Monday, August 26, 2013

Isreal နိုင်ငံမှ Arrow 3 ဒုံးစနစ်အား စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း

Isreal နိုင်ငံမှ Arrow 3 ဒုံးစနစ်အား စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း

အစ္စရေး နိုင်ငံသည် Arrow 3 ဒုံးစနစ်၏ ပထမဆုံး အကြိမ် စမ်းသပ် ပစ်ခတ်မှုကို ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်နိုင် ခဲ့ပြီး ယင်းကဲ့သို့ အောင်မြင်စွာ စမ်းသပ်နိုင်မှုသည် အစ္စရေးနိုင်ငံ အတွက် ထိရောက်သော ဒုံးကျည် ကာကွယ်ရေး စနစ် အကောင်အထည်ဖော် ဆောင် ရွက်ရာတွင် အရေးပါသော မှတ်တိုင် ၁ ခုဖြစ်ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ဖော် ပြောကြားခဲ့ပါသည်။
 Arrow 3 ဒုံးခွင်းဒုံး စနစ်အား အစ္စရေး တပ်မတော်တွင် လက်ရှိ အသုံးပြုလျက် ရှိသည့် Arrow 2 ဒုံးခွင်းဒုံး စနစ်နှင့် တွဲဖက် အသုံးပြုသွားမည် ဖြစ်ပြီး ပစ်ခတ်မှု စွမ်းရည် Shoot-Look-Shoot ပုံစံမျိုးရရှိစေရန် စီစဉ်ဆောင်ရွက်ထားပါသည်။ ဆိုလိုသည်မှာ Arrow 3  ဒုံးသည် ကမ္ဘာ့လေထု အပြင်ဘက်မှ ဝင်ရောက်လာသည့် ဒုံးကျည်များအား ကြားဖြတ် တိုက်ခိုက်သွားမည် ဖြစ်ပါသည်။ ထို့အပြင် ကမ္ဘာ့လေထု အတွင်း အချိန် ကန့်သတ်ချက် အရ တိုက်ခိုက် ဖျက်ဆီးနိုင်ခြင်း မရှိသည့် ပစ်မှတ်များအား Arrow 2 ဒုံးကို အသုံးပြု၍ ပစ်ခတ်သွားမည် ဖြစ်ပါသည်။
Arrow 3 ဒုံးခွင်းဒုံး စနစ်အား စမ်းသပ် ပစ်လွှတ်ချိန်တွင် ဒုံးကျည် တင်ဆောင်ထားသည့် ယာဉ်အား တစ်နေရာမှ တစ်နေရာသို့ ရွှေ့ပြောင်းခြင်းနှင့် လျှင်မြန်စွာ နေရာချထားခြင်း တို့ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့သည့် အပြင် ဒုံးကျည်အား exo-atmosphere လေထုအလွှာ အတွင်း စမ်းသပ် ပစ်လွှတ်မှုများအား ဆောင်ရွက် နိုင်ခဲ့ကြောင်း အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်များ အရ သိရှိရပါသည်။ သို့သော် အဆိုပါ စမ်းသပ် ပစ်ခတ်မှုတွင် ကြားဖြတ် တိုက်ခိုက်ခြင်း မပါဝင်ကြောင်း သိရှိရပါသည်။
 Arrow3 ဒုံးယာဉ်တွင် အီလက်ထရောနစ် ခြေရာခံ စနစ်များ တပ်ဆင် အသုံးပြု ထားခြင်းကြောင့် ပစ်မှတ်အား ခြေရာခံ ထောက်လှမ်းခြင်းနှင့် တိုက်ခိုက် ချေမှုန်းခြင်းများကို ထိရောက်စွာ ပြုလုပ်နိုင်ပါသည်။ Arrow 2 ဒုံးအမျိုးအစားနှင့် မတူညီသည့် အချက်မှာ Arrow 3 ဒုံးကျည်တွင် အစထွက် ကျည်ထိပ်ဖူး အမျိုးအစားကို တပ်ဆင် အသုံးပြု ထားပါသည်။
 Arrow 3 ဒုံးကျည်အား ၂ဝ၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် စမ်းသပ် ပစ်လွှတ်ရန် စီစဉ်ထားခဲ့သော်လည်း  အကြောင်း အမျိုးမျိုးကြောင့် လပေါင်းများစွာ ကြန့်ကြာခဲ့ပါသည်။ ထိုကဲ့သို့ ကြန့်ကြာမှုများ ဖြစ်ပေါ်ခဲ့သောကြောင့် Arrow 3 ဒုံးစနစ်အား ယခင်မျှော်မှန်း ထားသကဲ့သို့ ၂ဝ၁၅ ခုနှစ်တွင် စတင် အသုံးပြုရန် ဖြစ်နိုင်ဖွယ် မရှိကြောင်း လေ့လာသူများက သုံးသပ်ခဲ့ကြပါသည်။ Arrow 3 လက်နက်စနစ်နှင့် ပတ်သက်သော လုပ်ငန်းများအား Israel Aerospace ကုမ္ပဏီ၏ MLM လုပ်ငန်းအဖွဲ့နှင့် Boeing ကုမ္ပဏီ တို့မှ အဓိက ပါဝင်၍ ပူးတွဲ ဆောင်ရွက်လျက် ရှိပါသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...