Thursday, February 20, 2014

လူသတ်မှုစွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော ဗင်နီဇွဲလား အတိုက်အခံခေါင်းဆောင် အစိုးရထံအဖမ်းခံ


ဗင်နီဇွဲလားအစိုးရ၏ အတိုက်အခံခေါင်းဆောင် လီယိုပိုဒိုလိုပက်ဇ် ဖေဖော်ဝါရီ ၁၈ ရက်က ကရာကတ်တွင် ဆန္ဒပြနေစဉ် (Photo:AFP)


လူသတ်မှု၊ ဆူပူမှုဖြစ်ပွားရန် လှုံ့ဆော်မှုတို့ဖြင့် ဗင်နီဇွဲလားသမ္မတက ဖမ်းဆီးရန် အမိန့်ထုတ်ပြန်ထားသည့် အတိုက်အခံခေါင်းဆောင် လီယိုပိုဒိုလိုပက်ဇ်သည် ဖေဖော်ဝါရီ ၁၈ ရက်က မြို့တော်ကရာကတ်တွင် အာဏာပိုင်များထံ သွားရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။

ဗင်နီဇွဲလားကို ဆိုရှယ်လစ်တို့ ၁၅ နှစ်ကြာ အုပ်စိုးမှုကြောင့် ပျက်စီးမှုများကို မြင်တွေ့ရန် ပြည်သူတို့ကို မျက်စိဖွင့်ပေးနိုင်မည်ဆိုပါက ထောင်ကျခံရန် ကြောက်ရွံ့နေမည် မဟုတ်ကြောင်း အဖြူရောင်ရှပ်အင်္ကျီဝတ် ထောက်ခံဆန္ဒပြသူများကို လိုပက်ဇ်က အဖမ်းမခံမီ ပြောကြားခဲ့သည်။ ပန်းပွင့်ကိုဝှေ့ယမ်းပြီး ဆန္ဒပြလူစုကို ခွဲထွက်ကာ ရဲတပ်ဖွဲ့ထံ သွားရောက်အဖမ်းခံခဲ့သော လိုပက်ဇ်သည် ပြီးခဲ့သည့်တစ်ပတ်က အစိုးရလိုလားသူများနှင့် ဆန္ဒပြသူများအကြား ပဋိပက္ခအတွက် စွဲချက်များကို ရင်ဆိုင်ရမည်ဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက်က လိုပက်ဇ်ဦးဆောင်သော အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုပြီးနောက် ပေါ်ပေါက်ခဲ့သော မတည်ငြိမ်မှုများကြောင့် လူသုံးဦးသေဆုံးခဲ့ပြီးနောက် သမ္မတမာဒူရိုကလိုပက်ဇ်ကို လူသတ်မှုစွဲချက်ဖြင့် ဖမ်းဆီးရန် အမိန့်ထုတ်ထားသည်။ အသက် ၄၂ နှစ်အရွယ် လိုပက်ဇ်သည် ဟားဗတ်တက္ကသိုလ် ကနေဒီအုပ်ချုပ်ရေးကျောင်းမှ မဟာဘွဲ့ ရရှိထားသူဖြစ်ပြီး အစိုးရက ပြည်သူ့ရန်သူနံပါတ်တစ်အဖြစ် သတ်မှတ်ထားသူဖြစ်သည်။

လိုပက်ဇ်သည် ၂ဝဝဝ ပြည့်နှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း ကရာကက်လက်အောက်ခံ အုပ်ချုပ်ရေးနယ်ချာချောင်၏ မြို့တော်ဝန်အဖြစ် သက်တမ်းနှစ်ကြိမ် ထမ်းဆောင်ခဲ့ဖူးသည်။ ထိုစဉ်က ပြည်သူ့ဘဏ္ဍာ အလွဲသုံးစားမှုဖြင့် စွပ်စွဲခံခဲ့ရပြီး လိုပက်ဇ်က ချားဗက်ဇ်အစိုးရသည် နိုင်ငံရေးအရ ဖိနှိပ်ရန် စွပ်စွဲခဲ့ခြင်း ဖြစ်သည်ဟုဆိုကာ ယင်းစွပ်စွဲချက်များကို ပယ်ချခဲ့သည်။ လိုပက်ဇ်သည် ၂ဝဝ၉ ခုနှစ်တွင် လက်ယာအလယ်အလတ်ဝါဒီ ပြည်သူ့ဆန္ဒပါတီကို ထူထောင်ခဲ့ပြီး ယင်းပါတီသည် ဗင်နီဇွဲလားတွင် ချားဗက်ဇ်သေဆုံးပြီးနောက် ဆန္ဒပြမှုများကို ရှေ့တန်းမှ ဦးဆောင်ခဲ့သည့် ပါတီဖြစ်သည်။

ကျောင်းသားများနှင့် ရဲများအကြား ညစဉ်ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီးနောက် တစ်ပတ်အကြာတွင် အစိုးရက ဖမ်းဆီးမှုများ ဆောင်ရွက်ခဲ့ပြီး အမေရိကန် သံတမန်သုံးဦးကိုလည်း နှင်ထုတ်ခဲ့သည်။

ခြစားမှုများထူပြောပြီး လူနေမှုအရည်အသွေး ယိုယွင်းလာကြောင်း ဆန္ဒပြသူများက သမ္မတနီကိုလက်မာဒူရို၏ အစိုးရကို ဝေဖန်ထားသည်။ မာဒူရိုက ကရာကတ်ရှိ Plaza Brion တွင် ဆန္ဒပြမှုကို တားမြစ်ထားသော်လည်း လိုပက်ဇ်က ဆန္ဒပြကြရန် ဖေဖော်ဝါရီ ၁၆ ရက်က ဗီဒီယိုမက်ဆေ့ခ်ျမှတစ်ဆင့် တောင်းဆိုခဲ့ပြီး အစိုးရက ၎င်းကိုဖမ်းဆီးလျှင် အဖမ်းခံမည်ဟု ကတိပြုထားသည်။

Plaza Brion ဆန္ဒပြပွဲတွင် လိုပက်ဇ်က လူအုပ်အတွင်းမှ ရုတ်တရက် ပေါ်လာခဲ့ပြီး ဗင်နီဇွဲလားအလံကိုင်ကာ ကျူးဘားလွတ်လပ်ရေးသူရဲကောင်း ဟိုဆေးမာတီရုပ်တုအနီးသို့ တက်ရောက်သွားခဲ့သည်။ ထို့နောက် ထောက်ခံသူများကို စကားအနည်းငယ်ပြောပြီးနောက် လုံခြုံရေးတပ်ဖွဲ့များထံ အဖမ်းခံလိုက်ခြင်းဖြစ်သည်။

Ref:AFP

အဆစ်အမြစ်ရောင်နာ ပျောက်ဖို့ ရေကုထုံးနဲ့ ကုသမှုခံယူနေတဲ့ ၁၄နှစ်သား ကြောင်




အမေရိက South Coast Hydrotherapy School မှာ အိမ်မွေးတိရိစ္ဆာန်တွေအတွက် ရေကုထုံးနဲ့ ကုသပေးလျှက်ရှိပါတယ်။ ရေကုထုံးကို အများအားဖြင့်တော့ ခွေးတွေအတွက် ပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အဆစ်အမြစ်ရောင်နာ ဖြစ်နေတဲ့ ၁၄နှစ်သား ကြောင်ကို ရေကုထုံးနဲ့ ကုသခွင့် ပြုလိုက်ကြပါတယ်။ အဲ့ဒီကြောင်ဟာ အစပိုင်းမှာ မလိုလားဘဲ အင်တင်တင်ဖြစ်နေခဲ့ပေမဲ့ ခုတော့ ရေကူးကန်ထဲမှာ တဖျတ်ဖျတ်နဲ့ကို ကူးနေနိုင်ပါပြီ။

ခွေးတွေဟာ ရေကူးတာနဲ့ အကျွမ်းတ၀င်အရှိဆုံး အိမ်မွေးတိရိစ္ဆာန်တွေမို့လို့ ရေကူးရေကုထုံး စင်တာကို ခွေးတွေအတွက် ရည်ရွယ်ပြီးဖွင့်ထားခဲ့ပေမဲ့ ခု ၁၄နှစ်သားကြောင်ဟာ ရေကုထုံးနဲ့ အကျွမ်းတ၀င်ရှိသွားပြီး အဆစ်အမြစ်ရောင်နာ သက်သာတာကြောင့် နောက်ဆိုရင် ကြောင်တွေအတွက်ပါ ဖွင့်ဖို့ စီစဉ်နေကြပြီလို့ သိရပါတယ်။





Ref:dailymail.co.uk

အဆစ်နာ ဝေဒနာအတွက် အိမ်တွင်းကုသနည်း



အဆစ်နာ ဝေဒနာအတွက် ဆေးမြီးတို

နေ့စဉ် အိမ်တွင်း မီးဖိုချောင်တွင် သုံးစွဲသော ငရုတ်သီး အနီတောင့်၏ အဓိက ပါဝင်သော Capsic ဓာတ်အကြောင်းကို

ဆေးပညာ စာစောင်ပေါင်း များစွာ၌ သိပ္ပံပညာ စူးစမ်း လေ့လာမှု (၁၃၀၀)ထက် မနည်း ဖော်ပြ ပါရှိခဲ့ပါသည်။ သာမန် အရပ်သူများ အနေဖြင့် ငရုတ်သီး အနီတောင့်သည် အရိုးအဆစ် ဝေဒနာကို ပျောက်ကင်း စေသည် ဟူသော အဆိုကို သိပ္ပံသုတေသီ များက စာစောင်များတွင် ဆွေးနွေး ထောက်ခံ ထားပါသည်။

ဆေးပညာအရ ၄င်း Capsic** မှာ Tran s-8-Methyl-N-Vanilyl-6-None-Namide ဟူသော ဒြပ်တခု ဖြစ်ပါသည်။ ယင်းအရာဖြင့် အရေပြားကို ပွတ်ပေးလျှင် အဆစ်ထဲထိ ၀င်ရောက် သွားပြီး အရိုးထုများ ပျက်စီးခြင်းကို ကာကွယ်နိုင်သည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မခံမရပ် နိုင်အောင် နာကျင်သည့် ဝေဒနာများ ပျောက်ကင်းပြီး အဆစ်များ အထိုက်အလျောက် လှုပ်ရှားလာနိုင်သည်ဟု ဆိုပါသည်။

မီယာမီရှိ ဆေးကျောင်း ဆိုင်ရာ တက္ကသိုလ်များမှ ဆရာဝန်တစု၏ လေ့လာ တင်ပြချက်မှာ ၄င်း Capsic** သုံးစွဲသူ အဆစ် ဝေဒနာရှင် များသည် သုံးလအတွင်း အဆစ် ဝေဒနာများ ၈၀-ရာခိုင် နှုန်းခန့် သက်သာ ပျောက်ကင်း သည်ဟု ဆိုသည်။ ၄င်းဆေး မသုံးသူများမှာ ၅၀-၅၅ ရာခိုင် နှုန်းသာ သက်သာ သည်ဟု ဆိုသည်။ သို့သော်လည်း ငရုတ်သီး အနီမှ ထုတ်ထားသော လိမ်းဆေးကို ဘယ်ဆေးဆိုင် တွင်မှ ရှာ၍ရနိုင်မည် မဟုတ်ပါ။

မိမိတို့ဘာသာ အောက်ဖော်ပြပါ အတိုင်း ဆေးမြီးတိုလုပ်၍ သုံးစွဲကြည့်ပါ။

ပါဝင်ရမည့် ပစ္စည်းများမှာ-

၁။ ငရုတ်သီး အနီတောင့်ကို အစေ့များ မဖယ်ဘဲ စားပွဲဇွန်း ၁၅-ဇွန်းခန့် လှီးထားပါ။

၂။ အုန်းဆီ တကွာတ။

၃။ ပျားဖယောင်းဖျော်ရည် စားပွဲဇွန်း ၂-ဇွန်း။

၎။ ဆီမွှေး အစက် ၄၀။

ပြုလုပ်နည်းမှာ-

၁။ အုန်းဆီနှင့် ငရုတ်သီးအနီ လှီးပြီးသားကို ရော၍ ဒယ်အိုးတွင် ထည့်ပြီး မီးဖြင့် တဖြည်းဖြည်း ဆူပွက်လာသည်အထိ အပူပေးပါ။

၂။ မီးအရှိန်ကိုလျှော့ပြီး သုံးနာရီခန့် ထားပါ။

၃။ သုံးနာရီခွဲခန့် အအေးခံပါ။

၎။ ယင်းသို့ မီးအပူပေးလိုက် အအေးခံလိုက် နှစ်ကြိမ်၊ သုံးကြိမ် ပြုလုပ်ပါ။

၅။ ဆီနှင့် ငရုတ်သီး အရောအနှောကို ဖျော်စက်တွင် ထည့်၍ ပျော့ပျောင်းပြီး စေးပျစ်သည်အထိ ဖျော်ပါ။

၆။ ပိတ်ပါးစ ရေစစ်ပါရှိသော ဆန်ခါပေါ်တင်၍ စစ်ပါ။

၇။ ပြီးလျှင် စတီးအိုးထဲသို့ ထည့်ပါ။

၈။ အရေပျော်နေသော ပျားဖယောင်းကိုထည့်ပါ။ ပြီးလျှင် ဆီမွှေးထည့်ပါ။

၉။ Cream ဖြစ်လာသည့်အထိ မွှေပါ။

၁၀။ ပုလင်းသေးသေးလေးထဲ လောင်းထည့်ပါ။

၁၁။ အဖုံးသေချာစွာ ဖုံးပါ။

၁၂။ ပြီးလျှင် အေးပြီးခြောက်သွေ့သေနေရာတွင် သိမ်းထားပါ။

ဆေးညွှန်းမှာ-

နာကျင် ကိုက်ခဲသည့် နေရာကို အထက်ပါ ဆေးဖြင့် ပွတ်သပ်ပြီး ဖြည်းဖြည်း လိမ်းပေးပါက အဆစ်နာ ဝေဒနာများ ပျောက်ကင်း နိုင်ပါသည်။

Ref: Working woman Asia,2001.

ထိုင်းအတိုက်အခံ ဆန္ဒပြသူများက ၀န်ကြီးချုပ်၏ ယာယီရုံးကို ၀ိုင်းရံပိတ်ဆို့




ဖေဖော်ဝါရီ ၁၈ ရက်တွင် ဘန်ကောက်ရှိ အစိုးရအိမ်တော်အနီး၌ ထိုင်းရဲများနှင့် ထိပ်တိုက်ရင်ဆိုင်နေကြသော အတိုက်အခံ ဆန္ဒပြသူများ (Photo:AFP)


ဖေဖော်ဝါရီ ၁၈ ရက်က လမ်းပေါ်ပဋိပက္ခအတွင်း လူငါးဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့ပြီးနောက် အလျှော့မပေးသော ထိုင်းအတိုက်အခံ ဆန္ဒပြသူများသည် ၀န်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ အစိုးရအဖွဲ့ ယာယီရုံးပြုလုပ်ထားသောရုံးကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ၀ိုင်းရံပိတ်ဆို့ခဲ့ကာ ၎င်းတို့၏လှုပ်ရှားမှုကို အရှိန်မြှင့်ခဲ့သည်။

ထောင်နှင့်ချီသော ဆန္ဒပြသူများသည် မြို့တော်ဘန်ကောက် ဆင်ခြေဖုံးရှိ အစိုးရ၏ ယာယီရုံးဖြစ်သော ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံးကို ၀ိုင်းရံခဲ့ကြောင်း သိရသည်။ ပြီးခဲ့သော သီတင်းပတ်များအတွင်း ဆန္ဒပြသူများက ဘန်ကောက်ရှိ အစိုးရရုံးများ ရုံးစိုက်သည့်နေရာမှ အစိုးရအိမ်တော်ကို ပိတ်ဆို့ထားသည့်အတွက် ယင်လက်က ယင်းရုံးဝင်းတွင် အစိုးရအဖွဲ့ ဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရသည်။

ယင်လက်က သူ၏လူများကို မိမိတို့အား သတ်ရန်ညွှန်ကြားခဲ့ပြီး သူက ယင်းဌာနရုံးတွင် ပုန်းအောင်းနေသည်ကို လက်သင့်မခံနိုင်ကြောင်း၊ ယင်းရုံးကို ၀င်ရောက်စီးနင်းပြီး ရှာဖွေမည်ဖြစ်ကြောင်း ဆန္ဒပြခေါင်းဆောင် ဆူသက်သောင်ဆူဘန်က ပြောကြားခဲ့သည်။ ယင်းအချိန်တွင် အဆိုပါရုံးထဲ၌ ၀န်ကြီးချုပ်ယင်လက် ရှိမည်မဟုတ်ဟု သိရသည်။ ယင်းနေရာရှိ စစ်တပ်တာဝန်ရှိသူများက ဆူသက်နှင့် ညှိနှိုင်းဆွေးနွေးရန် သဘောတူခဲ့ပြီးနောက် တင်းမာမှုလျော့ကျခဲ့ကြောင်း သိရသည်။ ယင်းရုံး၌ပြုလုပ်မည့် အစိုးရအဖွဲ့ အစည်းအဝေးအားလုံးကို ဖျက်သိမ်းခဲ့သည်ဟု အစိုးရအဖွဲ့ ဒုတိယပြောခွင့်ရပုဂ္ဂိုလ် ဆူနီဆာလာပါကာဝတ်က ကနဦးတွင် ပြောကြားခဲ့သော်လည်း ယင်းရုံးသို့ ယင်လက်ကလာမည်၊ မလာမည်ကို ရှင်းရှင်းလင်းလင်း မသိရသေးပေ။


ဖေဖော်ဝါရီ ၁၉ ရက်က ထိုင်းအစိုးရ၏ ယာယီရုံးအပြင်ဘက်၌ ဆန္ဒပြသူများကို စောင့်ကြည့်နေသည့် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ

ယင်လက်သည် ယင်းနေရာတွင် အလုပ်လုပ်ရန် လာနေမည်ဆိုပါက ၎င်းတို့သည်လည်း နေ့တိုင်းလာနေမည်ဖြစ်ကြောင်း၊ ၀န်ကြီးချုပ်ကို နိုင်ငံမှ ထွက်ခွာသွားစေရမည်ဖြစ်ကြောင်း ဆူသက်က ပြောကြားခဲ့သည်။

ဖေဖော်ဝါရီ ၁၈ ရက်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲများက ဘန်ကောက်ရှိ သမိုင်းဝင်ဒေသမှ ဆန္ဒပြနေရာများကို ရှင်းလင်းရန် ကြိုးပမ်းခဲ့ရာမှ အကြမ်းဖက်ပဋိပက္ခ ဖြစ်ပွားခဲ့သည်။ Golden Mount ဘုရားကျောင်းနှင့် အခြားကမ္ဘာလှည့် ခရီးသွားလည်ပတ်ရန် နေရာများရှိသည့် ဒေသအနီး ပေါက်ကွဲမှုများနှင့် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းပဋိပက္ခအတွင်း ရဲတစ်ဦးမှာ ပစ်သတ်ခံရပြီး အရပ်သားလေးဦးမှာ သေဆုံးခဲ့ကာ လူ ၆၀ ကျော် ဒဏ်ရာရခဲ့သည်ဟု အီရာဝမ်အရေးပေါ် အရေးပေါ်ဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

Ref:AFP

အချိုရည်ဗူးတွေပေါ်မှာ ကျန်းမာရေးသတိပေးစာကပ်ဖို့ ဥပဒေမူကြမ်း တင်သွင်းလိုက်တဲ့ ကယ်လီဖိုးနီးယားပြည်နယ်



Soft drink အချိုရည်ဗူးတွေပေါ်မှာ ကျန်းမာရေး သတိပေးစာကပ်ဖို့အတွက် ဥပဒေမူကြမ်းတစ်ရပ်ကို ကယ်လီဖိုးနီးယား ဥပဒေရေးဆွဲသူတွေဟာ အဆိုတင်သွင်းခဲ့ပါတယ်။ အချိုရည်တွေနဲ့ မလိုလားအပ်တဲ့ အ၀လွန်ရောဂါမျိုးတွေကြားက ဆက်စပ်မှုကို ပြဖို့အတွက် မျှော်မှန်းထားကြတာပါ။ အဖျော်ယမကာတွေပေါ်မှာ ဒီလို သတိပေးစာကပ်ဖို့ ဥပဒေမူကြမ်းထုတ်တာဟာ အမေရိကမှာ ပထမဆုံးပါပဲ။ စီးကရက်ဗူးခွံတွေမှာ ကျန်းမာရေးသတိပေးစား ကပ်သလိုမျိုးပေါ့။

ဒီဥပဒေ မူကြမ်းကိုသာ အတည်ပြုဖြစ်ခဲ့မယ်ဆိုရင် အချိုရည်ထုတ်တဲ့ စီးပွားရေးလုပ်ငန်းတိုင်းဟာ အရည်၁၂ အောင်စစီမှာ ကယ်လိုရီ ၇၅ပါရှိကြောင်းနဲ့ အချိုရည် တစ်ဗူးချင်းစီပေါ်မှာ ကျန်းမာရေးသတိပေးစာ ကပ်ရတော့မှာဖြစ်ပါတယ်။ "STATE OF CALIFORNIA SAFETY WARNING: Drinking beverages with added sugar(s) contributes to obesity, diabetes, and tooth decay," လို့ ရေးထားမှာပါ။ “ကယ်လီဖိုးနီးယားပြည်နယ် ဘေးကင်းရေး သတိပေးချက် : သကြားပါသော အဖျော်ယမကာ တွေဟာ အ၀လွန်ခြင်းနဲ့ ဆီးချိုရောဂါကို ဖြစ်စေပြီး သွားတွေကိုလည်း ယိုယွင်းပျက်စီးစေပါတယ်။” ပေါ့။

Ref:theverge.com

နွေရာသီ ကြက်သား၊ ပင်စိမ်း ဟင်းချို





ပေါ့ပေါ့ပါးပါး၊ ပူပူနွေးနွေး ကြက်သားပြုတ်ရည် ဟင်းချိုတစ်ခွက်ဖြစ်မှာပါ။ အကာမာတဲ့ ပေါင်မုန့်ကြမ်းနဲ့ တွဲဖက်စားရင် သိပ်ကောင်းပါတယ်။ ချက်ပြုတ်ချိန်ကတော့ မိနစ် ၅၀ပဲကြာမှာပါ။

ပါဝင်ပစ္စည်းများ

သံလွင်ဆီ (စားပွဲတင်ဇွန်း- ၁ဇွန်း)

ကြက်သား (ကြက်ပေါင် ၈ တုံးခန့်)



ဂျုံမှုန့် (စားပွဲတင်ဇွန်း ၁ဇွန်း)

ငြုပ်သီးအကြမ်းဖက် (စားပွဲတင်ဇွန်း ၂ဇွန်း)



အာလူး အလုံးသေး ၁၂လုံး (ထပ်ခြမ်း)



ဝိုင်ဖြူ ၁၅၀ မီလီ လီတာ



ကြက်သားပြုတ်ရည် ၂၀၀ မီလီ လီတာ



ပင်စိမ်းရွက် ၂၀



အကာသားမာကြွပ်တဲ့ ပေါင်မုန့်ကြမ်း (တွဲဖက်စားသုံးရန်)



ချက်ပြုတ်နည်း

၁။ အိုးကြီးကြီးနဲ့ သံလွင်ဆီကို အပူပေးပါ။ ကြက်ပေါင်တွေကို ဂျုံမှုန့်ဖြူးပြီး အိုးထဲထည့်ပါ။ မီးပြင်းပြင်းနဲ့ချက်ပါ။ ကြက်သားတုံးတွေကို တစ်ဖက်လှန်ပါ။ အားလုံးနီရဲသွားတဲ့အထိ တည်ပါ။

၂။ ငြုပ်သီးအကြမ်းဖတ် နဲ့ အာလူးကို အိုးထဲထည့်ပြီး ၃မိနစ်ခန့် ဆက်တည်ပါ။ ပြီးရင် ၀ိုင်ဖြူ နဲ့ ကြက်သားပြုတ်ရည် ကို လောင်းထည့်ပါ။ ဟင်းခတ်အမွှေးအကြိုင်၊ စား နဲ့ ငြုပ်ကောင်းမှုန့်တွေကိုလည်း ထည့်ပါ။ အိုးကို အဖုံးအုပ်ပြီး ၂၀၊ ၂၅မိနစ်လောက်ကြာအောင် ဆူတဲ့အထိတည်ပါ။ ကြက်ပေါင် နူးတဲ့အထိ တည်ပါ။ ရရင် ပင်စိမ်းရွက် ခတ်ပြီး နောက်ထပ် ၅မိနစ် ဆက်တည်ပါ။ ပြီးရင်တော့ အကာသား မာကြွပ်တဲ့ ပေါင်မုန့်နဲ့ တွဲဖက်စားနိုင်ပါပြီ။

Ref:bbcgoodfood.com

ယူကရိန်း လုံခြုံရေးတပ်ဖွဲ့များနှင့် အတိုက်အခံ ဆန္ဒပြသူများအကြား ပဋိပက္ခကြောင့် လူ ၂၅ ဦးထက်မနည်း သေဆုံး


ဖေဖော်ဝါရီ ၁၉ ရက် အစောပိုင်းတွင် ကိဗ်မြို့ရှိ လွတ်လပ်ရေးရင်ပြင်၌ ရဲတပ်ဖွဲ့ဝင်များနှင့် ပဋိပက္ခဖြစ်ပွားနေသော အစိုးရဆန့်ကျင် ဆန္ဒပြသူများ (Photo:AFP)


သုံးလကြာမြင့်လာသော ယူကရိန်းနိုင်ငံရေး ပဋိပက္ခ စတင်ပြီးနောက်ပိုင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် အဆိုးရွားဆုံး ပဋိပက္ခအတွင်း လူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၉ ရက်တွင် မြို့တော်ကိဗ်မြို့လယ်၌ အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့၏ နှိမ်နင်းမှုကို ဆန္ဒပြသူများက ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။

အရုဏ်ချိန် ကျော်လွန်လာခဲ့ပြီးနောက် မြို့လယ်ရှိ လွတ်လပ်ရေးရင်ပြင်မှ ဆန္ဒပြစခန်းများကို ဖြိုခွင်းရန်ကြိုးပမ်းသော ရဲများအား ဆန္ဒပြသူများက ဓာတ်ဆီပုလင်းဗုံးများဖြင့် ပစ်ခတ်ခဲ့ကြသည်။ ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့များက ထောင်နှင့်ချီသော ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့များဖြင့် မိုးရွာချသကဲ့သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ရင်ပြင်ရှိ ဆန္ဒပြတဲ အများပြားမှာ မီးလောင်ခံရပြီး ပျက်စီးနေပြီဖြစ်ကြောင်း သိရသည်။ ဆန္ဒပြစခန်းများတွင် မီးလောင်ပြီး မီးခိုးလုံးများ မိုးပေါ်သို့တက်နေချိန်တွင် ဒိုင်းများ၊ ဦးထုပ်များ၊ ကိုယ်ခံအင်္ကျီများ ၀တ်ထားသော ရဲများနှင့် ဆန္ဒပြသူများသည် ကမ္ဘာပျက်တစ်ခုတွင် ရင်ဆိုင်နေရသည့်ပုံစံ မျက်နှာချင်းဆိုင်နေကြသည်။

အနောက်နိုင်ငံနှင့် ရုရှားတို့၏ အနာဂတ်မဟာမိတ် ဖြစ်ဖွယ်ရှိသည့် ယူကရိန်းတွင် အကြမ်းဖက်မှု မြင့်တက်နေမှုအတွက် ဥရောပနှင့် အမေရိကန်တို့အတွက် တပ်လှန့်မှုဖြစ်စေခဲ့သည်။ သို့သော် နိုဝင်ဘာတွင် အစိုးရဆန့်ကျင် ဆန္ဒပြမှု စတင်ခဲ့ပြီးနောက်ပိုင်း ဆန္ဒပြသူများအား အပြင်းထန်ဆုံး နှိမ်နင်းမှုကို ရပ်တန့်ရန် တောင်းဆိုမှုများအား ယူကရိန်းသမ္မတ ဗစ်တာယာနူကိုဗစ်က ပယ်ချခဲ့သည်။ ပဋိပက္ခ ပြင်းထန်နေစဉ် နိုင်ငံသို့ မိန့်ခွန်းပြောကြားရာ၌ ယာနူကိုဗစ်က အတိုက်အခံတို့သည် သတ်မှတ်စည်းကို အလွန်အမင်း ကျော်လွန်သွားပြီး မိမိကိုဖြုတ်ချရန် ကြိုးပမ်းနေသည်ဟု စွပ်စွဲခဲ့သည်။

အာဏာပိုင်များက မြေအောက်ရထား ပြေးဆွဲမှုကို ရပ်ဆိုင်းပြီး မြို့တော်မှလာသော လမ်းကြောင်းများကို ကန့်သတ်ခဲ့သဖြင့် ကိဗ်မှာ ‘ပိတ်ကျသည့် အခြေအနေ’ ကြုံနေရသည်။ ဖေဖော်ဝါရီ ၁၈ ရက်တွင် သမ္မတ ဆန့်ကျင်သူ ၂၀၀၀၀ ၀န်းကျင်က ပါလီမန်အပြင်ဘက်တွင် ရဲတပ်ဖွဲ့နှင့် ပဋိပက္ခဖြစ်ပွားရာမှ အစပြုကာ လမ်းပေါ်တွင် ဆန္ဒပြသူများနှင့် ရဲများအကြား အကြမ်းဖက်ပဋိပက္ခသို့ အသွင်ပြောင်းသွားခဲ့ခြင်းဖြစ်သည်။ ယင်းအကြမ်းဖက် ပဋိပက္ခအတွင်း လူ ၂၅ ဦး သေဆုံးခဲ့ပြီး ၂၄၁ ဦးကို ဆေးရုံတင်ထားရကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

Ref:AFP

ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်က အိန္ဒိယကို ပထမဆုံးအကြိမ်ကျော်လွန်



တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုံပြည်နယ် ရှင်ကျန်တွင် ပြသထားသော မော်စီတုံး၏ ရွှေရုပ်တု (Photo:AFP)


၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်လိုအားသည် ၂၀၁၂ ခုနှစ်ကထက် ၃၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယကိုကျော်လွန်၍ ၂၀၁၃ ခုနှစ်၏ ရွှေဝယ်လိုအား အများဆုံးနိုင်ငံ ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီက ဖေဖော်ဝါရီ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။

သို့သော် ငွေကြေးဖောင်းပွမှုနှုန်း အန္တရာယ်နှင့် ထပ်မံပေါ်ပေါက်လာသော ငွေကြေးအကျပ်အတည်းများ လျော့ပါးလာသဖြင့် ရွှေဝယ်ယူစုဆောင်း၍ ရင်းနှီးမြှုပ်နှံခြင်းများ လျော့နည်းခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ်အတွင်း တရုတ်၏ ရွှေဝယ်ယူမှု စုစုပေါင်းသည် ၁၀၆၅ ဒသမ ၈ တန်၊ တန်ဖိုးဒေါ်လာဘီလျံ ၁၇၀ ဖြင့် စံချိန်သစ်တင်ခဲ့သည်။ အိန္ဒိယ၏ စုစုပေါင်းရွှေဝယ်ယူမှုမှာ ၉၇၄ ဒသမ ၈ တန်ရှိခဲ့သည်။

လက်ဝတ်ရတနာအဖြစ် ကမ္ဘာ့ရွှေဝယ်ယူမှုသည် လွန်ခဲ့သည့် ၁၆ နှစ်ကထက် ယခင်နှစ်တွင် အများဆုံးဖြစ်ခဲ့သည်။ သို့ရာတွင် ပြန်လည်ရောင်းချမှုလည်း များပြားခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း ရွှေဈေးသုံးပုံတစ်ပုံနီးပါး ကျဆင်းခဲ့ကြောင်း သိရသည်။

ကမ္ဘာ့ရွှေဝယ်လိုအား အများဆုံးနိုင်ငံအဖြစ် တရုတ်သည် ပထမဆုံးအကြိမ် ဖော်ပြခံရခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်လွန်နှစ်များနှင့် ၁၉၆၀ ပြည့်လွန်နှစ်များကတည်းက ၂၀၁၃ ခုနှစ်မတိုင်မီအထိ အိန္ဒိယသာလျှင် ကမ္ဘာ့အကြီးဆုံး ရွှေဈေးကွက်ဖြစ်ခဲ့ကြောင်း ကမ္ဘာ့ရွှေကောင်စီ ဦးဆောင်ညွှန်ကြားရေးမှူး မားကက်စ်ဂရပ်ဘ်က ပြောကြားခဲ့သည်။

ယင်းသို့ ကမ္ဘာ့ရွှေဈေးကွက် ထိပ်တန်းအဆင့်နေရာမှ အိန္ဒိယလျှောကျခဲ့ခြင်းမှာ ကုန်သွယ်ရေးလိုငွေပြမှု လျှော့ချရန်အတွက် ရွှေတင်သွင်းမှုလျှော့ချရန် အိန္ဒိအစိုးရ၏ ဆုံးဖြတ်ချက်ကြောင့် တစ်စိတ်တစ်ပိုင်းဖြစ်နိုင်ကြောင်း သိရသည်။

တရုတ်တွင် လူလတ်တန်းစားများ များပြားလာခြင်း၊ ချမ်းသာကြွယ်ဝမှု မြင့်တက်လာခြင်း၊ စုဆောင်းငွေများ မြင့်တက်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုအတွက် ရွှေဝယ်ယူ စုဆောင်းရန်သာ လွယ်ကူသောနည်းလမ်းဖြစ်ပြီး အခြားအခွင့်အလမ်းများ နည်းပါးခြင်းတို့ကြောင့် တရုတ်၏ရွှေဝယ်လိုအား မြင့်တက်ခဲ့ခြင်းဖြစ်ကြောင်း ဂရပ်ဘ်က ပြောကြားခဲ့သည်။

တရုတ်၏ ၀င်ငွေမြင့်တက်လာသည်နှင့်အမျှ ရွှေနှင့်ပြုလုပ်သော လက်ဝတ်ရတနာများနှင့် ရွှေချောင်းရောင်းအားသည်လည်း လာမည့်သုံးနှစ်မှ ငါးနှစ်အတွင်း ဆက်လက်မြင့်တက်နေမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းခဲ့သည်။ သို့သော် မခိုင်လုံသော ဈေးကွက်ခန့်မှန်းချက်များကြောင့် ယခုနှစ်အတွင်း စုစုပေါင်း ရွှေရောင်းအားကျဆင်းနိုင်ဖွယ် ရှိသည်ဟုလည်း သိရသည်။

Ref:AFP

ဂျက်အင်ဂျင်သုံးလုံးတပ်ဆင်ထားတဲ့ ကမ္ဘာ့အမြန်ဆုံးထရပ်ကား ‘Shockwave’



တစ်နာရီကို မိုင် ၄၀၀ နှုန်းထိရောက်ရှိနိုင်ပြီး ဂျက်အင်ဂျင်သုံးလုံးတပ်ဆင်ထားတဲ့ ဒီ လော်ရီကားကို မကြာသေးမီက မိတ်ဆက်ပေးခဲ့ပါတယ်။ Shockwave လို့ အမည်ပေးထားတဲ့ ဒီထရပ်ကားဟာ အလေးချိန် ၄ တန်ရှိပြီး မြင်းကောင်ရေ သုံးသောင်းခြောက်ထောင်အား ရှိပါတယ်။ ၆.၅ စက္ကန့် အတွင်း မီတာ ၄၀၀ (တစ်မိုင်ရဲ့ လေးပုံတစ်ပုံ) အထိ ရောက်ရှိနိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး ဂျက်စွမ်းအင်သုံးထရပ်ကားပါ။

မြန်လှပါတယ်ဆိုတဲ့ ဂျပန်ကျည်ဆန်ရထားတစ်စီးကို အသာအယာကျော်ဖြတ်နိုင်တဲ့ Shockwave ကားကို စမ်းသပ်မောင်းနှင်ခဲ့ရာမှာ တစ်နာရီ ၆၀၅ ကီလိုမီတာ (တစ်နာရီ ၃၇၆မိုင်) ရောက်ရှိခဲ့ပြီး အမြန်ဆုံးထရပ်ကား အဖြစ် ကမ္ဘာ့စံချိန်ဝင်ခဲ့ပါတယ်။

အမေရိကန်ရေတပ်သုံး ဂျက်အင်ဂျင် Pratt & Whitney J34-48 အင်ဂျင်သုံးလုံးတပ်ဆင်ထားပြီး အင်ဂျင်တစ်လုံးစီက မြင်းကောင်ရေ တစ်သောင်းနှစ်ထောင်အားကို ထုတ်လုပ်နိုင်ပါတယ်။

Shockwave ကားကို ဂျက်အင်ဂျင်သုံးလုံး လုံး တစ်ခါဖွင့်မောင်းမယ်ဆိုရင် ဆီဂါလန် ၁၈၀ (လီတာ ၆၈၀) တိတိ လောင်ကျွမ်းကုန်ဆုံးတယ်လို့ သိရပါတယ်။ ကားကို ရပ်တန့် နိုင်ဖို့ စစ်တပ်သုံး လေထီးတွေ အသုံးပြုရပ်တန့်  ရပြီး မြန်ဆန်လွန်းတဲ့အရှိန်ကြောင့် မောင်းသူတွေအနေနဲ့ အထူးတလည်လေ့ကျင့်ထားဖို့ လိုအပ်တယ်လို့  ဆိုပါတယ်။



Ref: metro.co.uk

ကိုယ့်ရဲ့ပညာတွေကို တိတ်တိတ်ဆိတ်ဆိတ်မနေပဲနဲ့ အမြဲတမ်း Updateဖြစ်နေအောင်လို့ ကြိုးစားပြသသွားဦးမယ့် မိတ်ကပ်တိုးတိုး (CoverMark)




မိတ်ကပ်တိုးတိုးလို့ ပြောလိုက်ရင် မသိသူ မရှိလောက်အောင်ပင် မိတ်ကပ်လောကမှာ နာမည်ရှိခဲ့သူပါ။ မိတ်ကပ်ပညာနဲ့ ပတ်သက်ပြီးတော့လည်း ပြည်ပထိ သွားရောက်လေ့လာ ဆည်းပူးကာ ဒီနိုင်ငံမှာ ကိုယ်တတ်နိုင်တဲ့ဘက်က ပြန်လည်ချပြပေးနိုင်ခဲ့သူ တစ်ဦးဖြစ်တဲ့ တိုးတိုးနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်ခဲ့တာတွေကတော့

၂၀၁၄မှာမိတ်ကပ်၊ဆံပင်ဖက်ရှင်တွေနဲ့ပတ်သက်ပြီး ဘယ်လိုတွေခေတ်စား နေတယ်ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးပါအုံး။

အန်တီတိုးကတော့ ပြည်ပက မိတ်ကပ်ဆရာတွေ၊ မိတ်ကပ် agency တွေပေါ့နော်။ အဲဒါတွေနဲ့ အဆက်မပြတ်ဘူး။ ကိုယ်က အမြဲမိတ်ကပ်နဲ့ ထိတွေ့ရတာဆိုတော့ ကိုယ်ဘယ်လောက်ပဲ တော်တယ်၊ တတ်တယ်လို့ပြောပေမဲ့ အဲဒီထက် တစ်နေ့နဲ့ တစ်နေ့၊ တစ်ပတ်နဲ့တစ်ပတ်တောင် မတူဘူးလေ။ မိတ်ကပ်ရဲ့တိုးတက်မှုတွေ၊ မိတ်ကပ်ရဲ့methodတွေ၊ cosmetics ပစ္စည်းတွေ၊ အဲဒါတွေက အမြဲပေါ်နေကြဆိုတော့ နှစ်ပတ်တစ်ခါ သို့မဟုတ် တစ်လတစ်ခါကတော့ ပြည်ပ သွားဖြစ်တယ်။ ဒါတွေနဲ့ အမြဲအထိအတွေ့ အမြဲရှိနေမှဖြစ်မှာလေ။ အထိအတွေ့ မရှိဘူးဆိုတာနဲ့ ကိုယ့်ရဲ့မိတ်ကပ်artist က Update မဖြစ်တော့ဘူး။ ကိုယ်ကနောက်ကျကျန်ခဲ့မယ်။ အဲဒီနောက်ကျ မကျန်ခဲ့ရအောင်လို့ ကိုယ်ကအမြဲagency ကြီးတွေနဲ့ အဆက်အသွယ်ရှိနေတာလေ။ ဒါကြောင့် ၂၀၁၄မှာ ဘယ်လိုမိတ်ကပ်၊ ဆံပင်ဖက်ရှင်တွေခေတ်စားနေသလဲ ဆိုတော့cosmetics brand တွေက အများကြီးပေါ်လာသလို၊ သူ့ထက်ငါ ကောင်းသထက်ကောင်းအောင် ထုတ်လုပ်လာကြတော့ အဲဒီအရာတွေကို အမျိုးစုံလိုက်နိုင်ဖို့ ဆိုတာ အမြဲတမ်းကြိုးစားနေရတယ်။



အခုနောက်ပိုင်းမှာ လူတော်တော်များများက ပြင်ဆင်ခြယ်သမှုနဲ့ပတ်သက်ပြီး တိုးတက်ပြောင်းလဲ လာကြတဲ့အပေါ်မှာရော ဘယ်လိုမြင်မိပါသလဲ။

အဲဒါကအကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ Beauty educationပေါ့။ မိတ်ကပ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ပညာပေါ့။ အဲဒီပညာတွေအပ်ါမှာ လိုက်စားကြပြီး၊ လိုက်နာကြမယ်ဆိုရင်တော့ တကယ်ဝမ်းသာစရာပေါ့နော်။

အန်တီတိုးက ပြည်ပနိုင်ငံတွေမှာ မိတ်ကပ်ပြင်ဆင်ခြယ်သမှုတွေပါ သွားရောက်လုပ်ကိုင်ဖူးခဲ့သူ တစ်ယောက်ဆိုတော့ သူတို့နိုင်ငံတွေရဲ့ မိတ်ကပ်artistနဲ့ မြန်မာပြည်ရဲ့မိတ်ကပ်artistတွေရဲ့ ကွဲပြားမှုတွေ ရှိရင်ပြောပြပေးပါအုံး။

အင်း အဲဒါကတော့ အဓိကမေးရမဲ့ မေးခွန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်လောက်ပဲ မြန်မာပြည်က ခေတ်မီအောင် လိုက်လုပ်တယ်လို့ ပြောပေမဲ့ နိုင်ငံတကာရဲ့အဆင့်ကို မရောက်နိုင်သေးဘူး။ မရောက်နိုင်သေးတဲ့ အကြောင်းအရင်းက ပညာရှင်တွေကို မွေးထုတ်ပေးနိုင်တဲ့ ကျောင်းတွေ မရှိသေးလို့ပါပဲ။ အဲဒါကြောင့်မို့လို့ ကျောင်းတွေရှိဖို့လိုအပ်ပါတယ်။ အင်မတန် အရေးကြီးတဲ့ လိုအပ်ချက်ပါ။



မိတ်ကပ်တိုးတိုး ဆိုပြီးဖြစ်လာဖို့ ကြိုးစားအားထုတ်ခဲ့ရတာတွေရှိရင် ပြောပြပေးပါအုံး။

ကိုယ့်ရဲ့လက်ရာပေါ့နော်။ ကိုယ်လုပ်တဲ့အရာကို လူတွေကအသိအမှတ်ပြုပေးကြတာမို့လို့ အခုလိုတိုးတိုးဆိုပြီး နာမည်ရလာတာပါ။ အဲဒီတော့ အရေးကြီးတာ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှု ကအရေးကြီးပါတယ်။ အဲဒီကြိုးစားမှုကတော့ အမြဲတမ်းလို ဓါးပြားလိုပဲသွေးနေမှ ဓားကထက်တယ်။ ဒီလိုပဲကိုယ့်ရဲ့ပညာတွေကို တိတ်တိတ်ဆိတ်ဆိတ်မနေပဲနဲ့ အမြဲတမ်းUpdateဖြစ်နေအောင်လို့ ၂၀၀၈ခုနှစ်ကနေ ၂၀၁၄ခုနှစ်အတွင်း မိတ်ကပ်၊ဆံပင်တွေ၊ လက်ဝတ်ရတနာတွေကို အခုဆို အလျဉ်မီအောင် နှစ်တိုင်းမပျက်မကွက်ပြနေရတာ။ အဲဒီ့ပြသနေတဲ့အရာတွေပေါ်မှာမှ သဘောကျပြီးနေရာပေးတဲ့အတွက် အခုလိုနေရာတစ်ခုရလာခဲ့တာပါ။

အောင်မြင်တဲ့မိတ်ကပ်artist တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေရှိသင့်ပါသလဲ။

နံပတ်တစ်က ကြိုးစားရမယ်။ နံပတ်နှစ်က ကံ၊ဥာဏ်၊ဝိရိယပေါ့။ အဲဒီသုံးခုကတော့ အရေးကြီးဆုံးပေါ့။ ဒါပေမဲ့ဘယ်လိုလိုက်နာကြိုးစားရမလဲဆိုတော့ Customer is always right ။ အဲဒီအတွက်ကြောင့်မို့လို့ Customerတွေကို ကိုယ်ကနေပြီးတော့ သူတို့ရဲ့အလိုကျ၊ သူတို့ဖြစ်စေချင်တဲ့ အရာကိုအမြဲတမ်းပဲ ဖြည့်ဆည်းပေးနိုင်ရမယ်။ ကိုယ်လုပ်ချင်ရာချည်းပဲ လုပ်ပေးလို့မရဘူး။

အန်တီတိုးအနေနဲ့ အခုနောက်ပိုင်းမိတ်ကပ်လိမ်းခြယ်ပြင်ဆင်မှုအပိုင်း နဲ့ပတ်သက်ပြီးအားသာချက်တွေ ရှိရင်ပြောပြပေးပါ။

သဘာဝအတိုင်း မိတ်ကပ်ပြင်ဆင်တာတော့ ကောင်းတာပေါ့။ Over မိတ်ကပ်ကတော့ ဇာတ်ဆင်တွေပေါ်မှာ လိမ်းခြယ်တာလောက်ပဲ ကောင်းပါတယ်။ Natural Beauty ဖြစ်တာကတော့ ပိုပြီးတော့ သဟဇာတဖြစ်စေတာပေါ့နော်။



မိတ်ကပ်ပြင်ဆင်ခြယ်သမှုနဲ့ပတ်သက်ပြီး နောက်ထပ်ဘာတွေကိုချပြသွားချင်တာတွေရှိပါသလဲ။

ကိုယ်အမြဲတမ်းလေ့လာသင်ယူထားတဲ့အရာတွေCustomer တွေနဲ့ကိုယ်နဲ့ပြင်ချင်ကြတဲ့သူတွေကိုUpdate ဖြစ်နေအောင်ပြင်ပေးသွားမယ်လို့ စိတ်ကူးထားပါတယ်။

အရင်တုန်းကမိတ်ကပ်ပြင်ဆင်ခြယ်သမှုအပိုင်းနဲ့ အခုနောက်ပိုင်းမိတ်ကပ်ပြင်ဆင်ခြယ်သမှုအပိုင်းမှာ မတူညီတဲ့ကွာခြားမှုတွေရှိရင်ပြောပြပေးပါ။

ဟိုအရင်တုန်းကတော့ နည်းနည်းOver မိတ်ကပ်ဖြစ်တာပေါ့။ သို့သော်လည်း အခုနောက်ပိုင်းမှာ အဲဒီOverမိတ်ကပ်တွေကို ပြန်လိုက်လုပ်နေတာမျိုးတွေ တွေ့ရပါတယ်။ တကယ်တမ်းကျတော့ အသစ်တွေ ဘယ်လောက်ကောင်းကောင်း အဟောင်းတလည်လည်ဆိုသလိုပေါ့။ အသစ်တွေ ထပ်ပြီးပေါ်လာပေမဲ့ လည်းအဟောင်းကိုရောက်သွားတတ်ပါတယ်။ မိတ်ကပ်၊ ဝတ်စုံ၊ လက်ဝတ်ရတနာ အစစအရာရာအလှအပဆိုတာ လူ့အသိုင်းအဝိုင်းထဲမှာအမြဲတမ်းပဲ တပတ်လည်နေတာပါပဲ။

မျိုးဆက်သစ်မိတ်ကပ်Artist တွေပေါ်မှာ ဘယ်လိုအကြံဥာဏ်တွေပေးချင်ပါသလဲ။

အလုပ်ကိုသစ္စာရှိပါ၊ အလုပ်ပေါ်မှာကြိုးစားပါ။ နာမည်ပျက်မဲ့ အပြုအမူ၊အလေ့အကျင့်တွေကို

မလုပ်ကြပါနဲ့လို့ပဲပြောချင်ပါတယ်။

ချစ်သူတွေ လမ်းခွဲဖို့အထိ ဖြစ်သွားတတ်တဲ့ အမှား ၅ မျိုး



ကိုယ့်ချစ်သူနဲ့ လမ်းခွဲရတယ်ဆိုတာမျိုးဟာ အင်မတန်နာကျင်စရာ ကောင်းလွန်းတာပါ။ ကိုယ့်ကို မချစ်တော့လို့၊ နောက်တစ်ယောက် အသစ်ရသွားလို့ ဆိုတဲ့ခေါင်းစဉ်အောက်မှာ လမ်းခွဲပေးလိုက်ရတာမျိုး မဟုတ်ဘဲ ဘာမှ အခြေအမြစ်မရှိတဲ့ အကြောင်းအရာတစ်ချို့ကြောင့် ချစ်သူနှစ်ဦး လမ်းခွဲရတဲ့အထိ ဖြစ်သွားရတာမျိုးတွေ အများကြီးရှိနေပါတယ်။ ခုလို မီဒီယာစနစ်တွေ တိုးတက်လာတဲ့ ခေတ်ကြီးမှာ ဘာမှမဟုတ်တဲ့ အကြောင်းအရာတွေကြောင့် လမ်းခွဲရတဲ့ အတွဲတွေ ပိုတောင်များလာပါတယ်။ ဒီလို ပြတ်သွားပြီးဖြစ်တဲ့ အတွဲအများစုကို ဘာ့ကြောင့် ဒီလိုဖြစ်သွားရသလဲဆိုတဲ့ မေးခွန်းတွေအပေါ် သူတို့အားလုံးရဲ့အဖြေတွေကို ပြန်လည်စစ်ထုတ်လိုက်တဲ့အခါ

၁။ဖေ့စ်ဘွတ်ခ်မှာပဲဖြစ်ဖြစ်၊ တခြားဆိုရှယ်နက်ခ်ဝက်တွေမှာ ရည်းစားဟောင်း၊ ချစ်သူဟောင်းတွေနဲ့ ထိတွေ့ဆက်ဆံမှုမျိုးကို ရှောင်ပါ။ သူငယ်ချင်းတွေ ပြန်ဖြစ်သွားပြီဆိုရင်တောင် ကိုယ့်ချစ်သူ ကောင်လေး၊ ကောင်မလေးသိရင် ဘယ်လိုခံစားရမလဲဆိုတာ ထည့်တွေးပေးပါ။ ဒါ့အပြင် ကိုယ့်ရည်းစားဟောင်း အကြောင်းကိုလည်း လက်ရှိတွဲနေတဲ့ ချစ်သူကို ပြောပြတာမျိုး၊ နှိုင်းယှဉ်တာမျိုး ရှောင်ရမှာပါ။ ရည်းစားဟောင်းက ကိုယ့်ကိုစိတ်ဝင်စားတော့တာလည်း မဟုတ်ဘဲနဲ့ ငါ့ကို သူ့စိတ်ထဲရှိနေဦးမယ် ဆိုတဲ့ အတွေးမျိုးတော့ လုံးဝမတွေးလိုက်ပါနဲ့။ ဟိုကပြန်ပြီး ဆိုရှက်နက်ခ်ဝက်မှာ ကိုယ်တင်တဲ့ပို့စ်တွေကို လိုက်ခ်လေး လုပ်လိုက်လို့ ဖီးလ်တက်နေမယ်ဆိုရင် သူ့လှည့်ကွက်ထဲ ပြန်ဝင်မိနေပြီလို့သာ ပြောချင်ပါတယ်။ ကိုယ့်မှာလည်း ရည်းစားသစ်နဲ့မို့ အဟောင်းနဲ့ ပြန်အီတာမျိုးတွေ မလုပ်ပါနဲ့။ ဒါဟာ ကိုယ့်ချစ်သူနဲ့ကိုယ်ကြားမှာ ပြဿနာဖြစ်စေမယ့် အချက်တစ်ချက်ပါပဲ။



၂။တစ်ခုခုဆို ဘာမဟုတ်တာလေးတွေနဲ့ ကိုယ့်ချစ်သူအပေါ် အပြစ်မတင်မိပါစေနဲ့။ ဒါလေးတောင် မသိဘူးလား။ ဒါလေးတောင် မလုပ်နိုင်ဘူးလား။ မင်းက ဒီလိုဟာမျိုးတွေ ကြိုက်တယ်။ ဦးနှောက်သုံးပါလား။ ကလေးတောင် စဉ်းစားတတ်တယ်။ အဲ့လောက်မရူးစမ်းပါနဲ့ စတဲ့ စကားလုံးမျိုးတွေ ကိုယ့်ချစ်သူကို ပြောဖူးပါသလား။ တစ်ခါမဟုတ်နှစ်ခါမဟုတ် အမြဲတမ်းလိုလို ကိုယ်စိတ်အလိုမကျတိုင်း သူ့ကို အပြစ်တင်နေကျဆိုရင်တော့ သူ့ခမျာ ဘယ်လိုခံစားရရှာမလဲဆိုတာ တွေးကြည့်ပေါ့။ သူ့ကိုယ်သူ ယုံကြည်မှု မရှိတော့တဲ့အပြင် ငါ့ကို ဘယ်တော့မှ သည်းမခံဘူးဆိုတဲ့ အတွေးမျိုးလည်း ၀င်သွားပြီပေါ့။



၃။ကိုယ့်ချစ်သူကို သူများတွေထက် အချိန်ပိုပေးပါ။ သူငယ်ချင်းတွေနဲ့ရှိချိန်က ကိုယ့်ချစ်သူနဲ့ အတူတူရှိချိန်မျိုးထက် ပိုများနေပြီဆိုရင် သူ့ဘက်က တွေးစရာတွေ ဖြစ်လာပါလိမ့်မယ်။ ငါ့ကို သူ့သူငယ်ချင်းတွေလောက် မချစ်လို့လားဆိုတဲ့ အတွေးမျိုး ၀င်သွားပြီဆိုရင်တော့ ဒါဟာဖျောက်ရခက်တဲ့ အရာဆိုတာ မမေ့ပါနဲ့။



၎။ချစ်သူနဲ့ မုန့်ထွက်စားတဲ့အခါ၊ တစ်ခုခုဝယ်တဲ့အခါမျိုးတွေမှာ ကိုယ်ဒီတစ်ခါရှင်းထားလို့၊ နောက်တစ်ခါ သူ့ကို ရှင်းလိုက်လို့ ပေါ်တင်ပြောတာမျိုး မလုပ်ပါနဲ့။ ကိုယ့်မှာ ပိုက်ဆံနည်းနေရင် ကိုယ့်အခြေအနေကို ကိုယ့်ချစ်သူကို ပြောပြထားပါ။ အဲ့ဒီလိုမဟုတ်ဘဲ ကိုယ့်ဆီမှာ ပိုက်ဆံရှိရက်သားနဲ့ ကပ်စေနည်းနေတာမျိုးဆိုရင်တော့ ဒါဟာ ကိုယ့်ချစ်သူ ကိုယ့်ကို အထင်သေးသွားစေမယ့် အကြောင်းရင်းတစ်ခုပါပဲ။ ဒါ့အပြင် တစ်ခုခုလုပ်တော့မယ်ဆိုရင် ကောင်မလေးက ကောင်လေးကို လုပ်ပေးပါလားလို့ မပြောခင်ကတည်းက ကိုယ်က ဒါလေး ကိုယ်လုပ်ပေးလိုက်မယ် ဆိုတာမျိုး ဖြစ်နေပါစေ။ အလိုက်သိပါ၊ မတွက်ကတ်ပါနဲ့။



၅။သူနဲ့ရည်းစားစဖြစ်တဲ့နေ့၊ ဘယ်နေ့မှာ ခရီးအတူတူသွားခဲ့တာ၊ ဘယ်နေ့မှာ လက်စွပ်ဆင်တူ ၀ယ်ခဲ့ကြတာ စတဲ့နေ့စွဲလေးတွေကို တတ်နိုင်သလောက် မှတ်ထားပါ။ ဘယ်သူမဆို ဒီလိုအမှတ်တရနေ့လေးတွေကိုတော့ ကိုယ့်ချစ်သူကို သိစေချင်ကြတာချည်းပါပဲ။ အားလုံးမေ့နေတာမျိုးဆိုရင်တော့ ဒါဟာ ချစ်သူကြားက မကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်လာဖို့ အစဆိုတာ သတိရလိုက်ပါ။



Ref:womenshealthmag.com

ကိုယ်အလေးချိန် ပိုကျစေမယ့် သောက်စရာ



လက်ဖက်ရည်ကြမ်း သောက်ရင် ကျန်းမာရေးအတွက် ဘယ်လိုဘယ်လို ကောင်းကြောင်း ကျန်းမာရေး အကျိုးရလဒ်အကြောင်းတွေကို ဖတ်ရှုကြပြီးဖြစ်မှာပါ။ လက်ဖက်ရည်ကြမ်းဟာ အစွမ်းထက် သောက်စရာ တစ်မျိုးပါ။ လက်ဖက်ရည်ကြမ်း သောက်တာနဲ့ ပတ်သက်ပြီး သေသေချာချာ သုတေသနပြုထားတဲ့ လေ့လာမှုစာတမ်းတစ်စောင်ဟာ အမေရိကန်နိုင်ငံထုတ် Clinical Nutrition ၂၀၁၃ခုနှစ် ဒီဇင်ဘာလထုတ် ဂျာနယ်မှာ ဖတ်ရပါတယ်။

အမေရိကန် လက်ဖက်ရည်ကြမ်းကောင်စီ ကူညီဆောင်ရွက်ပေးခဲ့တဲ့ အဲ့ဒီ့စာတမ်းအရ ရေနွေးကြမ်း၊ ဆေးလက်ဖက်ရည်ကြမ်း တွေမှာ ကဖိန်းဓာတ်နဲ့အတူ အဆီကျစေပြီး အားတိုးစေတဲ့ catechins ဓာတ် ပါဝင်ပါတယ်။ ဆိုလိုတာကတော့ အဲ့ဒီ့ ဓာတ်ပေါင်းတွေဟာ ကိုယ်အလေးချိန်ကို လျှော့ချပေးတယ်ပေါ့။

ဒီသုတေသန စာတမ်းရဲ့ ၂၀၀၉ခုနှစ်မှာ ပြုစုမှတ်တမ်းတင်ထားချက်အရ အစားကိုမလျှော့ဘဲ ပုံမှန်စားပေမဲ့ ကဖိန်းဓာတ်ပါတဲ့ လက်ဖက်ရည်ကြမ်း သောက်သူတွေဟာ ၁၂ပတ်အတွင်း ကိုယ်အလေးချိန်ကျသွားပါတယ်။ ၂၀၁၁ခုနှစ် စာတမ်းမှာတော့ catechin ဓာတ်ကြွယ်ဝတဲ့ လက်ဖက်ရည်ကြမ်းဟာ ၂၄နာရီအတွင်း ၁၀၀ ကယ်လိုရီ ကိုသုံးစွဲလိုက်တယ်လို့ ဖော်ပြထားပါတယ်။

ဒီတော့ သင့်အတွက် ကျန်းမာရေးအကျိုးလဲရှိ၊ ကိုယ်အလေးချိန်လဲ လျော့ကျသွားစေမယ့် လက်ဖက်ရည်ကြမ်းကို ပုံမှန်မှီဝဲသင့်ပါတယ်။

Ref:womenshealthmag.com

ဒုတိယအခွေက ပရိသတ်ကို ဦးစားပေးထားတဲ့အခွေပါလို့ ဆိုတဲ့ အဆိုတော်ဇေရဲ




အနားနားဘေးမှာ သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ဇေရဲနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ဒီအခွေလေးမှာ ပထမအခွေနဲ့ မတူပဲ ထူးခြားတဲ့ ပုံစံဖြစ်အောင် လုပ်ချင်တဲ့အတွက် ထူးခြားတဲ့ပုံစံလေးတွေ စုနေတယ်။ အဲဒီတော့ အချိန် နည်းနည်းယူရဦးမယ်။ ပြီးတော့ ပရိသတ်တွေကို Surprise လုပ်ချင်တာလည်းပါတယ်။ အဲဒီအတွက်ကြောင့် အချိန်အတိအကျပြောလို့ မရသေးဘူးပေါ့။ သီချင်းနာမည်ကအစ ပရိသတ်ပေးတဲ့ နာမည်ပေးမယ်။ ဒုတိယအခွေက ပရိသတ်ကိုဦးစားပေးထားတဲ့ အခွေလေးပါ။ အခွေကိုတော့ ဒီနှစ်အတွင်းမှာ ထွက်နိုင်အောင်လို့ ကြိုးစားနေပါတယ်။ ပထမအခွေမှာတည်းက Owntune သီချင်းတွေ အများကြီးပါတဲ့အတွက် ဒီဒုတိယအခွေမှာလည်း Owntune များမှာပါ။ ဒါပေမဲ့ Referenceပုံစံမျိုးလေးတော့ အနည်းငယ်ပါလိမ့်မယ်။’လို့ သူက ဖွင့်ဟပါတယ်။

ဒုတိယအခွေမှာထားတဲ့ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး တော့လည်း သူက ‘ပထမအခွေမှာတော့ မှန်းထားတာထက် ပရိသတ်အားပေးတာ ပိုရတယ်။ အဲဒီအတွက်လည်း ပိုပြီး အားရှိလာတယ်။ ပိုပြီးကြိုးစားချင်စိတ်တွေ ဖြစ်လာအောင်လို့ ပရိသတ်တွေက တွန်းပို့ ပေးခဲ့တာပေါ့။ အဲဒီအတွက်ကြောင့် ဒုတိယအခွေမှာ ပိုပြီးဂရုစိုက်ပြီးတော့ လုပ်နေတယ်။ ပရိသတ်ရဲ့ အားပေးမှုကိုလည်း အများကြီးမျှော်လင့်ပါတယ်’တဲ့။

ရှိုးပွဲဖျော်ဖြေမှုတွေ အရင်တုန်းက တွေ့ရပေမဲ့လို့ အခုနောက်ပိုင်းမှာ မတွေ့ရတဲ့အကြောင်းနဲ့ Underground မှာကျင်လည်တုန်းက အကြောင်းလေးတွေ မေးကြည့်ဖြစ်တဲ့အခါ ‘ပွဲစီစဉ်သူနဲ့လည်း အဆင်ပြေသလို၊ အကုန်လုံးနဲ့အဆင်ပြေပါတယ်။ အကုန်လုံးနဲ့ သဟဇာတဖြစ်အောင်လို့ ပေါင်းသင်းဆက်ဆံတာပါပဲ။ ဒါပေမဲ့ ဘာလိုအပ်ချက်ရှိလို့လဲ မသိပါဘူး။ အဓိကကတော့ ပရိသတ်ပါပဲ။ ပရိသတ်နဲ့အဆက်အသွယ်မပြတ်အောင်၊ ထိတွေ့ခွင့်ရအောင်လို့တော့ ကျွန်တော်က ကြိုးစားနေတာပါပဲ။ အဓိကကလည်း စီစဉ်သူခေါ်မှ ပရိသတ်နဲ့ ထိတွေ့ခွင့်ရမှာလေ။ အဲဒီတော့ စီစဉ်သူက ကျွန်တော့်ဘက်ကြည့်ပေးရင် ကောင်းတာပေါ့။ ကျွန်တော်နဲ့ ပရိသတ်တွေကို တွေ့ ဖို့ဆိုတာက စီစဉ်သူက ကြားခံနယ်ပဲလေ။ ပရိသတ်ကလည်း တောင်းဆိုနေပြီ။ ဇေရဲကလည်း ဖျော်ဖြေချင်နေပြီ။ Underground မှာကျင်လည်တုန်းကတော့ ခုလို Online တွေ ခေတ်မစားနေတဲ့အချိန်၊ Studio တွေ အများကြီးမရှိသေးတဲ့အချိန်ပေါ။ Studio တစ်ခုရောက်ဖို့ Studioနေရာလေးတွေ ရှာရတာကအစ အခက်အခဲရှိတယ်။ အားလုံးမှာတော့ အခက်အခဲရှိတယ်။ အခုချိန်ထိလည်း အခက်အခဲကရှိနေတုန်းပဲ။ အဓိကတော့ ငွေကြေးအခက်အခဲပါပဲ။ ကျွန်တော်ကိုယ်တိုင် ဒီအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတုန်းပဲ။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ၄၊၅နှစ်လောက် Underground မှာ လုံးပန်းပြီးတော့ သီချင်းတစ်ပုဒ်စ၊ နှစ်ပုဒ်စ ကို ပရိသတ်တစ်ယောက်ရရ၊ နှစ်ယောက်ရရ သူတို့ရဲ့နားထဲကို ဒီသီချင်းတွေ ရောက်ဖို့ မနည်းတွန်းပို့ခဲ့ရတာ ဆိုတော့ Underground ဘဝမှာတော်တော်ရင်ဆိုင်ခဲ့ရတာပါ။’လို့ သူက ပြောပြသွားပါတယ်။

ပျိုမေတွေ နှစ်ခြိုက်မယ့် နွေရာသီနဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းအလန်းများ



ဖေဖော်ဝါရီလပဲရှိသေးတယ်။ အပူဒဏ်ကိုတော့ အားလုံးစတင်ခံစားနေကြရပြီလေ။ အပြင်သွားတော့မယ်ဆို ဘယ်အ၀တ်အစားလေးက အေးမလဲ၊ ၀တ်လို့ကောင်းမလဲ၊ ရာသီနဲ့လိုက်ဖက်မလဲဆိုတာ စဉ်းစားရ၊ ခေါင်းစားရပြီပေါ့။ အေးမယ့်အသားလေးတွေကို အမိုက်စားချုပ်ထားရင်ချုပ်ထား၊ အဲ့လိုမှ မဟုတ်ရင်တော့ ရယ်ဒီမိတ်တွေသာ ၀ယ်ထားလိုက်ပါတော့။ ဒီလို ရှော့ပင်ထွက်တဲ့အခါ သိပ်ခေါင်းမစားရအောင် နွေရာသီဖက်ရှင် ဒီဇိုင်းလန်းလန်းလေးတွေ ရွေးချယ်ပေးလိုက်တယ်နော်။

၁။ စပန့်သားလို အေးမယ့်အသားမျိုးကိုမှ ခုလို dress မျိုးလေးတွေ ဆိုရင်လည်း ရာသီနဲ့ လိုက်ဖက်တာပါတယ်။



၂။ Overall ဒီဇိုင်းလေးတွေ၊ jumpsuit လေးတွေကိုမှ နွေရာသီနဲ့လိုက်ဖက်မယ့် အပွင့်အရွက် floral ဒီဇိုင်းလေးတွေ ရှာဝယ်ထားပါ။ ချစ်စရာကောင်းသလို အထာလည်းကျပါတယ်။



၃။အားလုံးကို ငေးသွားရမယ့် အဆင်ဒီဇိုင်းတွေ ၀တ်ဖို့ မတွန့်ဆုတ်ပါနဲ့။ ထူးခြားတဲ့ ဒီဇိုင်းဆန်းလေးတွေကို နွေရာသီမှာ ၀တ်ဆင်ပြလိုက်ပါ။



၎။Dress တွေထဲမှာဆိုရင် ဗြောင်ကာလာတွေထက် ခုလိုအပွင့်အရွက် ဒီဇိုင်းတွေက ပိုဆွဲဆောင်မှုရှိပါတယ်။



၅။အပေါ်၊အောက်တစ်ဆက်တည်းကိုမှ ဒီဇိုင်းတစ်ခုတည်း ၀တ်ဖို့ စိုးရိမ်နေသူတွေအတွက် ခုလိုလေး စမ်းဝတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။



Ref:lookbook.nu

Related Posts Plugin for WordPress, Blogger...