Monday, November 25, 2013

စိမ်းနေဦးမည့် မြန်မာ့နိုင်ငံရေး






Nov 25, 2013
♦နိဒါန်း♦
----------
♦ မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ခဲ့သော အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် သည် နိုင်ငံတော်သမ္မတကြီး၏ ပန်ကြားချက်အရ Myanmar Peace Center တွင် ဒီမိုကရေစီအသွင်ကူး ပြောင်းရေး၌ နိုင်ငံပြုခေါင်းဆောင်များ၏အခန်းကဏ္ဍ အကြောင်းကို
ဟောပြောသွားခဲ့သည်။

♦ ခေတ်သစ် အမေရိကန်သမ္မတများတွင် ထူးချွန်ထက်မြက်သူ ဟု အမေရိကန်ပြည်သူများက လက်ခံထားခဲ့သော ဘီလ် ကလင်တန်သည် အရှေ့အလယ်ပိုင်းစစ်ပွဲအတွင်း နစ်ဝင်ခဲ့သော အမေရိကန်စီးပွားရေးကို ပြန်လည်ဦးမော့ လာစေရန် စွမ်းဆောင်နိုင်ခဲ့သော ဒီမိုကရက်သမ္မတတစ်ဦးဖြစ်သည်။ အိမ်ဖြူတော်တွင် (၈)နှစ်တာ ရုံးထိုင် ခဲ့သော အတွေ့အကြုံများကို မျှဝေသွားခဲ့သည်မှာလည်း အသွင်ကူးပြောင်းစ မြန်မာနိုင်ငံအတွက် သင်ခန်း စာ ယူဖွယ်ရာများစွာ ပါဝင်နေသည်။ ဘီလ်ကလင်တန်၏ ပြောကြားချက်အားလုံးကို အကြွင်းမဲ့မှန်ကန် သည် ဟု ပြောလိုခြင်း မဟုတ်ပါ။ စဉ်းစားဆင်ခြင်ဖွယ်ရာကောင်းသောအချက်များကို ထုတ်နှုတ်တင်ပြလို ခြင်းသာ ဖြစ်သည်။

♦ဘရာဇီးလ် ဦးမော့လာမှု♦
-----------------------------
♦ ကမ္ဘာ့အမွေအနှစ် ဟုသတ်မှတ်ထားခဲ့သော ဘရာဇီးလ်နိုင်ငံ၏ အမေဇုံတောအုပ်ကြီးအတွင်း ရေအားလျှပ်စစ်ဆည်ကြီး တည်ဆောက်ခဲ့သည့် ဖြစ်စဉ်ကို ဘီလ်ကလင်တန်က ရှင်းပြခဲ့သည်။ ယင်းအမေ ဇုံတောအုပ်ကြီးသည် သဘာဝအမွေအနှစ်ဖြစ်ခြင်းကြောင့်လည်းကောင်း၊ လက်တင်အမေရိကတစ်ကြော တွင် ယင်းတောအုပ်မှ ထုတ်လွှတ်ပေးသော အောက်စီဂျင်ကြောင့် ဖြစ်ပေါ်လာသည့် လေထုကို ရှုရှိုက်နေ ရခြင်းကြောင့်လည်းကောင်း အမေဇုံတောနက်ကြီးထဲတွင် ရေအားလျှပ်စစ်ဆည်ကြီးတည်ဆောက်မည့် စီမံကိန်းကို ကန့်ကွက်မှုများ ပြင်းပြင်းထန်ထန် ရင်ဆိုင်ခဲ့ရသည်။ ဘရာဇီးလ်နိုင်ငံသည် ရေနံနှင့် သဘာဝ ဓါတ်ငွေ့ အစရှိသော သဘာဝသယံဇာတများ ပေါကြွယ်ဝပြီး လယ်ယာစိုက်ပျိုးရေးအခြေခံအသက်မွေး ၀မ်းကျောင်းမှုများ အများဆုံး တည်ရှိနေသော အခြေအနေ ဖြစ်သည်။ နိုင်ငံကလည်း ဒီမိုကရေစီ အသွင် ကူးပြောင်းစ အနေအထားမျိုးတွင် လျှပ်စစ်ရှားပါးမှု အကျပ်အတည်းကို ဖြေရှင်းဆောင်ရွက်ရန် အကြောင်း ဖန်လာသော် ဒီမိုကရက်တစ်အစိုးရသည် နိုင်ငံတကာသဘာဝပတ်ဝန်းကျင်ဆိုင်ရာတက်ကြွလှုပ်ရှားသူများ ၏ ဆန့်ကျင်ဝေဖန်မှုများကို ရင်ဆိုင်၍ အမေဇုံတောအုပ်အတွင်း ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက် ရေးကို ဆောင်ရွက်ခဲ့သည်။

♦ ဘရာဇီးလ်အစိုးရအနေဖြင့် ရွေးချယ်စရာ (၂)လမ်းသာ ရှိခဲ့ပြီး (၁) လျှပ်စစ်အကျပ်အတည်းကို လက်ရှိအတိုင်းထားမည်လား၊ (၂) ထိခိုက်ဆုံးရှုံးမှုအနည်းဆုံးနှင့် အမေဇုံတောတွင် ဆည်တည်ဆောက် မည်လား ဟူ၍ ဖြစ်သည်။ ဘရာဇီး အစိုးရ ရွေးချယ်ခဲ့သော နည်းလမ်းမှာ ပြည်သူလူထုကို အစွမ်းကုန် ရှင်းပြ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူများနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် အကျေအလည်ညှိနှိုင်း၊ နိုင်ငံတကာစံချိန်စံနှုန်းများနှင့် အညီ ဖြစ်စေရန် အလေးထားဆောင်ရွက်ခြင်းဖြင့် အမေဇုံတောအုပ်ကြီးအတွင်း ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ အကျပ် အတည်းဖြေရှင်းရေးနည်းလမ်းကို အားလုံးလက်ခံနိုင်သော အခြေအနေတစ်ရပ် ဖန်တီးဆောင်ရွက်နိုင်ခဲ့ပြီး နောက် လျှပ်စစ်မီးရရှိလာခြင်း၏ အကျိုးဆက်အားဖြင့် ဘရာဇီးပြည်တွင်း စက်မှုခေတ်ပြောင်းလှိုင်းလုံးကြီး ထွက်ပေါ်လာခဲ့ပြီး စက်မှုထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်ကုန်များ ဆက်တိုက်ဆိုသလို ထုတ်လုပ်လာနိုင်ခဲ့ ကာ ဖွံ့ဖြိုးရေးသို့ ချီနိုင်ခဲ့သည်။

♦ ယခုနောက်ဆုံး ၂၁ ရာစုတွင် ဘရာဇီးသည် ထွန်းသစ်လာသည် စီးပွားရေးပါဝါကြီးများတွင်တစ်နိုင်ငံ အပါအ၀င် ဖြစ်လာခဲ့ကာ ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက စသည့် အမေရိကအလွန် ဆူပါပါဝါအပေါင်းအစပ် BRICS အသွင်အထိ ရောက်ရှိလာခဲ့သည်။ အမေဇုံ တော နက်ကြီးဆီမှ လျှပ်စစ်ဖူလုံရေး ပြုပြင်ပြောင်းလဲမှုသည် ဘရာဇီးလ်နိုင်ငံ၏ စက်မှုခေတ်ပြောင်းချိန်ကို ဆောင်ကြဉ်းပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤဖြစ်စဉ်တွင် ပြောင်းရွှေ့ခဲ့ရသော ရာနှင့်ချီသည့် ကျေးရွာများနှင့် အမေဇုံတောတွင်းတိုင်းရင်းသားများသည် နိုင်ငံအကျိုးစီးပွားအတွက် ကျင်လည်ရှင်သန်ရာ ပတ်ဝန်းကျင် ကို စွန့်ခွါခဲ့ရသော်လည်း မူလအခြေအနေထက် မယုတ်လျော့သော လူမှုပတ်ဝန်းကျင်ကို အစားထိုးရရှိခဲ့ ခြင်းကြောင့် Win-Win Solution ကို ဆိုက်ရောက်ခဲ့ကြသည်။ ဤသည်ကို ဘီလ်ကလင်တန်က ပုံပမာပြု ၍ ရှင်းလင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

♦လိုကယ်လား၊ ဂလိုဘယ်လား♦
-----------------------------------
♦ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် နိုင်ငံဖွံ့ဖြိုးရေးသို့ ချီကြရာဝယ် အမျိုးမျိုးသော မော်ဒယ်များ ရှိနေကြသော်လည်း မိမိနိုင်ငံ၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှုနှင့် လိုက်လျောညီထွေဖြစ်သော Home Growth ကို ဦးတည်ရမည် ဟု ၄င်းက ဆိုသည်။ ဒီမိုကရေစီတင်ပို့ရေးကို အလေးထားဆောင်ရွက်ခဲ့သော ကလင်တန်၏ အိမ်ဖြူတော်(၈)နှစ်တာ အတွေ့အကြုံများမှ ထွက်ပေါ်လာခဲ့သော ဒီမိုကရေစီတည် ဆောက်ရေး သဘောတရားလည်း ဖြစ်ပေလိမ့်မည်။ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအတွက် သီအိုရီများစွာ၊ လမ်းကြောင်းများစွာ ရှိနေကြသည် မှန်သော်လည်း သဘာဝအလျောက် ရေခံမြေခံနှင့်ကိုက်ညီသော Natural Growth သာလျှင် အလိုက်ဘက်ဆုံး ဘ၀များ ဖြစ်နိုင်ပေမည်။ ပြင်ပမှ တင်သွင်းလာသော ဒီမို ကရေစီနှင့် ဖွံ့ဖြိုးရေးမော်ဒယ်များသည်သဟဇာတဖြစ်ချင်မှ ဖြစ်မည် ဖြစ်သလို Artificial Growth ကို ဖန်တီးရယူခြင်းသည်လည်း လူ့ဘောင်အဖွဲ့အစည်း၏ မူလဗီဇနှင့် အစပ်အဟတ်တည့်ချင်မှတည့်မည် ဖြစ်သည်။

♦ အလားတူပင် အမေရိကန်နိုင်ငံရေးပါတီကြီး(၂)ရပ်အကြား ကွဲလွဲနေသော အိုင်ဒီယိုလော်ဂျီမှာ အမျိုးသားလုံခြုံရေးနှင့် အမျိုးသားအကျိုးစီးအဓိက၀ါဒ (ရီပတ်ဘလီကင်လမ်းကြောင်း)၊ နိုင်ငံသားများ၏ အခွင့်အရေး (ဒီမိုကရက်လမ်းကြောင်း) ဖြစ်ပြီး အချိန်အဆ အတိုင်းအတာတွင် အငြင်းပွားခဲ့ကြခြင်း ဖြစ် သည်။ ဆိုရှယ်လစ်ဆန်သည် ဟု တံဆိပ်ကပ်ကာ ကွန်ဆာဗေးတစ်တို့၏ ဆန့်ကျင်ခြင်း ခံခဲ့ရသော အိုဘားမားကျန်းမာရေးအစီအစဉ်သည်လည်း ဒီမိုကရေစီ၏ ပြဿနာ ဟုတ်-မဟုတ် အငြင်းပွားလျက် ရှိနေကြသည်။ ဂျာမဏီဝန်ကြီးချုပ်၏ အမြင်ကမူ “ဤသည်မှာ မဏ္ဍိုင်ကြီး(၃)ရပ်ကို သီးခြားစီခွဲခြားထား သော အမေရိကန်ဒီမိုကရေစီစနစ်ကြောင့် ဖြစ်သည်၊ ဂျာမဏီကဲ့သို့ မဏ္ဍိုင်(၂) ရပ် ပေါင်းစည်းထားသော ဒီမိုကရေစီသာလျှင် နိုင်ငံသားများ၏ အကျိုးကို ဆောင်ကြဉ်းနိုင်မည်၊ ထို့ကြောင့် အမေရိကန်နိုင်ငံရေး စနစ် ပြုပြင်ပြောင်းလဲရန် လိုအပ်သည်” ဟူ၍ ဖြစ်သည်။

♦ တစ်ဖန် ဘီလ်ကလင်တန်က မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေးအတွက် ခေါင်းဆောင်အမျိုးသမီးတစ်ဦး ထွက်သွားသော အခန်းတစ်ခန်းအတွင်း ကျန်ရစ်ခဲ့သူများ ဥပမာဖြင့် ပြဆို ရှင်းလင်းခဲ့သည်။ ဒိုင်ယာလော့လုပ်ရမည်၊ အားလုံးပါဝင်ရမည်၊ ဤသို့ဖြင့် မတူတာခွဲ တူတာတွဲ၍ လုပ်ဆောင်ကြရမည် ဟု ဆိုသည်။ တစ်ဘက်ဘက်တွင် ရာနှုန်းပြည့် လိုအင်ပြည့်ဝချင်မှ ပြည့်ဝပေလိမ့် မည်၊ ဤသည်ပင် ဒီမိုကရေစီ ဖြစ်သည်။ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးရေးအဆက်အစပ်တွင် အင်စတီကျူးရှင်းများ ၏ ခိုင်မာမှုအပေါ်မူတည်၍ အသွင်ကူးပြောင်းရေး ရှည်ကြာခြင်း၊ လျင်မြန်ခြင်းကို ပြဌာန်းပေးလေ့ရှိသည်။ ဥပမာအားဖြင့် လေ့လာကြည့်လျှင် အထူးစီမံကိန်းတစ်ရပ်ရပ်ကို ချက်ချင်းလက်ငင်း အကောင်အထည် ဖော်ဆောင်ရွက်ရန် အိန္ဒိယနိုင်ငံတွင် များစွာ ခက်ခဲလှသော်လည်း တရုတ်နိုင်ငံတွင်မူ အမြန်ဆုံး အကောင် အထည်ဖော်နိုင်သည်။ အိန္ဒိယဒီမိုကရေစီတွင် နိုင်ငံသားအခွင့်အရေးကို စီးနင်းကြသော လှိုင်းစီးသူများ ရှိ နေသည်။ Agree To Disagree ကို အသိအမှတ်ပြုလက်ခံကြရန် လိုအပ်သည်။ သဘောထားကွဲလွဲခွင့်များ ကို အသိအမှတ်ပြုရမည်၊ ယဉ်ကျေးမှုအမျိုးအစား စုံလင်ခြင်းကို အသိအမှတ်ပြုရမည်။ ဤသို့ အသိ အမှတ်ပြုနိုင်ရန် (၁) လူထုပညာရေးရေချိန် မြင့်မားရန်၊ (၂) လူမှု-စီးပွားဖွံ့ဖြိုးရန်၊ (၃) အင်စတီကျူးရှင်း များအားကောင်းရန် လိုအပ်သည်။

♦ Statesman ဟူသည်♦
---------------------------
♦ ဂျော့ခ်ျဒဗလျူဘုရှ်နှင့် ထိပ်တိုက်ရင်ဆိုင်ခဲ့သော ဒီမိုကရက် သမ္မတလောင်း အယ်လ်ဂိုးသည် မဲဆန္ဒ ရှင် ပြည်သူများ၏ တစ်ခဲနက် ထောက်ခံမှုကို ရရှိထားပါလျက် ဆန္ဒပြသူများ အိမ်ပြန်ကြရန် မေတ္တာရပ်ခံ စကား ပြောကြားခဲ့သည်။ မဲခိုးသည်၊ မဲလိမ်သည် ဟူသော စွပ်စွဲချက်များဖြင့် ရွေးကောက်ပွဲ ပြန်လည် ကျင်းပပေးရန် လူထုတောင်းဆိုမှုများကြောင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ရုပ်ဆိုးအကျည်းတန်မည့် အရေးကို အယ်လ်ဂိုးက ကြည့်မြင်နိုင်ခဲ့သည်။ အမေရိကန်နိုင်ငံနှင့် အမေရိကန်သမ္မတ၏ ဂုဏ်သိက္ခာကို သမ္မတဖြစ်နိုင်မည့် အခွင့်အရေးနှင့် လဲလှယ်ခဲ့ရသော အယ်လ်ဂိုးသည် နိုင်ငံပြုခေါင်းဆောင်ကြီးတစ်ဦး ဖြစ်သည်။ ဘုရှ်က သမ္မတဖြစ်၊ အယ်လ်ဂိုးက နိုင်ငံပြုခေါင်းဆောင်ဖြစ်၊ လှပသော အတွဲအစပ်နှင့် အမေ ရိကန်ပုံရိပ်ကို မြှင့်တင်ခဲ့ကြခြင်း ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုကို ကိုယ်စားပြုမည့် အမေရိကန် သမ္မတသည် ကမ္ဘာကြီးကို ဦးဆောင်မည့် ခေါင်းဆောင်ဖြစ်သည့်အတွက် အစွန်းအထင်း အမည်းကွက် မထင်စေလိုသော စိတ်ရင်းစေတနာကောင်းသည် စစ်မှန်သော အမျိုးသား နိုင်ငံရေးပင် ဖြစ်သည်။ အမျိုး သားနိုင်ငံရေးဆိုသည်မှာ ဤသို့သော လုပ်ဆောင်ချက်မျိုးကို ဆိုလိုသည်။ ဤသည်ပင် အမေရိကန်တို့ တန်ဖိုးထားသော အမေရိကတန်ဖိုးပင် ဖြစ်သည်။

♦ “ကွဲ”သမိုင်းနှင့် “ချ”ရာဇ၀င်တို့ဖြင့် ခေတ်ပြောင်းသော်လည်း အစဉ်အလာမပြောင်းခဲ့သော မြန်မာ့ မြေသည်ကား စိမ်းနေဦးမည့် မြန်မာ့နိုင်ငံရေးဟု ဆိုသော် ရနိုင်ပေမည်။ ကြီးသုံးကြီး၊ ပွတ်တိုက်မှု၊ အကွဲ အပြဲ စသည့် ဝေါဟာရများ ပြန်လည်နိုးထလာခဲ့သော ဂိုဏ်းဃနနိုင်ငံရေးသည် ယနေ့ခေတ်တွင်လည်း ပြန်လည်ဦးမော့ခေါင်းထောင်လာနေသည်မှာ စိတ်မကောင်းဖွယ်ရာပင် ဖြစ်သည်။ အသွင်ကူးပြောင်းရေး အောင်မြင်ရန် ခိုင်မာပြီး အင်အားကောင်းသော ခေါင်းဆောင်မှု ရှိရန် လိုအပ်သည်။ အစိုးရ၊ လွှတ်တော် နှင့် တရားရုံးတို့ကို ချက်ကျလက်ကျ ပြန်လည် တည့်မတ်နိုင်သော အရပ်ဘက်လူ့အဖွဲ့အစည်း အား မကောင်းသေးသည့် မြန်မာနိုင်ငံတွင် အထိန်းနှင့်အထေကို တစ်ပတ်လည်စေရန် မည်သို့မျှ ဆောင်ကြဉ်း နိုင်မည် မဟုတ်ပေ။ လက်ရှိနိုင်ငံရေးခေါင်းဆောင်များက နိုင်ငံပြုခေါင်းဆောင်များသဖွယ် ကျင့်ကြံ ထိန်းမတ်မှ တန်ကာကျမည်။ မြန်မာ့လူ့အဖွဲ့အစည်းသည် လွတ်လပ်မှုနှင့် တာဝန်သိမှု၊ နိုင်ငံသားအခွင့် အရေးနှင့် နိုင်ငံသားတာဝန်တို့အကြား စည်းခြားထားသည်ကို ကောင်းစွာ သိမြင်နားလည်နိုင်ရန် အရပ် ရပ်နယ်ပယ်စုံ ၀ိုင်းကြ၀န်းကြမှ တော်ရုံရပေမည်။

♦ အမေရိကန်ကဲ့သို့ ပဒေသာစုံလူ့အဖွဲ့အစည်းအတွင်းမှာပင် တီးပါတီလှုပ်ရှားမှုများ ကျယ်ပြန့်အား ကောင်းလာနေခြင်းမှာလက်ယာယိမ်းအမျိုးသားရေးဝါဒ ပြန်လည်ရှင်သန်နေခြင်းပင် ဖြစ်သည်။ တစ် ခေတ်တစ်ခါက စူးနစ်စွာ စွဲမြဲခဲ့သော ကေသုံးလုံးဂိုဏ်းများ အစေပျောက်စေရန် ဆယ်စုနှစ်များစွာ အချိန် ယူခဲ့ရကြောင်း တွေ့ရှိနိုင်သည်။ ကေသုံးလုံးတို့၏ ပစ်မှတ်ဖြစ်ခဲ့ရသော မာတင်လူသာကင်း၏ ရုန်းကန်မှု သည် ယနေ့ အိုဘားမား သမ္မတဖြစ်လာချိန်အထိ ရှည်ညောင်းခဲ့သည်။ ယခု တီးပါတီများမှ တက်လာ သော ရီပတ်ဘလီကင်များသည် မိမိအစိုးရကို ခြေချုပ်ချသလို ဖြစ်စေသော Government Shut Down ကို ဖန်တီးခဲ့ကြသည်ဟု ဒီမိုကရက်များက ဆိုကြသည်။ ကွန်ဆာဗေးတစ်နှင့် နေရှင်နယ်လစ်များကို လေ့လာသူများက ကေသုံးလုံးသည် ယခု တီးပါတီ၊ မာတင်လူသာကင်းသည် ယခု အိုဘားမား ဟု တင်စား လာခဲ့ကြသည်များလည်း ရှိသည်။ အမှန်စင်စစ် အိုဘားမားသည် White Voting ဖြင့် တက်လာခဲ့သူသာ ဖြစ်သည်။ အကျိုးဆက်အားဖြင့် အာရှ-ပစိဖိတ်ဒေသအား အမေရိက၏အလေးထားမှု အပေါ် သံသယများ ဖြစ်ပေါ်စေခဲ့သည်။ ပါဝါဂိမ်းတို့တွင် အဟုန်ကို ချုပ်တည်း၍ မရနိုင်သလို ပါဝါကို အလျော့ခံ၍ မရနိုင်ပါ။ ပစိဖိတ်ပါဝါ ဟု အမေရိကကိုယ်တိုင် မည်မျှ ကြွေးကြော် ကြွေးကြော် ပစိဖိတ်သို့ ခြေလှမ်းမချနိုင်လျှင် အမှန်တစ်ကယ် ဖြစ်လာမည် မဟုတ်ပေ။ နိုင်ငံမဟုတ်သော ပါဝါများ အနယ်နယ်အရပ်ရပ်မှ ထွက်ပေါ် နေချိန်၊ ပါဝါအနု၊ ပါဝါအရင့်နှင့် စမတ်ပါဝါတို့ အရောရောအနှောနှော ဖြစ်လာခဲ့သော လက်ရှိ ၂၁ ရာစု တွင် ခြေတစ်လှမ်းသည် အကျိုးဆက်ပေါင်း များစွာကို ပြောင်းလဲသွားစေနိုင်သည် ဟု ဒီမိုကရက်များက ဆိုကြသည်။ အမေရိကန်လူ့အဖွဲ့အစည်းသည်ပင်လျှင် ရင့်ကျက်ပင်ရင့်ကျက်လင့်ကစား အမျိုးသားရေး နှင့် ယှဉ်သော အိုင်ဒီယိုလိုဂျီတိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်သည်။

♦ ဂျော့ဘုရှ်လက်ထက်က ကွန်ဂရက် သဘောဆန္ဒ မယူဘဲ အီရတ်စစ်ပွဲ ဆင်နွှဲခဲ့သည်ကိုပင် မည်သို့မျှ မထိန်းနိုင် မသိမ်းခဲ့ကြသော ကွန်ဂရက် သည် ဆီးရီးယား ထိုးစစ်ဆင်နွှဲမည့်အရေး ကွန်ဂရက်၏ အတည်ပြုချက် ရယူခဲ့သော အိုဘားမားကို ဒုက္ခပေးနေခြင်းသည် စဉ်းစားဆင်ခြင်ဖွယ်ရာ ကောင်းလှသော ဒီမိုကရေစီနိုင်ငံရေးစနစ်ကို အထင်းသား ဖော်ပြနေသည်။ များရာမဲဖြင့် အဆုံးအဖြတ် ပြုရသော မဲခွဲစနစ်သည်ပင် ဒီမိုကရေစီတန်ဘိုးကို ကိုယ်စား ပြုနေသလား စဉ်းစားဖွယ်ရာပင်။

♦ နိုင်ငံရေးအိုင်ဒီယိုလော်ဂျီ အကွဲအပြဲများကြောင့် လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ခဲ့ရသည်၊ မတရားမှု မမျှတမှုတို့ကြောင့် လက်နက်ကိုင်ခဲ့ရသည်၊ နိုင်ငံရေးသမားတို့၏ ရန်ပွဲများကြောင့် စစ်တပ်က နိုင်ငံရေး ထဲ ၀င်လာရသည်၊ နိုင်ငံရေးသမားတို့၏ မညီညွတ်မှုကြောင့် နိုင်ငံ နွံနစ်ခဲ့ရသည် အစရှိကြကုန်သော သင် ခန်းစာများ ရှိခဲ့ပြီး ဖြစ်သည်။

♦ လူထုကို ညီညွတ်ရေးတရား ဟောနေကြသော နိုင်ငံရေးခေါင်းဆောင်များ ကိုယ်တိုင် ညီညွတ်ရေးတရား ကျင့်ကြံအားထုတ်ရန် လိုအပ်နေပြီ ဖြစ်သည်။ စိတ်ဓါတ်များ၊ စိတ်ထားများ ပြောင်းလဲရန် ထုတ်ဖော်ပြောကြားလျက်ရှိသော နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင် စိတ်ဓါတ်များ၊ စိတ် ထားများ ပြောင်းလဲရန် အချိန်လွန်နေပါပြီ။ ပြည်သူလူထုကို တိုက်တွန်းပြောကြားတော်မူကြကုန်သော အမျိုးသားပြန်လည် ညီညွတ်ရေးတရားကို နိုင်ငံရေးခေါင်းဆောင်များကိုယ်တိုင် စံနမူနာပြ ပြုကျင့်ပြကြရန် လိုအပ်သည်။ မင်းလောင်းမျှော် ဓလေ့စရိုက်များ ရှိတတ်သော မြန်မာ့ဓလေ့သည် ခေါင်းဆောင်များ လမ်းညွှန်ရာသို့ လျှောက်လှမ်းခဲ့ကြသူများသာ ဖြစ်သည်။ မင်းလောင်းမျှော်ဓလေ့သည် အမေရိကန်ကဲ့သို့ ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းမှာပင် အမြစ်တွယ်ခဲ့ကြသည် ဟု ပညာရှင်များက ဆိုသည်။ အမေရိကန် နိုင်ငံသားများသည် ရှင်ဘုရင်စနစ်နှင့် မနေခဲ့ကြရသူများဖြစ်၍ ရှင်ဘုရင်တမ်းချင်းများ ရှိခဲ့ကြပြီး ကနေဒီ ညီအစ်ကိုများကို အိမ် ရှေ့စံရွှေမင်းသားများသဖွယ် ခံယူခဲ့ကြကုန်သည် ဟုလည်း ဆိုကြသည်။ မင်းလောင်းမျှော်ဓလေ့ကို အင်စတီကျူးရှင်းများ၏ ခိုင်မာမှု၊ လူထု၏နိုင်ငံရေးရေချိန်တို့ဖြင့် ဖျောက်ဖျက် ပစ်ရမည်သာ ဖြစ်သည်။

♦နိဂုံး♦
---------
♦ သတိကြီးကြီးပဲ ကြည့်ကြည့်၊ သံသယနှင့်ပဲ မြင်မြင် မြန်မာ့ပုံရိပ်သည် ခေတ်ပြောင်းချိန်ကို ကိုယ် စားပြုနေသလို ဒီမိုကရေစီနှင့် သန်း(၆၀)ဘ၀ အလဲအထပ် လုပ်နေခြင်းလည်း ဖြစ်သည်။ ဒီမိုကရက်တစ် တံခါးဖွင့်ချိန်တွင် နိုင်ငံရေးခေါင်းဆောင်များအားလုံး ညီညွတ်နိုင်မှ မြန်မာပြည်သူများဘ၀ တန်ကာကျပေ မည်။ အသွင်ကူးပြောင်း နိုင်ငံရေးတို့၏ သဘောသဘာဝမှာ လျင်မြန်သော တိုးတက်မှုရလဒ်ကို ဆောင်ကြဉ်းနိုင်သလို စိုးရိမ်ဖွယ်ရာကောင်းသော အနေအထား သို့လည်း မျက်စေ့တစ်မှိတ်အတွင်း ပြောင်းလဲသွားနိုင်သည်။ ထို့ကြောင့် “ခိုင်မာသည့်အဆင့်”သို့ အမြန်ဆုံး ရောက်ရှိလာစေရန် ၀ိုင်းဝန်း ကူညီ ပံ့ပိုးနေကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ ကူးပြောင်းမှုတွင် အရပ်ရပ်နယ်ပယ်စုံ တည်ငြိမ်ရေး ဟု ဆို အပ်သော “မျှခြေ” သည် အထူးအားဖြင့် အရေးကြီးလှသည်။ အသွင်ကူးပြောင်းမှု ဖြစ်စဉ်တစ်ခုလုံး၌ ဒေါင်လိုက် မျှခြေ ရှိရန် လိုအပ်သလို ဘေးတိုက် မျှခြေ ရှိရန် လိုအပ်သည်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှခြေ လိုအပ်သလို ဖွံ့ဖြိုးရေးတွင် လည်း မျှခြေ လိုအပ်သည်။ မျှခြေပေါ်တင်၍ စဉ်းစားသုံးသပ်နိုင်ခြင်း သည်ပင်လျှင် မြန်မာ့မြေ မစိမ်းရန် အတွက် မျှော်လင့်ချက်များ ဖြစ်ပေါ်လာစေမည် ဖြစ်သည်။ ရာဇ၀င် သာမက ဥဒါန်းပင် တွင်ရစ်စေနိုင်သော ခေါင်းဆောင်များ၏ ညီညွတ်မှုကို လိုအပ်နေသည်။

♦ ပြည်သူ့ အားကို လိုသည် ဟု ဆိုကြသော ခေါင်း ဆောင်ကြီးများအား ပန်ကြားရန်မှာ “ခေါင်းဆောင်များအားကို လိုသည်” ဟူ၍ ဖြစ်ပေလိမ့်မည်။

ပြည်သူ ရှေ့သို့ ခြေတစ်လှမ်းတက်ရန် ပြောကြားကြကုန်သော ခေါင်း ဆောင်ကြီးများအား ပန်ကြားရန်မှာ “ခေါင်းဆောင်များ ရှေ့သို့ ခြေတစ်လှမ်းတက်ရန်” ဟူ၍ပင် ဖြစ်ပါ လိမ့်မည်။

(မှူးဇော်)

သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ်ကို ဦးတေဇ တရားစွဲ မည်




Nov 25, 2013

မြန်မာနိုင်ငံ၏ ထိပ်တန်း စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သော ဦးတေဇအပေါ် ဝေဖန်ပုတ်ခတ် ရေးသားမှုနှင့် စပ်လျဉ်း၍ သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ်ကို တရားစွဲဆိုသွားမည် ဖြစ်ကြောင်း ထူးထရေးဒင်း ကုမ္ပဏီအုပ်စု၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“တရားစွဲမယ်ဆိုတာ ဟုတ်ပါတယ်” ဟု ၎င်းက ဆိုသည်။

နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်သူ ဦးတေဇ၏ Facebook စာမျက်နှာတွင် “ဘယ်မီဒီယာမှ မကျင့်သုံး မရေးသားခဲ့တဲ့ အဝါရောင်ဆန်သော အရေးအသားများနဲ့ မိမိအပေါ် စော်ကားမှုများ အတွက်လည်း လူကြီးလူကောင်း ပီသစွာ ဥပဒေဘောင် အတွင်းမှပဲ စကား ပြောပါမယ်။ လမ်းဘေး စရိုက်ဆန်စွာ စိန်ခေါ်မှုအတွက် မိမိဥပဒေဘောင် အတွင်းမှ တုန့်ပြန်ပါမယ်။ မိမိကို ပုတ်ခတ်စော်ကား ရေးသားသော တခြားသော စာစောင်များကိုလည်း ဥပဒေကြောင်းအရ တုန့်ပြန်သွားပါမည်။ ၎င်းအချိန်မှ ထွက်မပြေးရန် မိမိပြောလိုပါသည်” ဟု ရေးသား ဖော်ပြထားသည်။ (Facebook စာမျက်နှာမှ မူရင်းအတိုင်း ကောက်နုတ်ထားခြင်း ဖြစ်သည်။)

ယင်းကိစ္စနှင့် ပတ်သက်၍ သူရိယနေဝန်း ဂျာနယ်တိုက် အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းကို The Voice က ဆက်သွယ် မေးမြန်းရာ ဦးတေဇကို ပုဂ္ဂိုလ်ရေး တိုက်ခိုက်ခြင်း မဟုတ်ဘဲ ခရိုနီစနစ်တွင် ပါဝင်နေသော ဇာတ်ကောင်ကြီးများကို ဖော်ပြနေခြင်း ဖြစ်ပြီး သူ့လုပ်ပိုင်ခွင့်အတိုင်း ကြိုက်သလို ဆောင်ရွက်နိုင်ကြောင်း ဖြေကြားသည်။

သူရိယနေဝန်းဂျာနယ် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ပါ ထောင်သူ ရဲဘအုပ် ရေးသား ဖော်ပြထားသော ဦးတေဇနှင့် စိန်စီသောညများ ဆောင်းပါးတွင်လည်း“မင်းတို့ ခရိုနီတွေ ဘင်္ဂလား ပင်လယ်ထဲကိုသာ ခုန်ချကြပေတော့” ကဲ့သို့ စာသားများ ထည့်သွင်း ရေးသား ဖော်ပြထားသည်။
“မြန်မာနိုင်ငံမှာ ခရိုနီတွေ ရှိတယ်ဆိုတာ အမှန်ပဲ။ ခေတ်အဆက်ဆက်လည်း ကုပ်သွေးစုပ်ခဲ့ကြတယ်။ ဒါပေမဲ့ အမှန်တရားကို ဖော်ထုတ်ဖို့ အတွက်က ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်နေရုံနဲ့ မရပါဘူး” ဟု သတင်းစာဆရာ ဦးရဲနိုင်မိုးက မှတ်ချက်ပေးသည်။

လက်ရှိ ထုတ်ဝေနေသော ဂျာနယ် အချို့တွင် ခိုင်မာသည့် အချက်အလက် မပါဘဲ ၎င်းတို့၏ အာဘော်များဖြင့် ပြည်သူလူထု မည်သူကို မုန်းသည် ဆိုခြင်းကို အကြောင်းပြု၍ ပါးပါးနပ်နပ် အသုံးချ ရေးသားနေသည်ကို တွေ့ရကြောင်း၊ သတင်းသမားတစ်ဦးသည် သတင်းရေးရာတွင် ၎င်း၏ ကိုယ်ပိုင်အမြင်ကို ဖယ်ထုတ်ရမည် ဖြစ်ကြောင်း၊ ကိုယ်ပိုင် အမြင်များ ထည့်သွင်း ရေးသားခြင်းသည် ထက်မြက်သည့် သတင်းရေးသားမှု ပုံစံမျိုး မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

The Voice Weekly

သမိုင်းထဲက ၀ါးခသစ်







Nov 25, 2013
မနေ့ ညက စနေနေ့ ညဆိုတော့ ထုံးစံအတိုင်း စားရိပ်သာက ဘား မှာလူစုံကြတယ်။
သူများတွေ အရက်ဝိုင်း ဘီယာဝိုင်းမှာ လူစုံရင်ဘာပြောကြသလဲမသိပေမယ့် ကျတော်တို့ စစ်သားတွေ အရက်ဝိုင်း ဘီယာဝိုင်းမှာကတော့ တိုက်ပွဲအကြောင်း တွေပေါ့ဗျာ။ ငါကဘယ်တိုက်ပွဲမှာ ဘယ်လိုချခဲ့တာ သူကဘယ်တိုက်ပွဲမှာဘယ်လိုချခဲ့တာ စသည်ဖြင့်ပေါ့။ ဒီလိုနဲ့ တစ်စတစ်စ အရှိန်ကတက် ညည့်ကနက်လာခဲ့တာ နောက်ဆုံး ကျတော်တို့ တစ်ဝိုင်းလုံးအသံတွေတိတ် နှုတ်တွေဆိတ်ခဲ့ရတဲ့ တိုက်ပွဲ တစ်ပွဲအကြောင်းကိုကျတော်တို့ စီနီယာ ကြီးတစ်ယောက်က ပြောပြတယ်။ အဲဒါက

" ၀ါးခသစ် ကော့မှုးရာ " တိုက်ပွဲ

သင်တန်းတက်ခဲ့တိုင်းမှာ ဖြစ်စဉ်တွေ နဲ့ သင်ခဲ့ရတဲ့ တိုက်ပွဲကြီး၊ ကိုယ်တိုင်မတိုက်ခဲ့ရပေမယ့်မျက်လုံးထဲ ကွင်းကွင်းကွက်ကွက် ပေါ်အောင် သင်ပြခဲ့တဲ့ ဆရာတွေကျေးဇူးကြောင့် အတော်အတန် သိခဲ့သော တိုက်ပွဲကြီး၊ "ရဲရင့်သူတို့ အောင်နိုင်ပွဲ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ ပြန်လည်သရုပ်ဖော်ထားတဲ့တိုက်ပွဲကြီး၊ တပ်မတော်ရဲ့  မှတ်ကျောက်တွေထဲက တစ်ခုဖြစ်သလို ပေးဆပ်မှုအကြီးမားဆုံးတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ တိုက်ပွဲကြီး အဲဒီတိုက်ပွဲကြီးအကြောင်းကို သင်ခဲ့ ကြားခဲ့ပြီး လက်ပွန်းတတီးရှိပေမယ့် အခုလို စီနီယာ ကြီးတစ်ယောက်က ချက်ကျလက်ကျနဲ့ ပြန်ပြောပြတော့ ကျတော်တို့ အဖွဲ့ တွေငြိမ်နေအောင်
နားထောင်ခဲ့ရ နှုတ်ဆိတ်ခဲ့ရလေးစားခဲ့ရပါတယ်။

"စခန်းနာမည်က ၀ါးသစ်စခန်း။

ယိုးဒယားမြန်မာနယ်စပ်မှာတည်ရှိတယ်။ နယ်မြေဖွဲ့ စည်းပုံနဲ့ စခန်းတည်ဆောက်ပုံက တော့ ဘယ်လိုစစ်တပ်မျိုးမှ
ခြေလျင်စစ်ကြောင်းနဲ့ ဝင်တိုက်လို့ မရဘူးလို့ ကြွေးကြော်ထားနိုင်ခဲ့တယ်။
စခန်းအနောက်မှာ ထိုင်းနိုင်ငံ၊ ဘေးပတ်ပတ်လည်မှာတော့ သောင်ရင်းမြစ်က
ရေအိုးပုံ ကွေ့ ပြီးစီးနေတယ်။ ၀င်ပေါက်ဆိုလို့  မီတာ ၃၀၀ ကျယ်တဲ့  ရေအိုးဗူးဝ
တစ်ပေါက်တည်း။ အဲဒါကရော.......................နာမည်ပေးထားတယ်................

(သတ်ကွင်း) တဲ့

ခြံစည်းရိုးခြောက်ထပ်ကာထားတယ်။ ခြောက်ထပ်လုံး သံစူးကြိုးတွေချည်းပဲ။
တစ်ထပ်နဲ့ တစ်ထပ်ကြားအပြောင်ရှင်းထားတယ် အောက်မှာလဲမိုင်းချည်းပဲ။
မြတ်သတ်ဆေးတွေဖျန်းထားတယ် ။ သတ်ကွင်းထိပ်မှာ ကွန်ကရစ် ဘန်ကာ ၆ လုံးဆောက်ထားတယ်။ မီတာ ၃၀၀ သာကျယ်တဲ့သတ်ကွင်းကို ချိန်ထားတာက
ပွိုင့် 5 ခြောက်လက်။ စက်လက် ၆ လက်။ RPG ၆ လက်။ အဲဒီအပေါက်ကို
ဝင်တိုးဘို့  တပ်ရင်းတစ်ရင်းလိုနေတယ်။ ပွင့်ပွင့်လင်းလင်းပြောမယ်ကွာ ၊
စွန့် စွန်းစားစား ၀င်တိုက်ရမှာဖြစ်လို့  တစ်ရင်းလုံးလဲ သေသွားနိုင်တယ်။
အဲဒီတော့ ငါ မင်းတို့ ကိုစည်းဝေးလုပ်ခြင်းဖြစ်တယ်။"

အပေါ်ကတော့ တမခ (၄၄) က ဗျူဟာမှုးရဲ့ စည်းဝေးမိန့် ခွန်းပါ။

ငါတို့ ဗျူဟာက ခပ်ဖလူးကုန်းနဲ့  ၀ါးခသစ်ကိုတိုက်ရမယ်။
ကဲ....၁၁၈ တပ်ရင်းမှုး မင်းတပ်က ဟိုဘက်မှာတော်တော်နာခဲ့တာမလား။ လန်ကျတာလဲခဏခဏပဲ ဒီတော့ မင်းကိုငါ choice ပေးမယ်။ မင်းကြိုက်တဲ့စခန်းတိုက်ကွာ ဘယ်စခန်းတိုက်မလဲ။

၁၁၈ တပ်ရင်းမှုး ဗိုလ်မှုးသန်းဆွေ( DSA အပါစဉ် ၁၉)
ခပ်တည်တည်နဲ့ ထဖြေတယ်။

"ဟုတ်ကဲ့ပါဗျူဟာမှုး ကျတော် ၀ါးခသစ် ကိုတိုက်ပါမယ်" တဲ့။


ဒီလိုနဲ့ သူတို့ တိုက်ခဲ့ကြတယ်။ သူတို့ သေခဲ့ကြတယ်။ ပေးဆပ်မှုတွေများခဲ့ကြတယ်။
ကျတော်တို့ အဲစခန်းကြီးကိုရခဲ့ကြတယ်။ ကျတော်တို့ တွေရဲ့ ခြေထောက်တွေ
ကျတော်တို့ တွေရဲ့ လက်တွေ ကျတော်တို့ တွေရဲ့ အသက်တွေ အဲဒီ ခြံစည်းရိုးခြောက်ထပ်ကြားမှာ ပြန့်ကျဲခဲ့ကြတယ်။ ၅၀၀ ကျော် အသက်စွန့် ခဲ့တယ်။ ၁၈၀၀ ကျော် ဒဏ်ရာရခဲ့ကြတယ်။ နောက်ဆုံးတပ်ရင်း ဗူးဝကို
ဖောက်ဝင်ခဲ့ပြီး ဘန်ကာတွေစသိမ်းချိန်မှာ တိုင်းမှုးကိုယ်တိုင် ခပ်ဖလူးကုန်းကနေ
တိုက်ခဲ့တယ်။

" စခန်းကိုရတော့ တပ်မမှုးမျက်ရည်ကျတယ်တဲ့။"

ကျတော်ဆိုခြုံးပွဲချ ငိုမိမလားမသိဘူး။

အဲစခန်းမှာ ဗိုလ်မှုးသန်းဆွေကနေ (သီဟသူရသန်းဆွေ (ကျဆုံး) ) ဆိုပြီးဖြစ်သွားတယ်။ အဲလိုပဲ ဗိုလ်မှုးသန်းဆွေရဲ့ ဇနီး ကရင်အမျိုးသမီးလည်း
မုဆိုးမ ဆိုတဲ့ ဘွဲ့ လေးရသွားတယ်။ ဗိုလ်မှုးသန်းဆွေရဲ့ ဇနီးလို ငိုနေတဲ့
မုဆိုးမတွေ တပ်ရင်းဓမ္မာရုံမှာ ပြည့်လျှံနေခဲ့တယ်။

"တပ်မမှူးကတော် ဘယ်လိုများအားပေးခဲ့လဲ ကျတော်တွေ့ ချင်လိုက်တာ "

နောက်ဆုံးမှာ စကားစကိုဖြတ် စီနီယာကြီးက ကျတော်တို့ ကိုကြည့်တယ်။
အဲဒီစခန်းကို ခုချိန်မှာ တပ်မ(၄၄) ကထိုင်နေတယ်ကွ။

အဲတပ်က ငါ့ သူငယ်ချင်းကပြောတယ် စခန်းထိပ်မှာ အကျွတ်အလွတ်စေတီလေးတည်ထားတယ်တဲ့။ နှစ်ဘက်ကျဆုံးသွားတဲ့ စစ်သည်တွေအတွက်ရည်ဆူးပြီးတော့ပေါ့ကွာတဲ့။

ဒါပေမယ့်.....ဒါပေမယ့်.....

သူတို့ တိုက်နေကြတုန်းပဲ....ည ၁၂ နာရီကျော်ရင် တိုက်နေကြတဲ့အသံတွေ
ငိုညည်းသံတွေ ငြီးညူသံတွေ ( တက်) ဆိုတဲ့အသံတွေ
(ဆုတ်) ဆိုတဲ့ အသံတွေ (နောက်လာအုံးမလားကွ) ဆိုတဲ့အသံတွေ ခမရ (၁၁၈) ကွဆိုတဲ့အသံတွေ တပ်မ(၄၄) ကွ ဆိုတဲ့အသံတွေ ...ကျားးးးးးဆိုတဲ့အသံတွေ
ကြားနေရတုန်းပဲကွာတဲ့။

ဒါဆို သူတို့ မကျွတ်ကြသေးဘူးပေါ့ နော် အစ်ကိုကြီး။

ဟုတ်ချင်လဲဟုတ်မှာပေါ့ကွာ

ကျတော်အဲဒီညက အိပ်မရခဲ့ဘူး.....

ကျတော် စစ်သားတွေကိုချစ်တယ် စစ်ပွဲတွေကိုမုန်းတယ်
စစ်ပွဲက စစ်သားတွေကိုသတ်တယ်
စစ်ပွဲက စစ်သားတွေရဲ့ ဘ၀တွေကို သတ်တယ်
စစ်ပွဲက စစ်သားနောက်က မှီခိုနေတဲ့ဘ၀တွေကိုသတ်တယ်
စစ်ပွဲကို ငြိမ်းချမ်းရေးကို သတ်တယ်။

စစ်သားဟာ စစ်တစ်ပွဲကို မတတ်နိုင်တဲ့အခြေနေရောက်မှရွေးချယ်တာပါ။
စစ်သားဟာ စစ်ပွဲကို အမုန်းဆုံးပဲ။ ကျတော် ဆုတောင်းခဲ့ပါတယ်
ဝါးခသစ်စခန်းရှေ့ က နောင်တော်စစ်သည်တွေရေ ခင်ဗျားတို့ မတိုက်ပါနဲ့ တော့
အခု ကျတော်တို့  ငြိမ်းချမ်းရေးရနေပြီ။ ဖထီးတွေနဲ့ တူတူအရက်သောက်နေပြီ။
နှစ်ဖက်စစ်သားများ ကောင်းရာသုဂတိလားပါစေ။

တတိယခြံစည်းရိုးေ၇ှ့ က

(၉ နာရီမှာ အဘအတွက် ဘန်ကာတစ်လုံးလက်ဆောင်ပေးမယ်) ဆိုတဲ့ 
အသံ ခုချိန်ဆိုပျောက်လောက်ပြီဟု မျှော်လင့်ပါတယ်။


ထူးဝေ

ချာတူးလန် မြန်မာစစ်ကားများ


Nov 25, 2013

ခေါင်းစဉ်ကိုကြည့်ပြီး Military Vehicles များ ( FAW, Aerolus, Lanjian ) တွေကိုပြောတာထင်နေပါ
လိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီ့ကားတွေက ချာတူးလန် အဆင့်ထက်တောင်ကျော်နေပါပြီ မဟာချာတူးလန်ဖြစ်နေပါပြီ။ အဲ ဒါပေမယ့် ကျွန်တော်ပြောမှာက War Action Movie တွေအကြောင်းပါ။

၂၀၀၀ ခုနှစ် ၀န်းကျင်က ရုံတင်ခဲ့ပြီး အော်စကာတလှေကြီး သိမ်းကြုံးယူသွားတဲ့ Saving Private Ryan ကိုရုပ်ရှင်ပရိသတ်တွေ မေ့နိုင်မယ်မထင်ပါဘူး။ မင်းသားကြီး Tom Hank ရဲ့ စစ်ခေါင်းဆောင်တယောက်ရဲ့စိတ်ခံစားချက် ပေါ်လွင်တဲ့မျက်နှာသွင်ပြင်၊ သွေးချင်းချင်းနီနေတဲ့ အဂ်လိပ်ရေလက်ကြား၊ Omaha Beach၊ အတုံးအရုံးကျဆုံးနေတဲ့ အမေရိကန် မရိန်းတပ်သားတွေ၊ ရက်စက်လှတဲ့ ဂျာမန်စက်သေနတ်ကြီးတို့ကို မြင်ယောင်မိမှာဖြစ်ပါတယ်။ အမေရိကန်မရိန်းတပ်သား
များကို သနားကြသည်၊ လေးစားကြသည်၊ ရန်သူဂျာမန်တို့အပေါ် ရွံမုန်းကြသည်။ ရုပ်ရှင်ကောင်းတခု၏ ရသ သာမက လူတိုင်း၏စိတ်နှလုံးတွင် စူပါပါဝါ အမေရိကန်ကိုလေးစားမိကြသည်။



ပြန်တွေးကြည့်ပါ သမိုင်းမှာတကယ်ရော ဒီလိုတွေဖြစ်ခဲ့လား။ (၁၉၄၄) ခုနှစ် ဂျွန်လ (၆)ရက်နေ့ ဂျာမန်တို့ အရှုံးကြီးရှုံးနေချိန် အရှေ့ဘက်မှ ရုရှတို့တင့်ကားနှင့်လိုက်ကြိတ်သလို တလှိမ့်လှိမ့်တက်လာပြီး ဂျာမန်တို့၏ တပ်မဟာများ တခုပြီး တခုပြုတ်ပြုတ်ပြုန်းနေချိန်တွင် အနောက်ဘက် အင်္ဂလိပ်ရေလက်ကြားမှ အမေရိကန် နှင့် အဂ်လိပ်တပ်များ နော်မန်ဒီကမ်းတက်တိုက်ပွဲဆင်နွှဲခဲ့သည်။ D-day တွင် Omaha, Utah နှင့် ဓါးကမ်းခြေများမှ ရေကြောင်းလက်နက်ကြီးပစ်ကူ အသာစီးအင်အားနှင့်ဝင်တိုက်တော့သည်။ ထိုကမ်းခြေများမှာ ဝေးလွန်းသဖြင့် ဂျာမန်ဗိုလ်ချုပ်များမှ ထင်မထားသောနေရာဖြစ်သည်။ စစ်အင်အားကြီး မဆိုထားဘိ ခုခံကာကွယ်ရန်လေယာဉ် ၂ စီးသာထားထားသည်။ စစ်သင်္ဘောများပစ်ခတ်မှုနှင့်ပင် မြေပြင်မှာမွစာကြဲနေပြီဖြစ်သည်။ အလွယ်တကူပင်တက်သိမ်းနိုင်လေသည်။ မကျဘူးတော့မဟုတ် စစ်ပွဲစဉ်တခုလုံး စစ်သည် ၃၀၀၀ ကျော်ကျသည်။ ဒါပေမယ့် အမေရိကန်တွေပဲတော့ မဟုတ်။ အင်္ဂလိပ်တပ်တွေလဲ ကျသည်။ သို့သော် ရုပ်ရှင်ထဲတွင် အင်္ဂလိပ်စစ်တပ်ကို မတွေ့ရ အားလုံးအမေရိကန်တွေပဲ ဖြစ်နေသည်။ ဂျာမန်တွေဘက်က ပိုဆိုးသည် ထိုတိုက်ပွဲများတွင်ပင် မဟာမိတ်တွေကျတာထက် ၂ဆမက ကျဆုံးသည်။ ရဲဘော်မပြောနှင့် ဗိုလ်ချုပ်ပင် ၃၀ ကျော်ကျသည်။ ဘန်ကာများထဲတွင် အရှင်လတ်လတ်မီးတိုက်ခံရသည်။ ဆုတ်ခွာရချိန်တွင် ရိက္ခာပြတ်ကာ လူသားပင်စားရသည်ဟူ၏။ ထားတော့ ပြောရင်း ပြောရင်း ဘာလင်သိမ်းတိုက်ပွဲအထိရောက်သွားတော့မည်။ ကျွန်တော်ပြောချင်တာက ဒီဇာတ်ကားနဲ့တင် အင်္ဂလိပ်တပ်များ ဒုတိယကမ္ဘာစစ်တုန်းက လုပ်ခဲ့တာတွေ သဲထဲရေသွန်ဖြစ်ရသည်။
ဗြိတိသျှရုပ်ရှင်ထုတ်လုပ်ရေးက ကန့်ကွက်သည်။ သို့သော် ဟောလိဝုဒ်က ရှင်းရှင်းပဲပြန်ပြောလိုက်သည် ငါတို့လိုရိုက်နိုင်လျှင်ရိုက် မရိုက်နိုင်လျှင် ပါးစပ်ပိတ်... ။ ရှင်းသည်။

ဒါတင်ပဲလား မဟုတ်ပါ။ အဂ်လိပ်စစ်တပ်က အမေရိကန်တို့ထက် အနာခံကာတိုက်ခဲ့သော စစ်ပွဲတွေ မနည်းပါ။ Operation Market Garden, အာလာမိန်းတိုက်ပွဲ၊ Dankisk တိုက်ပွဲ အစရှိသည်တို့မှာ ပျောက်ဆုံးနေ၏။ အင်္ဂလိပ်စစ်သားများစွာ ကျဆုံးခဲ့သည်။ နှောင်းခေတ်လူများက ဒါတွေမေ့သွားပြီ။ The Longest Day, Hamberger Hill နှင့် Band of Brother စသည် စသည် မရေမတွက်နိုင်အောင် အမေရိကန်တို့ ဟီးရိုးဖြစ်ခဲ့ကြသည်။ ထိုစစ်ကားများတွင် အင်္ဂလိပ်တပ်များမှာ ဂျစ်ကားတစ်စီးနှင့် ဆေးလိပ်သောက်နေသူများ အဖြစ်သာ ပါဝင်ခဲ့ရသည်။နောက်လူများဆိုလျှင် ဒုတိယကမ္ဘာစစ်ဆိုတာ အမေရိကန်နှင့် ၀င်ရိုးစွန်းနိုင်ငံများတိုက်ပွဲ ဟုတောင်ထင်ကြလိမ့်မည်။



အရှေ့ဘက် စစ်မျက်နှာတွင်လည်း ဂျပန်တို့ အရှုံးနှင့်ရင်ဆိုင်နေရချိန် အမေရိကန်တို့အောင်ပွဲခံနေချိန်တွင်မတော့ မှန်ပါသည်။ အမေရိကန် အထိနာခဲ့သည်။ ဂျပန်တို့၏ ခါမိကာဇီ စိတ်ဓါတ်ကို မယှဉ်နိုင်သောအခါ နောက်ဆုံးလက်နက်ထုတ်သုံးလိုက်သည်။ အနှူမြူဗုံး နှစ်လုံးကြဲချလိုက်သည်။ အေးရော။ ဂျပန်ပြည်သူများစွာသေကြေခဲ့ရသည်။ ယခုတိုင်ပင် Radiation ပြသာနာများစွာရင်ဆိုင်နေရသည်။ သို့သော် အမေရိကန် မီဒီယာများက အနှူမြူဗုံးကိုမေ့လိုက်သည်။ ဂျပန်ကို ဗီလိန်လုပ်ကာ ရိုက်ထားသော ဇာတ်ကားတွေ မနဲမနော။ Pearl Habour, Wind Talker, Bridge on river Kwai အစရှိသော နာမည်ကျော်ရုပ်ရှင်ပေါင်းစုံ ဖြင့်ဂျပန်တပ်တွေကို ဆိုးဝါးလွန်းသော စစ်ဘီလူးတွေလိုရိုက်ထားသည်။ အနှူမြူဗုံးကြဲလိုက်သည်ကပင် မှန်သလိုလို လုပ်လာသည်။



ကဲ အဖြစ်မှန်ကို ပြန်ကြည့်ရအောင် ။ ဒုတိယကမ္ဘာစစ်အတွင်း သေဆုံးသူများ (စစ်သား only) စာရင်းကိုကြည့်ပါ။
အမေရိကန်စစ်သား လေးသိန်းခန့် (ရေတပ်အပါအ၀င်)
ဆိုဗီယက်စစ်သား ရှစ်ဆယ့်ရှစ်သိန်း မှ တစ်ရာ့ခုနှစ်သိန်းကြား
ဂျပန်စစ်သား နှစ်ဆယ့် ခုနှစ်သိန်းခန့်
တရုတ်စစ်သား သိန်းသုံးဆယ်ခန့်
အင်္ဂလိပ်စစ်သား သုံးသိန်းရှစ်သောင်းကျော်
ပြင်သစ်စစ်သား နှစ်သိန်းခန့်
ဂျာမန်စစ်သား ငါးဆယ့်ငါးသိန်းခန့် ဖြစ်ကြသည်။
ဒါဆို အမေရိကန်မဟုတ်တဲ့ တခြားနိုင်ငံက စစ်သားတွေကရော ဘာအတွက်သေကြရတာလဲ။ သူတို့ကကော စစ်မတိုက်ဘူးလား။ မေးစရာဖြစ်လာသည်။ မဟုတ်ပါဘူး တိုက်ခဲ့ပါတယ်။ အစာငတ်ရေငတ် ရိက္ခာပြတ်ရင်း တိုက်ခဲ့ အသက်စွန့်ခဲ့ရတာပါ။ ဒါပေမယ့် သူတို့ အသက်စွန့်ခဲ့တာကို ဖေါ်ပြမယ့်မီဒီယာ မရှိတဲ့အတွက် နောက်လူတွေက အမှုမဲ့ အမှတ်မဲ့တောင် ဖြစ်နေကြပါပြီ။
ဒီဘက်ခေတ် ဗီယက်နမ်စစ်ပွဲ အီရတ် အာဖဂန်စစ်ပွဲများနှင့်ပတ်သက်သော စစ်ကားများကိုကြည့်ပါ။ We were soldiers, Platoon, Behind enemy line, Hurt Lockers. စသဖြင့်မရေမတွက်နိုင်သော အမေရိကန် စူပါဟီးရိုးဇာတ်ကားတွေ မနည်းပါ။ စစ်ကို စတိုက် စဗုံးကြဲ တာသူတို့ဖြစ်သော်လည်း ဇာတ်ကားတွေထဲမှာတော့ သူတို့က ကယ်တင်ရှင်ဟီးရိုးတွေဖြစ်နေသည်။ ဒါတွေကို လူတွေကလည်း သိသိကြီးနှင့်ကြည့်နေကြသည်။ အလွန်ကြည့်ကောင်းလို့ဖြစ်ပါသည်။ဒါပေမယ့် အမှားတွေ များလာတော့ အမှန်ဖြစ်လာသည်။ နောင်လာနောက်သားတွေ အားလုံး အမေရိက ကို အထင်ကြီးလာကြသည်။ အမေရိကန် လုပ်သမျှ အဟုတ်ထင်လာကြသည်။ ယခုပင် သင့်နားက တယောက်ကို မေးကြည့်ပါ။ အမေရိကန်တွေ ၀င်လာရင် ဘယ်လိုလုပ်မလဲလို့။ ဖြေပါလိမ့်မည်။ သူတို့က တိုက်တိုင်းနိုင်နေတာ အင်အားကြီးတယ် လူမလိုဘူး ဒုံးကျည်တွေပဲ လွှတ်လိုက်မှာ ကြောက်တယ်။ အစရှိသဖြင့် ဖြေကြလိမ့်မည်။ အမေရိကန်၏ ဆိုက်ဝါး လုံးဝကိုအောင်မြင်သည်။အသံကြားတာနဲ့တင်လန့်နေကြပြီဖြစ်သည်။



ကဲ ထားတော့ ဒါက အမေရိကန်ကို အပုတ်ချချင်လို့မဟုတ်။ Media ရဲ့ ကြောက်စရာကောင်းပုံကို ဖေါ်ပြတာပါ။ ကမ္ဘာ့အအောင်မြင်ဆုံး မီဒီယာ နိုင်ငံကြီးကို ဥပမာအရင်ပေးထားတာ။ ဒါဆို ကျုပ်တို့ မြန်မာနိုင်ငံကြီးကို ပြန်ကြည့်ရအောင်။ မြန်မာ့သမိုင်းမှာ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား စသဖြင့် အင်အားကြီးစစ်ဘုရင်များစွာရှိခဲ့သည်။ ယင်းတို့ အင်အားကြီးမားပုံကို နိုင်ငံခြားခရီးသွား တစ်ယောက်၏ မှတ်တမ်းတွင် "မြန်မာစစ်ဘုရင်၏ အင်အားကားကြောက်မက်ဖွယ်ကောင်းလှ၏ စစ်သည်အင်အားမဆိုထားဘိ စစ်ကြောင်းဖြင့်လိုက်ပါလာသော ခ၀ါသည် သည်ပင် သောင်းချီသည်" ဟုဖေါ်ပြထားသည်။ (ကိုးကား ရန်ကုန်ဘဆွေ- ရွှေဝါပြည်) ။ သို့သော် ယနေ့ခေတ်ကလေးများကို ကျန်စစ်သားအကြောင်းပြောပြလျှင် ပိန်ညှောင်နေသော ခန္ဓာကိုယ်နှင့် စက္ကူချပ်ဝတ် တန်ဆာများဝတ်ဆင်ကာ မဏိစန္ဒာ အား မခိုးမခန့်မထီတထီ လုပ်နေသော ရုပ်ပုံကိုသာလျှင်မြင်ယောင်ပေတော့မည်။ ထိုအပြင် စစ်ဘုရင် ဆိုသူကြီးများမှာ လူလေး ငါးမြောက် ငါးခြောက်နှင့် မြင်းပတ်စီးပြီး လူနှင့်မလိုက်သော (ပလတ်စတစ်ကြိုး နှင့်ပတ်ထားသော) လှံကိုကိုင်ထားကာ စက္ကူ ချပ်ဝတ်များ ၀တ်ထားသော လူဖလံလေးများဟုထင်မြင်လာပေတော့မည်။ ထိုထက်ဆိုးသည်ကား နန်းတော်ဆက်တင်များပင်ဖြစ်ချေသည်။ သုံးထပ်သားကို ဆေးသုတ်ကာ ထောင်ထားပြီး တက်ထိုင်နေသော ဘုရင် ဆိုသူအား မည်သို့လေးစားရမည်နည်း။ ဓါးကား ကျောက်တုံးဖြတ်ရန်ဝေးစွ အတုကြီးမှန်းသိသာနေသည်။ ကျန်ကျောင်းနှင့် ကျန်စစ်သား ချလျှင်မည်သူနိုင်မည်နည်းမေးကြည့်ပါ။ ကျန်ကျောင်းနိုင်မည်ဟု ကလေးတိုင်းကပြောကြပေမည်။ ယိုးဒယား သမိုင်းကားများကို ရှုလော့။ မြန်မာဘုရင်သည် ever ဗီလိန်ဖြစ်သည်။ ယုတ်မာကောက်ကျစ် ကူလီကူမာလုပ်သည်။ သို့သော် ယိုးဒယားဇာတ်ကားများထဲမှ မြန်မာဘုရင်သည် မြန်မာဇာတ်ကားများထဲမှ မြန်မာဘုရင်ထက် များစွာသားနားလှသည်။ စစ်သည်အင်အားများစွာ ကြောက်မက်ဖွယ်စစ်ဆင်များ စစ်မြင်းများ ကိုစီးကာ ချီတက်လာပုံမှာ များစွာအားကျဖွယ်ကောင်းလှချေ၏။ ကြံဖန်ကာ ဂုဏ်ယူမည်ဆိုလျှင်တော့ ဂုဏ်ယူစရာပင်။ တို့ဘုရင်ကို သူတို့ခုထိရှိန်နေသေးတယ်ပေါ့။ ဒါပေမယ့် ဒါကလည်းရုပ်ရှင်ပညာဖြစ်သည်။ ရန်သူကို အဆင့်မြင့်မြင့်ရိုက်ထားကာမှ မိမိတို့နိုင်လိုက်တာ ဂုဏ်ရှိမည်ဖြစ်သည်။ မြန်မာဇာတ်ကားများမှ ကလေးပင်မကြောက်သော ကုတ်အနက်ဝတ် လူကြမ်းများကို သင်မြင်ယောင်လာပေတော့မည်။ သို့နှင့်စိတ်ပျက်ဖွယ် မော်ကွန်းဇာတ်ကားများကိုသာ အရင်ဘုရင်များ ပြန်ကြည့်လို့ရမည်ဆိုပါက ရှက်လွန်းသဖြင့် ဒေါသထွက်ကာ ယင်းတို့ကိုလူမလေးခွေးမခန့်အောင် လုပ်သော ဒါရိုက်တာများအားလုံး တောင်စွယ်နေကွယ်ပင်မစောင့်တော့ပဲ ကွပ်မျက်ဖွယ်ရှိသည်။



ကဲ ပါတော်မူပုံ နယ်ချဲ့ဆန့်ကျင်ရေး ဇာတ်ကားကြီးများကိုလည်း ကြည့်ကြပါဦး။ နယ်ချဲ့ဆိုတာ ကြောက်စရာမဟုတ်ဟူသော ကြောက်မက်ဖွယ် အတွေးပင်ဝင်သွားလောက်သည်။ အင်အားလေး နှစ်ပဲတပြားနှင့် သေနတ်လေးကားတားကားတား ဂျပန် မာစတာများကို နယ်မှကလေးများပင်မကြောက်တော့ချေ။ တချိန်က ကင်ပေတိုင်စခန်းများတွင် အသက်စွန့်ခဲ့ရသော မြန်မာမျိုးချစ်များကို ကလေးများ၏ အမြင်တွင် ဟာသ ဖြစ်နေတော့မည်။ လက်မောင်းတွင် ကြယ်တပွင့်ပတ်ပြီး အပ်ကြောင်းထပ်နေသော စကားများကိုပြောကာ မျိုးချစ်တော်လှန်ရေးသမား ဟူသဖြင့်ကြွေးကြော်နေသေးသည်ကိုစိတ်ပျက်ဖွယ်တွေ့နေရတုန်းပင်
ဖြစ်သည်။ အလကားနေငိုနေသော ဇာတ်ကားများလည်းရှိသေးသည်။ ဂျပန်က ဘာမှမလုပ်ရသေး သူကငိုပြီ။ ဖက်ဆစ်တော်လှန်ရေးမှာ ကလေးများ၏ စိတ်တွင် ဟာသအမြင်သာရှိတော့သည်။ ထိုကလေးများသည် တချိန်လူကြီးဖြစ်လာတော့မည်။ သင်းတို့လေးတွေ လူကြီးဖြစ်လာပါက မြန်မာ့သမိုင်းမြောင်းထဲရောက်တော့မည်။ တချိန်က အသက်စွန့်ခဲ့ရသူများ ငပေါဖြစ်တော့မည်။ ဗိုလ်ချုပ်ကို မြင်စေချင်စမ်းသည်။

လွတ်လပ်ရေးရပြီ။ ထားပါတော့ ပါလီမန်ခေတ်နောက်ပိုင်းကိုတော့ အပြင်က ဒါရိုက်တာတွေ သိပ်မရိုက်တော့။ အရင်က စစ်အစိုးရဆင်ဆာတွေကြောင့် လည်းဖြစ်နိုင်သလို လိုင်စင်အပိတ်ခံရမှာကြောက်သောကြောင့်လည်းဖြစ်နိုင်သည်။ မရိုက်တာက ကိစ္စမရှိ။ ဒါပေမယ့် သမိုင်းကိုတော့ အဆင့်တန်းမှီမှီဖေါ်ထုတ်သင့်သည်။ တနိုင်ငံလုံး သူပုန်ထသည်။ ရန်ကုန်ကွက်ကွက်လေး ကျန်ရာမှ ဗမာ့သေနတ်ကိုင်တပ်ရင်း ချင်းသေနတ်ကိုင်တပ်ရင်း စစ်ရဲတို့ ပူးပေါင်းတိုက်သည်။ ဒီကြားထဲတောခိုသွားတဲ့တပ်ရင်းတွေက ရှိသေးသည်။ ဒုက္ခသုတ်ခ ပေါင်းစုံ အခက်အခဲပေါင်းစုံကြားမှ အင်းစိန်ကို အသေအလဲကာကွယ်ရသည်။ ဘုရားကြီးတိုက်ပွဲ ဒိုက်ဦး တောင်ငူ ဖြူး ဆက်တိုက်တိုက်ကြရသည်။ ပဲခူးရိုးမတွင်လည်း ဗကပ ကိုအမြစ်ဖြုတ်ခဲ့သည်။ မိုင်းယောင်းတိုက်ပွဲမှာဆိုလျှင် ကျွန်တော့ အဖိုးပင် အသက်စွန့်သွားခဲ့ရသည်။ တပ်မတော်၏စွန့်စားခန်းများက ပြောကာမကုန်ပေ။ ထိုခေတ်ထိုအခါက တပ်မတော်ကို လူအများချစ်ကြသည်။ ရှေ့တန်းပြန်လျှင်ပင် ပြည်သူလူထုက ဆော်သြစရာမလို ထွက်ကြိုကြသည်။ ကြည်နူးဖွယ်အတိဖြစ်ပါသည်။ ထိုအချိန်က မီဒီယာများမှာတာဝန်ကြေကြသည်။ လူထုကို တပ်မတော်၏ ပကတိအခြေအနေကို ချပြနိုင်ခဲ့သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)၊ ဇော့်ကိုချစ်မလား ကျော့်ကိုချစ်မလား၊ အမိမြေမှသားကောင်းများ၊ အချစ်တပွဲ စစ်ပွဲတရာ၊ အစရှိသဖြင့် စစ်ကားကောင်းများပေါ်ထွက်လာခဲ့သည်။ ပြည်သူလူထု၏ အားပေးမှုအလွန်ရခဲ့ပါသည်။ စစ်သားစရိုက်ကို အပီပြင်ဆုံးဖေါ်ပြနိုင်ခဲ့သည်။ နောက်ပိုင်းတွင် ဝေလည်းမွှေးကြွေလည်းမွှေး ၊ စစ်သွေးသစ္စာ စသည်တို့ လည်း အဆင့်မှီသော စစ်ကားများဖြစ်ပါသည်။

တပ်မတော်အစိုးရ အုပ်ချုပ်နေသော ကာလမှာမှ စစ်ကားကောင်းများ မှေးမှိန်ပျောက်ကွယ်သွားသည်မှာ အံ့သြစရာပင်ဖြစ်ချေတော့သည်။ မူအားဖြင့်၎င်း ဆင်ဆာအားဖြင့်၎င်း တည်းဖြတ်မှုများကြောင့် စိတ်ပျက်ဖွယ်စစ်ကားများ ထွက်ပေါ်လာပါတော့သည်။ စစ်ကားထဲမှ စစ်သားသည် အပြင်မှ တကယ့်စစ်သားနှင့်မတူတော့ အမြင်ကတ်ဖွယ်စကားများ အလွန်ပြောသည်။ လေကြီးလေကျယ်နိုင်သည်။
ပြည်သူလူထုမပြောနှင့် စစ်သားခြင်းပင် တီဗွီထဲဝင်ကာ ပါးပိတ်ရိုက်ချင်မိသည်။ တပ်မတော်ကြီးသည် တပ်မတော်သား/စစ်သားများဖြင့်ဖွဲ့စည်းထားပါသည်။ စစ်သားဟူသည် လူတွေသာဖြစ်သည်။ လူလိုပဲနေထိုင်ပါသည်။ လူလိုပဲစားသောက်ပါသည်။ ဇာတ်ကားထဲကလို တောင့်တောင့်ကြီးမနေပါ။ ဖက်ထိပ်လဲမလုပ်ချင်ပါ။ စစ်ဆင်ရေးမရှိလျှင်နားချင်သည်။ အရက်လေးလဲ အားရင်သောက်ပါသည်။ ပျော်တတ်ကြပါသည်။ ဇာတ်ကားထဲတွင်တော့ မဟုတ် ဘယ်ရဲဘော်မှအပြင်မှာ မပြောသော စကားလုံးများကို ဇာတ်ကားထဲမှရဲဘော်သည် အလွန်ပြောသည်။ အရက်မသောက်၊ အိမ်ပြန်လျှင်ပင်လက်ဘက်ရည်ဆိုင်မထိုင်ဘူးဟူ၏။ ကြည့်ရှူသူများမှာ ကလေးတွေမဟုတ်ပါ။ ဒါလောက်ကတော့ ဖြီးနေမှန်းသိပါသည်။ အထက်အောက် ရိုသေလေးစားမှုရှိပါသည် သို့သော် စိတ်အခန့်မသင့်လျှင် ရန်တော့ဖြစ်တတ်သည်။ နှောင်းတမြေ့မြေ့ (ကားဟောင်း)တွင် အထက်က ဆေးဗိုလ်ကြီးမှ မိမိရည်းစားကို လုသဖြင့် ဒေါသထွက်ပြီး ဗိုလ်ဖြစ်သူမှ ကျောက်ခဲကို ခြေထောက်နှင့်ကန်ထုတ်လိုက်သည့် အကွက်ကို ကားသစ်တွင် ဆင်ဆာမိတော့သည်။ မဆိုင်ပါ။ လူပဲ ဒေါသထွက်မပေါ့ ကိုယ့်ရည်းစားလူလုတာ။ သူ့ဘာသာ ဆေးဗိုလ်ကြီးမကလို့ ဗိုလ်မှူးကြီးပင်ဖြစ်စေကာမူ ဒေါသထွက်ပြီး လက်သီးနှင့်ပင်ထိုးမိလိမ့်မည် ဒါကလူ့သဘာဝပဲ။ သဘာဝကို ဆင်ဆာဖြတ်သဖြင့် ယုတ်တိမရှိတာတွေ ရိုက်ကုန်သည်။

Pacific ဆိုသော အမေရိကန်ဇာတ်ကားထဲတွင် စစ်သားများ၏ဘ၀ကို သဘာဝကျကျသရုပ်ဖေါ်ထားသည်။ စစ်သားများတွင် ကြောက်သောသူများလည်းပါသည်။ သေနတ်သံကြားကာ သေးထွက်ကျသောအခန်းပင်ပါ
သည်။ စိတ်ပျက်ကာ မိမိဘာသာ သတ်သေသော စစ်သားများလည်းပါသည်။ ခပ်နွဲ့နွဲ့ စစ်သားများလည်းပါသည်။ အရက်ဂျိုးများလည်းပါသည်။ ပြန်မပြောနားမထောင်များလည်းပါသည်။ စစ်သားစ၇ိုက်အတော်ပေါ်လွင်ပါပေသည်။ ဘာဂုဏ်မှမတင်ပါ။ ဒါပေမယ့် နိုင်ငံအတွက် အသက်ပေးကာ တိုက်ပွဲဝင်နေပုံကိုတော့ ပေါ်လွင်အောင်ရိုက်သွားသည်။ ဇာတ်ကားကြည့်ပြီးသော အခါ မည်သူမျှ ထိုစစ်သားများကို အထင်မသေးပါ။ တကယ့်စစ်ပွဲမှ စစ်သားများကို ပိုမိုသနားစိတ်ဝင်မိကြသည်။ ဒါကမှ တကယ့်ပညာဖြစ်သည်။



နောက်တခုဆိုးသည်ကား အဖွဲ့အစည်းတစ်ခုကို တပ်မတော်ထက် ဂုဏ်တင်လွန်းခြင်းဖြစ်သည်။ စစ်တပ်သည် စစ်တပ်သာဖြစ်သည်။ နိုင်ငံရေးနှင့်မရောထွေးသင့်ပေ။ သို့သော် ယင်းအဖွဲ့အစည်းက စစ်တပ်ပင်မနိုင်သော သူပုန်အား အနိုင်တိုက်လိုက်သော ဇာတ်ကားတစ်ကားထွက်လာသေးသည်။ များစွာရုပ်ပျက်လှပါ၏။ တချိန်ကတပ်မတော်၏ သူရဲကောင်းများစွာကိုတချက်တည်းနှင့် စော်ကားလိုက်ခြင်း
ပင်ဖြစ်သည်။ ထိုဇာတ်ကားများမှာ ကလေးများအပျင်းပြေပုံပြောသလောက် ဇာတ်ညွန်းသာရှိသည်။ ညီအစ်ကို သုံးယောက်ရှိခိုင်း သုံးယောက်လုံးကို ကြည်းရေလေ အစဉ်လိုက်ထည့်။ တဖက်ကလည်း သမီးသုံးယောက်တခါတည်းမွေးပြီးသား နှစ်ဖက်တွေ့ ပေးစား။ အပေါစားဇာတ်ကားမှန်းသိသာလွန်း
လှသည်။ စစ်သားက စစ်သားအလုပ်မလုပ်ပဲ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြော သဖြင့် အရာရှိစစ်သည်များ ထိုဇာတ်ကားကိုကြည့်ပြီး ၀ိုင်းဆဲကြသည်ကို ကိုယ်တွေ့မြင်ဖူးပါသည်။

မပြောမပြီးသဖြင့် ပြောရဦးမည်။ Rambo တို့ အာနိုးတို့ behind enemy line တို့ကိုအားကျသည်ထင့်။ အားကျသည့်အထဲ ဂျိမ်းဘွန်းပါ ပါမည်ထင်သည်။ ကြည့်ရတာဇာတ်လမ်းအားလုံး ရောမွှေထားတာဖြစ်မည်။
လေယာဉ်ပျက်ကျသည်။ ဓါးတချောင်းနှင့် ပစ္စတိုတလက်သာပါသည်။ မည်သို့မည်ပုံလုပ်လိုက်သည်မသိ။ ရန်သူ့အားလုံး သေကုန်သည်။ ရန်သူ့တပ်မဟာမှူး ဒေါသထွက်ပြီး သေသည်။ တပ်ရင်းတစ်ရင်းနှင့် အချိန်တပါတ်ခန့် ယူလုပ်ရမည့် ထောင်ချောက်များကို မင်းသားက ငါးမိနစ်ထဲနှင့်လုပ်သွားပြီး ရန်သူတွေကို သေစေသည်။ AK 47 တလက်နှင့် ကွင်းပြင်ထဲတွင် တက်ပစ်ရာ ဘန်ကာထဲမှ ရန်သူအကုန်သေသည်။ ရန်သူဖမ်းသွားသော မိန်းကလေး အယောက် ၄၀ ထဲမှမော်ဒယ်လ်မလေး ဆယ်ယောက်ကိုသာ မင်းသားနှာဘူးမှ ရွေးကယ်လာသည်။ လမ်းတွင် ဂျပန်ခေတ်မှ ရွှေများ တူးဖေါ်မိသေးသည်။ မင်းသား အဖျားတက်သဖြင့် မိန်းကလေးများက ၀ိုင်းပြုစုကြသည်။ သြော် အာနိုးတို့ စတားလုံးတို့ပင် သူ့လောက် မကောင်းစားပေ။ထိုကားကို နိုင်ငံတကာပွဲတော်တခုတွင် ပြကြည့်ပါက
မြန်မာ့ရုပ်ရှင်လုပ်ငန်းသာမက မြန်မာ့တပ်မတော်ပင် သိက္ခာကျပေတော့မည်။

သရုပ်ဆောင်များမှာလည်း လုံးလုံးအသုံးမကျပါချေ။ မင်းသားများကား အခြားအဆင့်မလုပ်လိုကြ။ အရာရှိသာတက်လုပ်ကြသည်။ တလောက policy ကားတကားဆိုလျှင် လူကလက်တောက်လောက်
ပင်မရှိသော်လည်း ဗိုလ်မှူးအဆင့်တံဆိပ်ကို တပ်နေကြပြီ။ မည်သို့မျှမလိုက်ဖက်ပါချေ။ တပ်မတော်တွင် အဆင့်အတန်းအမျိုးမျိုးရှိသော်လည်း အားလုံးတန်းတူနီးပါးနေရပါသည်။ ဘယ်သူကမှ အခွင့်ထူးခံမနေပါ။ ရှေ့တန်းတွင် မြေခင်းတခင်းထဲ အတူအိပ်ရသလို အတူတူစားရပါသည်။ မြို့ပေါ်မှ uniform လှတပတ နှင့် သွားလာနေသူများမှာ တပ်မတော်၏ လက်တဆုပ်စာပင်မရှိပါချေ။ အားလုံးမှာ စစ်ဆင်ရေး လုံခြုံရေး စသည်တို့ဖြင့် လူရုပ်ပင်မပေါ်အောင် လှုပ်ရှားရုန်းကန်နေရသည်များကို လူထုကိုသိစေချင်ပါသည်။ ထိုဇာတ်ကားများမှာကဲ့သို့ ရှေ့တန်းတွင် အမိုးအိမ်ဝင် လက်ဘက်ရည်သောက် ဘကြီးအိမ်ဝင် ထမင်းစားလုပ်လို့မရပါ။ အမိုးအိမ်ဝင်ပါက ဖထီးက M16 နှင့်ဆွဲမည်ကို သိထားသဖြင့် မိုးရေထဲမှာ တဲထိုးပြီး စုတ်တီးစုတ်ပြတ်နေနေရသည်။ ရေမရှိလျှင် ဗွက်ရေကိုသောက်ရသည်။ ဒါကိုရိုက်ပြလို့ ရှက်စရာမဟုတ်။ တပ်မတော်သိက္ခာကျမသွားပါ။ အဖြစ်မှန်ကို သိသော ပြည်သူများ စစ်တပ်ကို ဂရုဏာ သက်မိမည်ဖြစ်သည်။ စစ်သားအများစု တောထဲတောင်ထဲ ငှက်ဖျားမိ ဆေးမရှိ သေကြေကျ၊ တိုက်ပွဲတွင်းဒဏ်ရာရ ၊ မိုင်းထိ ခြေထောက်ပြတ်နေတာတွေက တကယ်ဖြစ်နေတာပါ။ စစ်ကားထဲမှာလို ရဟတ်ယာဉ်နဲ့လဲ လာမကြိုပါဘူး။ အထမ်းနဲ့ အော်ဟစ်ပြီး သွားရတာပါ။ ဒါတွေကို ပြည်သူသိအောင် ချပြကြပါ။ တကယ်တမ်းတပ်မတော်သားတွေ ဘ၀ ဘယ်လောက်ကြမ်းတယ်ဆိုတာကို အမှန်အတိုင်းရိုက်ပြကြပါ။ ဟိန်းဝေယံတို့ ဗိုလ်မှူးအပွင့်တပ်ပြီး နေပြည်တော်မှာ ဖွန်ကြောင်နေတဲ့ပုံထက် တကယ့်စစ်မြေပြင်က အခြေအနေကို လူတွေသိအောင်ရိုက်ပြသင့်ပါတယ်။



တကယ်ဆို ၁၉၈၈ တိုင်းပြည်ပျက်ဖို့ လက်တလုံးခြား စသဖြင့် အပ်ကြောင်းထပ်နေတဲ့ စကားလုံးတွေ ပြောနေတဲ့ ဇာတ်လမ်းတွေအစား ၁၉၈၈ အရေးအခင်းတုန်းက လုံခြုံရေးတာဝန်ယူခဲ့ရတဲ့ စစ်သား/အရာရှိငယ်လေးတွေ ခံစားချက်ကို ပေါ်လွင်အောင် ရိုက်ပြသင့်တယ်။ တဖက်က ချီတက်လာတဲ့ ရဟန်းရှင်လူတွေဖြစ်ပေမယ့် သူတို့လက်ထဲမှာ ခဲတွေ တုတ်တွေ ကိုင်ထားတာ ပြီးတော့ စည်းကျော်ရင် ပစ်ရမယ်လို့ပေးထားတဲ့ အမိန့်၊ ဒါတွေကိုလွန်ဆန်ဖို့ကြတော့ နိုင်ငံတော်ပုန်ကန်မှု ဆိုတဲ့ စစ်ဥပဒေ (အဲ့သည် ဥပဒေအရ မလုပ်ဘူးဆိုတဲ့ရဲဘော်ကို သေဒဏ်ပေးလိုက်လို့ ရတယ်နော်။ နေရာတင်ပစ်သတ်လိုက်လို့ရတယ်) စသဖြင့် အချက်ပေါင်းများစွာထဲမှာ
ဝေခွဲမရဖြစ်နေပုံတွေကို ရိုက်ပြသင့်ပါတယ်။ ခုတော့ တခါလာလည်း နားကြားပြင်းကတ်စရာ နိုင်ငံတော်တာဝန်မလွှဲမရှောင်သာရယူ တခါလာလည်း လက်တလုံးခြားက ကယ်တင်နဲ့ပဲ မုန့်လုံးစက္ကူကပ်နေတာပါ။ ပြည်သူလူထုမဆိုထားနဲ့ အဲ့ဒီ့ရုပ်ရှင်တွေကြည့်လို့ စစ်သားရင့်မာကြီးတွေတောင် စစ်တပ်ကို အမြင်ကတ်နေကြရတယ်။

တကယ်တမ်း အဖြစ်မှန်တွေကို ပြည်သူတွေကို ချပြနိုင်မယ့် စစ်အက်ရှင်ဇာတ်ကားကောင်းကောင်း
ထွက်လာမှာကို အမြဲမျှော်လင့်ပါတယ်။ စစ်ကားတကားထွက်တိုင်း မြန်မာ့ရုပ်သံမှာစောင့်ကြည့်ပေမယ့် စိတ်ပျက်ဖွယ်ဇာတ်ကားတွေကိုပဲတွေ့နေရပါတယ်။ ကျွန်တော်ချစ်သော/မွေးကတည်းက ကြီးပြင်းခဲ့ရာ အမိတပ်မတော်ကို လူအမြင်ကတ်အောင်လုပ်နေတဲ့ ရုပ်ရှင်တွေကို အမြဲတွေ့နေရလို့ ကျွန်တော် ဒီဝေဖန်ရေးဆောင်းပါးကို ရေးသားလိုက်ရတာဖြစ်ပါတယ် ခင်ဗျား......

ဒေါက်တာ ကိုကိုဦး
၂၇.၇.၂၀၁၂

ကချင်သောင်းကျန်းသူသမိုင်း (၁၉၄၈ ခုနှစ်မှ ၁၉၇၅ ခုနှစ်ထိ ကာလများ) (ပထမပိုင်း)






Nov 25, 2013
ကချင်သောင်းကျန်းသူအဖွဲ့စတင်ပေါ်ပေါက်လာခြင်း
၁။ ၁၉၄၉ ခုနှစ်တွင်ဖြစ်ပွားသော ကရင်-ဗမာအရေးအခင်းတွင် အမှတ်(၁) ကချင်သေနတ်ကိုင် တပ်ရင်း မှ ဗိုလ်ကြီးအဆင့်ဖြင့် တောခိုသွားသော ကချင်အမျိုးသားနော်ဆိုင်းမှာ ကေအင်န်ဒီအိုတို့နှင့် ပူးပေါင်းခဲ့သည်။ ယင်းသည် ၁၉၅ဝ ပြည့်နှစ်တွင် ကေအင်န်ဒီအိုအင်အားစုအဖြစ် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားခဲ့သည်။ ထိုအချိန်တွင် လားရှိုးမြို့ အစိုးရအထက်တန်းကျောင်း၌ အဋ္ဌမတန်း ပညာသင်ကြားနေသော ဇော်ဆိုင်း သည် နော်ဆိုင်းနှင့်ဆက်သွယ်ပြီး တောခိုခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် နော်ဆိုင်း တရုတ်နိုင်ငံသို့ ဝင်ရောက်ခိုလှုံသွားရာ၌ ဇော်ဆိုင်းသည်လိုက်ပါမသွားဘဲ သံတောင်၊ ဘောဂလိ ဒေသရှိ ကေအင်န်ဒီအိုများနှင့် ပူးပေါင်းလှုပ်ရှားခဲ့သည်။
၂။ ၁၉၅၉ခုနှစ်တွင် ကေအင်န်ဒီအိုအဖွဲ့မှ ဂျီလစ်လင်း (ကချင်အမည်-ဇော်ဘောက်) ဆိုသူအား ဇော်ဆိုင်း၏ အကြံပေးအရာရှိအဖြစ် တာဝန်ပေးအပ်ပြီး ဇော်ဆိုင်းနှင့်အတူ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြေအောက်စည်းရုံး သိမ်းသွင်းမှုလုပ်ငန်းများကိုပြုလုပ်ရန်စေလွှတ်ခဲ့သည်။
ဇော်ဆိုင်းနှင့် ဂျီလစ်လင်းသည် ဇော်ဆိုင်း၏ မိခင်ဖြစ်သူ ကျောင်းဆရာမတာဝန်ထမ်းဆောင်နေသည့် ဟိုကုန်တိုက်နယ်၊ နမ့်အန်ရွာ (အက်စ်တီ-၈၈၈၉)တွင် ခိုအောင်းပြီး မြေအောက်စည်းရုံးရေးလုပ်ငန်းကို စတင်လုပ်ဆောင်ခဲ့လေသည်။ ဇော်ဆိုင်း၏ညီဖြစ်သူ တက္ကသိုလ်ကျောင်းသား ဇော်ထူးသည်လည်း တက္ကသိုလ်မှထွက်ပြေးပြီး ဇော်ဆိုင်း ထံသို့ လာရောက် ပူးပေါင်း တောခိုခဲ့လေသည်။ ထို့အပြင် အမှတ်(၄)ကချင်သေနတ်ကိုင်တပ်ရင်းမှ ထုတ်ပယ် ခြင်းခံရပြီး သိန္နီတွင် ကျောင်းတက်နေသော ဒုတိယတပ်ကြပ် လမုန်တူးဂျိုင်၊ တက္ကသိုလ်မှထွက်၍ကွတ်ခိုင် သို့ ပြန်ရောက်နေသော လမာလရိန်းတို့သည် ဇော်ဆိုင်းနှင့်ဆက်သွယ်ပေါင်းမိကြပြီး ၁၉၆ဝ ပြည့်နှစ်တွင် ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization K.I.O) ကိုစတင် ဖွဲ့စည်းခဲ့ကြသည်။
၃။ ကေအိုင်အို မြေအောက်အဖွဲ့အစည်းတွင် ဥက္ကဋ္ဌ အဖြစ် ဇော်ဆိုင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် ဇော်ထူး၊ အတွင်းရေးမှူး အဖြစ်လမာလရိန်းတို့က တာဝန်ယူခဲ့ကြသည်။ ထိုအချိန်တွင် ရှမ်းပြည်နယ်၌ နိုင်ငံရေး သမား အချင်းချင်းနေရာလုကြရာမှ နိုင်ငံရေးသမားအချို့၏ ခါးပိုက်ဆောင်အဖြစ်ဖွဲ့စည်းရန်ကေအိုင်အု အား လက်နက်ခဲယမ်းများထောက်ပံ့ရာမှ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်လာပြီး အင်အားမှာ ၂၇ ယောက် ရှိခဲ့ပါသည်။
ကချင်သောင်းကျန်းသူများ လက်နက်ကိုင်သောင်းကျန်းမှုစတင်ခြင်း
၎။ ကေအိုင်အိုအဖွဲ့သည် ၁၉၆ဝ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် လားရှိုးမြို့ငွေတိုက်အား စတင်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြင့် လက်နက်ကိုင်လှုပ်ရှားမှုကို စတင်ခဲ့လေသည်။ လားရှိုးမြို့ရှိ ငွေတိုက် ကို ဖောက်ကာ လက်နက်ကိုင်လှုပ်ရှားမှုစတင်သည်နှင့် လားရှိုး၊ ကွတ်ခိုင်ဒေသမှ ဇော်ဆိုင်းနှင့် ဇော်တူးတို့ စည်းရုံးထားသည့် ကချင်လူငယ်များမှာလည်း တစ်ပြိုင်တည်းတောခိုခဲ့ကြသည်။ အင်အား ၁ဝဝ ခန့်စုစည်း မိသောအခါ တပ်မဟာမှူး အဖြစ် ဇော်ဆိုင်းကလည်းကောင်း၊ တပ်မဟာဗိုလ်မှူးအဖြစ် ဂျီလစ်လင်းက လည်းကောင်း တာဝန်ယူလျက် သိန္နီမြို့နယ် လွယ်တောက်၌် ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကေအိုင်အေ (Kachin Independence Army-K.I.A) ခေါ် ကချင်လွတ်လပ်ရေး တပ်မတော်နှင့် ကေအိုင်စီ (Kachin Independence Council K.I.C) ကို စတင်ဖွဲ့စည်းခဲ့လေသည်။
၅။ ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး ဆင်လီရွာ၏ အရှေ့ဘက် ၁ဝ မိုင်ခန့်အကွာတွင် အခြေချစခန်း တစ်ခုတည်ဆောက်၍ အခြေခံစစ်ပညာသင်တန်း အမှတ်(၁)ကို ၁၉၆၁ ခုနှစ်၊ မတ်လ ၁၆ ရက်နေ့ ၌ ဖွင့်လှစ် သင်ကြားပေးခဲ့သည်။ ၁၉၆၁ ခုနှစ်၊ ဇူလိုင်လတွင် ကေအိုင်အေတပ်ရင်း (၁)ကို ဗန်းမော်နယ်မြေ မွန်ဘာပါတွင်လည်းကောင်း၊ တပ်ရင်း(၂) ကို လမာလရိန်းဦးစီးကာ အင်အား ၃ဝဝ ခန့်ဖြင့် မုံးစီး၊ မုံးထန် နယ်မြေတွင်လည်းကောင်း ဖွဲ့စည်းခဲ့ကြသည်။ ထို့ပြင် ကျေးရွာများ၌ ဗွီဒီအက်ဖ် (Villager's Defence Forces) ခေါ် ကျေးရွာကာကွယ်ရေးအဖွဲ့အဖြစ်ဖွဲ့စည်းကာ တူမီးများတပ်ဆင်လျက် မိမိတပ်များ ကိုနှောင့်ယှက်ရန် တာဝန်ပေးခိုင်းစေခဲ့ကြသည်။
၆။ ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်း လိုက်ခြင်းကိုလည်းကောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်နိမိတ် စာချုပ်ချုပ်ဆိုမှုတွင် ဖီမော်၊ ဂေါ်လန်၊ ကန်ဖန်ဒေသ များအား တရုတ်ပြည် နယ်နိမိတ်အတွင်း ထည့်သွင်းဖော်ပြမှုအပေါ် နေရာအနှံ့ ဆန္ဒပြမှုအား အခွင့်ကောင်းယူ၍ လည်းကောင်း၊ ရှမ်းပဒေသရာဇ်များမှ ဖက်ဒရယ်မူကို စတင်တောင်းဆို လာခြင်းတို့ ကြောင့် လည်းကောင်း၊ ကေအိုင်အိုတို့အနေဖြင့် တိုက်ကွက်များရရှိလာခဲ့ကြသည်။ လူမျိုးရေး အမြင် ကျဉ်းမြောင်းမှုကို အရင်းခံ၍ လူမျိုးရေး မုန်းတီးမှု၊ ဗမာလူမျိုးကြီး ဝါဒဆန့်ကျင်ရေး စသည်တို့ကို အကြောင်းပြကာ လွတ်လပ်သော ကချင်သမ္မတနိုင်ငံ ထူထောင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် စည်းရုံး လှုံ့ဆော်လာခဲ့ကြလေသည်။ ထို့ကြောင့် မသိနားမလည်သော လူငယ်လူရွယ်အများအပြားမှာ ကချင် သောင်းကျန်းသူများ၏ စည်းရုံးသိမ်းသွင်းမှုအောက် သို့ ရောက်ရှိသွားခဲ့ရလေသည်။
၇။ ထိုကဲ့သို့ နိုင်ငံရေးပြဿနာများ ပေါ်ပေါက်နေစဉ်မှာပင် ၁၉၆၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်နေ့တွင် လွှတ်တော်နှစ်ရပ်စုံညီအစည်းအဝေးက ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေ (တတိယ ပြင်ဆင်ချက်) အက်ဥပဒေ၊ ၁၉၆၁ ခုနှစ်၊ အက်ဥပဒေအမှတ် ၁၇ အရ ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်လာသော်လည်း လွတ်လပ်စွာကိုးကွယ်ခွင့်ရရှိပြီးဖြစ်လေရာ မည်သို့မျှ ထူးခြားခြင်းမရှိပေ။ သို့သော် ဗုဒ္ဓဘာသာမဟုတ်သော အခြားဘာသာဝင်များက လွတ်လပ်စွာ ကိုးကွယ်ခွင့် မရှိတော့ဟုယူဆကာ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာသည်။ ထိုအချိန်က လက်နက်ကိုင် အင်အား ၂၇ ယောက်သာ ရှိသေးသော ကေအိုင်အို (Kachin Independence Organization) ကချင် သောင်းကျန်းသူအဖွဲ့သည် ဘာသာရေးလွတ်လပ်ခွင့်မရှိဟူ၍ အကြောင်းပြစည်းရုံးရာမှ ပိုမိုအင်အား တောင့်တင်းလာသည်။ တရုတ်-မြန်မာ နယ်နိမိတ်စာချုပ်တွင် ကချင်ပြည်နယ်မှ ဖီမော်၊ ဂေါ်လန်၊ ကန်ဖန် နယ်မြေများအား တရုတ်နယ်နိမိတ်အတွင်း ထည့်သွင်းပေးရခြင်းကိုလည်း ကချင်တိုင်းရင်းသား အများ အပြားက ဆန္ဒပြကန့်ကွက်ကြသည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲပျက်ပြားသောအဖွဲ့အစည်း
၈။ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ ရန်ကုန်တစ်မြို့တည်းတွင်သာ ကျင်းပနေခြင်းမဟုတ်ဘဲ အချို့ အဖွဲ့အစည်းများမှာ ဆိုင်ရာဒေသတွင်သာ ဆွေးနွေးကြခြင်းဖြစ်သည်။ ဥပမာအားဖြင့်-ကျော်ဇံရွှီး၏ ရခိုင်ကွန်မြူနစ် ပါတီနှင့် ဆွေးနွေးပွဲပြုလုပ်ရာတွင် ငပလီ၌ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထို့အတူပင် ကေအိုင်အေ (ခေါ်) ကချင် သောင်းကျန်းသူများနှင့်လည်း မန္တလေးမြို့တွင် ဆွေးနွေးပွဲကျင်းပခဲ့သည်။
၉။ ၁၉၆၃ ခုနှစ်အစပိုင်းတွင် ကေအိုင်အေများသည် တပ်မဟာ(၁)နှင့် တပ်ရင်း(၆)ရင်းကို ဖွဲ့စည်းပြီး ဖြစ်ပြီး အင်အား ၁,ဝဝဝ ကျော်အထိ တိုးတက်နေပြီဖြစ်သည်။ ၁၉၆၂ ခုနှစ်တွင် လားရှိုး-ကွတ်ခိုင်နယ်၌ အင်အား ၃ဝဝ နီးပါးခန့်၊ ဗန်းမော်-မြစ်ကြီးနားနယ်မြေ၌ အင်အား ၃၈ဝ ခန့်အထိသာရှိသော်လည်း နောက်ပိုင်းတွင် ဗန်းမော်-စိန်လုံလမ်းနှင့် ဗန်းမော်-မန်ဝိန်းလမ်းတို့ကိုစိုးမိုးပြီး ဧရာဝတီမြစ် အနောက်ဘက် ကမ်းနှင့် မြစ်ကြီးနား အရှေ့မြောက်၊ ဟူးကောင်းလွင်ပြင်တို့ကိုတိုးချဲ့စည်းရုံးရာမှ အင်အား တိုးတက် လာခဲ့ခြင်းဖြစ်သည်။
၁ဝ။ ၁၉၆၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းချက်ကိုထုတ်ပြန်သောအခါ ကေအိုင်အေများသည် စာဖြင့်ဆက်သွယ်ညှိနှိုင်း ပြီးနောက်တော် လှန် ရေးကောင်စီ၏အစီအစဉ်ဖြင့် ဗန်းမော်သို့ရောက်ရှိလာကြသည်။ ကေအိုင်အေ ကိုယ်စားလှယ် ဇော်ဒန်နှင့် အဖွဲ့သည် ၁၉၆၃ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင် ဗန်းမော်မှတစ်ဆင့် မန္တလေးသို့ ရောက်ရှိလာသည်။ ထို့နောက် စက်တင်ဘာလ ၁ ရက်နေ့တွင် တပ်မတော်မှ တပ်မဟာ(၇)တပ်မဟာမှူးနှင့် ပဏာမ ဆွေးနွေးပွဲ ကျင်းပပြီး စက်တင်ဘာလ ၇ ရက်နေ့တွင် တော်လှန်ရေးကောင်စီ၏ကိုယ်စား အနောက်မြောက်တိုင်း၊ တိုင်းမှူးနှင့်ထပ်မံ ဆွေးနွေးခဲ့သည်။
၁၁။ တိုင်းမှူးနှင့်ဆွေးနွေးစဉ် ဇော်ဒန်နှင့် ကိုယ်စားလှယ်အဖွဲ့က အောက်ပါအချက်များကို တောင်းဆိုခဲ့ သည်-
(က) ပြည်ထောင်စုအတွင်းရှိ လူမျိုးအသီးသီးအား လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုပေးအပ် ရန်၊ မိမိတို့ လူမျိုးများ၏သဘောအရ ခွဲထွက်လိုသူများအား ခွဲထွက်ခွင့် ပေးရန်။
(ခ) ကချင်ပြည်နယ်နှင့်ပတ်သက်၍ ကချင် ပြည်သူပြည်သားများ လက်နက်ကိုင် တော်လှန် နေခြင်း၏ အဓိကရည်ရွယ်ချက်ပန်းတိုင်ဖြစ်သည့် လုံးဝလွတ်လပ်သော အချုပ်အခြာ အာဏာပိုင် သီးခြား ကချင်ပြည်နယ်ထူထောင်ရန်။
(ဂ) ဤကဲ့သို့ ပြည်ထောင်စုအတွင်းမှ ကချင်ပြည်နယ်ခွဲထွက်သွားသည်ကို နှစ်ဦးသဘောတူ လက် မှတ်ရေးထိုးပြီးသည့်နေ့မှစ၍ ကချင်ပြည်နယ်နှင့်ဗမာပြည်သည် အောက်ပါထာဝရ ငြိမ်းချမ်းရေးမူငါးချက်ကိုအခြေခံထား၍ နှစ်ပြည်ထောင်ဆက်ဆံသွားရေးကို နှစ်ဦးသဘော တူ လက်မှတ်ရေးထိုးရန်-
(၁) တစ်ဦး၏နယ်မြေတည်တံ့ရေးနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ရေးကို တစ်ဦး က လေး စားရေး။
(၂) တစ်ဦးကိုတစ်ဦး မကျူးကျော်ရေး။
(၃) တစ်ဦး၏ပြည်တွင်းရေးရာတွင် တစ်ဦးကဝင်မစွက်ရေး။
(၄) တူညီစွာနှင့် နှစ်ဦးနှစ်ဖက်အကျိုးရှိစွာ ဆက်ဆံရေး။
(၅) ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး။
၁၂။ ကေအိုင်အေများ၏ တောင်းဆိုချက်များမှာ လုံးဝခွဲထွက်ရေးပင်ဖြစ်ပြီး ယင်းတို့ဘက်က လိုက်လျောမှုဟူ၍ တစ်စုံတစ်ရာမျှပင်မရှိခဲ့ပေ။ ထို့အပြင် ဆွေးနွေးပွဲပြုလုပ်နေစဉ်အတွင်း ကေအိုင်အေ ထိပ်သီးခေါင်းဆောင် တစ်ဦးဖြစ်သည့် ဇော်တူးသည် ဗန်းမော်မှကာမိုင်းမြို့နယ်အတွင်း ဝင်ရောက်ကာ ကျေးရွာ အားလုံးလိုလိုကို စည်းရုံးစိုးမိုးထားခဲ့သည်။ ဆွေးနွေးပွဲ ပျက်ပြားသွားသည်နှင့် ကေအိုင်အေ များသည် လူ၊ လက်နက်၊ ခဲယမ်းများကို အပြင်းအထန်စုဆောင်းရာ ၁၉၆၃ ခုနှစ်ကုန်တွင် အင်အား ၂,ဝဝဝ ကျော်ခန့်အထိ တိုးတက်လာသည်။
ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြားပြီးနောက်ပိုင်း ကချင်သောင်းကျန်းသူအဖွဲ့အစည်း၏ အခြေအနေ
၁၃။ ကေအိုင်အေ (ခေါ်) ကချင်သောင်းကျန်းသူများသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမပြုလုပ်မီ ၁၉၆၃ ခုနှစ်နှစ်ဦးပိုင်းတွင် တပ်မဟာ(၁)နှင့်တပ်ရင်း(၆)ရင်းကို လူအင်အား ၁,ဝဝဝ ကျော်ဖြင့် ဖွဲ့စည်းနိုင်ခဲ့ ပြီးဖြစ်သည်။ ဇော်ဒန်ခေါင်းဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က တော်လှန်ရေး ကောင်စီနှင့် ဆွေးနွေးနေစဉ် ကေအိုင်အေများ သည် လူသူစုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ကို တိုးချဲ့၍ ဆောင်ရွက်ခဲ့ကြသည်။ ဆွေးနွေးပွဲကာလတွင် ဇော်တူးသည် ဗန်းမော်နယ်မြေမှ ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ ကျောက်စိမ်းထွက်ရှိရာ ကာမိုင်းမြို့နယ်အတွင်းသို့ ဝင်ရောက်စည်းရုံးစိုးမိုးခဲ့သည်။ ကာမိုင်းမြို့နယ်ရှိ ကျေးရွာအားလုံးလိုလိုသည် ကေအိုင်အေတို့၏ လွှမ်းမိုးမှု အောက်တွင်ရောက် ခဲ့ရသည်။ဆွေးနွေးပွဲပျက်ပြားပြီးနောက် ကေအိုင်အေ တို့သည် လူ၊ လက်နက်နှင့် ခဲယမ်း မီးကျောက်များကို အပြင်းအထန်စုဆောင်းကြလေရာ ၁၉၆၃ ခုနှစ် ကုန်တွင် လူအင်အားမှာ ၂,ဝဝဝ ကျော်အထိ တိုးတက် လာခဲ့ပြီဖြစ်သည်။
၁၄။ ၁၉၆၄ ခုနှစ်၊နှစ်ဦးတွင် ကေအိုင်အေတပ်မဟာ(၂)ကို တိုးချဲ့ဖွဲ့စည်းခဲ့သည်။ တပ်မဟာ(၁)၏ လက်အောက်တွင် တပ်ရင်း(၁)၊ တပ်ရင်း(၂)နှင့် တပ်ရင်း(၅)ကိုစုဖွဲ့ပြီး ဇော်ဆိုင်းက အုပ်ချုပ်သည်။ ဇော်ဆိုင်း၏ တပ်မဟာ(၁)သည် မန်စီမြို့နယ်၊ မွန်ဘာပါကျေးရွာ (အက်စ်အို-၄၈၈၈)တွင် အခြေပြု၍ လှုပ်ရှားသည်။ တပ်မဟာ(၂)တွင်မူ တပ်ရင်း(၃)၊ တပ်ရင်း(၄) နှင့် တပ်ရင်း(၆)တို့ ပါဝင်သည်။ ဇော်တူးက တပ်မဟာ(၂)ကို အုပ်ချုပ်ပြီး မဂျီဘွမ်(အက်စ်-၄၄ဝ၄)တွင် အခြေပြု၍ လှုပ်ရှားသည်။ ထို့အပြင် တပ်ရင်း(၇) ကိုပူတာအိုနယ်မြေတွင် လူအင်အား ၈ဝဝ ခန့်ဖြင့် တိုးချဲ့ဖွဲ့စည်းပြီး ဇော်တူးကပင် တာဝန်ယူ၍ အုပ်ချုပ်ခဲ့ သည်။ တပ်ရင်း(၇)တွင် ဗွီဒီအက်ဖ်(ခေါ်) ကျေးရွာကာကွယ်ရေးတပ်ဖွဲ့ကို အခြေခံ၍ဖွဲ့စည်းခြင်းဖြစ်သည်။ ပြောက်ကျား လှုပ်ရှားမှုအတွက် ရည်ရွယ်ခြင်းဖြစ်သည်။
၁၅။ ဇော်တူးသည် တပ်မဟာ(၂)အား တဖြည်းဖြည်း တိုးချဲ့ဖွဲ့စည်းခဲ့ရာ အင်အား ၁၄ဝဝ ကျော်အထိ တိုးတက်လာပြီး ပူတာအို၊ ချီဖွေ၊ လောခေါင်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကွတ်ခိုင်နယ်မြေများတွင်ဖြန့်ခွဲလှုပ်ရှား၍လာသည်။ ၁၉၆၃ ခုနှစ်၊ ဇွန်လမှ ၁၉၆၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကေအိုင်အေထိပ်သီးခေါင်းဆောင် ညီအစ်ကိုများဖြစ်သောဇော်ဆိုင်း၊ ဇော်ဒန်၊
ဇော်တူး တို့သုံးဦးသည်လည်း ဇော်သုံးဇော်ဟူ၍ နာမည်ကြီး လာကြသည်
၁၆။ တပ်မတော်သည် ကချင်ပြည်နယ်နှင့် ရှမ်း ပြည်နယ်မြောက်ပိုင်းတွင် ရုတ်တရက်အင်အားကြီးထွား ပြီး ဆူပူလှုပ်ရှားလာကြသော ကေအိုင်အေများကို ချေမှုန်းရေးအတွက် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ဆင်ရေးများဖြင့် ဆင်နွှဲတိုက်ခိုက်တော့သည်။ တပ်မတော်က ဆင်နွှဲခဲ့သော စစ်ဆင်ရေးများမှာ အောက်ပါ အတိုင်းဖြစ်သည်-
(က) ဂန့်ဂေါ်စစ်ဆင်ရေး။
(ခ) အောင်မြေစစ်ဆင်ရေး။
(ဂ) ကောင်ရာဘွမ်စစ်ဆင်ရေး။
(ဃ) ခရမ်းစစ်ဆင်ရေး။
၁၇။ တပ်မတော်က ဆင်နွှဲသည့်စစ်ဆင်ရေးအရပ်ရပ်ကြောင့် ၁၉၆၄ ခုနှစ်၊ ဒီဇင်ဘာလမှ ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလအထိ တစ်နှစ်တာကာလအတွင်းတွင် ကေအိုင်အေများမှာ များစွာအထိနာခဲ့ရသည်။ ထိုကာလ အတွင်း ကေအိုင်အေသောင်းကျန်းသူ ၆၉၆ ယောက်ကို အသေမိပြီး ၃၇၇ ယောက်ကို ဒဏ်ရာရစေခဲ့သည်။ ၁ဝ၆၄ ယောက်ကို အရှင်ဖမ်းဆီးရမိပြီး ၂၂၂၃ ယောက် လက်နက်ချခဲ့ကြသည်။ ထို့ကြောင့် ၁၉၆၅ ခုနှစ်မှ ၁၉၆၆ ခုနှစ်၊ နှစ်လယ်ပိုင်းအတွင်း ကချင်သောင်းကျန်းသူလှုပ်ရှားမှုများစွာ ကျဆင်းသွားခဲ့ရတော့သည်။
၁၈။ ကေအိုင်အေလှုပ်ရှားမှုမှာ တပ်မတော်၏ထိုးစစ်များကြောင့် အဘက်ဘက်မှယိုယွင်းကျဆင်းပြီး နာလန်မထူနိုင်တော့သဖြင့် ကေအိုင်အေခေါင်းဆောင်များသည် နည်းအမျိုးမျိုးဖြင့် ကြံဆကြိုးပမ်းကြရသည်။ အိုင်အေဦးစီးချုပ်ဖြစ်သူ ဇော်ဆိုင်းသည် ပြည်ပအကူအညီရရေးအတွက် ထိုင်းနိုင်ငံသို့သွားရောက်ကာ ထိုင်း-မြန်မာနယ်စပ်ထန်ဝိုး(အယ်လ်ယူ-ဝ၅ဝ၅)တွင်အခြေချ၍ ဘိန်း၊ ကျောက်စိမ်းများရောင်းဝယ်ရန် စခန်း ဖွင့်လှစ်ခဲ့ရသည်။ ထိုင်းနိုင်ငံမှတစ်ဆင့် ပြည်ပအကူအညီများရရှိစေရန် ဇော်ဆိုင်း၏ အကြံပေး အရာရှိအဖြစ် ကေအင်(န်)ယူမှ တွဲဖက်ထားသော ဂျီလစ်လင်း (ကချင်အမည်-ဇော်ဘောက်)က ကူညီခဲ့ သည်။ ဇော်ဆိုင်းသည် ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် လွယ်ယားစခန်းမှ ခရီးထွက်သွားခြင်းဖြစ်ပြီး ဗန်ကောက်၊ ဇင်းမယ်၊ ဖော်မိုဆာသို့လှည့်လည်၍ အရှေ့တောင်အာရှစစ်စာချုပ်အဖွဲ့ (SEATO) ၏ အကူအညီရရန် ကြိုးစားခဲ့သည်။ ၁၉၆၆ခုနှစ်အတွင်းမှာပင် ကေအိုင်အေနိုင်ငံခြားဆက်သွယ်ရေးတာဝန်ခံ မရန်ဘရန်ဆိုင်းသည် အိန္ဒိယနိုင်ငံ၏ အကူအညီရယူရေးအတွက် ချောကန်တောင်ကြားဒေသသို့ သုံးလကြာ သွားရောက်ဆွေးနွေးခဲ့သည်။ သို့သော် မအောင်မြင်ခဲ့ပေ။
၁၉။ ၁၉၆၆ ခုနှစ် နှစ်ဦးပိုင်းတွင် တပ်မတော်သည် ဗမာပြည်ကွန်မြူနစ်ပါတီချေမှုန်းရေးအတွက် အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ်ကိုဖွဲ့စည်းရန် ကချင်ပြည်နယ်မှ စစ်ဆင်ရေးတပ်အချို့ကို ထုတ်နုတ်ခဲ့ ရလေရာ ကေအိုင်အေများအတွက် လူသူလက်နက်စုဆောင်းစည်းရုံး၍ ခေါင်းထောင်ထနိုင်ရန် အချိန်ရသွား သည်ဟု ဆိုရ ပေမည်။

ဆက်လက်ဖော်ပြပေးပါမည်………

အစ္စလာမ် ဗလီများအား အင်ဂိုလာ အစိုးရ ဖျက်စီး




Nov 25, 2013



အင်ဂိုလာနိုင်ငံဟာ အစ္စလာမ်ဘာသာကို တားမြစ်ဆန့်ကျင်တဲ့ ကမ္ဘာမှာ ပထမဦးဆုံးသောနိုင်ငံအဖြစ် အခုလို ဗလီတွေကို ဖျက်စီးပစ်ခြင်းဖြင့် ပြသလိုက်တာ ဖြစ်တယ်လို့ ဘာသာရေး ဝက်ဘ်ဆိုဒ်ကြီးတစ်ခုဖြစ်တဲ့http://www.onislam.netအတိအလင်း ဖေါ်ပြလိုက်ပါတယ်...လူ့ အခွင့်အရေးနှင့် တရားရေးဝန်ကြီးဌာန မှထုတ်ပြန်သည့် နောက်ထပ် အမိန့် မထွက်မချင်း ဗလီတွေအားလုံး ပိတ်ထားရမှာဖြစ်တယ် ဟု အင်ဂိုလာ ယဉ်ကျေးမူ့ ဝန်ကြီး ရိုဆာ ခရုဇ် ဆီလ်ဗာက နိုဝင်ဘာ ၂၂ ရက် သောကြာနေ့ ကပြောကြားလိုက်ပါတယ်...ဆက်လက်ပြီး ဝန်ကြီးက အင်ဂိုလာနိုင်ငံရဲ့ ယဉ်ကျေးမူ့  ဓလေ့ ထုံးစံနဲ့ ဆန့် ကျင်တဲ့ ဒီလိုဘာသာရေးအဆောက်အုံတွေကို အလျော့မပေးပဲ မဖြစ်မနေ ဖျက်စီးပြစ်ရမှာဖြစ်တယ် လို့ ထည့်သွင်းပြောကြားသွားခဲ့ပါတယ်.....။ http://www.onislam.net မှသတင်းအား အကျဉ်းချူပ်ဘာသာပြန်ထားခြင်းဖြစ်ပါသည်...မူရင်းသတင်းကိုhttp://www.onislam.net/english/news/africa/466297-angola-bans-islam-destroys-mosques.html မှာသွားရောက် ဖတ်ရူနိုင်ပါသည်......

ပုံ / စနေသား

"ခေတ်" ဟု ဆိုသော်လည်း...






Nov 25, 2013

အခြားသူတွေတော့မသိပါ။ ကျွန်တော်ကတော့ မြန်မာလူမျိုးဖြစ်ရတာ ဒီရေ၊ ဒီမြေမှာ ရှင်သန်ခွင့်ရတာ လွန်စွာ ဂုဏ်ယူမိပါသည်။ လူဖြစ်ရကျိုးနပ်သည်ဟုလည်း ယူဆပါသည်။ ရှင်းပြအံ့။

အလှူရေစက် လက်နဲ့မကွာတဲ့လူမျိုး၊ အိမ်မှာမရှိရင်နေ အလှူအတန်းအတွက် မတွန့်မတို တတ်စွမ်းသမျှ ပါဝင်ကြ။ သဒ္ဒါတရား၊ သဒ္ဒါစိတ်ထားပေါ့၊ ဘယ်လောက်စိတ်ထားမြင့်မြတ်တဲ့ လူမျိုးလဲ။
နောက်တစ်ခု အမျိုးသားရေး၊ ဘာသာရေးနဲ့ပါတ်သက်တဲ့ ပွဲလမ်းသဘင်တွေကိုကြည့်၊ ဆယ့်နှစ်လရာသီပတ်လုံးအတိ၊ ထပ်တာမရှိ။ ဒီလိုဒီလို စိတ်ချမ်းသာစရာ
ပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့တိုင်းပြည်၊ အဖြူစင်ဆုံး၊ အပြုံးအလှပိုင်ရှင်တွေစုဝေးရာ တိုင်းပြည်ပါ။

ခုလည်းဒါနဲ့ပါတ်သက်ပြီး မျက်စိစူးစရာကိစ္စလေးတွေ့လို့ တွေးမိရေးမိတာပါ။ သတင်းတစ်ခုဖတ်လိုက်ရတယ်။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့မှ ၂၄ ရက်နေ့ထိ ဈေးရောင်းပွဲတော်ပြုလုပ်မယ့်သတင်း။ ပိုပြီးစည်ကားအောင် မော်ဒယ်ရှိုးပွဲတွေပါ ထည့်ထားသတဲ့။ ကျင်းပမည့်နေရာက နေပြည်တော်ရဲ့ အထင်ကရ၊ ဘာသာရေးအထွဋ်အမြတ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရဲ့ရှေ့ ရာဇဌာနီလမ်းမကြီးဘေး ဥပ္ပါတသန္တိကွင်းထဲမှာတဲ့။
ကျွန်တော်တွေ့ဖူးတဲ့ မြန်မာနိုင်ငံက မော်ဒယ်ရှိုးပွဲတွေကြည့်လိုက်ရင် တစ်ခုမှမြန်မာမဆန်ပါ။ ကမ္ဘာဆန်သည်ဟုပဲ ဆိုကြပါတော့။ လူမြင်ကွင်းထဲမှာ အပြိုင်အဆိုင် တတ်နိုင်သလောက် ဖော်ထုတ်ပြသနေကြတဲ့ပွဲတွေ၊ ထားပါတော့ မကြည့်ချင်ရင် မသွားရုံပေါ့။ ထားလို့မရတာက ဒီပွဲလုပ်တဲ့နေရာက ဘုရားကြီးရဲ့ ပရ၀ုဏ်တစ်ဝိုက်ဖြစ်နေတယ်။ ဒါတွေနဲ့အတူ အခြားသော အညှီအဟောက်တွေလည်း တရုန်းရုန်းနဲ့ တွေးမိပြီး စိတ်ထဲမသက်မသာ ခံစားမိတယ်။ ပွဲကျင်းပတဲ့လူတွေရော၊ ခွင့်ပြုတဲ့တာဝန်ရှိသူတွေရော ဒါကိုတွေးမိရဲ့လားမသိ။

စတုတ္ထမဏ္ဍိုင်ဆိုတဲ့ လူတွေလည်း ဒါမျိုးတွေ စဉ်းစားမိ၊ တွေးမိပုံမရ၊ ကြော်ငြာသမားလုပ်ဖို့နဲ့ တံဆိပ်ခေါင်းကပ် အရေးအသားတွေနဲ့ တောင်ဖွမြောက်ဖွလုပ်ဖို့လောက်ပဲ ကိုယ့်ဂျာနယ် အစွန်ထုတ်နိုင်ဖို့လောက်ပဲ စိတ်ဝင်စားနေကြတဲ့ပုံပါဘဲ။

အမျိုး ဘာသာ၊ သာသနာအတွက်ပါ။ ကိုယ့်အမျိုးကိုချစ်လို့ပြောတာပါ။ ရေးတာပါ စသည် စသည် ပြောနေ၊ ရေးနေကြတာ ကြားဖူး ဖတ်ဖူးပါသည်။ မဆိုးပါ၊ ခံယူချက်လေးတွေကောင်းပါ၏။သို့သော တစ်ခုတော့ စဉ်းစားကြပါ။ ထုတ်ဝေလိုက်တဲ့ စာအုပ်၊ စာစောင်တွေက ထောင်ဂဏန်းမျှသာ၊ မြန်မာနိုင်ငံက လူဦးရေ သန်း ၆၀၊ ဒါတောင် အချို့စာအုပ်တွေ ဆိုင်ပေါ်မှာ ဖုန်တွေတက်နေတာ အကြာကြီး။ ဆိုလိုတာက စာဖတ်အားရော၊ စာပေဗဟုသုတပိုင်းရော အားနည်းတဲ့လူတွေကြားထဲမှာ အရေးကောင်း၊ အပြောကောင်းဆိုရင် သဘောကျလိုက်တာပဲ။ လက်ခုပ်ထတီးလိုက်တာပဲ။စဉ်းစားချင့်ချိန်နိုင်စွမ်း
နည်းတယ်။ အသိပညာနိုးကြားမလာပဲ ဆူပူလှုံ့ဆော်တဲ့ဘက် ဦးတည်သွားမှာစိုးရ၏။ စတုတ္ထမဏ္ဍိုင်အရေးကြီးပါသည်။

မြန်မာဘောလုံးအသင်း နိုင်ငံတကာ ခြေစမ်းပွဲတွေကန်ပြီး ရလာဒ်တွေကြည့်လိုက်ရင် ၇ ဂိုး ၁ ဂိုး၊ ၈ ဂိုး ၁ ဂိုး စတဲ့ ရလာဒ်ဆိုးတွေနဲ့လည်းပဲ ကြုံနေရတာများပါတယ်။ ဘောလုံးပွဲဆိုတော့ ဂိုးပေါက်ထားပြီး ဘောလုံးတည်ကန်ကြတာဆိုတော့ ဘယ်နှစ်ဂိုးလဲဆိုတာ ရှင်းရှင်းမြင်ရသိရတယ်။ ဆက်တွေးကြည့်ရင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုကအစပေါ့၊ အခြားအခြားသောကဏ္ဍတွေ အားလုံးလည်း ယဉ်ကြည့်ရင် ၈ ဂိုး ၁ ဂိုးပါပဲ။ ဘာသာရေးကတော့ ၈ ဂိုး ၁ ဂိုး အဖြစ်ခံလို့ မရဘူးထင်ရဲ့။

ရွှေမြန်မာတို့ရဲ့ အချို့အချို့သော အဖွဲ့အစည်း အသင်းအပင်းတွေရဲ့အကြောင်းပါ စဉ်းစားရင်း တစ်ခုသွားသတိရမိတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က မီးရထားနဲ့ ခရီးတစ်ခုသွားရင်း ကပ်လျက်ထိုင်ခုံကခရီးသွားတစ်ဦးနဲ့ စကားစပ်မိပြောမိတယ်။

သူက အိမ်မွေး နိုင်ငံခြားဖြစ်ခွေးလေးတွေကို လှည့်လည်ပြီး သင်တန်းပေးတဲ့သူတစ်ယောက်ပါ။ ထိုင်၊ ထ၊ ၀ပ်၊ ပြေး၊ ပစ္စည်းကောက် စသည်ဖြင့်ပေါ့။ ကျွန်တော်ကမေးကြည့်တယ်။ ကျွန်တော်တို့ ပြည်တွင်းဖြစ်မြန်မာခွေးတွေရော သင်လို့မရဘူးလားလို့...ဆိုတော့..ရတယ်ဗျ။ ဒါပေမယ့် အချိန်ပေးရမယ်၊ မျိုးဆက်ပွားယူရမယ်တဲ့။ နားမရှင်းလို့ ဘယ်လိုမျိုးလဲဆိုတော့.. ခင်ဗျားအိမ်မှာ မြန်မာခွေး အထီးအမတစ်စုံကို ခြံနဲ့ စနစ်တကျမွေးပါ။ သူတို့ကနေ ပေါက်ဖွားလာမယ့် အထီး အမလေးတွေကိုလည်း ဒီအတိုင်း သီးသန့်မွေးကျွေး၊ စနစ်တကျလှောင်ထား။ နောက်တစ်ဆင့်၊ နောက်တစ်ဆင့်စသဖြင့်ပေါ့။ ၃ ဆက်လောက်အထိ မျိုးပွား သန့်စင်ပြီးမှ စတင် လေ့ကျင့်သင်ကြားပေးနိုင်ပါပြီတဲ့။ တဖြည်းဖြည်း နိုင်ငံတကာအဆင့်မီအောင်ပေါ့။

ရိုင်းတယ်လို့မထင်စေချင်ပါ။ ကျွန်တော်တို့ အချို့အချို့သော အသင်း၊ အဖွဲ့တွေကိုလည်း ပိုးမွေးသလိုမွေးလို့မရ၊ ခွေးမွေးသလိုမွေးရမယ်ထင်တယ်။ ကမ္ဘာကျော်ဘောလုံးသမားလေး
ဒေါ်လာသန်းရာဂဏန်းနီးပါးတန်ကြေးရှိ ခြေစွမ်းပိုင်ရှင် ပေါ်တူဂီနိုင်ငံသား ရော်နယ်လ်ဒိုဟာ ငွေကြေးကြောင့်ခြေစွမ်းထက်မြက်တာလား၊ ခြေစွမ်းထက်မြက်လို့ ငွေကြေးဖြစ်တာလား စဉ်းစားမိကြမှာပါ။ဘယ်သူ့မှ လွှဲမချကြပါနဲ့။အမျိုး၊ ဘာသာ ၊သာသနာအတွက် ခေတ်မှီ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးအတွက် ပြိုင်တူတွန်းမှ ရွှေ့မှာပါ။သင်ရော ၈ ဂိုး ၁ ဂိုး ဖြစ်ချင်ပါသလား။

မျိုးချစ်မောင်

မန္တလေးမြို့တွင် ၀က်နားရွက်ပြာရောဂါ လက္ခဏာနှင့် မွေးမြူရေးဝက်များ သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိ



မန္တလေးမြို့တောင်ပိုင်း ချမ်းမြသာစည် မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်အတွင်း၌ ယခုရက်ပိုင်းအတွင်း မွေးမြူရေးဝက်များ ၀က်နားရွက်ပြာရောဂါ လက္ခဏာနှင့် သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း တိရစ္ဆာန်မွေးကု ဆရာဝန်များထံမှ သိရသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ အောင်သာယာ၊ မြရည်နန္ဒာနှင့် သင်ပန်းကုန်းရပ်ကွက်များ၌ ၀က်များဖျားနာမှုဖြစ်ကာ ဖျားနာသည့် ၀က် ၅၀ ရာခိုင်နှုန်းခန့် သေဆုံးနေကြောင်း သိရသည်။

"အခုရက်ပိုင်း မွေးမြူရေးဝက်တွေဖျားပြီး အသေအပျောက် များတယ်။ ရောဂါလက္ခာတွေအရ ၀က်နားရွက်ပြာ ဖြစ်ပွားသလိုမျိုးနဲ့ သေဆုံးပြီး ၀က် ၁၀ ကောင်ဖျားရင် ၅ ကောင် သေတယ်။ လေးလသား၊ ငါးလသားအောက် ၀က်တွေအသေများတယ်။ မျိုးနဲ့ဝက်မကြီးတွေဆိုရင် ဖျားပြီးသားလျှောမှုတွေ အဖြစ်များတယ်။ ဖြစ်ခါစ နှစ်တွေတုန်းက ၁၀ ကောင်ဖျားရင် ၉ ကောင် သေတယ်။ အခုလောလောဆယ် အဲ့လောက်ထိ အသေအပျောက် မများသေးပေမယ့် သေဆုံးမှုတွေ ဖြစ်ပေါ်နေတာကိုတော့ သက်ဆိုင်ရာ ဌာနတွေကနေ ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ပြီး ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်ပေးသင့် ပါတယ်" ဟု ချမ်းမြသာစည် ရပ်ကွက်မှ တိရစ္ဆာန်ဆေးကု ဆရာဝန် တစ်ဦးက ပြောကြားသည်။

ဝက်နားရွက်ပြာ ရောဂါသည် ဆောင်းရာသီ ကာလတွင် ဖြစ်ပွားမှုများပြီး ကာကွယ်ရေး လုပ်ငန်းများ အနေဖြင့် ၀က်ခြံအနီးတစ်ဝိုက် ပိုးသတ်ဆေး ဖျန်းခြင်းများ ပြုလုပ်နိုင်ကြောင်း၊ လက်ရှိတွင် ဖျားနာသည့်ဝက်များ ဆေးကုသပေးရာတွင် ဖြစ်ပွားသည့် ရောဂါလက္ခဏာ အခြေအနေပေါ် မူတည်ကာ ကုသပေးနေရကြောင်း၊ သေဆုံးသည့် ၀က်အများစုမှာ အဖျားဝင်ကာ မျက်နှာရောင်ရမ်းခြင်း၊ နားရွက်ပြာလာခြင်းများ ဖြစ်ပေါ်ကာ သေဆုံးလျက်ရှိပြီး အချို့ဝက်များမှာ နားရွက်ပြာခြင်း မရှိဘဲ တစ်ကိုယ်လုံး၌ အပြာကွက်များ ဖြစ်ပေါ်ကာ သေဆုံးကြောင်း သိရသည်။

"တောင်မြို့ဘက်မှာလည်း ၀က်တွေသေတယ်လို့ ကြားတယ်။ ကျွန်တော့ ခြံမှာတော့ မဖြစ်သေးပါဘူး။ အရင်တစ်ခါ ဖြစ်တုန်းကလည်း သက်ဆိုင်ရာ ဌာနတွေ အနေနဲ့ စစ်ဆေးပြီး လာရောက်ကုသမှု ပေးတာတွေ မရှိပါဘူး။ ဖြစ်ရင်ကိုယ်တိုင်ပဲ နီးစပ်ရာ တိရစ္ဆာန် ဆေးကုဆရာဝန်ကိုပင့်ပြီး ကုသရတယ်" ဟု သင်ပန်းကုန်းရပ်မှ ၀က်မွေးမြူသူ ဦးစိုးမိုးအောင်က ပြောကြားသည်။

မန္တလေးမြို့ရှိ ၀က်မွေးမြူရေးခြံတစ်ခြံအား တွေ့ရစဉ်
EMG

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်၏ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၄၇၂၀၀ ကျော် သုံးစွဲရန် လျာထား




၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော်၏ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၄၇၂၀၀ ကျော် အသုံးပြုရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အသုံးစရိတ် လျာထားချက်အရ သိရသည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အနေဖြင့် ရငွေစုစုပေါင်း ၂၃၃ ဘီလျံကျော် ရရှိမည်ဟု ရည်မှန်းထားပြီး ယင်းအထဲမှ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၄၇၂၀၀ ကျော် (ကျပ် ၄၇ ဘီလျံကျော်) သုံးစွဲရန် လျာထားခြင်းဖြစ်သည်။

လမ်းတံတားဆိုင်ရာ လုပ်ငန်းများတွင် လမ်းများကတ္တရာခင်းခြင်း၊ တံတားများ တည်ဆောက်ခြင်း၊ မြို့တော် အဆင့်မြင့် လမ်းတံတား လုပ်ငန်းများ၊ လမ်းသားတိုးမြှင့်ပေးခြင်းနှင့် လမ်းများ ကွန်ကရစ်ခင်းခြင်း၊ စင်္ကြံအသစ်များ တည်ဆောက်ခြင်း လုပ်ငန်းများ ပါဝင်ကြောင်း သိရသည်။

လမ်းများ ကတ္တရာခင်းခြင်း လုပ်ငန်းတွင် လုပ်ငန်း ၃၁ ခုအတွက် ငွေကျပ်သန်းပေါင်း ၇၂၆၀ ကျော် အသုံးပြု သွားမည်ဖြစ်ပြီး တံတားများ တည်ဆောက်ခြင်း လုပ်ငန်းတွင် လုပ်ငန်းငါးခုအတွက် ငွေကျပ်သန်းပေါင်း ၅၈၀ ကျော် အသုံးပြုမည်ဖြစ်ကြောင်း၊ မြို့တော်အဆင့်မြင့် လမ်းတံတား လုပ်ငန်းတွင် လုပ်ငန်းပေါင်း ၉၆ ခုအတွက် ငွေကျပ်သန်းပေါင်း ၃၀၅၃၂ ကျော် အသုံးပြုမည်ဖြစ်ပြီး လမ်းသားများ တိုးမြှင့်ခြင်းနှင့် လမ်းများကွန်ကရစ် ခင်းခြင်း လုပ်ငန်းပေါင်း ၂၁၄ ခုအတွက် ငွေကျပ်သန်းပေါင်း ၈၁၀၀ ကျော် အသုံးပြုမည်ဖြစ်ကာ စင်္ကြံအသစ်များ တည်ဆောက်ရေးအတွက် ငွေကျပ်သန်းပေါင်း ၇၆၀ ကျော် စုစုပေါင်း ငွေကျပ်သန်းပေါင်း ၄၇၂၀၀ ကျော် အသုံးပြုရန် လျာထားသည်။

ထို့ပြင် နှစ်စဉ်မိုးရာသီရောက်တိုင်း ရေကြီးရေလျှံနေမှု ဖြစ်ပွားနေသော ရန်ကုန်မြို့တော်၏ ရေစီးရေလာ ကောင်းမွန်ရေးအတွက် မဖြစ်မနေ ပြုလုပ်ရန် လိုအပ်သည့် ရေမြောင်းများ တည်ဆောက်ရေး လုပ်ငန်းအတွက် ငွေကျပ်သန်းပေါင်း ၂၀၇၀ ကျော် အသုံးပြုရန်လည်း လျာထားသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ရန်ကုန်မြို့၏ လမ်းတံတားဆိုင်ရာ လုပ်ငန်းများအတွက် ငွေကျပ်သန်းပေါင်း ၃၅,၀၀၀ ကျော် သုံးစွဲရန် လျာထားခဲ့ပြီး ယာဉ်ကြောပိတ်ဆို့မှုများ ပြေလည်စေရန် ထည့်သွင်းတည်ဆောက်သည့် လှည်းတန်းခုံးကျော်တံတား၊ ဘုရင့်နောင် ခုံးကျော်တံတားနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားများအတွက် ဘဏ္ဍာငွေများလည်း ပါဝင်ခဲ့သည်။

ရန်ကုန်မြို့တော်တွင် ယာဉ်အစီးရေ တိုးပွားလာမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားနေပြီး ယင်းအတွက် လမ်းများတိုးချဲ့ခြင်း၊ ခုံးကျော်တံတားများ တည်ဆောက်ခြင်း၊ ကားရပ်နားရန် နေရာများ မဖြစ်မနေ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း သိရသည်။

ယခုနှစ် မိုးတွင်း၌ ရန်ကုန်မြို့ တာမွေမြို့နယ်အတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ်
EMG

ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွာ ခန်းမဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် စတင်မည်



ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးဝင်းကို၏ ပြောကြားချက်အရ သိရသည်။

"ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို အပြီးဖြိုချပြီး အသစ်တည်ဆောက်တာကို ၂၀၁၄ ဇန်န၀ါရီမှာ စတင်လုပ်ဆောင် သွားမှာပါ။ ပြည်တွင်းခရီးသည် ထွက်ခွာဆောင်ကို ဖြိုချပြီး အသစ်တည်ဆောက်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်ကို ပြည်တွင်းခရီးသည် ထွက်ခွာဆောင်အဖြစ် အသုံးပြုသွားမှာပါ" ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောပါသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်ပြီး တည်ဆောက်ရေးကာလ ၁၈ လ (တစ်နှစ်ခွဲ)အတွင်း အပြီးတည်ဆောက် ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ ၀င်ထွက်အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် နိုင်သော်လည်း လူနေအိမ်ခြေများ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် စသည့် လေဆိပ်ဧရိယာ တိုးချဲ့ရာတွင် အသုံးပြုမရသည့် မြေဧရိယာများကြောင့် တစ်နှစ်လျှင် ခရီးသည် ခြောက်သန်း အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လက်ရှိခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်းရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည်ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Services ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီး၊ အဆိုပါ ကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သစ် အဆောက်အုံ တည်ဆောက်နေစဉ် ကာလအတွင်း ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် အသုံးပြုမည့် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်အား ၁၉၉၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၈၊ ၁၈၈ ပေ ကျယ်ဝန်းကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လေဆိပ်အဆောက်အုံသစ်အား တည်ဆောက်ရာတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်ကိုသာ ဖြိုချ၍ အသစ်တည်ဆောက် သွားမည်ဖြစ်ပြီး၊ ပြည်ပခရီးသည် ဆိုက်ရောက်ထွက်ခွာ ဆောင်ကိုမူ လက်ရှိအတိုင်း ထားရှိသွားမည်ဟု သိရသည်။

ရန်ကုန် ပြည်တွင်းဆိုက်ရောက်ထွက်ခွာ လေဆိပ်ဝင်းအား တွေ့ရစဉ်
EMG

ရန်ကုန်တိုင်း ဒေသကြီး၌ နှစ်လအတွင်း ခိုးမှု ၁၂၄ မှု ဖြစ်ပွားခဲ့ပြီး ၄၄ မှုမှ ကျူးလွန်သူများ ဖမ်းမမိသေး



ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ နှစ်လအတွင်း ခိုးမှုဖြစ်စဉ် ၁၂၄ မှု ဖြစ်ပွားခဲ့ပြီး ဖြစ်စဉ် ၈၀ မှုမှ ကျူးလွန်သူများကို ဖော်ထုတ်နိုင်ခဲ့သော်လည်း ဖြစ်စဉ် ၄၄ မှုမှ ကျူးလွန်သူများကို စစ်ဆေးနေဆဲဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် ခိုးမှုဖြစ်စဉ် ၄၄ မှုမှ ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်နိုင်ရန် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

၂၀၁၃ ခုနှစ် စက်တင်ဘာအတွင်း ခိုးမှု ၇၉ မှု ဖြစ်ပွားခဲ့ပြီး ၃၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း၊ အောက်တိုဘာ၌ ခိုးမှုဖြစ်စဉ် ၈၄ မှု ဖြစ်ပွားခဲ့ပြီး ၄၅ မှုအား ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

"ခိုးမှုဖြစ်စဉ်တွေထဲက ဖြစ်စဉ်အများစုရဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဖော်ထုတ်နေဆဲ ဖြစ်စဉ်တွေရဲ့ ကျူးလွန်သူတွေကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ မျက်ခြည်မပြတ် စောင့်ကြည့်စစ်ဆေးနေတယ်။ ဒါ့အပြင် ဖမ်းဆီးရမိခဲ့တဲ့ ကျူးလွန်သူတွေကိုလည်း အရင်ခိုးမှုတွေ ကျူးလွန်ခဲ့ခြင်း ရှိမရှိကိုလည်း စစ်ဆေးနေပါတယ်။ ပြည်သူတွေကိုလည်း အသိပညာပေးမှုတွေ လုပ်ဆောင်နေပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ၀င်းကြည်က နိုဝင်ဘာ ၂၃ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဆက်လက်၍ "တချို့ ခိုးမှုဖြစ်စဉ်တွေမှာဆိုရင် အိမ်တံခါးကို ဖွင့်ထားလို့ အိပ်နေတုန်းမှာ ၀င်ခိုးခံရတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်။ နောက်ပြီးတော့ တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကိုလည်း ပေါ့ပေါ့တန်တန်ထားလို့ အခိုးခံရတဲ့ ဖြစ်စဉ်တွေလည်း ရှိပါတယ်။ ဒါကြောင့် မိမိရဲ့အိမ်ကို မိမိက လုံခြုံစွာ တံခါးပိတ်ဖို့ လိုအပ်သလို တန်ဖိုးကြီးတဲ့ ပစ္စည်းတွေကိုလည်း စနစ်တကျ သိမ်းဆည်းထားဖို့လို အပ်ပါတယ်။ အကယ်၍ ခိုးမှုဖြစ်ပွား ခဲ့ရင်လည်း သက်ဆိုင်ရာ ရဲစခန်းကို အမြန်ဆုံး အကြောင်းကြားဖို့ လိုအပ်ပါတယ်" ဟု ဒုတိယရဲမှူးကြီး ၀င်းကြည်က သုံးသပ်ပြောကြားသည်။

ခိုးမှုဖြစ်စဉ် ကျူးလွန်ခံရသည့် ကာယကံရှင် အချို့က အချိန်၊ ငွေကြေးနှင့် အခြားအလုပ်များ ရှုပ်မည့်အတွက်ကြောင့် သက်ဆိုင်ရာသို့ တိုင်ကြားခြင်း မရှိသည့် ဖြစ်စဉ်များ ရှိနေကြောင်း ခိုးမှုဖြစ်စဉ် ကြုံတွေ့ခဲ့ရသည့် ကာယကံရှင် အချို့ထံမှ သိရသည်။

ယင်းကဲ့သို့ ခိုးမှုကျူးလွန် ခံရသည်ကို သက်ဆိုင်ရာကို တိုင်ကြားခြင်း မရှိခြင်းကြောင့် ခိုးမှုကျူးလွန်သူများက မကြာခဏ ထပ်မံကျူးလွန် နိုင်သည့်အပြင် အိမ်ရှင်နှင့် ခိုးမှုကျူးလွန်သူတို့ ထိပ်တိုက်တွေ့ဆုံသည့် အခါတွင်လည်း မလိုလားအပ်သည့် အသက်ဆုံးရှုံးမှု ဖြစ်စဉ်များ ဖြစ်ပွားနေကြောင်း သိရသည်။

နိုဝင်ဘာ ၅ ရက်က ပုဇွန်တောင်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ခိုးမှုဖြစ်စဉ်မှ သက်သေခံ ပစ္စည်းများ (ဓာတ်ပုံ-Yangon Police)
EMG

ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းအဖွဲ့ ၁၈ ဖွဲ့၏ ဆွေးနွေးအကြံပြု ချက်များအား လွှတ်တော်သို့ ဇန်န၀ါရီလအတွင်း တင်သွင်းမည်



မြန်မာနိုင်ငံ၏ ပညာရေး မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများကို အနီးကပ် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ဆောင်ရွက်မှုများ ပြုလုပ်ရန် ဖွဲ့စည်းထားသည့် ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းအဖွဲ့ ၁၈ ဖွဲ့၏ ဆွေးနွေးအကြံပြုချက်များအား လွှတ်တော်သို့ ဇန်န၀ါရီလအတွင်း တင်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီအား ၂၀၁၃ ခုနှစ် အောက်တိုဘာလ အတွင်းက အဖွဲ့ဝင် ၄၃ ဦး ပါဝင်သည့် အထူးတာဝန်ပေးအဖွဲ့ (Task Force) နှင့် ပညာရှင် ၃၄ ဦး ပါဝင်သည့် အကြံပေးအဖွဲ့ (Advisory Board) တို့ဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

"ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက နေပြီးတော့ ဆွေးနွေးလို့ရတဲ့ ရလဒ်တွေကို ဇန်န၀ါရီလအတွင်း လွှတ်တော်မှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ လက်ရှိ ကျင်းပနေတဲ့ အစည်းအဝေး တစ်ခုချင်းစီရဲ့ ရလဒ်တွေကို သမ္မတကြီး ကိုယ်တိုင်ကလည်း အလွန်စိတ်ဝင်စားတဲ့အတွက် အစီရင်ခံ တင်ပြထားပါတယ်" ဟု အဆင့်မြင့်ပညာ ဦးစီးဌာန(အောက်မြန်မာပြည်) မှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောကြားသည်။

အဆိုပါ ကော်မတီတွင် မူကြိုပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဘုန်းတော်ကြီးသင် ပညာရေးနှင့် ပညာရေး လုပ်ငန်းများ ဆောင်ရွက်သည့် ဘာသာရေး အဖွဲ့အစည်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အခြေခံ ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဆရာအတတ် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကလေးဗဟိုပြု ချဉ်းကပ်သင်ယူနည်းဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကျောင်းပြင်ပနှင့် လူတိုင်းအကျုံးဝင် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ဥပဒေ ပြုစုရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ စီမံခန့်ခွဲမှုဆိုင်ရာ အရည်အသွေး မြှင့်တင်ရေး လုပ်ငန်းအဖွဲ့၊ ၀န်ထမ်းစွမ်းရည် မြှင့်တင်ရေးနှင့် စွမ်းဆောင်ရည် အကဲဖြတ်ရေး လုပ်ငန်းအဖွဲ့၊ လက်တွေ့အသုံးချ သုတေသန လုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ရေး လုပ်ငန်းအဖွဲ့၊ ပညာရပ်ဆိုင်ရာ ရုပ်ပတ်ဝန်းကျင်ကောင်းများ ကြီးကြပ်ဖြည့်ဆည်းရေး လုပ်ငန်းအဖွဲ့၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာ လုပ်ငန်းအဖွဲ့ (အဆင့်မြင့်)၊ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာဆိုင်ရာ လုပ်ငန်းအဖွဲ့ (အခြေခံ)၊ အဆင့်မြင့် ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ အသက်မွေးဝမ်းကျောင်း ပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောပညာရေးဆိုင်ရာ လုပ်ငန်းအဖွဲ့၊ သတင်းအတတ် နည်းပညာနှင့် ဆက်သွယ်ရေး ပညာဆိုင်ရာ လုပ်ငန်းအဖွဲ့တို့ ပါဝင်ပြီး သက်ဆိုင်ရာ အဖွဲ့အသီးသီးအလိုက် ပညာရေး မြှင့်တင်မှုဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးလျက် ရှိသည်။

ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ လုပ်ငန်းအဖွဲ့များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးနေကြစဉ်
EMG

ကလေးသူငယ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် အသိပညာပေး စကားများကို Transit Media ဖြင့် ပထမဆုံးအကြိမ် စတင်လုပ်ဆောင်



မိခင်မှတစ်ဆင့် ကလေးငယ်များအပေါ် ကူးစက်တတ်သည့် ကူးစက်ရောဂါများ၊ အာဟာရဖြည့်စွက် စားသောက်နည်း ပုံစံများ အပါအ၀င် ကလေးသူငယ် ရှင်သန်ဖွံ့ဖြိုးရေးအတွက် အသိပညာပေး စကားများကို Transit Media (ရွေ့လျားအသိပညာပေး) အစီအစဉ်ဖြင့် ပထမဆုံးအကြိမ် စတင်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်ကို ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ ယူနီဆက်(ဖ်) မှ အဓိက ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ကျန်းမာရေး ၀န်ကြီးဌာန၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေ အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် တိုင်းဒေသကြီးများ အပါအ၀င် ကရင်၊ မွန်နှင့် ရခိုင်ပြည်နယ်များတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

"အသိပညာပေး စာတွေကို ဘတ်(စ်)ကားကြီး သုံးစီး၊ တက္ကစီ ၁၀ စီး၊ ဆိုက်ကားအစီး ၂၈၀ အပြင် မြေစိုက်ဆိုင်းဘုတ် ၄၄ ခုထောင်ပြီး အခုကစ လုပ်ဆောင်ထားပါတယ်။ ဒီလို အစီအစဉ်တွေကို လုပ်ဆောင်ရတာက အိတ်ခ်ျအိုင်ဗွီနဲ့ ပတ်သက်လို့ မိခင်ကနေ ကလေးကို မကူးစက်အောင်၊ မိခင်နို့ တစ်မျိုးတည်းကိုပဲ ခြောက်လအထိ တိုက်ကျွေးဖို့တို့၊ ခြောက်လကျော်သွားရင် ဖြည့်စွက်အစားအစာကျွေးဖို့၊ ကာကွယ်ဆေးထိုးဖို့ စတဲ့မက်ဆေ့တွေကို ပြည်သူလူထုထဲ ကျယ်ကျယ်ပြန့်ပြန့် ရောက်ချင်တဲ့အတွက် ဒီနည်းလမ်းကို အသုံးပြုတာပါ။ ကလေးတွေနဲ့ ပတ်သက်လို့ကတော့ ပထမဆုံးအကြိမ် လုပ်တာပါ" ဟု ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုကျန်းမာရေး ပညာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာလှမြသွေးအိန္ဒြာက ဆိုသည်။

အသိပညာပေး စကားများအနက် အသက်ခြောက်လ ပြည့်သည့်အခါတွင် ကလေးအား မိခင်နို့နှင့်အတူ အခြားသော အာဟာရကို ဖြည့်စွက်ကျွေးပါ။ အစားအစာမျိုးစုံကို လုံလုံလောက်လောက် ကျွေးပါ။ အသက်ခြောက်လမှ နှစ်နှစ်အရွယ် ကလေးများကို တစ်နေ့လျှင် နှစ်ကြိမ်မှ လေးကြိမ်အထက် အစာကျွေးပါ။ ဘေးဥပဒ်ကင်းအောင် သန့်ရှင်းစွာ ပြင်ဆင်ချက်ပြုတ်၍ ကျွေးပါ။ ဖြည့်စွက်စာကျွေးရင်း မိခင်နို့ကို ကလေး၏ အသက်နှစ်နှစ်အရွယ်အထိ ဆက်၍တိုက်ပါ စသည့် အသိပေး စကားများအပြင် ပုံမှန်ကာကွယ်ဆေး ထိုးရမည့် အစီအစဉ်များကိုလည်း ထည့်သွင်းရေးသား ဖော်ပြထားကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ အသက်ငါးနှစ်အောက် ကလေးစုစုပေါင်း၏ ၃၅ ဒသမ ၁ ရာခိုင်နှုန်း (ကလေးသူငယ် ၂ ဒသမ ၅ သန်း) မှာ ကာလကြာရှည် ခံစားရသည့် အာဟာရချို့တဲ့မှု ဖြစ်နေပြီး ယင်းတို့အနက်မှ ရှစ်ရာခိုင်နှုန်းမှာ ပြင်းထန်အာဟာရ ချို့တဲ့မှုကြောင့် သေဆုံးနေရကြောင်းနှင့် အာဟာရ နိမ့်ကျခြင်းသည် ကလေးသူငယ်များ၏ ကျန်းမာရေး၊ ကာယဥာဏနှင့် ကာယဗလ ဖွံ့ဖြိုးမှုကို ထိခိုက်မှု ဖြစ်စေကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ယူနီဆက်(ဖ်)က ထုတ်ပြန်ခဲ့သည်။

ကလေးသူငယ် ရှင်သန်ဖွံ့ဖြိုးရေး အသိပညာပေး စကားများ ရေးသားဖော်ပြထားသည့် တက္ကစီယာဉ်များအား တွေ့ရစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
EMG

တရုတ်-ဂျပန်၊ တရုတ်-အမေရိကန် အားပြိုင်မှုများအကြား အာဆီယံဥက္ကဋ္ဌ တာဝန်ယူရမည့် မြန်မာနိုင်ငံ ကြားညပ်ကာ မြေစာပင် မဖြစ်ရန် လိုအပ်



၂၀၁၄ ခုနှစ် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးတာဝန် လက်ခံရယူမည့် မြန်မာနိုင်ငံ အနေနှင့် ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံများဖြစ်သည့် တရုတ်-ဂျပန်၊ တရုတ်-အမေရိကန် အားပြိုင်မှုများအကြား ကြားညပ်ကာ မြေစာပင် ဖြစ်မသွားရန် လိုအပ်ကြောင်း ရန်ကုန်မြို့ရှိ ကုန်သည်စက်မှု အသင်းချုပ်တွင် ဒုတိယအကြိမ် ပြုလုပ်သည့် အာဆီယံ စကားဝိုင်းတွင် တက်ရောက်ဆွေးနွေးသည့် ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဂျာမနီနိုင်ငံ ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းတို့ ပြုလုပ်သည့် ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌ ရာထူးအတွက် အကြိုဆွေးနွေးသည့် ဒုတိယအကြိမ် အာဆီယံ စကားဝိုင်းကို နိုဝင်ဘာ ၂၂ ရက်၊ ၂၃ ရက်နေ့များတွင် ကျင်းပခဲ့ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကုန်သည်စက်မှု အသင်းချုပ် ဥက္ကဋ္ဌ၊ ဟန်းဆိုင်ဒယ် ဖောင်ဒေးရှင်းမှ Mr. Achim Munz နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌရာထူး ရယူချိန်တွင် အမေရိကန် နိုင်ငံမှ စိတ်ဝင်စားမှု ရှိနေသည့် အရှေ့အလယ်ပိုင်း၊ ပစိဖိတ်ဒေသ တောင်ပိုင်း၊ အရှေ့တောင်အာရှ၊ အရှေ့မြောက်အာရှနှင့် မြောက်အမေရိက ဈေးကွက်များအား အဓိက ချိတ်ဆက်ထားသည့် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းတစ်ခု ဖြစ်နေသည့် တောင်တရုတ် ပင်လယ်အရေး ဆွေးနွေးရန် တရုတ်နိုင်ငံမှ သဘောတူညီမှုနှင့် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ မြှုပ်နှံလာနေပြီး တရုတ်နိုင်ငံနှင့် ကျွန်းစုပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားမှု ဖြစ်နေသည့် ဂျပန်နိုင်ငံအကြား အားပြိုင်မှုများ ရှိလာနိုင်သည့်အတွက် ပညာရှင်များက ယခုလို မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။

"တရုတ်နိုင်ငံက ဖိအားပေးရင် ဘယ်လိုလုပ်မလဲဆိုတော့ ဘရူနိုင်းကို အတုယူရမယ်။ ရေပိုင်နက် အငြင်းပွားမှုတွေ ဖြစ်နေတဲ့ အာဆီယံ လေးနိုင်ငံနဲ့ ထိတွေ့ရမယ်။ တရုတ်နိုင်ငံနဲ့လည်း ထိတွေ့ရမယ်။ အမေရိကန် အပါအ၀င် သက်ဆိုင်တဲ့နိုင်ငံ အားလုံးနဲ့ ထိတွေ့ပြီး ဒီပလိုမေစီကို ကျင့်သုံးရမယ်။ တရုတ်ကိုတော့ ဆန့်ကျင်လို့ မရဘူး။ ပြီးတော့ ဒီပြဿနာတွေက ၁၀ နှစ်၊ နှစ် ၂၀ နဲ့ ဖြေရှင်းလို့ မရတဲ့ ပြဿနာတွေဆိုတော့ လိမ္မာပါးနပ်စွာနဲ့ ဖြေရှင်းရမယ်။ ထိန်းထိန်းသိမ်းသိမ်း လုပ်ရပါမယ်" ဟု နိုင်ငံခြားရေး ၀န်ကြီးဌာန၊ အာဆီယံရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးအောင်ထူးက ပြောကြားသည်။

အာဆီယံဥက္ကဋ္ဌ ရာထူးတာဝန်အား ကမ္ဘောဒီးယားနိုင်ငံ ရယူစဉ်က တောင်တရုတ် ပင်လယ်နှင့် ဆက်နွှယ်ပြီး အာဆီယံ ၀န်ကြီးများ သဘောတူညီမှုဖြင့် ထုတ်ပြန်သည့် ထုတ်ပြန်ချက်အား တရုတ်နိုင်ငံ၏ ဖိအားပေးမှုကြောင့် ထုတ်ပြန်နိုင်မှု မရှိခဲ့ကြောင်း သိရသည်။ ကျန်အာဆီယံ ကိုးနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ဆက်ဆံမှုများကြောင့် တရုတ်နိုင်ငံ၏ ဖိအားပေးမှုများ ရှိလာနိုင်သည်ကို ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဆက်နွှယ်နေသည့် မြန်မာမဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာရေး သိပ္ပံမှ အဖွဲ့ဝင် ဦးကြီးမြင့်က ပြောကြားသည်။

"ကျွန်မတို့ နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံ မဟုတ်ပါဘူး။ ဒီအတွက် ကမ္ဘောဒီးယား နိုင်ငံလို ဖိအားပေးမှုခံမှာ မဟုတ်သလို အားပြိုင်မှုတွေကြား ညပ်တာမျိုးလည်း အဖြစ်မခံနိုင်ပါဘူး" ဟု ဒေါ်မိုးသူဇာက ဆိုသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွင် ပုံရိပ်ဆိုးများ ရှိနေသော်လည်း အများဆုံး မြှုပ်နှံထားသည့် တရုတ်နိုင်ငံနှင့် အသွင်ကူးပြောင်းမှု ပြုလုပ်နေသည့် မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုမှ ပိတ်ဆို့မှုအချို့ ထားရှိသော်လည်း စီးပွားရေး ပူးပေါင်းမှု ဆိုင်ရာများ စတင်ပြုလုပ်လာခြင်း၊ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများ စတင်လုပ်ဆောင်လာသည့် ဂျပန်နိုင်ငံတို့နှင့် သုံးပွင့်ဆိုင် အားပြိုင်မှုများမှာ မြန်မာနိုင်ငံ၏ ဘက်မလိုက် မူဝါဒနျင့် လက်ရှိအနေအထားများအရ စီးပွားရေး ထိခိုက်မှုများ ကြုံတွေ့လာနိုင်မည် မဟုတ်ဘဲ အကောင်းဆုံး ကျော်ဖြတ်နိုင်ဖွယ်ရှိကြောင်း ကုန်သည်စက်မှု အသင်းချုပ်မှ ဦးဝင်းအောင်က သုံးသပ်ပြောကြားသည်။

"အမေရိကန်သမ္မတ အိုဘားမား လက်ထက်မှာ အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ်အရေး စိတ်ဝင်စားမှုကြောင့် တရုတ်နဲ့ အမေရိကန် အားပြိုင်မှုတွေ အကြားမှာ အာဆီယံ နစ်မြုပ်သွားမလား စိုးရိမ်နေကြတယ်။ အင်အားကြီး အမေရိကန်နဲ့ တရုတ်အားပြိုင်မှုမှာ အာဆီယံမြေစာ ဖြစ်မသွားဖို့ လိုတယ်။ မြန်မာနိုင်ငံ အနေနဲ့ အကိုင်အတွယ် မှားသွားရင် အာဆီယံ ညီညွတ်မှု ပျက်ပြားသွားနိုင်တယ်" ဟု ဦးကြီးမြင့်က ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူချိန်တွင် ကိုင်တွယ်လုပ်ဆောင်ရမည့် ကိစ္စရပ်များမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးကို သတ်မှတ်ရည်မှန်းချက် ပြည့်မီအောင် ဆောင်ရွက်ရေး၊ အာဆီယံ အဖွဲ့ဝင် နိုင်ငံများအကြား တစ်ကြိမ်မျှ ပြန်လည်သုံးသပ်ရခြင်း မရှိသေးသော ASPC (ASEAN Political Security Community)ကို သုံးသပ်ခြင်း၊ ရာခိုင်နှုန်း ၈၀ ခန့် ပြီးစီးနေပြီဖြစ်သော အာဆီယံ စီးပွားရေး အသိုက်အမြုံ မျှော်မှန်းချက်မှ ကျန်ရှိနေသည်များကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ASCC(ASEAN Socio Cul tural Community) သုံးသပ်ချက်များကို ဆွေးနွေးခြင်း၊ ပုဂ္ဂလိကပိုင် ပူးပေါင်းဆောင်ရွက်ရေးအတွက် ရေးဆွဲထားသော မူဘောင်များမှာ အာဆီယံ နိုင်ငံများအကြား ချိတ်ဆက်စေမှုကို မည်သို့အကူအညီ ပေးနိုင်မည် ဆိုသည်ကို ဆွေးနွေးခြင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ ဖြစ်ရေးအတွက် အရှေ့တီမောနိုင်ငံ၏ လျှောက်ထားမှုကို သုံးသပ်ဆောင်ရွက်ရေး၊ အာဆီယံ နိုင်ငံများအကြား နိုးကြားမှု ရှိစေရန် ဆက်သွယ်မှု အစီအစဉ်များ ဆောင်ရွက်ရေး၊ အမေရိကန်၊ တရုတ်အပါအ၀င် အာဆီယံ မိတ်ဖက်နိုင်ငံများအကြား မျှခြေကို ထိန်းညှိဆောင်ရွက်ပေးခြင်း၊ တောင်တရုတ်ပင်လယ်၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အရှေ့အလယ်ပိုင်း ကိစ္စရပ်များအပြင် နိုင်ငံတွင်း ကိစ္စရပ်ဖြစ်သော ရခိုင်အရေး ကိစ္စရပ်များကို ဆောင်ရွက်ခြင်းတို့ဖြစ်သည်။

(၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးပွဲ ပိတ်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံမှ အာဆီယံဥက္ကဋ္ဌနေရာ လွှဲပြောင်းရယူစဉ် (Photo:AFP)

EMG

လူထုစိန်ဝင်း ပညာသင်ဆု ရရှိသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲ ဓမ္မဒူတ ကျောင်းတိုက်၌ ပြုလုပ်



သတင်းစာဆရာကြီး လူထုစိန်ဝင်း ပညာသင်ဆု ရရှိသူများနှင့် ဒုတိယအကြိမ် တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၄ ရက်က ရန်ကုန်မြို့၊ မှော်ဘီမြို့နယ်ရှိ ဓမ္မဒူတဇေတ၀န်တောရ ဆေကိန္ဒာရာမ ကျောင်းတိုက်၌ ပြုလုပ်ခဲ့သည်။

လူထုစိန်ဝင်း ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ကို ဆရာလူထုစိန်ဝင်း ကွယ်လွန်သည့် ၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်မှစကာ စတင်တည်ထောင် ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ လူထုစိန်ဝင်း ပညာသင်ဆု ရွေးချယ်ရေးအဖွဲ့ နာယကများဖြစ်သည့် ဆရာတော် ဒေါက်တာဆေကိန္ဒ၊ သတင်းစာ ဆရာကြီး ဟံသာဝတီ ဦးဝင်းတင်၊ စာရေးဆရာ ဦးမိုးသူ၊ ပညာသင်ဆု ရွေးချယ်ရေး အဖွဲ့ဝင်များနှင့် ၂၀၁၂-၁၃ နှင့် ၂၀၁၃-၁၄ တို့မှ ပညာသင်ဆု ရရှိခဲ့သည့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့သည်။

ဆရာကြီးကို အကြောင်းပြုပြီး လူငယ်များ ပညာတတ်သိသူများ ဖြစ်လာကြောင်း၊ အဆိုပါ လူကောင်းများထဲမှ တစ်ဦးကို အကြောင်းပြုပြီး နေရာကောင်းများစွာ ထပ်ဖြစ်လာမည်ဖြစ်ကြောင်း၊ နေရာကောင်းကြောင့် လူကောင်းဖြစ်လာသည့်သူတစ်ဦး တာဝန်ယူရမည်မှာ နောက်ထပ်နေရာကောင်းတစ်ခု ထပ်လုပ်ပေးရန်ဖြစ်ကြောင်း၊ သို့သော် လူကောင်းဖြစ်ပြီးမှ နောက်ထပ်နေရာကောင်း ဖန်ဆင်းရန် စိတ်ကူးမပေါ်သည့်သူ များနေကြောင်း၊ ထို့ကြောင့် နောက်လူငယ်များ အနေဖြင့် နေရာကောင်းများ ဖန်တီးရန်လိုကြောင်း စသည်ဖြင့် ဆရာကြီး လူထုစိန်ဝင်း၏ တပည့်တစ်ဦး ဖြစ်ခဲ့ဖူးသူ ဆရာတော် ဒေါက်တာဆေကိန္ဒက အဆိုပါပွဲတွင် သြ၀ါဒစကား မိန့်ကြားသည်။

ပညာသင်ဆုပေးဖြစ်မှုနှင့် ပတ်သက်၍ ဆုရွေးချယ်ရေး အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးအောင်ကျော်ဆန်းက "ဆရာကြီး ဆုံးတဲ့အခါကျတော့ ကျွန်တော်တို့ တစ်ခုခုလုပ်မယ်ဆိုတဲ့ စိတ်ကူးတွေရှိတယ်။ အဲဒါတွေ အများကြီးထဲက ဒီပညာသင်ဆုကို လုပ်တဲ့အကြောင်းကတော့ ဆရာကြီးကိုယ်တိုင် အများဆုံး စိတ်ဝင်စားတဲ့ အကြောင်းအရာကို ပြန်စဉ်းစားတဲ့ အခါမှာ ပညာသင်ဆုကို ရွေးဖြစ်တာပါ" ဟု ရှင်းလင်းပြောကြားသည်။

ဆရာလူထုစိန်ဝင်း ပညာသင်ဆုအတွက် ဆယ်တန်းစာမေးပွဲ အောင်စာရင်း ထွက်ပြီးကာစတွင် လျှောက်လွှာများ ထုတ်ပေးပြီး အမှတ် (၅၀၁) ပထမထပ်၊ ကုန်သည်လမ်း၊ ကျောက်တံတား မြို့နယ်၌ ထုတ်ယူပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။

လူထုစိန်ဝင်း ပညာသင်ဆု ရရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပစဉ်
EMG

မြန်မာနိုင်ငံ၌ ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ်မြင့်မားလာပြီး ခန့်မှန်းခြေ လူတစ်သိန်းတွင် ရောဂါဖြစ်ပွားသူ ၁၅၀ ခန့်ရှိ



မြန်မာနိုင်ငံတွင် ကင်ဆာဖြစ်ပွားသူဦးရေ နှစ်စဉ်မြင့်မားလာပြီး ခန့်မှန်းခြေ လူတစ်သိန်းတွင် ရောဂါဖြစ်ပွားသူ ဦးရေ ၁၅၀ ခန့်ရှိကြောင်း ကင်ဆာအထူးကု ဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးအောင်၏ ပြောကြားချက်များအရ သိရသည်။

မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ကင်ဆာကြောင့် သေဆုံးသူ ဦးရေမှာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက် မှုများအရ လူဦးရေ သုံးသန်းအထက်တွင် ရှိနေကြောင်းနှင့် မြန်မာနိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် လာမည့် နှစ်နှစ်အတွင်း ကင်ဆာကြောင့် သေဆုံးမှုနှုန်း နှစ်ဆတိုးမြှင့် လာနိုင်သည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းတွက်ချက်ထားကြောင်း သိရသည်။

ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ခန့်မှန်းတွက်ချက် မှုများအရ လာမည့်နှစ်များတွင် တစ်ကမ္ဘာလုံး၌ လူလေးဦးတွင် တစ်ဦးနှုန်း ကင်ဆာဖြစ်ပွား လာနိုင်သည်ဟု ထုတ်ပြန်ထားကြောင်းနှင့် လူတစ်ဦးချင်း အနေဖြင့် ကင်ဆာဖြစ်ပွားနိုင်ခြေမှာ ပုံမှန်အားဖြင့် ၂၅ ရာခိုင်နှုန်းခန့်သာ ရှိနေသော်လည်း ပြောင်းလဲလာသည့် လူနေမှု ပုံစံများကြောင့် ကင်ဆာဖြစ်နှုန်းများမှာ နိုင်ငံတိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကြောင်း သိရသည်။

ကင်ဆာဖြစ်ရခြင်း အကြောင်းရင်းများအနက် အစားအသောက်ကြောင့် ဖြစ်ပွားမှုနှုန်းမှာ ၃၅ ရာခိုင်နှုန်းဖြင့် အမြင့်ဆုံး နေရာတွင် ရှိနေပြီး ယင်းနောက်တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုကြောင့် ၃၀ ရာခိုင်နှုန်း၊ ဗိုင်းရပ်စ်ပိုးများကြောင့် ၁၀ ရာခိုင်နှုန်းနှင့် လိင်ဆက်ဆံမှုများကြောင့် ခုနစ်ရာခိုင်နှုန်း အသီးသီး ရှိနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အဆုတ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာနှင့် ရင်သားကင်ဆာ ဖြစ်ပွားနှုန်းမှာ ရောဂါအဖြစ်အများဆုံး နေရာတွင် ရှိနေပြီး သုတေသန ပြုလုပ်ချက်များအရ ကင်ဆာဖြစ်ပွားသူ အချိုးတွင် အမျိုးသမီး အချိုးမှာ အမျိုးသားများထက် ပိုမိုများပြားနေကြောင်း ပါမောက္ခ ဒေါက်တာစိုးအောင်က ဆိုသည်။

အဆုတ်ကင်ဆာသည် အမျိုးသားများ သာမက အမျိုးသမီးများတွင်ပါ ဖြစ်ပွားမှုနှုန်း များပြားလာကြောင်းနှင့် ကျန်ဖြစ်ပွားမှု အများဆုံး ကင်ဆာနှစ်မျိုးလုံးမှာ အမျိုးသမီးများတွင်သာ ဖြစ်ပွားတတ်သည့် ကင်ဆာများ ဖြစ်နေသည့်အတွက် အမျိုးသမီး အချိုးမှာ ပိုမိုများပြား နေရခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကင်ဆာဝေဒနာရှင်များကို ကုသပေးနေသည့် ကင်ဆာဌာနကြီး သုံးခုဖြစ်သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီးနှင့် တောင်ကြီး စ၀်စံထွန်း ဆေးရုံကြီးများတွင် တစ်နှစ်လျှင် ပျမ်းမျှလူနာသစ် ၇၀၀၀ ကျော် ရှိနေပြီး ကုသမှု အပိုင်းနှင့် လူနာဦးရေမှာ ကွာဟချက် များစွာရှိနေကြောင်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းတွက်ချက် မှုများအရ မြန်မာနိုင်ငံတွင် ကင်ဆာရောဂါများ အပါအ၀င် ကူးစက်မဟုတ်သော ရောဂါဖြစ်ပွားမှုနှုန်းမှာ လာမည့်ခုနစ်နှစ်အတွင်း ယခုထက် သုံးဆကျော်အထိ မြင့်တက်လာနိုင်သည်ဟု ခန့်မှန်းထားကြောင်းနှင့် မြန်မာနိုင်ငံတွင် ကူးစက်ရောဂါများ ဖြစ်ပွားမှုနှုန်းမှာ ၃၀ ရာခိုင်နှုန်းခန့် ရှိနေပြီး ကူးစက်မဟုတ်သော ရောဂါများဖြစ်သည့် နှလုံးသွေးကြောကျဉ်းရောဂါ၊ ကင်ဆာရောဂါများ၊ ဆီးချိုသွေးချို၊ နာတာရှည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ ထိခိုက်ဒဏ်ရာနှင့် အခြားကူးစက် မဟုတ်သော ရောဂါ၏ ဖြစ်ပွားနှုန်းမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိနေကြောင်း သိရသည်။

ဦးလှထွန်း မေတ္တာရိပ်မွန် (ကင်ဆာ) ဖောင်ဒေးရှင်းရှိ ကျန်းမာရေး ၀န်ထမ်းများမှ ဝေဒနာရှင်များအား ဆေးတိုက်ရန် ပြင်ဆင်နေစဉ် (ဓာတ်ပုံ-အိသဉ္ဇာကျော်)
 EMG

လွှတ်တော်မှ ချပေးသည့် ဖွံ့ဖြိုးရေး ရန်ပုံငွေ တစ်မြို့နယ် ကျပ်သိန်း ၁၀၀၀ စီကို လက်ရှိဘဏ္ဍာနှစ်သက်တမ်း ကျန်လေးလအတွင်း သုံးစွဲမှု မကုန်ပါက ပြန်လည်အပ်နှံရမည်



လွှတ်တော်က မြို့နယ်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် သုံးစွဲရန် ချပေးသည့် တစ်မြို့နယ်လျှင် ကျပ်သိန်း ၁၀၀၀ စီကို လက်ရှိဘဏ္ဍာရေးနှစ် သက်တမ်း ကျန်လေးလအတွင်း သုံးစွဲမှု မကုန်ပါက ပြန်လည်အပ်နှံ သွားရမည်ဟု ပြည်ထောင် စုလွှတ်တော်မှ ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာတွင် ဖော်ပြထားသည်။

"အရအသုံး ခန့်မှန်းခြေ ငွေစာရင်း၏ လက်ရှိ ဘဏ္ဍာရေးနှစ်အတွက် ခွဲဝေချထားပေးသည့် ရန်ပုံငွေကို ဘဏ္ဍာရေးနှစ် ကျော်လွန်၍ ဆက်လက်သုံးစွဲခွင့် မရှိသဖြင့် လက်ရှိ ဘဏ္ဍာရေးနှစ်တွင် ပိုလျှံငွေကျန် ရှိပါက သတ်မှတ်ချိန်အတွင်း ပြန်လည်အပ်နှံရမည်" ဟု အဆိုပါ ကြော်ငြာစာတွင် ဖော်ပြထားသည်။

ဖွံ့ဖြိုးရေး ရန်ပုံငွေ ထိန်းသိမ်းခြင်းနှင့် သုံးစွဲခြင်းအတွက် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုဥက္ကဋ္ဌများ၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ စီမံကိန်းများနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ၊ လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်များ ပါဝင်သည့် ကော်မတီ တစ်ရပ်ကို ပြည်ထောင်စုလွှတ်တော် နာယကက ဖွဲ့စည်းပေးသွားမည် ဖြစ်သည်။

အဆိုပါ ဖွံ့ဖြိုးရေးလုပ်ငန်း ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် မြို့နယ်အရွယ်အစား သေးငယ်ပြီး မူလလျာထား သတ်မှတ်သော ရန်ပုံငွေကို အပြည့်အ၀ သုံးစွဲရန် အခြေအနေ မရှိပါက ယင်းမြို့နယ်များသို့ သင့်လျော်သည့် ဘဏ္ဍာရန်ပုံငွေကို စိစစ်ခွင့်ပြုခြင်းနှင့် အကြောင်းအမျိုးမျိုးကြောင့် မူလလျာထား သတ်မှတ်ထားသော ရန်ပုံငွေထက် ပိုမိုသုံးစွဲရန်ရှိသော မြို့နယ်များသို့ သင့်လျော်သည့် ဘဏ္ဍာရန်ပုံငွေကို စိစစ်၍ ထပ်မံခွင့်ပြုခြင်း စသည့်အချက်များလည်း ကော်မတီ လုပ်ငန်းများတွင် ပါဝင်သည်။

အဆိုပါ ကော်မတီ၏အောက်တွင် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအဖွဲ့ ရှိမည်ဖြစ်ပြီး အဆိုပါ အဖွဲ့ကို သက်ဆိုင်ရာ မြို့နယ်များမှ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှ သုံးဦးက ဦးဆောင်ပါဝင်ရမည် ဖြစ်သည်။

မြို့နယ် ဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော်ရေး အဖွဲ့မှ ဦးဆောင်ပုဂ္ဂိုလ် သုံးဦး၏ အမည်နှင့် ဘဏ်တွင် ငွေစာရင်း ဖွင့်ထားမည်ဖြစ်ပြီး အဆိုပါအဖွဲ့ အနေဖြင့် ဆောင်ရွက်လိုသည့် ဖွံ့ဖြိုးရေး လုပ်ငန်းကို ကော်မတီသို့ တင်ပြရမည်ဖြစ်ကာ အဆိုပါ ကော်မတီ၏ ခွင့်ပြုချက်ကျမှသာ လုပ်ငန်းအကောင်အထည်ဖော်ခွင့် ရမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးများ ပြုလုပ်နေသည်ကို တွေ့ရစဉ်

EMG

ယခု ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ် မကုန်မီ ငါးလအလိုတွင် ဒေါ်လာ ၁၃ ဒသမ ၅ ဘီလျံကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်



ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ် မကုန်မီ ငါးလအလိုတွင် ဒေါ်လာ ၁၃ ဒသမ ၅ ဘီလျံကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ဘဏ္ဍာနှစ် မကုန်မီ ငါးလအလိုဟု ဆိုရာ၌ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကုန်သွယ်မှု ပမာဏဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀၇၇၇ ဒသမ ၈၈၆ သန်းနှင့် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၇၉၂ ဒသမ ၇၃၅ သန်း ကုန်သွယ်မှု အသီးသီး ပြုလုပ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံများနှင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် ပစ္စည်းများကို တင်ပို့မှု အများဆုံးဖြစ်ကာ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို ပြန်လည်တင်သွင်းမှု များကြောင်း သိရသည်။

"ဒီနှစ်အတွက် ကုန်သွယ်မှု လျာထားချက် ပြည့်မီအောင် ကုန်သွယ်မှု မြှင့်တင်ရေး ဌာနကလည်း ဆောင်ရွက်နေတာတွေ ရှိတယ်။ နယ်စပ်ဘက်မှာ ဆိုရင်လည်း တရားမ၀င် ကုန်သွယ်မှုတွေကို တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်လာအောင် ဆောင်ရွက်နေတာတွေလည်း ရှိတဲ့အတွက် လျာထားချက် ပြည့်မီအောင် ကုန်သွယ်နိုင်မှာပါ" ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးညွှန့်အောင်က ပြောကြားသည်။

နိုင်ငံအသီးသီးဖြင့် ကုန်သွယ်ရာ၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်နေမှုများလည်းရှိရာ နယ်စပ်တစ်လျှောက်မှ တရားဝင် ကုန်စည်များ ၀င်ရောက်မှုများ ရှိနေသော်လည်း နယ်စပ်ကုန်သွယ်မှု စုစုပေါင်းမှ ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်နေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှု လိုငွေပြနေကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် အဆိုပါ ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုမှ ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် ပိုများသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်စည်တင်သွင်းရန်အတွက် ဒေါ်လာများ ပိုမိုသုံးစွဲနေရကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၉၀၇၆ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၉၃၄၅ သန်းကျော် ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၄၂၁ သန်းကျော်ရှိကြောင်း သိရသည်။

နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

EMG

ရန်ကုန်လေဆိပ် ပြည်တွင်းထွက်ခွာ ခန်းမဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီတွင် စတင်မည်




ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီလတွင် စတင်မည်ဖြစ်ကြောင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေ မန်နေဂျာ ဦးဝင်းကို၏ ပြောကြားချက်အရ သိရသည်။

"ရန်ကုန်လေဆိပ် ပြည်တွင်းခရီးသည် ထွက်ခွာခန်းမဆောင်ကို အပြီးဖြိုချပြီး အသစ်တည်ဆောက်တာကို ၂၀၁၄ ဇန်န၀ါရီမှာ စတင်လုပ်ဆောင် သွားမှာပါ။ ပြည်တွင်းခရီးသည် ထွက်ခွာဆောင်ကို ဖြိုချပြီး အသစ်တည်ဆောက်နေတဲ့ အချိန်မှာ ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်ကို ပြည်တွင်းခရီးသည် ထွက်ခွာဆောင်အဖြစ် အသုံးပြုသွားမှာပါ" ဟု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောပါသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍ အသစ်တည်ဆောက်ခြင်းအား ၂၀၁၄ နှစ်ဆန်းပိုင်းတွင် စတင်ပြီး တည်ဆောက်ရေးကာလ ၁၈ လ (တစ်နှစ်ခွဲ)အတွင်း အပြီးတည်ဆောက် ပေးရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား တစ်နှစ်လျှင် ခရီးသည် သန်း ၂၀ အထိ ၀င်ထွက်အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် နိုင်သော်လည်း လူနေအိမ်ခြေများ၊ မင်္ဂလာဒုံ လေတပ်စခန်း ဌာနချုပ် စသည့် လေဆိပ်ဧရိယာ တိုးချဲ့ရာတွင် အသုံးပြုမရသည့် မြေဧရိယာများကြောင့် တစ်နှစ်လျှင် ခရီးသည် ခြောက်သန်း အသုံးပြုနိုင်အောင် တိုးချဲ့တည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လက်ရှိခရီးသည် ၂ ဒသမ ၇ သန်း လက်ခံနိုင်စွမ်းရှိသည့် ရန်ကုန်လေဆိပ်အား ခရီးသည်ခြောက်သန်း လက်ခံနိုင်စွမ်းရှိရန် တည်ဆောက်ပေးရမည် ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား အဆင့်မြှင့်တင် တည်ဆောက်ရန် အေးရှားဝေါလ် ကုမ္ပဏီ လက်အောက်ခံ Pioneer Aerodrome Services ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီး၊ အဆိုပါ ကုမ္ပဏီနှင့် လေဆိပ်တည်ဆောက်ရေးအတွက် သဘောတူစာချုပ် ချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆွေးနွေးမှုများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်လေဆိပ်သစ် အဆောက်အုံ တည်ဆောက်နေစဉ် ကာလအတွင်း ပြည်တွင်းခရီးစဉ် နားနေဆောင်အဖြစ် အသုံးပြုမည့် ရန်ကုန်လေဆိပ် ဂုဏ်ပြုခန်းမဆောင်အား ၁၉၉၈ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး၊ ၁၉၈၊ ၁၈၈ ပေ ကျယ်ဝန်းကြောင်း သိရသည်။

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ လေဆိပ်အဆောက်အုံသစ်အား တည်ဆောက်ရာတွင် လက်ရှိအသုံးပြုလျက်ရှိသည့် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်ကိုသာ ဖြိုချ၍ အသစ်တည်ဆောက် သွားမည်ဖြစ်ပြီး၊ ပြည်ပခရီးသည် ဆိုက်ရောက်ထွက်ခွာ ဆောင်ကိုမူ လက်ရှိအတိုင်း ထားရှိသွားမည်ဟု သိရသည်။

ရန်ကုန် ပြည်တွင်းဆိုက်ရောက်ထွက်ခွာ လေဆိပ်ဝင်းအား တွေ့ရစဉ်

နှစ်ပေါင်း ၂၀ ကျော် မြန်မာနိုင်ငံ၌ ၀င်ရောက်မြှုပ်နှံခြင်း မရှိခဲ့သည့် လူဇင်ဘတ်နိုင်ငံက ပထမဆုံး အကြိမ်အဖြစ် ချင်းတွင်းနှင့် ဧရာဝတီမြစ်ကြောင်း အပျော်စီးသင်္ဘော လုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ သန်း စတင်မြှုပ်နှံ



နှစ်ပေါင်း ၂၀ ကျော်အတွင်း မြန်မာနိုင်ငံ၌ ၀င်ရောက်မြှုပ်နှံခြင်း မရှိခဲ့သည့် လူဇင်ဘတ်နိုင်ငံက ပထမဆုံး အကြိမ်အဖြစ် ချင်းတွင်းနှင့် ဧရာဝတီ မြစ်ကြောင်းတွင် အပျော်စီး သင်္ဘောနှင့် ဆက်နွှယ်သည့် လုပ်ငန်းလုပ်ကိုင်ရန်အတွက် အမေရိကန်ဒေါ်လာ ၅ ဒသမ ၂ သန်း စတင်မြှုပ်နှံလာကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

ယင်းကဲ့သို့ မြှုပ်နှံမှု ပြုလုပ်ရာတွင် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလအတွင်း ၀င်ရောက်မြှုပ်နှံ ခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၁၅ ရက်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၁/၂၀၁၃ ကြိမ်မြောက် အစည်းအဝေးတွင် လူဇင်ဘတ်နိုင်ငံ၊ Abercrombie & Kent S.a.r.I မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ရာနှုန်းပြည့် နိုင်ငံခြား မြှုပ်နှံမှုဖြင့် လုပ်ကိုင်ရန် လျှောက်ထားချက်အား လုပ်ကိုင်ခွင့် ပြန်လည်ချထား ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၁၉၈၈ ခုနှစ်တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၂၀၁၂ ခုနှစ်တွင် ဥပဒေသစ် ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းပြီးသည့် အချိန်အထိ လူဇင်ဘတ်နိုင်ငံက ၀င်ရောက်မြှုပ်နှံလာခြင်း မရှိဘဲ အခြားပြည်ပ နိုင်ငံပေါင်း ၃၂ နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားသည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃ ဘီလျံကျော်ရှိပြီး တရုတ်နိုင်ငံမှ အများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အနေဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန် လျှောက်ထားသည့် လုပ်ငန်းများကို စိစစ်ချထား ပေးလျက်ရှိရာ နိုင်ငံခြား ကုမ္ပဏီများ အနေဖြင့် လက်ခစား စနစ်ဖြင့် ကုန်ထုတ်လုပ်ခြင်းနှင့် အထည်ချုပ်လုပ်ခြင်း စသည့်လုပ်ငန်းများတွင် ၀င်ရောက်မြှုပ်နှံမှု အများဆုံးဖြစ်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ကဏ္ဍတွင်လည်း ဆက်တိုက်ဝင်ရောက် လုပ်ကိုင်မှုများရှိကြောင်း သိရသည်။

နိုင်ငံသားပိုင် Royal Green River အပျော်စီး သင်္ဘောအား ရန်ကုန်မြစ်အတွင်း တွေ့ရစဉ် (Photo:www.royalgreenriver.com)


EMG

Related Posts Plugin for WordPress, Blogger...