Thursday, February 20, 2014

ဒုတိယအခွေက ပရိသတ်ကို ဦးစားပေးထားတဲ့အခွေပါလို့ ဆိုတဲ့ အဆိုတော်ဇေရဲ




အနားနားဘေးမှာ သီချင်းနဲ့ ပရိသတ်ရင်ထဲ ရောက်ရှိလာခဲ့တဲ့ ဇေရဲနဲ့ တွေ့ဆုံခိုက် သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေအကြောင်း မေးကြည့်ဖြစ်တဲ့အခါ ‘ဒီအခွေလေးမှာ ပထမအခွေနဲ့ မတူပဲ ထူးခြားတဲ့ ပုံစံဖြစ်အောင် လုပ်ချင်တဲ့အတွက် ထူးခြားတဲ့ပုံစံလေးတွေ စုနေတယ်။ အဲဒီတော့ အချိန် နည်းနည်းယူရဦးမယ်။ ပြီးတော့ ပရိသတ်တွေကို Surprise လုပ်ချင်တာလည်းပါတယ်။ အဲဒီအတွက်ကြောင့် အချိန်အတိအကျပြောလို့ မရသေးဘူးပေါ့။ သီချင်းနာမည်ကအစ ပရိသတ်ပေးတဲ့ နာမည်ပေးမယ်။ ဒုတိယအခွေက ပရိသတ်ကိုဦးစားပေးထားတဲ့ အခွေလေးပါ။ အခွေကိုတော့ ဒီနှစ်အတွင်းမှာ ထွက်နိုင်အောင်လို့ ကြိုးစားနေပါတယ်။ ပထမအခွေမှာတည်းက Owntune သီချင်းတွေ အများကြီးပါတဲ့အတွက် ဒီဒုတိယအခွေမှာလည်း Owntune များမှာပါ။ ဒါပေမဲ့ Referenceပုံစံမျိုးလေးတော့ အနည်းငယ်ပါလိမ့်မယ်။’လို့ သူက ဖွင့်ဟပါတယ်။

ဒုတိယအခွေမှာထားတဲ့ မျှော်လင့်ချက်နဲ့ပတ်သက်ပြီး တော့လည်း သူက ‘ပထမအခွေမှာတော့ မှန်းထားတာထက် ပရိသတ်အားပေးတာ ပိုရတယ်။ အဲဒီအတွက်လည်း ပိုပြီး အားရှိလာတယ်။ ပိုပြီးကြိုးစားချင်စိတ်တွေ ဖြစ်လာအောင်လို့ ပရိသတ်တွေက တွန်းပို့ ပေးခဲ့တာပေါ့။ အဲဒီအတွက်ကြောင့် ဒုတိယအခွေမှာ ပိုပြီးဂရုစိုက်ပြီးတော့ လုပ်နေတယ်။ ပရိသတ်ရဲ့ အားပေးမှုကိုလည်း အများကြီးမျှော်လင့်ပါတယ်’တဲ့။

ရှိုးပွဲဖျော်ဖြေမှုတွေ အရင်တုန်းက တွေ့ရပေမဲ့လို့ အခုနောက်ပိုင်းမှာ မတွေ့ရတဲ့အကြောင်းနဲ့ Underground မှာကျင်လည်တုန်းက အကြောင်းလေးတွေ မေးကြည့်ဖြစ်တဲ့အခါ ‘ပွဲစီစဉ်သူနဲ့လည်း အဆင်ပြေသလို၊ အကုန်လုံးနဲ့အဆင်ပြေပါတယ်။ အကုန်လုံးနဲ့ သဟဇာတဖြစ်အောင်လို့ ပေါင်းသင်းဆက်ဆံတာပါပဲ။ ဒါပေမဲ့ ဘာလိုအပ်ချက်ရှိလို့လဲ မသိပါဘူး။ အဓိကကတော့ ပရိသတ်ပါပဲ။ ပရိသတ်နဲ့အဆက်အသွယ်မပြတ်အောင်၊ ထိတွေ့ခွင့်ရအောင်လို့တော့ ကျွန်တော်က ကြိုးစားနေတာပါပဲ။ အဓိကကလည်း စီစဉ်သူခေါ်မှ ပရိသတ်နဲ့ ထိတွေ့ခွင့်ရမှာလေ။ အဲဒီတော့ စီစဉ်သူက ကျွန်တော့်ဘက်ကြည့်ပေးရင် ကောင်းတာပေါ့။ ကျွန်တော်နဲ့ ပရိသတ်တွေကို တွေ့ ဖို့ဆိုတာက စီစဉ်သူက ကြားခံနယ်ပဲလေ။ ပရိသတ်ကလည်း တောင်းဆိုနေပြီ။ ဇေရဲကလည်း ဖျော်ဖြေချင်နေပြီ။ Underground မှာကျင်လည်တုန်းကတော့ ခုလို Online တွေ ခေတ်မစားနေတဲ့အချိန်၊ Studio တွေ အများကြီးမရှိသေးတဲ့အချိန်ပေါ။ Studio တစ်ခုရောက်ဖို့ Studioနေရာလေးတွေ ရှာရတာကအစ အခက်အခဲရှိတယ်။ အားလုံးမှာတော့ အခက်အခဲရှိတယ်။ အခုချိန်ထိလည်း အခက်အခဲကရှိနေတုန်းပဲ။ အဓိကတော့ ငွေကြေးအခက်အခဲပါပဲ။ ကျွန်တော်ကိုယ်တိုင် ဒီအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတုန်းပဲ။ ဒီအခက်အခဲကို ဖြေရှင်းနိုင်ဖို့ ၄၊၅နှစ်လောက် Underground မှာ လုံးပန်းပြီးတော့ သီချင်းတစ်ပုဒ်စ၊ နှစ်ပုဒ်စ ကို ပရိသတ်တစ်ယောက်ရရ၊ နှစ်ယောက်ရရ သူတို့ရဲ့နားထဲကို ဒီသီချင်းတွေ ရောက်ဖို့ မနည်းတွန်းပို့ခဲ့ရတာ ဆိုတော့ Underground ဘဝမှာတော်တော်ရင်ဆိုင်ခဲ့ရတာပါ။’လို့ သူက ပြောပြသွားပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...