Monday, December 2, 2013

စကော့တလန် ရဲတပ်ဖွဲ့ ရဟတ်ယာဉ်တစ်စင်း အရက်ဆိုင်ပေါ်သို့ ပျက်ကျ

Monday, December 2, 2013



နိုဝင်ဘာ ၃၀ ရက်က ဂလက်စကိုတွင် ပျက်ကျခဲ့သော ရဟတ်ယာဉ် အပျက်အစီးများကို စစ်ဆေးနေသော ရဲအရာရှိများနှင့် မီးသတ်သမားများ (Photo:AP)

စကော့တလန်နိုင်ငံ၊ ဂလတ်စ်ဂိုးလ်မြို့ရှိ အရက်ဆိုင် တစ်ဆိုင်ပေါ်သို့ နိုဝင်ဘာ ၂၉ ရက် ညပိုင်းက ရဲတပ်ဖွဲ့၏ ရဟတ်ယာဉ်တစ်စင်း ပျက်ကျခဲ့ရာ သေဆုံးဒဏ်ရာ ရရှိသူ များစွာရှိခဲ့ပြီး လူအများအပြား ပိတ်မိနေခဲ့ကြောင်း သိရသည်။

အဆိုပါ ရဟတ်ယာဉ်သည် လူများပြည့်ကျပ်နေသည့် Clutha အမည်ရ အရက်ဆိုင်၏ ခေါင်မိုးပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ရဟတ်ယာဉ် ပျက်ကျချိန်တွင် ဆိုင်အတွင်း၌ လူပေါင်း ၁၀၀ ကျော် ရှိနေပြီး တေးဂီတ အဖွဲ့တစ်ခု၏ ဖျော်ဖြေမှုကို နားထောင်နေကြကြောင်း သိရသည်။ မျက်မြင်သက်သေများ၏ ပြောကြားချက်အရ ရဟတ်ယာဉ်ပေါ်တွင် ရဲအရာရှိ နှစ်ဦးနှင့် အရပ်သား ရဟတ်ယာဉ်မောင်းတစ်ဦး လိုက်ပါလာကြောင်းနှင့် ရဟတ်ယာဉ်သည် အရက်ဆိုင်ပေါ် ကျောက်ခဲတစ်ခဲ ကျသလို ကျသွားခဲ့ခြင်းဖြစ်ကြောင်း၊ ဆိုင်၏အမိုးသည် ချိုင့်ဝင်သွားပြီး အော်ဟစ်သံများ၊ ဖုန်မှုန့်များဖြင့် တစ်ဆိုင်လုံး ပြည့်သွားခဲ့ကြောင်း သိရသည်။ ရဟတ်ယာဉ် ပျက်ကျမှုကြောင့် ပျက်စီးသွားသော တစ်ထပ်တိုက် အဆောက်အအုံထဲမှ မည်သူမည်ဝါ မသိသော လူအချို့၏ ဆက်သွယ်မှုကို ရရှိခဲ့သည်ဟု မီးသတ်တပ်ဖွဲ့ဝင်များက ပြောကြားခဲ့သည်။

ဆိုင်၏ ခိုင်ခံ့မှု အခြေအနေမှာ လွန်စွာဆိုးရွားနေပြီး သေဆုံးဒဏ်ရာ ရရှိသူ မည်မျှရှိသူကို အတည်ပြုရန် ကြိုးစားနေကြောင်းနှင့် ဆိုင်ထဲတွင် ပိတ်မိသူများကို ကယ်တင်ရန် ကြိုးပမ်းနေကြောင်း မီးသတ်ဌာန အရာရှိ လူးဝစ်ရမ်ဆေးက သတင်းထောက်များကို ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားရာ နေရာတွင် မီးသတ်သမား ၁၂၅ ဦးသည် ကယ်ဆယ်ရေး လုပ်ငန်းများကို လုပ်ဆောင်နေကြောင်း ရမ်ဆေးက ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့ ရဟတ်ယာဉ် တစ်စင်းသည် ၀မ်းနည်းဖွယ်ရာ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း စကော့တလန် ပထမ၀န်ကြီး အဲလက်စ်ဆယ်လ်မွန် အတည်ပြု ပြောကြားခဲ့သည်။ Eurocopter EC135 ရဟတ်ယာဉ်သည် အဘယ်ကြောင့် ပျက်ကျသွားသည်ကို ပြောရန်စောလွန်းသေးကြောင်း ရဲအရာရှိ ရို့ဖစ်ဂျာရတ်က ပြောကြားခဲ့သည်။ အခင်းဖြစ်ပွားချိန်တွင် အရက်ဆိုင်အတွင်း ရှိနေသည့်သူ တစ်ဦး၏ ပြောကြားချက်အရ ၎င်းသည် ဆိုင်အတွင်း၌ သီချင်းနားထောင်နေစဉ် ၀ှီးခနဲမြည်သည့် အသံကြီးကို ကြားခဲ့ရသော်လည်း ပေါက်ကွဲသံနှင့် ဒုန်းဒုန်းဒိုင်းဒိုင်းအသံ မကြားခဲ့ရဟု ပြောကြားခဲ့သည်။ အဆိုပါ အရက်ဆိုင်သည် ဂလတ်စ်ဂိုးလ်မြို့ အလယ်ပိုင်းရှိ ဗလီအနီးတွင် တည်ရှိသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...