Saturday, January 11, 2014

ရေကျော်ဈေးအား အသစ်ပြန်ဆောက်ရန် ဖျက်သိမ်းမည်ဖြစ်၍ ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်နေသူများက ၎င်းတို့နစ်နာမှုအတွက် လျော်ကြေး (သို့မဟုတ်) ဈေးအနီး၌ ယာယီဆိုင်ခန်း နေရာချပေးရန် တောင်းဆို

Saturday, January 11.2014
ကျော်ထင်၊ ဥာဏ်ဝင်းရှိန်၊ ကေခိုင်ဝင့်

ရေကျော်ဈေး(စီ)ရုံ၌ ဖွင့်လှစ်ထားသော စက်ချုပ်ဆိုင်များကို ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)


ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးအား အဆင့်မြင့် ရှစ်ထပ်ဈေးအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အောင်မြင်ပြည့်စုံ ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ ပြန်လည် ဆောက်လုပ်မည်ဖြစ်၍ ဈေးတွင်ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်ထားသူများက နစ်နာမှုအတွက် လျော်ကြေးငွေ (သို့မဟုတ်) ဈေးအနီး၌ ယာယီဈေးဆိုင်ဖွင့်လှစ် နေရာချပေးရန် ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းက မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုခဲ့သည်။

သို့သော် ရေကျော်(စီ)ရုံ၌ ဖွင့်လှစ်နေသော စက်ချုပ်ဆိုင် အများစု တည်ရှိသည့် ဆိုင်ခန်း ၃၃ ခန်းမှာ ပြောင်းရွှေ့ခြင်း မရှိသေးဘဲ ယင်းနေရာမှ ပြောင်းရွှေ့ရပါက စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်သောကြောင့် မပြောင်းရွှေ့သေးဘဲ လျော်ကြေး (သို့မဟုတ်)ဈေးအနီး ယာယီဈေးရောင်းချ၍ ရနိုင်သည့် နေရာပေးရန် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ရေကျော်ဈေးမှာ ဆိုင်ခန်းအားလုံးပေါင်း ၂၇၇ ခန်းရှိတယ်။ ဈေးဖျက်လို့ ယာယီဈေးနေရာပေးတဲ့ အခါကျတော့ ဆိုင်ရှင်တွေကိုပဲ အဓိကဆိုင်းခန်း ပြန်ပေးတာ ၉၄ ခန်းပဲရှိတယ်။ နောက်ပြီး ပျံကျတွေကိုလည်း လေးပေပတ်လည် တစ်နေရာပေးတယ်။ ကျွန်တော်တို့ ဆိုင်ငှားတွေကျတော့ ယာယီနေရာမရဘူး။ ကျွန်တော်တို့ ဒီမှာဆိုင်ခန်း ငှားဖွင့်တာ အခွန်ခြောက်မျိုးလောက် ဆောင်နေရတယ်။ ဆိုင်းဘုတ်ခွန်၊ စည်ပင်ခွန် စတာတွေပေါင်းရင် တစ်နှစ်ကို ကျပ်နှစ်သောင်းနဲ့ သုံးသောင်းကြား ဆောင်နေရတယ်။ ကျွန်တော်တို့ကို သင့်တင့်လျောက်ပတ်တဲ့ အခွင့်အရေး ပေးသင့်တယ်။ ကျွန်တော်တို့ကို ယာယီနေရာပေးတော့ ပုဇွန်တောင်ဈေး ကမ်းနားဘက်ခြမ်းမှာ ပေးတယ်။ အဲဒီနေရာက ရောင်းဝယ်လို့ အဆင်မပြေဘူး။ ကျွန်တော်တို့ လိုချင်တာက ရောင်းဝယ်လို့ အဆင်ပြေတဲ့ ရေကျော်ဈေး တစ်ဝိုက်မှာပဲ လိုချင်တယ်” ဟု ရေကျော်ဈေးရှိ ဆိုင်ခန်းအငှားသမားများ အဖွဲ့မှ ဦးကျော်ဆင့်က ပြောပြသည်။

ဈေးအတွင်းမှ ပြောင်းရွှေ့ပေးရန် ဇန်န၀ါရီ ၇ ရက် နောက်ဆုံးထား သတ်မှတ်ပေးထား၍ စည်ပင်က ပြောင်းရွှေ့ပေးရန် ဖိအားပေး အတင်းအဓမ္မ ဆောင်ရွက်လာပါက ၎င်းတို့အနေဖြင့် စည်ပင်အား တရားဥပဒေအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်းလည်း ဦးကျော်ဆင့်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက “ဆိုင်ငှားတွေက ပြောင်းရတဲ့အတွက် ဆိုင်ရှင်တွေဆီက ပိုက်ဆံတောင်းတယ်။ အရင်သိန်း ၃၀ တောင်းတာ။ အခု ၁၅ သိန်း ဖြစ်သွားပြီ။ သူတို့ကို ဌာနက ချက်ချင်းကြီး နှင်ချဖယ်ခိုင်းတာ မဟုတ်ဘူး။ ဌာနအနေနဲ့ လုပ်ပေးရမယ့်အပိုင်း ပြီးသွားပြီ။ ဈေးဆောက်ဖို့ လုပ်ရမယ့်အပိုင်းကို ဆက်လုပ်သွားမယ်” ဟု ဆိုသည်။

ဈေးကျော်ဈေးအား အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ရန် ၂၀၁၂ ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး အသစ်ဆောက်လုပ်ရန် ကြန့်ကြာနေခြင်းမှာ ယာယီဈေးဖွင့်ဖို့ နေရာရှာနေခြင်းကြောင့်ဖြစ်ပြီး ဈေးယာယီဈေး နေရာအား ယခုဈေးရှေ့ ပလက်ဖောင်းတွင် သတ်မှတ်ပေးထားကြောင်း၊ ယင်းနေရာတွင် ဆိုင်ခန်းအနည်းငယ်သာ နေရာချပေး နိုင်မည်ဖြစ်၍ ဆိုင်ခန်းပိုင်ရှင် အမှန်တကယ် ဈေးရောင်းချ နေသူများကိုသာ ဦးစားပေး ပေးခဲ့ကြောင်း၊ အငှားများအား ပုဇွန်တောင်ဈေးတွင် နေရာချပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဈေးအသစ်ဆောက်ရန်ကို ဆိုင်ရှင်တွေ အားလုံးက သဘောတူကြောင်း ရေကျော်ဈေးစီရုံမှ ဆိုင်ခန်းပိုင်ရှင် ဈေးရုံကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

EMG

UMFCCI ၏ ဘဏ္ဍာရေးရှင်းတမ်း ပြဿနာအား နိုင်ငံတော်သမ္မတထံ တင်ပြမည်



Saturday, January 11.2014
ကုန်သည်စက်မှု အသင်းချုပ်ရုံးအား တွေ့ရစဉ်



မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၏ ဘဏ္ဍာရေးဆိုင်ရာ ပြသနာများအတွက် ငွေစာရင်းရှင်းတမ်း ထုတ်ပြန်နိုင်မှု မရှိသည့် ပြဿနာများကို နိုင်ငံတော်သမ္မတ အပါအ၀င် တာဝန်ရှိသူများထံ တင်ပြမည်ဖြစ်ကြောင်း ဇောတိက အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီလီမိတက်မှ ဦးခင်လှိုင်က ပြောဆိုသော်လည်း အသင်းချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်ကမူ ငွေစာရင်းရှင်းတမ်းနှင့် ပတ်သက်၍ ဖြေရှင်းနိုင်ခြင်းမရှိ ဆိုသည်မှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။

“စာရင်းမရှင်း နိုင်ဘူးဆိုတာ မဟုတ်ပါဘူး။ နှစ်ပတ်လည်ပွဲမှာ ၂၀၁၃ ခုနှစ် ဘဏ္ဍာရေး ငွေစာရင်း ရှင်းတမ်းကို အားလုံးသိအောင် ထုတ်ပြန်ထားပါတယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

ဦးခင်လှိုင် အနေဖြင့် ကုန်သည်စက်မှု အသင်းချုပ်၏ ဘဏ္ဍာရေး ရှင်းတမ်းအား မှန်ကန်မှုရှိမရှိ စစ်ဆေးရာတွင် အသင်းသားစုံညီ အစည်းအဝေးတွင် တင်ပြခဲ့သည့် အကျဉ်းချုပ် ဘဏ္ဍာရေးရှင်းတမ်းထက် လက်ရှိအချိန်ထိ ဘဏ္ဍာရေးရှင်းတမ်းတွင် ဖော်ပြနိုင်ခြင်း မရှိသေးသည့် ရန်ကုန်ရှိ အသင်းချုပ်ရုံးအား ဘဏ်၌ပေါင်၍ အတိုးချထားခြင်း၊ အတိုးပေးခြင်း၊ အရင်းပြန်ဆပ်ခြင်း၊ ကြိုတင်ပေးငွေ အဖြစ်သာ စာရင်းသွင်းထားသည့် နေပြည်တော်ရှိ အသင်းချုပ်ရုံးအတွက် ကျပ်သိန်းပေါင်း တစ်သောင်းရှစ်ထောင်ကျော်၏ အသေးစိတ် အသုံးပြုငွေစာရင်း၊ ၂၀၀၄ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး လက်ရှိအချိန်အထိ စာရင်းရှင်းလင်းနိုင်ခြင်း မရှိသေးသည့် ရန်ကုန်အသင်းချုပ်ရုံး တည်ဆောက်သည့် ကျပ်သိန်းပေါင်း တစ်သောင်း တစ်ထောင်ကျော်၏ အသေးစိတ် ငွေစာရင်းများကိုသာ တောင်းခံခြင်း ဖြစ်ကြောင်း ဦးခင်လှိုင်က ပြောကြားသည်။

အထက်ပါ အသေးစိတ် ငွေစာရင်းများ အပါအ၀င် ပွင့်လင်းမြင်သာမှုရှိစွာ ချပြရန် ဦးခင်လှိုင်က တောင်းဆိုသည့် အသင်းချုပ်၏ ငွေဝင်ရလမ်းဆိုင်ရာ ငွေစာရင်းရှင်းတမ်း ၁၄ ခုအတွက် လက်ရှိအချိန်ထိ ရှင်းလင်းနိုင်ခြင်း မရှိသဖြင့် ယခင်သြဂုတ် ၆ ရက်နှင့် ၂၇ ရက်များတွင် အသင်းချုပ်မှ တာဝန်ရှိသူများ ဖြစ်သည့် ဦးဝင်းအောင်၊ ဦးလှမောင်ရွှေ စသည့်သူများနှင့် တွေ့ဆုံပြောကြားခဲ့သည့် မှတ်တမ်းဗီဒီယိုများကို နိုင်ငံတော် သမ္မတအပါအ၀င် တာဝန်ရှိသူများနှင့် ပြည်သူများ လေ့လာနိုင်သည့် အနေအထားအထိ ဖြန့်ဝေပေးမည် ဖြစ်ကြောင်း ဦးခင်လှိုင်က ဆိုသည်။

“သမ္မတကို တင်ပြမယ်ဆိုတဲ့ အပေါ်မှာလည်း မှတ်ချက်မပေး လိုပါဘူး။ အသင်းဝင်တစ်ယောက် အနေနဲ့ရော နိုင်ငံသား တစ်ယောက်အနေနဲ့ပါ သူထင်မြင်ယူဆချက်ကို တင်ပြပိုင်ခွင့် ရှိပါတယ်” ဟု ကုန်သည်စက်မှု အသင်းချုပ် ဒုဥက္ကဋ္ဌနှင့် သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဦးလှမောင်ရွှေက ဆိုသည်။

ကုန်သည်စက်မှု အသင်းချုပ်၏ ၂၀၁၃ ခုနှစ် ဇူလိုင် ၁၃ ရက်တွင် ကျင်းပသည့် အသင်းသားစုံညီ အစည်းအဝေးတွင် တင်ပြခဲ့သည့် ၂၀၁၁-၂၀၁၃ ဘဏ္ဍာရေး ရှင်းတမ်းနှင့် ပတ်သက်၍ မှန်ကန်မှု ရှိမရှိ စစ်ဆေးနိုင်ရန် ဦးခင်လှိုင်က တောင်းဆိုရာ အသင်းဝင် အခွင့်အရေးနှင့် အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရန် ဘဏ္ဍာရေးရှင်းတမ်း လွတ်လပ်စွာ စစ်ဆေးခွင့်ပြုမည် ဖြစ်ကြောင်း ကုန်သည်စက်မှု အသင်းချုပ်၏ ယခင်ဥက္ကဋ္ဌနှင့် လက်ရှိစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဖြစ်သူ ဦးဝင်းမြင့်က သမ္မတရုံးဝန်ကြီး ဦးတင်နိုင်သိန်းနှင့် အစိုးရအဖွဲ့ဝင် လူကြီးအချို့၏ရှေ့တွင် ကတိပေး ပြောကြားခဲ့သည်။

ထို့ပြင် ဘဏ္ဍာရေး ရှင်းတမ်းအား ကျေလည်အောင် ရှင်းလင်းပေးရန် တောင်းဆိုမှုအရ ကုန်သည်စက်မှု အသင်းချုပ်ဥက္ကဋ္ဌ ပါဝင်သည့် အဖွဲ့နှင့် ဦးခင်လှိုင်တို့ ဒုတိယအကြိမ် တွေ့ဆုံသည့် သြဂုတ် ၂၇ ရက် ဆွေးနွေးပွဲတွင် ဘဏ္ဍာရေးရှင်းတမ်းဆိုင်ရာ အသေးစိတ် အချက်အလက်များကို နှစ်ပတ်အတွင်း ထုတ်ပြန်ပေးမည်ဟု အသင်းချုပ် တာဝန်ရှိသူများက ကတိပေး ပြောကြားခဲ့သော်လည်း လေးလကျော် ကြာမြင့်လာသည့် လက်ရှိကာလအထိ ရှင်းလင်းနိုင်မှု မရှိသေးကြောင်း သိရသည်။

EMG

(၆၂) ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ၊ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသော်လည်း အများစုသည် စူးစမ်းလေ့လာနေဆဲ ဖြစ်ကြောင်းသိရ

Saturday, January 11.2014
နေရိုင်း၊ စိုးမင်းထိုက်

ဇန် န၀ါရီလ ၁၀ ရက်တွင် နေပြည်တော်ရှိ အမရာဟိုတယ်၌ ကျင်းပခဲ့သည့် အာဆီယံ ရင်းနှီးမြှပ်နှံမှုဆိုင်ရာ လုပ်ငန်းအကြိုညှိနှိုင်း အစည်းအဝေးပွဲ


၂၀၁၄ ခုနှစ်အတွင်း ကျင်းပမည့် ၆၂ ကြိမ်မြောက် အာဆီယံ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းအကြိုညှိနှိုင်း အစည်းအဝေးကို ဇန်န၀ါရီ ၁၀ ရက်က နေပြည်တော်ရှိ အမရာဟိုတယ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် စူးစမ်းလေ့လာ များပြားနေကြောင်း၊ လုပ်ငန်းအကျိုးအမြတ်၊ ပတ်ဝန်းကျင် ထိခိုက်မှုများကို နည်းပါးစေရန် အလေးပေး ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိတွင် အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု များနေကြောင်း၊ အခြားနိုင်ငံ များမှလည်း လာရောက် လေ့လာမှုများ ရှိနေကြောင်း သိရသည်။

“အခုဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေက အရင်ကထက် အများကြီး တိုးတက်လာတယ်။ ပွင့်လင်းလာတဲ့ အခါကျတော့ အာရှနိုင်ငံတွေ သာမက အမေရိကန်တို့၊ ဥရောပက နိုင်ငံတွေကပါ လာရောက်စူးစမ်း နေကြပါတယ်။ ဒီမှာရင်းနှီးမြှပ်နှံဖို့ အတွက်ပါ။ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းက ရေရှည်လုပ်ငန်း ဖြစ်တဲ့အတွက် ပထမဆုံး အနေနဲ့ စူးစမ်းလေ့လာကြတယ်။ လုပ်ငန်းလုပ်ကိုင်ရာမှာ လုပ်ငန်းအကျိုးအမြတ်၊ ကျွန်မတို့ နိုင်ငံကရမယ့် အကျိုးအမြတ်၊ ပတ်ဝန်းကျင် ထိခိုက်မှု အလေးထားတဲ့ လုပ်ငန်းရှင်တွေကို ကျွန်မတို့ကလည်း အမြဲကြိုဆို နေပါတယ်” ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ချိုချိုဝင်းက ပြောကြားသည်။

အာဆီယံ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက်များကြောင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာမည် ဖြစ်သည့်အတွက် အလုပ်အကိုင် ပေါများလာပြီး ၀င်ငွေများ တိုးတက်လာနိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှု တိုးတက်လာပါက တိုင်းပြည်ဖွံ့ဖြိုးပြီး စီးပွားရေး ဖွံ့ဖြိုးမှုမြန်ဆန် လာမည်ဖြစ်ကြောင်း ဒေါ်ချိုချိုဝင်းက ပြောကြားသည်။

“ကတိက၀တ်တွေ ရှိလာပြီဆိုရင် ပူးပေါင်းဆောင်ရွက်မှုတွေ များလာမယ်။ အာဆီယံ-တရုတ်-ကိုရီးယား-နယူးဇီလန်-သြစတြေးလျ နိုင်ငံတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကတိက၀တ်များ ထားရှိထားပါတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေလည်း ရှိနေပြီဖြစ်လို့ ရင်းနှီးမြှုပ်နှံမှုတွေက တိုးလာမှာပါ” ဟု ၎င်းက ပြောကြားသည်။

ပြည်ပရင်းနှီး မြှုပ်နှံမှုများသည် ယခုဖွင့် ယခုလာရောက်နိုင်ခြင်း မရှိကြောင်း၊ လုပ်ငန်းကြီးများသည် စူးစမ်းလေ့လာမှုများကို ပြုလုပ်ပြီးမှသာ လာရောက်လေ့ ရှိကြောင်း၊ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခြင်း ဖြစ်ကြောင်း၊ ၀မ်းစတော့ဆားဗစ် လုပ်ကိုင်မှု အတွေ့အကြုံ များပြားခြင်း မရှိသေးကြောင်း ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် အာဆီယံ အသိုက်အ၀န်း ပေါ်ပေါက်လာပါက အာဆီယံနိုင်ငံများ အချင်းချင်း ကုန်စည်စီးဆင်းမှု မြန်ဆန်လာမည် ဖြစ်ကြောင်း၊ လွတ်လပ်စွာ လုပ်ကိုင်လာနိုင်မည် ဖြစ်ကြောင်း၊ ၀န်ဆောင်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေး အရင်းအနှီးများနှင့် ပတ်သက်၍ ပိုမိုလွတ်လပ်စွာ စီးဆင်းနိုင်မည် ဖြစ်ကြောင်း သိရသည်။

EMG

ရေတံခွန်ပုံစံ ကျစ်ဆံမြီးကျစ်နည်း




ဒီ waterfall braid လို့ခေါ်တဲ့ ရေတံခွန်ပုံ ဆံပင်လေးတွေ ဖြာကျနေဟန် ဖွတ်မြီးထိုးခြင်းဟာ အစမှာတော့ သင့်အတွက် အနည်းငယ် ခက်ခဲကောင်းခက်ခဲနိုင်ပါလိမ့်မယ်။ ဒါပေမယ့် စိတ်ရှည်ရှည်နဲ့ သပ်ရပ်စွာ လုပ်ကြည့်မယ်ဆိုရင်တော့ အလွန်လှပတဲ့ ရလဒ်လေးကို တွေ့ရမှာပါ။ အားထိုးရကြိုး နပ်ပါတယ်။

ပေးထားတဲ့ အဆင့်လေးတွေကို သေချာ ကြည့်ရအောင်။ ဆံပင်အစုလေးတွေ အပေါ်မှာ နံပါတ်လေးတွေ ရေးပြထားပါတယ်။



(၁) အရင်ဆုံး စကျစ်မယ့်နေရာမှာ အခါတိုင်းလိုပဲ ဆံပင်သုံးလိုင်း အညီအမျှယူလိုက်ပါ။ ပြီးရင် ပုံမှန်အတိုင်းကျစ်လိုက်ပါ။



(၂) ကျစ်ဆံမြီးတစ်ထုံးရပြီဆိုရင်တော့ နောက်ထပ် ဆံပင်တစ်လိုင်း ထပ်ယူလိုက်ပါ။



(၃) ပြီးရင် စောစောက ကျစ်ထားတဲ့အုပ်စုထဲကနေ နံပါတ်(၂)ကို လွှတ်ချခဲ့လိုက်ပါ။



(၄) ကျန်တဲ့ (၁) (၃) ကို အသစ်ထပ်ယူထားတဲ့ (၄)နဲ့ဆက်ကျစ်ပါ။



(၅) ပြီးရင် အထက်ပါတိုင်းပဲ ကျစ်ဆံမြီးတစ်ထုံးရတိုင်း တစ်လိုင်းလွှတ်ချလိုက်ပြီး ဆက်ကျစ် သွားပါ။

ဒါဆိုရင်တော့ အခုလို အေးတဲ့ရာသီမျိုးနဲ့ကိုက်ညီတဲ့ ဆံပင်ပုံစံကို ရရှိမှာပါ။ ဆံပင်လည်း မစည်းချင် ၊ ရိုးရိုးအတိုင်းလည်း ချထားရမှာ အဆင်မပြေသူများအတွက် အသုံးတည့်မှာပါ။

Ref:seventeen

2014 မှာ ဆံပင်အတို ညှပ်ချင်စိတ်ရှိနေရင်



နှစ်သစ်မှာ ပုံစံအသစ်နဲ့ပေါ့။ Coco Chanel ရဲ့ စကားအရဆိုရင်တော့ “မိန်းမတစ်ယောက် ဆံပင်ညှပ်တယ်ဆိုတာ သူ့ဘ၀ကို ပြောင်းလဲပစ်တာပါပဲ” တဲ့။

ဒီနှစ်သစ်ကို စတိုင်အသစ်လေးနဲ့ သွက်လက်ပေါ့ပါးတဲ့ပုံစံလေး ဖြစ်ချင်တယ်ဆိုရင်တော့ ဒီ K-Pop စတားလေးတွေရဲ့ ဆံပင်အရှည်ကြီးတွေကနေ အတိုလေးတွေ ပြောင်းလဲထားပုံကို ကြည့်ပြီး နမူနာယူနိုင်ပါတယ်နော်။

(၁) IU



လွန်ခဲ့တဲ့နှစ်က “Pretty Man” ဆိုတဲ့ ဇာတ်ကားရိုက်ကူးရာမှာ ညှပ်ပစ်ခဲ့တာဖြစ်ပါတယ်။ IU ဟာ ဆံပင်အရှည်နဲ့ကတည်းက နှစ်လိုဖွယ်ကောင်းပြီး ငယ်ရွယ်မှုအပြည့်အ၀ ရှိပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် ဒီဆံပင်အတိုလေးနဲ့လည်း ချစ်ဖို့ကောင်းတယ်ဆိုတာ ငြင်းလို့မရပါဘူး။

(၂) Hyuna



ဆံပင်အရှည်ကြီးနဲ့ကတည်းက sexy ကျတဲ့သူမဟာ ဒီလို ရွှေရောင်တလက်လက် တောက်နေတဲ့ ဆံပင်အတိုမျိုး ရုတ်တရက်ပြောင်းလိုက်တဲ့အခါမှာတော့ sexy ကျရုံသာမက ခေတ်ရှေ့ပြေးတဲ့ မော်ဒန်ဒီဇိုင်းမျိုးပါ ရသွားပါတယ်။

(၃) Kahi



သူမဟာ ဆံပင်အတိုကြောင့် ပိုပြီး ပြတ်သားတဲ့ မျက်နှာပုံပေါ်လွင်သွားပါတယ်။ အထူးသဖြင့် သူမရဲ့ ထင်ပေါ်တဲ့ မေးရိုးကြောင့် ပိုပြီးငယ်ရွယ်ကာ စတိုင်ကျတဲ့အသွင် ပေါ်သွားပါတယ်။ ဒီဆံပင်ကို သူမရဲ့ ပထမတစ်ကိုယ်တော် အယ်လ်ဘမ် စတင်ထွက်ရှိချိန်မှာ ညှပ်လိုက်တာပါ။

(၄) Son Dam Bi



သူမရဲ့ ဆံပင်စတိုင်အသစ်နဲ့ အတော်လေး ဟန်ကျပန်ကျ ဖြစ်သွားပါတယ်။ မှန်ကန်တဲ့ အရှည်နဲ့ စတိုင်လည်းကျပါတယ်။

(၅) Kan Min Kyung



IU လိုပဲ သူမကိုလည်း “baby face” လို့ ချစ်စနိုးခေါ်ဝေါ်ခြင်း ခံရသူပါ။ သွက်လက်မှု အပြည့်နဲ့ ဆံပင်စတိုင်အသစ်က ပိုပြီးတောင် ငယ်သွားတယ်လို့ထင်ရပါတယ်။

(၆) Hyolyn



ဒီလို ဆံပင်အတိုကို လိမ္မော်ရောင်တောက်တောက် ကာလာနဲ့ လှနိုင်တဲ့ သူဆိုတာ အတော်လေးရှားပါတယ်။ သူမရဲ့ ဆံပင်အတိုက သူမကို ပိုပြီးထင်ရှားတဲ့ အသွင်ဖြစ်လာအောင် ပြောင်းလဲပေးလိုက်တာကို SISTAR မှာ တွေ့နိုင်ပါတယ်။ ဆံပင်လိုပဲ သူမရဲ့ နေပုံထိုင်ပုံနဲ့ ပါဆင်နယ်တွေဟာလည်း တကယ်တောက်ပလာပါတယ်။

ဒီတော့ ၂၀၁၄ မှာ ဆံပင်အတိုညှပ်ချင်စိတ် ရှိနေတယ်ဆိုရင်တော့ သိပ်အများကြီး တွေဝေ မနေပါနဲ့။ ကိုယ်နဲ့လိုက်ဖက်နိုင်တဲ့ ပုံစံကိုသာ မှန်ကန်စွာ ရွေးချယ်လိုက်ပါ။

Ref:kpopstarz

အကောင်ရေ သိန်းချီတဲ့ လင်းနို့ အသေကောင်တွေ ကောင်းကင်ကနေ ပြုတ်ကျလာ



သြစတြေးလျ ကို ဖြတ်သန်းသွားတဲ့ ပြင်းထန်တဲ့အပူလှိုင်းကြောင့် လင်းနို့ ကောင်ရေ တစ်သိန်းခန့်  ကောင်းကင်က ပြုတ်ကျသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အပူချိန်ဟာ ၄၃ ဒီဂရီဆဲလ်စီးယပ်စ် အထိမြင့်တက်ခဲ့ပြီး တောင်ပိုင်း ကွင်းစ်လန်းပြည်နယ်မှာ အခုလို လင်းနို့ အသေကောင်မိုးရွာချ ခဲ့တာဖြစ်တယ်လို့ သြစတြေးလျအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

ဒီလင်းနို့ အသေကောင်တွေ ကောင်းကင်ကပြုတ်ကျမှုကြောင့် တစ်ချို့ မြို့ နယ်တွေမှာ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ခဲ့ပြီး စည်ပင်ဝန်ထမ်းတွေ ဟာလည်း ဒီအသေကောင်တွေကို သစ်ပင်ချုံပုတ်တွေကနေ ဖယ်ရှားပစ်ဖို့  အလုပ်ရှုပ်စေခဲ့တယ်လို့ သိရပါတယ်။ မြို့ သူမြို့ သားတွေဟာလည်း ဒီလင်းနို့ အသေကောင်တွေရဲ့ ပုပ်ပွ နံစော်တဲ့ အနံ့ ကို လေးရက်တိတိ ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။ အနည်းဆုံး ၁၆ ယောက်ရှိတဲ့ မြို့ ခံတွေဟာ သေခါနီးလင်းနို့ တွေရဲ့ ကုတ်ခြစ်ရာတွေကြောင့် ရောဂါပိုးကူးစက်မှုမခံရအောင် ကုသခဲ့ရပါတယ်။

“သူတို့ ကို သွားမကိုင်မထိကြပါနဲ့ ။ တစ်ချို့ ကောင်တွေက နာကျင်ပြီးရန်လိုနေကြတာပါ။ တကယ်လို့ သူတို့  ကြောင့် ခင်ဗျားတို့ အရေပြားတွေ ထိခိုက်ပွန်းပဲ့ခဲ့မယ်ဆိုရင် ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်” လို့ လင်းနို့  အသေကောင်တွေကို ရှင်းလင်းကယ်ဆယ်ရေးလုပ်နေတဲ့ အစီအစဉ်ရဲ့ အကြီးအကဲက မြို့ သားတွေကို သူတို့  ကိုယ်တိုင် ဒီအသေကောင်တွေကို မရှင်းလင်းဖို့ ကြေငြာသတိပေးခဲ့ပါတယ်။

Ref: mirror.co.uk

မောင်းသူမဲ့ ကားနည်းပညာ CES တွင်ပြသွား



နိုင်ငံတကာ သုံးစွဲသူ အီလက်ထရောနစ် ပြပွဲ (CES) မှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် မောင်းသူမဲ့ ကားနည်းပညာနဲ့ပတ်သက်ပြီး ထိပ်တန်းကားကုမ္ပဏီတွေက ပြသသွားပါတယ်။

BMW နဲ့ Audi ကားကုမ္ပဏီတွေဟာ သူတို့ရဲ့ နောက်ဆုံးပေါ် မောင်သူမဲ့ ကားနည်းပညာကို ထုတ်ဖော်ခဲ့ပြီး အစမ်းမောင်းပြမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ Nevada မှာအစမ်းမောင်းပြခဲ့ပြီး ဒီပြည်နယ်ဟာ မောင်းသူမဲ့ကား အစမ်းမောင်းတာကို ခွင့်ပြုထားတဲ့ အနည်းငယ်သော ပြည်နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မောင်းသူမဲ့ကားမောင်းထွက်ဖို့ဆိုရင်တော့ ယာဉ်မောင်းခုံမှာ လူတစ်ယောက်တော့ ထိုင်ပေးထားဖို့ လိုအပ်ပါလိမ့်မယ်။

ထိန်းချုပ်စနစ်က ဘယ်လောက်တိကျတယ်ဆိုတာနဲ့ အရေးကြုံလာတဲ့အခြေအနေမှာ ဘယ်လိုကိုင်တွယ်ဖြေရှင်းနိုင်တယ်ဆိုတာကို ပြသတဲ့အနေနဲ့ ထိန်းညှိုထားတဲ့ drift ဆွဲပြသွားပါသေးတယ်။

“ခင်ဗျားမှာရှိတဲ့ အကောင်းဆုံး အစမ်းယာဉ်မောင်း တစ်ယောက်နဲ့အတူတူပဲ။” လို့ BMW ပရောဂျက်မန်နေဂျာ ယာဉ်မောင်း Dr. Werner Huber ကပြောသွားပါတယ်။

ရုပ်ရှင်နောက်ခံဂီတရေးခဲ့တဲ့ Evanescene အဆိုတော် Amy Lee



Evanescene ရဲ့အဆိုတော် Amy Lee ဟာ War Story အမည်ရှိရုပ်ရှင်မှာ သူမရဲ့ပထမဆုံး ရုပ်ရှင်နောက်ခံဂီတကိုရေးစပ်ခဲ့တာဖြစ်ပါတယ်။

ဒီလနောက်ပိုင်း Utah ပြည်နယ် Park မြို့ Suncance ရုပ်ရှင်ပွဲတော်မှာ ထွက်မယ့် ဒီရုပ်ရှင်မှာ Catherine Keener နဲ့ Ben Kingsley တို့ပါဝင်သရုပ်ဆောင်ထားပြီး “အလွန်မှောင်မိုက်ပြီး၊ ကိုယ့်အတွေးကိုကိုယ်အခြေခံထားပါတယ်” လို့ Amy Lee ကရည်ညွှန်းပါတယ်။

ကျွန်မ ပရိတ်သတ်တွေကိုအံ့အားသင့်အောင်လုပ်မှာဖြစ်ပါတယ်။ အသံအရောအနှောတွေပါတယ်။ နမိတ်ဆိုးတဲ့အသံတွေ ပါမယ်။ ကျွန်မ keyboard တော်တော်တီးထားခဲ့တာ Taurus ခြေနင်းတွေလဲပါမယ်။ ညည်းသံအနိမ့်တွေလဲပါဘယ်။ တီးထားတဲ့အချိန်ကြာသလို ဂီတလဲဆန်ပါတယ်။ ဒါပေမယ့် Dave (သီချင်းရေးဆရာ Eggar) နဲ့ကျွန်မနဲ့ ဆူညံနေတဲ့ cello သံတွေ၊ trombones တွေ၊ synthesizer တွေနဲ့စောင်းသံတွေတစ်ခုနဲ့တစ်ခုထပ်ထားတဲ့ အသံနံရံတွေဖန်တီးခဲ့ပါတယ်။ ဒါဟာ ဂီတအသစ်တစ်ခုဖန်ဆင်းသလိုပါပဲ။ Soundtrack တစ်ခုမဟုတ်ဘဲ ခံစးမှုတစ်ခုပါ။ ကျွန်မသီချင်း အမြဲတမ်းရေးချင်နေတဲ့အကြောင်းကို အမြဲပြောလာခဲ့တာပါ။ ပြီးတော့အခုက အဲဒီ့အရာကိုရှာဖွေဖေါ်ထုတ်ဖို့ ကျွန်မရဲ့ ပထမဆုံးအခွင့်အရေးပါ။ Dave နဲ့ကျွန်မနောက်ထပ်ရုပ်ရှင်တစ်ခုမှာ ထပ်ရေးမလို့ပြောပြီးပါပြီ။ ပြီးတော့ ကျွန်မသူနဲ့ထပ်ပြီးအလုပ်လုပ်ချင်ပါတယ်။ ကျွန်မကပြောရဆိုရကောင်းပါတယ်။ ကျွန်မကိုကျွန်မလက်ဝှေ့သတ်နေလိုမျိုးမဖြစ်စေနိုင်တဲ့နေရာမှာကျွန်မတကယ်ကိုရှိနေချင်ပါတယ်။ ကျွန်မဒါကို အမြဲပြောလေ့ရှိပြီး အခုတော့ ဒါဟာ ရည်မှန်းချက်ပန်းတိုင်ဖြစ်နေပါပြီ” လို့ Amy Lee ကပြောပြသွားပါတယ်။

ref:metalhammer

မင်္ဂလာသတင်းက မကြာမီ၊ လာမည်လို့ ဖွင့်ဟလိုက်တဲ့ ချစ်စနိုးဦး



သရုပ်ဆောင်နယ်ပယ်ကနေ ဂီတအနုပညာထဲကို စီးမျောဝင်ရောက်သွားသူဖြစ်တဲ့ ချစ်စနိုးဦး ဟာ အကယ်ဒမီရုပ်ထုကို ပိုင်ဆိုင်ရရှိပြီးကာမှ သရုပ်ဆောင်နယ်ပယ်မှာ အနေအေးသွားပြီး ဂီတဖက်ကို ပြောင်းလဲလုပ်ကိုင်သူပါ။ သူမဟာ လတ်တလောမှာ နယ်ပွဲဖျော်ဖြေရေးများနဲ့ အလုပ်ရှုပ်နေပြီး သူမရဲ့ ဗီစီဒီအတွက်လည်း ပုံဖော်ရိုက်ကူးမယ်လို့ သိရတာကြောင့် သူမနဲ့ ဆုံတွေ့ခိုက် မေးမြန်လိုက်တဲ့အခါ ‘အစ်မ အခုလာမဲ့၁၂ ၊ ၁၃မှာ ရခိုင်ခြေတော်ရာမှာ သီချင်းသွားဖျော်ဖြေဖို့ရှိတယ်။ ပြီးရင် ၁၆ မှာ မန္တလေးဈေးချိုဖွင့်ပွဲမှာ သွားဖျော်ဖြေဖို့ရှိတယ်။ ဒီကြားထဲမှာတော့ အစ်မ ဖျော်ဖြေရေးတွေပဲ တောက်လျှောက် လက်ခံထားတာပေါ့နော်။ ကားရိုက်ကကျတော့ သီချင်းသွားဆိုဖို့နဲ့ တိုက်နေတဲ့အခါကျရင် အဆင်မပြေမှာစိုးလို့သိပ်မရိုက်ဖြစ်ဘူး။ ကားရိုက်က အနည်းဆုံး ၇ ရက် ၁၀ ရက်လောက်ကြာတာဆိုတော့ သီချင်းဆိုတာနဲ့တိုက်မှာစိုးလို့သိပ်လက်မခံဖြစ်ဘူး။ ဒါပေမဲ့လို့ ကိုယ်က သီချင်းသွားဆိုဖို့မရှိတဲ့အခါတွေကျရင်တော့ ကားရိုက်တွေကို ပြန်လက်ခံဖြစ်မှာပါ။ ခိုနားခွင့်ပေးပါ တေးစီးရီးနဲ့ပတ်သတ်ပြီးတော့လဲ အခွေအခြေအနေက မဆိုးဘူးလို့ပြောလို့ရမယ့် အနေအထားပေါ့။ ပရိသတ်တွေလဲအားပေးကြတယ်။ ကြိုက်ကြတဲ့အတွက် ကျေးဇူးတင်တယ်။ ဒီအခွေလေးကို လုပ်ဖြစ်တာကလဲ ပရိသတ်တွေတောင်းဆိုလို့လုပ်ခဲ့တာဖြစ်တဲ့အတွက် အခုလို အားပေးတဲ့အပေါ်ကို အစ်မက အရမ်းကျေးဇူးတင်ပါတယ်လို့ပဲပြောချင်ပါတယ်။ အခု၂၀၁၄ ထဲမှာဆို အစ်မအမ်တီဗီရိုက်ဖို့အတွက်စီစဉ်ထားတယ်။ မရိုက်ဖြစ်သေးတာက အစ်မကိုယ်တိုင်ကလဲ သီချင်းတွေ သွားဆိုတော့မအား၊ အစ်မအားတော့ ဒါရိုက်တာတွေက မအားနဲ့ သူတို့ရော၊ အစ်မရော အားမဲ့အချိန်ကို စောင့်ပြီး အစ်မရဲ့အမ်တီဗီလေးကို ပရိသတ်အတွက် အကောင်းဆုံးပေးဆပ်ချင်လို့ပါ။’လို့ သူမက ဆိုပါတယ်။

သူမရဲ့ အချစ်ရေးသတင်းနဲ့ ပတ်သက်ပြီးတောလည်း သူမက ‘အခုချိန်မှာ အစ်မက တစ်ယောက်တည်းတော့ မဟုတ်တော့ပါဘူး။ ချစ်သူရှိနေပါပြီ။ အဆင်ပြေပါတယ်။ အေးဆေးပါပဲ။ အစ်မရဲ့မင်္ဂလာသတင်းကတော့ မကြာမှီ လာမည်။ ယူမယ်ဆိုရင် ပရိသတ်တွေကို အရင်အသိပေးမှာပါ။ အခုလောလောဆယ်တော့ ကိုယ်ကလဲ အနုပညာအလုပ်တွေကို လုပ်လို့မ၀သေးတဲ့အတွက် အိမ်ထောင်ရေးဖက်ကို မလှည့်သေးတာပါ။ စနိုးအိမ်ထောင်ပြုတော့မယ်ဆိုရင် ပရိသတ်ကြီးကို အရင်အသိပေးမှာပါ’တဲ့။

ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ပြောပြနေတဲ့ သင့်ရဲ့ စိတ်နေစိတ်ထား



အရက်အလွန်အကျွံသောက်ခြင်းက ဘ၀ကို ပျက်စီးစေနိုင်သလို ဆေးလိပ်အလွန်အကျွံ သောက်ခြင်းက အဆုတ်ကို ပျက်စီးစေနိုင်ပါတယ်ဆိုတာ ကျွန်ုပ်တို့သိပြီးသားပါ။ ဒါပေမယ့် သင့်ရဲ့ လက်ညှိုးအရှည်ဟာ သင့်လိင်အင်္ဂါရဲ့ တကယ့်အရှည်ကို ဖော်ပြနိုင်တယ်လို့ ပြောလိုက်ရင် သင် ဘယ်လိုခံစားရမလဲ ။ ရူးလိုက်တာပေါ့။ ဒါပေမယ့် အဲဒါအမှန်ပါ။

အခုဖော်ပြပေးမယ့် ခန္ဓာကိုယ် စပ်ဆက်မှုအချက်(၆)ချက်ကို သိထားရင် သင့်ဘ၀အတွက် အသုံးဝင်နိုင်ပါလိမ့်မယ်။

(၁) မျက်လုံးတွေကတဆင့် ဦးနှောက်ကို သိနိုင်ခြင်း



စိတ်တ္တဗေဒ သိပ္ပံပညာ လေ့လာချက်တွေအရ သင့်မျက်လုံးတွေနောက်က သွေးကြောတွေဟာ သင့်ဦးနှောက်ရဲ့ ကျန်းမာရေးအဆင့်အတန်းကို ဖော်ပြနေပါတယ်။ သွေးပြန်ကြောတွေကို တချက်ကြည့်လိုက်ပါ။ အဲဒီသွေးကြောတွေ ကျယ်လေလေ IQ နည်းလေလေ ပါပဲ။

(၂) အသားအရေကတဆင့် သွေးဖိအားနှုန်းကို သိနိုင်ခြင်း



ပျော့တွဲတွဲအသားအရေနဲ့ အရေးအကြောင်းတွေက အတိတ်ကို ဖော်ပြနေနိုင်သလိုပါပဲ။ ကျန်းမာသန်စွမ်းတဲ့ အသားအရေက သင့်ရဲ့ သွေးဖိအားဟာ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး သင့်ရဲ့ နှလုံးကလည်း ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဖော်ပြနေပါတယ်။ သင့်အသားအရေရဲ့ ငယ်ရွယ်နုပျိုမှု အတိုင်းအတာဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအတော်များများကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။

(၃) သင့်အသံကနေတဆင့် အရပ်အမြင့်ကို သိနိုင်ခြင်း



အမျိုးသားတွေရဲ့ စကားသံ ၊ အသံလတ်နဲ့ တီးတိုးပြောသံ စတာတွေကနေတဆင့် သူတို့ရဲ့ အရပ်အရှည်ကို မြင်သာနိုင်ပါတယ်။ အဆုတ်ရဲ့ အောက်ပိုင်းကထွက်လာတဲ့ လေသံဟာ ပိုပြီးတိုးလေ သူ့ရဲ့အရပ်က ရှည်လေပါပဲ။

(၄) သင့်လက်ကနေတဆင့် သင့်လိင်အင်္ဂါ အရွယ်အစားကိုသိနိုင်ခြင်း



ဒီဆောင်းပါး အစကတည်းက ဒီအကြောင်းကို စိတ်ဝင်စားနေမယ်လို့ ထင်ပါတယ်။ သတင်းအပြည့်အစုံကတော့ ၂၀၁၁ ခုနှစ်က ကိုရီးယား သုတေသနပညာရှင်တွေ တွေ့ရှိထားတာပါ။ အမျိုးသားတစ်ယောက်ရဲ့ လက်ညှိုးဟာ လက်ခလယ်ထက် ပိုတိုလေလေ ပိုကြီးတဲ့ လိင်အင်္ဂါ အရွယ်အစား ရှိလေပါပဲတဲ့ ။

(၅) သင့်ရဲ့ သွားတွေကနေတဆင့် သင့်စိတ်ကိုသိနိုင်ခြင်း



သင့်ရဲ့ သဘာဝကပေးထားတဲ့ ပုလဲလေးတွေက သင့်စိတ်ရဲ့ သတိရမှုနဲ့ မေ့လျော့မှု စွမ်းရည်တွေကို ဖော်ပြနေပါတယ်။ သုတေသနတွေ အဆိုအရ စိတ်ဓါတ်အင်အား နိမ့်ပါးသူတွေဟာ သွားနှင့်ဆိုင်တဲ့ ခံတွင်းပိုင်း ထိန်းသိမ်းမှုအား နည်းတယ်လို့ဆိုပါတယ်။

(၆) သင့်နှုတ်ခမ်းတွေကနေတဆင့် သင့်ရဲ့မှတ်ဥာဏ်တွေကို သိနိုင်ခြင်း



ဟုတ်ပါတယ်။ နှုတ်ခမ်းတွေက မညာနိုင်ပါဘူး။ အက်ကွဲနေတဲ့ နှုတ်ခမ်းတွေနဲ့ အေးစက်နာကျင်နေတဲ့ ဒဏ်ရာမျိုးတွေဟာ အယ်ဇိုင်းမားရောဂါနဲ့ စိတ်ဖောက်ပြန်နိုင်တဲ့ အခြေအနေတွေကို ဖော်ပြနေပါတယ်။

Ref:mensxp

ဟာကျူလီ ဆောင်းမုန်တိုင်းကြောင့် အေးခဲနေတဲ့ နိုင်ယာဂရာရေတံခွန်



အမေရိက အရှေ့ မြောက်ပိုင်းမှာ ၀င်ရောက်လျက်ရှိတဲ့ ၀င်ရိုးစွန်းမုန်တိုင်း ဟာကျူလီကြောင့် ဒေသတစ်ချို့ မှာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအပူချိန်စံချိန်ကို ရောက်ရှိလျက်ရှိပါတယ်။ တစ်ချို့ ဒေသတွေမှာ အနုတ် -၅၀ ဆဲလ်စီးယပ်စ် အထိရောက်ရှိပြီးနောက် ယူအက်စ် ၊ ကနေဒါနယ်စပ်က နာမည်ကျော် နိုင်ယာဂရာ ရေတံခွန်ဟာ ခက်ခက်ခဲခဲလာရောက်ရတဲ့ ခရီးသွားတွေအတွက် တစ်သက်မမေ့နိုင်တဲ့မြင်ကွင်းကို ပေးစွမ်းခဲ့ပါတယ်။ မကြာသေးမီက ကျရောက်ခဲ့တဲ့ ဟာကျူလီအမည်ရ ဆောင်းမုန်တိုင်းကြောင့် အမေရိကန်ပြည်သူ သန်းပေါင်း ၁၉၀ ကျော်ဟာ ရေခဲထက်အေးစက်တဲ့ရာသီဥတုကို ခံစားခဲ့ရပြီး အအေးချိန်ဟာ ငရဲတောင် အေးခဲသွားတယ်လို့ နာမည်တွင် ခဲ့ပါတယ်။ ဒီ ၀င်ရိုးစွန်မုန်တိုင်းဟာ အာတိတ်ဒေသမှာ မကြာခဏဆိုသလို ဖြစ်ပေါ်လေ့ရှိပေမယ့် တောင်အမေရိကတိုက်ကို ဦးတည်ရွေ့ လျားလာတဲ့ ဖြစ်စဉ်ကတော့ အင်မတန်မှ ရှားပါးတယ်လို့ သိရပါတယ်။ ရေခဲအမှတ်အောက် များစွာ ကျဆင်းနေတဲ့ အချိန်မှာ ရိုက်ကူးခဲ့တဲ့ ရေတံခွန်ရဲ့ ဓာတ်ပုံတွေကို Reuters သတင်းဌာနရဲ့ သတင်းထောက် Aaron Harris က မနေ့ ကရိုက်ယူခဲ့တာဖြစ်ပါတယ်။





Ref: mirror.co.uk

နှလုံးတိုက်ခိုက်မှု အန္တရာယ်ရှိ/မရှိကို သွေးစစ်ပြီး ကြိုတင်သိရှိနိုင်



သွေးထဲက တိကျတဲ့ ဆဲလ်တွေ ရှာဖွေပြီး နှလုံးတိုက်ခိုက်မှု အန္တရာယ် ရှိ/မရှိကို သုံးသပ်နိုင်တဲ့ နည်းပညာတစ်ရပ်ကို သိပ္ပံပညာရှင်တွေ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ခဲ့ပါတယ်။ ဒီနည်းပညာကို “fluid biopsy” လို့အမည်ပေးထားပါတယ်။ သွေးစစ်လို့ နှလုံးတိုက်ခိုက်မှု အန္တရာယ်ရှိတဲ့ လက္ခဏာပြတဲ့ လူနာတွေဟာ နှလုံးတိုက်ခိုက်မှု တကယ်တွေ့ကြုံခံစားရမယ်လို့ သုတေသီတွေက ယုံကြည်ထားပါတယ်။

နှလုံးအနားသတ်ဆဲလ်အလွှာအောက်မှာ ရှိတဲ့ endothelial လို့ခေါ်တဲ့ ဆဲလ်တွေဟာ သွေးစီးကြောင်းထဲ လည်ပတ်လိုက်တဲ့အခါမှာ နှလုံးတိုက်ခိုက်မှု ဖြစ်နိုင်၊ မဖြစ်နိုင်ဆိုတာနဲ့ သိပ်ကို ဆက်စပ်နေပါတယ်။ ရောဂါပိုးပါတဲ့ ချေးတွေဖြစ်တည်လာတဲ့အခါ အဲ့ဒီ့နေရာကို ရောက်လာကြပြီး နောက်ပိုင်းမှာ သွေးလွှတ်ကြောတွေ ရောင်ရမ်းလာပါတယ်။ ဒီထိခိုက်မှုဟာ သွေးစပိတ်ပြီး သွေးလွှတ်ကြောသွေးစီးဆင်းမှုကို ဟန့်တားမယ်၊ နောက်တဆင့် နှလုံးတိုက်ခိုက်မှု ဖြစ်လာမယ်။

လူနာ ၇၉ဦးရဲ့ သွေးနမူနာတွေထဲက CECsတွေရဲ့ လက္ခဏာသတ်မှတ်ဖို့နဲ့ အန္တရာယ် ရှိ/မရှိသိဖို့အတွက် High-Definition Circulationg Endothelial Cell (HD-CEC)လို့ခေါ်တဲ့ သွေးစစ်ဆေးမှုကို သုတေသီတွေက တီထွင်ခဲ့တာဖြစ်ပါတယ်။

Ref:BS

နာတယ်ဟ ! တစ်စက္ကန့် သားရေပင် ၁၄ကွင်း ပစ်နိုင်မယ့် စက်သေနတ်



သေနတ်ပြောင်းကတဆင့် တစ်စက္ကန့်အတွင်း သားရေပင် ၁၄ကွင်း ပစ်ခတ်နိုင်တဲ့ စက်သေနတ် ဒီဇိုင်းတစ်ခုကို ကျောင်းသားတစ်ယောက်က ရေးဆွဲတီထွင်ခဲ့ပါတယ်။ သားရေပင် ၆၇၂ကွင်း တပ်ဆင်ထားနိုင်ပြီး ၂၆ပေ (၈မီတာ) အကွာမှာရှိတဲ့ ပစ်မှတ်ကို တစ်စက္ကန့် ၁၄ချက်နှုန်းနဲ့ မြန်နှုန်းမြင့်ပစ်ခတ်နိုင်မှာပါ။



ဒီဇိုင်းရေးဆွဲခဲ့တဲ့ ကျောင်းသားဟာ ၁၈နှစ်အရွယ် ယူကရိန်းနိုင်ငံသားဖြစ်ပြီး ခေတ်အစောပိုင်း မြန်နှုန်းမြင့် လက်နက်တွေကို ရူးသွပ်သူတစ်ယောက်လဲဖြစ်ပါတယ်။ သူဒီဇိုင်းရေးဆွဲလိုက်တဲ့ သားရေပင် စက်သေနတ်ကို ဒီနှစ်အစောပိုင်းမှာ ကန်ဒေါ်လာ (၁၄၀) ၀န်းကျင်နဲ့ပဲ ဖြန့်ချိရောင်းချပေးမှာဖြစ်ပြီး အရောင် ၃မျိုးနဲ့ထွက်လာပါလိမ့်မယ်။



Ref:dailymail

Related Posts Plugin for WordPress, Blogger...