Wednesday, November 27, 2013

ရန်ကုန်မြို့ ဧရိယာအတွင်း ကားပါကင် တည်ဆောက်လိုသည့် လုပ်ငန်းရှင်များအား လျင်မြန်စွာ ခွင့်ပြုပေးမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား



ရန်ကုန်မြို့ ဧရိယာအတွင်း ကားပါကင် တည်ဆောက်လိုသည့် လုပ်ငန်းရှင်များအား လျင်မြန်စွာ ခွင့်ပြုပေးသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက နိုဝင်ဘာ ၂၅ ရက်က ပြောကြားသည်။

အဆိုပါ ပြောကြားချက်အား နိုဝင်ဘာ ၂၅ ရက်က မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၌ ပြုလုပ်သော ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အခြေအနေများနှင့် ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

"ရန်ကုန်မြို့မှာ ယာဉ်ကြောပိတ်ဆို့မှုတွေက တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာနေပါတယ်။ ကားရပ်နားဖို့ ကားပါကင် နေရာတွေကလည်း ကျပ်တည်းလာနေပါတယ်။ ဒါကြောင့်မို့ ရန်ကုန်မြို့မှာ ကားပါကင် တည်ဆောက်ချင်တဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မြန်သာလျှောက်ပါ။ ခွင့်ပြုပေးသွား ပါမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက နိုဝင်ဘာ ၂၅ ရက်က ဆိုသည်။

ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာခြင်းနှင့်အတူ ယာဉ်ရပ်နားနိုင်သည့်နေရာ မရှိခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေကြောင်း၊ ထိုသို့ ယာဉ်ကြောပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ အထပ်မြင့် ကားပါကင်များကို ဆောက်လုပ်ရန် လုပ်ငန်းရှင်များကို ဖိတ်ခေါ်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ဆိုသည်။

ရန်ကုန်မြို့တော်တွင်း ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ အထပ်မြင့် ကားပါကင်များကို ဆောက်လုပ်ရန် ရည်မှန်းထားခဲ့ရာ ပထမဆုံး အနေဖြင့် ၁၅ ထပ် အမြင့်ရှိ အထပ်မြင့် ကားပါကင်အား မြို့လယ်ရှိ ဆိပ်ကမ်းသာလမ်းတွင် ဆောက်လုပ်သွားရန် စီစဉ်နေကြောင်း သိရသည်။

အထပ်မြင့် ကားပါကင်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် မြေအကျယ်အ၀န်း ပေ ၃၀ x ပေ ၅၀ ရှိမြေကွက်တွင် ဆောက်လုပ်သွားရန် စီစဉ်နေခြင်းဖြစ်ပြီး တစ်ထပ်လျှင် ကားရှစ်စီးမှ ၁၀ စီးခန့်အထိ ရပ်နားနိုင်မည်ဖြစ်ပြီး စုစုပေါင်း ၁၅ ထပ်အတွက် ကားအစီးရေ ၁၀၀ ကျော် ရပ်နားနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှုများ မရှိစေရေးနှင့် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ရန်အတွက် ငွေကျပ် ၀ ဒသမ ၇၅၀ ဘီလျံ (ကျပ်သန်း ၇၅၀)ကို ယခုနှစ်အတွင်း သုံးစွဲရန်အတွက် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၏ ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စက်တင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က တင်ပြထားကြောင်း သိရသည်။

မြေနီကုန်း ယာဉ်နားစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...