Wednesday, October 16, 2013

ဆိုမာလီ ပင်လယ်ဓားပြ ခေါင်းဆောင်ကို ရုပ်ရှင်ရိုက်ကူးမည်ဟု လှည့်ဖြားစည်းရုံးပြီးနောက် ဘယ်လ်ဂျီယံက ဖမ်းဆီးနိုင်ခဲ့

Created on Wednesday, 16 October 2013 02:01



"ပါးစပ်ကြီး" ဟု သိကြသည့် ဆိုမာလီ ပင်လယ်ဓားပြခေါင်းဆောင် မိုဟာမက် အဗ္ဗဒီဟက်ဆန်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၉ ရက်က ရိုက်ကူးထားသည့် ဓာတ်ပုံ

ဆိုမာလီ ပင်လယ်ဓားပြ ဘ၀ကို မှတ်တမ်းတင် ရုပ်ရှင်ရိုက်ရာတွင် ပါဝင်ရမည်ဟု ကတိပေး စည်းရုံးခဲ့ပြီးနောက် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆိုမာလီယာ ပင်လယ်ဓားပြ ခေါင်းဆောင်တစ်ဦးကို ဘယ်လ်ဂျီယံက ဖမ်းဆီးရမိခဲ့ကြောင်း အစိုးရ ရှေ့နေများက အောက်တိုဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။ "ပါးစပ်ကြီး" ဟု သိကြသည့် ပင်လယ်ဓားပြခေါင်းဆောင် မိုဟာမက် အဗ္ဗဒီဟက်ဆန်ကို ဘရုဂေးမြို့တွင် ဖမ်းဆီးထားကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေယို ဟန်ဒယ်မူလီက ပြောကြားခဲ့သည်။

ပါးစပ်ကြီးနှင့် "တီဆေး" ဟု ထင်ရှားသည့် သူ၏အပေါင်းအဖော် မိုဟာမက် အေဒင်တို့ကို ပင်လယ်ဓားပြမှု၊ ပြန်ပေးဆွဲမှု၊ ရာဇ၀တ်မှုတို့ဖြင့် တရားစွဲဆိုထားကြောင်း ဘယ်လ်ဂျီယံ အစိုးရရှေ့နေ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။

၂၀၀၉ ခုနှစ်က ဘယ်လ်ဂျီယံသင်္ဘော "ပွမ်ပီ" ကို ဆိုမာလီ ကမ်းလွန်တွင် ပင်လယ်ဓားပြတို့က ရက် ၇၀ ကျော် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုတရားစွဲဆိုမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အကျိုးစီးပွား ကြီးမားသည့် ပင်လယ်ဓားပြ အလုပ်ကို ရှစ်နှစ်ကြာ လုပ်ကိုင်ခဲ့ပြီးနောက် မိုဟာမက် အဗ္ဗဒီဟက်ဆန် ဆိုသူ "ပါးစပ်ကြီး" က ပင်လယ်ဓားပြ အလုပ်ကို စွန့်လွှတ်ကြောင်း ဇန်န၀ါရီလတွင် မိုဂါဒစ်ရှုးမြို့တွင် ကြေညာခဲ့သည်။ ထို့နောက် ကျန်ပင်လယ် ဓားပြများကိုလည်း အလားတူ ဆောင်ရွက်ရန် သူကစည်းရုံးခဲ့သည်ဟု မိုဟာမက် အဗ္ဗဒီဟက်ဆန်က ပြောကြားခဲ့သည်။

၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း ပင်လယ်ကူး သင်္ဘောများကို ပြန်ပေးဆွဲခဲ့ပြီးနောက် မိုဟာမက် အဗ္ဗဒီဟက်ဆန်သည် ပင်လယ်ဓားပြ စီးပွားရေး၌ အဓိကကျသူတစ်ဦး ဖြစ်လာခဲ့သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာ တစ်စောင်က ဆိုသည်။

"ပွမ်ပီ" သင်္ဘောကို အိန္ဒိယ သမုဒ္ဒရာအတွင်း ဆိုမာလီ ကမ်းလွန်မှ မိုင် ၇၀၀ အတွင်း ပင်လယ်ဓားပြများက ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်။ ပြန်ပေးငွေကို လေထီးမှတစ်ဆင့် ချပေးခဲ့ပြီးနောက် ဖမ်းဆီးခံထားရသော ဘယ်လ်ဂျီယံ အရာရှိနှစ်ဦးနှင့် ဒတ်ခ်ျကပ္ပတိန်တစ်ဦး အပါအ၀င် သင်္ဘောအမှုထမ်း ကိုးဦးကို ပြန်လွှတ်ပေးခဲ့သည်။ စုံစမ်းစစ်ဆေးမှု တစ်ခုအရ ယင်းပင်လယ်ဓားပြများထဲမှ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်တွင် ပင်လယ်ဓားပြတစ်ဦးကို ထောင် ၁၀ နှစ်နှင့် ၂၀၁၂ ခုနှစ်တွင် အခြားပင်လယ်ဓားပြ တစ်ဦးကို ထောင်ဒဏ်ကိုးနှစ် ချမှတ်ခဲ့သည်။ သို့သော် ဘယ်လ်ဂျီယံ အစိုးရရှေ့နေရုံးက ပွမ်ပီသင်္ဘော ဖမ်းဆီးမှုအတွက် အဓိကတရားခံကို လက်မလွတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ရှေ့နေဒယ်မူလီက ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများအရ "ပါးစပ်ကြီး" သည် ပွမ်ပီသင်္ဘော ပြန်ပေးဆွဲမှုကို စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ဘယ်လ်ဂျီယံ ရဲတပ်ဖွဲ့က သံသယ ရှိခဲ့သည်။

"တီဆေး" ဟု ထင်ရှားသည့် သူ၏အပေါင်းအဖော်မှတစ်ဆင့် "ပါးစပ်ကြီး" ကို ဆက်သွယ်ခဲ့ပြီး ၎င်းတို့နှစ်ဦးအား ပင်လယ်ဓားပြရုပ်ရှင် ရိုက်ကူးရေးအတွက် အကြံပေးနှင့် ကျွမ်းကျင်သူနေရာမှ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခဲ့ကြောင်း အစိုးရရှေ့နေ ဒယ်မူလီ၏ ကြေညာချက်တွင် ဖော်ပြခဲ့သည်။ ပါးစပ်ကြီးနှင့် မိုဟာမက်အေဒင်တို့သည် အောက်တိုဘာ ၁၂ ရက်နေ့က ရုပ်ရှင်သဘောတူညီချက် လက်မှတ်ရေးထိုးရန် နိုင်ရိုဘီမှတစ်ဆင့် ဘရပ်ဆဲလ်လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီးနောက် ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရခြင်း ဖြစ်သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...