Sunday, December 15, 2013

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာနှစ်ထက် သုံးဘီလျံကျော် ပိုမိုကုန်သွယ်ခဲ့

Sunday, 15 December 2013


ပင်လယ်ရေကြောင်းကုန်သွယ်မှုဆောင်ရွက်သည့် ဗိုလ်အောင်ကျော်ဆိပ်ကမ်းအား တွေ့ရစဉ်

၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅ ဘီလျံကျော်ရှိလာပြီး ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ် ဒီဇင်ဘာ ၆ ရက်အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှုများမှ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၅၉၂၂ ဒသမ ၃၃၆ သန်း(၁၅ ဘီလျံကျော်) ရရှိခဲ့ပြီး ယခင်ဘဏ္ဍာရေးနှစ် အလားတူကာလတွင် ရရှိခဲ့သည့် ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂၂၆၅ ဒသမ ၇၉၈ သန်းသာ ရရှိခဲ့သဖြင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၃၆၅၆ ဒသမ ၅၃၈ သန်း (သုံးဘီလျံကျော်) တိုးတက်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

လက်ရှိဘဏ္ဍာရေးနှစ်အတွက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာ ၂၅ ဘီလျံကျော်ရရှိရန် လျာထားပြီး နယ်စပ်ကုန်သွယ်မှုမှ ၂၀ ရာခိုင်နှုန်းနှင့် ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ၈၀ ရာခိုင်နှုန်း ကုန်သွယ်မှု ပြုလုပ်နိုင်ရန် လျာထားကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိကပို့ကုန်များဖြစ်သည့် ဆန်၊ ပြောင်း၊ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ နှမ်း၊ ရော်ဘာ၊ ရေထွက်ကုန်၊ ကျွန်းသစ်၊ သစ်မာ၊ သတ္တုရိုင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်စိမ်း၊ ချုပ်ပြီးအထည်များကို တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ သြစတြေးလျ၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘယ်လ်ဂျီယမ်၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ ကိုရီးယား၊ မလေးရှား၊ ပါကစ္စတန်၊ ဖိလစ်ပိုင်၊ ရုရှား၊ ဆော်ဒီအာရေဗျ၊ စင်ကာပူ၊ စပိန်၊ ထိုင်း၊ ယူကေ၊ အမေရိကန်၊ ဗီယက်နမ်စသည့်နိုင်ငံများသို့ တင်ပို့ခဲ့ကြောင်း ဗဟိုစာရင်းအင်းအဖွဲ့၏ ထုတ်ပြန်သည့်စာရင်းများအရ သိရသည်။

ကုန်သွယ်မှုဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်များ၊ တိရစ္ဆာန်ထွက်ပစ္စည်းများ၊ သတ္တုတွင်းထွက်များ၊ သစ်တောထွက်ကုန်များ၊ စက်မှုကုန်ချောများ တင်ပို့ခဲ့ပြီး အိမ်နီးချင်းနိုင်ငံများမှ လူသုံးကုန်ပစ္စည်း ၊ လုပ်ငန်းသုံးကုန်ကြမ်းများ၊ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများကို မြန်မာနိုင်ငံသို့ တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံနှင့် ဆက်စပ်လျှက်ရှိသော အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်နိုင်ရန် မြန်မာ-အိန္ဒိယ၊ မြန်မာ-ထိုင်း၊ မြန်မာ-တရုတ်၊ မြန်မာ-ဘင်္ဂလားဒေ့ရှ်တို့ နယ်စပ်ကုန်သွယ်ရေးစာချုပ်များ ချုပ်ဆိုဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

တရားမ၀င်ကုန်သွယ်မှုများ လျော့နည်းသွားသည့်အတွက်လည်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်အတွင်း ကုန်သွယ်မှုပမာဏမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် အမေရိကန်ဒေါ်လာ သုံးဘီလျံကျော် တိုးတက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...