Tuesday, October 29, 2013

ရွှေဖား သို့မဟုတ် ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါ




ကမ္ဘာ့အဆိပ်အပြင်းဆုံး သတ္တဝါစာရင်းထဲမှာ ထိပ်တန်းအဖြစ် ပါဝင်တဲ့ သတ္တဝါ တစ်မျိုးကတော့ ရွှေဖား (ရွှေအဆိပ်ဖား) (Golden poison frog) ဖြစ်ပါတယ်။

ရွှေဖား တစ်ကောင်မှ ထွက်တဲ့ ၁ မီလီဂရမ် အဆိပ်ဟာ ကြွက်ပေါင်း ၁ သောင်း သတ်လို့ ရပါတယ်။ လူဆိုရင် အယောက် ၂၀၊ ဆင်ဆိုရင် အာဖရိက ဆင် နှစ်ကောင် သေလောက်အောင်တောင် အဆိပ်ပြင်း ပါတယ်။ ဒါကြောင့် ၁ ဂရမ် ရှိတဲ့ ရွှေအဆိပ်ဖား တစ်ကောင်ဟာဆိုရင် လူ အယောက် ၁ သောင်းခွဲကို သေစေနိုင်တယိလို့ သိပ္ပံပညာရှင်တို့ တွက်ချက် လေ့ လာ တွေ့ရှိထားပါတယ်။

ဖြေဆေးလည်း တော်ရုံ ရှာလို့မရပဲ အဆိပ်မိရင် အားလုံး သေကြ ရပါတယ်။ ယင်း ရွှေဖားကသာ ကမ္ဘာပေါ်မှာ တစ်မျိုးတည်းသော ကိုယ့်အဆိပ်ကို ခံနိုင်ရည် ရှိသူများ ဖြစ်ပါတယ်။ သူ့အဆိပ်က ဘယ် သက်ရှိ သတ္တဝါကိုမဆို သတ်နိုင်ပါတယ်။ ယင်းဖားကို စားမိတဲ့ ဘယ်သတ္တဝါမဆိုလည်း သေရပါ တယ်။ Liophis epinephelus အမည်ရ မြွေ မျိုးကလွဲလို့ ဖြစ်ပါတယ်။ ဒါတောင် အပြည့်အဝမဟုတ်ပဲ Liophis မြွေလည်း အခန့်မသင့်ရင် သေပါ တယ်။

ပိုပြီးတော့ ကြောက်စရာ ကောင်းတာက ယင်းရွှေအဆိပ်ဖား တွေဟာ ဆိုရှယ် ဆန်ဆန် အစုလိုက် နေထိုင်ကြသူများ ဖြစ်ပါတယ်။ အနည်းဆုံး ၄ ကောင်လောက် စုနေပါတယ်။ ပြီးတော့ သက်ရှိ ဖားတွေထဲမှာ ယင်း olden poison frog က ဥာဏ်ရည်အမြင့်ဆုံး ဖြစ်ပါတယ်။ ဖားဘုရင် လို့တောင် တင်စားကြပါတယ်။ ဘယ်သက်ရှိ သတ္တဝါမှလည်း အန္တရာယ် မပေးရဲတဲ့အတွက် သူတို့ပတ်ဝန်းကျင်မှာတော့ ဘုရင်ပဲ ဖြစ်ပါတယ်။

အရွယ်အစား ၅၅ မီလီမီတာလောက်ထိ ကြီးနိုင်ပြီး ရွှေရောင်နဲ့ လိမ္မော်ရောင် အဆင်းရှိတတ်ပါတယ်။ သူတို့ နေထိုင်ကျက်စားတဲ့ နေရာကတော့ အပူချိန် 26 °C ထက် မနည်းတဲ့ မိုးသစ်တော ဒေသ ဖြစ်ပြီး မြန်မာပြည် မှာလည်း တွေ့ရတတ်ပါတယ်။

အဆိပ်ပြင်းတဲ့ မြွေဟောက်တစ်ကောင်တောင် အဆိပ်တစ်ခါ ထုတ်ရင် သက်ရှိ တစ်ဦး၊တစ်ကောင်ကိုသာ သေစေပြီး ရွှေအဆိပ်ဖား ကတော့ ထောင်သောင်းမကကို သေစေပါတယ်။ အဆိပ်ထုတ်စရာမလိုပဲ သူ့ရဲ့  ခန္ဓာကိုယ်ကိုက အဆိပ်တွေနဲ့ သင်းကြိုင်နေတာ ဖြစ်ပါ တယ်။ ရွှေ အဆိပ်ဖား လျှောက်သွားတဲ့ နေရာကို တစ်ရှုးနဲ့ သုတ်ပြီး ခွေး၊ကြက်တို့ကို ရှုစေရင် ချက်ချင်းသေစေတာကိုလည်း လက်တွေ့စမ်းသပ်တွေ့ ရှိခဲ့ပြီး ဖြစ်ပါ တယ်။

ဒါကြောင့် ရွှေအဆိပ်ဖား (Golden poison frog) ကို ကမ္ဘာ့အဆိပ်အပြင်းဆုံး သက်ရှိ သတ္တဝါအဖြစ် အများစု လက်ခံထားကြပါတယ်။
----
Ref: wiki
အောင်ခမ်း ( ရိုးရာလေး )

သကြားမှ ပေးသော အလှတရားများ



လူတိုင်း အလှနဲ့ပတ်သက်ရင် မျက်နှာကို ပထမ ဦးစားပေးကြပါတယ်။
ကိုယ်မျက်နှာလေး နူးညံ့ဝင်းပ ချော့မွေ့ နေစေဖို့ အတွက် သကြားရဲ့ လျှို့ဝှက်ချက်တချို့ကို မျှဝေပေးချင် ပါတယ်။

သကြားဟာ တကယ်တော့ ကာဗွန် တမျိုးပါဘဲ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိပါတယ်။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိပါတယ်။

လုပ်ပုံလုပ်နည်းကလေးကတော့ နေ့စဉ် ည အိပ်ရာမ၀င်မီ ၁ နာရီလောက် အလိုတိုင်း မျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အသုံးပြုတဲ့ ဆပ်ပြာကလည်း အကြမ်းစား အပေါစားတွေတော့ မသုံးသင့်ပါဘူး။ သင့်တင့်တဲ့ မျက်နှာ သစ် ဆပ်ပြာအနုစား တမျိုးမျိုးနဲ့ သုံးတာပိုသင့်တော်ပါတယ်။

မျက်နှာသစ်ပြီး ၁၅ မိနစ်လောက် မျက်နှာက ရေကို မသုပ်ဘဲ ထားရပါမယ်။ ပြီးရင်တော့ သကြားမှုံမှုံမျိုးကို မိမိရဲ့ မျက်နှာပြင်မှာ ညင်သာစွာနဲ့ ပွတ်ပေးရပါမယ်။ တဖြည်းဖြည်းချင်း ပွတ်နေရင်းက ကိုယ်ပူချိန်ကြောင့် မျက်နှာဟာ ချွဲလာပါမယ်။

အဲဒီလို သကြားမှုံများ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်ခန့် ညင်သာစွာနဲ့ မျက်နှာ တပြင်လုံးကို ပွတ်နယ်ပေးနေပါ။ ၁၅ မိနစ်ကြာပြီးနောက်ပိုင်း သူ့ကို ဒီအတိုင်း မိနစ် ၃၀ ခန့် ထားလိုက်ပါ။ ပြီးတော့ မှ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ပြီးမှ မျက်နှာသုပ်ပုဝါနဲ့ ရေသုပ်ပေးပါ။

ဒီလိုလုပ်ဆောင်တာကို မနက်အစောနဲ့ ညပိုင်းတွေမှာ တနေ့ ၂ ကြိမ်လည်း လုပ်နိုင်ပါတယ်။

ရက်သတ္တပတ် ၃ ပတ်ခန့်မှာ သင့်မျက်နှာဟာ သိသိသာသာ
နူးညံ့ချောမွေ့ဝင်းပလာမှာကို သင် ကိုယ်တိုင် မြင်တွေ့လာရပါမယ်။ အသားညိုသူတွေလည်း စိုပြေ၀င်းပလာတာကို သတိထားမိလာပါလိမ့် မယ်။

မျက်နှာပြင်အောက်မှာ ရှိတဲ့ ဆားဝက်ခြံ၊ တင်းတိတ်၊ အရေပြား တွန့်တာ၊ မျက်ရစ်ကျတာ၊ အသားတွဲ တာ၊ ချွေးပေါက်တွေ ကျယ်ပြီး ကြီးတာ၊ အဆီအမြဲပျံနေတတ်တာ၊ မျက်နှာပြင်ခြောက်သွေ့ပြီး မျက်နှာက တင်းတင်းရင်းရင်း မရှိဘဲ ကျနေတာမျိုး တွေကို သကြားရဲ့ ဓာတ်က ပြုပြင် စုပ်ယူသွားမှာဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း တစောင်ရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်များ ကဏ္ဍထဲက သကြားအကြောင်း တစိပ်တပိုင်းကို ဖော်ပြပေး လိုက်တာပါ။

Rhinitis နှာခေါင်းရောဂါ



Rhinitis ဆိုတာ နှာခေါင်းရောဂါတခုပါ။ နှာခေါင်းထဲက အရာတွေရောင်တာ။ နှာရည်ယိုတာကနေစသိရတယ်။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ် နဲ့ မသင့်တာတခုခုကြောင့် ရက်တ်ု ဒါမှမဟုတ် နာတာရှည်ဖြစ်တယ်။ ရောင်တော့ နှာခေါင်းထဲက နှာရည်-နှပ်တွေ ပိုထွက်လာတယ်။ နှာခေါင်းနေရာတခုထဲ မဟုတ်ဘဲ လည်ချောင်း၊ မျက်စိတွေမှာပါ သက်ရောက်စေတယ်။ အအိပ်ပျက်တာ၊ နားဖြစ်တာတွေ ဆက်ဖြစ်လာနိုင်တယ်။

(၁) ဗက်တီးရီးယား-ဗိုင်းရပ်စ် ဝင်လို ရက်တိုနဲ့ ရက်ရှည်ရောင်တာ၊
(၂) Vasomotor rhinitis အလာဂျီ-မဟုတ်တာ၊ ဆေး၊ ဟော်မုန်း၊ ရောဂါပြီးစနစ်၊ အဖုံးလွှာခြောက်သွေ့လို့၊ အစား-အရက်မတည့်လို့၊ ဒီရောဂါဆေးသုံးတာ သိပ်ကြာရာကနေဖြစ်တာ၊
(၃) Allergic rhinitis (အလာဂျီ) ကြောင့်ဖြစ်တာ၊ ပန်းဝတ်မှုံ၊ ဖုံ၊ မှို၊ မြက်၊ တိရစ္ဆာန်၊ ပိုးဟပ်၊ စတာတွေနဲ့ မတည့်လို့။

ဆေးကုရာမှာ ဘာလို့ဖြစ်တယ်ဆိုတာကို ရှာရ-သိရ-ကုရမယ်။ ဆေးတွေ အများဆုံးက ရောဂါလက္ခဏာ သက်သာစေဘို့ ဖြစ်တယ်။

Rhinitis နှာခေါင်းရောဂါ အတွက် ပေးလေ့ရှိတဲ့ ဆေးတွေကတော့ -
• ပဌမ-မျိုးဆက် Antihistamine (အင်တီ-ဟစ်တမင်း) ဖြစ်တဲ့ Brompheniramine (dimetane) 4mg ဆေးကို ၄-၆ နာရီတခါ။ Clemestine (travegyl) 0.5mg q ဆေးကို ၁၂ နာရီတခါ။ Diphenhydramine (benadryl) 25-50mg ဆေးကို ၄-၅ နာရီတခါ။
• ဒုတိယမျိုးဆက် (အင်တီ-ဟစ်တမင်း) ဖြစ်တဲ့ cetirizine(zyrtec) 10 mg တနေ့ ၁ ခါ။ Loratadine (Clarityne) 10 mg တနေ့ ၁ ခါ။ Fexofenaline (Telfast) 60mg တနေ့ ၂ ခါ (သို့) 120 mg တနေ့ ၁ ခါ။
• ပါးစပ်ကသောက်ရတဲ့ (အင်တီ-ဟစ်တမင်း) နဲ့ နှာရည်ယို သက်သာဆေး တွဲထားတဲ့ဆေးတွေ ဖြစ်တဲ့ Pseudoephedrine (Maxiphed) 30-60 mg ၄-၆ နာရီ ၁ ခါ။ Tripolidine/Pseudoephedine (Actifed) တနေ့ ၃ ခါ။ oratadine/Pseudoephedine (Clarinase) တနေ့ ၁-၂ ခါ။
• နှာခေါင်းထဲထည့် နှာရည်ယိုသက်သာဆေးတွေ ဖြစ်တဲ့ Oxymetazoline (Afrin, Sinarest) ၁-၂ စက်၊ ၄ နာရီတကြိမ်။ Tymazoline (Pernazine) ၂-၃ ခါထည့်၊ ၄ နာရီတခါ။
• နှာခေါင်းထဲထည့်ရတဲ့ (အင်တီ-ဟစ်တမင်း) ဆေးတွေဖြစ်တဲ့ Azelastine (Azep) ၂ ခါပန်း၊ တနေ့ ၂ ခါ။ နဲ့ Levocabastine (Livostin) ၂ ခါပန်း၊ တနေ့ ၂ ခါ။
• နှာခေါင်းထဲထည့်ရတဲ့ corticosteroids စတီရွိုက်ဆေးတွေဖြစ်တဲ့ Beclomethasone aqueous (Beconase AQ) ၁-၂ ခါပန်း၊ ၂-၄ ကြိမ်။ Busesonide aqueous (Rhinocorts) 2-4 sprays each nostril 1-2 times, Fluticasone aqueous (Flixonase) 1-2 spray each nostril od, Triamcinolone aqueous (Nasacort, Nasacort aq) 2 sprays each nostril od နဲ့ Mometasome aqueous (Nasonex) 2 sprays each nostril od
• Mast cell stabilizers (မတ်စ်-ဆဲလ်) တည်ငြိမ်ဆေး Cromolyns sodium 1 spray each nostril 2-6 time/day
• Anticholinergic (အင်တီ-ကိုလင်နားဂျစ်) ဆေး Ipratropium bromide (Atrovent) (0.03%) 2 sprays each nostril 2-3/day
• Mucocin® = Bromhexine HCl ဆေးကတော့ (အလာဂျီ) အတွက်ဆေးဖြစ်တယ်။

အိမ်မှာကိုယ်တိုင်ဆင်ခြင်နည်း
• ကိုယ်နဲ့မတည့်တာတွေကနေ ရှောင်ပါ။
• ရာသီဥတုအလိုက် ရှောင်စရာတွေကို ရှောင်ပါ။
• မတည့်တာတွေ များနိုင်တဲ့ လူစုဝေးရာကို ရှောင်ပါ။
• မတည့်တာတွေ ကင်းရှင်းတဲ့ပါတ်ဝန်းကျင်ကို ဖန်တီးပါ။ အိပ်ယာခင်း၊ ခေါးအုံးစွပ်အသစ်သုံးပါ။ လျှော်ဖွပ်ပါ။

ဒေါက်တာတင့်ဆွေ

Apple ကုန်ပစ္စည်းသစ် ထပ်မံ မြင်တွေ့ရမည်





ပြီးခဲ့တဲ့ လက ၊ ရက်ပိုင်းများက မိတ်ဆက်ကြေညာခဲ့တဲ့ ပစ္စည်းများကို Apple စီအီးအို Tim Cook က New Product ကို ခေါင်းစဉ် မတပ်ပါဘူး။ သူ တကယ် ခေါင်းစဉ် တပ်မယ့် New Product များက နောက်နှစ်ဆန်းပိုင်း အတွင်း ရောက်ရှိမှာ ဖြစ်ကြောင်း ပြီးခဲ့တဲ့ တနင်္လာနေ့က အင်တာဗျူး တစ်ခုမှာ ဖြေကြားခဲ့ ပါတယ်။

ကုန်ပစ္စည်း အသစ်အတေနနဲ့ Apple iTV နဲ့ iWatch ဖြစ်မယ်လို့ အများစုက ယုံကြည် ခန့်မှန်းထားပြီးသား ဖြစ်ပါတယ်။ ၂၀၁၄ နှစ်ဆန်းပိုင်းအတွင်း မိတ်ဆက်လို့ နှစ်လယ်လောက် နောက်ပိုင်းမှာ ဖြန့်ချိရောင်းချမယ်လို့တောင် တစ်ခါတည်း ခန့်မှန်းထားကြ ပါတယ်။ Apple မှာ ပါဝင် ရင်းနှီးမြှုပ်နှံထား သူများကိုတော့ ကုန်ပစ္စည်းအသစ် အကြောင်းကို လျှို့ ဝှက်စွာ မိတ်ဆက်ပေးလိုက်ပြီး ဖြစ်ကြောင်း သတင်းများမှာ ရေးသား ဖော်ပြ ထားပါတယ်။

Software မှာရော၊ Hardware မှာရော Unique ဖြစ်တဲ့ ပစ္စည်းများကို ဆက်တိုက်ထုတ်လုပ် သွားမှာ ဖြစ်ကြောင်း Tim Cook က ပြောဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက် ၉၀ အတွင်းက iPhone အလုံးရေ ၃၃.၈ သန်း၊ iPad ၁၄.၁ သန်း၊ Mac ၄.၆ သန်း၊ iPod ၃.၄၉ သန်း ရောင်းချခဲ့ရပြီး Revenue အမေရိကန်ဒေါ်လာ ၃၇.၅ ဘီလျံ နဲ့ အသားတင် အမြတ်ငွေ ၇.၅ ဘီလျံတို့ ရရှိခဲ့ပါတယ်။ ဒါကြောင့် ၂၀၁၃ ခုနှစ်ရဲ့  အဖိုးအတန်ဆုံး နည်းပညာ ကုမ္မဏီများ စာရင်းထဲမှာလည်း Apple က ထိပ်ဆုံးမှာ ရှိနေအုံးမယ်လို့ ယုံကြည်ထားကြကြောင်း သိရပါတယ်။
.
Ref: pocketlint
Aung Kham ( TSJ Team )

အကွေးပုံစံ နဲ့ ပထမဆုံးသော စမတ်ဖုန်းကို LG ထုတ်လုပ်လိုက်ပြီ






LG Flex လို့ အမည်ပေးထားတဲ့ အကွေးဒီဇိုင်းနဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ခြောက်လက်မ အရှည် ရှိပြီး ၊ 720 p ရှိတဲ့ OLED မျက်နှာပြင် နဲ့ ပါ။ သုံးထားတဲ့ Processor ကတော့ အသုံးပြုရတာ မြန်တယ်လို့ နာမည် ရထားတဲ့ Snapdragon 800 ဖြစ်ပါတယ်။ Ram ကတော့ 2GB ပါ။
ဖုန်းရဲ့ ကင်မရာကတော့ 13 Megapixel ရှိပါတယ်။မျက်နှာပြင် ကင်မရာကတော့ 2.1 Megapixel နဲ့ ပါ။

မိမိ ပါးပြင်နဲ့ ကွက်တိ ကပ်ပြီး ဖုန်းပြောနိုင်ဖို့ အတွက် အကွေးပုံစံက အံ့ဝင်ကွင်ကျဖြစ်စေမှာပါ။အသံစနစ် ၊ စကားပြောစနစ်ကလည်း ပိုကောင်းမယ် ဆိုထားပါတယ်။ ဖုန်းကနေ ဗီဒီယိုကြည့်ရတဲ့အခါလည်းပုံမှန်က ရေပြင်ညီ မျက်နှာပြင် ပုံစံကြည့်ရတာ ဖြစ်ပြီ
ယခုကတော့ အကွေးပုံစံဖြစ်လို့ မျက်စိပဒေသာ ရှိပါတယ်။ 3,500 mAh ဘထ္ထရီ ထည့်သွင်းထားပါတယ်။

စိတ်ဝင်စားဖို့ အကောင်းဆုံး တစ်ခုက ဖုန်း မျက်နှာပြင်မှာ တစ်ခုခုနဲ့ ခြစ်မိလို့ အဆင်းကြောင်းတွေ ထင်သွားရင် သူ့ ဖာသာ နဂိုအတိုင်း ဖြစ်အောင် မိနစ်ပိုင်းအတွင်း ပြုပြင်ပေးတဲ့ စနစ်ကို ထည့်သွင်းထားပါတယ်လို့ ဆိုပါတယ်။

ဖုန်းအနောက်ကျောကလည်း ကွေးဆန့် နိုင်တဲ့ အီလက်စတစ်အလွာနဲ့  ဖုံးအုပ်ပေးထားပါတယ်။ တခြား Feature တွေကတော့ ပုံမှန် LG စမတ်ဖုန်းများမှာ ပါဝင်သလိုပါပဲ ။

နောက်လဆန်းပိုင်းလောက်ကို ဖြန့် ချီသွားမယ်လို့ ကြေငြာထားပါတယ်။ ဈေးနှုန်းကတော့ ကြိုတင်မကြေငြာထားပါဘူး။

အခုဆိုရင် စမတ်ဖုန်းလောကမှာ မတူညီတဲ့ ဖန်တီးမှုတွေနဲ့  ယှဉ်ပြိုင်နေကြတာကို စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရအုံးမှာပါပဲ။

---
Ref:Engagdet

နယ်စပ်မြို့အချို့တွင် ဂိမ်းဆိုင်များ ဆက်တိုက်ဖမ်းဆီး





ငမန်းဂိမ်းကစားနေသူတစ်ဦး ဓာတ်ပုံ-ကျော်ဇင်သန်း

ကရင်ပြည်နယ်တွင် တရုတ်နိုင်ငံသားများက လောင်းကစားဂိမ်းစက်များယူလာကာ စီးပွားရှာနေ သည့် ကိစ္စနှင့်ပတ်သက်၍ အထူးအမိန့်ထုတ်သင့်ကြောင်း ပြည်နယ်အစိုးရအဖွဲ့တွင် ဆွေးနွေးပြီးနောက် မြ၀ တီနှင့် ကော့ကရိတ်မြို့များ၌ ဂိမ်းဆိုင်များအား ဖမ်းဆီးမှု အရှိန်မြှင့်တင်လိုက်ကြောင်း သတင်းရရှိသည်။

ယခုနှစ် ဇွန် ၁၇ ရက်တွင် ကျင်းပခဲ့သည့် ကရင်ပြည်နယ်၊ အစိုးရအဖွဲ့ အစည်းအဝေးတွင် ဦးအောင်မြင့် သိန်းက လောင်းကစားနှိမ်နင်းရေး ပြည်နယ်အထူးအမိန့် ပြဋ္ဌာန်းပေးရန် ဆွေးနွေးပြီးနောက် အောက်တိုဘာလအတွင်း ကော့ကရိတ်နှင့် မြ၀တီမြို့ကြီးများတွင် လောင်းကစားဖမ်းဆီးမှုများ အရှိန်တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။

““ပြီးခဲ့တဲ့လပိုင်းက ကော့ကရိတ်မြို့ပေါ်မှာ ဂိမ်းစက်တွေဖမ်းတာကို ခရိုင်ရဲတပ်ဖွဲ့ကို လက်နက်ကိုင်အင်အားစုတစ်စုက၀ိုင်းထားလို့ ဖြေရှင်းခဲ့ရသေးတယ်””ဟု ကရင်ပြည်နယ်၊ မဲဆန္ဒနယ် အမှတ် (၉)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြင့်သိန်းက အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။
ကရင်ပြည်နယ်၊ မြ၀တီမြို့ သို့ တရုတ်နိုင်ငံသားများက လောင်းကစားဂိမ်းစက်များ တင်သွင်း၍ လက်နက်ကိုင်အဖွဲ့များ၏ အကာအကွယ်ယူပြီး ပွဲလမ်းသဘင်များကျင်းပကာ စီးပွားရှာလာသည်မှာ နှစ်များစွာကြာလာပြီးနောက် ယခုအချိန်တွင် ဖမ်းဆီးမှုများ အရှိန်မြှင့်လိုက်ကြောင်း ကရင်ပြည်နယ်၊ မဲဆန္ဒနယ်အမှတ် (၈) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစောအေးမြိုင်က အောက်တိုဘာ ၂၆ ရက်တွင် ပြောသည်။

““အစကတော့ ဘယ်သူမှ မထိရဲဘူး။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်မှာစိုးလို့၊ လက်နက်ကိုင်တွေရဲ့မျက်နှာ ကြည့်ရသေးတယ်။ အခုတော့ သူတို့တွေကိုယ်တိုင်က ငယ်သားတွေကို လောင်းကစားနဲ့ မူးယစ်ဆေးဝါးကိစ္စတွေမှာ ၀င်မပတ်သက်ကြဖို့ ပြောပေးလာလို့၊ နောက်ဆို ထာဝရငြိမ်းချမ်းရေးနဲ့အတူ တရားဥပဒေစိုးမိုးရေးပါ ကျွန်တော်တို့ဒေသမှာ တည်မြဲလာမှာပါ”” ဟု ဦးစောအေးမြိုင်က ပြောသည်။အဆိုပါ နှိမ်နင်းမှုတွင် ဘောလုံး၊ ချဲနှင့် ဂိမ်းစက်များ အပါအ၀င် လောင်းကစားပေါင်းစုံကို ဖမ်းဆီးရာတွင် ဂိမ်းစက်များအား သိမ်းဆည်းသော်လည်း ပိုင်ရှင်ကို ဥပဒေအရ အရေးယူမှုမရှိသေးဘဲ ပညာပေးခြင်း စတင် လုပ်ဆောင်ခဲ့ကြောင်း ဖမ်းဆီးရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၄ ရက် နံ နက် ၇ နာရီအချိန်မှ နာရီဝက်အကြာ ၇ နာရီခွဲအချိန်ထိ ကရင်ပြည်နယ်၊ မြ၀တီမြို့အမှတ်(၄)ရပ်ကွက်၊ အဓိဋ္ဌာန်အောင်ဘုရား မြေကွက်လပ်တွင် လောင်းကစားဂိမ်းစက်မျိုးစုံ ၁၉၉ လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရဲဇာနည် ဖေ့စ်ဘွတ်ခ်တွင် သတင်းထုတ်ပြန်ထားသည်။

ထိုသို့ဂိမ်းစက်များအား ဖမ်းဆီးမှုမရှိသေးမီက အလယ်တန်းအရွယ် ကျောင်းသားလေးများက ညအချိန်တွင် ဂိမ်းဆိုင်များသို့ ရောက်လာပြီး လောင်းကစားလုပ်ရင်း မူးယစ်ဆေးဝါးများသုံးစွဲကာ ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့ကြောင်း မြ၀တီမြို့တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

7Day Daily

အမှိုက်မှ ရွှေဖြစ်သွားသည့် တရုတ် ကြွေကရားအိုးကြီး





အိမ်ပြောင်းရန် အကြောင်းဖန်လာသည့်နောက် ပစ္စည်းဟောင်းများကို ထုတ်ရောင်းသည့် အချိန်ကျမှ လေလံဌာန တာဝန်ရှိသူများက ရှေးဟောင်း အဖိုးတန် လက်ရာ တစ်ခုအဖြစ် သတိပြုမိလာခြင်း ဖြစ်သည်။

ရှေးဟောင်း တရုတ် ကရားအိုးကြီး တစ်လုံးသည် အဟောင်းဈေးဖြင့် ထုတ်ရောင်းချိန်ကျမှာ ပေါင်စတာလင် တစ်သိန်းခွဲမျှ တန်ဖိုးရှိနေသည်ကို အံ့ဩဖွယ် တွေ့ရှိခဲ့ရသည်။ အိုးကြီး၏ ပိုင်ရှင်သည် မျိုးရိုးစဉ်ဆက် အမွေအဖြစ် ယင်းကို လက်ဆင့်ကမ်း ရရှိလာသော်လည်း တန်ဖိုးကို နားမလည်ခဲ့ချေ။ အိမ်ပြောင်းရန် အကြောင်းဖန်လာသည့်နောက် ပစ္စည်းဟောင်းများကို ထုတ်ရောင်းသည့် အချိန်ကျမှ လေလံဌာန တာဝန်ရှိသူများက ရှေးဟောင်း အဖိုးတန် လက်ရာ တစ်ခုအဖြစ် သတိပြုမိလာခြင်း ဖြစ်သည်။ သို့သော်လည်း လေလံစတင်ရာတွင် ကြမ်းခင်းဈေးကို ပေါင်စတာလင် (၂၀၀၀)မျှသာ သတ်မှတ်ခဲ့သည်။ နောက်ဆုံးတွင်မူ ကြမ်းခင်းဈေးထက် (၂၅)ဆမျှ ရရှိကာ ပေါင်စတာလင် (၁၅၄၂၅၀)ဖြင့် ရောင်းထွက်သွားခြင်း ဖြစ်သည်။

ယင်းအိုးကြီးသည် ရှေးခေတ်က တရုတ်မိသားစု ဧည့်ခန်းများတွင် ရေနွေးထည့်၍ သိုလှောင်ရန် အသုံးပြုခဲ့သည်ဟု ယူဆရသည်။ ကီယင်လွမ် ဘုရင် အုပ်စိုးစဉ် (၁၈)ရာစုက လက်ရာတစ်ခုဟု သုတေသီများက အကဲခတ် အတည်ပြုခဲ့ပြီးနောက် ရှေးဟောင်း ပစ္စည်း စုဆောင်းသူက ငွေအမြောက်အမြားဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ အဖြူရောင် အောက်ခံတွင် ပန်းရောင်၊ အစိမ်းရောင်၊ အပြာရောင်နှင့် အနီရောင်များ စီခြယ်ထားသည့် အိုးကြီးသည် လေလံပွဲသို့ မရောက်မီက ဖုန်အလိမ်းလိမ်းနှင့် ညစ်ထေးနေခဲ့သည့် အဟောင်းပစ္စည်း တစ်ခုသာ ဖြစ်ခဲ့ရသည်။ ယင်းအိုးကြီးသည် အမြင့်(၁၄)လက်မရှိပြီး ဗြိတိန်နိုင်ငံ၊ ရှာဘိုနီရှိ Charterhouse လေလံဌာနက တာဝန်ယူ ရောင်းချပေးခဲ့ခြင်းဟု သိရှိရသည်။

 Planet Myanmar Network

စီအိုင်ဒီမှ စစ်ဆေးပြီး ငွေစက္ကူအတုဟု တံဆိပ်ရိုက်နှိပ်ထားသည့် ကျပ် ၁၀၀၀ တန် ပြည်သူများလက်သို့ ပြန်လည်ရောက်ရှိ လာခြင်းအပေါ် ဗဟိုဘဏ်က စစ်ဆေးမှုများ ပြုလုပ်နေ






Tuesday, October 29, 2013

စီအိုင်ဒီ (မှုခင်းစုံစမ်းရေးဌာန) မှ စစ်ဆေးပြီး ငွေစက္ကူ အတုဟု တံဆိပ်ရိုက်နှိပ် ထားသည့် ကျပ် ၁၀၀၀ တန် ငွေစက္ကူမှာ ပြည်သူများ လှည့်လည် သုံးစွဲနေသည့် ငွေများအကြား ပြန်လည် ရောက်ရှိလာသည့် အတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သတင်းရရှိသည်။

အောက်တိုဘာ ၃ ရက် ရက်စွဲဖြင့် ထုတ်ဝေခဲ့သည့် Daily Eleven သတင်းစာ၏ 'ပြည်သူတွေက ပေးတဲ့စာ' ကဏ္ဍတွင် မြောက်ဥက္ကလာပ မြို့နယ်နေ ကော်ဖီနှင့် စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေါ်မေပပသွယ်မှ ကျပ် ၁၀၀၀ တန် ငွေစက္ကူအား စက်တင်ဘာ ၂၂ ရက်က ရရှိကြောင်း ပေးပို့ခဲ့သည့်အတွက် သက်သေဖြစ်သည့် ငွေစက္ကူ အတုနှင့်တကွ ဖော်ပြခဲ့သည်။

အဆိုပါ ငွေစက္ကူတွင် စစ်ဆေးရေး ဌာနတစ်ခု၏ တံဆိပ်တုံး၊ ငွေစက္ကူ အတုဟူသော တံဆိပ်တုံး၊ လက်ရေးမှတ်ချက်၊ နေ့စွဲများ ပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငွေစက္ကူအတုများ စစ်ဆေး တွေ့ရှိပါက စီအိုင်ဒီသို့ တင်ပြရပြီး စီအိုင်ဒီ၏ ငွေတုဖြစ်ကြောင်း မှတ်ချက်၊ တံဆိပ်တုံးများဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သို့ ပြန်လည် ပေးပို့ရကြောင်း သိရသည်။

ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်း သဘောအရဆိုရင် စီအိုင်ဒီလက်ထဲ ရောက်သွားရင် အရွက်အရေအတွက်၊ ပုံသဏ္ဌာန် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရှာဖွေပုံစံနဲ့ သိမ်းတာပါ...

ထိုသို့ ငွေစက္ကအတု၏ စစ်ဆေးချက် အပြည့်အစုံဖြင့် ဖော်ပြထားသည့် ငွေစက္ကူ အတုမှာ ဖျက်ဆီးခြင်း၊ သိမ်းဆည်းခြင်း စသည့် အနေအထား တစ်ခုတွင် ရှိမနေဘဲ ပြည်သူများအကြား လှည့်လည်သုံးစွဲ နေမှုအပေါ် စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့၍ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ သိရသည်။

''ဒါက ထူးခြားဖြစ်စဉ် ဖြစ်ပါတယ်။ ငွေစက္ကူ အတုပါ'' ဟု ဗိုလ်ဆွန်ပက်လမ်းရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ခွဲမှ လုပ်ငန်းအရာရှိ ဒေါ်ဖြူဖြူဆွေက အောက်တိုဘာ ၂၈ ရက်က အတည်ပြု ပြောကြားသည်။

''ငွေစက္ကူအတုနဲ့ ပတ်သက်တဲ့ အမှုတော်တော်များများ လိုက်ဖူးပါတယ်။ လုပ်ငန်း သဘောအရဆိုရင် စီအိုင်ဒီလက်ထဲ ရောက်သွားရင် အရွက်အရေအတွက်၊ ပုံသဏ္ဌာန် စတဲ့ အသေးစိတ် အချက်အလက်တွေကို ရှာဖွေပုံစံနဲ့ သိမ်းတာပါ။ ဒီလိုသိမ်းထား ပြီးပြီဆိုရင် ဓာတုဗေဒဌာနတို့၊ ဓာတ်ခွဲခန်းတို့၊ ဘိလစ်စာရေးတို့ လက်ထဲမှာပဲ ရှိနေပြီး မီးရှို့ဖျက်ဆီး ပစ်ခြင်းနဲ့ အဆုံးသတ်ပါတယ်။ ဒီလိုမျိုး လုပ်ရမယ့် ငွေတုတစ်ရွက်က ပြည်သူတွေကြားထဲ ပြန်ရောက်နေတယ် ဆိုတာက ဖြစ်လေ့ဖြစ်ထ မရှိသလို ဖြစ်သင့်တဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ပြီးတော့ ကျွန်တော်တို့ နိုင်ငံက အခုဆို ပြသနာပေါင်းစုံနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှ ငွေစက္ကူ အတုပြဿနာ ထပ်ဖြစ်လာတာ ကတော့ စိုးရိမ်စရာ ကောင်းပါတယ်'' ဟု Purple Equity Law Firm မှ ဦးဖိုးဖြူက သုံးသပ်သည်။

ယခုလအတွင်း ရန်ကုန်တိုင်း ဒေသကြီးတွင် ကျပ် ၁၀၀၀ တန် ငွေစက္ကူအတု ရွက်ရေ ၈၀၀၀ ကျော် ဖမ်းဆီးခဲ့မိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ အလားတူပင် စက်တင်ဘာလ အတွင်းကလည်း မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံ မြို့နယ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိသည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

EMG

Acute Heart Attack Treatment ရုတ်တရက် နှလုံး အတက် ရရင် ဘာလုပ်ရမလဲ




ဆရာ Acute heart attack ကို ပြုစုကုသနည်းလေးသိပါရစေ။

(၁) လက်ကောက်ဝတ်သွေးကြောခုန်တာ (နှလုံးခုန်) နဲ့ သွေးဖိအား BP စမ်းပါ။ တည်ငြိမ်ပါသလား။
(၂) Ventricular fibrillation နှလုံးအောက်ခန်း ပုံမှန်မဟုတ်တဲ့တုန်ခါမှုအတွက်ကုမှုပေးဘို့ ပြင်ဆင်ပါ။
(၃) MI နှလုံး သွေးမဝဖြစ်တာသေချာရဲ့လား စစ်ဆေးပါ။ ECG ရိုက်ရင် ST-segment elevation ဆိုတာတွေ့ရင် သေချာတယ်။ အဲဒီထက် သက်သာတာလဲဖြစ်နိုင်တယ်။ စစ်ဆေးမှုတွေထပ်လုပ်ရမယ်။ cardiac enzymes နှလုံးအင်ဇိုင်းမ်တွေ များနေမယ်။

• Blocked coronary artery နှလုံးသွေးကြောပိတ်နေတာကို ကုသနည်း ၂ နည်းရှိတယ်။ (က) Thrombolytic therapy နဲ့ (ခ) Angioplasty with stenting တွေဖြစ်တယ်။
• Thrombolytic therapy မှာ ဆေးပေးမယ်။ Activase (t-PA), Streptokinase, Urokinase, or Anistreplase ဆေးတွေက သွေးခဲနေတာကို ပျော်သွားစေမယ်။ ၅ဝ% နီးပါးအောင်မြင်တယ်။ ဆေးကို စောစောပေးနိုင်လေ ကောင်းလေ ဖြစ်တယ်။ ဆေးတွေမှာ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။ သွေးယိုမယ်။
• Rapid angioplasty နဲ့ Stenting (စတန့်) ထည့်တာကို ပိုလုပ်လာတယ်။ ၈ဝ% အောင်မြင်တယ်။ အထူးဆေးရုံမှာသာ လုပ်လို့ရတယ်။
• ဘယ်နည်းရွေးရွေး ပိတ်နေတာကိုပွင့်သွားဘို့ဖြစ်တယ်။

တခြားလုပ်စရာတွေလဲရှိသေးတယ်။
၁။ Aspirin အက်စပရင်ဆေးသောက်ရမယ်။ ဆေးကနေ သွေးမှုံလေးတွေရဲ့ စေးကပ်မှုကိုနည်းစေမယ်။
(၂) Heparin (ဟက်ပါရင်) ဒါမှမဟုတ် တခြား Blood thinner သွေးကျဲဆေး သွေးကြောထဲထိုးပေးခြင်းကို ပဌမ ၂၄ နာရီအတွင်း လုပ်ပေးတယ်။ Anticoagulant drugs သွေးမခဲဆေးခေါ်တယ်။
(၃) Beta blockers (ဘီတာ ဘလော့ကား) ဆေးက Adrenaline ကိုသက်ရောက်လို့ အထောက်အကူပေးတယ်။ ဒါပေမဲ့ Lung disease အတုပ်ရောဂါ၊ Severe heart failure နှလုံးဆိုးဆိုးဝါးဝါးအလုပ်မလုပ်နိုင်တော့တာနဲ့ Heart rate နှလုံးခုန်နှေးရောဂါရှိနေသူတွေကိုတော့ မပေးရဘူး။ ပေးရင် (အတက်ခ်) ရပြီးနောက်နေ့ကနေစပေးမယ်။
(၄) ACE Inhibitors ဆေးကို ၂၄ နာရီအတွင်းပေးတယ်။
(၅) Statins (စတာတင်) ဆေးကို ဆေးရုံမဆင်းခင်မှာ စပေးတယ်။ နှလုံးသွားသွေးကြောရောင်တာသက်သာစေမယ်၊ Artery plaques သွေးခဲပြားကို တည်ငြိမ်စေမယ်။

• အရေးအပါဆုံးဟာ ၂၄ နာရီဖြစ်ပါတယ်။
• ဒိနောက်တော့ Cardiac arrest နှလုံးရပ်သွားမှာကို ကာကွယ်ရမယ်။ နှလုံးကြွက်သားတွေကို ဆက်မပျက်စီးအောင် ကာကွယ်ရမယ်။ နောက်ထပ်သွေးခဲမှာကို ကာကွယ်ရမယ်။
• တခါကို ကျော်လွှားခဲ့နိုင်ပေမဲ့ လူနေမှုပုံစံပြောင်းပြစ်လိုက်တော့တာနဲ့ ဆေးနဲ့သာနေရမယ်ဆိုထာ လိုက်နာပါ။

ဒေါက်တာတင့်ဆွေ

ဩစတြေးလျမြောက်ပိုင်းတွင် ရှားပါးတိရစ္ဆာန်သုံးမျိုးတွေ့ရှိ



[ ဆစ်ဒနီ ၊ အောက်တိုဘာ ၂၉  ]

ဩစတြေးလျနိုင်ငံမြောက် ပိုင်းCape York ကျွန်းဆွယ်ပေါ် ရှိ တောင်ထူထပ်သောCape Melville တွင် ရှားပါးသောကျော ရိုးရှိ သတ္တဝါသုံးမျိုးအား သိပ္ပံ ပညာရှင်James Cook နှင့် National Geographic မှ ဓာတ် ပုံသမားအဖွဲ့တို့က ယခုနှစ် စော စောပိုင်းက တွေ့ရှိခဲ့ကြကြောင်း၊ ထိုနေရာဒေသအား ပျောက်ဆုံး နေသောကမ္ဘာဟု အမည်ပေးခဲ့ ကြောင်း သိရသည်။

သစ်ရွက်ပုံအမြီးရှိသော တောက်တဲ့၊ ရွှေရောင်သမ်းသော တွားသွားသတ္တဝါစားသည့် ကင်း လိပ်တစ်မျိုးနှင့် ကျောက်တုံးကြီး များအနီးနေသော အဝါရောင်ဖား တို့သည် မျိုးစိတ်သစ်များဖြစ်ပြီး ထိုဒေသတွင် ဂရင်းနိုက်ကျောက် တုံးကြီး သန်းပေါင်းများစွာရှိနေ ကြောင်းလည်း သိရသည်။

အရှည်ခုနစ်လက်မကျော် ရှိသော သစ်ရွက်ပုံအမြီးနှင့် တောက်တဲ့သည် ဩစတြေးလျ တိုက်တွင် မိုးသစ်တောများ ပျံ့ နှံ့စဉ်ကာလက ရှိခဲ့သောသတ္တဝါ မျိုးဖြစ်ပြီး ရှေးဟောင်းအမွေ အနှစ်ဖြစ်သည်။ ''ယခုကဲ့သို့ ထူးဆန်းသတ္တဝါများရှိနေသော နေရာများ၊ မစူးစမ်းမရှာဖွေခဲ့ သော နေရာများ ကျန်ရှိနေမှုကို အံ့ဩမိတယ်''ဟု သုတေသီ Tim Laman က ပြောသည်။ထိုသတ္တဝါများ နှစ်သန်း ပေါင်းများစွာပျောက်ကွယ်ခဲ့ခြင်း မရှိဘဲ ရှင်သန်နေခြင်းသည် မယုံ ကြည်နိုင်စရာကောင်းကြောင်း၊ အံ့ဖွယ်သူရဲဖြစ်ကြောင်း James Cook တက္ကသိုလ်မှ Conrad Hoskin က ထုတ်ဖော်ပြောသည်။

Ref-AFP

ဒီဆောင်းပါးလေးနဲ့ မေမေနဲ့တကွ အမေများအားလုံးကို ဂုဏ်ပြုလိုက်ပါတယ်။ (ဖတ်ပြီးလို့ကောင်းတယ်ထင်ရင်တော့ ရှယ်ပေးဖို့မမေ့ပါနဲ့)




ဂျပန်နိုင်ငံမှာ ငလျင်အကြီးအကျယ်လှုပ်ပြီးတဲ့ နောက်တစ်နေ့မှာ ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင် ရေးလုပ်ငန်းတွေကို ဆောင်ရွက်ကြပါတယ်..။ ကယ်ဆယ်ရေးသမားတွေဟာ ပျက်စီးနေတဲ့ အမျိုးသမီး တစ်ဦးရဲ့ အိမ်ကိုရောက်တဲ့အခါမှာ.. အဆောက်အဦ အပုံပျက်များကြားထဲက သေဆုံးနေတဲ့ အမျိုးသမီး အလောင်းကို တွေ့ရှိခဲ့ရပါတယ်..။ ဒါပေမယ့် သူမသေဆုံးနေတဲ့ပုံစံက ထူးခြားလို့နေပါတယ်..။ သူမဟာ မြေပေါ်ကိုဒူးထောက်ထားပြီး ၀တ်ပြုနေတဲ့ ပုံစံရှိပါတယ်..။ သူမရဲ့ ခန္ဓာကိုယ်ဟာ ရှေ့သို့ ညွှတ်ကိုင်းနေပြီး လက်နှစ်ဘက်ကတော့ ပစ္စည်းတစ်ခုကို ထောက်မထားပါတယ်..။

အခက်အခဲပေါင်းများစွာနဲ့..၊ ကယ်ဆယ်ရေးအဖွဲ့ခေါင်းဆောင်ဟာ လက်တစ်ဝင်စာ အပေါက်ငယ်လေး ထဲကနေ အဆိုပါ အမျိုးသမီးအလောင်းကို ထုတ်ယူနိုင်ဖို့ ကြိုးစားပါတယ်..။ သူတို့ ဒီအမျိုးသမီး အသက်ရှင်နေလိမ့်အုံးမယ်လို့ မျှော်လင့်ဆဲပါ.။ ဒါပေမယ့် သူ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို ထိမိလိုက်တဲ့ အချိန်မှာတော့ အေးစက်ပြီးတောင့်ခဲနေတဲ့အမျိုးသမီးရဲ့ ခန္ဓာကိုယ်က သူမသေဆုံးကြောင်းကို သက်သေပြလို့နေခဲ့ပါပြီ.။ သူတို့ဟာ လက်လျှော့လိုက်ပြီး တစ်ခြားမှာ ပိတ်မိနေတဲ့သူတွေကို အကူအညီပေးဖို့ ပြင်လိုက်ကြပါတယ်..။ ဒါပေမယ့်…. ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ဟာ တစ်စုံတစ် ယောက်က သူ့ကို သေချာပြန်ကြည့်ဖို့ ဆွဲဆောင်နေတယ်လို့ ထင်တာကြောင့် သေချာအောင် သေဆုံးနေတဲ့ အမျိုးသမီးကို အပေါက်ထဲကနေ ပြန် ကြည့်လိုက်ပါတယ်..။ ရုတ်တရက်ပဲ… သူစိတ်လှုပ်ရှားစွာနဲ့ အော်လိုက်မိပါတယ်..


"ကလေး… ဒီမှာ ကလေးတစ်ယောက် ရှိနေတယ်…"


ကယ်ဆယ်ရေးအဖွဲ့တွေဟာ တက်ညီလက်ညီနဲ့ ပိတ်နေတဲ့ အဆောက်အဦပျက်တွေ အပိုင်းအစတွေကို ဖယ်ရှားကြပါတယ်..။ သေဆုံးနေတဲ့ အမျိုးသမီးရဲ့ အောက်မှာတော့ ပန်းပွင့်တွေပါတဲ့ စောင်လေးနဲ့ ထုပ်ပိုးထားတဲ့ သုံးလအရွယ် ကလေးလေး တစ်ယောက်ရှိနေပါတယ်..။ အမေဖြစ်သူက သူ့ကလေးအသက်ရှင်ဖို့အတွက် နောက်ဆုံးအချိန်ထိ အသက်စွန့်ခဲ့တာပါ..။ အိမ်ပြိုကျတဲ့အချိန်မှာ.. သူမဟာ သူမရဲ့ခန္ဓာကိုယ်ကို ကလေးအတွက် အကာအကွယ်အဖြစ် ပြုလုပ်ပေးခဲ့တာပါ..။ ကယ်ဆယ်ရေး ခေါင်းဆောင်ဟာ ကလေးဖြစ်သူကို ကောက်ချီလိုက်ချိန်မှာတော့ ကလေးဟာ နှစ်ခြိုက်စွာ အိပ်မောကျ လျက်ရှိပါတယ်..။

ဆရာဝန်တွေ အပြေးအလွှားရောက်လာပြီး ကလေးငယ်ကို ပြုစုပေးကြပါတယ်..။ ကလေးကို ထုပ်ပိုးထားတဲ့ အနှီးကို ဖွင့်လိုက်တဲ့အခါမှာ.. အနှီးထဲမှာ ဖုန်းလေးတစ်လုံးကို တွေ့လိုက်ရတယ်..။ အဲ့ဒီဖုန်းမှာ မက်ဆေ့(စ်) တစ်ကြောင်းရှိနေပါတယ်..။


"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…"


ဒီဖုန်းလေးဟာ တစ်ယောက်ကနေ တစ်ယောက်ဆီ လက်ဆင့်ကမ်းရောက်သွားပြီး ဖတ်မိသူတိုင်း မျက်ရည် မထိန်းနိုင်ခဲ့ကြပါဘူး..။


"သားတစ်ကယ်လို့ အသက်ရှင်ခဲ့မယ်ဆိုရင်.. အမေသားကို ဘယ်လောက်ချစ်တယ်ဆိုတာ မမေ့ပါနဲ့…" တဲ့….။ သြော်… အမေ့မေတ္တာ…. ကြီးမားလှချေလားဗျာ…။


အောင်ထွန်းဦး


ဟံသာဝတီ လေဆိပ်သစ်ကို တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အအုံသာ တည်ဆောက်ရန် တောင်းဆို

 Created on Tuesday, 29 October 2013

Incheon Airport Consortium ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်နမူနာ ပုံစံအား တွေ့ရစဉ်

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို မြန်မာနိုင်ငံမှ တစ်နှစ်လျှင် ခရီးသည် ၁၂ သန်းဆံ့ တည်ဆောက်ရန် သတ်မှတ်ချက်အား ကိုရီးယားနိုင်ငံက ခရီးသည် ၁၀ သန်းဆံ့ အဆောက်အုံသာ တည်ဆောက်ရန် တောင်းဆိုကြောင်း သိရသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယားနိုင်ငံ Incheon Airport ကုမ္ပဏီနှင့် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့အကြား လေဆိပ် တည်ဆောက်ရေး သဘောတူ စာချုပ်ချုပ်ဆိုရန် ညှိနှိုင်းဆွေးနွေးမှုတွင် ယင်းသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ရန် ရွေးချယ်ခံရသည့် ကိုရီးယား ကုမ္ပဏီနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့ လိုအပ်ချက်များကို အပြန်လှန် ဆွေးနွေးလျက် ရှိသည်။ ယင်းသို့ ဆွေးနွေးမှုတွင် လေဆိပ်အရွယ်အစား၊ တည်ဆောက်ရေး အချိန်ကာလ စသည့်အချက်များအား ညှိနှိုင်းဆွေးနွေးနေပြီး ဒုတိယအကြိမ် ဆွေးနွေးမှု ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

''ဒုတိယအကြိမ် ညှိနှိုင်းမှုမှာ နှစ်ဖက်လိုလား ချက်တွေကို အပြန်လှန် ညှိနှိုင်းပြီး မြန်မာဘက်က ခွင့်ပြုနိုင်တဲ့ အချက်တွေကို ဆွေးနွေးခဲ့ပါတယ်။ သူတို့ဘက်က လေဆိပ်အရွယ်အစားကို ခရီးသည် ၁၀ သန်းဆံ့ တည်ဆောက်ဖို့ တောင်းဆိုပါတယ်။ ဒီအချက်ကိုတော့ ခွင့်မပြုနိုင်တဲ့ အကြောင်းပြောပြီး သူတို့ဘက်က အကြောင်းပြန်မှာကို စောင့်နေပါတယ်'' ဟု လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် တည်ဆောက်ခွင့်ရ ကိုရီးယားနိုင်ငံ မှ Incheon Airport ကုမ္ပဏီနှင့် ဆွေးနွေးရာတွင် တင်ဒါတင်သွင်းစဉ်က စည်းကမ်းချက်များအပေါ် အခြေပြု၍ လက်တွေ့ တည်ဆောက်ရာတွင် လိုအပ်မည့် အချက်များကို ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တင်ဒါတင်သွင်းစဉ် အရေးကြီးသည့် စည်းကမ်းချက်များနှင့် ကိုက်ညီမှုမရှိဘဲ ကွဲလွဲနေပါက လက်ခံမည် မဟုတ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးတင်နိုင်ထွန်းက ပြောကြားခဲ့သည်။

ယခုကဲ့သို့ လက်တွေ့ညှိနှိုင်းမှုတွင် တင်ဒါစည်းကမ်း ချက်များနှင့် ကွဲလွဲရာတွင် အရေးကြီးသည့် အဓိက အချက်များ ကွဲလွဲမှုအား မည်သည့် နည်းနှင့်မျှ လက်သင့်ခံမည် မဟုတ်ကြောင်းနှင့် အဓိက မကျသည့် အချက်များ ကွဲလွဲမှုကိုမူ လက်ခံညှိနှိုင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယားနိုင်ငံမှ Incheon Airport Consortium ကုမ္ပဏီသည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား ပထမအဆင့် အနေဖြင့် ခရီးသည် ၁၂ သန်း ၀င်ဆံ့နိုင်မည့် လေဆိပ်၊ ပြေးလမ်း၊ လေဆိပ် လုပ်ငန်းနှင့် ဆက်စပ်သည့် ၀န်ဆောင်မှု လုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် အပြီးတည်ဆောက် ပေးရမည်ဖြစ်သည်။

ဒုတိယအဆင့် အနေဖြင့် တစ်နှစ်လျှင် ခရီးသည် သန်း ၃၀ ၀င်ထွက်နိုင်မည့် လေဆိပ် အဆောက်အအုံနှင့် ဆက်စပ် အဆောက်အအုံများ၊ ဟိုတယ်များ၊ ရှော့ပင်းမောလ်များ၊ ကုန်တိုက်ကြီးများနှင့် လူနေတိုက်ခန်းများ၊ ဆက်စပ်လုပ်ငန်းများ ပါဝင်တည်ဆောက် သွားမည်ဖြစ်သည်။

ယင်းအပြင် ဟံသာဝတီ လေဆိပ်တွင် တစ်နှစ်လျှင် တန် ၇၀၀၀ ဆံ့ ကုန်သိုလှောင်ရုံ တစ်ခုအား တည်ဆောက် သွားမည်ဟု သိရသည်။

EMG

ဧရာဝတီမြစ်ရေ စတင်ကျဆင်းလာပြီး ရေကြောင်း ပြောင်းလဲမှုကြောင့် ဧရာဝတီလင်းပိုင်များ နေရာပြောင်းရွှေ့

 Created on Tuesday, 29 October 2013


အောက်တိုဘာ တတိယပတ်အတွင်း သဖန်းထောင့်ကျေးရွာနှင့် သူဌေးကုန်းကျေးရွာ ရေပြင်တွင် လင်းပိုင်များ ကျက်စားနေသည်ကို တွေ့ရစဉ်

အောက်တိုဘာလ နှောင်းပိုင်းမှ စတင်၍ ဧရာဝတီမြစ်ရေ စတင်ကျဆင်းလာပြီဖြစ်ရာ ရေပြင်အနေအထား အပြောင်းအလဲပေါ် မူတည်ပြီး လင်းပိုင်များ နေရာပြောင်းရွှေ့ ကျက်စားလျက်ရှိကြောင်း သိရသည်။

အောက်တိုဘာ ဒုတိယအပတ်တွင် ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး နယ်မြေ (မန္တလေး-ကျောက်မြောင်း) အတွင်း စဥ့်ကူးမြို့နယ်ရှိ ဥဒိန်ကျေးရွာနှင့် ကျွန်းတော်လေးကျေးရွာ ရေပြင်တွင် လင်းပိုင်များကို တွေ့ရှိခဲ့ရပြီး ယခုအခါ မြစ်ရေပြင် စတင်ကျဆင်း လာပြီဖြစ်ရာ ရေပြင်အနေအထား အပြောင်းအလဲ ဖြစ်ပေါ်လာမှုကြောင့် သဖန်းထောင့် ကျေးရွာနှင့် သူဌေးကုန်း ကျေးရွာများတွင် ပြောင်းရွှေ့ကျက်စား လျက်ရှိကြောင်း သိရသည်။

''ဒီလပထမ အခေါက်က မြေစွန်းကျေးရွာ ရေပြင်နားမှာ အုပ်စုလိုက် ကျက်စားနေတာ တွေ့ခဲ့ရတယ်။ အခုတစ်ခေါက်မှာတော့ မြေစွန်းနားမှာ လင်းပိုင်ကြိုက်တဲ့ ရေပြင်အနေအထား ပြောင်းသွားတော့ သူတို့ကြိုက်တဲ့ ရေပြင်အနေအထား ရှိတဲ့နေရာတွေကို ပြောင်းရွှေ့ကျက်စား သွားကြတယ်'' ဟု ပတ်ဝန်းကျင်နှင့် မျိုးသုဉ်းရှားပါး ရေသတ္တ၀ါများ ထိန်းသိမ်းရေး ဌာနစုမှ လက်ထောက်ဦးစီးမှူး ဦးဟန်ဝင်းက ပြောကြားသည်။

''လင်းပိုင်အများစုက ဒေသအခေါ် စည်းတန်း (ရေအောက်သဲသောင်) တန်း ကျယ်ကျယ်ပြန့်ပြန့် ရှိတဲ့နေရာတွေမှာ နေထိုင်ကျက်စားလေ့ ရှိကြတယ်။ အရင်တစ်ခေါက်က မြေစွန်းနားမှာ စည်းပြင်အကျယ်ကြီး ဖြစ်နေတော့ လင်းပိုင်အများစု တွေ့ရတယ်။ အခုသဖန်း ထောင့်နားမှာ စည်းတန်းကြီး ဖြစ်နေတော့ အဲဒီနေရာကို လင်းပိုင်တွေ ပြောင်းနေကြတယ်'' ဟု ဦးဟန်ဝင်းက ပြောသည်။

ဧရာဝတီလင်းပိုင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေးအဖွဲ့ အနေဖြင့် အောက်တိုဘာ ဒုတိယအပတ်၌ ဥဒိန်ကျေးရွာအရှေ့ ရေပြင်နှင့် ကျွန်းတော်လေး ကျေးရွာအနောက်ဘက် ရေပြင်တွင် လင်းပိုင်များ အုပ်စုလိုက် ကျက်စားနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ အောက်တိုဘာ နောက်ဆုံးပတ်က သဖန်းထောင့်ကျေးရွာ ရေပြင်တွင် လင်းပိုင်ရှစ်ကောင်၊ ဥဒိန်ကျေးရွာအနီး ရေပြင်တွင် လင်းပိုင်သုံးကောင်နှင့် သူဌေးကုန်းကျေးရွာ ရေပြင်တွင် လင်းပိုင်သုံးကောင် တွေ့ရှိခဲ့ရသည်။
EMG

စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူမှု နိုဝင်ဘာ ၁၅ ရက်တွင် စတင်မည်




တာမွေမြို့နယ် အ၀ိုင်းထိပ် ကားမှတ်တိုင်အနီး လမ်းပြောင်းပြန် မောင်းနှင်လာသည့် ခရီးသည်တင် ဘီအမ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း စည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူသွားမည် ဖြစ်ကြောင်း ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်) မှ တာဝန်ရှိသူ ရဲမှူးသာဌေးက အောက်တိုဘာ ၂၈ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

တစ်ဖက် ယာဉ်ကြောမှ ပြောင်းပြန် မောင်းနေသည့် ယာဉ်များအပါအ၀င် စည်းကမ်းမဲ့ မောင်းနှင်နေသည့် ယာဉ်မောင်းများကို အနိမ့်ဆုံး ပြစ်ဒဏ်အနေဖြင့် လိုင်စင်ပိတ်သိမ်းပြီး အရေးယူသွားမည် ဖြစ်ကြောင်း သိရှိရသည်။

ယခင်က စည်းကမ်းမဲ့ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို စီမံချက် ဒဏ်ငွေများဖြင့် အရေးယူ သော်လည်း လိုက်နာမှု လုံးဝမရှိသောကြောင့် အဆိုပါ စီမံချက်ဒဏ်ငွေကို ပယ်ဖျက်ကာ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူမှု အစီအစဉ်ကို ဥပဒေအတိုင်း သတ်မှတ်ရခြင်း ဖြစ်ကြောင်း သိရသည်။

''စီမံချက် ဒဏ်ငွေရိုက်ပြီး အရေးယူတဲ့ အစီအစဉ်ကိုတော့ အောက်တိုဘာ ၁ ရက်ကစပြီးတော့ ပယ်ဖျက်လိုက်ပါပြီ။ အခု ယာဉ်မောင်းတွေ အနေနဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာမှု လုံးဝမရှိတဲ့ အတွက် အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူဖို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် ရရှိသွားပါပြီ။ အခုရက်ပိုင်း အတွင်းမှာလည်း ဘယ်လိုမျိုးစည်းကမ်း ဖောက်မှုတွေကို ဘယ်လိုမျိုး အရေးယူသွားမယ် ဆိုတာကို အများပြည်သူ သိအောင် သတင်းထုတ်ပြန် သွားပါမယ်'' ဟု ယာဉ်ထိန်းဒု တပ်ဖွဲ့ခွဲမှူးရုံး(ရန်ကုန်)မှ တာဝန်ရှိသူ ရဲမှူးသာဌေးက ပြောကြားခဲ့သည်။

စည်းကမ်းမဲ့စွာ မောင်းနှင်နေသည့် မော်တော်ယာဉ်များကို ၁၉၆၄ ခုနှစ် မော်တော်ယာဉ်ဥပဒေ ၂၁ အရ စည်းကမ်းဖောက်သည့် ပြစ်ဒဏ်အပေါ် မူတည်၍ လိုင်စင်ပိတ်သိမ်းခြင်းမှ အမြင့်ဆုံး ထောင်ဒဏ် ခြောက်လအထိ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။

EMG

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်ရပ်ရေး မူကြမ်းနှစ်ခုကို ညှိနှိုင်းပြီး တစ်ခုတည်းဖြစ်ရန် ဆွေးနွေးမည်

 Created on Tuesday, 29 October 2013

လိုင်ဇာမြို့တွင်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး မူကြမ်းနှစ်ခုကို ညှိနှိုင်းပြီး တစ်ခုတည်းဖြစ်ရန် အဓိက ညှိနှိုင်းဆွေးနွေးရန် စီစဉ်ထားကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ တွဲဖက် အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အောက်တိုဘာ ၂၈ ရက်တွင် ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့တွင် ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (၁၇) ဖွဲ့ကျော် တက်ရောက်မည့် တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိပ်သီးညီလာခံကို အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက် အထိ ကေအိုင်အို ဌာနချုပ် လိုင်ဇာတွင် ပြုလုပ်မည်ဖြစ်ပြီး ထိပ်သီးဆွေးနွေးပွဲ မတိုင်မီ အချိန်တွင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ယင်းကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေး စာချုပ်မူကြမ်းနှင့် ပတ်သက်ပြီး ဇူလိုင်လ နှောင်းပိုင်းက ပြုလုပ်ခဲ့သော ဒုတိယအကြိမ် တိုင်းရင်းသား ညီလာခံတွင် ဆုံးဖြတ်ချက်များနှင့် အောက်တိုဘာလ အတွင်းက UNFC အဖွဲ့တွင်း ပြုလုပ်ခဲ့သော အစည်းအဝေးတို့မှ ရေးဆွဲခဲ့သည် မူကြမ်းတစ်ခု ရှိနေသည်။ ထို့အပြင် တိုင်းရင်းသား ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (WGEC) မှ ရေးဆွဲပြီး KNU နှင့် RCSS တို့မှ အစိုးရ အဖွဲ့သို့ တင်ပြပြီး အစိုးရဘက်က ပြင်ဆင်ဖြည့်စွက် ချက်များနှင့် ရေးဆွဲထားသော အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းတစ်ခုလည်း ရှိနေပြီး ထိုမူကြမ်းနှစ်ခုကို လိုင်ဇာထိပ်သီး ဆွေးနွေးပွဲတွင် ညှိနှိုင်းရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

''တိုင်းရင်းသား ညီလာခံက ဆုံးဖြတ်ထားတဲ့ မူကြမ်းလည်း ရှိတယ်။ အဆင့်ဆင့်ပေါ့။ အဆင့် ၁၊ ၂၊ ၃။ အပိုင်းသုံးပိုင်း။ အဲဒါက တိုတိုတောင်းတောင်း အခုဟာကတော့ နည်းနည်း ရှည်တယ်။ အဲဒီနှစ်ခု ညှိဖို့လိုတယ်။ ကျွန်တော်တို့ကတော့ တိုင်းရင်းသား ညီလာခံက ထုတ်ထားတဲ့ မူကြမ်းကိုပဲ ဒီမှာအဓိက ညှိမှာပေါ့။ အဲတာညှိပြီးလို့ ရလို့ရှိရင် အဲဒီအပေါ်မှာ မူတည်ပြီးတော့ MPC က ပေးထားတဲ့ဟာက နည်းနည်း အကြောင်းအရာတွေ များတော့ ချုံ့လိုက်မှာပေါ့။ ချုံ့လိုက်ပြီးတော့ အလုပ်ဖြစ်နိုင်မယ့် မူတစ်ခုတော့ ထွက်မယ်လို့ ယူဆတယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။



WGEC မှ ရေးဆွဲခဲ့ပြီး KNU နှင့် RCSS တို့ တင်ပြထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို မြန်မာ့ငြိမ်းချမ်း ဖော်ဆောင်မူဗဟို (MPC) မှ ပြင်ဆင်ဖြည့်စွက်ထားသည့် မူကြမ်းအား အကြမ်းဖျင်းအားဖြင့် လေ့လာထားပြီး အလုပ်ဖြစ်နိုင်သည့် အခြေအနေ မရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက...




ထို့အပြင် WGEC မှ ရေးဆွဲခဲ့ပြီး KNU နှင့် RCSS တို့ တင်ပြထားသည့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် စာချုပ်မူကြမ်းကို မြန်မာ့ငြိမ်းချမ်း ဖော်ဆောင်မူဗဟို (MPC) မှ ပြင်ဆင်ဖြည့်စွက်ထားသည့် မူကြမ်းအား အကြမ်းဖျင်းအားဖြင့် လေ့လာထားပြီး အလုပ်ဖြစ်နိုင်သည့် အခြေအနေ မရှိကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက The Daily Eleven သို့ ပြောကြားသည်။

''အကြမ်းဖျင်းတော့ ကျွန်တော် လေ့လာပါတယ်။ နှစ်ခေါက် သုံးခေါက်တော့ ဖတ်တယ်။ ဒါပေမဲ့ အဲဒီမူအပေါ်မှာ တရားဝင်တော့ သုံးသပ်ချက် အဖြေပေးဖို့ မရသေးဘူး။ အဲဒီမူက အလုပ်ဖြစ်နိုင်တဲ့ အခြေအနေ မရှိသေးဘူး။ ကျွန်တော်တို့ ဒီမှာအပိုင်း သုံးပိုင်းနဲ့ တိုင်းရင်းသားတွေ ပြုစုထားတဲ့မူကိုပဲ စဉ်းစားမှာ ဖြစ်တယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆိုသည်။

MPC မှ ပြင်ဆင် ဖြည့်စွက်ထားသော မူကြမ်းသည် ရှည်လျားပြီး ရှုပ်ထွေးသည့် သဘော အသွင်ဆောင် နေသည့်အတွက် နားလည်လွယ်သည့် စာချုပ်ပုံစံကိုသာ ရေးဆွဲပြီး ထိုအပေါ်၌သာ တိတိကျကျ လိုက်နာသွားရမည်ဟု ၎င်းကဆိုသည်။

''MPC က ပေးထားတဲ့ မူကနည်းနည်းလေး ရှည်လျားတယ်။ တစ်ချို့နေရာတွေမှာ အဓိပ္ပာယ် ဖွင့်ဆိုတဲ့နေရာမှာ ဥပမာဆိုရင်ပေါ့။ ကော်မတီ ဖွဲ့တာတွေ။ ပူးတွဲကော်မတီတို့ လေ့လာရေး ကော်မတီတို့ ငြိမ်းချမ်းရေး ကော်မတီတို့ များစွာသော ကော်မတီတွေ ဖွဲ့ပြီးတော့ အဲဒီကော်မတီတွေ အောက်မှာ လုပ်နည်း လုပ်ဟန်တွေလည်း ရှုပ်ထွေးထွေးလို ရေးထားတယ်။ တိုင်းရင်းသားတွေရဲ့ သဘောသဘာဝ လေ့လာဖို့ သို့တည်းမဟုတ် နားလည်ဖို့ ခက်တယ်။ ဒါကြောင့် နားလည်လွယ်တဲ့ သဘောတူညီချက် စာချုပ်စာတန်း ပုံစံကို ရေးပြီးတော့ အဲဒီအပေါ်မှာပဲ တိတိကျကျ သဘောတူချက် လုပ်မယ်။ နောက်ပြီးတော့ သဘောတူချက်ကို အကောင်အထည် ဖော်ရမှာ မဖြစ်မနေ ဖော်ရမယ်ဆိုတဲ့ အချက်က ပိုပြီးတော့ အရေးကြီးလာတယ်။ အကောင်အထည် မဖော်ဘူးဆိုရင် သဘောတူညီချက်က ပြန်ပြီးတော့ ပျက်ပြယ်နိုင်တယ်ဆိုတဲ့ အဲဒီ ပုံစံမျိုးကိုလည်း စဉ်းစားထားပါတယ်'' ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ ညီလာခံသို့ တက်ရောက်ရန် UNFC ၏ အတွင်းရေးမှူး နိုင်ဟံသာနှင့် တွဲဖက်အတွင်းရေးမှူး-၂ ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့သည် အောက်တိုဘာ ၂၈ ရက်မှာပင် လိုင်ဇာမြို့သို့ ရောက်ရှိခဲ့ပြီး ကျန်ရှိသော ခေါင်းဆောင်များက အောက်တိုဘာ ၂၉ ရက်တွင် ရောက်ရှိမည်ဟု သိရသည်။

EMG

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများအတွက် ဘာသာရေး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်း Francis ပြောကြား

 Created on Tuesday, 29 October 2013


ပုပ်ရဟန်းမင်း Francis နှင့် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်တို့ အီတလီနိုင်ငံရှိ ပုပ်ရဟန်းမင်း နန်းတော်တွင် တွေ့ဆုံစဉ် (Photo:AFP)

ဥရောပ ခရီးစဉ်အတွင်း ဗာတီကန်နိုင်ငံသို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံစဉ် ပုပ်ရဟန်းမင်း ဖရန်စစ်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများနှင့် ပတ်သက်၍ ဘာသာရေး စေ့စပ်ဆွေးနွေး ညှိနှိုင်းပွဲ ပြုလုပ်သင့်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။

''ပုပ်ရဟန်းမင်း Francis က မြန်မာနိုင်ငံမှာ ဘာသာရေး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်နိုင်ဖို့ အတွက် ဆုတောင်းပေးနေ ပါတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေကို ခွဲခြားမှုမရှိဘဲ အသင်းတော်ကနေ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးစွမ်းနိုင်တယ်လို့လဲ ပြောပါတယ်'' ဟု ဗာတီကန် ပြောရေးဆိုခွင့်ရှိသူ ဘုန်းတော်ကြီး Federico Lombardi က AFP သတင်းဌာနကို ပြောကြားခဲ့သည်။

ပုပ်ရဟန်းမင်း Francis က မြန်မာနိုင်ငံမှာ ဘာသာရေး စေ့စပ်ညှိနှိုင်းပွဲ ပြုလုပ်နိုင်ဖို့ အတွက် ဆုတောင်းပေးနေ ပါတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေကို ခွဲခြားမှုမရှိဘဲ အသင်းတော်ကနေ လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးစွမ်းနိုင်တယ်...


ထို့အပြင် ပုပ်ရဟန်းမင်းက ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်သည့် နည်းလမ်းဖြင့် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ တည်ဆောက်ခြင်းအား ထောက်ခံအားပေးကြောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်း နန်းတော် (Apostolic Palace) ၌ တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံမှုတွင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုပ်ရဟန်းမင်း ဖရန်စစ်တို့အကြား ပထမဆုံး တွေ့ဆုံမှု ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အီတလီနိုင်ငံမှ လွန်ခဲ့သည့် နှစ် ၂၀ ခန့်က ချီးမြှင့်သော ဂုဏ်ထူးဆောင် ရောမမြို့တော်သူဆုအား လက်ခံရယူပြီးနောက် ဗာတီကန်နိုင်ငံသို့ ထွက်ခွာခဲ့ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းနှင့် ယခုလို တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

ပုပ်ရဟန်းမင်း Francis သည် ၂၆၆ ဦးမြောက် ပုပ်ရဟန်းမင်းဖြစ်ပြီး ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပုပ်ရဟန်းမင်း Benedict XVI နုတ်ထွက်ပြီးနောက် မတ်လတွင် ပုပ်ရဟန်းမင်းအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူဖြစ်သည်။

EMG

မြန်မာ့နယ်စပ် ကုန်သွယ်မှု စုစုပေါင်း၏ ရာခိုင်နှုန်း ၉၀ ကို တရုတ်နှင့် အဓိက ကုန်သွယ်လျက်ရှိ တရားမ၀င် ကုန်သွယ်မှုကိုလည်း တရုတ်နယ်စပ်၌ပင် အများဆုံး ပြုလုပ်နေ၍ ကြပ်မတ်ရန်လို

Created on Tuesday, 29 October 2013

တရုတ်နှင့် ကုန်သွယ်မှုအဓိက ဆောင်ရွက်နေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းကို တွေ့ရစဉ် (ဓာတ်ပုံ- ထွန်းနေလှိုင်)

နယ်စပ်ကုန်သွယ်မှုကို ရာခိုင်နှုန်း ၉၀ ရှိသော တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကို စနစ်တကျ ကြီးကြပ်ရန် လိုအပ်နေကြောင်း သိရသည်။ တရုတ်နိုင်ငံမှ ထုတ်ပြန်ပေးသော ကုန်သွယ်မှု စာရင်းများအရ တစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၇ သန်းကျော် တန်ဖိုးရှိ သစ်တောထွက် ပစ္စည်းများကို ဇုန်ရှောင်ကွင်း လမ်းများမှတစ်ဆင့် မှောင်ခိုတင်ပို့မှု ရှိခဲ့သည်ဟု သိရသည်။ သစ်တောထွက် ပစ္စည်းများ သာမက ကျောက်စိမ်းစသည့် သယံဇာတ ထွက်ကုန်များကို တရုတ်နိုင်ငံသို့ တရားမ၀င် လမ်းကြောင်းများ အသုံးပြုကာ ကုန်သွယ်မှု ရှိနေသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက တရုတ်နှင့် ကုန်သွယ်မှုကို စနစ်တကျ ကြီးကြပ်ရန် လိုအပ်ခြင်း ဖြစ်ကြောင်း စီးပွားရေး လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်ဝက် အိမ်နီးချင်း လေးနိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တရုတ်နှင့် ကုန်သွယ်မှု ပမာဏ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ နှစ်ဘီလျံနီးပါး ကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန၏ ကုန်သွယ်မှု စာရင်းများအရ သိရသည်။

အိမ်နီးချင်း လေးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့နှင့် နယ်စပ်ကုန်သွယ်မှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ တရုတ်နှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီး စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ဆောင်ရွက်ခဲ့ပြီး လက်ရှိဘဏ္ဍာရေး နှစ်ဝက်အတွင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၉၃၃ သန်းကျော် ရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနှင့် ကုန်သွယ်မှု ဆောင်ရွက်ရာတွင် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင် စသည့် နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃၃၇ သန်းခန့် ရှိကြောင်း သိရသည်။

အိန္ဒိယနိုင်ငံနှင့် ကုန်သွယ်ရာတွင် တမူး၊ ရိဒ်စသည့် စခန်းများမှ ကုန်သွယ်ခဲ့ခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်ဝက်အတွင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော် ရှိခဲ့ကြောင်းနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ကုန်သွယ်မှု ပြုရာတွင် စစ်တွေ၊ မောင်တော စသည့် စခန်းများမှ ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ငါးသန်းကျော် ရရှိခဲ့ကြောင်း သိရသည်။ လက်ရှိ ဘဏ္ဍာရေး နှစ်ဝက်ကာလ အတွင်း နယ်စပ်စခန်းများမှ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂၂၉၀ သန်းကျော် ရရှိခဲ့ပြီး တရုတ်နှင့်ကုန်သွယ်မှု တစ်ခုတည်းမှ နှစ်ဘီလျံနီးပါး ရရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက် ပစ္စည်းများ၊ ရေထွက်ကုန်များ၊ သတ္တုတွင်းထွက် ပစ္စည်းများ၊ သစ်တောထွက် ပစ္စည်းများ၊ စက်မှုကုန်ချော အုပ်စုဝင်ထုတ်ကုန်များကို နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ အိမ်နီးချင်း နိုင်ငံများသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး အိမ်နီးချင်း နိုင်ငံများမှ လူသုံးကုန် ပစ္စည်းများ၊ လုပ်ငန်းသုံး ကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ကြောင်း သိရသည်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်သည့် စခန်းမှာ များပြားသော်လည်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှု ပြုသည့် ပမာဏမှာမူ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှု ပမာဏထက် များစွာလျော့နည်း နေသေးကြောင်း သိရှိရသည်။

EMG

Related Posts Plugin for WordPress, Blogger...