Sunday, October 27, 2013

ဂျာမနီနှင့် ဘရာဇီးက အမေရိကန်၏ သူလျှိုလုပ်မှုကို ကုလညီလာခံသို့တင်ရန် လိုလားနေပြီး စီအိုင်အေဟောင်းက စနိုးဒင်၏ ဖွင့်ချချက်များသည် သမိုင်း၌ အဆိုးရွားဆုံးဟု ပြောကြား

27 October 2013 00:52


အောက်တိုဘာ ၂၅ ရက်က ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂ ကောင်စီအဆောက်အအုံတွင် နိုင်ငံတော် အကြီးအကဲများအဆင့် ထိပ်သီးဆွေးနွေးပွဲတစ်ရပ် ကျင်းပနေစဉ် (Photo:AFP)

အခြားနိုင်ငံများကို အမေရိကန်က သူလျှိုလုပ်မှုအား နိုင်ငံတကာက ဒေါသထွက်နေမှုကို အကြောင်းပြု၍ ဂျာမနီနှင့် ဘရာဇီးတို့က ကုလသမဂ္ဂ အထွေထွေညီလာခံ၌ ဆုံးဖြတ်ချက် ရယူရန် ကြိုးပမ်းနေကြောင်း သံတမန်များက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။ ယင်းဆုံးဖြတ်ချက်သည် အမေရိကန်ကို မရည်ရွယ်သော်လည်း အင်တာနက် လုပ်ဆောင်ချက်များနှင့် ပတ်သက်၍ အရပ်ဘက်နှင့် နိုင်ငံရေးဆိုင်ရာ အခွင့်အရေးများအတွက် နိုင်ငံတကာ သဘောတူညီချက်ကို ချဲ့ထွင်ရန် တောင်းဆိုခြင်း ဖြစ်သည်။

"ဂျာမနီနဲ့ ဘရာဇီး သံတမန်တွေဟာ ဥရောပနှင့် လက်တင်အမေရိကက သူတို့နဲ့ အဆင့်တူ သံတမန်တွေနဲ့ အောက်တိုဘာ ၂၅ ရက်မှ တွေ့ဆုံပြီး ဆုံးဖြတ်ချက် မူကြမ်းအတွက် ဆွေးနွေးနေကြပါတယ်" ဟု ယင်းဆွေးနွေးမှုတွင် ပါဝင်သော ကုလသမဂ္ဂ သံတမန်တစ်ဦးက ပြောကြားခဲ့သည်။ ၎င်းက ဆက်လက်၍ ရည်ရွယ်ချက်မှာ စနစ်ကို အလွဲသုံးစား လုပ်နေသူများအား သတိပေးချက်တစ်ရပ် ပေးပို့ရန် ဖြစ်သည်ဟု ဆိုသည်။

ယခုကဲ့သို့ ဆွေးနွေးနေကြသည့် အဓိက သံတမန်များမှာ ပြင်သစ်၊ ဆွီဒင်၊ နော်ဝေနှင့် သြစတြီးယားတို့မှဖြစ်ကြောင်း သိရသည်။ ဂျာမနီသည် ၎င်းတို့၏၀န်ကြီးချုပ် အင်ဂျလာမာကယ်၏ ဆဲလ်ဖုန်းကို အမေရိကန် ထောက်လှမ်းရေးများက ကြားဖြတ်နားထောင် ခဲ့သည့်အတွက် ဒေါသထွက်လျက်ရှိပြီး ဘရာဇီးသမ္မတ ဒီမာရူးဆက်ဖ်သည် အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) က သူ၏ရုံးမှနေ၍ ဆက်သွယ်မှုများအား ကြားဖြတ်ခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်သို့သွားမည့် သူ၏ခရီးစဉ်ကို ဖျက်သိမ်းခဲ့သည်။

ဂျာမနီနှင့် ဘရာဇီးတို့သည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၌ ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ် တင်သွင်းနိုင်ရန် မျှော်လင့်နေသည်။

အောက်တိုဘာ ၂၆ ရက်တွင် ယခင်စီအိုင်အေ အဖွဲ့၏ ဒုတိယ ရာထူးအကြီးဆုံး ပုဂ္ဂိုလ်က အက်ဒ၀ပ်စနိုးဒင်၏ ဖွင့်ချမှုများသည် အမေရိကန် သမိုင်းတွင် အဆိုးရွားဆုံး သတင်းအချက်အလက်များ ပေါက်ကြားမှုဖြစ်ပြီး အမေရိကန်၏ ပြိုင်ဘက်များကို အကူအညီ ပေးခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ စီအိုင်အေအဖွဲ့၏ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ယာယီညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် မိုက်ကယ်မိုရယ်က စီဘီအက်စ်ရုပ်သံနှင့် မိနစ် ၆၀ ကြာ အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် စနိုးဒင်၏ ဖွင့်ချမှုများသည် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်လာနိုင်ဖွယ် ရှိသည်များကို ခြေရာခံ ထောက်လှမ်းရန် ကြိုးပမ်းမှုကို ပျက်စီးစေခဲ့ကြောင်း ပြောကြားခဲ့သည်။

သူက "စနိုးဒင်ရဲ့ ဖွင့်ချမှုတွေက အမေရိကန် ပြည်သူတွေအပေါ် ပိုပြီးအန္တရာယ် ကြီးမားအောင် ပြုလုပ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်သမားတွေက သူ့ရဲ့ဖွင့်ချမှုတွေကနေ သင်ခန်းစာယူပြီး ပိုဂရုစိုက်လာမှာဖြစ်လို့ စုံစမ်းထောက်လှမ်းဖို့ ခက်ခဲသွားမှာပါ။ အဲဒီအတွက် တခြားနည်းလမ်း ရှာရတော့မှာပါ" ဟု ပြောကြားခဲ့သည်။ မိုရယ်က စနိုးဒင်သည် မိမိ၏နိုင်ငံအပေါ် သစ္စာဖောက်ခဲ့သူ တစ်ဦးဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။ မိုရယ်သည် ၂၀၁၀ မှ ၂၀၁၃ ခုနှစ်အထိ စီအိုင်အေ လက်ထောက်ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...