Wednesday, November 27, 2013

အမျိုးသမီးများမှာ အားကိုးရာ




အမျိုးသမီးများသည် အရာရာတွင် သိမ်မွေ့သူများ ဖြစ်ကြ၍ အားအစွမ်းမရှိသူ၊
နည်းပါးသူများ ဖြစ်ကြ၏ဟု မှတ်ထင်ကြရပေသည်။ မှတ်ထင်ကြသည့်အတိုင်း
မဟုတ်ပေ။ ထက်မြက်သော အားအစွမ်းများ ရှိကြသူများသာ ဖြစ်ပေသည်။

အမျိုးသမီးများ၏ အားအစွမ်းများမှာ -

(၁) ရူပဗလံ = ရုပ်ရည်အဆင်း လှပတင့်တယ်ခြင်းသည် အမျိုးသမီးတို့၏ အား
အစွမ်းတစ်မျိုး ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် ရုပ်ရည်အ
ဆင်းများ လှပတင့်တယ်အောင် ပြုပြင်ကြရပေသည်။

(၂) ဘောဂဗလံ = ပစ္စည်းဥစ္စာ ချမ်းသာကြွယ်ဝခြင်းသည် အမျိုးသမီးတို့၏
အားအစွမ်းတစ်မျိုးပင်ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် စီးပွား
ဥစ္စာကို စုဆောင်းရှာဖွေ သိမ်းဆည်းကြရပေသည်။

(၃) ဉာတိဗလံ = ဆွေမျိုးဉာတိ မိဘများ ပြည့်ပြည့်စုံစုံ ရှိခြင်းသည် အမျိုးသမီး
တို့၏ အားအစွမ်းတစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည်
မိဘဆွေမျိုးများနှင့် အရာရာမှာ သင့်တင့်ညီညွတ်အောင် နေထိုင်ကြရပေသည်။

(၄) ပုတ္တဗလံ = သားသမီးများနှင့် ပြည့်စုံခြင်းသည် အမျိုးသမီးတို့၏ အားအစွမ်း တစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် သားသမီးရရှိရေးကို အလေးပြုကြရပေသည်။

(၅) သီလဗလံ = အကျင့်သီလနှင့် ပြည့်စုံခြင်းသည် အမျိုးသမီးတို့၏ အားအ
စွမ်းတစ်မျိုးပင် ဖြစ်ပေသည်။ သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် သူ့အသက်မ သတ်ခြင်း။ သူ့ဥစ္စာမခိုးခြင်း၊ သူ့သားယောက်ျားများ မဖျက်ဆီးခြင်း၊ လိမ်ညာ၍ မပြောခြင်း၊ အရက်သေစာ မသောက်စားခြင်းစသော အကျင့်သီလနှင့် ပြည့်စုံ
အောင် နေထိုင်ကြရပေသည်။

ဤအား(၅)မျိုးသည် အမျိုးကောင်းသမီးတို့၏ ထက်မြက်သော အားအစွမ်းများပင် ဖြစ်ကြပေသည်။
(သံ-၂/၄၄၃)

ဤအားအစွမ်း(၅)မျိုးနှင့် ပြည့်စုံသော အိမ်ရှင်မတို့သည် မိမိတို့၏မိသားစုကို
ကောင်းမွန်စွာ ထိန်းသိမ်းအုပ်ချုပ်နိုင်သောကြောင့် မိသားစုအားလုံးတို့၏ အလေး ဂရုပြုခြင်းကို ခံယူရရှိကြပေသည်။

အမျိုးကောင်းသမီးတို့၏ အားအစွမ်း(၅)မျိုးတို့တွင် အဆင်းလှပတင့်တယ်ခြင်းဟူ သော အားအစွမ်း၊ စီးပွားဥစ္စာ ပြည့်စုံကြွယ်ဝခြင်းဟူသော အားအစွမ်း၊ ဆွေမျိုးမိ
ဘ ပြည့်စုံခြင်းဟူသော အားအစွမ်း၊ သားသမီး ပြည့်စုံခြင်းဟူသော အားအစွမ်းတို့ သည် နောင်ဘဝများတွင် ကောင်းမြတ်သော ဘုံဘဝများသို့ ရောက်သွားဖို့ရာ အားအစွမ်းများ မဟုတ်ကြပေ။ ယခုမျက်မှောက်ဘဝအတွက် အားအစွမ်းများသာ ဖြစ်ကြပေသည်။

အကျင့်သီလ အားအစွမ်းတစ်ခုတည်းသာလျှင် နောင်ဘဝများတွင် ကောင်းမြတ် သော ဘုံဘဝများသို့ ရောက်သွားဖို့ရာ အားအစွမ်းဖြစ်ပေသည်။

သီလအားအစွမ်းနှင့် ပြည့်စုံသော အမျိုးကောင်းသမီးတို့သည် အကျိုး(၅)မျိုး ရရှိ
ခံစားကြရပေသည်။

၁။ ပစ္စည်းဥစ္စာ ရှာဖွေရာမှာ ရလွယ်ခြင်း၊

၂။ ဂုဏ်သတင်းကောင်းတို့ဖြင့် ကျော်ကြားခြင်း၊

၃။ ပွဲနေပွဲထိုင် ပရိသတ်အမျိုးမျိုးသို့ ရွှင်လန်းဝမ်းမြောက်စွာဝင်ရောက်နိုင်ခြင်း၊

၎။ သေခါနီးမှာ ကောင်းသောနိမိတ်များထင်ကာ မတွေမဝေသေရခြင်း၊

၅။ သေပြီးကာလ နောက်ဘဝမှာ နတ်ပြည်သို့ ရောက်ရခြင်းဟူသော ဤအချက်
(၅)မျိုးကို ခံစားရရှိကြရပေသည်။

ဆောင်ပုဒ် ။ ။
ပစ္စည်းရလွယ်၊ ဂုဏ်ကောင်းကြွယ်၍၊
မငယ်မျက်နှာ၊ မတွေကာသေ၊
ရောက်လေနတ်ရွာ၊ ဤငါးဖြာ၊
မှန်စွာသီလအကျိုးတည်း။

သို့ဖြစ်၍ အမျိုးကောင်းသမီးတို့သည် အကျင့်သီလနှင့် ပြည့်စုံခြင်းဟူသော အား
အစွမ်းကိုသာ အထူးအားကိုးသင့်ကြပေသည်။ သီလကို အထူးလုံခြုံအောင်
စောင့်ထိန်းသင့်ကြပေသည်။

အရှင်ကုဏ္ဍလာဘိဝံသ
သဒ္ဓမ္မရံသီရိပ်သာဆရာတော်
(သိကောင်းစရာ ဓမ္မပဒေသာ မှ)
Buddhavasa Tiloka

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...