Sunday, October 27, 2013

ဗြိတိန်စစ်တပ် ကြောင့် ဒုက္ခ ရောက်ခဲ့ ရတဲ့ မြန်မာပြည်သူ များ နှင့် ပြာကျ ခဲ့ရသည့် မြန်မာ နိုင်ငံ၏ သမိုင်းဝင်ဓာတ်ပုံများ (၄)


ဗြိတိန်စစ်တပ်မှ လေယဉ်တစ်စီး၏ ပစ်ခတ်မှုကြောင့် ပြိုပျက်ခဲ့ရသော အဆောက်အဦးများ၊ သေဆုံးသူအမျိုးသမီး နှင့် မိခင်မဲ့ ကလေးအတွက် ဝမ်းနည်းနေသည့် မြန်မာပြည်သူ တစ်ဦး နှင့် နေအိမ်စွန့်ခွာထွက်ပြေးကြသော မြန်မာပြည်သူများ



မန္တလေးမြို့ကို ဒုတိယအကြိမ် အင်္ဂလိပ်တို့ ဝင်ရောက်တိုက်ခိုက်စဉ် တွေ့သမျှ အကုန်ပစ်ခတ် ဖြိုချသဖြင့် စေတီပုထိုးများစွာ နှင့် သမိုင်းဝင်အဆောက်အအုံများစွာ မီးလောင်ပြာကျခဲ့ရသည်


သမိုင်းဝင် အမွေအနစ် နန်းမြို့ရိုးအား ပစ်ခတ်ဖြိုချခဲ့သည့် ဗြိတိန်စစ်သားများ



ပုန်ကန်သည့် မြန်မာအာဇာနည်များကို တိုက်ခိုက်သတ်ဖြတ်ရန်
မြန်မာ့မြေပေါ် တွင် လေ့ကျင့်သင်ကြားနေသည့် ဗြိတိန်စစ်သားများ

..  
 
www.MyanmarExpress.net

ဗြိတိန် စစ်တပ်မှ မြန်မာပြည်သူများ အပေါ် ခေါင်းဖြတ် သတ်ခဲ့သည့် သမိုင်းဝင် ဓာတ်ပုံများ (၃)



ဗြိတိန်စစ်တပ်ကို တော်လှန်ခဲ့သည့် ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား သူရဲကောင်းတို့၏ ခေါင်းများကို ဖြတ်ပြီးနောက်
စံနမူနာပြအဖြစ်
ဗြိတိန်စစ်တပ်နှင့် တည့်အောင်မပေါင်းသည့် မြန်မာပြည်သူအားလုံးကို ယခုကဲ့သို့ ခေါင်းဖြတ်သတ်မည်ဟုကြေညာကာ ပြည်ဂါတ်ဝင်းအတွင်း အများပြည်သူကို ပြသထားခဲ့စဉ်

(ရက်စက်ကြမ်းကြုပ်ကာ သွေးဆာနေသည့် ဗြိတိန်စစ်သားများကြောင့် အပြစ်မဲ့ မြန်မာတောင်သူဦးကြီးပေါင်း များစွာနှင့် ၎င်းတို့၏ ဇနီးသည်များ အသေဆိုးဖြင့် သေခဲ့ကြရသည်။)


ဗြိတိန်စစ်သားများ၏ ရက်ရက်စက်စက်ခေါင်းဖြတ် သတ်ခံခဲ့ရသူ တောင်သူလယ်သမား အာဇာနည် ဆရာစံ



ဗြိတိန်စစ်သားများနှင့် ပျော်ပါးနေသည့် ဒေါ်အောင်ဆန်းစုကြည်
.. www.MyanmarExpress.net

အစိုးရဝန်ထမ်း ၁၀၀ ကျော်ကိုရီးယားသို့ KOICA စေလွှတ်






KOICA က ဝန်ကြီးဌာန အသီးသီး နယ်ပယ်အသီးသီးမှ မြန်မာအစိုးရ ဝန်ထမ်း ၁၀၀ ကျော်ကို ASEAN၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စွမ်းဆောင်ရည်မြှင့် သင်တန်းများ၊ မြန်မာအကြီးတန်း အရာရှိများ နှစ်စဉ် တက်ရောက်လေ့ရှိသော ပြည်သူ့ရေးရာ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ဆွေးနွေးပွဲများသို့ ယခုနှစ်အတွင်း စေလွှတ် တက်ရောက်စေခဲ့ကြောင်း KOICA က Program Officer ဒေါ်အိကျော့ခိုင်က The Voice သို့ ပြောကြားသည်။

ကိုရီးယား အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (KOICA) သည် မြန်မာ-ကိုရီးယား နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မြဲစေရန်နှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံဖြိုးရေး၊ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်စေရန် ၁၉၉၁ ခုနှစ်က စတင်၍ ၂၀၁၃ လက်ရှိ အချိန်အထိ အစိုးရဝန်ထမ်း ၁၆၀၀ နီးပါးကို သုံးနှစ် တက်ရောက်ရသော ဘွဲ့လွန် ပညာသင်ဆု၊ နှစ်ပတ်ခန့် တက်ရောက်ရသော Fellowship Program နှင့် KOICA Project ပေါ်မူတည်၍ တက်ရောက်ရသော သင်တန်းများကို စေလွှတ်ခဲ့ပြီး တစ်နှစ်လျှင် သင်တန်းသား တစ်ရာခန့် စေလွှတ်ခဲ့ကြောင်း၊ ၂၀၁၃ စက်တင်ဘာနှင့် အောက်တိုဘာလတွင်လည်း သင်တန်းသား ၂၀ ကျော်ကို စေလွှတ်ထားဆဲ ဖြစ်ကြောင်း ၎င်းကပြောကြားသည်။

သင်တန်းသားများ စေလွှတ်ရာတွင် ကျန်းမာရေး၊ ပညာရေး၊ စီမံခန့်ခွဲမှုနှင့် ဖွံ့ဖြိုးရေး၊ စိုက်ပျိုးရေး၊ ရာသီဥတု သတင်းအချက်အလက်နှင့် ကဏ္ဍမျိုးစုံဖြင့် အစိုးရ ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ စေလွှတ်ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

အောက်တိုဘာလ ၂၆ ရက် နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြတ်မင်္ဂလာ ဟိုတယ်၌ KOICA က Chief Resident Representative Mr. Nam Kwon Hyoung နှင့် အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီးဌာန နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွတ်တို့ တတ်ရောက်မည် ဖြစ်ပြီး ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်း တက်ရောက်ခဲ့သည့် သင်တန်းသားများ ဖွဲ့စည်းထားသည့် Myanmar KOICA Club ၏ ဥက္ကဋ္ဌက ရှေ့ဆက် လုပ်ငန်းစဉ်များကို ရှင်းလင်း ပြောကြားမည်ဖြစ်ကာ ၂၀၁၃ တွင် ကိုရီးယားသမ္မတနိုင်ငံတွင် သင်တန်း တက်ရောက်ခဲ့သူများက ၎င်းတို့၏ အတွေ့အကြုံ၊ ဗဟုသုတများကို မျှဝေမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါ ပွဲပြီးပါက KOICA ရုံးမှ တာဝန်ရှိသူများ၊ Myanmar KOICA Club အသင်းသားများနှင့် ကိုရီးယားနိုင်ငံသား လုပ်အားပေးများက နေပြည်တော် ရေဆင်းရှိ မူလတန်းကျောင်းကို သွား ရောက်၍ စာကြည့်တိုက်တွင် စာအုပ်စင် သုံးစင်နှင့် ကျပ်တစ်သိန်းကျော် တန်ဖိုးရှိ စာအုပ်များ လှူဒါန်းမည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

the voice

အောက်မေ့ဖွယ် ဗြိတိန် စစ်သားများ မြန်မာပြည်သူတို့ကို ကျွန်ပြု သတ်ဖြတ်စဉ် စဉ်က ဓာတ်ပုံများ (၂)







ဗြိတိန်စစ်တပ်ကို ဆန့်ကျင်ပုန်ကန်သည့် ရှေးမြန်မာအာဇာနည်များကို
ဗြိတိန်စစ်တပ်မှ ကားစင်တင် ပစ်ခတ်သတ်ဖြတ်သည့် လူသတ်ကုန်း


ဗြိတိန်စစ်တပ် အတင်းအဓမ္မယူဆောင်သွားသော မြန်မာ့အမွေအနစ် များစွာထဲမှ တစ်ခု
(ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်မှပြန်မလာခင် မင်းဆောင်းဘောင်းတော်၊ ပတ္တမြားငမောက် နှင့် မြန်မာ့အမွေအနစ်တွေအားလုံး ပြန်တောင်းခဲ့ရင် ကောင်းမယ်)










မန္တလေးမြို့ကျဆုံးခဲ့တာ လင်းလင်းက အခုမှသိတာပါ
ဗြိတိန်စစ်သားများ ကျုံးရှေ့ စစ်ရေးပြကွင်းလုပ်ခဲ့တာ ကြာပါပြီ



အင်္ဂလိပ်တို့ ခေါ်လာသည့် အိန္ဒိယစစ်သားများကို ကြောက်ရွံ့နေရှာသော ရိုးသားဖြူစင်သည့် ရှေးမြန်မာပြည်သူများ
.. www.MyanmarExpress.net

အောက်မေ့ဖွယ် ဗြိတိန် စစ်သားများ မြန်မာပြည်သူတို့ကို ကျွန်ပြုစဉ်က ဓတ်ပုံများ (၁)






မြန်မာပြည်သူတို့ကို ဗြိတိန်စစ်သားများ ကျွန်ပြုစဉ်က
ခွေးလောက်မှ တန်ဖိုးထားမခံရသည့် မြန်မာပြည်သူတစ်ဦးကို ဒူးထောက်ခိုင်းထားစဉ်


ဗြိတိန်စစ်တပ်ကြောင့် လူ့အခွင့်အရေးမရှိ၊ လူသားချင်းညှာတာမှုဆိုတာ မသိခဲ့ရတဲ့ ကျွန်ပြုခံ မြန်မာပြည်သူများ




မြန်မာတို့ အထဋ်အမြတ်ထားရာ ဘုန်းကြီးကျောင်းတွင်း ဖိနပ်စီးထားသော ဗြိတိန်စစ်သားများ


မြန်မာတို့အထွဋ်အမြတ်ထားရာ စေတီများကို အကာအကွယ်ယူ၍ စစ်တိုက်နေကြသော ဗြိတိန်စစ်သားများ
.. www.MyanmarExpress.net

ကေအိုင်အေနှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာများတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက် ပြောကြား

 Created on Sunday, 27 October 2013

အောက်တိုဘာ ၂၆ ရက်က ရန်ကုန်မြို့၌ ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ပြုလုပ်သော ကချင်ပြည်နယ် အခြေအနေဆိုင်ရာရှင်းလင်းပွဲ

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် ဖြစ်ပွားနေသော တိုက်ပွဲအများစုမှာ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံသည့် နေရာအများစုတွင် ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားသည်။

တရုတ်နိုင်ငံ အနေဖြင့် စွမ်းအင်လိုအပ်ချက်အတွက် မြန်မာနိုင်ငံမှ ဓာတ်ငွေ့များကို သွယ်တန်းရယူနေကြောင်း၊ ၂၀၁၂ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ တိုက်ပွဲများဖြစ်ပွားခဲ့သည့် နေရာများကို လေ့လာကြည့်ပါက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းသည့် နေရာများတွင် အများစု ဖြစ်သည်ကို တွေ့ရကြောင်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ညှိနှိုင်းရေးမှူး ဒေါ်မေစံပယ်ဖြူက ဆိုသည်။

ဒေါ်မေစံပယ်ဖြူက "ဒီတရုတ်ဓာတ်ငွေ့ပိုက်လိုင်းတွေ ကာကွယ်ဖို့အတွက် တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းတွေ ဖြတ်သန်းဖို့ နေရာတွေကို ရယူဖို့အတွက် ကျွန်မတို့တွေဟာ ပဋိပက္ခ စစ်ပွဲတွေ ဖြစ်ပွားတယ်လို့ ကျွန်မတို့က အဲဒီလိုပဲ ယူဆလို့ ရပါတယ်" ဟု ဆိုသည်။

ကေအိုင်အေနှင့် အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် အောက်တိုဘာ ၈ ရက်မှ ၁၀ ရက်အထိ မြစ်ကြီးနားမြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး အချက်ခုနစ်ချက်ပါ သဘောတူညီချက် ရရှိခဲ့ပြီး ဖြစ်သော်လည်း ၁၀ ရက်ကျော် အကြာခန့်တွင် ကချင်ပြည်နယ် မန်စီမြို့နယ် အတွင်း၌ တိုက်ပွဲများ ဆက်တိုက်ပြန်လည် ဖြစ်ပွားခဲ့သည်။

အဆိုပါ တိုက်ပွဲများမှာ သစ်ခိုးထုတ်မှုများအပေါ် သွားရောက်ရှင်းလင်းရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း အစိုးရဘက်မှ ရှင်းလင်းခဲ့သော်လည်း အဆိုပါ အချက်မှာ အကြောင်းပြချက် သက်သက်သာဖြစ်ပြီး အမှန်တကယ် အကြောင်းရင်း မဖြစ်နိုင်ဘဲ တိုက်ပွဲများ ဖြစ်ပွားသည့် နေရာမှာ ဗန်းမော်-မန္တလေး ရထားလမ်းကို တရုတ်နိုင်ငံမှ ရထားလမ်း လာဆက်မည့်နေရာ ဖြစ်နေသည်ဟု ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဆိုသည်။

သစ်ခိုးထုတ်မှု လမ်းကြောင်းသည် မန္တလေး၊ စစ်ကိုင်း စသည့်အစိုးရအောက်ရှိ မြို့နယ်များကို ဖြတ်သန်းလာခဲ့ချိန်တွင် ဖမ်းဆီးခဲ့ခြင်း မပြုဘဲ ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းရောက်မှသာ လိုက်လံရှင်းလင်းခဲ့ခြင်း ဖြစ်ကြောင်းနှင့် သစ်ခိုးထုတ်မှု လမ်းကြောင်းမှာ အများအပြား ရှိနေပြီး လမ်းကြောင်းတစ်ခုတည်းကြောင့် တိုက်ပွဲများ ထိုမျှထိ ပြင်းထန်စရာ မရှိဟု အဆိုပါ ကွန်ရက်က ထောက်ပြသည်။



တပ်မတော်နှင့် KIA တို့ တိုက်ပွဲအချို့ ဖြစ်ပွားခဲ့သည့် ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ အတွင်းက လဂျားယန် ဒေသရှိ KIA ရှေ့တန်းစခန်း တစ်ခုအား တွေ့ရစဉ်

အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ (ကေအိုင်အို)တို့အကြား ၁၉၉၄ ခုနှစ်မှစကာ အပစ်အခတ် ရပ်စဲထားခဲ့ပြီး ၁၇ နှစ်ကြာပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား လာခြင်းမှာလည်း တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ရန်မှ စတင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ဒေါ်မေစံပယ်ဖြူက ထောက်ပြခဲ့သည်။

"၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှာ တိုက်ပွဲတွေ စဖြစ်ပွားတာကိုက တာပိန်ရေအားလျှပ်စစ်လို့ခေါ်တဲ့ ရေအားလျှပ်စစ် ထုတ်ဖို့အတွက် ဆည်အသေးလေးဆောက်တဲ့ ဒေသကနေစပြီး ဖြစ်တယ်။ စပြီးဖြစ်ခဲ့တာကိုက အဲဒီဆည်ကို လာပြီးဆောက်တဲ့ တရုတ်ကုမ္ပဏီက ၀န်ထမ်းတွေနဲ့ ဒေသခံ ရွာသူရွာသားတွေ မသင့်မတင့် ဖြစ်တာကို တရုတ်ကုမ္ပဏီက လူတွေကို လုံခြုံရေး ကာကွယ်ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီးတော့ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒီတော့ ပြောချင်တာက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်လိုမှုကနေ စတာ။ တကယ်တော့ တာပိန်ရေအားလျှပ်စစ်ဆိုတာ သေးသေးလေးပါ။ ကျွန်မတို့ မြစ်ဆုံဆည်နဲ့ ယှဉ်မယ်ဆိုရင်ပေါ့" ဟု ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။

နိုင်ငံတကာ ပညာရှင်များ အနေဖြင့်လည်း တိုက်ပွဲများ ဖြစ်ပွားသည့် နေရာများကို စနစ်တကျ မြေပုံဆွဲထားပြီး ဖြစ်ကြောင်း၊ ၎င်းတို့၏ လေ့လာမှုများ အရလည်း တညီတညွတ်တည်း ကောက်ချက်ချနိုင်သည်မှာ ပဋိပက္ခများ၊ မငြိမ်သက်မှုများ၊ တိုက်ပွဲများ ဖြစ်ပွားနေရသည့် ဒေသများ အားလုံးမှာ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု လမ်းကြောင်းများနှင့် အမှန်တကယ် ဆက်စပ်မှု ရှိသည်ဆိုခြင်းပင် ဖြစ်ကြောင်းလည်း ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဆိုသည်။

"ဘယ်လိုပဲ အကြောင်းပြချက်တွေရှိရှိ တကယ်တမ်း ထဲထဲဝင်ဝင် လေ့လာလိုက်တဲ့အခါ တရုတ်အပါအ၀င် စီးပွားရေး လုပ်ငန်းရှင်တွေက လာပြီးတော့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့အတွက် ကြည့်ထားတဲ့ သဘောတူထားတဲ့ အဲဒီဧရိယာတွေနဲ့ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေဟာ အမြဲတမ်းပဲ တိုက်ပဲတိုက်ဆိုင်လွန်း အားကြီးတယ်။ အဲဒီလို ရင်းနှီးမြှုပ်နှံမှုတွေ ဖြတ်သန်းသွားလာတဲ့ လမ်းကြောင်းတွေမှာပဲ တိုက်ပွဲအသစ် အသစ်တွေဟာ ဖြစ်ပေါ်နေတာကို တွေ့ရတယ်" ဟု ဒေါ်မေစံပယ်ဖြူက ပြောကြားသည်။

EMG

ရွှေ့ပြောင်းအခြေချသူများ သေဆုံးမှုကို ရပ်တန့်ရန် ကြိုးပမ်းသွားမည်ဟု ဥရောပသမဂ္ဂ ခေါင်းဆောင်များ ကတိပြု



27 October 2013 00:52


အောက်တိုဘာ ၂၅ ရက်က လမ်ပီဒူဆာကျွန်းတွင် ကယ်ဆယ်ခဲ့ရသော ရွှေ့ပြောင်းဒုက္ခသည်များ (Photo:AFP)


ခိုးဝင်ရန် ကြိုးပမ်းသော ရွှေ့ပြောင်းအခြေချ ၇၀၀ ခန့်ကို စစ္စလီကျွန်း အနီးတွင် အီတလီက ကယ်တင်နိုင်ခဲ့ချိန်တွင် ဥရောပ သမဂ္ဂ ခေါင်းဆောင်များက မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းအခြေချများ ရေနစ်သေဆုံးမှုကို ရပ်တန့်ရန် ကြိုးပမ်းသွားမည်ဟု အောက်တိုဘာ ၂၅ ရက်တွင် ကတိပြုခဲ့ကြသည်။ အာဖရိကနှင့် ဆီးရီးယားတို့တွင် ပဋိပက္ခများမှ ထွက်ပြေးတိမ်းရှောင် လာကြသော ဒုက္ခသည် ၄၀၀ ခန့် သေဆုံးခဲ့မှုက ဥရောပကို တုန်လှုပ်စေခဲ့ပြီးနောက် သုံးပတ်ခန့် အကြာတွင် အီတလီ၌ ဒုက္ခသည်များ ကယ်ဆယ်သည့် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ နယ်စပ်တွေမှာ လူတွေထောင်ချီပြီး သေဆုံးနေတာကို ဥရောပ သမဂ္ဂက လက်မခံနိုင်ပါဘူး" ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် ဘာရိုဆိုက ပြောကြားခဲ့သည်။ ကြိုတင်ကာကွယ်မှု၊ ကာကွယ်မှုနှင့် စည်းလုံးညီညွတ်မှု စသည့် မူသုံးချက်ကို ဥရောပ ခေါင်းဆောင်များက သဘောတူညီခဲ့ကြပြီး မကြာသေးခင်က ဒုက္ခသည်များ သေဆုံးမှုကို အလွန်ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် ဇွန်လနှင့် ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲများတွင် ရွှေ့ပြောင်းအခြေချ နေထိုင်မှုနှင့် ဒုက္ခသည် ပြဿနာများကို ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်းနှင့် ဥရောပ သမဂ္ဂ၏ အရေးယူ ဆောင်ရွက်ချက် အစီစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် ဥရောပ ခေါင်းဆောင်များ ကြေညာချက်က ဖော်ပြခဲ့သည်။ ဆီးရီးယားတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေသောကြောင့် ရွှေ့ပြောင်းအခြေချ ဒုက္ခသည်များ ထပ်မံဝင်ရောက် လာမည်ကို ဥရောပက စိုးရိမ်နေသည်။ ယခုနှစ်တွင် ရွှေပြောင်းအခြေချ ဒုက္ခသည် ၃၀၀၀၀ ထိ လေးဆတိုးမြင့်လာကြောင်း အီတလီက ပြောကြားထားပြီး စပိန်ကလည်း အာဖရိက ဒုက္ခသည် ၃၀၀၀ ခန့်ထိ နှစ်ဆမြင့်တက်လာကြောင်း ပြောကြားထားသည်။

ယခုနှစ်တွင် နယ်စပ်များမှ တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းသူ ခုနစ်ဆအထိ မြင့်တက်လာကြောင်း ဘူဂေးရီးယားက ပြောကြားထားသည်။ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ဥရောပတွင် နေထိုင်ရန် ကြိုးပမ်းသူ ရွှေ့ပြောင်းအခြေချ ၁၇၀၀၀ မှ ၂၀၀၀၀ အထိ ပင်လယ်တွင် သေဆုံးခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးပြုအဖွဲ့များက ခန့်မှန်းထားသည်။

ဥရောပသမဂ္ဂတွင် အဖွဲ့အတွက် ကိုယ်ပိုင်သင်္ဘော၊ လေယာဉ်နှင့် စောင့်ကြည့်ကိရိယာများ မရှိသဖြင့် ပင်လယ်မှ ၀င်ရောက်ရန် ကြိုးပမ်းသော ရွှေ့ပြောင်းအခြေချ နေထိုင်သူများ၊ ဒုက္ခသည်များကို တားဆီးရန် ခက်ခဲနေသည်။

Ref:AFP

မာလီငြိမ်းချမ်းရေးအတွက် တပ်ဖွဲ့ဝင် တိုးမြှင့်စေလွှတ်ရန် အနောက်အာဖရိကအဖွဲ့ တိုက်တွန်း

27 October 2013 00:52



မာလီမြောက်ပိုင်း ဂါအိုရှိ နိုင်ဂျာမြစ်တစ်လျှောက် ပြင်သစ်တပ်ဖွဲ့ဝင်များ ဇန်န၀ါရီ ၃၀ ရက်က ကင်းလှည့်နေစဉ် (Photo:AFP)

မာလီတွင် အစ္စလာမ္မစ် အကြမ်းဖက် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွား လာသည့်အတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းနိုင်ရေး နိုင်ငံတကာ အသိုင်းအ၀ိုင်းက အရေးပေါ် လုပ်ဆောင်ရန် ဆီနီဂေါ၌ အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပခဲ့သော အဖွဲ့ဝင် ၁၅ နိုင်ငံ ပါဝင်သည့် အနောက်အာဖရိက စီးပွားရေး အသိုက်အ၀န်း (ECOWAS) က တိုက်တွန်းခဲ့သည်။

ယင်းအဖွဲ့ ဆွေးနွေးပွဲတွင် စီးပွားရေး ကိစ္စမှာ ထိပ်တန်းဆွေးနွေးစရာအဖြစ် နေရာယူဖွယ်ရှိပြီး အဖွဲ့ဝင်နိုင်ငံ ခုနစ်နိုင်ငံအတွက် ဘုံငွေကြေးတစ်ခုကို ၂၀၁၅ ခုနှစ် မတိုင်မီ ဖန်တီးရန်နှင့် ၂၀၂၀ ပြည့်နှစ် မတိုင်မီ အဖွဲ့ဝင်နိုင်ငံ အားလုံးကြား ဘုံဈေးကွက်တစ်ခု ဖန်တီးရေး ကိစ္စတို့ကိုလည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။ ကြီးမားကျယ်ပြန့်သော ဆာဟယ်ဒေသတွင် အကြမ်းဖက် တိုက်ခိုက်မှုများကို နှိမ်နင်းရေးမှာ မပြီးဆုံးသေးကြောင်း အိုင်ဗရီကို့စ်သမ္မတ အိုတာရာက အဖွဲ့ဝင် နိုင်ငံများအား သတိပေးခဲ့သည်။

မာလီတွင် အစ္စလာမ္မစ် စစ်သွေးကြွများ တိုက်ခိုက်မှု ထပ်မံဖြစ်ပွား လာသဖြင့် မာလီနိုင်ငံရှိ ကုလသမဂ္ဂတပ်ဖွဲ့ (MINUSMA) သို့ နိုင်ငံတကာက တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်ခြင်းဖြင့် ကူညီပေးရန် တိုက်တွန်းခဲ့သည်။ နိုင်ဂျီးရီးယားနှင့် ချဒ်တို့က တပ်ဖွဲ့ဝင်များ ရုပ်သိမ်းခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းတွင် ယင်းအဖွဲ့၌ တပ်ဖွဲ့ဝင် ၆၀၀၀ ကျော်သာ ကျန်ရှိတော့ကြောင်း သိရသည်။ ယင်းတပ်ဖွဲ့အတွက် နောက်ဆုံးတွင် တပ်ဖွဲ့ဝင်နှင့် ရဲအင်အား ၁၂၆၄၀ ထိရောက်ရှိရန် ရည်မှန်းထားကြောင်း သိရသည်။ မာလီရှိ အယ်လ်ကေးဒါး ဆက်နွှယ်သော အစ္စလာမ္မစ် အဖွဲ့များကို တိုက်ထုတ်ခဲ့သော ပြင်သစ်က မာလီတွင် လက်ရှိတပ်ဖြန့်ထားသော တပ်ဖွဲ့ဝင် ၃၀၀၀ မှ ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ကုန်ပိုင်းတွင် ၁၀၀၀ အထိ လျှော့ချရန် စီစဉ်နေကြောင်း သိရသည်။

၁၉၇၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ECOWAS အဖွဲ့၌ အဖွဲ့ဝင်နိုင်ငံ အားလုံး၏ လူဦးရေ စုစုပေါင်း သန်း ၃၀၀ ၀န်းကျင်ရှိပြီး ပြင်သစ်စကားပြောနိုင်ငံ ရှစ်နိုင်ငံ၊ အင်္ဂလိပ် စကားပြောနိုင်ငံ ငါးနိုင်ငံနှင့် ပေါ်တူဂီစကားပြောနိုင်ငံ နှစ်နိုင်ငံတို့ ပါဝင်ကြောင်း သိရသည်။

Ref:AFP

ကမ္ဘောဒီးယား ရွေးကောက်ပွဲ အငြင်းပွားရလဒ်ကို အတိုက်အခံ ၂၀၀၀၀ ၀န်းကျင် ကန့်ကွက်ဆန္ဒပြ

27 October 2013 00:52


ကမ္ဘောဒီးယား အတိုက်အခံပါတီ CNRP ခေါင်းဆောင် ဆမ်ရိန်စီ အောက်တိုဘာ ၂၅ ရက်တွင် ဖနွမ်းပင်ရှိ ဒီမိုကရေစီ ပန်းခြံ၌ မိန့်ခွန်းပြောနေစဉ်

ဇူလိုင်လတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်၏ အငြင်းပွားဖွယ် အနိုင်ရမှု ရလဒ်ကို မြို့တော်ဖနွမ်းပင်တွင် သုံးရက်ကြာ ကန့်ကွက်ဆန္ဒပြမှုအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် အတိုက်အခံ ၂၀၀၀၀ ၀န်းကျင်က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြမှု သုံးရက်အတွင်း ဖနွမ်းပင်ရှိ ကုလသမဂ္ဂ ရုံးများနှင့် အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ် အပါအ၀င် ပြည်ပသံရုံးများသို့ ဆန္ဒပြသူများက သွားရောက်ခဲ့ပြီး ရွေးကောက်ပွဲ မဲမသမာမှုများကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခွင့် ရရှိနိုင်ရေးအတွက် ၀င်ရောက်ကူညီပေးရန် တောင်းခံသည့် အသနား ခံစာများကို ပေးဝေခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယား အစိုးရသည် ရွေးကောက်ပွဲ မသမာမှုများကို စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ပြီး ပါလီမန်ကိုလည်း အတိုက်အခံများ မပါဝင်ဘဲ တရားမ၀င် စတင်ခဲ့သည်ဟု လက်မှတ်နှစ်သန်းခန့် ပါဝင်သည့် အဆိုပါ အသနားခံစာတွင် ရေးသားထားကြောင်း သိရသည်။ အစိုးရ၏ လုပ်ရပ်ကြောင့် ကမ္ဘောဒီး ယားသည် တစ်ပါတီ အာဏာရှင်စနစ်သို့ ပြန်လည်ဦးလှည့် နေကြောင်းလည်း အဆိုပါစာတွင် ရေးသားထားသည်။ အသနားခံစာ ရရှိခဲ့သော သြစတြေးလျ သံရုံးက ကမ္ဘောဒီးယားရှိ သက်ဆိုင်သည့် ပါတီများ အနေဖြင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲမှု အပါအ၀င် ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဆမ်ရိန်စီ ဦးဆောင်သော ယင်းဆန္ဒပြမှုများမှာ ပြည်သူများသည် အာဏာရပါတီ (CPP) ၏ အုပ်ချုပ်မှုစနစ်ကို လက်မခံတော့ကြောင်း ပြသနေသည်ဟု ကမ္ဘောဒီးယား လူ့အခွင့်အရေးဆိုင်ရာ စင်တာဥက္ကဋ္ဌ အူဗီရက်က ပြောကြားခဲ့သည်။

အသက် ၆၁ နှစ်ရှိ ဟွန်ဆန်က အာဏာကို ၂၈ နှစ်ကြာ အုပ်စိုးလာခဲ့ပြီး အသက် ၇၄ နှစ်အထိ အာဏာချုပ်ကိုင် ထားမည်ဟု ကြေညာထားသည်။

Ref:AFP

ဂျာမနီနှင့် ဘရာဇီးက အမေရိကန်၏ သူလျှိုလုပ်မှုကို ကုလညီလာခံသို့တင်ရန် လိုလားနေပြီး စီအိုင်အေဟောင်းက စနိုးဒင်၏ ဖွင့်ချချက်များသည် သမိုင်း၌ အဆိုးရွားဆုံးဟု ပြောကြား

27 October 2013 00:52


အောက်တိုဘာ ၂၅ ရက်က ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂ ကောင်စီအဆောက်အအုံတွင် နိုင်ငံတော် အကြီးအကဲများအဆင့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပနေစဉ် (Photo:AFP)

အခြားနိုင်ငံများကို အမေရိကန်က သူလျှိုလုပ်မှုအား နိုင်ငံတကာက ဒေါသထွက်နေမှုကို အကြောင်းပြု၍ ဂျာမနီနှင့် ဘရာဇီးတို့က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆုံးဖြတ်ချက် ရယူရန် ကြိုးပမ်းနေကြောင်း သံတမန်များက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် အမေရိကန်ကို မရည်ရွယ်သော်လည်း အင်တာနက် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများအတွက် နိုင်ငံတကာ သဘောတူညီချက်ကို ချဲ့ထွင်ရန် တောင်းဆိုခြင်း ဖြစ်သည်။

"ဂျာမနီနဲ့ ဘရာဇီး သံတမန်တွေဟာ ဥရောပနှင့် လက်တင်အမေရိကက သူတို့နဲ့ အဆင့်တူ သံတမန်တွေနဲ့ အောက်တိုဘာ ၂၅ ရက်မှ တွေ့ဆုံပြီး ဆုံးဖြတ်ချက် မူကြမ်းအတွက် ဆွေးနွေးနေကြပါတယ်" ဟု ယင်းဆွေးနွေးမှုတွင် ပါဝင်သော ကုလသမဂ္ဂ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ ရည်ရွယ်ချက်မှာ စနစ်ကို အလွဲသုံးစား လုပ်နေသူများအား သတိပေးချက်တစ်ရပ် ပေးပို့ရန် ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဆွေးနွေးနေကြသည့် အဓိက သံတမန်များမှာ ပြင်သစ်၊ ဆွီဒင်၊ နော်ဝေနှင့် သြစတြီးယားတို့မှဖြစ်ကြောင်း သိရသည်။ ဂျာမနီသည် ၎င်းတို့၏၀န်ကြီးချုပ် အင်ဂျလာမာကယ်၏ ဆဲလ်ဖုန်းကို အမေရိကန် ထောက်လှမ်းရေးများက ကြားဖြတ်နားထောင် ခဲ့သည့်အတွက် ဒေါသထွက်လျက်ရှိပြီး ဘရာဇီးသမ္မတ ဒီမာရူးဆက်ဖ်သည် အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) က သူ၏ရုံးမှနေ၍ ဆက်သွယ်မှုများအား ကြားဖြတ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်သို့သွားမည့် သူ၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

ဂျာမနီနှင့် ဘရာဇီးတို့သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ် တင်သွင်းနိုင်ရန် မျှော်လင့်နေသည်။

အောက်တိုဘာ ၂၆ ရက်တွင် ယခင်စီအိုင်အေ အဖွဲ့၏ ဒုတိယ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်က အက်ဒ၀ပ်စနိုးဒင်၏ ဖွင့်ချမှုများသည် အမေရိကန် သမိုင်းတွင် အဆိုးရွားဆုံး သတင်းအချက်အလက်များ ပေါက်ကြားမှုဖြစ်ပြီး အမေရိကန်၏ ပြိုင်ဘက်များကို အကူအညီ ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီအိုင်အေအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ယာယီညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မိုက်ကယ်မိုရယ်က စီဘီအက်စ်ရုပ်သံနှင့် မိနစ် ၆၀ ကြာ အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် စနိုးဒင်၏ ဖွင့်ချမှုများသည် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာနိုင်ဖွယ် ရှိသည်များကို ခြေရာခံ ထောက်လှမ်းရန် ကြိုးပမ်းမှုကို ပျက်စီးစေခဲ့ကြောင်း ပြောကြားခဲ့သည်။

သူက "စနိုးဒင်ရဲ့ ဖွင့်ချမှုတွေက အမေရိကန် ပြည်သူတွေအပေါ် ပိုပြီးအန္တရာယ် ကြီးမားအောင် ပြုလုပ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်သမားတွေက သူ့ရဲ့ဖွင့်ချမှုတွေကနေ သင်ခန်းစာယူပြီး ပိုဂရုစိုက်လာမှာဖြစ်လို့ စုံစမ်းထောက်လှမ်းဖို့ ခက်ခဲသွားမှာပါ။ အဲဒီအတွက် တခြားနည်းလမ်း ရှာရတော့မှာပါ" ဟု ပြောကြားခဲ့သည်။ မိုရယ်က စနိုးဒင်သည် မိမိ၏နိုင်ငံအပေါ် သစ္စာဖောက်ခဲ့သူ တစ်ဦးဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ မိုရယ်သည် ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Ref:AFP

မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ကတိမတည်ခြင်းအတွက် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် နေရာပြောင်းရွှေ့ခြင်း ခံရမည့်သူများက ဆန္ဒပြ

 Created on Sunday, 27 October 2013


တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် ခိုင်မာသော နေစရာ ရရှိရေး မိဘများကိုယ်စား ဆန္ဒပြနေသော ကျောင်းသားရွယ် ကလေးငယ်များအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်တွင် တည်ဆောက်နေသော ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကြောင့် အိမ်နေရာ ပြောင်းရွှေ့ခြင်းခံရမည့် သူများက မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဆိုသူ၏ ကတိမတည်ခြင်းအတွက် မဟာဗန္ဓုလ ပန်းခြံဘေးတွင် အောက်တိုဘာ ၂၆ ရက်က ဆန္ဒပြခဲ့ကြသည်။

အဆိုပါ ဆန္ဒပြမှုကို ကျောက်တံတား မြို့မရဲစခန်း၏ တရားဝင် ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်းဖြစ်ကာ ဆန္ဒပြသော်လည်း အဆင်ပြေမှု မရှိပါက သပိတ်စခန်းဖွင့်ကာ အဆင်ပြေမှု ရှိသည်အထိ ဆန္ဒပြသွားမည်ဖြစ်ကြောင်း စီမံကိန်း တည်ဆောက်မည့် ဧရိယာတွင် ပါဝင်သော ၆၇ ရပ်ကွက်နေ ဦးတော်မီက ပြောကြားသည်။

"ကျွန်တော်တို့ကို စီမံကိန်း မစခင်ကတော့ အိုးအိမ်ဌာနက ညွှန်ကြားရေးမှူး ဦးအောင်ကျော်က တန်းဖိုးနည်းအိမ်ရာ ဆောက်ပြီးရင် ပြန်ပြီးနေခွင့်ရဖို့ ဦးစားပေးနဲ့ အရစ်ကျ ရောင်းပေးမယ်လို့ ကတိပေးတယ်။ စီမံကိန်းလည်း စလုပ်ရော ၁၀ ပေ x ပေ ၆၀ မြေကွက်နဲ့ ပြောင်းရွှေ့ကြေး နှစ်သိန်းပဲ ပေးမယ်လို့ ပြောတယ်။ သူ့ရဲ့ ကတိမတည်မှုကြောင့် ကျွန်တော်တို့ အခုလို ဆန္ဒပြတာ ဖြစ်ပါတယ်" ဟု ၆၇ ရပ်ကွက်တွင် နေထိုင်သော ဦးတော်မီက ပြောကြားသည်။

စီမံကိန်း စတင်နေပြီ ဖြစ်သော်လည်း မူလနေထိုင်သူများက ၎င်းတို့အတွက် နေစရာ ခိုင်ခိုင်မာမာ ရရှိမှသာ ပြောင်းရွှေ့သွားမည်ဖြစ်ပြီး လက်ရှိတွင် ပြောင်းရွှေ့ရန်အတွက် သတိပေးစာ ငါးကြိမ်ထုတ်ပြန် ခံခဲ့ရပြီဖြစ်ကြောင်း ဆန္ဒပြသူများထံမှ သိရသည်။

ယင်းဆန္ဒပြမှုကို နံနက် ၉ နာရီမှ နံနက် ၁၁ နာရီထိ ပြုလုပ်ခဲ့ပြီး ကျောင်းသားရွယ် ကလေးငယ်များနှင့် လူကြီးစုစုပေါင်း ၁၀၀ ခန့်ဖြင့် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့ကို ပြောင်းရွှေ့ခိုင်းပြီး အစားပြန်ပေးသော ဒဂုံအရှေ့ပိုင်းရှိ ၁၃၈ ရပ်ကွက်နှင့် ၁၅၅ ရပ်ကွက်တို့မှာ နေဖို့ရန် မလွယ်ကူဘဲ ရေရရှိဖို့ ခက်ခဲကြောင်း ဆန္ဒပြရာတွင် ပါဝင်သူ ဒေါ်မြင့်မြင့်ဝေက ဆိုသည်။

"ကျွန်မတို့ကို ပြောင်းခိုင်းတဲ့ နေရာက ရေမရှိ၊ မီးမရှိနဲ့ ကလေးတွေ ကျောင်းတက်ဖို့လည်း အခက်အခဲ ဖြစ်ရပါတယ်။ ကိုယ့်နေရာမှာ အနှစ် ၂၀ လောက် စိုက်ပျိုးရေးလုပ်ပြီး နေလာပြီးမှ အခုတော့ ကြုံရာကျပန်း လုပ်ကိုင်စားသောက်တယ်။ နေဖို့အတွက် သူတို့ပေးထားတဲ့ ကတိအတိုင်းရဖို့ မျှော်လင့်ပါတယ်" ဟု ဒေါ်မြင့်မြင့်ဝေက ပြောကြားသည်။

ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို ၂၀၁၃ ခုနှစ် ဇွန်လမှ စတင်ကာ အကောင်အထည် ဖော်နေပြီဖြစ်ပြီး အကျယ်အ၀န်းဧက ၂၀၀ ခန့်ရှိကြောင်း သိရသည်။

EMG

ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်မှုကြောင့် ကျင်းပနေသည့် ဒုရဲအုပ်လောင်း စာမေးပွဲတွင် ဦးရေ ၄၀၀၀ ကျော် ၀င်ရောက်ဖြေဆို

27 October 2013 00:52


ရှမ်းပြည်နယ်၌ ကျင်းပသည့် ဒုရဲအုပ်လောင်း စာမေးပွဲ ဖြေဆိုနေမှုအား အောက်တိုဘာ ၂၆ ရက်က တွေ့ရစဉ်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအသစ်အရ ရဲတပ်ဖွဲ့ဝင် လိုအပ်မှုကြောင့် ဒုရဲအုပ်လောင်း စာမေးပွဲ ဖြေဆိုမှုတွင် ၀င်ရောက်ဖြေဆိုသည့် ဦးရေမှာ ၄၀၀၀ ကျော်ရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်အင်အား လိုအပ်မှုကြောင့် ဒုရဲအုပ်လောင်း စာမေးပွဲကို ပြည်နယ်နှင့် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးများတွင် အောက်တိုဘာ ၂၆ ရက်မှ စတင်၍ ကျင်းပနေကြောင်း သိရသည်။

"အခု ဒုရဲအုပ်လောင်း စာမေးပွဲကို ၀င်ရောက်ဖြေဆိုတာ အယောက် ၄၀၀၀ ကျော် ရှိပါတယ်။ အဓိကကတော့ အဲ့ဒီစာမေးပွဲမှာ ရဲတပ်ဖွဲ့နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ၊ ဥပဒေနဲ့ ဆိုင်ရာတွေကို အဓိက မေးမြန်းတာ ဖြစ်ပါတယ်။ နောက်လမှာလည်း ဒုရဲအုပ်ကနေ ရဲအုပ်အဆင့် ရာထူးတိုး စာမေးပွဲကို ကျင်းပသွားဖို့ ရှိပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်မှ ရဲမှူးကြီး ကိုကိုအောင်က အောက်တိုဘာ ၂၆ ရက် နံနက်ပိုင်းက ပြောကြားသည်။

ဒုရဲအုပ်လောင်း စာမေးပွဲ ဖြေဆိုမှုတွင် အသက်ကန့်သတ်ထားမှု မရှိသော်လည်း ဘွဲ့ ရရှိပြီးသူများသာ ၀င်ရောက်ဖြေဆိုနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ တိုင်းဒေသကြီး၊ ပြည်နယ်ရဲတပ်ဖွဲ့များ၊ တပ်ဖွဲ့များ၊ ရဲလေ့ကျင့်ရေး ဌာနကြီး၊ အရန်ရဲတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ရင်းများ ပါဝင်ကြောင်း သိရသည်။

ထို့အပြင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၌ မှုခင်းတပ်ဖွဲ့၊ သတင်းတပ်ဖွဲ့၊ စည်ပင်သာယာတပ်ဖွဲ့၊ ရထားရဲတပ်ဖွဲ့၊ လေကြောင်းရဲတပ်ဖွဲ့၊ အမြန်လမ်းမကြီး ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ စသည့်တပ်ဖွဲ့များကိုလည်း ဖွဲ့စည်းထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနမှ သိရသည်။

EMG

နေပြည်တော်၊ သီရိရတနာအဆင့်မြင့်ဈေးအတွင်းရှိ ဧရာဝတီဘဏ်၌ မီးလောင်ကျွမ်းမှုဖြစ်ပွား

 Created on Sunday, 27 October 2013


မီးလောင်ကျွမ်းခဲ့သည့် ဆိုင်းဘုတ်ကို မီးငြှိမ်းသတ်ပြီးနောက် တွေ့ရစဉ်

အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ သီရိရတနာအဆင့်မြင့် ဈေးအတွင်းရှိ အကွက်အမှတ် (၁၁၁ ) တွင် ဖွင့်လှစ်ထားသည့် ဧရာဝတီဘဏ်၌ မီး လောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုမှာ အောက်တိုဘာ ၂၆ ရက် ည ၈ နာရီ ၄၀ ခန့်က ဘဏ်ဆိုင်းဘုတ်တွင် တပ်ဆင်ထားသည့် အလှမီးလုံးများ အပူရှိန်လွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ည ၉ နာရီ ၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

နေပြည်တော် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက “မီးလောင်ကျွမ်းရတာက ဘဏ်ဆိုင်းဘုတ်မှာ ထွန်းထားတဲ့ မီးလုံးတွေ အပူလွန်ကဲပြီး လောင်ကျွမ်းခဲ့တာပါ။ တခြားနေရာတွေတော့ မလောင်ကျွမ်း ခဲ့ပါဘူး”ဟု အောက်တိုဘာ ၂၆ ရက် ည ၁၀ နာရီခွဲကပြောကြားသည်။

ယင်းမီးလောင်ကျွမ်းမှုနေရာသို့ နေပြည်တော်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ် ၂၆ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၃၉ ဦးရောက်ရှိ ငြိမ်းသတ်ခဲ့ကြ ပြီး မီးလောင်ကျွမ်းမှုကြောင့် ဘဏ်ဆိုင်းဘုတ်မှာ လောင်ကျွမ်းပျက်စီးသွားခဲ့ပြီးဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၃၀ ခန့်ရှိကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မ ရဲစခန်း မှူး ရဲမှူးညီညီဝင်းက “ဆိုင်းဘုတ်ကိုပဲ မီးလောင်ကျွမ်းသွားခဲ့တာပါ။ အခြားငွေကြေးနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ဘာတစ်ခုမှ လောင်ကျွမ်းဆုံးရှုံးမှု မရှိခဲ့ပါဘူး”ဟု ပြောကြားခဲ့သည်။

အဆိုပါမီးလောင်ကျွမ်းမှုကြောင့် ဘဏ်လုံခြုံရေးတာဝန်ရှိသူအား ဇမ္ဗူသီရိမြို့နယ် အမှတ်(၁) မြို့မရဲစခန်းမှ (ပ) ၁၁၀/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

EMG

လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများ အပါအ၀င် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား တရုတ်၊ စင်ကာပူနှင့် သြစတြေးလျ လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပြု

Sunday, 27 October 2013 00:52



လက်ခစားစနစ်ဖြင့် ဆောင်ရွက်နေသည့် ပြည်တွင်းရှိ အထည်ချုပ်စက်ရုံ တစ်ရုံအား တွေ့ရစဉ်

လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းများ အပါအ၀င် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းခြောက်ခုအား တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ British Virgin Islands နှင့် သြစတြေးလျ လုပ်ငန်းရှင်၊ ကုမ္ပဏီများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ခွင့်ပြုခဲ့သည့် လုပ်ငန်းများမှာ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်း၊ လက်ခစားစနစ်ဖြင့် အမျိုးသမီးဝတ် အင်္ကျီအမျိုးမျိုး ချုပ်လုပ်ခြင်း လုပ်ငန်း၊ တိရစ္ဆာန် မွေးမြူရေးနှင့် တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်း လုပ်ငန်း၊ လက်ခစားစနစ်ဖြင့် ဆွယ်တာအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် လက်ခစားစနစ်ဖြင့် ဖိနပ်ချုပ်လုပ်ခြင်း လုပ်ငန်းများဖြစ်ကြောင်း သိရသည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၄ ရက်တွင် ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေး (၂၇/၂၀၁၃) တွင် အဆိုပါ လုပ်ငန်းများအား လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ခစားစနစ်ဖြင့် အထည်ချုပ် လုပ်ငန်းတစ်ခုကို သြစတြေးလျနှင့် မြန်မာလုပ်ငန်းရှင်တို့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်တွင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ လက်ခစားစနစ်ဖြင့် အထည်ချုပ်လုပ်ငန်း အခြားတစ်ခုအား ဟောင်ကောင်ကုမ္ပဏီ တစ်ခုက လှိုင်သာယာမြို့နယ်၊ ရွှေသံလွင် စက်မှုဇုန်တွင် ဆောင်ရွက်ရန် ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။

လက်ခစားစနစ်ဖြင့် ဖိနပ်ချုပ်လုပ်ခြင်း လုပ်ငန်းကို တရုတ်ကုမ္ပဏီ Yi Mei Foot wear Products Factory Co.,Ltd က ရရှိခဲ့ ပြီး ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ လက်ခစားစနစ်ဖြင့် အမျိုးသမီးဝတ် အင်္ကျီအမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းကို British Virgin Islands မှ ကုမ္ပဏီတစ်ခုက ရရှိခဲ့ခြင်းဖြစ်ပြီး ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖြစ် ဆောင်ရွက်သွားမည် ဖြစ်သည်။

တိရစ္ဆာန် မွေးမြူရေးနှင့် တိရစ္ဆာန် မွေးမြူရေး အစာထုတ်လုပ်ရေး လုပ်ငန်းကို မြန်မာကုမ္ပဏီ တစ်ခုနှင့် စင်ကာပူ ကုမ္ပဏီတစ်ခုတို့ ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံအဖြစ် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်တွင် လုပ်ကိုင် ဆောင်ရွက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ငွေပင်လယ် စက်မှုဇုန်တွင် လက်ခစားစနစ်ဖြင့် ဆွယ်တာအမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်းအား တရုတ်ကုမ္ပဏီ တစ်ခုက ရာနှုန်းပြည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
EMG

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များက စစ်ဆေးသွားမည်

Sunday, 27 October 2013 00:52



Mobile Team အဖွဲ့မှ စစ်ဆေးခဲ့သည့် ယုဇနဆိပ်ကမ်းအား တွေ့ရစဉ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များမှ ဒီဇင်ဘာမှ စတင်ကာ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

စစ်ဆေးရာတွင် လေဆိပ်ရှိ နေရာနှစ်ခုရှိ Hand Carry နှင့် Baggage စစ်ဆေးသည့် နေရာနှင့် Air-Cargo ကုန်ပစ္စည်းများ စစ်ဆေးသည့် နေရာများတွင် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team မှ ၀င်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနယ်မြေများအား အောက်တိုဘာ နောက်ဆုံးပတ်တွင် စစ်ဆေးမည်ဖြစ်ကြောင်းလည်း တရားမ၀င် တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

တရားမ၀င် တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ထုတ်ပြန်ထားမှုတွင် အသင်းအဖွဲ့များ အနေဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ရာတွင် ပစ္စည်းပိုင်ရှင်နှင့် ပေးပို့ရမည့် နေရာများကို မှတ်တမ်းတင်ရန်နှင့် ဥပဒေဘောင်အတွင်းက ပစ္စည်းများကိုသာ သယ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု လျော့နည်းစေရန်အတွက် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားကာ ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမ၀င် ကုန်သွယ်မှု လျော့နည်းစေရန် ပညာပေး၊ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးခဲ့သည်။

ယင်းသို့ လွှဲပြောင်းပေးခဲ့ပြီး နောက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ မတရားမ၀င် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရောင်းချနေကြောင်း သတင်းပေးချက်အရ ၀င်ရောက် စစ်ဆေးခဲ့မှုတွင် အရက်ပုလင်း ၆၀၀ ကျော်နှင့် ဘီယာဖာပေါင်း ၅၀၀၀ ကျော်အား စစ်ဆေး တွေ့ရှိခဲ့ကြောင်း Mobile Team ရန်ကုန်အဖွဲ့မှ သိရသည်။

ရန်ကုန်ဆိပ်ကမ်း နယ်မြေရှိ ကမ်းရိုးတန်းဆိုင်ရာ ဆိပ်ကမ်းများနှင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team များက သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ အရေးယူကာလအဖြစ် သတ်မှတ်ပြီး ယုဇန၊ သာကေတ၊ ကျန်းမာရေး၊ ၀ါးတန်း၊ ချောင်းဝ၊ ဗားဂရာနှင့် ဘုရင့်နောင် ဆိပ်ကမ်းများတွင် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၂ ဒီဇင်ဘာအတွင်း ဖွဲ့စည်းပေးခဲ့ပြီး ကုန်သွယ်မှု ပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ် ကုန်သွယ်မှုများနှင့် နေရာအသီးသီး၌ တရားမ၀င် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ထိရောက်စွာ အရေးယူနိုင်ရန် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

EMG

မြန်မာ့စတော့အိတ်ချိန်း ဈေးကွက်ဖော်ဆောင်ရာတွင် ပြဿနာကြီး ငါးရပ်နှင့် ရင်ဆိုင်နေရဟု ဘဏ္ဍာရေးဒုဝန်ကြီး ပြောကြား




Tokyo Stock Exchange အတွင်း အလုပ် လုပ်ကိုင်နေသော ၀န်ထမ်းများကို တွေ့ရစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)

မြန်မာနိုင်ငံတွင် စတော့အိတ်ချိန်း ဈေးကွက်ဖော်ဆောင်ရာတွင် ကျွမ်းကျင်ဝန်ထမ်း လိုအပ်မှု အပါအ၀င် ပြဿနာကြီး ငါးရပ်နှင့် ရင်ဆိုင်နေရသည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်သိမ်းက အောက်တိုဘာ ၂၅ ရက်က ပြောကြားသည်။

လက်ရှိ ကြုံတွေ့နေရသော ပြဿနာငါးရပ်တွင် Stock Exchange Commission(SEC) ဖွဲ့စည်းရာတွင် အရည်အချင်း ပြည့်မီသူများ ရရှိရန်၊ စတော့အိတ်ချိန်း အဆောက်အအုံ အခိုင်အမာ ရရှိရန်၊ သတင်း အချက်အလက်နှင့် နည်းပညာပိုင်းတွင် အခြေခံ အဆောက်အအုံများ ပြည့်မီရန်၊ ကော်မရှင် အဖွဲ့ဝင်များနှင့် ၀န်ထမ်းများအတွက် အရည်အချင်းဖြည့် သင်တန်းများ ပေးအပ်ရန်၊ စတော့အိတ်ချိန်းတွင် စာရင်းဝင်မည့် အများပိုင် ကုမ္ပဏီများကို စတော့အိတ်ချိန်းနှင့် ပတ်သက်ပြီး ပညာပေးရန်တို့ ပါဝင်ကြောင်း ဦးမောင်မောင်သိမ်းက ထောက်ပြခဲ့သည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံတွင် အရည်အချင်းပြည့်မီသည့် အများပိုင် ကုမ္ပဏီငါးခုခန့်သာ ရှိနေသေးပြီး ကုမ္ပဏီ အနည်းဆုံး ၈၀ ခန့် လိုအပ်နေကြောင်း Myanmar Securities Exchange Co.,Ltd မှ အမှုဆောင် ဒါရိုက်တာ ဦးစိုးသိန်းက ပြောကြားခဲ့သည်။

မြန်မာငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကို ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က လွှတ်တော်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည်။ လက်ရှိအချိန်တွင် ဆက်စပ် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ရန် နည်းဥပဒေများကို စောင့်ဆိုင်းလျှက် ရှိသည်။

အဆိုပါ ငွေချေး သက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတွင် မြန်မာနိုင်ငံ စတော့အိတ်ချိန်း ဈေးကွက်တွင် နိုင်ငံခြား ကုမ္ပဏီများ ၀င်ရောက်မှုနှင့် ပတ်သက်၍ ဖော်ပြမထားကြောင်း သိရသည်။

၁၉၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော မြန်မာနိုင်ငံ၏ ကုမ္ပဏီများ အက်ဥပဒေကြောင့် မြန်မာ့စတော့ အိတ်ချိန်းဈေးကွက်တွင် နိုင်ငံခြား ကုမ္ပဏီများပါဝင်ရန် ခက်ခဲနေသေးကြောင်း သိရသည်။

ယခုအခါ ကုမ္ပဏီများ အက်ဥပဒေကို ပြင်ဆင်ရန် ဆွေးနွေးလျှက်ရှိပြီး ၂၀၁၄ ခုနှစ် အကုန်တွင် နောက်ဆုံးထား ထုတ်ပြန်နိုင်ရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။

EMG

ဘုရင့်နောင်ပွဲရုံ ရွှေ့ပြောင်းမည် ဆိုသည့်သတင်း မဟုတ်မှန်၊ ယာဉ်ကြောပိတ်ဆို့မှုများ လျော့ကျရေး ယာဉ်ရပ်နားကွင်းတစ်ခု ထပ်မံတည်ဆောက်ရန်သာ တင်ပြထားဟုဆို

 27 October 2013


ဘုရင့်နောင် ပွဲရုံဝင်းအတွင်း ယာဉ်ကြော ပိတ်ဆို့နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - နီလာ)

လတ်တလော ထွက်ပေါ်နေသည့် ဘုရင့်နောင်ပွဲရုံဝင်းအား ရွှေ့ပြောင်းမည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း၊ ဘုရင့်နောင်အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းဝင်းအား မည်သည့်နေရာကိုမျှ ရွှေ့ပြောင်းမည် မဟုတ်ကြောင်း ဘုရင့်နောင်စခန်း အကျိုးဆောင်အဖွဲ့၊ ဥက္ကဋ္ဌ ဦးခင်ဟန်က အောက်တိုဘာ ၂၆ ရက်က အတည်ပြု ပြောကြားခဲ့သည်။

"လတ်တလော သတင်းတွေ ထွက်နေတဲ့ ဘုရင့်နောင်ဝင်းကြီးကို လှည်းကူးဘက်ကို ပြောင်းရွှေ့မယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဒီဝင်းကြီးမှာ ပွဲရုံအလုံးပေါင်း ၁၀၀၀ ကျော်နဲ့ တစ်နိုင်ငံလုံးက ကုန်စည်စီးဆင်းမှုရဲ့ အသက်သွေးကြော ဖြစ်ပါတယ်။ အဲဒီအတွက် ဒီဝင်းကို လွယ်လင့်တကူ ပြောင်းတာရွှေ့တာ လုပ်လို့မရပါဘူး။ ၀င်းထဲမှာ ကားကြီးတွေနဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားတဲ့အတွက် ယာဉ်ရပ်နားစခန်းတစ်ခု ထပ်ပြီး တည်ဆောက်ပေးဖို့ တင်ပြထားတာတော့ ရှိပါတယ်။ ဒါပေမဲ့ ဒီဝင်းကို လုံးဝပြောင်းရွှေ့မှာ မဟုတ်ပါဘူး"ဟု ၎င်းက ပြောကြားခဲ့သည်။ ဘုရင့်နောင် အဝေးပြေး ကုန်တင်ယာဉ် ရပ်နားစခန်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေသဖြင့် ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရေးအတွက် JICA မှ ကူညီမည် ဖြစ်ကြောင်း အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ၀န်ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

"ဘုရင့်နောင်ဝင်းထဲမှာ ယာဉ်ကြောပိတ်ဆို့မှုတွေ မကြာခဏ ဖြစ်ပွားနေတဲ့အတွက် ကားပိတ်တာတွေ လျော့ကျစေဖို့ JICA က ကူညီမယ်ဆိုပြီး ကျွန်တော်တို့ အသင်းနဲ့ လာဆွေးနွေးပါတယ်။ ကျွန်တော်တို့အနေနဲ့ ၀င်းထဲမှာ ကားရပ်နားစရာနေရာ အခက်အခဲက ယာဉ်ကြောပိတ်ဆို့မှုကို ပိုမိုဆိုးရွား စေတဲ့အတွက် ကားရပ်နားကွင်းတစ်ခု ထပ်မံတည်ဆောက်ဖို့ကို တင်ပြခဲ့တယ်။ အဲဒီနေရာသုံးခုက အမှတ်-၃လမ်းမကြီးနဲ့ ခရေပင် လမ်းထောင့်ကနေရာ၊ ရွှေပြည်သာ စက်မှုဇုန်က တာယာစက်ရုံဟောင်းကြီးဘေးက မြေကွက်ရယ်၊ ထောက်ကြန့်က သစ်လုံးတွေ ပုံထားတဲ့ ၀င်းနေရာရယ်၊ အဲဒီနေရာသုံးခု ကိုတင်ပြခဲ့ပါတယ်။ ဒါပေမဲ့ JICA က လူတွေက ဘာမှမပြောခဲ့ သေးပါဘူး"ဟု အဆိုပါ အသင်းမှ တွဲဖက်အတွင်းရေးမှူး ဦးကိုကိုနိုင်က ပြောကြားခဲ့သည်။

ဘုရင့်နောင်ပွဲရုံ ၀င်းအတွင်း ကားမျိုးစုံ အစီးရေ ၆၀၀၀နှင့် ၇၀၀၀ကြား၊ ကုန်တင်ယာဉ် အစီးရေ ၈၀၀နှင့် ၁၀၀၀ကြား နေ့စဉ် ၀င်ထွက် သွားလာလျှက်ရှိကြောင်း၊ ၀င်းအတွင်း ယာဉ်ကြောပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အချို့ နေ့ရက်များ၌ပင် နေ့တစ်ဝက်၊ တစ်နေ့လုံးလိုလိုပင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

EMG

နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှု မရှိဟု အရပ်ဘက် အဖွဲ့အစည်းများမှ ထောက်ပြသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးမည်

 Created on Sunday, 27 October 2013


အောက်တိုဘာ တတိယပတ်က နေပြည်တော်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ရပ် ကျင်းပနေစဉ်

နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု မရှိဟု အရပ်ဘက် အဖွဲ့အစည်းများမှ ထောက်ပြခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောကြားသည်။

အရပ်ဘက် အဖွဲ့အစည်းများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းနှင့် ပတ်သက်၍ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် လွှတ်တော်အမတ်များက ၎င်းတို့ထောက်ပြသော အချက်များကို ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးနိုင်သည်ဟု ဖော်ပြပါရှိ ထားသော်လည်း ကြိုတင်ခွင့်ပြုချက် ရပြီးမှသာ လုပ်ဆောင်ရမည် ဆိုသောကြောင့် အဖြစ်အပျက်အမှန်ကို ပေါ်ပေါက်အောင် စုံစမ်းနိုင်မည့် အခြေအနေ နည်းသွားကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ကြောင်း . . . . .


"ကျွန်တော်တို့ လွှတ်တော်အမတ် ၆၀ ကျော်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ သူတို့က ကျွန်တော်တို့ ထောက်ပြတဲ့ အချက်တွေကို လက်ခံတယ်။ အဲဒီအချက်တွေကို လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့အတွက် လွှတ်တော်အမတ် ရှစ်ယောက်ကလည်း စာရင်းပေးပြီး သွားပြီလို့ ပြောတယ်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းက နိုင်ငံတကာ စံချိန်တွေနဲ့ ကိုက်ညီမှု မရှိပေမယ့် သိပ်ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး။ လူထုအမြင်တွေ၊ ပြည်သူ့အသံတွေကို ထည့်လိုက်မယ်ဆိုရင် ပိုမိုကောင်းမွန် သွားမှာပါ" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ယခုလကုန် အတွင်းတွင် ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးသွားဖွယ် ရှိကြောင်းလည်း ၎င်း၏ပြောပြချက်အရ သိရသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများက သြဂုတ်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဥပဒေမူကြမ်း ပုဒ်မ ၄ တွင်ပါရှိသော ရွေးချယ်ရေးဘုတ် အဖွဲ့ဖွဲ့ရာတွင် အစိုးရနှင့် သက်ဆိုင်သော ဌာနဆိုင်ရာ ခေါင်းဆောင်များ၊ အစိုးရ၀န်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မှုမှာ များပြားနေပြီး အစိုးရ မဟုတ်သော အဖွဲ့အစည်း NGO အဖွဲ့အစည်းမှာမူ မှတ်ပုံတင်ထားသော ကိုယ်စားလှယ် တစ်ဦးတည်းသာ ဖြစ်ရမည်ဟု ဖော်ပြပါရှိ ထားကြောင်း၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးနိုင်သည်ဟု ဖော်ပြပါရှိ ထားသော်လည်း ကြိုတင်ခွင့်ပြုချက် ရပြီးမှသာ လုပ်ဆောင်ရမည် ဆိုသောကြောင့် အဖြစ်အပျက်အမှန်ကို ပေါ်ပေါက်အောင် စုံစမ်းနိုင်မည့် အခြေအနေ နည်းသွားကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ကြောင်း၊ သက်ဆိုင်ရာ ဌာနများတွင် လိုအပ်သည့် အချက်များကို တောင်းခံနိုင်သည်ဟု ဆိုထားသော်လည်း အဆိုပါ ဌာနများမှ လျှို့ဝှက်ချက်ဟု ပြောဆိုပါက ကော်မရှင် အနေဖြင့် တောင်းခံခွင့် မရှိကြောင်း ကန့်သတ်ထားသဖြင့် ယင်းအချက်သည်လည်း အရေးကြီးသော သတင်းအချက် အလက်များကို ထိမ်ချန်မှုများ ဖြစ်လာနိုင်ကြောင်း စသည့်အချက်များသည် နိုင်ငံတကာမှ သတ်မှတ်ထားသော Paris Principle နှင့် ကွာဟမှု ရှိနေကြောင်း၊ ထို့ကြောင့် ယင်းအချက်များကို ပြင်ဆင်သင့်ကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နိုင်သော အဖွဲ့အစည်းများက ထောက်ပြပြောကြားသည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်တွင် အစိုးရပိုင် သတင်းစာများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို ဖော်ပြခဲ့သည်။

EMG

၁၂ ရက်ကြာ ကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် ဒေါ်လာ ၅၈ သန်းကျော်ကုန်ကျမည်

 Created on Sunday, 27 October 2013

ပြည်ထောင်စု ၀န်ကြီးဦးခင်ရီက ၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် မီဒီယာများ၏ မေးမြန်းချက်များကို ဖြေကြားနေစဉ်

၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ ရှင်းလင်းပွဲကို အောက်တိုဘာ ၂၆ ရက်က ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက “ကျွန်တော်တို့ ဒီနေ့ ၂၀၁၄ ခုနှစ်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်သွားမယ့် သန်းခေါင်စာရင်း ကောက်ယူမှု လုပ်ငန်းစဉ်နဲ့ ပတ်သတ်ပြီးတော့ သိသင့်သိအပ်တဲ့ကိစ္စ တွေကို ပြောမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ကျွန်တော်တို့ ၀န်ကြီးဌာနတစ်ခုတည်းက အဓိကဆောင်ရွက်သွားရတာဖြစ်ပါတယ်။ သန်းခေါင်းစာရင်း ကောက်ယူရေးဆိုင်ရာ ကိစ္စရပ်တွေမှာအချက်အလက်တွေကိုတိတိကျကျနဲ့ မှန်မှန်ကန်ကန်ပြည်သူတွေအနေနဲ့ လိုက်နာဆောင်ရွက်ပေးစေလိုပါတယ်”ဟု ပြောကြားသည်။

ယင်းအပြင် ပြည်ထောင်စုဝန်ကြီးမှ ယခုသန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာမှ ကောက်ခံယူလေ့ရှိသည့်နည်းအတိုင်း နေမြဲအရပ်တွင် ကောက်ခံသွားမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူမှုမှာ စစ်ရေး၊ နိုင်ငံရေးနှင့် ပတ်သတ်ခြင်းလုံးဝမရှိကြောင်း၊ ပိုင်ဆိုင်မှု အထောက်အထားများကို ကောက်ယူရာတွင်လည်း အခွန် ဆောင်စေရန်အတွက် မဟုတ်ကြောင်းကို အလေးထားအသိပေးမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

သန်ခေါင်းစာရင်းကို အိမ်ထောင်စုမေးခွန်းပုံစံ ၄၁ ချက်နှင့် အဖွဲ့အစည်း (စစ်တပ်၊ အကျဉ်းထောင်၊ ဆေးရုံ) အစရှိသည်တို့ကို မေးခွန်းပုံစံ ၁၁ ချက်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီးဖြေကြားချက်အတိုင်း ထည့်သွင်း သတ်မှတ်သွားမည်ဖြစ်ကြောင်း၊ မှန်ကန်စွာ ဖြေကြားရန်လိုအပ်ကြောင်း ယင်းအခြေ အနေမှန်ဖော်ပြနိုင်မှသာ နိုင်ငံတော်မှ ရေရှည်စီးပွားရေးအကျိုးအတွက် မည်သို့လုပ်ဆောင်နိုင်မည်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဦးခင်ရီကဆိုသည်။

ထို့ပြင် ၁၂ ရက်ကြာကောက်ယူမည့် ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက် ယူရေးအတွက် ဒေါ်လာ ၅၈ သန်းကျော်ကုန် ကျမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက အဆိုပါရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းချက်ကိုထည့်သွင်း ဖြေကြားခဲ့သည်။

“လူတစ်ဦးကို တစ်ဒေါ်လာနှုန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပါတယ်။ နိုင်ငံတော်အနေနဲ့ ဒေါ်လာ ၁၅ သန်းထည့်ဝင်ဆောင်ရွက်ထားပါတယ်။ ကုလသမဂ္ဂကလည်း ဒေါ်လာ ငါးသန်းလှူထားပါတယ်။ ဘက် ဂျက်လိုငွေကတော့ ၃၀ ဒသမ ၈ သန်းပေါ့။ အဲဒီအတွက်လည်း နိုင်ငံတကာအလှူရှင်တွေနဲ့တွေ့ဆုံနေသလို ရန်ကုန်မှာရှိတဲ့ ကုလသမဂ္ဂရံပုံငွေအဖွဲ့နဲ့လည်း ပူပေါင်းဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

နိုင်ငံတကာမှ သန်းခေါင်စာရင်းကောက်ယူရာတွင် အသုံးပြုသည့် စက်များနှင့်သန်း ခေါင်စာရင်းကောက်ယူရေးအတွက် မူလတန်းအဆင့်သင်ကြားသော ကျောင်းဆရာမတစ် သိန်းနှင့် စာရင်းစစ်အတွက် အလယ်တန်းနှင့် အထက်တန်းပြဆရာမ ၂၀၀၀၀ ခန့် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်းကို အိမ်ထောင်စုနှင့် အဖွဲ့အစည်းဟူ၍ နှစ်မျိုးခြားခွဲကောက်သွားမည်ဖြစ်ပြီး အိမ်ထောင်စုစာရင်းတွင် ဖြည့် စွက်ရန် မေးခွန် ၄၁ ခုပါဝင်ကြောင်း၊ အဖွဲ့အစည်း (စစ်တပ်၊ ဆေးရုံ၊ အကျဉ်းထောင်၊ ဂေဟာ) အစရှိသည်တို့ကို မေးခွန်းပုံစံ ၁၁ မျိုးဖြင့် ကောက်ယူသွားမည်ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနမှ သိရသည်။ မြန်မာနိုင်ငံမှာ ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ၁၀ နှစ်စီခြားကာ သန်းခေါင်စာရင်းကိုကောက်ယူခဲ့ပြီး ကျန်ရှိသည့် ကာလများတွင် အကြောင်းအမျိုးကြောင့် ကောက်ခံနိုင်မှုမရှိခဲ့ကြောင်းသိရသည်။

နှစ်သုံးဆယ်ခန့်ကြာမြင့်ပြီးနောက် ၂၀၁၄ ခုနှစ် မတ် ၃၀ ရက်မှ ဧပြီလ ၁၀ ရက်ထိ ၁၂ တာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း၊ လက်ရှိလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာန၏ အခြေခံကိန်းအရ မြန်မာနိုင်ငံတွင် အိမ်ထောင်စု ၁၁ သန်းရှိပြီး လူဦးရေသန်း ၆၀ ရှိကြောင်း၊ ခရိုင် ၇၀၊ မြို့နယ်ပေါင်း ၃၃၀၊ ရပ်ကွက်ပေါင်း ၃၀ ၅၁၊ ကျေးရွာအုပ်စု ပေါင်း ၆၄၃၄၆၊ ကောက်ကွက်ပေါင်း ၉၁၀၀၀ လူမျိုးစု ၁၃၅ စုနှင့် ဘာသာကြီးငါးခု (နတ်အပါအ၀င်) ဖြစ်ကြောင်း သိရသည်။

ယင်းရှင်းလင်းပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဦးစီးဌာနပြည် ထောင်စုဝန်ကြီး ဦးခင်ရီတက်ရောက်ခဲ့ပြီး သက်ဆိုင်ရာတိုင်းဒေသကြီးမှ ၀န်ကြီးများနှင့် စီးပွားရေးလုပ်ငန်းရှင်အချို့၊ စက်ရုံ၊ အလုပ်ရုံ၊ ဟိုတယ်၊ မိုတယ်အစရှိသည့် အဖွဲ့အစည်းအသီးသီမှ လူဦးရေ ၃၀၀ ခန့် တက်ရောက်ခဲ့သည်။

EMG

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယနေ၀န်းအမည်ဖြင့် ဂျာနယ်ပြန်လည်ထွက်ရှိ

 Created on Sunday, 27 October 2013


သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ဂျာနယ်တိုက် လိပ်စာပါ ရုံးခန်းပိတ်ထားသည်ကို အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီက တွေ့ရစဉ်

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ်ရပ်ဆိုင်းခဲ့ပြီးနောက် သူရိယ နေ၀န်းအမည်ဖြင့်ဂျာနယ်သည် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည်။

အောက်တိုဘာ ၂၆ ရက်ထုတ် သူရိယ နေ၀န်းဂျာနယ်တွင် ထောင်သူရဲဘအုပ်၏ “အရှေ့ကနေ၀န်းထွက်လာရင် လမင်းသည် အနောက်သို့ ၀င်ရောက်ပျောက်ကွယ်သွားရစမြဲ “သတင်းဆောင်းပါးဖြင့်ဖော်ပြခဲ့သည်။

ထို့ပြင်ဂျာနယ်၌ “သူရိယအလင်း ဂျာနယ်တိုက်ကို ညသန်းခေါင်အချိန် လူ ၁၇ ယောက်ဝင်ပြီး ကွန်ပျူတာ ၁၄ လုံးနဲ့ စီစီတီဗွီမသွားတာလောက်တော့ ထောင်သူရဲဘအုပ်တို့က လေပြေတစ်ချက်နော့သွားတာလောက်ပဲ ထင် တယ်။ ဘာကြောင့်လည်းဆိုတော့ ဘအုပ်တို့က ကြိုးတိုက်ထဲမှာချည်းပဲ ကိုယ့်အိမ်ကိုယ့် ရာလိုနေခဲ့တဲ့ကောင်”စာသားကိုလည်း ဖော်ပြခဲ့သည်။

အလားတူ “မိုးဟိန်း(ခ) နေ၀န်းခေတ် မိုးဟိန်း CEO အဖြစ် ဦးဆောင်ကာ ထုတ်ဝေခဲ့သော သူရိယအလင်းဂျာနယ်သည် ဂျာနယ်ထုတ်ဝေသူ၏ ဆန္ဒ၊ လုပ်ပိုင်ခွင့်များကြောင့် တဖက်သတ်ထုတ်ဝေခြင်း ရပ်ဆိုင်းသွားခဲ့ရပါသည်။ သို့အတွက်ကြောင့် လူထုထောက် ခံလျှက်ရှိသော သူရိယအလင်းဂျာနယ်နေရာ တွင်အစားထိုး၍ထုတ်ဝေရန် “သူရိယနေ၀န်း” အမည်ဖြင့် အပတ်စဉ်ဂျာနယ်အား စနေနေ့တိုင်း ဆက်လက်ထုတ်ဝေ၍ ပြည်သူလူထု တစ်ရပ်လုံးအား အလုပ်အကျွေးပြုသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟူသည့် ရဟန်းရှင်လူ ပြည်သူလူထုကြီးအား အသိပေးကြေညာခြင်းကိုလည်း ဦးမိုးဟိန်းက အောက်တိုဘာ ၂၆ ရက် သူရိယနေ၀န်းဂျာနယ်တွင် ထည့်သွင်းခဲ့သည်။

သူရိယအလင်းဂျာနယ် ရပ်ဆိုင်းကြောင်းကို အောက်တိုဘာ ၂၁ ရက်တနင်္လာနေ့ထုတ် ကြေးမုံသတင်းစာမှတစ်ဆင့် ထုတ်ဝေသူဦးယုနိုင်က ကြေညာခဲ့ခြင်းဖြစ်သည်။

ပုဂ္ဂိုလ်ရေးနစ်နာစေမည့် ဆောင်းပါးများနှင့်ပတ်သက်၍ နစ်နာမှုရှိခဲ့ကြသည့်ပုဂ္ဂိုလ်များကို သူရိယအလင်းဂျာနယ် ထုတ်ဝေသူနှင့် အယ်ဒီတာအဖွဲ့မှတောင်းပန်ကြောင်းကို အောက်တိုဘာ ၂၁ရက် တနင်္လာနေ့ထုတ်ကြေးမုံ သတင်းစာ၌ပင် ထည့်သွင်းဖော်ပြခဲ့သည်။

သူရိယအလင်းဂျာနယ်ကဲ့သို့ မီဒီယာတစ်ခုအပေါ်ဖိအားပေးခံရသည့်ဖြစ်စဉ်တစ်ခုလည်း မြန်မာသံတော်ဆင့်ဂျာနယ်က တွေ့ကြုံခဲ့ရကြောင်း မြန်မာသံတော်ဆင့်ဂျာနယ်တွင် ဖော်ပြချက်အရသိရသည်။

သံတော်ဆင့်အယ်ဒီတာများကို ကြံ့ခိုင်ရေးသတင်းဌာန တာဝန်ခံခြိမ်းခြောက်ဟူသည့် ခေါင်းစဉ်ဖြင့် အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာသံတော်ဆင့်ဂျာနယ်မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။

“နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် ပြည်သူ့ဆက်ဆံရေးဌာန(သတင်းဌာန) တာဝန်ခံဌာနမှူးဖြစ်သူ ဦးကျော်သူရက မြန်မာသံတော်ဆင့် အယ်ဒီတာများနောက်သို့ SP နှင့်သတင်း ထောက်လှမ်းရေးများ လိုက်နေပြီဖြစ်ကြောင်း တာမွေအောင်ကို၏ ယခင်က ကြံ့ခိုင်ရေးလုပ်ရပ်များကို ဖော်ထုတ်ရေးသားမှုများအတွက် လည်းဖြတ်ခံရမည်ဖြစ်ကြောင်း စသည်ဖြင့် သတိပေးသလိုလိုဖြင့် တယ်လီဖုန်းဆက်သွယ် ခြိမ်းခြောက်ပြောကြားကြောင်း ယခင် ပြည်ခိုင်ဖြိုးမြို့နယ် အတွင်းရေးမှူးဟောင်း သတင်းစာပညာသင်တန်းဆင်းတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်” ဟူ၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

ရှုပ်ထွေးမှုများဖြစ်ပေါ်ခဲ့သော သူရိယအလင်းဂျာနယ် ရပ်ဆိုင်းပြီးနောက် ၂၀၁၃ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် ပြန်လည်ထွက်ရှိလာခဲ့သည့် သူရိယနေ၀န်းဂျာနယ်တွင် “သမ္မတထံသို့ အိတ်ဖွင့်ပေးစာ”၊ “အောက်တိုဘာ ၁၈ ရက် ညဥ့်သန်းခေါင်ယံတွင် သူရိယအလင်း ဂျာနယ်တိုက်သို့ လူ ၁၅ ဦးခန့် အဓမ္မ၀င်ရောက်၍ ကွန်ပျူတာ ၁၄လုံးနှင့် CCTV ကင်မရာများ ယူဆောင်သွားသည့်အပြင် ဂျာနယ်ကိုပါ ရပ်ဆိုင်းခံလိုက်ရပြီး အနိုင်ကျင့် ဗိုလ်ကျခံလိုက်ရသည့်ကိစ္စအား သမ္မတကြီးမှ ကိုင်တွယ်ဖြေရှင်း၍ တရားမျှတသော အဖြေတစ်ရပ်ရှာဖွေပေးပါရန်” စသည့်စာသားတို့ကိုလည်း ထည့်သွင်းရေးသားခဲ့သည်။

သူရိယနေ၀န်းဂျာနယ်ထုတ်ဝေမှုနှင့် ပတ်သက်၍ ဦးမိုးဟိန်း၏ ဖုန်းနှင့် ဂျာနယ်တိုက်ရှိ ဖုန်းအား ဆက်သွယ်မေးမြန်းခဲ့ရာတွင် ဖုန်းပိတ်ထားသည်နှင့်သာ ကြုံတွေ့ခဲ့ရသည်။

သူရိယနေ၀န်းဂျာနယ်တွင် ပါရှိသည့် ၎င်းတို့၏လိပ်စာ အမှတ် ၆၈၊ ကမ္ဘာအေးဘုရားလမ်း၊ မရမ်းကုန်းမြို့နယ်သို့ အောက်တိုဘာ ၂၆ ရက် ညနေ ၄ နာရီဝန်းကျင်တွင်သွား ရောက်စုံစမ်းရာတွင်လည်း ရုံးခန်းပိတ်ထားသည်ကို တွေ့ရှိရသည်။

သူရိယနေ၀န်းဂျာနယ်၏ ထုတ်ဝေသူမှာ ခင်အေးဖြစ်ပြီး အမှုဆောင်အရာရှိချုပ်မှာ နေ၀န်းခေတ် မိုးဟိန်း(ခ)မိုးဟိန်းဖြစ်ကာ နေပြည်တော်ရုံးခွဲ၊ မန္တလေးရုံးခွဲများကိုလည်း ဖွင့်လှစ်ထားသည်။

EMG

Related Posts Plugin for WordPress, Blogger...