲ့အခါမှာ လက်တွဲလုပ်ကိုင်ဖို့ အိုဘားမားအစိုးရက ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။ ဒါပေမဲ့ ဗမာအစိုးရကတော့ မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး အပျက်ခံမှာ မဟုတ်ဘူးလို့ Bertll Lintner့ က သုံးသပ်ပါတယ်။

အမေရိကန်နဲ့ အီးယူးဥရောပအဖွဲ့ဝင်နိုင်ငံတွေက ဗမာအစိုးရကို စစ်လက်နက်ပစ္စည်းမရောင်းဖို့ ပိတ်ပင်တားမြစ်ထားတာ အနှစ် (၂၀) ကျော်နေပါပြီ။ အခုလည်း စစ်ပစ္စည်းမရောင်းဖို့ ပိတ်ပင်ထားဆဲဖြစ်ပေမယ့် တရုတ်၊ ရုရှား၊ ယူခရိန်း၊ ဆားဘီးယား၊ အစ္စရေး နဲ့ အိန္ဒိယတို့ကတော့ ဗမာအစိုးရကို စစ်လက်နက်ပစ္စည်းရောင်းချနေပါတယ်။ ဒါပေမဲ့ ခေတ်မီဒုံးလက်နက် အတတ်ပညာကိုရဖို့ အခက်အခဲရှိပါတယ်။ ဒီနေရာမှာ ရုရှား၊ တရုတ် နဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်ရဲ့  မှီခိုအားထားရာ နိုင်ငံတွေ ဖြစ်လာပါတယ်။ တရုတ် နဲ့ ရုရှား စစ်ပစ္စည်းကိုင်တွယ်ရာမှာ ကျွမ်းကျင်တဲ့ မြောက်ကိုရီးယားဟာ ဗမာစစ်တပ်အတွက် အရေးပါလာပါတယ်။

တရုတ်နဲ့ ရုရှား စစ်ပစ္စည်းကို ငွေပေးပြီး ဝယ်ရပေမယ့် အလားတူပစ္စည်းကို မြောက်ကိုရီးယားဆီက ဝယ်ရင်ငွေအစား ဆန်နဲ့ ကောက်ပဲသီးနှံကို ပေးနိုင်တာဟာ ဗမာစစ်တပ်အတွက် အကျိုးအမြတ်တခု ဖြစ်ပါတယ်။ နိုင်ငံတော် ပုန်ကန်မှုနဲ့ သေဒဏ်ပေးခံရတဲ့ ကွယ်လွန်သူဗိုလ်ချုပ်ကြီးနေဝင်းရဲ့  မြေးတွေကို ထောင်ကလွှတ်ပေးလိုက်ပေမယ့် မြောက်ကိုရီးယားခရီးအစီရင်ခံစာ ပေါက်ကြားမှုနဲ့ ထောင်ကျနေတဲ့ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နဲ့ အပေါင်းပါကိုတော့ ထိန်းသိမ်းထားဆဲ ဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်တာမှန်သမျှကို ဖုံးဖုံးဖိဖိ လုပ်ထားဖို့သာ ဗမာအစိုးရ ရည်ရွယ်တာ ထင်ရှားပါတယ်။

လန်ဒန်ပြဇတ်ရုံ မျက်နှာကြက် ပြိုကျ ၈၈ ဦး ဒဏ်ရာရ


20.12.2013

လန်ဒန်မြို့က Apollo ကဇာတ်ရုံ ပြိုကျ(ဒီဇင်ဘာ ၁၉၊၂၀၁၃)

လန်ဒန်မြို့က ပြဇာတ်ရုံတခုရဲ့ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြိုကျခဲ့တာမှာ လူပေါင်း၈၈ ယောက် ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ဒီအထဲမှာ ၅ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့ပါတယ်။ Apollo ကဇာတ်ရုံမှာ ကြာသပတေးနေ့ ညနေခင်းက The Curious Incident of the Dog in the Night-Time ဆိုတဲ့ ပြဇာတ် ကနေချိန်မှာ အခုလို ပြိုကျခဲ့တာပါ။

ထိုင်ခုံပေါင်း ၇၇၅ ခုံရှိတဲ့ ဒီပြဇာတ်ရုံ ပြိုကျချိန်မှာ ပိတ်မိနေသူအားလုံးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ပြိုကျပျက်စီးတဲ့နေရာမှာ ရှိနေတဲ့ ကယ်ဆယ်ရေး ၀န်ထမ်းတွေက ပြောပါတယ်။ ပြဇာတ်ကနေချိန်မှာ မျက်နှာကြက် အစိတ်အပိုင်းတချို့ ပြုတ်ကျလာချိန်မှာ၊ ဒါဟာ ပြဇာတ်ထဲမှာ ပါတဲ့အရာ မဟုတ်ဘူးလို့ သိလိုက်တာနဲ့ ဇာတ်ရုံထဲက လူတွေ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရတယ်လို့ မျက်မြင်တွေ့ခဲ့သူတွေက ပြောပါတယ်။

ဘာကြောင့် ခုလို ပြိုကျရလဲဆိုတာ သေချာမသိရသေးပေမဲ့၊ ဒါဟာ တမင်တကာ တိုက်ခိုက်မှုတခုခုကြောင့် ဖြစ်တာမျိုးတော့ မတွေ့ရသေးဘူးလို့ ရဲက ပြောပါတယ်။

အဖမ်းခံ ရှမ်းတိုင်းရင်းသားများ အရေး မြစ်ကြီးနားမှာ ဆန္ဒပြမည်



ကချင် လွတ်မြောက်ရေး တပ်မတော် လိုင်ဇာ အနီး စစ်စခန်း တစ်ခုတွင် လေ့ကျင့်နေစဉ်။ ဖေဖော်ဝါရီလ ၁၃၊ ၂၀၁၂

ကချင်လွတ်လပ်ရေးတပ်မတော်KIA က ဖမ်းဆီးသွားတဲ့ ရှမ်းအမျိုးသားတွေ လွတ်မြောက်ရေးအတွက် တောင်းဆိုတဲ့ ဆန္ဒပြပွဲကို အစိုးရက ခွင့်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ တက်ရောက်လာသူတွေရဲ့ ဆန္ဒသဘောထား အရ ဆောင်ရွက်သွားမယ်လို့ ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က တာဝန်ရှိသူတဦးက ဒီနေ့ ပြောဆိုပါတယ်။ ကချင်ပြည်နယ်အခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့က မန်စီမြို့နယ်အတွင်း ရှမ်းလူမျိုး ၆၀ကျော် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး ဒီလ ၂၀ရက်နေ့မှာ လူအင်အား လေးသောင်းနဲ့ မြစ်ကြီးနားမြို့မှာ ဆန္ဒပြဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းက ရှမ်းအမျိုးသားတွေကို KIA က တပ်သားသစ် စုဆောင်းဖို့အတွက် ဖမ်းဆီးခေါ်ဆောင်သွားတာဟာ ဒီလ ၄ရက်နေ့က မန်စီမြို့နယ် မန်ဖွရွာက ၂၀ဦး၊ ၇ရက်နေ့က မန်ဖွရွာက ၆ဦးပါအ၀င် ၄၆ဦး၊ ၉ရက်နေ့မှာ ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ ကချင်ပြည်နယ်က သတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့က မြစ်ကြီးနားမြို့မှာ ဒီလ ၂၀ရက်နေ့မှာ လူအင်အား၎သောင်းနဲ့ ဆန္ဒပြဖို့အတွက်လည်း အစိုးရဆီမှာ တင်ပြထားတာဖြစ်ပါတယ်။ ဒါပေမဲ့ ဆန္ဒပြဖို့ ခွင့်ပြုချက်ကတော့ ဒီနေ့ အထိမရရှိသေးပါဘူး။

ဒီအခြေအနေမှာ သောကြာနေ့မှာ ပြုလုပ်မယ့် ဆန္ဒပြပွဲနဲ့ပတ်သက်ပြီး ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ရဲ့ နာယက ဦးစိုင်းသာဇုံက ပြောဆိုလိုက်ပါတယ်။

"ကချင်ပြည်နယ် တစ်ပြည်နယ်လုံးမှာရှိတဲ့ သူတို့ ရှမ်းတိုင်းရင်းသားတွေကနေ ဦးဆောင်ပြီးတော့မှ ကေအိုင်အေတို့ရဲ့ ဖိနှိပ်ခံရတဲ့ လူဆွဲခံရတဲ့ ဆက်ကြေးတောင်းခံရတဲ့ ပြည်သူလူထုမှန်သမျှ မိမိတို့ရင်ထဲမှာရှိတဲ့ ဆန္ဒကိုဖော်ထုတ်ဖို့အတွက် စီစဉ်ထားတယ်လေ။ ၁၅ရက်နေ့က ကျနော်တို့ တရားဝင်တင်ထားတယ်ဗျ။ ၂၀ရက်နေ့ပြမယ်ဆိုပြီးတော့ တရားဝင်တင်ထားတယ်။ အင်အားလည်းပေးထားပြီးသား။ သူတို့ ကျနော်တို့ကို ၄၈နာရီအတွင်း အကြောင်းပြန်မယ်လို့ ပြောထားတယ်လေ။ အခုလောလောဆယ်တော့ အကြောင်းပြန်မှု ကျနော်တို့မရသေးပါဘူး။ ထို့အတူပဲ မလုပ်ရဘူးဆိုတာလည်း မရသေးပါဘူးခင်ဗျ။ အဲဒီကြောင့် ကျနော်တို့ကတော့ ဌာနဆိုင်ရာကနေ ခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တက်ရောက် လာတဲ့ပြည်သူလူထုဆန္ဒက မနက်ဖြန်မှာပြမယ်လို့သူတို့ အကုန်တက်ရောက်လာမယ့် ပြည်သူလူထုက သဘောတူညီချက်ရရင် မနက်ဖြန်မှာပြမယ်။ တက်ရောက်လာတဲ့ပြည်သူလူထုက မပြဘူးဆိုလို့ရှိရင် စည်းဝေးပြီးမှ ထုတ်ပြန်ချက်တို့ဘာတို့ပဲ ကျနော်တို့လုပ်မယ်ဗျ။"

လောလောဆည်မှာတော့ ဆန္ဒပြပွဲကို တက်ရောက်မယ့် ပြည်သူတွေဟာ မြစ်ကြီးနားမြို့ကို လာရောက်နေကြပြီလို့လည်း ဦးစိုင်းသာဇုံက ပြောပါတယ်။

"မိုးညှင်း ဟိုပင် တင်းပေါ ဆန်းမော် နမ်းခွင် ထုံးရေပေါက် အုန်းပေါင် ဖောင်နီ ကညင်မြိုင် မိုးကောင်း နမ့်မတူ အဲဒါအကုန်လုံးပေါ့ဗျာ။ နောက်ပြီးတော့ သံမခန်။ ဖားကန့် သံမခန်ဖက်ကလည်းလာမယ်ဗျ။ သူတို့လည်း မနက်က ထွက်ခဲ့ပြီလို့ပြောပါတယ်ခင်ဗျ။ ဗန်းမော်ဖက်ကလည်း လာမယ်ခင်ဗျ။ နောက်ပြီးတော့ စစ်ကိုင်းတိုင်း ဗန်မောက်ကလည်း လာမယ်ဗျ။ မိုးညှင်း တင်းပေါ ဟိုပင် ထွက်လာတဲ့လူတွေက လမ်း တစ်ဝက်ရောက်နေပြီလို့ ပြောပါတယ်ခင်ဗျ။ အင်အားက ဘယ်လောက်ဆိုတာ ကျနော် မပြောနိုင်သေးဘူးဗျ"

ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေရဲ့ ဆန္ဒပြပွဲကို ခွင့်ပြုချက်ပေး၊ မပေးဆိုတာကို မြစ်ကြီးနားမြို့ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ဆက်သွယ်မေးမြန်းရာမှာတော့ --

"ကျနော်တို့အနေနဲ့က မြို့နယ်က ခွင့်ပြုချက်ပေးလို့မရဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးကပဲ ခွင့်ပြုချက်ပေးလို့ရတယ်။ ခွင့်မပြုတာပြုတာက သူတို့နဲ့ပဲဆိုင်တယ်။ ကျနော်တို့နဲ့ မဆိုင်ဘူး။ ကျနော်တို့က လုံခြုံရေးလုပ်ပေးဖို့ပဲ။ သူတို့ခွင့်ပြုတယ်ဆိုရင် ကျနော်တို့ လုံခြုံရေးလိုက်လုပ်ပေးပေါ့။ ဒါပဲရှိတာပဲ။ ခွင့်ပြုတယ် ခွင့်မပြုတာပြုတာက သူတို့မြို့နယ်အုပ်ချုပ်ရေးနဲ့ပဲဆိုင်တယ်။ နော့် မေးကြည့်လိုက်ပါ။ သူတို့ကိုနော့"

မြို့နယ်အုပ်ချုပ်ရေးမှုးရုံးကို ဆက်သွယ်ရာမှာတော့ တာဝန်ကျဝန်ထမ်းတဦးက အခုလို ပြောပါတယ်။

"မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးကို မေးပါတဲ့။ အဲမှာမေးမှ သူတို့ ရဲနဲ့ဆိုင်လို့လေ"

ဆန္ဒပြပွဲကျင်းပဖြစ်တယ်ဆိုရင်တော့ သောကြာနေ့ မနက် ၈နာရီမှာ မြို့ဂုဏ်ရောင်ရုပ်ရှင်ရုံ ဒါမှမဟုတ် ၀ိုင်းမော်ကတို့ဆိပ်မှာ လူစုပြီး KIOအဖွဲ့ရဲ့ လုပ်ငန်းညှိနှိုင်းအဖွဲ့ရုံးကို ချီတက်ဆန္ဒပြမှာဖြစ်ပါတယ်။

ကချင်ပြည်နယ် ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ နဲ့ အရင် KIO ဒုဥက္ကဋ္ဌဟာင်း ဒေါက်တာ တူးဂျာကတော့ လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ အခြေအနေမှာ နှစ်ဖက် ညှိနှိုင်းဆွေးနွေးဖြေရှင်းစေလိုကြောင်း ပြောပါတယ်။

"ပြောမယ်ဆိုလို့ရှိရင်တော့ ဒါအခုအချိန်အခါမှာကတော့ တည်ငြိမ် ငြိမ်းချမ်းရေး က အင်မတန် အရမ်းအရေးကြီးနေ တာပေါ့။ ပြောမယ်ဆိုရင်။ ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစားနဲ့ လုပ်ရမယ် အချိန်အခါမျိုးတော့ဖြစ်ပါတယ်။ နှစ်ဖက်ပေါ့နော်။ လွန်လွန်ကျွံကျွံ ဖြစ်မှာဆိုတော့။ ကျနော်တို့က စိုးရိမ်မိတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့ပါတီအနေနဲ့ပဲ ပြောပြော ကျနော်ပုဂ္ဂိုလ်ရေးအရပဲပြောပြောပေါ့လေ။ အခုတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ဖြစ်သွားစေချင်တာပဲ။ အဲဒါကို လိုအပ်တဲ့ဟာတွေကို ညှိ နှိုင်းဆွေးနွေးပြီးတော့မှ ဖြေရှင်းသွားတဲ့ နည်းနာကိုပဲ ကျင့်သုံးစေချင်ပါတယ်။

အခုလို KIAက ရှမ်းအမျိုးသားတွေကို လူသစ်စုဆောင်းတာနဲ့ပတ်သက်ပြီး KIO လုပ်ငန်းညှိနှိုင်းအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးကို အရင်ရက်တွေက မေးမြန်းရာမှာ ဒီကိစ္စကို စုံစမ်းနေဆဲရှိကြောင်းနဲ့ တကယ်လို့ ဖမ်းဆီးတာမှန်ရင် ပြေလည်အောင်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

ဒီရက်ပိုင်းအတွင်းမှာတော့ မန်စီမြို့နယ်အတွင်းက ဖမ်းဆီးခံရတဲ့ ရှမ်းအမျိုးသား ၂၀ကျော် ပြန်လည်လွတ်မြောက်လာတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

မန္တလေးမြို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ကျဆင်းပြီး အအေးဒဏ် သိသိသာသာ ခံစားနေရ

Thursday, 19 December 2013


ဒီဇင်ဘာ ၁၈ ရက် နံနက်အစောပိုင်းက မန္တလေးမြို့မြင်ကွင်းကို မန္တလေးတောင်ပေါ်မှ မြင်တွေ့ရစဉ်

မန္တလေးမြို့၏ အပူချိန်မှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်အောက်သို့ ရောက်ရှိနေပြီး အအေးဒဏ်ကို သိသိသာသာခံစားနေရကြောင်း သိရသည်။

မန္တလေးမြို့၏ အပူချိန်များသည် ဒီဇင်ဘာ ၁၆ ရက်မှစတင်ကာ ရုတ်တရက်သိသာစွာကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိ ကျဆင်းခဲ့ရာ ဒီဇင်ဘာလ၏ပျမ်းမျှအပူချိန်ဖြစ်သော ၁၄ ဒဿမ ၉
ဒီဂရီစင်တီဂရိတ်အောက်ရောက်ရှိနေပြီဖြစ်ကြောင်း မိုးလေ၀သနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန(အထက်မြန်မာပြည်) မှတ်တမ်းများအရ သိရသည်။

" ဒီဇင်ဘာ ၁၅ ရက်က ၁၇ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၁၆ ရက်မှာ ၁၃ ဒီဂရီ စင်တီဂရိတ်အထိ ရုတ်တရက်ကျသွားတယ်။ အဲဒီကနေ ဆက်တိုက်ကျလာပြီး ဒီဇင်ဘာ ၁၈ ရက်မှာ ၁၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ် အထိကျဆင်းသွားတယ်။ ဒီနေ့အပူချိန်အနည်းငယ်ပြန်တက်လာပေမယ့် မန္တလေးမြို့ ဒီဇင်ဘာလရဲ့ပျမ်းမျှအပူချိန်အောက်မှာပဲ ရှိနေပါသေးတယ်။ အနိမ့်ဆုံးစံချိန်တင်ထားတဲ့အပူချိန်ထိတော့ မရောက်သေးပါဘူး " ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (အထက်မြန်မာပြည်)မှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

" ဆီးဂိမ်းဘောလုံးကွင်းမှာ တာဝန်ကျတဲ့ ရဲဝန်ထမ်းတစ်ယောက် ညဂျူတီအပြီး မနက်ရောက်တော့ လေဖြတ်သလိုမျိုးအကြောတွေကပ်သွားတယ်။ ရာသီဥတုကအရမ်းအေးတာကြောင့် တစ်ညလုံးဂျူတီစောင့်ရပြီး ခုလိုဖြစ်ရတာပါ။ အအေးဓာတ်က တော်တော်လေးသိသာတယ် " ဟု တိုင်းရဲတပ်ဖွဲ့ရုံး မှ ဒုတိယရဲမှူးကြီးဇော်မင်းဦးက ဆိုသည်။



ဒီဇင်ဘာ ၁၈ ရက် ညပိုင်းက မန်းလေးမြို့ တောင်ရွာသစ်ရပ်ကွက်အတွင်းရှိ မီးကင်းတစ်ခုတွင် ၀ိုင်းဖွဲ့မီးလှုံနေသည်ကို တွေ့ရစဉ်

ယခုကဲ့သို့ အပူချိန်များလျော့ကျ၍ အအေးပိုခြင်းမှာ တစ်နိုင်ငံလုံးတွင်ဖြစ်ပေါ်လျက်ရှိပြီး ခန့်မှန်းချက်အရ နောက်ထပ်သုံးရက်ခန့်အထိ အပူချိန်ကျဆင်းနိုင်ကြောင်း သိရသည်။ မန္တလေးမြို့တွင် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း၌ အနိမ့်ဆုံးဖြစ်ပေါ်ခဲ့သော အပူချိန်မှာ ၁၃ ဒဿ မ ၇ ဒီဂရီစင်တီဂရိတ် ဖြစ်သောကြောင့် ယခင်နှစ်နှင့် နှိုင်းယှဉ်ပါကအအေးပိုကြောင်း၊ မန္တလေးမြို့၏ စံချိန်တင်အနိမ့်ဆုံး အပူချိန်မှာ ၆ ဒဿမ ၇ ဒီဂရီ စင်တီဂရိတ်ဖြစ်ပြီး ၁၉၃၅ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မန္တလေးအနီးဝန်းကျင်ဒေသများတွင်လည်း အပူချိန်များ သိသာစွာကျဆင်း၍ အအေးဒဏ်ကိုသိသာစွာခံစားရလျက်ရှိပြီး ပြင်ဦးလွင်တွင် ဒီဇင်ဘာလ ၁၈ ရက်က ၀ ဒဿမ ၅ ဒီဂရီစင်တီဂရိတ်အထိကျဆင်းခဲ့ကြောင်း သိရသည်။

တရားမ၀င်ကုန်သွယ်မှုများ ဆက်တိုက်ဖမ်းဆီးလျက်ရှိရာ မြန်မာနိုင်ငံ၏ တရားဝင်ကုန်သွယ်မှုတန်ဖိုး ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် တိုးတက်

Friday, 20 December 2013


နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုပြုလုပ်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

တရားမ၀င်ကုန်သွယ်မှုများအား ဆက်တိုက်ဖမ်းဆီးမှုပြုလုပ်ပြီးနောက် မြန်မာနိုင်ငံ၏တရားဝင်ကုန်သွယ်မှုတန်ဖိုးမှာ ယခင်ဘဏ္ဍာနှစ်ထက် အမေရိကန်ဒေါ်လာလေး ဘီလျံကျော်အထိ တိုးတက်ရရှိလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ် ကိုးလအတွင်း ပို့ကုန်အမေရိကန် ဒေါ်လာ ၆၀၉၄ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၆၄၄၆ သန်းကျော်နှင့် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၂ ဘီလျံကျော်ရှိပြီး ယခုဘဏ္ဍနှစ်ကိုးလအတွင်း ကုန်သွယ်မှုစာရင်းများအရ ပို့ကုန်ရော သွင်းကုန်ပါ ကုန်သွယ်မှု ပိုမိုပြုလုပ်ထားခြင်းကြောင့် ယခင်ဘဏ္ဍာနှစ်ထက်ပင် အမေရိကန်ဒေါ်လာ လေးဘီလျံကျော် ကုန်သွယ်မှု တန်ဖိုးပိုလာခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာမှစ၍ မြန်မာ-ထိုင်းနယ်စပ်နှင့် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ တရားမ၀င်ကုန်သွယ်နေမှုများကို Mobile Team (တရားမ၀င်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး) အဖွဲ့များဖြင့် ဆက်တိုက် ဖမ်းဆီးမှုများပြုလုပ်ခဲ့ရာ ယခင်မြန်မာနိုင်ငံတွင်းသို့ တရားမ၀င်ကုန်သွယ်မှုပြုလုပ်နေသည့် ကုန်စည်များကိုဖမ်းဆီးရမိခဲ့ပြီး ပညာပေးကာလအတွင်း ပညာပေးခြင်းများပြုလုပ်ကာ နောက်ပိုင်းတွင်ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ဖမ်းဆီးစစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့ခြင်းကြောင့် ယခင်တရားမ၀င် ကုန်သွယ်မှုများမှာ တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ရောက်ရှိလာခြင်းမှာလည်း ကုန်သွယ်မှုတန်ဖိုးပိုမိုရရှိခဲ့သည့် အချက်တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုဆိုင်ရာဗျူဟာများ ချမှတ်၍လုပ်ကိုင်နေမှုများလည်းရှိကြောင်း သိရသည်။

နယ်စပ်များမှတစ်ဆင့် ကုန်သွယ်မှုပြု လုပ်ရာတွင် မြန်မာ-တရုတ်နယ်စပ်မှ ကုန်သွယ်မှု အများဆုံးပြုလုပ်ပြီး ဒုတိယအများဆုံးအဖြစ် မြန်မာ-ထိုင်းနယ်စပ်မှကုန်သွယ်မှုပြုလုပ်နေပြီး အဆိုပါနယ်စပ်များ၌ပင် ကွင်းလမ်းများမှ တရားမ၀င်ကုန်သွယ်မှုမှာ မြင့်မားနေဆဲဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ရှိ မြ၀တီနယ်စပ်ကုန်သွယ်ရေးဇုန်တစ်ဝိုက်တွင် တရားမ၀င်ကုန်သွယ်မှုပြုနေသည့် ဂိတ်ပေါင်း ၂၂ ဂိတ်အထိရှိကြောင်း သိရသည်။
တရားမ၀င်ကုန်သွယ်မှုများအား ဖမ်းဆီးရာတွင် ကျောက်စိမ်း၊ အရက်၊ ဘီယာ၊ စက်သုံးဆီ၊ စိတ်ကြွမူးယစ်ဆေးဝါး၊ ဖုန်းဟန်းဆက်နှင့် စားသောက်ကုန်ပစ္စည်းများကို အများဆုံးဖမ်းဆီးရမိခဲ့ပြီး ဒီဇင်ဘာ ၁၄ ရက်တွင် City Mart ပိုင်ရှင်နှင့်ဆက်နွှယ်မှုရှိသော Premium Food Service Products ကုမ္ပဏီမှတွေ့ရှိထားသည့် ၀ိုင်နှင့်အရက်အများစုမှာ တရားဝင်တင်သွင်းခွင့်အထောက်အထားပြသနိုင်ခြင်းမရှိ၍ ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့် အရေးယူခဲ့ကြောင်းသိရသည်။

တရားမ၀င်များ ဖမ်းဆီးမှုကြောင့် လက်ရှိတိုးလာသော ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ လေးဘီလျံကျော်အပေါ်၌ပင် အကောက်ခွန်မပါ ကုန်သွယ်လုပ်ငန်းခွန်တစ်မျိုးတည်းနှင့် မြန်မာနိုင်ငံအနေဖြင့် ကျပ်ဘီလျံ ရာဖြင့်ချီကာ တိုးတက်ရရှိခဲ့ ကြောင်းလည်း သိရသည်။
ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဒီဇင်ဘာလ ဒုတိယပတ်အထိ ကုန်သွယ်မှုတန်ဖိုးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဘီလျံ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။


EMG

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များအား ပေးခဲ့ကြောင်း KNU ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင် ပြောကြား

Thursday, 19 December 2013


မြန်မာ-ထိုင်း နယ်စပ်မှ Lamborghini ကားတစ်စီးအား တင်သွင်းလာစဉ်

တိုင်းပြည်အတွက် အခွန်ဘဏ္ဍာငွေများစွာ နစ်နာခဲ့ရသော ငြိမ်းချမ်းရေး ကားပါမစ်များကို သမ္မတဦးသိန်းစိန် ကိုယ်တိုင် စာအိတ်ဖြင့် တိုင်းရင်းသား အဖွဲ့များကို ပေးခဲ့ခြင်းဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ဗဟိုအလုပ် အမှုဆောင် ပဒိုမန်းငြိမ်းမောင်က ဒီဇင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရရှိခဲ့သော ငြိမ်းချမ်းရေး ကားပါမစ်များနှင့် ပတ်သက်ပြီး ဝေဖန်မှုများ ထွက်ပေါ်နေချိန်တွင် ဒီဇင်ဘာ ၁၉ ရက်က Myanmar Peace Center ၏ နေရာထိုင်ခင်း စီစဉ်ပေးမှုဖြင့် Business Alliance ဟိုတယ်၌ ပဒိုမန်းငြိမ်းမောင်က သတင်းထောက်များနှင့် တွေ့ဆုံခဲ့ပြီး ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

''အဲဒီကားပါမစ်က ကျွန်တော်ပဲ ယူလာတာ။ ကျွန်တော်တို့ ဟိုးမနှစ်ကတုန်းက ပြည်ထောင်စုနေ့ ဧည့်ခံပွဲ ၁၃ ရက်နေ့ကျတော့ သမ္မတကြီးက ဧည့်ခံတယ်။ သမ္မတကြီးက သူ့လယ်တောအိမ်မှာ ဧည့်ခံပြီးတော့ ကျွန်တော်တို့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို စာအိတ် တစ်အိတ်စီ ပေးတယ်။ ကျွန်တော်ကလည်း ဘာမှန်းမသိဘူး။ ဖောက်လည်း မကြည့်မိဘူး။ ကိုယ်နဲ့မဆိုင်တော့ ကျွန်တော်က ယူလာပြီး ကျွန်တော်တို့ ဥက္ကဋ္ဌကို ပေးလိုက်တာ။ နောက်တော့မှ အဲဒါက ကားပါမစ် ဖြစ်နေတယ်'' ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထိုသို့ ပေးအပ်ခဲ့သည့် ပါမစ်အရေအတွက်နှင့် ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင် လုပ်ကိုင်နေသည့် သမ္မတရုံး ၀န်ကြီးဌာန-၄ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် MPC မှ တာဝန်ရှိသူများက တရားဝင် ထုတ်ဖော်ပြောကြားခြင်း မရှိသော်လည်း ပဒိုမန်းငြိမ်းမောင်ကမူ ၎င်းတို့အဖွဲ့ ရရှိခဲ့သော အရေအတွက်အပြင် အခြားအဖွဲ့များ ရရှိသည့် အရေအတွက်စာရင်း အတိအကျကို စာရွက်ကိုင်လျက် ထုတ်ဖော် ပြောကြားခဲ့သည်။

အစိုးရ အနေဖြင့် လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၄ ဖွဲ့သို့ ကားပါမစ်များ ပေးအပ်ထားပြီး စုစုပေါင်း အနေဖြင့် အခွန်လုံးဝ ကင်းလွတ်သည့် အစီးရေ ၂၉၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်ရသည့် အစီးရေမှာ ၅၈၀ အထိ ရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

၎င်းတို့အဖွဲ့ အနေဖြင့်မူ လုံးဝ အခွန်ကင်းလွတ်ခွင့် အစီး ၄၀ ရပြီး ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၈၀ ရကြောင်း၊ လုံးဝအခွန်ကင်းလွတ် အစီး ၄၀ ကို ခရိုင် တစ်ခုစီနှင့် တပ်မဟာ တစ်ခုစီကို ကားနှစ်စီးနှုန်းဖြင့် ဝေပေးပြီး ကျန်သည့် ကားများကို ဗဟိုကယူကြောင်း၊ ကျန်သည့် အခွန်ဆောင်ရသည့် ကားများမှာမူ ရောင်းထုတ်လိုက်သည့် သဘောရှိကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

လက်ရှိအချိန်အထိ ကားပါမစ် လက်ခံထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ရှိပြီး ထိုအဖွဲ့များမှာ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ KNU/ KNLA ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K)၊ ပအိုဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ '၀' သွေးစည်း ညီညွတ်ရေးပါတီ (UWSA)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ ဖြစ်ကြောင်း သိရသည်။

နောက်ထပ် အစိုးရက ကားပါမစ် ချပေးရန် ရည်မှန်းထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များမှာ ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ်(KIO)သို့ အခွန်လုံးဝကင်းလွတ် အစီး ၄၀ နှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင်အစီး ၈၀၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် လားဟူ ဒီမိုကရက်တစ်သမဂ္ဂ (LDU)သို့ လုံးဝအခွန်ကင်းလွတ် ၁၅ စီးစီနှင့် ရာခိုင်နှုန်း ၆၀ အခွန်ဆောင် အစီး ၃၀ စီဖြစ်ပြီး အဆိုပါ အဖွဲ့များမှာ ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်မှု မရှိသေးသည့်အတွက် ရယူခြင်း မရှိသေးကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။



ပြည်တွင်း သတင်းထောက်များကို ပဒိုမန်းငြိမ်းမောင် ရှင်းလင်းနေစဉ် (ဓာတ်ပုံ-ဇင်ဘိုလွင်)

The Daily Eleven မှ ရရှိခဲ့သော အချက်အလက်များအရ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန(ကညန) တွင် ငြိမ်းချမ်းရေး ကားပါမစ်များအတွက် အစီး ရေ ၃၀၀၀ ချန်ထားကြောင်း သိရသည်။ သို့ရာတွင် ထိုအစီးရေ ၃၀၀၀ အနက် မည်မျှကို ပါမစ်ထုတ်ပေးပြီး ဖြစ်ကြောင်းနှင့် မည်သည့်ကား အမျိုးအစားများ တင်သွင်းနေသည် ဆိုခြင်းကို အစိုးရ တာဝန်ရှိသူ မည်သူတစ်ဦး တစ်ယောက်ကမျှ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

အခြားတစ်ဖက်တွင်မူ သမ္မတကိုယ်တိုင် ထုတ်ပေးထားသော ငြိမ်းချမ်းရေး ကားပါမစ်များကို ပြန်ဝယ်ပြီး Rolls-Royce၊ Bentley အစရှိသော မြို့ပေါ်သုံး အဆင့်မြင့် ဇိမ်ခံကားများ၊ တန်ဖိုးမြင့် ပြိုင်ကားများကို တင်သွင်းနေသဖြင့် ကားပါမစ်ရရှိသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများလည်း ထိုက်သင့်သည့်တန်ဖိုး မရရှိဘဲ ဖြစ်နေသည့်အပြင် နိုင်ငံတော် အနေဖြင့်လည်း ပြည်သူ့ဘဏ္ဍာ နစ်နာပြီး ကြားပွဲစား အဆင့်ဆင့်နှင့် ပါမစ်ဝယ်ယူ တင်သွင်းသူ အချို့သာ ကောင်းစားသွားခြင်းများ ရှိနေကြောင်း သိရသည်။

ထို့အပြင် ငြိမ်းချမ်းရေး ကားပါမစ် အစီအစဉ်အရ တင်သွင်းလာသည့် လက်ရှိအစီးရေ ၁၀၀၀ အတွက်ပင် အနည်းဆုံး အခွန်ငွေမှာ ကျပ်ဘီလျံ ၂၀၀ အထိ နစ်နာလျက် ရှိနေကြောင်း သိရသည်။

အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင် တန်ကြေးရှိသော Rolls- Royce ကဲ့သို့ ကားတစ်စီးအား အခွန်ပေးဆောင်၍ တင်သွင်းမည် ဆိုပါက အခွန်အရပ်ရပ် ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အထိ ကျသင့်မည်ဖြစ်ပြီး အခွန်ဆောင်ပြီး ကားတစ်စီး တန်ဖိုးသည် ကျပ်သိန်းပေါင်း ၁၃၀၀၀ ၀န်းကျင်အထိပင် ကျသင့်မည် ဖြစ်ကြောင်း၊ အခွန်အရပ်ရပ် ကင်းလွတ်ခွင့်ပါမစ် ဆိုပါက ၀ယ်ယူတင်သွင်းသူသည် အခွန်ငွေ ကျပ်သိန်းပေါင်း ၈၅၀၀ ကျော်အား လုံးဝပေးဆောင်ရန် မလိုသည့်အတွက် ပြည်သူ့ဘဏ္ဍာများစွာ နစ်နာနေခြင်း ဖြစ်သည်။

ပါမစ်တန်ဖိုးမှာ တစ်စောင်လျှင် ကျပ်သိန်း ၅၀၀ မှ ကျပ်သိန်း ၁၅၀၀ အထိဖြစ်၍ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အမှန်တကယ် ရရှိသည့် တန်ဖိုးမှာ ပါမစ်တစ်စောင်အတွက် အနည်းဆုံး ကျပ်သိန်း ၅၀၀ မှ အများဆုံး ကျပ်သိန်း ၁၅၀၀ သာ ရရှိမည်ဖြစ်သည်။

ငြိမ်းချမ်းရေး ပါမစ်များဖြင့် လက်ရှိ တင်သွင်းထားသည့် အမေရိကန်ဒေါ်လာ ငါးသိန်းဝန်းကျင်အထိ တန်ကြေးရှိသော Rolls- Royce အမျိုးအစား ကားများမှာ ယခုအခါ မြန်မာနိုင်ငံအတွင်း အစီးရေ ၃၀ ၀န်းကျင် အထိပင် ရောက်ရှိနေပြီဖြစ်ပြီး အမေရိကန်ဒေါ်လာ သုံးသိန်းအထိ တန်ကြေးရှိသော Bentley အမျိုးအစား ကားများသည် အစီး ၂၀ နီးပါးအထိ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ငြိမ်းချမ်းရေး ကားပါမစ်များဖြင့် တင်သွင်းနေသော ဇိမ်ခံကားများကို မြ၀တီနယ်စပ်နှင့် တာချီလိတ်တို့မှ တင်သွင်းလျက် ရှိကြောင်းနှင့် ကညနသို့ ဆက်သွယ်မေးမြန်းချက်အရ ငြိမ်းချမ်းရေးပါမစ်ဖြင့် တင်သွင်းသည့် ကားများထဲတွင် Rolls-Royce, Bentley, Lamborghini, Lexus, BMW ကဲ့သို့ကားများ အများဆုံး နံပါတ် ထုတ်ယူကြောင်း သိရသည်။

အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ကားပါမစ်များ ထုတ်ပေးနေသည့် အစီအစဉ်ကို မကြိုက်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဒီဇင်ဘာ ၅ ရက်က ပြုလုပ်ခဲ့သော RFA သတင်းဌာနနှင့် အင်တာဗျူး အစီအစဉ်တွင် ထုတ်ဖော် ပြောကြားခဲ့ပါသည်။

''အစ်မကတော့ မကြိုက်ဘူး။ ဘယ်လို အဓိပ္ပါယ်၊ ဘယ်လိုရည်ရွယ်ချက်နဲ့ လုပ်တာလဲ အစ်မနားမလည်ဘူး။ ကားပါမစ်က ကားပါမစ်သက်သက် ကိစ္စပေါ့နော်။ သူ့ဘာသူ သူ့လမ်းနဲ့သူ သွားရမှာ။ အပစ်အခတ် ရပ်စဲရေးတွေကတစ်ဆင့် တိုင်းရင်းသားတွေကို ကူညီချင်တယ်ဆိုရင် တခြားဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ အများကြီး ကူညီလို့ ရတာပဲ။ ဒီကားပါမစ်ကိစ္စက အများကြီး ရှုပ်ရှုပ်ထွေးထွေးလည်း ရှိတတ်တယ်လေ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေထွန်းနိုင်၊ ဇင်ဘိုလွင်

EMG

Related Posts Plugin for WordPress, Blogger...