Monday, December 2, 2013

အီဂျစ်ဆန္ဒပြ ဥပဒေသစ်ကို အာခံသော ဆန္ဒပြမှုအတွင်း လူ ၂၀၀ နီးပါး ဖမ်းဆီးခံရ

Monday, December 2, 2013



ကိုင်ရိုမြို့တွင် နိုဝင်ဘာ ၂၉ ရက်က အီဂျစ်လုံခြုံရေး တပ်ဖွဲ့များနှင့် ပဋိပက္ခ ဖြစ်ပွားနေသော မွတ်စလင် ဘရားသားဟုဒ်နှင့် မော်စီထောက်ခံသူများ (Photo:AFP)

အီဂျစ်တွင် အသစ်ထုတ်ပြန်ခဲ့သည့် ဆန္ဒပြ ဥပဒေသစ်ကို နိုဝင်ဘာ ၂၉ ရက်က ဆန့်ကျင်ဆန္ဒ ပြခဲ့ကြသည့် အစ္စလာမ္မစ်များအား အီဂျစ်ရဲများက အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး လူ ၂၀၀ နီးပါးကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ခွင့်ပြုချက် မရှိသည့် ဆန္ဒပြပွဲများကို တားဆီးမည့် အဆိုပါ ဥပဒေသစ်ကို ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြု ကြေညာမည် ဖြစ်သော်လည်း မွတ်စလင်ဘရားသားဟုဒ် အဖွဲ့က ဆန္ဒပြပွဲများကို ဆက်လက်ပြုလုပ် သွားမည်ဟု ကတိပြုခဲ့သည်။ ယခုဆန္ဒပြပွဲများ မဖြစ်ပွားမီ တစ်ရက်အလိုက အီဂျစ်ရဲများသည် ထင်ရှားသည့် ဘလော့ဂါ အလာအဒယ်ဖက်တာကိုလည်း ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ကိုင်ရိုမြို့တွင် သမ္မတဟောင်း မိုဟာမက်မော်စီကို ထောက်ခံသူ ရာပေါင်းများစွာသည် သမ္မတအိမ်တော်ရှေ့တွင် စုဝေးခဲ့ကြရာ ရဲများက မျက်ရည်ယို ဓာတ်ငွေ့များ အသုံးပြုခဲ့ကြကြောင်းနှင့် သေနတ်သံ အချို့ကို ကြားခဲ့ရကြောင်း အေအက်ဖ်ပီ သတင်းထောက် တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် မြို့တော်တွင်းရှိ မိုဟန်ဒက်ဆင် ဒေသတွင် စုဝေးခဲ့ကြသည့် အစ္စလာမ္မစ် ဒါဇင်ပေါင်းများစွာကို ရဲတပ်ဖွဲ့မှ မျက်ရည်ယို ဓာတ်ငွေ့များဖြင့် ပစ်ခဲ့ကြပြီး အစ္စလာမ္မစ် များကလည်း ကျောက်ခဲများ၊ မီးလောင်နေသည့် တာယာများဖြင့် ပြန်ပစ်ခဲ့ကြသည်။ အီဂျစ်နိုင်ငံ၏ ဒုတိယမြို့တော် အလက်ဇန္ဒဒရီယား အပါအ၀င်၊ စူးအက်၊ မဟော်လာနှင့် ကွီနာမြို့တို့တွင်လည်း ဆန္ဒပြပွဲများ ဖြစ်ပေါ်ခဲ့သည်။

နိုင်ငံတစ်ဝန်း၌ ဖြစ်ပွားခဲ့သည့် အဆိုပါ ဆန္ဒပြပွဲများ၌ လူ ၁၈၃ ဦးထက်မနည်း ဖမ်းခဲ့ရပြီး ယင်းတို့အနက် ၁၀၆ ဦးသည် ကိုင်ရိုမြို့တွင် အဖမ်းခံရခြင်း ဖြစ်ကြောင်းနှင့် ဒဏ်ရာရရှိသူ ရှစ်ဦးရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။

နိုဝင်ဘာ ၂၉ ရက် ဆန္ဒပြပွဲများ မဖြစ်ပွားမီ နှစ်ရက်အလိုတွင် အလက်ဇန္ဒရီယာ တရားရုံးမှ ပြီးခဲ့သည့်လ ဖြစ်ပွားခဲ့သည့် မော်စီထောက်ခံသည့် အကြမ်းဖက် ဆန္ဒပြပွဲများအတွင်း ပါဝင်ခဲ့သူ အမျိုးသမီး ၁၄ ဦးကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခဲ့ပြီး မိန်းကလေး ခုနစ်ဦးကို လူငယ်ထိန်းသိမ်းရေး စခန်းသို့ ပို့ခဲ့ကြောင်း သိရသည်။ အဆိုပါ ကြမ်းတမ်းရက်စက်သည့် ထောင်ဒဏ်ချမှတ်မှုများကြောင့် အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် သမ္မတကို တောင်းဆိုခဲ့ကြသည်။

လုံခြုံရေး တပ်ဖွဲ့များထံမှ ကြိုတင်ခွင့်ပြုချက် မယူဘဲ ပြုလုပ်သည့် ဆန္ဒပြပွဲများသည် ဥပဒေ ချိုးဖောက်ရာရောက်ကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက နိုဝင်ဘာ ၂၈ ရက်တွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...