Sunday, December 15, 2013

ရေထွက်ကုန်ပြည်ပတင်ပို့မှုတွင် နယ်စပ်ကုန်သွယ်တင်ပို့မှုမှာ နိုင်ငံခြားဝင်ငွေ ရရှိမှုများနေပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအပိုင်း၌ လျော့နည်းလျှက်ရှိ

Sunday, 15 December 2013



ပြည်ပတင်ပို့မည့် ရေထွက်ကုန်များ ပြုပြင်ထုတ်လုပ်နေစဉ်

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်တင်ပို့မှုမှာ ပို့ကုန်ဝင် ရရှိမှုများနေပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအပိုင်းတွင် လျော့နည်းလျှက်ရှိကြောင်း မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၏ သတင်းအချက်အလက်များအရ သိရသည်။

ယခု ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်၏ ပြည်ပသို့ နယ်စပ်ကုန်သွယ်တင်ပို့မှုအနေဖြင့် တင်ပို့ရာတွင် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၂၆၀ ရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် ၁၂၀၀၀၀ ကျော်တင်ပို့ထားနိုင်ခဲ့ပြီး နိုင်ငံခြားဝင်ငွေရရှိမှုမှာ အမေရိကန်ဒေါ်လာ ၁၉၅ သန်းကျော် ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး ပုံမှန်ကုန်သွယ်တင်ပို့မှုအနေဖြင့်တင်ပို့ရာတွင် ယခုဘဏ္ဍာရေးနှစ်၌ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၄၄၀ ရရှိရန် လျာထားသော်လည်း လက်ရှိဘဏ္ဍာရေးနှစ်၏ ကိုးလတာကာလအတွင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် တစ်သိန်းကျော်သာ တင်ပို့ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေ ရရှိမှုအပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၁၇၀ ကျော်သာ ရရှိထားသေးပြီး လျာထားချက်နှင့် နှိုင်းယှဉ်လျှင် ပို့ကုန်ဝင်ငွေရရှိမှုအပိုင်းတွင် များစွာလျော့နည်းလျှက်ရှိကြောင်း သိရသည်။

ရေထွက်ကုန်တင်ပို့မှုတွင် ယခုဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း၌ နိုင်ငံခြားဝင်ငွေ ရရှိမှုအပိုင်း၌ နယ်စပ်ကုန်သွယ်တင်ပို့မှုသည် ပုံမှန်ကုန်သွယ်တင်ပို့မှုထက် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၆ သန်းကျော် ပိုမိုရရှိထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရေထွက်ကုန်များ တင်ပို့ရာ၌ စုစုပေါင်းနိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရန် လျာထားပြီး လက်ရှိဘဏ္ဍာနှစ်၏ ကိုးလတာကာလအတွင်း၌ စုစုပေါင်း ရေထွက်ကုန် မက်ထရစ်တန်ချိန် ၂၂၀၀၀၀ ကျော်တင်ပို့နိုင်ခဲ့ပြီး နိုင်ခြားဝင်ငွေ ရရှိမှုအပိုင်းတွင် အမေရိကန်ဒေါ်လာ သန်း ၃၇၀ ကျော်သာ ရရှိထားကြောင်း သိရသည်။

ယခုဘဏ္ဍာရေးနှစ် ပြည်ပသို့ရေထွက်ကုန် တင်ပို့ရရှိမှု နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၀၀ ရရှိရန် လျာထားသော်လည်း ဘဏ္ဍာနှစ်တစ်နှစ်လုံးတွင် အမေရိကန်ဒေါ် သန်း ၅၀၀ ကျော်သာ ရရှိနိုင်ကြောင်း ငါးမွေးမြူရေးလုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းထားသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...