Monday, November 25, 2013

ယခု ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ် မကုန်မီ ငါးလအလိုတွင် ဒေါ်လာ ၁၃ ဒသမ ၅ ဘီလျံကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်



ယခု ဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ပမာဏ စုစုပေါင်းမှ အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော် ရရှိရန် လျာထားပြီး ဘဏ္ဍာနှစ် မကုန်မီ ငါးလအလိုတွင် ဒေါ်လာ ၁၃ ဒသမ ၅ ဘီလျံကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ သိရသည်။

ဘဏ္ဍာနှစ် မကုန်မီ ငါးလအလိုဟု ဆိုရာ၌ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကုန်သွယ်မှု ပမာဏဖြစ်ပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁၀၇၇၇ ဒသမ ၈၈၆ သန်းနှင့် နယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂၇၉၂ ဒသမ ၇၃၅ သန်း ကုန်သွယ်မှု အသီးသီး ပြုလုပ်ထားခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အနေဖြင့် ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ဂျပန်၊ ကိုရီးယားနှင့် မလေးရှားနိုင်ငံများနှင့် ကုန်သွယ်မှု အများဆုံး ပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန် ပစ္စည်းများကို တင်ပို့မှု အများဆုံးဖြစ်ကာ စားသောက်ကုန်နှင့် လူသုံးကုန် ပစ္စည်းများကို ပြန်လည်တင်သွင်းမှု များကြောင်း သိရသည်။

"ဒီနှစ်အတွက် ကုန်သွယ်မှု လျာထားချက် ပြည့်မီအောင် ကုန်သွယ်မှု မြှင့်တင်ရေး ဌာနကလည်း ဆောင်ရွက်နေတာတွေ ရှိတယ်။ နယ်စပ်ဘက်မှာ ဆိုရင်လည်း တရားမ၀င် ကုန်သွယ်မှုတွေကို တရားဝင် ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်လာအောင် ဆောင်ရွက်နေတာတွေလည်း ရှိတဲ့အတွက် လျာထားချက် ပြည့်မီအောင် ကုန်သွယ်နိုင်မှာပါ" ဟု ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးညွှန့်အောင်က ပြောကြားသည်။

နိုင်ငံအသီးသီးဖြင့် ကုန်သွယ်ရာ၌ ပင်လယ်ရေကြောင်း ကုန်သွယ်မှုအပြင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ကုန်သွယ်နေမှုများလည်းရှိရာ နယ်စပ်တစ်လျှောက်မှ တရားဝင် ကုန်စည်များ ၀င်ရောက်မှုများ ရှိနေသော်လည်း နယ်စပ်ကုန်သွယ်မှု စုစုပေါင်းမှ ကုန်သွယ်မှုပိုငွေ ဖြစ်ပေါ်နေပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်သွယ်မှု လိုငွေပြနေကြောင်း သိရသည်။

ယခု ဘဏ္ဍာနှစ်တွင် အဆိုပါ ကုန်သွယ်မှု လမ်းကြောင်းနှစ်ခုမှ ကုန်သွယ်မှုမှာ ယခင်ဘဏ္ဍာနှစ်ကထက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော် ပိုများသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ကုန်စည်တင်သွင်းရန်အတွက် ဒေါ်လာများ ပိုမိုသုံးစွဲနေရကြောင်း သိရသည်။

၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံမှ ပို့ကုန်ပမာဏ အမေရိကန်ဒေါ်လာ ၉၀၇၆ သန်းကျော်၊ သွင်းကုန် အမေရိကန်ဒေါ်လာ ၉၃၄၅ သန်းကျော် ရှိခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၈၄၂၁ သန်းကျော်ရှိကြောင်း သိရသည်။

နိုင်ငံတကာနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုလုပ်သော ဗိုလ်အောင်ကျော် ဆိပ်ကမ်းအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...