Friday, October 25, 2013

ဗန်းမော်နယ်မြေတစ်ဝိုက်က သစ်မှောင်ခို ပြဿနာ

အောက်တိုဘာ ၂၅ ရက် ၂၀၁၃

၂၀၁၃ ခုနှစ်၊ သြဂုတ်လကနေ အောက်တိုဘာလ ၁၆ ရက်နေ့အထိ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီ၊ ကိုက်ထိပ်၊ ရွှေကူမြို့နယ်တွေအတွင်းမှာ ကျွန်းနှင့် တမလန်း စတဲ့ အဖိုးတန်သစ် စုစုပေါင်း ၅၀၇.၆၂၈ တန် ဖမ်းဆီး ရမိခဲ့ကြောင်း စစ်တပ်သတင်းတစ်ရပ်အရ သိရှိရပါတယ်။ ဒီလို ဖမ်းမိတဲ့အထဲမှာ သစ်မှောင်ခိုလုပ်ငန်း လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၁ ဦးကိုလည်း ဖမ်းဆီးရမိခဲ့ကြောင်း၊ လုပ်ငန်းသုံးယန္တရားယာဉ် ၁၂ စီးကိုလည်း သိမ်းဆည်း ရရှိခဲ့ ကြောင်း သိရှိရပါတယ်။ ဒီနှစ်ဆန်း ဖေဖော်ဝါရီလတုန်းကလည်း ဆင်ဘို/၀ဲကြီးဒေသ မှာ တရုတ် သစ်ကုန်သည် ၄ ဦးနဲ့ သစ်တန် ၈၀၀ ခန့်ကို ယာဉ်ယန္တရားမျိုးစုံ ၇၁ စီးနဲ့အတူ ရဲနှင့်စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ အစိုးရ သတင်းတွေ မှာ တွေ့လိုက်ရပါတယ်။ အောက်တိုဘာလ ၁၇ ရက်နေ့မှာလဲ နမ့်လင်းပါနယ်မြေမှာ ကျွဲ/နွားမှောင်ခို ၃၁ ဦးကို ကျွဲ ၉ ကောင်၊ နွား ၇၈ ကောင်နဲ့ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
 

တရုတ်နိုင်ငံအတွင်းမှ KIA ၏သစ်ခိုးထုတ်နေသည့် သစ်ကွင်းစခန်း


          ကချင်ပြည်နယ်၊ မံစီ-ကိုက်ထိပ်-ရွှေကူဝန်းကျင်တစ်ဝိုက်မှာ ဒီလို တရားမ၀င်သစ်တွေ၊ ကျွဲ/နွားမှောင်ခိုတွေ ဖမ်းဆီးရမိတဲ့သတင်းတွေ မကြာခဏဖတ်ရှုရပါတယ်။ သစ်ခိုးထုတ်ရာမှာ တရုတ်နိုင်ငံသားတွေ မကြာခဏဖမ်းဆီး ရမိသလို သစ်ခိုးထုတ်တဲ့အဖွဲ့တွေကို KIA ယူနီဖောင်းဝတ်ထားတဲ့ အစောင့်ရှောက်တွေက လိုက်ပါစောင့်ကြပ် ပေးကြောင်း၊ ဒီခွင်ထဲကိုဝင်လာတဲ့ စစ်ကြောင်းတွေနဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားကြောင်းလည်း သတင်းတွေရရှိပါ တယ်။
          ဒီနယ်မြေဟာ တစ်ချိန်က ကျွန်း၊ တမလန်းစတဲ့ အဖိုးတန်သစ်တွေ အများအပြားပေါက်ရောက်တဲ့ နေရာပါ။ အစိုးရစစ်တပ်တွေအနေနဲ့ ဒီနယ်မြေကို အပြည့်အ၀ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီနယ်မြေက အဖိုးတန်သစ်တွေဟာ မံစီ-ဗန်းမော်-လွယ်ဂျယ်လမ်း၊ စီအူ-နမ့်လင်းပါ-မံဝိန်းကြီး-ရွှေလီ လမ်းကြောင်းတွေက နေတစ်ဆင့် တရုတ်နိုင်ငံ ထဲကို နှစ်စဉ် တန်သောင်းနဲ့ ချီပြီး ရောက်နေခဲ့တာပါ။ ဒါကို အဓိကလုပ်နေတာက မြန်မာပြည်မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုဖြစ်တဲ့ KIO\KIA အဖွဲ့ပဲဖြစ်ပါတယ်။ KIO\KIA အဖွဲ့ဟာ သစ်မှောင်ခိုလုပ်ငန်းက ရတဲ့ ၀င်ငွေတွေအပြင် နံမည်ကျော်ကြားလှတဲ့ ဖားကန့်ဒေသ က ကျောက်စိမ်းမှောင်ခိုလုပ်ငန်းတွေနဲ့ ပတ်သက် တဲ့ ၀င်ငွေတွေ အမြောက်အများရရှိပြီး ချမ်းသာကြွယ်ဝတဲ့ အဖွဲ့အစည်းတစ်ခုလို့ လူသိများပါတယ်။
တရုတ်နိုင်ငံသို့ ခိုးထုတ်ရန် ပြင်ဆင်ထားသော သစ်လုံးများ
          ဒီအဖွဲ့ဟာ ၂၀၁၁ ခုနှစ်မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးပျက်ပြားပြီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားရာက ယခုအချိန်မှာ အစိုးရနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်လုပ်ဆောင်ခဲ့ကာ အလွတ်သဘောဆွေးနွေးမှု ၄ ကြိမ် အပါအ၀င် ဆွေးနွေးပွဲပေါင်း ၁၄ ကြိမ် ရှိခဲ့ပြီဖြစ်ပေမယ့် Cease Fire အတွက် တစ်စုံတစ်ရာ သဘောတူညီမှု မရသေးတဲ့အဖွဲ့ဖြစ်ပါတယ်။ KIO\KIA က နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် အပစ်အခတ်ရပ်ဆိုင်းရေးဆွေးနွေးပွဲကို သွားမယ်လို့ ပြောဆိုနေပြီး အစိုးရဘက်လည်း အပစ်ရပ်ဆိုင်းပြီး မှ နိုင်ငံရေးဆွေးနွေးပွဲကို ဆက်လုပ်ဖို့ တွန်းအားပေး ဆောင်ရွက်နေ ဆဲဖြစ်ကြောင်း လေ့ လာတွေ့ရှိရပါတယ်။
          သစ်ခိုးထုတ်တဲ့ လမ်းကြောင်းတစ်လျှောက် အစိုးရစစ်ကြောင်းတွေမရှိတဲ့အချိန်တွေမှာ KIA အစောင့် အရှောက်တွေပါတဲ့ သစ်တင်ယာဉ်ကြီးတွေဟာ ၈ စီးမှ ၂၀ စီးအထိ အုပ်စုတွေ ဖွဲ့ဖွဲ့ပြီး နေ့စဉ်နဲ့အမျှ တစ်ဖွဲဖွဲ တရုတ်နိုင်ငံကို ရောက်ရှိနေကြပါ တယ်။ ဒေသခံတွေ ကို ငွေပေး ပြီး တောလိုက်ပြုတ်အောင် ခုတ်လှဲတဲ့စနစ်ဖြစ်တဲ့ အတွက် ဒီဒေသမှာ အဖိုးတန်သစ်တွေ မရှိသလောက် ရှားပါးနေပြီဖြစ်ပြီး ယခုဆိုရင် ကျွဲ/နွားမှောင်ခိုလုပ်ငန်းများပါ အစားထိုးဝင်ရောက်လာပြီဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုတွေကြောင့် ရာသီဥတုဒဏ်ကိုလည်း ဒေသခံပြည်သူ တွေ  ခံစားနေကြရပါတယ်။
သစ်ခိုးထုတ်နေသော သစ်ကားများ
          အစိုးရစစ်ကြောင်းများ နယ်မြေအတွင်း ၀င်ရောက်လာခဲ့ရင် သစ်မှောင်ခိုအစောင့်လိုက်တဲ့ KIO/KIA တပ်တွေနဲ့ မကြာခဏတိုက်ပွဲတွေဖြစ်ပွားတက်ပါတယ်။ KIO/KIA အဖွဲ့က သူတို့ရဲ့မိသားစုများနေထိုင်တဲ့ နမ့်လင်းပါကျေးရွာ၊ မုန်ဒိန်းပါ ကျေးရွာ၊ ကောင်ဂျာကျေးရွာတွေကို IDP စခန်းအနေနဲ့ သတ်မှတ်ထားပါတယ်။ အနီးဝန်းကျင်ကျေးရွာများက ရွာသားများကိုလည်း IDP စခန်းများသို့ စုစည်းကာ INGOs အဖွဲ့အစည်းတွေထံက ထောက်ပံ့ကြေးများကို ရယူ လျက်ရှိပါတယ်။ ယခုနှစ် စက်တင်ဘာ ၁၂ ရက်နေ့မှာ UNOCHA အဖွဲ့က နမ့်လင်းပါ IDP စခန်းအတွက် ထောက်ပံ့ မှုတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ KIO\KIA က နမ့်လင်းပါ IDP စခန်းမှာ ဒုက္ခသည် ၁၅၀၀ ကျော်ရှိတယ်လို့ ဆိုပေမယ့် အစိုးရဘက်က ဒီရွာသားတွေဟာ KIO\KIA ရဲ့ မိသားစုဝင်တွေကို စုစည်းပြီး အပြည်ပြည်ဆိုင်ရာ ထောက်ပံ့မှုတွေရအောင် နိုင်ငံရေးအရ ကစားကွက် တစ်ခုအနေ နဲ့ပြောတာလို့ သတ်မှတ်ထားပါတယ်။ KIO\KIA အနေနဲ့လည်း ဒီဒုက္ခသည်စခန်းတွေကို အခြေခံပြီး လှုပ်ရှားတာတွေရှိသလို ဒီစခန်းပတ်ဝန်းကျင်ကနေတစ်ဆင့် သစ်မှောင်ခို၊ ကျွဲ/နွားမှောင်ခိုတွေအတွက် လုံခြုံရေးဆောင်ရွက်ပြီး ၀င်ငွေရှာနေတာကိုလည်း လေ့လာတွေ့ရှိရ ပါတယ်။
          အောက်တိုဘာလ ၂၂ ရက်နေ့မှာ KIO\KIA အဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းတွေ မုန်ဒိန်းပါကျေးရွာ၊ ကောင်ဂျာကျေးရွာတွေမှာ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အဲဒီရွာတွေမှာ နေနေတဲ့ KIO\KIA အဖွဲ့တွေဆုတ်ခွာခဲ့ရ ကြောင်းနဲ့ သူတို့ရဲ့ ဆက်သွယ်ရေးစက်တွေ၊ ယူနီဖောင်းနဲ့ စစ်အသုံး အဆောင်တွေကို အစိုးရစစ်ကြောင်းတွေက သိမ်းဆည်းသွားခဲ့တယ်လို့ သိရပါတယ်။ ဒီကျေးရွာမှာတော့ KIO\KIA တို့ ပြောသလို IDP  စခန်းတွေ မရှိပါဘူး။         အဓိက ကတော့ သစ်မှောင်ခိုလမ်းကြောင်းရဲ့ ဗဟိုချက်က နမ့်လင်းပါနယ်မြေဖြစ်ပါတယ်။ တရုတ်ဘက် ကုန်သည်အများအပြားဟာလည်း နမ့်လင်းပါမှာပဲ အခြေပြုပြီး ဒီနယ်မြေထဲက သစ်တွေကို ခိုးထုတ်နေတာဖြစ်ပါ တယ်။ အစိုးရတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွား ပြီးနောက် ဖားကန့်နယ်မြေက ကျောက်စိမ်းကုန်သည်တွေအပေါ် အခွန် ဆက်ကြေးကောက်ခံလို့ မရတော့ဘဲ အဖွဲ့အစည်းရပ်တည်မှုအတွက် ၀င်ငွေလျော့နည်းလာတဲ့အပေါ် ဒီဘက် မှောင်ခိုလုပ်ငန်းနဲ့ အဓိက၀င်ငွေရရှိဖို့ KIO\KIA အဖွဲ့အနေနဲ့ စီစဉ်ရတာ ဖြစ်ပါတယ်။ ဒီနယ်မြေကို အစိုးရ စစ်တပ်တွေ ၀င်မလာအောင် IDP စခန်းအဖြစ် ဖန်တီးပြီး တစ်ဘက်မှလည်း သစ်မှောင်ခိုလုပ်ငန်း လုပ်ဆောင်နိုင် အောင်၊ တစ်ဘက်ကလည်း အပြည်ပြည်ဆိုင်ရာအထောက်အပံ့တွေရအောင် တစ်ချက် ခုတ် နှစ်ချက်ပြတ် အကြံအစည်နဲ့ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။
          ဒီနယ်မြေအတွင်းမှာ နိုင်ငံရဲ့သယံဇာတပစ္စည်းတွေကာကွယ်ဖို့နဲ့ ဖြစ်ပေါ်လာမယ့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ပြဿနာများကို ထိန်းသိမ်းရန် နဲ့ ဒေသခံပြည်သူတွေရဲ့ လုံခြုံရေးအတွက် တရားဥပဒေ စိုးမိုးရေး အမှန်တကယ် လိုအပ်နေတယ်လို့ မြန်မာပြည်တွင်းရေး အကဲခတ်သူများက သုံးသပ်ကြပါတယ်။

စိုင်းခွန်နောင်

စေလိုရာစေ … မေ



ငါသည် စစ်သား
မြန်ပြည်သားမို.
ငါ့သွေး ငါ့အသက်
တိုင်းပြည်အတွက်ဆိုရင်
ဘယ်ဆီမျှော်မှန်း
သေရန်စခန်းမှာ
စေလိုရာစေ ...

ငါသည် စစ်သား
ခရောင်းလမ်းသွားမို.
ချစ်သူသက်ထား
သည်လမ်းခရီးအား
ခေါ်မသွားရက်သည်
အမောင်စစ်သည်မှာ
စေလိုရာစေ မေ ...

ငါသည် စစ်သား
မြန်ပြည်ဖွားမို.
ကြင်သူသက်ထား
စစ်ထွက်သမားကို
မေ့လိုသော်ငြား
မေ့နိုင်အားသည်
အချစ်မငဲ့ အမောင်စစ်ထွက်ကို
စေလိုရာစေ မေ ...

ငါသည် စစ်သား
ပစ်သွားရက်သည်
ထင်လိုထင်နိုင်
အသက်မပိုင်သူကို
ကြင်သူသက်လယ်
အမျက်ခြယ်ပြီး
မုန်းလိုက မုန်း
ပြုံးလို.သွားမည်
စေလိုရာစေပါ မေ ...

ငါလို စစ်သား
ပြည်ချစ်သားရဲ.
ပါရမီဖြည်.ဘက်
နောင်ဘ၀ဆက်လို.
မဖြစ်ပါရစေနဲ.ဟု
ဘုရားမှာဆုတောင်း
မေ့အတွက် ကောင်းမည်
စေလိုရာစေပါ မေ .....။

FROM-MOE NET MIN

ဒီမိုကရေစီ နှင့် အကြမ်းဖက်မှု



ဒီမိုကရေစီစနစ်သစ်ဆီသို့ ညင်သာစွာကူးပြောင်းနိုင်ခဲ့သော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် များမကြာမီတွင် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပွဲတော်ကြီးအား ခမ်းနားသိုက်မြိုက်စွာကျင်းပတော့မည်ဖြစ် သလို အာဆီယံအသင်းကြီး၏ ဥက္ကဋ္ဌ ရာထူးတာဝန်ကိုပင် ရယူတော့မည် ဖြစ်သည်။

သို့သော်လည်း ရခိုင်ဒေသမှာဖြစ်ပေါ်ခဲ့တဲ့ မတည်ငြိမ်မှုများမှ အစပြုပြီး ပြည်တွင်းမှာ ဗုံးခွဲမှုတွေ အတော် များများ ဖြစ်လာတာကို တွေ့ရပါတယ်။ တစ်ခါတစ်လေမှာ ဗုံးထောင်သူ ကိုယ်တိုင် လက်ထဲမှာ ဗုံးကွဲပြီး သေဆုံး တာ လည်း တွေ့ရပါတယ်။ တစ်ချို့ ဗုံးဖောက်ခွဲမှုတွေကို သူတို့ လုပ်ပါတယ် လို့ ကြေညာတာရှိသလို တစ်ချို့ ဗုံးကွဲမှုတွေ ကတော့ လက်သည်မပေါ်ဘဲ ရှိတာကိုလည်း တွေ့ပါတယ်။ အစိုးရဘက်ကတော့ ဖမ်းဆီးရမိတဲ့ ဖြစ်စဉ်တွေမှာတော့ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး တရားခံတွေ ကို ဖော်ပြတာလည်း တွေ့ရတတ်တယ်။

သို့သော် ပြည်တွင်းမှာ နိုင်ငံရေး လှုပ်ရှားနေတဲ့ ပါတီများ၊ ပြည်ပမှာ လှုပ်ရှားနေတဲ့ အတိုက်အခံ အဖွဲ့အစည်းများ အနေနဲ့ အခုလို အကြမ်းဖက် တိုက်ခိုက်မှုတွေ အပေါ် ပြတ်သားတဲ့ ရပ်တည်ချက် မရှိတာကို စိတ်မကောင်းစရာ တွေ့ရပါတယ်။ အခုနောက်ပိုင်း ဖြစ်ပေါ်ခဲ့တဲ့ ဗုံးခွဲမှု အားလုံးဟာ ဘူတာ၊ ပန်းခြံ၊ ကားဂိတ်၊ ဘူတာရုံ၊ စက်မှုဇုံများကို ပစ်မှတ်ထား လုပ်လာတာ တွေ့နိုင်ပါတယ်။ ဒါဟာ အပြစ်မဲ့ ပြည်သူတွေ အပေါ် အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းက လုပ်လုပ် ဒီလိုအကြမ်းဖက်မှု ကို လက်ခံလို့ မသိချင်ယောင် ဆောင်နေလို့ မရပါဘူး။


တစ်ခါတစ်လေ ဒီဗုံးဖောက်ခွဲမှုကို အစိုးရကပဲ လုပ်သလိုလို မျက်နှာလွဲခဲပစ် ပြောလိုက်တဲ့ အပြောတွေလည်း တွေ့ရပါတယ်။ ဒီသီအိုရီဟာ ၉/၁၁ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အအုံ တိုက်ခိုက်မှုကို စီအိုင်အေနဲ့ မော့ဆက် ပေါင်းလုပ်တယ် ဆိုတဲ့ အယူအဆမျိုးထက် မပိုပါဘူး။ ဒီအတိုင်းဆိုရင် ထိုင်းတောင်ပိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ အာဖဂန်၊ ပါကစ္စတန်နဲ့ အီရတ်မှာ ဖြစ်နေတဲ့၊ ရုရှားနဲ့ ဗဟိုအာရှ ဒေသမှာ ဖြစ်နေတဲ့ ဗုံးခွဲမှုတွေ၊ အစ္စရေး နိုင်ငံထဲမှာ ဖြစ်နေတဲ့ ဗုံးပေါက်ကွဲမှု တွေ၊ မကြာသေးခင်ကမှဖြစ်ပွားခဲ့တဲ့ အမေရိကန်နိုင်ငံ ဘော်စတွန်မြို့ မာရသွန်အပြေးပြိုင်ပွဲ ဗုံးပေါက်ကွဲမှုတွေဟာ သက်ဆိုင်ရာ အစိုးရတွေက လုပ်နေတာလို့ ပြောရမလို ဖြစ်နေပါပြီ။

တကယ်တော့ ဘယ်နိုင်ငံမှာ ဖြစ်ဖြစ် အကြမ်းဖက် အဖွဲ့အစည်းများဟာ Soft Target လို့ခေါ်တဲ့ အရပ်သား ပစ်မှတ်တွေကို အဓိကထားပြီး တိုက်ပါတယ်။ ဘာလို့ ဒီလိုလုပ်ရ သလဲဆိုတော့
၁။ စစ်ဘက် ပစ်မှတ်တွေထက် စာရင် အကာအကွယ် နည်းတယ်။ တိုက်ရလွယ်တယ်။
၂။ ပြည်သူလူထု အနေနဲ့ လက်ရှိအစိုးရရဲ့ အာဏာ ခိုင်မြဲမှု၊ လူထုကို အကာအကွယ် ပေးနိုင်မှု အပေါ် သံသယတွေ ဖြစ်ပေါ် စေတယ်။
၃။ ရေရှည် တိုက်ခိုက်မှုတွေ လုပ်လာတာ နဲ့အမျှ အောက်ခြေလူထု အနေနဲ့ အကြမ်းဖက် အဖွဲ့အစည်းများရဲ့ အာဏာစက်ကို အသိအမှတ်ပြုလာတယ်။ နောင်မှာ အစိုးရ အုပ်ချုပ်ရေး ယန္တရားနဲ့ အပြိုင် ဖြစ်လာနိုင်တယ်။
၎။ အစိုးရက လုံခြုံရေးအတွက် တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ၊ ကန့်သတ်မှုများ လုပ်လာတဲ့အခါ ဒါကို အကြောင်းပြပြီး လူထုနဲ့ ထိပ်တိုက်တွေ့အောင် လှုံ့ဆော်နိုင်တယ်။
၅။ အစိုးရကို သိက္ခာကျအောင် လုပ်နိုင်တယ်။ လူထုထဲမှာ ကျီးလန့်စာစား ဖြစ်လာမယ်။ ကောလဟာလတွေ၊ ကြောက်လန့်မှုတွေ ဖြစ်လာမယ်။
၆။ အစိုးရ ကိုယ်တိုင်က မိမိရဲ့ လုံခြုံရေး စွမ်းအား အပေါ် သံသယ ဖြစ်လာတယ်။
အစိုးရ ရပ်တည်ရေးမှာ အဓိက ဒေါက်တိုင်ဖြစ်တဲ့ လုံခြုံရေး ဒေါက်တိုင်ကို ယိမ်းယိုင် သွားစေနိုင်တယ်။

ဒါဟာ မြို့ပေါ် ပြောက်ကျားစစ်ကို ဆင်နွဲနေတဲ့ အဖွဲ့အစည်း အားလုံးရဲ့ မဟာဗျူဟာ ရည်မှန်းချက်ပဲ ဖြစ်တယ်။ ဒီနေ့ ပြည်တွင်းမှာ ဗုံးဖောက်ခွဲမှုများ ပြုလုပ်နေတဲ့ အဖွဲ့အစည်းများ ဟာလည်း ဒီရည်ရွယ်ချက်နဲ့ပဲ လုပ်နေတာ ဖြစ်ပါတယ်။ အထူးသဖြင့် အစိုးရများရဲ့ အားနဲ့ ဂုဏ်သိက္ခာဟာ အခြေအနေ အားလုံးကို သူတို့ ထိန်းထားနိုင်တယ်။ လုံခြုံမှုနဲ့ တည်ငြိမ်မှု အပြည့်အ၀ ရအောင် လုပ်နိုင်တယ် ဆိုတဲ့ အချက် အပေါ်မှာ မူတည်ပါတယ်။ ဒီလို ဗုံးကွဲမှုတွေ ဖြစ်တိုင်း၊ ဖြစ်တိုင်း အစိုးရသိက္ခာ ကျဖို့ပဲ ရှိပါတယ်။ ဒါ့ကြောင့် အစိုးရက ဗုံးခွဲတာပါလို့ ပြောဆိုချက်များဟာ အဖြစ်မှန်နဲ့ ကွဲလွဲနေတယ် လို့ပဲ ယုံကြည်ပါတယ်။

နောက်တစ်ခါ အစိုးရကို ဆန့်ကျင် လှုပ်ရှားနေတဲ့ အဖွဲ့အစည်းများ အနေနဲ့လည်း ငါ့ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေ ဖြစ်တယ်၊ ဒီအချိန်ဟာ အစိုးရကို ဆန့်ကျင်နေသူတွေ အချင်းချင်းကြားမှာ တစ်ယောက်နဲ့ တစ်ယောက် ဝေဖန်တိုက်ခိုက် ရမယ့် အချိန် မဟုတ်ဘူး လို့လည်း ယူဆထားတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အခုလို့ အကြမ်းဖက်မှုမျိုး သာမက ဒီနေ့ ဖြစ်ပေါ်နေတဲ့ အတွင်း ပြဿနာများနဲ့ ပတ်သက်ရင် တစ်ဦးနဲ့ တစ်ဦး ဝေဖန် ထောက်ပြတာ မရှိသလောက် ဖြစ်နေတာကို တွေ့နိုင်ပါတယ်။

ယုတ်စွအဆုံး အတိုက်အခံများ ထူထောင်ထားတဲ့ မီဒီယာတွေ တောင်မှာ လွတ်လပ်သော မီဒီယာ ဆိုတာ အစိုးရကို ဝေဖန်ဖို့သာ ဖြစ်တယ်၊ အချင်းချင်း အတွက် အချိန် မကျသေးဘူးလို့ အယူအဆ ရှိနေတာပါ။
သာမန် မူဝါဒဆိုင်ရာ သဘောထား ကွဲလွဲမှုတွေနဲ့ ပတ်သက်ရင် အထက်ပါ ရပ်တည်ချက်ကို နားလည် ပေးနိုင်ပေမယ့် အကြမ်းဖက်မှု အပေါ်မှာ အဲဒီမူဝါဒ ဆိုင်ရာ သဘော ကွဲလွဲမှုတွေ၊ ပုဂ္ဂိုလ်ရေး အားနည်းချက်တွေလို သဘောမထား သင့်ဘူး လို့ထင်ပါတယ်။ အကြမ်းဖက်မှုဟာ ဘယ်နေရာမှာ လုပ်လုပ်၊ ဘယ်သူ့ဘက်က လုပ်လုပ် အကြမ်းဖက်မှုပဲ ဖြစ်ပါတယ်။ ဒါကို Double Standard ထားပြီး ခွင့်လွှတ်လို့ မရပါဘူး။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကတော့ ၁၉၉၄ ခုနှစ်က စပြီး အကြမ်းဖက် ၀ါဒကို အခုလို အဓိပ္ပါယ် ဖွင့်ထားပါတယ်။

"Criminal acts intended or calculated to provoke a state of terror in the general public, a group of persons or particular persons for political purposes are in any circumstance unjustifiable, whatever the considerations of a political, philosophical, ideological, racial, ethnic, religious or any other nature that may be invoked to justify them."

ဒီဖွင့်ဆိုချက် အရ ပြည်သူလူထု အပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုကို နိုင်ငံရေးကြောင့်၊ အယူဝါဒကြောင့်၊ လူမျိုးရေး၊ ဘာသာရေးကြောင့် စသည်ဖြင့် ဘာအကြောင်းနဲ့မှ တရားပါတယ် ဆိုပြီး ဆင်ခြေပေးလို့ မရဘူးဆိုတာ တွေ့နိုင်ပါတယ်။ ဒါ့ကြောင့် ငြိမ်းချမ်းစွာ ဒီမိုကရေစီ စနစ်ကို ဖော်ဆောင်ချင်ပါတယ်။
အကြမ်းဖက်မှုကို မလိုလားပါဘူးလို့ ခံယူထားတဲ့ အဖွဲ့အစည်းများ အနေနဲ့ ဒီလို အကြမ်းဖက်မှု တွေကို ၀ိုင်းဝန်းရှုံ့ချ၊ ကာကွယ် တားဆီးဖို့က လွဲပြီး အခြားနည်းလမ်း မရှိဘူး၊ လက်မ မကောင်း လက်မ၊ ခြေမ မကောင်း ခြေမဆိုသလို ကိုယ့်ထဲက ပါနေရင်လည်း ဖော်ထုတ်ဖို့ လိုနေပြီလို့ ဆိုချင်ပါတယ်။

- ပရိုမီးသီးယပ်စ်

လူခေါင်းဖြတ်တဲ့ ပုံတွေ ဖေ့စ်ဘွတ်ခ် ပိတ်ထားရာက ပြန်တင်ခွင့်ပြု




လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် ရဲ့ တံဆိပ်


လူမှု ကွန်ယက် ဝက်ဘ်ဆိုက် ဖေ့စ်ဘွတ်ခ်ဟာ ပြီးခဲ့တဲ့ မေလတုန်းက ယာယီ တားမြစ်ပိတ်ပင်ခဲ့တဲ့ လူခေါင်းဖြတ်တဲ့ ပုံတွေ အပါအဝင် ကြမ်းတမ်းတဲ့ မမြင်ဖွယ် ပုံတွေကို အွန်လိုင်း ဗီဒီယို အဖြစ် ပြန်တင်ခွင့် ပြုလိုက်ပါတယ်။

အဲဒီလို တင်ခွင့်ပြုတာဟာ ဒီလုပ်ရပ်ကို ရှုတ်ချဖို့ ဖြစ်တယ် ၊ ဒါမျိုးတွေကို ချီးမွှမ်း ထောပနာ ပြုဖို့ မဟုတ်ဘူးလို့ ဖေ့စ်ဘွတ်ခ်က ပြောပါတယ်။

အဲဒီလို ကြည့်ရှုဖို့ မတင့်တယ်တဲ့ ကြမ်းတမ်းတဲ့ ပုံတွေမှာ သတိပေးချက် ထည့်ရင်ကောင်းမလား ဆိုတာကို စဉ်းစားနေတယ်လို့လည်း သူတို့က ဆိုပါတယ်။

ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု တားမြစ်ရေး ပရဟိတ အဖွဲ့တွေနဲ့ အွန်လိုင်း လုံခြုံရေး အဖွဲ့တွေက ဝေဖန် ပြောဆိုမှု ထွက်လာခဲ့ပြီးတဲ့နောက် ဖေ့စ်ဘွတ်ခ် အခုလို သတိပေးချက် ထည့်သွင်းဖို့ စဉ်းစားချက် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

Childnet International ပရဟိတ အဖွဲ့ကြီးကတော့ ဒီဗီဒီယို ရုပ်ပုံတွေက ကြမ်းတမ်းပြီး လူတွေ မြင်ကွင်းပေါ် ရောက်မလာသင့်ဘူးလို့ ဆိုပါတယ်။

From: BBC

စာရေးဆရာ ကိုအောင်ဆန်း အပိုင်း (၈)




ကျုပ်တို့အစိုးရလုပ်တဲ့ အချိန်အခါမျိုးမှာဖြစ်နေပါတယ်။ ကျုပ်တို့မှာ ချို့ယွင်းချက်တွေ အမြောက်အများ ရှိတယ်ဆိုတာ ကျုပ်တို့ကိုယ်တိုင်သိတယ်။ ဘယ်အစိုးရမှ ချို့ယွင်းချက်မရှိတဲ့ အစိုးရဆိုတာ မရှိဘူး။ တိုင်းပြည်မှာ စေတနာထားပြီးတော့ကာ တစ်ဆင့်ထက် တစ်ဆင့်တက်ပြိး လုပ်လာခဲ့တာ တိုးတက်သ လား။ မတိုးတက်ဘူးလားဆိုတာ ခင်ဗျားတို့ စဉ်းစားကြည့်ပါ။ နောက်ရက်များမကြာခင်လောက်ဆိုရင် သခင်နု ပြန်လာလို့ နောက်ရက်တော်တော်လေးကြာလို့ရှိရင် ကျွန်တော်တို့ဟာ တိုင်းပြည်ကို အတိအ လင်း ကြေညာနိုင်တဲ့ စာတမ်းမျိုး ထုတ်နိုင်ပါလိမ့်ဦးမယ်။ အဲဒီတော့ကာ ကျွန်တော်တို့ဟာ လွတ်လပ် ရေးလုပ်ငန်းမှာ ဘယ်ထိအောင် စခန်းတက်လာပြန်ပြီ။ တိုင်းပြည် ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ဘယ်လို စခန်းတက်လာပြီဆိုတာ အစရှိသဖြင့် ခင်ဗျားတို့ မြင်ရပါလိမ့်မယ်။

အဲဒီတိုင်းပြည်ပြန်လည်ထူထောင်တဲ့ လုပ်ငန်းမှာတစ်ဆင့်ထက် တစ်ဆင့်တက်လာကာ လွတ်လပ်ရေး လုပ်ငန်းနဲ့ ပတ်သိက်ပြီး တစ်ဆင့်တက်လာတာကို ရက်များမကြာခင် ခင်ဗျားတို့မြင်ရပါလိမ့်မယ်။ အဲဒါ တွေကို မြင်ရရုံတင်မကဘူး၊ ကျွန်တော်တို့ ဒီအစိုးရနဲ့ အရင်တုန်းကရှိတဲ့ အစိုးရတွေ အကုန်လုံးယှဉ်ပြီး ကြည့်လိုက်မယ်ဆိုရင် ကျုပ်ပြောရဲတယ်။ အရင်တုန်းက ကျုပ်အတိအလင်းပြောတယ်။ လာဘ်စားတဲ့ တူတွေရှိတယ်။ ခင်ဗျားတို့ ဘာပြောဦးမလဲ။ အဲဒီလိုလူတွေက အခုနေအခါမှာ တိုင်းပြည်ကို မိမိတို့ပါတီ ပြန်ပြီး အာဏာရအောင် ခြေထိုးကြတယ်။ ခြေထိုးကြတဲ့ကိစ္စမှာ အယောင်ယောင်အမှားမှားဖြစ်ကြတဲ့ လူတွေဟာ စေတနာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ တိုင်းပြည်သစ္စာဖောက်တဲ့ရန်သူ နံပါတ် ၁ တွေ ဖြစ်တယ်။ အဲဒီရန်သူနံပါတ် ၁ တွေကို ခင်ဗျားတို့ ထောက်ခံချင်တယ်ဆိုလို့ရှိရင် ခင်ဗျားတို့လည်ပင်း ခင်ဗျားတို့ပဲ ကြိုးကွင်းတပ်ကြပေတော့။

ကျုပ်တို့ဟာ ဒီတိုင်းပြည်မှာ အစိုးရဖြစ်အောင် အတင်းအဓမ္မလုပ်လာလို့ အစိုးရဖြစ်လာတာမဟုတ်ဘူး။ တိုင်းပြည်လူထုရဲ့ ထောက်ခံမှုကြောင့် ကျုပ်တို့အစိုးရဖြစ်နေတာပဲ။ တိုင်းပြည်လူထု ယုံကြည်မှုမရှိဘူး.. မကြည်ညိုဘူးဆိုရင် ကျုပ်တို့လည်း တွယ်မနေပါဘူး။ ထွက်မှာပါဘိ။ သို့သော်လည်း တစ်နှစ်လောက် ကျုပ်တို့ကိုစောင့်ကြည့်တဲ့အခါမှာ ကျုပ်တို့ဟာ ဘယ်လိုလူစားတွေလဲ။ ရာဇဝင်ထဲ အရေးခံရမဲ့လူတွေ လား၊ ရာဇဝင်မှာ အဆဲခံရမယ့် လူစားတွေလားဆိုတာ ခင်ဗျားတို့ကိုယ်တိုင် သိပါလိမ့်မယ်။

လွတ်လပ်ရေးအဓိပ္ပာယ် သိကြဖွယ်

ဒီတော့ကာ လွတ်လပ်ရေးဆိုလို့ ခင်ဗျားတို့ကို ပြောပြဦးမယ်။ လွတ်လပ်ရေးဆိုတိုင်း ပဒေသာပင်မြေက မပေါက်နိုင်ဘူးဆိုတာ ခင်ဗျားတို့ကို ရှင်းပြခဲ့ချင်တယ်။ ခင်ဗျားတို့ ဘယ့်နှယ်စိတ်ကူးကြသလဲ။ ပဒေသာ ပင် နေ့ချင်းညချင်း ပေါက်တော့မလို ခင်ဗျားတို့ ထင်ကြလိမ့်မယ်။ တချို့ကလည်း ဂျပန်ခေတ်တုန်းက လွတ်လပ်ရေးရပြီဆိုပြီး ဘာလုပ်ကြသလဲဆိုရင် ဟင်္သာတနယ်ဘက်မှာတွေ့ခဲ့တယ်။ လွတ်လပ်ရေးရ တယ်ဆိုပြီး လူတကာသွားတဲ့လမ်းပေါ်မှာ ဆေးလှန်းတယ်။ အဲဒါ လွတ်လပ်ရေးမဟုတ်ဘူး။ အဲဒီဟာ က လမ်းသွား လမ်းလာလုပ်တဲ့ လူတွေကို နှောင့်ယှက်ရာရောက်တယ်။ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပာယ် က ကိုယ် တစ်ယောက် ကောင်းစားဖို့ဖြစ်စေ၊ လူတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေ၊ တခြားလူတွေရဲ့အကျိုး ကို မထိခိုက်ဘဲ နဲ့ လွတ်လွတ်လပ်လပ် ကိုယ့်အကျိုးအတွက်လုပ်နိုင်တာ လွတ်လပ်ရေးပဲ။

ကိုယ့်စီးပွားရေးလုပ်နေတဲ့နေရာမှာ တခြားလူတွေရဲ့အနှောင့်အယှက်မရှိစေရဘူး။ တခြားလူတွေရဲ့ အကျိုး ကို လည်း မထိခိုက်ဘူး။ တိုင်းပြည်ကိုလည်း မထိခိုက်ဘူးဆိုရင် လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့ အခြေအ နေမျိုး ရှိရမယ်။ အဲဒီတော့ တခြားလူတွေကို နှောင့်ယှက်တဲ့လွတ်လပ်ရေးဟာ လွတ်လပ်ရေးမဟုတ် ဘူး။ အဲဒါကို (License) ရမ်းကားမှုလို့ခေါ်တယ်။ အဲဒီတော့ လွတ်လပ်ရေးဆိုတာ စည်းမဲ့ကမ်းမဲ့ သဘောမျိုး မဟုတ်ဘူး။ စည်းနဲ့ကမ်းနဲ့ သဘောမျိုးဖြစ်တယ်။ လွတ်လပ်ရေးရတဲ့အခါ တိုင်းပြည်မှာ ပိုပြီး စည်းကမ်း ရှိဖို့လိုတယ်။ စည်းနဲ့ကမ်းနဲ့လုပ်ကြမှ လွတ်လပ်ရေးဆိုတာ တကယ်ရမယ်။ လွတ်လပ်ရေး ကြောင့် အခွင့်အရေးရလာတဲ့အခါ အခွင့်အရေးတွေ ပိုရတာတွေလည်း ပိုလာလိမ့်မည်။

ဒီတိုင်းပြည်ကို အင်္ဂလိပ်က အုပ်ချုပ်နေတုန်းက ဒီတိုင်းပြည်ကို ကာကွယ်ဖို့ အင်္ဂလိပ်အစိုးရရဲ့ တာဝန် ဖြစ်တယ်။ ဗမာ ပြည် လွတ်လပ်ရေးရတဲ့အခါမှာ ဗမာပြည်ကိုကာကွယ်ရမဲ့ တာဝန်ဟာ ကျွန်တော်တို့ တာဝန်ဖြစ်လာ မယ်။ အရင်တုန်းကလို အေးအေးဆေးဆေးနေလို့ မဖြစ်တော့ဘူး။ ကျွန်တော်တို့ တိုင်းပြည်အစိုးရလုပ် တဲ့ လူတွေက တိုင်းပြည်ကာကွယ်ဖို့အတွက် ဗမာပြည်မှာ စစ်သားတွေ နည်းတယ် ဆိုရင် ဗမာတိုင်း၊ ဗမာတိုင်းအရွယ်ရောက်တဲ့ လူတွေမှန်သမျှ ကျန်းမာတဲံ လူမှန်ရင် စစ်ထဲမဝင်မနေရ။ စစ်မှုမထမ်းမနေရ ဆိုပြီး စံနစ်နဲ့ဖြစ်လာလိမ့်မယ်။ နှစ်နှစ်တန်သည်ဖြစ်စေ သုံးနှစ်တန်သည်ဖြစ်စေ စစ်ထဲမှာဝင်ရမယ်။ တိုက်ချင်မတိုင်ချင် ဝင်တိုက်ရမှာဘဲ။ အဲဒီဟာ လွတ်လပ်ရေးရတဲ့အခါမှာ ဖြစ်မဲ့ တာဝန်မျိုး ပါပဲ။ အဲဒီလို ပဲ ဒီတိုင်းပြည် လွတ်လပ်တဲ့အခါမျိုးမှာ ယိုးဒယားပြည်လို ဖြစ်ချင်သလား။ တူရကီပြည် လိုဖြစ်ချင်သ လား။ အမေရိကန်ပြည်လို ဖြစ်ချင်သလား။ အင်္ဂလိပ်ပြည်လို ဖြစ်ချင်သလား။ ဆိုဗီယက်ပြည် လို ဖြစ်ချင် သလား။ အဲဒီလိုဖြစ်ချင်တာတွေဟာ တိုင်းပြည်မှာ အလုပ်မလုပ်ဘဲ မဖြစ်ဘူး။

ကြိုးကြိုးကုတ်ကုတ် လိပ်တွေလုပ်

အဲဒီတော့ကာ ဘိလပ်မှာစစ်ကြီးပြီးတဲ့အခါမှာ အင်မတန်မွဲနေတယ်။ မွဲနေတယ်ဆိုရင် အရင်တုန်းက သူ့တိုင်းပြည်က ထွက်တဲ့ကုန်က သူ့တိုင်းပြည်ကို ဝင်တဲ့ကုန်ထက် အဆပေါင်းများစွာပိုပြီးများနေတယ်။ အဲဒီလို များနေတဲ့အတွက် သူ့တိုင်းပြည်က လူတွေကို အတော်ကြီးချောင်ချောင်လည်လည် ဖြစ်အောင် ထား နိုင်တယ်။ ဒီစစ်ကြီးပြီးတဲ့နောက် အင်္ဂလိပ်အစိုးရအဖို့မှာဆိုရင် နိုင်ငံခြားမှာရှိနေတဲ့ သူတို့ကိုယ်တိုင် ငွေပင် ငွေရင်း စိုက်ထားတဲ့လုပ်ငန်းတွေကို အမေရိကန်ကိုရောင်းပစ်ရတယ်။ အကြွေးဆိုရင်လည်း ရွှေ ဒင်္ဂါး သန်းပေါင်း ထောင့်ငါးရာလောက်တင်နေတယ်။ အဲဒါတွေအပြင် နောက်ပြီးတော့ သူတို့တိုင်းပြည် မှာ ရှိနေတဲ့ ပစ္စည်းတွေကလည်း အတော်ပဲ ကုန်သွားတယ်။

ကုန်ရုံတင်မကဘူး။ နိုင်ငံခြားနဲ့ ကုန်ကူးတဲ့ နေရာမှာ ထွက်ကုန်က ဝင်ကုန်ထက် အများကြီး နည်းနေတယ်။
ဒီတော့ စစ်ပြီးတဲ့အခါမှာ ရှေးနဂိုအခြေအနေကို အမြန်ဆုံးပြန်ရအောင်ဆိုပြီးတော့ (တစ်နှစ်တည်းနဲ့ရဖို့၊ နှစ်နှစ်တည်း နဲ့ရဖို့မဟုတ်ဘူး။ လေးနှစ် ငါးနှစ် ခြောက်နှစ် ခုနစ်နှစ် ရှစ်နှစ် ကိုးနှစ် အဲဒီလိုလုပ်ယူရမယ်) အဲဒီလိုလုပ်တဲ့ကိစ္စမှာ "ရှင်နည်းရာ အဂ္ဂလူထွက်"ဆိုသလို ဖြစ်နေတယ်။ အင်မတန်ပဲ ရာသီဥတုက ဆိုး ဝါးပြီးတော့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း အကြီးအကျယ်ပျက်စီးတယ်။ သူတို့ရဲ့စီးပွားရေး အခြေအနေ ကို ထိခိုက် နေတော့ကာ နဂိုအခြေအနေကို အမြန်ဆုံးပြန်ရအောင်ဆိုပြီး သူတို့ဘာကြိုးစားနေသလဲ။ အင်္ဂလိပ် တွေ မဝယ်နိုင်ဘူး၊ မဝယ်ရဘူး၊ ဥပမာ အဝတ်အထည်တွေဆိုရင် အင်္ဂလိပ်ပြည်ကလုပ်တယ်။ အင်္ဂလိပ် တွေက လုပ်ပေမယ့် အင်္ဂလိပ်တွေကို တစ်ကိုယ်ကို နှစ်ထည်သုံးထည်ထက်ပိုပြီး မဝတ်ရဘူး။ လိုသလောက် ထက် ပိုပြီးမဝယ်ရဘူး။ (ကူပွန်)ဆိုတာတွေ ပေးတယ်။ အဲဒီလိုပေးပြီးတော့ ရောင်းတယ်။ အဲဒီ(ကူပွန်)ရှိမှ ဝယ်နိုင်တယ်။ အဲဒီလိုရောင်းချတယ်။ အဝယ်ခိုင်းတယ်။

နိုင်ငံခြား ကို ပိုတာတွေမှန်သမျှကို ပို့ပြီးရောင်းတယ်။ နိုင်ငံခြားက ဘိလပ်ကိုသွင်းတဲ့ပစ္စည်းတွေကျ တော့ လည်း အရင်ကလို အရမ်းမဲ့မသွင်းခိုင်းဘဲ လျှော့လျှော့ပေါ့ပေါ့သွင်းပြီးတဲ့နောက် နိုင်ငံခြားကသွင်း တဲ့ ပစ္စည်း တွေကို ချွေချွေတာတာနဲ့ အရင်ကထက် အများကြီးလျှော့ပြီး အသွင်းခိုင်းတယ်။ လျှော့ပြီး သုံးခိုင်း တယ်။ သူတို့ဆီမှာ အရင်တုန်းက စားရတဲ့ပေါင်မုန့်ဟာ အခုအခါမှာဆိုရင် အင်မတန်ကို လျှော့ ပြီး စားရတယ်။ အခုနေအခါမှာ ဒီလိုလုပ်မှနောက် လေးငါးခြောက်နှစ် ခုနစ်နှစ်ရှစ်နှစ်ရှိတဲ့အခါ အင်္ဂလိပ် ပြည် ဟာ နဂိုအခြေအနေကို ပြန်ရောက်ဖို့အကြောင်းရှိတယ်။ အဲဒီတော့ကာ အဲဒီလို ကျကျနနမလုပ်ဘဲ ဆိုရင် မရ နိုင်ဘူး။ တိုင်းပြည်ထူထောင်ဖို့ဆိုတာ လွတ်လပ်တဲ့တိုင်းပြည်ဖြစ်ငြားသော်လည်း အလုပ်လုပ် ရတယ် ဆိုတာ ခင်ဗျားတို့သိစေချင်တယ်။

ချွေချွေတာတာ ရုရှားမှာ

ဆိုဗီယက်ယူနီယံဆိုတဲ့ တိုင်းပြည်ဟာ တော်လှန်ရေးလုပ်ပြီးတုန်းက စစ်အတောအတွင်းမှာလုပ်တဲ့ ကွန်မြူနစ် စံနစ်ဆိုပြီး လုပ်တယ်။ စစ်ကြီးပြီ်းတဲ့နောက် (New Economic Policy) ဆိုတဲ့ သဘောနဲ့ စီးပွားရေး စံနစ်နဲ့ လုပ်ရတယ်။ နောက်ငါးနှစ်စီမံကိန်းတွေ ဆိုဗီယက်ယူနီယံမှာ လုပ်တယ်။ ငါးနှစ်စီမံ ကိန်းတွေ လုပ်တဲ့အခါမှာ ပထမစီမံကိန်းလုပ်တုန်းက တစ်နိုင်ငံလုံးရဲ့ အခြေအနေအားလုံးကို ခြုံပြီး၊ ရှေ့ ရှု့ပြီး လုပ်တော့ တစ်တိုင်းတစ်ပြည်လုံးကောင်းဖို့ ရှေ့ရှု့ပြီးလုပ်ရတဲ့အတွက် လူတွေစားချင်တိုင်း မစားရ ဘူး။ ဝတ်ချင်တိုင်း မဝတ်ရဘူး၊ နေချင်တိုင်း မနေရဘူး။ အဲဒီလိုဖြစ်နေရတယ် အဲဒီတော့ ကျွန်တော်တို့ တိုင်းပြည် ကို ပြန်လည်ထူထောင်ကြမယ်ဆိုရင် (National Planing)ခေါ်တဲ့ အဲဒီလို စီမံကိန်းမျိုးနဲ့မလုပ် ဘဲ ကျွန်တော်တို့တိုင်းပြည် ဘယ်တော့မှမကြီးပွားနိုင်ဘူး။ မထူထောင်နိုင်ဘူးဆိုတာ ခင်ဗျားတို့ သိစေ ချင် တယ်။

အဲဒီတော့ ပဒေသာပင် မြေကပေါက်မလာနိုင်ဘူး။ ကျွန်တော်တို့ အလုပ်လုပ်မှ ပေါက်မယ်ဆိုတာ ခင်ဗျား တို့ နားလည်စေချင်တယ်။ လွတ်လပ်ရေးရပင် ရငြားသော်လည်း တိုင်းသူပြည်သားလူအများအ ပေါ် ကျရောက် လာမဲ့ တာဝန်တွေ ကျွန်တော်တို့မထမ်းဆောင်ချင်ဘူးဆိုရင် ခင်ဗျားတို့ရမဲ့ လွတ်လပ်ရေး ဟာ ဒီနေ့ ရပြီး နက်ဖြန်ခါ အခြားလက်ပြန်ပါသွားမယ်ဆိုတာ ခင်ဗျားတို့ သိစေချင်တယ်။ အဲဒီလို လွတ် လပ်ရေးရတဲ့ အခါမှာ စီမံကိန်းအမျိုးမျိုးနဲ့ လုပ်တောင်မှ အနှစ်နှစ်ဆယ်လောက်ကြာမယ်။

ယိုးဒယားကိုရှု ပမာပြု

အဲဒီလို မလုပ်နိုင်လို့ရှိရင် ယိုးဒယားပြည်ရဲ့အဆင့်အတန်းတောင်မှ မီမှာမဟုတ်ဘူး။ ယိုးဒယားပြည် ဟာ လွတ်လပ်တဲ့ နိုင်ငံထဲမှာတော့ ညံ့ညံ့ပဲ။ သို့သော်လည်းပဲ ယိုးဒယားပြည်ဟာ ကျွန်တော်တို့ ဗမာ ပြည်နဲ့ စာရင် သာတာပဲ။ စစ်တပ်တွေ ကောင်းကောင်းရှိတယ်။ ရေတပ်တွေရှိတယ်။ လေတပ်တွေရှိ တယ်။ အဲဒီလို ဟာတွေ ယိုးဒယားပြည်က ရှိတယ်။ ကျွန်တော်တို့မှာတော့ အဲဒီလိုဟာတွေ မရှိသေးဘူး။ ကျွန်တော်တို့မှာ သုညက စပြီး အကုန်လုံးပြန်ပြီး အုတ်မြစ်ချပြီး အလုပ်လုပ်ရမှာဖြစ်တော့ ကျွန်တော်တို့ က တခြားနိုင်ငံတွေက ခြေလှမ်းတစ်လှမ်းရင် ကျုပ်တို့က ကျုပ်တို့က လေးငါးဆယ်လှမ်းလှမ်းမှ နောင် ဆယ်နှစ် ဆယ့်ငါးနှစ်လောက်ကြာလို့ရှိရင် တန်းတူညီတူဖြစ်နိုင်မယ်။ တန်းတူညီတူ မဖြစ်သမျှ ကာလ ပတ်လုံး တိုင်းပြည်ကြီးဟာ လွတ်လပ်တယ်ဆိုပေမဲ့လို့ ဟိုလူမြင်လည်း မျက်နှာချိုသွေးရ ဒီလူမြင်လည်း မျက်နှာချို သွေးရတဲ့ နိုင်ငံမျိုးဖြစ်မယ့်ဆိုတာ ခင်ဗျားတို့ကို အတိအလင်းပြောလိုက်မယ်။ အဲဒီတော့ ကျွန်တော်တို့ တိုင်းရင်းသားအချင်းချင်း ညီညွှတ်ရေး လူထုညီညွှတ်ရေးရှိဖို့ အရေးကြီးတယ်။ စားဖား တွေ ညီညွတ်ရေး ကို မလိုချင်ဘူး။

အောင်သည်အထိ ကြိုးစားဘိ

အခုဖြစ်နေတဲ့အခြေအနေအရ လွတ်လပ်ရေးကိစ္စကို ခန့်မှန်းပြောရမယ်ဆိုရင် လွတ်လပ်ရေးဟာ ရဖို့ အခြေအနေတော့ တော်တော်ပဲများတယ်ဆိုတာ ပြောချင်ပါတယ်။ ပြောပေမဲ့ ကျွန်တော်တို့ဗမာစကား လည်း ရှိတယ်။ အင်္ဂလိပ်စကားကတော့ Don't hollow till you out of the wood သစ်တောမြက်မည်း အတွင်းက မထွက်မိခင် ငါတော့ဘေးလွတ်ပြီလို့ မအော်ပါနဲ့။ ခြင်္သေ့မင်း ဥပမာလိုပြောရမယ်ဆိုရင် ခြင်္သေ့ များဟာ သားကောင်ကို လိုက်တဲ့နေရာမှာ ကြီးတာငယ်တာ ပဓာနမထားပဲ ကြီးကြီးငယ်ငယ် လုံ့ လစိုက်တဲ့ နေရာမှာ အဲဒီအတိုင်းပဲ လုံ့လစိုက်သွားတယ်။ ကျွန်တော်တို့ဟာ အဲဒီထုံးစံအတိုင်း ကျွန် တော်တို့ဟာ ပန်းတိုင် ရောက်သည်အထိ အဲဒီထုံးစံအတိုင်း ကျွန်တော်တို့ဟာ ပန်းတိုင်ရောက်သည်အ ထိ ကျွန်တော်တို့ အောင်မြင်မယ် ထင်သည့် တိုင်အောင် ကြိုးစားမှုအားထုတ်မှု လုံ့လဝီရိယကို လျှော့လို့ မဖြစ်ဘူး။

မလျှော့တမ်းအဟုတ် ဇွဲနှင့်လုပ်

ကျွန်တော်တို့ ဗမာတွေမှာ ချို့ယွင်းတာတစ်ခုရှိတယ်။ ဘာလဲဆိုရင် ဒါကလည်းပဲ ကျွန်တော်တို့ ကျွန် ဖြစ်ခဲ့ရတဲ့ အတွက် ဖြစ်ချင်မှဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော် ဂျပန်ခေတ်တုန်းက ပုသိမ်ဘက် ကိုသွားတဲ့ အခါမှာ လှေပြိုင်ပွဲတစ်ခုကြည့်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ပန်းတိုင်ကို မရောက်သေး ဘူး။ ရှေ့ကို နည်းနည်းနိုင်လာပြီဆိုရင် နိုင်နေတဲ့လှေက တက်ကိုထောင်တယ်။ ရှုံးတဲ့လှေကလည်း ပန်းတိုင် မရောက်သေးဘူး။ ကြိုးစားမယ်ဆိုရင် ကြိုးစားနိုင်သေးတယ်။ မကြိုးစားချင်တော့ဘူး ရှုံးမှာပါပဲ ကွာ ဆိုပြီးတော့ ခြေပစ်လက်ပစ်နဲ့ တက်မခပ်ချင်တော့ဘူး။ အဲဒါဟာ တိုင်းပြည်ထူထောင်တဲ့နေရာမှာ အဲဒါက လွတ်လပ်တဲ့ လူမျိုးနဲ့ ထိုက်တန်တဲ့စိတ်ဓါတ်မျိုးမဟုတ်ဘူး။ ဒါက ကျွန်ဖြစ်မဲ့စိတ်ဓါတ်မျိုးပဲ။ ဒီ စိတ်ဓါတ်မျိုး ရှိနေသမျှ ကာလပတ်လုံး ကျုပ်တို့ဗမာတွေ ကျွန်ဖြစ်နေမှာပဲ။ အဲဒီလှေပြိုင်ပွဲတုန်းက လှေ တစ်လှေဟာ တက်ထောင် မိတာနဲ့ ပွဲတစ်ပွဲမှာ ရှုံးသွားတယ်။

ဘောလုံးပွဲကန်တဲ့အခါမှာလည်း ကိုယ်ကစပြီးဂိုးသွင်းရရင် အတော်ပဲ အားတက်လာတယ်။ နောက်တစ် ခါ တော်တော်လေး ဂိုးများလာတယ်ဆိုရင် လျှော့လျှော့ပေါ့ပေါ့ ကန်ချင်လာတယ်။ တစ်ဖက်ကလည်း နောက်ဆုံးအပြီးသတ်ကျတော့မှ ကပ်ပြီး ဂိုးသွင်းသွားလို့ ရှုံးတာတွေ၊ သရေဖြစ်တာတွေကို ဘောလုံးပွဲ ရာဇဝင် မှာ ပြန်စဉ်းစားကြည့်ရင် တွေ့မှာပဲ။ ဒါတင်မကသေးဘူး။ သူတို့လူတွေက ပထမနာရီဝက်မှာ ၁၀ မိနစ်လောက်ကြာတော့ တော်တော်လေးကန်မိလို့ ဂိုးပြန်မသွင်းနိုင်သေးဘူးဆိုရင် လူကိုပြန်ချတာပဲ ကျွန်တော်တို့ဗမာပြည်မှာ အဲဒါ (sporting spirit)မရှိဘူး။ ဒါဘာလဲဆိုရင် ကျွန်တော်လည်း ဗမာတွေရဲ့ စိတ်ဓါတ် ထက်မြက်တယ်ဆိုတာ တစ်လွဲမှာ ဆံပင်ကောင်းနေတာပဲ။ တကယ့်နေရာမှာ အသုံးမကျဘူး။ ဗမာဗမာချင်း ချဖို့လိုချင်တယ်။ ပြန်လည်ထူထောင်ရေး လုပ်တဲ့နေရာမှာ အသုံးမချချင်ဘူး။ ဗမာအချင်း ချင်း ချဖို့ လုပ်ချင်တယ်။ ဒါတွေ လုပ်ချင်ရင် ဘယ်တော့မှ အကျိုးခံစားခွင့်ရှိမှာ မဟုတ်ဘူး။ လွတ်လပ် ရေးလည်း ကျကျနနလုပ်လို့မဖြစ်ဘူး။ အဲဒီလို စိတ်ဓါတ်မျိုးကို လုံးဝဖျောက်ဖျက်ပစ်ဖို့လိုတယ်။ ကျွန် တော်က ဘာလုပ်လုပ် နောက်ဆုံးတစ်နေ့ပြီးတဲ့အထိ ရှုံးမယ်ထင်သည်ဖြစ်စေ၊ နိုင်မယ်ထင်သည်ဖြစ်စေ မလျှော့တန်း ဇွဲနဲ့ လုပ်သွားမယ်။

ချီးမွမ်းဖွယ်ရာ နမူနာ

အင်္ဂလိပ်တွေက ကျွန်တော်တို့ကို အုပ်ချုပ်နေလို့ ကျွန်တော်တို့က မုန်းပေမဲ့လို့ အင်္ဂလိပ်တွေမှာ ချီးမွမ်း ပြီး နမူနာ တွေ ယူစရာအများကြီးရှိတယ်။ ပြီးခဲ့တဲ့စစ်ကြီးမှာ သူတို့အကျဉ်းအကျပ် ဘယ်လောက် ရောက်ခဲ့ သလဲ။ အဲဒီအကျဉ်းအကျပ်ထဲက သူတို့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း အံကြိတ်ပြီး ခါးတောင်း ကျိုက်ပြီး ကြိုးစားခဲ့တယ်ဆိုတာ သူတို့ကိုကြည့်ပါ။ အခုလည်း သူတို့တိုင်းပြည်မှာ ကြပ်ကြပ် တည်းတည်းနေရတာကို လူတွေက မညည်းဘူးလားဆိုတော့ ပုထုဇဉ်သဘာဝ ညည်းတာပဲ။ ညည်းပင် ညည်း သော်လည်း စည်းနဲ့ကမ်းနဲ့ညည်းကြတယ်။ ကျွန်တော်တို့တိုင်းပြည်မှာ စည်းကမ်းကို မရှိသ လောက် ဖြစ်နေတယ်။ ဒီမှာတော့ နိုင်ငံရေးလုပ်တဲ့နေရာတွေမှာ ယခုနေအခါမှာ နယ်ချဲ့သမားသဘော ကျမဲ့ အလုပ်မျိုး တွေ လုပ်နေတယ်။ အခုကျွန်တော် တိတိလင်းလင်း ပြောထားပါမယ်။

အင်အားငယ်လျှင် ငယ်မည်ပင်

ဗမာပြည်မှာ လူထုညီညွတ်ရေး တိုင်းရင်းသားအချင်းချင်း ညီညွတ်ရေးတွေဟာ မပြိုကွဲဘဲ ဘယ်သူမှ ဖောက်ထွင်းလို့မရလို့ရှိရင်၊ နောက်ပြီးတော့ လက်ဝဲသမားခေါ်တဲ့ လူငယ်နိုင်ငံရေးသမားတွေ ညီညွတ် သထက် ညီညွတ်လာလို့ရှိရင် အဲဒါ အင်အားကြီးသလောက် ခင်ဗျားတို့ လွတ်လပ်ရေးဟာ ပိုကောင်း မယ်။ အင်အားငယ်ရင် ငယ်သလောက် ခင်ဗျားတို့လွတ်လပ်ရေးဟာ အခွင့်အရေးနည်းလာမယ်။ နောက်တစ်ခါ အဲဒီလိုနေရာမှာ နိုင်ငံရေးသမားတွေတချို့ ခြေထိုးတာတွေကို ယောင်မှားလို့ အင်မတန် ဖရိုဖရဲ ဖြစ်ကြရင်တော့ ခင်ဗျားတို့လွတ်လပ်ရေးရမှာ မဟုတ်ဘူး။ အိန္ဒိယပြည်မှာလို အခြေအနေမျိုး ရောက်လာမယ်။ အဲဒါ ခင်ဗျားတို့ သတိထားဖို့ ကောင်းပါတယ်။

ဗုံးဗောလအော မနှမြော

ဒီဟာတွေကို သတိထားပြီး တိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ အနည်းငယ် ပြောပြချင် တယ်။ ဒီတိုင်းပြည်ပြန်လည်ထူထောင်ရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဖြစ်နေတဲ့ အခြေအနေမှာ အင်မ တန်ပဲဆိုးနေတယ်။ ကျွန်တော်တို့တိုင်းပြည်ဟာ ဒီကမ္ဘာစစ်ကြီးပြီးတဲ့နောက် ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတွေ ထဲမှာ ကျွန်တော်တို့တိုင်းပြည်လို "မိအေးနှစ်ခါနာ"ရှိတဲ့ တိုင်းပြည်မျိုးမရှိသေးဘူး။ ဂျပန်ဝင်လာတော့ လည်း စစ်မြေပြင်ဖြစ်တယ်။ အင်္ဂလိပ်ပြန်ဝင်လာတော့လည်း စစ်မြေပြင်ဖြစ်တယ်။ အဲ့ဒီလို မိအေးနှစ်ခါ နာဖြစ် တဲ့ ဗမာပြည်ဟာ အင်မတန်ပဲ စီးပွားရေးမှာ ပျက်စီးတယ်။

သူတို့ပြည်မှာ သွားကြည့်ပါ

အင်္ဂလိပ်ပြည်မှာလည်း စီးပွားရေးပျက်စီးတော့ အင်္ဂလိပ်လူမျိုးတွေက စီမံကိန်းတွေ ဘာတွေလုပ်တယ်။ သိပ်ပြီးတော့ ကျကျနနမရှိဘူး။ သို့သော်လည်း... ကျွန်တော်တို့တိုင်းပြည်နဲ့စာရင်တော့ စံနစ်က ပို ကောင်းတယ်။ ကြိုးကြိုးစားစားနဲ့ လေးငါးဆယ်နှစ်လောက်ကျရင် တကယ်ချောင်လည်လာအောင် ဝိုင်း ဝန်းပြီး ကြိုးစားနေကြတယ်။
ဆိုဗီယက်ယူနီယံမှာဆိုရင် စစ်ကြီးပြီးချင်း ငါးနှစ်စီမံကိန်းဆိုပြီး ခြိုးခြံဖို့လုပ်နေကြတယ်။ ဆိုဗီယက်ယူနီ ယံမှာ ရှေးကလို စားလိုက် သောက်လိုက် ချောင်ချောင်လည်လည် စားရသောက်ရ မရှိတော့ဘူး။ ပြန် ပြီး ချွေတာနေကြပြီ။ ဒါက နိုင်ငံခြားထွက်ကြည့်မှသိတယ်။

စစ်ဖြစ်နေတုန်းက ကျွန်တော် ဂျပန်ပြည် ရောက်ဖူးတယ်။ ဂျပန်ပြည်က လူတွေ ဗမာပြည်က လူတွေ လောက် အဝတ်အထည်ကို ပေါပေါများများ မဝတ်ရဘူး။ မစားရဘူး။ နေတဲ့နေရာမှာတော့ သပ်သပ် ရပ်ရပ် နေရတယ်။ ကျွန်တော်တို့ ဗမာပြည်က တော့ ဒီလိုမဟုတ်ဘူး။ ဘုံးဘောလအော စားသောက် နေထိုင်ကြတာပဲ။
အိန္ဒိယပြည်ကို သွားကြည့်ပါ။ ဟိုတယ်တွေကိုသွားရင် ၂၄ယောက်ထက်ပိုပြီး ကျွေးချင်လို့မကျွေးရဘူး။ ပေါင်မုန့် မရဘူး။ အာလူးတစ်ခု ပဲ ရတယ်။ နောက်ပြီး ဟင်းတစ်မယ်ထက် ပိုမရဘူး။ ကျွန်တော်တို့ဆီမှာ ဆန်းကဖီး ကို သွားလို့ရှိရင် ဟင်းတစ်မယ်တင်မကဘူး။ နှစ်မယ်၊ သုံးမယ်၊ လေးမယ် အကန့်အသတ်မရှိ စားချင်တိုင်း စားနိုင်တယ်။ အင်္ဂလန်ပြည်မှာ ဟိုမှာထမင်းမရဘူး။ ဆန်မရဘူး။ ပေါင်မုန့်ဆိုရင် အရင်က ထက် လျှော့ပေးတယ်။ အဲဒီလို ခြိုးခြံပြီးတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းကို လုပ်နေကြတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ကျပ်တယ်ကျပ်တယ်နဲ့ ပြောနေကြတယ်။ လူတွေက ဗုံးဗောလအော သုံးစွဲ နေကြ တုန်းပဲ။

ကျွန်တော်တို့ ဗမာပြည်မှာ ဆီမရှိလို့ မစားနိုင်ဘူးလို့ပြောကြတယ်။ ဆီမရှိလို့ မစားနိုင်တာမှန်ပါတယ်။ သို့သော်လည်းပဲ ဒီဆီကို ဘာအတွက်သုံးနေကြသလဲ။ ဗုံးဗောလအောသုံးသလား မသုံးဘူးလားဆိုတာ သွားကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ခင်ဗျားတို့စိတ်ထဲမှာတော့ ဘာမှအရေးမကြီးလို့ထင်တယ်။ ခင်ဗျားတို့ ဆီတွေ ဗုံးဗောလအောသုံးတဲ့အတွက်ကြောင့် ကုလားပြည်က နှစ်စဉ်နှစ်စဉ် ဆီတွေ အမြောက်အမြား သွင်းနေ ရတယ်။ အဲဒါ ဈေးကြီးတဲ့အထဲမှာ အကြောင်းတစ်ရပ်ပဲ။

ပြီးတော့ ငရုတ် ကြက်သွန်ကိုကြည့်ပါ။ ဗမာပြည်မှာ ကိုယ့်ဘာသာကိုယ်စိုက်လို့မရဘူးလား။ ကျွန်တော် ဆိုရင် ကျွန်တော့အိမ်မှ စိုက်ထားတယ်။ အိမ်ရာကွက်လပ်ရှိတဲ့ နေရာမှာရှိတဲ့ လူတွေကစိုက်ကြပါလား။ ဒီလိုတော့ မစိုက်ကြဘူး။ ဈေးမှာ ဝယ်စားတော့ အဲဒီငရုတ်ကြက်သွန်တွေ ဘယ်ကလာသလဲ။ အိန္ဒိယ ပြည်က လာတယ်။ အိန္ဒိယပြည်ကလာတော့ အိန္ဒိယပြည်ကို ခင်ဗျားတို့ ပိုက်ဆံပေးနေရတယ်။ ဒီတိုင်း ပြည်မှာ ရနိုင်တဲ့ ပစ္စည်းကို တခြားနိုင်ငံက ဝယ်ရတဲ့အတွက် ဈေးတွေကြီးတယ်ဆိုတာဟာ အခုလို အ ကြောင်း မျိုးတွေကြောင့်ပဲ။

ဆက်ရန်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဥပဒေစကားဝိုင်း အပိုင်း(၃)






ဦးသန်းအောင်။ ဟုတ်ကဲ့ပါခင်ဗျာ။ ကျေးဇူးတင်ပါတယ်။ ဒေါက်တာ အင်ဒရူး ဆွေးနွေး သွားလိုက်တော့ သယံဇာတနဲ့ ဘဏ္ဍာငွေခွဲဝေမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုခွဲဝေ သင့်တယ် ဆိုတဲ့ အမြင်လေးကို ကျွန်တော်တို့ မမြင်သေးတဲ့ အပိုင်းတွေလည်း အများကြီး တွေ့ရပါတယ်။ ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ကြမလား။ အသစ်ရေးကြမလား ဝိဝါဒကွဲပြားနေတဲ့ အပေါ်မှာလည်း ဆရာအမြင်လေးကို ပြက်ပြက်ထင်ထင် မြင်သာ တယ် လို့ ကျွန်တော် ယူဆပါတယ်ဆရာ။ ဆက်လက်ပြီးတော့ ဆရာဦးကျော်ဝင်း အနေနဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြခံ ဥပဒေမှာ ပါဝင်တဲ့ လွှတ်တော်အသီးသီးမှာ တပ်မတော် ကိုယ်စားလှယ်၂၅ ရာခိုင်နှုန်းပါဝင်နေမှုနဲ့ ပတ်သက်ပြီး လက်ရှိအနေအထားအရ ထားရှိ ရမယ့် သဘောထား အမြင်လေးနဲ့ ပတ်သက်ပြီး ဆရာရဲ့အမြင်လေးကို ဆွေးနွေးပေးစေ ချင်ပါတယ် ခင်ဗျာ။

ဦးကျော်ဝင်း ။ ကျွန်တော် ဥာဏ်မီသလောက် ဆွေးနွေးကြည့်ပါမယ်။ ဒီကိစ္စပြောရရင်တော့ ကျွန်တော်တို့ တိုင်းပြည်တစ်ခုတည်း ကွက်ဖြစ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။ တစ်ကမ္ဘာ လုံး အတိုင်းအတာနဲ့ ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။ သမိုင်းနဲ့ချီပြီး ပြောရရင် ကမ္ဘာပေါ်မှာ ကမ္ဘာ စစ်ကြီးတွေ မတိုင်ခင်ကတော့ တပ်မတော်ဆိုတာ Professional Institution လွတ်လပ် တဲ့ အဖွဲ့အစည်းတစ်ခုပါ။ Political Metric ရဲ့ အပြင်ဘက်မှာလို့ ပြောလို့ရပါတယ်။ သို့သော် လက်တွေ့မှာ ကမ္ဘာပေါ်မှာ ကမ္ဘာစစ်ကြီး နှစ်ကြိမ်ဖြစ်လိုက်တော့ တိုင်းပြည်တိုင်း အတွက်က လုံခြုံရေးသည်ပင် နိုင်ငံရေး ဖြစ်လာပါတယ်။ အဲဒီတော့ တပ်မတော် ကိုယ်တိုင်ကလည်း Political Institution အဖြစ် ပြောင်းသွားတာလည်း ရှိတယ်။

ဒါက ကျွန်တော်တို့ ကြိုက်ခြင်း၊ မကြိုက်ခြင်းနဲ့ သိပ်မဆိုင်ဘူးလို့ ထင်တယ်။ အခြေအနေ ကိုက ဒီလိုဖြစ်လာကြတာ။ စစ်ပြီးခေတ်ရောက်တဲ့အခါ ဒီကိစ္စက တော်တော်များများ အများကြီး စဉ်းစားရမယ့်ကိစ္စ ဖြစ်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးမက်ထရစ်ထဲမှာ ထဲထဲ ဝင်ဝင်ပါလာတဲ့ တပ်မတော်ကို ဘယ်လိုနေရာချထားကြမလဲ၊ ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် လက်လှမ်းမီ သလောက် ပထမဦးဆုံး ထွက်တဲ့ကျမ်း၊ ဒီကျမ်းလို့ပြောနိုင်တဲ့ ၁၉၅၇ ခုနှစ်က ထွက်တဲ့ စာအုပ်ထဲမှာ အဲဒီမှာ ဂျပန်နဲ့ ဂျာမနီသွားတဲ့ လမ်းကြောင်းဖြစ်ပါတယ်။

သူကတော့ စစ်ဝါဒကို ပြန်လည်ခေါင်းထောင်မလာရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်မတော်ကို Political Metric အပြင်ဘက်မှာထားတဲ့၊ တတ်နိုင်သလောက် မဖွံ့ဖြိုး အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားတဲ့ သဘောရှိပါတယ်။ စောစောက ဖက်ဆစ်ဝါဒ၊ စစ်ဝါဒ ပြန်မပေါ်ရေးဆိုတဲ့ ရည်မှန်းချက် အောင်မြင်ပေမယ့် လုံခြုံရေးဘက်က ကြည့်ရင် ဂျပန်ရော၊ ဂျာမနီရောဟာ စစ်အေးခေတ်တစ်လျှောက်လုံးမှာ လုံခြုံရေး အားအနည်းဆုံး ဖြစ်နေတယ်။ ကိုယ်ပိုင်လုံခြုံရေး အင်အားမရှိဘဲနဲ့ အမေရိကန် ထီးရိပ်ကို တစ်ဖက်သတ် မှီခိုနေရတဲ့ အနေအထားရှိပါတယ်။ အကျိုးဆက်အနေနဲ့ သူကစီးပွားရေးအရ ဆူပါပါဝါ အဖြစ် တတ်နိုင်ပေမယ့် တကယ်ဆူပါ ပါဝါအဆင့် နှစ်နိုင်ငံစလုံး ရောက်မလာဘူး။

တပ်ကို လွှတ်လိုက်တဲ့ Autonomous Institution တစ်ခုအနေနဲ့ ထားသင့်တယ်။ အဲဒီဘောင်ထဲမှာပဲ အမေရိကန်ရဲ့ ပေါ်လစီမှာ ဒီ Impact တွေ တော်တော် ပါတယ်လို့ ထင်ပါတယ်။

ကျွန်တော်နားလည်သလောက် ပြောရရင် အမေရိကမှာ Election နဲ့ မဟုတ်ဘဲနဲ့ Official Organization အရ ခွင့်ပြုထားတဲ့ အဖွဲ့အစည်းသုံးခု ရှိတယ်လို့ ထင်ပါတယ်။ တစ်ကတော့ တပ်မတော်၊ ပင်တဂွန်ပေါ့။ နောက်တစ်ခုကတော့ ရှေ့နေချုပ်၊ နောက်တစ်ခုက ဗဟိုဘဏ်ဥက္ကဋ္ဌ၊ အဲဒါက အမေရိကန်ဖွံ့ဖြိုးတိုးတက်မှုမှာ အားသာချက်လို့ သုံးသပ်ကြ တာတွေလည်း ရှိတယ်။ ဒါက တပ်ကိုဘယ်လိုနေရာချထားမလဲ ဆိုတဲ့ဟာပေါ့။ အဲဒီစာအုပ်ထဲမှာ ကျွန်တော်တို့ လွတ်လပ်ခါစ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် တိုက်ရိုက် သက်ဆိုင်တာ သိပ်မတွေ့ဘူး။ ကျွန်တော်တို့ကျတော့ ဒီ့ပြင်နိုင်ငံတွေရဲ့ တပ်မတော်တွေ နဲ့ကို မတူဘူး။ ကျွန်တော်တို့ရဲ့ တပ်မတော်တွေက အမျိုးသား လွတ်လပ်ရေး လှုပ်ရှားမှုနဲ့ အတူ ပေါ်ပေါက်လာတာတွေ များတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တပ်မတော်ဆိုရင် ၁၃ဝဝ ပြည့်မှာ သန္ဓေတည်တယ်၊ ဘီအိုင်အေ ခေတ်မှာ စမွေးဖွားလာတယ်။

ဖက်ဆစ်တော်လှန်ရေးနဲ့အတူ အရွယ်ရောက်တယ်။ စဖွဲ့ကတည်းက Volunteer ပုံစံ ဖြစ်တယ်။ လွတ်လပ်ရေး ရတဲ့အခါမှာလည်း ကျွန်တော်တို့လို နိုင်ငံတွေမှာ ပြည်တွင်းစစ် တွေနဲ့ ကြုံရတယ်။ စစ်ဖြစ်နေတဲ့ တိုင်းပြည်တစ်ပြည်မှာဆိုရင် တပ်မတော်ရဲ့ အခန်း ကဏ္ဍက အရေးကြီးတယ်။ ကျွန်တော်တို့ အိမ်နီးနားချင်းတွေ ပြန်ကြည့်ရင် ထိုင်းပဲဖြစ်ဖြစ်၊ တောင် ကိုရီးယားပဲဖြစ်ဖြစ်၊ အင်ဒိုနီးရှားပဲ ကြည့်ကြည့်၊ တိုင်းပြည်တွေရဲ့ အပြောင်းအလဲမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ထဲထဲဝင်ဝင် ပါနေတာ တွေ့ရတယ်။ သူတို့လည်း ဒီလိုပဲလို့ ထင်ပါတယ်။

ဒါပေမယ့် ၁၉၈၉ ခုနှစ် နောက်ပိုင်း တိတိကျကျ ပြောရရင် ဘာလင်တံတိုင်း ပြိုပြီး နောက်ပိုင်း ပညာရှင်တွေ သတ်မှတ်တာက အပြောင်းအလဲ သုံးခုဖြစ်လာတယ်၊ တစ်ကတော့ ဒီမိုကရေစီစနစ်ဟာ တစ်ကမ္ဘာလုံး သဘောဆောင်လာတယ်၊ နိုင်ငံ အားလုံးက ဒီမိုကရေစီစနစ်ကို ဦးတည်လာတယ်။ နှစ်ကတော့ ဆိုဗီယက်ကွန်မြူနစ် ဝါဒ ကျဆုံးသွားတယ်။ သုံးက စစ်အေးပြီး သွားတယ်။

ဒီလို အခြေအနေသစ်တွေ အောက်မှာ တပ်တွေဘယ်လိုပြန်ပြီးတော့ နေရာချကြမလဲ ဆိုတဲ့ ခေါင်းစဉ်ကလည်း Current Affair လို့ထင်ပါတယ်။ တစ်ချိန်ကတော့ စစ်အေးရဲ့ အထွတ်အထိပ် ကာလပေါ့။ ၁၉၆ဝ ပြည့်လွန် နှစ်ကာလဆိုတော့ ကျွန်တော်တို့ နိုင်ငံတွေတင် မကပါဘူး။ လွတ်လပ်ခါစ နိုင်ငံတော်တော်များများ နိုင်ငံတွေမှာ စစ်ဘက် အာဏာသိမ်းမှုတွေ ရှိခဲ့တာကိုး။

သို့သော် အခုစစ်အေးလွန်ခေတ် နောက်ပိုင်းရောက်တော့ တပ်ကို Professional Institution ဖြစ်အောင် ဘယ်လိုနေရာချကြမလဲ။ ဒီကိစ္စတွေကလည်း အတော် အရေးကြီးလိမ့်မယ် ထင်ပါတယ်။ သိပ်မကြာသေးခင်က ဖတ်ရတဲ့ စာအုပ်တစ်အုပ်ဆိုရင် ဒါနဲ့အများဆုံးသက်ဆိုင် ပါတယ်။ အဲဒီ စာအုပ်ထဲမှာ ကျွန်တော်တို့နဲ့ တော်တော် အသွင် သဏ္ဌာန်တူတဲ့ အာရှနိုင်ငံတွေနဲ့ လက်တင်အမေရိကနိုင်ငံတွေရဲ့ အပြောင်းအလဲတွေ လည်းပါတယ်။ ရည်ရွယ်ချက်ကတော့ တပ်ကို Professional Institution ဖြစ်အောင် ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်အောင် ဘယ်လိုနေရာချထားကြမလဲ ဆိုတဲ့ကိစ္စတွေပေါ့။

အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့က တပ်မတော်အစိုးရ ကနေပြီးတော့ အရပ်ဘက် အစိုးရပြောင်းရေးအတွက် လိုအပ်ချက်အရ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်လာရ တာကိုး။ သို့သော် အဲဒီမှာ အငြင်းပွားကြတဲ့ ပြဿနာတစ်ခုကတော့ ၂၅ ရာခိုင်နှုန်းပေါ့။ ဒါကလည်း စောစောက ဟာတွေနဲ့ ဆက်စပ်ပြီးတော့ လိုအပ်ချက်အရကိုက တပ်က Political Institution ဖြစ်တယ်။ နောက်တစ်ခုက ကျွန်တော်တို့ တိုင်းပြည်မှာ အခုထိလည်း ပြန်ပေါ်နေတာ လက်နက်ကိုင် အင်အားစုတွေထဲက အင်အားအကြီးဆုံးလို့ ဆိုရမယ့် ဗမာပြည် ကွန်မြူနစ်ပါတီတော့ မရှိတော့ပါဘူး။ အဲဒီအနေအထားမှာတောင် လက်နက်ကိုင် အင်အားစု ပေါင်းလိုက်ရင် တစ်သိန်းအထက်မှာ ရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။ လူဦးရေနဲ့ အချိုးချကြည့်ရင် လက်နက်ကိုင် တိုင်းရင်းသားတွေ တော်တော် များနေသေးတဲ့ တိုင်းပြည်ဖြစ်ပါတယ်။ ဒီအချိန်မှာ တပ်က လုံခြုံရေး အကြောင်းပြချက်ဟာ ကျွန်တော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဒါဟာမှန်းလို့ တော်တော် ခက်တယ်ပေါ့။ နောက်ပြီး နှစ်ပေါင်းရာစုနှစ် တစ်ဝက်လောက် အဆက်ပြတ်နေတဲ့ ဒီမိုကရေစီစနစ်ကို ပြန်အသက်သွင်းရတာ။ Constitution အသက်ဝင်တာ ကလည်း အခု နှစ်နှစ်ခွဲ လောက်ပဲ ရှိသေးတယ်။ လ ၃ဝ သာသာလောက်ပဲ ရှိသေးတယ်။ အပြည့်အဝ Function မဖြစ်သေးတာလည်း ဝန်ခံရမှာပဲ ထင်တယ်။

နိုင်ငံတော်သမ္မတကြီး ပြောတဲ့အထဲမှာလည်း ပါပါတယ်။ ဒီပွတ်တိုက်မှုတွေ ရှိနေဆဲဆိုတာ။ ကျွန်တော်တစ်ဦးချင်း အမြင်အရတော့ Constitution ဟာ အပြည့်အဝ Function မဖြစ်သေးတာနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။ ဒါက ဒုတိယအချက်ပေါ့။ နောက်တစ်ချက် ကတော့ ကုန်ခဲ့တဲ့လပေါင်း ၃ဝ ကိုပဲ ပြန်ကြည့်။ စိန်ခေါ်ချက်တွေက မျှော်မှန်း ထားတာထက် အများကြီးပိုများတယ်။ ဒီလိုအခြေအနေမျိုး အောက်မှာ တပ်မတော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို ဖယ်ရှားရေးဟာ ဘယ်လို စိန်ခေါ်မှုတွေ ဖြစ်စေနိုင်မလဲ။ နောက် Constitution ဆိုတာဟာ ရေးဆွဲတဲ့ ကာလတစ်ခုမှာရှိတဲ့ နိုင်ငံရေး အင်အားစု တွေအားလုံး အလုပ်လုပ်လို့ရအောင် ကြားအဖြေ တစ်ခုကို ထားရတဲ့ အခြေအနေ တစ်ခုလို့ ထင်ပါတယ်။ အဲဒီတော့ ဒီမိုကရေစီ နှုန်းစံတွေနဲ့ ကြည့်ရင်တော့ လိုအပ်ချက်တွေ ရှိကောင်းရှိမှာပေါ့။ ကျွန်တော်တို့ကိုပဲ မကြည့်နဲ့။ ဒီနေ့ ဒီမို ကရေစီ အရင့်ကျက်ဆုံးဆိုတဲ့ အမေရိကန် နိုင်ငံကိုပဲကြည့်ရင် ဒီမိုကရေစီ စံအရကြည့်ရင် အားနည်းချက်တွေရှိမှာပဲ။ လူ့ယဉ်ကျေးမှုနဲ့ သိပ်မအပ်စပ်တဲ့ ကျွန်စနစ်တောင် ရှိသလောက် ရှိခဲ့သေးတာ။

ဒါကြောင့် ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်ကို ထည့်ထားတာလည်း လိုအပ်ချက်အရ ထည့်ထားတာလို့ မြင်ပါတယ်။ တစ်သက်လုံး ရာသက်ပန်ထည့်မယ့် အနေ အထားမရှိဘူးလို့ ကျွန်တော်နားလည်ထားတယ်။ ဘာကြောင့်လဲဆိုတော့ ပြန်ဖတ်ကြည့် တော့ ပြည်သူ့လွှတ်တော် ဖွဲ့စည်းပုံထဲမှာ ၁၁ဝ ထက်မပိုသော တပ်မတော်သား ကိုယ်စားလှယ်ဆိုပြီး ပါထားတယ်။ ၂၅ ရာခိုင်နှုန်းထက် မပိုသောဆိုတော့ ဒါဟာ အလွန် ဆုံးပါဝင်မှုပဲ၊ ဒီထက် မပိုတော့ဘူး၊ လိုအပ်ရင် လျှော့ချင်ရင် လျှော့သွားမယ့်သဘောလို့ ယူလို့ရမယ် ထင်ပါတယ်။

အမျိုးသား ညီလာခံ ကာလကလည်း ကျွန်တော်မှတ်မိနေတာ တစ်ခုချင်းက တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်က တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ဆိုတဲ့ဟာကို လက်ရှိတော့ လက်ခံပြီးတော့ တဖြည်းဖြည်းနဲ့ အခြေအနေကြည့်ပြီးတော့ လျှော့ချမယ် ဆိုတာ ဆွေးနွေးခဲ့တာ မှတ်မိနေပါတယ်။ သိပ်မကြာသေးခင်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ဒီသဘောတွေ ပြောခဲ့တာရှိတော့ ဒါတွေက တဖြည်းဖြည်းနဲ့ လျော့သွား မယ့် အခြေအနေ ရှိတယ်လို့ ထင်ပါတယ်။ လောလောဆယ် လျှော့ချဖို့ ဖြစ်နိုင်၊ မဖြစ်နိုင်။ အခုလက်ရှိ အခြေအနေအရတော့ သိပ်များစောနေဦးမလား။ တစ်ချိန်မဟုတ်၊ တစ်ချိန် တော့ ရှိလာနိုင်ပါတယ်။ လျှော့ချဖို့ဆိုရင် ကျွန်တော် စဉ်းစားမိသလောက် အခုရှိနေတဲ့ ပြည်တွင်းစစ်ရပ်ဖို့ လိုတယ်။ တိုင်းပြည် ငြိမ်းချမ်းရေးရဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးလိုအပ်ချက် ညှိယူရတာ တော်တော်လျော့သွားမယ်။ နံပါတ်နှစ်ကတော့ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ အပြည့်အဝ Function ဖြစ်အောင် ဝိုင်းကြိုးစားရဦးမယ်ထင်တယ်။ ကျွန်တော်တို့ ယဉ်ကျေးမှု အရကြည့်ရင် ယုံကြည်မှုက အားနည်းတော့ မြန်မာ့နိုင်ငံရေး သမိုင်းမှာ မကွဲဘူးတဲ့ နိုင်ငံရေး ပါတီမရှိဘူး။ ဂိုဏ်းဂဏသဘော မကွဲကြသည့်တိုင် ပွတ်တိုက်မှုတွေကတော့ အများကြီး။ ဒီအချိန်မှာ Balancing Power အင်အားချိန်ခွင်လျှာ ထိန်းနိုင်တဲ့ အဖွဲ့အစည်းတစ်ခုရှိဖို့ မလိုပေဘူးလား။

နောက်တစ်ချက်ကတော့ ဒီမိုကရေစီ ရင့်ကျက်လာတာနဲ့အမျှ၊ Constitution Function ဖြစ်လာတာနဲ့အမျှ ဒီ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ် လျှော့ချရေးဟာ ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ထင်ပါတယ်။လောလောဆယ်က စောသေးတယ်လို့ ထင်တယ်။ အခြားမလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးကို ဖိတ်ခေါ်သလိုလည်း ဖြစ်သွားနိုင်တယ်လို့ ထင်ပါတယ်။ ဒါက ၂၅ ရာခိုင်နှုန်းနဲ့ပတ်သက်လို့ ကျွန်တော်ရဲ့ နားလည်ချက်ပါ။ အိမ်နီးချင်းတွေ ပြန်ကြည့်ရင်လည်း ဒီသဘောတွေ အများကြီး တွေ့ရတယ်လို့ ထင်ပါတယ်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံဆိုရင် ၁၉၈၈ ခုနှစ်လောက်အထိ ၄ဝ ရာခိုင်နှုန်း ထားတယ်၊ ကျွန်တော်တို့ကမှ ၂၅ ရာခိုင်နှုန်းထားတယ်။ ၁၉၈၉ ခုနှစ်ရောက်မှ ၂၅ ရာခိုင်နှုန်း ဖြစ်သွားတယ်။ ဘယ်တော့မှ အပြီးလျှော့သလဲဆိုတော့ ၂ဝဝ၄ ခုနှစ်မှ လျှော့တယ်။ အဲဒီမှာလည်း ပြန်ကြည့်ရင် အာချေး ပြဿနာပြီးတော့မှ ဖြစ်တယ်။ အခုကျွန်တော်တို့က ပြည်တွင်းစစ်က ရှိနေဆဲ။ အခု ပြည်တွင်း စစ်ရပ်စဲရေးအတွက် အစိုးရ သစ်လက်ထက်မှာ ထိထိရောက်ရောက် ကြိုးစားနေတာလည်း အမှန်ပါ။ သို့သော် တစ်ပြည်လုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး မဖြစ်သေးဘူး။

ပြီးရင်လည်း နိုင်ငံရေးဆွေးနွေးပွဲ လုပ်ရဦးမယ်။ အားလုံး သဘောတူညီမှု ရမရဆိုတာ ကံသေကံမ မပြောနိုင်သေးဘူး။ တော်တော်များများ ရဖို့တော့ ရှိပါတယ်။ အခုလို အခြေ အနေမှာ အခုကိစ္စကိုစဖို့ မသင့်သေးဘူးလို့တော့ ထင်ပါတယ်။

Constitution ဆိုတဲ့သဘောကလည်း ဘယ် Constitution မှ ပြီးပြည့်စုံတယ်လို့ မရှိ ပါဘူး။ ဒီလိုပဲ ပြင်ရင်းပြင်ရင်းနဲ့ ကောင်းသွားကြတဲ့ သဘောရှိပါတယ်။ တစ်ခါပြန်ကြည့်ရင် ကျွန်တော် တို့ရဲ့ Constitution မှ မဟုတ်ပါဘူး။ တခြား Constitution လည်း ဒီအတိုင်းပဲ။ ပြင်လိုက်ပေမယ့် ပြီးပြည့်စုံသွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ သက်တမ်းအတွင်းမှာ လိုအပ်ချက်တွေ အားလုံးပြင်နိုင်သည်ပဲထားဦး၊ ကျွန်တော်တို့ သားသမီးတွေလက်ထက်မှာ နောက်ထပ်ပြင်စရာတွေ ပေါ်ကောင်းပေါ်လာမှာ ဖြစ်ပါတယ်။ ကျွန်တော် နားလည် သလောက်ကတော့ Constitution ဆိုတာ Generation အလိုက် လိုအပ်ချက်တွေကို ပြင်ပြင် သွားကြရတာမျိုးလို့ ထင်ပါတယ်။

ဒါကြောင့်လည်း Constitution ထဲမှာ တရားဝင်ပြင်ဆင်ရေးဆိုတဲ့ အပိုဒ်ကို ထည့်ထားကြ ဟန် တူပါတယ်။ အခုခက်နေတာက ကျွန်တော်တို့က ဘာမှ အသားမကျသေးတော့ အလွန်နုနယ်သေးတဲ့အချိန်မှာ လုံးဝဖျက်၊ အသစ်ရေးဆိုတော့ တော်တော်အန္တရာယ် များ တယ်လို့ ထင်တယ်။ အဲဒီတော့ ဆရာတို့ကျတော့ ဥပဒေပညာရှင်အနေနဲ့ ဥပဒေ ရှုထောင့်က ဘယ်လိုမျိုး ဆိုးကျိုးတွေ ပေါ်နိုင်မလဲ။ ဒါလေးကို ဆရာတို့က ဆက်ဆွေးနွေး ပေးစေချင်ပါတယ်။


အပိုင်း ၄ ဆက်လက်တင်ပြပါမည်။

မြန်မာ့အလင်းသတင်းစာမှ ကူးယူဖော်ပြသည်။

ပြည်သူကို လှည့်စား၊ ပြည်သူ့ကို အသုံးချ မလုပ်ကြစေလို






၂၀၀၈ အခြေခံဥပဒေသည် တစ်နိုင်ငံလုံးထောက်ခံမဲ ၉၉.၇ ရာခိုင်နှုန်းဖြင့် အတည်ပြုပေါ်ထွက်လာခဲ့ သည်။ ထိုအခြေခံဥပဒေကို အမှီပြု၍ လွှတ်တော် ၃ ရပ်ပေါ်ထွက်လာသည်။ လွှတ်တော်ကိုယ်စား လှယ်များ ရှိလာသည်။ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။ ယခုအခါ ၂၀၀၈ အခြေခံဥပဒေကို ပြန်ပြင် မည်/ အသစ် ရေးဆွဲမည် ဟူသော အသံများ ကျယ်လောင်စွာထွက်ပေါ်လာသည်။


ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့် တားဆီးထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည် အချင်း ပြဋ္ဌာန်းချက် ပုဒ်မ ၅၉ စ ကို ပြင်ဆင်သင့်ကြောင်း သူရ ဦးရွှေမန်းက ပြောဆို လိုက်ပါတယ်။


အခြေခံဥပဒေရှိ ၅၉ (စ) ကို ပြင်ဆင်နိုင်ရေးကို အဓိကထား၍ အခြေခံဥပဒေကို ပြန်ပြင် ရေး/ အသစ်ရေး ဆွဲရေး နည်းလမ်း ၂ မျိုးကို ပြည်သူလူထု၏ ဆန္ဒမဲဖြင့် နည်းလမ်းတစ်ခုကို ရွေးချယ် နိုင်ဖို့ ပြည်သူလူထုကို အသုံးချရန် ပြုလုပ်လာခြင်းများရှိလာခဲ့သည်။


၂၀၀၈ အခြေခံဥပဒေသည် ပြီးပြည့်စုံသော် ဥပဒေတစ်ခုဟု မဆိုနိုင်။ နိုင်ငံတကာရှိ အခြေခံဥပဒေများ ကိုလေ့လာကြည့်လျှင်လည်း ဘယ်နိုင်ငံကမှ ပြီးပြည့်စုံသော အခြေခံဥပဒေကို ပြဋ္ဌာန်းထားနိုင်ခြင်း မရှိ သေး။ သူတို့၏ ဥပဒေများသည်လည်း လိုအပ်ချက်များရှိနေသေးကြောင်း သိရသည်။ ထို့ကြောင့် မြန်မာ နိုင်ငံ၏ အခြေခံဥပဒကို ပြင်ဆင်ဖို့ ကြိုးပမ်းချက်သည်လည်း သဘာဝကျသည်။ လိုအပ်တာကိုပြင် ဆင်ဖြည့် စွက်ဖို့ လိုသည်မှာ အမှန်ဖြစ်သည်။ သို့သော် ထိုအခြေခံဥပဒေကို မိမိတို့ သဘောမကျသည့် အချက်၊ မိမိတို့သာ ပြင်ဆင်ပြောင်းလဲလိုသည့်ဆန္ဒကို ပြည်သူတစ်ရပ်လုံးက ပြင်ဆင်ချင်သယောင်၊ အသစ် ရေးဆွဲ ချင်သယောင် ပြုလုပ်၍ ပြည်သူကိုဆွဲထည့်ခြင်းသည် မဖြစ်သင့် ဟုထင်သည်။


ပြည်သူလူထုသည် စားဝတ်နေရေးအဆင်ပြေဖို့၊ ကျန်းမာရေးကောင်းဖို့၊ မိသားစုချောင်လည်ဖို့ စသည်တို့ အတွက် ကြိုးစားရုန်းကန်နေရချိန်တွင် ထိုအခြေခံဥပဒေကို မည်သူကမျှ မဖတ်အား၊ မဖတ်နိုင်။ အခြေခံ ဥပဒေပါ အချက်များသည် မည်သည်က ပြင်ရမည်၊ မည်သည်က ဖြည့်စွက်ရမည်၊ ပြောင်းလဲရမည်ကို အိမ်ထောင်စု ၁၀ စုမှာ အခြေခံဥပဒေစာအုပ် ၁ အုပ်မရှိသည့် ပြည်သူလူထုအတွက် မသိနားမလည်နိုင်ပေ။ ထို့ကြောင့် ပြည်သူလူထုအတွက် အခြေခံဥပဒေ ပြင်ရမည်/ အသစ်ရေးဆွဲရမည်ကို ဆုံးဖြတ်ချက်ချဖို့မှာ ခဲယဉ်းသည်။ အမှားအယွင်းများရှိနိုင်သည်။


ဤသို့ဆိုသော် အခြေခံဥပဒေကို ပြင်ဆင်ရန်အတွက် မည်သူမှာ တာဝန်ရှိသနည်း။ အဓိကတာဝန်ရှိသူ များမှာ ပြည်သူကိုကိုယ်စားပြုသော ပြည်သူကခန့်အပ်ထားသည် လွှတ်တော်ကိုယ်စားလှယ်များသာ ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကိုကိုယ်စားပြုသော၊ ပြည်သူ့အကျိုးကို ဆောင်ရွက် ရသော သူများဖြစ်သည့်အလျောက် ခက်ခဲနက်နဲသည့် အခြေခံဥပဒေ ပြင်ဆင်ရေးကို တာဝန်ယူ ခေါင်းခံ သင့်သူများသာ ဖြစ်သည်။အခြေခံဥပဒေ ပြင်ရေးအတွက် သူ့အိုးနှင့်သူဆန် သင့်တင့်နေခြင်းကို လူများစု ဆန္ဒဖြစ် သယောင် လှည့်စားအသုံးမချဘဲ မိမိတို့ ပြည်သူ့ကိုယ်စားလှယ် များကိုတိုင် ကြိုးစားခြင်းသာ မှန်ကန်နိုင်မည် ဖြစ်သည်။ လွှတ်တော်ကိုယ်စားလှယ်များကိုကိုယ်တိုင် ပြည်သူ့အကျိုးအတွက် အခြေခံ ဥပဒေရှိ လိုအပ်ချက်များကို ပြင်ဆင်နိုင်ရန် ပြည်ထောင်စုလွှတ်တော် သို့ တင်သွင်းနိုင်ရေး၊ ဆွေးနွေး ဆုံးဖြတ်နိုင်ရေး ကြိုးပမ်းအားထုတ်ရမည် ဖြစ်သည်။


ယခုအခါ အခြေခံဥပဒေပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အဖွဲ့ဝင် ၁၀၉ ဦးပါသော အဖွဲ့ဖွဲ့ စည်းပေး၍ ထိုအဖွဲ့က ပြည်ထောင်စုလွှတ်တော်သို့ ပြန်လည်တင်ပြ ရမည်ဖြစ်ကြောင်း သိရသည်။ ထို့ အတွက် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရမည့် ကိစ္စသည် လွှတ်တော် ကသာ ဦးစီးဆောင်ရွက်ရမည့် ကိစ္စဖြစ်သည်။ ပြင်ဆင်လိုသည့် လူများအနေဖြင့်လည်း အခြေခံဥပဒေပြင်ဆင်ရေးသည် အမှန်တကယ် လိုအပ်သော ကိစ္စတစ်ခုဖြစ်သည် ဟူသော ဆုံးဖြတ်ချက်မျိုးကို ချမှတ်ပြီးလျှင် နောက်တချိန်သမိုင်းတွင် တာဝန်ယူမှုရှိရမည့် လူများလည်းဖြစ်သည်။ မိမိတို့ လိုအင်ဆန္ဒအတွက် စားဝတ်နေရေးကြား ရုန်းကန်နေ ရသော အခြေခံဥပဒေကို မဖတ်အား၊ နားမလည်ကြသည့် ပြည်သူတွေကို ဆွဲထည့်၍ ခုတုံးလုပ်နေခြင်း သည် မလုပ်သင့်သော လုပ်ရပ်တစ်ခုဖြစ်ကြောင်း ပြောပြလိုပါသည်။


ပြည်သူထဲက ပြည်သူတစ်ယောက် မှ ပေးစာ

ဘယ်သူ တာဝန် ယူမလဲ ?






မကြာခင်လတ်တလောမှာ မြန်မာနိုင်ငံ နာမည်ရှိ မြို့ကြီးတော်တော်များများ မှာ ဗုံးကွဲဗုံး လန့်မှုတွေဖြစ် ခဲ့တာ အားလုံးအသိပဲ ဖြစ်တယ်။ ဗုံးဖောက်တဲ့တရားခံ တွေ ဟာ ဘယ်သူ ဘယ်ဝါတွေ ဆိုတာ သိရှိဖော် ထုတ်ပြီး ဖြစ်သလို KNU လက်နက်ကိုင်အဖွဲ့အစည်း က ရာထူး အဆင့်တစ်ခု ရှိတဲ့ လူတွေဖြစ်တယ်ဆိုတာ လည်း အားလုံးအသိပဲဖြစ်တယ်။


ဒါပေမယ့် နိုင်ငံတော် သမ္မတ အပါအ၀င် ၊ အကြီးအကဲ အားလုံးဟာ လက်ရှိဆွေးနွေး ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေး နွေးပွဲတွေကို မထိခိုက်စေလိုတဲ့အတွက် Hightlight လုပ်ပြီး ဆွေးနွေးပြောဆိုခြင်း မရှိသ လို ၊ KNU ခေါင်းဆောင်ပိုင်းတွေ အနေနဲ့လည်း ဒါကို ၀ိုင်းဝန်း အဖြေရှာ ကြမယ့် ဆိုတဲ့ အသံတွေ ကြားရတဲ့ အတွက် အထူးတလည်ဝမ်းသာမိပါရဲ့။ ဒါပေမယ့် အရင်တုန်းက အခြေအနေကို ပြန် ဆန်းစစ်ကြည့်မိတယ်။ ဒီလို ဆန်း စစ်ကြည့်မိလို့ နောက်ကြောင်းပြန်လှည့် ချင်နေသလားလို့ မေးရင်လည်း ခံရယုံပဲ ရှိပါတယ်။ ဒါပေမယ့် အတိတ် ဆိုတာ သုံးသပ် မှတ်သား နေဖို့ ဖြစ်သလို ပစ္စုပ္ပန် ကို အကောင်းဆုံးဖြစ်အောင် နမူနာ ယူရမယ့် အရာလည်းဖြစ်တယ်။


စစ်အစိုးရ လက်ထပ် က လက်နက်ကိုင် သောင်းကျန်းသူ ဆိုတာ နယ်စပ်မှာ ပြည်ပြေး အဖွဲ့တွေ နဲ့ ပူပေါင်း ရပ်တည်နေ ရတဲ့ အခြေအနေ တစ်ရပ်ကနေ သမ္မတ အစိုးရ လက်ထက် ရောက်တော့ ငြိမ်းချမ်းရေးဆိုတဲ့ စကား လုံးအောက် မှာ ဆွဲသွင်းဖို့အတွက် နယ်စွန်နယ်ဖျားကနေ ဆွေးနွေးပွဲ အဆောက်အဦးတစ်ခု ထိ ဖိတ်ခေါ်ဆွေးနွေး ခဲ့ကြတယ်။ အဲ့လို ဆွေးနွေးတာ မကောင်း လို့လား ၊ အနှစ် ၆၀ ခန့်ကြာတဲ့ ပြည်တွင်း စစ်ကြီး ငြိမ်းသွားမှာ မောင်ရင်က မလို လားလို့လား ဆိုရင်တော့ (ခပ်မြန်မြန်ပဲ ငြင်းမိမှာပါ )ကျွန်တော် မြန်မာနိုင်ငံ ကြီး ငြိမ်းချမ်းစွာ ရပ်တည် ပြီး တိုးတက် ဖွံ့ဖြိုးနေတာကို မြင်လို လှတာကြောင့် ဒီဆောင်းပါးကို ရေးရတာပါ။ ဘာကြောင့် နောက်ကြောင်း ပြန်ပြောနေလဲ ဆိုရင်တော့ သမိုင်းဆိုတာ အတိတ်က လာသလို လက်ရှိအခြေအနေကိုလည်း ထပ်ဟပ် အရောင်ထိုးနေတာမို့ပါ။ ယခင်က နယ်စပ်ဒေသတွေမှာ ကြီးစိုးတဲ့ လက်နက်ကိုင် သောင်းကျန်းသူတွေ ဟာ အတင်းအဓမ္မဆက်ကြေးကောက် ၊ လူသစ်စု လုပ်ရပ်တွေ ဟာ အခု အခါမှာတော့ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးအောက်မှာ အသာခိုကပ်နေရင်း ထိန်းချုပ်နယ်မြေတွေ တောင်း ၊ အဲ့နယ်မြေ အတွင်း ပြည်သူလူထု ကို ဆက်ကြေး ကောက် ၊ လူသစ်စု အလုပ်တွေဟာ အခု အခါမှာ တရားဝင်လုပ်ခွင့်ရသလို သဘောထားလာကြပြီး ပြောင်ပြောင်တင်းတင်း လုပ်ကိုင် နေကြတာတွေ ရှိလာပါ တယ်။ ငြိမ်းချမ်းရေးဆိုတဲ့စကားလုံးအောက် ခိုကပ်နေရင်း ဒီအခွင့်အရေးတွေနဲ့ စိတ်ကြိုက် ကစား ကွက် ပြင်နေတဲ့ လက်နက်ကိုင် အဖွဲ့တွေအပေါ် ဘယ်သူမှ တာဝန်ယူ ဖြေရှင်းမယ့် သူ မရှိသလို ၊ ဒါ့ထက် ဆိုး လာရင်တော့ ရာဇ၀င်ကျော် တပ်မတော် ကိုပဲ “မင်းသွားတိုက်ချေ” ဆိုတဲ့ စကားလုံးသုံးလိုက်မဟဲ့ လို့ စိတ်ကူးနေ ရင်တော့ ..တော်လောက်ပါပီ တပ်မတော် လည်း အနှစ် ၆၀ နီးပါး ပြည်တွင်းစစ်နဲ့ နှစ်ပါး သွားခဲ့ ရတာပဲ နိုင်ငံရေးသမားများကို အင်မတန် ကျေးဇူးတင်နေရပါပီ။ အခုလက်ရှိအပစ်အခတ် ရပ်စဲရေး ကြိုးပမ်း နေကြ တာ ဟာ အချိန်အတိုင်းအတာ တစ်ခု ထိ အချိန် ဆွဲထား တာဟာ ကစားကွက်ကို စိတ်ကြိုက်ပြင် ဆင်ခွင့်ပေးနေသလားလို့ ထင်မိပါရဲ့ ။


ကဲ အခု အစိုးရအသစ်အနေနဲ့ သောင်းကျန်းသူ အဖွဲ့အစည်းတွေကိုလည်း နယ်စပ်ဒေသ တွေကနေ စားပွဲ ၀ိုင်းတွေ အထိ ခေါ်လာခဲ့ပါပြီ ။ ဒီအပေါ်မှာ လက်နက်ကိုင်သောင်းကျန်းသူတွေဟာ ခွေးမြီးကောက် ကျည်တောက် စွပ် အလုပ်အမျိုး လုပ်နိုင်ပါဘူးလို့ ဘယ်သူတွေများ တာဝန်ခံမလဲ ? အခုလက်ရှိ ဖော်ထုတ် ဖမ်းဆီ ရ မိထားတဲ့ တရားခံတွေက ရာခိုင်နှုန်း တစ်ခု ရှိတဲ့ သက်သေ တွေ မဟုတ်လား။ ဒါပေမယ့် မြန်မာ နိုင်ငံ အနှံ့နီးပါး ဗုံးပေါက်နေပါစေအုံး တပ်မတော် ကို နိုင်ငံရေး လောက က အပြီးအပိုင်နှုတ်ထွက်ဖို့ အပြင်း အထန် ကြိုးစားနေကြတယ်ဆိုတာ သိရတယ်။ ကဲ တပ်မတော် က နိုင်ငံရေး လောက က နှုတ်ထွက် သွားပြီ သဘော ထားကြပါစို့ ။ အခု ဗုံးထောင်တဲ့ ကိစ္စတွေ ၊ ဗုံးလန့်နေတဲ့ ကိစ္စတွေကို ၊ ဗုံးဖြုတ်ဖို့ ကိစ္စတွေ ကို ၊ ဗုံးဖောက် တာတွေ တားဆီးဖို့ ကိစ္စတွေကို ဘယ်သူတွေတာဝန်ယူမှာလဲဆိုတာကတော့ သိချင်မိတာ အမှန် ပါပဲ။


မောင်ဘ

နှလုံးသားကို ဂရုစိုက်ပါ


=============

တစ်ခါက အက်ဒီဆင်ဟာ မီးလုံးကိုတီထွင်ပြီးခါစမှာ သူ့ရဲ့ တီထွင်မှုကို မိတ်ဆက်ဖို့ စာနယ်ဇင်းသမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်…။

စာနယ်ဇင်းသမားတွေရောက်လာပြီး အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့ အက်ဒီဆင်က သူအိမ်ကအလုပ်သမားကောင်လေးတစ်ယောက်ကို သူ့ရဲ့ မီးလုံးကို သွားယူခိုင်းပါတယ်…။

ကောင်လေးဟာ မီးလုံးကိုယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက်လဲပြီး မီးလုံးဟာ ကျကွဲသွားပါတယ်…။ ဒီမီးလုံးဟာ အက်ဒီဆင် အကြိမ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့တာ အားလုံးသိပါတယ်…။

ဒါပေမယ့် အင်ဒီဆင်ကတော့ ကောင်လေးကို ဘာမှမပြောဘဲ ... စာနယ်ဇင်းသမားတွေကိုသာ တောင်းပန်လိုက်ပါတယ်…။ သူအသစ်ထပ်မံပြုလုပ်ပြီးရင် ပြန်လည်ဖိတ်ကြားပါမယ်ပေါ့…။ကောင်လေးကတော့ သူ့ရဲ့ နမော်နမဲ့နိုင်မှုကြောင့် ဒီလိုဖြစ်သွားရတာကို စိုးရိမ်ကြောက်ရွံ့ နေပါသတဲ့…။

အက်ဒီဆင်ဟာလည်း ဒီမီးလုံးကို ထပ်မံပြုလုပ်ဖို့ရာ လနဲ့ချီပြီးအချိန်ယူလုပ်ဆောင်လိုက်ရပါသတဲ့…။ မီးလုံးပြီးသွားချိန်မှာတော့ စာနယ်ဇင်းသမားတွေကိုထပ်မံဖိတ်ခေါ်လိုက်ပြန်ပါသတဲ့…။ သတင်းထောက်တွေရောက်လာပြီးအားလုံးအဆင်သင့်ဖြစ်ချိန်မှာတော့ သူရဲ့ မီးလုံးကိုသွားယူဖို့ရာ ယခင်ကောင်လေးကိုပဲ သွားယူခိုင်းပြန်ပါတယ်…။ ကောင်လေးဟာလည်း ဝမ်းသာအားရ သေသေချာချာ ဂရုစိုက်ပြီး ယူလာခဲ့ပါတယ်…။ စာနယ်ဇင်းမိတ်ဆက်ပွဲပြီးဆုံးချိန်မှာတော့ သတင်းထောက်တစ်ချို့က မေးပါတယ်…။


“မစ္စတာအက်ဒီဆင်ခင်ဗျား… မီးလုံးသွားယူတဲ့ကောင်လေးဟာဟိုတစ်ခါ သူ့ကြောင့် မီးလုံးကျကွဲသွားဖူးတယ်မဟုတ်လား…ဆရာ့မှာ တစ်ခြားခိုင်းစရာလူတွေအများကြီးရှိတဲ့အနက်က ဒီကောင်လေးကိုပဲ ဘာလို့ပြန်ခိုင်းရတာလဲ… ဒီတစ်ခါကျကွဲသွားရင် နောက်တစ်ခါ အချိန်အများကြီးပြန်ယူရမှာမစိုးရိမ်ဘူးလား …”

လို့မေးပါသတဲ့…။
ဒီတော့ အက်ဒီဆင်ကြီးပြန်ဖြေလိုက်ပုံကတော့…

“ကျုပ်တမင်တကာ သူ့ကိုခိုင်းလိုက်တာဗျ… မီးလုံးထပ်ကွဲသွားရင် ကျုပ်ပြန်လုပ်လို့ရပါတယ်… ဒါပေမယ့် ဒီတစ်ခါဒီကောင်လေးကို မခိုင်းခဲ့ရင် ဒီကောင်လေးရဲ့ နှလုံးသားကျကွဲသွားမှာဗျ…”

လို့ပြန်ဖြေလိုက်ပါတော့သတဲ့…။



##နှလုံးသားဆိုတာ အင်မတန်နူးညံ့ပါတယ်…
ကွဲကြေသွားတဲ့နှလုံးသားကို ပြန်လည်ကုစားဖို့ဆိုတာ အချိန်ကာလသတ်မှတ်လို့မရနိုင်ပါဘူး…
ကိုယ့်ကြောင့် ဘယ်သူ့ဘယ်သူရဲ့  နှလုံးသားကိုမှ မကွဲကြေပါစေနဲ့ သယ်ရင်းရာ…##

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပမှ မည်သို့ပင် ဖိအားပေးစေကာမူ မိမိတို့ ချမှတ်ထားသည့် လမ်းကြောင်းပေါ် အခြေခံ၍သာ ဆောင်ရွက်သွားမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက ပြောကြား



Friday, 25 October 2013



အောက်တိုဘာ ၂၄ ရက်က လွှတ်တော် ခန်းမဆောင်တွင် မီဒီယာများ၏ မေးမြန်းမှုများကို ဖြေကြားနေသည့် သူရဦးရွှေမန်း (ဓာတ်ပုံ- ကျော်ဇင်ဝင်း)

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်တွင်းပြည်ပမှ မည်သို့ပင် ဖိအားပေးစေကာမူ မိမိတို့ ချမှတ်ထားသည့် လမ်းကြောင်းပေါ် အခြေခံ၍သာ ဆောင်ရွက် သွားမည်ဟု ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားသည်။

အောက်တိုဘာ ၂၄ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ၌ှStreet View ဂျာနယ်မှ ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အသစ်ရေးဆွဲရေးတို့နှင့် ပတ်သက်ပြီး ပြည်တွင်းပြည်ပ၌ နိုင်ငံရေးပါတီများ၊ လူမှုရေး အဖွဲ့များ၏ လှုပ်ရှားမှုများ ရှိလာပြီး နိုင်ငံတကာနှင့် ပြည်တွင်းမှ ဖိအားပေးမှုများ ရှိလာပါက သုံးသပ်ထင်မြင် ယူဆချက်အား သိရှိလိုကြောင်း မေးမြန်းမှုကို နာယကက ယင်းသို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။



မိမိတို့နိုင်ငံ၊ မိမိတို့ နိုင်ငံသား အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထား ဆောင်ရွက်နေတဲ့အခါမှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါ...




''ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းပြီးတော့ လုပ်ငန်းများ ဆောင်ရွက်လျက် ရှိပါတယ်။ အဲဒီလို ဆောင်ရွက်တဲ့ အခါမှာ ဦးတည်ချက် သုံးရပ် ချမှတ်ခဲ့တယ်။ ဒါလည်း အားလုံးအသိ ဖြစ်မှာပါ။ ဒီဘောင်အတွင်း ကနေပြီးတော့ မိမိတို့နိုင်ငံ၊ မိမိတို့ နိုင်ငံသား အကျိုးစီးပွား ဖြစ်ထွန်းစေမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်ဖို့ အဓိကထား ဆောင်ရွက်နေတဲ့အခါမှာ ပြည်တွင်းကဖြစ်စေ၊ ပြည်ပဖြစ်စေ မည်သို့ပင် ဖိအားပေးမှုရှိရှိ မိမိတို့ကတော့ မိမိတို့သွားတဲ့ လမ်းကြောင်းပေါ်မှာ အခြေခံပြီးတော့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အောင်မြင်အောင်လည်း ကြိုးစားသွားမှာ ဖြစ်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြောကြားသည်။



အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ

ဆက်လက်၍ သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေသည် တစ်ခါရေးပြီးတိုင်း တောက်လျှောက် အတည်ဖြစ်ရမည်ဟု မမှတ်ယူပါကြောင်း၊ ထို့အတွက်ကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်၍ ဦးတည်ချက် သုံးရပ်ဖြစ်သည့် အချိန်ကာလနှင့် အခြေအနေပေါ် မူတည်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို နိုင်ငံနှင့် နိုင်ငံသား အကျိုးစီးပွားဖြစ်အောင် ရေးဆွဲမည်ဖြစ်ကြောင်း၊ ထိုသို့ ရေးဆွဲရာတွင် တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို မထိခိုက်ဘဲ ဆောင်ရွက်ဖို့က ပထမအချက် ဖြစ်ကြောင်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးမှ တစ်ဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်နေသည့် လုပ်ငန်းများအတွက် အထောက်အကူ ပြုရေးနှင့် လက်ရှိဆောင်ရွက်နေသည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရေးတို့ ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့သည်။


EMG

ရန်ကုန်မြို့၌ အမြင့်ဆုံး အဆင့်ဖြင့် လုံခြုံရေး ဆောင်ရွက်မှုကို ဆီးဂိမ်းပြီးသည်အထိ ပြုလုပ်မည်

Friday, 25 October 2013



ရန်ကုန်မြို့အတွင်း ညပိုင်းလုံခြုံရေး စစ်ဆေးနေမှုကို အောက်တိုဘာ ၁၄ ရက်က မြင်တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အမြင့်ဆုံး အဆင့်ဖြင့် လုံခြုံရေး ဆောင်ရွက်နေမှုကို ဆီးဂိမ်းပြိုင်ပွဲ ပြီးဆုံးသည်အထိ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးက အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ လုံခြုံရေး ဆောင်ရွက်မှုကို အမြင့်ဆုံးအဆင့်ထိ သတ်မှတ်ပြီး တိုးချဲ့ဆောင်ရွက်မှုကို ရန်ကုန်တိုင်း ဒေသကြီး၌ အောက်တိုဘာလအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် သတ်မှတ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ''ဒီလထဲက စပြီးတော့ ဆီးဂိမ်းပြိုင်ပွဲ ပြီးဆုံးတဲ့အထိ ရန်ကုန်မြို့ရဲ့ လုံခြုံရေး ဆောင်ရွက်မှုကို အမြင့်ဆုံးအဆင့် လုံခြုံရေးဆောင်ရွက်ချက်တွေကို သတ်မှတ်ပြီး လုပ်ဆောင်နေတယ်။ ဒီကာလ အတွင်းမှာ မြို့မရဲစခန်း အချင်းချင်း အင်အားပံ့ပိုးမှုတွေ၊ စစ်ဆေးမှုတွေ၊ ပညာပေး လုပ်ဆောင်မှုတွေကို အဓိကထားပြီး ဆောင်ရွက်နေတယ်'' ဟု အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ပြောကြားသည်။

အလားတူ ယင်းကဲ့သို့ လုံခြုံရေးတိုးမြှင့် ဆောင်ရွက်မှုနှင့် ပတ်သက်၍ ''ရန်ကုန်မြို့အတွင်း လုံခြုံရေး လိုအပ်ချက် ရှိနေမှုကြောင့်နဲ့ အခြားဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်တွေကြောင့် ရဲတပ်ဖွဲ့အင်အားကို တိုးမြှင့်ပြီးတော့ လုံခြုံရေး ဆောင်ရွက်နေပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ရဲမှူးမြင့်ထွေးက ပြောကြားသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များမှာ အောက်တိုဘာ ၁၃ ရက် နံနက် ၁၂ နာရီခွဲခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားတွင် မပေါက်ကွဲသေးသည့် အခြားဗုံး တစ်လုံးကို ထပ်မံတွေ့ရှိခဲ့မှု၊ အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ဟာဘိဝင်းအတွင်း Western Park Ruby စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် ၁၉ အောက်တွင် မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံး တစ်လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့သည်။

ထို့ပြင် အောက်တိုဘာ ၁၄ ရက်ည ၁၁ နာရီခွဲ အချိန်တွင် ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

EMG

ဟိုတယ်နှင့် ၀န်ဆောင်မှု ရုံးခန်းများ ပါဝင်မည့် ၂၉ ထပ်အမြင့်ရှိ ဆီဒိုးနားဟိုတယ် (ရန်ကုန်) စီမံကိန်းအဆင့် (၂) အား ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် တည်ဆောက်မည်



Friday, 25 October 2013



စီမံကိန်း အကောင်အထည်ဖော်မည့် နေရာအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ဟိုတယ်နှင့် ၀န်ဆောင်မှု ရုံးခန်းများ ပါဝင်မည့် ၂၉ ထပ် အမြင့်ရှိ ဆီဒိုးနားဟိုတယ် (ရန်ကုန်) စီမံကိန်း အဆင့် (၂) အား ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် တည်ဆောက်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းကဲ့သို့ နိုင်ငံတကာ အဆင့်မီ ဟိုတယ်နှင့် Service Residence များပါ ၀င်သော စီမံကိန်း အဆင့် (၂) လုပ်ငန်းအား လုပ်ကိုင်ရန် Straits Greenfield Limited မှ လျှောက်ထားခြင်းကို ၂၀၁၃ ခုနှစ် ဧပြီ ၅ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၁၂/ ၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် လုပ်ကိုင်ခွင့် ပြန်လည်ချထား ပေးခြင်းဖြစ်ကြောင်း သိရသည်။

စီမံကိန်းကို ရန်ကုန်တိုင်း ဒေသကြီး ရန်ကင်းမြို့နယ် ကမ္ဘာအေး ဘုရားလမ်းနှင့် စက်မှု(၁)လမ်းထောင့်ရှိ ဆီဒိုးနားဟိုတယ်၏ ဆက်စပ် မြေနေရာပေါ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အကောင်အထည်ဖော် လုပ်ကိုင်မည်ဖြစ်ပြီး အခန်းပေါင်း ၄၂၀ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဟိုတယ် ၈၅၉ လုံး ဖွင့်လှစ်ခွင့် ပြုထားပြီး ရန်ကုန်မြို့တွင် ဟိုတယ် အလုံးပေါင်း ၂၁၇ လုံးဖြင့် အများဆုံး ဖွင့်လှစ်ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ခရီးသွား ဧည့်သည်များ မြင့်တက်လာမည်ဟု ခန့်မှန်းထားကြပြီး နိုင်ငံသားများ အပါအ၀င် နိုင်ငံခြား လုပ်ငန်းရှင်များ အနေဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများတွင် ဆက်တိုက် ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်လျက် ရှိကြပြီး ၂၀၁၄ ခုနှစ်တွင် စတင်ဖွင့်လှစ်မည့် ဟိုတယ်များ ရှိသကဲ့သို့ ၂၀၁၅ ခုနှစ်တွင် အပြီးသတ် တည်ဆောက်မည့် ဟိုတယ်စီမံကိန်းများလည်း ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့်လည်း ဟိုတယ်အပါအ၀င် ရုံးခန်းနှင့် ရှော့ပင်းမောလ်များ ထည့်သွင်း တည်ဆောက်မည့် စီမံကိန်းအချို့ကို နိုင်ငံခြား လုပ်ငန်းရှင်များသို့ လုပ်ကိုင်ခွင့် ချပေးထားကြောင်း သိရသည်။


EMG

ရထားစက်ရုံ စီမံကိန်း နှစ်ခုအတွက် တရုတ်နိုင်ငံထုတ် ပစ္စည်းနှင့် နည်းပညာကိုသာ အဓိက ၀ယ်ရမည်ဟု စာချုပ်ချုပ်ဆိုပြီးမှ တရုတ်က အတိုးနှစ်ရာခိုင်နှုန်းဖြင့် ထုတ်ချေးမည့် အမေရိကန်ဒေါ်လာ ၉၂ သန်းနီးပါးကို မြန်မာနိုင်ငံက လက်ခံကာ စာချုပ်ရန်စီစဉ်နေ


Friday, 25 October 2013




ရန်ကုန်ဘူတာကြီးရှိ ရထားတွဲဆိုင်း တချို့ကို တွေ့ရစဉ် (ဓာတ်ပုံ- ၀င်းမြင့်ကျော်)

မြန်မာ့မီးရထားမှ ဆောင်ရွက်မည့် လူစီးတွဲသစ် တည်ဆောက်ရေး စက်ရုံစီမံကိန်းနှင့် စက်ခေါင်းသစ် တည်ဆောက်ရေး စက်ရုံစီမံကိန်း နှစ်ခုအတွက် လိုအပ်သည့် ကုန်ပစ္စည်း၊ နည်းပညာနှင့် ၀န်ဆောင်မှုများကို ၀ယ်ယူရာတွင် တရုတ်နိုင်ငံမှသာ ဦးစားပေး ၀ယ်ယူရန် သတ်မှတ်ပြီး တရုတ်နိုင်ငံဘဏ်က အတိုး နှစ်ရာခိုင်နှုန်းဖြင့် ထုတ်ချေးပေးမည့် အမေရိကန် ဒေါ်လာ ၉၂ သန်း နီးပါးကို မြန်မာနိုင်ငံက လက်ခံရယူကာ အဆိုပါ ချေးငွေဖြင့် တရုတ်ပစ္စည်းများ အဓိက၀ယ်ယူ၍ စီမံကိန်းကို လုပ်ဆောင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။

လူစီးတွဲသစ် တည်ဆောက်ရေး စီမံကိန်းအတွက် လိုအပ်သည့် ကုန်ပစ္စည်းများ ၀ယ်ယူရေးအတွက် ကန်ထရိုက် စာချုပ်ကို မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံမှ China National Machinery Import & Export Corporation တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်ကပင် စာချုပ်ချုပ်ဆို ခဲ့ကြကြောင်း၊ အဆိုပါ စာချုပ်၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၄ ဒသမ ၀၇၀ သန်း ဖြစ်ကြောင်း၊ ပစ္စည်းဝယ်ယူရာတွင် ကုန်ကျမည့် စုစုပေါင်း စာချုပ်တန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန် ဒေါ်လာ ၄၈ ဒသမ ၆၆၃ သန်းကို တရုတ် ပို့ကုန်-သွင်းကုန်ဘဏ်မှ ထုတ်ချေးပေးမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၀၇ သန်းကို မြန်မာနိုင်ငံက စိုက်ထုတ်ရမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ပင် စက်ခေါင်းသစ် တည်ဆောက်ရေး စက်ရုံစီမံကိန်းအတွက် ပစ္စည်းဝယ်ယူရေး ကန်ထရိုက် စာချုပ်ကို မြန်မာ့မီးရထားနှင့် တရုတ်နိုင်ငံမှ China National Machinery Import & Export Corporation တို့သည် ၂၀၁၃ ခုနှစ် ဇူလိုင် ၁၇ ရက်ကပင် စာချုပ်ချုပ်ဆို ခဲ့ကြကြောင်း၊ အဆိုပါ စာချုပ်၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၇ ဒသမ ၉၁၆ သန်း ဖြစ်ကြောင်း၊ ပစ္စည်းဝယ်ယူရာတွင် ကုန်ကျမည့် စုစုပေါင်း စာချုပ်တန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန်ဒေါ် လာ ၄၃ ဒသမ ၁၂၄ သန်းကို တရုတ်ပို့ကုန်- သွင်းကုန် ဘဏ်မှ ထုတ်ချေးပေးမည်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်း ဖြစ်သော အမေရိကန် ဒေါ်လာ ၄ ဒသမ ၇၉၂ သန်းကို မြန်မာနိုင်ငံက စိုက်ထုတ်ရမည် ဖြစ်ကြောင်း သိရသည်။

စီမံကိန်း နှစ်ခုပေါင်းအတွက် တရုတ် ပို့ကုန်-သွင်းကုန်ဘဏ်မှ ထုတ်ချေးပေးမည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၇၅၇ သန်း အထိရှိပြီး အဆိုပါ ချေးငွေများအတွက် မြန်မာနိုင်ငံမှ တရုတ်ဘဏ်သို့ အတိုးနှုန်း နှစ်ရာခိုင်နှုန်း ပေးချေရမည် ဖြစ်သည်။

ယင်းအပြင် အဆိုပါ ချေးယူငွေ အမေရိကန်ဒေါ်လာ ၉၁ ဒသမ ၇၅၇ သန်းအပေါ် စီမံခန့်ခွဲမှု စရိတ်အဖြစ် ၀ ဒသမ ၂၅ ရာခိုင်နှုန်းကို ထပ်ပေးရမည့်အပြင် ကတိခံကြေး ၀ ဒသမ ၂၅ ရာခိုင်နှုန်းကို ပေးဆောင်ရန် သတ်မှတ်ထားသည်။



ရန်ကုန်မြို့ပတ်ရထား တစ်စင်းအား အောက်တိုဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)

ချေးငွေ သက်တမ်းကို ၁၅ နှစ်အထိ ပေးထားပြီး ၆ လလျှင်တစ်ကြိမ် သတ်မှတ်ချက်အတိုင်း ပြန်လည်ပေးဆပ် ရမည်ဖြစ်ကြောင်း၊ အကြိမ် ၂၀ အထိခွဲကာ ပြန်ဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ချေးငွေအတွက် တရုတ် ပို့ကုန်-သွင်းကုန် ဘဏ်ဖြင့် စာချုပ်ချုပ်ဆိုရာတွင် ချေးငွေကို အသုံးပြု၍ ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ၀န်ဆောင်မှုများ ၀ယ်ယူရာတွင် တရုတ်နိုင်ငံမှ ဦးစားပေး ၀ယ်ယူရမည်ဟူသော အချက်ကို ထည့်သွင်းထားကြောင်း သိရှိရသည်။

ထို့အတွက် မြန်မာ့မီးရထားမှ တည်ဆောက်မည့် စက်ရုံစီမံကိန်း နှစ်ခုအတွက် လိုအပ်သော ပစ္စည်းနှင့် နည်းပညာများကို တရုတ်ကုမ္ပဏီဖြင့် စာချုပ်ထားသည့်အတိုင်း တန်ဖိုးပေးချေ ၀ယ်ယူရမည် ဖြစ်သည့်အပြင် တရုတ်ချေးငွေယူကာ ၀ယ်သည့် အတွက်လည်း အတိုးနှစ်ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှ ထပ်ပေးရဦးမည် ဖြစ်သည်။

လွန်ခဲ့သောသုံးနှစ်၊ ၂၀၁၀ ပြည့်နှစ် ဇွန်လအတွင်း (ယခင်အစိုးရလက်ထက်) မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံ၏ ၀န်ကြီးချုပ် လာရောက်ခဲ့သည့် ခရီးစဉ်အတွင်း နှစ်ဖက်အစိုးရ သဘောတူညီသည့် စီမံကိန်းများ အကောင်အထည် ဖော်ရန်အတွက် တရုတ်အစိုးရက မြန်မာနိုင်ငံအပေါ် အမေရိကန်ဒေါ်လာ သန်း ၄၀၀ ထုတ်ချေးရန် ကတိပြုခဲ့သည့် အတွက် ယခုကဲ့သို့ ချေးယူခြင်းဟု သိရသည်။

ချေးငွေဟောင်းလည်းဖြစ် ဘတ်ဂျက်တွင်လည်း ထည့်သွင်းလျာထားပြီး ဖြစ်သည့်အတွက် လွှတ်တော်သို့တင်ရန် မလိုသည့် ချေးငွေဟူ၍လည်း သတ်မှတ်ကာ စီစဉ်ဆောင်ရွက် ကြခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အတိုးနှုန်း ၄ ဒ သမ ၅ ရာခိုင်နှုန်းဖြင့် အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကိုလည်း မကြာသေးမီက တရုတ်နိုင်ငံမှ ချေးယူခဲ့ပြီး မြန်မာနိုင်ငံတွင် ယခင်ကတည်းက စီမံကိန်းပေါင်း များစွာကို အကောင်အထည် ဖော်ရာ၌ ယခုကဲ့သို့ပင် ပစ္စည်းတန်ဖိုးကို သတ်မှတ်သည့် ဈေးဖြင့်ပေးရပြီး အတိုးပါ ထပ်ပေးရသည့် နည်းလမ်းကို အများဆုံး သုံးခဲ့ကြသည်။

ဂျပန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ထုတ်ချေးပေးသည့် ချေးငွေမှာ အတိုးနှုန်း ၀ ဒသမ ၀၁ ရာခိုင်နှုန်းသာ ပေးရပြီး တရုတ်သို့ မြန်မာပေးရမည့် ဘဏ်တိုးဖြင့် နှိုင်းယှဉ်လျှင် မြန်မာနိုင်ငံထံမှ တရုတ်အနေဖြင့် ဘဏ်တိုးနှုန်း မြင့်မားစွာ ယူလေ့ရှိသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

EMG

ပြည်သူနှင့် မီဒီယာက အပြုသဘော လွတ်လွတ်လပ်လပ် ဝေဖန်မှုများ ရှိနေခြင်းသည် တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ဖြစ်ပေါ်စေကြောင်း ဒုတိယသမ္မတ ပြောကြား


Created on Friday, 25 October 2013



ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နေပြည်တော်တွင် ပြုလုပ်သည့် (၆၈) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားတွင် ပြောကြားနေစဉ်

သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုမိုရရှိလာတာနှင့်အမျှ အစိုးရရဲ့ လုပ်ငန်းအပေါ်မှာ ပြည်သူနှင့် မီဒီယာမှ အပြုသဘော လွတ်လွတ်လပ်လပ် ဝေဖန်မှုများ ရှိနေတာဟာ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှု ဖြစ်ပေါ်စေပါတယ်ဟု (၆၈) ကြိမ်မြောက် ကုလသမဂ္ဂနေ့ အခမ်းအနားတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

''ခေတ်သစ်ရဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး မဏ္ဍိုင်များဟာ ပြည်သူ့အကျိုးကို ဦးတည်ပြီး ဆောင်ရွက်ပေးလျက် ရှိပါတယ်။ သတင်းမီဒီယာ လွတ်လပ်ခွင့် ပိုမိုရရှိလာတာနှင့်အမျှ အစိုးရရဲ့ လုပ်ငန်းအပေါ်မှာ ပြည်သူနှင့် မီဒီယာ အပြုသဘော လွတ်လွတ်လပ်လပ် ဝေဖန်မှုများ ရှိနေတာဟာ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုကိုလည်း ဖြစ်ပေါ်စေပါတယ်'' ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကဏ္ဍပေါင်းစုံ ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဘာသာရေး ယဉ်ကျေးမှုနှင့် လူမျိုးရေး ကွဲပြားမှု အခြေအနေကို ထည့်သွင်းစဉ်းစား ဆောင်ရွက်ခဲ့ရသည့်အပြင် အခြားနိုင်ငံများ၏ အကောင်းဆုံး လုပ်နည်းလုပ်ဟန်များကို လေ့လာလုပ်ဆောင် လျက်ရှိကြောင်း၊ ဒီမိုကရေစီ နိုင်ငံသစ်မှာ တိုင်းရင်းသားပေါင်းစုံ၊ နိုင်ငံရေး အသွေးအရောင် ပေါင်းစုံနှင့် ငြိမ်းချမ်းမှုနှင့် သဟဇာတ ဖြစ်မှုကို အခြေခံအနေ ထိုင်ကြရပြီး ဒေသအသီးသီးက တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွဲဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်းကို ၂၆ မှ ၁၆ ရာခိုင်နှုန်းသို့ လျှော့ချနိုင်အောင် ဆောင်ရွက်လျက် ရှိကြောင်း၊ လျော့ချနိုင်အောင် ချမှတ်ထားတဲ့ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းမူပေါင်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း ၂၀၁၅ ခုနှစ် ကျော်လွန်တဲ့ ကာလမှာလည်း ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် ပပျောက်ရေးကို ဦးစားပေးအဖြစ် ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယသမ္မတက ပြောကြားသည်။

EMG

မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သူများ ဖမ်းဆီးရေး စီမံချက်ကြောင့် ပြန်လည် ရောက်ရှိလာသော မြန်မာအလုပ်သမား ၁၇၀ ကျော်ကို သီတဂူ ဆရာတော်ကိုယ်တိုင် လာရောက်ကြိုဆို

 Created on Friday, 25 October 2013


မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော မြန်မာအလုပ်သမားများကို လာရောက်ကြိုဆိုခဲ့သော သီတဂူဆရာတော် လေဆိပ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မလေးရှားနိုင်ငံတွင် တရားမ၀င် နေထိုင်သူများ ဖမ်းဆီးရေး စီမံချက်ကြောင့် ပြန်လည် ရောက်ရှိလာသော မြန်မာအလုပ်သမား ၁၇၀ ကျော်ကို သီတဂူ ဆရာတော် ကိုယ်တိုင် လာရောက် ကြိုဆိုခဲ့ကြောင်း သိရသည်။

သီတဂူ အထောက်အကူပြု အဖွဲ့နှင့် MAI လေကြောင်းလိုင်းတို့၏ ပူးပေါင်းစီစဉ်မှုဖြင့် အဆိုပါ မြန်မာအလုပ်သမား ၁၇၆ ဦးသည် စက်တင်ဘာ ၂၄ ရက်၊ မွန်းလွဲ ၄ နာရီခန့်က စင်လုံးငှား လေယာဉ်ဖြင့် ထပ်မံရောက်ရှိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

''ဆရာတော်ကြီးက အခုပြန်လာတဲ့ ဒုက္ခရောက်သူတွေကို ကိုယ်တိုင်ပဲလာပြီး ကြိုဆိုခဲ့ပါတယ်။ Camp တွေထဲက မပါဘူး။ အပြင်က လူတွေပါ'' ဟု သီတဂူအဖွဲ့မှ ဘဏ္ဍာရေးမှူး တာဝန်ယူထားသူက ပြောကြားသည်။

အဆိုပါ ရောက်ရှိလာသူများအနက် ကလေး ၉ ဦးနှင့် ၀ှီးချဲဖြင့် ခြေထောက် ဒဏ်ရာရရှိနေသူ ၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။

''ကျွန်တော်သွားတာ ငါးလပဲ ရှိပါသေးတယ်။ အလုပ်လုပ်ရင်း ခြေထောက် ကျိုးသွားလို့ ဆေးရုံတက်ပြီး ပြန်ဆင်းတော့ သီတဂူဆရာကြီးရဲ့ လှူဒါန်းမှုနဲ့ မြန်မာနိုင်ငံကို ပြန်လာနိုင်ခဲ့တယ်။ ဆောက်လုပ်ရေးမှာ ၀ရိန်ဆော်တဲ့ အလုပ်လုပ်ပါတယ်။ ကျွန်တော်က ဆေးရုံတက်နေတော့ တရားမ၀င်တဲ့ သူတွေကို ဖမ်းတဲ့စီမံချက်ကို သိပ်မသိဘူး။ ၀မ်းနည်းတယ်၊ ကိုယ့်မိသားစု အတွက် ဘာမှမလုပ်ပေး နိုင်တဲ့အတွက် စိတ်လည်း မကောင်းဘူး'' ဟု ခြေကျိုးဒဏ်ရာဖြင့် မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ ကျောက်တန်းမြို့နယ်မှ ကိုဇော်မင်းထွန်းက ပြောကြားသည်။

မလေးရှားနိုင်ငံတွင် စက်တာဘာ ၁ ရက်မှ စတင်ကာ တရားမ၀င် အလုပ်သမားများအား အထူးစီမံချက်ဖြင့် တရားမ၀င် နေထိုင်သူများ အများဆုံး နေထိုင်ရာ ကွာလာလမ်ပူ၊ ဆီလန်ဂေါ၊ ပီနန်းနှင့် ဂျိုးဟိုး မြို့များတွင် ပိုက်စိပ်တိုက် ဖမ်းဆီးခဲ့ပြီး အဆိုပါ စီမံချက်တွင် မြန်မာနိုင်ငံ အပါအ၀င် နိုင်ငံ ၁၆ နိုင်ငံမှ တရားမ၀င် နေထိုင်သူများကို ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လာမည့် နိုဝင်ဘာ အတွင်းတွင် မလေးရှားနိုင်ငံရှိ ထောင်များတွင် ရှိနေသော မြန်မာနိုင်ငံသားများကို ပြန်လည်ခေါ်ယူနိုင်ရန် စီစဉ်လျက် ရှိကြောင်း သီတဂူ အဖွဲ့မှ အတွင်းရေးမှူး ဦးမြင့်အောင်က ပြောကြားခဲ့သည်။

EMG

ပြည်ပသို့ ရော်ဘာကုန်ကြမ်းတန်ချိန် လေးသောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော် ရရှိထားပြီး ကာလတူ တင်ပို့မှုထက် အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါး ပိုမိုရရှိ


Friday, 25 October 2013



ရော်ဘာခြံ တစ်ခြံတွင် နေလှန်းထားသည့် ရော်ဘာကုန်ကြမ်း အပြားများအား တွေ့ရစဉ်

ပြည်ပသို့ ရော်ဘာကုန်ကြမ်း တန်ချိန် လေးသောင်းကျော် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀၂ သန်းကျော် ရရှိထားပြီး ယခင်နှစ် ကာလတူ တင်ပို့မှုဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ကိုးသန်းနီးပါး ပိုမိုရရှိထားကြာင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

အဆိုပါ ရငွေမှာ ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ အောက်တိုဘာ ၁၁ ရက်အထိ တင်ပို့မှုမှ ရငွေဖြစ်ပြီး ယခင်နှစ် ကာလတူတင်ပို့မှုမှ ရငွေမှာ အမေရိကန်ဒေါ်လာ ၉၄ သန်းကျော်သာ ရှိသဖြင့် ယခုနှစ်တွင် တင်ပို့မှုမှ ရငွေမှာ ပိုမိုနေခြင်း ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် တန်ချိန်အားဖြင့် ၁၀၀၀၀ ကျော် ပိုမိုတင်ပို့ ထားသော်လည်း နိုင်ငံတကာ ရော်ဘာဈေးမှာ ကျဆင်းနေမှုကြောင့် ပြည်တွင်းရော်ဘာ လုပ်ငန်းရှင်များမှ ပြည်ပသို့ တင်ပို့ရာတွင် ဈေးနိမ့်ဖြင့် တင်ပို့နေရခြင်းကြောင့် ရငွေလျော့နည်းရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ယခုနှစ်အတွင်း မိုးများဆက်တိုက် ရွာသွန်းမှု ရှိခဲ့သဖြင့်လည်း ခြံဖွင့်ချိန် နောက်ကျခဲ့ခြင်းကြောင့် ဈေးကွက်အတွင်းရှိ လက်ကျန်ရော်ဘာ များကိုသာ ပြည်ပသို့ တင်ပို့မှု ပြုလုပ်ထားရပြီး ခြံဖွင့်ချိန်တွင်လည်း ရော်ဘာဈေးမှာ ကျဆင်းမှု ရှိနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများ အသင်း အတွင်းရေးမှူး ဦးခိုင်မြင့်က ဆိုသည်။

ရော်ဘာကုန်ကြမ်းများကို ပြည်ပသို့ တင်ပို့ရာတွင် ပင်လယ်ရေလမ်းကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း နှစ်ခုလုံးမှ တင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံသို့ အဓိက တင်ပို့မှု အများဆုံးဖြစ်ကာ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ကိုရီးယားနှင့် အိန္ဒိယနိုင်ငံတို့မှ ၀ယ်ယူမှုရှိကြောင်း သိရသည်။

EMG

ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည်အချင်းနှင့် ပတ်သက်၍ Free and Fair ဖြစ်ရေး ဆောင်ရွက်ရန် လိုအပ်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား


Friday, 25 October 2013




အောက်တိုဘာ ၂၄ ရက်က ပြုလုပ်သော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲ

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ပါ နိုင်ငံတော် သမ္မတ အရည်အချင်းများနှင့် ပတ်သက်၍ Free and Fair (လွတ်လပ်ပြီး တရားမျှတမှု) ဖြစ်စေရန် အတွက် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဖြစ်သူ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက အောက်တိုဘာ ၂၄ ရက်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ယင်းအရည်အချင်း သတ်မှတ်ချက်ကြောင့် ၂၀၁၅ တွင် သမ္မတ ဖြစ်လိုသည်ဟု ပြောကြားထားသော ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတနေရာအတွက် ယှဉ်ပြိုင်ရာတွင် တရားမျှတမှု ရှိပါမည်လားဟူသော သတင်းထောက် တစ်ဦး၏ မေးခွန်းကို သူရဦးရွှေမန်းက ထိုသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။



တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)မှာ တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Free and Fair ဖြစ်ဖို့အတွက်တော့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်...


''ရွေးကောက်ပွဲမှာ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ခဲ့ရင်တောင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)မှာ တားမြစ်ထားတဲ့ ကိစ္စကြောင့် ဒီဟာသည် Free and Fair ဖြစ်ပါသလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး Free and Fair ဖြစ်ဖို့အတွက်တော့ ဆောင်ရွက်ဖို့ လိုတယ်လို့ ဒီလိုပဲ ပြောချင်ပါတယ်'' ဟု သူရဦးရွှေမန်းက ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားပြီး တပ်မတော် အပါအ၀င် ပါတီအလိုက် လေ့လာသုံးသပ်မှုများ ပြုလုပ်လျက်ရှိရာ မည်သည့်အချက်များကို ပြင်သင့်၊ မပြင်သင့် ဆိုသည်မှာ သက်ဆိုင်ရာ တာဝန်ရှိသူများက ဉာဏ်အမြော်အမြင် ဆင်ခြင်တုံတရားများနှင့် ဆောင်ရွက်သွားမည်ဟု သူရဦးရွှေမန်းက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃)ပုဒ်မ ၅၉(စ)တွင် 'မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ' ဟု သမ္မတ အရည်အချင်းများနှင့် ပတ်သက်၍ ဖော်ပြထားသည်။

လာမည့် ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်လိုသည်ဟု ပြောကြားထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခင်ပွန်းနှင့် သားနှစ်ဦးမှာ ဗြိတိန်နိုင်ငံသားများ ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဒေါ်အောင်ဆန်းစုကြည် ငြင်းဆို

 Created on Friday, 25 October 2013


မြောက်အိုင်ယာလန် Belfast မြို့ရှိ Wellington College တွင် ကျောင်းသူ ကျောင်းသားများနှင့် တွေ့ဆုံစဉ် (Photo-AFP)

ဗြိတိန်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် မွတ်စလင် ဘာသာဝင်များအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုများ မရှိကြောင်း ဘီဘီစီနှင့် တွေ့ဆုံမေးမြန်းမှုတွင် ငြင်းဆိုခဲ့သည်။ အဆိုပါ မေးမြန်းမှုတွင် ဘီဘီစီမှ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေး၊ လူမျိုးရေး အသွင်ဆောင် ပဋိပက္ခများတွင် လူနည်းစု မွတ်စလင် ဘာသာဝင်များအား ပစ်မှတ်ထား တိုက်ခိုက်နေသည့် အသွင် ရှိနေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည် အမြင်ကို မေးမြန်းခဲ့ခြင်း ဖြစ်သည်။

''ဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက လူမျိုးသုဉ်း သတ်ဖြတ်မှု မဟုတ်ပါဘူး။ နိုင်ငံတကာ အနေနဲ့ နားလည်ပေးဖို့လိုတဲ့ အချက်ကတော့ ကြောက်ရွံ့ထိတ်လန့် မှုတွေဟာ မွတ်စလင် အသိုင်းအ၀ိုင်း ကြားထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင် တွေမှာလည်း စိုးရိမ်မှုတွေ ကြောက်ရွံ့မှုတွေ ရှိနေပါတယ်'' ဟု နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

လွန်ခဲ့သော လပိုင်းအတွင်းက မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခများသည် ကြောက်ရွံ့စိုးရိမ် မှုများကို အခြေခံကာ ဖြစ်ပွားခဲ့ကြောင်း၊ ထိုကဲ့သို့ ကြောက်ရွံ့မှုများ ဖြစ်ပေါ်ရန် ဖန်တီးမှုကို သူမအနေဖြင့် ရှုံ့ချကြောင်း ပြောကြားခဲ့သည်။

''ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းနဲ့ မွတ်စလင် အသိုင်းအ၀ိုင်းကြားမှာ တစ်ဦးနဲ့တစ်ဦး ကြောက်ရွံ့မှုတွေ ကနေ အသိုင်းအ၀ိုင်း နှစ်ခုကြား တင်းမာမှုတွေကို ဖြစ်ပေါ်စေခဲ့တာပါ။ မြန်မာနိုင်ငံ အနေနဲ့ စစ်မှန်တဲ့ ပြောင်းလဲမှုကို လိုအပ်နေပါတယ်။ ကျွန်မတို့ ပြည်သူတွေ အနေနဲ့ မြန်မာနိုင်ငံဟာ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်း တစ်ခုဆီ လျှောက်လှမ်းနေတယ် ဆိုတာကို ယုံကြည်ဖို့ လိုပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

မြန်မာ့လူ့ အဖွဲ့အစည်းသည် နိုင်ငံတကာ အသိုင်းအ၀ိုင်း ကဲ့သို့ပင် မွတ်စလင် အစွန်းရောက်များ၏ အင်အားကြီးမား လာမှုကို စိုးရိမ်မိကြောင်း၊ ထို့ကြောင့် ပဋိပက္ခများ ဖြစ်ပွားရန် တင်းမာမှုများ ပေါ်ပေါက်ခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယုံကြည်ကြောင်းလည်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (Human Rights Watch)၏ ဧပြီလ ထုတ်ပြန်ချက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အစွန်းရောက် အဖွဲ့များမှ လူမျိုးသုဉ်း သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲဖော်ပြထားသည်။ အဆိုပါ ပဋိပက္ခများသည် ဗုဒ္ဓဘာသာ အစွန်းရောက် ၉၆၉ လှုပ်ရှားမှုနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲမှုများအပေါ် ဒေါ်အောင်ဆန်းစုကြည်က ''ကျွန်မအနေနဲ့ အမုန်းတရားနဲ့ အစွန်းရောက်မှု အခြေခံတဲ့ လှုပ်ရှားမှု မှန်သမျှကို ဆန့်ကျင်ပါတယ်။ ဒီအပေါ်မှာ အတိုက်အခံ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကျွန်မရဲ့ အမြင်ကို မေးနေမယ့်အစား အစိုးရရဲ့ မူဝါဒ ဘယ်လိုရှိသလဲ ဆိုတာကို မေးသင့်ပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

၉၆၉ လှုပ်ရှားမှုတွင် အဓိက ပါဝင်သူ တစ်ဦးဖြစ်သည့် ဦးဝီရသူအား အရေးယူသင့် မယူသင့်သည် အစိုးရနှင့်သာ သက်ဆိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ပဋိပက္ခများ ပြီးချိန်တွင် မွတ်စလင် ဘာသာဝင်များအား သီးသန့်ခွဲခြား၍ ဒုက္ခသည် စခန်းများတွင် ဆက်လက် ထားရှိသည်ဟု စွပ်စွဲချက်ကိုလည်း ငြင်းဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိတွင် ဗြိတိန်နိုင်ငံသို့ ရောက်ရှိနေပြီး ကြာသပတေးနေ့ နေ့လည်ပိုင်းက အိုင်ယာလန် ခွဲထွက်သူပုန်များနှင့် ဗြိတိသျှ တပ်မတော်အကြား ငြိမ်းချမ်းရေး ဖော်ဆောင်ခဲ့ပုံကို လေ့လာရန် မြောက်အိုင်ယာလန်သို့လည်း သွားရောက်ခဲ့သည်။

Ref: BBC,The Guardian

Related Posts Plugin for WordPress, Blogger...