Monday, August 26, 2013

မန္တလေး ကလေးဆေးရုံတွင် သုံးလအတွင်း သွေးလွန်တုပ်ကွေးဖြင့် သုံးဦးသေ

မန္တလေး၊ သြဂုတ်၂၅

မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ သြဂုတ်လ ၁၃ ရက်နေ့ အထိ သွေးလွန်တုပ်ကွေး ရောဂါ လူနာ ၇၂၅ ဦး တက်ရောက် ကုသခဲ့ပြီး ဇွန်လမှ သြဂုတ်လအထိ သုံးလအတွင်း လူနာ သုံးဦး သေဆုံးခဲ့ကြောင်း ခုတင် ၅၅၀ ဆံ့ ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာ ဦးစိန်ဟန်က The Voice သို့ ပြောကြားသည်။

ကလေး ဆေးရုံကြီးတွင် တက်ရောက် ကုသသည့် သွေးလွန်တုပ်ကွေး လူနာ များမှာ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၁၃ ခုနှစ်သည် ဖြစ်ပွားသူ လူနာဦးရေ တိုးလာကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

ပြီးခဲ့သည့် ၂၀၁၂ခုနှစ် တစ်နှစ်လုံးတွင် သွေးလွန်တုပ်ကွေး လူနာ စုစုပေါင်း ၁၇၅ ဦး တက်ရောက် ကုသခဲ့သော်လည်း အသေအပျောက် မရှိခဲ့ကြောင်း ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ တာဝန်ရှိသူထံမှ သိရှိရသည်။

နှစ်စဉ် သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားတတ်သည့် အချိန်တွင် ကလေး ဆေးရုံကြီး၌ လိုအပ်သော ဆေးဝါးများကို စုဆောင်း ထားရှိသည့် အပြင် သွေးလွန်တုပ်ကွေး ရောဂါနှင့် ပတ်သက်၍ အပတ်စဉ် ကျန်းမားရေး အသိပညာပေးခြင်း၊ ဆေးဝါး အခမဲ့ ဖြန့်ဝေပေးခြင်းတို့ ပြုလုပ်လျက် ရှိကြောင်း အဆိုပါဆေးရုံမှ ထပ်မံ သိရသည်။

သွေးလွန်တုပ်ကွေး ရောဂါမှာ ၂ နှစ်တစ်ခါ ဖြစ်ပွားမှုနှုန်း ပိုမိုတတ်ပြီး လူနာများလေ့ ရှိတတ်ကြောင်း ကလေး ဆေးရုံအုပ်ကြီးက ပြောကြားသည်။

“ဖျားနာတဲ့ ကလေးတွေကို သက်ဆိုင်ရာ ကျန်းမာရေး ဌာနသို့ လမ်းညွှန် ပို့ဆောင်ပေးတာတွေ လုပ်ရ မယ်။ သက်ဆိုင်ရာ ကျန်းမာရေး ဝန်ကြီး ဌာနတွေနဲ့ ပူးပေါင်း လုပ်ဆောင်သွားရင်တော့ သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှုက ကျဆင်းသွားနိုင်ပါတယ်” ဟု တိုင်းဒေသကြီး ငှက်ဖျား တိုက်ဖျက်ရေးရုံး ဆရာဝန်ကြီး ဒေါက်တာဇော်လင်းက ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလမှ ဇူလိုင်လ၂၇ ရက်နေ့ အထိ သွေးလွန်တုပ်ကွေး ဖြစ်ပွားသူ ဦးရေမှာ ၈၉၁ ဦးခန့် ရှိပြီး သေဆုံးသူ ငါးဦးခန့် ရှိပြီ ဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...