ကျွန်ပညာနှင့် သခင်ပညာ
လူကြီးနှင့် လူငယ်
တိုင်းပြည်ထူထောင်ရေးလုပ်ငန်းတွင် လူကြီးနှင့်လူငယ်ဟူ၍ အလုပ်သမား နှစ်မျိုးနှစ်စားရှိ လေသည်။ လူကြီး တို့ အဖို့မှာ ကောင်းမွန်သောနည်းလမ်းများကို ညွန်ပြနိုင်သည့် စွမ်းရည် သတ္တိရှိစေရမည်။ လူငယ်တို့ မှာလည်း ထိုသို့ညွန်ပြသည့်လမ်းကို တန်းတန်းဖြောင့်ဖြောင့် ကြောက်ရွံ့ခြင်း ကင်းဘိလျက် လိုက်ရဲရပေမည်။
ကိုအောင်ဆန်း
ယခု မြန်မာပြည်တွင်ကား လူကြီးများမှာလည်း စွမ်းရည်သတ္တိမရှိ၊ ဗလာချည်းဖြစ်နေသည် ကို တွေ့ရသည်။ လူငယ် တို့အား ကောင်းမွန်သော နမူနာပြရမည်ဖြစ်သော လူကြီးများစွာတို့ သည် ကလပ်တက်ခြင်း၊ ဖဲရိုက်ခြင်း၊ အမျိုးမျိုးကလိမ့်စေ့ငြမ်းဆင်သည့် အမှုမျိုးသာတွေ့ရ ၏။ သို့ဖြစ်ရကား အကယ်၍ ဆောင်ရွက်ချက်သောလူငယ်များမှာ ညွန်ပြသည့် အလင်း ရောင်ကင်းမဲ့ လျက်အမိုက်မှောင်ထဲတွင် ခြေစမ်း လက်စမ်း ဖြင့်သာ အချိန်ကုန်ရ လေသည်။
အချို့သောသူတို့က လူကြီးများကို ဆဲသည်ဟု လူငယ်တို့အား အပြစ်တင်ကြလေသည်။ သို့သော်လည်း ဤကိစ္စ မှာ လူငယ်နှင့်လူကြီး နှစ်ဦးနှစ်ဖက်စလုံး အပြစ်မကင်းကြပေ။ လူကြီးတို့မှာ ဖော်ပြခဲ့သည့်အတိုင်း ကောင်းမွန်သော လမ်းညွန်ပြခြင်းမရှိ။ လူငယ်တို့မှာ လူကြီးတို့၏ အပြစ်ကို ပြရုံမှတစ်ပါး အခြားအလုပ် ပြခြင်း မရှိသေး။
ကျွန်ုပ်တို့အဖို့မှာကား အိန္ဒိယြပြည်မှာ မဟတ္တမဂန္ဒီ၊ စီအာဒတ်၊ မိုတီလာနေရူး၊ တိလတ် အစရှိသူ တို့ကဲ့သို့ လည်းကောင်း၊ အိုင်ရာလန်ဒီဗလာရာ၊ အီတလီပြည် ဂရီဘောလဒီ၊ မစ်ဇနီတို့ကဲ့သို့လည်းကောင်း ကျကျနန ခေါင်းဆောင်နိုင်၍ ခေါင်းဆောင်မည့် မည်သည့် လူကြီးကိုမဆို နောက်လိုက်အဖြစ် လိုက်ပါ ဆောင်ရွက်ရန် အသင့်ပင်ရှိလေသည်။ ထိုသို့ ခေါင်းဆောင်နိုင်မည့်၊ ထိုသို့ခေါင်းဆောင်ရဲမည့် ပုဂိုလ်တစ်ဦး ထွက်ပါလေ။ စောင့်လျက် ကျွန်ုပ်တို့မျှော်မည်။
နာမည်ကြီးသည့် ဤတက္ကသိုလ်၌ လမ်းညွန်မည့်လူကြီးရှိလျှင် လူငယ်တို့သည် ရှေ့သို့တိုး တက်၍ လုပ်ငန်း ကို ထွင်နိုင်မည်ဖြစ်သည့်အပြင် မိမိတို့အလှည့်ကျရောက်သောအခါ ခေါင်းဆောင်သည့်လုပ်ငန်းကို မပင်မပန်း ဘဲ ထမ်းဆောင်နိုင်ပေလိမ့်မည်။ ကျွန်ုပ်တို့ လူငယ်တို့ကလည်း ထိုအချိန် ထိုအခါအတွက် ယခုကပင် အသင့်ပြင်ဆင်ထားရမည်။ ကြိုးစားအားထုတ် ရပေမည်။ အထူးသဖြင့် ကျွန်ုပ်တို့ တက္ကသိုလ် ကျောင်းသား များသည် ဤအ ရေးတွင်အချက်အချာဖြစ်လေသည်။
သို့ဖြစ်လင့်ကစား ယခုလက်ရှိ တက္ကသိုလ်ကျောင်းသားများမှာ နာမည်ဟီးသလောက် အဆံမရှိ ဖြစ်နေသည်ကို တွေ့ရပေသည်။ ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့သည် ယခု ရရှိနေသော ကျွန်ပညာ ကို အဟုတ်ကြီး မှတ်ထင်နေကြ၍ နထင်သွေးရောက်ပြီးလျှင် မြန်မာတို့ပြုသမျှကို ရှုံ့ချကဲ့ရဲ့ လိုသောစိတ်၊ လွတ်လပ်သော သခင်အလုပ်ကို ဂုဏ်နိမ့် သည်ထင်သော စိတ်တို့ကို မွေးမြူထားနှင့်သဖြင့် အထက် မရောက် အောက်မကျ ခွသမား များ ဖြစ်နေကြလေသည်။
ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့သည် ဟီရိသြတ္တပ္ပတရားကင်းမဲ့လျက် ၄င်းတရားကို ပင် နားမလည်နိုင်ရှိနေပေသေးသည်။ မကြောက်ရမည့်နေရာတွင် ကြောက်၍၊ မရှက်ရမည့် နေရာတွင် ရှက်နေသည် ကို တွေ့ရပေသည်။ နိုင်ငံခြားသားတို့ကိုမြင်လျှင် ဒူးတုန်ချင်သည့် စိတ်မပပျောက်သေး။ ဘောလုံးပွဲ တွင် ဆဲချင်၊ ဆိုချင်၊ သောင်းကျန်းချင်သည့် စိတ်ဓါတ်မှာ လည်း အထူးရှက်စရာ ကောင်းလေ သည်။ လွတ်လပ်သော အလုပ်ကို မခင်မင်၊ လွတ်လပ် သောဘ၀၏ တန်ဖိုးကိုမသိ၊ ထို့ကြောင့် လွတ်လပ်သော ဘ၀ကိုမတောင့်တ၊ မကြံဆရ အောင် မကြိုးစားကြဘဲ ရွှေရည်မွမ်းမံထားသော လှောင်ချိုင့် ထဲတွင် အပျော်ကြီးပျော်နေကြ ပေသည်။
ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားတို့တွင် အလွမ်းနာသမားတို့ကား များလှစွာ၏။ သို့သော် တလွဲ လွမ်း နေသည်ကို တွေ့ရပေသည်။ သနားတတ်သောသူများကိုလည်းတွေ့ရပါ၏။ သို့ သော် တလွဲသနား နေကြပေသည်။ ချစ်ယောင်ဆောင်၍ သေအောင်သတ်တတ်သော ရန်သူတို့က အရှူအရှိုက်နှင့် ငိုချင်း ချသည်ကို မြင်ရသောအခါ ရင်ထဲတွင် ဖိုလှိုက်ဖိုလှိုက် နှင့် ၀မ်းနည်းသည့် စကားသံများကို ကြားရပေသည်။ ဘက်ရိုက် တော်သူ တစ်ယောက် မောပန်းနေ၍ ကောင်းမွန်စွာ မကစားနိုင်ရှာသည့်အခါ အတော်မသိသော လူထုကြီး သည် မဟာကရုဏာတော် အနန္တရှိလှ၍ စုတ်တသတ်သတ် ပြောဆိုကြသည်ကိုကား ကြားသိရ ပေသည်။
သို့ရာတွင် ကျွန်ုပ်တွင်းနစ်၍ ရတနာ၊ ရွှေ၊ ငွေ ဆုံးပါးပျက်စီးနေသော ကျွန်ုပ်တို့၏ တိုင်းပြည်အတွက်နှင့် နံနက်စာနံနက်၊ ညစာ ညရှာစားရသော များမြောင်လှစွာသော ဆင်း ရဲသားတို့အတွင်မူကား သနားခြင်း ကရုဏာတရားသည်ကား ခေါင်းပါးလှပေ၏တကား။ ဤသို့လျှင် ကျွန်ုပ်တို့ တက္ကသိုလ်ကျောင်းသားများမှာ ပညာ၏ အဆိုးအကောင်းတန်ဖိုးကို မဝေဖန်နိုင်ဘဲ ရှိလေသည်။
ကျွန်ုပ်ပညာနှင့် သခင်ပညာ ဤပညာ ၂မျိုးကို အချို့သူတို့မှာ နားမလည်ဘဲ ပြောနေကြပေသည်။ ဤပညာ ၂မျိုး ကို ရှင်းလင်းရန်မှာလည်း မလွယ်ကူလှပေ။ ကျမ်းတစ်စောင်တစ်ဖွဲ့နှင့်ရေးသားမှ ရှင်းလင်း မည့် အရာဖြစ်လေသည်။
အင်္ဂလန်၊ ဂျပန်၊ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ရှရားတိုင်းပြည်တို့်တွင် သင်ကြား သော ပညာရေး စနစ် တို့နှင့် အိန္ဒိယပြည်နှင့် မြန်မာပြည်တွင်ပေးအပ်သော ပညာရေးစနစ မှာ မိုးနှင့်မြေကြီးမျှ ကွာခြား နေသည်ကို တွေ့ရလေသည်။ ပညာသင်ကြားရေးရာတွင် သက်မွေးဝမ်းကြောင်း ပညာရပ်များအပြင် ရိုးရိုး သင်ကြားရာတွင်လည်း စွမ်းစွမ်းတမန် ကိုယ့်ထူးကိုယ်ချွန်လိုသည့် စိတ်နှင့်ထိုသို့ပြုနိုင်သည့် အရည်အချင်း တို့ကို ကျောင်းသား လူငယ်များမွေးမြူလာနိုင်အောင် ပြုပြင်ပေးရမည်။
အိန္ဒယပြည်နှင့် မြန်မာပြည်ရှိ ပညာရေးစနစ်မှာ မူလတန်းအလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်ဟူ၍ အဆင့်လေးပိုင်းမျရှိလေသည်။ ရှိသောအဆင့်လေးပိုင်းတို့သည်လည်း ကောင်းမွန်ကျနစွာမရှိ၊ ဤမျှသော ပညာ ကို ကျွန်ုပ်တို့အားပေးရာတွင် သာရာစားတွေများ လာစေ၍ ကျွန်စိတ်၊ သဘောက် စိတ် ပေါက်သူများရှိလာအောင် ဖြစ်လေသည်။ ဤရည်ရွယ် ချက်မှာ အင်္ဂလိပ်ပညာကို အိန္ဒိယတွင် ပထမထွင်သူ (လောဒ်မက်ကောလေး) က လမ်းကြောင်းပြခဲ့ခြင်း ဖြစ်သည်။ အိန္ဒိယဘုရင်ခံချုပ်တစ်ဦးဖြစ်သော (လော့ကာဇုံ) က လည်းအိန္ဒိယပြည်ရှိ ပညာရေးစနစ်ကို ချုပ်နိုင်သမျှချုပ်ရမည်ဟု မြွက်ကြားဖူးလေသည်။ အကြောင်းကား အင်ပိုင်ယာချဲ့ထွင်ရေးစနစ်ကို တည်တံ့ခိုင်မြဲစေရန် ဖြစ်လေသည်။
အင်ပိုင်ယာ ချဲ့ထွင်ရေးစနစ်သည် အရေးကြီးအရာပါသော ကိရိယာ လက်နက်ကြီးတစ်ခု ဖြစ်သည်ကို ၄င်း အင်ပိုင်ယာ ချဲ့ထွင်ရေး ကို မကြိုက်နှစ်သက်သူ အင်္ဂလိပ်လူမျိုးတချို့က အတိအလင်း ရေးသား ထားကြလေသည်။ အဝေးကြီးမရှာဘဲ အနီးကလေးဖြစ်သော (မြန် မာစာညွှန့်ပေါင်းကျမ်း) အချီးတွင်လည်း အင်ပိုင်ယာချဲ့ထွင် ရေးစနစ်နှင့် ပညာရေးစနစ် မည်သို့သက်ဆိုင်ကြောင်း အရိပ်အမြွက် မျှ ပြထား လေသည်။
သို့ပညာရေးစနစ်ကို အင်ပိုင်ယာချဲ့ထွင်ရေးစနစ်နှင့် တံသုတ်ကိုက်ညီလေအောင် မြန်မာ ပြည်၌ ပညာမသင် မနေရ ဥပဒေမထားရှိခြင်း၊ သင်ကြားရန် ဘာသာရပ်များမှာ အနည်းငယ် သာရှိ၍ အကုန်အစဉ် သင်မပေးခြင်း၊ ကျောင်းကန်အသီးသီးတို့တွင် ကလေးလူငယ်တို့အား အင်ပိုင်ယာ ချဲ့ထွင်ရေး စနစ်၏ ထောက်ပံ့သူ များများဖြစ်အောင် ပညာတတ်နည်းအောင် အမျိုးမျိုး အတားအဆီး အပိတ်အပင် များထားခြင်း တို့ ဖြစ်လေသည်။
ဥပမာတစ်ခုပြရသော် ယခု ကျွန်ုပ်တို့တက္ကသိုလ် ပညာရေးစနစ်မှာ (ဂျေဟောလဒိန်) (ကာဒီနယ်နယူးမင်း) (အဘရာဟင်ဖလက်နာ) (ဖရော်ဖက်ဆာဇင်မန်း) စသော ပုဂ်ဂိုလ် ကြီးတို့ ရေးသားချက်များမှာ အထူး ကွာခြားပြီးလျှင် အတွင်းရေးသိသူတို့သည် မည်မျှဆိုးဝါး သည်ကို သိကြရပေသည်။ တိုင်းပြည်ငွေ နှင့်ဆောက်၍ တိုင်းပြည်ရှိလူများအတွက် ကျောင်းဖြစ်သော်လည်း ကျွန်ုပ်တို့တက္ကသိုလ် (ယုဒသန် တက္ကသိုလ်ဆရာဖြစ်သင် အားလုံး ပေါင်းဆိုလိုသည်) မှာ တိုင်းသူပြည်သားတို့အား (ကလေးကို အရိပ် အရောင် ပြတယ် ဖိုးလ နတ်သား) မျှသာ ဖြစ်လေသည်။
တိုင်းသူပြည်သားများမှာ ဤပညာရေးတွင် ဘာမျှပြောပိုင်ဆိုပိုင်ခွင့်မရှိ။
တိုင်းသူပြည်သား က မြှောက်တင်သော ကိုယ်စားလှယ်အနည်းငယ်မျှ အုပ်ချုပ်ရေးတွင်ပါသော်လည်း တန်ခိုး အာဏာအလျဉ်းမရှိပေ။ တက္ကသိုလ်ကောင်စီ အစည်းအဝေးမှာ တစ်နှစ်တွင်တစ်ခါနှစ်ခါမျှ ပြုလုပ်၍ နာရီဝက် နှင့် အစည်းအဝေးမှ စာတမ်းများကို ၄င်းတို့ စီစဉ်သလို ဖတ်ပြပြီးလျှင် ပြီးဆုံးသွားသည်က များလေသည် ဟု ကျွန်ုပ်တို့ကြားရလေသည်။
အချို့က မြည်မာပြည်ပညာရေးစနစ်တွင် ပညာတော်သင်စေလွှတ်ခြင်းကို ညွန်ပြကြ၏။ ပညာတော်သင် စေလွှတ်ခြင်း သည် စင်စစ်ကောင်းမွန်သော်လည်း ကျွန်ုပ်တို့ပြည်တွင် အသုံးပြုသည့် စနစ်မှာ အလွန်ညံ့ဖျင်း နေသည်။ တစ်နှစ်လျှင် ပညာတော်သင် ၁၂ယောက် မက တစ်ထောက်စေလွှတ်စေကာမူ ယခု စနစ်အရ လွှတ်သောပညာသင်သူတို့မှာ တစ်ရာ မှ တစ်ယောက်မြန်မာပြည်အား အကျိုးရှိအောင် ပြုလုပ်နိုင် သည့် အရည်အချင်းရှိ မည်မ ဟုတ်ပေ။
ပညာတော်သင်စေလွှတ်သည် ဆိုသည်မှာ ဘိလပ်ကိုပို့ခြင်းကို သာဆိုသည်မဟုတ်။ တစ်စုံ တစ်ခုသော အတတ်ပညာထွန်းကားရာသို့ ထိုအတတ်ကို အပြီးတိုင်မြောက်သင်လိုသူအား စေလွှတ်ခြင်းဖြစ်လေသည်။ သကြား လုပ်ငန်း သင်လိုသူအား သကြားလုပ်ငန်း အကြီး အကျယ်ပြုလုပ်ရာ ဌာနသို့လည်းကောင်း၊ လယ်ယာ စိုက်ပျိုးရေး အတတ်သင်လိုသူအား ထိုအတတ်ပြန့်ပွားရေး ဌာနသို့လည်းကောင်း အချုပ်အချယ် မရှိဘဲ စေလွှတ်ခြင်းဖြစ်လေ သည်။ သို့မှာလျှင် တိုင်းပြည်ကြီးပွားနိုင်မည်။ ဤကား ကျွန်ုပ်ပညာနှင့် သခင်ပညာ ခွဲပြ ပုံတည်း။
မိဘများသို့
ပညာရေးနှင့် ပတ်သက်၍ မြန်မာပြည်ရှိ မိဘများထံသို့ ကျွန်ုပ်တို့အစီရင်ခံလိုသည်။ ယခုခေတ်ကြီး သည်ကား အပြိုင်အဆိုင်ခေတ်ကြီးဖြစ်သည်ကို ၄င်းတို့သိရှိကောင်း သိရှိကြ ပါလိမ့်မည်။ အပြိုင်အဆိုင် ခေတ်ကြီးတွင် ဟောင်းနွမ်းသော နည်းစနစ်မျိုးဖြင့် ကျွန်ုပ်တို့အ ရှည်သဖြင့် မတည်တန့်နိုင်ပါ။ အစိုးရ ရာထူး ဌာနန္တတို့အတွက်သာ မိမိတို့သားသမီးပညာ ရေး ကို ရှေးရှုပြု၍ ညွန်ကြားခြင်း မပြုပါလင့်။ အမျိုးနှင့် တိုင်းပြည် အကျိုးရှိစေမည့်လုပ်ငန်း များကို မိမိတို့သားသမီးများ ပြုလုပ်ခြင်းကို တားဆီးပိတ်ပင်ခြင်းမပြုဘဲ အားပေးကြစေ လိုပါ သည်။
ငွေအင်အားပြည့်စုံလျှင် မိမိတို့၏ သားသမီးများနှင့် သင့်တော်မည့်တိုင်းပြည်သို့ စေလွှတ် ခြင်းက ဤတက္ကသိုလ် သို့ချည်း စေလွှတ်ခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ကျွန်ုပ်တို့် ယူဆ မိပေသည်။ ဥပမာ ဆိုသော် ဂျပန်ပြည်သည် ယခုအခါတွင် စက်မှုပညာတွင် အလွန်ထွန်း ကား၍ အခြားတိုင်းပြည်များထက် ရာခိုင်နှုန်း ၅၀မျှ ပိုမို၍ ဂျပန်ဖြစ်ကုန်ပစ္စည်းတို့်ကို နိုင်ငံခြားသို့ တင်ပို့နိုင်လေသည်။ သို့ဖြစ်ရကား ဂျပန်ပြည် သို့ မိမိတို့၏ သားသမီးများကို ပညာသင်စေလိုလျှင် ဤတက္ကသိုလ်တွင် ပညာသင်သည်ထက် အကျိုးရှိ မည်ဟု ကျွန်ုပ် ထင်ပေသည်။
ကျွန်ုပ်တို့ သိရသလောက်မှာ ဂျပန်ပြည်တွင် ပညာသင်ကြားရသည့် စားရိတ်သည်လည်း အလွန်ဆုံး တစ်လလျှင် ၁၀၀၊ ၁၅၀မျှ ကျမည်ဖြစ်ရာ ကျွန်ုပ်တို့ တက္ကသိုလ်တွင် ပညာသင် ကြားရသည့် စားရိတ်နှင့် များစွာမကွာပေ။ ထို့ကြောင့် မိမိတို့တစ်သက်မျှ ကောင်းစားသည် ကို မကြည့်ရှုဘဲ နောင်လာ နောင်သား များ၏ အကျိုးကို မျှော်ကိုး၍ မြန်မာပြည်ရှိ မိဘများ သည်မိမိတို့၏ သားသမီးတို့အား ကမ္ဘာတစ်ဖက်စွန်းပင် ဖြစ်စေကာမူ သောကနှင့်သံယော ဇဉ်ကို ဘေးချိတ်၍ စွန့်စားသင့်သည်။ ပညာရှိစေ သင့်သည်။ စီးပွားရှာစေသင့်သည်။ ဤသည်သာလျှင် ယခုခေတ်နှင့်ညီသော နည်းလမ်း ဖြစ်ပေသည်။
မှတ်ချက် ။ ။ ကိုအောင်ဆန်းတက္ကသိုလ် ကျောင်းသားဘ၀က တက္ကသိုလ်အိုးဝေမဂ္ဂဇင်း တွင် ရေးသားသော ကိုလိုနီ ခေတ် နှင့် ပက်သက်သော ဆောင်းပါးဖြစ်ပါသည်။ ထိုစဉ်ကရေး သားသော မူရင်းသတ်ပုံအတိုင်း ဖော်ပြ ထားပါသည်။
စာကိုး။ ။ အိုးဝေ၏ ရွှေရတုအဆင့် လက်ရွေးစင်စာအုပ်၊ ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာ အိုးဝေစာ ပေတိုက်။
ဆက်ရန်