Sunday, September 1, 2013

ဒေါ်စုက ဒီနေ့ထိ ပါတီကို စနစ်တကျ တည်ဆောက် နိုင်ခြင်း မရှိသေး ဘူး၊ ၈၈ သွားနေတဲ့ လမ်းကြောင်းက မသေချာမရေရာတဲ့ ဝိုးတိုးဝါးတား လမ်းကြောင်းပါ ~ ဒေါက်တာ ရန်မျိုးသိမ်း


SUNDAY, SEPTEMBER 01, 2013


 
မော်ဒန်။ ။ အင်န်အယ်ဒီပါတီရဲ့ အားသာချက် အားနည်းချက်တွေ အပေါ် ဆရာ့ရဲ့အမြင်လေး ပြောပြပေးပါရှင့်။

ဒေါက်တာရန်မျိုးသိမ်း။ ။ အင်န်အယ်ဒီပါတီရဲ့ အဓိက သာချက် ကတော့ ပြည်သူလုထု အများစုကြီးက ထောက်ခံတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုပါ။ အဓိက အားနည်းချက်ကတော့ ဒီနေ့အချိန်အထိ ပါတီကို စနစ်တကျ တည်ဆောက်နိုင်ခြင်း မရှိသေးတဲ့ အနေအထားပါ။ ခုလိုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ တည်ဆောက်ရေးကို စနစ်တကျ လုပ်သင့်တယ်လို့ ထင်ပါတယ်။ အဲဒါဟာ အနာဂတ်မျိုးဆက် တွေအတွက် နိုင်ငံရေးအမွေကောင်း ပေးတာ ဖြစ်နိုင်ပါတယ်။




မော်ဒန်။ ။ အခု ၈၈ ကျောင်းသားများအဖွဲ့ သွားနေတဲ့လမ်းကြောင်း ကိုရော ဘယ်လို သုံးသပ်မိပါသလဲ ဆရာ။

ဒေါက်တာ ရန်မျိုးသိမ်း။ ။ အခု ၈၈ သွားနေတဲ့ လမ်းကြောင်းက မသေချာမရေရာတဲ့ ဝိုးတိုးဝါးတား လမ်းကြောင်းပါ။ ပြည်သူတွေ မျှော်လင့်တဲ့ အနေအထားနဲ့ တော်တော့်ကို အလှမ်းဝေး နေပါတယ်။ 
 
MYANMAR EXPRESS GROUP

ဆီးရီးယားအပေါ် စစ်ရေးအရအရေးယူသည့်ကိစ္စ ဗြိတိန်ပါဝင်တော့မည် မဟုတ်ဟု ဒေးဗစ်ကင်မရွန်း ပြောကြား






ဓာတုလက်နက်များ အသုံးပြုခြင်းကြောင့် အမေရိကန် ဦးဆောင်၍ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်အရေးယူရေးကိစ္စတွင် ဗြိတိန်နိုင်ငံက ပါဝင်တော့မည် မဟုတ်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်း၏ ဆီးရီးယားအပေါ် စစ်ရေးဖြင့် တိုက်ခိုက်သည့်ကိစ္စအတွက် ဗြိတိန်ပါလီမန်တွင် ကြာသပတေးနေ့က မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၂ မဲနှင့် ကန့်ကွက်မဲ ၂၈၅ မဲ ရှိခဲ့ခြင်းကြောင့် ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်တွင် ဗြိတိန်အနေနှင့် ပါဝင် တော့မည် မဟုတ်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဖိလစ်ဟန်းမွန်းက ပြောကြားသည်။

၎င်းအနေနှင့် ပါလီမန်၏ လိုလားချက်ကို လွှမ်းမိုးကျော်လွှားမည် မဟုတ်ကြောင်း၊ ဓာတုလက်နက် အသုံးပြုသော ဆီးရီးယားအစိုးရကို စစ်ရေးဖြင့် တိုက်ခိုက်ရန် လွှတ်တော်အမတ်များက မလိုလားကြကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆိုသည်။

အမေရိကန် ဦးဆောင်၍ ဆီးရီးယားအပေါ် စစ်ရေးအရ တိုက်ခိုက်မည့် အစီအစဉ်တွင် ဗြိတိန်ပါဝင်ခြင်း မရှိသည့်အတွက် အမေရိကန်တို့အနေနှင့် စိတ်ပျက်သွားဖွယ် ရှိသော်လည်း အမေရိက၏ လုပ်ရပ်ကိုမူ ရပ်တန့်သွားစေမည်ဟု မထင်ကြောင်းကိုလည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးက ပြောကြားသည်။

ဆီးရီးယားအစိုးရ၏ ဓာတုလက်နက် အသုံးပြုခြင်းသည် အမေရိက၏ အမျိုးသားလုံခြုံရေး အကျိုးစီးပွားကို အန္တရာယ်ပေးသည့် အခြေအနေသို့ ရောက်ရှိနေခြင်းကြောင့် ဗြိတိန်ကဲ့သို့သော မဟာမိတ်များ၏ ထောက်ခံမှု မရရှိခဲ့လျှင်သော်မှ အမေရိကန်သမ္မတ အိုဘားမားသည် ဆီးရီးယားအပေါ် အကန့်အသတ်ရှိသော လုပ်ရပ်များ ဆက်လက်ပြုလုပ်လိုဖွယ် ရှိကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူများက ပြောကြားသည်။

“သမ္မတအိုဘားမားရဲ့ ဆုံးဖြတ်ချက်ကို လမ်းညွှန်ပေးမှာကတော့ အမေရိကန်ရဲ့ အကျိုးစီးပွားပါပဲ။ ဆီးရီးယားမှာ အမေရိကန်ရဲ့ ပင်မအကျိုးစီးပွားအပေါ် ထိခိုက်မှုရှိလာပြီ။ နောက်ပြီးတော့ ဓာတုလက်နက်နဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ နှုန်းစံတန်ဖိုးတွေကို ချိုးဖောက်တဲ့နိုင်ငံဟာ တာဝန်ယူ မှု တစ်စုံတစ်ရာ လိုအပ်ပါတယ်” ဟု အမေရိကန်သမ္မတ အိမ်ဖြူတော်၏ အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရအမျိုးသမီး ကိတ်လင်းဟေဒန်က ပြောကြားသည်။

ဆီးရီးယားအပေါ် အတူတကွ အရေးယူရန်အတွက် အမေရိကန်သည် နိုင်ငံတကာ၏ ပူးပေါင်းဆောင်ရွက်မှုရရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်က ပြောကြားသည်။

သို့သော် ဆီးရီးယားအပေါ် စစ်ရေးဖြင့် အရေးယူမည့်ကိစ္စမှာ ဆီးရီးယားတွင် ရောက်ရှိနေသော ကုလသမဂ္ဂ လက်နက်စစ်ဆေးရေးမှူးများ၏ အစီရင်ခံစာ မထွက်မချင်း ဖြစ်နိုင်ဖွယ်မရှိပေ။
ဆီးရီးယားသို့ ရောက်ရှိနေသော ကုလလက်နက် စုံစမ်း စစ်ဆေးရေးမှူးများသည် စနေနေ့တွင် ဆီးရီးယားမှ ထွက်ခွာမည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံ အစီရင်ခံကြမည် ဖြစ်သည်။

ကုလသမဂ္ဂ စစ်ဆေးတွေ့ရှိချက်များကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီသို့ အမြန်ဆုံးချပြရန် ကုလသမဂ္ဂကို ပြင်သစ်နှင့် ဂျာမနီတို့က တိုက်တွန်းထားသည်။

ဆီးရီးယားအပေါ် အရေးယူမည့်ကိစ္စနှင့် ပတ်သက်ပါက ကုလလုံခြုံရေးကောင်စီတွင် ဆီးရီးယား၏ မဟာမိတ်ရုရှားက ကန့်ကွက်ဖွယ် ရှိခြင်းကြောင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်တို့က ကုလ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် မပါခဲ့လျှင်သော်မှ ဆီးရီးယားအပေါ် အရေးယူမှု တစ်စုံတစ်ရာ လုပ်လိုကြသည်။

သို့သော် အီတလီကမူ ကုလလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်မပါဘဲ စစ်ရေးအရ အရေးယူခြင်းကို ပါဝင်မည် မဟုတ်ကြောင်း ပြောကြားထားသည်။


From : ..the voice

နေ့စား ပညာရေး ဝန်ထမ်းများ ခံစားခွင့် နှစ်ဆရမည်


ချင်းပြည်နယ် မင်းတပ်မြို့နယ် စီးချဲ့ရပ်ကွက်ရှိ မူလတန်းကျောင်း (ဓာတ်ပုံ – မြတ်စုမွန် / ဧရာဝတီ)


နေ့စား ပညာရေးဝန်ထမ်းများ၏ ခံစားခွင့်ကို နှစ်ဆ တိုးမြှင့်ခံစားခွင့် ပေးရန် စီစဉ်နေကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံ ပညာရေးစီမံကိန်း ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။ “နေ့စားပညာရေးဝန်ထမ်းတွေအတွက် အခု ဘတ်ဂျက် တွက်ချက်နေတယ်။ ဒီပညာရေးနှစ် မကုန်ခင်ပဲ ဖြစ်မလား၊ နောက်နှစ်ပဲ ဖြစ်မလားတော့ မသိသေးဘူး။ အမြန်ဆုံး ဖြစ်အောင်တော့ လုပ်နေပါတယ်” ဟု ၎င်း တာဝန်ရှိသူက ဆိုသည်။
ဝေးလံခေါင်ဖျား နေရာများကို သွားရောက် တာဝန်ထမ်းဆောင်နေသော အမြဲတမ်း ပညာရေးဝန်ထမ်းများကို လစာ ၁ ဆ တိုးပေးကာ ခံစားခွင့် ပေးထားသော်လည်း နေ့စား ပညာရေးဝန်ထမ်းများမှာမူ နဂို ခံစားခွင့်ထက် ပို၍ခံစားခွင့် မရခဲ့ သေးကြောင်း သိရသည်။

“နေ့စားတွေက တနေ့ကို ၂၇၀၀ ရတယ်။ တခြား ခံစားခွင့်မရှိဘူး။ ဒေသစရိတ် ခံစားခွင့်ရှိတဲ့ နေရာတွေသွားရင် ခံစားခွင့် ပေးမှာပေါ့။ ဒေသစရိတ် ခံစားခွင့်မရှိတဲ့ နေရာပဲ ဆိုရင်တော့ မူလအတိုင်း ၁ ရက် ၂၇၀၀ ပဲ ခံစားခွင့်ရှိပါမယ်။ကျောင်းပိတ်ရက် မပါဘူး။ အမြဲတမ်း ပညာရေးဝန်ထမ်း တွေကတော့ လစာ ၆၀၀၀၀ ရရင် ဝေးလံခေါင်ဖျား သတ်မှတ် နေရာသွားရင် ခံစားခွင့်က လစာနည်း တူရတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

ပညာရေး သင်ကြားမှုတွင် မြို့ပေါ်ဖြစ်ပါက အေအဆင့်၊ မြို့ပြင်ဖြစ်ပါက ဘီအဆင့်၊ မြို့ပြင်နေ့ချင်းပြန် သွားနိုင်ပါက စီအဆင့်၊ တပတ်တကြိမ်သာ သွားနိုင်လျှင် ဒီ အဆင့်၊ တလတကြိမ်သာ သွားနိုင်လျှင် အီး အဆင့် စသည်ဖြင့် အဆင့် သတ်မှတ် ချက်များ ရှိကြောင်း ပညာရေးဝန်ကြီး ဌာနမှ သိရသည်။

ဝေးလံခေါင်ဖျား နေရာအဆင့် သတ်မှတ်ချက်ကိုမူ အဆင့်သတ်မှတ် သင်ကြားရာတွင် မြို့ပြင် နေ့ချင်းပြန်သွားနိုင်ပါက စီအဆင့်၊ တပတ် တကြိမ်သာ သွားနိုင်လျှင် ဒီအဆင့်၊ တလတကြိမ်သာ သွားနိုင်လျှင် အီးအဆင့်ဖြင့် သတ်မှတ် ထားကြောင်း သိရသည်။

“နေ့စား ပညာရေးဝန်ထမ်း ဆိုတာက များသောအားဖြင့် အမြဲတမ်း ဝန်ထမ်းတွေထက် ပိုပြီး ဝေးလံ ခေါင်ဖျားတဲ့ နေရာတွေ ပိုသွားရတယ်။ အခု သူတို့ပေးဖို့ စီစဉ်တာကလည်း လောက်ငှမှု မရှိပေမယ့် နဂိုကထက် စာရင်တော့ တော်သေးတယ် ပြောရမှာပါ။ ကျမတို့မှာ တခြား ခံစားခွင့် ဘာမှမရှိပါဘူး။ ကျန်းမာရေး ဘာညာဆိုတာလည်း ခံစားခွင့် ရှိတာမဟုတ်ဘူး” ဟု နေ့စား ပညာရေးဝန်ထမ်း မခင်နှင်းဆွေက ပြောပြသည်။
လက်ရှိတွင် နေ့စားဝန်ထမ်းများ အနေဖြင့် ဒေသစရိတ် ခံစားခွင့်ရ နေရာများကို သွားမည်ဆိုပါက တနေ့လျှင် ၂၇၀၀ နှုန်း၊ ဒေသစရိတ် ခံစားခွင့်အရ တနေ့ ၂၇၀၀ နှုန်း၊ ပေါင်း တနေ့လျှင် ၅၄၀၀ နှုန်း ခံစားခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

နေ့စားဝန်ထမ်းများကို အများအားဖြင့် စီအဆင့်၊ ဒီအဆင့်၊ အီးအဆင့် နေရာများကို စေလွှတ်နိုင်ရေးအတွက် ၂၀၁၃ -၂၀၁၄ ပညာရေးနှစ် အတွက် နေ့စားဝန်ထမ်း ၅၀၀၀၀ ကျော်ကို ခန့်အပ်ထားကြောင်း၊ ၎င်းတို့ကို ဒေသစရိတ် ခံစားခွင့်ရ နေရာများကို သတ်မှတ်ကာ နေရာချပေးသွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

“နေ့စားဝန်ထမ်းတွေကို အမြဲတမ်း ဝန်ထမ်းဖြစ်ဖို့အတွက် ကတော့ သတ်မှတ်ထားတဲ့ ဆရာဖြစ် မွမ်းမံ သင်တန်းတွေ ပေးပြီးရင်တော့ အမြဲတမ်း ပညာရေးဝန်ထမ်း အနေနဲ့ ခန့်အပ်သွားမှာပါ။ သင်တန်းတွေကိုတော့ ကျောင်းပိတ်ရက်တွေမှာ သင်ပေးပါတယ်။ အဆင့်ဆင့် စာမေးပွဲဖြေပြီးရင် အမြဲတမ်း ပညာရေးဝန်ထမ်း ခန့်အပ်ပါတယ်” ဟု ပညာရေးဝန်ကြီး ဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။

မြန်မာနိုင်ငံတွင် ပညာရေး သတ်မှတ်ချက်အရ တနိုင်ငံလုံးတွင် ဒေသစရိတ် ခံစားခွင့်ရှိသည့် ဝေးလံခေါင်ဖျားသော မြို့နယ်ပေါင်း ၁၁၀ နေရာရှိကြောင်း၊ ဝေးလံခေါင်ဖျားသော မြို့နယ်ပေါင်း ၁၁၀ နေရာတွင် ကချင်၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ တနင်္သာရီတိုင်း၊ ရခိုင်၊ ရန်ကုန်၊ ရှမ်း၊ မကွေး စသည့် ပြည်နယ်တိုင်းများရှိ မြို့နယ်များ ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက သတ်မှတ် ထုတ်ပြန်ချက်အရ သိရသည်။

From : ..irrawaddy

အသစ်ခန့်လိုက်သည့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် မှ ၎င်းအနေဖြင့် ဘာမှလည်းမသိကြောင်း၊ ဘာမှပြောပိုင်ခွင့်လည်းမရှိကြောင်း ဖြေကြား





အသစ်ခန့်လိုက်သည့် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့် မှ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့မှုနှင့် ပတ်သက်ပြီး ဆွေးနွေးသည့် အကြောင်း အရာများကို မေးမြန်းရာ ၎င်းအနေဖြင့် အသေအချာ ဘာမှမသိသလို ဘာမှပြောပိုင်ခွင့်မရှိဟု ဖြေကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၃၁ ရက် ညနေ ၃ နာရီက နေပြည်တော် ဇဗ္ဗူသီရိမြို့နယ်ရှိ နိုင်ငံတော်သမ္မတ လယ်တောအိမ်၌ သီးခြားတွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်သို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူများက တွေ့ဆုံခဲ့မှုကို အတည်ပြုခဲ့သော်လည်း ဆွေးနွေးမှု အကြောင်းအရာများကို သူမသိကြောင်းနှင့် ထုတ်ဖော်ပြောကြားရန် ငြင်းဆိုခဲ့သည်။

"ဒီနေ့ ညနေ ၃ နာရီ သမ္မတရဲ့ လယ်တော ဆောင်မှာ သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ပါတယ်။ ဘာကိစ္စတွေ ဆွေးနွေးလဲ မသိပါဘူး။ ထုတ်ပြန်ဖို့လည်း မရှိပါဘူး။ ဒီတွေ့ဆုံမှုက ရုတ်တရက် ဖြစ်လာတာလား၊ အစီအစဉ် တကျဖြစ်လာတာ အဲဒါကိုလည်း မပြောနိုင်ပါဘူး" ဟု ဦးဝင်းမြင့်ကဆိုသည်။

ဦးဝင်းမြင့် နှင့် ဦးဖြိုးဇေယျာ်သော်တို့အား ပြီးခဲ့သည့် အပတ်ကမှ NLD ပြောရေးဆိုခွင့်ရှိသူ အဖြင့် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

MYANMAR EXPRESS GROUP

သမ္မတ ဦးသိန်းစိန် သြဂုတ်လကုန် မိန့်ခွန်း အပြည့်အစုံ



မိဘပြည်သူများခင်ဗျား-


ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိအခြေအနေများကို မိဘပြည်သူများထံ ရေဒီယိုမှတစ်ဆင့် အသိပေး ပြောကြားနေကျ ဖြစ်တဲ့အတိုင်း ယခုလည်း ဩဂုတ်လအတွင်း မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကို ပြောကြားရခြင်း ဖြစ်ပါတယ်။


လွန်ခဲ့တဲ့လဆန်းပိုင်းက ကျွန်တော်ပြောကြားခဲ့သလို ကျွန်တော်တို့ အစိုးရတာဝန်ယူရမယ့် ငါးနှစ် တာကာလရဲ့ ပထမပိုင်းလို့ဆိုရတဲ့ လပေါင်း(၃၀)မှာ ပြည်သူတွေရဲ့ အဓိက လိုအပ်ချက်နှစ်ခုဖြစ်တဲ့ တရားဥပဒေစိုးမိုးမှုရှိပြီး တည်ငြိမ်အေးချမ်းစွာနေထိုင်လိုမှုနှင့် လူမှုစီးပွား ဘ၀ဖွံ့ဖြိုး တိုးတက်လိုမှုတွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး အခြေခံအုတ်မြစ်များကို ကြိုးစားချမှတ်ခဲ့ ပါတယ်။


ဒီလို လိုအပ်တဲ့ အခြေခံအုတ်မြစ်တွေ ဖော်ဆောင်လာနိုင်တာနဲ့အမျှကျွန်တော်တို့အစိုးရရဲ့ ကျန်ရှိနေသေး တဲ့ လပေါင်း (၃၀) ကာလမှာ ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် အခြေခံ လိုအပ်ချက်တွေကို အသိပေပးပြီး သိသာထင်ရှားတဲ့ လူမှုစီးပွားရေးအကျိုးရလဒ်တွေ ခံစားလာနိုင်အောင် ထိထိရောက်ရောက် ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။


ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုစီးပွားရေးအတွက် အဓိကလိုအပ်ချက်တွေဖြစ်တဲ့ သန့်ရှင်းတဲ့ သောက် သုံးရေနှင့် စိုက်ပျိုးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ သတင်းဆက်သွယ်ရေးစနစ် တိုးတက်ကောင်းမွန်ရေး၊ အလုပ်အကိုင်ရရှိရေးနှင့် ပြည်သူအများစု မှီခိုနေရတဲ့ လယ်ယာ စိုက်ပျိုးရေးနှင့် ကျေးလတ်ဒေသ ဖွံ့ဖြိုးရေး တို့ကို အထူး အလေးပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေအတွက် သာမက အနာဂတ် အတွက် အလွန် အရေးကြီးတဲ့ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာလည်း အဓိကကျ တဲ့ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။


ယခုလ ရေဒီယိုကနေ ပြည်သူလူထုထံ ဆက်သွယ်ပြောကြားတဲ့ အစီ အစဉ်မှာ ကျွန်တော့်အနေနဲ့ အထူးပြု ပြောကြားလိုတဲ့ကိစ္စကတော့ ရေရှည် တည်ဆောက်ရမယ့် အမျိုးသားပြန်လည် စည်းလုံးညီညွှတ်ရေးနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်များပဲ ဖြစ်ပါတယ်။


အခုလက်ရှိ ကျွန်တော်တို့အစိုးရလက်ထက်မှာ ပေါ်ပေါက်လာတဲ့ ပြုပြင်ပြောင်းလဲရေးများကို ဖြစ်ပေါ်စေတဲ့ နိုင်ငံရေးဖြစ်စဉ်ကို သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အာမခံချက်ရှိတဲ့ အရွေ့များကို တည်ဆောက်နိုင်ပြီလို့ သုံးသပ်နိုင်မှာဖြစ်ပါတယ်။


အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့အကြား လတ်တလောဖြစ်ပွားနေတဲ့ နိုင်ငံ ပွတ်တိုက် မှုတွေဟာလည်း ပြုပြင်ပြောင်းလဲရေးကာလမှာ ကြုံတွေ့ရမယ့် သဘာဝကျတဲ့ကိစ္စရပ်များပဲ ဖြစ်ပါတယ်။

ဒီနေရာမှာ ဘယ်သူမှန်တယ်၊ဘယ်သူ မှားတယ်ဆိုတာ ပွတ်တိုက်မှုတွေကနေ စည်းစနစ်တွေ၊ နည်းနာ သစ်တွေ၊ ဆက်သွယ်ရေးပုံစံတွေနဲ့ ညှိနိုင်းအဖြေထုတ်ခြင်းဆိုတာတွေ ဖြစ်ပေါ်လာ အောင် ပုံစံချနိုင်ဖို့ဆိုတဲ့ ကိစ္စရပ်က ပိုအရေးကြီးတယ်လို့ ရှုမြင်ကြရမှာဖြစ်ပါတယ်။


ဒီလို ရှုမြင်နိုင်မှသာ ကျွန်တော်တို့တွေ ရယူပိုင်ဆိုင်လိုတဲ့ ဒီမိုကရေစီ စနစ်ကို အခြေခံတဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် ဥပဒေပြုရေးမဏ္ဍိုင်တို့ အကြား ကောင်းမွန် မှန်ကန်တဲ့ အပြန်အလှန် ထိန်းကျောင်းမှုတွေကို ခိုင်မာစေမှာပဲဖြစ်ပါတယ်။


ဒါကြောင့် ကျွန်တော်အပါအဝင် လက်ရှိမြန်မာ့နိုင်ငံရေး ခေါင်းဆောင်များအနေနဲ့ နိုင်ငံရေး ပွတ်တိုက်မှု
တွေကို နားလည်လက်ခံပေးပြီး ရေရှည်တည် ဆောက်ရေးသင်ခန်းစာများ ရယူကာ ဆွေးနွေးညှိနှိုင်းခြင်း
တွေ၊ မျှတတဲ့ အပေးအယူပြုလုပ်ခြင်းတွေနဲ့ ခိုင်မာတဲ့ နိုင်ငံရေဖြစ်စဉ်နဲ့ နိုင်ငံရေး ယဉ်ကျေးမှု သစ် တည်ဆောက်ရေး တို့ကို ရည်သန် ထိန်းကျောင်း ပေးဖို့ တိုက်တွန်းလိုပါတယ်။


ကျွန်တော်ပြောကြားခဲ့တဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူလုပ်ခြင်းဆိုတဲ့ ကိစ္စတွေဟာ အလျှော့ပေး ညှိနှိုင်းဖို့ဆိုတာမျိုး မဟုတ်ပါဘူး။ မတူညီတဲ့သဘောထားတွေရှိကြပေမယ့်လည်း ခိုင်မာတဲ့ နိုင်ငံရေး အနာဂတ်တစ်ရပ်ပိုင်ဆိုင်နိုင်ဖို့၊ ရေရှည်တည်တံ့မယ့် နိုင်ငံရေးဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့အတွက် ကျယ်ပြန့်ခိုင်လုံတဲ့ စဉ်းစားတွေးခေါ်မှုတွေနဲ့ မှန်ကန်တဲ့ စိတ်စေနာတွေ၊ ဉာဏ်ပညာတွေ၊ စွမ်းအားတွေကို အသုံးပြုပြီး ပြည်သူလူထုအကျိုးကိုဖော်ဆောင်ပေးနိုင်မယ့် ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်ဖို့အတွက် ပါဝင်ပတ်သက်တဲ့ ပုဂ္ဂိုလ်အသီးသီးကို တိုက်တွန်း နှိုးဆော်ခြင်းသာ ဖြစ်ပါတယ်။


အုပ်ချုပ်ရေးမဏ္ဍိုင်ကို ကိုယ်စားပြုတဲ့ အစိုးရအနေနဲ့ သော်လည်းကောင်း၊ နိုင်ငံတော်တစ်ရပ်လုံးကို ဦးစီး ဦးဆောင် ပြုနေရတဲ့ သမ္မတ တစ်ယောက်အနေနဲ့ သော်လည်းကောင်း၊ အုပ်ချုပ်ရေး အဖွဲ့အစည်းများရဲ့ လွတ်လပ်ခွင့်နဲ့ လုပ်ဆောင်မှုများကို အသိအမှတ်ပြု ထိန်းကျောင်းသွားမှာ ဖြစ်သလို ဥပဒေ ပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်များရဲ့ လွတ်လပ်ခွင့်နှင့် လုပ်ဆောင်မှုများကိုလည်း အစဉ် အလေးထား ပူးပေါင်းဆောင်ရွက် သွားမယ်ဆိုတာ ပြောကြားလိုပါတယ်။


တရားဥပဒေစိုးမိုးရေးမှာ အရေးအကြီးဆုံးဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ကိုလည်း လွတ်လပ်ပြီး အားကောင်း ခိုင်မာ လာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမှာ ဖြစ်ပါတယ်။


ယခု လဆန်းပိုင်းက ကျင်းပခဲ့တဲ့ ၈၈ ခုနှစ် လူထု လှုပ်ရှားမှု နှစ်ဆယ့်ငါးနှစ် ပြည့် အခမ်းအနားဟာဆိုရင် ကျွန်တော်တို့ နိုင်ငံရေးသမိုင်းအတွက် အရေးကြီးတဲ့ သင်ခန်းစာများ ရယူနိုင်တဲ့ ကိစ္စရပ် တစ်ခုဖြစ်ပါ တယ်။
ဒီလိုကျင်းပနိုင်ခြင်းဟာ မိမိတို့ နိုင်ငံရေးဖြစ်စဉ်မှာ ယခင်ကာလများက မရရှိဖူးသေးတဲ့ “သဘောထား မတူညီသူများ အတူလက်တွဲ လုပ်ဆောင်နိုင်တယ်” ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် တစ်ရပ်ကို တက်လှမ်း နိုင်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ဒီတက်လှမ်းနိုင်မှုကို ကျွန်တော့်အနေနဲ့ အသိအမှတ်ပြု  အလေးထားကြောင်း ကိုလည်း တစ်ဆက်တည်း ပြောကြားလိုပါတယ်။

ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့အနေနဲ့ ခေတ်မီ လူ့အဖွဲ့အစည်းတစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် မတူညီတဲ့ သဘောထားတွေကို ငြိမ်းချမ်းတဲ့နည်းလမ်း၊ အကြမ်းမဖက်တဲ့နည်းလမ်းများနဲ့ ဆွေးနွေးညှိနှိုင်းခြင်း၊ အပေးအယူ လုပ်ခြင်း စတာတွေဟာ မဖြစ်မနေရှင်သန်ရမယ့် အင်္ဂါရပ်များဖြစ်တဲ့အတွက် အလေးထား လေ့ကျင့်ကြရမှာ ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ အခိုင်အမာ ခံယူထားလို့ပဲဖြစ်ပါတယ်။


မတူညီတဲ့ရပ်တည်ချက်ရှိတဲ့ ကျွန်တော်တို့နိုင်ငံသား အားလုံးဟာ အတူ လက်တွဲ လုပ်ကိုင်နိုင်တဲ့ ယုံကြည်မှု အဆင့်အတန်းတစ်ခုကို  တည်ဆောက်နိုင်ဖို့ အမှန်တကယ်လိုအပ်သလို ယုံကြည်မှု တည်ဆောက်ခြင်း ကိုလည်း လက်တွေ့ အကောင်အထည် ဖော် စမ်းသပ်ခြင်းဖြင့်သာ ရရှိနိုင်တယ်လို့ ယုံကြည်ထားပါတယ်။
ဒီပွဲကို စိုးရိမ်ပူပန်မှုတွေ ရှိခဲ့သော်လည်းပဲ မှန်ကန်တဲ့ နိုင်ငံရေး စေတနာတွေကြောင့် အေးချမ်းစွာ ကျင်းပပြီးစီး နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်း တစ်ရပ်လုံးအနေနဲ့ သမိုင်းသင်ခန်းစာတွေကို မေ့ပျောက်ပစ်ခြင်း မဟုတ်ဘဲ နာကျင်မှုတွေ၊ ဆုံးရှုံးမှုတွေ ခံစားခဲ့ရတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ၊ သမိုင်းကြောင်းတွေထဲက ခွဲထွက် နိုင်မယ့် နိုင်ငံရေးဖြစ်စဉ် သစ်တစ်ရပ် အစပြုနိုင်ခြင်းဆိုတဲ့ မျှော်လင့်ချက်ကို စတင်ပိုင်ဆိုင်လာပြီလို့ ဆိုရမှာဖြစ်ပါတယ်။

တစ်ပြိုင်နက်တည်းမှာပဲ ရရှိထားတဲ့ ဖြစ်ထွန်းမှုတွေ ဆက်လက်ရှင်သန်အောင် ဝိုင်းဝန်းကြိုးစား ပေးကြပါလို့လည်း တိုက်တွန်း လိုပါတယ်။
ဩဂုတ်လ အတွင်းမှာ ရေကြီးနစ်မြုပ်ခဲ့မှုတွေ ပေါ်ပေါက်ခဲ့တဲ့ အတွက်ကယ်ဆယ်ရေး၊ ပြန်လည်နေရာ ချထားရေး လုပ်ငန်းတွေ၊ ပျက်စီးခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည် စိုက်ပျိုးနိုင်ဖို့တွေကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများနှင့် ပူးပေါင်းပြီး ကြိုးပမ်းဆောင်ရွက် ခဲ့ရပါတယ်။


မြန်မာနိုင်ငံရဲ့အချို့သော အပူပိုင်းဒေသတွေမှာ ကြုံတွေ့ခဲ့ရတဲ့ မိုးခေါင်ရေရှားမှု ပြသနာတွေ သီးနှံ ပျက်စီးဆုံးရှုံးမှုတွေကိုလည်း ကြိုးစား ဖြေရှင်းနေရပါတယ်။ ဒီလိုရေကြီးမှု၊ မိုးခေါင်ရေရှားမှု သဘာဝ ဘေးအန္တရာယ်တွေကို နောင်နှစ်တွေမှာ ဆိုးဆိုးရွားရွား မခံကြရအောင် လိုအပ်တဲ့ ကြိုတင် ကာကွယ်မှုတွေ ကို ပြင်ဆင်လုပ်ဆောင် သွားကြရမှာဖြစ်ပါတယ်။


ကျွန်တော်တို့အစိုးရအဖွဲ့ တာဝန်ယူမယ့် ကျန်ရှိတဲ့ လ(၃၀)မှာ ပြည်သူဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း များ ကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတော်သစ်ကို တည်ဆောက် တဲ့ နေရာမှာ ပြည်သူတွေရဲ့လိုအင်ဆန္ဒတွေ၊ အင်အားတွေနဲ့ အစိုးရရဲ့ လုပ်ဆောင်မှုတွေကို ဟန်ချက် ညီညီ
ပေါင်းစည်းနိုင်ဖို့အတွက် မြို့မိမြို့ဖတွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက် အကူပြုကော်မတီ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီတွေကို ပြုပြင်ပြောင်းလဲရေး ဦးဆောင်ကော်မတီ အ ဖွဲ့ဝင် သက်ဆိုင်ရာဝန်ကြီးတွေက တိုင်းဒေသကြီး/ပြည်နယ် အသီးသီးသို့ ကွင်းဆင်းသွားရောက်ပြီး ပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြတဲ့အပြင် ကြုံတွေ့နေရတဲ့ အခက်အခဲ ပြဿနာတွေကိုလည်း ညှိနိုင်း ဖြေရှင်းဆောင်ရွက် ပေးလျက် ရှိပါတယ်။



ကျွန်တော်တို့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ရဲ့ အဓိ ဦးစားပေး မူဝါဒတစ်ခုဖြစ်တဲ့ ကျေးလတ်ဒေသ ဖွံ့ဖြိုးရေးကိုလည်း ပိုမို ထိရောက်စွာ  အကောင် အထည်ဖော်နိုင်ဖို့ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာနကို ပြောင်းလဲဖွဲစည်းပေးခဲ့ပါတယ်။ ပြည်တွင်း အရပ်ဘက် လူ့ အဖွဲ့အစည်း တွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေ ရဲ့ ပူးပေါင်းအင်အားကို အကောင်းဆုံး ရယူနိုင်ဖို့ မူဘောင်တွေ၊ မဟာဗျူဟာတွေကို စတင်ချမှတ်နိုင်ပြီဖြစ်တဲ့ အတွက် မကြာမီကာလမှာ လက်တွေ့ကျတဲ့ တိုးတက်မှုတွေ အသီးအပွင့်တွေကို ကျေးလတ်နေပြည်သူများ ခံစားနိုင်တော့မှာဖြစ်ပါတယ်။


ကျွန်တော့်အနေနဲ့ကတော့ ကျွန်တော် တာဝန်ယူထားတဲ့ သက်တမ်းကာလ အတွင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင်၊ ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ပိုမိုကောင်းမွန်လာအောင်နောင် အနာဂတ် မျိုးဆက်သစ် တွေအတွက်ပါ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ဘ၀တွေ ပိုင်ဆိုင်လာကြဖို့အတွက် ရေရာသေချာတဲ့ အနာဂတ်တစ်ခုကို ရှေးရှုပြီး တစိုက်မတ်မတ်ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း ပြောကြားလိုပါတယ်။


လွှတ်တော်များ၊ အစိုးရ ၊ တရားစီရင်ရေး အဖွဲ့ အစည်းများနိုင်ငံရေးပါတီ များနှင့် နိုင်ငံရေး အင်အားစုများ၊ တပ်မတော်နဲ့ ပြည်သူလူထု တစ်ရပ်လုံးအနေနဲ့ လက်ရှိရရှိထားတဲ့ နိုင်ငံရေး ယဉ်ကျေးမှုသစ် စတင်နိုင်ခြင်း၊ လမ်းကြောင်းမှန်တဲ့ နိုင်ငံရေးအရွေ့၊ အာမခံချက်ရှိသည့် နိုင်ငံရေးဖြစ်စဉ်တွေကို အမှန်တကယ်ခိုင်မာတဲ့ အမျိုးသားရေးဖြစ်စဉ်တစ်ရပ်အဖြစ် ရယူပိုင်ဆိုင် နိုင်ဖို့ ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြုပြင်ပြောင်းလဲရေး များ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်များ၊ မြန်မာ့လူ့အဖွဲ့အစည်း၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ခြင်းဆိုသည့် လူမှုတန်ဖိုးများ ပြန်လည် ဖော်ဆောင်ရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သွား ကြရမှာ ဖြစ်ပါတယ်။


ဒီလိုကြိုးပမ်း ဆောင်ရွက်မှသာ မြန်မာ့ လူ့အဖွဲ့အစည်းအတွက် အရေးအကြီးဆုံး ဖြစ်တဲ့ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေးကို ရရှိမှာဖြစ်တဲ့အတွက် အားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။


မိဘပြည်သူများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံကြပါစေ။

လက်တလော ဖြစ်နေသည့် သူရိန်လှိုင်ဝင်း ပြဿနာ မှာ Myanmar News Update ၏ Facebook အား Hack ခံရခြင်းကြောင့် ဟု သိရ



From : .. http://myanmarnewsupdates.blogspot.com/2013/09/myanmar-news-update-facebook-fan-page_4682.html


 ကျနော်၏ Myanmar News Update ၏ Facebook Fan Page အား ၃၀-၈-၂၀၁၃ ရက်နေ့ မနက် ၁၀နာရီ ခွဲတွင် Password စတင် အချိန်းခံခဲ့ရပါသည်။ ၃၁-၈-၂၀၁၃ ရက်နေ့ မနက် ၂ နာရီခွဲ မှ စတင်ပြီး ကျနော်တင်နေသော Admin အားလုံး ဖြုတ်ချသွားပါတယ်။ မိမိ၏ Fan Page တစ်ခုလုံး Hack လုပ်ခံရပါတယ်။ ကျနော်၏ Fan Page ရရှိရန်အတွက် ပြန်လည်ကြိုးစားလျက် ရှိပါတယ်။ Facebook အဖွဲ့အစည်း သို့လည်း ပြန်လည်တောင်းဆိုထားပါတယ်။ မြန်မာနိုင်ငံရှိ နာမည်ကြီး Hacker Group များမှလည်း ကူညီလျက် ရှိပါသည်။ ယခုအချိန်တွင် Myanmar News Update မှာ Blog myanmarnewsupdates.blogspot.com တစ်ခုတည်းသာ ရှိတော့ပါသည်။ ယခု အချိန်တွင် ကျနော်၏ Blog တွင် Facebook Fan Page အား ဖြုတ်ချထား ပါတယ်။
သတင်းများအား Myanmar News Update တစ်ခုတည်း မှ News Feed ယူသော် လည်း အောက်မှာ တွေ့ရတဲ့ http://shwefulwar.blogspot.com ဆိုတဲ့ Blog မှ သတင်းယူထား ကြောင်း တွေ့ရှိရပါတယ်။
စတင် Hack လုပ်ခံရချိန် မြင်တွေ့ရပုံ


ထို့နောက် စတင်ပြီး ရခိုဒီမိုကရေစီအဖွဲ့ချုပ်၊ ကိုသူရိန်လှိုင်ဝင်း နှင့် ဒေါ်အောင်ဆန်းစုကြည် ၏ သတင်းများ အား တင်သွားကြောင်း တွေ့ရပါတယ်။


ကျနော်သည် ရခိုင်လူမျိုး တစ်ဦးဖြစ်ပြီး ကျောက်တော်နယ် ဇာတိဖြစ်ပါတယ်။ မိမိ၏ ၀ါသနာ အလျောက် Facebook တည်ဆောက်ပြီး သတင်းများ ကူးယူဖေါ်ပြပြီးတင်ခြင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင်သာ နေထိုင်ပြီးသတင်းများတင် ခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားသို့ သွားရောက်ဖူးခြင်း မရှိပါ။ ယခုအခါ သတင်းများ ကို မလေးရှားမှတင်နေကြောင်း တွေ့ရှိရပါတယ်။
ယခုအခါ Myanmar News Update, Eleven Media နဲ့ အမျိုးသားရေးဝါဒီ ကိုသူရိန်လှိုင်ဝင်း ဆိုပြီး တင်ထားပါသည်။ အခြားသတင်းများ ကိုလည်း ဆက်လက် Post လုပ်လျက်ရှိပါသည်။ မိမိ Fan Page အား Hack လုပ်သောသူမှာ ငွေကြေးအရသော် လည်းကောင်း၊ နိုင်ငံရေးအမြတ်ထုတ်ရန် သော် လည်းကောင်း၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်ရန်သော် လည်းကောင်း၊ မည်သည့် အတွက် ပြုလုပ် သည်ကို မိမိအနေဖြင့် မပြောတတ်တော့ပါ။ မိမိတွင် Admin Team ဟူပြီး မရှိပါ။ တစ်ဦးတည်း Admin များ ခွဲပြီး Post တင်ခြင်းဖြစ်ပါသည်။
ပြန်လည် ရရှိခြင်း မရှိပါက အပြီးအပိုင် ဖျက်နိုင်ရေး ကြိုးစားသွားမည် ဖြစ်ကြောင်း အသိပေး ကြေငြာ အပ်ပါသည်။

တစ်ခြား မီဒီယာ များမှလည်း ဒီသတင်းကို ကူးယူဖော်ပြပေးပါလို့ ကျွန်တော် မေတ္တာရပ်ခံပါတယ် ဗျာ ..

Myanmar News Updates ချစ်ပရိတ်သတ်များအားလုံး ကျေးဇူးပြုလို့  share ပေး ၊ ကူးယူဖော်ပြပေးစေလိုပါတယ် ...

စိတ်ကူးသစ်များ ဖန်တီးနိုင်ရန် လုပ်ရမည့် အချက် ငါးချက်






Sunday, September 1, 2013


တစ်ခါတစ်ရံမှာ ဖန်တီးဆောင် ရွက်ရမယ့် ကိစ္စတွေ အတွက် စိတ်ကူး အသစ်တွေ တွေးမရ တာမျိုး၊ ကြံမရ တာမျိုး ဖြစ်နေတတ် ပါတယ်။ အဲဒီလို အခါမျိုးမှာ အောက်ပါ အချက် ငါးချက်ကို လုပ်ဆောင်ကြည့် ပါက စိတ်ကူး အသစ်များ၊ ဖန်တီးမှု အသစ်တွေကို ရရှိစေနိုင် ပါတယ်။

(၁) လမ်းသစ်က သွားပါ

အလုပ်သွားတဲ့ အခါ ခါတိုင်းသွားနေ ကျ လမ်းအတိုင်း မသွားဘဲ တခြားလမ်း တစ်ခုကနေ ပြောင်းလဲ သွားကြည့်ပါ။ ရုံးသွားနေကျလမ်း မဟုတ်တာကြောင့် သင်တွေ့ရမယ့် ပတ်ဝန်းကျင် ကလည်း မြင်နေကျ မဟုတ်တော့ တာကြောင့် စိတ် ကူးသစ်တွေ ရရှိနိုင်ပါတယ်။

(၂) ကလေးတစ်ယောက်နှင့် စကားပြောပါ

ကလေးငယ် တစ်ယောက်ရဲ့ စိတ်ကူး စိတ်သန်းတွေက လူကြီးတစ်ယောက်နဲ့ ဘယ်လိုမှ မတူညီနိုင်ပါဘူး။ ကလေးတစ် ယောက်ကို သင့်အခက်အခဲနဲ့ စိတ်ကူးနေ တဲ့ အကြောင်းအရာတွေကို ပြောပြပြီး ကလေးငယ်သာဆို ဘာလုပ်မလဲဆိုတာ မျိုး မေးကြည့်ပါ။ သင်ထင်မှတ်မထားမိ တဲ့ ရှူထောင့်ပုံစံမျိုးကို ကလေးငယ်ဆီက ရရှိနိုင်ပါတယ်။ ကလေးငယ်ဆီက သိရတဲ့ အကြောင်းအရာက သင်တကယ်လိုအပ် နေတဲ့ အခြေအနေနဲ့ လုံးဝကိုက်ညီမှုမျိုး ရမယ်လို့တော့ မျှော်လင့်မထားပါနဲ့။

(၃) ကြုံရာစာအုပ်ကို လှန်လှောကြည့်ပါ

ပုံမှန်ဖတ်နေကျ စာအုပ်၊ စာပေမျိုး တွေ မဟုတ်ဘဲ ကြုံရာ၊ နီးစပ်ရာ စာအုပ် ကို လှန်လှောကြည့်ရှု တာမျိုးက စိတ်ကူး စိတ်သန်းသစ်တွေ ပေါ်လာတတ်ပါ တယ်။ စိတ်ကူးသစ်တွေ တွေးတောလို့ မရတဲ့အခါ လမ်းလျှောက်ပြီး စာအုပ်ဆိုင် သွားကာ တွေ့ရာစာအုပ် တချို့ကို လှန် လှောကြည့်ရှုပါ။

(၄) အတိတ်က အသုံးပြုခဲ့ ဖူးသော ပစ္စည်းများကို ပြန်လည် ရှာဖွေပါ

အခန်းတွင်းမှာ အရင်က အသုံးပြုခဲ့ဖူးတဲ့ အသုံးအဆောင်တွေ၊ အမှတ်တရ သိမ်းထားတဲ့ ပစ္စည်းတွေကို ပြန်လည်ရှာ ဖွေတာ၊ အရင်ရေးသားခဲ့ဖူးတဲ့ ဒိုင်ယာရီ စာအုပ်ကို ပြန်ဖတ်တာတွေက မမျှော် လင့်ဘဲ စိတ်ကူးအသစ်တွေ ရရှိလာစေ ပါတယ်။

(၅) တွေးတောမှု များကို ရပ်လိုက်ပါ

စိတ်ကူး အသစ် ရလိုဇောနဲ့ စားလည်း ဒီစိတ်၊ သွားလည်း ဒီစိတ်၊ မအိပ်ခင် လည်း ဒီစိတ်နဲ့ပဲ အမြဲတမ်း စဉ်းစားတွေး တောနေရင် ဦးနှောက်မှာ ရှုပ်ထွေးလာ တာကြောင့် စိတ်ကူး သစ်တွေ ရရှိလာမှာ မဟုတ်ပါဘူး။ ဒါကြောင့် စဉ်းစားတွေး ခေါ်မှုတွေကို ရပ်လိုက်ပါ။ သင်တွေးတော နေတာနဲ့ မဆိုင်တာ တွေကို လုပ်ဆောင် နေရင်းက ရုတ်တရက် အတွေး သစ်တွေ ပေါ်လာပြီး ဖန်တီးမှု အသစ်တွေ ကို လုပ် ဆောင်နိုင် ပါလိမ့်မယ်။

ဇာခြည်ဝင်း(ဆေးဝါးတက္ကသိုလ်)
Good Healths

မှော်ဘီရွှေမြယာရွာနှင့် ဖူးကြီးရွာများရှိအသုံးမပြုသည့်တပ်သိမ်းမြေများမူလလယ်ပိုင်ရှင် များက အစိုးရထံတောင်းဆို




မှော်ဘီ မြို့နယ် ရွှေမြယာကျေးရွာနှင့် ဖူး ကြီးကျေးများရှိ တပ်သိမ်းလယ် ယာမြေဧက ၉၅ဝကျော်အနက် တပ်မတော်မှ အသုံးမပြုဘဲကျန် ရှိနေသော လယ်ဧက ၄၀ရဒသမ ၄၁ဧကအား မူလလယ်ပိုင်ရှင်များ မှ လယ်လုပ်ပိုင်ခွင့် ပြန်လည်ရရှိ ရေးအတွက် နိုင်ငံတော်အစိုးရ ထံတောင်းဆိုလိုက်ကြောင်း သိ ရသည်။
၁၉၉၃၊ ၁၉၉၄ခုနှစ်များတွင် စစ်ဆင်ရေးနှင့် ကွပ်ကဲရေးဌာနခွဲ (စကခ-၄)တပ်ရင်းမှ တပ်မတော် အဆောက်အအုံများဆောက်လုပ် ရန်အတွက် ယင်းကျေးရွာနှစ်ခု ၏ လယ်ယာမြေ ၉၅ဝကျော်ကို သိမ်းယူခဲ့ပြီး လယ်ယာမြေအချို့ ကို သီးစားချငှားရမ်းလုပ်ကိုင်ခဲ့ ကြကြောင်း၊ ယင်းအတွက် မူလ ပိုင်ရှင်လယ်သမားများအနေဖြင့် ယင်းလယ်ယာမြေ ၄၀ရဧက ကျော်ကိုပြန်လည်၍ လယ်လုပ် ကိုင်ခွင့်ရရှိရန် တောင်းဆိုကြ ခြင်းဖြစ်ကြောင်း ကျေးရွာနေလယ် သမားများက ဆိုသည်။
လယ်ယာမြေများ ပြန်လည် ရရှိရန်အတွက် ဩဂုတ်၂ရရက် တွင် လယ်ယာမြေနှင့် အခြား မြေများ သိမ်းဆည်းခံရမှုစုံစမ်း ရေးကော်မရှင်၊ စစ်ထောက် ချုပ်ရုံး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌ အစရှိ သည်တို့ကို လယ်ယာမြေ ပြန် လည်လုပ်ကိုင်ခွင့်ရရှိရေးအတွက် စာတင်ခဲ့ကြောင်း လယ်သမားအ ရေးတက်ကြွစွာဖြေရှင်းပေးသူ ကို မျိုးမြင့်အောင်က ပြောသည်။
ရွှေမြယာကျေးရွာနေ လယ် သမားဦးမြင့်သန်းက ''လယ် ၁၈ ဧကအသိမ်းခံရတယ်။ တပ်က ၉၄ခုနှစ်ပဲလယ်လုပ်ပြီး ကျန်တဲ့နှစ် တွေ လယ်မလုပ်တော့ဘူး။ သူတို့ က တစ်ဧကကို ၁၅တင်းနှုန်းနဲ့ သီးစားပြန်ချစားတယ်။ တပ်ပိုင် အဆောက်အအုံတွေ မဆောက် ဘဲနဲ့ ကျန်နေတဲ့ မြေလွတ်တွေကို ဒီလိုသီးစားချစားပြီး ဦးတို့ကိုပြန် မပေးခဲ့ဘူး။ ဒီအတွက် မူလပိုင်ရှင် ဦးတို့က လယ်မြေကို ပြန်လုပ်ပိုင် ခွင့်ရချင်တယ်''ဟုပြောသည်။
တပ်သိမ်းမြေအဖြစ် သိမ်း ယူပြီး သီးစားချသော်လည်း ယခု လယ်ယာမြေဥပဒေထွက်ရှိပြီး သည်အထိ သိမ်းယူထားသည့် တပ် မှလယ်မြေများကို ၂၀၁၃ခုနှစ် အထိ သီးစားချထားကြောင်း လယ်သမားများကဆိုသည်။
လယ်သမား ကိုမြင့်မောင်က ''ကျွန်တော် အခုထက်ထိ တစ် ဧက ၁၂တင်းပေးပြီး လယ်လုပ် နေရပါတယ်''ဟု ပြောသည်။
တပ်သို့ ပြောင်းရွှေ့လာ သော တပ်ရင်းမှူးများသည် လယ် လုပ်သည့် ဝါသနာပါပါက လယ် လုပ်လေ့ရှိကြပြီး ဝါသနာမပါ ပါက သီးစားချခြင်းဖြစ်ကြောင်း လယ်သမားကိုသိန်းထွန်းက ဆို သည်။
လယ်ယာမြေ ပြန်လည်ရရှိ လိုသူ လယ်သမားများထဲတွင်ပါ ဝင်သူ ရွှေမြယာကျေးရွာ၏အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဝင်းတင်က ''လယ်သိမ်း တုန်းက ဦးလဲ သုံးဧကပါသွားတယ်။ အခုချိန်မှာ လယ်သမားတွေက အတတ်နိုင်ဆုံးတော့ လယ်ပြန် လုပ်ခွင့်ရချင်ကြတယ်။ ဥပဒေအ ရ တောင်းဆိုသွားဖို့ရှိတယ်။ အ မျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို လဲ စာတင်ခဲ့တယ်''ဟုပြောသည်။

ဆီးရီးယားကို အကန့်အသတ်နဲ့တုံ့ပြန်ဖို့ အိုဘားမားစဉ်းစား





1/9/2013

ဆီးရီးယားနိုင်ငံမှာ ဓာတုလက်နက်သုံးတိုက်ခိုက်တယ်လို့ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီးတုံ့ပြန်တဲ့အနေနဲ့ အကန့်အသတ်နဲ့အရေးယူ တိုက်ခိုက်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန်သမ္မတ Barack Obama က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်ချက် တစုံတရာတော့ အပြီးမချမှတ်သေးဘူးလို့ ဆိုပါတယ်။

ဆီးရီးယားအစိုးရဟာ ပြီးခဲ့တဲ့လတိုက်ခိုက်မှုမှာ ဓာတုအဆိပ်လက်နက်တွေ သုံးစွဲခဲ့တာကို အမေရိကန်ထောက်လှန်းရေး အချက်လက်တွေက ညွှန်ပြနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry သတင်းထောက်တွေကို ပြောကြားပြီး မကြာခင်မှာပဲ သမ္မတ အိုဘားမားက အခုလိုပြောခဲ့တာပါ။

ဆီးရီးယားနိုင်ငံ Damascus မြို့တော်နားမှာ ဖြစ်ပွားတဲ့တိုက်ခိုက်မှုအတွင်း ကလေးသူငယ် ၄၂၆ ယောက်အပါအဝင် အရပ်သား ၁၄၀၀ ကျော် သေဆုံးခဲ့ရပြီး ဒီတိုက်ခိုက်မှုမဖြစ်ပွားခင် သုံးရက်အလိုမှာ ဆီးရီးယား အစိုးရ ဓာတုလက်နက်ကိုင်တပ်ဖွဲ့ကို အဲဒီဒေသမှာ တွေ့ရကြောင်း အထောက်အထားတွေ ရခဲ့တယ်လို့ ဝန်ကြီး Kerry ကပြောပါတယ်။ ဒါ့အပြင် ပစ်ခတ်ခဲ့တဲ့ ရော့ကက်ဒုံးကျည်ဟာ ဆီးရီးယားအစိုးရတပ်တွေ ထိန်းချုပ်ထားတဲ့ နေရာကလာတာဖြစ်ပြီး အတိုက်အခံတွေ ခြေကုပ်ယူထားတဲ့နေရာနဲ့ ဝန်းကျင်ကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

ဆီးရီးယားအရာရှိတွေက အဆိပ်ဓာတ်ငွေ့သုံး တိုက်ခိုက်တာကို အတည်ပြုကြောင်း ပြောကြားချက်တွေကို ကြားဖြတ်နားထောင်ထားတဲ့ အထောက်အထားတွေကိုပါ ထောက်လှန်းရေးအစီရင်ခံစာထဲမှာ တွေ့ရတယ်လို့ ဝန်ကြီး ကယ်ရီကပြောပါတယ်။

သမ္မတအိုဘားမားက စစ်တပ်ဘက်ကရော သူ့ရဲ့အမျိုးသားလုံခြုံရေး အဖွဲ့ဝင်တွေဆီကပါ သတင်းအချက်အလက်တွေကို ဆက်ယူနေပြီး အမေရိကန်လွှတ်တော်နဲ့ မဟာမိတ်နိုင်ငံတွေဆီက အကြံဉာဏ်တွေကိုပါ ယူနိုင်ဖို့ တိုင်ပင်နေတယ်လို့ အမေရိကန်အရာရှိတွေက ပြောပါတယ်။

VOA Burmese

အိန္ဒိယမှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်သူတဦးကို ပြစ်ဒဏ်စီရင်






၁.၉.၂၀၁၃၊ တနင်္ဂနွေနေ့

အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်မှာ ပြီးခဲ့တဲ့နှစ်တုန်းက အမျိုးသမီးတစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့မှုနဲ့ ဆယ်ကျော်သက်တစ်ယောက်ကို တရားရုံးက အပြစ်ရှိတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။

မုဒိန်းအကျင့်ခံခဲ့ရတဲ့ အမျိုးသမီးဟာ နောက်ပိုင်းမှာ ဆေးရုံမှာသေဆုံးသွားခဲ့တဲ့ အတွက် မုဒိန်းမှု၊ လူသတ်မှုတို့နဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့တာပါ။ ဒီပြစ်မှုတွေကို ကျူးလွန်ချိန်မှာ အသက် ၁၇ နှစ်ပဲ ရှိသေးတဲ့လူငယ်ကို အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပါတယ်။ အခုတော့ အသက် ၁၈ နှစ်ရှိနေပြီတဲ့ အဲဒီလူငယ်ကို ဖမ်းဆီးထားတဲ့ကာလတွေ ကိုလည်း ပြစ်ဒဏ်ကာလအဖြစ်နဲ့ ထည့်တွက်ပါတယ်။

သေဆုံးသွားခဲ့တဲ့ အမျိုးသမီးရဲ့ မိသားစုတွေကတော့ အဲဒီဆယ်ကျော်သက်ကို သူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့တန်အောင်လို့ သေဒဏ်အပြစ်ပေးအောင် တရားရုံးကို တိုက်တွန်းခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့အမှုနဲ့နှိုင်းစာရင် နည်းလွန်းတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလတုန်းက အသက် ၂၃ နှစ်အရွယ် ကျောင်းသူဟာ လူ ၆ ယောက်ရဲ့ အဓမ္မပြုကျင့်တာ ခံခဲ့ရပြီးတဲ့နောက်မှာ အတွင်းဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တာပါ။

အုပ်စုဖွဲ့ မုဒိန်းကျင့်ခံထားရတယ်လို့ စွပ်စွဲခံထားရတဲ့ ကျန်အမျိုးသားလေးယောက်ကိုလည်း အထူးတရားရုံးတွေမှာ စစ်ဆေးနေပြီးတော့ အပြစ်ရှိတယ်လို့ တွေ့ရှိရင် သေဒဏ်အထိ ကျခံကြရမှာ ဖြစ်ပါတယ်။

သူတို့အုပ်စုထဲမှာ ပါတယ်ဆိုတဲ့လူတစ်ယောက်ကတော့ မတ်လတုန်းက အချုပ်ခန်းထဲမှာ သေဆုံးခဲ့ပါတယ်။ အခုလိုမျိုး ကျောင်းသူတစ်ယောက်ကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်မှုကြောင့် အိန္ဒိယနိုင်ငံတဝှမ်းမှာတင်မကဘဲ နိုင်ငံတကာမှာပါ ဆန့်ကျင်ဆန္ဒပြမှုတွေ ရှိခဲ့ပါတယ်ရှင်။

VOA burmese

ပြစ်မှုကျူးလွန်သူများက ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ် ပွားလာ၍ ရဲအင်အားကို ကျူးလွန်သူများ အင်အားထက် သာလွန်အောင် အသုံးပြု၍ ဖမ်းဆီးမည်


Sunday, September 1, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယခုနှစ်၌ ရဲတပ်ဖွဲ့မှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရာတွင် အချို့ကျူးလွန်သူများက ပြန်လည်တိုက်ခိုက်သဖြင့် ထိရောက်စွာ အရေးယူသွားမည့်အပြင် ကျူးလွန်သူများကို ဖမ်းဆီးပါက ၎င်းတို့ထက် သာလွန်သည့် အင်အားတို့ဖြင့် ဖမ်းဆီးစစ်ဆေးသွား မည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က "အခုနှစ်ပိုင်းမှာဆိုရင် ရဲတွေကို ပြစ်မှု ကျူးလွန်တဲ့ သူတွေက ပြန်လည်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ မကြာခဏ ဆိုသလို ဖြစ်နေပါတယ်။

ဒါကြောင့် နောက်ပိုင်းဖမ်းဆီးမှုတွေ ပြုလုပ်တဲ့အခါမှာ ကျူးလွန်သူတွေရဲ့ အင်အားထက် ပိုများတဲ့ ရဲတပ်ဖွဲ့အင်အားကို တိုးပြီးတော့ ဖမ်းဆီးသွားမယ်။ တိုက်ခိုက်တဲ့ သူတွေကိုလည်း မူလပြစ်ဒဏ်အပြင် ၀တ္တရားနှောင့်ယှက် မှုနဲ့ ပြန်လည်တိုက်ခိုက်တဲ့ ပြစ်မှုအပေါ် မူတည်ပြီးတော့ ထပ်မံအရေးယူ သွားပါမယ်" ဟု သြဂုတ် ၃၁ ရက် မွန်းလွဲပိုင်းက သုံးသပ်ပြောကြားသည်။
၂၀၁၃ ခုနှစ်၊ သြဂုတ် ၁၈ ရက် ညပိုင်းက မတ်တူးငွေမှင်ရောင်ကား ကို မောင်းနှင်သည့် အမျိုးသားတစ်ဦးက ညဘက်ယာဉ်စစ်ဆေး ဆောင် ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များကို ခြေထောက်ဖြင့်ကန်၊ လက်သီးဖြင့်ထိုးကာ ဒုရဲအုပ်တစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ်စဉ်နှင့် သြဂုတ် ၂၉ ရက် မွန်းလွဲပိုင်းတွင် ယာဉ်လိုင်းအမှတ် ၁၈၇ ခရီးသည်တင် ယာဉ်တစ်စီး၏ ယာဉ်မောင်းဖြစ်သူက ၎င်း၏ကားကို ချလန်ဖြတ် အရေးယူမှုကြောင့် မကျေမနပ်ဖြစ်ကာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် ဖြစ် စဉ်တို့ ဖြစ်ပွားခဲ့သည်။

ဆက်လက်၍ ဒုတိယရဲမှူးကြီး ၀င်းကြည်က "ရဲတပ်ဖွဲ့ဝင်တွေက ပြစ်မှုကျူး လွန်တဲ့ သူတွေကို ဖမ်းဆီးတဲ့အခါ အသာတကြည် အဖမ်းခံဖို့ လိုတယ်။ ဖမ်းတဲ့သူကို စစ်ဆေးမှုတွေ ပြုလုပ်လို့ မရအောင် ဟန့်တားလာတဲ့ အပိုင်းကို ရှောင်ကြဉ်ဖို့ လိုပါတယ်" ဟု ပြောကြားသည်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် နှစ်ဦးကို ဓားဖြင့်ထိုးခဲ့သည့် အခင်းဖြစ်ပွား ရာ လေးထောင့်ကန်လမ်းနှင့် ပင်ရွှေညောင် လမ်းထောင့်နေ ရာ အား တွေ့ရစဉ်

Eleven Media Group

အင်ဒိုသာသနာရေးဝန်ကြီး မယ်ကမ္ဘာရွေးပွဲကို ဖျက်ခိုင်း





စက် တင်ဘာ၈ရက်တွင် မယ်ကမ္ဘာပြိုင် ပွဲ ဘာလီကျွန်း၌စတင်မကျင်းပမီ သီတင်းပတ်တစ်ပတ်အလို မူဆလင် အများစုရှိသော အင်ဒိုနီးရှားတွင် ဆန့်ကျင်မှုများ မြင့်မားလာသည်။ ၎င်းမယ်ကမ္ဘာအလှမယ် ရွေးချယ် ပွဲအား ဖျက်သိမ်းရန် အင်ဒိုနီးရှား သာသနာရေးဝန်ကြီးက တောင်း ဆိုလိုက်သည်။
ဘီကီနီရေကူးဝတ်စုံဝတ် ပြိုင်ခြင်းကို ပယ်ဖျက်ရန်ပွဲစီစဉ် သူများက သဘောတူခဲ့သော် လည်း ပွဲအားဖျက်သိမ်းရန် နိုင်ငံ ၏ ထိပ်တန်းအစ္စလာမ္မစ်ဘာသာ ရေးခေါင်းဆောင် အဖွဲ့အစည်း ကတောင်းဆိုခဲ့သည်။ စီစဉ်သူ များအနေဖြင့် ယင်းဘာသာရေး အဖွဲ့အစည်း အကြံပြုချက်ကို လိုက်နာသင့်သည်ဟု သာသနာ ရေးဝန်ကြီး ဆူရီယာဒါမအလီက ပြောသည်။
''မယ်ကမ္ဘာပြိုင်ပွဲကို အခိုင် အမာဆန့်ကျင်ကြောင်း The Indonesian Ulema Council က ထုတ်ဖော် ပြောကြားထားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အစ္စ လာမ္မစ်ရဲ့ အဆုံးအမတွေနဲ့ကိုက် ညီမှုမရှိလို့ပါ။ မူဆလင်အမျိုးသမီး တွေဟာ လျှပ်ပေါ်လော်လီတဲ့ကိုယ် ခန္ဓာအစိတ်အပိုင်းတွေကို ဖုံးအုပ် ထားရမယ်လို့ အစ္စလာမ်သာသနာ ကဆုံးမထားပါတယ်''ဟု ဩဂုတ်၂၉ ရက်နောက်ပိုင်းက ကြေညာချက် တစ်ခုတွင် ဝန်ကြီးက ပြောကြား ခဲ့သည်။
ဝန်ကြီးသည် ပြိုင်ပွဲကို လူ သိရှင်ကြားဆန့်ကျင်သည့် ပထမ ဆုံးအစိုးရအရာရှိဖြစ်ရာ ဗြိတိန် အခြေစိုက် ပွဲစီစဉ်သူများအတွက် ထိုးနှက်ချက် အသစ်တစ်ခုဖြစ် သွားခဲ့သည်။ အမျိုးသမီးများ၏ ကိုယ်ခန္ဓာကို ထုတ်ဖော်ပြသသော ယင်းပြိုင်ပွဲကို ဆန့်ကျင်ကြောင်း ထိုနေ့မှာပင် ဝန်ကြီးအရင် အမျိုး သားလူ့အခွင့်အရေးကော်မရှင် ၏ အကြီးအကဲက ပြောကြားခဲ့ သေးသည်။
ပြည်တွင်းမှ ပွဲစီစဉ်သူများ ကမူ ဝန်ကြီး၏ပြောကြားချက် ကြောင့် တုန်လှုပ်မှုမရှိခဲ့ပေ။ ပွဲ မှာ ၎င်း၏ ပိုင်နက်နယ်ပယ်ထဲ တွင်မရှိသဖြင့် ပွဲကို ဆက်လက် ကျင်းပသွားရမည်ဟု ဆိုသည်။
''ဒါဟာ အစ္စလာမ္မစ်နိုင်ငံ တစ်ခုမဟုတ်ပါဘူး။ ဒီပြိုင်ပွဲကလဲ ယဉ်ကျေးမှုပွဲပါ။ ဘာသာရေးပွဲ မဟုတ်ပါဘူး''ဟု ပြည်တွင်းမှစီ စဉ်သူ ရုပ်သံ RTC ၏ ပေါင်းစည်း အတွင်းရေးမှူး အက်ဂျီအက်စ် ဆိုရက်မက်ဂျီက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။
ထို့အပြင် တခြားဝန်ကြီး အများအပြားက မယ်ကမ္ဘာရွေး ပွဲကိုထောက်ခံမည်ဟု ပြောကြား ခဲ့သေးသည်။

ပွဲသိမ်းမြန်၍ ပရိသတ်အကြိုက် တွေ့ခဲ့သည့် MMA ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံလုပွဲ ကျင်းပ



ရန်ကုန် ၊ ၁-၉-၂၀၁၃

မြန်မာနိုင်ငံတွင် ပထမဦးဆုံး အကြိမ် ကျင်းပသည့် MMA ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ လုပွဲအား ယမန်နေ့ ညနေ ၃ နာရီမှ စတင်ခဲ့ကာ ည ၆ နာရီခန့်တွင် အောင်မြင်စွာ ကျင်းပ ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများတွင် ပထမဦးဆုံးပွဲ ဖြစ်သော MMA Myanmar National Championship လုပွဲ၌ မန္တလေး မှ ဖိုးသားကြီး နှင့် တောင်ကလေး ကလပ်မှ ထက်အောင်ဦး တို့ပွဲတွင် ဒုတိယအချီ ၁၀ စက္ကန့်တွင် ဖိုးသားကြီး ၏ တိုက်ရိုက် လက်သီးချက်ဖြင့် ပွဲသိမ်းခဲ့၍ ဖိုးသားကြီးမှာ MMA Myanmar National Championship ဖြစ်သည်။

ဆက်လက်၍ MMA Myanmar Indochina Bantamweight Championship ပွဲအား ဆက်လက် ကျင်းပရာ ဆွီဒင်နိုင်ငံသား Ricky Granstad နှင့် ဖိလစ်ပိုင် နိုင်ငံသား Joel " Sniper " Rafols တို့အတွဲတွင် ဆွီဒင် နိုင်ငံသား Ricky Granstad က ပထမအချီ ၃၀ စက္ကန့်၌ ပင့်လက်သီးဖြင့် ပွဲသိမ်းခဲ့သည်။

MMA Myanmar Indochina Featherweight Championship ပွဲတွင် နာမည်ကြီး ဖိလစ်ပိုင် နိုင်ငံသား Dean Bermude နှင့် ထိုင်းနိုင်ငံသား Jitsada Pong Thong တို့ပွဲတွင် ပထမအချီ ၃၂ စက္ကန့်၌ ထိုင်းနိုင်ငံသား Jitsada Pong thong ကအလဲထိုး၍ နိုင်သည်။ ၄င်းပွဲမှာ ပရိသတ်များ အကြိုက် တွေ့ခဲ့သည့် ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့သည်ကို တွေ့ရှိရသည်။

MMA Myanmar Indochina Lightweight Championship ပွဲတွင် နယူးဇီလန် နိုင်ငံသား Bradley Stephen Riddell နှင့် မလေးရှား နိုင်ငံသား Chee Jian Kai တို့ပွဲတွင် နယူးဇီလန် နိုင်ငံသားက ဒုတိယအချီ မိနစ် ၂၀ တွင် အလဲထိုး အနိုင်ယူခဲ့သည်။

MMA Myanmar Indochina Welterweight Championship ပွဲတွင် သြစတြေးလျ နိုင်ငံသား Ashley Bren နှင့် အီရန် နိုင်ငံသားး Alierza " King Punisher " Jadidi တို့ပွဲတွင် ပထမအချီ ၁ မိနစ် ၁၀ စက္ကန့် ၌ အီရန် နိုင်ငံသား မှ အနိုင် ရရှိခဲ့သည်။

MMA Myanmar Indochina Welterweight Championship ပွဲတွင် ဂျပန်နိုင်ငံသား Kenko Samurai Ura နှင့် သြစတြေးလျ နိုင်ငံသား တို့ပွဲတွင် ဒုတိယအချီ ၂၄ စက္ကန့်၌ ဂျပန်နိုင်ငံသား မှ အနိုင် ရရှိခဲ့သည်။

နောက်ဆုံးပွဲ ဖြစ်သော MMA World Series Heavyweight Championship ပွဲတွင် အီရန် နိုင်ငံသား Akbar Karimi နှင့် ဟောင်ကောင် နိုင်ငံသား Northerwan " Pak Attack " Khanzada ဖြစ်သူတို့ ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ပထမအချီ ပြီးဆုံးရန် စက္ကန့် အနည်းငယ် အလိုမှာပင် အရှေ့တိုင်း ရိုးရာဖြစ်သော ကရာတေး ကိုယ်ခံပညာ ဖြင့် ဟောင်ကောင် နိုင်ငံသား အား ယှဉ်ပြိုင် ထိုးသတ်ခဲ့ရာ ဟောင်ကောင် နိုင်ငံသား မယှဉ်နိုင်ဘဲ အရှုံးပေး ခဲ့ရသည်။ ယင်းပွဲ၌ အီရန် နိုင်ငံသား မှ MMA World Series Heavyweight Championship ရရှိသည်။

MMA ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ လုပွဲများအား ပရိသတ်များ အကြိုက် တွေ့ခဲ့သော်လည်း ပွဲများ၏ စည်းမျဉ်းများ နှင့် အနည်းငယ် စိမ်း နေသောကြောင့် ပရိသတ် တို့မှာ မည်သူရှုံးမည် ဆိုသည်ကို မဆုံးဖြတ် တတ်ကြကြောင်း တွေ့ရှိရသည်။

Related Posts Plugin for WordPress, Blogger...