Wednesday, November 27, 2013
အဖေက အမြဲပြောသည်။
"သား..ပညာတတ်ကြီး ဖြစ်အောင်လုပ်"တဲ့။
"ပညာတတ် ကြီးဖြစ်မှ အဖေတို့လို မပင်ပန်းရမှာ၊ ချမ်းချမ်းသာသာ နေရမှာ" လို့လည်း မောင်မောင် ငယ်စဉ်ကတည်းက အဖေက အမြဲပြောလေ့ရှိသည်။
ခုတော့ မောင်မောင် ပညာတတ်ပြီ၊ ဘွဲ့ရပြီ။ သူ့အဖေပြောသလို မောင်မောင် မပင်ပန်းတော့။ ရွာမှာ မောင်မောင်က ပထမဆုံး ဘွဲ့ရပညာတတ်ကြီး ဖြစ်သည်။ မောင်မောင် ဘွဲ့ရအောင် ကျောင်းထားဖို့ အိမ်က ပိုင်သမျှ လက်ဝတ်ရတနာ တွေလည်း ရောင်းလိုက်ရပြီ။ သို့ပေမယ့် တန်သည်၊ ကုန်သင့်သည်၊ တစ်ဆွေလုံး တစ်မျိုးလုံး မျှော်လင့်သကဲ့သို့ မောင်မောင် ပညာတတ်ကြီး ဖြစ်ချေပြီ။
ပညာတတ်ဘွဲ့ရပါက ရွာမှာ အလုပ်မလုပ်ရ ဆိုသော ဘာမှန်းမသိသည့် သတ်မှတ်ချက်ကြီးကြောင့် ရွာမှာ မောင်မောင် မနေ။ မြို့ကိုတက်ကာ မောင်မောင် အလုပ် လုပ်တော့မည်။
မြို့ကိုရောက်တော့ အစိုးရဌာန ရုံးတစ်ခုမှာ အလုပ် ဝင်လျှောက်ကြည့်သည်။ ဘွဲ့လက်မှတ်ကြီး တစ်ခု ပိုက်ကာ ဘွဲ့ရပညာတတ် ဆိုသည့်အတိုင်း စာရေး ရာထူးကြီးကို မောင်မောင်တစ်ယောက် ထိုက်တန်စွာ ရရှိလိုက်လေပြီ။
အစိုးရရုံးလေး မှာပဲ ရုံးစာရေးဘဝနဲ့ ရောင့်ရဲလိုက်၊ အရာရှိစာမေးပွဲလေး ခေါ်က ဝင်ဖြေလိုက်ဖြင့် လည်ပတ်နေသည်။ စားဝတ်နေရေး အတွက် လုံလောက်စွာ ပေးထား သည့် ပမာဏကြီးမားလှသော လစာကြီးများ ကုန်သွားလျှင် ရွာကမိဘများဆီ ပိုက်ဆံ လှမ်းတောင်းလိုက်ရုံမျှဖြင့် အဆင်ပြေနေသည်။ ပညာတတ်ကြီး မပင်ပန်းရအောင် ပညာမတတ်သော မိဘများက လယ်ယာ လုပ်ငန်းလုပ်ကာ ပညာတတ်စာရေးကြီး မောင်မောင်ကို ထောက်ပံ့ကြလေသည်။
အရာရှိစာမေးပွဲ ဖြေဖြေ၊ ရာထူး စာမေးပွဲကို ဘယ်လိုကြိုးစားဖြေဖြေ မအောင်လေသော မောင်မောင် တစ်ယောက် နှစ်ကာလ အတန်ကြာလေသော် ကံဇာတာလေး တက်လာသည်။ မောင်မောင့်လောက် အဖြစ်မရှိသူ များက ရာထူးစာမေးပွဲများကို တစ်ကြိမ်တစ်ခါမျှ ဖြေရုံဖြင့်ပင် အောင်ကြလေသည်။ ဒါကို မောင်မောင် နားမလည်ခဲ့။ သို့သော် ကံတရားက မောင်မောင့်ကို ကြည့်မနေ။ အရာရှိစာမေးပွဲ မအောင်သော်လည်း လုပ် သက်ငါးနှစ်အကြာတွင် ရုံးအငယ်တန်း စာရေးလေးမောင်မောင်အဖြစ်မှ အကြီးတန်း စာရေးကြီး ဖြစ်သွားလေပြီ။ ကံတရားက အမှန်တရား ဘက်မှာ အမြဲ ရှိတတ်ပေသည်။
မောင်မောင့်ထက်အရင် အရာရှိ စာမေးပွဲ အောင်မြင်သူများ ကတော့ မောင်မောင်၏ အထက်အရာရှိများ ဖြစ်နေ ကြပေပြီ။ နောက်တော့မှ အကြောင်းစုံ မောင်မောင် သိလာသည်။ ထိုသူများက ပူဇော်ထိုက်သူများကို ပူဇော်ပသရသည် ဆိုသည့် မင်္ဂလာတရားတော်ကို လိုက်နာသောကြောင့် ပင်တည်း။
ရိုးသားသည့် မောင်မောင်၊ ကြိုးစားသည့် မောင်မောင်၊ ပညာတတ်ကြီး မောင်မောင်၊ ရုံးစာရေးကြီး မောင်မောင် စသဖြင့် နာမဝိသေသနများ ပေါများလှသည့် မောင်မောင်သည် နိုင်ငံတော်က ချီးမြှင့်သည့် လုံလောက်မျှတသော လစာငွေများ ဖြင့် ရွှေဂေါင်းပြောင်နှင့် ကန်စွန်းရွက်ကို တစ်လှည့်စီ ရေလုံပြုတ်၍ တစ်သွယ်၊ ကြော်လှော်၍ တစ်မျိုး ပြုလုပ်ကာ ဓာတ်စာအဖြစ် မှီဝဲနေရလေသည်။
ကြာတော့ ဂဏန်း ငါးလုံးမျှသာ ရှိသော အစိုးရလစာနှင့် မောင်မောင် မလောက်ငတော့။ မိဘဆီက အမြဲပင် ပြန်၍ တောင်းရသည်။ လယ်သမား၊ ယာသမား မိဘများဆီက ရသည့်ငွေဖြင့် ရုံးက တောင်း ခံသော ကထိန်ပွဲ၊ ဝါဆိုပွဲ၊ သီတင်းကျွတ်ပွဲ စသည့် စသည့် ၁၂ လ ရာသီပွဲများ အတွက် အလှူငွေ ထည့်ခြင်းဖြင့် ဒါနပါရမီ၊ အထက် အရာရှိများကို ပြန်လှန် မဆိုရဲသည့်အခါတွင် သည်းခံရသောကြောင့် ရသည့် ခန္တီပါရမီ၊ ကိုယ့်လက်အောက်က ဝန်ထမ်းများ ကဏ္ဋကောစ ပြုပါလျှင်လည်း မမြင်ချင်ယောင်၊ မသိချင်ယောင်၊ မကြားချင်ယောင်ဆောင် ကာ နေရသောကြောင့် ရသည့် ဥပေက္ခာ ပါရမီ စသည့် စသည့် ပါရမီများကို ဖြည့်ဆည်းကာ ဘဝကို ကျေနပ်စွာ နေထိုင်လေသည်။
ထိုသို့နေထိုင်လာသည့် မောင်မောင်တစ်ယောက် တစ်နေ့မှာတော့ တစ်ရွာတည်း နေပြီး အခုမြို့တွင် အလုပ်လာလုပ်နေသော သူငယ်ချင်း အောင်အောင်နှင့် ပြန်တွေ့ လေသည်။ ငယ်ကတည်းက အောင်အောင်က ပညာရေးကိုလည်း သိပ်စိတ်မဝင်စားသူမျိုး ဖြစ်သည်။ သို့ရာတွင် ပါးရည်နပ်ရည် ကတော့ မောင်မောင့်ထက် ရှိလှသည်။ ခွင်ကျော်မြင်တတ်သည်။ အောင်အောင်က မည်သူ့ကို ကပ်လျှင် မည်သို့စားရမည် ကိုလည်း မွေးရာပါ ပညာတစ်ခုကဲ့သို့ တတ်မြောက်ထားသူဖြစ်သည်။
ခုတော့ အောင်အောင်က အစိုးရ ရုံးကြီးတစ်ရုံးတွင် ပြာတာအလုပ် လုပ်နေရှာသည်။ အောင်အောင် ၏ မည်းနက်နေသည့် အသားအရေပေါ်တွင် ရွှေဆွဲကြိုး လက်တစ်လုံးလောက်ကြီးက အပြူးသား။ ပြာတာ လစာ နှစ်ပဲခြောက်ပြားဖြင့် သည်ဆွဲကြိုးကြီးကို အောင်အောင် ဘယ်လိုပိုင်ဆိုင်သည် ဆိုသည်ကိုမူ မောင်မောင် နားမလည်။ အောင်အောင်က ပြာတာဆိုသော်ငြား မောင်မောင်နှင့် ယှဉ်ကြည့်လျှင် အပြတ်ကွာခြားကာ မောင်မောင့်ထက် သားနားလွန်းနေသည်။
အောင်အောင်၏ တစ်ရက်တာ ဝင်ငွေက မောင်မောင့် တစ်လစာနီးပါး ရှိနေသည်။ အောင်အောင် ပညာမတတ် သော်လည်း အဘယ်ကြောင့်ထိုသို့ အဆင် ပြေနေသည်ဆိုသည်ကို မောင်မောင် လုံးဝ(လုံးဝ) နားမလည်နိုင်။
"ပညာတတ်ရင် မပင်ပန်းဘူး၊ ချမ်းချမ်းသာသာ နေရမယ်" ဆိုသည့် မောင်မောင့် အဖေ၏ ဆုံးမစကားကို ကြားယောင်မိသည်။ အိမ်ဧည့်ခန်းနံရံမှာ ရွှေရောင်ဘောင်ဖြင့် တခမ်းတနား ကွပ်ကာ တပ်ထားသည့် မောင်မောင့် ဘွဲ့ရဓာတ်ပုံ ကြီးကို ကြည့်ကာ မောင်မောင်တစ်ယောက် တောက်တစ်ချက် ခပ်ပြင်းပြင်း ခေါက်လိုက်မိလေသည်။
(ဥဂ္ဂါ)
By The Voice