Sunday, December 15, 2013

ရန်ကုန်-မှော်ဘီပြေးဆွဲသည့် ဟိုင်းလတ်ယာဉ်တစ်စီး ကျိုက္ကလဲ့ ရထားခုံးကျော်တံတားပေါ်မှ အောက်သို့ပြုတ်ကျခဲ့ရာ ခရီးသည်နှစ်ဦး သေဆုံးပြီး ၁၁ ဦးဒဏ်ရာရ

 Sunday, 15 December 2013


ရထားခုံးကျော်တံတားပေါ်မှ အောက်သို့ပြုတ်ကျသွားသည့် ယာဉ်အား မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဦးအောင်ကြည်)

ဒီဇင်ဘာ ၁၄ ရက် နံနက်အစောပိုင်းက ရန်ကုန်-မှော်ဘီပြေးဆွဲသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်တစ်စီး မင်္ဂလာဒုံမြို့နယ် ကျိုက္ကလဲ့ ရထားခုံးကျော်တံတားပေါ်မှ အရှိန်လွန်၍ အောက်သို့ထိုးကျခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ထိုးကျမှုကြောင့် ယာဉ်ပေါ်လိုက်ပါလာသည့် ခရီးသည်နှစ်ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု မင်္ဂလာဒုံမြို့မရဲစခန်းမှ စုံစမ်းသိရှိရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ မှော်ဘီ-ရန်ကုန် ပြေးဆွဲနေသည့် ခရီးသည်တင် ဟိုင်းလတ်ယာဉ်မှာ နံနက် ၅ နာရီဝန်းကျင်ခန့်က အဆိုပါခုံးကျော်တံတားအရောက်တွင် အရှိန်မထိန်းနိုင်ဘဲရှေ့တွင် မောင်းနှင်နေသည့် ယာဉ်တစ်စီးအား နောက်မှပွတ်တိုက်မိပြီး တံတားအောက်သို့ ထိုးကျသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့မရဲစခန်းမှူး ဒုရဲမှူးဝင်းမြင့်က "အရှိန်ပြင်းတော့ တံတားပေါ်မှာစလစ်ဖြစ်ပြီး ရှေ့ကကားနောက်ပိုင်းကို ပွတ်တိုက်ခဲ့တယ်။ ဆက်ပြီးတော့ တံတားပေါင်ကိုကျော်ပြီး အောက်ထိုးကျသွားတာပါ။ ခရီးသည်နှစ်ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်ခရီးသည် ၁၁ ဦးကိုတော့ ဆေးရုံကို ပို့ထားပါတယ်" ဟု ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါတံတားပေါ်မှ ယာဉ်ပြုတ်ကျမှုကြောင့် သေဆုံးခဲ့သည့် ခရီးသည်နှစ်ဦးမှာ ဦးကျော်သင်း(၅၁)နှစ်နှင့် ဒေါ်မြမြခိုင် အသက် (၅၃)နှစ်တို့ဖြစ်ပြီး ယာဉ်မောင်းဖြစ်သူမှာ ယာဉ်အားထား၍ ထွက်ပြေးနေကြောင်း သိရသည်။

ဆီးဂိမ်းစ်ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နိုင်ငံခြားသားလာရောက်မှု များပြား

Sunday, 15 December 2013


ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လာရောက်ကြသူများအား ဒီဇင်ဘာ ၁၄ ရက်က တွေ့ရစဉ်

ဆီးဂိမ်းစ်အားကစားပြိုင်ပွဲ ကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ နိုင်ငံခြားသားဝင်ရောက်မှု များပြားလာကြောင်း ရန်ကုန်တိရစ္ဆာန်အုပ်ချုပ်ရေးမှူး ဦးတင်ရွှေ၏ ပြောကြားချက်အရ သိရသည်။

လက်ရှိတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ အကောင်သစ်များ ထပ်မံထည့်သွင်းထားခြင်းမရှိသော်လည်း တိရစ္ဆာန်ရုံသန့်ရှင်းရေးနှင့် အသေးစားပြင်ဆင်မှုများကို လုပ်ဆောင်ထားကြောင်း သိရသည်။

"ဆီးဂိမ်းစ်ကာလမှာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို နိုင်ငံခြားသား ၀င်ရောက်တာက အရင်ထက် ပိုများလာတယ်။ လူဝင်အရေအတွက်ကိုတော့ ခန့်မှန်းလို့မရဘူး။ ဒီနေ့ဆို လာအိုနိုင်ငံက ကစားသမားတွေ အများကြီးလာတယ်။
ဆီးဂိမ်းစ်ပြိုင်ပွဲရှိလို့ လာကြတာ။ ပုံမှန်ဆိုရင်တော့ နည်းတယ်" ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှ အုပ်ချုပ်ရေးမှူး ဦးတင်ရွှေက ဆိုသည်။

နိုင်ငံခြားသားများအတွက် ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ဝင်ကြေးကို တစ်ဦးလျှင် ကျပ် ၂၀၀၀ သတ်မှတ်ထားပြီး ပြည်တွင်းရှိ အသင်းအဖွဲ့အများကို တစ်ဦးလျှင် ကျပ် ၅၀၀၊ သာမန်ဝင်ရောက်လေ့လာသူများကို တစ်ဦးလျှင် ၀င်ကြေးကျပ် ၁၀၀၀ အဖြစ် ကောက်ခံလျှက်ရှိကြောင်း သိရသည်။

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကမ္ဘာ့ရှားပါးတိရစ္ဆာများဖြစ်သည့် ပန်ဒါနီ၊ ကျား၊ ခြင်္သေ့၊ ကြံ့ဖြူ၊ ရေမြင်းပု၊ ကြံ့သူတော်၊ သစ်ကုလားအုတ်၊ ရွှေသမင်၊ ချင်ပန်စီမျောက်ဝံ၊ ဆင်၊ မျောက်လွဲကျော်၊ ကြောင်တံငါ၊ မျောက်ညို၊ ဖျံ၊ ဂျီလှောင်(ယုန်သမင်)၊ ဒေါင်းစိမ်း၊ ဒေါင်းပြာ၊ မန်ဒါလီရိုင်း၊ ဒုံးစက်၊ ကတ်ဆိုဝါရီ၊ ကြိုးကြာ၊ ကြယ်လိပ်တို့ကို အများပြည်သူလေ့လာနိုင်ရန် ပြသထားသည်။

မကြာသေးမီကာလအတွင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ ရှားပါးမျိုးနွယ်ဝင် ကျားဖြူတစ်ကောင်၊ သစ်ကုလားအုတ်တစ်ကောင်နှင့် အမေဇုန်တောမှ အယ်လ်ပိုင်းမား ငါးတို့ကို အသစ်ထည့်သွင်းပြထားပြီး ရေမြင်း၊ တောကြီးမြွေဟောက်တို့မှ သားပေါက်ထားကြောင်း သိရသည်။

EMG

တရုတ်နိုင်ငံသို့ သွယ်တန်းထားသည့် မြန်မာ-တရုတ် ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပွဲကျင်းပ

Sunday, 15 December 2013


ဖွံ့ဖြိုးတိုးတက်မှုနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆီသို့ခေါင်းစဉ်ဖြင့် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ သွယ်တန်းထားသော ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းမှာ မြန်မာ့လူ့အဖွဲ့အစည်းအား လိမ်ညာသွားသည့် စီမံကိန်းဖြစ်နေသည့်အပြင် အစိုးရမှလည်း လျစ်လျူရှုထားကြောင်း ဒေသခံများနှင့် ဥပဒေပညာရှင်များက ဒီဇင်ဘာ ၁၄ ရက်က ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် ကျင်းပခဲ့သည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုဆီသို့ ခေါင်းစဉ်ဖြင့် ရှင်းလင်းသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ယခင်စစ်အစိုးရလက်ထက်တွင် တရုတ်နိုင်ငံအစိုးရပိုင် ရေနံကော်ပိုရေးရှင်း (CNPC) မှ လုပ်ပိုင်ခွင့်ရရှိခဲ့သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းစီမံကိန်းသည် လက်ရှိအချိန်တွင် တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့များ စတင်ပို့လွှတ်နေပြီ ဖြစ်သည်။

"စီမံကိန်းလုပ်မယ်ဆိုတာ ဒေသခံတွေ ကြိုသိခဲ့ကြသလား။ ကိုယ့်လယ်ကွက်ထဲမှာ ဘူဒိုဇာကြီးဝင်ထိုးမှ သိခဲ့တာလား။ ပြီးတော့ ရန်ကုန်မှာရှိတဲ့ ဆီဆိုင်တွေမှာ ဖုန်းမပြောရ။ ဆေးလိပ်မသောက်ရဆိုတဲ့ အသိပညာပေးမှုတွေ လုပ်နေချိန်မှာ ပိုက်လိုင်းဖြတ်သန်းရာ ဒေသခံတွေက ပိုက်လိုင်းဘေးမှာ ချက်ပြုတ်စားသောက်နေတာမျိုးက ပွင့်လင်းမြင်သာမှုမရှိ။ အသိပညာပေးမှု မရှိခဲ့ဘူးဆိုတာကို ဖော်ပြနေပါတယ်။ ဒီလိုဖြစ်ရပ်မျိုးတွေကြောင့် ဒီပိုက်လိုင်းစီမံကိန်းကြီးက မြန်မာပြည်သူလူထု၊ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံးဟာ နစ်နာမှုများစွာ ကြုံတွေ့ခဲ့ရပြီး လိမ်ညာမှုခံခဲ့ရသလို အစိုးရကလည်း ဒေသခံတွေ နစ်နာမှုတွေကို လျစ်လျူရှုထားတဲ့ အနေအထားတွေနဲ့ ရင်ဆိုင်နေရပါတယ်" ဟု တရားလွှတ်တော်ရှေ့နေ ဦးဟန်ရှင်ဝင်းက ပြောကြားသည်။

မြန်မာ-တရုတ်ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပြဿနာများအပေါ် အစိုးရအနေနှင့် ၁၉၇၅ နိုင်ငံသား အခွင့်အရေး ကာကွယ်ပေးသည့်ဥပဒေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ ၂၀၁၂ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး ဥပဒေ စသည့်ဥပဒေများဖြင့် ကူညီစောင့်ရှောက်ပေးမှု အားနည်းနေကြောင်း ဦးဟန်ရှင်ဝင်းက ဆက်လက်ပြောကြားခဲ့ပြီး လက်ရှိပြဿနာများတွင်လည်း လယ်ယာမြေအသိမ်းခံရသည့် လယ်သမားများကိုသာ တရားစွဲဆိုခံနေရပြီး မူလလက်ငုတ် လယ်ယာမြေပိုင်ရှင်များမှာ စီမံကိန်းကြောင့် နစ်နာနေမှုများအား တရားစွဲဆိုနိုင်မှုမရှိ ဖြစ်နေကြောင်း ဝေဖန်ပြောကြားခဲ့သည်။

"ကျွန်တော်နေတဲ့ ဆုံကုန်းရွာမှာဆိုရင် ပိတောက်မြိုင်ရပ်ကွက်ကနေ အိမ်ဝိုင်း ၁၈ ၀ိုင်းကိုဖျက်တော့ လျော်ကြေး ကျပ် ၃၀၀၀၀ ကျော်ပဲရတယ်။ ဒီအိမ်ဝိုင်းမှာ နေလို့လည်းမရတော့ဘူး။ သူတို့လျော်တဲ့ငွေနဲ့ နောက်တစ်ဝိုင်းလည်း ၀ယ်လို့မရပါဘူး။ နောက်ပြီးတော့ လယ်ယာမြေသိမ်းတဲ့ ပြဿနာတွေမှာဆိုလည်း တရုတ်က လယ်သိမ်းခံရတဲ့ လယ်သမားတွေက တစ်ဧကကို မြန်မာငွေကျပ်သိန်း ၃၀၀ ရနေချိန်မှာ မြန်မာလယ်သမားတွေက အမြင့်ဆုံးကျပ်သိန်း ၁၃၀ ကနေ အနိမ့်ဆုံးကျပ် ရှစ်သိန်းပဲ ရနေတာမျိုး မမျှတမှုတွေ ဖြေရှင်းပေးဖို့လိုပါတယ်"ဟု မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၊ ဆုံကုန်းကျေးရွာနေ ဆလိုင်းရွှေလေးက ဆိုသည်။

မြန်မာ-တရုတ် ရေနံပိုက်လိုင်းဖြတ်သန်းရာ ငဖဲမြို့နယ်အတွင်းရှိ ဒေသခံ ၃၀၀ ကျော်ခန့်မှာလည်း မြေယာလျော်ကြေးများ ရရှိမှုဖြေရှင်းပေးမှုမရှိ ဖြစ်နေကြောင်း အဆိုပါသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသူ ဒေသခံများက တညီတညွတ်ပြောကြားသည်။

"ဒီစီမံကိန်းကြောင့် မင်းဘူး-အမ်းလမ်းပေါ်က ရေထွက်ပေါက်တွေ ပျက်စီးသွားတယ်။ ဒီရေထွက်ပေါက်တွေ ပျက်စီးသွားရင် အနောက်ရိုးမကြီးတစ်ခုလုံး ပျက်စီးသွားနိုင်သလို တောင်ပေါ်မှာနေကြတဲ့ အရှိုချင်းလူမျိုးတွေလည်း နေစရာ ရွာပျောက်သွားမယ်" ဟု ဧရာဝတီမြစ် အနောက်ဘက် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဦးသန့်စင်က ဆိုသည်။

မြေယာလျော်ကြေးများကို အကြောင်းပြု၍ ဒေသခံအာဏာပိုင်များနှင့် မြေတိုင်းစာရေးများ အကျိုးအမြတ်များစွာ ရရှိခြင်းမှာ ပိုက်လိုင်းဖြတ်သန်းရာ မြို့နယ် ၂၁မြို့နယ်၏ ဒေသအချို့တွင် ဖြစ်ပေါ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက ပြောကြားခဲ့သည်။

EMG

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာနှစ်ထက် သုံးဘီလျံကျော် ပိုမိုကုန်သွယ်ခဲ့

Sunday, 15 December 2013


ပင်လယ်ရေကြောင်းကုန်သွယ်မှုဆောင်ရွက်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် ဒီဇင်ဘာ ၆ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅၉၂၂ ဒသမ ၃၃၆ သန်း(၁၅ ဘီလျံကျော်) ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလတွင် ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၂၆၅ ဒသမ ၇၉၈ သန်းသာ ရရှိခဲ့သဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၅၆ ဒသမ ၅၃၈ သန်း (သုံးဘီလျံကျော်) တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ၂၀ ရာခိုင်နှုန်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်းသစ်၊ သစ်မာ၊ သတ္တုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘယ်လ်ဂျီယမ်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ စပိန်၊ ထိုင်း၊ ယူကေ၊ အမေရိကန်၊ ဗီယက်နမ်စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျှက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းသွားသည့်အတွက်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် တိုးတက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG

တရုတ်၏လွှမ်းမိုးမှုကို ကန့်သတ်ရန် မြန်မာအား အကူအညီထပ်မံပေးမည့် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေး တိုကျိုမြို့၌ ယနေ့ပြုလုပ်မည်

Sunday, 15 December 2013



တိုကျိုမြို့တွင် ဒီဇင်ဘာ ၁၄ ရက်က ပြုလုပ်သော (၅)ကြိမ်မြောက် ဂျပန်-မဲခေါင်ထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက အဖွင့်မိန့်ခွန်း ပြောကြားစဉ်

နှစ် (၄၀) ပြည့် အာဆီယံ-ဂျပန် အထိမ်းအမှတ်ထိပ်သီးအစည်းအဝေးနှင့် ဂျပန်-မဲခေါင် ထိပ်သီးအစည်းအဝေးများ တက်ရောက်ရန် ဂျပန်နိုင်ငံသို့ရောက်ရှိနေသော သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့၏ မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့၌ ဒီဇင်ဘာ ၁၅ ရက်ယနေ့တွင် ပြုလုပ်မည်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးကို တိုကျိုမြို့ရှိ ဂျပန်ဝန်ကြီးချုပ်ရုံး၌ ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၄၅ မိနစ်တွင် စတင်ပြုလုပ်ရန် စီစဉ်ထားသည်။

အဆိုပါထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်မှုနှစ် (၆၀)ပြည့်မည့် ၂၀၁၄ ခုနှစ်အတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဆောင်ရွက်နေမှုများတွင် ဂျပန်က ထောက်ခံရေး၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရာတွင် ဥပဒေခိုင်မာစေရေး၊ ကျန်းမာရေးနှင့် ဆေးပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး စသည့်အကြောင်းအရာလေးရပ်ကို နှစ်နိုင်ငံခေါင်းဆောင်များက ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

ထို့ပြင် ထားဝယ်အထူးစီးပွားရေးဇုန်တွင် ဂျပန်နိုင်ငံက လာရောက်ရင်းနှီးမြှုပ်နှံရေးအတွက်လည်း ဆွေးနွေးသွားဖွယ်ရှိကြောင်း သိရသည်။

တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး ကူညီသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ဖော်ပြောကြား . . .


အဆိုပါထိပ်သီးအစည်းအဝေးတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြန်မာနိုင်ငံ၏ အခြေခံအဆောက်အအုံကဏ္ဍ တိုးတက်ရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၈၅ (ယန်း ဘီလျံ ၆၀)ကို ချေးငွေအဖြစ်ကူညီရေး ထုတ်ဖော်ပြောကြားဖွယ်ရှိကြောင်းလည်း ဂျပန်မီဒီယာများက ဖော်ပြခဲ့သည်။

ထိုသို့ ကူညီရခြင်းမှာ မြန်မာနိုင်ငံအပေါ် တရုတ်၏လွှမ်းမိုးမှုကို ကန့်သတ်ရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်စီးပွားရေးလုပ်ငန်းများ လာရောက်ရင်းနှီးမြှုပ်နှံရေးကို ကူညီရန်ဖြစ်ကြောင်း သိရသည်။

တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (အိုဒီအေ)မှတစ်ဆင့် မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံကဏ္ဍဖွံ့ဖြိုးရေး ကူညီသွားမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လိုကြောင်း ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ထုတ်ဖော်ပြောကြားထားသည်။

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် နှစ်ပေါင်း ၃၆ နှစ်အတွင်း ဂျပန်ဝန်ကြီးချုပ်တစ်ဦး၏ မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီးအဖြစ် ပြီးခဲ့သည့်မေလက သုံးရက်တာ လာရောက်ခဲ့သည်။

သမ္မတဦးသိန်းစိန်သည် ၂၀၁၂ ခုနှစ် ဧပြီလက ဂျပန်နိုင်ငံ၌ ပြုလုပ်သည့် ဂျပန်- မဲခေါင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးနှင့် မြန်မာ-ဂျပန် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ဂျပန်အစိုးရမှ လူ့စွမ်းအား ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပညာသင်ဆုပေးရေး စီမံချက်အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာ၊ သီလ၀ါအထူးစီးပွားရေးဇုန် ပင်မစီမံကိန်းဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်မှုအပေါ် ရည်ရွယ်သည့် စာချွန်လွှာနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဒီရေတောများ ပြန်လည်ထူထောင်ရေးအတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အကူအညီပေးရေးဆိုင်ရာ စာချွန်လွှာတို့ကို လက်မှတ်ရေးထိုးခဲ့သည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ ၂၀၁၁ ခုနှစ် မတ်လတွင် တက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကို အကောင်အထည်ဖော်လာ၍ ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့တွင် ကူညီထောက်ပံ့မှုများကို ပိုမိုပြုလုပ်လာခဲ့သည်။ ထို့ပြင်မြန်မာနိုင်ငံက ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီများကိုလည်း လျှော်ပစ်ခဲ့သည်။

တရုတ်နိုင်ငံသည် ပြီးခဲ့သည့် စစ်အစိုးရလက်ထက်က မြန်မာနိုင်ငံကို ကမ္ဘာ့ဇာတ်ခုံအလယ်တွင် အကာအကွယ်ပေးခဲ့၍ မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍတွင် အခြားနိုင်ငံများထက် လက်ဦးမှုရယူနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် လက်ရှိလည်း မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။

အလားတူ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် (၂၇)ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲဖွင့်ပွဲ၊ ပိတ်ပွဲအတွက်လည်း တရုတ်နိုင်ငံက နည်းပညာအကူအညီများပေးခဲ့ပြီး ပြိုင်ပွဲမတိုင်မီ တရုတ်နည်းပြ ၂၀ ကျော်ကို မြန်မာနိုင်ငံသို့ စေလွှတ်ပြီး မြန်မာအားကစားသမားများအား လေ့ကျင့်သင်ကြားပေးသလို မြန်မာအားကစားသမား ၁၇၀ ကျော်ကိုလည်း တရုတ်နိုင်ငံသို့ ဖိတ်ခေါ်၍ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

EMG

ရေထွက်ကုန်ပြည်ပတင်ပို့မှုတွင် နယ်စပ်ကုန်သွယ်တင်ပို့မှုမှာ နိုင်ငံခြားဝင်ငွေ ရရှိမှုများနေပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအပိုင်း၌ လျော့နည်းလျှက်ရှိ

Sunday, 15 December 2013



ပြည်ပတင်ပို့မည့် ရေထွက်ကုန်များ ပြုပြင်ထုတ်လုပ်နေစဉ်

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်တင်ပို့မှုမှာ ပို့ကုန်ဝင် ရရှိမှုများနေပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအပိုင်းတွင် လျော့နည်းလျှက်ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ယခု ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်၏ ပြည်ပသို့ နယ်စပ်ကုန်သွယ်တင်ပို့မှုအနေဖြင့် တင်ပို့ရာတွင် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့ထားနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၁၉၅ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအနေဖြင့်တင်ပို့ရာတွင် ယခုဘဏ္ဍာရေးနှစ်၌ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရရှိရန် လျာထားသော်လည်း လက်ရှိဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုအပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော်သာ ရရှိထားသေးပြီး လျာထားချက်နှင့် နှိုင်းယှဉ်လျှင် ပို့ကုန်ဝင်ငွေရရှိမှုအပိုင်းတွင် များစွာလျော့နည်းလျှက်ရှိကြောင်း သိရသည်။

ရေထွက်ကုန်တင်ပို့မှုတွင် ယခုဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း၌ နိုင်ငံခြားဝင်ငွေ ရရှိမှုအပိုင်း၌ နယ်စပ်ကုန်သွယ်တင်ပို့မှုသည် ပုံမှန်ကုန်သွယ်တင်ပို့မှုထက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ပိုမိုရရှိထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့ရာ၌ စုစုပေါင်းနိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း၌ စုစုပေါင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး နိုင်ခြားဝင်ငွေ ရရှိမှုအပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော်သာ ရရှိထားကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ပြည်ပသို့ရေထွက်ကုန် တင်ပို့ရရှိမှု နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၀ ရရှိရန် လျာထားသော်လည်း ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် အမေရိကန်ဒေါ် သန်း ၅၀၀ ကျော်သာ ရရှိနိုင်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

EMG

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ရရှိခဲ့ပြီး သွင်းကုန်ထက် ပို့ကုန်တင်ပို့မှု ပိုမိုများပြား

Sunday, 15 December 2013


နယ်စပ်ကုန်သွယ်မှုပမာဏ အများဆုံးရရှိသည့် မူဆယ်နယ်စပ်ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-နီလာ)

နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်ရာတွင် ၂၀၁၃- ၂၀၁၄ ဘဏ္ဍာရေးနှစ် ဒီဇင်ဘာ ၆ ရက်အထိ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုံးဘီလျံကျော်ရရှိခဲ့ပြီး သွင်းကုန်တင်သွင်းမှုထက် ပို့ကုန်တင်ပို့မှု ပိုမိုများပြားခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။

တရုတ်၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် စသည့်အိမ်နီးချင်းနိုင်ငံ လေးနိုင်ငံနှင့် ကုန်သွယ်မှုကို နယ်စပ်ကုန်သွယ်ရေးစခန်း ၁၅ ခုမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ နယ်စပ်ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃၂၈၄ ဒသမ ၃၀၁ သန်းရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၂၂၈၄ ဒသမ ၂၀၉ သန်းသာ ရရှိခဲ့သဖြင့် ယခုနှစ်ကုန်သွယ်မှုပမာဏမှာ ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ တစ်ဘီလျံကျော် ပိုမိုရရှိခဲ့ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုကို မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ လွယ်ဂျယ်၊ ကန်ပိုက်တီး၊ ချင်းရွှေဟော်၊ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် တာချီလိတ်၊ မြ၀တီ၊ ကော့သောင်း၊ မြိတ်၊ နဘုလယ်၊ ထီးခီး၊ မောတောင်၊ မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် တမူး၊ ရိဒ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းများဖြစ်သည့် စစ်တွေ၊ မောင်တောစခန်းများမှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နယ်စပ်ကုန်သွယ်မှုပမာဏ၏ ထက်ဝက်ကျော်ကို တရုတ်နှင့်ကုန်သွယ်မှုမှ ရရှိခဲ့ခြင်းဖြစ်ပြီး ထိုင်းနှင့်ကုန်သွယ်မှုမှာ ဒုတိယအများဆုံးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျှက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုထားပြီးဖြစ်ကြောင်း သိရသည်။

အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်ရေး ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ထိုင်း၊ တရုတ်နယ်စပ်များတွင် ကုန်သွယ်ရေးစခန်းများ ထပ်မံဖွင့်လှစ်နိုင်ရန် လျာထားဆောင်ရွက်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ထပ်မံဖွင့်လှစ်ရန် လျာထားသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ မြန်မာ-တရုတ်နယ်စပ်တွင် မိုင်းလားနယ်စပ် ကုန်သွယ်ရေးစခန်း၊ မြန်မာ-ထိုင်းနယ်စပ်တွင် မယ်စဲ့ ကုန်သွယ်ရေးစခန်း၊ ဘုရားသုံးဆူ ကုန်သွယ်ရေးစခန်း၊ ပုံပါကျင် နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်ကြောင်း သိရသည်။

EMG

ဂျပန်-အာဆီယံထိပ်သီး အစည်းအဝေးပွဲကို ဒီဇင်ဘာ ၁၄ ရက်တွင် ကျင်းပခဲ့ပြီး လေကြောင်းနှင့်ရေကြောင်း လွတ်လပ်လုံခြုံစွာ သွားလာနိုင်ရေးအပါအ၀င် အချက် ၁၇ ချက်ကို ပူးတွဲကြေညာချက်အဖြစ် ထုတ်ပြန်


 Sunday, 15 December 2013


ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ရိပ်သာ၌ ပြုလုပ်ခဲ့သော ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးပွဲတွင် ခေါင်းဆောင်များကို တွေ့ရစဉ်

ဂျပန်-အာဆီယံ အနှစ် ၄၀ ပြည့်အထိမ်းအမှတ်အဖြစ် ထိပ်သီးအစည်းအဝေးပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ နိုင်ငံတော်ဧည့်ရိပ်သာတွင် ဒီဇင်ဘာ ၁၄ ရက်က ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးအပြီးတွင် လေကြောင်းနှင့် ရေကြောင်း လွတ်လပ်လုံခြုံစွာ သွားလာနိုင်ရေးအပါအ၀င် အချက် ၁၇ ချက်ပါဝင်သည့် ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

နိုင်ငံတော်ဧည့်ရိပ်သာတွင် ကျင်းပပြုလုပ်ခဲ့သည့် ထိပ်သီးအစည်းအဝေးပွဲကို ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့်အတူ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်အပါအ၀င် အာဆီယံနိုင်ငံများမှ ခေါင်းဆောင်များစုံလင်စွာ တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံတစ်နိုင်ငံသာ ပြည်တွင်းရေး အခြေအနေများကြောင့် ဒုတိယ၀န်ကြီးချုပ်သာ တက်ရောက်နိုင်ခဲ့သည်။

နံနက် ၁၀ နာရီအချိန်မှ စတင်ခဲ့သော ထိပ်သီအစည်းအဝေးသည် နေ့လယ် ၂ နာရီ ခွဲအချိန်ခန့်တွင် ပြီးဆုံးသွားခဲ့ပြီး ညနေ ၄ နာရီအချိန်တွင် မီဒီယာများသို့ ပူးတွဲကြေညာချက်များကို ဂျပန်ဝန်ကြီးချုပ်နှင့် လက်ရှိ အာဆီယံဥက္ကဋ္ဌ ဘရူးနိုင်းနိုင်ငံဘုရင်တို့က ကြေညာခဲ့သည်။ စုစုပေါင်းအချက် ၁၇ ချက်ပါဝင်သော ပူးတွဲကြေညာချက်တွင် လေကြောင်းနှင့် ရေကြောင်းလုံခြုံစိတ်ချစွာ သွားလာနိုင်ရေးနှင့်ပတ်သက်၍ အထူးအလေးပေး ထည့်သွင်းပြောဆိုခဲ့ပြီး အာဆီယံနိုင်ငံများသို့ ဂျပန်မှ တိုးမြှင့်ထောက်ပံ့မည့် အစီအစဉ်ကိုလည်း ထည့်သွင်းကြေညာခဲ့သည်။

တရုတ်နိုင်ငံ၏ လေကြောင်းကာကွယ်ရေးဇုန်အသစ် သတ်မှတ်မှုကြောင့် မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ဂျပန်-တရုတ် တင်းမာမှုများကြောင့် ယခုထိပ်သီးအစည်းအဝေးပွဲတွင် ထိုအကြောင်းအရာပင် လွှမ်းမိုးသွားဖွယ်ရှိကြောင်း ခန့်မှန်းမှုများရှိခဲ့သည့်အတိုင်းပင် ဂျပန်နိုင်ငံဘက်က လေကြောင်းနှင့်ရေကြောင်း လွတ်လပ်လုံခြုံစွာ သွားလာနိုင်ရေးကိစ္စကို အထူးအလေးပေး ထည့်သွင်းခဲ့သည်။ ကြေညာချက်တွင် ဖော်ပြထားရာ၌ ဂျပန်နှင့် အာဆီယံနိုင်ငံများသည် လွတ်လပ်စွာ ပျံသန်းခွင့်နှင့် လေကြောင်းလုံခြုံမှုတို့ကို နိုင်ငံတကာက လက်ခံထားသည့် ဥပဒေများအတိုင်းသာဖြစ်စေရန် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားခဲ့သည်။

"ဂျပန်နဲ့ အာဆီယံနိုင်ငံတွေအနေနဲ့ ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေနိုင်တဲ့ ဘယ်လိုရေကြောင်း၊ လေကြောင်းတစ်ဖက် သတ်မှတ်ကြေညာမှုမျိုးကိုမှ လက်မခံနိုင်ဘူးဆိုတာကို အလေးအနက်ပြောလိုပါတယ်"ဟု ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် ပူးတွဲကြေညာချက်တွင် ဂျပန်နိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများသို့ ဂျပန် ယန်း ၂ ထရီလျံ အကူအညီပေးမည်ဖြစ်ကြောင်းနှင့် ဂျပန်-အာဆီယံအသိုက်အ၀န်း ရန်ပုံငွေအတွက်လည်း ဂျပန်ဒေါ်လာသန်း ၁၀၀ ထည့်ဝင်မည် ဖြစ်ကြောင်းကိုပါ ပူးတွဲသတင်းစာရှင်းလင်းပွဲ ၀န်ကြီးချုပ် အာဘေးက ထည့်သွင်းပြောကြားခဲ့သည်။

ပူးတွဲကြေညာချက်တွင် ဒေသတွင်း ဖွံ့ဖြိုးရေး၊ ကိုရီးယားကျွန်းဆွယ်အရေး၊ အမျိုးသမီးများ အခွင့်အရေး၊ ထောင်စုနှစ်ရည်မှန်းချက်၊ ရာသီဥတုပြောင်းလဲမှု၊ လူ့သားချင်း စာနာထောက်ထားမှု အကူအညီနှင့် သဘာဝ ဘေးအန္တရာယ်လျော့ပါးရေး၊ သဘာဝသယံဇာတများ စနစ်တကျသုံးစွဲရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ အရှေ့အလယ်ပိုင်းအရေး၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းရေးတို့ကိုလည်း ထည့်သွင်းထုတ်ပြန်ခဲ့ပြီး ၀န်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရ၏ Proactive Contri- bution to Peace ဆိုသည့်အစီအစဉ်ကိုလည်း အာဆီယံခေါင်းဆောင်များက သဘောတူညီခဲ့ကြသည်ဟု သိရသည်။

EMG

မြန်မာနှင့် ဗီယက်နမ် အမျိုးသမီးဘောလုံးပွဲလက်မှတ်ကို ထောင်နှင့်ချီသောပရိသတ်များ နာရီပေါင်းများစွာ ခက်ခက်ခဲခဲ တိုးဝှေ့ဝယ်ယူနေရ

Sunday, 15 December 2013


ဒီဇင်ဘာ ၁၄ ရက် နံနက်ပိုင်းက ဗထူးအားကစားကွင်း၌ လက်မှတ်ဝယ်ယူရန် တိုးဝှေ့နေကြသော ဘောလုံးပရိသတ်များအား တွေ့ရစဉ်

(၂၇)ကြိမ်မြောက် ဆီဂိမ်းစ်ပြိုင်ပွဲအဖြစ် မန္တလေးမြို့တွင် ကျင်းပလျက်ရှိသော အမျိုးသမီးဘောလုံးပြိုင်ပွဲများအတွင်း မြန်မာနှင့် ဗီယက်နမ်ဘောလုံးပွဲလက်မှတ်ကို ထောင်နှင့်ချီသော ပရိသတ်များ နာရီပေါင်းများစွာ ခက်ခက်ခဲခဲ တိုးဝှေ့ဝယ်ယူရလျက်ရှိကြောင်းသိရသည်။

မြန်မာနှင့် ဗီယက်နမ် ဘောလုံးပွဲ လက်မှတ်များကို ဒီဇင်ဘာ ၁၄ ရက် နံနက် ၉ နာရီက မန္တလေးမြို့၊ ဗထူးအားကစားကွင်း နှင့် သဇင်လမ်း၊ ၆၈ လမ်းနှင့် ၇၃လမ်းကြားရှိ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) တို့တွင် စတင်ရောင်းချပေးလျက်ရှိရာ လာရောက်ဝယ်ယူသူများခဲ့ပြီး ထောင်နှင့်ချီသော လက်မှတ်ဝယ်ယူသူ ပရိသတ်များ အနေဖြင့် နာရီပေါင်းများစွာ တိုးဝှေ့ဝယ်ယူခဲ့ကြသော်လည်း လက်မှတ်မရရှိဘဲ လှည့်ပြန်ခဲ့ရကြာင်း သိရသည်။

" လက်မှတ်ဝယ်ဖို့ မနက် ၆ နာရီ ကတည်းက လာစောင့်နေတာ။ အစပိုင်းတော့ တန်းစီနေရာကနေ တဖြည်းဖြည်း လူအုပ်ကြီးဖြစ်လာပြီး တိုးဝှေ့ကုန်ကြတာ။ တစ်ချို့ အမျိုးသမီးတွေဆို လူအုပ်ထဲတိုးရင်း အသက်ရှူကျပ်ပြီး မူးလဲကျသွားတယ်။ လုံခြုံရေးရဲတွေ ကိုယ်တိုင် လူအုပ်ကိုဝင်ထိန်းပြီး လက်မှတ်ပေါက်ကနေ ၀ယ်ပေးနေရတာ။ လက်မှတ်ပေါက်နဲ့ နီးတဲ့လူကို အဝေးမှာရှိတဲ့သူတွေက ပိုက်ဆံတွေစုပေးပြီးဝယ်ခိုင်းတဲ့ အချိန်လက်မှတ်ကုန်သွားပြီဆိုတော့ ပိုက်ဆံလည်းပြန်မရ လက်မှတ်လည်းမရတဲ့သူ တွေလည်းရှိတယ် " ဟု ဗထူးကွင်း၌ လက်မှတ်ဝယ်ယူသူ လူငယ်တစ်ဦးက ဆိုသည်။

ငွေကျပ်တစ်ထောင်ဖြင့် တိုးဝှေ့ဝယ်ယူရရှိခဲ့သော လက်မှတ်များကို တန်းစီစောင့်ဆိုင်းနေသူများအား ကျပ်တစ်သောင်းဖြင့် ပြန်လည်ရောင်းချမှုများ ရှိကြောင်းသိရသည်။ " အား/ကာသိပ္ပံမှာ မနက် ၃ နာရီ လောက်ကတည်း လက်မှတ်ဝယ်ဖို့စောင့်နေကြတာ။ လက်မှတ်စရောင်းပြီး နာရီဝက်လောက်ကြာတော့ ကုန်သွားပြီပြောလို့ တန်းစီစောင့်နေတဲ့သူတွေ မကျေမနပ်ဖြစ်ပြီး အုတ်တံတိုင်းကျော်ဝင်ကြတာ။ လူမှုရေးဝန်ကြီးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေပါဝင်ရောက် ဖြေရှင်းပေးရတယ် " ဟု မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးရုံးမှ အရာရှိတစ်ဦးက ပြောကြားသည်။

EMG

Related Posts Plugin for WordPress, Blogger...