Saturday, January 11, 2014

ရေကျော်ဈေးအား အသစ်ပြန်ဆောက်ရန် ဖျက်သိမ်းမည်ဖြစ်၍ ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်နေသူများက ၎င်းတို့နစ်နာမှုအတွက် လျော်ကြေး (သို့မဟုတ်) ဈေးအနီး၌ ယာယီဆိုင်ခန်း နေရာချပေးရန် တောင်းဆို

Saturday, January 11.2014
ကျော်ထင်၊ ဥာဏ်ဝင်းရှိန်၊ ကေခိုင်ဝင့်

ရေကျော်ဈေး(စီ)ရုံ၌ ဖွင့်လှစ်ထားသော စက်ချုပ်ဆိုင်များကို ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)


ရန်ကုန်မြို့ ပုစွန်တောင်မြို့နယ်ရှိ ရေကျော်ဈေးအား အဆင့်မြင့် ရှစ်ထပ်ဈေးအဖြစ် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် အောင်မြင်ပြည့်စုံ ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းကာ ပြန်လည် ဆောက်လုပ်မည်ဖြစ်၍ ဈေးတွင်ဆိုင်ခန်းငှားရမ်း ဖွင့်လှစ်ထားသူများက နစ်နာမှုအတွက် လျော်ကြေးငွေ (သို့မဟုတ်) ဈေးအနီး၌ ယာယီဈေးဆိုင်ဖွင့်လှစ် နေရာချပေးရန် ဇန်န၀ါရီ ၁၀ ရက် နံနက်ပိုင်းက မြန်မာဂျာနယ်လစ်ကွန်ရက် ရုံးခန်း၌ စာနယ်ဇင်း ရှင်းလင်းပွဲပြုလုပ်၍ တောင်းဆိုခဲ့သည်။

သို့သော် ရေကျော်(စီ)ရုံ၌ ဖွင့်လှစ်နေသော စက်ချုပ်ဆိုင် အများစု တည်ရှိသည့် ဆိုင်ခန်း ၃၃ ခန်းမှာ ပြောင်းရွှေ့ခြင်း မရှိသေးဘဲ ယင်းနေရာမှ ပြောင်းရွှေ့ရပါက စားဝတ်နေရေး အခက်အခဲ ဖြစ်နိုင်သောကြောင့် မပြောင်းရွှေ့သေးဘဲ လျော်ကြေး (သို့မဟုတ်)ဈေးအနီး ယာယီဈေးရောင်းချ၍ ရနိုင်သည့် နေရာပေးရန် ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“ရေကျော်ဈေးမှာ ဆိုင်ခန်းအားလုံးပေါင်း ၂၇၇ ခန်းရှိတယ်။ ဈေးဖျက်လို့ ယာယီဈေးနေရာပေးတဲ့ အခါကျတော့ ဆိုင်ရှင်တွေကိုပဲ အဓိကဆိုင်းခန်း ပြန်ပေးတာ ၉၄ ခန်းပဲရှိတယ်။ နောက်ပြီး ပျံကျတွေကိုလည်း လေးပေပတ်လည် တစ်နေရာပေးတယ်။ ကျွန်တော်တို့ ဆိုင်ငှားတွေကျတော့ ယာယီနေရာမရဘူး။ ကျွန်တော်တို့ ဒီမှာဆိုင်ခန်း ငှားဖွင့်တာ အခွန်ခြောက်မျိုးလောက် ဆောင်နေရတယ်။ ဆိုင်းဘုတ်ခွန်၊ စည်ပင်ခွန် စတာတွေပေါင်းရင် တစ်နှစ်ကို ကျပ်နှစ်သောင်းနဲ့ သုံးသောင်းကြား ဆောင်နေရတယ်။ ကျွန်တော်တို့ကို သင့်တင့်လျောက်ပတ်တဲ့ အခွင့်အရေး ပေးသင့်တယ်။ ကျွန်တော်တို့ကို ယာယီနေရာပေးတော့ ပုဇွန်တောင်ဈေး ကမ်းနားဘက်ခြမ်းမှာ ပေးတယ်။ အဲဒီနေရာက ရောင်းဝယ်လို့ အဆင်မပြေဘူး။ ကျွန်တော်တို့ လိုချင်တာက ရောင်းဝယ်လို့ အဆင်ပြေတဲ့ ရေကျော်ဈေး တစ်ဝိုက်မှာပဲ လိုချင်တယ်” ဟု ရေကျော်ဈေးရှိ ဆိုင်ခန်းအငှားသမားများ အဖွဲ့မှ ဦးကျော်ဆင့်က ပြောပြသည်။

ဈေးအတွင်းမှ ပြောင်းရွှေ့ပေးရန် ဇန်န၀ါရီ ၇ ရက် နောက်ဆုံးထား သတ်မှတ်ပေးထား၍ စည်ပင်က ပြောင်းရွှေ့ပေးရန် ဖိအားပေး အတင်းအဓမ္မ ဆောင်ရွက်လာပါက ၎င်းတို့အနေဖြင့် စည်ပင်အား တရားဥပဒေအရ ရင်ဆိုင်သွားမည် ဖြစ်ကြောင်းလည်း ဦးကျော်ဆင့်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက “ဆိုင်ငှားတွေက ပြောင်းရတဲ့အတွက် ဆိုင်ရှင်တွေဆီက ပိုက်ဆံတောင်းတယ်။ အရင်သိန်း ၃၀ တောင်းတာ။ အခု ၁၅ သိန်း ဖြစ်သွားပြီ။ သူတို့ကို ဌာနက ချက်ချင်းကြီး နှင်ချဖယ်ခိုင်းတာ မဟုတ်ဘူး။ ဌာနအနေနဲ့ လုပ်ပေးရမယ့်အပိုင်း ပြီးသွားပြီ။ ဈေးဆောက်ဖို့ လုပ်ရမယ့်အပိုင်းကို ဆက်လုပ်သွားမယ်” ဟု ဆိုသည်။

ဈေးကျော်ဈေးအား အဆင့်မြင့်ဈေးအဖြစ် ဆောက်လုပ်ရန် ၂၀၁၂ ကတည်းက စီစဉ်ခဲ့ခြင်းဖြစ်ပြီး အသစ်ဆောက်လုပ်ရန် ကြန့်ကြာနေခြင်းမှာ ယာယီဈေးဖွင့်ဖို့ နေရာရှာနေခြင်းကြောင့်ဖြစ်ပြီး ဈေးယာယီဈေး နေရာအား ယခုဈေးရှေ့ ပလက်ဖောင်းတွင် သတ်မှတ်ပေးထားကြောင်း၊ ယင်းနေရာတွင် ဆိုင်ခန်းအနည်းငယ်သာ နေရာချပေး နိုင်မည်ဖြစ်၍ ဆိုင်ခန်းပိုင်ရှင် အမှန်တကယ် ဈေးရောင်းချ နေသူများကိုသာ ဦးစားပေး ပေးခဲ့ကြောင်း၊ အငှားများအား ပုဇွန်တောင်ဈေးတွင် နေရာချပေးခဲ့ခြင်း ဖြစ်ကြောင်းနှင့် ဈေးအသစ်ဆောက်ရန်ကို ဆိုင်ရှင်တွေ အားလုံးက သဘောတူကြောင်း ရေကျော်ဈေးစီရုံမှ ဆိုင်ခန်းပိုင်ရှင် ဈေးရုံကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...