Friday, November 15, 2013

မြန်မာနိုင်ငံတွင် OIC ရုံးခန်း ဖွင့်လှစ်လိုကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံရာတွင် OIC ကိုယ်စားလှယ်အဖွဲ့ ပြောကြား

 Friday, 15 November 2013


နိုဝင်ဘာ ၁၄ ရက်က ပြည်သူ့လွှတ်တော်၌ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ် အချို့နှင့် OIC ကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံစဉ်

မြန်မာနိုင်ငံတွင် ရောက်ရှိနေသော အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) သည် နိုဝင်ဘာ ၁၄ ရက် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ် လိုသည်ဟု ပြောဆိုခဲ့ကြောင်း ယင်းတွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သည့် ရခိုင်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်လိုခြင်းမှာ ရခိုင်ပြည်နယ် သာမက ပဋိပက္ခများကြောင့် ဆုံးရှုံးခဲ့သည်များကို ပူးပေါင်းအကူအညီ ပေးမှုများ ပြုလုပ်လိုခြင်းကြောင့် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းကို သိရှိလိုကြောင်း ကိုယ်စားလှယ် အဖွဲ့က ဆွေးနွေးခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ခွင့် ပြုရန်မှာ အစိုးရအုပ်ချုပ်ရေး အဖွဲ့၏ ခွင့်ပြုချက်သည်သာ အဓိက ဖြစ်ကြောင်း၊ ထိုသို့ ခွင့်ပြုရန်အတွက် ပြည်သူလူထုအား ပွင့်လင်းမြင်သာစွာ တင်ပြပြီး ဆန္ဒသဘောထားကို ရယူဆောင်ရွက် သင့်ကြောင်း ဒေါ်ခင်စောဝေက မြန်မာနိုင်ငံတွင် OIC ရုံးခွဲဖွင့်လှစ်ရန်အတွက် ပြောဆိုမှုအပေါ် သဘောထား မှတ်ချက်ပြု ပြောကြားသည်။

''ကျွန်မအနေနဲ့ ပူးပေါင်းဆောင်ရွက်တာကို လိုလားပေမယ့် ဒီလိုရုံးခွဲဖွင့်လှစ်တာက အဲဒီအကူအညီတွေက ကျွန်မတို့အတွက် အမှန်တကယ် လိုအပ်နေလားဆိုတာ စဉ်းစားဖို့လိုမယ်။ ရခိုင်တိုင်းရင်းသား တွေအတွက် တကယ်အထောက်အကူ ဖြစ်မလား၊ ဘာပြဿနာများ ပိုပြီး ကြီးထွားလာမလဲဆိုတာ စဉ်းစားရပါမယ်။ ကျွန်မတို့ ဆုံးဖြတ်ချက် မပေးလိုပေမယ့် ဖွင့်ဖို့၊ မဖွင့်ဖို့ကိုတော့ ပြည်သူတွေ ဖြစ်စေချင်တဲ့ဆန္ဒကို လိုက်လျောရမှာပါ။ အစိုးရအနေနဲ့ လုပ်ချင်တယ်ဆိုရင် ပြည်သူကို ချပြရမယ်။ ပြည်သူရဲ့ ဆန္ဒကို ယူသင့်တယ်လို့ ပြောချင်ပါတယ်။ အကျိုးသက်ရောက်မှု ရှိရင်တော့ လက်ခံကြမှာပါ။ အကျိုးသက်ရောက်မှု မရှိဘူးဆိုရင်တော့ ဘယ်သူမဆို လက်ခံမှာ မဟုတ်ပါဘူး။ ဒီမှာရုံးခွဲ ဖွင့်လှစ်ဖို့ဆိုတာ ပြည်သူတွေ အပေါ်မှာပဲ မူတည်ပါတယ်'' ဟု ရသေ့တောင် မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောကြားသည်။

ဘူးသီးတောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ (OIC) အနေဖြင့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဘာသာနှစ်ခုအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရေးနှင့် ဘာသာရေး သဟဇာတ ဖြစ်စေရန် အကူအညီ ပေးမည်ဟု ပြောကြားခဲ့ကြောင်း၊ ယင်းသို့ ကမ်းလှမ်းမှုကို ကြိုဆိုပါကြောင်း တွေ့ဆုံစဉ် ပြောကြားခဲ့သည်ဟု ဆိုသည်။

တွေ့ဆုံပွဲသို့ အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့မှ ကိုယ်စားလှယ်များနှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ်များ ဖြစ်သော ဦးအောင်ဇော်ဝင်း၊ ဦးရွှေမောင်၊ ဦးပယ်ပန်း၊ ဦးဌေးဝင်း၊ ဦးထွန်းအောင်ကျော်နှင့် ဒေါ်ခင်စောဝေတို့ တက်ရောက်ခဲ့သည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC) အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ရန် ၂၀၁၂ ခုနှစ်က ကြိုးပမ်းခဲ့သော်လည်း သံဃာတော်များ အပါအ၀င် ပြည်သူလူထုက ကန့်ကွက်ဆန္ဒ ပြခဲ့သဖြင့် ပျက်ပြယ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ ကိုယ်စားလှယ်များ ကိုယ်တိုင် လာရောက် ဆွေးနွေးပြောကြားခဲ့ခြင်း ဖြစ်သည်။

ရုံးခွဲဖွင့်လှစ်ရန် ယခုတစ်ကြိမ် ကြိုးပမ်းမှုကိုလည်း မြန်မာပြည်သူလူထု အနေဖြင့် လက်ခံနိုင်ခြင်း မရှိကြောင်းကို ရန်ကုန်မြို့ အပါအ၀င် မြို့ကြီးအချို့တွင် ဆန္ဒပြကန့်ကွက်ခဲ့သည်။ ထိုသို့ ဆန္ဒပြနေရခြင်းသည် မည်သည့် အတွက်ကြောင့် ဖြစ်သည်ကို အစိုးရ အုပ်ချုပ်ရေးပိုင်း အနေဖြင့်လည်း လေ့လာသိရှိရန် လိုအပ်ကြောင်းလည်း ဒေါ်ခင်စောဝေက ပြောကြားသည်။

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)

စတင်တည်ထောင်သည့်ခုနှစ် - ၂၅ ရက် စက်တင်ဘာ ၁၉၆၉ ခုနှစ်။

မူလအမည် - Organization of Islamic Conference (၂၈ ရက်ဇွန် ၂၀၁၁ ခုနှစ်တွင် ယခုသုံးစွဲနေသော Organisation of Islamic Cooperation အမည်သို့ ပြောင်းလဲခဲ့)

အဖွဲ့၏ ရည်ရွယ်ချက် - အစ္စလာမ်မစ်နိုင်ငံများအကြား စည်းလုံးညီညွတ်ရေးကို မြှင့်တင်၍ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ရည်ရွယ်။ မွတ်စလင်ကမ္ဘာ၏ အသံကို စုစည်းဖော်ပြနိုင်ရန် အချက်လည်းပါဝင်။ (ကမ္ဘာ့ကုလသမဂ္ဂ ပြီးနောက် ဒုတိယအကြီးဆုံး နိုင်ငံတကာ အဖွဲ့အစည်းဖြစ်)

အဖွဲ့ဝင်အရေအတွက် - ၅၇ နိုင်ငံ

အဖွဲ့ဝင်နိုင်ငံ အားလုံး၏ လူဦးရေစုစုပေါင်း - ၁ ဒသမ ၆ ဘီလျံ (၂၀၁၁ ခုနှစ် စာရင်း)

အုပ်ချုပ်ရေးစင်တာ ရုံးစိုက်သည့်နိုင်ငံ - ဆော်ဒီအာရေဗျနိုင်ငံ

အထွေထွေအတွင်းရေးမှူး - Ekmeleddin İhsanoğlu

အဖွဲ့ဝင်နိုင်ငံအချို့ - အာဖဂန်နစ္စတန်၊ အယ်လ်ဂျီးရီးယား၊ အီဂျစ်၊ အင်ဒိုနီးရှား၊ အီရန်၊ ဂျော်ဒန်၊ ကူဝိတ်၊ လစ်ဗျား၊ မလေးရှား၊ မာလီ၊ မော်ရိုကို၊ ပါကစ္စတန်၊ ပါလက်စတိုင်း၊ ဆော်ဒီအာရေဗျ၊ ဆူဒန်၊ ဆိုမာလီးယား၊ တူနီးရှား၊ တူရကီ၊ ယီမင်၊ ဘာရိန်း၊ အိုမန်၊ ကာတာ၊ ဆီးရီးယား၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊ ဂမ်ဘီယာ၊ အီရတ်၊ ဘရူနိုင်း၊ နိုင်ဂျီးရီးယား၊ အဇာဘိုင်ဂျန်။

EMG

ပြည်သူလူထု၏ ယုံကြည်မှုကို မရရှိသော မည်သည့်အစိုးရမျှ စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မည် မဟုတ်ကြောင်း မြန်မာ-အီးယူ ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် သတိပေး ပြောကြား

 Friday, 15 November 2013


ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးချုပ်တွင် နိုဝင်ဘာ ၁၄ ရက်က EU-Myanmar Taskforce ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ပြည်သူလူထူ၏ ယုံကြည်မှုကို မရရှိသည့် မည်သည့် အစိုးရကမှ ၀င်ရောက်မည့် စီးပွားရေး လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မည် မဟုတ်သည့် အတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည် ဆိုပါက နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုသည့် အမြင်မှ ထည့်သွင်း စဉ်းစားရန် မမေ့သင့်ကြောင်း နိုဝင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တွင် EU-Myanmar Taskforce ခေါင်းစဉ်ဖြင့် ကျင်းပသော ဆွေးနွေးပွဲ၌ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သတိပေး ပြောကြားခဲ့သည်။

''ဒီမှာ စောစောက Speaker တစ်ယောက် ပြောသွားတာနဲ့ ပတ်သက်ပြီး ကျွန်မသဘော မတူပါဘူး။ သူပြောတယ် ဘာပဲဖြစ်ဖြစ် လာသာလာခဲ့ ၂၀၁၅ နဲ့ပတ်သက်ပြီး ထည့်သွင်းစဉ်းစားစရာ မလိုဘူးဆိုတဲ့ သဘောမျိုး ပြောသွားတယ်။ ဒါပေမဲ့ ကျွန်မထင်တယ် ရှင်တို့သေချာလုပ်ဖို့ လိုအပ်လိမ့်မယ်။ ပြီးတော့ ရှင်တို့မှာလည်း ဒီလိုသေသေချာချာလုပ်ဖို့ တာဝန်ရှိပါတယ်။ နောက်ရှင်တို့ ထည့်သွင်းစဉ်းစားရမှာက လာပြီး ရင်းနှီးမြှုပ်နှံတဲ့ ပတ်ဝန်းကျင်မှာ ရှင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို အကာအကွယ်ပေးနိုင်မဲ့ တရားဥပဒေ စိုးမိုးမှုရှိပြီလား ဆိုတာပါ။ ဒါကြောင့် ၂၀၁၅ ဆိုတာ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဒီမတိုင်ခင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို လုပ်ဖို့လိုအပ်ပါတယ်။ ဒီမှာ စီးပွားရေး လုပ်ငန်းတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်ဆိုတဲ့သူတွေ အသိအမှတ်ပြု ထည့်သွင်းစဉ်းစားရမှာက အခုအချိန်အထိ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို မလုပ်နိုင်သေးဘူး ဆိုတာပါပဲ'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲတွင် EU-Myanmar Taskforce ဆွေးနွေးပွဲတွင် အီးယူနှင့် မြန်မာနိုင်ငံမှ စုစုပေါင်း Panalist ကိုးဦး တက်ရောက်ပြီး မြန်မာနိုင်ငံနှင့် အီးယူနိုင်ငံများအကြား၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

''ဒီနေ့ပြောတဲ့ အထဲမှာ ကျွန်မသတိ ထားမိသလောက် အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာတွေကို ထည့်သွင်းပြောကြားတာမျိုး မတွေ့ရသေးပါဘူး။ ကျွန်မပြောချင်တာက ရှင်တို့မှာ အရေးကြီးတဲ့ လုပ်ငန်းအဆင့်ဆင့်တွေကို ရှောင်လွဲလို့ရမှာ မဟုတ်ပါဘူး။ ရှင်တို့က စီးပွားရေး လုပ်ငန်းရှင်တွေ ဖြစ်တယ်။ အကျိုးအမြတ်အတွက် အလုပ်လုပ်ကြရမယ်။ အဲဒါကျွန်မ လက်ခံတယ်။ တစ်ဖက်ကလည်း ရှင်တို့မှာတာဝန်ယူမှု အပိုင်းရှိရမယ်။ ကျွန်မပြောနေတာ CSR တစ်ခုတည်း မဟုတ်ဘူး၊ Social responsibility ရော၊ political responsibility ရော၊ Legal Responsibility ရော ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားသင့်ပါတယ်။ ရှင်တို့က တာဝန်ယူမှုရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ အနေနဲ့ မြန်မာနိုင်ငံမှာလာပြီး တာဝန်သိ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် ရှင်တို့ အရင်စဉ်းစားရမှာက နိုင်ငံရေး အခြေအနေတွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အခြေအနေတွေ၊ လူမှုရေး အခြေအနေတွေ၊ လူ့အခွင့်အရေး အခြေအနေတွေကို သတိထားဖို့ လိုပါလိမ့်မယ်။ ကျွန်မက ဒီမှာလာပြီး ရှင်တို့ကို ကျွန်မစိတ်ဓာတ်ကျအောင် ပြောတာမဟုတ်ပါဘူး။ ကျွန်မက လုပ်ငန်းရှင်တွေကို နိုင်ငံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့ ရှုထောင့်ကနေ စဉ်းစားဖို့နဲ့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ပဲ အားပေးတာပါ။ လာပါ။ လာပါ။ လာပါ လို့ ပြောတာဘာမှ ပြဿနာမရှိဘူး။ ရှင်တို့ဘက်က ပေးနိုင်တာ ရှိသလို ဒီဘက်က ပေးနိုင်တာလည်း ရှိတယ်။ ဒါဟာဘာမှ ပြဿနာ မဟုတ်ပါဘူး။ ဒါပေမဲ့ တစ်ခုတော့ရှိတယ်။ အောင်မြင်တဲ့ရင်းနှီးမြှုပ်နှံမှု၊ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်မှုတွေဟာ ယုံကြည်မှုပေါ်မှာ အခြေတည်ကြပါတယ်။ ကျွန်မမြင်တာကတော့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတာ သေချာတယ်။ မသေချာဘူးလို့ ကျွန်မမပြောပါဘူး။ ကျွန်မပြောချင်တာက ရှင်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်လား ဆိုတာကို သေချာအောင် လုပ်ခြင်းဖြင့် ကူညီပါ။ အစိုးရ အနေနဲ့ကော ရင်နှီးမြှုပ်နှံတဲ့ သူတွေကို အကာအကွယ်ပေးနိုင်တဲ့ Capacity ရှိလားဆိုတာ သေချာမြင်အောင်ကြည့်ပါ။ ပြည်သူလူထုရဲ့ ယုံကြည်မှုကို မရရှိတဲ့ ဘယ်အစိုးရမှ ရှင်တို့ရဲ့ နိုင်ငံရင်းနှီးမြှုပ်နှံမှုကို အကာအကွယ် ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျေးဇူးပြုပြီး နိုင်ငံရေး၊ လူ့အခွင့်အရေးနဲ့ တရားဥပဒေ စိုးမိုးရေးဆိုတဲ့အမြင်က ထည့်သွင်းစဉ်းစားဖို့ မမေ့ပါနဲ့" ဟု ပြောကြားခဲ့သည်။

ဆက်လက်၍ ''လုပ်ငန်းရှင်တွေကို ပြောချင်တာက ကိုယ့်ဝင်ရောက်လာမဲ့ နိုင်င်ငံရဲ့ အခြေအနေကို ထဲထဲဝင်ဝင် လေ့လာပါ။ ဖြစ်နေတဲ့ ပြသနာတွေကိုကြည့်ပါ။ မျက်စိကျယ်ကျယ် ဖွင့်ထားပါ။ လုပ်ငန်းရှင်တွေအတွင် ကောင်းမွန်တဲ့ စီးပွားရေးဆိုင်ရာ အ၀န်းအ၀ိုင်း ဖြစ်ရဲ့လား အသေချာကြည့်ပါ။ ကျွန်မ နားလည်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုတွေက ကျွန်မတို့နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ပေးနိုင်ပါတယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ဖန်တီးပေးနိုင်တယ်။ ဒါကြောင့် ကျွန်မပြောချင်တာက ကျွန်မတို့က တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ လိုပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ ပြောချင်တာ Social side တစ်ခုထဲ မဟုတ်ပါဘူး။ အခြားPolitical Side နဲ့ Rule of Law Said တွေလည်း ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။ အီးယူနိုင်ငံများ အနေဖြင့်မူ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်ရန် အစီအစဉ် ရှိသော်လည်း မည်သည့်အချိန်တွင် စတင်တိုးမြှင့် လုပ်ဆောင်သွားမည်ကို ပြောကြာခြင်း မရှိသေးပေ။

EMG

ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရေး သမ္မတဦးသိန်းစိန်နှင့် အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်တို့ ဆွေးနွေး

 Friday, 15 November 2013


သမ္မတနှင့် ဘီလ်ကလင်တန်တို့ နေပြည်တော်တွင် တွေ့ဆုံကြစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်အား နေပြည်တော်ရှိ နိုင်ငံတော် သမ္မတအိမ်တော် ဧည့်ခန်းမဆောင်တွင် နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီခွဲတွင် လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ကလင်တန် ဖောင်ဒေးရှင်းနှင့် မြန်မာအစိုးရတို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လိုမှု၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ကဏ္ဍစုံချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB ရောဂါ ဝေဒါနာရှင်များအား ဆေးဝါးများ ဖြန့်ဖြူးရေးနှင့် ပဋိပက္ခ ဖြစ်ပွားနေသော ဒေသများ၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စသည့် လုပ်ငန်းစဉ်များတွင် ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက်ကလေး၊ မွေးကင်းစကလေးနှင့် မိခင်သေဆုံးမှု လျော့ကျရေးတို့ အတွက် ငွေကြေးနှင့် သင်တန်းများ အထောက်အကူ ပြုနိုင်မှုတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် သမ္မတအိမ်တော်ရှိ ဧည့်ခန်းမဆောင်၌ပင် နံနက် ၁၁ နာရီတွင် သြစတြေးလျနိုင်ငံ အေးရှားလင့်ခ် အဖွဲ့ဥက္ကဋ္ဌ Mr.Sid Myer ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် သြစတြေးလျနိုင်ငံမှ လုပ်ငန်းရှင် အများအပြား လာရောက်ဆွေးနွေး ညှိနှိုင်းနေမှု၊ အေးရှားလင့်ခ် အဖွဲ့၏ သုံးရက်တာ ခရီးစဉ်ကာလအတွင်း ခရီးသွားလာရေး၊ စွမ်းအင်ထုတ်လုပ်ရေး၊ ဘဏ်လုပ်ငန်း၊ စိုက်ပျိုးရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးနိုင်ခဲ့မှု၊ ရန်ကုန်မြို့ရှိ ရှေးဟောင်း အဆောက်အဦများအား မွမ်းမံထိန်းသိမ်း ပြုပြင်ခြင်းဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူ ပြုနိုင်မှုတို့ကို ဆွေးနွေးခဲ့သည်။

EMG

မြန်မာနိုင်ငံ၏ တရားဝင်နယ်စပ် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၇ ဘီလျံ ရရှိထားပြီး ယခင်ဘဏ္ဍာရေး နှစ်ထက် ဒေါ်လာ ၈၉၃ သန်းကျော် ကုန်သွယ်မှု ပိုမိုပြုလုပ်

 Friday, 15 November 2013

နယ်စပ်ကုန်သွယ်မှု စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော် ကုန်သွယ်မှု ပြုနေသည့် မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းအား တွေ့ရစဉ် (ဓာတ်ပုံ) ထွန်းနေလှိုင်(လားရှိုး)

မြန်မာနိုင်ငံ၏ တရားဝင်နယ်စပ် ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသ မ ၇ ဘီလျံကျော် ရရှိထားပြီး ယခင်ဘဏ္ဍာရေး နှစ်ထက် ဒေါ်လာ ၈၉၃ သန်းကျော် ကုန်သွယ်မှု ပိုမိုပြုလုပ် ထားကြောင်း ကူးသန်း ရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။

မြန်မာနိုင်ငံ၏ နယ်စပ်တစ်လျှောက်တွင် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေရှ့်စသည့် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်နိုင်ရန် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခု ရှိပြီး အဆိုပါ နယ်စပ်အသီးအသီးမှ ယခုဘဏ္ဍာရေးနှစ် ဖြစ်သည့် ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ခုနစ်လအတွင်း စုစုပေါင်း ကုန်သွယ်မှု ပမာဏဖြစ်ကြောင်း သိရသည်။

ခုနစ်လ အတွင်း၌ ပို့ကုန်အမေရိကန် ဒေါ်လာ ၁၇၅၇ ဒသမ ၄၃၃ သန်းနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၁၀၃၅ ဒသမ ၃၀၂ သန်းဖိုး ကုန်သွယ်မှု ပြုလုပ်ထားခြင်းဖြစ်ကာ ယခင်ဘဏ္ဍာနှစ်ကထက် ပို့ကုန်ရော သွင်းကုန်ပါ ကုန်သွယ်မှု ပိုမိုပြုလုပ်ထားခြင်း ဖြစ်သည်။ အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု အများဆုံး ပြုလုပ်ပြီး မြန်မာ-ထိုင်း နယ်စပ်မှ ဒုတိယ ကုန်သွယ်မှု အများဆုံး ပြုလုပ်ထားကြောင်း သိရသည်။

နိုင်ငံတွင်းသို့ ကုန်စည်များ စီးဆင်းဝင်ရောက်လျက် ရှိရာတွင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအပြင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းဖြင့် ကုန်သွယ်မှု ပြုလုပ်လျက်ရှိရာ နယ်စပ်မှ တရားမ၀င် ကုန်စည်များ စီးဆင်းဝင်ရောက်မှု များပြားနေကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် အိမ်နီးချင်း နိုင်ငံများနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် ပင်လယ်ရေ လမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်မှု ပြုလုပ်ရာ၌ ကုန်သွယ်မှု လိုငွေပြနေပြီး နယ်စပ်မှ ကုန်သွယ်ရာတွင် ကုန်သွယ်မှု ပိုငွေပြနေ သော်လည်း မြန်မာ-ထိုင်း နယ်စပ်မှ ကုန်သွယ်မှု ပြုလုပ်ရာတွင် တရားမ၀င် ကုန်သွယ်မှုများ ရှိနေခြင်းကြောင့် ကုန်သွယ်မှုလိုငွေများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

EMG

အိမ်၊ ခြံ၊ မြေ ဈေးစံနှုန်းများ ပြောင်းလဲသင့်ကြောင်း တင်ပြပါက ပြောင်းလဲပေးမည်





ရန်ကုန်မြို့တွင်း မြို့ပြင်အတွက် ထုတ်ပြန်ထားသော အိမ်၊ခြံ၊မြေ ဈေးစံနှုန်း သတ်မှတ်ချက်များကို သက်ဆိုင်ရာ မြို့နယ်များရှိ ပြည်သူများနှင့် အခွန်ဦးစီးမှူးများက ပြောင်းလဲသင့်ကြောင်း တင်ပြလာပါက စံနှုန်း သတ်မှတ်ချက်များ ပြောင်းလဲပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်က The Voice သို့ ပြောကြားသည်။
“သက်ဆိုင်ရာ မြို့နယ်တွေက ပြည်သူတွေရော၊ အခွန်မှူးတွေကရော ဒီမြို့နယ်ကတော့ ပြောင်းလဲဖို့လိုပြီ ဆိုရင်တော့ ပြောင်းလဲပေးမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဈေးနှုန်း တကယ်ပြောင်းလဲတယ်၊ မပြောင်းလဲဘူးဆိုတာ သူတို့က ပိုသိနိုင်လို့ပါ” ဟု ၎င်းကဆိုသည်။

အဆိုပါ စံနှုန်း သတ်မှတ်ချက်များမှာ စတင်သတ်မှတ် ကတည်းက နှုန်းသေများ မဟုတ်ဘဲ နှုန်းရှင်များသာ ဖြစ်ပြီး ပြင်ပ ပေါက်ဈေး အပြောင်းအလဲပေါ် မူတည်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် မြို့နယ်အလိုက် တစ်ပေပတ်လည် စံနှုန်း သတ်မှတ်ချက်များတွင် ဗဟန်းမြို့နယ်မှာ ကျပ်သုံးသောင်း ငါးထောင်မှ ကျပ်သုံးသိန်း နှစ်သောင်း ငါးထောင်ဖြင့် အမြင့်ဆုံး ဖြစ်ပြီး ခရမ်းမြို့နယ်မှာ တစ်ပေပတ်လည်လျှင် ကျပ် ၂၀၀ မှ ၁၁၀၀ ကျပ် အထိဖြင့် အနိမ့်ဆုံး ဖြစ်ကြောင်း ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး ရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မန္တလေးတိုင်းဒေသကြီးရှိ မြို့တွင်း၊ မြို့ပြင် တစ်ပေပတ်လည် စံနှုန်း သတ်မှတ်ချက်များကို နိုဝင်ဘာလအတွင်း ထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း ယင်းရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံသည် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အဖွဲ့ဝင် နိုင်ငံဖြစ်ရန် ယခုနှစ်ကုန်၌ မလုပ်ဆောင်နိုင်သေး

 Friday, 15 November 2013


ကျောက်ဖြူမြို့နယ် မဒေးကျွန်းသို့ သဘာဝဓာတ်ငွေ့များ တွန်းပို့မည့် စက်ရုံလုပ်ငန်းခွင်အား ၂၀၁၂ နှစ်ကုန်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

တွင်းထွက် သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး အတွက် EITI -Extractive Industries Transparency Initiative အဖွဲ့ဝင် နိုင်ငံလောင်းအဖြစ် ယခုနှစ်ကုန်ပိုင်းတွင် ပါဝင်အောင် လုပ်ဆောင်ရမည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၄ ရက် ရက်စွဲဖြင့် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သော်လည်း ယခုနှစ်ကုန်ပိုင်းတွင် အဖွဲ့ဝင် နိုင်ငံလောင်းဖြစ်ရေး လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း မြန်မာနိုင်ငံ EITI ညှိနှိုင်းဖော်ဆောင်ရေးရုံး (MDRI-CESD)မှ အကြီးတန်း ညှိနှိုင်းရေးမှူး ဒေါ်ကေသီက ပြောကြားသည်။

အဆိုပါ အမိန့်ကြော်ငြာစာဖြင့် တွင်းထွက်သယံဇာတ အရင်းအမြစ် တူးဖော်ရေး စက်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်းခဲ့ပြီး သမ္မတရုံးဝန်ကြီးဌာန (၃) ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ဥက္ကဋ္ဌနှင့် စွမ်းအင်ဝန်ကြီးဌာန၊ သတ္တုတွင်း ၀န်ကြီးဌာနနှင့် ဘဏ္ဍာရေး ၀န်ကြီးဌာနတို့မှ ပြည်ထောင်စု ၀န်ကြီးများက အဖွဲ့ဝင်နှင့် အတွင်းရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ကြောင်း သိရသည်။

ဦးဆောင်ကော်မတီ၏ လုပ်ငန်းတာဝန်များအဖြစ် နိုင်ငံတော်နှင့် လက်တွဲဆောင်ရွက်မည့် ပုဂ္ဂလိကနှင့် လူထုအခြေပြု အဖွဲ့အစည်းများအကြား လုပ်ငန်းကော်မတီ တစ်ရပ် ဖွဲ့စည်းရန်၊ လုပ်ငန်းစဉ်မူကြမ်း ရေးဆွဲရန်၊ အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ MDRI-CESD မှ ညှိနှိုင်းရေး တာဝန်ခံအဖြစ် ဆောင်ရွက်ရန်၊ တွင်းထွက် သယံဇာတများကို နိုင်ငံဖွံ့ဖြိုးရေးနှင့် နောင်လာနောက်သား ပြည်သူများအတွက် ရေရှည်တည်တံ့မည့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များအဖြစ် ပြုပြင်ပြောင်းလဲရန် တာဝန်ပေးအပ်ခဲ့ကြောင်း သိရသည်။ ဦးဆောင်ကော်မတီမှ လုပ်ငန်းကော်မတီ တစ်ခုအား ဆက်လက်ဖွဲ့စည်းခဲ့ပြီး ဘဏ္ဍာရေး ၀န်ကြီးဌာနမှ ဒေါက်တာမောင်မောင်သိမ်းက ဥက္ကဋ္ဌတာဝန် ယူခဲ့သည်။

လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အဓိကကျသည့် အချက်ဖြစ်သော အစိုးရ၊ ကုမ္ပဏီနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်သော ညွန့်ပေါင်းအဖွဲ့ (Multi Stakeholder Group) ဖွဲ့စည်းရန် လုပ်ဆောင် နေသော်လည်း အရပ်ဘက် အဖွဲ့အစည်းများ၏ ကန့်ကွက်မှုများဖြင့် ရင်ဆိုင်နေရသဖြင့် ညွန့်ပေါင်းအဖွဲ့အား ဖွဲ့စည်းနိုင်မှု မရှိကြောင်း သိရသည်။

ယင်းသို့ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းနိုင်ရန် အတွက် ယခုလဆန်းပိုင်းက တစ်နိုင်ငံလုံးရှိ အရပ်ဘက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးခဲ့ပြီး အစိုးရထံသို့ သယံဇာတ ထုတ်ယူသုံးစွဲရေး လှုပ်ရှားမှုများတွင် ဖမ်းဆီးခံထားရသည့် တက်ကြွလှုပ်ရှား သူများကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန်၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့်၊ တင်ပြဆွေးနွေးခွင့်၊ ပြန်ကြားဆက်သွယ်နိုင်ခွင့် သဘာဝ သယံဇာတ စီမံခန့်ခွဲရေးဆိုင်ရာ အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် သုံးပွင့်ဆိုင် အစည်းအဝေးပွဲများကို လေးလတစ်ကြိမ် ပြုလုပ်၍ သတင်းထုတ်ပြန်ရန်၊ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၄၊ အရပ်ဘက် လူအဖွဲ့အစည်းဆိုင်ရာ ဥပဒေ၊ မီဒီယာဥပဒေ၊ ဆက်သွယ်ရေး ဥပဒေ စသည့်ဥပဒေများကို အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် ညှိနှိုင်းကာ အလျင်အမြန် ပြင်ပေးရန်အတွက် တောင်းဆိုခဲ့သည်။ ယင်းအချက်များကို မလိုက်လျောပေးပါက ညွန့်ပေါင်းအဖွဲ့တွင် အရပ်ဘက် အဖွဲ့အစည်းများ အနေဖြင့် ပါဝင်မည် မဟုတ်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ကြန့်ကြာမှုများ ရှိနေသဖြင့် မြန်မာနိုင်ငံ၏ EITI အဖွဲ့ဝင်လောင်း နိုင်ငံဖြစ်ရေး လုပ်ဆောင်မှုမှာ နှစ်လခန့် နောက်ကျမည် ဖြစ်သော်လည်း ယခုနှစ်ကုန်ပိုင်းတွင်မူ Multi Stakeholder Group အား ဖွဲ့စည်းနိုင်ရန် လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။

EMG

လျှပ်စစ်မီတာခ တိုးမြှင့်မည်ဟု ကြေညာပြီးနောက်ပိုင်း ရန်ကုန်နှင့် မန္တလေး အပါအ၀င် မြို့ကြီးအချို့၌ မကြာခဏ ဓာတ်အားပြတ်တောက်

Friday, 15 November 2013


လှိုင်သာယာစက်မှုဇုန် နိုဝင်ဘာ ၁၃ ရက်ညပိုင်း

ပွင့်လင်းရာသီ ရောက်တိုင်း ဓာတ်အား ဖြတ်တောက်မှုများ နှစ်စဉ်ဖြစ်ပေါ်လေ့ ရှိသော်လည်း ယခုနှစ်အတွင်း နိုဝင်ဘာလမှ စတင်ကာ လျှပ်စစ်ဓာတ်အား သုံးစွဲခများ တိုးမြှင့်ကောက်ခံမည်ဟု ကြေညာခဲ့သည်။ ယင်းနောက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ လူနေရပ်ကွက်များ၊ စက်မှုဇုန်များနှင့် မြို့ကြီးအချို့တွင် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမည်ဟု ကြေညာပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆၊ ၇ နှင့် ၈ ရက်များတွင် လည်းကောင်း၊ မန္တလေးမြို့တွင် နိုဝင်ဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြသည်။

''ပြည်သူကိုသာ ကိုယ်စားပြုရင်ထိုင်ပြီး ရှိခိုးလိုက်မယ်။ သူတို့က ဘယ်သူ့ကို ကိုယ်စားပြုပြီး ဆန္ဒပြမှာလဲ။ အစိုးရက ဘာပဲလုပ်လုပ် အမြင်ကပ်တဲ့ အနေနဲ့ ပြမှာလား။ ဘယ်သူ့ကို ကိုယ်စားပြုသလဲဆိုတာ စဉ်းစားဖို့လိုတယ်။ ဒီလိုလုပ်တာက ကိုယ်ကျိုးအတ္တ သမားတွေက လုပ်တာပါ။ သူတို့က ပြည်သူ့နာမည်ကို ကိုင်ရိုက်နေတာ'' ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့မှ ဥက္ကဋ္ဌ ဦးအောင်ခိုင်က နိုဝင်ဘာ ၆ ရက်က ပြောကြားခဲ့သည်။

''အမှန်အတိုင်း ပြောရရင် ဒီလိုမျိုးမီတာခ နှုန်းထားတွေ တက်သင့်တယ်လို့ တင်ပြခဲ့တာ ၆ လလောက်ရှိပြီ။ ကျန်ခဲ့တဲ့တစ်လ နှစ်လလောက် ကတည်းက ပြောသင့်မှန်း သိပေမယ့် ပြောရင် စိတ်ဆင်းရဲမှာစိုးလို့ မပြောဖြစ်ခဲ့တာ'' ဟု ၎င်းက ပြောကြားခဲ့သည်။

''မီတာခတွေ တိုးလိုက်တယ်လို့ သတင်းတွေ ထွက်လာတဲ့ အချိန်မှာ ကျွန်တော်တို့ တောင်ဒဂုံမှာ မီးတွေပြတ်တာတွေ ဖြစ်တယ်။ မီးတွေ ခဏခဏပြတ်တယ်။ မှတ်မိသလောက် အဲဒီအချိန်က GTC စာမေးပွဲတွေ ဖြေနေတဲ့ အချိန်မှာတောင် မီးပုံမှန်မလာဘူး။ မီးလာရင်လည်း မီးအားမပြည့်ဘူး။ မီးလာရင်လည်း မီးအားတွေ ဆောင့်တက်တာမျိုးတွေ ဖြစ်တယ်။ ကျွန်တော်တို့ လမ်းနားမှာဆိုရင် ဒီလိုဖြစ်လို့ မီးလုံးတွေ ပေါက်တာတွေတောင် ဖြစ်သွားသေးတယ်။ နောက်မြို့ထဲမှာ ဆန္ဒပြတဲ့ သတင်းတွေ ကြားရတော့တာပဲ။ အဲ့နောက်ပိုင်း မီးနည်းနည်း ပြန်လာတယ်'' ဟု တောင်ဒဂုံမြို့နယ် ၅၆ ရပ်ကွက်တွင် နေထိုင်သူတစ်ဦးက ပြောကြားခဲ့သည်။



နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်း မြင်ကွင်းအားတွေ့ရစဉ်

စက်မှုဇုန်လုပ်ငန်းရှင်များ အနေဖြင့် လျှပ်စစ်ဓာတ်အား ပုံမှန်မရရှိမှုနှင့် ဓာတ်အား အပြည့်အ၀ မရရှိမှုများကြောင့် လုပ်ငန်းလုပ်ကိုင် လည်ပတ်ရန် အခက်အခဲများနှင့် ရင် ဆိုင်နေရဆဲ ဖြစ်ကြောင်းလည်း သိရသည်။

''အစကတည်းက မှန်မှန်မလာတဲ့မီး အခုလည်း ပြတ်နေဆဲပဲ။ တစ်နေ့ကို နှစ်ခါသုံးခါ ပြတ်တယ်။ တစ်ခါပြတ်ရင် ၁၅ မိနစ်လောက်ပဲ ကြာတာရှိသလို တစ်နာရီကျော်ကျော် နာရီနဲ့ချီပြီး ပြတ်တာလည်းရှိတယ်။ ဟိုတစ်နေ့ကဆိုရင် တနင်္ဂနွေ တစ်ရက်ပေါ့။ မီးပြတ်မယ်ရက်နဲ့ချီပြီး မီးပြတ်မယ်လို့ ကြေညာတယ်။ တကယ်တမ်းမှာ မပြတ်ဘဲနဲ့ နောက်နေ့မှ ပြတ်တာမျိုးလည်း ရှိတယ်။ သူတို့က တနင်္ဂနွေနေ့ မီးပြတ်မယ်ပြောတော့ ကျွန်တော်တို့ စက်ရုံကို ပိတ်ချပစ်လိုက်ရော။ တကယ်တမ်းက အဲ့ဒီနေ့မပြတ်ဘဲ စက်ရုံဖွင့်တဲ့ တနင်္လာနေ့ကျမှ မီးပြတ်တယ်။ အဲဒါမျိုးကျ ကျွန်တော်တို့ ပိုနစ်နာတာပေါ့'' ဟု လှိုင်သာယာစက်မှုဇုန်မှ လုပ်ငန်းရှင်တစ်ဦးက ပြောပါသည်။

စီးပွားရေး လုပ်ငန်းရှင်များက ထုတ်လုပ်မှုစရိတ် မြင့်တက်လာသည်ဟု ပြောကြားသော်လည်း လုပ်ငန်းရှင်များ ပြောကြားသည့် မီတာခနှစ်ဆနီးပါး တက်သည် ဆိုသည်မှာ ရန်ကုန်မြို့ရှိ အကြီးစား လုပ်ငန်း ၄၀၀၀ ကျော် အတွက်သာဖြစ်ပြီး ကျန်စီးပွားရေး လုပ်ငန်းများမှာ မထိခိုက်ကြောင်းနှင့် လုပ်ငန်းရှင်များသည် အစိုးရ၏ လျှပ်စစ်မီး မရရှိသည့် အချိန်တွင် ကိုယ်ပိုင်မီးစက်ဖြင့် လည်နေရသောကြောင့် မီးစက်ဖြင့်လည်သည့် ကုန်ကျစရိတ်နှင့် တိုးမြှင့်ကောက်ခံသည့် မီတာခနှုန်းထားကို တွက်ချက် ယှဉ်ကြည့်နိုင်ကြောင်း ဦးအောင်ခိုင်က ပြောကြားခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်ထုတ် The Voice Weekly ဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ အစိုးရ အနေဖြင့် မဟုတ်ဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်များမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရေးအတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ တာဝန်ရှိသူများနှင့် စက်မှုဇုန် လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း၊ လှိုင်သာယာ စက်မှုဇုန်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်မှ လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး အတွက်မူ နိုဝင်ဘာ ၁၂ ရက်က လှိုင်သာယာ စက်မှုဇုန်ရှိ ကနောင်ခန်းမ၌ ကျင်းပခဲ့ရာ တစ်ယူနစ်လျှင် ကျပ် ၁၅၀ နှုန်းဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်က ဓာတ်အားပေးရေး လုပ်ငန်းရှင်များနှင့် အကြမ်းဖျင်း သဘောတူညီမှု ရရှိခဲ့ကြောင်းလည်း သိရသည်။

မီးအားပြည့်ပြည့်နဲ့ မှန်မှန်လာစေချင်တယ်။ အခုတော့ မီးကလာနေတယ်။ သုံးလို့မရဘူး။ မီးစက်နဲ့ လည်နေရတယ်။ မီးစက်နဲ့ မလည်နိုင်တဲ့သူက မီးအားကျသွားမှန်း မသိလိုက်ရင် စက်တွေလောင်ပြန်ရော။ လုပ်ငန်းရှင်တွေ ဘယ်လိုမှ အဆင်မပြေဘူး။ နဂိုကတည်းက မကောင်းတဲ့မီး၊ အခုလည်း ညံ့နေဆဲပဲ...


''တစ်ယူနစ်ကို ကျပ် ၁၅၀ နဲ့ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက မီးပေးမယ်ပေါ့။ အဲဒါ သဘောတူလား မေးတော့ တူတယ်ပြောရတာပေါ့။ လုပ်ငန်းလည်ပတ်ဖို့က အဓိက လျှပ်စစ်မီးလေ။ မီးမရှိရင် ကျွန်တော်တို့လုပ်ငန်း ဘာမှလုပ်မရဘူး။ အစိုးရကိုလည်း အားကိုးမရဘူး။ အရေးထဲ မီတာခတက်မယ် ပြောပြီးမှပဲ မီးကလာလိုက် ပျက်လိုက် ဖြစ်နေသေးတယ်။ သူများနိုင်ငံကိုသာ သဘာဝဓာတ်ငွေ့တွေ ရောင်းစားနေတာ။ ကိုယ့်နိုင်ငံက လုပ်ငန်းရှင်တွေအတွက် လျှပ်စစ်မီး အပြည့်အ၀ရဖို့ သဘာဝဓာတ်ငွေ့ ပေးပါဆိုရင် မပေးဘူး။ အခုလည်း ပုဂ္ဂလိကတဲ့ လာပြန်ပြီ'' ဟု လှိုင်သာယာ စက်မှုဇုန်မှ လုပ်ငန်းရှင် ဦးသန်းစိုးက ပြောကြားသည်။

''မီးကပြတ်တယ်။ အားကမပြည့်ဘူး။ အဲဒါမှပိုဆိုးတာ။ လာတာတော့ လာနေတယ်။ ကျွန်တော်တို့စက်တွေ လည်လို့မရဘူး။ ----ကလည်း တောင်ပြော မြောက်ပြောနဲ့။ ခွကျတာပဲ။ မီးကလာတယ် စက်မှုဇုန်မှာ။ အလာတော့ပြတယ်။ ၁၇၀-၇၅ ပဲ။ ကျွန်တော့်မော်တာကြီး လောင်သွားတယ်။ မီးကပြတ်တယ်။ မီတာခကို ၃၅ ကျပ်ကနေ ၅၀ တိုးကောက်တာ ဘာမှမဖြစ်ဘူး။ မီးအားပြည့်ပြည့်နဲ့ မှန်မှန်လာစေချင်တယ်။ အခုတော့ မီးကလာနေတယ်။ သုံးလို့မရဘူး။ မီးစက်နဲ့ လည်နေရတယ်။ မီးစက်နဲ့ မလည်နိုင်တဲ့သူက မီးအားကျသွားမှန်း မသိလိုက်ရင် စက်တွေလောင်ပြန်ရော။ လုပ်ငန်းရှင်တွေ ဘယ်လိုမှ အဆင်မပြေဘူး။ နဂိုကတည်းက မကောင်းတဲ့မီး၊ အခုလည်း ညံ့နေဆဲပဲ။ တိုးတက်လာတာ မရှိဘူး။ ဆုတ်ယုတ် နေတာပဲ တွေ့နေရတယ်။ မီတာခတိုးကောက်မယ် ဆိုတုန်းက စက်မှုဇုန်လုပ်ငန်းရှင်တွေ ကန့်ကွက်တယ်ဆိုတာ မရှိခဲ့ဘူး။ မီးမှန်မှန် လိုချင်တာ။ အခုသူတို့ လုပ်နေပုံက တစ်ခုခုတော့ လွဲနေတယ်'' ဟု ရွှေပြည်သာ စက်မှုဇုန်မှ လုပ်ငန်းရှင် ဦးခင်ဟန်က ပြောပါသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနေသည့် အခြေအနေအား မန္တလေးတိုင်းဒေသကြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ဒေါ်အေးအေးမင်းက ''လက်ရှိအချိန်မှာက လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ အပြည့်အ၀ ပေးထားပါတယ်။ စက်မှုဇုန်တွေကိုလည်း မီးအပြည့်အ၀ ပေးထားပါတယ်။ လျပ်စစ်မီး ပြတ်တောက်မှုတွေလည်း မရှိသေးပါဘူး။ တစ်ခါတလေမှာ ဓာတ်အား ပြတ်တောက်သွားတာက ဓာတ်အား မနိုင်တာကြောင့် ဖြတ်တောက် လိုက်တာပဲ ဖြစ်ပါတယ်'' ဟု ပြောကြားသည်။



နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်း မြင်ကွင်းအားတွေ့ရစဉ်

''အခုရက်ပိုင်း မီးမမှန်ဘူး ဆိုပေမယ့် အဆိုးကြီး မဟုတ်ပါဘူး။ ပျက်ရင်လည်း ခဏပေါ့။ အလွန်ဆုံးကြာရင် နာရီဝက်လောက်ပဲ။ ဒါပေမယ့် တစ်ရက်ကို အဲလိုမျိုးက လေးငါးကြိမ်လောက် လာလိုက် ပျက်လိုက် ဖြစ်တတ်တယ်။ အရင်က ခုလိုဆောင်းတွင်းဆို မီးနဲ့ပတ်သက်ပြီး လူတွေသတိ မထားမိတော့ဘူး။ ဘာလို့လည်းဆိုတော့ မီးကလုံးဝ မပျက်ဘူးလေ။ အခုတော့ မီတာခတွေ တိုးမြှင့်မယ်ဆိုတဲ့ ကိစ္စရယ်၊ အဲနောက်ပိုင်း မီးမမှန်တာရယ်ကြောင့် ဖယောင်းတိုင်ထွန်း ဆန္ဒထုတ်ဖော်တာတွေ ဖြစ်တယ်'' ဟု မဟာအောင်မြေ မြို့နယ်အတွင်းရှိ ကျောက်ပုတီးလုပ်ငန်း လုပ်ကိုင်သူ ကိုမျိုးထက်က ပြောပါသည်။ အလားတူ ပဲခူးတိုင်း ဒေသကြီးမှ ဒေသခံ တစ်ဦးကလည်း ''မီတာခ တိုးမယ်လို့ ပြောပြီးနောက်ပိုင်း မီးကခဏခဏ ပျက်တယ်။ အကြာကြီး မဟုတ်ပေမယ့် ၁၅ မိနစ်၊ နာရီဝက်လောက် ကြာတယ်'' ဟု ပြောကြားသည်။

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန် အတွက်ဟုဆိုကာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ဓာတ်အားအသုံးပြုမှုမှ စတင်၍ လျှပ်စစ်ဓာတ်အားခ တစ်ယူနစ်ဈေးနှုန်း တိုးမြှင့်ကောက်ခံမည်ဟု ကြေညာချက် ထုတ်ပြန်ပြီး နောက်ပိုင်း လျှပ်စစ်မီတာခ လျော့ကျစေရေးအတွက် ရန်ကုန်မြို့တွင် နိုဝင်ဘာ ၆ ရက်၊ ၇ ရက်နှင့် ၈ ရက်များတွင် သုံးရက်ဆက်တိုက် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့သည်။

လျှပ်စစ်ဓာတ်အားခ နှုန်းထားများ ပြန်လည်လျော့ချရေးဆိုင်ရာ အရေးကြီးအဆိုကို နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် မလှိုင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးမောက်က အရေးကြီးအဆို တင်သွင်းခဲ့သည်။

ထို့နောက် နိုဝင်ဘာမှစ၍ လျှပ်စစ်ဓာတ် အားခများတိုးမြှင့် ကောက်ခံမည့် အစီအစဉ်အား ရပ်ဆိုင်းလိုက်ပြီး လာမည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ပြန်လည်ညှိနှိုင်း ဆွေးနွေးပြီးမှသာ ဆက်လက် ဆောင်ရွက်ရန် နိုဝင်ဘာ ၁၂ ရက်ကပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ဆုံးဖြတ်ခဲ့သည်။

မြန်မာနိုင်ငံအတွင်း ပြည်သူအားလုံး၏ ရာခိုင်နှုန်း ၃၀ သာ လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိထားပြီး ကျန်ရာခိုင်နှုန်း ၇၀ အတွက် ဆောင်ရွက်ပေးရန် လိုအပ်နေဆဲ ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံရှိ မြို့ပေါင်း ၃၉၆ မြို့အနက် ၂၂၄ မြို့သာ လျှပ်စစ်မီးရရှိပြီး ၁၇၂ မြို့ ကျန်ရှိဆဲဖြစ်၍ ရွာပေါင်း ၆၄၃၄၆ ရွာအနက် ၂၁၆၇၅ ရွာသာ လျှပ်စစ်မီးရရှိပြီး ၄၂၆၇၁ ရွာမှာ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှု မရှိသေးကြောင်း သိရသည်။

EMG

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး အဖွဲ့မှူး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံခြင်း

Friday, 15 November 2013

နိုင်ငံခြား ရင်းနှီးမြှုပ်နှံများ ပိုမို ဝင်ရောက်လာစေရန် အတွက် အကန့်အသတ်များ ရှိနေသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ဖြေလျှော့မှုများ ပြုလုပ်ရန် ဆောင်ရွက်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ လာရောက်လုပ်ကိုင်မှု အခြေအနေနှင့် ပတ်သက်၍ သိရှိနိုင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှူဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး အဖွဲ့မှူး ဦးအောင်နိုင်ဦးနှင့် တွေ့ဆုံမေးမြန်း ဖော်ပြအပ်ပါသည်။



Voice : အစိုးရသစ်လက်ထက် ဥပဒေသစ် မပြဋ္ဌာန်းခင်နဲ့ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ဥပဒေသစ် ထုတ်ပြန်ပြီး နောက်ပိုင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေ သိချင်ပါတယ်။

UANO : FDI (နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု) ဥပဒေထွက်တာ ၂၀၁၂ နိုဝင်ဘာလပေါ့။ ဘဏ္ဍာနှစ်နဲ့ဆိုရင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်ထဲမှာပေါ့။ ဘဏ္ဍာနှစ်ရဲ့ အလယ်လောက်မှာ ထွက်တာပေါ့။ ဥပဒေ မထွက်ခင်ကတော့ အသင့်အတင့်ပဲ ဝင်တယ်။ ဥပဒေထွက်ပြီး နောက်ပိုင်းတော့ ပိုတိုးဝင်တယ်။ မနှစ်က ဘဏ္ဍာနှစ် တစ်နှစ်လုံးမှာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ရှိတယ်။ ဒီနှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကျတော့ အခုဆိုရင် ခြောက်လ ကျော်လာပြီပေါ့နော်။ အောက်တိုဘာဆိုရင် ခုနစ်လပေါ့။ အဲဒီကာလအတွင်းမှာ ဝင်လာတဲ့ ပမာဏက အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ နီးနီးလောက်ရှိတယ်။ အဲဒီတော့ မနှစ်ကထက် နှစ်ဆလောက် ထပ်တက်လာမယ်လို့ ယူဆလို့ရတယ်။

Voice : လက်ရှိ မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု အများစုက သယံဇာတ ထုတ်ယူမှု ကဏ္ဍမှာ ရှိနေတာကို တွေ့ရပါ တယ်။ တိုင်းပြည် ဖွံ့ဖြိုးရေးအတွက် အရေးပါတဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍမှာ ပိုမို များပြားလာအောင် ဘယ်လို ဆောင်ရွက်မလဲ။

UANO : လက်ရှိသွားနေတာကတော့ FDI နဲ့ ပတ်သက်ပြီး Labor Incentive ဖြစ်တဲ့ လုပ်သားအင်အား အများအပြား သုံးစွဲရတဲ့ လုပ်ငန်းတွေကို အဓိက ခွင့်ပြုပေးခဲ့တာပေါ့။ လုပ်သားများများ သုံးရတဲ့ နေရာတွေကိုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံသားတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း များများ ဖန်တီးပေးနိုင်အောင်လို့။ အရင်တုန်းက Resources Base မှာ များတာ မှန်တယ်။ ဒီ ၂ နှစ် အတွင်း ဘယ်မှာများလဲ ဆိုတော့ Manufacturing အပိုင်းပေါ့။ ကုန်ထုတ်လုပ်ငန်းတွေက Labor Incentive ဖြစ်တယ်။ အဲဒီဘက်မှာ များတယ်။ ဒီနှစ်မှာ ဆိုရင် စက်မှုလုပ်ငန်းက ဝင်လာတာ ရာခိုင်နှုန်း ၆၀ လောက် ရှိတယ်။ ဟိုတယ်နှင့် ဝန်ဆောင်မှု လုပ်ငန်းတွေမှာ ၂၀ ရာခိုင်နှုန်းကျော် ဝင်လာတယ်။ ကျန်တာက စိုက်ပျိုးရေးကဏ္ဍမှာ။ နောက်ပြီးတော့ အိမ်ရာအဆောက်အအုံ ဆောက်လုပ်ရေး ကဏ္ဍမျိုးတွေမှာ ဝင်တယ်။ ခြုံပြောလိုက်ရင် ဒီ ၂ နှစ် အတွင်းမှာ Resources ထုတ်ယူရေးကဏ္ဍမှာ ဝင်တာ မရှိသလောက် ဖြစ်သွားပြီ။

Voice : ကျွန်တော်တို့ဆီမှာကျတော့ Infrastructure လည်း အားနည်းတယ်။ လျှပ်စစ်မီး မမှန်ဘူး။ ဒီအခြေအနေမျိုးမှာ FDI တွေ ဝင်လာအောင် ဆွဲဆောင်တဲ့ နေရာမှာ အခက်အခဲ ဘယ်လိုတွေ ရှိလဲ။

UANO : အခက်အခဲက ပြောရရင် ခုနက လျှပ်စစ်မီးတင် မကဘူး။ ကျန်တဲ့ဟာတွေလည်း ရှိသေးတယ်။ ကိုယ့်တိုင်းပြည်က Infrastructure အားနည်းသေးတာကိုး။ Labor နဲ့ ပတ်သက်ပြီး တိုင်းပြည်မှာက လူဦးရေ ၃၆ သန်းလောက်က အလုပ်လုပ် နိုင်တယ်လို့ ပြောနေကြပေမယ့် Skilled Labor မရှိသေးဘူး။ ရင်းနှီးမြှုပ်နှံမှု​တွေ ဝင်လာဖို့ Skilled Labor လည်း လိုသေးတယ်။ လူတွေများရုံနဲ့ မရဘူး။ တချို့ဥပဒေတွေက ပြင်တာ မပြီးသေးဘူး။ ရင်းနှီးမြှုပ်နှံမှုမှာ ပတ်ဝန်းကျင်ကောင်းဖို့ ဆိုတာက Legal Framework လည်း ကောင်းဖို့ လိုအပ်တယ်။ နောက်ပြီး လူသား အရင်းအမြစ်တွေလည်း ကောင်းရမယ်ပေါ့။ ဒီလို စိန်ခေါ်မှုတွေတော့ အများကြီး ရှိနေတာပေါ့။ တစ်ခုပြီးတစ်ခု ကြိုးစားပြီးတော့ ရှင်းနေပါတယ်။

Voice : ပြည်တွင်းမှာ လာရောက် ရင်းနှီးမြှုပ်နှံမယ့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေအပေါ် ကန့်သတ်ချက်ထားတဲ့ အချက်တချို့ကို ဖြေလျှော့ပေးဖို့ ပြန်လည် သုံးသပ်နေတယ် ဆိုတော့ ဘယ်လိုကဏ္ဍ အမျိုးအစားတွေကို ပြန်လည် သုံးသပ်နေတာလဲ။

UANO : အဓိကကတော့ ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ဆွဲခဲ့တဲ့သူတွေက အယူအဆ မျိုးစုံ ဖြစ်ခဲ့တာပေါ့။ ဒါက ဘာလဲဆိုတော့ တိုင်းပြည်ဖွင့်ပေးမှ တိုးတက်မယ်လို့ အယူအဆကို လက်ခံတဲ့သူတွေ ရှိသလို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အများကြီးဝင်လာရင် ကိုယ့်တိုင်းပြည်ထဲမှာရှိတဲ့ လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမယ် ဆိုတဲ့ အယူအဆရှိတဲ့ သူတွေလည်း ရှိတယ်။ ဒီလို Conflict တွေ ရှိကြတယ်ပေါ့။ ဒီလိုဖြစ်ပြီးတော့ ဥပဒေက နောက်ဆုံး အတည်ပြုသွားပြီး ဖြစ်တဲ့အချိန်မှာ ဥပဒေအရ လုပ်နိုင်မယ့် လုပ်ငန်း နယ်ပယ်တွေ သတ်မှတ်ပေးရတယ်။ အဲဒီလို သတ်မှတ်ပေးတဲ့ အခါကျတော့ ဝန်ကြီးဌာနတွေ အားလုံးရဲ့ သဘောထား ဆန္ဒကို ယူရတယ်။ ပုဂ္ဂလိက ကဏ္ဍရဲ့ သဘောထား ဆန္ဒကို ယူရတယ်။ ယူပြီးတော့မှ ဒီအမိန့်ကို ထုတ်ပေးရတာ။ သူတို့ဖြစ်စေချင်တဲ့ ဆန္ဒကို ဦးစားပေး ရတာပေါ့နော်။ ဝန်ကြီးဌာနတွေက ဖြစ်စေချင်တဲ့ ဆန္ဒ၊ ပုဂ္ဂလိက ကဏ္ဍဘက်က ဖြစ်စေချင်တဲ့ ဆန္ဒ ဒါကို ဦးစားပေးပြီးတော့ လုပ်ပေးရတာပေါ့။ တချို့လုပ်ငန်းတွေမှာ ဖက်စပ်စနစ်နဲ့ ခွင့်ပြုမယ်ဆိုတဲ့ ကန့်သတ် ချက်တွေထားမယ်။ တချို့ လုပ်ငန်းတွေမှာ သတ်မှတ်တဲ့ Condition အောက်မှာပဲ လုပ်ရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေ ထားတာ ရှိတယ်။ အဲဒီလို လုပ်ခဲ့ရတာပေါ့။ လုပ်ခဲ့တော့ ဘာဖြစ်လဲ ဆိုတော့ တကယ်တမ်း လုပ်တဲ့ အခါကျတော့ အားနည်းချက် တွေ့လာတယ်။ ဘာတွေ့လဲဆိုတော့ ဥပမာဖက်စပ်ပဲ လုပ်ရမယ်လို့ သတ်မှတ်ထားတဲ့ လုပ်ငန်းတွေမှာ လုပ်ငန်း တစ်ခုကို လုပ်ကိုင်ဖို့ နိုင်ငံခြားသားက မြန်မာပြည်လာတယ်။ ပြီးတော့ အကြီးကြီး လုပ်ချင်တယ်။ ဖက်စပ်လည်း လုပ်ပါမယ်။ လုပ်ပါရစေလို့ ပြောတဲ့အခါ အဲဒီအခါကျတော့ မြန်မာနိုင်ငံသား ဘက်က ဖက်စပ်လုပ်နိုင်မယ့် လုပ်ငန်းရှင်မျိုး ဟုတ်တိပတ်တိ ဒီမှာ မရှိဘူး။ မရှိတဲ့ အခါမှာ ဒီဟာက သူလည်း လုပ်ချင်တယ်။ လုပ်ဖို့လည်း တိုင်းပြည်ကလည်း ဒီလုပ်ငန်းမျိုးက လိုနေတယ်။ သူကိုယ်တိုင်လည်း ဖက်စပ် လုပ်ပါမယ်လို့ အဆိုပြုတယ်။ ဒါပေမဲ့ တိုင်းပြည်ထဲမှာ ဖက်စပ်လုပ်နိုင်မယ့်သူ မရှိတော့ ကိုယ့်ဆီလာမယ့် အခွင့်အလမ်း တစ်ခုက မရဘူးဖြစ်တာပေါ့။ ဒါတွေကို ပြန်သုံးသပ်တဲ့ အခါမှာတော့ တချို့ဟာတွေက ပြန်သုံးသပ်ပြီး ဖြေလျှော့သင့်တာကို ဖြေလျှော့ရမယ်။ နောက်တစ်ခုက ဒီ အမိန့်ကြေညာချက် ထုတ်ပြန်စဉ်တုန်းက တချို့ကိစ္စတွေကို Performances Requirements ပေါ့။ ပြည်တွင်းက ကုန်ကြမ်းကို ဘယ်လောက် သုံးရမယ်။ နောက် ပြည်ပကို ဘယ်လောက် ပို့ရမယ် စသည်ဖြင့်ပေါ့။ ကန့်သတ်ချက်တွေ ရှိတာ ဖြစ်တယ်။ တကယ် လုပ်ကြည့်တဲ့အခါ ပြည်တွင်း ကုန်ကြမ်းက လောက်လောက် လားလား မပေးနိုင်တဲ့ ဟာမျိုးတွေလည်း ရှိလာတယ်။ ပေးနိုင်တဲ့ဟာ တွေကျတော့လည်း လိုချင်တဲ့ Quality မရဘူး။ အဲဒီမျိုး ကန့်သတ်ချက်တွေလည်း သွားတွေ့တယ်။ တစ်ဖက်ကလည်း ဒီမြန်မာနိုင်ငံရဲ့ Investment နဲ့ ပတ်သက်ပြီးတော့ Review ပြန်လုပ်တဲ့အခါမှာ OECD က Review လုပ်ထားတာ ရှိတယ်။ World Bank က လုပ်ပေးသွားတာ ရှိတယ်။ ရှိတော့ OECD က Review က ဘာတွေ့လဲ ဆိုတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက်ပြီး ကမ္ဘာပေါ်မှာ ဒုတိယ ကန့်သတ်ချက် အများဆုံးနိုင်ငံ ဆိုပြီးတော့ သွားတွေ့တယ်။ တစ်ဖက်ကလည်း နိုင်ငံတော်က Investor Friendly Environment ကို ဖန်တီးမယ်လို့ ပြောတယ်။ တစ်ဖက်က ကန့်သတ်ချက်တွေ ပြောနေတော့ အပြောတခြား အလုပ်တခြား သဘောမျိုး ဖြစ်နေတယ်။ ပြည်ပက မြင်တဲ့ အပိုင်းမှာလည်း မြန်မာနိုင်ငံမှာ ကန့်သတ်ချက်တွေ များတယ်။ ဒီဟာတွေကို သေချာ Review လုပ်ပြီးတော့မှ တိုင်းပြည်အတွက် တကယ် လက်တွေ့ကျတဲ့ အကျိုးရှိမယ့် ကန့်သတ်ချက်တွေ ဖြစ်အောင် ပြန်ပြင်ဖို့ လိုတယ်။ ပြင်ပြီးတော့မှ နိုင်ငံသားလည်း အလုပ်ဖြစ်ရမယ်၊ တိုင်းပြည်လည်း အကျိုးရှိရမယ်။ အဲလို ပြန်ပြင်တာ။ ဥပမာအားဖြင့် ဆိုရင် စားသောက်ကုန် လုပ်ငန်းဆိုရင် JV (Joint Venture) လုပ်ရမယ်လို့ သတ်မှတ်ထားတယ်။ ပြည်ပက တချို့ကုမ္ပဏီကြီးတွေ လာစုံစမ်းတယ်။ လာစုံစမ်းတာ ဘာလဲဆိုတော့ စားသောက်ကုန် လုပ်မယ်။ ဒီမှာ ထုတ်မယ်။ ထုတ်ပြီးရင် မြန်မာပြည်က ကုန်ကြမ်းလည်း သုံးမယ်။ ဒါပေမဲ့ မြန်မာပြည်မှာ လုံးဝ Local မဖြန့်ဘူး။ အားလုံး Export လုပ်မယ်။ ၁၀၀ ရာခိုင်နှုန်း အဲဒီလိုလုပ်လို့ ရမလားလို့ သူတို့ဘက်က မေးတာတွေ ရှိတယ်။ အဲဒီတော့ စဉ်းစားကြည့်လိုက်တော့ တိုင်းပြည်မှာ စက်ရုံ လာထောင်တယ်။ ကိုယ့်တိုင်းပြည်က ကုန်ကြမ်း သုံးတယ်၊ နံပါတ်တစ်က တောင်သူ လယ်သမားတွေအတွက် အကျိုးရှိတယ်။ ဘာပဲပြောပြော သူတို့ ဈေးကွက် တစ်ခု ဖန်တီးပြီးသား ဖြစ်မယ်။ စက်ရုံလာထောင်လို့ ရှိရင် နိုင်ငံသားတွေ အလုပ်အကိုင် အခွင့်အလမ်းလည်း ပေါမယ်။ ဒီပစ္စည်းတွေကို ပြည်တွင်းမှာ ဖြန့်တာမဟုတ်တဲ့ အတွက်ကြောင့် ပြည်တွင်းက နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်တွေ အတွက်လည်း အကျိုးရှိတယ်။ သူတို့အတွက် ပြိုင်ဘက်တစ်ခု တိုးလာစရာကြောင်း မရှိတော့ဘူး။ ဒီတော့ အဘက်ဘက်က ပြန်စဉ်း စားကြည့်ရင် အကျိုးရှိနေလျက်နဲ့ ကန့်သတ်ချက်ထဲမှာ စားသောက်ကုန် လုပ်ငန်းဆိုရင် JV ပဲ လုပ်ရမယ် ဆိုတာမျိုးက ပြန်သုံးသပ်ပြီး ပြည်တွင်းမှာ လာလုပ်မယ့် Investment ဆိုရင် ပြည်တွင်း ဈေးကွက်ကို ဖြန့်မှာ ဆိုရင်တော့ JV လုပ်။ ပြည်တွင်း ဈေးကွက်ကို မဖြန့်ဘဲ ရာနှုန်းပြည့် Export လုပ်မယ်ဆိုရင် ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု ပေးသင့်ရင် ပေးပစ်လိုက်ပေါ့။ ဒါက ဥပမာ ပေးတာပေါ့နော်။

Voice : အခုကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ငွေကြေး ဖောင်းပွမှုနှုန်း မြင့်တယ်လို့ ဖော်ပြ ထားတယ်။ စီးပွားရေး ပညာရှင်အချို့ကလည်း ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ နည်းပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက များနေရင် Inflation တက်နိုင်တယ်လို့ သုံးသပ်ထားတာ တွေ့ရပါတယ်။ အဲဒီအချက်ကို တစ်ချက်လောက် သုံးသပ်ပေးပါဦး။

UANO : အဲဒါက ရာနှုန်းပြည့် မမှန်ဘူး ဗျ။ ရာနှုန်းပြည့် မမှန်ဘူးဆိုတာက Investment အပိုင်းမှာ FDI တွေ ဝင်လာတယ် ဆိုတာက ဥပမာပြောရရင် ခုနက ၁ ဒသမ ၄ ဘီလီယံ ဆိုတာက ပိုက်ဆံချည်းပဲ ဝင်လာတာ မဟုတ်ဘူး။ အဲဒီ ၁ ဒသမ ၄ ဘီလီယံထဲမှာ ပစ္စည်းတွေ ပါတယ်။ စက်ပစ္စည်းတွေ ပါတယ်။ ဥပဒေအရကို ရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးသင့်တဲ့အခါ သူသွင်းလာတဲ့ စက်ပစ္စည်းတွေ တန်ဖိုး ဒါလည်း Investment ပေါ့။ သူ့ရဲ့နည်းပညာနဲ့ ပတ်သက်တာ တွေကိုလည်း တန်ဖိုး သတ်မှတ်တယ်။ တကယ်တမ်းကျတော့ Investment တစ်ခု တိုင်းပြည်ထဲကို ဝင်လာလို့ရှိရင် ငွေဝင်တဲ့ ပမာဏက ရာခိုင်နှုန်း ၂၀ လောက်ပဲ ရှိတာ။ တစ်ရာဖိုး ပေးလိုက်ရင် ၈၀ ဖိုးက နည်းပညာ ရယ်၊ သူ့ရဲ့ Rights ရယ်၊ သူ့ရဲ့ စက်ပစ္စည်းတွေ၊ လုပ်ငန်းခွင်ထဲမှာ သုံးမယ့် ပစ္စည်းတွေ ဒါတွေ ဝင်လာတာ ငွေသား ဝင်လာတာက ပျမ်းမျှပြောရင် ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ အဲဒီတော့ ဒီဟာမျိုး များတယ်လို့ ပြောလို့ မရဘူး။ ကုန်သွယ်မှုများ သွင်းကုန်က များပြီး ပို့ကုန်က နည်းနေတယ်။ အဲဒီအတွက်ကြောင့် မို့လို့ ဘဲစားဘဲ ခြေပေါ့။ နောက်တစ်ချက်ကလည်း Local Investment လည်း မကျဘူး။ နိုင်ငံသားတွေရဲ့ Investment ကလည်း မနှစ်က ကျပ် ၁၁ ထရီလီယံလောက် ရှိတယ်။ ဒီနှစ်က နှစ်ဝက်နဲ့ ကျပ်ဘီလီယံ ခြောက်ရာ ကျော်နေပြီ။ ဆိုတော့ နှစ်ကုန်ရင် မနှစ်က အနေအထားကို ကျော်သွားမယ် ထင်တယ်။ အဲဒီတော့ Local Investment ကလည်း အားကောင်းနေတယ်။ အဲဒီတော့ Inflation မှာ တခြား Sector တွေ ဖြစ်နိုင်တယ်။ Investment ဝင်တာများလို့ Inflation တက်တယ်ဆိုတာက ရာနှုန်းပြည့် မမှန်ဘူးလို့ ပြောလို့ရတယ်။

Voice : OECD (Organisation for Economic Co-operation and Development) ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်ကို ကျင့်သုံးနေတယ်လို့ သိရတယ်။ အဲဒီမူဘောင် အကြောင်းလည်း သိချင်ပါတယ်။ မြန်မာနိုင်ငံမှာ ဘယ်အချိန်က စတင် အသုံးပြုတာလဲ။ ဘာကြောင့် အသုံးပြုတာလဲ။ ဘယ်လိုတွေ ဆောင်ရွက်ရမှာလဲ။

UANO : အဓိကကတော့ OECD နဲ့ ကျွန်တော်တို့က ဘာလုပ်တာလဲ ဆိုတော့ ရောဂါရှာတာ ပေါ့နော်။ ကျွန်တော်တို့က ကိုယ့်တိုင်းပြည်က Investment အခြေအနေကို ကိုယ့်ဟာကို ပြန်ပြီးသုံးသပ်ရတာ ပေါ့။ ကိုယ့်တိုင်းပြည်များ ဘာအားနည်းနေသလဲ သုံးသပ်တာပေါ့။ သုံးသပ်တဲ့အခါ ကိုယ့်ကိုယ်ကိုယ် သုံးသပ်ရင် အမှန်မမြင်ဘူး။ တကယ်ရော Investor တွေ လုပ်သာ ကိုင်သာ ရှိရဲ့လားပေါ့ ဒါမျိုးတွေ။ နောက် ကျွန်တော်တို့ ဥပဒေကရော ကောင်းရဲ့လား ဒါမျိုးတွေပေါ့။ ဒါလေးတွေကို ပေါ်လွင်ဖို့ အတွက် OECD ကို အကူအညီ တောင်းတာပါ။ နောက်တစ်ခါ Investment Policy Review ကို တိုင်းပြည်မှာရှိတဲ့ Investment နဲ့ ပတ်သက်တဲ့ Sector အားလုံးကို သုံးသပ်ဖို့ ကျွန်တော်တို့ ပူးပေါင်းလုပ်တာ တစ်နှစ်ခွဲလောက် ရှိသွားပါပြီ။ သုံးသပ်ပြီးရင် ၂၀၁၄ ဖေဖော်ဝါရီလဆိုရင် Report တရားဝင် ထုတ်ပြန်ပေးမှာပါ။ အဲဒီမှာတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက Investment ဥပဒေက ဘာတွေ အားနည်းနေတယ်၊ တခြား Business Law မှာ ဘာတွေ အားနည်းနေတယ်၊ မူပိုင်းဆိုင်ရာမှာ ဘာတွေ အားနည်းနေတယ်၊ ဘာတွေ ပြင်ရမယ်၊ ဘာတွေကို ပြန်ပြီး တည့်မတ်ရမယ် ဆိုတာ ဆိုတာလေးတွေက အဲဒီမှာ ထွက်လာမှာပေါ့။ အဲဒီ Review ပေါ်မှာ အခြေခံပြီးတော့မှ ပြင်သင့်တဲ့ဟာတွေကို လိုက်ပြင်ရမှာပေါ့။

Voice : အဲဒီ OECD Review က နှစ်စဉ် ထုတ်တာမျိုးလား။ ဒီ Review ကနေ ဘာအကျိုးကျေးဇူးတွေ ရနိုင်လဲ။ ရနေပြီလဲ။

UANO : ဒီ Review ကလည်း ကျွန်တော် တို့တိုင်းပြည်မှာ အရင်က မရှိဖူးဘူး။ ဒါက ကျွန်တော်တို့ တိုင်းပြည်နဲ့ OECD နဲ့ ပထမဆုံး ပူးပေါင်းဆောင်ရွက်တဲ့ Review ပါ။ အရင်တုန်းက OECD အာဆီယံထဲမှာ ဆိုရင် မလေးရှားကို ကူပြီး လုပ်ပေးခဲ့ဖူးတယ်။ အင်ဒိုနီးရှား လုပ်ပေးခဲ့ဖူးတယ်။ ဗီယက်နမ်ကို လုပ်ပေးခဲ့ဖူးတယ်။ အခု မြန်မာနိုင်ငံမှာ ဒါမျိုး လုပ်ပေးတာပေါ့နော်။ လုပ်ပေးတော့ ဒီ Review အတွက် ကုန်ကျ တဲ့ ဒီစရိတ်တွေ အားလုံးကို သြစတြေးလျနဲ့ နယူးဇီလန် နိုင်ငံတွေက အကုန်အကျခံ တယ်။ OECD က ပညာရှင်တွေနဲ့ Review လုပ်တယ်။ ဒီဟာက အခုမှ စလုပ်တာ အရင် မလုပ်ခဲ့ဖူးဘူး။ ဒီ Review က နှစ်စဉ် ထုတ်တာမျိုးတော့ မဟုတ်ဘူး။ သူက တိုင်းပြည် တစ်ခုရဲ့ အနေအထားကို ကြည့်ပြီးတော့ တစ်ခါ လုပ်ပေးတယ်။ နောက်ထပ် တိုင်းပြည်က ၂ နှစ်၊ သုံးနှစ်ကြာလို့ ထပ်လုပ်ချင်တယ် ဆိုရင် လာလေ့လာတယ် ထပ်လုပ်ပေးတယ်။ ဒီ Review က Investment Promotion အတွက် အရမ်းအရေးပါတယ်။ ဘာလို့လဲ ဆိုတော့ OECD ဆိုတာ Investment Process နဲ့ ပတ်သက်လာရင် တစ်ကမ္ဘာလုံးက လေးစားရတဲ့ ကြားခံ အဖွဲ့အစည်း။ ဒီတော့ သူ့ Review ထဲမှာ မြန်မာနိုင်ငံမှာ ဒါတွေ အားနည်းနေတယ် ဆိုတာ ထုတ်ပြလိုက်တယ်။ တစ်ခုက အားနည်းတယ်လို့ ပြောတဲ့နေရာမှာ နှစ်ပိုင်းရှိတယ်။ အစိုးရက ပြင်နိုင်မယ့်ဟာတွေကို ပြင်နိုင်မယ့် အခွင့်အလမ်း အစိုးရမှာ တစ်ခုရမယ်။ Investor ဘက်ကလည်း ဒီတိုင်းပြည်မှာ ဒါတွေ အားနည်းနေတယ်။ ဥပမာ-ဒီတိုင်းပြည်မှာ လျှပ်စစ်မီး မမှန်ဘူး၊ သူတို့ Investment လာလုပ်ရင် ကိုယ်ပိုင် Generator ရှိမှ ဖြစ်မယ်ဆိုတာ ကြိုတွေးမယ်။ Investor အတွက်လည်း ကြိုပြင်လို့ ရသွားတာပေါ့။ တစ်ဆက်တည်းမှာ ဒီအားနည်းချက်တွေကို အစိုးရက ပြင်လိုက်ခြင်းအားဖြင့် တိုင်းပြည်ရဲ့ Investment Environment ပိုကောင်းလာမယ်။

Voice : (မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်) ရဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို လျှော့ချထားတယ်။ ရင်းနှီးမြှုပ်နှံမှု အဆိုပြုချက် စစ်ဆေးတဲ့ နေရာမှာ MIC ရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချထားတယ်လို့ သိရတယ်။ ဘယ်လို ဆောင်ရွက်နေတာလဲ။ ဘာကြောင့် ဒီလို ဆောင်ရွက်ရတာလဲ။

UANO : MIC ရဲ့ လုပ်ပိုင်ခွင့်တွေကို လျှော့ချနေရတာက ဒီလိုဗျ။ ဥပဒေသစ်မှာ MIC က လုပ်ပိုင်ခွင့်တွေ အများကြီး ယူထားတယ်။ ဘာလို့လဲဆိုတော့ တိုင်းပြည်က အရင် Policy အဟောင်းပေါ့နော် အဲဒီတုန်းက ဝန်ကြီးဌာနတိုင်းမှာ သူ့ဝန်ကြီးဌာနနဲ့ ပတ်သက်တဲ့ ဥပဒေတွေ ရှိတယ်။ Policy တွေ ရှိတယ်။ လုပ်ထုံး လုပ်နည်းတွေ ရှိတယ်။ Investment ကျတော့ ဝန်ကြီးဌာန တစ်ခုတည်းမှာ လုပ်လို့ မရဘူး။ အားလုံးပေါင်း လုပ်ရတာ။ အဲဒီတော့ Investment Environment ကောင်းလာဖို့ ဝန်ကြီးဌာနရဲ့ ဒီဥပဒေတွေ ဖြေလျှော့ဖို့ လိုလာတယ်။ ဆိုလို့ရှိရင် ဝန်ကြီးဌာနတွေက မဖြေလျှော့နိုင်ဘူး။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်အရ လုပ်ထားတာ။ နောက်ဝန်ကြီးဌာန တစ်ခုကလည်း ဒါလေးကို ပြန်သုံးသပ်ပေးပါ။ တိုင်းပြည်အတွက် လိုအပ်လို့ လုပ်ထားတာ။ အဲဒီလို ဖြစ်နေလို့ရှိရင် ပေါင်းစပ်ညှိနှိုင်းမှု လက်ခံဖို့ MIC ရဲ့ အခန်းကဏ္ဍကို မြှင့်မထားဘူးဆိုရင် ဝန်ကြီးဌာနတွေနဲ့ ပေါင်းစပ် ဆောင်ရွက်ရာမှာ အခက်အခဲတွေ ပေါ်လာမယ်။ ဒါကြောင့် ဥပဒေသစ်ဆွဲတဲ့ အခါမှာ MIC ကို လုပ်ပိုင်ခွင့်တွေ အများကြီး ပေးခဲ့ရတယ်။ အဲဒီတော့ ဝန်ကြီးဌာနတွေရဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ တချို့ကိစ္စလေးတွေမှာ ပြင်မရတဲ့ ကိစ္စလေးတွေ ဥပမာ- ဥပဒေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်လေး တွေရှိပြီ MIC ရဲ့ လုပ်ကိုင်ခွင့်ထက် ကျော်လွန် ပေးရတယ်။ ကောင်းတာ ရှိသလို မကောင်းတာလည်း ရှိတယ်။ MIC ကို လုပ်ပိုင်ခွင့်တွေ ပေးတဲ့အတွက် ဆုံးဖြတ်ပေးရတာတွေ များလာတယ်။ ဒါပေမဲ့ မကောင်းတာက ကိစ္စတိုင်းကို MIC တင်ပေးရတဲ့အတွက် MIC မှာ ဝန်ထုပ်ဝန်ပိုးတွေ တက်လာတယ်။ Investor မှာလည်း ဝန်ထုပ်ဝန်ဖိုးတွေ များလာတယ်။ ကောင်းတာလည်း ရှိသလို မကောင်းတာလည်း ရှိတယ်။ ဒီတော့ MIC က ကိစ္စတိုင်း လုပ်ရမှာတော့ မှန်တယ်။ သို့သော် ဖြေလျှော့လို့ ရတာတွေ ဖြေလျှော့မယ်။ ဒါကြောင့် One Stop Service ထောင်လိုက်တယ်။ MIC တင်ရမယ့် ကိစ္စတွေကို MIC မတင်နဲ့တော့ ဒီမှာပဲ လုပ်လိုက်။ ပို့ကုန်၊ သွင်းကုန် လုပ်ချင်တာလား ဘာလား ညာလား အရင်က MIC တင်ရတယ်။ မတင်နဲ့တော့ ဒီမှာတင် ဖြတ်လိုက်တော့။ အရင် MIC တင်ရတဲ့ လုပ်ငန်း တော်တော်များများကို မတင်စေတော့ဘဲနဲ့ တစ်ခါတည်း ဆုံးဖြတ် ပေးလိုက်တာ။

Voice : တခြား ဘာများ ဖြည့်စွက် ပြောချင်သေးလဲ ခင်ဗျ။

UANO : ကျွန်တော်တို့ အနေနဲ့ တချို့ မီဒီယာတွေကို ဖတ်ကြည့်တဲ့ အခါမှာ တချို့လည်း အပြုသဘောနဲ့ ရေးတာလေးတွေ ရှိတယ်။ တချို့က ဝေဖန်တာလေးတွေ ရှိတယ်။ ကျွန်တော် နည်းနည်းလေး သတိထားမိတာ တစ်ခုက မြန်မာနိုင်ငံမှာ တံခါး ဖွင့်ပေမယ့် ရင်းနှီးမြှုပ်နှံမှုက ဝင်သင့်သလောက် မဝင်ဘူးလို့ တော်တော်များများ ရေးကြတယ်။ လွှတ်တော်ဘက်က အကြီးအကဲတွေ ပြည်ပသွားတဲ့အခါ ဖြစ်ဖြစ်၊ ပြည်ပ ခရီးစဉ်တွေမှာ ဖြစ်ဖြစ် ပြောတာလေးတွေလည်း တွေ့ရပါတယ်။ ဥပဒေဆွဲပြီး ထွက်လာပေမယ့်လည်း ဝင်သင့်သလောက် မဝင်ဘူး စသဖြင့်ပေါ့။ ကိန်းဂဏန်းအားဖြင့် ဝင်သင့်သလောက် ဝင်တယ်။ မဝင်ဘူးဆိုတာ ရှင်းနေတာပဲ။ ရင်းနှီးမြှုပ်နှံမှုက လျော့မသွားဘဲနဲ့ တိုးနေတာလေ။ အရှိန်အဟုန် ကောင်းကောင်းနဲ့ ဝင်နေတယ်။ ဒါလေး တစ်ချက် ပြောချင်တယ်။ သို့သော် အခု ရေတွင်းတူး အခု ရေကြည် သောက်လို့ရတဲ့ အဆင့်တော့ မဟုတ်ဘူး။ ကျွန်တော်တို့မှာ လုပ်ရမယ့် ကိစ္စတွေလည်း အများကြီးပဲ။ ကျွန်တော် ဘာတစ်ခု ပြောနိုင်လဲ ဆိုတော့ ဥပမာနှစ်ခု ကျွန်တော် ပေးချင်တယ်။ တရုတ်နိုင်ငံ ပေါ်လစီ စပြောင်းတာ ၁၉၇၉ ခုနှစ်။ သူ့တိုင်းပြည်ထဲကို ရင်းနှီးမြှုပ်နှံမှုတွေ လောက်လောက်လားလား စဝင်တာ ၁၉၉၃ ခုနှစ်မှ။ ၁၄ နှစ်လောက် စောင့်လိုက်ရတယ်။ ဗီယက်နမ်မှာ စဖွင့်တာ ၁၉၈၉ ခုနှစ်။ ရင်းနှီးမြှုပ်နှံမှု စဝင်တာ ၁၉၉၄ ခုနှစ်မှ။ ငါးနှစ် အချိန် ယူခဲ့ရတယ်။ ကျွန်တော်တို့က ဥပဒေအသစ် ပြင်ပြီးစလုပ်တာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ ဒီတစ်နှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှုက မနှစ်ကနဲ့စာရင် နှစ်ဆလောက် ဖြစ်တယ်ဆိုတော့ ကျွန်တော်တို့ ဝင်သင့်သလောက် မဝင်ဘူး ဆိုတာသည် တကယ်တော့ လက်တွေ့မှာ ကိုယ့်တိုင်းပြည်မှာ ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေလည်း ရှိနေသေးတယ်။ ဒီလို အနေအထားမှာ အခုလောက် ဝင်တာကို ဝင်သင့်သလောက် မဝင်ဘူးလို့ ပြောတာ မမှန်ဘူးလို့ဘဲ ပြောချင်တယ်။ ဒါလေးက ကျွန်တော် ပေးချင်တဲ့ မက်ဆေ့ဂ်ျပါ။

the voice

လမ်းမကြီးများပေါ်ရှိ ယာဉ်များ စတင်ဖယ်ရှားပြီး နောက်နေ့တွင် လမ်းကျဉ်းအချို့၌ ယာဉ်များပိတ်ဆို့မှုကြောင့် ရပ်ကွက်နေ ပြည်သူများ ဒုက္ခရောက်

 Friday, 15 November 2013


ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ၂၆ လမ်း အလယ်ဘလောက်တွင် ယာဉ်များ ပိတ်ဆို့နေစဉ်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ယာဉ်ရပ်နားစခန်းများ လုံလောက်စွာ မရှိသေးသည့် အချိန်တွင် ဖယ်ရှားအရေးယူမှု များကြောင့် ရပ်ကွက်များရှိ လမ်းကျဉ်းများ၌ ယာဉ်ကြောပိတ်ဆို့များ ပိုမိုဖြစ်ပွားနေကြောင်း ရန်ကုန်မြို့ နေသူများနှင့် တာဝန်ရှိသူအချို့က ပြောကြားခဲ့သည်။

ယခုကဲ့သို့ ရပ်ကွက်များအတွင်းရှိ လမ်းများတွင် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပွားနေရသည့် အကြောင်းအရင်းများအနက် ယာဉ်ရပ်နားစခန်းများ လုံလောက်စွာ မရှိသေးခြင်းမှာ အဓိကဖြစ်နေပြီး လမ်းဘေးဈေးသည်များနှင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားထားခြင်းများကြောင့် ယခုရက်ပိုင်းတွင် ပိုမိုပိတ်ဆို့မှု ဖြစ်ပွားလာကြောင်း ရပ်ကွက်နေသူ ပြည်သူများက ပြောကြားခဲ့သည်။

''မဟာဗန္ဓုလလမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားပြီး အရေးယူနေတာက လုပ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်ကွက်မှာ ယာဉ်တွေရပ်နားဖို့ ကားပါကင်မရှိဘူး။ ကားတွေပိုင်ဆိုင်တဲ့ မိသားစုတွေ များလာတယ်။ ဒါ့အပြင် မဟာဗန္ဓုလ လမ်းမပေါ်မှာ ဖွင့်ထားတဲ့ ဆိုင်တွေကိုလာတဲ့ ကားတွေကလည်း ရပ်ဖို့မရှိတော့ လမ်းထဲမှာပဲ တချို့ကားတွေ လာရပ်ကြတယ်။ အဲဒီတော့ လမ်းကကားတွေပိုပြီး ပိတ်ဆို့မှု ဖြစ်လာတယ်။ ကားဟွန်းတီးသံတွေကြောင့် ပိုပြီးဆူညံလာတယ်။ တိုက်ခန်းတွေမှာလည်း ကားပါကင်တွေ မရှိတဲ့အတွက် ပိုပြီးပိတ်ဆို့ နေပါတယ်'' ဟု ကျောက်တံတားမြို့နယ် မဟာဗန္ဓုလ ပန်းခြံလမ်းတွင် နေထိုင်သူ ကိုအောင်နိုင်က ပြောကြားခဲ့သည်။

စည်ပင်လမ်းတွင် နေထိုင်သူ ဦးမောင်ဇော်က ''ကျွန်တော်တို့ တိုက်ခန်းရှေ့မှာ ကားတွေက နှစ်ထပ်လောက် ဆင့်ပြီးတော့ လာရပ်ထားတဲ့ အတွက် အပြင်သွားတဲ့ အခါကျရင် ကားထွက်ဖို့ အတော်လေးကို အခက်အခဲ ရှိပါတယ်။ မြေညီထပ်အောက်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေက အရှေ့မှာကားမရပ်ဖို့ ကာရံထားတာတွေ လုပ်ထားတဲ့အတွက် လမ်းမအလယ်မှာပင် ကားရပ်ထားပြီးတော့ ကိုယ်သွားလိုတဲ့ နေရာတွေ အချိန်ကြာကြာ သွားတဲ့အခါကျတော့ ပိုပြီးလမ်းတွေ ပိတ်ဆို့လာပါတယ်။ အဓိကကတော့ ကားရပ်နားဖို့ ပါကင်တွေ မရှိတာပါဘဲ။ ရုံးဆင်းရုံးတက် ချိန်မှာဆိုရင် ပိုပြီးတော့ရှုပ်ပါတယ်'' ဟု ၎င်း၏ကြုံတွေ့ နေရမှုအား ပြောကြားခဲ့သည်။

ယာဉ်မရပ်ရအဖြစ် သတ်မှတ်ထားသော လမ်း ၃၇ လမ်းတွင် ကရိန်းယာဉ်များဖြင့် ဖယ်ရှားနေမှုကြောင့် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှုများ အနည်းငယ် ဖြေလျော့သွားကြောင်း မထသဗဟိုဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။



မဟာဗန္ဓုလလမ်းမှာ ရပ်နေတဲ့ ယာဉ်တွေကို ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားပြီး အရေးယူနေတာက လုပ်သင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရပ်ကွက်မှာ ယာဉ်တွေရပ်နားဖို့ ကားပါကင်မရှိဘူး။ ကားတွေပိုင်ဆိုင်တဲ့ မိသားစုတွေ များလာတယ်။ ဒါ့အပြင် မဟာဗန္ဓုလ လမ်းမပေါ်မှာ ဖွင့်ထားတဲ့ ဆိုင်တွေကိုလာတဲ့ ကားတွေကလည်း ရပ်ဖို့မရှိတော့...




ဆက်လက်၍ ''ဒီအစီအစဉ်ကို အကောင်အထည်ဖော်တာ ရက်ပိုင်းပဲ ရှိပါသေးတယ်။ ယာဉ်သွား လမ်းမကြီးတွေကို အပြည့်အ၀အ သုံးချနိုင်ဖို့ အတွက်နဲ့ ယာဉ်ကြောပိတ်ဆို့မှု တွေလျော့ကျဖို့အတွက် အခုလိုအရေးယူနေရခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း တစ်ဖက်ကကောင်းသလို အခက်အခဲ အချို့ကိုလည်း တစ်ဖက်က တွေ့ကြုံရမှာ ဖြစ်ပါတယ်။ အခုမှစပြီး လုပ်နေရတဲ့အတွက် အခုဖြစ်ပေါ်နေရတဲ့ အခြေအနေတွေကို သုံးသပ်ဖို့ စောပါသေးတယ်'' ဟု ဦးလှအောင်က ဆက်လက် ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်း ကုန်ပစ္စည်းလိုက်လံ ပို့ဆောင်နေသူ ကိုနန်းက ''အခုက ဂျာအေး သူ့အမေရိုက် ဖြစ်နေတယ်။ လမ်းမပေါ်မှာ ယာဉ်တွေက မရပ်ရတော့ လမ်းကြားထဲဝင်ရပ်။ အဲဒါဒီအခါ လမ်းကြားတွေမှာလည်း ယာဉ်တွေက နှစ်ထပ်ပြန်ဖြစ်နေတယ်။ အဲဒီအတွက် လမ်းကြားထဲကို ပစ္စည်းလိုက်ပို့တဲ့အခါ အခက်အခဲ ဖြစ်နေပြန်တယ်'' ဟု ဆိုသည်။

အလားတူ ''လမ်းမကြီးတွေပေါ်မှာ ရှင်းတာလည်း နေရာအနှံ့အပြား မရောက်သေးတဲ့အတွက် ယာဉ်ကြောကျပ်မှုတွေ ရှိနေသေးတယ်။ နောက်ပြီး ဖမ်းမယ်ဆိုတဲ့ အတွက်ကြောင့်လည်း တချို့ကားတွေက လမ်းကြိုလမ်းကြားတွေထဲ ၀င်ရပ်တယ်။ အဲဒီအတွက် လမ်းကြားတွေမှာလည်း ကျပ်နေတယ်'' ဟု ရန်ကုန်မြို့တွင် ယာဉ်မောင်းနှင်သူ ကိုဇော်ကလည်း ဆိုသည်။

ယင်းကဲ့သို့ ရပ်ကွက်များရှိ လမ်းကျဉ်းများတွင် ယာဉ်ပိတ်ဆို့မှု ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ ''ကရိန်းယာဉ်တွေနဲ့ ဖယ်ရှားအရေးယူနေတဲ့ အစီအစဉ်ကတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ခွင့်ပြုအမိန့်နဲ့ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကြောင့် ကောင်းတာရှိသလို ဆိုးတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေကို အကောင်းဆုံး ဖြေရှင်းပေးသွားမှာပါ'' ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က နိုဝင်ဘာ ၁၄ ရက် ညနေပိုင်းတွင် ပြောကြားခဲ့သည်။

ရန်ကုန်မြို့တွင် ကားပါကင်လုံလောက်စွာ မရှိခြင်းကြောင့် လမ်းကျဉ်းများ၌ ယာဉ်များပိတ်ဆို့မှု ဖြစ်ပွားနေရသည့်အတွက် နေရာလွတ်များတွင် ကားပါကင်များ ပြုလုပ်ပေးရန်လိုအပ်ကြောင်း ရထားရဲတပ်ဖွဲ့က ရဲမှူးဝင်းမောင်က သုံးသပ်ပြောကြားခဲ့သည်။

ရန်ကုန်မြို့အတွင်း မော်တော်ယာဉ် အစီးအရေ သုံးသိန်းကျော်ရှိနေပြီး ၎င်းအနက် ကိုယ်ပိုင်ယာဉ်မှာ အများဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။

EMG

တရုတ်တိုင်းရင်း ဆေးခန်းတွင် ပြသရာမှ ခြေချောင်းနှစ်ချောင်း ဖြတ်တောက်ပစ်ရသည့် အတွက် လူနာရှင်ဘက်မှ ရှင်းလင်းပွဲပြုလုပ်

 Friday, 15 November 2013


လူနာရှင်ဘက်မှ ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ-ဉာဏ်ဝင်းရှိန်)

တရုတ်တိုင်းရင်းဆေးခန်း တစ်ခုတွင် ပြသရာမှ ခြေချောင်းနှစ်ချောင်းအား ဖြတ်တောက်ပစ်လိုက် ရသည့်အတွက် လူနာရှင်ဘက်မှ သတင်းစာ ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၄ ရက် နံနက်ပိုင်းက မြန်မာဂျာနယ်လစ် ကွန်ရက်ရုံးခန်း၌ ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့်ဇူလိုင် ၇ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ် ဗန်ဒါကုန်း (၄) လမ်း၊ ကန်/မြောက် ရပ်ကွက်တွင် နေထိုင်သည့်လူနာ ဒေါ်စန်းစန်းအေးသည် ရေချိုးခန်းတွင် ချော်လဲရာမှ ဘယ်ဘက်ခြေချောင်းများ ဒဏ်ရာရရှိသွားသည့် အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ၉၃ လမ်းထိပ်တွင် ဖွင့်လှစ်ထားသည့် ဦးမျိုးအောင်၏ တရုတ်အရိုးအကြော ဆေးကုဌာနတွင် သွားရောက်ပြသခဲ့ကြောင်း၊ ၎င်းဆေးဆရာမှ လူနာအား ဓာတ်မှန်ရိုက်ရန် စေခိုင်းခဲ့ကာ ဓာတ်မှန်အား ကြည့်ရှုခဲ့ပြီး ဘယ်ဘက်ခြေဖခုံအား တိုင်းရင်းဆေးများဖြင့် ကျပ်စည်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးစည်းပြီးနောက် ယင်းနေ့ညတွင်ပင် ခြေထောက်မှာ ပူလောင်လာပြီး နာကျင်လာသဖြင့် ဆရာဝန်တစ်ဦး၏ ဆေးခန်းသို့ သွားရောက်ပြသခဲ့ပြီး ထိုဆရာဝန်မှ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ချက်ချင်းသွားရောက် ကုသရန် ညွှန်ကြားသဖြင့် နောက်နေ့ ဇူလိုင် ၈ ရက်တွင် သွားရောက် ပြသခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါဒဏ်ရာကို ရန်ကုန်ဆေးရုံကြီးတွင် တစ်လကျော်ခန့် တက်ရောက် ကုသခဲ့ပြီးနောက် ဘယ်ဘက်ခြေချောင်း နှစ်ချောင်းကို ဖြတ်တောက်ခဲ့ရသည်အထိ ဖြစ်ခဲ့ရကြောင်း လူနာရှင်ဘက်မှ ဦးချိုချိုက ပြောကြားသည်။

''ချော်လဲလို့ဖြစ်တဲ့ ဒဏ်ရာကို ဆေးစည်းပေးပြီးတဲ့နောက်မှာ အရမ်းပူလာပြီး ဖူးယောင်လာတယ်။ နောက်ဆေးရုံရောက်တဲ့ အခါမှာ အမည်းဖတ်ကြီးတွေ ဖြစ်လာတယ်။ အဲဒီကနေ တစ်ဆင့်တစ်ဆင့်နဲ့ နောက်ဆုံး ခြေချောင်းနှစ်ချောင်းကို ဖြတ်လိုက်ရတဲ့ အဆင့်ထိ ဖြစ်သွားပါတယ်။ ကျွန်တော်တို့ကလည်း မသိနားမလည်လို့ နိုင်ငံတော်က တရားဝင် အသိမှတ်ပြုမထားတဲ့ တရုတ်ဆေးခန်းတွေမှာ သွားပြမိတာပါ။ အဲဒီလိုတရားမ၀င် တရုတ်ဆေးခန်းတွေကို နိုင်ငံတော်ကနေ ထိထိရောက်ရောက် အရေးယူပေးဖို့ နစ်နာသူ တစ်ယောက်အနေနဲ့ တောင်းဆိုချင်ပါတယ်'' ဟု ဦးချိုချိုက ပြောကြားသည်။

အဆိုပါ ဖြစ်စဉ်အား လူနာရှင်ဘက်မှ မင်္ဂလာတောင်ညွန့် မြို့နယ်အုပ်ချုပ်ရေး အဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် မြန်မာနိုင်ငံ ဆေးကောင်စီ၊ မြန်မာနိုင်ငံ ရဲချုပ်၊တရားဥပဒေ စိုးမိုးမှု ကော်မတီများသို့ တိုင်ကြားခဲ့သော်လည်း ယခုအချိန်ထိ တစ်စုံတစ်ရာ အရေးယူခြင်း မရှိသေးကြောင်း ဦးချိုချိုက ဆက်လက် ပြောကြားသည်။

၎င်းက ''ဒီလိုကိုယ်အင်္ဂါ ချို့ယွင်းနစ်နာခဲ့တဲ့ အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးကနေ နှစ်ဦးနှစ်ဘက် ဆွေးနွေးဖို့ သုံးကြိမ်ချိန်းဆို ခဲ့ပေမယ့် ဆေးဆရာဦးမျိုးအောင်က ပြေလည်အောင် ညှိနှိုင်းမှု မရှိခဲ့ပါဘူး'' ဟု ဆိုသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး တရုတ်တိုင်းရင်း ဆေးဆရာ ဦးမျိုးအောင်က ''အဲဒီကိစ္စနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာတွေမှာ ကျွန်တော်ရှင်းပြီးသားပါ။ ကျွန်တော့် ဆေးခန်းကလည်း တရားဝင် မဟုတ်ဘူးဆိုရင် ဒီလိုလူသိရှင်ကြား ဘယ်ဖွင့်လို့ ရမှာလဲ။ ရန်ကုန်မြို့လယ် ကောင်မှာလည်း ဒီလိုတရုတ် တိုင်းရင်းဆေးခန်းတွေ ဖွင့်နေတာတွေ ရှိနေတာပဲ''ဟု The Daily Eleven သတင်းစာသို့ ဖြေကြားခဲ့သည်။

ပြီးခဲ့သည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် သတ္တမပုံမှန် အစည်းအဝေးတွင် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေသက်ခင်က တရုတ်တိုင်းရင်း ဆေးခန်းများသည် တရားဝင် ဆေးကုသခွင့် လိုင်စင်မရှိဘဲ ဖွင့်လှစ်ထားခြင်း ဖြစ်ကြောင်း ပြောကြားထားခဲ့သည်။

EMG

ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူများ ပြန်လည် ရိုက်နှိပ်ရန် လွှတ်တော်တွင် ဆွေးနွေး




Friday, 15 November 2013

မြန်မာနိုင်ငံတွင် သာမက ကမ္ဘာကပါ လေးစားခဲ့ရသော အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံဖြင့် ငွေစက္ကူများကို ယခင်အစိုးရ အဆက်ဆက်က ထုတ်ဝေခဲ့သည့်အတွက် လက်ရှိ အစိုးရကလည်း ပြန်လည် ရိုက်နှိပ် ထုတ်ဝေသင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အဆိုကို ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသည်။
ယင်းသို့ ဆွေးနွေးရာတွင် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ဗဟိုဘဏ်က ငွေစက္ကူများ အသစ်ရိုက်နှိပ် ထုတ်ဝေပါက နိုင်ငံခေါင်းဆောင်များ၊ ထင်ရှားသော အဆောက်အအုံများ၊ ရှုခင်းများ၊ အထိမ်းအမှတ်ပုံများကို အခြေအနေ အချိန်အခါနှင့် ကိုက်ညီလျှင် အစိုးရအဖွဲ့နှင့် ညှိနှိုင်းကာ ခွင့်ပြုချက်ရယူ ရိုက်နှိပ်သွားမည် ဖြစ်ကြောင်း ဖြေကြားသည်။
“အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ပြန်အစား ထုတ်ခြင်းက လူငယ်တွေကို သမိုင်းမျိုးဆက် မပြတ်စေဖို့ အထောက်အကူ ဖြစ်စေပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

လက်ရှိ ထုတ်ဝေထားသော ငွေစက္ကူများတွင် တစ်ထောင်ကျပ် အထိ ခြင်္သေ့ပုံ ဖော်ထားခြင်းသည် နိုင်ငံရေးပါတီ တစ်ခု၏ တံဆိပ် အမှတ်အသားအဖြစ် တွေ့ရကြောင်း၊ ငွေစက္ကူပေါ်ရှိ နိုင်ငံတော်အဆင့် အမှတ်အသားမှာ ပါတီတစ်ခု၏ တံဆိပ်နှင့် မတူသင့်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောဆိုသည်။

မြန်မာနိုင်ငံတွင် အသုံးပြုနေသော ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ထားသော ကေသရာဇာ ခြသေ့င်္ပုံသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ ကိုယ်စားပြုထားသည့် အမှတ်အသား တံဆိပ်နှင့် သက်ဆိုင်ခြင်း မရှိကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြန်လည် ပြောကြားသည်။

မြန်မာနိုင်ငံ ငွေကြေး ထုတ်ဝေရေး အဖွဲ့က ၁၉၅၂ ခုနှစ် ကတည်းက မြန်မာ့ အနုပညာမြောက် ကေသရာဇာ ခြင်္သေ့မင်းပုံကို ထုတ်ဝေခဲ့ခြင်း ဖြစ်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ၂၀၁၀ ပြည့်နှစ်တွင် ဖွဲ့စည်းခြင်း ဖြစ်သည့်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ပါတီ အမှတ်အသား တံဆိပ်ကို ငွေစက္ကူပေါ်တွင် ရိုက်နှိပ်ခြင်း မဟုတ်ကြောင်း ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌက ရှင်းပြသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလအတွင်း ပြုလုပ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင်လည်း သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ရိုက်နှိပ် ထုတ်ဝေလျက်ရှိသော ငွေစက္ကူများတွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းပုံ ပြန်လည် ထည့်သွင်း ရိုက်နှိပ်ရန် အဆို တင်သွင်းခဲ့သော်လည်း ကန့်ကွက်သူ များသဖြင့် အဆိုရှုံးနိမ့်ခဲ့သည်။

the voice

နိုင်ငံတော်သမ္မတ လစာလျှော့ယူခြင်း တည်ဆဲဥပဒေများကို ဆန့်ကျင်ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ပြောဆို





 
Friday, 15 November 2013 


မြန်မာနိုင်ငံသည် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများတွင် ပါဝင်နေခြင်းကြောင့်ဆိုကာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ သမ္မတလစာကို လျှော့ယူထားခြင်းသည် တည်ဆဲ ဥပဒေများကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဝေဖန် ပြောဆိုလိုက်သည်။
“ဥပဒေမှာ ရှိပြီးတော့မှ မယူဘူးဆိုရင် ဥပဒေကို ဆန့်ကျင်တဲ့သဘော ဖြစ်ပါတယ်။ ကျွန်တော်တို့ ဥပဒေမှာ သိန်း ၅၀ ပြဋ္ဌာန်းထားပါတယ်။ ဒါကို သဘောတူပါတယ်။ ဥပဒေ ဘယ်လိုပဲရှိရှိ မယူတဲ့အခါ ကျတော့ ဥပဒေနဲ့ မညီဘူး ဖြစ်နေတာ” ဟု ၎င်းကဆိုသည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်သမ္မတသည် ဥပဒေပါ ပြဋ္ဌာန်းထားသည့် လစာကျပ်သိန်း ၅၀ မှ ကျပ် ၁၅ သိန်းသာ ထုတ်ယူမည်ဟု ပြောကြားထားခြင်းကြောင့် ဥပဒေ ပြန်လည် ပြင်ဆင်ရာတွင်လည်း ကျပ် ၁၅ သိန်းဖြင့် အတည်ပြုပေးမှသာ ဥပဒေနှင့်ညီမည် ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံတော်သမ္မတ၏ လစာယူမည့် အခြေအနေကို လွှတ်တော်သို့ ရောက်ရှိနေသော ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက နိုင်ငံတော်သမ္မတထံ တိုက်ရိုက် မေးမြန်းရန် လွှတ်တော် အစည်းအဝေးကို ခေတ္တ ရပ်ဆိုင်းလိုက်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့က ဆိုသည်။
“အမိန့် ညွှန်ကြားချက်တစ်ခုနဲ့ ဒီလိုယူတယ်ဆိုတာ အဓိပ္ပာယ် မရှိဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေလည်း ဝန်ကြီးတွေရဲ့ ၁၀ ပုံတစ်ပုံပဲ ရှိနေတာကြောင့် ခုလို ဥပဒေကို ပြင်ပေးရတာပါ။ ၁၅ မိနစ်အတွင်း ခင်ဗျား ဆက်သွယ်ပြီး မေးလိုက်ပါ ၁၅ မိနစ် စောင့်မယ်” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းကို ပြောကြားလိုက်သည်။

ထို့ကြောင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အနေနှင့် သိန်းငါးဆယ်ထက် မပိုသော လစာကိုသာ ယူလိုပြီး လွှတ်တော်မှ အတည်ပြု ဆုံးဖြတ်ပေးရန် ပြောကြားကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိမ်းက သမ္မတကိုယ်စား လွှတ်တော်သို့ ပြန်လည် တင်ပြခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ လစာငွေ လျှော့ယူခြင်းသည် နိုင်ငံ၏ စီးပွားရေးကို ငဲ့ကွက်သည့် အခြေအနေ ရှိသော်လည်း ဥပဒေနှင့် ညီညွတ်မှု မရှိသည်မှာ မှန်ကန်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က The Voice သို့ ပြောကြားသည်။
“ဒါဟာ ဥပဒေနဲ့ ညီညွတ်မှု မရှိဘူးဆိုလို့ ရှိရင် သက်ဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီး ပြင်ယူရမှာပဲ၊ ကော်မတီဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောတာပါ” ဟု တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်သူ ၎င်းကပြောဆိုသည်။

နိုင်ငံတော်သမ္မတ၏ လစာသည် ပြည်ထောင်စုအစိုးရ အဖွဲ့အစည်းများ၏ ညှိနှိုင်း ဆုံးဖြတ်မှု အပေါ်တွင် မူတည်နေသောကြောင့် အစိုးရ အဖွဲ့အစည်း အနေနှင့် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လာရောက် တင်ပြရန် ဦးခင်အောင်မြင့်က ကြေညာပြီး အဆိုပါ ဥပဒေကြမ်းကို ဆွေးနွေး အတည် ပြုမည့် အစီအစဉ်ကို ရပ်ဆိုင်းလိုက်သည်။

ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များ၏ ချီးမြှင့်ငွေ၊ စရိတ်နှင့် အဆောင်အယောင် ဥပဒေကို ပြင်ဆင်ရခြင်းမှာ လွှတ်တော် ကိုယ်စားလှယ်များ၏ လစာနှင့် ပြည်ထောင်စု ဝန်ကြီးများ၏ လစာ များစွာ ကွာဟနေသဖြင့် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြားသည်။



the voice

လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာ ၁၄ ရက်ညက ဒေသခံများနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခဖြစ်ပွား

Friday, 15 November 2013


နိုဝင်ဘာ ၁၄ ရက်ညနေ ၃ နာရီက မိုးကြိုးပြင်ရွာတောင်ထိပ်ရှိ ရဲကင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံများအကြား ပဋိပက္ခ ဖြစ်ပွားနေစဉ်

မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်တောင်ရွာတွင် နိုဝင်ဘာ ၁၄ရက် ညပိုင်းက ဒေသခံများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များမှ ပစ်ခတ်သဖြင့် ရွာသားခုနစ်ဦး ဒဏ်ရာများ ရရှိခဲ့ကာ ဒေသခံများ၏ ပြန်လည်တုံ့ပြန်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးလည်း ဒဏ်ရရရှိခဲ့ကြောင်း သိရသည်။

ပဋိပက္ခ ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၄ ရက် ည ၈ နာရီကျော်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိုးကြိုပြင်တောင် ရွာထိပ်မှ သံဆူးကြိုးများနှင့် လုံခြုံရေးတပ်ဖွဲ့များ စခန်းချထားသည့် နေရာမှရွာထဲသို့ ပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''စုစုပေါင်း ၂၇ ချက်လောက် ရှိမယ်ထင်တယ်။ ရွာအစပ်က အိမ်တစ်အိမ်မှာ ၀ါးလုံးတားပြီး တောင်းဆိုနေကြတဲ့ လူခုနစ်ယောက် ဒဏ်ရာရတယ်။ ဒဏ်ရာရတဲ့သူတွေက မိုးကြိုးပြင်တောင်ရွာ အုပ်စုအောက်က ကန်လေးကုန်းရွာက စိုးပြည့်အောင်ရယ် မိုးကြိုးပြင်ရွာက မအေးဆန်း၊ ကိုဘိုနီ၊ ကိုထွန်းအေး၊ ကိုဖိုးဆီ၊ ကိုသက်မောင်နဲ့ ဦးမှိုင်းတို့ပါ'' ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ပဋိပက္ခ ဖြစ်ပွားရာ နေရာသို့ ရဲကား ၁၇ စီး၊ လုံထိန်းအင်အား ၄၀၀ ၀န်းကျင် ခန့် လာရောက်ခဲ့ကြောင်း သိရသည်။ '' ဒဏ်ရာတွေက အရမ်းမနက်ဘူး။ သေလောက်တဲ့ အထိတော့ မဟုတ်ဘူး။ ဘာကျည်ဆန်တွေနဲ့ ပစ်တယ်ဆိုတာတော့ မသိပါဘူး။ မအေးဆန်းဆိုတဲ့ အမျိုးသမီးကတော့ လက်ဖျံကိုမှန်တာ။ ဒဏ်ရာကတော့ တော်တော်နက်တယ်။ ဒဏ်ရာရတဲ့ သူတွေကို မုံရွာဆေးရုံကို မပို့ဘဲ ရွာထဲမှာပဲ ကုနေတာ တွေ့ရတယ်'' ဟု မိုးကြိုးပြင်တောင်ရွာမှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။



ဒဏ်ရာတွေက အရမ်းမနက်ဘူး။ သေလောက်တဲ့ အထိတော့ မဟုတ်ဘူး။ ဘာကျည်ဆန်တွေနဲ့ ပစ်တယ်ဆိုတာတော့ မသိပါဘူး။ မအေးဆန်းဆိုတဲ့ အမျိုးသမီးကတော့ လက်ဖျံကိုမှန်တာ။ ဒဏ်ရာကတော့ တော်တော်နက်တယ်။ ဒဏ်ရာရတဲ့ သူတွေကို မုံရွာဆေးရုံကို မပို့ဘဲ ရွာထဲမှာပဲ ကုနေတာ တွေ့ရတယ်...






မုရွာဆေးရုံတွင် လာရောက်ကုသသော ရဲတပ်ဖွဲ့ဝင်များမှာ ဒုရဲအုပ်မြင့်ဆွေ၊ ဒုရဲအုပ်ဝေလင်း၊ ဒုတပ်ကြပ်ဂျိုးဆက်၊ ဒုတပ်ကြပ်ထွန်းလှိုင်ဦး၊ ဒုတပ်ကြပ်ကျော်မင်းဦး၊ တပ်သားညီမျိုးထွန်း၊ တပ်သားကျော်ဇာနည်၊ တပ်သားကြံအောင်၊ တပ်သားစောမောင်နိုင် တို့ဖြစ်ပြီး စိုးရိမ်ရသော ဒဏ်ရာမရှိကြောင်း သိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး တင်ထွန်းကို ည ၁၁ နာရီဝန်းကျင်က ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ဖုန်းပိတ်ထားခြင်းကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

''ဒဏ်ရာရတဲ့ ရဲကိုးဦး မုံရွာဆေးရုံကို ည ၁၀ နာရီကျော်လောက်က ရောက်လာပါတယ်။ တစ်ယောက်ကိုတော့ အတွင်းလူနာအဖြစ် ထားရတယ်လို့ သိရပါတယ်။ အခုဖြစ်စဉ်က ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းမှာ ဖြစ်သွားတဲ့အတွက် အရှေ့ဘက်ခြမ်းမှာရှိတဲ့ ကျွန်တော့်အနေနဲ့ ဖြစ်စဉ်အသေးစိတ် ကိုတော့ မသိရပါဘူး'' ဟု မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက နိုဝင်ဘာ ၁၅ ရက် နံနက် ၁၂ နာရီ ၁၅ မိနစ်က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၃ရက် နံနက် ၉ နာရီခန့်က ပုသိမ်-မုံရွာ ကားလမ်းမဘေး မိုးကြိုးပြင်တောင် ရွာထိပ်တွင် လုံခြုံရေးအ ဖွဲ့အစည်းများမှ သံစူးကြိုး အတားအဆီးများဖြင့် ကျေးရွာသုံးလမ်းအား ပိတ်ဆို့ထားမှုကြောင့် မိုး ကိုးပြင်တောင်ရွာနှင့် အလယ်ရွာမှ ဒေသခံ မှ ဖယ်ရှားပေးရန် တောင်းဆိုခဲ့ကြသည်။ ယင်းကဲ့သို့ အာဏာပိုင်များမှ လမ်းပိတ်ဆို့ ထားခြင်းနှင့် ပတ်သက်ပြီး အခြေအတင် စကားများခဲ့ရာ လုံခြုံရေးအင်အား များစွာဖြင့် တားဆီးပိတ်ပင် ခဲ့ကြောင်း၊ ယာခင်းပိုင်ရှင် စာရင်းပေးရန်နှင့် ထိုသူများသာ ယာခင်းထဲသို့ ၀င်ခွင့်ပြုမည် ဆိုသောကြောင့် ဒေသခံများမှ လက်မခံဘဲ အတားအဆီးများအား ဖယ်ရှားပေးရန် ဆက်လက်တောင်းဆို ခဲ့ကြသည်။



နိုဝင်ဘာ ၁၄ ရက် ညပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ဒဏ်ရာရရှိခဲ့သော ရဲတပ်ဖွဲ့ဝင်များ မုံရွာဆေးရုံတွင် ဆေးကုသမှု ခံယူနေစဉ်

နိုဝင်ဘာ ၁၄ ရက် နံနက် ၉ နာရီ ကျော်က အဆိုပါပဋိပက္ခ ဖြစ်ပွားရာ မိုးကြိုးပြင်တောင်ရွာထိပ်သို့ စစ်ကိုင်းတိုင်းဒေသကြီး နယ်စပ်ရေးရာဝန်ကြီး လာရောက်၍ ဒေသခံများနှင့် တွေ့ဆုံကာ ဖြေရှင်းပေးသော်လည်း ပြေလည်မှု မရခဲ့ကြောင်း သိရသည်။ ဒေသခံများမှ ရွာထိပ်ရှိ လုံခြုံရေးတပ်ဖွဲ့ ၀င်များအား ဖယ်ရှားရှင်းလင်းပေးရန်၊ နိုဝင်ဘာ ၁၂ ရက်က မိုးကြိုးပြင်တောင်ရွာမှ ဦးသန်းမြင့်အား ဖမ်းဆီးထားမှုကို ပြန်လွှတ်ပေးရန် စသည့်အချက်များကို ဖြေရှင်းပေးရေး ၀န်ကြီးထံ တောင်းဆိုခဲ့ကြသည်။

ထိုကဲ့သို့ နယ်စပ်ရေးရာ ၀န်ကြီးနှင့် ဒေသခံများ အပြန်အလှန် ပြောဆိုမှုမှာ မွန်းလွဲပိုင်းအချိန်ထိ ကြာမြင့်ခဲ့ပြီး ဒေသခံများ၏ တောင်းဆိုမှုများအား မည်သို့မျှ ပြေလည်အောင် ဖြေရှင်းနိုင်ခြင်း မရှိဘဲ မွန်းလွဲ ၁ နာရီခန့်တွင် မိုးကြိုးပြင်တောင်ရွာထိပ်မှ ပြန်လည်ထွက်ခွာ သွားခဲ့ကြောင်း၊ ဒေသခံများမှာ အဆိုပါနေရာတွင် ဆက်လက်၍ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး၏ MOI Webportal Myanmar Facebook တွင် လုံခြုံရေးရဲကင်းအား ရွာသား ၈၀ ခန့်က လာရောက်ပြီး လေးဂွများ၊ ခဲများဖြင့် ၀ိုင်းဝန်ပစ်ပေါက် ခဲ့ကြသဖြင့် အကြမ်းဖက်မှု ထပ်မံမဖြစ်ပွား စေရေးအတွက် ရဲစခန်းမှ အသံမြည်ဗျောက်အိုးများ ဖောက်၍ ကာကွယ်ပစ်ခတ် ခဲ့ကြောင်း၊ ရွာသားများက လေးဂွများဖြင့် ၀ိုင်းဝန်းပစ်ပေါက် ကြသဖြင့် ရဲအရာရှိနှစ်ဦးနှင့် အခြားအဆင့် ခုနစ်ဦး ပေါင်းကိုးဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း၊ ခြောက်လှန့်သည့်အနေဖြင့် အဓိကရုဏ်း လက်နက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

EMG

Related Posts Plugin for WordPress, Blogger...