Sunday, October 27, 2013

ကမ္ဘောဒီးယား ရွေးကောက်ပွဲ အငြင်းပွားရလဒ်ကို အတိုက်အခံ ၂၀၀၀၀ ၀န်းကျင် ကန့်ကွက်ဆန္ဒပြ

27 October 2013 00:52


ကမ္ဘောဒီးယား အတိုက်အခံပါတီ CNRP ခေါင်းဆောင် ဆမ်ရိန်စီ အောက်တိုဘာ ၂၅ ရက်တွင် ဖနွမ်းပင်ရှိ ဒီမိုကရေစီ ပန်းခြံ၌ မိန့်ခွန်းပြောနေစဉ်

ဇူလိုင်လတွင် ကျင်းပခဲ့သော ရွေးကောက်ပွဲအပြီး ကမ္ဘောဒီးယား ၀န်ကြီးချုပ် ဟွန်ဆန်၏ အငြင်းပွားဖွယ် အနိုင်ရမှု ရလဒ်ကို မြို့တော်ဖနွမ်းပင်တွင် သုံးရက်ကြာ ကန့်ကွက်ဆန္ဒပြမှုအဖြစ် အောက်တိုဘာ ၂၅ ရက်တွင် အတိုက်အခံ ၂၀၀၀၀ ၀န်းကျင်က ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ဆန္ဒပြမှု သုံးရက်အတွင်း ဖနွမ်းပင်ရှိ ကုလသမဂ္ဂ ရုံးများနှင့် အမေရိကန်၊ တရုတ်၊ ဗြိတိန်၊ ပြင်သစ် အပါအ၀င် ပြည်ပသံရုံးများသို့ ဆန္ဒပြသူများက သွားရောက်ခဲ့ပြီး ရွေးကောက်ပွဲ မဲမသမာမှုများကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးခွင့် ရရှိနိုင်ရေးအတွက် ၀င်ရောက်ကူညီပေးရန် တောင်းခံသည့် အသနား ခံစာများကို ပေးဝေခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယား အစိုးရသည် ရွေးကောက်ပွဲ မသမာမှုများကို စုံစမ်းစစ်ဆေးရန် ပျက်ကွက်ခဲ့ပြီး ပါလီမန်ကိုလည်း အတိုက်အခံများ မပါဝင်ဘဲ တရားမ၀င် စတင်ခဲ့သည်ဟု လက်မှတ်နှစ်သန်းခန့် ပါဝင်သည့် အဆိုပါ အသနားခံစာတွင် ရေးသားထားကြောင်း သိရသည်။ အစိုးရ၏ လုပ်ရပ်ကြောင့် ကမ္ဘောဒီး ယားသည် တစ်ပါတီ အာဏာရှင်စနစ်သို့ ပြန်လည်ဦးလှည့် နေကြောင်းလည်း အဆိုပါစာတွင် ရေးသားထားသည်။ အသနားခံစာ ရရှိခဲ့သော သြစတြေးလျ သံရုံးက ကမ္ဘောဒီးယားရှိ သက်ဆိုင်သည့် ပါတီများ အနေဖြင့် ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲမှု အပါအ၀င် ညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက်ပြုလုပ်သင့်ကြောင်း တိုက်တွန်းခဲ့သည်။

အတိုက်အခံခေါင်းဆောင် ဆမ်ရိန်စီ ဦးဆောင်သော ယင်းဆန္ဒပြမှုများမှာ ပြည်သူများသည် အာဏာရပါတီ (CPP) ၏ အုပ်ချုပ်မှုစနစ်ကို လက်မခံတော့ကြောင်း ပြသနေသည်ဟု ကမ္ဘောဒီးယား လူ့အခွင့်အရေးဆိုင်ရာ စင်တာဥက္ကဋ္ဌ အူဗီရက်က ပြောကြားခဲ့သည်။

အသက် ၆၁ နှစ်ရှိ ဟွန်ဆန်က အာဏာကို ၂၈ နှစ်ကြာ အုပ်စိုးလာခဲ့ပြီး အသက် ၇၄ နှစ်အထိ အာဏာချုပ်ကိုင် ထားမည်ဟု ကြေညာထားသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...