စာဖတ်သူတွေကို ကြိုပြီးတော့ တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့
ကိုယ်ပိုင်ဘလော့ဂ်ဆိုပေမယ့် အခုဆိုရင် နေ့စဉ် လူ ၅၀၀ နီးပါးလောက်
လာဖတ်နေကြတဲ့အတွက် တလေးတစား ကြိုတင်တောင်းပန်တာပါ။ အခုတလော
စိတ်ထဲရှိတဲ့အတိုင်း ရေးချင်ရာရေးမိရင် မလိုလားအပ်ဘဲ
ရိုင်းရိုင်းစိုင်းစိုင်းတွေ ပါသွားမှာစိုးတဲ့အတွက် မရေးဖြစ်အောင်
အခြားဖတ်မိတဲ့ စာတွေကိုပဲ တင်ပေးဖြစ်ပါတယ်။ ပို့စ်အသစ်တွေ မတင်ဘူးလား၊
စာအသစ်တွေ မရေးတော့ဘူးလားလို့ မေးကြတဲ့ မိတ်ဆွေတွေကိုလည်း အားနာပါတယ်။
ကျွန်တော့်စိတ်ထဲမယ် ကိုယ့်ဘာသာကိုယ် မကောင်းမြင်စိတ်တွေ များနေတယ်လို့
သုံးသပ်ယူဆတဲ့အတွက် စာမရေးဖြစ်တာပါ။ မကောင်းမြင်စိတ်နဲ့ ရေးတဲ့စာဆိုရင်
တစ်ဖက်စောင်းနင်း ဖြစ်သွားမှာစိုးလို့ပါ။ အဲဒီတော့ သတင်းတွေကို ဘေးကနေပဲ
နားထောင်ဖြစ်၊ ဖတ်ဖြစ်၊ ကြည့်ဖြစ်ပါတယ်။ ကျန်တဲ့လူတွေရဲ့ လက်ရှိနိုင်ငံရေး
အခြေအနေတွေအပေါ် အမြင်တွေကိုလည်း နားထောင်ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်း
ပြောသူထက် နားထောင်သူလုပ်ခဲ့တဲ့ အချိန်က ပိုများခဲ့ပါတယ်။ ထပ်တူထပ်မျှ
မဟုတ်ပေမယ့် အခြားသူတွေမှာလည်း ကျွန်တော်နဲ့ အနီးစပ်ဆုံး တူညီတဲ့
ခံစားချက်တွေ၊ အမြင်တွေ၊ သုံးသပ်မှုတွေ ရှိနေတာကို မအံ့မသြ တွေ့ရပါတယ်။
အချို့သော ရှားရှားပါးပါးတွေကလည်း ကျွန်တော်နဲ့ ပြဒါးတစ်လမ်း သံတစ်လမ်း
အယူအဆတွေ၊ အတွေးအမြင်တွေ ရှိနေကြတာကို အသိအမှတ်ပြုရပါတယ်။
လက်ရှိအခြေအနေတွေကို ကောင်းတယ်လို့ မပြောပေမယ့်
ဆိုးရွားတယ်လို့ ပြောဆိုတာကို မကြိုက်တဲ့ လူတွေပေါ့။ သူတို့အမြင်ကလည်း
စိတ်ဝင်စားဖို့ကောင်းပါတယ်။ အရင်တုန်းက တစ်သက်လုံး
ဖိနှိပ်မှုအောက်မှာ နေလာခဲ့ရတာ ဖြစ်တဲ့အတွက် အခုလို လွတ်လပ်ခွင့် အသင့်အတင့်
ရှိလာတဲ့အချိန်မှာ ပြောဆိုကြ၊ ရေးသားကြ၊ လုပ်ကိုင်ကြ၊ ဆောင်ရွက်ကြတာဟာ
အပြစ်မြင်စရာ မဟုတ်ကြောင်း ခုခံကြပါတယ်။ အဲဒီအမြင်တွေကို
ကျွန်တော်လေးစားပါတယ်။ အခုတော့ လိုရင်းကို ပြန်ဆက်ရရင် မီဒီယာတွေနဲ့
ပတ်သက်လို့ မြင်နေရ၊ ကြားနေရတာတွေထဲက ကျွန်တော်ပြောချင်စိတ်ရှိတဲ့
အကြောင်းအရာတွေကို ကျွန်တော်မြင်တဲ့အတိုင်း ပြောပါရစေ။ စိတ်ခံစားမှုတွေကို
အတတ်နိုင်ဆုံး ချိုးနှိမ်ရေးသားတဲ့ကြားက အသုံးအနှုန်း ရင့်သီးတာတွေ
ပါရှိခဲ့ရင် နားလည်ပေးဖို့ ကြိုတင်တောင်းပန်ထားခဲ့ကြောင်း
သတိရပေးကြစေလိုပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အစိုးရပိုင်မဟုတ်တဲ့ ပုဂ္ဂလိကသတင်းစာ အခုလောလောဆယ် ၁၀ စောင်ဝန်းကျင်
ထွက်နေတယ်လို့ ကျွန်တော်ခန့်မှန်းမိပါတယ်။ အကုန်လုံးကို မဖတ်နိုင်ပေမယ့်
၅ စောင်ဝန်းကျင်လောက်ကို အလှည့်နဲ့ ဖတ်ဖြစ်ပါတယ်။ ၃ စောင်လောက်ကလွဲရင်
ကျန်တဲ့သတင်းစာတွေဟာ မူဝါဒ တိတိကျကျမရှိဘဲ ကြုံရာကျပန်း
လုပ်နေကြတယ်လို့ မြင်မိပါတယ်။ သတင်းဖော်ပြပုံတွေ၊ သတင်းရေးသားပုံတွေက
ကျင့်ဝတ်နဲ့ မညီ၊ သိက္ခာမရှိ၊ တာဝန်ယူမှုမရှိ လက်လွတ်စပယ် ရေးသားကြတာကို
စိတ်မကောင်းစရာ မြင်တွေ့ရပါတယ်။ အချို့သတင်းစာတွေဆိုရင် အယ်ဒီတာအဖွဲ့
အမည်စာရင်းကို ကြည့်လိုက်တော့ ပိုလို့တောင် အံ့သြရတယ်။ မနေ့တစ်နေ့ကမှ
သတင်းစာလုပ်တာ မဟုတ်ဘဲ ၀ါရင့်သမ္ဘာရင့်
သတင်းစာသမားတွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ကိုယ့်မူနဲ့ကိုယ် ခိုင်ခိုင်မာမာ
မရပ်တည်ဘဲ သတင်းစာထုတ်တဲ့ ပိုင်ရှင်အလိုကျ၊
အဖွဲ့အစည်းအလိုကျ ရေးသားဖော်ပြနေကြတယ်လို့ ခံစားမိပါတယ်။ ပရိသတ်ကို
စိတ်ဝင်စားအောင် ဆွဲဆောင်တာဆိုပေမယ့် မျက်နှာဖုံးစာမျက်နှာမှာ
သတင်းခေါင်းစီး ပေးပုံတွေက ကြောက်စရာကောင်းလှပါတယ်။ လူပုဂ္ဂိုလ်အလိုက်၊
အဖွဲ့အစည်းအလိုက် သဘောကျနှစ်ခြိုက်ခြင်းမရှိ၊ လိုလားနှစ်သက်ခြင်းမရှိတဲ့
အသုံးအနှုန်းတွေကို ဖောဖောသီသီ သုံးနှုန်းကြတာ တွေ့ရပါတယ်။
ဒါဟာ ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။
သတင်းစာတွေဟာ စနစ်ကို ဝေဖန်ပြုပြင်မှာလား၊ လူပုဂ္ဂိုလ်တစ်ဦးချင်းတွေ၊
အဖွဲ့အစည်းတွေကို ငယ်ကျိုးငယ်နာဖော်၊ အပုပ်ချ၊ ဝေဖန်၊ ပုတ်ခတ်၊
တိုက်ခိုက်၊ ခြေထိုး၊ ဓားနဲ့ထိုး လုပ်မှာလား ဆိုတာ မေးခွန်းထုတ်စရာပါ။
ဂျာနယ်တွေ၊ သတင်းစာတွေ အားလုံးက ပြည်သူအတွက်၊ ပြည်သူအတွက်လို့
တွင်တွင်အော်နေကြပေမယ့် တကယ်တမ်းမှာတော့ သူတို့ရဲ့ ကိုယ်ကျိုးစီးပွားအတွက်
စာဖတ်သူ (ပြည်သူ) တွေကို ခုတုံးလုပ်နေတာကို အခုရက်ပိုင်း
ပိုလို့တောင် မြင်လာရပါသေးတယ်။ ကြိုက်တဲ့ဂျာနယ်၊ သတင်းစာကို ဖတ်ကြည့်လိုက်၊
စာဖတ်သူတွေအတွက် လက်ငင်းအကျိုးရှိစေမယ့် အကြောင်းအရာ၊
လက်ရှိနိုင်ငံရေးအပေါ် စာဖတ်သူတွေ တွေးဆဆင်ခြင်စေနိုင်မယ့် အကြောင်းအရာ၊
လက်တွေ့ဘ၀တွေအတွက် တစ်ဖက်တစ်လမ်းက အကျိုးရှိစေမယ့် အကြောင်းအရာတွေထက်
သမိုင်းကျမ်းစာအုပ်တွေအလား၊ လိပ်ဥတူးစာစောင်တွေအလား၊
လှုံ့ဆော်ရေးစာစောင်တွေအလား သူ့ထက်ငါ အပြိုင်အဆိုင် ဆော်ကြ၊ နှက်ကြ၊ ဖဲ့ကြ၊
ရွဲ့ကြ၊ လှုံ့ဆော်ကြ၊ အခါတော်ပေးကြ လုပ်နေကြတာဟာ အနာဂတ်အတွက်
စိတ်မကောင်းစရာပါ။ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲလို့ ပြန်မေးကြရတော့မယ့်
အခြေအနေပါ။ မီဒီယာတွေ ကိုယ့်ဘာသာကိုယ် မေးကြရမယ့်
အခြေအနေ ရောက်နေပြီလို့ မြင်မိပါတယ်။
မီဒီယာတွေ (သူတို့ကိုယ်သူတို့ စတုတ္ထမဏ္ဍိုင်လို့ ပြောနေတဲ့လူတွေ) ဟာ
အလယ်ကမနေဘဲ၊ အမှန်တရားဘက် မလိုက်ဘဲ သူတို့တိမ်းညွတ်တဲ့ ဘက်တွေကို
သိသိသာသာတစ်မျိုး၊ ပြောင်တစ်မျိုး တစ်ဘက်စောင်းနင်း ရေးနေကြတာတွေဟာ
ကျွန်တော်တို့နိုင်ငံအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။
အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ အားနည်းချက်တွေကို လူတိုင်းသိပြီးသားမို့ အထူးအထွေ
မပြောလိုဘူး၊ ဥပဒေပြုရေးကလည်း အခုမှ မြေစမ်းခရမ်းပျိုး၊ ဒါ့အပြင်
အာဏာအားပြိုင်မှုတွေကြားမှာ ဦးတည်ချက်ပျောက်နေတယ်၊
တရားစီရင်ရေးမဏ္ဍိုင်က ခေါက်ရိုးကျိုးနေဆဲ၊ ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်
အခုအချိန်အထိ ရပ်တည်ရဲသေးပုံမရ။ ဒီလိုအချိန်မျိုးမှာ စတုတ္ထမဏ္ဍိုင်ဆိုတဲ့
မီဒီယာတွေကလည်း ကိုယ့်ဘာသာကိုယ် ကိုယ့်သိက္ခာနဲ့ကိုယ် ခိုင်ခိုင်မာမာ ရပ်တည်ပြီး ဘေး ကနေ ဖေးမထိန်းကျောင်း၊ ဝေဖန်အကြံပြုတာတွေ လုပ်ရမယ့်အစား
သူတို့သည်လည်း အာဏာပိုင် အဖွဲ့အစည်းတစ်ရပ် ဖြစ်တယ်ဆိုတဲ့
အနေအထားမျိုးရောက်လာအောင် သြဇာအာဏာ ထူထောင် လာကြတာတွေ တွေ့လာရတယ်။
လုပ်ကိုင်ဆောင်ရွက်နေတဲ့ သတင်းစာတွေ၊ ဂျာနယ်တွေကို အကျိုး ရှိအောင်
အသုံးချပြီး အားလုံးကို အလုပ်အကျွေးပြုရမယ့်အစား ကျန်တဲ့လူတွေအပေါ်
အသာစီးရထားတဲ့ လက်နက်တွေပမာ အသုံးပြုနေကြတာကို
စိတ်မကောင်းစွာ တွေ့နေမြင်နေရတယ်။ အဲဒီလိုလူတွေကို ကျွန်တော်တို့က
ဘယ်လိုစိတ်တွေနဲ့ လေးစားရမလဲ၊ အားကိုးရမလဲ၊ ယုံကြည်ရမလဲဗျာ။ သမိုင်းက
မှတ်တမ်းတင်သွားပါလိမ့်မယ်။
အဲဒီလို မှတ်တမ်းတင်ထားသူတွေထဲမှာ ကျွန်တော်ကိုဉာဏ်လည်း
တစ်ဦးအပါအ၀င်ပေါ့ဗျာ။ နောက်ထပ် ၂၀၁၆-၂၀၁၇ ခုနှစ်ဝန်းကျင်မှာ
အခုဒေါင်းနဲ့မောင်းနဲ့ ရေးနေတဲ့ ဂျာနယ်တွေ၊ သတင်းစာတွေ
ဘယ်သောက်ချိုး ပြောင်းသွားမယ်ဆိုတာ ဒီကကောင်က အခုကတည်းက
ကြိုပြီးတော့ မြင်နေတာ ခက်တယ်။ မျက်နှာကို အမဲဆီသုတ်၊ ချောဆီသုတ်၊
ဖယောင်းသုတ်၊ စက်ဆီသုတ်ပြီး မျက်နှာပြောင် တိုက်ကြဦးမှာ မြင်ယောင်နေသေးတယ်။
ကျွန်တော်က နိုင်ငံရေးပုရောဟိတ် မဟုတ် သလို၊ နိုင်ငံရေးရှေ့ ဖြစ်ဟောသူလည်း
မဟုတ်တဲ့အတွက် ကျွန်တော့်ခန့်မှန်းချက်တွေ မှန်နိုင်တဲ့အလားအလာဟာ
ဘယ်လောက် ရာခိုင်နှုန်း ရှိတယ်ဆိုတာကို တပ်အပ်သေချာ မပြောနိုင်ပါဘူး။
ဒါပေမယ့် အခုဒီဘက် ၄-၅ နှစ်အတွင်းမှာကို ရဲရဲတောက် စာနယ်ဇင်းတွေ၊
စတုတ္ထမဏ္ဍိုင်တွေလို့ ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း သိဒ္ဓိတင်နေခဲ့သူတွေဟာ
ဘယ်သူနဲ့တွေ့ရင် ဘယ်မူပြောင်း၊ ဘယ်လူနဲ့တွေ့ရင် ဘယ်မူစောင်းခဲ့တယ် ဆိုတာကို
သိနေလေတော့ အတော်ခက်တယ်ဗျာ။ အကျိုးစီးပွား ဆိုတဲ့စကားလုံး ၄ လုံးကို
ကျန်တာတွေ အားလုံးနဲ့ လဲလှယ်ကာကွယ်ခဲ့တာတွေဟာ ဆယ်စုနှစ်တောင် မကြာသေးပါဘူး။
ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်ကို ယထာဘူတကျကျ ဉာဏ်ရှေ့ပန်းပြီး
တွေးမိသူတိုင်း သက်ပြင်းတွေ ချမိကြပါလိမ့်မယ်။ နောက် ၁၀ နှစ်
မပြောနဲ့၊ နောက်လထဲမှာ မြန်မာ့နိုင်ငံရေးအခြေအနေ ဘယ်လိုရှိမယ်
ဆိုတာကိုတောင် ကံသေကံမ ပြောလို့မရတဲ့ အခြေအနေ၊ သိပ်ပြီးတော့ ထိလွယ်ရှလွယ်
အခြေအနေ၊ အခက်အခဲတွေ ရောပြွမ်းနေတဲ့ လက်ရှိအနေအထား၊ တက်ညီလက်ညီမဖြစ်ဘဲ
ငါ့လှေငါထိုးတွေ များနေတာတွေဟာ နိုင်ငံ့အနာဂတ်အတွက် ကောင်းတဲ့အလားအလာတွေ
မဟုတ်ပါဘူး။
တကယ်ဆိုရင် ဒီလိုအခြေအနေတွေကို သတင်းစာတွေ၊ ဂျာနယ်တွေက ဝေဖန်ထောက်ပြ၊
အကြံပြု၊ ပြုပြင်ထိန်းကျောင်းလုပ်ကြရမှာပါ။ နိုင်ငံသားတွေအားလုံး နိုင်ငံရေးအသိရေချိန် မြင့်တက်လာအောင်၊
တိုင်းပြည်တည်ဆောက်ရေးမှာ တက်ညီလက်ညီ ပါဝင်လာအောင်၊ တစ်နိုင်ငံလုံး
ညီညွတ်ကြ ရအောင် ဆော်သြနှိုးဆော်၊ ထောက်ပြဝေဖန် လုပ်ကြရမှာပါ။ အခုတော့
သတင်းစာချင်း၊ ဂျာနယ်ချင်း အကျိုးစီးပွားဆိုင်ရာ ပဋိပက္ခတွေဖြစ်၊
အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ဦးရဲ့ ထီးရိပ်ကိုခိုပြီး ကျင့်ဝတ်နဲ့မညီတဲ့
ဘက်လိုက်မှုတွေရေး၊ နိုင်ငံတည်ဆောက်ရေးအတွက်
တိုက်တွန်းရမယ့် အစား တော်လှန်ရေးတေးသံတွေနဲ့ပဲ
အမြဲတမ်းတပ်လှန့် ဖြစ်နေလုပ်နေကြတာဟာ မတွေး ၀ံ့လောက်အောင်
အန္တရာယ်များလှပါတယ်။
ပုဂ္ဂလိကနေ့စဉ်သတင်းစာတွေ၊ အပတ်စဉ်ဂျာနယ်တွေရဲ့ အနာဂတ်လားရာ ဘာလဲ၊ ဘယ်လဲ ဆိုတာကတော့....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)