Sunday, December 29, 2013

သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉ (စ) အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ အတိုက်အခံ NLD ပါတီ ရွေးကောက်ပွဲဝင်မည်

Sunday, 29 December 2013



ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် NLD ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲ၌ ဦးဥာဏ်ဝင်းက မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ်

သမ္မတအရည်အချင်း သတ်မှတ်ချက် ၅၉(စ)အပါအ၀င် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်သည်ဖြစ်စေ မပြင်သည်ဖြစ်စေ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူများက ဒီဇင်ဘာ ၂၈ ရက် ဗဟိုကော်မတီ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့တွင် ပြောကြားချက်နှင့် ပတ်သက်၍ မီဒီယာအချို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ပါက NLD ပါတီ ရွေးကောက်ပွဲမ၀င်ဟု ဖော်ပြခဲ့မှုများအပေါ် ပြောရေးဆိုခွင့်ရှိသူများက ပြန်လည်ငြင်းဆိုခဲ့ပြီး ထိုသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒီထက်ပိုပြီး တိကျအောင်ပြောရရင် ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်။ NLD က ၀င်ပြိုင်မယ်ဆိုတာ အစကတည်းက ဆုံးဖြတ်ထားတာ။ ပြင်ရင်ဝင်မယ်။ မပြင်ရင်မ၀င်ဘူးဆိုတာ မရှိဘူး။ ၀င်ကိုဝင်မှာ။ နဂိုကတည်းက ဆုံးဖြတ်ပြီးသား . . .


"ဒီထက်ပိုပြီး တိကျအောင်ပြောရရင် ကျွန်တော်တို့ ၂၀၁၅ ရွေးကောက်ပွဲ ၀င်ကိုဝင်မယ်။ NLD က ၀င်ပြိုင်မယ်ဆိုတာ အစကတည်းက ဆုံးဖြတ်ထားတာ။ ပြင်ရင်ဝင်မယ်။ မပြင်ရင်မ၀င်ဘူးဆိုတာ မရှိဘူး။ ၀င်ကိုဝင်မှာ။ နဂိုကတည်းက ဆုံးဖြတ်ပြီးသား"ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက သတင်းထောက်များကို ပြောကြားသည်။

NLD ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်ဘဲ ၀င်ရောက်မယှဉ်ပြိုင်သင့်ဟုဆိုရာတွင် မိမိတို့မပြိုင်ဟု ပြောခြင်းမဟုတ်ဘဲ တစ်ဖက်သတ် အသာစီးယူကာ ၀င်ရောက်ယှဉ်ပြိုင်ခြင်းသည် သိက္ခာမရှိဟု ပြောခဲ့ခြင်းသည် မပြင်ဆင်လိုသည့်ပါတီများကို ရည်ညွှန်းပြောကြားခဲ့ခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် စကားအပေါ် ပြန်လည်ရှင်းလင်း ပြောကြားသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ရန်အချက်ကိုလည်း ပြည်ထောင်စုလွှတ်တော် ပူးပေါင်းကော်မတီသို့ တင်သွင်းသည့် ၁၆၈ ချက်ပါ အစီရင်ခံစာတွင် ထည့်သွင်းထားပြီး ယင်းအချက်ကို မပြင်ဆင်ပါကလည်း ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

NLD သည် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့စဉ်က ကတိပေးခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်မည်ဟူသော အချက်နှင့်ပတ်သက်၍ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော်တွင်းသို့ ကိုယ်စားလှယ်အများအပြား ရောက်ရှိရေးသည် အဓိကဖြစ်သောကြောင့်ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် လွတ်လပ်မှုရှိနိုင်သော်လည်း တရားမျှတမှုအတွက် သံသယဖြစ်မိကြောင်း၊ ရွေးကောက်ပွဲတွင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲထက်ပို၍ အနိုင်ရရှိရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။

ထို့အပြင် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် NLD တို့သည် နှလုံးရည်ပြိုင်ဆိုင်မှု ပြင်းထန်လာနိုင်သည်ဟုလည်း ပါတီကြီးနှစ်ခုကြား အခြေအနေကို သုံးသပ်ပြောကြားသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီး စစ်အစိုးရက အာဏာမလွှဲအပ်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံခြင်းတို့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သော်လည်း ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ မဲဆန္ဒနယ်မြေ ၄၅ နေရာအနက် ၄၄ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၄၃ နေရာ အနိုင်ရရှိခဲ့သည်။

၂၀၁၃ ခုနှစ်အတွင်း MIC က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ရာကျော် ခွင့်ပြုခဲ့ပြီး ဘီယာ၊ စီးကရက် ထုတ်လုပ်သည့် လုပ်ငန်းအချို့ပါဝင်

Sunday, 29 December 2013



နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီးရှိ သွပ်ပြားစက်ရုံတစ်ရုံအား တွေ့ရစဉ်

၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၀၀ ကျော်ကို ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ချပေးခဲ့ပြီး ဘီယာနှင့် စီးကရက်ထုတ်လုပ်သည့် လုပ်ငန်းအချို့ ပါဝင်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ ဒီဇင်ဘာ ၁၉ ရက်အထိ (MIC) မှ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၁၈ ခုကို ခွင့်ပြုပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခွင့်ပြုမိန့်ချပေးခဲ့သည့် လုပ်ငန်းများထဲတွင် British American Tobacco ကုမ္ပဏီအား စီးကရက်ထုတ်လုပ် ဖြန့်ဖြူးရောင်းချမှုလုပ်ငန်းကို ခွင့်ပြုခဲ့ခြင်း၊ Myanmar Carlsberg Company အား ဘီယာထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းကို ခွင့်ပြုခဲ့ခြင်း၊ APB Alliance Brewery Co.,Ltd အား ဘီယာ၊ အရက်မပါသော ဖျော်ရည်ထုတ်လုပ်ခြင်းလုပ်ငန်းအား ဖက်စပ်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း၊ Beer Chang International Limited အားအဖျော်ယမကာ ထုတ်လုပ်ခြင်းလုပ်ငန်းအား ဖက်စပ်လုပ်ကိုင်ရန် ခွင့်ပြုခဲ့ခြင်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီးနောက်ပိုင်းတွင်မူ လက်ခစားစနစ်ဖြင့် ကုန်ထုတ်လုပ်သည့် လုပ်ငန်းအမျိုးအစားအများစုကို ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ၂၀၁၃ ခုနှစ်အတွင်း ခွင့်ပြုမိန့်ချပေးခဲ့သည့် လုပ်ငန်းအမျိုးအစားအချို့မှာ စွန့်ပစ်အပူသုံး ဓာတ်အားပေးစက်ရုံစီမံကိန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ထုတ်လုပ်ခြင်း၊ ၀ါဖြင့်ချည်မျှင် ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ်နှင့် မော်တော်ယာဉ်သုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အိမ်သုံးနှင့် အိမ်အလှဆင်ပစ္စည်းလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ မော်တော်ယာဉ် ပြုပြင်ထိန်းသိမ်းရေး ၀န်ဆောင်မှုလုပ်ငန်း၊ အသင့်စား စားသောက်ကုန်များအတွက် ကုန်စည်ထောက်ပံ့ ဖြည့်တင်းရေး၊ ဈေးကွက်ရှာဖွေရေးလုပ်ငန်း၊ အိုင်တီလုပ်ငန်း၊ ဆေးဝါးပစ္စည်းများထုတ်လုပ်ခြင်း၊ ရောင်စုံအမိုးပြား ထုတ်လုပ်ခြင်းလုပ်ငန်းတို့ ပါဝင်ခဲ့ကြောင်း သိရသည်။

နိုင်ငံတကာအဆင့်မီ ဟိုတယ်နှင့် Service Residence များပါဝင်သော လုပ်ငန်း၊ သစ်အချောထည်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်း၊ အပျော်စီးသင်္ဘောဖြင့် မြစ်ကြောင်းခရီးသွားလာရေး လုပ်ငန်းများလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့်ချပေးရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ခွင့်ပြုထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၄ ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးနိုင်ငံအချို့မှာ တရုတ်၊ ထိုင်းနှင့် ဟောင်ကောင်တို့ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေး အဆင့်အတန်းကို လိုက်မီရန်အတွက် တစ်ဦးချင်းဝင်ငွေ ရှစ်ရာခိုင်နှုန်းဖြင့် နှစ်၂၀ ခန့် တိုးတက်ရန်လိုအပ်ကြောင်း ကမ္ဘာ့ဘဏ် ထုတ်ပြန်

Sunday, 29 December 2013



ရန်ကုန်မြို့တွင်းရှိ ဘတ်စ်ကားဂိတ် တစ်နေရာအား ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်(ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)

မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ စီးပွားရေး၊ လူမှုရေးအဆင့်အတန်းကို အမီလိုက်နိုင်ရန်အတွက် တစ်ဦးချင်းဝင်ငွလက်ရှိထက် ရှစ်ရာခိုင်နှုန်းဖြင့် နှစ် ၂၀ ခန့် ဆက်တိုက်တိုးတက်နေရန် လိုအပ်ကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေနဲ့ ပြည့်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုတွေ လူထုနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပုဂ္ဂလိကပိုင်ပြုခြင်းတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိဖို့ လိုအပ်တယ် . . .


အရှေ့အာရှနှင့် ပစိဖိတ်ဒေသဒုတိယ ဥက္ကဋ္ဌ Mr.Axel Van Trontsenburg က “ ၁၉၆၀ မှာ မြန်မာနိုင်ငံရဲ့တစ်ဦးချင်း ၀င်ငွေက အိမ်နီးချင်းနိုင်ငံတွေနဲ့ မတိမ်းမယိမ်းရှိခဲ့တယ်။ အဲဒီအချိန်တုန်းက အင်ဒိုနီးရှားနိုင်ငံရဲ့ တစ်ဦးချင်းဝင်ငွေရာခိုင်နှုန်း ၄၀ ပိုမြင့်ပြီး၊ ထိုင်းရဲ့တစ်ဦးချင်း ၀င်ငွေကရာခိုင်နှုန်း ၈၀ ပိုမြင့်တယ်။ အခုလက်ရှိမှာတော့ အင်ဒိုနီးရှားနိုင်ငံက ရာခိုင်နှုန်း ၃၅၀ ပိုမြင့်ပြီး ထိုင်းနိုင်ငံက ရာခိုင်နှုန်း ၅၀၀ နီးပါး မြင့်တက်နေတယ်။ ဒေသတွင်းနိုင်ငံတွေရဲ့ တစ်ဦးချင်းဝင်ငွေ အဆင့်ကိုလိုက်မီဖို့အတွက် မြန်မာက နှစ်စဉ်တစ်ဦးချင်းဝင်ငွေ ရှစ်ရာခိုင် နှုန်းဖြင့် နှစ်ပေါင်း ၂၀ ခန့် ဆက်တိုက်တိုးနေဖို့လိုတယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံအနေဖြင့် စီးပွားရေးနှင့် လူမှုရေးအဆင့်တန်းများ တိုးတက်ရန်အတွက် အိမ်နီးချင်းနိုင်ငံများ၏ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာပိုကုန်ဈေးကွက်၊ ငယ်ရွယ်၍တက်ကြွသော လူသားအရင်းမြစ်၊ ထုတ်ယူမသုံးစွဲရသေးသော သဘာဝအရင်းမြစ်၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာအကူအညီများကို အသုံးချနိုင်ရန် လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ မြန်မာနိုင်ငံအနေနဲ့ ပြည့်သူ့ဘဏ္ဍငွေ စီမံခန့်ခွဲမှုတွေ လူထုနဲ့ပတ်သက်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပုဂ္ဂလိကပိုင်ပြုခြင်းတွေမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုရှိဖို့ လိုအပ်တယ်။ နိုင်ငံတော်ဘဏ္ဍာငွေနဲ့ ကိုက်ညီတဲ့ မက်ခရိုစီးပွားရေးမှုဝါဒမှုဘောင်နဲ့ ငွေကြေးဆိုင်ရာမှုဝါဒတွေ ချမှတ်လုပ်ဆောင်နိုင်ရင် ဆင်ရဲနွမ်းပါးမှုတိုက်ဖျက်ရေးနဲ့ ၀င်ငွေကွာဟတာတွေကိုလျှော့ချပေးနိုင်မယ်” ဟု အရှေ့အာရှနှင့် ပစိဖိတ်ဒေသဒုတိယဥက္ကဋ္ဌ Mr. Axel Van Trontsenburg က ပြောကြားသည်။

မြန်မာနိုင်ငံသည် လှုမှုရေးစီးပွားရေးညွှန်းကိန်းများအရ မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများတွင် နောက်ကျန်ရစ်နေပြီး ကလေးများ၏ လေးပုံတစ်ပုံသည် အဟာရချို့တဲ့နေပြီး လေးပုံသုံးပုံမှာ လျှပ်စစ်မီးမရရှိ သေးပေ။ ထို့ပြင် မြန်မာနိုင်ငံ၏တစ်နှစ်လျှင် တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ တစ်ထောင်ခန့်သာရှိပြီး ထိုပမာဏမှာ ဒေသတွင်း အခြားအိမ်နီးချင်းနိုင်ငံများ၏ ပျမ်းမျှဝင်ငွေ၏ သုံးပုံတစ်ပုံခန့်သာရှိသည်။

၂၀၁၂ခုနှစ်တွင် ထုတ်ပြန်သော အရှေ့တောင်အာရှနိုင်ငံများ စီးပွားရေးအခြေအနေ လေ့လာချက်တွင် စင်ကာပူနိုင်ငံသည် ဂျီဒီပီ နှုန်းသည် အမေရိကန်ဒေါ်လာ ၂၆၇ ဘီလျံရှိ ခဲ့ပြီး တစ်ဦးချင်းဝင်ငွေမှာ ဒေါ်လာ ၄၉၉၃၆၊ ထိုင်းနိုင်ငံ၏ ဂျီဒီပီနှုန်းသည် အမေရိကန်ဒေါ်လာ ၃၇၆ ဘီလျံရှိခဲ့ပြီး တစ်ဦးချင်းဝင်ငွေ မှာ အမေရိကန်ဒေါ်လာ ၅၈၄၈ ရှိသည်။

ထို့ပြင် အင်ဒိုနီးရှားနိုင်ငံ၏ ဂျီဒီပီနှုန်းသည် အမေရိကန်ဒေါ်လာ ၈၉၄ ဘီလျံရှိခဲ့ပြီး တစ်ဦးချင်းဝင်ငွေသည် ၃၆၆၀ရှိသည်။ မြန်မာနိုင်ငံ၏ ဂျီဒီပီနှုန်းသည် ၅၄ ဘီလျံရှိပြီး တစ်ဦးချင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၈၄၉ သာရှိ ကြောင်းသိရသည်။

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်တင်မြှောက်ပွဲ ယခင်အလုပ်အမှုဆောင်အဖွဲ့ဝင် ထက်ဝက်ကျော်ပါဝင်

Sunday, 29 December 2013



မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲတွင် မဲရေတွက်နေမှုကို တွေ့ရစဉ်

မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲကို ဒီဇင်ဘာ ၂၈ရက်က မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)၌ ပထမဆုံးအကြိမ် လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ပြီး အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ်များတွင် ယခင်မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ဝင် ထက်ဝက်ကျော် ပါဝင်ခဲ့ကြောင်းသိရသည်။

ယခင်က ထိုကဲ့သို့ အလုပ်အမှုဆောင်အဖွဲ့ရွေးချယ်တင်မြှောက်ပွဲများကို ဗဟိုဦးစီးစနစ်ဖြင့်သာ ကျင့်သုံးခဲ့ရာမှ ယခုရွေးချယ်တင်မြှောက်ပွဲတွင် ဒီမိုကရေစီနည်းအတိုင်း လျှို့ဝှက်မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခင်မြန်မာနိုင်ငံ ဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင် ၆၅ ဦးဖြင့် ဖွဲ့စည်းခဲ့သော်လည်း ယခုနှစ်တွင် အလုပ်အမှုဆောင်အဖွဲ့ဝင် ၄၅ ဦးဖြင့်သာ ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယခုရွေးချယ်တင်မြှောက်ပွဲတွင် ယခင်မြန်မာနိုင်ငံ ဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့မှ အထွေထွေအတွင်းရေးမှူး ပါမောက္ခ ဒေါက်တာမြင့်သောင်းအပါအ၀င် အဖွဲ့ဝင်ဟောင်း ၂၇ ဦးခန့် ပြန်လည်ပါဝင်ခဲ့ပြီး အဖွဲ့ဝင်သစ် ၂၀ ဦး စုစုပေါင်းအရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ် ၄၇ ဦးခန့် ရှိခဲ့ကြောင်းနှင့် ယင်းတို့အနက်မှ အရွေးချယ်ခံဆန္ဒပြုပုဂ္ဂိုလ် ၄၅ ဦးကို ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ပြန်လည်ရွေးချယ်ခံသည့် အလုပ်အမှုဆောင် အဖွဲ့ဝင်ဟောင်းများတွင် ပါမောက္ခ ဒေါက်တာမြင့်သောင်း၊ ဒေါက်တာ ခိုင်စိုးဝင်း၊ ဒေါက်တာအောင်မျိုးဝင်း၊ ဒေါက်တာခင်မာအေး၊ ပါမောက္ခ ဒေါက်တာအေးအောင်၊ ဒေါက်တာ ယုယုလွင်၊ ဒေါက်တာတင်တင်လှ၊ ဒေါက်တာမြင့်ဇော်၊ ပါမောက္ခ ဒေါက်တာမျိုးညွန့်၊ ပါမောက္ခဒေါက်တာ မြသီတာ၊ ဒေါက်တာတင်ညွန့်၊ ဒေါက်တာ တင်အေး၊ ဒေါက်တာ သက်နိုင်မောင်၊ ဒေါက်တာဝေမြင့်၊ ဒေါက်တာ ခင်ဦးမြင့်၊ ဒေါက်တာကျော် စံဝင်း၊ဒေါက်တာ ကျော်ဝင်း၊ ပါမောက္ခ ဒေါက်တာရင်ရင်စိုး၊ ဒေါက်တာတင်ဇော်မောင်၊ ဒေါက်တာမျိုးသက်ထွန်း၊ ဒေါက်တာဝင်းဇော်၊ ပါမောက္ခ ဒေါက်တာကြည်ကြည်သင်း၊ ဒေါက်တာ ဗီဂျေးကူးမား၊ ပါမောက္ခ ဒေါက်တာအောင်စိုး၊ ပါမောက္ခ ဒေါက်တာကျော်ဇင်ဝေ၊ ဒေါက်တာ ၀င်းလွင်သိန်းနှင့် ဒေါက်တာတင်ညိုညိုလတ်တို့ ပါဝင်ခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် အသစ်ဝင်ရောက်လာသည့် အရွေးချယ်ခံ ဆန္ဒပြုပုဂ္ဂိုလ်များမှာ ဒေါက်တာကျော်အုန်း၊ ဒေါက်တာဘရွှေ၊ ဒေါက်တာရင်ရင်စိန်၊ ဒေါက်တာနုနုဆွေ၊ ဒေါက်တာဝဏ္ဏထွန်း၊ ဒေါက်တာသန်းထွဋ်၊ ဒေါက်တာရဲမြတ်၊ ဒေါက်တာသန်းထိုက်၊ ဒေါက်တာမျိုးမင်း၊ ဒေါက်အေးအေးသိန်း၊ ဒေါက်တာဖုန်းမူလှိုင်၊ ဒေါက်တာစိုးမြင့်၊ ဒေါက်တာဆန်းထွန်း၊ ဒေါက်တာလွင်မေဦး၊ ဒေါက်တာမြ၀င်း၊ ဒေါက်တာကျော်လင်း၊ ဒေါက်တာလှမြင့်၊ ဒေါက်တာမီမီကို၊ ဒေါက်တာသီသီကျော်နှင့် ဒေါက်တာခင်မျိုးလှတို့ ပါဝင်လာခဲ့သည်။

အဆိုပါ ရွေးချယ်တင်မြှောက်ပွဲတွင် ဒေါက်တာ -- နှင့် ဒေါက်တာ ---မှအပ ကျန်အရွေးချယ်ခံဆန္ဒပြု ပုဂ္ဂိုလ် ၄၅ ဦးကို လျှို့ဝှက်မဲစနစ်အရ ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ဥက္ကဋ္ဌအပါအ၀င် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ တာဝန်ခွဲဝေမှုများကိုမူ ဒီဇင်ဘာ ၂၉ရက် (ယနေ့)တွင် ထပ်မံရွေးချယ်သွားမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံဆရာဝန်အသင်း (ရန်ကုန်တိုင်းဒေသကြီး) အလုပ်အမှုဆောင်အဖွဲ့ (၂၀၁၄-၂၀၁၆) ရွေးချယ်တင်မြှောက်ပွဲ ကျင်းပနိုင်ရန် မြန်မာနိုင်ငံဆရာဝန်အသင်း ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ "မြန်မာနိုင်ငံဆရာဝန်အသင်း ရွေးချယ်တင်မြှောက်ပွဲ ကျင်းပရေးကော်မရှင်" ကိုလည်း ၂၀၁၃ ခုနှစ် သြဂုတ် ၂၄ ရက်က ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်းနှင့် ယင်းကော်မရှင်တွင် ယခင်ကျန်းမာရေးနှင့် စက်မှု (၁) ဒုတိယ၀န်ကြီး ဗိုလ်မှူးကြီး သန်းဇင် (ငြိမ်း)မှ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဥက္ကဋ္ဌအပါအ၀င် အဖွဲ့ဝင် ၁၀ဦးဖြင့် ဖွဲ့စည်းထားပြီး သက်တမ်းမှာ နှစ်နှစ်သတ်မှတ်ထားကြောင်း သိရသည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂ၏ ကူညီငွေ ယူရိုတစ်သိန်းကျော်ထဲမှ ၂၀၁၄ တွင် ယူရို လေးသောင်းကျော် သုံးစွဲမည်

 Sunday, 29 December 2013


ရန်ကုန်မြို့အတွင်းတစ်နေရာရှိ အမှိုက်စွန့်ပစ်သည့် ပုံးများအား တွေ့ရစဉ်

ရန်ကုန်မြို့တော်၏ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်း အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ ဖွံ့ဖြိုးရေးအတွက် ဥရောပသမဂ္ဂမှ ကူညီငွေ ယူရိုတစ်သိန်းကျော်ထဲမှ လာမည့် ၂၀၁၄ တွင် ယူရိုငွေလေးသောင်းကျော် သုံးစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။

ရန်ကုန်မြို့တော်၏ သဘာပ၀တ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်နိုင်ရန် မြန်မာနိုင်ငံအခြေစိုက် CESVI WORLD AID အဖွဲ့အစည်းက ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်းနိုင်ရန် ဥရောပသမဂ္ဂသို့တင်ပြခဲ့ရာ သဘောတူညီခဲ့၍ ယခု ၂၀၁၃ ခုနှစ်တွင်လုပ်ငန်းများ စတင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ပြုလုပ်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြန်မာနိုင်ငံအခြေစိုက် CESVI WORLD AID NGO အဖွဲ့အစည်း၊ အီတလီနိုင်ငံမြို့တော် မြူနီစီပယ်၊ အီတလီနိုင်ငံ Ithaca တက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး လုပ်ငန်းစဉ်ကဏ္ဍသုံးခုဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဒီစီမံကိန်းက ၂၀၁၃ မှာစလုပ်တာဖြစ်ပြီး သုံးနှစ်စီမံကိန်းဖြစ်ပါတယ်။ လုပ်တဲ့အခါမှာ အခန်းကဏ္ဍသုံးခုရှိပါတယ်။ Law, Rule and Regulation (ဥပဒေနည်းဥပဒေတွေကို လိုက်လျောညီထွေ ဖြစ်နိုင်စွမ်းတွေ ပြုပြင်ပြောင်းလဲဖို့၊ အီလတီနိုင်ငံ တူရင်မြို့မှာ ပြဋ္ဌာန်းထားတဲ့ အမှိုက်စွန့်ပစ်ခြင်းဆိုင်ရာနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းဆိုင်ရာ ဥပဒေတွေကို မြန်မာနိုင်ငံလက်ရှိ ထုတ်ပြန်ထားတဲ့ ဥပဒေတွေနဲ့ နှိုင်းယှဉ်ပြီး မြန်မာနိုင်ငံနဲ့ကိုက်ညီတာတချို့ ယူသုံးဖို့)၊ နောက်ပြီးမြန်မာနိုင်ငံမှာ အမှိုက်ကားတွေနဲ့ အမှိုက်သိမ်းတဲ့အခါမှာ အမှိုက်သိမ်းကားတွေ ဘယ်ရောက်နေလဲ၊ ဘယ်နေရာမှာ သိမ်းပြီးပြီလဲ။ ဧရိယာဘယ်လောက်ရှိလဲ စသည်ဖြင့် Technical Cooperation (GPS, GIS) စနစ်တွေနဲ့ ပတ်သက်ပြီးလုပ်တာ။ နောက်တစ်ခုကတော့ စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကလေးတွေကို အသိပညာတိုးပွားဖို့ လုပ်တယ်။ Recycle ပစ္စည်းတွေက ဘယ်လိုတန်ဖိုးရှိလဲ၊ ဘယ်လိုပြန်လည် အသုံးချလို့ရလဲ စတာတွေပဲဖြစ်ပါတယ်"ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

အဆိုပါလုပ်ငန်းစဉ်များအတွက် ဥရောပသမဂ္ဂမှ ယူရိုငွေကိုးသိန်းကျော်ကူညီခဲ့ပြီး ယင်းငွေများထဲမှ ရန်ကုန်မြို့တော်အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သုံးစွဲရမည့် ငွေခွဲတမ်း ယူရိုငွေတစ်သိန်းကျော်ရရှိခဲ့ပြီး ယခု ၂၀၁၃ ခုနှစ်တွင် ယူရိုငွေနှစ်သောင်းကျော် သုံးစွဲခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေးအတွက် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ၊ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်သည့် အချက်အလက်များကို ကောက်ယူစုဆောင်းနိုင်ရန် လိုအပ်မှုများ ဖြည့်ဆည်းခြင်း (အင်တာနက်တပ်ဆင်ခြင်း၊ လိုအပ်သည့် ကွန်ပျူတာပစ္စည်းများ ၀ယ်ယူခြင်း)စသည်တို့တွင် သုံးစွဲခဲ့ကြောင်း သိရသည်။

လာမည့် ၂၀၁၄ အတွက် သုံးစွဲမည့် ယူရိုငွေ လေးသောင်းကျော်နှင့် ၂၀၁၅ တွင်လည်း ယူရိုငွေလေးသောင်းကျော်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့တော်တွင် တစ်နေ့လျှင် အမှိုက်တန် ၁၆၉၀ ထွက်ရှိပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အမှိုက်တန် ၁၅၀၀ ကျော်ကိုသာ သိမ်းဆည်းနိုင်သည်။

လှိုင်သာယာ၊ ရွှေလင်ဗန်းကျေးရွာ၌ တဲထိုးနေရန် လာရောက်ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ တုတ်၊ ခဲများ ကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

 Sunday, 29 December 2013


ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရွှေလင်ဗန်းကျေးရွာအတွင်း ရုန်းရင်းဆန်ခတ်မှု အခြေအနေကို တွေ့ရစဉ်

လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းကျေးရွာအတွင်း တဲထိုးနေထိုင်ရန်လာရောက် ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ အငြင်းပွားရာမှတစ်ဆင့် တုတ်၊ ခဲများကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခု ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းမှာ ဒီဇင်ဘာ ၂၇ ရက် ည ၈ နာရီခွဲခန့်မှစ၍ လှိုင်သာယာ၊ ယောအတွင်းဝန် ဦးဖိုးထောင် လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင်ရှိသော မြေနေရာများပေါ်တွင် အိမ်ရာမဲ့ဟုဆိုသော လူအယောက် ၁၀၀ ခန့်မှ တဲထိုးနေထိုင်ရန် ပြင်ဆင်မှုများရှိနေသည်ကို ရပ်ကွက်နှင့်မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့်အချိန်မှစတင်ကာ တင်းမာမှုဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

လှိုင်သာယာ၊ ယောအတွင်းဝန် ဦးဖိုးထောင် လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင်ရှိသော မြေနေရာများပေါ်တွင် အိမ်ရာမဲ့ဟုဆိုသော လူအယောက် ၁၀၀ ခန့်မှ တဲထိုးနေထိုင်ရန် ပြင်ဆင်မှုများရှိနေသည်ကို ရပ်ကွက်နှင့်မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့်အချိန်မှစတင်ကာ တင်းမာမှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ် . . .


ယင်းအပြင် အဆိုပါလမ်းပေါ်သို့ ဖြတ်သန်းသွားသော ယာဉ်များ၊ လူများကို နေထိုင်ရန်ပြင်ဆင်နေသူတို့မှ စစ်ဆေးမေးမြန်းမှုများ၊ ခြိမ်းခြောက်လုပ်ဆောင်မှုများ ပြုလုပ်မှုကြောင့် ဖြစ်စဉ်မှာ ပိုမိုကြီးထွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလင်ဗန်းကျေးရွာအတွင်း နေထိုင်သူဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ရုန်းရင်းဆန်ခတ်မှု မတိုင်မီဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့် စပ်လျဉ်းပြီး ရွှေလင်ဗန်းကျေးရွာတွင် နေထိုင်သူတစ်ဦးက "ကျွန်တော်တို့ အဲဒီလမ်းကဆိုင်ကယ်နဲ့ ဖြတ်သွားတော့ ယာဉ်ကိုတားတယ်။ ပြီးတော့ လေးခွတွေနဲ့ပစ်တယ်။ အဲဒီအပြင် ရပ်ကွက်ကိုပါ မီးရှို့ပစ်မယ်"ဟု စကားသံများပင် ထွက်ပေါ်လာကြောင်း ဆိုသည်။

သို့သော် မိမိတို့မှာ ပြည်သူအချင်းချင်း တိုက်ခိုက်ချင်း လုပ်ဆောင်မှုများ မပြုလုပ်ကြောင်း၊ အာဏာရှင်ခရိုနီများ ရရှိထားသောမြေနေရာများတွင်သာ ကျူးကျော်မှုကို ပြုလုပ်ထားကြောင်း၊ ယင်းအပြင် လက်ရှိနေထိုင်ရန် ပြင်ဆင်နေသူများမှာ ဧရာဝတီတိုင်းဒေသကြီးတွင် နာဂစ်ဖြစ်စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အများဆုံးဖြစ်ကြောင်း တဲထိုးနေထိုင်ရန် ပြင်ဆင်သူအဖွဲ့မှ ဦးဘကျော်က ရုန်းရင်းဆန်ခတ်မှု မဖြစ်ပွားမီ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

မီးရှို့မည်ဟု ထွက်ပေါ်လာသည့်အတွက်ကြောင့် ရွှေလင်ဗန်းရွာသားများမှာ စုရုံးမှုပြုလုပ်ကာ တုတ်၊ အုတ်ခဲအစရှိသည့် ပစ္စည်းများ ကိုင်ဆောင်ထားသည့်အပြင် တဲထိုးနေထိုင်ရန် ပြင်ဆင်နေသူ ၁၀၀ ခန့်မှလည်း တုတ်၊ ဓား အစရှိလက်နက်များ ကိုင်ဆောင်ထားပြီးနောက် နှစ်ဖက်အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် လူသုံးရာကျော်ရှိသော ရွာသားများက ကျူးကျော်နေထိုင်ရန် ပြင်ဆင်နေသူများကို ဖယ်ရှားမှုများနှင့် ရိုက်နှက်ပစ်ခတ်၊ ထိန်းသိမ်းမှုအချို့ပင်ရှိခဲ့သော်လည်း မည်သည့်အာဏာပိုင်အဖွဲ့အစည်းမှ လာရောက်တားဆီးမှုများပင် မရှိခဲ့သည့်အပြင် ဖြစ်စဉ်မတိုင်မီကပင် ရွှေလင်ဗန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမြင့်လှိုင်က "ကျွန်တော်တို့ ရဲစခန်းကိုတော့ အကြောင်းကြားထားပါတယ်" ဟု ဖြေကြားခဲ့သည်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် လက်လုပ်မိုင်း တွေ့ရှိမှုနှင့်ပတ်သက်၍ အထူးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေ

Sunday, 29 December 2013


ဒီဇင်ဘာ ၂၅ ရက်က တောင်ငူမြို့တွင် တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းတစ်ခုကို တွေ့ရစဉ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိမှုကြောင့် အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ လက်လုပ်မိုင်း ပြုလုပ်ထားရှိခဲ့သူကို အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရန် အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

"ဒီလက်လုပ်မိုင်းနဲ့ပတ်သက်ပြီးတော့ အခုချိန်ထိ ကျူးလွန်ခဲ့တဲ့သူကို ဖမ်းမမိသေးဘူး။ ဒါပေမဲ့ အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးနေပါပြီ"ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ပြောကြားသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ စိန်ပန်းရပ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အရှေ့ဘက် ပြည်တော်အေးလမ်းမဘေး၊ လမ်းသွယ်စည်ပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် လူငယ်ထိန်းသိမ်းရေး မိဘမဲ့ဂေဟာကြားရှိ လမ်းဘေးရေမြောင်းငယ်အတွင်း လက်လုပ်မိုင်းတစ်ခုကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းလမ်းဘေး ရေမြောင်းငယ်အတွင်း၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ် တစ်ထုပ်ကို တွေ့ရှိခဲ့ရသည်ဟု စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးတိုင်ကြားချက်အရ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာတွင် အဆိုပါ လက်လုပ်မိုင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါကဲ့သို့ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် လုံခြုံရေးအသိ၊ သတိနှင့် ရဲတပ်ဖွဲ့ဝင်များအင်အားကို ယခင်ကထက် တိုးမြှင့်ချထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရသည်။

Related Posts Plugin for WordPress, Blogger...