Sunday, December 29, 2013

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် လက်လုပ်မိုင်း တွေ့ရှိမှုနှင့်ပတ်သက်၍ အထူးစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးနေ

Sunday, 29 December 2013


ဒီဇင်ဘာ ၂၅ ရက်က တောင်ငူမြို့တွင် တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းတစ်ခုကို တွေ့ရစဉ်

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးအနီးတွင် လက်လုပ်မိုင်းတစ်လုံး တွေ့ရှိမှုကြောင့် အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းကာ စတင်စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းတွင် ပြောကြားသည်။

ယင်းကဲ့သို့ လက်လုပ်မိုင်း ပြုလုပ်ထားရှိခဲ့သူကို အမြန်ဆုံးဖော်ထုတ်အရေးယူနိုင်ရန် အထူးစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

"ဒီလက်လုပ်မိုင်းနဲ့ပတ်သက်ပြီးတော့ အခုချိန်ထိ ကျူးလွန်ခဲ့တဲ့သူကို ဖမ်းမမိသေးဘူး။ ဒါပေမဲ့ အမြန်ဆုံးဖမ်းဆီးနိုင်ဖို့ အထူးအမှုစစ်အဖွဲ့ကို ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးနေပါပြီ"ဟု ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ပြောကြားသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ စိန်ပန်းရပ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး အရှေ့ဘက် ပြည်တော်အေးလမ်းမဘေး၊ လမ်းသွယ်စည်ပင် ဆောက်လုပ်ရေးလုပ်ငန်းခွင်နှင့် လူငယ်ထိန်းသိမ်းရေး မိဘမဲ့ဂေဟာကြားရှိ လမ်းဘေးရေမြောင်းငယ်အတွင်း လက်လုပ်မိုင်းတစ်ခုကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းလမ်းဘေး ရေမြောင်းငယ်အတွင်း၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ် တစ်ထုပ်ကို တွေ့ရှိခဲ့ရသည်ဟု စည်ပင်ဝန်ထမ်းတစ်ဦးမှ သတင်းပေးတိုင်ကြားချက်အရ သက်ဆိုင်ရာမှ သွားရောက်စစ်ဆေးရာတွင် အဆိုပါ လက်လုပ်မိုင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါကဲ့သို့ ဗုံးတွေ့ရှိခဲ့သည့် ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတို့တွင် လုံခြုံရေးအသိ၊ သတိနှင့် ရဲတပ်ဖွဲ့ဝင်များအင်အားကို ယခင်ကထက် တိုးမြှင့်ချထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ စုံစမ်းသိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...