Wednesday, October 16, 2013

နိုင်ငံရေးအသိ မြင့်မားမှန်ကန်မှုဖြင့် လတ်တလော အခက်အခဲများကို ကျော်လွှားသွားနိုင်ရေး

အောက်တိုဘာ ၁၁ ရက်၊ တောင်ငူမြို့ ဗုံးပေါက်ကွဲမှုမှသည် အောက်တိုဘာ ၁၅ ရက်၊ သည်ကနေ့ နံနက် လင်းအားကြီးအချိန် ထရိတ်ဒါးဟိုတယ် တည်းခိုခန်းအတွင်းဗုံးပေါက်ကွဲမှုအထိ လေးရက်တာကာလအတွင်း
မြန်မာပြည်မြို့ကြီးများ၌ ဗုံးပေါက်ကွဲမှုများ၊ ဗုံးထောင်ထားမှုများ စုစုပေါင်း ငါးကြိမ်ရှိပြီ ဖြစ်သည်။

သည်သတင်းများ ထွက်ပေါ်လာသည့်အခါ ပထမဦးဆုံး အကျိုးသက်ရောက်မှုက ပြည်သူတို့ စိုးရိမ်ထိတ်လန့်ဖြစ်ကြရပြီး မိမိတို့နိုင်ငံသားများအားလုံး သွားလာနေထိုင်ရေး လုံခြုံမှုမရှိနိုင်ဟု ခံစားရစေသည့် အကျိုးဆက်ပင် ဖြစ်သည်။ ထို့နောက် ယင်းဗုံးဖောက်ခွဲမှုများ၏ နောက်ကွယ်မှ ဗုံးတရားခံများ မည်သူ မည်ဝါဖြစ်သည်၊ မည်သည့် ရည်ရွယ်ချက်ဖြင့် ဖောက်ခွဲသည်၊ ယင်းဗုံးပေါက်ကွဲမှုများအပေါ် မူတည်ကာ မည်သည့်အကျိုးဆက်များ ဆက်လက် ဖြစ်ပွားလာနိုင်
သည် အစရှိသည့် ဖြေရှင်းရခက်ခဲသော မေးခွန်းများ၏အဖြေကို ပြည်သူအများ သိချင်လာကြမည်မှာလည်း မလွဲပါ။

သေချာသည့်အချက်မှာ ယင်းဗုံးဖောက်ခွဲမှုများကို ကြံစည်လုပ်ကိုင်သူများအနေနှင့် လူတစ်ဦးတစ်ယောက် ကို ရည်ရွယ်ပစ်မှတ်ထား၍ လုပ်ဆောင်ကြံစည်ခဲ့ကြခြင်း မဟုတ်ဘဲ နိုင်ငံရေး၊ စီးပွားရေးအခြေအနေများ အပေါ်မူတည်ကာ ယင်းဗုံးဖောက်ခွဲမှုများကို ကြံစည်လုပ်ကိုင်နေကြခြင်းသာ ဖြစ်သည်ဆိုသည့်အချက်မှာ ထင်သာမြင်သာလွန်းသည့်အချက် ဖြစ်သည်။ ထို့ပြင် ယင်းဗုံးဖောက်ခွဲသူများမှာလည်း ပုဂ်္ဂိုလ်တစ်ဦး တစ်ယောက်တည်း၏ ကြံစည် ကြိုးပမ်းမှု မဖြစ်နိုင်ဘဲ လူတစ်စု သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ကြံစည် ကြိုးပမ်းနေခြင်းသာ ဖြစ်သည်ဆိုသည့် အချက်မှာလည်း ထင်ရှားပါသည်။ ဤအတိုင်းသာ မှန်ကန်ခဲ့မည် ဆိုလျှင် တိုင်းပြည်အတွက် အမှန်တကယ်ပင် စိတ်ပူပန်ဖွယ်ကောင်းသည့်အဖြစ်အပျက်များပင် ဖြစ်သည်ဟု ဆိုရပါမည်။

ပြည်သူများ အားလုံးသိကြသည့်အတိုင်း လတ်တလော မိမိတို့တိုင်းပြည် သမိုင်းပေးတာဝန်အရ အလွန် အရေးကြီးသော နိုင်ငံ့အရေးတာဝန်များကို ဦးတည်လုပ်ဆောင်နေကြသည့် အချိန်ဖြစ်သည်။ ဥပမာအားဖြင့် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်မှု၊ အာဆီယံ ဥက္ကဋ္ဌတာဝန်ကို ဂုဏ်သိက္ခာ ရှိစွာ ထမ်းဆောင်နိုင်ရေး၊ ဆီးဂိမ်းကျင်းပနိုင်ရေးနှင့် ပြုပြင်ပြောင်းလဲမှုများ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ အစရှိသည့် ကြီးမားလေးနက်သည့် တိုင်းပြည်လုပ်ငန်းဆောင်တာများကို အားသွန်ခွန်စိုက် ဆောင်ရွက်နေ ကြ ရသည့် အချိန် ဖြစ်သည်။ အထူးသဖြင့် ပြည်တွင်းငြိမ်းချမ်းရေး လက်တစ်ကမ်းအလို အချိန်ဟုလည်း ဆိုနိုင်သည်။

ပြုပြင်ပြောင်းလဲရေး အခြေအနေများ ကမ္ဘာက အသိအမှတ်ပြုလာသောအချိန် ဖြစ်သည်။ ထိုသို့သော အကောင်းဘက်သို့ ဦးတည်နေသည့် အချိန်တွင်မှ မြန်မာပြည် မြို့ကြီးအချို့တွင် ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ အဖြေမှာ ဗုံးပေါက်ကွဲရန် ကြံစည်ကြိုးပမ်းကြသူများသည် အထက်ပါ တိုင်းပြည်တိုးတက်ရာ တိုးတက်ကြောင်း အခြေအနေ အရပ်ရပ်အပေါ် မလိုလား ဆန့်ကျင်သည့် ရည်ရွယ်ချက်ဖြင့် ယင်းအလုပ်များကို လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်ဟု ယူဆနိုင်ပေသည်။

ထို့ကြောင့် တိုင်းပြည်တာဝန်ရှိသူများသည် ယင်းဗုံးပေါက်ကွဲမှုများ၏ နောက်ကွယ်မှ တရားခံများကို မှန်ကန်မြန်ဆန်စွာ ဖော်ထုတ်အရေးယူနိုင်ရန် ဆောင်ရွက်ရမည်ဖြစ်ပြီး မိမိတို့ ပြည်သူများအနေနှင့်လည်း ဗုံးပေါက်ကွဲမှုများ ဘယ်ကို ဦးတည်နေသည်။ နောက်ကွယ်မှာ မည်သူတွေ ဖြစ်နိုင်သည်။ မိမိတို့က မည်ကဲ့သို့ ပါဝင်ကာကွယ်၊ရှောင်ရှားရမည်စသည့် အချက်များကို ချင့်ချိန်စဉ်းစားကာ မိမိတို့တိုင်းပြည်သည် အကျပ်အတည်းမှ အောင်မြင်စွာကျော်လွှားနိုင်စေရေး နိုင်ငံရေးအသိ နိုးကြားကြဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါသည်။

မဇ္ဈိမသတင်းဌာန

ဆိုမာလီ ပင်လယ်ဓားပြ ခေါင်းဆောင်ကို ရုပ်ရှင်ရိုက်ကူးမည်ဟု လှည့်ဖြားစည်းရုံးပြီးနောက် ဘယ်လ်ဂျီယံက ဖမ်းဆီးနိုင်ခဲ့

Created on Wednesday, 16 October 2013 02:01



"ပါးစပ်ကြီး" ဟု သိကြသည့် ဆိုမာလီ ပင်လယ်ဓားပြခေါင်းဆောင် မိုဟာမက် အဗ္ဗဒီဟက်ဆန်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ

ဆိုမာလီ ပင်လယ်ဓားပြ ဘ၀ကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ရာတွင် ပါဝင်ရမည်ဟု ကတိပေး စည်းရုံးခဲ့ပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆိုမာလီယာ ပင်လယ်ဓားပြ ခေါင်းဆောင်တစ်ဦးကို ဘယ်လ်ဂျီယံက ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရ ရှေ့နေများက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ "ပါးစပ်ကြီး" ဟု သိကြသည့် ပင်လယ်ဓားပြခေါင်းဆောင် မိုဟာမက် အဗ္ဗဒီဟက်ဆန်ကို ဘရုဂေးမြို့တွင် ဖမ်းဆီးထားကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေယို ဟန်ဒယ်မူလီက ပြောကြားခဲ့သည်။

ပါးစပ်ကြီးနှင့် "တီဆေး" ဟု ထင်ရှားသည့် သူ၏အပေါင်းအဖော် မိုဟာမက် အေဒင်တို့ကို ပင်လယ်ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ ရာဇ၀တ်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

၂၀၀၉ ခုနှစ်က ဘယ်လ်ဂျီယံသင်္ဘော "ပွမ်ပီ" ကို ဆိုမာလီ ကမ်းလွန်တွင် ပင်လယ်ဓားပြတို့က ရက် ၇၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုတရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အကျိုးစီးပွား ကြီးမားသည့် ပင်လယ်ဓားပြ အလုပ်ကို ရှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် မိုဟာမက် အဗ္ဗဒီဟက်ဆန် ဆိုသူ "ပါးစပ်ကြီး" က ပင်လယ်ဓားပြ အလုပ်ကို စွန့်လွှတ်ကြောင်း ဇန်န၀ါရီလတွင် မိုဂါဒစ်ရှုးမြို့တွင် ကြေညာခဲ့သည်။ ထို့နောက် ကျန်ပင်လယ် ဓားပြများကိုလည်း အလားတူ ဆောင်ရွက်ရန် သူကစည်းရုံးခဲ့သည်ဟု မိုဟာမက် အဗ္ဗဒီဟက်ဆန်က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပင်လယ်ကူး သင်္ဘောများကို ပြန်ပေးဆွဲခဲ့ပြီးနောက် မိုဟာမက် အဗ္ဗဒီဟက်ဆန်သည် ပင်လယ်ဓားပြ စီးပွားရေး၌ အဓိကကျသူတစ်ဦး ဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်က ဆိုသည်။

"ပွမ်ပီ" သင်္ဘောကို အိန္ဒိယ သမုဒ္ဒရာအတွင်း ဆိုမာလီ ကမ်းလွန်မှ မိုင် ၇၀၀ အတွင်း ပင်လယ်ဓားပြများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ ပြန်ပေးငွေကို လေထီးမှတစ်ဆင့် ချပေးခဲ့ပြီးနောက် ဖမ်းဆီးခံထားရသော ဘယ်လ်ဂျီယံ အရာရှိနှစ်ဦးနှင့် ဒတ်ခ်ျကပ္ပတိန်တစ်ဦး အပါအ၀င် သင်္ဘောအမှုထမ်း ကိုးဦးကို ပြန်လွှတ်ပေးခဲ့သည်။ စုံစမ်းစစ်ဆေးမှု တစ်ခုအရ ယင်းပင်လယ်ဓားပြများထဲမှ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပင်လယ်ဓားပြတစ်ဦးကို ထောင် ၁၀ နှစ်နှင့် ၂၀၁၂ ခုနှစ်တွင် အခြားပင်လယ်ဓားပြ တစ်ဦးကို ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့သည်။ သို့သော် ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက ပွမ်ပီသင်္ဘော ဖမ်းဆီးမှုအတွက် အဓိကတရားခံကို လက်မလွတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေဒယ်မူလီက ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ "ပါးစပ်ကြီး" သည် ပွမ်ပီသင်္ဘော ပြန်ပေးဆွဲမှုကို စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က သံသယ ရှိခဲ့သည်။

"တီဆေး" ဟု ထင်ရှားသည့် သူ၏အပေါင်းအဖော်မှတစ်ဆင့် "ပါးစပ်ကြီး" ကို ဆက်သွယ်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား ပင်လယ်ဓားပြရုပ်ရှင် ရိုက်ကူးရေးအတွက် အကြံပေးနှင့် ကျွမ်းကျင်သူနေရာမှ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ကြောင်း အစိုးရရှေ့နေ ဒယ်မူလီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ပါးစပ်ကြီးနှင့် မိုဟာမက်အေဒင်တို့သည် အောက်တိုဘာ ၁၂ ရက်နေ့က ရုပ်ရှင်သဘောတူညီချက် လက်မှတ်ရေးထိုးရန် နိုင်ရိုဘီမှတစ်ဆင့် ဘရပ်ဆဲလ်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

Ref:AFP

ဆီးရီးယား ပြည်သူများအတွက် အကူအညီ ပေးရေးကို ဓာတုလက်နက် ဖျက်ဆီးရေးကဲ့သို့ အမြန်ဆုံး ဆောင်ရွက်ရန် MSF တောင်းဆို

Created on Wednesday, 16 October 2013

အီရတ်မြောက်ပိုင်း ကာ့ဒ်ဒေသမြို့တော် အာဘီအရှေ့ဘက်ရှိ ကူရူဂူဆက် ဒုက္ခသည်စခန်းကို အောက်တိုဘာ ၁၀ ရက်က တွေ့ရစဉ် (Photo:AFP)

ဆီးရီးယားတွင် တိုက်ပွဲဆင်နွှဲနေသော အဖွဲ့များနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများသည် ဆီးရီးယား အရပ်သားများအတွက် လိုအပ်သောအ ကူအညီများ ပေးခြင်းကို ဓာတုလက်နက်ကိစ္စ ကိုင်တွယ်ဖြေရှင်းခြင်းကဲ့သို့ အရေးပေါ် ဦးစားပေးအဖြစ် ဆောင်ရွက်ရန် နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) က အောက်တိုဘာ ၁၅ ရက်တွင် တောင်းဆိုခဲ့သည်။

ကမ္ဘာ့ဓာတုလက်နက် ဖျက်ဆီးမှုများအတွက် ဓာတုလက်နက် တားဆီးရေးအဖွဲ့ (OPCW) က ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိပြီးနောက် လေးရက်အကြာတွင် ယင်းတောင်းဆိုချက် ထွက်ရှိခဲ့ခြင်း ဖြစ်သည်။

သမ္မတ ဘာရှာအယ်လ်အာဆတ် အစိုးရ၏ ပိတ်ဆို့မှုကြောင့် သို့မဟုတ် တိုက်ပွဲပြင်းထန်မှုကြောင့် ဆီးရီးယားဒေသ အများအပြားကို လူသားချင်း စာနာထောက်ထားမှု အဖွဲ့များမှ ၀န်ထမ်းများ ၀င်ရောက်ခွင့် မရကြကြောင်း MSF က ထုတ်ပြန်ခဲ့သည်။

ဒမတ်စကတ် ဆင်ခြေဖုံး အရပ်များဖြစ်သော အရှေ့ဂိုတာနှင့် အနောက်ဂိုတာတို့ကို OPCW မှ စစ်ဆေးရေး ကျွမ်းကျင်သူများ ၀င်ရောက်ခွင့် ရသော်လည်း MSF မှ ၀န်ထမ်းများ ၀င်ရောက်ခွင့် မရသဖြင့် ဆေးဝါးပြတ်လပ်မှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုကြောင့် အာဟာရ ပြတ်လပ်မှုများ ဖြစ်ပ်ါနေကြောင်း MSF က ထောက်ပြခဲ့သည်။

နှစ်နှစ်ခွဲကြာ ဆီးရီးယား ပြည်တွင်းစစ်အတွင်း နိုင်ငံသားငါးသန်း နေရပ်ကို စွန့်ခွာခဲ့ကြရသည်။ ဆီးရီးယား အစိုးရသည် လူသားချင်း စာနာထောက်ထားမှု အဖွဲ့အစည်းများအတွက် ဗီဇာအရေအတွက်ကို လျှော့ချလာပြီး အတိုက်အခံများ ထိန်းချုပ်ထားသော ဒေသများသို့ အကူအညီ ပေးမှုများကို တင်းကျပ်လာကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

ဆီးရီးယားမြောက်ပိုင်းတွင် ယခုသီတင်းပတ်အတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့မှ ၀န်ထမ်းခုနစ်ဦး ပြန်ပေးဆွဲခံခဲ့ရပြီး အောက်တိုဘာ ၁၄ ရက်တွင် လေးဦးပြန်လည် လွတ်မြောက်ခဲ့သည်။ ယင်းပြန်ပေးဆွဲမှုက ဆီးရီးယားတွင် လူသားချင်း စာနာထောက်ထားမှုရေးရာ အဖွဲ့အစည်းများ ရင်ဆိုင်နေရသော အန္တရာယ် အခြေအနေများကို မီးမောင်းထိုးပြခဲ့သည်။

Ref:AFP

ဖိလစ်ပိုင်ရှိ ကမ္ဘာလှည့် ခရီးသွား ဆွဲဆောင်ရာ နေရာများတွင် အင်အားပြင်း ငလျင်လှုပ်ခတ်၊ လူ ၇၃ ဦးထက်မနည်း သေဆုံး

Created on Wednesday, 16 October 2013

ဖိလစ်ပိုင်နိုင်ငံ ဘိုဟောပြည်နယ်တွင် အောက်တိုဘာ ၁၅ ရက်က ငလျင်လှုပ်ပြီးနောက် ပျက်စီးခဲ့သော ဘုရားကျောင်းအနီး လမ်းလျှောက်နေသူများ

ဖိလစ်ပိုင်နိုင်ငံရှိ ကမ္ဘာလှည့် ခရီးသွား ဆွဲဆောင်ရာတွင် အကျော်ကြားဆုံး ကျွန်းသုံးကျွန်း၌ အောက်တိုဘာ ၁၅ ရက်က ပြင်းအား ၇ ဒသမ ၁ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ လူ ၇၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။

သေဆုံးသူများအနက် ၅၇ ဦးမှာ ကမ်းခြေများ လှပမှုအတွက် ကျော်ကြားသည့် ဘိုဟောကျွန်းမှဖြစ်ပြီး ၁၅ ဦးမှာ ဆီဘူးမြို့မှ ဖြစ်သည်။ ဆီဘူးမြို့သည် ဖိလစ်ပိုင်နိုင်ငံ၏ စီပွားရေးနှင့် ကုန်သွယ်ရေးအတွက် ဒုတိယ အရေးပါဆုံး မြို့ဖြစ်ပြီး နိုင်ငံတွင်းရှိ အလှပဆုံး ကမ်းခြေများသို့သွားရန် ထွက်ပေါက်တစ်ခုလည်း ဖြစ်သည်။

ငလျင်သည် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၁၂ မိနစ်တွင် ဘိုဟောပြည်နယ်၊ ဘာလီလီဟန် ဒေသ၏ အရှေ့ဘက် ငါးကီလိုမီတာ (သုံးမိုင်) အကွာ၌ လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်သည် မြေအောက်အနက် ကီလိုမီတာ ၂၀ (၁၂ မိုင်) သို့ ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ငလျင်ဒဏ်ကြောင့် ခရစ်ယာန် ဘုရားကျောင်းဟောင်းများ၊ တက္ကသိုလ်တစ်ခု အပါအ၀င် အဆောက်အအုံသစ်များ ပြိုကျနေပုံ၊ အဓိကလမ်းများ ကွဲအက်သွားပုံတို့ကို မီဒီယာများတွင် ဖော်ပြခဲ့သည်။ ဆီဘူးမြို့ရှိ အဓိက ဆေးရုံများသို့လည်း လူနာအများအပြား ရောက်ရှိလာခဲ့သည်။ ငလျင်ကြောင့် ဆက်သွယ်ရေးနှင့် လျှပ်စစ်ဓာတ်အားလိုင်းများ ပြတ်တောက်သွားသောကြောင့် အာဏာပိုင်များသည် ငလျင်ဒဏ်သင့် ဒေသများသို့ ဆက်သွယ်ရန် အခက်အခဲများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ငလျင်ဗဟိုချက်သည် မနီလာမြို့တော်မှ ၆၂၉ ကီလိုမီတာ အကွာတွင်ဖြစ်ပြီး ငလျင်လှုပ်ခတ် ခဲ့ပြီးနောက် ပြင်းအား ၅ အဆင့်နှင့် အထက်ရှိသည့် နောက်ဆက်တွဲ ငလျင်လေးခု ထပ်မံလှုပ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၅ ရက်က လှုပ်ခတ်ခဲ့သော ငလျင်၏ ပြင်းအားကို ၇ ဒသမ ၂ အဆင့်ရှိကြောင်း အမေရိကန် ဘူမိဗေဒ လေ့လာရေး အဖွဲ့မှ ထုတ်ပြန်ခဲ့ပြီး မကြာမီတွင် ၇ ဒသမ ၁ အဆင့်သာရှိကြောင်း ပြောင်းလဲထုတ်ပြန်ခဲ့သည်။ ပစိဖိတ် သမုဒ္ဒရာ အတွင်း၌ ဆူနာမီလှိုင်း ဖြစ်ပေါ်လာခြေ ရှိသည်ဟု ပစိဖိတ် ဆူနာမီ သတိပေးဌာနမှ မထုတ်ပြန်ခဲ့ပေ။

ပစိဖိတ် မီးဝိုင်းဟု ခေါ်သောနေရာတွင် ရှိနေသည့် ဖိလစ်ပိုင်ကျွန်းစု နိုင်ငံတွင် ငလျင်များ၊ မီးတောင်ပေါက်ကွဲမှုများ မကြာခဏ ဖြစ်လေ့ရှိသည်။ ယမန်နှစ် ဖေဖော်ဝါရီလက နီဂရိုးကျွန်းတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့သည်။ ဖိလစ်ပိုင် နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် လူသေဆုံးမှု အများဆုံး ငလျင်သည် ပြင်းအား ၇ ဒသမ ၉ အဆင့်ရှိပြီး ၁၉၇၆ ခုနှစ်က လှုပ်ခတ်ခဲ့ခြင်းဖြစ်ကာ သေဆုံးသူ ၅၀၀၀ မှ ၈၀၀၀ အတွင်း ရှိခဲ့သည်။

Ref:AFP

နျူကလီးယား ကိစ္စနှင့် ပတ်သက်၍ အီရန်ကို စိတ်မချရကြောင်း အစ္စရေး သတိပေး


 
Created on Wednesday, 16 October 2013

အစ္စရေး ပါလီမန်တွင် အောက်တိုဘာ ၁၄ ရက်က မိန့်ခွန်းပြောကြားနေသော အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟု (၀ဲဘက်တတိယမြောက်) (Photo:AFP)

အီရန်ကို ပိတ်ဆို့မှုများ လျှော့ပေါ့ပေးရန် စဉ်းစားလျက် တစ်စိတ်တစ်ပိုင်း သဘောတူညီမှု ရယူခြင်းမျိုး မပြုလုပ်ရန် အစ္စရေးက ကမ္ဘာ့နိုင်ငံများကို အောက်တိုဘာ ၁၅ ရက်တွင် တောင်းဆိုခဲ့သည်။ အီရန်နှင့် နျူကလီးယား ဆွေးနွေးပွဲအသစ် မစတင်မီ နာရီပိုင်း အလိုတွင် အစ္စရေးက ယခုကဲ့သို့ တောင်းဆိုလိုက်ခြင်းလည်း ဖြစ်သည်။ အောက်တိုဘာ ၁၄ ရက် နှောင်းပိုင်းတွင် ပြုလုပ်သော အစည်းအဝေးပြီးနောက် အစ္စရေး လုံခြုံရေးဆိုင်ရာ ကက်ဘိနက်အဖွဲ့က အီရန်နှင့် တစ်စိတ်တစ်ပိုင်း သဘောတူညီမှု ရယူခြင်းသည် အီရန်စစ်ဘက်ဆိုင်ရာ နျူကလီးယား အစီအစဉ်ကို အပြီးသတ်ဖျက်သိမ်းနိုင်မှုအား ပျက်ပြားစေမည်ဖြစ်ကြောင်း၊ ၎င်းတို့အပေါ် ပိတ်ဆို့မှုများကို ပျက်ပြယ်သွားစေ လိမ့်မည်ဖြစ်ကြောင်း နိုင်ငံတကာ အသိုင်းအ၀ိုင်းအား ထုတ်ပြန်ကြေညာခဲ့သည်။

P5+1 ဟုခေါ်သော အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ ရုရှား၊ ဂျာမနီတို့နှင့် အီရန်သည် ဂျီနီဗာမြို့တွင် အောက်တိုဘာ ၁၅ ရက်၌ နှစ်ရက်ကြာ တံခါးပိတ် ဆွေးနွေးပွဲ စတင်ရန် စီစဉ်ထားသည်။ အစ္စရေး ၀န်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက မကြာသေးခင် ရက်များအတွင်း အီရန်သမ္မတ ဟက်ဆန်ရိုဟာနီကို အလျှော့ပေးမှုများ မပြုလုပ်ရန် မီဒီယာမှတစ်ဆင့် သတိပေးမှု စတင်ပြုလုပ်ခဲ့သည်။ ရိုဟာနီ၏ ပြေငြိမ်းလိုသည့် လေသံကြောင့် ဆယ်စုနှစ်ချီ အငြင်းပွားနေသည့် အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်၍ အောင်မြင်သော ဖြေရှင်းချက် ရရှိမည်ဟု မျှော်လင့်ချက် ရှိလာခဲ့သည်။

အစ္စရေး လုံခြုံရေး ကက်ဘိနက်အဖွဲ့၏ ကြေညာချက်တွင် ကမ္ဘာ့အင်အားကြီး နိုင်ငံများအား အီရန်နှင့် စေ့စပ်ညှိနှိုင်းရာ၌ သတိထားရန် ပန်ကြားခဲ့သည်။ "အီရန်က သူ့အနေနဲ့ နျူကလီးယားလက်နက် ဖွံ့ဖြိုးလာရေး လမ်းကြောင်းကို သိသိသာသာ ထိခိုက်မှု မရှိစေမယ့် တိုးသာဆုတ်သာ အလျှော့ပေးမှုမျိုးတွေ ပြုလုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ သူရဲ့ အလျှော့ပေးမှုတွေကို သီတင်းပတ် အနည်းငယ်အတွင်း ပြောင်းပြန်ပြန်လုပ်နိုင်မယ့် အနေအထားမျိုးနဲ့ပါ။ ဒီအတွက် အပေးအယူ အနေနဲ့ အီရန်က သူ့အပေါ် ချမှတ်ထားတာ နှစ်အတန် ကြာခဲ့ပြီဖြစ်တဲ့ ပိတ်ဆို့မှုတွေကို ဖြေလျှော့ပေးဖို့ တောင်းဆိုပါလိမ့်မယ်" ဟု ထုတ်ပြန်မှုတွင် ပါရှိသည်။

အစ္စရေး လုံခြုံရေး ကက်ဘိနက်အဖွဲ့က အီရန်အနေဖြင့် နျူကလီးယားလက်နက် ထုတ်လုပ်ရေး အစီအစဉ် ဖွံ့ဖြိုးလာနိုင်စွမ်းရှိသည့် မည်သည့်သဘောတူညီချက် မျိုးကိုမှ မပြုလုပ်ရန် သတိပေးခဲ့သည်။

Ref:AFP

ဇလွန်မြို့ အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွား

 Created on Wednesday, 16 October 2013


ဇလွန်ဆေးရုံတွင် အစာအဆိပ် သင့်မှုကြောင့် တက်ရောက်ဆေးကုသမှု ခံယူနေသော ကျောင်းသားတစ်ဦးအား တွေ့ရစဉ်

ဇလွန်မြို့ အထက်တန်းကျောင်းတွင် အောက်တိုဘာ ၁၅ ရက် နေ့လယ်ပိုင်းက ကျောင်းသား/သူ ၃၂ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အထက်တန်းအဆင့် ကျောင်းသား/သူ ခုနစ်ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား/သူ ၂၅ ဦးတို့ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး သုံးဦးမှာ ဇလွန်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

နေ့လယ် မုန့်စားကျောင်းဆင်းချိန်တွင် ကျောင်းမုန့်ဈေးတန်းမှ ရောင်းချသော ခေါက်ဆွဲသုတ်၊ ကြာဆံသုပ်နှင့် ရေခဲထုပ်များကို စားသုံးကြပြီးနောက် ညနေပိုင်း စာမေးပွဲမဖြေခင် အချိန်တွင် ကျောင်းသား၊ သူ ၃၂ ဦး မူးဝေအော့အန် ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် တာဝန်ရှိသူများထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး ယသလုလင် လူနာတင်ယာဉ် ကူညီရေး အသင်းပါ ရောက်ရှိကူညီခဲ့ကြကြောင်း၊ သုံးဦးကို ဆေးရုံပို့ခဲ့ရပြီး ကျန် ၂၉ ဦးအား ကျောင်းသို့ မြို့နယ်ကျန်းမာရေး ၀န်ထမ်းများ လာရောက်ကုသ ပေးခဲ့ကာ လက်ရှိတွင် အားလုံး၏ ကျန်းမာရေး ကောင်းမွန်နေပြီဖြစ်ကြောင်း၊ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတက်ရသည့် သုံးဦးနှင့် နောက်ထပ်ငါးဦး စုစုပေါင်း ရှစ်ဦးသာ စာမေးပွဲ မဖြေလိုက်ရဘဲ ကျန်ကျောင်းသား/သူအားလုံး စာမေးပွဲ ဖြေဆိုခဲ့ရကြောင်း၊ စာမေးပွဲ မဖြေဆိုဖြစ်ခဲ့သူများကို ပြန်လည်ဖြေဆိုခွင့် ပြုမည်ဖြစ်ကြောင်း အ.ထ.က (ဇလွန်) ကျောင်းအုပ်ဆရာမကြီးက ပြောကြားသည်။

ဇလွန်ပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာကျော်ဗိုလ်ထက်က "အသုပ်နဲ့ ရေခဲချောင်းကို တွဲစားတဲ့သူရော၊ တစ်ခုချင်း စားတဲ့သူတွေပါ မူးဝေ၊ အော့အန်၊ ဗိုက်အောင့်တာတွေဖြစ်တာ တွေ့ရပါတယ်။ ၀မ်းလျှောတာတော့ မရှိပါဘူး။ သုံးဦးက သွေးပေါင်ကျပြီး အော့အန်တာ များတဲ့အတွက် ဆေးရုံတက်ခိုင်း ခဲ့တာပါ။ ဒီသုံးဦးကို ၂၄ နာရီ စောင့်ကြည့်သွားမှာပါ။ ကျန်တဲ့ ကျောင်းသားတွေကိုတော့ ကျောင်းကိုသွားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့ပါတယ်။ အားလုံး စိုးရိမ်စရာ မရှိပါဘူး။ အစာအဆိပ် သင့်တယ်လို့ပဲ ယူဆပါတယ်" ဟု မွန်းလွဲ ၃ နာရီခွဲခန့်က ဖြေကြားခဲ့သည်။

EMG

မြစ်ဆုံစီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများ စားဝတ်နေရေး အခက်အခဲနှင့် ရင်ဆိုင်နေရ

 Created on Wednesday, 16 October 2013

မြစ်ဆုံစီမံကိန်းကြောင်း ပြောင်းရွှေ့ခဲ့သူများ စုစည်းနေရာချထားသည့် အောင်မြင်သာကျေးရွာအား အောက်တိုဘာ ၁၃ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းလင်းအောင်)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းကြောင့် ရွှေ့ပြောင်းခဲ့ရသူများမှာ လက်ရှိအချိန်ထိ အသက်မွေးဝမ်းကျောင်း အတွက် ရပ်တည်ရန် ခက်ခဲနေပြီး စားဝတ်နေရေး အခက်အခဲဖြင့် ရင်ဆိုင်နေရသောကြောင့် အဆိုပါ စီမံကိန်းကို နောက်ဆုတ်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား တောင်းဆိုလျှက်ရှိသည်။

မြစ်ဆုံစီမံကိန်းကြောင့် ပြောင်းရွေ့ရမည့် ရွာပေါင်း ၄၇ ရွာ၊ အိမ်ထောင်စု ၁၉၀၄ စု၊ လူဦးရေ ၁၀၅၀၅ ဦးရှိပြီး လက်ရှိတွင် မြစ်ဆုံ(မလိဇွပ်)၊ တန်ဖဲ့၊ ရွေပါး၊ ကဒန်ပါ၊ ဒွန်ဘန်၊ လဖျဲ့စသည့် ကျေးရွာများမှာ အောင်မြင်သာကျေးရွာနှင့် မလိယန်ကျေးရွာသို့ ရွေ့ပြောင်း နေထိုင်ခဲ့ကြရသည်။ အောင်မြင်သာကျေးရွာတွင် အိမ်ထောင်စု ၃၁၇ စု၊ လူဦးရေ ၂၀၇၅ ဦး၊ မလိယန်ကျေးရွာတွင် အိမ်ထောင်စု ၁၂၀ စု လူဦးရေ ၅၀၀ ကျော် ရှိပြီး အများစုမှာ ၀မ်းစာရှာဖွေရန်ပင် အခက်အခဲ တွေ့လျှက်ရှိသည်။

တန်ဖဲ့ အသင်းတော် ဓမ္မဆရာ ဦးတူးခေါင်က "မြစ်ဆုံစီကိန်းကြောင့် ရွေ့ပြောင်း ရွာအများစုရဲ့ အသက်မွေးဝမ်းကြောင်း ဟန်ချက်ပျက်သွားပြီ။ ဆက်လုပ်ရင် ပိုပြီးဒုက္ခရောက်မယ်။ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ကျွန်တော်တို့ သဘောမတူဘူး။ အသင်းတော်ကလူတွေ စီးပွားရေးကျတော့ အသင်းတော်မှာလည်း အလှူပေးတာကအစ လျော့ပါးသွားတယ်။ တောင်ရွေ့မြောက်ရွေ့ဆိုတော့ ရွာရဲ့စည်းလုံးမှုလည်း ပျက်သွားတယ်။ တန်ဖဲ့ (မြစ်ဆုံ) နဲ့ အောင်မြင်သာရွာက အသက်မွေးဝမ်းကျောင်း အများကြီးကွာသွားပြီ။ တန်ဖဲ့မှာက တောင်ယာ၊ ခြံ၊ ရွှေကျင်၊ မြစ်ဆုံဆိပ်ကမ်းမှာ ဈေးရောင်းတာတွေက ရွာသားတွေကို အသက်မွေးမှု လွယ်ကူစေတယ်။ အသီးခြံနှင့် မွေးမြူရေးက အိမ်တိုင်း လောက်ရှိတယ်။ ဒီမှာက မြေညံ့ပြီး အကျယ်အ၀န်းမရှိဘူး။ မြစ်ဆုံစီမံကိန်းဟာ ဒေသအတွက် တန်ဖိုးမရှိဘူး။ ဆက်လုပ်ရင် ဒုက္ခတွေ ဒီထက်ပိုများမယ်။ နောက်ဆုတ်သင့်တယ်လို့ပဲ ပြောချင်ပါတယ်"ဟု ပြောကြားသည်။

မြစ်ဆုံစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းခွင်ဧရိယာအတွင်း ကျရောက်သည့် တန်ဖဲ့၊ မြစ်ဆုံ၊ ခပါး၊ ဒေါင်ပန်းနှင့် ကျိန်ခရန် ကျေးရွာငါးရွာအတွက် မလိယန် စံပြကျေးရွာနှင့် အောင်မြင်သာ စံပြကျေးရွာသစ် နှစ်ရွာကို တည်ဆောက်ပေးခဲ့သော်လည်း လက်တွေ့အခြေအနေတွင် အဆိုပါ ကျေးရွာမြေများသည် စိုက်ပျိုးရေး လုပ်ကိုင်၍ မရသောကြောင့် ဒေသခံများ အဆင်မပြေမှုများနှင့် ကြုံတွေ့နေရပြီး ရပ်ဝေးသို့ သွားရောက်ကာ အလုပ် လုပ်ကိုင်နေရသည်ဟု ဒေသခံများက ဆိုပါသည်။ "မြစ်ဆုံစီမံကိန်း ပြန်လုပ်မယ်ဆိုရင် လုံးဝသဘောမတူဘူး။ အရင်ကလည်း ကျပန်းပဲ လုပ်စားခဲ့တာပါ။ မြစ်ဆုံမှာက ရွှေကျင်၊ တောင်ယာပေါင်းရှင်း၊ သစ်သီးခြံ အငှားရှင်းနဲ့ စားဝတ်နေရေးအတွက် သက်သက်သာသာ ရှာစားလို့ရတယ်။ အခုတော့ လင်သားက အဝေးသွားပြီး ငွေရှာရတယ်။ ဒီလိုသာ နှစ်အများကြီး သွားနေရရင် ဒုက္ခများတော့မှာ"ဟု အောင်မြင်သာကျေးရွာတွင် နေထိုင်သူ ကျပန်း အလုပ်သမား လဘန်လုအောင်က ပြောကြားသည်။

"ဟိုမှာက တောင်ယာခုတ်၊ ရွှေလုပ်စားဝတ်နေရေး ပြေလည်တယ်။ ဒီမှာက တောင်ယာခုတ်စရာ နေရာမရှိဘူး။ ရွှေကျင်သွားရင် အသွားအပြန် နှစ်ထောင်ကုန်တယ်။ ဒီမှာ ၀မ်းတောင် မ၀ချင်ဘူး။ CPI က တစ်ရက် လူတစ်ယောက် ဆန်နို့ဆီ နှစ်ဘူးပေးတယ်။ ဘယ်လိုမှ မလောက်ဘူးလေ။ ရေရှည်မှာ ကျွန်တော်တို့ စားဝတ်နေရေး ပြေလည်ချင်တယ်။ ဒီမှာရှာစားရတာ အရမ်းခက်တယ်။ သားသမီးတွေကိုလည်း ကျောင်းကောင်းကောင်း မထားနိုင်ဘူး။ အရွယ်ရောက်တဲ့ သားသမီးတွေလည်း ရွှေမှော်ကျောက်မှော် ရောက်ကုန်ပြီ"ဟု အောင်မြင်သာကျေးရွာမှ တောင်သူ ဦးအားခီကလည်း ညည်းတွားသည်။

ပြီးခဲ့သော အောက်တိုဘာ ၁၀ ရက်က ကချင်ပြည်နယ် မြစ်ကြီးနာမြို့တွင် ပြုလုပ်ခဲ့သော ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မတီနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို) တို့၏ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် မြစ်ဆုံစီမံကိန်းမှာ အစိုးရနှင့် ကေအိုင်အေအကြား အချိန်မရွေး ပြဿနာဖြစ်ပေါ်နိုင်သည့် အရေးအဖြစ်ရှိနေဆဲ ဟုတ်၊ မဟုတ် သတင်းထောက်တစ်ဦးက မေးမြန်းရာတွင် ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က"ကေအိုင်အိုနဲ့ အစိုးရတပ်မတော် တိုက်ပွဲဖြစ်တာ မြစ်ဆုံကိစ္စကြောင့်လို့ ပြောတာ ခဏခဏကြားရပါတယ်။ တကယ်တော့ မြစ်ဆုံကြောင့် တိုက်ပွဲဖြစ်တာမဟုတ်ပါဘူး။ သို့သော်လည်း မြစ်ဆုံကိစ္စကို အရင်နိုင်ငံတော် အကြီးအကဲဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဆီကိုလည်း စာပို့ထားတယ်။ ပြီးရင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတဟူကျင်တောင်းဆီကိုလည်း စာပို့ထားတယ်။ မြစ်ဆုံစီမံကိန်းအားလုံး ခုနစ်နေရာရှိတဲ့အထဲမှာ ကျွန်တော်တို့ ကေအိုင်အေက မြစ်ဆုံနေရာမှာရှိတဲ့ စီမံကိန်းကို ရပ်ဆိုင်းပေးဖို့ မေတ္တာရပ်ခံထားတယ်။ အဲဒီနေရာမှာမဟုတ်ဘဲ တစ်ခြားတစ်နေရာမှာ လုပ်နိုင်ရင် ကောင်းပါတယ်။ ဒီဒေသမှာလာပြီး ရင်းနှီးမြှုပ်နှံမှုလုပ်တာကို ဖိတ်ခေါ်တယ်။ သို့သော်လည်း မြစ်ဆုံနေရာကတော့ လုပ်ဖို့မသင့်တော်ဘူး။ လူထုကလည်း ကြိုက်နှစ်သက်ခြင်းမရှိဘူးလို့ ကျွန်တော်တို့က ပြောကြားခဲ့ပါတယ်။ ဒါကြောင့်မို့ မြစ်ဆုံကြောင့် တိုက်ပွဲတွေ ဖြစ်လာတာ မဟုတ်တဲ့အတွက်ကြောင့် နောင်တစ်ချိန်မှာလည်း မြစ်ဆုံကြောင့် တိုက်ပွဲဖြစ်စရာအကြောင်း မရှိဘူးလို့ ပြောချင်ပါတယ်"ဟု ဖြေကြားသွားသည်။

EMG

မြန်မာနိုင်ငံတွင် ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် လာရောက်လည်ပတ်မည့် သူများအား အမေရိကန်သံရုံးမှ သတိပေးစာ ထုတ်ပြန်

Created on Wednesday, 16 October 2013
CC-16-10
အောက်တိုဘာ ၁၄ ရက်ညပိုင်းက Traders ဟိုတယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် လုံခြုံရေး ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)
မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် အမေရိကန် နိုင်ငံသားများနှင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မည့် အမေရိကန် နိုင်ငံသားများအတွက် အမေရိကန်သံရုံးက သတိပေးစာတစ်စောင်အား အမေရိကန်သံရုံး ၀က်ဘ်ဆိုက်နှင့် ဖေ့စ်ဘုတ်စာမျက်နှာများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ထုတ်ပြန်ခဲ့သည်။
အဆိုပါ သတိပေးစာတွင် မြန်မာနိုင်ငံ၌ ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသောကြောင့် အမေရိကန် နိုင်ငံသားများ အနေဖြင့် သတိရှိကြရန်နှင့် အဆိုပါ ပေါက်ကွဲမှုများသည် အမေရိကန် နိုင်ငံသားများကို ပစ်မှတ်ထား တိုက်ခိုက်သည်ဟု ယူဆနိုင်ဖွယ် မရှိသော်လည်း လူစည်ကားရာ ဒေသများ၊ ပွဲလမ်းသဘင်များတွင် ရောက်ရှိနေပါက မိမိ၏ ပတ်ဝန်းကျင်အား သတိထား စောင့်ကြည့်ကြရန် အဆိုပါ သတိပေးစာတွင် တိုက်တွန်းထားသည်။
ရန်ကုန်မြို့ အပါအ၀င် မြန်မာနိုင်ငံတစ်ဝန်း ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် ပန်းခြံများ၊ ဈေးများနှင့် ကားမှတ်တိုင်များ၌ အထူးဂရုပြုကြရန်လည်း အဆိုပါ သတိပေးစာတွင် ဖော်ပြထားသည်။ ထို့အပြင် သံသယဖြစ်ဖွယ် ကိစ္စရပ်များအား တွေ့ရှိပါက သက်ဆိုင်ရာ အာဏာပိုင်များသို့ အကြောင်းကြား၍ ထိုနေရာမှ ပြောင်းရွှေ့ကြရန် အမေရိကန် သံရုံးက အကြံပြုထားသည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အမေရိကန် နိုင်ငံသားများ အနေဖြင့် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ လုံခြုံရေး ၀န်ဆောင်မှုဖြစ်သည့် Smart Traveler Enrollment Program (SETP) တွင် www.Travel. State.Gov မှတစ်ဆင့် စာရင်းပေးသွင်းသင့်ကြောင်း ပြောကြားထားပြီး အင်တာနက် အသုံးပြုရန် ခက်ခဲပါက နီးစပ်ရာ အမေရိကန်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးများတွင် စာရင်းပေးသွင်းရန် တိုက်တွန်းထားသည်။
အဆိုပါ သတိပေးချက်ကို မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ဗုံးပေါက်ကွဲမှုနှင့် မပေါက်ကွဲသေးသော ဗုံးများတွေ့ရှိမှု ခုနစ်ကြိမ် ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ယခုလို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဗုံးပေါက်ကွဲမှုများကြောင့် လူနှစ်ဦး သေဆုံးခဲ့သည်ဟု သိရပြီး အမေရိကန်နိုင်ငံသူတစ်ဦး အပါအ၀င် ဒဏ်ရာရသူများ ရှိခဲ့ကြောင်း အဆိုပါ သတိပေးချက်တွင် ဖော်ပြထားသည်။]\]

EMG

အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံ ဟိုတယ်နှင့် ဆွမ်းဦးပုညရှင် စေတီအ၀င်လမ်းတို့၌ ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားပြီး ရန်ကုန်မြို့တွင်လည်း ဗုံးလန့်မှုများ ဆက်လက်ဖြစ်ပေါ်

 Created on Wednesday, 16 October 2013

အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းမြို့ ရွှေပြည့်စုံ ဟိုတယ်အတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-မင်းသန့်)

ရန်ကုန်၊ မန္တလေး၊ တောင်ငူနှင့် ဖြူးမြို့နယ်များတွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးတွေ့ရှိမှုများ၊ ဗုံးဟုမသင်္ကာဖွယ်ရာ တွေ့ရှိမှုများ ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၁၅ ရက် နံနက် ၃ နာရီခွဲနှင့် ၅ နာရီ ၄၅ မိနစ်ဝန်းကျင်က စစ်ကိုင်းမြို့ပေါ်ရှိ ရွှေပြည့်စုံဟိုတယ်နှင့် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော် အ၀င်လမ်းတို့၌ ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၅ ရက်က စစ်ကိုင်းမြို့၊ မင်းလမ်းရပ်၊ အိုးတန်း ၄ လမ်းကြားရှိ ရွှေပြည့်စုံဟိုတယ်၏ လေးထပ်မြောက်ရှိ စားသောက်ခန်း အတွင်း၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဖြစ်စဉ်ဖြစ်ပွားတဲ့ အချိန်က ဟိုတယ်မှာ လူ ၄၄ ယောက် တည်းခိုသွားတယ်။ အခု အဲဒီလူတွေကို စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတယ်။ ဒီအနီးတစ်ဝိုက်မှာ နောက်ထပ်ဗုံးတွေ ရှိမရှိကိုလည်း စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းကလာပြီး စစ်ဆေးပြီးသွားပြီ။ ဗုံးနဲ့ပတ်သက်ပြီး မသင်္ကာစရာ ဖြစ်နိုင်တဲ့ ဖြစ်ရပ်တွေ၊ လူတွေကို ရှာဖွေဖော်ထုတ် နိုင်အောင်လို့လည်း ဟိုတယ်မှာ တပ်ထားတဲ့ စီစီတီဗွီ ကင်မရာ လေးလုံးကနေပြီး အခုရှာဖွေမှုတွေ လုပ်နေပါပြီ" ဟု စစ်ကိုင်းမြို့မ ရဲစခန်းမှ စခန်းမှူးဒုရဲမှူး သိန်းဆွေက ပြောကြားသည်။

ယင်းသို့ ပေါက်ကွဲမှု ဖြစ်ပွားအပြီး နှစ်နာရီကျော်ခန့်အကြာ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်ကလည်း စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် စေတီတော်၏ ၀င်ပေါက်ကားပါကင်ထားရှိရာ အရှေ့ရှိ ပန်းခုံ၌လည်း ပေါက်ကွဲမှု ထပ်မံဖြစ်ပွားခဲ့သည်။ ယင်းသို့ ပေါက်ကွဲမှုကြောင့် ပန်းခုံ၏ အောက်ခြေအနီးတစ်ဝိုက် ပျက်စီးခဲ့ပြီး အနီးဝန်းကျင်၌ သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း သိရသည်။

"ဗုံးလာထောင်တဲ့သူဆိုပြီး မသင်္ကာစရာလူတော့ သတိမထားမိဘူး။ မနက်အစောပိုင်းကြီး ပေါက်သွားတာဆိုတော့ ညပိုင်းလောက်က လာထောင်သွားတာပဲ ဖြစ်မှာပေါ့။ နေ့ခင်းပိုင်းဆိုရင်တော့ ဘုရားပေါ်မှာ လူတွေရှိတော့ တစ်ယောက်မဟုတ်၊ တစ်ယောက်တော့ သတိထားမိမှာပါပဲ။ တခြားမြို့တွေမှာလည်း ဗုံးတွေပေါက်နေတာ ကြားရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လို အခြေခံ လူတန်းစား၊ တစ်နေ့လုပ် တစ်နေ့စားတွေကတော့ ဗုံးအန္တရာယ် ရှိနေပေမယ့်လည်း အလုပ်တော့ လုပ်ရမှာပါပဲ။ ကိုယ်လုပ်မှ ကိုယ်စားရမှာလေ" ဟု ဆွမ်းဦးပုညရှင် စေတီတော် အနီးတွင် ဈေးရောင်းသူ တစ်ဦးက ပြောကြားသည်။

ဗုံးများ ဆက်တိုက်ပေါက်ကွဲ တွေ့ရှိသည့် ဖြစ်စဉ်များအပြင် ဗုံးဟုယူဆရသည့် အရာများကို တွေ့ရှိနေသည့် ကောလဟလ သတင်းများလည်း လက်ရှိတွင် ထွက်ပေါ်နေသည်။ အောက်တိုဘာ ၁၄ ရက် မွန်းလွဲ ၁ နာရီခန့်က ကမ္ဘာအေး ဂမုန်းပွင့် ကုန်တိုက်ရှေ့တွင် စက္ကူဖြင့် ထုပ်ပိုးထားသည့် အထုပ်တစ်ထုပ်ကို တွေ့ရှိခဲ့ပြီး စစ်ဆေးကြည့်သည့်အခါ ကြော်ငြာလက်ကမ်း စာရွက်များသာ တွေ့ရှိခဲ့ရသည့်အပြင် ယင်းနေ့ညနေ ၆ နာရီခန့်တွင်လည်း လှိုင်မြို့နယ်၊ တံတားဖြူ မှတ်တိုင်အနီးတွင် စက္ကူဖြင့် စနစ်တကျ ထုပ်ပိုးထားသည့် ဗုံးဟုယူဆရသည့် မသင်္ကာဖွယ်ရာ အထုပ်နှစ်ထုပ်အား တွေ့ရှိခဲ့သည့်အပြင် အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းကလည်း ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းနှင့် ၃၈ လမ်းထောင့်ရှိ City Star Computer & Mobile အရောင်းဆိုင်ရှေ့တွင် မသင်္ကာဖွယ်ရာ အတက်ချီကေ့စ် အိတ်တစ်လုံးအား တွေ့ရှိခဲ့ပြီး တာဝန်ရှိသူများက သွားရောက်စစ်ဆေးသည့်အခါ အထဲတွင် မည်သည့်အရာမှ မပါဝင်သည့် အိတ်တစ်လုံးသာဖြစ်ကြောင်း သိရသည်။

တာမွေမြို့နယ်၊ နတ်ချောင်းလမ်းရှိ တိုက်အမှတ် (၅) အရှေ့တွင် အောက်တိုဘာ ၁၅ ရက် ည ၆ နာရီ ၁၀ မိနစ်တွင် ဗုံးဟုယူဆရသော ပစ္စည်းတစ်ခု တွေ့ရှိခဲ့ကြောင်း တာမွေမြို့မ ရဲစန်းမှ သိရသည်။

ဗုံးဟု ယူဆရသော အရာမှာ ရေဒီယို တစ်လုံးဖြစ်ပြီး စတင်တွေ့ရှိသော နေရာမှ အနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးရှေ့သို့ ပြောင်းရွေ့၍ တာယာများဖြင့် ဖုံးထားခဲ့ပြီး ရဲစခန်း အကြောင်းကြားခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

"ဗုံးလို့ ယူဆရပြီး တွေ့ရှိခဲ့တဲ့ ပစ္စည်းကတော့ စတီးတံလေး ထောင်ထားတဲ့ ရေဒီယိုလေးပါ။ ပစ္စည်းကိုတော့ တပ်မတော် အင်ဂျင်နီယာတပ်ရင်းက လာရောက်ယူဆောင် သွားတယ်။ ဗုံးဟုတ်မဟုတ် ဆိုတာကိုတော့ တပ်မတော် အင်ဂျင်နီယာ တပ်ရင်းကပဲ စစ်ဆေးမှာပါ" ဟု တာမွေမြို့မ ရဲစခန်းမှ စခန်းမှူးက ပြောကြားသည်။

EMG

ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုများမှာ အုပ်စုဖွဲ့ ကျူးလွန်ခြင်းဟု ရဲတပ်ဖွဲ့က ယူဆထား၊ ရန်ကုန်၊ မန္တလေးနှင့် တောင်ငူမြို့တို့တွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများနှင့် ပတ်သက်၍ သံသယရှိသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေ

 Created on Wednesday, 16 October 2013


အောက်တိုဘာ ၁၅ ရက် ည ၁၂ နာရီခန့်တွင် သင်္ဃန်းကျွန်း မြို့နယ်အတွင်း လုံခြုံရေး စစ်ဆေးမှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

ရန်ကုန်၊ မန္တလေး၊ တောင်ငူမြို့များတွင် ဗုံးဆက်တိုက် ပေါက်ကွဲမှုနှင့် မပေါက်ကွဲမှုနှင့် ဗုံးများကို တွေ့ရှိရသည့် ဖြစ်စဉ်များမှ ကျူးလွန်သူဟု ယူဆထားသူ သုံးဦးကို ဖမ်းဆီးစစ်ဆေးနေကြောင်း တရားဝင် ထုတ်ပြန်ချက်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ချိန်ကိုက်ဗုံးများ ဖောက်ခွဲမှုကို အုပ်စုဖွဲ့ ပြုလုပ်နေခြင်းဖြစ်ပြီး အဓိက ကျူးလွန်သည်ဟု ယူဆခံရသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းက ဖမ်းဆီးနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များတွင် ပါဝင်သည်ဟု သံသယရှိသူ တစ်ဦးကို အောက်တိုဘာ ၁၅ ရက် နံနက် ၇ နာရီခွဲခန့်က မွန်ပြည်နယ်၊ ဘီးလင်း-နက်ကြီး-ဖာပွန် ကားလမ်းတွင် မော်တော်ဆိုင်ကယ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မွန်ပြည်နယ် ဒုတိယ ပြည်နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက ပြောကြားခဲ့သည်။

ကျူးလွန်သည်ဟု သံသယရှိသူ၏ အမည်မှာ စောမြင့်လွင် (၂၇ နှစ်) ဖာပွန်မြို့နယ်တွင် နေထိုင်နေသည်ဟု ၎င်း၏နိုင်ငံသား စိစစ်ရေး ကတ်ပြားတွင် ဖော်ပြချက်အရ သိရသည်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကိုက "အောက်တိုဘာ ၁၅ ရက် နံနက် ၁ နာရီခွဲမှာ ကျွန်တော့်ဆီကို သတင်းတပ်ဖွဲ့ကနေ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့သူရဲ့ ဓာတ်ပုံတွေနဲ့ အချက်အလက်တွေကို ပေးပို့ပြီးတော့ ၀ိုင်းဝန်းပိတ်ဆို့ ရှာဖွေပေးဖို့ ဆက်သွယ်လာပါတယ်။ ဒါနဲ့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့နဲ့ မွန်ပြည်နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီးတော့ ပိတ်ဆို့ရှာဖွေတဲ့ အခါမှာတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့သူက ရန်ကုန်ကနေ မွန်ပြည်နယ်ကို ကားနဲ့လာတယ်။ ပြီးတော့ ဘီးလင်းမြို့ကနေ ဖာပွန်ကို ဆိုင်ကယ်နဲ့ မောင်းနှင်သွားနေတဲ့ အချိန်မှာပဲ ဖမ်းဆီးရမိ ခဲ့ပါတယ်။ သူ့ကိုချက်ချင်းပဲ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်" ဟု ပြောကြားသည်။

အောက်တိုဘာ ၁၄ ရက် ညပိုင်းက ကျောက်တံတားမြို့နယ် ကုန်သည်ကြီးများဟိုတယ် အခန်းမှတ် ၉၂၁ တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်မှ သံသယရှိသူ စောမြင့်လွင် ဆိုသူအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၀ ရက် ပဲခူးမြို့ ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်းဆိုသူဖြစ်ပြီး ၎င်းအားဖမ်းဆီး ရမိရေး ကြိုးစားနေသည်ဟု ပြည်ထဲရေး ၀န်ကြီးဌာနမှ အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီ မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် ကျူံးအနောက်ဘက် လမ်း ၈၀၊ ၁၆ လမ်းထောင့်ရှိ ရွှေဘဲစားသောက်ဆိုင်တွင် တွေ့ရှိသည့် ဗုံးနှင့်ပတ်သက်၍ မသင်္ကာဖွယ် နှစ်ဦးကို ခေါ်ယူစစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးထံမှ သိရသည်။

အောက်တိုဘာ ၁၄ ရက် မွန်းလွဲပိုင်းက အမေရိကန်နိုင်ငံလုပ် M 67 အမျိုးအစား လက်ပစ်ဗုံးတစ်လုံးနှင့် အေအေဓာတ်ခဲ ခြောက်လုံး၊ စားပွဲတင်နာရီ တွဲလျက်ပါရှိသည့် အိတ်အမည်း တစ်လုံးအား ရွှေဘဲစားသောက်ဆိုင်သို့ လာရောက်စားသုံးသူ နှစ်ဦးမှ ကျန်ရစ်ခဲ့သည်ကို ဆိုင်ဝန်ထမ်းမှ လိုက်လံပေးဆောင်ရာ ၎င်းတို့ပစ္စည်း မဟုတ်ကြောင်း ငြင်းဆိုထွက်သွားခဲ့သူ နှစ်ဦးကို စီစီတီဗွီ ကင်မရာမှတစ်ဆင့် ခြေရာခံလိုက်ကာ ယင်းနေ့ ညနေပိုင်း၌ တောင်သမန်အင်းတွင် တွေ့ရှိခဲ့သဖြင့် ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

"ဆိုင်ဝန်ထမ်းက လိုက်လာပြီး ပြန်ပေးတာကို လက်မခံတော့ ၁၆ လမ်း၊ ၈၀ နှင့် ၈၁ လမ်းကြားမှာ သွားထားတယ်။ နောက်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့တာပါ။ သူတို့အိတ် မဟုတ်ကြောင်း ငြင်းနေပေမယ့် စီစီတီဗွီမှာ သူတို့နဲ့အတူ ပါလာတဲ့ ပစ္စည်းဆိုတာ တွေ့ရတယ်။ ဆိုင်အပေါ်ထပ်မှာတော့ စီစီတီဗွီ ကင်မရာ တပ်ဆင်မထားပါဘူး။ သူတို့ ထိုင်သွားတာက အပေါ်ထပ်က ခုံနံပါတ် ၁၄ မှာပါ။ ပစ္စည်းထုပ်က အဲဒီခုံအောက်က တွေ့တာပါ" ဟု ဒုတိယရဲမှူးကြီး ဇော်မင်းဦးက ပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ် အခန်းမှတ် ၉၂၁ တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုဖြစ်စဉ်မှ သံသယရှိသူ စောမြင့်လွင် ဆိုသူအား ၂၄ နာရီအတွင်း ဖမ်းဆီးရမိခဲ့ကြောင်းနှင့် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့မှ ဖြူးမြို့သို့ ထွက်ခွာလာသည့် ဇေယျာဟိန်း ယာဉ်လိုင်းပေါ်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့်မိုင်း တွေ့ရှိခဲ့သည့် ဖြစ်စဉ်နှင့် အောက်တိုဘာ ၁၀ ရက် ပဲခူးမြို့ ချမ်းမြေ့တည်းခို ရိပ်သာတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှု ဖြစ်စဉ်များမှ ပြစ်မှုကျူးလွန်သူဟု ယူဆရသူမှာ စောထွန်းထွန်းဆိုသူဖြစ်ပြီး ၎င်းအားဖမ်းဆီး ရမိရေး ကြိုးစားနေသည်ဟု . . . . .


ခေါ်ယူစစ်ဆေးလျက်ရှိသူ နှစ်ဦးမှာ အောင်အောင်(ခ)မိုဟာမက်ဆာလီနှင့် ချင်ဆုယဉ် အသက် (၃၈ နှစ်)၊ တရုတ်လူမျိုး၊ မလေးရှားနိုင်ငံသူ ခံယူထားသော အမျိုးသမီးဖြစ်ပြီး နှစ်ဦးစလုံးမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်သည်ဟု သိရသည်။

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီး၌ ဗုံးပေါက်ကွဲမှုများ၊ မပေါက်ကွဲသေးသော ဗုံးများနှင့် လူစည်ကားရာ နေရာများတွင် ဗုံးဟုသံသယရှိသည့် ပစ္စည်းများကို ဆက်တိုက်ရှာဖွေ စစ်ဆေးမှုများ တွေ့ရှိနေရကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များကို အောက်တိုဘာ ၁၃ ရက်နေ့ နံနက် ၀၀း၃၀ နာရီခန့်တွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်း အဝေးပြေးဝင်းရှေ့ ကားမှတ်တိုင်၌ ဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အနီးအနားတွင် မပေါက်ကွဲသေးသည့် အခြားဗုံးတစ်လုံးကို ထပ်မံတွေ့ရှိ ခဲ့သည်။

အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ် ၃/မာန်ပြေရပ်ကွက်၊ ယမုံနာလမ်း၊ အခွန်လွတ်ဈေးရှေ့ လမ်းဘေးပလက်ဖောင်း အနီးတွင် ပစ်ထားသော သစ်လုံးတင်ကား နောက်တွဲအောက်တွင် အမည်းရောင်ကြွပ်ကြွ့ပ်အိတ်ဖြင့် ထည့်ထားသည့် အထုပ်အား ဒေါပုံမြို့နယ် သင်္ဘောကျင်း ရပ်ကွက်၌ နေထိုင်သည့် ထက်အောင်နိုင် (၁၄) နှစ်နှင့် ၀င်းမင်းထွေး (၁၄) နှစ် တို့နှစ်ဦးမှ ကောက်ယူ၍ အိတ်အတွင်း ပါရှိသော အနီရောင် စားပွဲတင်နာရီ၏ လက်တံအား လှည့်ကြည့်စဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ၎င်းတို့နှစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီခန့်တွင် အလုံမြို့နယ်၊ ကမ်းနားလမ်း၊ စောရန်ပိုင် အနောက်ရပ်ကွက်၊ ဟာဘိဝင်းအတွင်း WESTERN PARK RUBY စားသောက်ဆိုင် အတွင်းရှိ စားပွဲခုံနံပါတ် (၁၉) အောက်တွင် မပေါက်ကွဲသေးသည့် ချိန်ကိုက်ဗုံး တစ်လုံးကိုလည်း ထပ်မံတွေ့ရှိ ခဲ့ရသည်။

ယင်းကဲ့သို့ ပေါက်ကွဲမှုများနှင့် မပေါက်ကွဲသေးသည့် ဗုံးများကို တွေ့ရှိပြီးနောက် အောက်တိုဘာ ၁၄ ရက် ည ၁၁ နာရီခွဲ အချိန်တွင်လည်း ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ် ၉ လွှာ အခန်းနံပါတ် ၉၂၁ ၏ ရေချိုးခန်းအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ဖြစ်စဉ်များ ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ "အခု အချိန်မှာတော့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တဲ့ နေရာတွေနဲ့ မပေါက်သေးဘဲနဲ့ ဗုံးတွေ့ရှိခဲ့တဲ့ နေရာတွေကို စနစ်တကျ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ ဒါ့အပြင် ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီးတော့ ကျူးလွန်တယ်လို့ ယူဆထားတဲ့ သံသယရှိသူ သုံးဦးကို စစ်ဆေးနေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးမြင့်ထွေးက အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက "အခု မကြာခင်မှာ တရားခံတွေကို ဖော်ထုတ်နိုင်တော့မှာပါ။ အခုချိန်မှာ စစ်ဆေးချက်အရ တရားခံတွေက အုပ်စုဖွဲ့ လုပ်တယ်လို့ တွေ့ရှိရတယ်။ ပြီးတော့ သူတို့ အ၀င်အထွက် ပြုလုပ်ခဲ့တဲ့ ကားလမ်းကြောင်းတွေနဲ့ အခြားအချက်အလက်တွေကို စစ်ဆေးရရှိ ပါပြီ" ဟု အောက်တိုဘာ ၁၅ ရက်တွင် ပြောကြားသည်။

ရန်ကုန်မြို့၊ ကုန်သည်ကြီးများ ဟိုတယ်ရှိ အခန်းတစ်ခန်းအတွင်း ဗုံးပေါက်ကွဲခဲ့မှု ဖြစ်စဉ်ကို လတ်တလော စစ်ဆေးချက်အရ ရေချိုးရန် ပြင်ဆင်နေသည့် အမေရိကန်နိုင်ငံသူမှာ ချိန်ကိုက်ဗုံး ထည့်ထားသည့်အိတ်ကို ဖွင့်ဖောက်ခဲ့ပြီးနောက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ၀င်းကြည်က အောက်တိုဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။

ဆက်လက်၍ "ပြည်သူတွေ အနေနဲ့ စိုးရိမ်မှုတွေ ဖြစ်နေတာထက် လုံခြုံရေး သတိရှိဖို့ လိုအပ်ပါတယ်။ အထုပ်မြင်တိုင်း မဆွဲဖို့ သံသယ ရှိတယ်လို့ မြင်ခဲ့ရင်လည်း သက်ဆိုင်ရာကို အမြန်ဆုံး အကြောင်းကြားရမယ်။ တောင်ငူမှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှု၊ သာကေတမှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုနဲ့ ကုန်သည်ကြီးများ ဟိုတယ်မှာဖြစ်တဲ့ ဗုံးပေါက်ကွဲမှုတွေက ချိန်ကိုက်ဗုံးတွေ ထည့်ထားတဲ့အိတ်ကို ဖွင့်ကြည့်ပြီးတော့ သွားထိခဲ့လို့ ပေါက်ကွဲခဲ့တာပါ။ ဒါ့ကြောင့် သက်ဆိုင်ရာကို ဦးစွာဆက်သွယ် သင့်ပါတယ်" ဟု ဒုတိယရဲမှူးကြီး ၀င်းကြည်က ပြောကြားသည်။

ကုန်သည်ကြီးများ ဟိုတယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အမေရိကန်သူမှာ လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေ ကောင်းမွန်လာပြီး ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် ကုသခဲ့ပြီး ထိုင်းနိုင်ငံ ဘန်ကောက်ဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသနေကြောင်း သိရသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ဗုံးပေါက်ကွဲမှုများနှင့် မပေါက်ကွဲသေးသောဗုံးများ ဆက်တိုက်တွေ့ရှိ နေမှုကြောင့် ပြည်သူများ စိုးရိမ်မှုများ ဖြစ်ပေါ်နေပြီး သံသယရှိသည့် ပစ္စည်းများကိုလည်း စိုးရိမ်စိတ်များဖြင့် ယခုရက်ပိုင်းအတွင်း သက်ဆိုင်ရာ ရဲစခန်းများနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများကို ဆယ်သွယ်အကြောင်းကြားမှု အများအပြား ရှိနေသည့်အပြင် သတင်းအရ မသင်္ကာသည့် ပစ္စည်းများကိုလည်း သွားရောက်စစ်ဆေးမှုများ မကြာခဏ ပြုလုပ်နေရသည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။



၂၀၀၅ ခုနှစ်နောက်ပိုင်း ဖြစ်ပွားခဲ့သော ထင်ရှားသည့် ဗုံးပေါက်ကွဲမှု/ဗုံးလန့်မှု ဖြစ်စဉ်အချို့

၂၀၀၅ ခုနှစ် မေ ၇ ရက် - မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ရန်ကုန်ကုန်သွယ်မှု ဗဟိုဌာန၊ မရမ်းကုန်းမြို့နယ်ရှိ Junction 8 ဈေးဝယ်စင်တာ၊ စမ်းချောင်းမြို့နယ်ရှိ ဒဂုံစင်တာတို့တွင် အချိန်ငါးမိနစ်စီခြား၍ ဗုံးပေါက်ကွဲမှု ဆက်တိုက်ဖြစ်ပွားခဲ့။ ဗုံးပေါက်ကွဲမှုကြောင့် ၁၁ ဦး သေဆုံးခဲ့ပြီး ၁၆၂ ဦး ဒဏ်ရာရရှိခဲ့။ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်များသည် KNU၊ ရွက်ဆစ်ဦးစီးသော SSA၊ KNPP နှင့် ပြည်ပြေးစိန်ဝင်း ဦးဆောင်သော NCGUB တို့၏ လက်ချက်ဖြစ်ကြောင်း အစိုးရထုတ် သတင်းစာများတွင် ဖော်ပြခဲ့။

၂၀၀၅ ခုနှစ် အောက်တိုဘာ ၂၁ ရက် - ရန်ကုန်မြို့ ဆူးလေဘုရားလမ်းနှင့် ဗိုလ်ချုပ်အောင်ဆန်း လမ်းထောင့်ရှိ ကုန်သည်ကြီးများဟိုတယ် ဆိုင်းဘုတ်အနီးတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့။

၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၈ ရက် - စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ နန်းဖာလုံဈေးတွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား။

၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၃၀ ရက် - ဖြူးမြို့ စည်ပင်သာယာ ဈေးအတွင်း ဆိုင်ခန်းတစ်ခန်း၌ မသင်္ကာဖွယ် အထုပ်တစ်ထုပ် ထားရှိသွားသည်ကို တွေ့ရ၍ ဘေးကင်းရာသို့ ပြောင်းရွှေ့ပြီး စောင့်ကြပ်ကြည့်ရှုစဉ် ပေါက်ကွဲမှု ဖြစ်ပွား။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၇ ရက် - ရန်ကုန်-မန္တလေး ရထားလမ်း၊ ကွင်းချောင်းတံတား ရထားသံလမ်းပေါ်တွင် မိုင်းနှစ်လုံးတွေ့ရှိ၊ ထိုနေ့မှာပင် ပေါက်ကွဲစေရန် အသင့်ချိန်ရွယ်ထားသည့်
၃ ဒသမ ၅ ရော့ကက်လောင်ချာသီး တစ်လုံးနှင့် အချိန်ကိုက်ထားသော စားပွဲတင်နာရီနှင့် ပူးတွဲချည်နှောင်ထားသည့် ဗုံးသီးတစ်လုံးအား သိမ်းဆည်းရမိ။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက် - ပဲခူးတိုင်း၊ တောင်ငူမြို့နယ် အတွင်း၌ မန္တလေး-ရန်ကုန် ရထားလမ်း မိုင်တိုင်အမှတ် ၁၇၆/၂၁၊ ရထားသံလမ်းအောက်တွင် တီအင်န်တီယမ်း ခုနစ်ပေါင်၊ ယမ်းပျော့မှုန့် တစ်ပေါင်၊ ရိုးရိုးယမ်း တစ်ပေါင်၊ ဒစ်တိုနေတာ ၁၂ ခု၊ ဓာတ်ခဲအလုံး ၂၀ တို့အား သိမ်းဆည်းရမိ။

၂၀၀၆ ခုနှစ် ဧပြီ ၂၀ ရက် - ရန်ကုန်မြို့ နေရာခြောက်ခုတွင် အသေးစား ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား။

၂၀၁၀ ပြည့်နှစ် ဧပြီ ၁၅ ရက် - မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တော်ကြီး ကန်ပတ်လမ်းရှိ X2O ရေကစား မဏ္ဍပ်ရှေ့တွင် ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့။ ရှစ်ဦးသေဆုံးပြီး ၁၇၀ ဦး ဒဏ်ရာရရှိခဲ့။ အဆိုပါ ဖြစ်စဉ်တွင် ကိုဖြိုးဝေအောင်အား တရားခံဟုဆိုကာ သေဒဏ်ချမှတ်ခဲ့ပြီး လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ကင်ဆာရောဂါဖြင့် ကွယ်လွန်။ ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ကိုဖြိုးဝေအောင်တွင် အပြစ်မရှိကြောင်း ၎င်း၏မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ထုတ်ဖော်ပြောကြားခဲ့။

၂၀၁၁ ခုနှစ် ဧပြီ ၉ ရက် - ပုဇွန်တောင်ဈေးအနီး ရွှေမြန်မာ ထီဆိုင်ရှေ့တွင် မသင်္ကာဖွယ်ရာ စက္ကူပုံးတစ်ခု တွေ့ရှိခဲ့ပြီး ရှင်းလင်းခဲ့ရ။

၂၀၁၁ ခုနှစ် မေ ၁၈ ရက် - ရန်ကုန်-မန္တလေး အမှတ် (၃) အဆန်ရထားတွဲ အမှတ် (၃) နေပြည်တော် ရွှေမြို့ဘူတာ အနီးတွင် ပေါက်ကွဲမှုဖြစ်ပွားပြီး လူခြောက်ဦး ဒဏ်ရာရရှိ။

၂၀၁၁ ခုနှစ် ဇွန် ၃ ရက် - ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ အာလာဒင် Recreation Centre တွင် မိုင်းဗုံးဟု သံသယဖြစ်ဖွယ် ပစ္စည်းများကို သက်ဆိုင်ရာက စစ်ဆေးခဲ့။

၂၀၁၁ ခုနှစ် ဇွန် ၁၁ ရက် - နေပြည်တော် ဇမ္ဗူသီရိမြို့နယ် မြို့မဈေး အများသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲပြီး လူသုံးဦး ဒဏ်ရာရရှိ။

၂၀၁၁ ခုနှစ် ဇွန် ၂၄ ရက် - နေပြည်တော် ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက် ငုဝါလမ်းတွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့။

၂၀၁၁ ခုနှစ် ဇွန် ၂၄ ရက် - မန္တလေးမြို့ ချမ်းအေးသာစည်မြို့နယ် ဈေးချိုတော် ၈၄ လမ်း၊ ၂၇ လမ်း ၂၈ လမ်းကြား မန်းမြန်မာ ပလာဇာရှေ့နှင့် မျက်နှာချင်းဆိုင်ရှိ ဈေးချိုဟိုတယ် မြေညီထပ်ရှေ့တွင် ရပ်ထားသော ကားတစ်စီး၌ ဗုံးပေါက်ကွဲခဲ့ပြီး လူသုံးဦး ဒဏ်ရာရရှိ။ အဆိုပါ နေ့၌ပင် မန္တလေး ဈေးချိုဟိုတယ်ရှေ့တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး နောက်ထပ်သုံးနာရီခန့် အကြာတွင် ၈၄ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ သာသနာ့ဟိတအသင်း ဓမ္မသာလာ အနီးရှိ အမှိုက်ပုံး၌ ဆေးဖြင့်ဗုံးဟု ရေးသားထားမှုကို တွေ့ရှိ၍ စစ်ဆေးခဲ့ရာ အမှိုက်ပုံးအတွင်း ဗုံးတွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်ဆီး ရှင်းလင်းခဲ့ရ။ ထို့နေ့မှာပင် ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃) အကွက် အမှတ် (၄) ရှိ လူမနေသော အိမ်တစ်ခု၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၅ ရက်- ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သံသုမာ လမ်းမကြီး တစ်နေရာ၌ အဌားယာဉ် တစ်စီးပေါ်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားပြီး လူတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိ။

၂၀၁၁ ခုနှစ် အောက်တိုဘာ ၃၀ ရက်- ရန်ကုန်မြို့တော် ခန်းမရှေ့ ခြံဝန်းအတွင်း ယာဉ်များရပ်ထားသည့် နေရာ၌ ပြည်ပနိုင်ငံလုပ် M 75 လက်ပစ်ဗုံးတစ်လုံး တွေ့ရှိ၍ ဖောက်ခွဲဖျက်ဆီးခဲ့။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၁၆ ရက် - ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ် နာနတ်တော လမ်းပေါ်ရှိ အဆောက်အအုံ တစ်ခု၏ ရှေ့ဓာတ်တိုင် အုတ်ခုံပေါ်တွင် ဗုံးဟုယူဆရသော မသင်္ကာဖွယ်ပစ္စည်း တွေ့ရှိသောကြောင့် သွားရောက်စစ်ဆေးခဲ့ရ။

၂၀၁၁ ခုနှစ် နိုဝင်ဘာ ၂၀ ရက် - မင်္ဂလာဒုံမြို့နယ် ချစ်တီးကုန်းရပ်ကွက် ဇေတ၀န် ဘုရားဝန်းအတွင်း မသင်္ကာဖွယ်ရာ အထုပ်တွေ့ရှိ။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၃ ရက်- မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိ။

၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်- ကမာရွတ်မြို့နယ် တက္ကသိုလ် ရိပ်သာလမ်းနှင့် ပြည်လမ်းထောင့်ရှိ တက္ကသိုလ်ရိပ်သာဝင်းနှင့် တစ်ဆက်တည်းရှိနေသော ပန်းခြံငယ်အတွင်း ဖွင့်ထားသည့် အများသုံး သန့်စင်ခန်း၌ ဗုံးပေါက်ကွဲခဲ့ပြီး လူတစ်ဦး သေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့။ ထိုဖြစ်စဉ် မတိုင်မီက မြောက်ဥက္ကလာပ မြို့နယ်တွင် နေထိုင်သူ စိုင်းတင်မင်းကို(ခ) သက်လင်း၏ နေအိမ်အား ၀င်ရောက်ရှာဖွေခဲ့ရာ မိုင်းနှင့်ဆက်စပ် ပစ္စည်းများ ဖမ်းဆီးရမိခဲ့။

၂၀၁၁ ခုနှစ်အတွင်း - ကချင်ပြည်နယ်၌ အစိုးရနှင့် ကေအိုင်အေတို့အကြား ဖြစ်ပွားခဲ့သော စစ်ရေးတင်းမာမှုများကို အကြောင်းပြုပြီး မိုင်းခွဲဖျက်ဆီးခံရမှုများ စုစုပေါင်း အကြိမ် (၁၀၀) ကျော် ရှိခဲ့။

၂၀၁၃ အောက်တိုဘာ ၉ ရက် - ပဲခူးတိုင်း ဖြူးမြို့နယ် ဖြူးစာတိုက်ရှေ့ရှိ ခရီးသည်တင် ယာဉ်ပေါ်တွင် လက်လုပ်ဗုံးတစ်လုံး တွေ့ရှိခဲ့။

၂၀၁၃ အောက်တိုဘာ ၁၁ ရက် - တောင်ငူမြို့နယ် ၁၇ ရပ်ကွက် ကန်လမ်းရှိ ချမ်းမြေ့ဧည့်ရိပ်သာတွင် ဗုံးပေါက်ကွဲခဲ့ပြီး ရဲဝန်ထမ်းတစ်ဦး အပါအ၀င် နှစ်ဦးသေဆုံးခဲ့။

၂၀၁၃ ခုနှစ် အောက်တိုဘာ ၁၃ ရက်- ရန်ကုန်မြို့ စော်ဘွားကြီးကုန်း အဝေးပြေးကွင်းဝင်းရှေ့တွင် ဗုံးပေါက်ကွဲခဲ့၊ ဗုံးပေါက်ကွဲရာ နေရာအနီးတွင် မပေါက်ကွဲဘဲ ကျန်ရှိနေသော ဗုံးတစ်လုံး ရှာတွေ့။ ထိုနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်ကြား ယမုံနာလမ်းဘေးရှိ ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲပြီး နှစ်ဦးဒဏ်ရာရရှိခဲ့။ ထိုနေရာ၌ပင် မပေါက်ကွဲဘဲ ကျန်ရှိနေသော ယမ်းတုံးနှင့် ချိန်ကိုက်နာရီတစ်လုံး၊ ၀ါယာကြိုးများ တွေ့ရှိခဲ့။

၂၀၁၃ အောက်တိုဘာ ၁၄ ရက် - မန္တလေးမြို့ရှိ ရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတစ်လုံး တွေ့ရှိခဲ့ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ရ။ ထိုနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ကမ်းနားလမ်းရှိ Western Park Ruby စားသောက်ဆိုင်အတွင်း ဗုံး (သို့မဟုတ်) ချိန်ကိုက်ဗုံးဟု ယူဆရသော အရာတစ်ခုကို တွေ့ရှိခဲ့။ ထိုနေ့ ညပိုင်းမှာပင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ် ကိုးထပ်ရှိ အခန်းနံပါတ် ၉၂၁ တွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့ပြီး အမေရိကန် နိုင်ငံသူတစ်ဦး ဒဏ်ရာရရှိခဲ့။

၂၀၁၃ အောက်တိုဘာ ၁၅ ရက် - စစ်ကိုင်းမြို့ရှိ ရွှေပြည့်စုံဟိုတယ် စားသောက်ခန်းတွင် ဗုံးတစ်လုံး ပေါက်ကွဲခဲ့။ နာရီပိုင်းအကြာတွင် စစ်ကိုင်းတောင်ရိုးရှိ ဆွမ်းဦးပုညရှင် အ၀င်လမ်းတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့။ ထိုနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ဗုံးပေါက်ကွဲမှုများနှင့် ပတ်သက်ပြီး သံသယရှိသူ တစ်ဦးကို မွန်ပြည်နယ်အတွင်း ဖမ်းဆီရမိခဲ့ကြောင်း အစိုးရက သတင်းထုတ်ပြန်။ တောင်ငူမြို့တွင် ကျူးလွန်ခဲ့သူဟု သံသယရှိသူကို အမည်သိရှိရပြီး ဖမ်းဆီးနိုင်ရန် ဆက်လက်ကြိုးပမ်းနေဟုဆို။

EMG

iPhone 5C များ ပြည်တွင်းဈေးကွက်၌ တင်သွင်းရောင်းချသူ နည်းပါး






Apple မှအသစ် ထွက်ရှိလာခဲ့သော iPhone 5s နှင့် 5c နှစ်မျိုးအား ပြည်တွင်း ဈေးကွက်ရှိ အသုံးပြုသူများ စိတ်ဝင်စားကြသော်လည်း လက်ရှိအချိန်တွင် iPhone 5s များကိုသာ အဓိကထား တင်သွင်းရောင်းချ ပေးလျက်ရှိကြပြီး iPhone 5c များအား တင်သွင်းရောင်းချသူ နည်းပါးကြောင်း သိရသည်။

Apple Product များအား ပုံမှန်တင်သွင်း ရောင်းချသူ အများစုမှာလည်း iPhone 5c အား တင်သွင်းရောင်းချခြင်း သိပ်မရှိဘဲ 5S များကိုသာ အများဆုံးတင်သွင်း ရောင်းချပေးလျက် ရှိကြကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ယင်းနှင့်ပတ်သက်၍ မိုဘိုင်းဖုန်း ဈေးကွက်အတွင်းရှိ တင်သွင်းရောင်းချသူ တစ်ဦးမှပြောပြရာတွင် “ခုအသစ်ထွက်လာတဲ့ iPhone 5s နဲ့ 5c နှစ်မျိုးမှာ ကျွန်တော်တို့ 5s တစ်မျိုးတည်းကိုပဲ တင်သွင်းရောင်းချ ပါသေးတယ်။ 5c ကိုမေးတဲ့သူတွေတော့ နည်းနည်းပါးပါး ရှိပါတယ်။ တချို့ကလည်း အွန်လိုင်းမှာ ပုံကြည့်လာကြတယ်။ 5c က စထွက်တုန်းက ဈေးနှုန်းသက်သက်သာသာနဲ့ တန်ဖိုးနည်းဖုန်းအဖြစ် ထွက်မယ်လို့ ထင်ထားခဲ့ပေမယ့် တကယ်တမ်း ထွက်လာတဲ့အချိန်မှာ ဈေးနှုန်းက iPhone ၅ ခုလက်ရှိဈေးနဲ့ သိပ်မကွာဘူး ဖြစ်နေတယ်။ အဲဒါကြောင့် ကျွန်တော်တို့လည်း ဈေးကွက်ထဲကိုသွင်းလာဖို့ အဆင်သိပ်မပြေပါဘူး။ အော်ဒါမှာတဲ့သူ ရှိရင်တော့မှာပေးမယ်လို့ပဲ စီစဉ်ထားပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဖုန်းရဲ့ Specification တွေကို ကြည့်တဲ့အခါမှာတော့ RAM နေရာ တွေနဲ့ အချို့နေရာတွေမှာ 5c က ရိုးရိုး ၅ ထက် နိမ့်နေတာမျိုးလေး တွေရှိပါတယ်။ ဒါ့အပြင် ဖုန်းကိုပြုလုပ်ထားတဲ့ ဘော်ဒီဖရိန်တွေနဲ့ အသားအနားကလည်း ၅ နဲ့ ကွာပါတယ်။ တကယ်တမ်း အသုံးပြုသူတွေ အနေနဲ့ဆိုရင်တော့ iPhone 5 ကတောင် ပိုအဆင်ပြေလိမ့်မယ်လို့ ထင်ရပါတယ်။ ဒါကြောင့် 5c ကို ဈေးကွက်ထဲကို တင်သွင်းလာရင်တောင် အဆင်ပြေမယ်လို့ မမျှော်လင့်နိုင်တဲ့ အတွက် ကျွန်တော်တို့ မရောင်းဖြစ်တာပါ” ဟုပြောပြသည်။

ထို့ပြင် အဆိုပါ iPhone 5c ဖုန်းများမှာ အရောင်အသွေး စုံစုံလင်လင် ထွက်ရှိလာခြင်းကြောင့် လက်ရှိပြည်တွင်းဈေးကွက်အတွင်းတွင် အရောင်ပေါ်မူတည်၍ ဈေးနှုန်းကွာဟချက် များလည်း ရှိနေကြောင်း သိရသည်။ “5c ကအရောင်း ၅ မျိုးလောက်ထွက်လာတော့ ခုလက်ရှိဈေးကွက်ထဲမှာ အရောင်ပေါ် မူတည်ပြီး ဈေးနှုန်းသတ်မှတ်ချက်တွေကလည်း မငြိမ်သက်ဘူး ဖြစ်နေတာ တွေ့ရပါတယ်” ဟုဈေး ကွက်ကျွမ်းကျင်သူ တစ်ဦးမှပြောသည်။

iPhone 5c များမှာ လက်ရှိအချိန်တွင် အရောင်စုံအတွက် ပျမ်းမျှပေါက်ဈေးမှာ ကျပ် ၆၁၀,၀၀၀ မှ ကျပ် ၆၄၀,၀၀၀ ကြားတွင် ရောင်းချမှုများ ရှိနေပြီး iPhone 5 မှာ လက်ရှိအချိန်၌ ကျပ် ၆၆၀,၀၀၀ ဝန်းကျင် တွင် ပေါက်ဈေးရှိကြောင်း သိရသည်။ အသစ်ထွက် iPhone 5s မှာလည်း အရောင်အသွေးပေါ် မူတည်ကာဈေးနှုန်း ကွာဟချက်များ ရှိမည်ဖြစ်ပြီး လက်ရှိအချိန်တွင် 5s မှာ ရွှေရောင်မဟုတ်သော အခြားပုံမှန် အရောင်များအတွက် ကျပ် ၈၄၀,၀၀၀ ဝန်းကျင်တွင်
ပေါက်ဈေးရှိကြောင်း သိရသည်။-

internetjournal

ဗုံးပေါက်ကွဲမှုတွေကြောင့် မြန်မာနိုင်ငံ ခရီးသွားသတိပေး အမေရိကန်ထုတ်ပြန်

 
 
မြန်မာနိုင်ငံမှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့အပါအဝင် နေရာတော်တော်များများမှာ ဗုံးတွေဆက်တိုက် တွေ့ရှိ ပေါက်ကွဲနေတာကြောင့် အမေရိကန်နိုင်ငံသားတွေကို မြန်မာနိုင်ငံတွင်း သတိနဲ့ ခရီးသွားလာကြဖို့ အမေရိကန်သံရုံးက သတိပေး နှိုးဆော်ထားပါတယ်။

အခုလိုမျိုး ခရီးသွားသတိရှိကြဖို့ နှိုးဆော်လိုက်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Jennifer Psaki က အခုလို ပြောကြားခဲ့ပါတယ်။
“အိမ်လုပ်ဗုံးတွေနဲ့ ဖောက်ခွဲခဲ့မှုတွေဟာ အမေရိကန် နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တဲ့ လက္ခဏာ အခုအချိန်မှာ မတွေ့ရသေးပေမဲ့ ရန်ကုန်မြို့နဲ့ မြန်မာနိုင်ငံတဝှမ်း ခရီးသွားနေကြတဲ့ အမေရိကန် နိုင်ငံသားတွေ အနေနဲ့ သတိရှိရှိနဲ့ သွားလာကြဖို့ ရန်ကုန် အမေရိကန်သံရုံးက တိုက်တွန်းတယ်” လို့ သူက ပြောသွားတာဖြစ်ပါတယ်။
အများပြည်သူ အသွားအလာများတဲ့ ဈေး၊ ပန်းခြံ၊ ဘတ်စ်ကားမှတ်တိုင်လို နေရာမျိုးတွေမှာ အထူး သတိရှိ ကြဖို့လည်း သတိပေးချက်မှာ နှိုးဆော်ထားပါတယ်။
နိုင်ငံခြားခရီးသည်တွေ အတည်းများတဲ့ ရန်ကုန်မြို့က Traders ဟိုတယ်မှာ တနင်္လာနေ့ ညပိုင်းက ဗုံးကွဲ တာမှာ အမေရိကန် အမျိုးသမီးတယောက် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာ ရရှိပြီးတဲ့နောက် အင်္ဂါနေ့မှာပဲ အခုလို သတိရှိကြဖို့အတွက် အမေရိကန်သံရုံးက ဆော်သြလိုက်တာလည်းဖြစ်ပါတယ်။
မြန်မာနိုင်ငံကို အလည်သွားတဲ့ အမေရိကန်အမျိုးသမီး ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရရှိတယ်လို့ အမေရိကန်သံရုံးက ထုတ်ပြန်တဲ့ ခရီးသွားသတိပေးချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန် အမေရိကန်သံရုံးအနေနဲ့ ဒေသခံ အာဏာပိုင်တွေနဲ့ အနီးကပ် ဆက်သွယ်မှုရှိပြီး၊ နောက်ထပ် တိုက်ခိုက်နိုင်ခြေ ရှိတယ်ဆိုတဲ့ စိုးရိမ်ရတဲ့ သတင်း အချက်အလက်မျိုးတွေ ရမထားဘူးလို့ ဒေသခံ အာဏာပိုင်တွေဘက်က ပြောတဲ့အကြောင်းလည်း သတိနဲ့ ခရီးသွားလာကြဖို့ အမေရိကန်သံရုံးရဲ့ နှိုးဆော် ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေကိုလည်း အခုရက်ပိုင်းတွေမှာ တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ ပေါက်ကွဲမှုကြောင့် ၂ ယောက် သေဆုံးခဲ့ပါတယ်။ အခုလို ဗုံးကွဲမှုတွေနဲ့ ဆက်စပ်လို့ မသင်္ကာသူ ၃ ယောက်ကို သက်ဆိုင်ရာက ဖမ်းဆီး စစ်ဆေးနေပေမဲ့ အသေးစိတ် ထုတ်ဖော်ပြောခြင်းတော့ မရှိသေး
ပါဘူး။
VOA

ဗုံးခွဲမှု ဆက်စပ် သံသယရှိသူ ၃ ဦးဖမ်းဆီးထား


 
ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ် ဗုံးဖောက်ခွဲမှုမှာ ပါဝင်သက်တယ်လို့ သံသယရှိသူ ၃ ဦးကို ရဲတပ်ဖွဲ့က ဒီကနေ့ ဖမ်းဆီးထားပြီး၊ စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဒီကနေ့ နေ့လည်ပိုင်းမှာလည်း ရန်ကုန်မြို့လယ် ၃၈ လမ်းဒေါင့်မှာ ဗုံးတလုံးထပ်တွေ့တဲ့အတွက် သက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့တွေ ရောက်လာပြီး ချက်ချင်းပဲ ဖယ်ရှားပစ်ခဲ့ပါတယ်။ အခုလို ရန်ကုန်မြို့က ဗုံးပေါက်ကွဲမှုနဲ့ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရသူတွေရဲ့ နောက်ဆုံးအခြေအနေတွေ၊နောက်ဆက်တိုက် ဆိုသလို ဗုံးတွေ တွေ့ရှိနေတဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေး ထားပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နမိတ်အပြင် တခြား ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းဒေ သကြီး စတဲ့ ဒေသတွေမှာပါ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံးတွေ ဆက်တိုက်ဆိုသလို အခုရက်ပိုင်း အတွင်းတွေ့ရှိလာနေတာမှာ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်က နိုင်ငံခြားသားတွေ တည်းခိုမှုများတဲ့ Traders ဟိုတယ်ခေါ် ကုန်သည်ကြီးများဟိုတယ် ၉ ထပ်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ညက ပေါက်ကွဲမှု ဖြစ်သွားခဲ့တာပါ။ အဲဒီပေါက်ကွဲမှုအတွင်း အမေရိကန်နိုင်ငံသူ ၁ ဦး အပါအ၀င် မြန်မာနိုင်ငံသား ၂ ဦး၊ စုစုပေါင်း ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ အဲဒီပေါက်ကွဲမှုမှာ တာဝန်ရှိသူလို့ မသင်္ကာသူ ၃ ဦးကို ဖမ်းဆီးရမိထားပြီး အခုချိန်မှာ စစ်ဆေး မေးမြန်းမှုတွေ လုပ်ဆောင်နေပြီလို့ ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိ အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။ အဲဒီ မသင်္ကာသူတွေကို ဖမ်းဆီးရမိပုံနဲ့ ပတ်သက်လို့ အဲဒီ ရဲအရာရှိက အခုလို ရှင်းပြပါတယ်။
“တစ်ယောက်ကတော့ ဘီးလင်းကနေပြီးတော့ ကျနော်တို့ အဲဒီကနေ သွားပြီးတော့ စောင့်ဖမ်းလာတယ်။ အဲဒီမှာ ဆိုင်ကယ်နဲ့ သွားနေတုန်းတွေ့တော့ ကျနော်တို့ ဒီက ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ကနေ ဖမ်းလာပါတယ်။”
မေး။ ။ ဟုတ်ကဲ့ နောက်လူတွေကရော ခင်ဗျ။
ဖြေ။ ။ “နောက်လူတွေကတော့ တဘက်ကတော့ ဟိုဘက် သံလျင်ဘက်က ၁ ယောက်ရပါတယ်။ နောက် သာကေတဘက်က ၁ ယောက် ရပါတယ်။”
မေး။ ။ ဟုတ်ကဲ့ သူတို့ကို သတင်းရလို့ လိုက်ဖမ်းတာပေါ့နော်။
ဖြေ။ ။ “ကျနော်တို့ ကွင်းဆက် ရလို့ပါ။ သတင်းရလို့ မဟုတ်ပါဘူး။ ကွင်းဆက်ရလို့ပါ။ ဒီလုပ်သွားတဲ့ အထောက်အထားလေးတွေ ကွင်းဆက်ကို ကြည့်တာပါ။”
မေး။ ။ နောက်တခုက CCTV ကြည့်ရတယ်ဆိုတော့ CCTV ကများ အထောက်အကူ ပြုပါသလားခင်ဗျ။
ဖြေ။ ။ “အတည်ပြုပါတယ်ခင်ဗျ၊ လူပုံပမ်းက တူနေတာကို တွေ့ရပါတယ်ခင်ဗျ။”
မေး။ ။ သူတို့ပုံတွေ CCTV ထဲမှာ ပေါ်တယ်ပေါ့နော်။
ဖြေ။ ။ “ဟုတ်ကဲ့ ပေါ်ပါတယ်။ အဲဒီပုံ တခုတည်းတော့ မဟုတ်ဘူးပေါ့နော်၊ ကျနော်တို့ ဒီကရထားတဲ့ အချက်အလက်တွေနဲ့ သူ့ပုံနဲ့ သွားတူနေတဲ့ အခါမှာ အဲဒါကို အတည်ပြုပြီးတော့မှ လိုက်ဖမ်းတာပါ။”
မေး။ ။ ဟုတ်ကဲ့ ဒါဆိုလို့ရှိရင် သူတို့တွေဟာ တခြားနေရာတွေမှာ ဗုံးကွဲတာတို့၊ တခြားဗုံးတွေ့တာတို့တွေမှာ သူတို့ ပါဝင်ပတ်သက်မှု ရှိပါသလားခင်ဗျ။
ဖြေ ။ ။ “တော်တော်များများ ပတ်သက်ပါတယ်။ ကျနော်တို့ ထပ်ပြီး ဆက်စစ်နေတုန်းပါခင်ဗျ။ အဖြေကို နောက်ဆုံးကျတော့ ထုတ်ပြန်ပါမယ်။ နည်းနည်း လွဲချော်သွားမှာ စိုးလို့ပါ။ အားလုံးက အတည်ပြုနိုင်ပါတယ်။ စစ်တုန်းတန်းလန်းပဲ ရှိသေးတယ်။ ပြောလို့မရသေးဘူးခင်ဗျ၊ စစ်တော့စစ်နေပါတယ်။ သေချာစစ်ဆေးပြီးတော့ အတည်ပြုပြီးရင် ထုတ်ပြန်မှာပါ။”
ကုန်သည်ကြီးများဟိုတယ်မှာ ထိခိုက်ဒဏ်ရာရသွားပြီး ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေတဲ့ အမေရိကန်နိုင်ငံသူကို ဆေးကုသမှုတွေ ထပ်မံခံယူဖို့ ပုဂ္ဂလိကအဖွဲ့အစည်းတစ်ခုရဲ့ အကူအညီနဲ့ ဒီကနေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ပို့လိုက်ပြီလို့ SEA GAMES ကာလအတွင်း ဟိုတယ်များလုံခြုံရေးအတွက် ဟိုတယ်လုပ်ငန်းရှင်များနဲ့ တွေ့ဆုံပွဲအတွင်း ဟိုတယ်နဲ့ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင်ရွှေ က ပြောပါတယ်။
“လူနာက လမ်းလျှောက်လို့မရဘူး။ သတိတော့ရနေပါတယ်။ အစားအသောက်လည်း စားခွင့်တော့ မရသေးဘူး။ ဒြစ်သွင်းထားတယ်။ ဆီးဆေးကတော့ နည်းနည်း နီညိုညိုအရောင်လေးပါတယ်။ ဓာတ်မှန်ထဲမှာတော့ ကျောက်ကပ်နားမှာလည်း နည်းနည်း သွေးခြေဥတယ်လို့ ပြောပါတယ်။ အဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ် ဒီက အရေးပေါ်လူနာတင်ကားနဲ့ပဲ လေဆိပ်ကိုရောက်တယ်။ လေယာဉ်ပေါ်ကိုပဲ အပြီးတင်ပါမယ်။ နောက် လေယာဉ်ထွက်သွားတဲ့အထိ ကျနော်တို့လည်း စောင့်ရှောက်ပေးလိုက်ပါတယ်။”
အဲဒီလို ပေါက်ကွဲမှုတွေ ဖြစ်နေတဲ့အတွက် အခုချိန်မှာ လုံခြုံရေးကို တိုးမြင့် လုပ်ဆောင်နေတယ်လို့ ကုန်သည်ကြီးများဟိုတယ် တည်ရှိရာ ကျောက်တံတားမြို့နယ်က ရဲစခန်းမှူး ဒုတိယရဲမှူး မျိုးမြင့်ကြိုင်က ရှင်းပြပါတယ်။
“ကျနော်တို့ ဒီ ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ပေါ့ နောက်မဖြစ်အောင် လုံခြုံရေးတွေလည်း ကျနော်တို့ တိုးချဲ့ပြီးတော့ ဆောင်ရွက်နေပါတယ်။ မနေ့ကဆိုရင်လည်း ကျနော်တို့ အများကြီး တည်းခိုခန်းတွေကို ခေါ်ပြီးတော့ သေချာပြောဆိုထားပါတယ်။ ပြောဆိုပြီးတော့မှ ဆောင်ရွက်နေပါတယ်။ ဒီလိုတွေ့ရှိမှုအပေါ်နဲ့ ပတ်သက်လို့ပေါ့ ရဲစခန်းအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နေတယ်။ SEA GAMES အကြိုမှာလည်း အခု ကျနော်တို့ အများကြီးလုပ်နေပါတယ်။ အရင်က လုပ်တာထက်ကို ကျနော်တို့က အများကြီး ခပ်စိပ်စိပ်လေးကို လုပ်လာတာပေါ့ဗျ။ ကွက်ပြည့်နင်းလာတဲ့ပုံစံမျိုးလေးတွေ ကျနော်တို့က လုပ်လာပါတယ်။ ဥပမာဆိုရင် ဒါ လုံခြုံရေးပိုမြှင့်လာတာပေါ့ဗျာ။ ဘတ်စ်ကားဂိတ်တွေကအစ စောင့်ကြည့်တာတို့၊ ဘာတို့ပေါ့။ တော်တော်များများ လုပ်လာတာပေါ့။ နောက် ဒီ လုံခြုံရေးအပိုင်းနဲ့ ပတ်သက်လို့ပေါ့ ဧည့်စာရင်း ဘာညာကအစပေါ့။ ဒါလေးက အရင်ထက်စာရင်တော့ပေါ့ ပိုပြီးတော့ ကျနော်တို့က ဆောင်ရွက်နေပါတယ်။”
မြန်မာနိုင်ငံ နေရာအတော်များများမှာ ဗုံးပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံးတွေ အခုလို ဆက်တိုက် တွေ့ရှိနေတဲ့အတွက် လူထုအကြား ကြောက်လန့်မှုတွေ ဖြစ်ပေါ်နေတဲ့အချိန်မှာပဲ ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့လယ် ၃၈ လမ်းနဲ့ အနော်ရထာလမ်းဒေါင့်မှာရှိတဲ့ အမှိုက်ပုံးပေါ်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတလုံး တွေ့ရှိပြန်တဲ့အတွက် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေ ချက်ချင်း ရောက်လာပြီး အဲဒီဗုံးကို စစ်ဆေးပြီး သယ်ဆောင်သွားကြလို့ မျက်မြင် သက်သေတွေက ဗွီအိုအေကို ပြောပါတယ်။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ၊ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေ လုပ်ဆောင်နေပြီး မြန်မာနိုင်ငံသမိုင်းမှာ အရေးကြီးတဲ့ ပြောင်းလဲမှုတွေ ဖော်ဆောင်နေတဲ့ ကာလမျိုးမှာ ပြည်သူလူထု ထိတ်လန့်အောင် လုပ်ဆောင်တဲ့ ဒီလုပ်ရပ်ဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ် တယ်လို့ ၈၈ မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုနိုင်က ပြောပါတယ်။
“လက်ရှိအခြေအနေကို ကျနော်တို့ ပြန်ကြည့်လိုက်လို့ရှိရင် ကျနော်တို့ တိုင်းပြည်မှာက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ ပါတယ်ဗျာ။ ကျောင်းသားတပ်မတော်ကအစပေါ့ဗျာ။ ဟုတ်လား ဒီလက်နက်ကိုင်အဖွဲ့အစည်းပေါင်းစုံနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေကြတဲ့အချိန်ဗျ။ အဲ့လိုအချိန်ဖြစ် နေတယ်ဆိုတာကိုလည်း ကျနော်တို့ ထည့်စဉ်းစားရမယ်။ နောက်တခုက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြပ်အတည်းကြီးကို ကျနော်တို့ ဖြေရှင်းဖို့ ကြိုးစားနေကြပြီ။ အဲ့ဒီလိုအချိန်မျိုးမှာ ချိန်ကိုက်ဖြစ်ပေါ် လာတာကိုလည်း ကျနော်တို့ စဉ်းစားရမယ်။ နောက်တခုက မတည်မငြိမ်မှုတွေကို နဂိုတည်းကမှ ဖန်တီး ထားတယ်။ ကျနော်တို့ မနည်းတားဆီးနေရတယ်။ ဒေသအလိုက်ဖြစ်နေတဲ့ အဓိကရုဏ်းတွေ အဲ့ဒီလိုကွဲပြား မှုတွေ တိုက်ခိုက်မှုတွေဖြစ်နေတဲ့အချိန်မျိုးမှာ ဒီလိုပေါက်ကွဲမှုတွေက စနစ်တကျ စီစဉ်ထားတဲ့ ကွန်ယက် ဆန်တဲ့ တိုက်ခိုက်မှုမျိုး ဖြစ်နေတယ်ဗျ။ အဲ့ဒါက စိုးရိမ်စရာ အကောင်းဆုံးပဲ။ အခုဟာက သေချာတာက အကြမ်းဖက်သမားတွေပဲ။”
အောက်တိုဘာလ ၁ ရက်နေ့က ပဲခူးတိုင်းဒေသကြီး ဖြူးမြို့ စာတိုက်ကြီးရှေ့ ခရီးသည်တင် ယာဉ်ပေါ်မှာ လက်လုပ်ဗုံး တလုံးတွေ့ရှိရာက စတင်ခဲ့တဲ့ ဗုံးတွေ့ရှိမှုနဲ့ ပေါက်ကွဲမှုတွေကြောင့် အနဲဆုံး လူ ၂ ဦးသေဆုံးပြီး ၅ ဦးထက်မနဲ ထိခိုက်ဒဏ်ရာခဲ့တာ ဖြစ်ပါတယ်။
အခုဖြစ်ပေါ်နေတဲ့ ပေါက်ကွဲမှုတွေ၊ မပေါက်သေးတဲ့ ဗုံးတွေ တွေ့ရှိမှုတွေဟာ ဘယ်သူ့လက်ချက် ဖြစ်တယ် ဆိုတဲ့အပေါ် လူထုအကြား အမျိုးမျိုး ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေတာပါ။ သက်ဆိုင်ရာ တာဝန်ရှိသူတွေဖက်ကတော့ လက်ရှိမှာ ၃ ဦး ဖမ်းမိထားတယ်ဆိုတာကလွဲလို့ တခြား အသေးစိတ် သတင်း ထုတ်ပြန်တာမျိုး အခုချိန်ထိ မရှိသေးပါဘူး။
VOA



`နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ရမည်`


 

 အောက်တိုဘာ ၁၄၊ ရန်ကုန်မြို့။
မြန်မာနိုင်ငံအနေနဲ့ အာစီယံအလှည့်ကျဥက္ကဋ္ဌ ရာထူးကို ဘရူးနိုင်းနိုင်ငံမှာ ကျင်းပတဲ့ အာစီယံထိပ်သီးအစည်းအဝေး အခမ်းအနားမှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က လက်ခံလွဲပြောင်းရယူလိုက်တဲ့ အတွက် မြန်မာနိုင်ငံသားပီပီ ၀မ်းသာမိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၃ ၊ ဒီဇင်ဘာလမှာဆီးဂိမ်းကျင်းပရေး ၂၀၁၄ မှာ အာစီယံဥက္ကဋ္ဌတာဝန်ရယူခြင်း စတာတွေကတော့ မြန်မာနိုင်ငံသားတွေအနေနဲ့ ၀မ်းသာဂုဏ်ယူဖွယ်ရာတွေပဲ ဖြစ်တယ်လို့ ယူဆမိပါတယ်။

ဒါပေမဲ့လည်း သတင်းဋ္ဌာနအချို့နဲ့လူမှုကွန်ရက်တွေ ၀က်ဆိုက်တွေမှာတော့ အပျက်သဘောအမြင်နဲ့ ဖော်ပြကြတာ တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး တွေ စတင်ဖြစ်ပေါ်နေပေမယ့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခကို မဖြေရှင်းနိုင်တာတွေရှိနေတယ်ဆိုပြီး သုံးသပ်လာကြသလို၊ မြန်မာအစိုးရဌာနအတွင်း အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းတွေ နည်းပါးတဲ့အပြင် အခြေခံအဆောက်အဦးတွေမလုံလောက်တာ အင်တာနက်ကလည်း နှေးကွေးတဲ့ကိစ္စရပ်တွေကိုလည်း အပျက်သဘောအမြင်နဲ့ ရှုံ့ချလာတာလည်း တွေ့ရပါတယ်။

အပြုသဘောဆောင်ပြီး လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရေး ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးဂုဏ်ယူနိုင်ရေးအမြင်မျိုးထက် နိုင်ငံတော် သိက္ခာကျရေးကိုပဲ ဦးတည်လာသလားဆိုတာကိုလည်း စဉ်းစားစရာဖြစ်လာခဲ့ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာ ဆီးဂိမ်းအောင်မြင်စွာ ကျင်းပနိုင်ခဲ့ရင် အရှေ့တောင်အာရှနိုင်ငံတွေမှာသာမက ကမ္ဘာကပါ မြန်မာကို အထူးအာရုံစိုက်စရာကိစ္စရပ်ဖြစ်သလို နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတွေ ရဲရဲတင်းတင်း ၀င်ရောက်ဖို့အတွက်လည်း အခွင့်အလမ်းတစ်ခုဖြစ်လာနိုင်သလို၊ မြန်မာပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လမ်းစတစ်ခု ဖြစ်လာနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံတကာက ၀င်ရောက်မြှုပ်နှံလာခဲ့ရင်တော့ အိမ်နီချင်းနိုင်ငံအချို့အတွက် စီးပွားရေးဆိုင်ရာအခွင့်အလမ်းအချို့ဆုံးရှုံးနိုင်တယ်ဆိုတာကိုလည်း နိုင်ငံအချို့က တွက်ဆထားပြီး ဖြစ်တယ်လို့ ကြားသိရပါတယ်။

`အထူးသဖြင့် မြန်မာတက်လာရင် ဒေသတွင်းက နိုင်ငံအချို့ ဝင်ငွေထိခိုက်နိုင်သလို ရင်းနှီးမြုပ်နှံမှုတွေ ခွဲဝေပေးရမှာ စိုးရိမ်နေကြတာလဲ ဖြစ်လာနိုင်ပါတယ် `လို့ နိုင်ငံတကာအမြင်ရှိနေတဲ့ အင်ဂျင်နီယာတစ်ဦးက သုံးသပ်ခဲ့ဖူးပါတယ်။

ဒါ့အပြင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနဲ့ သီလ၀ါစီမံကိန်းတွေကလည်း မြန်မာနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်တဲ့အပြင် နိုင်ငံတကာရင်းနှီးမြှုပ်နှံလိုသူတွေ အတွက်လည်း မျက်စိကျစရာအနေအထားတစ်ခုဖြစ်လာခဲ့တဲ့အတွက် မလိုလားသူတွေလည်း ရှိလာခဲ့တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ကြားခဲ့ရပါတယ်။

လက်ရှိ အခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ဆီးဂိမ်းကျင်းပဖို့အတွက် လပိုင်းအလိုမှာ ခုလို အကြမ်းဖက်လုပ်ငန်းများဖြစ်ကြတဲ့ ဗုံးခွဲတဲ့ ဖြစ်ရပ်တွေနဲ့ မြန်မာပြည်မှာ လုံခြုံရေးအားနည်းတယ် လို့ ထင်ယောင်ထင်မှားဖြစ်စေတဲ့ ကိစ္စမျိုးတွေကို ပြုလုပ်လာကြတာလည်း တွေ့ရပါတယ်။

အာစီယံဥက္ကဋ္ဌအနေနဲ့ တာဝန်ယူမှာကို မနှစ်မြို့ခြင်း၊ ဆီးဂိမ်းကျင်းပမှာကို မလိုလားခြင်း၊ မြန်မာနိုင်ငံတွင်း နိုင်ငံတကာရင်းနှီးမြှုပ်များ ၀င်ရောက်လာမှာကို မလိုလားခြင်းတွေနဲ့ အဖျက်လုပ်ငန်းအကြမ်းဖက် လုပ်ငန်းတွေ ဘယ်လို ဆက်စပ်နေသလဲ၊ ဒါ့အပြင် ပြည်တွင်းမှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ အကြမ်းဖက်ခြင်းလား ဆိုတာလည်း စဉ်းစားစရာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ကတော့ မြန်မာပြည် အေးချမ်းသာယာတာကိုပဲ လိုလားပါတယ်။ တိုင်းပြည်စီးပွားရေး ကောင်းမွန်ဖို့နဲ့ စီးပွားရေး တိုးတက်မြင့်မားဖို့၊ နိုင်ငံတော် ငြိမ်းချမ်းသာယာဖို့ကိုပဲ လိုလားတဲ့အတွက် ခုလို အကြမ်းဖက်လုပ်ရပ်တွေကိုလည်း ပြစ်တင်ရှုံ့ချမိပါတယ်။

နိုင်ငံသားတိုင်းက နိုင်ငံတော်ကို ကာကွယ်ဖို့ တာဝန်ရှိပါတယ်။ နိုင်ငံတော်ကို ဖျက်လိုဖျက်ဆီးလုပ်နေတဲ့ သူတွေကိုလည်း ဘုံရန်သူအဖြစ်သာမြင်သင့်ပါတယ်။ အကြမ်းဖက်လုပ်ငန်းတွေနဲ့ အစိုးရသိက္ခာကျအောင် အစိုးရကို ထိခိုက်အောင် လုပ်ဆောင်နေခြင်းအားဖြင့် တစ်မျိုးသားလုံး ထိခိုက်နေတယ်ဆိုတာကိုလည်း နားလည်ကြစေချင်ပါတယ်။

မြန်မာနိုင်ငံသားတွေအနေနဲ့ အစိုးရကို ကြိုက်ခြင်း မကြိုက်ခြင်းထက် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာတည်တန့်ခိုင်မြဲရေးကို အလေးထားသင့်သလို၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဦးတည်သင့်ပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မေသင်္ကြန်ဟိန်(မြစ်မခ)

Related Posts Plugin for WordPress, Blogger...