Friday, February 21, 2014

Energy Drinks တွေကို ရှောင်ရှားသင့်တဲ့ အကြောင်းရင်း(၄)ချက်



အလုပ်က ပြန်လာချိန်တွေမှာ ပြုတ်ကျနေတဲ့ မျက်လုံးတွေနဲ့ ဒယီးဒယိုင်ကိုယ်နေဟန်ထားနဲ့ ရှုပ်ပွနေတဲ့ ဆံပင်ပုံစံနဲ့ ပြန်လာတဲ့သင့်ပုံစံကို မြင်ယောင်ကြည့်လို့ရပါတယ်။ ဒီအချိန် ရေခဲသေတ္တာဖွင့်ပြီး ထုတ်မိတဲ့အရာက Red Bull တစ်ဗူးပဲဖြစ်မှာပေါ့။ ဒီလို အားဖြည့်အချိုရည်တွေက ကျွန်ုပ်တို့ကို ရုတ်တရက် အားပြည့်သွားသလို ဖြစ်စေတာတော့မှန်ပါတယ်။ ဒါပေမယ့် ဒီခွန်အားက အတုအယောင်သာဖြစ်ပြီး တကယ့်ခွန်အားအစစ် မဟုတ်တဲ့အတွက် တာရှည်မခံပါဘူး။

ဒီတော့ တချက်ပြန်ကြည့်ရမှာ သောက်သုံးပြီးနောက် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲ ဆိုတာကိုပေါ့။ အခုဖော်ပြပေးမယ့် အကြောင်းအရာတွေက သင်ဘာကြောင့် ခွန်အားဖြည့်အချိုရည်တွေကို ရှောင်ကျဉ်သင့်သလဲ ဆိုတာ ပြောပြပေးပါလိမ့်မယ်။

(၁) ကဖင်းဓါတ် အပေါ် မှီခိုသူ ဖြစ်လာရခြင်း



ခွန်အားဖြည့်အချိုရည် (energy drink ) တွေရဲ့ အဓိက ပါဝင်ပစ္စည်းက ကဖင်းပါပဲ။ ပြီးတော့ အားလုံးသိတဲ့အတိုင်း ကဖင်းက စွဲတတ်ပါတယ်။ လက်ဖက်ရည်တွေ ၊ ကော်ဖီတွေ ကြိုက်နှစ်သက်သူ တစ်ယောက်မဟုတ်သော်လည်း အားဖြည့်အချိုရည်တွေကို တစွတ်စွတ်သောက်နေတတ်သူ တစ်ယောက်ဆိုရင်တော့ ဒီကဖင်းဓါတ်တွေအပေါ်မှာ မှီခိုနေရပါလိမ့်မယ်။ ဒီလို ကဖင်းကို လိုအပ်တဲ့ပမာဏထက် ပိုသုံးစွဲမိနေပြီဆိုရင်တော့ အကျိုးဆက်က ကြောက်လန့်ဖွယ်နဲ့ မလိုလားတဲ့ အရာတွေပဲ ဖြစ်လာနိုင်ပါတယ်။

(၂) အိပ်ချိန်တွေ ဆုံးရှုံးရခြင်း



သင့်ရဲ့အလုပ်တွေကို ပိုပြီးမြန်မြန် ပြီးမြောက်အောင် လုပ်ဆောင်ပေးနိုင်တာ မှန်ပါတယ်။ ဒါပေမယ့် တကယ်တမ်း ခန္ဓာကိုယ်အတွက် ပြန်တွက်ကြည့်တော့ သင့်ရဲ့ အိပ်ချိန်တွေကို အနှောင့်အယှက်ပေးပြီး insomnia လို့ခေါ်တဲ့ အိပ်မပျော်နိုင်ခြင်း ရောဂါ စွဲကပ်လာစေပါတယ်။

(၃) စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ခြင်း



ရုပ်ပိုင်းဆိုင်ရာတွေပဲ ထိခိုက်စေတာလားဆိုတော့ မဟုတ်ပါဘူး။ စွမ်းအားပြည့်အချိုရည်က သင့်ကို စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်စေပါသေးတယ်။ သောက်သုံးပြီးခါစ အချိန်မှာတော့ သင်ဟာ ကောင်းကင်ကို ပျံတက်ချင်လောက်အောင် စိတ်ဆန္ဒတွေ ဖျတ်လတ်တက်ကြွနေပြီး ခံစားရတာ ကောင်းမွန်လန်းဆန်း နေပါလိမ့်မယ်။ အဆုံးသတ်ရလဒ်ကတော့ အာနိဿင်ကုန်သွားတဲ့အခါ သင်ဟာ မကြည်မလင်နဲ့ စိတ်ဓါတ်ကျ ကျန်နေခဲ့ရပါလိမ့်မယ်။ ဆိုခဲ့တဲ့ အတာင်တဖျတ်ဖျတ် စိတ်တက်ကြွမှုတွေက သင့်ကို မလိုအပ်ဘဲ အားအင် ကုန်ခမ်းစေခဲ့တာသာ အဖတ်တင်ပါလိမ့်မယ်။

(၄) မလိုအပ်ဘဲ သကြားဓါတ်များပြားနေရခြင်း



ခန္ဓာကိုယ်မှာ သွေးတွင်းသကြားဓါတ်နည်းရင်မကောင်းသလို များရင်လည်းမကောင်းပါဘူး။ ခွန်အားဖြည့် အချိုရည်တွေက သကြားဓါတ်ပါဝင်မှု ပမာဏ အတော်လေးမြင့်မားတာကြောင့် အလွန်တကူပဲ ခန္ဓာကိုယ်အတွင်း သကြားဓါတ်မြင့်မားနေပါလိမ့်မယ်။ ဒီတော့ ရလဒ်အနေနဲ့ ရေဓါတ်ခမ်းခြောက်ပြီး ၀ိတ်ကျဖို့ ကြိုးစားနေသူများကို အနှောင့်အယှက်ပေးပါတယ်။

ခွန်အားဖြည့်အချိုရည်တွေကို ပြန်လည်လန်းဆန်းဖို့ သုံးစွဲလိုသူတွေအတွက် သတိပြုဆင်ခြင်စရာ ဖြစ်ပါတယ်။ စွဲမသောက်ဖြစ်အောင် ဂရုတစိုက် ဆင်ခြင်ရမှာဖြစ်ပြီး သင့်အတွက် အကျိုးအမြတ် မဖြစ်ထွန်းတာမျိုးလည်း ရှိနေနိုင်တာကို သတိရဖို့လိုပါတယ်။

Ref:mensxp.com

အမေကို သွားကျိုးထွက်သွားအောင်လက်သီးနဲ့ ထိုးခဲ့သူကို ကြိမ်ဒဏ် ၂၄၀၀ နဲ့  သွားတစ်ချောင်းပြန်ချိုးဖို့ အမိန့် ချ



ဆော်ဒီအာရေဗျနိုင်ငံသားတစ်ယောက်ဟာ သူ့ ရဲ့အမေကို သွားကျိုးထွက်သွားအောင်ထိုးမိခဲ့ကြောင်း ၀န်ခံခဲ့ပြီးတဲ့နောက် အပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ ရှေးရိုမန်ဥပဒေတစ်ခုဖြစ်တဲ့၊ ကုရ်အာန်ကျမ်းစာလာ မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး၊ သွားတစ်ချောင်းအတွက်သွားတစ်ချောင်း ပြစ်ဒဏ်အတိုင်း သူ့ ရဲ့ ပါးစပ်ထဲက နေရာတူသွားတစ်ချောင်းကို ပြန်ချိုးခံရမယ်လို့ အမိန့် ချမှတ်လိုက်ပါတယ်။

အမည်မဖော်ပြထားတဲ့ အဲဒီ့ဆော်ဒီလူမျိုးကို ထောင်ဒဏ်ငါးနှစ်နဲ့ ကြိမ်ဒဏ် ၂၄၀၀ လည်းချမှတ်ခဲ့ပါတယ်။ ဒီကြိမ်ဒဏ် ၂၄၀၀ကို ဒေသတွင်းမှာရှိတဲ့ဈေးအလယ်ခေါင်မှာ ဆယ်ရက်တစ်ခါအချက် ၄၀ စီ အရိုက်ခံရမှာ ဖြစ်ပါတယ်။

သူ့ ရဲ့အမေက သူမကို သားက ထိုးနှက်နေကြောင်းရဲတွေကို အကြောင်းကြားပြီးအကူအညီတောင်းခဲ့တဲ့အတွက် ဖမ်းဆီးခဲ့တာဖြစ်ပြီး သူမအမေကို ဆေးရုံကို ပို့ ဆောင်ခဲ့ရပါတယ်။ ဆေးစစ်ချက်အစီရင်ခံစာအရ အသက်၃၀ အရွယ်ရှိတဲ့ ဒီဆော်ဒီလူမျိုးဟာ စိတ်ပုံမှန်အနေအထားမှာရှိပြီး သူ့ အမေကို ထိုးနှက်ချိန်တုန်းက အရက်၊မူးယစ် ဆေးဝါးသုံးစွဲထားခြင်းမရှိဘူးလို့ သိရပါတယ်။

ကုရ်အာန်ကျမ်းစာလာ အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်း၊မျက်လုံးတစ်လုံးအတွက်မျက်လုံးတစ်လုံး ကို အခြေခံထားတဲ့ ဒီဥပဒေကို အာရဗစ်နိုင်ငံအများစုက လက်ရှိတရားဝင်ကျင့်သုံးလျက်ရှိတယ်လို့  သိရပါတယ်။ ကိုရန်ကျမ်းစာမှာ မိဘဖြစ်သူဟာ ရိုသေလေးမြတ်ခြင်းခံရတဲ့ အတိုင်း အာရဗစ်နိုင်ငံတွေမှာ မိဘဖြစ်သူကို တိုက်ခိုက်စော်ကားလို့ ရှိရင် ကြီးမားပြင်းထန်တဲ့ အပြစ်ကို ချမှတ်ခံရမှာဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ်ကလည်း မိခင်ဖြစ်သူကို လက်ကျိုးအောင်ရိုက်ခဲ့တဲ့လူတစ်ယောက်ကို သူ့ အမေကို ထောင်ထဲက ထွက်ခွင့်ပြုဖို့ သဘောမတူမချင်း အခုအချိန်ထိ ထောင်သွင်းအကျဉ်းချထားတယ်လို့ Gulf News သတင်းစာ ကိုဆိုပါတယ်။

Ref: Dailymail

အံ့သြဖွယ် လွယ်ကူလှတဲ့ ကင်ဆာရောဂါကာကွယ်ခြင်းဆိုင်ရာ ကုထုံးများ




စကားလုံးခြောက်လုံးရှိတဲ့ “cancer” ဆိုတဲ့အသံဟာ ကြားရသူအားလုံးရဲ့ ရိုးတွင်းချဉ်ဆီထိအောင် စိမ့်သွားမယ်ဆိုတာ သေချာပါတယ်။ လူတွေဟာ တိတိကျကျသတ်မှတ်ထားတဲ့ ကုသနည်းမရှိတဲ့ ဒီရောဂါကို ကြောက်လန့်ကြတာ သေချာပါတယ်။ ကင်ဆာဆဲတွေဟာ ထိန်းချုပ်မရတဲ့ အခြေအနေတစ်ခုကို ရောက်ရှိသွားပြီဆိုရင်တော့ tumor (ကျူမာ) လို့ခေါ်တဲ့ အစိုင်အခဲတွေအဖြစ်ကို အသွင်ပြောင်းသွားပါတယ်။ အဲဒီ ကျူမာတွေ တဖြည်းဖြည်း ကြီးထွားလာပြီဆိုရင်တော့ ခန္ဓာကိုယ်ရဲ့ အစာခြေမှုစနစ် ၊ အာရုံကြောနဲ့ သွေးလှည့်ပတ်မှုစနစ်တွေကို ထိခိုက်နိုင်ပါတယ်။

ဒီလို အရေးကြီးတဲ့ရောဂါမျိုးကို ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်းက ပိုပြီးအကျိုးသက်ရောက် ပါတယ်။ ဒီလိုကာကွယ်ဖို့ဆိုတာလည်း အရမ်းကြီး ခက်ခက်ခဲခဲ မဟုတ်ဘဲ ကျွန်ုပ်တို့ရဲ့ နေ့စဉ်လူနေမှု ဘ၀ပုံစံကို အနည်းငယ်ပြောင်းလဲပစ်ရုံပါပဲ။ ဘယ်လိုအချက်လေးတွေ ပြောင်းလဲပစ်ရင် ကင်ဆာကို ကာကွယ်နိုင်မလဲဆိုတာ လေ့လာကြည့်ရအောင်။

(၁) ရေ (၈)ဖန်ခွက် စည်းမျဉ်း



ရေအများကြီးသောက်ခြင်းနဲ့ အခြားဖျော်ရည် များများသောက်ပေးခြင်းက ဆီးအိမ်ကင်ဆာ ၊ သည်းခြေအိတ်ကင်ဆာတွေကို ကာကွယ်ပေးပါတယ်။ အရေများများသောက်ပေးခြင်းကြောင့် ဆီးအိမ်မှာ ရှိတဲ့ ဆီးတွေ လွယ်ကူစွာသွားနိုင်အောင် ကူညီပေးပါတယ်။ တစ်နေ့ကို ရေ ၂.၄ လီတာထက်နည်းအောင် သောက်တဲ့သူဟာ ဆီးကျင် ၊ ဆီးအောင့် စတဲ့ ဆီးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ချေရှိပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး ရေ (၈)ဖန်ခွက်ထက်မနည်း သောက်သုံးခြင်းဖြင့် ကျန်းမာပျော်ရွှင်ပြီး ကင်ဆာကင်းစင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာပါ။

(၂) အစားအစာတွေကို ကြက်သွန်ဖြူထည့်ပေါင်းဖို့



ကြက်သွန်ဖြူတွေဟာ သင့်အစားအစာကို အရသာရှိဖို့နဲ့ အနံ့မွှေးကြိုင်ဖို့တစ်ခုတည်းတင် မဟုတ်ပါဘူး။ ကင်ဆာဖြစ်ပွားမှုနှုန်းကိုလည်း လျော့ချပေးနိုင်ပါတယ်။ ဘက်တီးရီးယား ကာကွယ်မှုနှုန်း (ဒါမှမဟုတ်) ကင်ဆာဖြစ်စေတဲ့ အရာတွေကို ပိတ်ဆို့တားဆီးပေးနိုင်တဲ့ အစွမ်းထက် ကာကွယ်နိုင်မှုတွေ ကြက်သွန်ဖြူမှာ အပြည့်အ၀ ပါဝင်တယ်။ DNA ပြန်လည်ပြင်ဆင်မှုနှုန်း တိုးမြှင့်ပေးခြင်း ၊ ဆဲလ် တဟုန်တိုး တိုးပွားလာမှုတွေ လျော့ချပေးခြင်း ၊ ဆဲလ်သေဆုံးမှု လျော့နည်းစေခြင်းတွေကို ကြက်သွန်ဖြူက လုပ်ဆောင် ပေးပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဆိုရင် ကြက်သွန်ဖြူဟာ အစာအိမ်ကင်ဆာဖြစ်ပွားမှုနှုန်းကို တတ်နိုင်သမျှ ကာကွယ်ပေးပါတယ်။

(၃) ဆဲလ်ဖုန်းအသုံးပြုမှုကို ကန့်သတ်ထားပါ။



ဆဲလ်ဖုန်း အသုံးပြုရာမှာ စပီကာတွေ ၊ အီးယားဖုန်းတွေနဲ့ အသုံးပြုတာဟာ လက်ကကိုင်ပြီး နားမှာ ကပ်ပြောတာထက် ပိုကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆဲလ်ဖုန်းက ထုတ်လွှင့်တဲ့ ရေဒီယိုကြိမ်နှုန်းမြင့် စွမ်းအင်တွေကို ဦးနှောက်နဲ့ဝေးဝေး ထားနိုင်လို့ပါပဲ။ ဒါကြောင့် ဖုန်းပြောရင် ခပ်မြန်မြန်ပြောသင့်ပြီး စာရိုက် ပြောလို့ရရင် စာနဲ့ပဲ ပေးပို့ဆက်သွယ်ပါ။ တကယ်လို့ သင့်ဦးခေါင်းဟာ နေ့စဉ်ဖြစ်နေကျ ခေါင်းကိုက် ၊ ခေါင်းမူး စတာတွေ အဖြစ်များလာပြီဆိုရင် သင့်ရဲ့ဖုန်းပြောနှုန်းကို သတိထားပြီး လျော့ချသင့်ပါပြီ။ ဒီလိုမှ မလုပ်ရင်တော့ ဦးနှောက်ကင်ဆာဖြစ်ပွားဖို့ အလားအလာ နေ့စဉ်နဲ့အမျှ တိုးနေမှာပါ။ ဒါကြောင့် အချိန်ဆွဲမနေဘဲ သင့်ရဲ့ ဆဲလ်ဖုန်းအသုံးပြုမှုကို အခုပဲလျော့ချလိုက်ပါ။

(၄) အပြင်သွားမယ့် အ၀တ်အစားအရောင်ကို ရွေးချယ်ပါ။



သေချာတဲ့ အရောင်ကတော့ အပြာနဲ့ အနီရောင်ပါပဲ။ နွေရာသီမှာ အဖြူနဲ့ အ၀ါတွေ ၀တ်ဆင်တာထက် နေရာင်ခြည်ကို ပိုပြီးကာကွယ်ပေးနိုင်တာက အပြာနဲ့အနီပါတဲ့။ ဒီအရောင်နှစ်ရောင်က နေရောင်မှာ ပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ပိုပြီးကာကွယ်နိုင်လို့ အရေပြားကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ပြီးတော့ ဦးထုပ်ဆောင်းဖို့လည်း မမေ့ပါနဲ့။ မျက်လုံး ၊ နားရွက် ၊ နှာခေါင်း ၊ နဖူး နဲ့ ဦးရေပြားတွေကို နေရောင်ခြည်ကနေ ကာကွယ်ဖို့အတွက် ဦးထုပ်ကလည်း အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကင်ဆာ ကျူမာတွေက ခန္ဓာကိုယ်နေရာ အနှံ့မှာ ဖြစ်နိုင်ချေရှိပြီး နေရောင်ခြည် ကျရောက်တဲ့နေရာတွေမှာ ပိုအဖြစ်များပါတယ်။

(၅) Barbecue တွေကို ဆော့များများနဲ့စားပါ။



တူးနေအောင် ဖုတ်ထားတဲ့ အသားတွေ ၊ မီးသွေးနဲ့ကင်ထားတဲ့ အသားတွေဟာ ကင်ဆာဖြစ်စေတဲ့ ဓါတုပစ္စည်း အစုအဝေးကြီးပါပဲ။ ဒီအရာတွေက DNA နဲ့ ကျွန်ုပ်တို့ရဲ့ မျိုးရိုးဗီဇဖြစ်စဉ် တွေကို တိုက်ရိုက် ထိခိုက်စေပါတယ်။ ဒါတွေကို ခရမ်းချဉ်သီး ၊ ပင်စိမ်းရွက် စတာတွေ နဲ့ပြုလုပ်ထားတဲ့ သဘာဝ ငရုတ်ဆီ ခပ်များများဖုံးအုပ် စားသုံးပေးရင်တော့ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါမှ မဟုတ်ရင်လည်း အသားတွေကို oven နဲ့ အနည်းငယ်ချက်ပြုတ်ပြီးမှ ဘာဘီကျုပုံစံ မီးသွေးနဲ့ ပြန်ကင် စားတာဟာလည်း ကင်ဆာဖြစ်ပွားမှုနှုန်းကို လျော့ချပေးပါတယ်။

ဒီလိုသေးငယ်တဲ့ အချက်လေးတွေကို သတိပြု နှလုံးသွင်းထားပြီး နေ့စဉ်လူနေမှု ပုံစံကို အနည်းငယ် ပြုပြင်ပေးလိုက်ရင် ကင်ဆာဆိုတဲ့ ရောဂါဘေးဆိုးကြီးကနေ သင်ကာကွယ်ထားပြီးသား ဖြစ်မှာပါ။ ဒါမှလည်း ကျန်းမာပျော်ရွှင်တဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာဖြစ်ပြီး “ကာကွယ်ခြင်းက ကုသခြင်းထက် အမြဲတမ်းပိုကောင်းပါတယ်”။

Ref:mensxp.com

သူကိုယ်တိုင်ထိန်းချုပ်မောင်းနှင်နေတဲ့ အဝေးထိန်းရဟတ်ယာဉ် ကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ ဆယ်ကျော်သက်ကောင်လေး



နယူးယော့ခ်မြို့ က အသက် ၁၉ နှစ်အရွယ် ဆယ်ကျော်သက်တစ်ယောက်ဟာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ သွေးပျက်ထိတ်လန့် စရာမတော်တဆမှုတစ်ခုမှာ အသက်ဆုံးရှုံးခဲ့ရပါတယ်။ သူကိုယ်တိုင်အဝေးထိန်းကိရိယာ နဲ့ ထိန်းချုပ်မောင်းနှင်နေတဲ့ အဝေးထိန်းရဟတ်ယာဉ်ရဲ့ ၂ ပေ ရှည်လျားတဲ့ ပန်ကာဒလတ်တွေနဲ့ ဦးခေါင်းကို ထိခိုက်မိပြီး အသက်ဆုံးရှုံးခဲ့ရတာပါ။ Roman Pirozek လို့ ခေါ်တဲ့ အသက် ၁၉ နှစ်သာရှိသေးတဲ့ ကောင်လေးရဲ့ လည်ပင်းကို အဝေးထိန်းရဟတ်ယာဉ်ရဲ့ ပန်ကာဒလတ်တွေက ပိုင်းဖြတပစ်ခဲ့တာဖြစ်ပြီး နေရာမှာတင် ပွဲချင်းပြီး ခေါင်းပြတ်သေဆုံးခဲ့ရတယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူ့ အဖေကိုယ်တိုင်သင်ပေးခဲ့တဲ့ အဝေးထိန်းရဟတ်ယာဉ်မောင်းရတာ ၀ါသနာပါတဲ့ Pirozek ဟာ ဘရွတ်ကလင်းပန်းခြံက ၀ါသနာတူ အဝေးထိန်းရဟတ်ယာဉ်မောင်းသူတွေ မျက်စိရှေ့ မှာတင် အဖြစ်ဆိုးနဲ့  သေဆုံးခဲ့ရပါတယ်။

ခေတ်မှီအဝေးထိန်းရဟတ်ယာဉ်တွေဟာ အနည်းဆုံး ပေါင်ချိန် ၄၀ခန့် ရှိပြီး နေ့ တိုင်းဆိုသလို ပျက်ကျမှုတွေ၊မတော်တဆမှုတွေရှိတယ်လို့ ဘရွတ်ကလင်းအဝေးထိန်း ရဟတ်ယာဉ်ဝါသနာရှင်များအသင်း တည်ထောင်သူ တစ်ယောက်က New York Times သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အဝေးထိန်းရဟတ်ယာဉ်ပျက်ကျမှု အများစုဟာ အဝေးထိန်းကိရိယာချို့ ယွင်းချက် နဲ့ တည်ဆောက်ပုံဆိုးရွားမှု၊ တို့ ကြောင့် ဖြစ်လေ့ရှိပြီး ထိန်းချုပ်မောင်းနှင်သူက သူ့ ထိန်းချုပ်နိုင်မှုအရည်အချင်းထက်ကျော်လွန်တဲ့ စတန့်  တစ်ခုခုကို ပြုလုပ်တဲ့အခါမျိုးမှာ ဖြစ်လေ့ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီလို လူသေစေနိုင်လောက်တဲ့အထိ ဆိုးဆိုးရွားရွားမတော်တဆမှုမျိုးတော့ မကြုံဖူးဘူးလို့ ဝါသနာရှင်တစ်ယောက်က ပြောကြားပါတယ်။

Roman Pirozek ဟာ အဝေးထိန်းရဟတ်ယာဉ်အလှပြမှုတွေကို ရူးသွပ်သူတစ်ယောက်ဖြစ်ပြီး ဒီမတော်တဆမှုဟာလည်း ရဟတ်ယာဉ်ကို အလှပြပျံသန်းဖို့ ထိန်းချုပ်နေတုန်း ဖြစ်သွားခဲ့တာလို့  သိရှိရပါတယ်။



Ref:newser.com

Miley Cyrus နဲ့ Jared Leto တို့တွဲနေသလားရယ်




အော်စကာဆု တစ်ကြိမ် လျာထားခြင်းခံရဖူးသူ ကင်ညာ-မက္ကစီကန် မင်းသမီး၊ဒါရိုက်တာ Lupita Amondi Nyong’o ပြီးတော့ အခု Miley Cyrus ဟာ အမေရိကန်မင်းသား၊ တေးရေးတေးဆို၊ ဂီတပညာရှင်၊ ဒါရိုက်တာ Jared Leto နဲ့ တွဲနေလားရယ်လို့ သတင်းထွက်လာပါတယ်။

“Jared Letoနဲ့ Miley Cyrus တို့နှစ်ယောက်ဟာ ယခုလအစောပိုင်းမှာ တွဲနေခဲ့ကြတယ်။ လော့စ်အန်ဂျလိစ်က Leto ရဲ့ အိမ်မှာ Cyrus နေခဲ့တယ်။”လို့ အမည်မဖော်လိုသူ တစ်ယောက်က ပြောခဲ့ပါတယ်။ သူတို့နှစ်ယောက် ဟာ ခင်မင်ကြကြောင်း၊ နှစ်ယောက်သား ပျော်ပျော်ရွှင်ရွှင် နေခဲ့ကြမယ့်ပုံပေါ်ကြောင်း၊ အနုပညာနဲ့ဂီတ အကြောင်းတွေ ပြောဆိုကြဖို့ နှစ်သက်ကြကြောင်း တိုက်တိုက်ဆိုင်ဆိုင် ပြောလာတဲ့သူတွေလဲ ရှိပါတယ်။

Jared Letoဟာ မကြာသေးမီက အော်စကာဆုလျာထားခြင်းခံခဲ့ရပြီး ဆက်စပ်မှု ကောလာဟလတချို့အတွက် ပစ်မှတ်ဖြစ်လာပါတယ်။ Miley Cyrus, Luptia Nyong’o တို့အပြင် ပြီးခဲ့တဲ့လက Taylor Swift နဲ့တောင် တွဲခဲ့တယ်ဆိုပြီး မဂ္ဂဇင်းတွေက ဖွကြပါတယ်။

Miley Cyrus ရော၊ Luptia Nyong’o နှစ်ယောက်စလုံးဟာ ခုထိအသားကျသေးသူတွေ မဟုတ်ပါဘူး။ ဒါ့ကြောင့် သို့လော၊ သို့လောနဲ့ သံသယ သေတ္တာကြီးထဲမှာပဲ ထည့်သိမ်းထားရုံရှိပါတော့တယ်။

Ref:starpulse.com

ကိုယ့်ရဲ့ ကံတရားကို ကိုယ်ကိုယ်တိုင် ထိန်းချုပ်လိုတယ်ဆိုရင်



ကိုယ်လိုချင်တဲ့ ဘ၀မျိုးမရတဲ့အတွက် သင်ဘယ်သူ့ကို အပြစ်တင်မှာလဲ။ သင့်ကို လုံလောက်တဲ့ ပံ့ပိုးမှုတွေ မလုပ်ပေးနိုင်တဲ့ သင့်ရဲ့ အဖော်ကိုလား။ သင့်ရဲ့ ကြိုးစားမှုကို အသိအမှတ်မပြုပေးတဲ့ သင့်ရဲ့ သူဌေးကိုလား။ ဒါမှမဟုတ်သင့်ကို ဒီလိုမျိုးဖြစ်အောင် မွေးဖွားလိုက်တဲ့ သင့်မိဘနှစ်ပါးကိုလား။

တကယ်လို့သင်သာ ရိုးသားမယ်ဆိုရင်တော့ အဖြေကိုသိပြီးဖြစ်မှုာပါ။ သင်မျှော်လင့်သလို ဖြစ်မလာတဲ့ ဘ၀အတွက် တစ်ဦးတည်းသော အပြစ်ရှိသူဟာ သင်ကိုယ်တိုင်ပါပဲ။ ဒီတော့ ကိုယ့်အနာဂါတ်ကို ကိုယ်တိုင်ပုံဖော် ဖို့အတွက် ဘာတွေလိုအပ်ပါသလဲ။

(၁) သင်ဟာ အောင်မြင်ဖို့မွေးဖွားလာသူတစ်ဦးလို့ မှတ်ယူရပါမယ်။

(၂) သင့်ကို မုဆိုးဘ၀ကနေ သားကောင်ပြန်ဖြစ်သွားစေတာ သင့်ရဲ့ကြောက်စိတ်ပါပဲ။

(၃) သင့်ရဲ့ဘ၀ဆိုတာ သင့်ရွေးချယ်မှုတွေကနေ တန်ပြန်သက်ရောက်နေတဲ့ မှန်တစ်ချပ်ပါပဲ။

(၄) သင့်ရဲ့ ကိုယ်ပိုင်စင်္ကြာဝဠာကို အုပ်စိုးနိုင်တဲ့ အစွမ်း သင့်မှာရှိပါတယ်။

(၅) ပြီးတော့ သင့်ရဲ့ အတွေးအခေါ်တွေက သင့်ရဲ့ကံတရားကို ပဲ့ပြင်နိုင်စွမ်းရှိပါတယ်။

(၆) ပျက်စီးစေမယ့် အရာ၊ မကောင်းမှန်း သိတဲ့အရာတွေကို သင့်မှာငြင်းပိုင်ခွင့် ရှိပါတယ်။

(၇) ပတ်ဝန်းကျင်က ဆိုးတဲ့အရောင်တွေကြောင့် မပြောင်းလဲပါနဲ့။ သင်ဟာ သင်ပါပဲ။

(၈) အများက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေကို မကျော်လွန်နိုင်ဘူးလို့ မထင်ပါနဲ့။

(၉) သင်္ဘောကိုတွေ့ဖို့ ရေကူးထွက်ပါ။ ဆိုလိုတာက အခွင့်အရေးလာဖို့ကို ထိုင်စောင့်မနေပါနဲ့။ သင်က အခွင့်အရေးကို ရှာဖွေရမှာပါ။

(၁၀) သိုးတွေက အတူအစာရှာထွက်တယ် ၊ အတူသွားကြမယ် ၊ အတူနေထိုင်ကြတယ်။ လူတွေမှာလည်း ဒီလိုနေတတ်သူတွေရှိကြပါတယ်။ လူအုပ်နဲ့ရောနှောနေတဲ့အခါ သင်ဟာ တစ်ဦးတည်း ထင်ပေါ်သူ မဖြစ်နိုင် တော့ပါဘူး။

(၁၁) တချို့တွေက ဆုံးဖြတ်ဖြတ်များများ မချဘဲ အပြောင်းအလဲ ကြီးကြီးမားမား မလုပ်ကြတဲ့အတွက် အမှားနည်းပါတယ်။ ဒါပေမယ့် အမှားကြီးကြီးလုပ်မိမှာ မကြောက်ပါနဲ့။ ဒီတော့ များများစဉ်းစားပြီး ဆုံးဖြတ်ချက် ကြီးကြီးချပါ။

(၁၂) သင်ဘုရားသခင်ကို ခေါ်မြည်တမ်းတနေပေမယ့် တကယ်တမ်း စွမ်းအားရှိတာ သင်ကိုယ်တိုင်ပါပဲ။

(၁၃) သင့်ဘ၀ထဲက သင်ဘာကိုလိုချင်သလဲ သိအောင်လုပ်ပြီး အဲဒီအရာကို ရအောင် တောင်းဆိုပါ။

(၁၄) မဆိုးမြင်သမားတွေရဲ့ စကားကို နားမယောင်ပါနဲ့။

ဒီအချက်တွေက သင့်ရဲ့အနာဂါတ်ကို လွှမ်းမိုးနိုင်မယ့် သော့ချက်တွေပါပဲ။ ဒါတွေကို သေချာ နားလည်သဘောပေါက်တဲ့ နေ့ဟာ သင်အောင်မြင်တဲ့နေ့ပါပဲ။

Ref:workyourpassion.net

ဖိနပ်ဒီဇိုင်းသစ်လေးတွေ ရှာဖွေစီးကြမလား




Heelတွေ စီးရတာ၊ ဒေါက်မြင့်တွေ စီးရတာနှစ်ခြိုက်တဲ့ ပျိုမေတွေအတွက် နောက်ဆုံးပေါ် ဖိနပ်ဒီဇိုင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။ နိုင်ငံတကာမှာ ခုမှခေတ်စားနေတာမို့ ဒီကို မရောက်နိုင်သေးရင်တောင် အွန်လိုင်းကမှာလို့ ရနိုင်တဲ့အပြင် ဒီလို ဒီဇိုင်းမျိုးတွေ မကြာခင်အချိန်အတွင်း ဒီမှာလည်း ရနိုင်တာပဲလေ။

၁။ဖိနပ်ဒီဇိုင်းရော၊ ကာလာကပါ မိန်းကလေးဆန်ဆန်နဲ့ ၀တ်ဝတ်၊ ဂျင်းဘောင်းဘီတို့နဲ့တွဲဝတ်ဝတ် အထာကျတဲ့ ဒီဇိုင်းပါ။



၂။ဆယ်ကျော်သက်တွေ နှစ်ခြိုက်မယ့် ဒီဇိုင်းမျိုး မဟုတ်ပေမယ့် ကြည့်လိုက်တာနဲ့ အဆင့်ရှိမှန်းသိသာစေတဲ့ ဖိနပ်ဒီဇိုင်းမျိုးပါပဲ။



၃။ကိုယ်က ဒေါက်မြင့်စီးနိုင်တဲ့သူဆိုရင်တော့ ရွေးချယ်သင့်တဲ့ ဖိနပ်ဒီဇိုင်းပါ။ ကာလာကလည်း အငြိမ်၊ ဒီဇိုင်းကလည်း နောက်ဆုံးပေါ်မို့ နှစ်ခြိုက်ကြမှာပါ။



၎။အားလုံးငေးကြည့်ရမယ့် ဖိနပ်ဒီဇိုင်းမျိုးပါပဲ။ အနက်ရောင်ဆိုတော့ အပေါ်က ဘာဝတ်ဝတ်လိုက်ဖက်မှာ သေချာတယ်နော်။



၅။အမေရိကားမှာ ခေတ်အစားဆုံး ဖိနပ်ဒီဇိုင်းတွေထဲက တစ်ခုမို့ စမ်းပြီး စီးကြည့်သင့်တယ်နော်။



၆။ဒီမှာ ရှာဖွေဝယ်ယူနိုင်ဖို့ မလွယ်ကူပေမယ့် ဒီဇိုင်းခပ်ဆင်ဆင်လေးတွေ ရှာကြည့်လိုက်ပါ။ ပွဲတက်အတွက် အမိုက်စားပါပဲ။



၇။ကတ္တီပါသားမို့ ဂန္တ၀င်ဆန်ဆန်နဲ့ လှစေမယ့် ဖိနပ်လေးပါ။ ပွဲတက်အတွက်လည်း အဆင်ပြေသလို ဒင်နာ၊ ပါတီတွေနဲ့လည်း သင့်တော်ပါတယ်။



၈။Pencil Heel တွေထက် ဒီလို High Heel တွေက သင့်ကို ပိုသက်သောင့်သက်သာ ဖြစ်စေပြီး စီးလိုက်တာနဲ့ စတိုင်လ်လည်း ကျမှာပါ။



၉။ရှားရှားပါးပါးအရောင်ပါပဲ။ နွေရာသီနဲ့ လိုက်ဖက်လွန်းတဲ့ အရောင်ပေါ့။



၁၀။လည်သာရောင်နဲ့ဆို ၀တ်ထားတဲ့အင်္ကျံအရောင်အတွက် သိပ်စဉ်းစားစရာ မလိုတော့ဘူးပေါ့နော်။ ဒီဇိုင်းကလည်း ဂါဝန်၊ dress နဲ့ရော၊ တီရှပ်၊ ရှပ်အင်္ကျံ၊ ဂျင်းနဲ့ပါ တွဲဝတ်လို့အဆင်ပြေမယ့် ဒီဇိုင်းပါ။



Ref:luckymag.com

လိမ္မော်သီးစားပြီး လိမ္မော်ခွံနဲ့ပေါင်းတင်မယ်...တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲပေါ့!







လိမ္မော်သီးမှာ ဗိုက်တာမင်အေ ၊ဗိုက်တာမင်ဘီ၊ ဗိုက်တာမင်စီ တို့ပါဝင်ပါတယ်။ အထူးသဖြင့် ဗီတာမင်စီ အများဆုံးပါဝင်သလို အကျိုးအာနိသင်လဲရှိပါတယ်။ လိမ္မော်သီးကိုစားလျှင် အစာကြေခြင်း ၊ အသားရေစိုပြည်ခြင်းတို့အပြင်ကျန်းမာရေးနှင့်လဲ
ညီညွတ်စေပါတယ်။ လိမ္မော်ခွံကို ရှုလျှင်လည်း အမူးအမောပြေစေပါတယ်။ နောက်ထပ်လိမ္မော်ခွံရဲ့ အသုံးဝင်ပုံကတော့
မျက်နှာကိုဖြူဝင်းလှပစေပါတယ်။

လိုအပ်မည့်ပစ္စည်းများကတော့

၁။လိမ္မော်သီး (၂)လုံး
၂။ပန်းကန်လုံးအသေး (၁)လုံး
၃။အမှုန့်ကြိတ်စက် (၁)လုံး
၎။နို့စိမ်း (အနည်းငယ်)
၅။စနိုးတာဝါ (၁)ခု
၆။ရေနွေး (လိုသလောက်)
၇။လ္လက်ရည်ဇွန်း (၁)ချောင်း

အသုံးပြုနည်းအဆင့်ဆင့်ကတော့ -

(၁)လိမ္မော်ခွံကို နေပူထဲတွင် ခြောက်သွေ့သည်အထိ ထုတ်လှန်းထားပေးရပါမယ်။
(၂)ခြောက်သွေ့လာသော အခွံကို ကြိတ်စက်ထဲသို့ထည့်ပြီး အမှုန့်ဖြစ်သည်အထိကြေညက်အောင်ကြိတ်ပေးရပါမယ်။
(၃)ပန်းကန်လုံးထဲတွင် နို့စိမ်းအနည်းငယ်ထည့်ထားပေးပါ။
(၄)ထိုနို့စိမ်းထည့်ထားသော ပန်းကန်လုံးထဲသို့ လိမ္မော်ခွံအမှုန့်များကို မိမိလိုသလောက် ရောထည့်ပြီး လ္ဘက်ရည်ဇွန်းဖြင့် သမအောင်မွှေပေးပါ။
(၅)ရရှိလာသော လိမ္မော်အနှစ်ကို မျက်နှာပြင်တခုလုံးကို နှံ့အောင်လိမ်းပေးပါ။
(၆)လက်ချောင်းလေးများဖြင့် မျက်နှာပြင်အနှံ့ညင်သာစွာနှိပ်နယ်ပေးပါ။
(၇)၅မိနစ် (သို့) ၁၀ မိနစ်ခန့်နှပ်ထားပေးပါ။
(၈)မျက်နှာတင်းရင်းလာပြီး လိမ္မော်နှစ်များခြောက်သွေ့လာပါက ရေနွေးဖြင့် စနိုးတာဝါကို အသုံးပြုကာ မျက်နှာကို စင်ကြယ်အောင်ပြုလုပ်ပါ။ ထိုအခါ ဖြူစင်ဝင်းမွတ်သော မျက်နှာပိုင်ရှင်ဖြစ်လာနိုင်ပါတယ်။
နေ့စဉ်ပြုလုပ်ပေးနိုင်ပါက အကျိုးအာနိသင်ပိုရှိနိုင်ပါတယ်။

ပျိုမေမောင်မယ်များအားလုံးဖြူစင်သောအလှအပများကိုပိုင်ဆိုင်နိုင်ကြပါစေ။

မြောက်ဥက္ကလာပ ခုံးကျော်တံတားပေါ်မှ BM ယာဉ်ပြုတ်ကျ ယာဉ်မောင်းဖြစ်သူ ခေါင်းပြတ်သေဆုံး


ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) ရက်ကွက်နှင့် (၂) ရပ်ကွက်ကြားရှိ ရထားသံလမ်း အပေါ်တွင် ဆောက်လုပ်ထားသော ခုံးကျော်တံတားပေါ်မှ လိုင်စင်မရှိသူ မောင်းသည့် ဘီအမ်ယာဉ်တစ်စီး ပြုတ်ကျခဲ့မှု ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နံနက် ၁ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ရာ ယာဉ်မောင်းဖြစ်သူမှာ အခင်းဖြစ်သည့် နေရာ၌ပင် ခေါင်းပြတ် သေဆုံးခဲ့ကြောင်း အမှတ် (၄၂) ယာဉ်ထိန်း တပ်ဖွဲ့စုမှူးရုံးထံမှ စုံစမ်းသိရှိရသည်။

လူခြောက်ဦး လိုက်ပါလာသော အဆိုပါ ဘီအမ်ယာဉ်ပေါ်တွင် အားလုံးနီးပါး အရက်သေစာ သောက်စားခဲ့ကာ အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်းဖြစ်သူ ဦးအောင်ကိုကိုမှာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် အတူလိုက်ပါလာသူ ဦးထွန်းလင်းနိုင်၊ ဦးကျော်မင်းလွင်နှင့်
ဦးမောင်စိုးတို့သုံးဦးမှာ ဦးခေါင်းဒဏ်ရာ ရရှိခဲ့ပြီး ဦးခင်မောင်ဌေးနှင့် ဦးမျိုးအောင်တို့က ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ ယာဉ်မှုစစ်၏ ပြောပြချက်အရ သိရသည်။

“စစ်ဆေးချက်တွေအရ ယာဉ်မောင်းက လိုင်စင်မရှိဘူး။ ယာဉ်ပေါ်ပါသူ အားလုံးက သူငယ်ချင်းတွေချည်းပဲ။ အရက်သေစာ သောက်စားခဲ့ပြီး မြောက်ဥက္ကလာကနေ အင်းလျားကန်ဘောင်မှာ ထပ်သောက်ဖို့ အသွားမှာ ကားကအရှိန်လွန်ပြီး တံတားပေါ်က ပြုတ်ကျခဲ့တာ” ဟု ၎င်းက ထပ်မံပြောကြားသည်။

အဆိုပါ ဘီအမ်ယာဉ်မှာ တံတားကုန်း အတက်ကို အရှိန်မြှင့် မောင်းနှင်ခဲ့ခြင်းကြောင့် ယင်းကဲ့သို့ ပြုတ်ကျခဲ့ခြင်း ဖြစ်ပြီး၊ တံတားပေါ်ရှိ ကွန်ကရစ်တုံးများ၊ သံချောင်းများကြောင့် ဦးခေါင်း ပြတ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု အခင်းဖြစ်ပြီး ၁၅ မိနစ်အကြာတွင် သွားရောက် ကြည့်ရှုခဲ့သူ မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက်တွင် နေထိုင်သူ အသက် ၄၀ အရွယ် ဦးမိုးက သုံးသပ်ပြောကြားသည်။
“ကုန်းတက်ဆိုတော့ တော်ရုံအရှိန်နဲ့ဆိုရင် တံတားပေါ်က ပြုတ်ကျစရာ အကြောင်းမရှိဘူး။ အခုဟာက ပလက်ဖောင်းကို ကျော်ပြီးတဲ့အပြင် လက်ရမ်းကို သုံးဆင့်လောက် တိုက်ပြီး ပြုတ်ကျသွားတာ” ဟု ၎င်းကဆိုသည်။

ယာဉ်တိုက်မှု မဖြစ်ပွားမီ မြောက်ဥက္ကလာပမြို့နယ် ၆ ကွေ့အနီးတွင် သူငယ်ချင်းများနှင့်အတူ ဘီယာတစ်ဘူး သောက်ခဲ့ပြီး ယာဉ်ပေါ်တွင် အိပ်၍ လိုက်ပါလာသဖြင့် အခင်းဖြစ်စဉ်ကို မသိလိုက်ဘဲ တံတားအောက်ရောက်မှသာ ကားပြုတ်ကျမှန်း သိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါယာဉ်၏ အလယ်ခုံ၌ စီးနှင်းလာသူ ဦးခင်မောင်မြင့်က The Voice သို့ ပြောကြားသည်။
“ဆုံးသွားတဲ့ သူငယ်ချင်းက ဒီကားရဲ့ ယာဉ်မောင်းပါ။ လိုင်စင်ရှိ မရှိတော့ အတိအကျတော့ မသိဘူး” ဟု ဆိုသည်။

အဆိုပါ ယာဉ်တိုက်မှုနှင့် ပတ်သက်၍ မြောက်ဥက္ကလာပ ရဲစခန်းက ယာဉ် (ပ) ၁၀/၁၄၊ ပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄ (က) ဖြင့် အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း မြောက်ဥက္ကလာပ မြို့မရဲစခန်းထံမှ စုံစမ်း သိရှိရသည်

ခိုးယူ ပေါင်းသင်းစဉ်က ရိုက်ကူးခဲ့သော ဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြသည့် လူငယ်ကို အမှုဖွင့်


အသက် ၁၇ နှစ် အရွယ်ရှိ ဒုတိယနှစ် ကောလိပ်ကျောင်းသူကို ခိုးယူ ပေါင်းသင်းခဲ့စဉ်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့သည်ဟု ဆိုကာ ယု အသက် ၁၉ နှစ် အရွယ် လူငယ်ကို ကောလိပ်ကျောင်းသူ၏ အုပ်ထိန်းသူများက တာမွေမြို့မ ရဲစခန်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

အမျိုးသား စီမံခန့်ခွဲမှု ကောလိပ် ဒုတိယနှစ် ကျောင်းသူကို ၂၀၁၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့က တာမွေမြို့နယ် နတ်ချောင်း ရပ်ကွက်တွင် နေထိုင်သူ လူငယ် တစ်ဦးက မိဘများ သဘောမတူဘဲ ခိုးယူ ပေါင်းသင်းခဲ့သောကြောင့် မြို့နယ် တရားရုံးတွင် အမှု ရင်ဆိုင်လျက် ရှိရာ ခိုးယူ ပေါင်းသင်းချိန်က ရိုက်ကူးခဲ့သော ညစ်ညမ်းဓာတ်ပုံများ အင်တာနက်တွင် ဖော်ပြခဲ့ပြီး အဆိုပါ ကျောင်းသူကို ထပ်မံ ခိုးယူကာ ထိမ်းမြားခဲ့ပြီးနောက် ဓာတ်ပုံများ ဆက်လက် ဖော်ပြနေသောကြောင့် ကောလိပ် ကျောင်းသူ၏ အုပ်ထိန်းသူ မိဘများက အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း တာမွေမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

“မနှစ်က နှစ်ကုန်ပိုင်းမှာ ကောင်မလေး မိဘတွေက အရွယ် မရောက်သေးသူကို ခိုးယူ ပေါင်းသင်းမှုနဲ့ တိုင်ချက်ဖွင့်ပြီး တရားရုံးမှာ အမှု ရင်ဆိုင်နေတုန်းမှာ ထပ်ဖြစ်တာပါ။ သူတို့နှစ်ဦး ပေါင်းသင်းခဲ့တဲ့ မဖွယ်မရာ ပုံတွေ အင်တာနက်မှာ ထပ်တင်နေတာကြောင့် ကောင်မလေးရဲ့မိသားစုက စခန်းမှာ အမှု ထပ်ဖွင့်တာပါ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ ညစ်ညမ်းသည့် မဖွယ်မရာ ပုံများကို အင်တာနက်တွင် ဖော်ပြခဲ့သောကြောင့် အမျိုးသမီး မိသားစု အသိုင်းအဝိုင်း၏ ဂုဏ်သရေကို ညှိုးနွမ်းအောင် မီဒီယာနည်းဖြင့် ကျူးလွန်သည်ဟု ဆိုကာ အသက် ၁၉ နှစ် အရွယ်ရှိ အမျိုးသားကို တာမွေမြို့မ ရဲစခန်းမှ (ပ) ၉၁/ ၁၄၊ ပုဒ်မ ၂၉၂ (ဂ) ဖြင့် အမှုဖွင့်ကာ စုံစမ်း စစ်ဆေးလျက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။

လူမှုကွန်ရက် တစ်ခုဖြစ်သော ဖေ့ဘုတ် စာမျက်နှာပေါ်တွင် အမျိုးသမီးငယ်များ ချစ်သူနှင့် ဆုံစည်းချိန် ရိုက်ကူးခံခဲ့ရသော မဖွယ်မရာ ဓာတ်ပုံများ ဖော်ပြထားသည်ကို မကြာခဏ တွေ့ရှိနေရကြောင်း အင်တာနက် အသုံးပြုနေသော လူငယ်များထံမှ စုံစမ်း သိရှိရသည်။

အိပ်ရေးမ၀ခြင်း ပြဿနာ





နေ့အချိန်မှာ အိပ်ချင်တဲ့ ဒုက္ခနဲ့တွေ့ကြုံနေရရင် သင်ဒါကို အဖြေရှာသင့် ပါတယ်။ ဒါဆို သင်အိပ်ချင်မူးတူးဖြစ်နေရတဲ့ အကြောင်းပြချက်က ဘာတွေဖြစ်မလဲ?။ အိပ်ရေးမ၀နေလို့လား ဒါမှမဟုတ် မောပန်းနွမ်းလျနေလို့လား?။ အနားယူချိန် မလုံလောက်ခြင်း၊ အိပ်လိုက်နိုးလိုက်ဖြစ်ခြင်း၊ နာတာရှည် ဝေဒနာခံစားနေရခြင်း စတဲ့ အကြောင်းပြချက်တွေအများကြီးရှိပါတယ်။ တစ်ယောက်ကတော့ သူ့ရဲ့ အိပ်ငိုက်ရတဲ့ အကြောင်းအရင်းကို အခုလိုဝေမျှသွားပါတယ်။
ကျွန်တော်ဘာကြောင့်အိပ်မပျော်ရလဲဆိုတာ လအတန်ကြာတဲ့အထိ အဖြေရှာလို့ မရနိုင်ခဲ့ဘူး။ ကျွန်တော်က အိပ်ချိန်လဲ အများကြီးယူပါတယ်။ ဆရာဝန် ကတော့ ဖြစ်နိုင်ခြေ အမျိုးမျိုးပြောပြပေးပေမယ့် အဲဒါတွေကြောင့်လို့လဲ မသေချာ ပါဘူး။ ဒါပေမယ့် (၅)နှစ်ကြာပြီးနောက်မှာတော့ အဖြေဟာဘာလဲဆိုတာ ကျွန်တော် ရှာတွေ့ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ အာရုံကြောအထူးကုဆရာဝန်နဲ့ ရောဂါလက္ခဏာကို သေချာလေ့လာတဲ့အခါ ကျွန်တော့်ရဲ့ အိပ်ဆေးမှီဝဲနေတဲ့ ပမာဏကို တဖြည်းဖြည်း လျော့ချနိုင်အောင် ကြိုးစားပါတယ်။ ညသန်းခေါင်မကျော်ခင် အိပ်ရာဝင်နိုင်အောင် ကြိုးစားပါတယ်။ မနက်ကို (၁၀)နာရီလောက်မှထပါတယ်။ မနက်တိုင်း အိပ်ရာထချိန် မှန်အောင်ကြိုးစားပါတယ်။ ဒါကအရေးကြီးပါတယ်။ အဲဒီလိုလုပ်လိုက်တဲ့အတွက် အခုဆို အိပ်ငိုက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာမရှိတော့ပါဘူး။
ဒီတော့ အရေးကြီးတာက အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန် နေ့တိုင်းပုံမှန် ဖြစ်ဖို့ပါပဲ ။ အဖြေကို သိရပြီဆိုရင်တော့ လိုက်နာနိုင်မယ်ဆိုရင် နောက်တစ်နေ့မှာ ထိုင်းမှိုင်းလေးလံ ငိုက်မြည်းနေခြင်းတွေ လျော့ချနိုင်မှာ အမှန်ပါပဲ ။
Ref:about.com

ဟုမ္မလင်းတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအိမ် ဓါးပြတိုက်ခံရ





ဟုမ္မလင်း၊ ဖေဖော်ဝါရီ ၂၀။ ။ စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ မန်းသက်အုပ်စု၊ ဆင်နှာမောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် ဓားကိုင် ဆောင်လာသည့်လူတစ်ဦးမှ အနုကြမ်းစီး၊ ဓါးပြတိုက်ခံခဲ့ရပြီး ကျေးရွာခွဲအုပ်ချုပ်ရေးမှူး လင်မယား ဓားဒဏ်ရာများရရှိခဲ့သည်ဟု မြို့နယ် ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

အနုကြမ်းစီးနင်းခြင်းခံရသည့် ကျေးရွာခွဲ အုပ်ချုပ်ရေးမှူး လင်မယားမှာ ဦးဖိုးကြည်နှင့် ဇနီး မမိကွန်း ဆိုသူတို့ဖြစ်သည်။ ထိုသူတို့သည် နေအိမ်ရှိ မီးဖိုဆောင်တွင် မနက် ၅ နာရီအချိန်ခန့်က လင်းမယားနှစ်ယောက် အတူထိုင်၍ မီးလှုံနေစဉ် အမည်မသိ အမျိုးသားတစ်ဦးက နေအိမ်ပေါ်သို့ တက်ရောက်လာပြီး "ဒါ အုပ်ချုပ်ရေးမှူး နေအိမ်လား” ဟု မေးမြန်းပြီးနောက် ပိုက်ဆံပေးရန် တောင်ခံခဲ့ခြင်း ဖြစ်သည်။

ကျေးရွာအုပ်ချုပ်ရေးမှူး လင်းမယားက မိမိတို့တွင် ပိုက်ဆံမရှိကြောင်း ပြန်ပြောရာ အမည်မသိလူတစ်ဦးက အသင့်ယူဆောင်လာသည့် ၁၅ လက်မခန့်ရှိ ဦးချွန်ဓား တစ်ချောင်းဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး လင်မယားအား ခုတ်ခဲ့ခြင်းဖြစ်သည်ဟု ဟုမ္မလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်ထမ်းတစ်ဦးက ဖြစ်စဉ်ကို ပြောပြသည်။

အုပ်ချုပ်ရေးမှု၏ နေအိမ်အနီးတွင် နေထိုင်သည့် ဦးစိုးဝင်း၊ ဦးလှဝင်း၊ ဦးစောထွေး ဆိုသူတို့နှင့် ရွာသူရွာသားများသည် "ကယ်တော်မူကျပါဦး” ဟု အော်ဟစ်အကူအညီတောင်းသံကြားရသဖြင့် အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ သွားရောက် ၀ိုင်းဝန်းခဲ့ရာတွင် အနုကြမ်းဝင်ရောက်စီးနင်းသူမှာ နမ့်ထိပ် ကွန်းချောင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် ရွာသားများက လိုက်လံရှာဖွေခဲ့ပြီး ခက်ခက်ခဲခဲ ဖမ်းဆီးခဲ့ရသည်ဟု ဆင်နှာမောင်း ကျေးရွာသားတစ်ဦးက ပြောပြသည်။

“အော်ဟစ်အကူအညီတောင်းသံကြားရလို့ အုပ်ချုပ်ရေးမှူးအိမ်ကိုရောက်သွားတဲ့အခါ လင်မယားနှစ်ယောက်စလုံး မျက်နှာပြင်မှာ သွေးတွေစီးကျနေတာကို မြင်လိုက်ရပါတယ်...” ဟု အိမ်နီးနားချင်းဖြစ်သူ ဦးစိုးဝင်းက ပြောသည်။

ဓါးဖြင့် ခုတ်ခံရခြင်းကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးကြည်တွင် ၀ဲဘက်မျက်လုံးဘေးပြတ်ရှဒဏ်ရာ၊ ၀ဲဘက်မေးရိုးအပေါ် ပြတ်ရှဒဏ်ရာ၊ နှာခေါင်းဝဲဘက် ပြတ်ရှဒဏ်ရာ၊ ၀ဲဘက်မျက်လုံး ဖုယောင်ညိုမဲ ဒဏ်ရာများရရှိခဲ့ပြီး၊ ဇနီးဖြစ်သူမှာ ၀ဲဘက်တတောင်ဆစ် ပြတ်ရှဒဏ်ရာ၊ ၀ဲဘက်လက်ခလယ်၊ လက်သန်းကြွယ် ပြတ်ရှ ဒဏ်ရာ၊ ၀ဲဘက်မျက်ခုံး ပြတ်ရှဒဏ်ရာ၊ပါးပြင်နှစ်ဘက် ပြတ်ရှဒဏ်ရာများရရှိခဲ့သည်။

ရရှိထားသော ပြတ်ရှဓား ဒဏ်ရာများသည် အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း ဟုမ္မလင်းပြည်သူ့ဆေးရုံရှိ မှုခင်းဆေးပညာ ဆရာဝန်ကြီးက ခန့်မှန်းပြောဆိုထားသည်။

အနုကြမ်းဝင်ရောက်စီးနင်းသူကို ဒေသခံရွာသားများက ဟုမ္မလင်းမြို့မ ရဲစခန်းတွင် ရွာသားများက အပ်နှံခဲ့ကြသည်။ ရဲဌာန၏ ပြောကြားချက်များအရ အနုကြမ်းဝင်ရောက်စီးနင်းသူမှာ စစ်ကိုင်းတိုင်း၊ မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်၊ ရွှေထီးကုန်းကျေးရွာနေ ကိုစောမင်းထွေ(ခ) ဖိုးတုတ် ဆိုသူဖြစ်သည်ဟု အတည်ပြုထားသည်။

ကိုတိုးကြီး

ခိုင်မာတဲ့ခံယူချက်နဲ့ မင်္ဂလာပွဲနွှဲပြီး ရွှေလက်တွဲတော့မယ့် လိင်တူချစ်သူစုံတွဲ





ကိုတင်ကိုကို(ရှေ့)နဲ့ ကိုမျိုးမင်းထက်(နောက်)တို့ကို နေအိမ်မှာ ပျော်ပျော်ရွှင်ရွှင်တွေ့ရစဉ်။ /မြန်မာတိုင်း(မ်)

ညနေခင်းရုံးဆင်းလို့ သူတို့ရဲ့ထရံကာ၊ သွပ်မိုး ပျဉ်ထောင်အိမ်လေးကို အရင်ဆုံး ပြန်ရောက်တဲ့
သူက မီးဖိုချောင်မှာ ထမင်းဟင်းချက်တဲ့တာဝန်ကို ယူရပါတယ်။
နှစ်ယောက်စလုံး ရုံးမှာ သိပ်ကို ပင်ပန်းလာပြီဆိုရင်တော့ ချက်ပြုတ်မနေတော့ဘဲ နီးရာဆိုင်မှာပဲ
ပြေးပြီး ညစာစားကြပါတယ်။
ဒါဟာ လိင်တူချင်း သံယောဇဉ်ဖြစ်မိကြပြီး သာမန်စုံတွဲတွေလိုပဲ နှစ်ယောက်တစ်ဘ၀ ထူထောင်
ထားကြတဲ့ ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက်တို့ စုံတွဲရဲ့ လွတ်လပ်ပေါ့ပါးတဲ့ နေ့စဉ် ဖြတ်သန်းမှုပုံစံပဲ
ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ၁၀ နှစ်ကြာ အတူတူနေထိုင်ခဲ့ကြရင်း နှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ နားလည်မှု
ခိုင်မာလာတာနဲ့အမျှ ထာဝရ လက်တွဲသွားကြမယ်ဆိုတဲ့ သင်္ကေတအနေနဲ့ မင်္ဂလာပွဲကို လာမယ့်
မတ်လထဲမှာ မိဘ၊ ဆွေမျိုး၊ မိတ်ဆွေ၊ အပေါင်းအသင်းတွေကို ဖိတ်ကြားပြီး ကျင်းပသွားမှာ
ဖြစ်ပါတယ်။
“မင်္ဂလာပွဲအတွက် ရင်ခုန်ပြီး အတိုင်းမသိဝမ်းသာတယ်။ သူ (ကိုတင်ကိုကို) က ၁၀ နှစ်ပြည့်
အထိမ်းအမှတ်ပွဲလေး လုပ်ပေးမယ်လို့ မထင်ခဲ့ဘူး။ ဒီပွဲလုပ်မယ်ဆိုတာ အနီးကပ်မှ သိရတာ။
မင်္ဂလာပွဲအတွက် အနောက်တိုင်းဝတ်စုံတွေ ပြင်ဆင်ထားတယ်။ နောက်ထပ် ၁၅ နှစ်၊ အနှစ်
၂၀ ပြည့်ပွဲတွေလည်း လုပ်ချင်သေးတယ်”လို့ ကိုမျိုးမင်းထက်က ပြောပါတယ်။
ရန်ကုန်သား ကိုတင်ကိုကိုဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က မကွေးတိုင်းဒေသကြီးအတွင်းက
ဆောက်လုပ်ရေးအလုပ်တစ်ခုမှာ အလုပ်လုပ်ကိုင်ရင်း ကိုမျိုးမင်းထက်ကို စတွေ့ပြီး သံယောဇဉ်
ဖြစ်ခဲ့ပါတယ်။
နှစ်ယောက်စလုံးဟာ အမျိုးသားတွေလိုပဲ ၀တ်စားဆင်ယင် နေထိုင်သွားလာတဲ့အတွက် အများရဲ့
အမြင်မှာ အထင်လွဲစရာ မဖြစ်ခဲ့တာကြောင့် သူတို့ရဲ့ဘ၀ခရီးအစမှာ ကြီးမားတဲ့အခက်အခဲမျိုးတွေ
မတွေ့ခဲ့ရဘူးလို့ ဆိုကြပါတယ်။
“ကျွန်တော်က အမျိုးသမီးတစ်ယောက်လို ၀တ်စားဆင်ယင်ပြီး နေတာမဟုတ်ဘဲ သာမန်
ယောက်ျားလေးလိုပဲနေတယ်။ သူလည်း အဲဒီပုံစံအတိုင်းပဲ နေတယ်။ ကိုယ့်ရဲ့လိင်စိတ်ခံယူမှုကြောင့်
ဂေးဖြစ်နေတာပဲ ရှိတယ်။ သူနဲ့ကျွန်တော် သူငယ်ချင်းအပေါင်းအသင်းတွေလိုပဲ သွားတယ်၊
လာတယ်၊ စားတယ်၊ သောက်တယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ အခက်အခဲသိပ်မရှိခဲ့ပါဘူး” လို
LGBT (အမျိုးသမီး၊ အမျိုးသားအချင်းချင်း ချစ်ခင်စုံမက်သူ၊ အမျိုးသား၊ အမျိုးသမီးနှစ်မျိုး စလုံး
ချစ်ခင်စုံမက်သူ၊ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ၀တ်စားဆင်ယင်ပြုမူနေထိုင်သူ)တွေရဲ့ အခွင့်အရေးတွေ
အတွက် လှုပ်ရှားဆောင်ရွက်နေတဲ့ ဘုရင်နှင့် ဘုရင်မများအဖွဲ့မှ အဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ ကိုတင်ကိုကို
(အသက် ၃၈ နှစ်)က မြန်မာတိုင်း(မ်)ကို ပြောပါတယ်။
ကိုမျိုးမင်းထက်ကတော့ အသက် ၁၀ နှစ် ပိုငယ်ပြီး မိသားစုဝင်တွေရဲ့ ငြိုငြင်မှုကို အစပိုင်းမှာ
ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
“သူနဲ့ သံယောဇဉ်ဖြစ်တော့ အတူသွားအတူစားဆိုတော့ မိသားစုကတော့ သာမန်ညီအစ်ကို
မိတ်ဆွေတွေလို ရင်းနှီးတယ်လို့ပဲ သိထားတယ်။ ကျွန်တော့် အစ်ကိုနဲ့အစ်မ အိမ်ထောင်ကျ
သွားတော့ သူတို့အိမ်ထောင်ဖက်တွေက ကျွန်တော်တို့ နှစ်ယောက်ရဲ့ဆက်ဆံရေးကိုတော့
နည်းနည်းပြောတယ်။ သူတို့တွေက နယ်ဘက်ကဆိုတော့ ဒီလိုမျိုးတွေ မကြုံဖူးကြဘူးဆိုတော့
နည်းနည်းတော့ ပြောတာဆိုတာ ခံရပါတယ်”လို့ LGBT တွေအတွက် ကျန်းမာရေးဆိုင်ရာ
စောင့်ရှောက်မှု ပေးနေတဲ့ အေးငြိမ်းမေတ္တာလူမှုရေးအဖွဲ့အစည်းမှာ အလုပ်လုပ်ကိုင်နေတဲ့
ကိုမျိုးမင်းထက်က ပြောပါတယ်။
သူတို့နှစ်ဦးဟာ မကွေးတိုင်းဒေသကြီးမှာ သုံးနှစ်အတူနေခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်း ပြီးဆုံး
သွားတာကြောင့် ရန်ကုန်မှာ အလုပ်လုပ်ကိုင်ဖို့ ကိုတင်ကိုကို တစ်ယောက်တည်း ပြောင်းရွှေ့လာခဲ့
ပါတယ်။
“ခြောက်လလောက်ကြာတော့ သူလိုက်လာတယ်။ သူက အဝေးသင် တက်နေတာဆိုတော့
စာမေးပွဲဖြေခါနီးရင် နယ်ပြန်တယ်။ စာမေးပွဲရှိရင် ပြန်သွားလိုက် ပြီးရင် ရန်ကုန်ဆင်းလာလိုက်နဲ့
ကျောင်းပြီး သွားတော့မှ အလုပ်လုပ်ကြရင်း အတူတူနေဖြစ် လာတာပါ”လို့ ကိုတင်ကိုကိုက
ပြောပါတယ်။
ရန်ကုန်ရောက်ပြီး နှစ်ယောက်အတူတူနေထိုင်ဖို့ ဆုံးဖြတ်တဲ့အခါမှာ ငွေကြေး ကျပ်တည်းမှု
အခက်အခဲ၊ နေစရာနဲ့ အလုပ်အကိုင် အခက်အခဲတွေကို အချိန်အတော်အကြာထိ ကြုံတွေ့
ဖြတ်သန်းခဲ့ရတယ်လို့လည်း ဆိုပါတယ်။
“မိဘတွေနဲ့နေမယ်ဆို အလွန်ဆုံး တစ်လ နှစ်လထက် ပိုမနေနိုင်ပါဘူး။ အလုပ်ကလည်း မရှိတော့
ဟိုရှာဒီရှာနဲ့ ကြုံတဲ့အလုပ် ၀င်လုပ်ရတယ်”လို့ နယ်ကနေ ရန်ကုန်ပြန်ရောက်စမှာ ကြုံတွေ့ရတဲ့
အခက်အခဲတွေကို ပြောပြပါတယ်။
သာမန်စုံတွဲတွေလိုပဲ သူတို့နှစ်ဦးဟာ အားလပ်တဲ့ ညနေခင်းတွေမှာ ရုပ်ရှင်အတူတူကြည့်ရင်း
ဒါမှမဟုတ်လည်း အင်းလျားကန်ဘောင်မှာ လမ်းလျှောက်ရင်းနဲ့ ဖြတ်သန်းကြသလို ချက်ပြုတ်
လျှော်ဖွပ်တဲ့ အိမ်မှုကိစ္စတွေကိုလည်း နှစ်ယောက်အတူတူ မျှဝေတာဝန်ယူကြပါတယ်။
စိတ်တူကိုယ်တူ ဖြတ်သန်းလာခဲ့တဲ့ သူတို့ရဲ့ ချစ်ခရီးလမ်း ၁၀ နှစ်တိုင် မြဲမြံခဲ့တဲ့ အကြောင်းရင်း
ကတော့ တစ်ယောက်ကိုတစ်ယောက် နားလည်မှုရှိခြင်းပဲလို့လည်း ကိုတင်ကိုကိုက ပြောပါတယ်။
“၁၀ နှစ်တာ ကာလတွေမှာ ပြဿနာတွေက အများကြီးပဲ။ တစ်ယောက်နဲ့ တစ်ယောက်
စကားများကြတယ်၊ ရန်ဖြစ်တာတော့ ခဏခဏပါပဲ။ ကျွန်တော်က စိတ်ဆတ်တော့ တစ်ခုခုဆို
အမြန်ပြောဆိုလိုက်မိတတ်တော့ သူပဲ အများဆုံးခံရပါတယ်။ အတူတူ နေတာကြာလာတာနဲ့အမျှ
သူဘာကြိုက်လဲ၊ ဘာမကြိုက်ဘူးလဲဆိုတာတွေကို သိလာတော့ သူမကြိုက်တာမျိုးဆို မလုပ်မိဖို့
ရှောင်ရင်းနဲ့ ပြဿနာ အခက်အခဲဆိုတာ တဖြည်းဖြည်းနည်းလာတယ်။ အတူနေတာကြာလာတော့
တစ်ယောက်အကြိုက်ကို တစ်ယောက် နားလည်လာသလို ညှိယူနေထိုင်ခဲ့လို့ အခုထိမြဲမြံခဲ့တာပါ”
လို့လည်း သူတို့ကြားက နားလည်မှုတည် ဆောက်ပုံကို ပြောပြပါတယ်။
ကိုမျိုးမင်းထက်က သူတို့လည်း သာမန်စုံတွဲ တွေလိုပဲ သားသမီးတွေအများကြီးနဲ့ နေချင်တယ်
လို့ဆိုပြီး နှစ်ဦးအတူတူ စနေကတည်းက ကလေး မွေးစားဖို့အကြောင်း တိုင်ပင်ခဲ့ကြတယ်လို့ဆိုပါ
တယ်။
“သူ(ကိုတင်ကိုကို)ကတော့ ယောက်ျားလေး လိုချင်တယ်။ ကျွန်တော်ကတော့ မိန်းကလေးပဲ
ဖြစ်ဖြစ်၊ ယောက်ျားလေးပဲ ဖြစ်ဖြစ် နှစ်ယောက်စလုံးကို ချစ်တယ်”လို့ ပြောပါတယ်။
ကိုတင်ကိုကိုနဲ့ ကိုမျိုးမင်းထက်တို့လို ရဲဝံ့ပြတ်သားတဲ့စိတ်ဓာတ်နဲ့ ပတ်ဝန်းကျင် မိဘ မောင်ဖွား
တွေရဲ့ ဘောင်ခတ်ကန့်သတ်ထားတဲ့ အနှောင်အဖွဲ့ကနေ ရုန်းထွက်နိုင်ခဲ့တဲ့ စုံတွဲတွေ ရှိသလို မိဘနဲ့
ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှုအောက်မှာ ကိုယ့်ဆန္ဒကို ထုတ်ဖော်ခွင့်မရကြတဲ့ ဂေးတွေလည်း
အများအပြားရှိနေမှာ သေချာပါတယ်။
“မိဘတွေက သားသမီးတွေနေချင်တဲ့ ပုံစံကို လွတ်လပ်စွာ နေခွင့်မပေးကြဘူး။ မိဘတွေရဲ့ စီမံ
ကွပ်ကဲမှုအတိုင်း နေရမယ်ဆိုတဲ့ ရှေးရိုးစွဲ အယူအဆမျိုးကို ဟိုးငယ်ငယ်ကတည်းက လက်ခံ
ကျင့်သုံးလာကြတယ်။ မိဘတွေက ကိုယ့်ရဲ့ သားသမီးတွေပဲဆိုပြီး လွတ်လပ်မှုကို ဘောင်ခတ်ခဲ့
သလို အခုလက်ရှိအချိန်အထိ ကျွန်တော်တို့နဲ့ ပတ်သက်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေရဲ့
မိဘတွေက အဲဒီအတိုင်းတွေချည်းပဲ။ ငါ့သားသမီးတွေက ငါတို့စီစဉ်တဲ့အတိုင်း လုပ်ရမယ်၊ နေရမယ်
ဆိုတဲ့ပုံစံမျိုးနဲ့ ထားထားတယ်”လို့ ကိုတင်ကိုကိုက ပြောပါတယ်။
“တချို့ မိန်းမဆန်ဆန် ၀တ်စားနေထိုင်တဲ့ အခြောက်မလေးတွေဆို အသက်ကြီးလာတဲ့အခါမှာ
အိမ်က လူကြီးတွေက မိန်းမ အတင်းပေးစားတာ၊ မယူချင်ယူချင်အောင် တွန်းအားပေးတာမျိုး
ရှိတယ်။ တချို့ဆိုယူလိုက်ပြီးမှ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာတယ်။ အိမ်က
အတင်းပေးစားလို့ ယူလိုက်ရပေမယ့် သူ့ရဲ့ သူငယ်ချင်း အပေါင်းအဖော်တွေ အိမ်ကိုခေါ်လာပြီးတော့
နေတယ်။ နောက်တစ်ခုက အိမ်မှာမနေဘဲ အပြင်မှာနေတာများလာတဲ့အခါ လင်မယားနှစ်ယောက်
ကြားမှာ အိမ်ထောင်ရေး ပဋိပက္ခတွေ ဖြစ်လာတယ်။ အဲဒါဟာ သူကိုယ်တိုင်တင်မကဘဲ သူ့ဇနီး
မှာပါ စိတ်ဒဏ်ရာရလာတဲ့အထိ ဖြစ်စေတယ်။ ဒါကြောင့် မိဘတွေက ကိုယ့်သားသမီးရဲ့ နေထိုင်မှု
ပုံစံကို ပြောင်းလဲဖို့ မကြိုးစားဘဲ သားသမီးရဲ့ဖြစ်တည်မှုကို လက်ခံ နိုင်အောင် ကြိုးစားရမယ်။ သူ့ရဲ့
ခံယူချက် အပေါ်မှာလည်း လွတ်လပ်မှုပေးသင့်တယ်”လို့လည်း သူ့အမြင်ကို ဆိုပါတယ်။
ကန့်သတ်ချုပ်ချယ်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် ဂေးတစ်ယောက်အဖြစ် ပွင့်ပွင့်လင်းလင်း ဖွင့်ဟ
နေထိုင်ခွင့်မရတဲ့ လူတချို့ဟာ အိမ်နဲ့ ဝေးရာကို ရောက်သွားပြီး ကြုံရာအလုပ်လုပ်ကိုင်စားသောက်
ရတဲ့ ဘ၀မျိုးထိ ဖြစ်သွားကြတာမျိုးတွေလည်း ရှိတယ်လို့ ကိုတင်ကိုကိုက ပြောပါသေးတယ်။
“အိမ်မှာ အတင်းအကျပ် ချုပ်တည်းနေရလွန်းတော့ အပြင်ရောက်တော့ မဖြစ်သင့်တာတွေ ဖြစ်သွား
တာမျိုး ရှိတယ်။ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ကူးစက်ရောဂါတွေရလာတဲ့အထိ
ဖြစ်တယ်”လို့ ဆိုပါတယ်။
“ကိုယ့်ကိုယ်ကိုယ် ရုန်းမထွက်နိုင်သေးသ၍တော့ အဲဒါတွေ ရှိနေဦးမှာပါပဲ။ ရုန်းထွက်နိုင်ရင်တော့
ပြီးပြီပေါ့။ သူတို့မှာ ရုန်းထွက်ရဲတဲ့ သတ္တိနဲ့ တစ်ကိုယ်ရေ စားဝတ်နေရေးအတွက် ဖြေရှင်းနိုင်တဲ့
အလုပ်တစ်ခုလည်း ရှိမယ်ဆိုရင်တော့ ကိုယ့်ဘ၀ရှင်သန်ရပ်တည်ဖို့အတွက် လုံခြုံစိတ်ချရပြီ”လို့
ကိုတင်ကိုကိုကဆိုပါတယ်။
မနက်ခင်းနေရောင်ခြည်ဟာ စတင်ပြင်းစ ပြုလာပါပြီ။ အိမ်ငယ်လေးရဲ့ အပြင်ဘက်မှာ ချထားတဲ့
ရေတိုင်ကီထဲကို ရေဖြည့်ပြီးသွားတဲ့ နောက်မှာ မနက်ခင်းဝေယျာဝစ္စတွေ လုပ်ကိုင်ခြင်း ပြီးဆုံး
သွားတဲ့ ကိုတင်ကိုကိုဟာ သူ့ရဲ့ လက်ကိုင်အိတ်ကိုဆွဲပြီး သူချစ်တဲ့ ကိုမျိုးမင်းထက်နဲ့ အတူတူ
ခြံတစ်ခါးကို ပိတ်ပြီး လုပ်ငန်းခွင်ဆီ ထွက်လာပါတော့တယ်။
ကောင်းကင်ထက်က နေမင်းကြီးကတော့ သူ့ရင်ခွင်အောက် ရောက်လာတဲ့ လူသားတိုင်းကို
ညီတူညီမျှ အလင်းရောင်ပေးနေတာပဲ ဖြစ်ပါတယ်။

ဇွန်ပန်းပွင့်

Tip for Jesus ဆိုရင်လွှင့်မပစ်လိုက်ပါနဲ့ ။





အကယ်၍များဒီစာကိုဖတ်ရှုနေသူဟာ အမေရိကန်နိုင်ငံမှာနေထိုင်ပြီး စားပွဲထိုး တစ်ယောက်ဖြစ်နေ ခဲ့မယ်ဆိုရင်တော့ ယေရှုအတွက်လှူဒါန်းမှု(tip for Jesus) လို့ ရေးသားထားတဲ့ထောင်နဲ့ ချီတဲ့ ဘောက် ဆူးပေးကမ်းမှုကြုံခဲ့ရရင် ပြေစာကိုလွှင့်မပစ်ဖို့ အကြံပြုချင်ပါတယ်။

ဟောလီးဝုဒ်၊ကယ်လီဖိုးနီးယားကစားသောက်ဆိုင်တစ်ဆိုင်မှာစားပွဲထိုးလုပ်တဲ့ရွန်ကင်နီ ကတော့ ဒီလို tip forJesusဆိုပြီး ဘောက်ဆူးတွေအများကြီးပေးသွားတာကိုမဖြစ်နိုင်ဘူးလို့ ယူဆခဲ့ပါတယ်။
ဧည့်သည်က ဒေါ်လာ၅၀ ဖိုးပဲစားသောက်ပြီး ထောင်နဲ့ ချီဘောက်ဆူးပေးသွားတော့ မယုံမကြည်နိုင်ဖြစ်ပြီး လွှင့်ပစ်လိုက်ပါတယ်။
တကယ်တော့ "ယေရှုအတွက်ဘောက်ဆူး" (Tips for Jeses) လို့ ရေးသားပြီး နယူးယော့ကနေ အရီဇိုးနား အထိဒေါ်လာ ထောင်နဲ့ ချီတဲ့ဘောက်ဆူးတွေကို အမည်မဖော်လို တဲ့သူတစ်ယောက်က သဒ္ဒါတရားထက်သန်စွာပေးကမ်းနေ ခဲ့တာဖြစ်ပါတယ်။

စောစောက စားပွဲထိုးမစ္စတာကင်နီဟာ ဒီလိုပေးကမ်းမှုတွေရှိတယ်ဆိုတဲ့အကြောင်း သိလာရတဲ့အချိန်မှာ သူ့ လက်ထဲ မှာ ဖြတ်ပိုင်း က မရှိတော့ပါဘူး။
မစ္စတာကင်နီက "သူတို့ ပေးကမ်းသွားတယ်လို့  ကျနော်ကသဘောမပေါက်ဘူးဗျာ။
တစ်ယောက်ယောက်ကမူးမူးရူုးရူးနဲ့  ရေးသွားတယ်လို့ ပဲထင်ခဲ့ တာ" တဲ့။



နယူးယော့ က Boဆိုတဲ့စားသောက်ဆိုင်ကအလုပ်သမားတစ်ယောက်ကလည်း စနေ နေ့ ညနှောင်းပိုင်း ကသူစားပွဲထိုးရတဲ့ဝိုင်းက ဒေါ်လာတစ်ထောင် ဘောက်ဆူးရခဲ့တယ်။ လင်ကွန်းစင်တာနားက အလုပ် သမားက ဒေါ်လာ၃၅၀၀၊NoMadဆိုတဲ့ စားသောက်ဆိုင်ကဒေါ်လာ၇၀၀၀ ဘောက်ဆူးအဖြစ်ရခဲ့ကြ ပါတယ်။

လူတွေကတော့ယေရှုအတွက်ပေး ကမ်းမှုဆိုတဲ့လှူဒါန်းမှုတွေ ကိုPayPal ရဲ့ ဒုဥက္ကဌ မစ္စတာ ဂျက်ဆဲလ် ဘီက ပြု လုပ်နေတာလို့ ယုံကြည်ကြပါတယ်။ မစ္စတာဆယ်လဲဘီဟာ PalPalကို eBay ထံရောင်းချပြီး သန်းပေါင်းများစွာချမ်းသာတဲ့သူဌေးကြီးဖြစ်ပါတယ်။ သူဌေးကြီးရဲ့ အသက်က ၃၉နှစ်ပဲရှိ ပါသေးတယ်။

the melting pot 4 U


ရွန်ကင်နီအလုပ်လုပ်တဲ့စားသောက်ဆိုင်

စင်္ကာပူတွင်အလုပ်လုပ်နေသော၊ အလုပ်လုပ်နိုင်ရန်ကြိုးစားနေသော သူများသိရှိစေရန်





၂၂ ယောက်သော နိုင်ငံခြားသား အလုပ်လုပ်သူများကို MOM အားလစာ လိမ်ညာမှုဖြင့် အရေးယူခြင်း

1. 18 February 2014 တွင် MOM က အိန္ဒိယနိုင်ငံသား အလုပ်လုပ်သူများကို လစာလိမ်ညာမှုဖြင့် အရေးယူလိုက်ပါတယ်။ ဒါဟာ MOM မှ ပထမဆုံးအကြိမ်အရေးယူခြင်းဖြစ်ပါတယ်။

တရားစွဲခံရသော လူများမှာ အလုပ်လုပ်ခွင့် Pass ရရန်အတွက် MOM ကို လစာ လိမ်ညာတင်ခြင်းဖြစ်ကြောင်း

2. ၂၂ ယောက်သော Foreign Employees တို့ဟာ 2010 နိုဝင်ဘာမှ 2013 စက်တင်ဘာလအတွင်း လစာလိမ်ညာကာ Pass လျောက်ခဲ့ကြပါတယ်။ EP 19 ယောက်နဲ့ SPass 3 ယောက်ဖြစ်ပါတယ်။ Company လေးခုမှ လျှောက်ခဲ့ကြပြီး 7-Eleven စတိုးဆိုင်တွေ အတွက်ဖြစ်ပါတယ်။
3. EP နဲ့ SPass လျောက်ဖို့အတွက် အနဲဆုံးလစာ သတ်မှတ်ထားပြီးသားပါ။ ဒါပေမဲ့ တရားစွဲခံရသော လူများမှာ သူတို့ကို အလုပ်ရှင်မှ သတ်မှတ်လစာထက်လျှော့ပေးမှာကို သိရက်နဲ့ MOM ကိုတင်ရမဲ့ စာရွက်စာတမ်းမှာ လစာ 2400 မှ 4550 အတွင်း ကြရမယ်ဆိုပြီး ၀န်ခံကတိတွေရေးထိုးခဲ့ကြပါတယ်။ အားလုံးထဲမှာ 15ယောက်က စင်္ကာပူမှာ အလုပ်လုပ်တာ တစ်နှစ်မရှိသေးပါဘူး

အပြစ်ဒဏ်များ

4. ၁၀ယောက်ကတော့ အပြစ်ရှိကြောင်းဝန်ခံပြီးတော့ မနေ့က အပြစ်ချလိုက်ပါပြီ။ သူတို့တွေရဲ့ လစာတွေဟာ Giro နဲ့ သူတို့ဘဏ်ထဲကိုဝင်ပြီးတော့ နောက်ရက်တွေမှာပဲ ပိုက်ဆံ 600 ကနေ 3350 ကို ဘဏ်ကထုတ်ပြီး သူတို့အလုပ်ရှင်တွေကို ပြန်ပေးကြတာဖြစ်ပါတယ်။
5. အပြစ်ဝန်ခံပြီးနောက် သူတို့တွေဟာ ဒဏ်ငွေ 5000 မှ 7000 (ဒါမှမဟုတ်) 5ပတ်မှ 7ပတ် ထောင်ကျခံရမှာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဒဏ်ငွေမပေးကြတဲ့အတွက် ထောင်ကျခံကြမှာဖြစ်ပါတယ်။
6. ကျန်တဲ့ 12 ယောက်အနက် 11 ယောက်ကတော့ တရားရုံးချိန်းကို 25 February 2014 နဲ့ 18 March 2014 သတ်မှတ်ထားပါတယ်။ ကျန်တစ်ယောက်ကတော့ 28 February 2014 ဖြစ်ပါတယ်။
7. MOM ဟာ အလုပ်ရှင်တွေနဲ့ အေဂျင်စီတွေကို သတ်သတ် အပြစ်ဒဏ်ချဖို့ရှိတယ်လို့ ပြောပါတယ်။

Foreign Workers တွေဟာ မှန်ကန်တဲ့ ၀န်ခံကတိလက်မှတ်ထိုးဖို့လိုပါတယ်

8. အခုလို လစာတွေလိမ်ညာပြီးPass လျှောက်တဲ့ကိစ္စကို MOM ဟာ ဆက်လက် စစ်ဆေးသွားမှာဖြစ်ပါတယ်။ အခုနောက်ထပ် ဆင်တူပြသနာ Company 75 ခုမှ ငှားရမ်းထားသော အလုပ်သမား 230 ကိုလဲ စစ်ဆေးနေပါတယ်။ MOM ဟာ နိုဝင်ဘာ 2012က ချမှတ်ထားတဲ့ စည်းမျဉ်းများအရ လုပ်ဆောင်နေခြင်းဖြစ်ပြီး အပြစ်ရှိပါက အဆိုးဆုံးအဖြစ် ဒဏ်ငွေ 20000 အပြင်၊ဒါမှမဟုတ် နှစ်နှစ် ထောင်ကျခံရမှာဖြစ်ပါတယ်။
9. အဲ့ဒါကြောင့် အလုပ်လျောက်သူတွေအနေနဲ့ မှန်ကန်ပြီး ပြည့်စုံတဲ့ ၀န်ခံကတိမျိုးနဲ့ Pass တွေကို လျောက်ကြဖို့လိုပါတယ်။
10. အဲ့လိုအဖြစ်မျိုးတွေ သိရင်၊ ရှိရင် တိုင်ကြားဖို့ ပြောထားပါတယ်။

Original Link : http://mom.gov.sg/newsroom/Pages/PressReleasesDetail.aspx?listid=542
Photo: MOM facebook
------------------------------------- II ----------------------------------------------

အဲ့ဒါတွေကတော့ MOM website မှာရေးထားတာတွေကို သင့်တော်သလို ပြန်ရေးပေးထားတာပါ

အားလုံးသိတဲ့အတိုင်းပဲ ဒီလို လစာလိမ်ညာပြီးတင်တာဟာ သူတို့ အနဲဆုံးလစာသတ်မှတ်ပြီးနောက်ပိုင်း ထုံးစံလိုကိုဖြစ်နေတာ တော်တော်များများသိကြမှာပါ။
တခြားနိုင်ငံသားတွေလဲ အဲ့ဒီလိုလုပ်နေကြတာပါပဲ။ တခါတလေ အလုပ်လျောက်တဲ့သူတွေဟာ အလုပ်ရှင်တွေ(or) အေးဂျင့်က ကိုယ့်အတွက် လစာဘယ်လောက်နဲ့ တင်လျောက်လိုက်မှန်းတောင် သိချင်မှသိကြတာပါ။
ဒီနေရာမှာလက်မှတ်ထိုးဆိုလို့ ထိုးလိုက်ကြတယ်ဆိုတာတွေ အများကြီးပါပဲ။ ကိုယ့်ကိုပြောထားတဲ့ လစာရရင်ပြီးရောဆိုပြီးနေနေကြတာတွေ ရှိပါတယ်။
လက်မှတ်ထိုးလိုက်ခြင်းဖြင့် အပေါ်က အကြောင်းအရာတွေအားလုံးဟာ မှန်ကန်ပါတယ်ဆိုပြီး ကိုယ်ကလက်မှတ်ထိုးလိုက်ရတာပါ။ ကိုယ်သိလိုက်တာပဲဖြစ်ဖြစ်မသိလိုက်တာပဲဖြစ်ဖြစ် ကိုယ်ကလက်မှတ်ထိုးပြီးပြီဆိုတာနဲ့ ပြီးသွားပါပြီ။ မသိဘူးလို့ ပြောလို့မရတော့ပါဘူး။
အလုပ်ရှင်တွေအပြစ်လဲ အများကြီးရှိတာ သိကြပါတယ်။ ဒါပေမဲ့ အခုထိတော့ သူတို့ကို အရေးမယူရသေးဘူး အလုပ်သမားတွေကအရင် အရေးယူခံရပါပြီ။ သူတို့ကိုဘယ်လိုတွေအရေးယူမယ်ဆိုတာတော့ ဆက်လက်စောင့်ကြည့်ရမှာပါ။
ဒါကြောင့် အလုပ်ရချင်ဇောနဲ့ ဘယ်လောက်ရရဆိုပြီး အလုပ်လျောက်တာတွေ၊ အဲ့လို လစာပိုတင်ပြီး သူဌေးကို ပိုက်ဆံပြန်ပေးဆိုတာတွေကို အလုပ်ရှင်တွေ အေးဂျင့်တွေဘက်က လုပ်ဖို့ပြောလာရင်တောင် မလုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
ကိုယ့်နိုင်ငံသားတွေ ဒုက္ခရောက်တာ မမြင်ချင်ပါဘူး။ အားလုံးအဆင်ပြေကြပါစေ။

Related Posts Plugin for WordPress, Blogger...