Monday, December 2, 2013

လူတော် လူမော် တွေ အမြဲ တစေ လက်ကိုင် ထား တတ်တဲ့ အမူ အကျင့် ( ၁၀ ) မျိုး



၁။ မိတ်ဖွဲ့ တယ်၊ သူငယ်ချင်း အပေါင်း အသင်း စုဆောင်း တယ်

သူငယ်ချင်း တွေ အကြား ယုံကြည်စွာ တည်ဆောက် ထားတဲ့ ရင်းနှီး ခင်မင်မှု မျိုးဟာ ဘဝ တစ်သက်တာ အတွက် အကောင်း ဆုံး အနွေး ထည်ပါ ပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တ နဲ့ စိတ်နေ စိတ်ထား အပေါ်မှာ မူတည် ပြီး ဖြစ်တည် လာတဲ့ အတွက် တန်ဖိုး ထားပါ။
သူငယ်ချင်း တွေကိုလည်း ငွေစု သလိုပဲ စုဆောင်း တတ်ရမယ်၊ အခု ချိန်မှာ သူငယ်ချင်း ဘယ်နှစ် ယောက်မှ မရှိ သေးပဲ ချို့တဲ့ နေရင်လည်း စိတ်မ ပူပါနဲ့၊ ဖြူစင်တဲ့ စိတ်ထားနဲ့ စိတ်ပါ လက်ပါ မိတ်ဖွဲ့ မယ်ဆိုရင် အခါမ နှောင်းသေး ပါဘူး။

၂။ လက်လွှတ် နိုင်အောင် (ဥပက္ခာ ပြုတတ် အောင်) ကြိုးစား တယ်

ဒီအသက် အရွယ် ရောက်နေ မှတော့ ကလေး ဆန်ခွင့် မရှိ တော့ဘူး။ ဘဝမှာ ကြုံရ ဆုံရ တတ်တဲ့ တချို့သော ချစ်ခြင်း တွေ၊ ဖူးစာ တွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော် ရာတွေ တစုံ တရာကို အခွင့် ပေးတုန်း အရမယူ နိုင်ခဲ့ရင် လက်လွှတ် လိုက်ပြီး ကိုယ့်ကို ကိုယ် တာထွက်မှတ် အသစ် တစ်ခု ပြန်ပေး ပါ။ မိမိ ကိုယ်ကို ယုံကြည်မှု ရှိနေ သ၍ အင်အား ရှိနေ မယ်၊ ထို့ အတူ အား ထုတ်မှု
ရှိနေ သ၍ အောင်မြင် ခြင်း ရှိ နေမှာ ပဲ။

၃။၊ ဂရုဏာ စိတ်ထား တယ်

တတ်စွမ်း သ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲ သူတွေကို မိခင် လောက ကြီးရဲ့ မျှော်လင့် ချက်ရောင် ခြည်နဲ့ အလှ တရား တွေကို ခံစား နိုင်အောင် ကြံဆောင် ရမယ်။ ဒီလို အပြု အမူ မျိုးဟာ ပျိုးကြဲ နေတာနဲ့ အတူ တူပဲ၊ တချိန် ချိန်မှာ လူ့ သဘာဝ ရဲ့ အလှ ပဆုံး အသီး အနှံ တွေအဖြစ် ရိတ်သိမ်း ရလိမ့် မယ်။

၎။ ဂီတနဲ့ အကျွမ်း တဝင် ဖြစ်အောင် နေတယ်

ဂီတ တူရိယာ တမျိုး မျိုးကို သင်ယူ/ နားလည် နေရ မယ်၊ ဂီတဟာ လူ့စိတ်ကို လန်းဆန်း စေတဲ့ အပြင် မှတ်ဥာဏ်နဲ့ စိတ်ကူး စိတ်သန်း တွေကို နှိုးဆွ ပေးတယ်၊ ထင်မှတ် မထားတဲ့ တည်ငြိမ်မှု တွေကို ဆောင်ကြဉ်း ပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံ ပညာ၊ ပစ္စည်း စုဆောင်း ခြင်း စတဲ့ ဝါသနာ တွေဟာလည်း အသွင်မ တူတဲ့ သာယာ စိုပြေမှုကို ပေးစွမ်း နိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေး ရှောင်တယ်

ဒီလော ကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲ တွေ့ရတယ်၊ တမျိုးက လိုတာ မရတဲ့ ဒုက္ခ၊ နောက်တ မျိုးက အစွဲ အလန်း ကြီးတဲ့ ဒုက္ခ။ ပထမ ဒုက္ခ ဖြစ်တဲ့ လိုချင်တာ မရ ခဲ့ရင် အဲသလို ဖြစ်စဉ်ကို လောင်း ကစား တစ်ခု လို့ပဲ သဘော ထားလိုက် ပါ၊ အစွမ်းကုန် ကြိုးစား လုပ်ခဲ့ပြီး ရလာ ခဲ့ရင် ဖြစ်ဖြစ်၊ မရခဲ့ ရင်ပဲ ဖြစ်ဖြစ် အတွင်း စိတ်က ပုံမှန် အတိုင်းပဲ ရှိနေ သင့်တယ်၊ ကံကောင်း တာက ဒီအသက် အရွယ်နဲ့ တစ်က ပြန်စဖို့ အရင်း အနှီး ရှိနေ သေးတယ် ဆိုတာပဲ။ ဒုတိယ ဒုက္ခကတော့ အဆုံး ရွားဆိုး ဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို အစွဲ အလန်းမျိုး ရှိနေ သေးရင် အမြန်ဆုံး မောင်းထုတ် ပစ်ပါ။

၆။၊ ခံနိုင်ရည် ရှိအောင် ကြိုးစား တယ်

တချို့ အဖြစ် အပျက် တွေဟာ မသိ မသာ မေ့ပစ်ဖို့ပဲ၊ နောင် တကြိမ် ထပ်ကြုံ လာတဲ့ အခါ အသိ ဥာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်း စရာ၊ စိတ်ညစ် ညူးစရာ ကိစ္စတွေ ကျတော့ အံကြိတ်ပြီး တောင့်ခံ ဖို့ပဲ၊ တကြိမ် တခါ ကြုံဖူး ပြီးတိုင်း ဘဝကြီးက ပိုပြီး ပြည့်စုံ လာမှာပဲ။ ဒီအသက် အရွယ် ရောက်မှ တော့ ကလေး ဘဝတုန်း ကလို အော်ကြီး ဟစ်ကျယ်နဲ့ ရှိုက်ကြီး တငင် ငိုနေဖို့ မသင့် တော့ဘူး။

၇။ အမြဲ တစေ ကျေးဇူး သိတတ်တဲ့ စိတ်ထား တယ်

အသုဘ တစ်ခုကို သွားပြီး ပြန်လာတဲ့ အခါ စိတ်ထဲမှာ သံဝေဂ ရနေ တတ်မယ်၊ အပြင်း ဖျားပြီး ပြန်ကောင်း လာတဲ့ အခါ အသက်ကို ပိုပြီး တန်ဖိုး ထားလာ တတ်မယ်။ ဆိုလို တာက ကိုယ့်အပေါ် ကျရောက် နေတဲ့ ကျေးဇူး တရားကို အစဉ် အမြဲ အမှတ်ရ နေရမယ်၊ ကျေးဇူး သိတဲ့ စိတ်ဟာ ပတ်ဝန်း ကျင်ကို ပိုပြီး တန်ဖိုး ထားတတ် စေရုံတင် မကပဲ လောဘ ဒေါသ မောဟ မီးလျှံ တွေကို ချုပ်ငြိမ်း စေနိုင်တယ်။ တကယ်တမ်း ကျတော့ ကြည်နူး ချမ်းမြေ့ ခြင်းက အဲဒီက မြစ်ဖျား ခံတာ ပဲ။

၈။၊ အလုပ် အပေါ် သံယောဇဉ် အရမ်း ရှိတယ်

အလုပ် ဆိုတာ လက်ဖက်ရည် သောက်တာ၊ အာလူး ဖုတ်တာ လိုမျိုး စိတ်လက် ပေါ့ပါးမှု မပေး နိုင်ပေမယ့် သူဟာ ကျွန်တော် တို့ရဲ့ ဥာဏ်ရည် ဥာဏ်သွေးနဲ့ အစွမ်း အစကို စမ်းသပ် နေတဲ့ အရာ တစ်ခုပဲ။ အဲဒီက တဆင့် တန်ဖိုးနဲ့ အောင်မြင် ခြင်းကို နားလည် စေတာပဲ။ သူ့ကို ပုံအောပြီး ချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့် မို့သာ ကျွန်တော်တို့ ဘဝ တစ်ခု လုံးရဲ့ အစိတ် အပိုင်း တော်တော် များများမှာ လုပ်စရာ ရှိနေပြီး၊ စားစရာ လည်း ရှိနေ တာပါ။

၉။၊ လေ့လာ သင်ယူ ရာမှာ ဇွဲနပဲ ကြီးတယ်

စာဖတ် ခြင်းနဲ့ သင်ယူ ခြင်းဟာ အသိ ဥာဏ်နဲ့ စကား စမြည် ပြောနေ တာပါ ပဲ၊ နှစ်တိုင်း အနည်းဆုံး စာအုပ် ရေ ၅၀ ဖတ်ရ မယ်။ စာဖတ် ခြင်းဟာ မှတ်ဥာဏ်နဲ့ ခံစား နားလည် နိုင်စွမ်းကို ထိန်းထား နိုင်ရုံ မက စာဖတ် သူမှာ ဆွဲဆောင်မှု ရှိတဲ့ သံလိုက် ဓာတ်တမျိုး ရှိနေ စေတယ်။ ဒါဟာ လည်း yoga သင်တန်း တို့၊ ဗျူတီ ပါလာ တို့က မပေး နိုင်တဲ့ အရာ ပါ။

၁၀။၊ အားကစား ကို ခုံမင် နှစ်ခြိုက် တယ်

အချိန်ကို မှန်ကန်စွာ စီမံခန့် ခွဲပြီး အားကစား လုပ်တယ်၊ သဘာ ဝကို ခံစား တယ်။ အကျိုး ကျေးဇူးက ပျင်းရိ ခြင်းကြောင့် ကိုယ် အလေးချိန် တက်မလာ တော့ဘူး၊ ရုပ်ရည်က လည်း ဇရာ ဖိစီးမှု ကြောင့် ယိုယွင်း မသွား တော့ဘူး၊ အတိုင်း အတာ တစ်ခု ထိ နုပျို ခြင်း၊ ပျော်ရွှင် ခြင်းနဲ့ ကျန်းမာ ခြင်းကို ထိန်းထား နိုင်လိမ့် မယ်။

၂၀၁၂ ခုနှစ် မာလီအာဏာသိမ်း ခေါင်းဆောင်ကို လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီး

Monday, December 2, 2013


ကာတီစစ်စခန်းတွင် ၂၀၁၂ ခုနှစ် ဧပြီ ၃ ရက်က တွေ့ရသော အာဏာသိမ်းခေါင်းဆောင် ဆာနိုဂို

မာလီနိုင်ငံကို ၀ရုန်းသုန်းကား အခြေအနေ ဖြစ်စေခဲ့သော ၂၀၁၂ ခုနှစ် အာဏာသိမ်းမှုခေါင်းဆောင် အမန်ဒူဆာနိုဂို ကိုလူသတ်မှု၊ လူသတ်မှုတွင် ပူးပေါင်းပါဝင်မှု စွဲချက်တို့ ဖြင့် နိုဝင်ဘာ ၂၇ ရက်တွင် ဖမ်းဆီးထိန်းသိမ်း ခဲ့ကြောင်း တရားရေး တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မာလီစစ်သား ဒါဇင်များစွာက မြို့တော်ဘာမာ ကိုမြို့လယ်ရှိ ဆာနိုဂို၏ နေအိမ်ထဲသို့  အတင်းဝင်ရောက်ကာ ဖမ်းဆီးခဲ့ပြီးနောက် စုံစမ်းစစ်ဆေးရေး တရားသူကြီး ယာယာကာရင်ဘီကို မြို့တော်ဘာမာကိုတွင် ၎င်းကို ကြားနာစစ်ဆေးရန် ညွှန်ကြားခဲ့ကြောင်း ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ဆာနိုဂိုသည် ပြန်ပေးဆွဲမှု စွဲချက်လည်း စွဲဆိုခံရပြီး'ဥပဒေ အထက်တွင် မည် သူမှမရှိ' ဟု ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။ ဆာနိုဂိုနှင့် နီးစပ်သူအချို့ကို လည်း မကြာမီ စစ်ဆေးမေးမြန်း သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

မြို့တော်ဘာမာကို အနီးနိုင်ငံအလယ်ပိုင်းရှိ ကာတီမြို့မှ ဌာနချုပ်ဟောင်းအတွင်း ၎င်းကို ဆန့် ကျင်သော တပ်တွင်းပုန်ကန်မှုအတွင်း လူသေဆုံးမှုများ ဖြစ်ပွားခဲ့မှုအတွက် မေးခွန်းများကိုမေးမြန်းရန် ဆာနိုဂိုကို အောက်တိုဘာတွင် တရားရုံးက ဆင့်ခေါ်ခဲ့ကြောင်း သိရသည်။ သို့ သော် ဆာနိုဂိုက ယင်းဆင့်ခေါ်မှုကို လျစ်လျူရှုခဲ့သဖြင့် မာလီနိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက အံ့အားသင့်ဒေါသ ထွက်ခဲ့ကြသည်။

ဆာနိုဂိုသည် သြဂုတ်လတွင် ဗိုလ်ကြီးအဆင့်မှ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်သို့  ရာထူးတိုးခဲ့သဖြင့် အငြင်းပွားဖွယ်ဖြစ်ပွားခဲ့ပြီး စစ်တပ်အဖွဲ့ဝင်ဟောင်းများကိုလည်း ရာထူးတိုးပေးခံခဲ့ရကြောင်း သိရသည်။

ကာတီမြို့ရှိ ဆာနိုဂို၏ စစ်တန်းလျားတွင် ပျောက်ဆုံးနေသော စစ်သားသုံးဦး၏ အလောင်းများကို ဆက်တိုက်တွေ့ရှိခဲ့ပြီးနောက် ဆာနိုဂို၏ လက်ထောက်ဟောင်း အပါအ၀င် အစိုးရတာဝန်ရှိသူ ၂၀ ၀န်းကျင်မှာ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ဆာနိုဂိုသည် ရာထူးအလယ်အလတ်ရှိ တာဝန်ရှိသူ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ ၂၀၁၂ ခုနှစ် မတ်လတွင် ယင်းအချိန်က သမ္မတအမန်ဒိုတိုမာနီတိုရေး ကိုဖြုတ်ချခဲ့သည်။ ယင်းအာဏာသိမ်းမှုကြောင့် မာလီတွင် ၀ရုန်းသုန်းကားအခြေအနေ ဖြစ်ပွားခဲ့ပြီး အယ်လ်ကေးဒါးနှင့် ဆက်နွှယ်သော စစ်သွေးကြွများက မာလီမြောက်ပိုင်းကို သိမ်းယူခဲ့သည်။ သို့ သော် ပြင်သစ်နှင့် အာဖရိက တပ်များက ဇန်န၀ါရီလတွင် အဓိကမြို့ကြီးများမှ သူပုန်များကို တိုက်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

Ref: AFP

Fast & Furious ရုပ်ရှင်များမှ မင်းသား Paul Walker ယာဉ်တိမ်းမှောက် သေဆုံး





Fast & Furious ရုပ်ရှင်များဖြင့် ကမ္ဘာကျော် ဖြစ်လာခဲ့သည့် ဟောလီးဝုဒ် ရုပ်ရှင်မင်းသား Paul Walker သည် ယနေ့ (နိုဝင်ဘာ ၃၀ ရက်နေ့) ညနေပိုင်းတွင် မော်တော်ယာဉ် တိမ်းမှောက်မှုကြောင့် အသက်ဆုံးခဲ့ရသည်ဟု သိရှိရသည်။
rip_paul_walker9
မင်းသား Paul Walker သည် ယင်း၏ မိတ်ဆွေဖြစ်သူ Always Evolving ကားအလှဆင် အလုပ်ရုံပိုင်ရှင် Roger Rodas ၏၂၀၀၅ မော်ဒယ် Porsche 911 GT ပြိုင်ကားအား လိုက်ပါစီးနင်းလာစဉ် ဤကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Paul Walker နှင့် Roger Rodas တို့သည် မိတ်ဆွေများဖြစ်သလို စီးပွားဖက်များလည်း ဖြစ်ကြပြီး ယင်းတို့ ၂ ဦးသည် ကယ်လီဖိုးနီးယာပြည်နယ် ဆန်တာကလာရာမြို့ရှိ Rodas ၏ Always Evolving ကားအလှဆင် အလုပ်ရုံပြုလုပ်နေသည့် Paul Walker ၏ Reach Out Worldwide ရန်ပုံငွေအဖွဲ့၏ ဖိလစ်ပိုင်မုန်တိုင်းဆိုင်ရာ ရန်ပုံငွေပွဲသို့ တက်ရောက်နေစဉ် ကားထွက်မောင်းရာမှ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ပြီး မီးလောင်ကျွမ်းခဲ့ရာ ၂ ဦးစလုံး အသက်ဆုံးခဲ့ ကြရသည်။
rip_paul_walker10
ရဲတပ်ဖွဲ့၏ အဆိုအရ ဆိုးရွားလှသည့် ဤဖြစ်ရပ်၏ အဓိကအကြောင်းရင်းမှာ Porsche 911 GT ၏ အမြန်နှုန်းပင်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ ယင်းတို့ မောင်းနှင်လာသည့် လမ်းမ၏ ကန့်သတ်အမြန်နှုန်းမှာ တစ်နာရီ ၄၅ မိုင်နှုန်းဖြစ်သည်။
rip_paul_walker7
ယင်းတို့ ၂ ဦးအနေဖြင့် အဖြစ်ဆိုးကြီးအား ရန်ပုံငွေပွဲ ပြုလုပ်နေသည့် အဆောက်အဦနှင့် မီတာ ၃၀၀ ခန့်အကွာတွင် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ ဖြစ်ပွားရာသို့ ရဲအရာရှိများ ရောက်ရှိလာချိန်တွင် ကားမှာ မီးဟုန်းဟုန်းတောက် နေပြီဖြစ်ပြီး မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်မှုမှာ မိနစ်အနည်းငယ်သာ ကြာသော်လည်း Paul Walker အတွက်မူ အချိန်နှောင်းသွား ခဲ့ရပြီဖြစ်သည်။
rip_paul_walker8
Paul Walker သည် ပြီးခဲ့သည် ရက်ပိုင်းအတွင်းကပင် ယင်း၏ Twitter ပေါ်၌ Fast & Furious 7 ရုပ်ရှင် ရိုက်ကူးမှု စတင်ခြင်းအပေါ် လွန်စွာမှ စိတ်လှုပ်ရှားနေကြောင်း ရေးသားခဲ့သေးသည်။

Paul Walker တစ်ယောက် အသက် ၄၀ အရွယ်၌ အချိန်မတိုင်ဘဲ ကွယ်လွန်ခဲ့ရခြင်းအပေါ် Myanmar Consumer Guide အဖွဲ့သားများမှ ယင်း၏ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း . . .။


Solid-State နှင့် သမားရိုးကျ Hard Disk ပေါင်းစပ်ထားသည့် Western Digital Black2






ကွန်ပြူတာတစ်လုံးရဲ့ စွမ်းဆောင်ရည်ပိုင်းကို အလေးထားသည့် သုံးစွဲသူများ အနေနဲ့ အရေးကြီးတဲ့ App တွေ (Windows 8 အသုံးအနှုန်းနဲ့ ပြောရရင်ပေါ့ဗျာ) အတွက် Solid-State Drive (SSD) ကို အလိုရှိကြမှာ အမှန်ပါပဲ။

ထိုနည်းလည်းကောင်းပါပဲ ကွန်ပြူတာများရဲ့ အချက်အလက် သိုမှီးမှုအပိုင်းကို ဆယ်စုနှစ်ပေါင်း များစွာကြာ တာဝန်ယူပေးခဲ့တဲ့ Hard Drive (HDD) တွေဟာလည်း အရွယ်အိုပေမယ့် ပမာဏကြီးမားတာကြောင့် မျက်ကွယ်ပြုလို့တော့ မရသေးပါဘူး။

ဒီ ၂ ခုကို ပေါင်းစပ်ပြီး သုံးစွဲရာမှာ Desktop ကွန်ပြူတာများအတွက် ပြဿနာ မရှိပေမယ့် Laptop များအတွက်ကတော့ နေရာအခက်အခဲနဲ့ အမြဲတမ်း ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒါကြောင့်မို့လို့လဲ ဈေးနှုန်းမြင့်မားတဲ့ Ultrabook တွေမှာသာ SSD နဲ့ သမားရိုးကျ HDD များကို ပူးတွဲပြီး ထည့်သွင်းပေးလေ့ ရှိတာကို တွေ့နေရပါတယ်။

ယခုအခါမှာတော့ Solid-State Drive နှင့် သမားရိုးကျ Hard Drive တို့ကို ပေါင်းစပ်ထားတဲ့ ပထမဆုံးသော SATA ချိတ်ဆက်မှုသုံး storage device ကို Western Digital မှ တီထွင်ထုတ်လုပ် လိုက်ပြီဖြစ်ပါတယ်။ Black2 လို့ အမည်ပေးထားတဲ့ ဒီ Storage Device ဟာ 120GB ပမာဏရှိတဲ့ SSD နဲ့ 1TB ပမာဏရှိတဲ့ HDD တို့ကို ပေါင်းစပ်ထားခြင်းပဲ ဖြစ်ပါတယ်။

Black2 ဟာ လက်ရှိ ဈေးကွက်တွင်းမှ အခြားသော Hybrid Drive (Flash Drive နှင့် HDD ပေါင်းစပ်) များထက် သိသာစွာ ပိုမိုလျင်မြန်မည် ဖြစ်သလို သိုမှီးမှုပမာဏလည်း ပိုမိုများပြားသည်ကို တွေ့ရှိရမည်ဖြစ်သည်။ ဤအချက်မှာ ဂိမ်းသမားများနှင့် အရွယ်အစား သေးငယ်သည့် ကိုယ်ပိုင်သုံး ကွန်ပြူတာများကို နှစ်သက်သူများအတွက် ကောင်းမွန်သည့် အချက်များပင် ဖြစ်သည်။

သို့ရာတွင် Black2 အား သုံးစွဲလိုသူများ အနေနဲ့ ကောင်းမွန်သည့် စွမ်းဆောင်ရည်နှင့် လိုက်ဖက်သည့် ဈေးနှုန်းဖြစ်သည့် ဒေါ်လာ ၃၀၀ အား ပေးရမည်ဖြစ်သည်။

တရုတ်လေကြောင်း ကာကွယ်ရေး ဇုန်သစ်တွင် ပျံသန်းမှုများ ပုံမှန်အတိုင်း ဆက်လက်ဆောင်ရွက် သွားမည်ဟု အမေရိကန် ပြောကြား

Monday, December 2, 2013



တရုတ်ပြည်တွင်းထုတ် တိုက်လေယာဉ် ပုံစံတူ တစ်စင်းကို ပေကျင်းတွင် နိုဝင်ဘာ ၂၇ ရက်က ပြသထားစဉ် (Photo:AFP)

တရုတ်က မကြာသေးမီက ကြေညာထားသော လေကြောင်းကာကွယ်ရေး ဇုန်သစ်တွင် အမေရိကန်နှင့် ဂျပန်လေယာဉ်များကို စောင့်ကြည့်ရန်အတွက် တိုက်လေယာဉ်များ ဖြန့်ကြက်ချထားရန် ကြိုးပမ်းစဉ် အမေရိကန်က ၎င်းတို့၏ ပုံမှန်ပျံသန်းမှုများကို ပြောင်းလဲမည် မဟုတ်ကြောင်း အမေရိကန် စစ်တပ်အကြီးအကဲများက အခိုင်အမာ ပြောကြားခဲ့သည်။

"တရုတ်ရဲ့ ကာကွယ်ရေးဇုန်သစ် အပါအ၀င် ပစိဖိတ်တစ်လျှောက် အပြည်ပြည်ဆိုင်ရာ လေကြောင်းကို ပုံမှန်ဖြတ်သန်းနေတဲ့ ခရီးစဉ်တွေ ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီလေယာဉ်တွေက ကမ္ဘာတစ်ဝန်း ဒေသအများအပြားမှာ ကျင့်သုံးနေတဲ့ အမေရိကန် လေကြောင်းသွားလာမှု လွတ်လပ်ရေး မူဝါဒတွေနဲ့အညီ ဖြစ်ပါတယ်။ အဲ့ဒီဇုန်မှာ အမေရိကန်က ပုံမှန်အတိုင်း ပျံသန်းနေသလို နောင်လည်းဆက်လက် ပျံသန်းမယ်ဆိုတာ အသေအချာပါပဲ" ဟု ပင်တဂွန် စစ်ဌာနချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး စတိဗ်ဝါရင်းက နိုဝင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အမေရိကန် ပုဂ္ဂလိက လေကြောင်းလိုင်းများသည် ယင်းဇုန်သစ်သို့ ၀င်ရောက်ရာတွင် တရုတ်က တောင်းဆိုသည့်အတိုင်း အကြောင်းကြားသင့်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ သို့သော် ယင်းသည် တရုတ်၏ တောင်းဆိုချက်များကို အမေရိကန် အစိုးရက လက်ခံသည်ဟု ဆိုလိုခြင်း မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။

တရုတ်က လေကြောင်းကာကွယ်ရေး ဇုန်သစ်သို့ နိုဝင်ဘာ ၂၉ ရက်တွင် စစ်လေယာဉ်များ စေလွှတ်ခဲ့ကြောင်း တရုတ်မီဒီယာ တစ်ခုတွင် ဖော်ပြခဲ့သည်။ ယင်းဇုန်သို့ ၀င်ရောက်လာသည့် အမေရိကန်နှင့် ဂျပန်လေယာဉ်များ၏ အချက်အလက်များကို အတည်ပြုရန် တိုက်ခိုက်ရေး ရဟတ်ယာဉ် များစွာကို စေလွှတ်ခဲ့ကြောင်း တရုတ်လေတပ် ပြောခွင့်ရပုဂ္ဂိုလ် စန်းကျင်ခယ်က ပြောကြားခဲ့ကြောင်း သိရသည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသော ဂျပန်အခေါ် ဆင်ကာကူ သို့မဟုတ် တရုတ်အခေါ် ဒိုင်အိုယူကျွန်း အပါအ၀င် အရှေ့တရုတ် ပင်လယ်တွင်းရှိ ကျယ်ပြန့်သော နေရာတစ်ခုကို လေကြောင်းကာကွယ်ရေး ဇုန်အဖြစ် တရုတ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကြေညာခဲ့သည်။ ယင်းဇုန်သို့ ၀င်ရောက်သော လေယာဉ်များသည် ခရီးစဉ်နှင့် မူရင်းနိုင်ငံတို့ကို တင်ပြရန် တရုတ်၏ တောင်းဆိုမှုများကို ဂျပန်နှင့် အမေရိကန်က လျစ်လျူရှုနေကြောင်း ဆင်ဟွာက ဖော်ပြခဲ့သည်။ တရုတ်က ညွှန်ကြားချက်များကို မလိုက်နာသော လေယာဉ်များသည် ကာကွယ်ရေး အရေးပေါ် စီမံချက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

Ref:AFP

နိုင်ငံ့လူဦးရေ ထက်ဝက်ကျော်မှာ ငှက်ဖျားရောဂါ ကူးစက်ခံရနိုင်ခြေ ရှိနေပြီး ငှက်ဖျားဖြစ်ပွားသူ လေးသိန်းနီးပါးရှိရာ ယင်းတို့အနက် သေဆုံးသူ ၅၀၀ ကျော်ခန့်ရှိ

Monday, December 2, 2013





ငှက်ဖျားတိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုနေသော ဆေးစိမ်ခြင်ထောင်များအား တွေ့ရစဉ်

နိုင်ငံ့လူဦးရေ၏ ထက်ဝက်ကျော်မှာ ငှက်ဖျားရောဂါ ကူးစက်ခံရနိုင်ခြေ ရှိနေပြီး ငှက်ဖျားဖြစ်ပွားသူ လေးသိန်းနီးပါးရှိရာ ယင်းတို့အနက်မှ သေဆုံးသူ ၅၀၀ ကျော်ခန့် ရှိနေကြောင်း ကျန်းမာရေး ဦးစီးဌာန ငှက်ဖျားတိုက်ဖျက်ရေး စီမံချက်မှ သိရသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းသည် ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက်၏ အခြေခံနှစ်ဖြစ်သည့် ၁၉၉၀ ပြည့်နှစ်တွင် လူဦးရေ ၁၀၀၀ ၌ ၂၄ ဦး ခန့်ဖြစ်ပြီး ငှက်ဖျားကြောင့် သေဆုံးနှုန်းသည်လည်း လူဦးရေ တစ်သိန်းတွင် ၁၃ ဦးရှိကြောင်း၊ ၂၀၁၁ ခုနှစ်တွင် လူဦးရေ ၁၀၀၀ ၌ ၁၀ ဦးခန့်သာ ဖြစ်ပွားပြီး သေဆုံးနှုန်းသည်လည်း လူဦးရေ တစ်သိန်းတွင် တစ်ဦးခန့်သာရှိကြောင်း သိရသည်။

ထို့ပြင် မြန်မာနိုင်ငံရှိ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နှင့် ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့များတွင် Artemisinin ဆေးယဉ်ပါး ငှက်ဖျားပိုး ပျံ့နှံ့မှုများ တွေ့ရှိခဲ့သည့်အတွက် ကာကွယ်တားဆီးခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်း၊ ယင်းနှင့် ဆက်စပ်လျက်ရှိသည့် မွန်နှင့် ကရင်ပြည်နယ် များတွင်လည်း အလားတူ လုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် ရွှေ့ပြောင်းလုပ်သား များပြားခြင်း၊ စီးပွားရေးအရ သတ္တုတူးဖော်သည့် လုပ်ငန်းများ ရှိခြင်း၊ Artemisinin ဆေးယဉ်ပါးမှု ပြဿနာရှိသည့် နယ်စပ်တွင် တည်ရှိခြင်း၊ ငှက်ဖျားဆေးကို အလွယ်တကူ ရရှိသုံးစွဲ နိုင်ခြင်းများကြောင့် Artemisinin ဆေးယဉ်ပါးမှု ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

"ရွှေ့ပြောင်းလုပ်သားက တရားဝင်နဲ့ တရားမ၀င် သွားတဲ့ လုပ်သားတွေ ရှိတဲ့အတွက် စာရင်းအတိအကျ ရဖို့မလွယ်ပါဘူး။ ဒီလိုလူတွေကို ဆေးစိမ်ခြင်ထောင်တွေ အပါအ၀င် အခြားငှက်ဖျားနဲ့ ပတ်သက်တဲ့ ၀န်ဆောင်မှုတွေ ပေးဖို့က မလွယ်ကူပါဘူး။ ငှက်ဖျားရှိတဲ့ လူနာတွေကို အစိုးရနဲ့ လူမှုအဖွဲ့အစည်းတွေက ကုသနေတာအပြင် ပုဂ္ဂလိက ကဏ္ဍက ကုပေးနေတာမျိုး တွေလည်းရှိပြီး ခန့်မှန်းရသလောက် လူနာခုနစ်သောင်းကျော်လောက် ရှိပါတယ်။ ဒါတွေက အစိုးရ ဌာနမှာ ကုတာမဟုတ်တဲ့ လူနာတွေပါ" ဟု ကျန်းမာရေး ဦးစီးဌာန ရောဂါနှိမ်နှင်းရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာသာထွန်းကျော်က ဆိုသည်။

မြန်မာနိုင်ငံ အပါအ၀င် မဲခေါင်ဒေသခွဲတွင် ပါဝင်သော နိုင်ငံများ၌ ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွား လာရခြင်းများအနက် လူအများ ရွှေ့ပြောင်းသွားလာခြင်းနှင့် ငှက်ဖျားပိုးတွင် ဆေးပေါင်းစုံ ယဉ်ပါးမှုများသည် အဓိက အကြောင်းအရင်းများအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်စဉ်ငှက်ဖျား ဖြစ်ပွားသူဦးရေ ငါးသိန်းခန့်ရှိပြီး သေဆုံးသူဦးရေ တစ်ထောင်ခန့် ရှိခဲ့ကြောင်း ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်အရလည်း သိရသည်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ငှက်ဖျားဆေး ယဉ်ပါးမှုနှုန်း ၁၀ ရာခိုင်နှုန်းထက် ကျော်လွန်ပါက ငှက်ဖျားရောဂါ ကုသရေးနှင့် ပတ်သက်သည့် မူဝါဒကို ပြောင်းလဲရန် သတ်မှတ်ထားပြီး လက်ရှိမြန်မာနိုင်ငံတွင် သုတေသန ပြုလုပ်ချက်များအရ ဆေးယဉ်ပါး ငှက်ဖျားပိုး တွေ့ရှိမှုနှုန်းမှာ ၆ ဒသမ ၅ ရာခိုင်နှုန်းခန့်သာ ရှိနေသေးကြောင်းနှင့် အခြားအိမ်နီးချင်း နိုင်ငံများတွင် ၁၀ ရာခိုင်နှုန်းနီးပါး ရှိနေပြီ ဖြစ်သည့်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ငှက်ဖျားဆေး ယဉ်ပါးမှု ထိန်းချုပ်ရေး လုပ်ငန်းများတွင် စီးပွားရေး လုပ်ငန်းရှင်များဘက်မှ ပူးပေါင်းပါဝင် လုပ်ဆောင်ရန် ပထမဦးဆုံးအကြိမ် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စကော့တလန် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်တစ်စင်း အရက်ဆိုင်ပေါ်သို့ ပျက်ကျ

Monday, December 2, 2013



နိုဝင်ဘာ ၃၀ ရက်က ဂလက်စကိုတွင် ပျက်ကျခဲ့သော ရဟတ်ယာဉ် အပျက်အစီးများကို စစ်ဆေးနေသော ရဲအရာရှိများနှင့် မီးသတ်သမားများ (Photo:AP)

စကော့တလန်နိုင်ငံ၊ ဂလတ်စ်ဂိုးလ်မြို့ရှိ အရက်ဆိုင် တစ်ဆိုင်ပေါ်သို့ နိုဝင်ဘာ ၂၉ ရက် ညပိုင်းက ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ သေဆုံးဒဏ်ရာ ရရှိသူ များစွာရှိခဲ့ပြီး လူအများအပြား ပိတ်မိနေခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် လူများပြည့်ကျပ်နေသည့် Clutha အမည်ရ အရက်ဆိုင်၏ ခေါင်မိုးပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဟတ်ယာဉ် ပျက်ကျချိန်တွင် ဆိုင်အတွင်း၌ လူပေါင်း ၁၀၀ ကျော် ရှိနေပြီး တေးဂီတ အဖွဲ့တစ်ခု၏ ဖျော်ဖြေမှုကို နားထောင်နေကြကြောင်း သိရသည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ရဟတ်ယာဉ်ပေါ်တွင် ရဲအရာရှိ နှစ်ဦးနှင့် အရပ်သား ရဟတ်ယာဉ်မောင်းတစ်ဦး လိုက်ပါလာကြောင်းနှင့် ရဟတ်ယာဉ်သည် အရက်ဆိုင်ပေါ် ကျောက်ခဲတစ်ခဲ ကျသလို ကျသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်၏အမိုးသည် ချိုင့်ဝင်သွားပြီး အော်ဟစ်သံများ၊ ဖုန်မှုန့်များဖြင့် တစ်ဆိုင်လုံး ပြည့်သွားခဲ့ကြောင်း သိရသည်။ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ပျက်စီးသွားသော တစ်ထပ်တိုက် အဆောက်အအုံထဲမှ မည်သူမည်ဝါ မသိသော လူအချို့၏ ဆက်သွယ်မှုကို ရရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ဆိုင်၏ ခိုင်ခံ့မှု အခြေအနေမှာ လွန်စွာဆိုးရွားနေပြီး သေဆုံးဒဏ်ရာ ရရှိသူ မည်မျှရှိသူကို အတည်ပြုရန် ကြိုးစားနေကြောင်းနှင့် ဆိုင်ထဲတွင် ပိတ်မိသူများကို ကယ်တင်ရန် ကြိုးပမ်းနေကြောင်း မီးသတ်ဌာန အရာရှိ လူးဝစ်ရမ်ဆေးက သတင်းထောက်များကို ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာတွင် မီးသတ်သမား ၁၂၅ ဦးသည် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ရမ်ဆေးက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ ရဟတ်ယာဉ် တစ်စင်းသည် ၀မ်းနည်းဖွယ်ရာ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း စကော့တလန် ပထမ၀န်ကြီး အဲလက်စ်ဆယ်လ်မွန် အတည်ပြု ပြောကြားခဲ့သည်။ Eurocopter EC135 ရဟတ်ယာဉ်သည် အဘယ်ကြောင့် ပျက်ကျသွားသည်ကို ပြောရန်စောလွန်းသေးကြောင်း ရဲအရာရှိ ရို့ဖစ်ဂျာရတ်က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် အရက်ဆိုင်အတွင်း ရှိနေသည့်သူ တစ်ဦး၏ ပြောကြားချက်အရ ၎င်းသည် ဆိုင်အတွင်း၌ သီချင်းနားထောင်နေစဉ် ၀ှီးခနဲမြည်သည့် အသံကြီးကို ကြားခဲ့ရသော်လည်း ပေါက်ကွဲသံနှင့် ဒုန်းဒုန်းဒိုင်းဒိုင်းအသံ မကြားခဲ့ရဟု ပြောကြားခဲ့သည်။ အဆိုပါ အရက်ဆိုင်သည် ဂလတ်စ်ဂိုးလ်မြို့ အလယ်ပိုင်းရှိ ဗလီအနီးတွင် တည်ရှိသည်။

Ref:AFP

သိရိမင်္ဂလာ ဈေးသစ်ကြီး ကပ်လျက်တွင် တည်ဆောက်ထားသော ရွှေပိတောက် ငါးဈေးသစ်ကြီး ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်မည်

Monday, December 2, 2013


ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်မည့် ရွှေပိတောက် ငါးဈေးသစ်ကြီးကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့ လှိုင်မြို့နယ် ပိတောက်ချောင်းရှိ သီရိမင်္ဂလာ ဈေးသစ်ကြီး ဘေးကပ်လျက်တွင် တည်ဆောက်ထားသော ရွှေပိတောက် ငါးဈေးသစ်ကြီး ဒီဇင်ဘာလကုန်တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ သိရသည်။

အဆိုပါဈေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် တောက်တွန်းကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောက်လုပ်ခြင်းဖြစ်ပြီး ဆိုင်ခန်းပေါင်း ၄၃၂ ခန်း ပါဝင်သည်ဟု သိရသည်။ ယခင် ကြည့်မြင်တိုင်မြို့နယ်ရှိ ဗဟိုစံပြ ငါးဈေးကြီးမှာ လက်ရှိဆိုင်ခန်းများ မလုံလောက်ဘဲ ကျပ်တည်းနေပြီး ၁၀ ပေပတ်လည် ဆိုင်ခန်းတစ်ခန်းကို ကျပ်သိန်း ၉၀၀ အထိ ပေါက်ဈေးရှိသည်ဟု လုပ်ငန်းရှင်များက ပြောကြားခြင်းကြောင့် ယခုကဲ့သို့ ငါးဈေးသစ်ကြီးကို အကောင်အထည် ဖော်ခဲ့ခြင်းဖြစ်ပြီး မူလဗဟို စံပြငါးဈေးကြီးကို ရွှေ့ပြောင်းခြင်း မဟုတ်ဘဲ အသစ်တည်ဆောက်သည့် ဈေးဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စုစုပေါင်းဆိုင်ခန်း ၄၃၂ ခန်းထဲမှ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင် ဆိုင်ခန်း ၂၁၆ ခန်းကို ဦးရာလူ စနစ်ဖြင့် အငှားချထား ပေးမည်ဖြစ်ပြီး ဆိုင်ခန်းတန်ဖိုးများ အနေဖြင့် ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၅၀ ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ဆိုင်ခန်းများကို လက်ငင်းစနစ်၊ ပထမအရစ် ရာခိုင်နှုန်း ၃၀ လက်ငင်းသွင်း၍ ကျန်ငွေများကို အရစ်ကျ စနစ်ဖြင့် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အထိ အရစ်ကျ ပေးနိုင်သည့် စနစ်ဖြင့် အငှားချထား ပေးမည်ဖြစ်ကြောင်း၊ အရစ်ကျငွေကို ဧရာဝတီဘဏ်နှင့် ချိတ်ဆက်၍ ချေးငွေစနစ်ဖြင့် ပြုလုပ်ပေးမည်ဖြစ်၍ ဘဏ်သို့ အတိုးနှုန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

ဆိုင်ခန်းတန်ဖိုးများ အနေဖြင့် ကျပ်သိန်း ၃၀၀၊ ကျပ်သိန်း ၂၅၀ ဟူ၍ နှစ်မျိုးခွဲခြားထားပြီး ဆိုင်ခန်းများကို လက်ငင်းစနစ်၊ ပထမအရစ် ရာခိုင်နှုန်း ၃၀ လက်ငင်းသွင်း၍ ကျန်ငွေများကို အရစ်ကျ စနစ်ဖြင့် တစ်နှစ်၊ နှစ်နှစ်၊ သုံးနှစ်အထိ အရစ်ကျ ပေးနိုင်သည့် စနစ်ဖြင့် အငှားချထား . . . . .


"ဆိုင်ခန်းတွေကို အငှားချထားပေးတာ ဖြစ်ပါတယ်။ ဘယ်ဈေးပဲဖြစ်ဖြစ် နေရာတိုင်းမှာ ဆိုင်ခန်းကို ၀ယ်ပြီးရင် ဆွေစဉ်မျိုးဆက် ပိုင်တယ်လို့ ထင်ကြတယ်။ ဒါပေမဲ့ အစိုးရပိုင်ဈေးမှာ အငှားချထားခြင်းလို့ သုံးပါတယ်။ ပုဂ္ဂလိက အချင်းချင်းကတော့ ဒီဆိုင်ကို လက်လွှဲရောင်းလို့ ရတယ်။ ဒီဈေးက ထိုက်သင့်သလောက်တော့ စည်ကားလာလိမ့်မယ်လို့ ထင်တယ်။ ဆိုင်ခန်းဖွင့်တဲ့သူ တစ်ယောက်ပဲ ရှိရှိ၊ နှစ်ယောက်ပဲ ရှိရှိ ဖွင့်သွားမယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ဈေးများဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ငါးဈေးသစ်ကြီးတွင် ရေချို၊ ရေငန်၊ မွေးမြူရေး ငါးမျိုးစုံ ရောင်းချနိုင်မည်ဖြစ်ပြီး ရေရရှိရေး၊ မီးရရှိရေး၊ လမ်းကောင်းမွန်ရေး စနစ်များကိုလည်း စီစဉ်ပေးထားကြောင်း၊ အမှန်တကယ် ရောင်းချမည့် သူများကိုသာ ဆိုင်ခန်းများ အငှားချထား ပေးမည်ဖြစ်ပြီး ဆိုင်ခန်းရရှိပြီး တစ်လအတွင်း ဆိုင်ခန်းဖွင့်လှစ် ရောင်းချရမည်ဟု ထုတ်ပြန်ထားသည်။

ငါးဈေးသစ်ကြီးကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်တွင် စတင်တည်ဆောက် ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ အလုံသစ်တောဝင်းနှင့် သိမ်ဖြူသင်္ဘောကျင်း မြေနေရာများတွင် ဆိပ်ခံတံတား ခုနစ်စင်း ထပ်မံတည်ဆောက်မည်

Monday, December 2, 2013


သီလ၀ါ ဆိပ်ကမ်းတွင် သင်္ဘောများ ဆိုက်ကပ်ထားစဉ် (ဓာတ်ပုံ- ရွှန်းလဲ့ဝင်း)

ရန်ကုန်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ အလုံသစ်တောဝင်း အမှတ် (၂)၊ အမှတ် (၃) မြေနေရာနှင့် သိမ်ဖြူသင်္ဘောကျင်း မြေနေရာများ၌ ဆိပ်ခံတံတား ခုနစ်စင်း ထပ်မံတည်ဆောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

"အလုံသစ်တောဝင်း အမှတ် (၂) နဲ့ (၃) မြေနေရာနဲ့ သိမ်ဖြူသင်္ဘောကျင်း မြေနေရာတွေမှာ ဆိပ်ခံတံတား ခုနစ်စင်းကို ထပ်မံတည်ဆောက်ဖို့ လျာထားပါတယ်။ အလုံသစ်တောဝင်းမှာ တည်ဆောက်မယ့် ဆိပ်ခံတံတား တွေကိုတော့ မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းက တည်ဆောက်မှာပါ" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။

လက်ရှိတည်ဆောက် အသုံးပြုလျက်ရှိသည့် ဆိပ်ခံတံတားများမှာ ထီးတန်းဆီတံတား၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေအထွေထွေ ကုန်တင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းများတွင် ဆိပ်ခံတံတား ၁၈ စင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို . . . . .


ယင်းပြင် ရန်ကုန်ဆိပ်ကမ်း နယ်မြေများဖြစ်သည့် ရွှေနာဝါဆိပ်ကမ်း၊ အေးရှားဝေါလ် ဆိပ်ကမ်းတံတား အမှတ် (၄) အလုံသစ်တောဝင်း အမှတ် (၁) မြေနေရာနှင့် မြန်မာ့စက်မှုဆိပ်ကမ်း တိုးချဲ့မြေနေရာတို့တွင် ဆိပ်ခံတံတား ခုနစ်စင်းအား တည်ဆောက်လျက် ရှိသည်။

မြန်မာနိုင်ငံ၏ သွင်းကုန်ပို့ကုန်များ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက် ပေးနေသည့် ရန်ကုန်ဆိပ်ကမ်းသည် ထီးတန်းကမ်းနားဒေသမှ သံလျက်စွန်းကမ်းနား ဒေသအတွင်း နိုင်ငံတကာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားများ တည်ဆောက်ထားသည်။

ရန်ကုန်ဆိပ်ကမ်း နယ်မြေအတွင်း လက်ရှိတည်ဆောက် အသုံးပြုလျက်ရှိသည့် ဆိပ်ခံတံတားများမှာ ထီးတန်းဆီတံတား၊ အေးရှားဝေါလ်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ ဆူးလေအထွေထွေ ကုန်တင်ဆိပ်ကမ်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းများတွင် ဆိပ်ခံတံတား ၁၈ စင်းဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါ ဆိပ်ခံတံတားများတွင် တန်ချိန် ၁၅၀၀၀ ခန့်ရှိ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်ကြောင်း သိရသည်။ ၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှု ၁၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ယင်းကဲ့သို့ သင်္ဘောများ ၀င်ထွက်မှု မြင့်တက်ခဲ့သည်နှင့်အညီ ရန်ကုန်ဆိပ်ကမ်း၏ ကုန်စည်နှင့် ကုန်သေတ္တာ ကိုင်တွယ်မှုမှာ ၁၀ နှစ်တာ ကာလအတွင်း နှစ်ဆကျော်ခန့် တိုးတက်လာခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့သို့ ရောက်ရှိနေသော ဒေါ်အောင်ဆန်းစုကြည် World AIDS Day အခမ်းအနားတွင် တက်ရောက်မိန့်ခွန်းပြောကြား

Monday, December 2, 2013


မဲလ်ဘုန်းမြို့တွင် World AIDS Day အခမ်းအနားတွင် မိန့်ခွန်းပြောကြားရန် ရောက်ရှိလာသည့် ဒေါ်အောင်ဆန်းစုကြည်အား ဗစ်တိုးရီးယားပြည်နယ် အုပ်ချုပ်ရေးမှူး အဲလက်စ်ချာနော့ဗ်က ကြိုဆိုစဉ် (Photo:AFP)

သြစတြေးလျနိုင်ငံသို့ အလည်အပတ်ခရီး ရောက်ရှိနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဒီဇင်ဘာ ၁ ရက် မဲလ်ဘုန်းမြို့တွင် ကျင်းပသည့် World AIDS Day အခမ်းအနားသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရသည်။

အေအိုင်ဒီအက်စ် ရောဂါနှင့် အဆိုပါရောဂါပိုး ကူးစက်ခံထားရသူများအား ခွဲခြားဆက်ဆံ ခံနေရမှုများကို ၀ိုင်းဝန်းတိုက်ဖျက်ရန် ဒေါ်အောင်ဆန်းစုကြည်က သြစတြေးလျ နိုင်ငံသားများအား တိုက်တွန်းခဲ့ကြောင်း သိရသည်။

"ကျွန်မတို့ရဲ့ နိုင်ငံရေး ယုံကြည်ချက်ကြောင့် ကျွန်မတို့ အနေနဲ့ ခွဲခြားဆက်ဆံ ခံခဲ့ရပါတယ်။ လူမျိုးရေး၊ ဘာသာရေး၊ ယုံကြည်မှု၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု ဒါမှမဟုတ် အနာရောဂါ တစ်ခုခုကြောင့် ခွဲခြားဆက်ဆံမှု ပြုလုပ်ခြင်းဟာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်း တစ်ခုမှာ လက်ခံနိုင်စရာ မရှိပါဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီးနောက် ပထမဆုံး သွားရောက်ခဲ့သည့် နေရာများတွင် အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်ခံထား ရသူများအား ကုသပေးသည့် နေရာလည်း ပါဝင်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်အား UNAIDS ချစ်ကြည်ရေး သံတမန်အဖြစ် ၂၀၁၂ ခုနှစ်တွင် ခန့်အပ်ခြင်း ခံခဲ့ရသည်။ အကြိမ် (၂၀) မြောက် အပြည်ပြည်ဆိုင်ရာ အေအိုင်ဒီအက်စ် ကွန်ဖရင့်အား ၂၀၁၄ ခုနှစ်၊ ဇူလိုင်လအတွင်း မဲလ်ဘုန်းမြို့တွင် ကျင်းပသွားရန် အတည်ပြုထားသော်လည်း အိတ်ခ်ျအိုင်ဗွီ ရောဂါပိုး ကူးစက်မှု သိသာစွာ မြင့်တက်နေသော သြစတြေးလျ နိုင်ငံတွင် အဆိုပါ ပြဿနာအပေါ် ဖြေရှင်းဆောင်ရွက်မှုများ အားနည်းနေကြောင်း ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများက အစိုးရ အရာရှိများကို ပြောကြားထားသည်။

မြန်မာနိုင်ငံတွင် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် ဝေဒနာ ခံစားနေရသူပေါင်း ၂၀၀၀၀၀ ၀န်းကျင်ရှိပြီး အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲသူများ၊ လိင်လုပ်သားများနှင့် လိင်တူချင်း ဆက်ဆံသူများဖြစ်ကြောင်း သိရသည်။

UNAIDS ၏ မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံ အမ်မွန်မာဖီက ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အိတ်ခ်ျအိုင်ဗွီ/အေအိုင်ဒီအက်စ် တိုက်ဖျက်ရေးတွင် ယခင်ကပင် ပါဝင်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားသည်။

EMG

အီဂျစ်ဆန္ဒပြ ဥပဒေသစ်ကို အာခံသော ဆန္ဒပြမှုအတွင်း လူ ၂၀၀ နီးပါး ဖမ်းဆီးခံရ

Monday, December 2, 2013



ကိုင်ရိုမြို့တွင် နိုဝင်ဘာ ၂၉ ရက်က အီဂျစ်လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခ ဖြစ်ပွားနေသော မွတ်စလင် ဘရားသားဟုဒ်နှင့် မော်စီထောက်ခံသူများ (Photo:AFP)

အီဂျစ်တွင် အသစ်ထုတ်ပြန်ခဲ့သည့် ဆန္ဒပြ ဥပဒေသစ်ကို နိုဝင်ဘာ ၂၉ ရက်က ဆန့်ကျင်ဆန္ဒ ပြခဲ့ကြသည့် အစ္စလာမ္မစ်များအား အီဂျစ်ရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး လူ ၂၀၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ခွင့်ပြုချက် မရှိသည့် ဆန္ဒပြပွဲများကို တားဆီးမည့် အဆိုပါ ဥပဒေသစ်ကို ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြု ကြေညာမည် ဖြစ်သော်လည်း မွတ်စလင်ဘရားသားဟုဒ် အဖွဲ့က ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ် သွားမည်ဟု ကတိပြုခဲ့သည်။ ယခုဆန္ဒပြပွဲများ မဖြစ်ပွားမီ တစ်ရက်အလိုက အီဂျစ်ရဲများသည် ထင်ရှားသည့် ဘလော့ဂါ အလာအဒယ်ဖက်တာကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကိုင်ရိုမြို့တွင် သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသူ ရာပေါင်းများစွာသည် သမ္မတအိမ်တော်ရှေ့တွင် စုဝေးခဲ့ကြရာ ရဲများက မျက်ရည်ယို ဓာတ်ငွေ့များ အသုံးပြုခဲ့ကြကြောင်းနှင့် သေနတ်သံ အချို့ကို ကြားခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် မြို့တော်တွင်းရှိ မိုဟန်ဒက်ဆင် ဒေသတွင် စုဝေးခဲ့ကြသည့် အစ္စလာမ္မစ် ဒါဇင်ပေါင်းများစွာကို ရဲတပ်ဖွဲ့မှ မျက်ရည်ယို ဓာတ်ငွေ့များဖြင့် ပစ်ခဲ့ကြပြီး အစ္စလာမ္မစ် များကလည်း ကျောက်ခဲများ၊ မီးလောင်နေသည့် တာယာများဖြင့် ပြန်ပစ်ခဲ့ကြသည်။ အီဂျစ်နိုင်ငံ၏ ဒုတိယမြို့တော် အလက်ဇန္ဒဒရီယား အပါအ၀င်၊ စူးအက်၊ မဟော်လာနှင့် ကွီနာမြို့တို့တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြပွဲများ၌ လူ ၁၈၃ ဦးထက်မနည်း ဖမ်းခဲ့ရပြီး ယင်းတို့အနက် ၁၀၆ ဦးသည် ကိုင်ရိုမြို့တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူ ရှစ်ဦးရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၉ ရက် ဆန္ဒပြပွဲများ မဖြစ်ပွားမီ နှစ်ရက်အလိုတွင် အလက်ဇန္ဒရီယာ တရားရုံးမှ ပြီးခဲ့သည့်လ ဖြစ်ပွားခဲ့သည့် မော်စီထောက်ခံသည့် အကြမ်းဖက် ဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့သူ အမျိုးသမီး ၁၄ ဦးကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီး မိန်းကလေး ခုနစ်ဦးကို လူငယ်ထိန်းသိမ်းရေး စခန်းသို့ ပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ကြမ်းတမ်းရက်စက်သည့် ထောင်ဒဏ်ချမှတ်မှုများကြောင့် အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတကို တောင်းဆိုခဲ့ကြသည်။

လုံခြုံရေး တပ်ဖွဲ့များထံမှ ကြိုတင်ခွင့်ပြုချက် မယူဘဲ ပြုလုပ်သည့် ဆန္ဒပြပွဲများသည် ဥပဒေ ချိုးဖောက်ရာရောက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

Ref:AFP

၁၀ နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှု ၁၂၆ ရာခိုင်နှုန်း တိုးတက်

Monday, December 2, 2013



MITT ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည့် နိုင်ငံတကာ ပင်လယ်ကူး သင်္ဘောတစ်စီးအား တွေ့ရစဉ်

၂၀၀၃-၂၀၀၄ ဘဏ္ဍာရေးနှစ်မှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှု ၁၂၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၀၃-၂၀၀၄ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်မှုမှာ ၉၇၁ စီးသာ ရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၌ ၂၁၉၆ စီး ရှိခဲ့ကြောင်း သိရသည်။

"ဆယ်နှစ်တာ ကာလအတွင်း ရန်ကုန်ဆိပ်ကမ်းမှာ အပြည်ပြည်ဆိုင်ရာ သင်္ဘောဝင်ထွက် ဆိုက်ကပ်မှုက ၁၂၂၅ စီး တိုးတက်ဆိုက်ကပ်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၁၂၆ ရာခိုင်နှုန်း တိုးတက်ဆိုက်ကပ် နိုင်ခဲ့ပါတယ်" ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ မြို့ပြအင်ဂျင်နီယာချုပ် ဦးမြသန်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏ သွင်းကုန်ပို့ကုန်များ၏ ၈၅ ရာခိုင်နှုန်းခန့်ကို ကိုင်တွယ်ဆောင်ရွက် ပေးနေသည့် ရန်ကုန်ဆိပ်ကမ်းသည် ထီးတန်းကမ်းနားဒေသမှ သံလျက်စွန်း ကမ်းနားဒေသအတွင်း နိုင်ငံတကာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတား ၁၈ စင်း၊ ကုန်းတွင်းကုန်သေတ္တာစခန်း သုံးခုဖြင့် ဆိပ်ကမ်းလုပ်ငန်းများကို ဆောင်ရွက်နေခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် အပြည်ပြည်ဆိုင်ရာ သင်္ဘောများ ၀င်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းရှစ်ခု၏ သင်္ဘောများ ဆိုက်ကပ်မှုမှာ ဆူးလေဆိပ်ကမ်းတွင် ၂၁ ရာခိုင်နှုန်း အေးရှားဝေါလ် ဆိပ်ကမ်းတွင် ၁၉ ရာခိုင်နှုန်း၊ MITT တွင် ၁၅ ရာခိုင်နှုန်း၊ MIP တွင် ၁၄ ရာခိုင်နှုန်း၊ HPT တွင် ၁၂ ရာခိုင်နှုန်း၊ ဗိုလ်အောင်ကျော် ဆိပ်ကမ်းတွင် ၇ ရာခိုင်နှုန်း၊ HOB ဆိပ်ကမ်းနှင့် MIPL ဆိပ်ကမ်းများ ၆ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းများတွင် ကုန်သေတ္တာ ကိုင်တွယ်နိုင်သော ဆိပ်ကမ်းအဖြစ် ဗိုလ်အောင်ကျော်ဆိပ်ကမ်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၊ အေးရှားဝေါလ် ဆိပ်ကမ်းနှင့် မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း သီလ၀ါ စသည်ဖြင့် ကုန်သေတ္တာ ဆိပ်ကမ်းလေးခုရှိကြောင်း သိရသည်။

ရန်ကုန်ဆိပ်ကမ်းများသို့ ၀င်ရောက်သည့် သင်္ဘောများ၏ ရာခိုင်နှုန်း ၄၀ မှာ ကုန်သေတ္တာတင် သင်္ဘောများဖြစ်ပြီး ၄၈ ရာခိုင်နှုန်းမှာ အထွေထွေ ကုန်ပစ္စည်းတင်သင်္ဘော၊ ၁၂ ရာခိုင်နှုန်းမှာ မော်တော်ယာဉ်တင် သင်္ဘောများ ဖြစ်ကြောင်းလည်း သိရသည်။

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံတော်မှ ပေးချေရမည့် ဟိုတယ်အချို့၏ အခန်းခများအား တစ်ပြေးညီ သတ်မှတ်ထားပြီး ကျန်ရှိသည့် ဟိုတယ်အခန်းခ များကိုမူ ဈေးနှုန်းသတ်မှတ်ထားခြင်း မရှိဘဲ ပေါက်ဈေးအတိုင်း ပေးချေရမည်

Monday, December 2, 2013


ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ဧည့်သည်များ တည်းခိုရန် စီစဉ်ထားသည့် ရန်ကုန်ဆီဒိုးနား ဟိုတယ်အား တွေ့ရစဉ်

ဒီဇင်ဘာ ၁၁ ရက်မှ ၂၂ ရက်အထိ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် နိုင်ငံတော်မှ ပေးချေရမည့် ဟိုတယ်အချို့ အခန်းခများကို တစ်ပြေးညီ သတ်မှတ်ထားပြီး ကျန်ရှိသည့် ဟိုတယ်အခန်းခ များကိုမူ ဈေးနှုန်းသတ်မှတ်ထားခြင်း မရှိပဲ ပေါက်ဈေးအတိုင်း ပေးချေရမည်ဖြစ်ကြောင်း သိရသည်။

"အားကစား သမားတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေနဲ့ အထူးဧည့်သည်တွေ တည်းခိုမယ့် အခန်းခကို နိုင်ငံတော်က ကျခံပေးမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ဈေးနှုန်းတစ်ခု သတ်မှတ်ပြီး ပေးချေမှာ ဖြစ်ပါတယ်။ ဟိုတယ်လုပ်ငန်းရှင်တွေ ကိုလည်း အသိပေးထား ပြီးပါပြီ" ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန ညွှန်ကြားရေးမှူး ဦးကောင်းထွဋ်က ပြောပြခဲ့သည်။

နိုင်ငံတော်မှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးရှိ ဟိုတယ်အလုံးပေါင်း ၂၀ ခန့်ရှိ အခန်းခများကို ပေးချေမည်ဖြစ်ပြီး တစ်ရက်လျှင် ဒေါ်လာ ၅၀ နှုန်းထက် မပိုသော ဈေးနှုန်းသတ်မှတ်ထားကြောင်း သိရသည်။

ပြိုင်ပွဲသို့ လာရောက်ကြည့်ရှု့ ကြရာတွင် ပြည်တွင်းပြည်ပမှ တည်းခိုမည့် ဧည့်သည်များအတွက် အခန်းခများကိုလည်း သတ်မှတ်ထားခြင်း ရှိမရှိကို ဟိုတယ်ဇုန် အချို့အား မေးမြန်းခဲ့ရာ "ဈေးနှုန်းသတ်မှတ် ထားတာမျိုး မရှိပါဘူး။ ပေါက်ဈေးအတိုင်း ပေးချေရမှာပါ" ဟု မန္တလေး ဟိုတယ်ဇုန် ဥက္ကဌ ဦးမြင့်ဇွန်က ပြောပြခဲ့သည်။

ဆက်လက်၍ ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ အထွေထွေ အတွင်းရေးမှူး ဦးကြည်သိန်းကိုက "အားကစား သမားတွေ နည်းပြတွေနဲ့ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တွေ အတွက်က ဒေါ်လာ ၅၀ ထက် ပိုယူလို့ မရပါဘူး။ အခြားဧည့်သည်တွေ အတွက်ကတော့ ဈေးသတ်မှတ်တာမျိုး မရှိပဲ ပေါက်ဈေးအတိုင်းပဲ ပေးချေရမှာ ဖြစ်ပါတယ်" ဟု ပြောပြခဲ့သည်။

ဆီးဂိမ်းစ်ပြိုင်ပွဲကို ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ငွေဆောင်ကမ်းခြေတို့တွင် အားကစားနည်းများအလိုက် ကျင်းပသွားမည် ဖြစ်သဖြင့် ရန်ကုန်တွင် ဟိုတယ် ၃၃ လုံးမှ အခန်း ၁၁၉၄ ခန်း၊ မန္တလေးတွင် ဟိုတယ် ၁၉ လုံးမှ အခန်း ၄၄၂ ခန်း၊ နေပြည်တော်တွင် ဟိုတယ် ၂၆ လုံးမှ အခန်း ၄၁၄၅ ခန်းနှင့် ငွေဆောင်တွင် ဟိုတယ် ၉ လုံးမှ အခန်းပေါင်း ၂၂၂ လုံး အသီးသီး အသုံးပြု သွားမည်ဖြစ်ပြီး ဟိုတယ်အလုံးပေါင်း ၁၁၄ လုံးမှ အခန်းပေါင်း ၆၀၀၀ ကျော်ကို အသုံးပြုမည်ဟု သိရသည်။

အပြောတွေပဲ ဖြစ်နေသလား၊ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း ပြောကြားချက်များအား လေ့လာဆန်းစစ်ခြင်း



Monday, December 2, 2013


သမ္မတ ဦးသိန်းစိန်အား လူထုမိန့်ခွန်းနှင့် လူထုတွေ့ဆုံ ပွဲများ၌ တွေ့ရစဉ် (ဓာတ်ပုံ- သမ္မတရုံး ၀က်ဘ်ဆိုက်)

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်က စတင်ပြီး သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့က မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မဏ္ဍိုင်ကို စတင်တာဝန် ယူခဲ့သည်။ ထိုသို့ တာဝန်ယူခဲ့ပြီး နှစ်နှစ်ကျော်-သုံးနှစ်နီးပါးသို့ ရောက်ရှိလာချိန်အထိ သမ္မတ ဦးသိန်းစိန်က မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် ဆက်စပ်ပြီး ပြည်သူလူထု (သို့မဟုတ်) ပြည်သူလူထုနှင့် သက်ဆိုင်သော မိန့်ခွန်းအရေအတွက် (၆၇) ကြိမ်ထက်မနည်း ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

ထိုပြောကြားချက်များထဲတွင် ပြည်သူလူထုသို့ သတင်းစကားပါးခြင်း၊ အစိုးရအဖွဲ့၏ ရည်မှန်းချက်များကို တင်ပြခြင်းနှင့် ကတိက၀တ် ပြုခြင်းများစွာ ပါဝင်ခဲ့သည်။ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်း စတင်ပြောကြားခဲ့ပြီး တစ်နှစ်ကျော် ကြာချိန်အထိ ၎င်း၏မိန့်ခွန်းများက ပြည်သူလူထုက စိတ်ဝင်စားခဲ့ပြီး တိုင်းပြည်အတွက် မျှော်လင့်ချက်များ ဖြစ်စေသည်ဆိုသော သုံးသပ်ချက်များ ရှိခဲ့သည်။

သို့သော် လက်ရှိအချိန်တွင်မူ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများအပေါ် ပြည်သူလူထု၏ စိတ်ဝင်စားမှု လျော့ကျနေပြီ ဖြစ်သည်။ ၀န်ကြီးဌာန ၃၆ ခု၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယ၀န်ကြီး အရေအတွက် ၉၆ ဦးရှိသော ပြည်ထောင်စု အစိုးရ အဖွဲ့၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်မှုများသည် အရေအတွက်များပြီး ရလဒ်အားနည်းနေခြင်း များအပေါ် ဝေဖန်မှုများ ရှိနေချိန်၌ သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများကိုလည်း ပြည်သူလူထုက စိတ်ဝင်စားမှု လျော့ကျလာခြင်း ဖြစ်သည်။

"အပြောချည်းဖြစ်ပြီး လက်တွေ့ဘာမှ ဖြစ်မလာတဲ့ အခါမှာ လူတွေက ယုံကြည်မှု လျော့သွားတာပေါ့။ အရင်ကတော့ မကြားဖူးတာ ကြားရတော့ စိတ်ဝင်စားတယ်။ အခုတော့ စိတ်မ၀င် စားတော့ဘူး" ဟု မိထ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။

"သမ္မတရဲ့ အာဏာရပြီး အချိန်ကစပြီး လက်ရှိအချိန်အထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေကို ပြန်ပြီးကြည့်လို့ရှိရင် အဲဒီ မိန့်ခွန်းတွေမှာ ပါတဲ့ အကြောင်းအရာတွေကို အကောင်အထည် ဖော်နိုင်မှု အပိုင်းမှာ အတော်အားနည်းတာကို တွေ့ရပြီးတော့ မိန့်ခွန်းတွေဟာ ပြည်သူလူထု အနေနဲ့ နားထောင်လိုက်ရင်တော့ ကောင်းပြီးတော့ မိန့်ခွန်းတွေထဲမှာပါတဲ့ အကြောင်းအရာတွေ တကယ်ခံစား ရယူပိုင်ခွင့် မရှိတဲ့ အနေအထားမှာ ရောက်နေတာကို တွေ့ရတယ်။ အဲဒီအခါကျတော့ ပြည်သူလူထုထဲမှာ တဖြည်းဖြည်းနဲ့ ဘယ်လိုဖြစ်လာသလဲ ဆိုတော့ သမ္မတရဲ့ မိန့်ခွန်းတွေ အပေါ်မှာ စိတ်ဝင်စားမှုက တဖြည်းဖြည်း ကျဆင်းလာတယ်" ဟု နိုင်ငံရေး လေ့လာသုံးသပ်မှုဆိုင်ရာ ဆောင်းပါးများ ရေးသားနေသည့် ဒေါက်တာ ရန်မျိုးသိမ်းက ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများကို လေ့လာကြည့်ပါက အပိုင်းသုံးပိုင်း အနေဖြင့် ခွဲခြားတွေ့မြင်နိုင်မည် ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် သမ္မတတာဝန် ထမ်းဆောင်ပြီး ကာလမှ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ကာလအကြား ပြောကြားခဲ့သော မိန့်ခွန်းများသည် ရိုးရှင်းမှုနှင့် ပြည်သူလူထုအတွက် မျှော်လင့်ချက် ရှိစေခဲ့သော မိန့်ခွန်းများ ဖြစ်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် နေရာအနှံ့အပြားတွင် အနိုင်ရပြီးချိန်တွင် သမ္မတ၏ မိန့်ခွန်းများထဲတွင် ပြောင်းလဲမှု အချို့ကို မြင့်တွေ့လာရပြီး ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများကို ပညာရပ်ဆိုင်ရာ ဝေါဟာရများဖြင့် အသေးစိတ် ပြောကြားလာခြင်း၊ ရေရှည် စီမံကိန်းများနှင့် ပြုပြင်ပြောင်းလဲမှု နှေးကွေးနေခြင်းအပေါ် ၀န်ခံပြောကြားချက်များ ပါဝင်လာခဲ့သည်။ လပေါင်း (၃၀) ကျော်အကြာ တာဝန်ထမ်းဆောင်ခဲ့အပြီး ၂၀၁၃ ခုနှစ် သြဂုတ်လတွင်မူ ရှေ့က တာဝန်ထမ်းဆောင် ခဲ့သည်များမှာ ဒီမိုကရေစီနိုင်ငံ ထူထောင်ရန်အတွက် သိသာထင်ရှားသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် အခြေခံ အုတ်မြစ်ချသည့် ကာလသာဖြစ်ပြီး ကျန်ရှိသည့် လပေါင်း (၃၀) တွင် ပြည်သူလူထု၏ စားဝတ်နေရေး အခြေခံ လိုအပ်ချက်များကို ဦးစားပေးပြီး သိသာထင်ရှားသည့် လူမှုစီးပွားရေး အကျိုးရလဒ်များ ရရှိခံစားနိုင်အောင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကာလဖြစ်ကြောင်း မိန့်ခွန်းများမှတစ်ဆင့် သမ္မတ ဦးသိန်းစိန်က ထုတ်ဖော် ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ကဏ္ဍအသီးသီးတွင် ပြုပြင်ပြောင်းလဲ တိုးတက်မှုအချို့ ရှိခဲ့သော်လည်း ကြိုးပမ်းလုပ်ဆောင်မည်ဟု ပြောဆိုထားသော ကတိစကားများနှင့် နှိုင်းယှဉ်ပါက ထိုက်သင့်သော ရလဒ်များ ထွက်ပေါ်လာခြင်း မရှိသေးကြောင်း သိရှိရသည်။ ပြည်သူလူထု၏ စားဝတ်နေရေးအတွက် ဦးစားပေး လိုအပ်ချက်ဖြစ်သော လျှပ်စစ်မီး အလုံအလောက် ရရှိရေး၊ သောက်သုံးရေနှင့် စိုက်ပျိုးရေး လုံလောက်စွာ ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်စွမ်းနှင့် လူတစ်ဦးချင်းဝင်ငွေ တိုးမြင့်အောင် ဖန်တီးပေးနိုင်ရေး ကိစ္စရပ်များမှာလည်း ကြီးမားသော လိုအပ်ချက်အဖြစ် ရှိနေဆဲ ဖြစ်သည်။

လက်ရှိအချိန်အထိ ပြောခဲ့တဲ့ မိန့်ခွန်းတွေကို ပြန်ပြီးကြည့်လို့ရှိရင် အဲဒီ မိန့်ခွန်းတွေမှာ ပါတဲ့ အကြောင်းအရာတွေကို အကောင်အထည် ဖော်နိုင်မှု အပိုင်းမှာ အတော်အားနည်းတာကို တွေ့ရပြီးတော့ မိန့်ခွန်းတွေဟာ ပြည်သူလူထု အနေနဲ့ နားထောင်လိုက်ရင်တော့ ကောင်းပြီးတော့ မိန့်ခွန်းတွေထဲမှာပါတဲ့ အကြောင်းအရာတွေ တကယ်ခံစား ရယူပိုင်ခွင့် မရှိတဲ့ အနေအထားမှာ ရောက်နေတာကို . . . . .


ထို့ပြင် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ချိန်မှ လက်ရှိအချိန်အထိ ပြောဆိုနေသော ကျေးလက်မြို့ပြမကျန် ဆင်းရဲမွဲတေမှု လျော့ချရေး အဓိက အချက်ကိုလည်း ပီပြင်စွာ လုပ်ဆောင်နိုင်ခြင်း မရှိသေးသည့်အပြင် ကတိစကား အများအပြားမှာလည်း အကောင်အထည် ပေါ်လာခြင်း မရှိသေးကြောင်း သိရသည်။

ပြည်သူလူထု လိုလားတောင့်တနေသော အဓိက ဆန္ဒနှစ်ရပ်ဟူ၍ သမ္မတ ဦးသိန်းစိန် အစဉ်တစိုက် ပြောကြားနေသော "တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းရင်းသား အားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး" ဆိုသည့် ကိစ္စအားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး" ဆိုသည့် ကိစ္စရပ် နှစ်ခုမှာလည်း လက်ရှိအချိန်အထိ ပီပြင်စွာ ဖြစ်ပေါ်လာခြင်း မရှိသေးကြောင်း ပြောဆိုမှုများ ရှိနေသည်။



စိန်ရတု သဘင်ခန်းမတွင် နိုဝင်ဘာ ၃၀ ရက်က သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

"သမ္မတကြီးက ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခဏခဏ ပြောတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အခုထိ ရအောင်မတည်ဆောက် နိုင်သေးဘူး။ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရမယ်လို့ ပြောတယ်၊ အခု အချိန်အထိ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက် ခြစားမှုတွေကို ထိထိရောက်ရောက် မတိုက်ထုတ်နိုင်သေးဘူးလို့ မြင်တယ်။ သမ္မတကြီးက အခြားလူတွေထက် စကားအများကြီး ပိုပြောနေပေမဲ့ လက်တွေတော့ မလုပ်ပြသေးဘူး လက်တွေ့လုပ်ဖို့ ပိုအရေးကြီး ပါတယ်" ဟု စာရေးဆရာ ထက်မြက်က ပြောကြားသည်။

စာရေးဆရာ ထက်မြက်သည် ဒီဇင်ဘာ ၂၉ ရက်ထုတ် စောင့်ကြည့်သတင်းဂျာနယ် အတွဲ (၈)၊ အမှတ် (၂၆) တွင် "ဦးသိန်းစိန် အပြောနည်းနည်းလျှော့" ဟူသော ဆောင်းပါးကို ရေးသားခဲ့ပြီး သမ္မတ၏ မိန့်ခွန်းများနှင့် ပြည်သူလူထု၏ အခြေခံ လိုအပ်ချက် ကွာဟနေမှုများကို ဝေဖန်ရေးသားခဲ့သူ ဖြစ်သည်။

"ဦးသိန်းစိန် တက်လာပြီး ကတည်းက ပြောလိုက်တဲ့ မိန့်ခွန်းတွေ၊ ဘာတစ်ခုမှ အကောင်အထည် ပေါ်မလာဘူး။ တကယ်ပြောရရင်တော့ အမေရိကန် စတိုင်မျိုး လုပ်တာပေါ့။ အဓိကကတော့ ဗိုလ်သိန်းစိန်က တကယ်လုပ်ရမယ့် ကိစ္စတွေကို မလုပ်နိုင်ဘူး။ လူထုကျေနပ်ဖို့ပဲ ပြောနေတာပဲ။ ကလေးတွေကို ချော့သလို ပုံစံမျိုးပဲပေါ့" ဟု ၁၉၆၂ ခုနှစ် ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေက ပြောကြားသည်။

အခြားသော ပြုပြင်ပြောင်းလဲ မှုများထက် ပြည်သူလူထု၏ အဓိက လိုအပ်ချက်ဖြစ်သော ဆင်းရဲတွင်းမှ လွတ်မြောက်ရန်နှင့် လူတစ်ဦးချင်းစီ၏ ၀င်ငွေတိုးတက် ရရှိရန် အချက်ကိုပင် မဖြည့်ဆည်းပေးနိုင် သေးခြင်းက သမ္မတ ဦးသိန်းစိန်၏ အစိုးရအဖွဲ့အပေါ် မေးခွန်းထုတ်မှုများစွာ ရှိစေခဲ့သည်။

"အစ်မတို့ ပတ်ဝန်းကျင်က လူတွေက ဘာမှမပြောင်းလဲဘူးလို့ ပြောနေကြတယ်။ ဒီမိုကရေစီကို နိုင်ငံရေး သမားတွေပဲ ရနေကြတယ်လို့ အောက်ခြေလူတန်းစားတွေက ယူဆနေကြပါတယ်။ ဒါကြောင့် တိုင်းပြည်မှာလည်း ထိခိုက်ဆုံးရှုံးမှုတွေ ပိုများလာတာပေါ့" ဟု စာရေးဆရာမ နှင်းပန်းအိမ်က ဆိုသည်။

"ကျွန်တော်တို့ တိုင်းပြည်က အဓိကကတော့ ဆင်းရဲတွင်းကနေ ရုန်းထွက်ဖို့၊ အပြောင်းအလဲ ဖြစ်ဖို့။ ဒါပေမဲ့ အစိုးရ အနေနဲ့ကလည်း နှစ်တွေသာ ကြာလာတယ်။ သိသိသာသာ ပြောင်းလဲအောင်လည်း မလုပ်နိုင်သလို တကယ့်အောက်ခြေ လူတန်းစားတွေ အတွက်၊ လယ်သမားတွေ အတွက်၊ လယ်သမားတွေက မြန်မာနိုင်ငံမှာ အထူးသဖြင့် ရာခိုင်နှုန်း ၇၀၊ ဆင်းရဲတဲ့ ပြည်သူက ရာခိုင်နှုန်း ၉၀ ရှိတဲ့ ပြည်သူတွေအတွက် သိသာမြင်သာတဲ့ ပြောင်းလဲမှုတွေ၊ အပြောင်းအလဲတွေ ဘာမှဖြစ်မလာဘူး" ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။

သမ္မတ ဦးသိန်းစိန်ကမူ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ၂၆ ရာခိုင်နှုန်း ရှိနေပြီး ၂၀၁၅ ခုနှစ် မတိုင်မီတွင် ၁၆ ရာခိုင်နှုန်း လျော့ချရန် ရည်မှန်းထားပြီး အဆင်းရဲဆုံး နိုင်ငံများစာရင်း (LDC) နိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ရန်လည်း လုပ်ဆောင်မည်ဟု ကတိပြု ပြောကြားထားသည်။

"နိုင်ငံတော် သမ္မတကြီး စီးပွားရေး အကြံပေး အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ဆင်းရဲမှု ပပျောက်ရေး စလုပ်မယ် ဆိုတုန်းကတော့ တော်တော်အားတက် သွားတယ်။ တကယ်ပဲ ဖြစ်တော့မှာလားပေါ့။ ဒါပေမဲ့ အခုပြောပြီးတာ တစ်နှစ်ခွဲ နှစ်နှစ်လောက် ရှိနေပြီ။ ဆင်းရဲမှု ပပျောက်မှုဆိုတာ အရိပ်အယောင်တောင် မတွေ့သေးဘူး။ နောက်တစ်ခု ဖုန်းကတ်ဆိုရင် သူ့ခမျာ စေတနာနဲ့ လုပ်ရှာတာပဲ။ အောက်ကလူတွေက ပေါက်ကရ လျှောက်လုပ်တော့ ပြဿနာပေါင်း သောင်းခြောက်ထောင်ဆိုတာ အဲဒါအစစ်ပဲ။ အောက်ကလူတွေကို သူမနိုင်ဘူးဗျ။ အောက်ကလူတွေကလည်း စည်းနဲ့ကမ်းနဲ့ မလုပ်တတ်ကြဘူး" ဟု ဦးဝင်းထိန်က ပြောကြားသည်။

"ဆင်းရဲမွဲတေမှု တိုက်ဖျက်ဖို့ဆိုတာ ငွေချေးလိုက်ရုံနဲ့ ပြီးမသွားဘူး။ ရေရှည်လုပ်ငန်းတွေပါ ထောက်ပံ့ရမှာ။ အလုပ်အကိုင်တွေ ဆက်ရှိနေဖို့။ ဆင်းရဲတာ နှစ်မျိုးရှိတယ်။ အခွင့်အရေး ဆင်းရဲတာနဲ့ ဓနဥစ္စာ ဆင်းရဲတာ။ ပထမ အဆင့်မှာ အခွင့်အရေးကိုပဲ ချမ်းသာအောင် လုပ်ပေး။ အခုက ဆင်းရဲမှုကတောင် မလွတ်နိုင်သေးဘူး ဖြစ်နေတယ်" ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးဂျင်မီက သုံးသပ်သည်။

အစိုးရ အနေနဲ့ကလည်း နှစ်တွေသာ ကြာလာတယ်။ သိသိသာသာ ပြောင်းလဲအောင်လည်း မလုပ်နိုင်သလို တကယ့်အောက်ခြေ လူတန်းစားတွေ အတွက်၊ လယ်သမားတွေ အတွက်၊ လယ်သမားတွေက မြန်မာနိုင်ငံမှာ အထူးသဖြင့် ရာခိုင်နှုန်း ၇၀၊ ဆင်းရဲတဲ့ ပြည်သူက ရာခိုင်နှုန်း ၉၀ ရှိတဲ့ ပြည်သူတွေအတွက် သိသာမြင်သာတဲ့ . . . . .


ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် တောင်သူလယ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရေး၊ အလုပ်သမားများ၏ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို လက်ရှိလူနေမှု စရိတ်နှင့် လိုက်လျောညီထွေ ဖြစ်စေရေး၊ ပြည်သူလူထုအတွက် တန်ဖိုးနည်း အိမ်ရာများ ဖော်ဆောင်ပေးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ မြှင့်တင်ပေးရေးဆိုင်ရာ ကိစ္စများမှာ သမ္မတ၏ ကတိစကားများ ဖြစ်ပါသည်။

နိုင်ငံ၏ ဖွံ့ဖြိုးမှု စီမံကိန်း ရည်မှန်းချက် (National Development Goal) အဖြစ် နိုင်ငံ၏ GDP ကို တစ်နှစ်ပျှမ်းမျှ ၇ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်စေရေးနှင့် ပြည်သူတစ်ဦးချင်းစီ၏ တစ်ဦးကျ GDP ၁ ဒသမ ၇ ဆ ရရှိရန်နှင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း ငါးနှစ်အတွင်း သုံးဆတိုးမြှင့်ရန် သမ္မတ ဦးသိန်းစိန်၏ မျှော်မှန်းချက်များမှာ လက်ရှိပြုပြင် ပြောင်းလဲမှု အနေအထားများအရ ခဲယဉ်းနေကြောင်း စီးပွားရေး ပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။



သမ္မတ ဦးသိန်းစိန် ပြည်သူများနှင့်တွေ့ဆုံစဉ် (ဓာတ်ပုံ - သမ္မတရုံးဝက်ဘ်ဆိုက်)

"အခုချိန်မှာ တိုင်းပြည်ရဲ့ Real GDP က ခြောက်ရာခိုင်နှုန်းကျော် တက်တယ်ဆိုပေမဲ့ ငွေကြေးဖောင်းပွမှုနှုန်းက ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ ရှိနေတယ်။ ဒီအတိုင်း ဆက်သွားနေရင် သမ္မတ ဦးသိန်းစိန်ရဲ့ မျှော်မှန်းချက်က သိပ်မလွယ်ဘူး။ ၂၀၁၄ မှာ သိသာထင်ရှားတဲ့ အပြောင်းအလဲကြီး ဖြစ်လာရင်တော့ မပြောနိုင်ဘူးပေါ့။ GDP ကို တွက်တဲ့အခါ ကိန်းဂဏန်းတွေကိုပဲ ကြည့်ရမှာ မဟုတ်ဘူး။ လူတစ်ဦးချင်းစီရဲ့ အမှန်တကယ် ရရှိငွေ၊ သူတို့ရဲ့ဝင်ငွေ ဘယ်လောက်ရှိနေသလဲ၊ ၀င်ငွေကွာဟမှု ဘယ်လောက်ရှိသလဲ ဆိုတာကို ထည့်ပြီးကြည့်ရမယ်" ဟု ဒေါက်တာအောင်ကိုကိုက ဆိုသည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ပြုပြင်ပြောင်းလဲမှုများအရ ခေတ်အဆက်ဆက် တင်ရှိနေသည့် နိုင်ငံခြား ကြွေးမြီများအနက် အမေရိကန်ဒေါ်လာ သန်း ၆၀၀၀ ကျော်ကို နိုင်ငံတကာမှ လျှော်ပေးခဲ့ပြီး အတိုးနှုန်း သက်သာသော ကြွေးမြီအသစ်များလည်း ရရှိခဲ့သည်။

၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ သိရှိရသော ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များတွင် အသုံးပြုရန် နိုင်ငံတကာ၏ ကူညီထောက်ပံ့မှုနှင့် ချေးငွေကတိပြုမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ရှစ်ဘီလျံကျော် ရှိနေကြောင်း သိရသည်။

သမ္မတ ဦးသိန်းစိန်က နိုင်ငံခြား အကူအညီ အထောက်အပံ့များ ရယူရာတွင် Development Plan နှင့် Reform Strategy အပေါ် မူတည်ပြီး ထိရောက်စွာ အသုံးပြုရမည့် ဦးစားပေး ကဏ္ဍခြောက်ခုနှင့် ဦးစားပေး နယ်မြေများကို အတည်ပြု ပေးထားပြီးဖြစ်ရာ ထိုကဏ္ဍများတွင် မည်မျှအထိ အသုံးပြုနေပြီဆိုသည့် အချက်မှာ ရှင်းလင်းစွာ မသိရှိရသေးပေ။

အခြားတစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်နှင့် ပြည်ထောင်စု အစိုးရအဖွဲ့သည် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ကျော်ချိန်အထိ လွှတ်တော်နှင့် ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းခဲ့ပြီး နောက်ပိုင်းတွင်မူ လွှတ်တော်နှင့် ချိတ်ဆက်ဆောင်ရွက်မှုအပိုင်း အားနည်းလာကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။

"လွှတ်တော်ဆိုတာက ဥပဒေပိုင်း၊ အစိုးရက အုပ်ချုပ်ရေးပိုင်း။ လွှတ်တော်က ပုဂ္ဂိုလ်အများစုကတော့ ကိုယ့်ဒေသ၊ ပြည်သူလူထုရဲ့ အသံကို ယူပြီးမှ လွှတ်တော်ကို ပြောကြတာကိုး။ ဒါပေမဲ့ ဌာနဆိုင်ရာ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေ ဖြေတာပြုတာကျတော့ တချို့က သာမန်ကာ လျှံကာတွေ ဖြေတယ်။ လှီးလွှဲဖြေတာတွေ ပါတဲ့အခါကျတော့ တော်တော်လေး စိတ်ပျက်လာတယ်။ ဒါကိုလည်း တိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး ကြံဆနေတာပေါ့လေ။ နောက်တစ်ချက်က ဌာနဆိုင်ရာတွေက လွှတ်တော်ကော်မတီကို လာတင်ပြတဲ့ အခါမှာ အချက်အလက်တွေ မမှန်ဘူးဗျ။ လိမ်တယ်လို့တော့ မစွပ်စွဲချင်ဘူး။ အချက်အလက်တွေ မမှန်ဘူး။ အဲဒီလို ကွာဟတာတွေ ရှိတယ်။ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးက ချိတ်ဆက်မှု တော်တော်အားနည်း ပါတယ်" ဟု ဦးဝင်းထိန်က ဆိုသည်။

နိုဝင်ဘာ ၁ ရက်နေ့ထုတ် မြန်မာသံတော်ဆင့်ဂျာနယ် အတွဲ (၂)၊ အမှတ်(၃၄) တွင်မူ ဆောင်းပါးရှင် အဲခိုး (တောင်ကလေး ဆရာတော်)က "ပြည်သူကို ဒုက္ခပေးသူများ" ဟု ဆောင်းပါးရေးသားခဲ့ပြီး ထိုဆောင်းပါး၌ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်နိုင်သည့် အချက်များနှင့် သမ္မတကို နိုင်ငံတော် တရားရုံးတွင် ပြည်ထောင်စု လွှတ်တော်က တရားစွဲဆို သင့်သည်ဟူ၍ ရေးသားခဲ့သည်။

အဲခိုး (တောင်ကလေး ဆရာတော်)၏ "ပြည်သူကို ဒုက္ခပေးသူများ" ဆောင်းပါးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော် သမ္မတကို စွပ်စွဲပြစ်တင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် အမတ်မင်းများတွင် တာဝန်ရှိကြောင်း ရေးသားခဲ့သည်။

ထို့နောက် "နိုင်ငံသူ၊ နိုင်ငံသားများသည် နိုင်ငံတော် သမ္မတများကို ဥပဒေဖြင့် သတ်မှတ်ထားသည့် လစာ၊ စရိတ်နှင့် အဆောင်အယောင်များ ပေးထားသည်။ တာဝန်ပြီးဆုံး၍ အနားယူလျှင်လည်း ဥပဒေနှင့်အညီ အငြိမ်းစား လစာနှင့် သင့်တင့်လျှောက်ပတ်သော ထောက်ပံ့မှုများလည်း ရရှိကြဦးမည်။ ဤမျှသော ပြည်သူတို့၏ စေတနာကို တန်ဖိုးမထားဘဲ ပြည်တွင်းနိုင်ငံရေး ဖြစ်စဉ်ကို အမျိုးမျိုး လှည့်ပတ်ဖြားယောင်းသည်။ နိုင်ငံရေး ပဋိပက္ခများ ဖန်တီးသည်။ လူမှုရေး ပဋိပက္ခများ အသွင်ဆောင်နေအောင် လက်သိပ်ထိုး ကစားသည်။ နိုင်ငံရေး ကစားကွက်၊ ပြောင်းကွက်၊ ချဲ့ကွက်များကို လုပ်သက်ကျေသူတို့နှင့် ပေါင်းပြီး အဘက်ဘက်မှ ပေါ်လာသော ဟာကွက်မြှုပ်ကွက်များကို မက်ကွက်များပေးပြီး လုပ်စေသည်။ အသက်များစွာ သေကျေသည်။ ရခိုင်ပြည်နယ် အရေးအခင်းကြောင့် သမ္မတကို အရေးယူရန် ထိုက်သည်။ ဤကိစ္စတွင် ပြည်ထောင်စု လွှတ်တော်တွင် တာဝန်ရှိသည်" ဟု ဆောင်းပါးရှင် အဲခိုးက ရေးသားခဲ့သည်။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ခဏခဏ ပြောတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးကို အခုထိ ရအောင်မတည်ဆောက် နိုင်သေးဘူး။ သန့်ရှင်းတဲ့ အစိုးရ၊ ကောင်းမွန်တဲ့ အစိုးရ ဖြစ်ရမယ်လို့ ပြောတယ်၊ အခု အချိန်အထိ လာဘ်ပေးလာဘ်ယူမှုနဲ့ အကျင့်ပျက် ခြစားမှုတွေကို ထိထိရောက်ရောက် မတိုက်ထုတ်နိုင်သေးဘူး . . . . .


ဆောင်းပါး၏ နိဂုံးပိုင်းတွင်မူ "သမ္မတ ဆိုသည်မှာ နိုင်ငံတော်ကို ကိုယ်စားပြုသူ ဖြစ်သည်။ သမ္မတသည် အခြေ ခံဥပဒေနှင့် အခြားသော ဥပဒေများကို ချိုးဖောက်ခြင်း မရှိရ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ နှင့် ဖောက်ဖျက်ကျူးလွန်သူ ဖြစ်သည်။ မိမိ သမ္မတ ဖြစ်ပြီးမှ မိမိ၏ ပါတီနှင့် နေပြည်တော်တွင် ဆက်သွယ်မှု လုပ်သည်။ သတင်းစာ၊ ဂျာနယ်များတွင် အတိအလင်း ဖော်ပြထားသည်။ (၁) ရခိုင်ပြည်နယ် အရေးအခင်း (၂) မိထ္ထီလာ အရေးအခင်း (၃) လက်ပံတောင်းတောင် အရေးအခင်း (၄) ကချင်ပြည်နယ် အရေးကိစ္စတို့တွင် ဥပဒေအရ ပေးအပ်သော တာဝန်ရှိသူ ဖြစ်သည်။ ထိုအရေးအခင်း ကာလများတွင် သေကျေပျက်စီး ကြရသည်ကြောင့် သမ္မတ ဖြစ်သူမှာ တိုက်ရိုက်တာဝန် ရှိသည်။ ဤသို့ အကြွင်းမရှိ တာဝန်ရှိနေသူ ဖြစ်နေပါလျက် ပြည်ထောင်စုလွှတ်တော် အမတ်မင်းများ သမ္မတကို အရေးယူ ပြစ်တင်စွပ်စွဲမှု မပြုလုပ်ခြင်းသည် အလိုတူ အလိုပါ ကြသူများဟု ထင်ရှားသည်။ ဤသို့သော သမ္မတ၊ ဤသို့သော လူထုကို ကိုယ်စားပြုသော အမတ်မင်းမျိုး၊ ဤသို့သော အခြေခံ ဥပဒေမျိုး ပြည်သူများ ဒုက္ခမဖြစ်ဘဲ ရှိနိုင်ပါ့မလား မောင်တို့ရဲ့" ဟု ရေးသားခဲ့သည်။

နိုင်ငံတော် သမ္မတအား စွပ်စွဲပြစ်တင်ရန်နှင့် တရားစွဲဆို သင့်သည့်ဆိုသော အမြင်ကို ရေးသားခြင်းသည် ပုံနှိပ်မီဒီယာထက်၌ ပထမဆုံး တရားဝင် ရေးသားချက် ဖြစ်ခဲ့ပြီး ဆောင်းပါးရေးသားခဲ့သူ အဲခိုး (တောင်ကလေး ဆရာတော်) သည် ဘက်လိုက်မှုကင်းပြီး လမ်းကြောင်းမှန်ကို ပြသပေးသူဖြစ်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မှတ်ချက်ပေးထားသည်။ ထို့အပြင် တောင်ကလေး ဆရာတော်သည် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ၏ ဇနီး ဒေါ်ကြိုင်ကြိုင် ကိုးကွယ်သည့် ရဟန်းဖြစ်ကြောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ် အမှုဆောင်များကလည်း တောင်ကလေး ဆရာတော်ကို သမာဓိ အရာ၌ ထက်မြက်သော ပုဂ္ဂိုလ်မြတ် ဖြစ်သည်ဟု သတ်မှတ်ထားကြောင်း မြန်မာသံတော်ဆင့် ဂျာနယ်တွင် ဖော်ပြခဲ့သည်။



သမ္မတ ဦးသိန်းစိန် သံတွဲမြို့ရှိ မြို့မိမြို့ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များအား တွေ့ဆုံစဉ် (ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)

မြန်မာ့အရေး သုံးသပ်ချက် ဆောင်းပါးများကို ဖော်ပြနေသော Foreign Policy မဂ္ဂဇင်း၏ ၀က်ဘ်ဆိုက် စာမျက်နှာတွင် သမ္မတ ဦးသိန်းစိန်အား ချီးကျူးထားသည့် ဆောင်းပါးတစ်ပုဒ်ကို နိုဝင်ဘာ ၁၉ ရက်က ဖော်ပြခဲ့သည်။

ထိုဆောင်းပါးမှာ ဆောင်းပါးရှင် Gwen Robinson ရေးသားသည့် The Listener-In-Chief ဆောင်းပါးဖြစ်ပြီး ယင်းဆောင်းပါးနှင့် ဆန့်ကျင်သောအမြင် မိမိတွင်ရှိကြောင်း ဒေါက်တာရန်မျိုးသိမ်းက ပြောကြားသည်။

"တကယ်တော့ ဦးသိန်းစိန်ဟာ The Listener-In-Chief မဟုတ်ပါဘူး။ The Speaker-In-Chief လို့ပဲ ကျွန်တော်က မြင်ပါတယ်" ဟု ဒေါက်တာရန်မျိုးသိမ်းက ပြောကြားခဲ့သည်။



စဉ် ရက်စွဲ အကြောင်းအရာ
၁။ ၃၀-၃-၂၀၁၁ ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြား။
၂။ ၃၁-၃-၂၀၁၁ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များအား မိန့်ခွန်းပြောကြား။
၃။ ၂၀-၅-၂၀၁၁ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ အဖွင့်မိန့်ခွန်းပြောကြား။
၎။ ၁၉-၈-၂၀၁၁ နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြုပြင်ပြောင်းလဲမှုဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲ၌ အဖွင့်မိန့်ခွန်း ပြောကြား။
၅။ ၂၂-၈-၂၀၁၁ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့တွင် မိန့်ခွန်းပြောကြား။
၆။ ၂၇-၁၁-၂၀၁၁ ဧရာဝတီတံတား (ညောင်တုန်း) ဖွင့်ပွဲ အခမ်းအနား၌ မိန့်ခွန်းပြောကြား။
၇။ ၀၄/၀၁/၂၀၁၂ လွတ်လပ်ရေးနေ့ ဘွဲ့ထူးဂုဏ်ထူး ဘွဲ့တံဆိပ်များ ပေးအပ်ပွဲတွင် မိန့်ခွန်းပြောကြား။
၈။ ၀၁/၀၃/၂၀၁၂ သမ္မတတာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့် မိန့်ခွန်းပြောကြား။
၉။ ၂၅-၃-၂၀၁၂ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ မြို့တော်ခန်းမ၌ မိန့်ခွန်းပြောကြား။
၁၀။ ၁၂/၀၅/၂၀၁၂ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားသော လမ်းညွှန်ချက်။
၁၁။ ၁၀/၀၆/၂၀၁၂ ပြည်သူ့လူထုသို့ မိန့်ခွန်းပြောကြား။
၁၂။ ၁၉-၆-၂၀၁၂ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြား။
၁၃။ ၁၉-၆-၂၀၁၂ စီမံကိန်း ကော်မရှင် ပထမအကြိမ် အစည်းအဝေး၌ အမှာစကား ပြောကြား။
၁၄။ ၂၀-၆-၂၀၁၂ နိုင်ငံခြား အကူအညီ အထောက်အပံ့များ စီမံခန့်ခွဲရေး ဗဟိုကော်မတီ ပထမအကြိမ် အစည်းအဝေး၌ မိန့်ခွန်းပြောကြား။
၁၅။ ၂၅-၆-၂၀၁၂ လူမှုရေး ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ ညီလာခံတွင် မိန့်ခွန်းပြောကြား။
၁၆။ ၁၈-၇-၂၀၁၂ ဒီမိုကရေစီ မိတ်ဆွေများ (၁၀) ပါတီမှ ခေါင်းဆောင်များနှင့် တွေ့ဆုံပြီး နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများ ဆွေးနွေး။
၁၇။ ၁၃-၈-၂၀၁၂ စီမံကိန်း ကော်မရှင် ဒုတိယအကြိမ် အစည်းအဝေး၌ မိန့်ခွန်းပြောကြား။
၁၈။ ၁၅-၈-၂၀၁၂ စီမံကိန်း ကော်မရှင် ဒုတိယအကြိမ် အစည်းအဝေး၌ နိဂုံးချုပ် အမှာစကား ပြောကြား။
၁၉။ ၁၀/၀၉/၂၀၁၂ ပြည်ထောင်စု ၀န်ကြီးများ၊ ဒုတိယ ၀န်ကြီးများ အသစ်ခန့်အပ်သည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြား။
၂၀။ ၂၇-၉-၂၀၁၂ ၆၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ မိန့်ခွန်းပြောကြား။
၂၁။ ၂၈-၉-၂၀၁၂ အမေရိကန်နိုင်ငံ နယူးယောက်မြို့ Asia Society ၌ မိန့်ခွန်းပြောကြား။
၂၂။ ၁၆-၁၁-၂၀၁၂ ရခိုင်ပြည်နယ်ဖြစ်စဉ် အခြေအနေအား ရှင်းလင်း။
၂၃။ ၂၆-၁၂-၂၀၁၂ အစိုးရဌာန အဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်အောင် ပြုပြင်ပြောင်းလဲ ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ၀န်ကြီးဌာနများနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့အသီးသီးမှ တာဝန်ရှိသူများအား မိန့်ခွန်းပြောကြား။
၂၄။ ၂၆-၁၂-၂၀၁၂ စီမံကိန်းကော်မရှင် တတိယအကြိမ် အစည်းအဝေး၌ အမှာစကားပြောကြား။
၂၅။ ၂၇-၁၂-၂၀၁၂ စီမံကိန်းကော်မရှင် တတိယအကြိမ် အစည်းအဝေး ဒုတိယနေ့၌ နိဂုံးချုပ် စကားပြောကြား။
၂၆။ ၂၈-၁၂-၂၀၁၂ နိုင်ငံခြား အကူအညီ အထောက်အပံ့ စီမံခန့်ခွဲရေး ဗဟိုကော်မတီ (ဒုတိယအကြိမ်) အစည်းအဝေး၌ မိန့်ခွန်းပြောကြား။
၂၇။ ၀၁/၀၁/၂၀၁၃ နှစ်သစ်ကူး မိန့်ခွန်းပြောကြား။
၂၈။ ၁၁/၀၁/၂၀၁၃ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ အစည်းအဝေး၌ အမှာစကား ပြောကြား။
၂၉။ ၁၉-၁-၂၀၁၃ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်တွင် မိန့်ခွန်းပြောကြား။
၃၀။ ၂၀-၁-၂၀၁၃ လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံအမှာစကား ပြောကြား။
၃၁။ ၀၁/၀၂/၂၀၁၃ ရေဒီယို မိန့်ခွန်းပြောကြား။
၃၂။ ၀၁/၀၃/၂၀၁၃ ရေဒီယို မိန့်ခွန်းပြောကြား။
၃၃။ ၁၂/၀၃/၂၀၁၃ ဘဏ္ဍာရေး ကော်မရှင် (၁/၂၀၁၃) တွင် အမှာစကား ပြောကြား။
၃၄။ ၂၈-၃-၂၀၁၃ မိထ္ထီလာ အရေးကိစ္စ အပါအ၀င် လတ်တလော ဆူပူများနှင့် စပ်လျဉ်း၍ ပြည်သူလူထုသို့ ရှင်းလင်းပြောကြား။
၃၅။ ၀၁/၀၄/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၃၆။ ၀၉/၀၄/၂၀၁၃ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးမှု အကောင်အထည် ဖော်ဆောင်ရေး ကော်မတီ အစည်းအဝေး၌ အမှာစကား ပြောကြား။
၃၇။ ၁၄-၄-၂၀၁၃ အတာသင်္ကြန် နှစ်ကူး အခါသမယ မိန့်ခွန်းပြောကြား။
၃၈။ ၂၃-၄-၂၀၁၃ International Crisis Group ငြိမ်းချမ်းရေးဆု ချီးမြှင့်ပွဲတွင် မိန့်ခွန်းပြောကြား။
၃၉။ ၃၀-၄-၂၀၁၃ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲတွင် အမှာစကား ပြောကြား။
၄၀။ ၀၂/၀၅/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၄၁။ ၆-၅-၂၀၁၃ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းရေး ကော်မရှင် အစီရင်ခံစာနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြား။
၄၂။ ၁၂/၀၅/၂၀၁၃ မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် မိန့်ခွန်းပြောကြား။
၄၃။ ၁၉-၅-၂၀၁၃ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့ မြန်မာသံရုံး၌ မြန်မာမိသားစု ၀င်များနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြား။
၄၄။ ၂၁-၅-၂၀၁၃ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်မြို့၊ ဂျွန်ဟော့ကင်း တက္ကသိုလ်၌ မိန့်ခွန်းပြောကြား။
၄၅။ ၃၀-၅-၂၀၁၃ မြန်မာ့ အထူးစီးပွားရေးဇုန် ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေး၌ အမှာစကား ပြောကြား။
၄၆။ ၀၂/၀၆/၂၀၁၃ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနားတွင် မိန့်ခွန်းပြောကြား။
၄၇။ ၀၄/၀၆/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြားခြင်း။
၄၈။ ၀၆/၀၆/၂၀၁၃ အာရှဒေသဆိုင်ရာ ကမ္ဘာ့စီးပွားရေး ဖိုရမ်ဖွင့်ပွဲ၌ အဖွင့်အမှာစကား ပြောကြား။
၄၉။ ၀၇/၀၆/၂၀၁၃ ကမ္ဘာ့ထိပ်တန်း ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲ၌ အမှာစကား ပြောကြား။
၅၀။ ၂၅-၆-၂၀၁၃ စီမံကိန်းကော်မရှင် အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား။
၅၁။ ၀၂/၀၇/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၅၂။ ၁၆-၇-၂၀၁၃ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Chatham House ၌ မိန့်ခွန်းပြောကြား။
၅၃။ ၀၁/၀၈/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၅၄။ ၀၉/၀၈/၂၀၁၃ ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယ ၀န်ကြီးများအား တွေ့ဆုံအမှာစကား ပြောကြား။
၅၅။ ၁၄-၈-၂၀၁၃ အသစ်ခန့်အပ်သော ပြည်ထောင်စု ဒုတိယ ၀န်ကြီးများ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်း အခမ်းအနားတွင် မိန့်ခွန်းပြောကြား။
၅၆။ ၁၉-၈-၂၀၁၃ နေပြည်တော် ကောင်စီနယ်မြေ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘ၀ မြှင့်တင်ရေး အခမ်းအနား၌ အမှာစကား ပြောကြား။
၅၇။ ၀၁/၀၉/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြား။
၅၈။ ၃၀-၉-၂၀၁၃ အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ ကူညီမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အခမ်းအနား၌ အမှာစကား ပြောကြား။
၅၉။ ၀၁/၁၀/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြားခြင်း။
၆၀။ ၀၇/၁၀/၂၀၁၃ လက်တွေ့ကျသော ပညာရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ ဆွေးနွေးပွဲ၌ အမှာစကား ပြောကြား။
၆၁။ ၀၇/၁၀/၂၀၁၃ ဘဏ္ဍာရေး ကော်မရှင် (၂/၂၀၁၃) အစည်းအဝေး၌ အမှာစကား ပြောကြား။
၆၂။ ၂၉-၁၀-၂၀၁၃ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူရေးနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေး၌ အမှာစကား ပြောကြား။
၆၃။ ၀၁/၁၁/၂၀၁၃ ရေဒီယိုမိန့်ခွန်း ပြောကြားခြင်း။
၆၄။ ၁၅-၁၁-၂၀၁၃ မြန်မာ-အီးယူ လုပ်ငန်းအဖွဲ့ မျက်နှာစုံညီ အစည်းအဝေး ဖွင့်ပွဲအခမ်းအနား၌ မိန့်ခွန်းပြောကြား။
၆၅။ ၁၈-၁၁-၂၀၁၃ အမျိုးသားအဆင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာ မူဘောင်အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲသို့ တက်ရောက် အမှာစကား ပြောကြား။
၆၆။ ၂၀-၁၁-၂၀၁၃ တတိယအကြိမ်မြောက် အစိမ်းရောင် စီးပွားရေးနှင့် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြား။
၆၇။ ၃၀-၁၁-၂၀၁၃ ရန်ကုန် စိန်ရတု သဘင်ခန်းမ၌ မိန့်ခွန်းပြောကြား။





သမ္မတ ဦးသိန်းစိန် ပြောကြားခဲ့သည့် မိန့်ခွန်း၊ ပြောကြားချက် အချို့၏ အကျဉ်းချုပ်

ပထမဆုံး မိန့်ခွန်းနှင့် ကတိက၀တ်

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် ဈေးကွက်စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေး၊ နိုင်ငံပြည်သူများ၏ အနာဂတ် လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်စေရန် အရှိန်မြင့် ဆောင်ရွက်သွားရန် လိုကြောင်းနှင့် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ၊ အခွန်အကောက်ဆိုင်ရာ မူဝါဒများကို လိုအပ်သလို ပြင်ဆင်ချမှတ် ကျင့်သုံးဆောင်ရွက်ရေး၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးရေး၊ ဆင်းရဲချမ်းသာ ကွာဟမှု လျော့ချရေးနှင့် မြို့ပြကျေးလက် လူနေမှုအဆင့် ကွာဟမှု လျော့ချရေးတို့ကို လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ထို့အပြင် တောင်သူလယ်သမား၊ အလုပ်သမားများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်အောင် အားပေးပံ့ပိုး ဆောင်ရွက်ရန် ဆုံးဖြတ်ထားကြောင်းနှင့် အလုပ်သမားများ၏ အနိမ့်ဆုံးလစာ သတ်မှတ်ချက်ကို လက်ရှိဖြစ်ပေါ်နေသော လူနေမှု စရိတ်နှင့် လိုက်လျောညီထွေဖြစ်အောင် ညှိနှိုင်းဆောင်ရွက်မည့် အချက်ကိုလည်း ကတိပြုခဲ့ပါသည်။ ပညာရေး ကဏ္ဍတွင် အခမဲ့ မသင်မနေရ မူလတန်း ပညာရေး စနစ်ကို ကြိုးပမ်းအကောင်အထည် ဖော်မည့်အပြင် ဖွင့်လှစ်ပြီး တက္ကသိုလ် ကောလိပ်များ၊ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများ အရည်အသွေး မြှင့်တင်ရေး၊ ပညာရေး ၀န်ထမ်းများ အရည်အချင်း မြင့်မားရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘ၀ မြှင့်တင်နိုင်ရေးတို့ လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။ ထို့အတူ ကျန်းမာရေး ကဏ္ဍတွင်လည်း ဆယ်စုနှစ်အတွင်း တိုးချဲ့ဖွင့်လှစ်ထားသည့် ဆေးရုံကြီးများ၏ အရည်အသွေးနှင့် ကျန်းမာရေး ၀န်ထမ်းများ၏ အရည်အသွေး မြင့်မားရေးကို အလေးထား လုပ်ဆောင်မည်ဟု ပြောကြားခဲ့သည်။


အစိုးရ အဖွဲ့အတွက် ပထမဆုံး မိန့်ခွန်း

၂၀၁၁ ခုနှစ် မတ် ၃၁ ရက်၌ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများမှ အကြီးအကဲများကို ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားခဲ့သည်။ ထိုမိန့်ခွန်းတွင် အစိုးရ အဖွဲ့သစ်အတွက် အရေးကြီးဆုံး လုပ်ငန်းစဉ်မှာ ကောင်းမွန်သော အုပ်ချုပ်မှုစနစ် (Good Governance) နှင့် သန့်ရှင်းသော အစိုးရ (Clean Government) ပေါ်ပေါက်အောင် ၀ိုင်းဝန်းကြိုးပမ်းရန် အချက်ကို ဦးတည်ပြောကြားခဲ့ပြီး ဒုတိယ လုပ်ငန်းစဉ်အဖြစ် ဒီမိုကရေစီကျင့်စဉ် (Democratic Practices) များ ထွန်းကားစေရေး၊ ပြည်သူလူထု၏ သဘောထား တုံ့ပြန်မှုများကို အလေးထားရန် လိုအပ်ကြောင်းနှင့် တရားဥပဒေ စိုးမိုးရေး၊ လွတ်လပ်စွာ တရားစီရင်ရေး၊ ဥပဒေ ကန့်သတ်ချက်များမှအပ ပြည်သူ့ရှေ့မှောက် တရားစီရင်ရေးတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။ အစိုးရ၏ လုပ်ငန်းများ လျင်မြန်သွက်လက်ရေးနှင့် ထိရောက်မှု ရှိရေးအပြင် စတုထ္ထမဏ္ဍိုင် စာနယ်ဇင်းများ၏ အခန်းကဏ္ဍကို အလေးထားရန် လိုအပ်ကြောင်း အချက်ကိုလည်း ပြောကြားခဲ့သည်။


ပြည်ထောင်စု လွှတ်တော်၌ ထပ်မံကတိပြုခြင်း

သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် သြဂုတ် ၈ ရက်တွင် ပြုလုပ်ခဲ့သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး ပထမနေ့၌ မိန့်ခွန်းပြောကြားပြီး အစိုးရအဖွဲ့၏ ကတိစကားများကို ထပ်မံပြောကြားခဲ့သည်။ ၎င်းတို့အနေဖြင့် ပြည်သူအများ မျှော်လင့်နေသည့် ကောင်းမွန်သော အုပ်ချုပ်ရေး (Good Governance)၊ သန့်ရှင်းသော အစိုးရ (Clean Government)၊ ဒီမိုကရေစီ ကျင့်စဉ် (Democratic Practice) များ ထွန်းကားရေး၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု၊ ဆင်းရဲချမ်းသာ ကွာဟမှု လျော့ချရေး၊ သဟဇာတဖြစ်သော လူ့အဖွဲ့အစည်း ဖြစ်ပေါ်ရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည်တို့ကို ကတိပြု ပြောကြားထားသည်နှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း၊ ငွေကြေးမူဝါဒ၊ ဘဏ္ဍာရေး မူဝါဒ၊ ကုန်သွယ်ရေး မူဝါဒနှင့် ရင်းနှီးမြှပ်နှံမှု မူဝါဒများကို ပြန်လည်သုံးသပ်နေပြီ စီးပွားရေး ပြုပြင်ပြောင်းလဲရေးကိုလည်း အရှိန်မြှင့် ဆောင်ရွက်နေကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချရေး လုပ်ငန်းများကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ဆင်းရဲနွမ်းပါးမှုနှုန်း ၁၆ ရာခိုင်နှုန်း လျော့ချနိုင်ရန် ရည်မှန်းထားကြောင်း စသည်တို့ကို ထပ်မံကတိပြု ပြောကြားခဲ့သည်။

"ကျွန်တော်တို့ အစိုးရဟာ ပြည်သူတွေ ဖြစ်နေတာတွေ၊ ပြည်သူတွေ ဖြစ်ချင်တာတွေကို ကျွန်တော်တို့ သိပါတယ်။ အပြည့်အ၀ ဖြည့်ဆည်းဆောင်ရွက် နိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်" ဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။


တစ်နှစ်ပြည့် မိန့်ခွန်းနှင့် ပြည်သူ့ဆန္ဒ နှစ်ရပ်

သမ္မတတာဝန် ထမ်းဆောင်မှု တစ်နှစ်ပြည့်သည့် ၂၀၁၂ ခုနှစ် မတ် ၁ ရက်တွင် ပြည်ထောင်စု လွှတ်တော်၌ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်း ပြောကြားခဲ့ပါသည်။ တစ်နှစ်ပြည့် မိန့်ခွန်းတွင် ပြည်သူများ လိုလားတောင့်တနေသည့် အဓိက ဆန္ဒနှစ်ရပ်ကို ဖြည့်ဆည်းနိုင်ရန် ကြိုးပမ်းဆောင်ရွက် ခဲ့သည်ဟု ဦးသိန်းစိန်က ပြောကြားခဲ့သည်။ ထိုဆန္ဒနှစ်ရပ်မှာ တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တိုင်းရင်းသား အားလုံး၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည်ဟု ဦးသိန်းစိန်က ဆိုပါသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးမှု လျော့ချရေးနှင့် အဆင်းရဲဆုံး စာရင်းဝင်နိုင်ငံ (LDC) ဘ၀မှ ရုန်းထွက်နိုင်ရန် ကြိုးပမ်းနေကြောင်းကိုလည်း ပြောကြားခဲ့သည်။


ကြားဖြတ်ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာသည့် လမ်းညွှန်ချက်

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က မဲဆန္ဒနယ် အများစုတွင် အနိုင်ရခဲ့ပြီးနောက် မေ ၁၂ ရက်က ပြုလုပ်သော "နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုထိရောက်စွာ ပြုပြင်ပြောင်းလဲ ကြိုးပမ်းဆောင်ရွက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး" တွင် ပြောကြားသော သမ္မတ ဦးသိန်းစိန်၏ လမ်းညွှန်ချက်တွင် ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာများကို အသေးစိတ် ထုတ်ဖော်ပြောဆို ခဲ့သည့်နည်းတူ အစိုးရ၏ အားနည်းချက်ကို ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်က သက်သေပြသည့် အချက်ကိုလည်း ၀န်ခံပြောကြားခဲ့သည်။ ထို့နောက် ပြည်သူတစ်ဦးချင်းစီ ထိတွေ့ခံစားနေရသည့် နေ့စဉ်တွေ့ကြုံနေရသော စားဝတ်နေရေး၊ သွားလာနေထိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပြောင်းလဲတိုးတက်အောင် အစီအမံများ ပြုလုပ်ရန် အရေးတကြီး လိုလာကြောင်း၊ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာ ပထမအဆင့် (First Stage of Reform Strategy for National Development) ကို အတိုင်းအတာ တစ်ခုအထိ ဆောင်ရွက်ခဲပြီး ဖြစ်သည့်အတွက် ဗဟာဗျုဟာ ဒုတိယအဆင့် (Second Stage of Reform Strategy for National Development) ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် ပြည်သူလူထု ဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေး (People Centered Development)၊ လူမှုရေး စီးပွားရေး အသင်းအဖွဲ့များ ပါဝင်သော လူမှုအဖွဲ့အစည်းများ (Civil Society) ၏ အရေးပါမှုနှင့်အတူ မြို့နယ်တိုင်းတွင် လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့များ၊ ကျေးလက် သမ၀ါယမ အစုအဖွဲ့များ၊ မြို့နယ် သမ၀ါယမ အသင်းများ တိုးချဲ့ဖွဲ့စည်းပြီး လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံတော် ဘဏ္ဍာငွေ ဘတ်ဂျက်တိုးမြှင့် သုံးစွဲရေး၊ အခွန်အကောက် တိုးတက်ရရှိရေး၊ ပြည်သူ့ဘဏ္ဍာ (Public Finance) အား ထိရောက်သောနည်းဖြင့် စီမံခန့်ခွဲခြင်း၊ ကုမ္ပဏီများ အများပိုင် ကုမ္ပဏီများ ဖွဲ့စည်းခြင်းနှင့် ငွေကြေးဈေးကွက် ဖြစ်ပေါ်လာရေး၊ ဘဏ်များ၊ ငွေစုငွေချေး လုပ်ငန်းများ၊ သမ၀ါယမ အစုအဖွဲ့များ စုပေါင်းရင်းနှီး မြုပ်နှံလုပ်ကိုင်မှု တိုးချဲ့ဆောင်ရွက်ခြင်း အစရှိသည်တို့ အပါအ၀င် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အစီအမံများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမွဲတေမှု လျော့ချရေး လုပ်ငန်းတွင် ကျေးရွာအစုအဖွဲ့များ တိုးချဲ့ဖွဲ့စည်းရေး စသည့်အချက်များကိုလည်း ထည့်သွင်းပြောကြား ခဲ့သည်။


ဂျီဒီပီ တိုးတက်ရေး မျှော်မှန်းချက်

သမ္မတ ဦးသိန်းစိန်သည် နိုင်ငံတော် အနေဖြင့် ငါးနှစ်တာ ကာလအတွင်း တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင် ထုတ်လုပ်မှု တန်ဖိုး (ဂျီဒီပီ) ကို ၂၀၁၀-၂၀၁၁ ခုနှစ် ပုံမှန်ဈေးနှုန်းအရ တစ်နှစ်ပျှမ်းမျှ ၇ ဒသမ ၇ ရာခိုင်နှုန်း၊ နိုင်ငံတော်၏ ဂျီဒီပီတွင် လယ်ယာကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၆ ဒသမ ၄ ရာခိုင်နှုန်းမှ ၂၉ ဒသမ ၂ ရာခိုင်နှုန်းသို့ လည်းကောင်း၊ စက်မှုကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၂၆ ဒသမ ၀ ရာခိုင်နှုန်းမှ ၃၂ ဒသမ ၁ ရာခိုင်နှုန်းသို့ လည်းကောင်း၊ ၀န်ဆောင်မှု ကဏ္ဍကြီး၏ ပါဝင်မှု အချိုးအစားကို ၃၇ ဒသမ ၆ ရာခိုင်နှုန်းမှ ၃၈ ဒသမ ၇ ရာခိုင်နှုန်းသို့ လည်းကောင်း၊ လူတစ်ဦးချင်း၏ ပျှမ်းမျှပြည်တွင်း အသားတင် ထုတ်လုပ်မှုတန်ဖိုး (Per Capital GDP) ကို အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ တိုးတက်စေရန် မျှော်မှန်းထားကြောင်း ၂၀၁၂ ခုနှစ် ဇွန် ၁၉ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ ဥက္ကဋ္ဌများ၊ ဒုတိယ ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများကို ပြောကြားသော မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ခဲ့သည်။ ထိုကဲ့သို့ တွက်ချက်ထားသော ဂျီဒီပီ တိုးတက်မှုနှုန်းအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ဖြစ်ပေါ်လာမည့် ပြည်သူများ၏ ပျှမ်းမျှတစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် ၁ ဒသမ ၇ ဆ ရရှိရန် တွက်ချက်ထားသော်လည်း အစိုးရအဖွဲ့ အနေဖြင့် ပျှမ်းမျှတစ်ဦးကျ ဂျီဒီပီကို အခြေခံနှစ်ထက် သုံးဆနှင့် စီးပွားရေး တိုးတက်မှုကို ငါးနှစ်အတွင်း သုံးဆတိုးအောင် ကြိုးစားချင်ကြောင်း ဦးသိန်းစိန်က ဆိုသည်။ ထိုမိန့်ခွန်းမှာပင် ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရာ၌ အလုပ်ရရုံ သက်သက် မဟုတ်ဘဲ ထိုက်သင့်သော အခြေခံ လုပ်ခလစာများ ပြည့်ပြည့်၀၀ ရရှိရေးအတွက် အလေးထား ဆောင်ရွက်ပေးမည်ဟု ကတိပြု ပြောကြားခဲ့သည်။


လျှပ်စစ်မီး ပိုရရေး၊ တန်ဖိုးနည်းအိမ်ရာ ကတိနှင့် ရေဒီယို မိန့်ခွန်းများ

ရန်ကုန်မြို့ ၀န်းကျင်တွင် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်းနှင့် အခြားပြည်နယ်နှင့် မြို့နယ်များတွင်လည်း တန်ဖိုးနည်းအိမ်ရာများ ဆက်လက်ဖော်ဆောင် သွားမည်ဟု သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ထုတ်လွှင့်သည့် ရေဒီယို မိန့်ခွန်းတွင် ပြောဆိုခဲ့ပါသည်။ ထို့အပြင် ရရှိလာမည့် နိုင်ငံတကာ ချေးငွေအကူအညီများကို ပြည်သူ့အကျိုး စီးပွားအတွက် ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုသွားမည်ဖြစ်ပြီး အစိုးရ အနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေး ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဟု ပြောကြားခဲ့သည်။ မေလ ၂ ရက်က ထုတ်လွှင့်ခဲ့သည် ရေဒီယို မိန့်ခွန်းတွင်လည်း အစိုးရ အနေဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး၊ ဆင်းရဲနွမ်းပါးမှု လျော့ချရေး၊ လူနေမှု အဆင့်အတန်း မြင့်မားရေးအတွက် မူဝါဒများ၊ ဦးတည်ချက်များ၊ စီမံကိန်းများ ချမှတ်ဆောင်ရွက်နေကြောင်း၊ ထိုစီမံကိန်းများထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်သော လျှပ်စစ်မီး ပိုမိုရရှိရေးနှင့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကိုလည်း စတင်အကောင်အထည် ဖော်နေပြီဟု ပြောခဲ့ပါသည်။


လ ၃၀ စီမံချက်နှင့် ဘုရင့်နောင် ဖောင်ဖျက်

အစိုးရ အဖွဲ့အတွက် ကျန်ရှိသည့် လ ၃၀ တွင် သာမန်သမရိုးကျ လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်နေမည် ဆိုပါက ပြည်သူများ၏ လူမှုစီးပွားရေး လိုအင်ဆန္ဒ အကျိုးရလာဒ် ရရှိရေရန် ခဲယဉ်းသည့်အတွက် နိုင်ငံတော် အုပ်ချုပ်ရေး ထိပ်ပိုင်းယန္တရားမှ အောက်ခြေအထိ ဘုရင့်နောင် ဖောင်ဖျက်သကဲ့သို့ နောင်ရိုးစိတ်ဓာတ်ဖြင့် ဆောင်ရွက်မှသာ ရည်မှန်းချက် ပြည့်မြောက်မည်ဟု သမ္မတ ဦးသိန်းစိန်က ၂၀၁၃ ခုနှစ် သြဂုတ် ၉ ရက်က ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်ဝန်ကြီးချုပ်များနှင့် ဒုတိယ ၀န်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အစိုးရအဖွဲ့ အနေဖြင့် ကျန်ရှိနေသော လပေါင်း ၃၀ ကာလသည် ပြည်သူများ၏ စားဝတ်နေရေး အခြေခံ လိုအပ်ချက်များကို ဦးစားပေးပြီး သိသာထင်ရှားသည့် လူမှုစီးပွားရေး အကျိုးရလာဒ်များ ရရှိခံစားအောင် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ကာလဟု သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့သည်။ ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် အဓိကကျသည့် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဆောင်ရွက် မည်ဟုလည်း စက်တင်ဘာ ၁ ရက် ရေဒီယိုမိန့်ခွန်းတွင် ပြောကြားသည်။ စက်တင်ဘာ ၃၀ ရက်က ပြုလုပ်သော အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ကူညီမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည့် အခမ်းအနားတွင်လည်း အစိုးရ၏ ကျန်ရှိသော ၂၉ လအတွင်း နိုင်ငံတော် အနေဖြင့် ပြည်သူများ၏ လူမှုစီးပွား လိုအပ်ချက်များအဖြစ် စား၊ ၀တ်၊ နေရေး အခြေခံ လိုအပ်ချက်များအား ပံ့ပိုးဖြည့်ဆည်းပေးရန် ဦးစားပေး လုပ်ငန်းများအဖြစ် အကောင်အထည် ဖော်နိုင်ရန်၊ လျှပ်စစ်မီး၊ သောက်သုံးရေ၊ စိုက်ပျိုးရေးကဏ္ဍ တိုးတက်မှု၊ အလုပ်အကိုင် ရရှိရေး၊ ခရီးသွားလုပ်ငန်း၊ ငွေကြေးလုပ်ငန်း၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု စသောနယ်ပယ်များကို အစွမ်းကုန်ကြိုးပမ်း ဖြည့်ဆည်းပေးရန် မှာကြားခဲ့ပြီးဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ထပ်မံပြောကြားခဲ့သည်။
EMG

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား ဇန်န၀ါရီလတွင် ဖွင့်လှစ်မည်

 

Monday, December 2, 2013
ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား တွေ့ရစဉ်

ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် VINTAGE LUXURY ရေပေါ်ဟိုတယ်သစ်အား လာမည့်ဇန်န၀ါရီ လကုန်ပိုင်းတွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

"သင်္ဘောအပြင်ပိုင်း ပြင်ဆင်မှုတွေ ပြုလုပ်ပြီးပါပြီ။ ဟိုတယ်အတွင်းပိုင်း ပြင်ဆင်မှုတွေ လုပ်နေပါတယ်။ ဇန်န၀ါရီ လကုန်ပိုင်းလောက်မှာ ရေပေါ်ဟိုတယ်ကို ဖွင့်လှစ်နိုင်မှာပါ" ဟု လှလှပပ ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လက်ရှိတွင် ဗိုလ်တထောင် ဆိပ်ကမ်း၌ ရေပေါ်ဟိုတယ် သင်္ဘောဆိုက်ကပ်မည့် ဆိပ်ခံတံတား နှစ်စီးအား တည်ဆောက်နေပြီး၊ မကြာခင် အချိန်တွင် ပြီးစီးတော့မည်ဟု သိရသည်။ ဗိုလ်တထောင် ဆိပ်ကမ်းအား မြစ်လယ်သို့ မြေဖို့ပြီး ဆိပ်ကမ်းမြေနေရာ တိုးချဲ့ကာ ရေပေါ်ဟိုတယ် ဧရိယာအဖြစ် တိုးချဲ့တည်ဆောက်ရန် ဆိပ်ကမ်းအမှတ် ၃ ဘောတံတားမှ အမှတ် ၁ ကုန်းတွင်း ကုန်သေတ္တာစင်ထိပ်ထိ ကမ်းနားတစ်လျှောက် ရေကာတံတိုင်း ဆောက်လုပ်၍ မြေဖို့ပြီး မြေနေရာ တိုးချဲ့ခြင်းများ ပြုလုပ်ရန် ၂၀၁၂ ဇူလိုင်လအတွင်း သတ်မှတ်ခဲ့သည်။

အဆိုပါ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ လှလှပပ ကုမ္ပဏီ လိမီတက်က ရေပေါ်ဟိုတယ် တည်ဆောက်ရေး စီမံကိန်းအား စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှလှပပ ကုမ္ပဏီမှ ရေပေါ်ဟိုတယ် ဖွင့်လှစ်ရန် ဖင်လန်နိုင်ငံမှ တန်ချိန်နှစ်ထောင်ကျော်ရှိသည့် စက်မဲ့သင်္ဘော တစ်စီးအား ၀ယ်ယူခဲ့ကြောင်း သိရသည်။ ယင်းသင်္ဘောသည် သြဂုတ် ၁၈ ရက်က မြန်မာနိုင်ငံသို့ ရောက်ရှိပြီး၊ ယင်းသင်္ဘောအား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့သင်္ဘောကျင်းရှိ ၁၂၀၀၀ ရေလုံ သင်္ဘောကျင်းတွင် ဆောင်ရွက်ခဲ့သည်။ အဆိုပါ စက်မဲ့သင်္ဘောသည် အလျား ၁၀၆ မီတာ၊ အကျယ်အ၀န်း ၁၈.၄ မီတာ၊ ရေစူး ၂ မီတာနှင့် တန်ချိန်နှစ်ထောင်ကျော် ရှိကြောင်း သိရသည်။

သင်္ဘောအား ပြုပြင်ခြင်း လုပ်ငန်းများကို စက်တင်ဘာလမှ စတင်ကာ လုပ်ဆောင်လျက်ရှိပြီး ဇန်န၀ါရီ လကုန်ပိုင်းတွင် အပြီးသတ် ဖွင့်လှစ်နိုင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။ ဗိုလ်တထောင်ဆိပ်ကမ်း ရေပေါ်ဟိုတယ် ဧရိယာ၌ ပထမဆုံး ဖွင့်လှစ်မည့် လှလှပပ ကုမ္ပဏီပိုင် ရေပေါ်ဟိုတယ် သင်္ဘောတွင် နှစ်ယောက်ခန်း ၁၀၄ ခန်း ပါဝင်ပြီး၊ စားသောက်ခန်း နှစ်ခန်းနှင့် ဘားကောင်တာများ ပါမည်ဖြစ်သည်။

Qualcomm Toq စမတ်နာရီအား ၃၄၉ ဒေါ်လာဖြင့် အွန်လိုင်း၌ ကြိုတင်မှာယူနိုင်ပြီ




ဆက်သွယ်ရေးနှင့် နည်းပညာ ကုမ္ပဏီကြီး Qualcomm ၏ Toq ဟု အမည်ပေးထားသည့် စမတ်နာရီအား Qualcomm ၏ တရားဝင် အင်တာနက် စာမျက်နှာပေါ်၌ ကြိုတင်မှာယူ နိုင်ဖြစ်ဟု ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

Qualcomm အနေဖြင့် ပြိုင်ဆိုင်မှု အလွန်တရာ ပြင်းထန်နေပြီဖြစ်သည့် စမတ်နာရီ ပြိုင်ပွဲကြီးသို့ ဝင်ရောက်တော့မည် ဖြစ်ကြောင်းကို ပြီးခဲ့သည့် စက်တင်ဘာလ အစောပိုင်းက ထုတ်ဖော်ပြောကြားခဲ့သည်။ မူလက Toq အား ဈေးကွက်အတွင်း စတင်ဖြန့်ချိမည့် နေ့အား ဒီဇင်ဘာလ ၂ ရက်နေ့ဖြစ် သတ်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ အနက်ရောင်မော်ဒယ်အား အွန်လိုင်း၌ ကြိုတင်မှာယူခွင့် ပေးလိုက်ခြင်းဖြစ်သည်။

၁.၅၅ လက်မအရွယ် နေရောင်အောက်တွင် ထင်ရှားစွာ တွေ့မြင်နိုင်သည့် “Mirasol” မျက်နှာပြင် တပ်ဆင်ထားသည့် Toq ၏ ဘက္ထရီသည် ရက်ပေါင်းများစွာ အသုံးပြုမှုအား ခံနိုင်မည်ဟု သိရှိရသည်။ ထို့အပြင် ၃၄၉ ဒေါ်လာတန် Toq စမတ်နာရီ ဝယ်ယူသူများ အအနေဖြင့် WiPower LE ကြိုးမဲ့အားသွင်းစက် ၊ သာမန်အားသွင်းစက်နှင့် USB ကြိုးတို့ကို ရရှိဦးမည်ဖြစ်သည်။

Toq စမတ်နာရီအား Android 4.0.3 Ice Cream Sandwich နှင့်အထက် Android OS အား အသုံးပြုသည့် စမတ်ဖုန်းများဖြင့် Bluetooh အသုံးပြုကာ ချိတ်ဆက်ရမည်ဖြစ်သည်။ Toq အနေနဲ့ ချိတ်ဆက်ထားသည့် စမတ်ဖုန်း၏ ဖုန်းခေါ်ဆိုမှုများ ၊ message များ ၊ အခြားသော အသိပေးချက်များကို လက်ခံရရှိ နိုင်မည်ဖြစ်သည်။

လက်ရှိအချိန်၌ Qualcomm Toq စမတ်နာရီ အနက်ရောင်ကိုသာ အွန်လိုင်း၌ ကြိုတင်မှာကြား ဝယ်ယူနိုင်မည်ဖြစ်ပြီး အဖြူရောင်မှာမူ “Coming Soon” ဟုသာ ဖော်ပြထားသည်။

ဒေါ်လာ ၃၄၉ တန် Toq အပေါ် သင့်ရဲ့ ထင်မြင်ယူဆချက် များကိုလည်း မျှဝေပေးပါဦး။

HTC မှ Desire ဖုန်းအသစ်များကို ကြေညာ






ထိုင်ဝမ်အခြေစိုက် HTC ကုမ္ပဏီ အနေနဲ့ ၎င်းတို့ရဲ့ စမတ်ဖုန်းအသစ် ၃မျိုး Desire 700, 501 နဲ့ Dual-SIM 601 တို့ကို ယနေ့ မိတ်ဆက်ကြေညာခဲ့ပါတယ်။
HTC မှာက ‘One, Desire နဲ့ Butterfly’ ဆိုပြီး Family ၃ခု ရှိတဲ့အနက် ဒီဖုန်း၃မျိုးဟာ Desire မိသားစုဝင်သစ်တွေ ဖြစ်ပါတယ်။ အရမ်းအဆင့်မြင့်၊ အရမ်းလည်း ဈေးကြီးတဲ့ High-End ဖုန်းတွေ မဟုတ်ပေမယ့် အရည်အသွေးကောင်းကောင်း၊ ပေါ့ပါးလှပတဲ့ဒီဇိုင်း၊ သင့်တင့်တဲ့ ဈေးနှုန်းတွေနဲ့ ထုတ်လုပ်လိုက်တဲ့ HTC ရဲ့ ဈေးကွက်ဗျူဟာ တစ်ခုပါ။

HTC Desire 700

ပထမဆုံး မိတ်ဆက်ပေးရမယ်ဆိုရင် HTC Desire 700 ဖြစ်ပါတယ်။ HTC One အစားထိုး ဖုန်းတစ်လုံးလို့တောင် တင်စားခြင်း ခံရပြီး မျက်နှာပြင် ၅လက်မ၊ Quad-Core Snapdragon ချစ်ပ်နဲ့ RAM 1GB စီစဉ် ပေးထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ စပီကာဟာလည်း HTC One လိုပဲ ဖုန်းအရှေ့ဘက်မှာ အပေါ်တစ်ခု၊ အောက်တစ်ခုနဲ့ Stereo Boom Sound စပီကာ ဖြစ်ပါတယ်။

အဓိကကင်မရာ 8MP ဖြစ်ပြီး ရှေ့ကင်မရာကတော့ 2.1MP ပါ။ ကင်မရာ နှစ်ခုလုံးမှာ BSI Sensor တပ်ဆင်ထားပါတယ်။ အဓိက ကင်မရာမှာ 1080p ရုပ်ထွက်အရည်အသွေးရှိ ဗီဒီယိုတွေကို ရိုက်ကူးနိုင်ပြီး HTC Zoe စနစ်လည်း ပါဝင်ပါတယ်။ Zoe ဆိုတာက ဓာတ်ပုံတစ်ခု ရိုက်လိုက်တဲ့အခါ မိမိ မလိုချင်တဲ့ အစိတ်အပိုင်းတွေကို အလွယ်တကူ ဖယ်ရှားနိုင်ပြီး Editing လုပ်ဖို့အတွက်လည်း များစွာ ထောက်ပံ့ပေးထား ပါတယ်။

Default အနေနဲ့ ဖုန်းတွင်းမှတ်ဥာဏ် 8GB ပါဝင်ကာ microSD Card Slot လည်း တပ်ဆင်ပေးထားပြီး အဓိက အားသာချက်ကတော့ ဒီဖုန်းဟာ SIM ကဒ် နှစ်ခု တစ်ပြိုင်တည်း အသုံးပြုနိုင်တဲ့ Dual-SIM ဖြစ်ပါတယ်။ ဖုန်းဘတ္ထရီကလည်း 2100 mAh Li-Po ဖြစ်ကာ ဖုန်းပြောချိန် ၁၂ နာရီခန့် အသုံးပြုနိုင်မှာပါ။ ဈေးနှုန်း ဒေါ်လာ ၄၇၀ သတ်မှတ်ထားပါတယ်။

HTC Desire 501



တကယ်လို့ အထက်က ဖော်ပြခဲ့တဲ့ HTC Desire 700 ဟာ HTC One အစားထိုး ဖုန်းတစ်လုံး ဖြစ်မယ်ဆိုရင် ယခု HTC Desire 501 ဟာ One mini အစားထိုးလေး ပါပဲ။ ၄.၃ လက်မ မျက်နှာပြင်အရွယ်အစား၊ Dual-Core 1.15 GHz ပရော်ဆက်ဆာ၊ 1GB RAM တပ်ဆင်ထားပြီး အဓိက ကင်မရာ 8MP, ရှေ့ကင်မရာ 2.1MP ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ ကင်မရာမှာ HTC Zoe စနစ်တော့ မပါဝင်ပါဘူး။

ဈေးနှုန်းအနေနဲ့ကလည်း ဒေါ်လာ ၃၃၀ ပါ။ ဖုန်းတွင်းမှတ်ဥာဏ် 8GB နဲ့ microSD Slot လည်း စီစဉ် ပေးထားကာ ဖုန်းစပီကာဟာလည်း Boom Sound တော့ မဟုတ်ပါဘူး။ သာမန်စမတ်ဖုန်း စပီကာမျိုးပဲ ဖြစ်ပါတယ်။

HTC Desire 601



ဒီဖုန်းဟာလည်း Dual-SIM ဖြစ်ပါတယ်။ မျက်နှာပြင် ၄.၅လက်မ ရှိပြီး မကြီးလွန်း မသေးလွန်းတဲ့ အနေတော် စမတ်ဖုန်းတစ်လုံးပါ။ ကင်မရာ 5MP ဖြစ်ပြီး ဖုန်းတွင်းမှတ်ဥာဏ် 4GB နဲ့ microSD ကဒ် နေရာလည်း ထည့်သွင်း ပေးထားပါတယ်။

ထူးထူးခြားခြားပဲ ဒီဖုန်းမှာ ထည့်သွင်းထားတာက Boom Sound စပီကာစနစ်ပါ။ Dual-Core 1.2GHz ပရော်ဆက်ဆာ တပ်ဆင်ထားပါတယ်။

ယနေ့ပွဲမှာ HTC အနေနဲ့ အထက်ပါ ဖုန်း၃လုံးအပြင် ဒေါ်လာ ၂၇၀ တန် Desire 300 ဖုန်းကိုလည်း မိတ်ဆက်ပွဲထုတ် ခဲ့ပေမယ့် အဆိုပါဖုန်းနဲ့ ပတ်သက်လို့ အချက်အလက်တွေတော့ မပါဝင်ခဲ့ပါဘူး။

ယခု Desire ဖုန်းတွေဟာ မကြာခင် ကမ္ဘာအနှံ့ကိုဖြန့်ချိမှာ ဖြစ်ပေမယ့် ဘယ်အချိန်မှာ ဘယ်လိုဖြန့်ချိမယ် ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒီထက်ပိုပြီး တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရတဲ့အခါ Myanmar Consumer Guide ပရိသတ်တွေကို ထပ်မံ တင်ဆက်ပေးသွားပါမယ်။

Ref: gsmarena

Android 4.4 (KitKat) က သုံးစွဲသူ သန်းတစ်ထောာင်အထိ ရှိလာမလား?




Nexus 5 စမတ်ဖုန်း ထွက်ရှိခြင်းနဲ့အတူ တစ်ပါတည်း ပါလာတဲ့ Android 4.4 (KitKat) ဟာ သုံးစွဲသူ သန်းတစ်ထောင်အထိ ရှိလာစေရန် ရည်မှန်းထားပါတယ်။ အဆိုပါ Android နောက်ဆုံး ဗားရှင်းကို ထည့်သွင်းအသုံးပြုဖို့ ဖုန်းမှာ အနည်းဆုံး RAM 512 MB ရှိရမှာ ဖြစ်ကာ ဒီ OS ဟာ ပိုမိုကြည့်ကောင်းလာပြီး ပြောင်းလဲပြင်ဆင်မှုတွေလည်း ဖန်တီးပေးထားပါတယ်။

ဖုန်းခေါ်ဆိုမှုမှာလည်း ဖုန်းဆက်မယ့်လူကို ရှာတဲ့အခါ Contacts ထဲမှာ ရှာတာ၊ ကိုယ့်အနီးအနားမှာရှိတဲ့ သူငယ်ချင်းတွေထဲက ရှာတာနဲ့ Google Account သုံးပြီး ရှာတာတွေပါ ထည့်သွင်းပေးထားပါတယ်။ နောက်ထပ် Hangout ဆိုတဲ့ App လေးလည်း ပါဝင်လာပါတယ်။ ဒီ App ဟာ SMS (Short Message), MMS (Multimedia Message) တွေနဲ့ ဗီဒီယိုခေါ်ဆိုမှုတွေကိုပါ တစ်စုတစ်စည်းတည်း ဖြစ်စေကာ သင့်သူငယ်ချင်းတွေ ပို့တဲ့အရာတွေကို ပိုမိုရှာရလွယ်ကူစေမှာပါ။

Google Search Platforms ရဲ့ Features အသစ်များစွာလည်း ဒီ OS အသစ်မှာ ပါဝင်လာပြီး Google မှာ သုံးစွဲသူရဲ့ စကားသံနဲ့ ရှာဖွေတဲ့ Voice Search အတွက်လည်း Hotwords တွေကို သုံးလို့ရလာပါပြီ။ ကမ္ဘာပေါ်မှာလည်း လူဦးရေက သန်းခုနစ်ထောင်လောက်သာ ရှိတာမို့လို့ အားလုံးက စိတ်ဝင်စားနေကြပြီး ပိုမိုအသုံးဝင်တဲ့ Features တွေပါဝင်လာတဲ့ ဒီ KitKat ဟာ သုံးစွဲသူ သန်းတစ်ထောင်အထိ တကယ်ပဲ ရှိလာနိုင်ပါ့မလားဗျာ?

ခေါက်သိမ်းနိုင်သော Display များသို့ Samsung ဦးတည်နေ





တောင်ကိုရီးယားအခြေစိုက် ကမ္ဘာ့အကြီးမားဆုံး စမတ်ဖုန်းထုတ်လုပ်သူဖြစ်တဲ့ Samsung ဟာ ဖုန်းနဲ့တကွ အခြား Device တွေမှာ ခေါက်သိမ်းနိုင်တဲ့ Display တွေ တပ်ဆင်ဖန်တီး လာနိုင်ဖို့ ဦးတည်လျက် ရှိပါတယ်။ ဒီအစီအစဉ်ဟာ နောင် ၂နှစ်အတွင်းမှာ ဖြစ်လာနိုင်ပြီး Samsung ရဲ့ CEO ကွန်အူဟွန်းရဲ့ ဆိုးလ်မြို့မှာ ကျင်းပတဲ့ ပွဲတစ်ခုကနေ သိလာရတာပါ။ အဆိုပါပွဲမှာ CEO က နောင်နှစ်များအတွင်းမှာ ဆန်းသစ်သွားမယ့် ကုမ္ပဏီရဲ့ မျက်နှာပြင်နည်းပညာ ကဏ္ဍနဲ့ ပတ်သက်လို့ ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။

အားလုံးသိကြတဲ့အတိုင်း မကြာသေးခင်ကမှ Samsung ဟာ ကမ္ဘာ့ပထမဆုံး ကွေးညွတ်မျက်နှာပြင် စမတ်ဖုန်းဖြစ်တဲ့ Galaxy Round ကို မိတ်ဆက်ပွဲထုတ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါဖုန်းဟာ ကွေးညွတ်နေတဲ့ ပုံစံသာ ရှိတာဖြစ်ပြီး ခေါက်သိမ်းနိုင်မှာတော့ မဟုတ်ပါဘူး။ ကွေးညွတ်မျက်နှာပြင်တွေဟာ ဘယ်လိုအကျိုးကျေးဇူးတွေ ရမှာလဲ ဆိုတဲ့ လူတစ်ချို့ရဲ့ မေးခွန်းကို Samsung CEO က “နည်းပညာကို ယုံကြည်ခြင်းဟာ အဓိက တီထွင်ဆန်းသစ်မှုပဲ ဖြစ်ပါတယ်” လို့ဖြေကြားခဲ့ ပါတယ်။

ဒါကြောင့် Samsung ရဲ့ ရှေ့ဆက်မယ့် ခြေလှမ်းဟာ ကွေးညွတ်မျက်နှာပြင်တွေ၊ သို့မဟုတ် ခေါက်သိမ်းနိုင်တဲ့ မျက်နှာပြင်တွေပဲ ဖြစ်ပါတယ်။ ခန့်မှန်းချက်တွေ အရတော့ အဲဒီလို ခေါက်သိမ်းနိုင်တဲ့ မျက်နှာပြင်ရှိ Device တွေကို ၂၀၁၅ ခုနှစ်လောက်မှသာ ထုတ်လုပ်ဖန်တီးနိုင်မှာပါ။

ဒါဆိုရင် မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်။ ကွေးညွတ်မျက်နှာပြင်၊ ကွေးညွတ်နိုင်တဲ့မျက်နှာပြင်နဲ့ ခေါက်သိမ်းလို့ပါရတဲ့ မျက်နှာပြင်တွေမှာ ဘယ်ဟာတွေက ဘယ်လိုကွာခြားသွားမလဲ ဆိုတာပေါ့…

Iceland နိုင်ငံ၏ GDP ထက်ပင်များသည့် Samsung ၏ ကြော်ငြာဘတ်ဂျက်




ကိုရီးယား အီလက်ထရောနစ် ကုမ္ပဏီကြီး Samsung ကတော့ ယင်းတို့ ထုတ်လုပ်တဲ့ ပစ္စည်းများကို လူတိုင်းရဲ့ အတွေးထဲကို ရောက်ရှိအောင် ကြော်ငြာဖို့အတွက် ဘာပဲလုပ်ရလုပ်ရ လုပ်မယ့် အခြေအနေ ရှိနေပါတယ်။

ဒီလို လုပ်နိုင်ဖို့အတွက် Samsung အနေနဲ့ ၂၀၁၄ ခုနှစ်အတွင်းမှာ ဒေါ်လာ ၁၄ ဘီလီယံ သုံးစွဲသွားဖို့ ဘတ်ဂျက်သတ်မှတ် ထားတယ်လို့ Retuers သတင်းဌာနရဲ့ အဆိုအရ သိရှိရပါတယ်။ ဒီပမာဏဟာ Iceland နိုင်ငံရဲ့ GDP ထက်တောင် ပိုများနေပါတယ်။

ထိုနည်းတူ ဤပမာဏဟာ Samsung ရဲ့ တစ်နှစ်တာ စုစုပေါင်း ဝင်ငွေရဲ့ ၅.၄ ရာခိုင်နှုန်း ရှိနေပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများအနက် ဝင်ငွေနဲ့ ကြော်ငြာအတွက် သုံးငွေအချိုးမှာ အမြင့်ဆုံးပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်ကြည့်ရမယ်ဆိုရင် Apple အနေနဲ့ ဝင်ငွေရဲ့ ၀.၆ ရာခိုင်နှုန်းနဲ့ General Motors က ၃.၅ ရာခိုင်နှုန်းတို့ကို ကြော်ငြာအတွက် သုံးစွဲတယ်လို့ သိရှိရပါတယ်။

ဒါတောင် ဘာဟုတ်သေးလဲ။ လာမယ့် နှစ်များမှာလည်း ဤပမာဏထက် များပြားသည့် ဘတ်ဂျက်အား ချမှတ်သွားမည်ဟု Samsung က ဆိုခဲ့သည်။ Samsung ၏ အမှုဆောင်အဖွဲ့ အနေနဲ့ ဈေးကွက်အတွင်း လက်ရှိရပ်တည်နေသည့် နေရာနှင့် Galaxy Device များ၏ အောင်မြင်မှုကို ချိန်ထိုးကြည့်ပါက တိုးတက်မှုအဟုန်ကို ထိန်းသိမ်းရန်အတွက် ဤကဲ့သို့ စံချိန်တင် ငွေကြေးပမာဏကို သုံးစွဲခြင်းသည် သင့်လျော်သည်ဟု ယူဆနေကြသည်။

Related Posts Plugin for WordPress, Blogger...