Sunday, October 27, 2013

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များက စစ်ဆေးသွားမည်

Sunday, 27 October 2013 00:52



Mobile Team အဖွဲ့မှ စစ်ဆေးခဲ့သည့် ယုဇနဆိပ်ကမ်းအား တွေ့ရစဉ်

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့များမှ ဒီဇင်ဘာမှ စတင်ကာ စစ်ဆေးမှု ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။

စစ်ဆေးရာတွင် လေဆိပ်ရှိ နေရာနှစ်ခုရှိ Hand Carry နှင့် Baggage စစ်ဆေးသည့် နေရာနှင့် Air-Cargo ကုန်ပစ္စည်းများ စစ်ဆေးသည့် နေရာများတွင် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team မှ ၀င်ရောက် စစ်ဆေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ယင်းအပြင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းနယ်မြေများအား အောက်တိုဘာ နောက်ဆုံးပတ်တွင် စစ်ဆေးမည်ဖြစ်ကြောင်းလည်း တရားမ၀င် တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီမှ သိရသည်။

တရားမ၀င် တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ထုတ်ပြန်ထားမှုတွင် အသင်းအဖွဲ့များ အနေဖြင့် ကုန်ပစ္စည်းများ တင်ဆောင်ရာတွင် ပစ္စည်းပိုင်ရှင်နှင့် ပေးပို့ရမည့် နေရာများကို မှတ်တမ်းတင်ရန်နှင့် ဥပဒေဘောင်အတွင်းက ပစ္စည်းများကိုသာ သယ်ဆောင်ရန် လိုအပ်နေကြောင်း သိရသည်။

တရားမ၀င် ကုန်သွယ်မှု လျော့နည်းစေရန်အတွက် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနမှ ဦးဆောင်ပြီး သက်ဆိုင်ရာ ဌာနများ ပါဝင်ဖွဲ့စည်းထားကာ ကုန်သွယ်ရေး လမ်းကြောင်းများတွင် တရားမ၀င် ကုန်သွယ်မှု လျော့နည်းစေရန် ပညာပေး၊ အရေးယူမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဇွန်လက ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ လွှဲပြောင်း ပေးခဲ့သည်။

ယင်းသို့ လွှဲပြောင်းပေးခဲ့ပြီး နောက်တွင် ရန်ကုန်တိုင်းဒေသကြီး၌ မတရားမ၀င် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင် ရောင်းချနေကြောင်း သတင်းပေးချက်အရ ၀င်ရောက် စစ်ဆေးခဲ့မှုတွင် အရက်ပုလင်း ၆၀၀ ကျော်နှင့် ဘီယာဖာပေါင်း ၅၀၀၀ ကျော်အား စစ်ဆေး တွေ့ရှိခဲ့ကြောင်း Mobile Team ရန်ကုန်အဖွဲ့မှ သိရသည်။

ရန်ကုန်ဆိပ်ကမ်း နယ်မြေရှိ ကမ်းရိုးတန်းဆိုင်ရာ ဆိပ်ကမ်းများနှင့် ရန်ကုန်မြစ်ကြောင်း တစ်လျှောက်ရှိ ဆိပ်ကမ်းများတွင် တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team များက သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး စက်တင်ဘာ ၁၁ ရက်မှ စတင်ကာ အရေးယူကာလအဖြစ် သတ်မှတ်ပြီး ယုဇန၊ သာကေတ၊ ကျန်းမာရေး၊ ၀ါးတန်း၊ ချောင်းဝ၊ ဗားဂရာနှင့် ဘုရင့်နောင် ဆိပ်ကမ်းများတွင် စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်းလည်း သိရသည်။ တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံးမှ ၂၀၁၂ ဒီဇင်ဘာအတွင်း ဖွဲ့စည်းပေးခဲ့ပြီး ကုန်သွယ်မှု ပြုလုပ်သည့် ပင်လယ်ရေကြောင်း၊ လေကြောင်း၊ နယ်စပ် ကုန်သွယ်မှုများနှင့် နေရာအသီးသီး၌ တရားမ၀င် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းကို ထိရောက်စွာ အရေးယူနိုင်ရန် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...