Saturday, January 18, 2014

အနုပညာအလုပ်တွေကို ခဏစွန့်ခွာပြီး နိုင်ငံခြားမှာ စာသွားသင်တော့မယ့် မေဂရေ့စ်ပယ်ရီ



မော်ဒယ်လောကမှာ နုပျိုလှပပြီး ချစ်စရာကောင်းတဲ့ မော်ဒယ်လ် မေဂရေ့စ်ပယ်ရီကို အားလုံးသိပြီး ဖြစ်မှာပဲ။ သူမဟာ လာမယ့် ဖေဖော်ဝါရီလကုန်မှာ နိုင်ငံခြားကို ကျောင်းသွားတက်တော့မှာမို့ သူမနဲ့တွေ့ဆုံခိုက် အဲ့ဒီအကြောင်းအရာ တစ်ချို့ကို မေးမြန်းဖြစ်ခဲ့တဲ့အခါ ‘အခု မေဓာတ်ပုံရိုက်တယ်။ ကြော်ငြာရိုက်တယ်။ အခု နောက်ပိုင်းပိုပြီး သိပ်မရိုက်ဖြစ်ဘူး။ မေ့ကြော်ငြာတွေ အထွက်ကျဲတာက ဖေဖော်ဝါရီလကုန်လောက်ဆိုရင် သြစတေးလျမှာUniversityသွားတက်ရမှာမို့လို့ပါ။ ဇွန်၊ ဇူလိုင် ပြန်လာမယ်။ ပြီးရင် အနုပညာအလုပ်တွေ ပြန်လုပ်ချင်ပါတယ်။ ကျောင်းတက်တာကျတော့ မိဘတွေ တိုက်တွန်းလို့ မဟုတ်ပါဘူး။ ကိုယ့်သဘောနဲ့ကိုယ်သွားတက်တာပါ’လို့ သူမက ပြောပါတယ်။

ရုံတင်ကား ရိုက်ထားတာနဲ့ပတ်သတ်ပြီးတော့လဲ သူမက ‘ကိုစိုင်းနဲ့ဧဒင်ရဲ့နတ်သမီးဆိုတဲ့ ကားမှာ မေ့ကာရိုက်တာက ၀န်ကြီးသမီးပေါ့။ ညကျရင်Street Dance တွေလိုက်ကတယ်။ အဲဒီကားထဲမှာ ကတဲ့အခန်းတွေ အဆင်ပြေဖို့အတွက်Uranium ,Life & Dance တို့နဲ့အကကျင့်တယ်။ အဲဒီကားရိုက်တုန်းကဆိုရင် မေက ဒိုင်ယာလော့ခ်ကျက်ဖို့အတွက် စာသိပ်မဖတ်တတ်ဘူး။ မရိုက်ခင် ကိုစိုင်းနဲ့ဦးမီးပွားနဲ့က သေချာလေးသင်ပေးရတယ်။ လာမဲ့ချစ်သူများနေ့မှာတော့ အစီအစဉ် မရှိပါဘူး။ မိသားစုနဲ့ပဲဖြတ်သန်းဖြစ်မှာပါ’တဲ့။

သူမရဲ့ချစ်ရေးချစ်ရာအကြောင်းကိုတော့ ‘အချစ်ဆိုတာကိုတော့ ကိုယ်ချစ်တဲ့သူရဲ့ပျော်ရွှင်မှုက ကိုယ့်ပျော်ရွှင်မှုလိုဖြစ်နေတယ်။ ကိုယ်ချစ်တဲ့သူတွေ့ရင်တော့ ချစ်မိမှာပါ’ လို့ သူမက ပြောတဲ့အပြင် အနုပညာလောကထဲကို ရောက်လာဖြစ်တဲ့အကြောင်းကိုလည်း ‘မေ ငယ်ငယ်တုန်းက လမ်းလျှောက်တာသိပ်မလှဘူး။ အဲဒါအမေက ဆရာဂျွန်လွင်ဆီမှာ လမ်းလျှောက်သင်ခိုင်းရင်းနဲ့Idea Magazineမှာ ကာဗာစရိုက်ဖြစ်တာပါ’လို့ ဖွင့်ဟသွားပါတယ်။

မောင်းနှင်နေတဲ့ ထရပ်ကားနှစ်စီးပေါ်ကနေ အန္တရာယ်အများဆုံး BMX စတန့် ပြခဲ့သူ





X-Games အားကစားပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ငါးခုရထားတဲ့ Daniel Dhers ဟာ သူ့ ရဲ့ အလှပဆုံး နောက်ဆုံး စတန့် ကို ပြသခဲ့ပါတယ်။ အန္တရာယ်များတဲ့အလုပ်တွေကို စွန့် စားလုပ်ရတာ ပျော်ရွှင်တဲ့ BMX စက်ဘီးစီးသမား ဟာ မောင်းနှင်နေတဲ့ ထရပ်ကားနှစ်စီး ကြားမှာ စက်ဘီးကို လေထဲ နောက်ပြန်ကျွမ်းထိုးပြရင်း ပီရူးနိုင်ငံ လမ်းပေါ်က ဈေးဝယ်လာတဲ့လူတွေကို မှင်တက်အံ့သြစေခဲ့ပါတယ်။ စက်ဘီးကို လေထဲ နောက်ပြန်ကျွမ်းထိုး ပြတဲ့အချိန်မှာ Daniel ဟာ သူ့ ရဲ့ လက်တွေ၊ခြေထောက်တွေကိုပါ လွှတ်ထားခဲ့တာပါ။

X-Games မှာ ရွှေတံဆိပ်ဆု ငါးဆုရထားတဲ့ Daniel ဟာ ဒီ သေမင်းစိန်ခေါ်တဲ့ပြကွက်ကို ယာဉ်တစ်စီးရဲ့ နောက်တွဲပေါ်မှာ ပြုလုပ်ထားတဲ့ ဆင်ခြေလျှောကုန်းကနေ စတင်ပြသခဲ့တာပါ။ မောင်းနေတဲ့ ကားတစ်စီးရဲ့ ဆင်ခြေလျှောလမ်း တစ်ခုကနေ BMX စတန့် အလှပြတာဟာ ခင်ဗျားအတွက် သိပ်မထူးဆန်း မအံ့သြနိုင်ဘူးလား။ နောက်တစ်စီး ဆိုရင်ကော ဘယ်လိုလဲ။

Daniel ဟာ ကားတစ်စီးပေါ်ကနေ နောက်တစ်စီးဆီကို လေထဲကနေ ခုန်ပျံကျွမ်းထိုးကျော်လွှားပြခဲ့ပါတယ်။ အဲဒီ့အချိန်မှာ အဲဒီ့ထရပ်ကားနှစ်စီးဟာ သူတို့ ရဲ့ ဦးတည်ရာကို မောင်းနှင်ရင်းအလုပ်များနေတာပါ။

၃၆၀ ဒီဂရီလှည့်ပြမှု၊ စတီယာတိုင်ကို ကိုင်ပြီး လေထဲဝဲပြမှုတွေ ၊ လက်လွှတ်ခြေလွှတ်တဲ့ အလှပြမှုတွေအပြင် လက်လွှတ်ပြီး လေထဲနောက်ပြန်ကျွမ်းထိုးပြခဲ့မှုတွေက ရပ်ကြည့်နေတဲ့လူတွေကို ပါးစပ်အဟောင်းသား ဖြစ်စေခဲ့ပါတယ်။

ဒီ ဗီဒီယိုကို Youtube မှာ တင်ပြီးနောက်ပိုင်း ၀င်ကြည့်သူအားလုံး အံ့သြချီးမွမ်းခဲ့ကြပြီး Daniel ရဲ့ ရူးသွပ်တဲ့ ဒီပြကွက်ကို သြဘာပေးခဲ့ကြပါတယ်။



အောက်ပါ ဗီဒီယိုလင့်ခ်မှာ သူ့ ရဲ့ စတန့် ပြမှုကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။



Ref: abcnews

အဟာရလည်းဖြစ် အလှအပအတွက်လည်း အကျိုးရှိပြီး အလွယ်တကူ ရနိုင်တဲ့ DIY မျက်နှာပေါင်းတင်နည်းလေးတွေ



သဘာဝကပေးတဲ့ ထွက်ကုန်တွေဟာ သင့်ရဲ့ အစားအသောက်စာရင်းထဲ ထည့်နိုင်ရုံသာမက အသားအရေ အလှအပ ထိန်းသိမ်းဖို့အတွက်လည်း အသုံးဝင်ပါတယ်။ အထူးသဖြင့် anti-aging ဗီတာမင် စီ ပါဝင်တဲ့ အစားအသောက်တွေဟာ အရွယ်ရင့်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ပိုကြည့်ကောင်းတဲ့ ပိုပြီး စိုပြည်တဲ့ အသားအရေကို ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် အသီးတွေ ၊ အရက်တွေကို ဆက်စားပါ။ ဒါတင်မက သင့်အသားအရေပေါ်မှာလည်း လိမ်းပါ။ ဒါကြောင့် မျက်နှာပေါင်းတင်နိုင်တဲ့ အသီးတွေနဲ့ လုပ်နည်းတွေကို ဖော်ပြပေးပါရစေ။



(၁) ထောပတ်သီး ။ ထောပတ်သီးကို ဖျော်သောက်ဖို့သာမက မျက်နှာပေါင်းတင်တဲ့ အနေနဲ့လည်း သုံးနိုင်ပါတယ်။



(၂) သဖန်းသီး။ သဖန်းသီးအစေ့ (၂)ဇွန်း ကို အုတ်ဂျုံမှုန့် လက်ဖက်ရည်ခွက်တစ်ခွက်နဲ့ ရောမွှေကြိတ်ပါ။ ပြီးရင် ခွက်တစ်ခုထဲ ပြောင်းထည့်လိုက်ပြီး ပျားရည် လက်ဖက်ရည်ဇွန်း (၂)ဇွန်း ၊ နို့ထောပတ် (၂)ဇွန်းနဲ့ ရောမွှေပြီး လိမ်းပေးပါ။



(၃) စတော်ဘယ်ရီ ။ စတော်ဘယ်ရီသီးတစ်ခွက် ၊ ဒိန်ချည်(အသန့်) တစ်ခွက်၊ ပျားရည် ထမင်းစားဇွန်း တစ်ဇွန်းတို့ကို blender နဲ့ရောမွှေပါ။ ပြီးရင် moisturizer (၈)အောင်စ ပမာဏ ထည့်ထားတဲ့ ဖန်ခွက်ထဲကို လောင်းထည့်ပြီး ရောမွှေပါ။ ပြီးရင်မျက်နှာမှာ လိမ်းလိုက်ပါ။ တစ်ပတ်ကို (၁)ကြိမ် (သို့) (၂)ကြိမ် ပြုလုပ်နိုင်ပါတယ်။



(၄) ပျားရည်။ ပျားရည်ကို မီးအေးအေးနဲ့ အပူပေးပါ။ နည်းနည်းပူပြီလို့ထင်ရင် ပျားရည်ပမာဏ အနည်းငယ်ကိုယူလိုက်ပြီး မျက်ခုံးပေါ်မှာ တို့ကြည့်လိုက်ပါ။ ခံနိုင်တဲ့ အပူချိန်ရပြီဆိုရင် မျက်နှာတစ်ခုလုံးကို လိမ်းလိုက်ပါ။ (၁၅)မိနစ်ကြာအောင်ထားပြီးနောက် ရေနွေးနဲ့အရင်ဆေးပါ။ ပြီးမှ ရေအေးနဲ့ဆေးပါ။



(၅) ဒိန်ချဉ်။ ဒိန်ချဉ်သီးသန့်တဖန်ခွက်ကို အယ်မွန်သီးအဆီ (ဒါမှမဟုတ်) သံလွင်ဆီ နှစ်စက် ၊ သုံးစက်ထည့်ပါ။ ပြီးရင် ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး ရောမွှေပါ။ မျက်နှာပေါ်မှာ လိမ်းပြီးနောက် မိနစ် (၂၀)မှ (၃၀)ကြာအောင်ထားပါ။ ပြီးနောက် ရေဖြင့်ဆေးပြီး ခြောက်အောင်သုတ်ပါ။

Ref:health.com

ကားရိုက်အတွက် အဆင်ပြေအောင် ဒီဇိုင်းမျိုးစုံကို ဆိုင်တိုင်းမှာ ၀ယ်ဖြစ်တဲ့ ရွှေပိုးအိမ်



မာန်ထက်ချီ ထုတ်လုပ်ရေးက တင်လိုက်တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့အပြင် အပြင်တိုက်တွေနဲ့လဲ ဇာတ်ကားတွေ ရိုက်ကူးလာရင်း အနုပညာလောကထဲမှာ ဖြေးဖြေးနဲ့မှန်မှန် ကြိုးစားနေသူလေး ရွှေပိုးအိမ်ရဲ့ ဖက်ရှင် ပတ်သက်တဲ့ အကြေင်းအရာတစ်ချို့ကို မေးမြန်းကြည့်လိုက်တဲ့အခါ သူမက ‘ဖက်ရှင်ကတော့ ညီမ အနုပညာအလုပ်စလုပ်တဲ့အချိန်မှာ စပြီး စိတ်ဝင်စားလာတယ်။ ပြီးတော့ အင်တာနက်ကနေ ဖက်ရှင်နဲ့ပတ်သတ်တာတွေကို လေ့လာဖြစ်တယ်။ ကြည့်ဖြစ်တယ်။ သူများနိုင်ငံက အနုပညာရှင်တွေ ဖက်ရှင်ကို ဘယ်လိုဝတ်တယ်ပေါ့။ သူတို့ဝတ်တာကို ကြိုက်ပေမဲ့ ဒီမှာက အကုန် လိုက်ဝတ်လို့ အဆင်မပြေနိုင်ဘူး။ သူတို့ယဉ်ကျေးမှုနဲ့ဒီနိုင်ငံက ယဉ်ကျေးမှုနဲ့က မတူဘူးပေါ့။ ပြီးတော့ အ၀တ်အစားကိုလည်း တစ်ဆိုင်ထဲမှာ သီးသန့်မ၀ယ်ဘူး။ တွေ့တဲ့ဆိုင်တိုင်းမှာ ၀ယ်ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလုပ်က အ၀တ်အစားအများကြီး ကုန်တယ်။ ပြီးရင် တစ်ခါဝတ်ပြီး ထပ်ဝတ်လို့အဆင်မပြေဘူး။ အဲဒါကြောင့် ကားရိုက်မှာလဲ အဆင်ပြေအောင် ပုံစံမျိုးစုံဝယ်ဖြစ်တယ်။ ၀တ်ဖြစ်ပါတယ်’တဲ့။

အားလပ်ချိန်ကို အကျိုးရှိအောင် ဘယ်လိုအသုံးချမလဲ




၂၁ ရာစုမှာ အချိန်ဆိုတာ အရှားပါးဆုံးအရာပါပဲ။ မအားလပ်နိုင်တဲ့ အလုပ်တွေကြောင့် လူမှုရေး လစ်ဟာချို့ယွင်းမှုတွေ ကြုံတွေ့နေရတာတော့ အမှန်ပါပဲ။ ဒီတော့ အလုပ်ကအားတဲ့ ခဏတာ အချိန်လေးတွေကို အကျိုးရှိအောင် ဘယ်လိုအသုံးချကြမလဲဆိုတာ ပြဿနာကို ဆွေးနွေးကြည့်ရအောင်။

(၁) mailbox ကို ရှင်းလင်းရေးလုပ်ပါ

မဖတ်ရသေးတဲ့ မေးလ်တွေ ၊ spam မေးလ်တွေနဲ့ ရှုပ်ပွနေတဲ့ သင့်ရဲ့mailbox ကို အားလပ်ချိန်မှာ ခဏတာအချိန်ယူ ရှင်းလင်းပေးလိုက်ခြင်းကြောင့် အရေးကြီးတဲ့ မေးလ်တွေ လွတ်သွားတာမျိုးနဲ့ စုစည်းမှု စွမ်းရည်ကိုပါ တိုးတက်လာစေပါတယ်။



(၂) ဦးနှောက်ကိုလေ့ကျင့်ပါ

ကြားရတဲ့စကားရဲ့ တစ်ဝက်လက်တောင် မခက်ပါဘူး။ သင်ကလည်းအားနေပြီး ဦးနှောက်ကလည်း စိုးရိမ်သောက ကင်းနေတဲ့အချိန်မျိုး ဖြစ်နေတယ်ဆိုပါစို့။ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် အနည်းငယ်နဲ့ စုဝေးလိုက်ပြီး ရုံးအတွက် ပိုကောင်းတဲ့ အပြောင်းအလဲတွေဖြစ်စေဖို့ အကြံဥာဏ်တွေ နှီးနှော ဖလှယ်ကြည့်ပါ။

(၃) ပြိုင်ဘက်များကို လေ့လာပါ

သင့်ရဲ့ ပြိုင်ဘက်များကို သူတို့ဘာတွေလှုပ်ရှားနေလဲ အချိန်ပေးလေ့လာပါ။ ဒီလိုလေ့လာခြင်းကို သင့်ကို အလုပ်ပိုကြိုးစားဖြစ်စေရုံသာမက လိုချင်တဲ့ ပန်းတိုင်ကိုလည်း ခပ်မြန်မြန်ရောက်စေပါတယ်။

(၄) မိမိကိုယ်ကိုယ် ဆန်းစစ်ပါ

သင့်ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေက ဘာလဲဆိုတာ သိပါသလား။ မသိသေးရင် စာရင်းချရေး ကြည့်ပါ။ ဒီလိုလုပ်ခြင်းက ဘ၀ရဲ့ အရေးကြီးတဲ့ အခွင့်အရေးတချို့ သင့်ဆီကိုသယ်ဆောင်လာနိုင်ပါတယ်။

(၅) လေ့ကျင့်ခန်းလုပ်ပါ

အားတဲ့အချိန်မှာ တစ်နာရီလောက် လေ့ကျင့်ခန်းလုပ်ခြင်းက လုံလောက်ပါတယ်။ ပိုပြီး ကျန်းမာတဲ့ ခန္ဓာကိုယ်ကို တည်ဆောက်နိုင်မှ ပိုပြီးကောင်းမွန်တဲ့ ကုန်ထုတ်စွမ်းအားကို ရနိုင်မှာပေါ့။

(၆) သင့်ရဲ့ Idol တစ်ဦးနဲ့ တွေ့ဆုံပါ

သင့်ကို အလုပ်လုပ်ဖြစ်အောင် တိုက်တွန်းပေးနိုင်တဲ့ သင်အားကျ လေးစားရသူတစ်ဦးကို နေ့လည်စားဖို့ ဖိတ်ပါ။ ဒီလိုအခွင့်အရေးမျိုး နောင်တစ်ချိန်မှာ သင်ရချင်မှ ရနိုင်တော့မှာဖြစ်တဲ့အတွက် အားတဲ့အချိန်မှာ ကြိုးစားကြည့်ပါ။



(၇) playlist လုပ်ပါ

ဂီတကပေးတဲ့ ခံစားမှုဆိုတာ ဘယ်အရာနဲ့မှမတူပါဘူး။ ဒါကြောင့် သင်ကြိုက်တတ်တဲ့ သီချင်းလေးတွေကို စုစည်းထားပြီး အဆင်သင့်နားထောင်နိုင်အောင် လုပ်ပါ။

(၈) ကွန်ပျူတာ deskstop ကိုရှင်းလင်းပါ။

သင့်ကွန်ပျူတာက ရှုပ်ယှက်ခတ်နေတယ်ဆိုတာ သိမှာပေါ့။ ဒါကြောင့် အားတဲ့အချိန်လေးမှာ ဖိုင်တွေ စနစ်တကျသိမ်းတာ ၊ ပြန်လည်ရှင်းလင်းတာတွေ လုပ်ပေးပါ။

(၉) သူငယ်ချင်းဟောင်းတွေနဲ့ ပြန်လည်ဆက်သွယ်ပါ။

သူငယ်ချင်းတွေကို မဆက်သွယ်ဖြစ်တာ ကြာပြီဆိုရင်တော့ အားတဲ့အချိန်မှာ ဖုန်းကိုကောက်ကိုင်ပြီး သူတို့နဲ့ အဆက်အသွယ်ပြတ်နေရတာ အလုပ်မှာ ဖိအားတွေများပြီး မအားလုပ်နိုင်တာကြောင့်ဆိုတာကို သေချာရှင်းပြပါ။



(၁၀) ခရီးတစ်ခုပြင်ဆင်ပါ။

အလုပ်နဲ့ တစ်ချိန်လုံး အချိန်ကုန်နေရခြင်းကြောင့် စိတ်ကိုပြန်ပြီး လတ်ဆတ်အောင် လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ပြက္ခဒိန်ကိုကြည့်ပြီး ပိတ်ရက်ရှည်ကို လိုက်ရှာကြည့်ပါ။

(၁၁) အောင်မြင်သူများအကြောင်းကို ဖတ်ပါ

ဆင်းရဲရာမှ အောင်မြင်အောင် ကြိုးစားလာသူများအကြောင်းကို ဖတ်ကြည့်ပါ။ သူတို့ရဲ့ ခံယူချက်၊ ကြိုးစားချက်တွေနဲ့ နည်းနာနိဿယတွေကို အတုယူပါ။

(၁၂) ဈေးဝယ်ထွက်ပါ

အလုပ်မှာ ကြည့်ကောင်းဖို့ဆိုတာလည်း အရေးပါတဲ့ ကိစ္စတစ်ခုပါပဲ။ ဒါကြောင့် ဖက်ရှင် အသစ်တွေကို လေ့လာပြီး ဈေးဝယ်ထွက်ပါ။

(၁၃) မှတ်တမ်းရေးပါ

ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေထဲက မှတ်မှတ်ရရ ဖြစ်တတ်တာမျိုးကို ချရေးတဲ့ အကျင့်လုပ်ခြင်းက ဖိအားတွေကို လျော့ချပေးနိုင်ပါတယ်။



(၁၄) သူဌေးနဲ့ရင်းနှီးအောင် ကြိုးစားပါ နေ့လည်ကော်ဖီချိန်မျိုး ၊ အားလပ်ချိန်မျိုးမှာ သူဌေးနဲ့ ကြုံကြိုက်ရင် တွေ့ဆုံပါ။ သူ့ရဲ့ ကုမ္ပဏီပေါ်အမြင်နဲ့ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေ တစ်ထပ်တည်း ကျနေတဲ့ အခါမျိုးဟာ သင့်ကို အလုပ်လုပ်ရတာ ပိုပြီးပျော်ရွှင်စေပါတယ်။

Ref:mensxp

တရုတ်နှစ်သစ်ကူးအတွက် အထူးထုတ်လုပ်လိုက်တဲ့ ၀တ်စုံတွေ




တရုတ်လူမျိုးဟာ ကမ္ဘာအနှံ့အပြားမှာ နေထိုင်ပြီး လူမျိုးအင်အားလည်းများပြားတာနဲ့အညီ သူတို့ရဲ့ နှစ်သစ်ကူးပွဲတော်ကိုလည်း အလွန်ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေ့ရှိပါတယ်။ ရိုးရာကို တန်ဖိုးထားတတ်တဲ့ တရုတ်လူမျိုးအတွက် နှစ်သစ်ကူးပွဲဟာ တစ်နှစ်တာလုံးမှာ အစည်ကားဆုံးနဲ့ တစ်အိမ်ထောင်မကျန် ဆင်နွှဲကြတဲ့ ပွဲတစ်ခုပါ။

အလားတူ စင်္ကာပူနိုင်ငံဟာလည်း တရုတ်လူဦးရေ များပြားတဲ့နိုင်ငံပါ။ စင်္ကာပူနိုင်ငံလုပ် Brand တစ်ခုဖြစ်တဲ့ Arc ကတော့ ဒီနှစ် chinese newyear မှာ ပျိုမေတွေ အလှဆုံးပွဲတက်နိုင်ဖို့ တရုတ်ရိုးရာကို အခြေခံထားတဲ့ ဒီဇိုင်းအဆန်းလေးတွေ တီထွင်လိုက်ပါပြီ။

သင့်ရဲ့ တရုတ်နှစ်ကူးအတွက် ဈေးဝယ်မထွက်ရသေးဘူး (ဒါမှမဟုတ်) ရုံးအလုပ်တွေနဲ့ မအားလပ်နိုင်တဲ့ အတွက် ဈေးဝယ်ထွက်ဖို့တောင် အချိန်မပေးနိုင်သေးဘူးဆိုရင်တော့ စိုးရိမ်စရာ မလိုတော့ပါဘူး။ စင်္ကာပူ fashion label Arc က သင့်ကို ဒီနှစ်ကူးမှာ အကောင်းဆုံး ပြင်ဆင်ပေးပါလိမ့်မယ်။

အခုကစပြီး ဇန်န၀ါရီလ (၃၀)ရက်နေ့အထိဟာ Arc ရဲ့ ပရိုမိုးရှင်းကာလဖြစ်တဲ့အတွက် ၅၀ ရာခိုင်နှုန်း လျော့ဈေးနဲ့ ရောင်းချပေးမှာပါ။ မနက် ၁၁နာရီကနေ ညနေ ၁၁နာရီအထိ နေ့စဉ်ရောင်းချပေးမှာ ဖြစ်တဲ့အတွက် စင်္ကာပူကို ရှော့ပင်းထွက်ရင်ပဲဖြစ်ဖြစ် ၊ သူငယ်ချင်းကတဆင့် မှာရင်ပဲဖြစ်ဖြစ် အွန်ုလိုင်းက မှာရင်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။

လှပတဲ့ chinese new year ညနေခင်းလေးကို ပိုင်ဆိုင်နိုင်ကြပါစေ။

Ref:herworldplus

ဆေးလိပ်အန္တရာယ် သိထားတာထက် ကြောက် မက်ဖွယ်




စီးကရက် သောက်ခြင်းရဲ့ အန္တရာယ်ဟာ အရင်တုန်းက ထင်ထားတာထက် ပိုပြီးတော့ ဆိုးဝါး ပြင်းထန်တယ်လို့ အမေရိကန် ပြည်ထောင်စု ဆေးမှုးချုပ်ရဲ့ အစီရင်ခံစာ အသစ်တစ်ခုက သတိပေး ဖော်ပြ လိုက်ပါတယ်။

ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာ ဖြစ်စေတယ်ဆိုတာ အတည်ပြု ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာရဲ့ နှစ် ၅၀ပြည့် အထိမ်းအမှတ် အစီရင်ခံစာနဲ့အတူ အခုလေ့လာတွေ့ရှိချက် အသစ်ကို သောကြာနေ့တုန်းက ထုတ်ပြန်လိုက်တာပါ။

ဆေးလိပ်သောက်ရင် အသဲနဲ့ အူမကြီးကင်ဆာ ဆီးချိုရောဂါ အရိုးအဆစ်ရောင်ရမ်းတာနဲ့ ပန်းသေပန်းညိုးရောဂါတွေပါဖြစ်နိုင်တယ်လို့ အဲဒီအစီရင်ခံစာအသစ်မှာ ဖော်ပြထားပါတယ်။

၁၉၆၄ ခုနှစ်က သတိပေးချက်ပေါ်ထွက်ခဲ့ချိန် ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ စတင်ခဲ့ချိန်ကစပြီး အမေရိကန်ပြည်ထောင်စုမှာ ဆေးလိပ်သောက်သူ အရည်အတွက် ၄၂ ရာခိုင်နှုန်းကနေ ၁၈ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)




မုဒိန်းကျင့်ရန် ခံခဲ့ရသော စတုတ္ထတန်း ကျောင်းသူ မအိအိငြိမ်းနှင့် ရဲစခန်းမှုး




“ရဲစခန်းမှုး ဦးလှစိုးက မှန်တာမပြောလျှင် ထောင်ချပြစ်မည်ဟု ပြောဆို စစ်ဆေးမှုကို ခံရရှာသော စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း “
........

စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင် ၊ ပုလဲမြို့နယ် ၊မရိုးတုန်းကျေးရွာ အခြေခံမှုလ တန်းလွန်ကျောင်း က ဆရာ၊ ဆရာမများသည် ၂၀၁၃-၂၀၁၄ ပညာသင်နှစ် စတုတ္ထတန်း အတန်းတင်စာမေးပွဲသည် မြို့နယ်စစ် စာမေးပွဲ ဖြစ်သည်အလျှောက် ပညာရေး တိုးတက်စေခြင်းငှာ ရည်ရွယ်၍ ကျောင်းသား၊ကျောင်းသူများကို အနီးကပ်ကြီးကြပ်နိုင်ရန် စာသင်ကျောင်းသို့ ညအိပ် ခေါ်ယူ စာကြည့် စေခဲ့ပါသည်။

အချိန်ကာလ အားဖြင့်လည်း (၁)လ ခန့် ကြာမြင့်ခဲပြီး ဖြစ်ပါသည်။

၂၄.၁၂.၂၀၁၃ နေ့ ည အချိန်မတော်တွင် ယာယီကျောင်းအုပ် ဆရာဦးမျိုးနိုင်ထွန်း က စတုတ္ထတန်းကျောင်းသူ မအိအိငြိမ်း၏ အိပ်ယာသို့ ၀င်ရောက်ကာ မအိအိငြိမ်းအား ရင်သားများကို ဆွဲကိုင် ပြီး တကိုယ်လုံးကို ပွေ့ဖက် နမ်းရှိုက်၍ ၊ လုံချည်ကို ချွတ်ကာ ကာမ ဆက်ဆံရန် ကျိုးစားခြင်းကို ခံခဲ့ရပါသည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ၇.၁.၂၀၁၄ ရက်နေ့တွင် မိဘအုပ်ထိန်း သူများနှင့် တကွ ၊စစ်ကိုင်းတိုင်း ဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ် ၊ချစ်ပြစ်ရဲစခန်းသို့ သွားရောက် တိုင်ကြား စစ်ဆေးခံခဲ့ပါသည်။

” ထိုသို့စစ်ဆေးရာတွင် ရဲစခန်းမှုး ဦးလှစိုး ဆိုသူနှင့် ကျွန်မ တစ်ဦးတည်း အခန်းကျဉ်းလေးထဲသို့ ခေါ်ယူပြီး အချိန်(၂) နာရီခန့် ကြာ အစစ်ဆေး ခံခဲ့ ရပါသည်။ အစစ်ဆေးခံနေစဉ် တွင် ရဲစခန်းမှုးဆိုသူမှ ကျွန်မအားအမှန်ကို ပြောလျှင် ပြော ၊ မမှန်တာကိုပြော လျှင် ထောင်ချပြစ်မည်ဟု ပြောဆိုစစ်ဆေး ခံခဲ့ ရပါသည်။” ..
ဟု စတုတ္ထတန်း ကျောင်းသူလေး မအိအိငြိမ်းမှ ပြန်လည် ပြောပြပါသည်။

ဤကဲ့သို့ အသက်အရွယ်မပြည့်သေးသော ကလေးသူငယ် မိန်းကလေး တစ်ဦးတည်းနှင့် အမှုစစ်အရာရှိ နှစ်ကိုယ်တည်း ခေါ်ယူ စစ်ဆေးခြင်းသည် ရဲလုပ်ထုံး၊ လုပ်နည်းများ ကိုက်ညီခြင်း ရှိမရှိနှင့် တရားဥပဒေ စိုးမိုးရေး အတွက် လည်း မေးခွန်းထုတ်စရာများ ဖြစ်လာပါသည်။

လာရောက်တိုင်ကြားသော မိဘ အုပ်ထိန်းသူနှင့် ကလေးမလေး ကိုလည်း ပျူပျူငှာငှာ ဆက်ဆံ ခြင်း မခံရသည်ကိုလည်း တွေ့ရှိရပါသည်။ တရားလိုကို အဘယ့်ကြောင့် တစ်ဘက်သတ် ပြုမှုပြောဆို ဆက်ဆံရသလဲ ဆိုတာကိုတော့ စခန်းမှုး ဦးလှစိုး ဆိုသူသည် သာ အသိဆုံး ဖြစ်ပါလိမ့်မည်။

 Thithtoolwin

ယာဉ်မောင်းကို ကားခေါင်းခန်းမှ တစ်နာရီခွဲကြာဖျက်ဆီးထုတ်ယူခဲ့ရသည့် လှိုင်မြို့နယ်မှ ယာဉ်တိုက်မှု



ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ဇန်န၀ါရီလ ၁၅ ရက်နေ့ ည ၉နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ကားခေါင်းခန်းအတွင်း ညပ်နေသည့်ယာဉ်မောင်းကို အချိန် ၁ နာရီခွဲခန့်ကြာအောင် ဆွဲထုတ်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိ သူများထံမှ သိရှိရသည်။

“ကားနှစ်စီးအင်းစိန်ဘက်ကနေ ရှေ့ဆင့်နောက်ဆင့် မောင်းလာတာ၊
လှိုင်ရတနာဈေးနဲ့ မျက်နှင်ချင်းဆိုင် တည့်တည့် ကိုးသုံးလုံး လေမှုတ်စက်အရောင်းဆိုင်ရှေ့ရောက်တဲ့အချိန်မှာ ရှေ့ကားကရပ်လိုက်တော့ နောက်ကလိုက်လာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲ ရှေ့ကားကို ၀င်တိုက်မိတာ။ နောက်က ကားခေါင်းခန်း တော်တော်ကျေမွပျက်စီးသွားတယ်။ ခေါင်းခန်းထဲမှာ ယာဉ်မောင်း အပါအ၀င် သုံးယောက်ပါတယ်။ နောက်ခန်းထဲမှာအမျိုးသမီးနှစ်ယောက်ပါ တယ်။ယာဉ်မောင်းက ခြေထောက် ညပ်ပြီး နှုတ် မရတော့ဘူး။

ကျန်နှစ်ယောက်မှာ ကားခေါင်းမှန်တွေကွဲပြီးမှန်စတွေမှန်လို့ တစ်ကိုယ်လုံးသွေးတွေ ပေကျံနေတာ တွေ့ရတယ်''ဟု ယာဉ်တိုက်မှုကို သွားရောက်ကြည့်ရှု့ခဲ့သူ ကိုသိုက်က ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပြီးခဏအကြာတွင် အရေးပေါ်ကားနှစ်စီး၊ မီးသတ်ကားတစ်စီးရောက်ရှိလာကြောင်း၊ ထို့နောက် ကရိန်းကား ရောက်ရှိလာကြောင်း၊ကားခေါင်းခန်းထဲတွင် ခြေထောက်
ညပ်နေသောယာဉ်မောင်းကို မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး သမားများက သံဖြတ်လွှများသုံးကာ ခြေထောက်ကို ညပ်နေသော အပိုင်းအစအချို့ကို ဖြတ်ထုတ်၍ ယာဉ်မောင်းကိုဆွဲထုတ်ခဲ့ ရသည်ဟု ၄င်းကဆက်ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှာ ၀င်းထိုက်အောင် (၁၃)ရပ်ကွက်၊လှိုင်မြို့နယ်နေသူမောင်းနှင်လာသည့် ကင်တာ အမျိုးအစား အဖြူရောင်ကိုယ်ပိုင်ကင်တာယာဉ်အမျိုးအစား ၃ခ/----မှ အင်းစိန်လမ်းမ ဘာတာ မှတ်တိုင်အနီး အရောက်တွင် ၎င်းရှေ့မှသွားနေသော ၈င/----လိုက်ထရပ် ယာဉ်ကို နောက်မှ ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ခဲ့သည်။

ယာဉ်တိုက်မှုကြောင့်ယာဉ် ၂ စီးပျက်စီးပြီး လိုက်ထရပ်ယာဉ်မောင်းတွင် နဖူးစုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး ကင်တာယာဉ်မောင်းတွင် နဖူးစုတ်ပြဲ၊နားနှစ်ဖက်ပွန်းခြစ်၊၀ဲဒူးအောက်ဖူးရောင်စုတ်ပြဲဒဏ်ရာများရရှိကာ ရန်ကုန်ဆေးရုံကြီးအတွင်းလူနာ (စိုးရိမ်ရ)များအဖြစ် ကုသနေရသည်ဟု ရဲမှတ်တမ်း၌ ဖော်ပြထားသည်။

အဆိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ ကင်တာယာဉ်မောင်းကို အရေးယူပေးရန် ယာဉ်ထိန်းတပ်ဖွဲ့စု ၁၆၊ လှိုင်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက တရားလိုပြုလုပ်တိုင်ကြားပြီး လှိုင်မြို့နယ်ရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈ တို့ဖြင့် အမှုဖွင့်ထား သည်။

ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ်

စသုံးလုံး အငြိမ်းစားတစ်ဦးထံမှ ကျပ်သိန်း ၉၀ ကျော်ဖိုး မူးယစ်ဆေးဝါးများ ဖမ်းမိ




သာကေတမြို့နယ်တွင် စသုံးလုံးမှ အငြိမ်းစားတစ်ဦးနှင့် အခြားအမျိုးသားတစ်ဦးထံမှ ကျပ်သိန်း ၉၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဇန်န၀ါရီ ၁၅ ရက် နံနက်က ဖမ်းဆီးရမိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်လိုက်သည်။

ယင်းနေ့နံနက် ၈ နာရီ ၅၀ မိနစ်က မူးယစ်ဆေးဝါးဖမ်းဆီးရေး တပ်ဖွဲ့ဝင်များသည် သာကေတမြို့နယ် ရှုခင်းသာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် စောင့်ဆိုင်းနေစဉ် ဦးကြည်ညွန့်မောင်းနှင်သော တက္ကစီယာဉ် သည် ရုံးရှေ့သို့ ရောက်လာခဲ့သည်။

ထို့ကြောင့် ယာဉ်ပေါ်၌ပါလာသော စသုံးလုံးမှ စုံစမ်းရေးမှူး အငြိမ်းစားဖြစ်သူ ဦးစိုးသိန်း (၆၇)နှစ် ရှမ်း ပြည်နယ်နေသူနှင့် ရဲအောင်စိုး (၃၇)နှစ် ရှမ်းပြည်နယ်နေသူတို့ နှစ်ဦးကို ရုံးအတွင်းသို့ ခေါ်ဆောင်စစ် ဆေးခဲ့သည်။

၎င်းတို့ နှစ်ဦးသယ်ဆောင်လာသည့် နီညိုရောင် ခရီးဆောင်အိတ်အတွင်းတွင် ပလတ်စတစ်အကြည်ဖြင့် ထုတ်လျက် ငွေကျပ် ၉၈ သိန်းတန်ဖိုးရှိသော ၈၈/၁ စာတမ်းပါ စိတ်ကြွဆေးပြားပေါင်း ၁,၉၆၀ကို ဖမ်း ဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် အဆိုပါ စသုံးလုံးအငြိမ်းစားနှင့် ရဲအောင်စိုးတို့ နှစ်ဦးကို အရေးယူပေးရန် ရဲအုပ်ဝင်းနိုင်က တရားလိုပြုလုပ်တိုင်တန်းထားသည်။

ယင်းတိုင်တန်းမှုကို သာကေတနယ် မြေရဲစခန်းက မူးယစ်(ပ)၂/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၁ တို့ဖြင့် အရေးယူရန် မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသူနှစ်ဦးကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် အထက်ပါနေ့ ညနေ ၃ နာရီ ၄၅ မိနစ်အချိန်ကလည်း တာမွေတရားရုံးမှ ရုံးထုတ်လာသည့် မူး ယစ်ဆေးဝါးမှုဖြင့် တရားစွဲတင်ခြင်းခံရသူတစ်ဦးထံမှ ငွေကျပ် ၇၅,၀၀၀ ခွဲတန်ဖိုးရှိ ဘိန်းဖြူမှုန့်များနှင့် တစ်စီစီ ဆေးထိုးအပ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများကို အခြားအမျိုးသားတစ်ဦးက အချုပ်သားအားပေးဆောင်ထွက်ပြေးသွား သောကြောင့် အဆိုပါအချုပ်သားနှင့် မူးယစ်ဆေးဝါးပေးသွင်းသူကို တာမွေရဲစခန်းက မူးယစ်(ပ)၁/ ၂၀၁၄ ဖြင့် အမှုဖွင့်ပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၅/၁၆(ဂ)/၂၁ တို့ ဖြင့် အရေးယူရန်စစ်ဆေးနေသည်။ ထို့ပြင် မူးယစ်ဆေးပေးသွင်းသူကိုလည်း ဖမ်းဆီးနိုင်ရန် ဆောင်ရွက်နေသည်။

ဇော်ဇော်ထွေး

အင်တာနက် စာမျက်နှာများပေါ်တွင် နာမည်ကျော်နေသော အနှိပ်ခန်းအား ၀င်ရောက်ဖမ်းဆီး


ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ အင်တာနက် စာမျက်နှာများပေါ်တွင် နာမည်ေ ကျာ်ကြားနေသော KTV ဆိုင်တစ်ဆိုင်အား ပုသိမ်မြို့ အမှတ်(၂) ရဲစခန်းမှ ၀င်ရောက်စစ်ဆေး ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ပုသိမ်မြို့ အမှတ်(၁) နယ်မြေ စကားဝါ လမ်းမကြီးပေါ်တွင် ဖွင့်လှစ်ထားသော ပန်းကြာဖြူ ကာရာအိုကေ ဆိုင်အား ဇန်န၀ါရီလ ၇ ရက်နေ့ ည ၉ နာရီခန့်က ပြည်သူများ၏ သတင်းပေးချက်အရ အမှတ် (၂) ရဲစခန်းမှ ၀င်ရောက် ဖမ်းဆီးမိခဲ့ပြီး အမျိုးသမီး ၃ ဦးအား (ပ) ၃/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃(က)(ခ) တို့အရ ဇန်န၀ါရီလ ၈ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံးတွင် တရားစွဲဆို တင်ပို့ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါ ကာရာအိုကေဆိုင်မှာ အင်တာနက် ဖေ့စ်ဘွတ် စာမျက်နှာ များပေါ်တွင် အနှိပ်ခန်းအဖြစ် နာမည် ကျော်ကြားနေပြီး ပုသိမ်မြို့ပေါ်တွင် တရားဝင် လိုင်စင်ရ ကာရာအိုကေဆိုင်ပေါင်း ၅၀ ကျော်ရှိကြောင်း၊၊ …ကာရာအိုကေ လိုင်စင်ဆိုသည်မှာ မိသားစုသုံး ကာရာအိုကေခန်းများ အဖြစ်ထားရှိရပြီး အမျိုးသမီးများဖြင့် ဧည့်ခံခွင့် မရှိကြောင်း၊ တချို့ကာရာ အိုကေ ဆိုင်များမှာ တရားဝင် ခွင့်ပြုမထားသော အနှိပ်ခန်းများပါ တွဲဖွင့်ထားပြီး အချို့မှာ လိုင်စင်မရှိဘဲ အရက်၊ ဘီယာများ ရောင်း ချနေကြကြောင်း၊ အချို့ အနှိပ်ခန်းများမှာ သင့်တင့်သော ငွေကြေး ယူ၍ ပြည့်တန်ဆာ လုပ်ငန်းများပါ လုပ်ကိုင်နေကြကြောင်း ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဆိုင်များသို့ အနယ်နယ် အရပ်ရပ်မှ မိန်းကလေး၊ ယောက်ျားလေး များ လာရောက် အလုပ်လုပ်ကြပြီး အချို့ မိန်းကလေးများမှာ လုပ်ငန်း အကြောင်း နားမလည်ဘဲ မက်လုံးပေး စည်းရုံး သိမ်းသွင်းခံခဲ့ရကာ အချို့မှာ လုပ်ငန်းအကြောင်း နားလည်သော်လည်း စားဝတ်နေရေး အခက်အခဲ များကြောင့် လုပ်ကိုင်ခဲ့ရပြီး အချို့မိန်း ကလေးများမှာ ယခု ကဲ့သို့ ငွေရလွယ်သော လုပ်ငန်းပေါ်တွင် သာယာပျော်မြူးပြီး အလုပ်ကြမ်း မလုပ်လို တော့ဘဲ အဆိုပါ အလုပ်တွင် ပျော်မွေ့ နေကြကြောင်း အဆိုပါ လုပ်ငန်းဖြင့် ရင်းနှီး ကျွမ်းဝင်သူ တစ်ဦးက မြန်မာသံတော်ဆင့် သို့ ပြောကြားသည်။

““ကျွန်မက အိမ်ထောင်ပျက် တစ်ယောက်ပါ။ ကလေးတွေလည်း ရှိတယ်။ စားဝတ်နေရေး မပြေလည်တော့ ဒီအလုပ်ကို လုပ်ရတာပေါ့၊ အပြင်အလုပ်လည်း မလုပ်တတ်ဘူး။ ငွေလေးစုပြီး အရောင်းအ၀ယ် လုပ်ကြည့် တော့လည်း အရှုံးတွေချည်း ဖြစ်နေတယ်။ ဒီအလုပ်က ငွေရလွယ်တယ်လေ၊ ချူတတ်ဖို့ပဲ လိုတယ်၊ ဆိုင်ပိုင်ရှင် ဆီကိုတော့ သက်ဆိုင်တဲ့ ဌာနဆိုင်ရာတွေက လိုင်းကြေး လာကောက်တယ်၊ တချို့ လူကြီးတွေ ဆိုရင် FOC ဆိုပြီး အလကား ၀င်ရတယ်။ သူတို့အလိုမကျရင် အရိုက်အနှက် ခံရတယ်။ ပိုင်ရှင်ကလည်း ဆိုင်ပိတ်ရမှာစိုး လို့ဝင်မပြောရဲဘူး”” ဟု ကာရာအိုကေ ဆိုင်များတွင် ၀င်ရောက် လုပ်ကိုင်နေသူ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

ယခုကဲ့သို့ အမျိုးသမီးလေးများ၏ ဘ၀ လမ်းမှန် ရောက်နိုင်ရေး အတွက် နိုင်ငံတော်မှ စီမံကိန်းများ ချမှတ် ဆောင်ရွက်၍ အမျိုးသမီးများ၏ အခွင့်အရေး အပြည့်အ၀ရရှိရန် ဖော်ဆောင် ပေးသင့်ကြောင်း Cedol အလုပ်ရုံ ဆွေးနွေးပွဲများ တက်ရောက်ဖူးသူ HRWDN မှ ဒေါ်စန်းစန်းက မြန်မာသံတော်ဆင့်သို့ သုံးသပ် ပြောကြားသည်။

ရဲရင့်ထွန်း (ပုသိမ်)

ဟိုတယ်ခန်းအတွင်း အသံခိုးဖမ်းခြင်း၊ ကင်မရာခိုးရိုက်ခြင်းတို့အား စစ်ဆေးနိုင်သည့် ခေတ်မီစက်များတပ်တော့မည်


ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးတွင် အခန်းများအတွင်း အသံခိုးဖမ်းခြင်း၊ ကင်မရာ ခိုးရိုက်ခြင်းတို့ကို စစ်ဆေးနိုင်သည့် စက်ကိရိယာများကို ပုဂ်္ဂိုလ်ရေးလုံခြုံမှုအတွက် တပ်ဆင်ရန် စီစဉ်နေသည်ဟု ဟိုတယ်/ခရီးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးအောင်ဇော်ဝင်းက ပြောသည်။

ရန်ကုန်မြို့ရှိ ကြယ်ငါးပွင့်အဆင့် ဟိုတယ်တစ်လုံးအတွင်း ဗီဒီယိုခိုးရိုက်သည့် ကောလာဟလသတင်းများပြီးခဲ့သည့် လအတွင်းက Social Network များတွင် ထွက်ပေါ်လာပြီးနောက်တွင် ယင်းစက်များထားရန် စီစဉ်ခြင်းဖြစ်သည်ဟု ဆက်လက်ရှင်းပြသည်။

ယင်းဟိုတယ်သို့ ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပေ။ အဆိုပါစက်ကိရိယာမှာ ဧည့်ကြိုနေရာတွင်သာမက ဟိုတယ်အခန်းအတွင်းလည်း စစ်ဆေးနိုင်သည်ဟု ဆိုသည်။ ဟိုတယ်/ခရီး ၀န်ကြီးဌာနက ဟိုတယ်များကို လိုင်စင်ချထားရာတွင် Wifi နှင့် CCTV ကင်မရာများ တပ်ဆင်ရမည်ဟု သတ်မှတ်ညွှန်ကြားထားသော်လည်း ယင်းစက်မျိုးတပ်ဆင်ရန်မူ ညွှန်ကြားထားခြင်း မရှိပေ။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ကုန်သည်ကြီးများဟိုတယ်နှင့် စစ်ကိုင်းမြို့ရှိ ဟိုတယ်တစ်လုံးတို့တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီးနောက်တွင် လုံခြုံရေးပိုမိုတင်းကျပ်ရန် ဟိုတယ်များအား ဟိုတယ်/ခရီးဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေက တိုက်တွန်းထားသည်။

မြန်မာနိုင်ငံသို့ ခရစ်ယာန်ကက်သလစ် သာသနာရောက်ရှိခြင်း နှစ် (၅၀၀) ပြည့်ပွဲတော်သို့ တက်ရောက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့် သမ္မတဦးသိန်းစိန်အား ဖိတ်ကြားမည်

Saturday, January 18, 2014


ဂျူစီဆွတ်နူးရာ
ဇန်န၀ါရီ ၁၇ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော မြန်မာနိုင်ငံသို့ ကက်သလစ် သာသနာတော် ရောက်ရှိခြင်း နှစ်(၅၀၀)ပြည့် သတင်းစာ ရှင်းလင်းပွဲ


မြန်မာနိုင်ငံသို့ ခရစ်ယာန်ကက်သလစ် သာသနာ ရောက်ရှိခြင်း နှစ်(၅ဝဝ)ပြည့် ပွဲတော်အား လာမည့်နိုဝင်ဘာလတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်သို့ တက်ရောက်ရန် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်နှင့် သမ္မတဦးသိန်းစိန်အား ဖိတ်ကြားသွားမည် ဖြစ်ကြောင်း ဇန်နဝါရီ ၁၇ ရက်က ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကက်သလစ် ဆရာတော်ကြီးများ ရုံးချုပ်တွင် ပြုလုပ်သော စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

မြန်မာနိုင်ငံသို့ ကက်သလစ်သာသနာ ရောက်ရှိခြင်း နှစ်(၅ဝဝ)ပြည့် အထိမ်းအမှတ် ပွဲတော်ကို ကုန်လွန်ခဲ့သော နှစ်ပေါင်း(၅ဝဝ)အတွက် ဘုရားသခင်အား ချီးမွမ်းရန်၊ ရဲရင့်ခြင်း၊ စိတ်အားထက်သန်ခြင်းတို့ဖြင့် ကျွန်ုပ်တို့ကို တည်ကြည်ခိုင်မာ စေခဲ့သော ရှေ့ဆောင် သာသနာပြုများ အားလုံးကို အသိအမှတ်ပြု ကျေးဇူးဆပ်တင်ရန်၊ လွန်ခဲ့သော နှစ်ပေါင်း(၅ဝဝ)က မြန်မာပြည် ကက်သလစ် သာသနာသမိုင်းကို လူအများ၊ အထူးသဖြင့် ကက်သလစ် ဘာသာဝင်များ ကောင်းမွန်စွာ သိရှိစေရန်၊ ကက်သလစ် ဘာသာဝင်များသည် နိုင်ငံတော် တည်ဆောက်ရာတွင် သစ္စာရှိရှိ ပါဝင်ခဲ့ကြောင်းကို မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သိရှိစေရန်၊ ကက်သလစ် သာသနာတော်မျိုးစေ့နှင့် ယုံကြည်ခြင်းမှာ ဗြိသိသျှကိုလိုနီ နယ်ချဲ့မှုနှင့်အတူ မရှေးမနှောင်း ရောက်ရှိလာခြင်း မဟုတ်ဘဲ ယင်းမတိုင်မီ ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းက ကက်သလစ် သာသနာပြုများသည် နိုင်ငံတော်အတွက် ကျရာကဏ္ဍမှ ပါဝင်အမှုထမ်း လာခဲ့ခြင်းဖြစ်ကြောင်း သတိပြုမိစေရန်နှင့် ပွဲတော်ကြီး၏ အကျိုးကျေးဇူးကြောင့် နိုင်ငံတော်နှင့် သာသနာတော်အတွက် မျှော်လင့်ချက်၊ ယုံကြည်ချက် အပြည့်အဝဖြင့် လုပ်ငန်းစဉ်များ ချမှတ်လုပ်ဆောင်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်း ဖြစ်ကြောင်း ကက်သလစ် သာသနာအဖွဲ့ချုပ်မှ အတွင်းရေးမှူး၊ ဘုန်းတော်ကြီး Fr.Leo Mang က ရှင်းလင်းပြောကြားသည်။

“ကက်သလစ်သာသနာ မြန်မာပြည်ကို ဝင်ရောက်ခြင်း နှစ်(၅ဝဝ)ပြည့် အထိမ်းအမှတ်အဖြစ် ဒီ ၂ဝ၁၄ ခုနှစ် တစ်နှစ်တာ ပတ်လုံးကို သတ်မှတ်ထားပြီး ဝတ်ပြုဆုတောင်းခြင်းတွေ ပြုလုပ်သွားမှာပါ။ ပိတ်ပွဲအခမ်းအနားကိုတော့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ နိုဝင်ဘာ ၂၁ ရက်၊ ၂၂ ရက်နဲ့ ၂၃ ရက်တွေမှာ ပြုလုပ်မှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ပုပ်ရဟန်း မင်းကြီးကိုလည်း ပါဝင်တက်ရောက်ပေးဖို့ လျှောက်တင်ထားပါတယ်။ ဒါ့အပြင် သမ္မတဦးသိန်းစိန် အပါအဝင် အဖွဲ့ဝင်များ အားလုံးကိုလည်း တက်ရောက်ဖို့ ဖေဖော်ဝါရီလ အတွင်းမှာ တရားဝင် ဖိတ်ကြားသွားမှာပါ”ဟု ဘုန်းတော်ကြီး Fr.Leo Mang က ဆက်လက် ပြောကြားသည်။

ပုပ်ရဟန်းမင်းကြီးအား မြန်မာနိုင်ငံ ဂိုဏ်းချုပ်ဆရာတော်ကြီးများမှ အဆင့်ဆင့် လျှောက်ထားကာ ဖိတ်ကြားထားခြင်းဖြစ်ပြီး ပါဝင်တက်ရောက်မည် ဆိုပါက သာသနာတော် အဆင့်သာမက နိုင်ငံတော်အဆင့် အခမ်းအနားပြုလုပ်ရန် သမ္မတထံ အပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။ ပိတ်ပွဲအခမ်းအနားအား နိုဝင်ဘာ ၂၁ ရက်နှင့် ၂၂ ရက် တို့တွင် ရန်ကုန်မြို့ရှိ စိန်မေရီကာသီဒြယ် ဘုရားရှိခိုးကျောင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး နိုဝင်ဘာ ၂၃ ရက်တွင်မူ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ အောင်ဆန်းအားကစားကွင်း၌ တိုင်းရင်းသားရိုးရာ အကအလှများ၊ တေးသီချင်း ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ၂၀၁၅ အလွန် အာဆီယံ မျှော်မှန်းချက်များ အကောင်အထည် ဖော်ရေးကိစ္စနှင့် ဒေသတွင်း ပြဿနာများအား ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို အဓိကထားဆွေးနွေး

Saturday, January 18, 2014

ဇန်န၀ါရီ ၁၇ က ပုဂံတွင် ပြုလုပ်သော အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တက်ရောက်လာသူများကို တွေ့ရစဉ် (ဓာတ်ပုံ- ဥာဏ်ဝင်းရှိန်)


၂ဝ၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံမှ တာဝန်ယူပြီးနောက် ပထမဆုံး ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ၂ဝ၁၅ ခုနှစ်အမီ အာဆီယံ အသိုက်အမြုံ တည်ဆောက်နိုင်ရေး၊ ၂ဝ၁၅ အလွန် ရည်မှန်းချက် ချမှတ်နိုင်ရေးနှင့် ဒေသတွင်း ပြဿနာများ ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့ကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

လက်ရှိတွင် အာဆီယံအနေဖြင့် အရေးကြီးသည့် အချိန်အခါသို့ ရောက်ရှိနေပြီး ယမန်နှစ်က ဘရူနိုင်းနိုင်ငံမှ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူချိန်တွင် အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်များ ဖော်ဆောင်ခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံ အနေဖြင့် အာဆီယံ အသိုက်အမြုံ တည်ဆောက် နိုင်ရန်အတွက် ဆက်လက် လုပ်ဆောင်ရန် လိုအပ်သည့် လုပ်ငန်းစဉ်များကို ၂ဝ၁၅ ခုနှစ်အမီ အဆုံးသတ်ခြင်းအပြင် ၂ဝ၁၅ အလွန် မျှော်မှန်းချက် တစ်ခုချမှတ်ရန် လိုအပ်နေသည်။

“အာဆီယံအသိုက်အမြုံ တည်ဆောက်ရေးဟာ အာဆီယံအတွက် အလွန်အရေးကြီးတဲ့ အနေအထားကို ရောက်ရှိလာပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ အာဆီယံအသိုက်အမြုံ တည်ထောင်ဖို့ သတ်မှတ်ချိန်ကို လျင်လျင်မြန်မြန် ရောက်ရှိလာ နေလို့ပါပဲ။ အာဆီယံ အသိုက်အမြုံ ဖော်ဆောင်မှု ပြန်လည်သုံးသပ်ချက်အရ ကျွန်တော်တို့ အနေနဲ့ တစ်ချို့သော လုပ်ငန်းစဉ်တွေကို ရှင်းရှင်းလင်းလင်း သိမြင်အောင်ခွဲခြားပြီး အာဆီယံမဏ္ဍိုင် သုံးရပ်ဆီကို တာဝန်ဝတ္တရားတွေ ခွဲအပ်ပေးဖို့ လိုအပ်နေကြောင်း သိမြင်နိုင်ပါတယ်”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ၂ဝ၁၅ အလွန် မျှော်မှန်းချက် ချမှတ်နိုင်ရေး အတွက်လည်း ဘရူနိုင်းနိုင်ငံမှ ကနဦး လုပ်ငန်းစဉ်များကို စတင်ဖော်ဆောင် ခဲ့သည့်အတွက် ဝမ်းမြောက်မိကြောင်း၊ လိုက်နာဆောင်ရွက်ရမည့် အချက်များကို သတ်မှတ်ပြီးပါက အဆိုပါ ရည်မှန်းချက်အတွက် မြန်မာနိုင်ငံမှ စတင်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ထို့အပြင် အလုပ်အဖွဲ့များ ဖွဲ့စည်းခြင်းဖြင့် သက်ဆိုင်ရာ မဏ္ဍိုင်၏ ၂ဝ၁၅ အလွန် မျှော်မှန်းချက် ချမှတ်နိုင်ရေး ကြိုးပမ်းချက်ကို အထောက်အကူပြုနိုင်ကြောင်း ပြောကြားခဲ့သည်။

“ဒီအချက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ နောင်နှစ်အာဆီယံဥက္ကဋ္ဌ ဖြစ်လာမယ့် မလေးရှားနိုင်ငံနဲ့ အနီးကပ် ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌ ရာထူးသက်တမ်း အတွင်းမှာ (၂ဝ၁၅ အလွန် မျှော်မှန်းချက် ချမှတ်နိုင်ဖို့) နေပြည်တော် ကြေညာစာတမ်း ထုတ်ပြန်နိုင်ဖို့အတွက် ကနဦး လုပ်ဆောင်မှုတွေကို ဆောင်ရွက်မှာပါ”ဟု မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။

အာဆီယံအနေဖြင့် ဒေသတွင်း ပြဿနာများကို အဖွဲ့ဝင်နိုင်ငံ အားလုံး၏ သဘောတူညီချက်ဖြင့် ဖြေရှင်းမည်ဖြစ်ပြီး မြန်မာနိုင်ငံ အနေဖြင့် ဘက်မလိုက်သည့် လမ်းစဉ်ကို ကိုင်စွဲကာ သက်ဆိုင်သူအားလုံး ကျေနပ်မည့် နည်းလမ်းများဖြင့် ဖြေရှင်းသွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ၂ဝ၁၃ ခုနှစ်က ဘရူနိုင်းနိုင်ငံ၌ ကျင်းပခဲ့သည့် (၂၃) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးမှ ချမှတ်ခဲ့သည့် လုပ်ငန်းစဉ်များကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အာဆီယံအဆင့်မြင့် လုပ်ငန်းအဖွဲ့ အနေဖြင့်လည်း ၎င်း၏လုပ်ငန်း တာဝန်များကို တတ်နိုင်သမျှ လျင်မြန်စွာ လုပ်ဆောင်သင့်ကြောင်း၊ အဆိုပါ လုပ်ငန်းအဖွဲ့အတွက် ကိုယ်စားလှယ် အဆိုတင်သွင်းရန် ကျန်ရှိနေသည့် အဖွဲ့ဝင်နိုင်ငံများ အနေဖြင့်လည်း တတ်နိုင်သမျှ လျင်မြန်စွာ အဆိုတင်သွင်းရန် တိုက်တွန်းပါကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် အာဆီယံအဆင့်မြင့် လုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပရန် အဆင်သင့် အနေအထားတွင် ရှိနေကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အာဆီယံ ဥက္ကဋ္ဌသက်တမ်း အတွင်းမှာ အာဆီယံ အသိုက်အမြုံ တည်ဆောက်ရေး၊ ၂ဝ၁၅ အလွန် မျှော်မှန်းချက် ချမှတ်နိုင်ရေးအပြင် အသေးစားနဲ့ အလတ်စား စီးပွားရေး လုပ်ငန်းများကို မြှင့်တင်ပေးပြီး ၂၁ ရာစုအတွက် အာဆီယံရဲ့ အဓိက စီးပွားရေးဖွံ့ဖြိုးမှု အထောက်အပံ့ ဖြစ်လာဖို့၊ အဖွဲ့ဝင် နိုင်ငံတွေအကြား ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်တွေကို ကျဉ်းမြောင်းအောင် လုပ်ဆောင်ဖို့၊ ရေရှည်ဖွံ့ဖြိုး တိုးတက်မှုတွေမြှင့်တင်ဖို့၊ သက်ကြီးလူဦးရေ များပြားလာမှုကို ဖြေရှင်းဖို့၊ သဘာဝဘေးအန္တရာယ်နဲ့ အကျပ်အတည်းများကို ခံနိုင်ရည်ရှိမှုမြှင့်တင်ဖို့၊ အာဆီယံပြင်ပ နိုင်ငံများနဲ့ ဆက်ဆံရေးတိုးမြှင့်ရာမှာ မျှတပြီး ဘက်မလိုက်တဲ့ မူဝါဒကျင့်သုံးဖို့နဲ့ အာဆီယံ အနေနဲ့ ရရှိနိုင်မယ့် ရလဒ်တွေကို ကြိုတင်တွက်ဆ ထားဖို့တွေကို လုပ်ဆောင်မှာပါ”ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

အာဆီယံ၏ လက်စွဲဆောင်ပုဒ်ဖြစ်သည့် “One Vision, One Identity, One Community” အတိုင်း လက်တွေ့ ဖော်ဆောင်ရန်အတွက် မြန်မာနိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ ဆောင်ပုဒ်မှာ “ငြိမ်းချမ်းဝေစီ သိုက်ဝန်းဆီ၊ လက်တွဲတူညီ ရှေ့သို့ချီ”ဟု ချမှတ်ထားခြင်း ဖြစ်သည်။ သို့သော်လည်း ငြိမ်းချမ်းပြီး ညီညွတ်သည့် အသိုက်အမြုံတစ်ခု တည်ဆောက်ရန်အတွက် အဖွဲ့ဝင်နိုင်ငံများအကြား ညီညွတ်သည့် ပတ်ဝန်းကျင်တစ်ခု ထူထောင်ရေးသည် အရေးကြီးသည်။ ထို့ကြောင့် အဖွဲ့ဝင်များ ကြားသည်းခံမှု တိုးမြှင့်ရန် လုပ်ဆောင်ရမည်ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားခဲ့သည်။

၂ဝ၁၄ ခုနှစ် ဇန်နဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအတွက် နည်းဗျူဟာအရ အရေးကြီးသည့် အချက်များကို လေ့လာသုံးသပ်ရန်၊ ၂ဝ၁၄ ခုနှစ်တွင် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ပူးပေါင်းဆောင်ရွက်ရန်၊ လက်ရှိဖြစ်ပေါ်နေသည့် ဒေသတွင်းနှင့် နိုင်ငံတကာ အရေးကိစ္စများကို ပြန်လည်သုံးသပ်ရန်နှင့် ၂ဝ၁၃ ခုနှစ် အောက်တိုဘာလတွင် ကျင်းပခဲ့သည့် (၂၃)ကြိမ်မြောက် အာဆီယံ အစည်းအဝေး၏ ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည်ဖော်ရန် ဆွေးနွေးတိုင်ပင်ခဲ့ကြောင်း သိရသည်။

၂၀၁၃ နှစ်ကုန်ပိုင်းအထိ ခွင့်ပြုပေးခဲ့သော ဟိုတယ်အလုံးပေါင်း ၉၀၀ ကျော်ရှိပြီး ဟိုတယ်ကဏ္ဍတွင် နောက်ထပ် ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာနိုင်ဖွယ်ရှိ



Saturday, January 18, 2014


အောင်ရဲကို
ရန်ကုန်မြို့အတွင်းရှိ ခွင့်ပြုပေးထားသော ဟိုတယ်တစ်ခုအား တွေ့ရစဉ်


ယခင်နှစ်ကုန်ပိုင်းအတွင်း ခွင့်ပြုပေးခဲ့သော ဟိုတယ်အလုံးပေါင်း ၉၂၃ ခုထိရှိခဲ့ပြီး ယခုနှစ် အတွင်း၌လည်း နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် လေ့လာနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

ရင်းနှီးမြှုပ်နှံရန် လာရောက်လေ့လာ မှုများအနက် အာရှနိုင်ငံများမှ အများဆုံးဖြစ်နေပြီး ဥရောပနိုင်ငံ အချို့မှလည်း ပါဝင်နေကြောင်း၊ လတ်တလောတွင် ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနနှင့် လာရောက် ဆွေးနွေးမှုများ ပြုလုပ်နေပြီး ရင်းနှီးမြှုပ်နှံမှု အပိုင်းများကို အဓိကထား ဆွေးနွေးနေကြောင်း သိရသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက “အာရှနိုင်ငံထဲမှဆိုရင် မြန်မာနိုင်ငံထဲမှာ ရင်းနှီးမြှုပ်နှံပြီးသားတွေဖြစ်တဲ့ ထိုင်းပါတယ်။ ပြီးတော့ စင်ကာပူနဲ့ ဂျပန်လည်းပါတယ်။ ဥရောပနိုင်ငံတွေ ထဲမှာဆိုလည်း ဒီလိုပဲ” ဟု ပြောကြားသည်။

ယင်းအပြင် မြန်မာနိုင်ငံသား ပြည်တွင်း လုပ်ငန်းရှင်များမှလည်း ဟိုတယ်နှင့် ခရီးသွားလာရေး အပိုင်းတို့တွင် များစွာရင်းနှီး မြှုပ်နှံမှုကို ပြုလုပ်နေပြီး တစ်ပတ်လျှင် ဟိုတယ်အဆင့်ရှိ အဆောက်အအုံ ငါးလုံးခန့်အထိ တည်ဆောက်ရန် ၀န်ကြီးဌာနသို့ လာရောက် တင်ပြမှုများပင် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံမှာ ၂၀၁၀ ခုနှစ် အလွန်၌ ခရီးသွားကဏ္ဍ တိုးတက်မှုမှာ မြင့်မားလာသဖြင့် ဆက်စပ်လုပ်ငန်း ဖြစ်သည့် ဟိုတယ်ကဏ္ဍ၌လည်း တိုးတက်မှုများ ဖြစ်ပေါ်လာကာ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့်နေကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း နိုင်ငံခြား ခရီးသွားဧည့်သည် သုံးသန်းအထိ ၀င်ရောက်ရန် မျှော်မှန်းထားပြီး ဟိုတယ်နှင့် အခန်းအရေအတွက်ကိုလည်း လုံလောက်စွာ ဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် ဟိုတယ်ကဏ္ဍ၌ နိုင်ငံခုနှစ်ခုမှ မြှုပ်နှံထားသည့် ဟိုတယ်အလုံးပေါင်း ၃၆ လုံးထိရှိကြောင်း၊ စင်ကာပူနိုင်ငံမှ ဟိုတယ် ၁၂ လုံးဖြင့် သန်းခုနှစ်ရာနီးပါး မြှုပ်နှံထားကာ၊ ၎င်းနောက်တွင် ဗီယက်နမ်မှာ သန်း ၄၅၀ ခန့်ဖြင့် ဒုတိယ နေရာတွင်ရှိကြောင်း၊ ထိုင်း၊ ဂျပန်၊ ဟောင်ကောင်၊ မလေးရှားနှင့် ဗြိတိန်တို့မှာလည်း ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း ၁၇၁၀ ဒသမ ၄၃၉ မြှုပ်နှံထားကြောင်း သိရသည်။

သောင်ရင်းမြစ်ဖြတ်၍ မြဝတီမြို့သို့  တရားမဝင် စက်သုံးဆီ တင်သွင်းမှု တားမြစ်လိုက်ပြီးနောက် ပထမဆုံး အကြိမ်အဖြစ် ချစ်ကြည်ရေး တံတားပေါ်မှ တရားဝင် စက်သုံးဆီတင်သွင်း

Saturday, January 18, 2014

မြ၀တီမြို့သို့ ချစ်ကြည်ရေး တံတားမှတစ်ဆင့် တရားဝင် တင်သွင်းလာသော စက်သုံးဆီ တင်ဆောင်လာသည့် ယာဉ်များအား တွေ့ရစဉ်


မြဝတီမြို့သို့ သောင်ရင်းမြစ်ဖြတ်၍ တရားမဝင် စက်သုံးဆီ တင်သွင်းမှုအား တားမြစ်လိုက်ပြီးနောက် ဇန်နဝါရီ ၁၅ ရက်က ပထမဆုံး အကြိမ်အဖြစ် ချစ်ကြည်ရေး တံတားပေါ်မှ တရားဝင်စက်သုံးဆီ တင်သွင်းခဲ့ကြောင်း သိရသည်။

မြဝတီချစ်ကြည်ရေး တံတားပေါ်မှ တင်သွင်းရာတွင် သုံးစွဲသူ လက်ထဲသို့ အလျင်အမြန် ရောက်ရှိနိုင်ရေး အတွက်လည်းကောင်း၊ ဆီတင်သွင်းသူတိုင်း တရားဝင် လမ်းကြောင်းမှ တင်သွင်းရန် သော်လည်းကောင်း၊ ဒေသအာဏာပိုင်များက ညှိနှိုင်းဆောင်ရွက်ပေးရန် လိုသလို တရားမဝင် တင်သွင်းမှု ရှိမရှိကိုလည်း ကြပ်မတ်ရန် လိုအပ်ကြောင်း အောင်နန်းသာ ကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“တရားဝင် တင်သွင်းတာလည်း တစ်ဦးတည်းလုပ်ရင် ရှေရှည်မှာ မအောင်မြင်နိုင်ပါဘူး။ အကုန်လုံးတညီ တညွတ်တည်း လုပ်မှဖြစ်မှာပါ။ တရားမဝင် တင်သွင်းမှုတွေရှိနေရင် တရားဝင်သွင်းတဲ့ ကုမ္ပဏီအနေနဲ့ ဈေးကွက်မှာ မယှဉ်ပြိုင်နိုင်ပါဘူး။ ဒါ့ကြောင့် ဒေသအာဏာပိုင်တွေ ကြပ်မတ်ပေးမှ အောင်မြင်မှာပါ”ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

မြဝတီမြို့တွင် စက်သုံးဆီ အရောင်းဆိုင် အမြောက်အမြားရှိရာ အောင်နန်းသာ ကုမ္ပဏီလီမိတက်မှာ ထိုင်းနိုင်ငံ “ဘန်ဂျာပန်တို ရီယံပါ့ပလစ်” ရေနံချက်စက်ရုံနှင့် တစ်ဦးတည်း ကိုယ်စားလှယ်အဖြစ် စာချုပ်ပြီး ပြည်တွင်းစက်သုံးဆီ လိုအပ်ချက်အား ဖြည့်ဆည်းရန် ဒီဇယ်၊ ဓာတ်ဆီ(အောက်တိန်း) များကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ ပုဂံမြို့များသို့ တင်ပို့သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ဇန်နဝါရီ ၁၅ ရက်တွင် ချစ်ကြည်ရေး တံတားပေါ်မှ ပထမဆုံးအဖြစ် လီတာ ၁၄ဝဝဝ (ဂါလန်-၃ဝ၇၉) ဆန့် ကားနှစ်စီးသာ တင်သွင်းနိုင်ခဲ့၍ ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိသည့်အတွက် စက်သုံးဆီဈေးနှုန်းများ ခုန်တက်သွားကြောင်းလည်း သိရသည်။

သောင်ရင်းမြစ်ကို ဖြတ်ကျော်၍ ပိုက်များသွယ်တန်းပြီး တင်သွင်းနေခြင်း၊ စက်လှေဖြင့် တင်သွင်းခြင်းများအား ဇန်နဝါရီ ပထမပတ်မှစ၍ ဒေသအာဏာပိုင်များမှ တစ်ဆင့် ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ နယ်ခြားစောင့် တပ်များ၏ သောင်ရင်မြစ်ကမ်း ဂိတ်များကို ညွှန်ကြားလိုက်ပြီး ဖြစ်ကြောင်း သိရသည်။ -

Related Posts Plugin for WordPress, Blogger...