Sunday, October 27, 2013

ရွှေ့ပြောင်းအခြေချသူများ သေဆုံးမှုကို ရပ်တန့်ရန် ကြိုးပမ်းသွားမည်ဟု ဥရောပသမဂ္ဂ ခေါင်းဆောင်များ ကတိပြု



27 October 2013 00:52


အောက်တိုဘာ ၂၅ ရက်က လမ်ပီဒူဆာကျွန်းတွင် ကယ်ဆယ်ခဲ့ရသော ရွှေ့ပြောင်းဒုက္ခသည်များ (Photo:AFP)


ခိုးဝင်ရန် ကြိုးပမ်းသော ရွှေ့ပြောင်းအခြေချ ၇၀၀ ခန့်ကို စစ္စလီကျွန်း အနီးတွင် အီတလီက ကယ်တင်နိုင်ခဲ့ချိန်တွင် ဥရောပ သမဂ္ဂ ခေါင်းဆောင်များက မြေထဲပင်လယ်အတွင်း ရွှေ့ပြောင်းအခြေချများ ရေနစ်သေဆုံးမှုကို ရပ်တန့်ရန် ကြိုးပမ်းသွားမည်ဟု အောက်တိုဘာ ၂၅ ရက်တွင် ကတိပြုခဲ့ကြသည်။ အာဖရိကနှင့် ဆီးရီးယားတို့တွင် ပဋိပက္ခများမှ ထွက်ပြေးတိမ်းရှောင် လာကြသော ဒုက္ခသည် ၄၀၀ ခန့် သေဆုံးခဲ့မှုက ဥရောပကို တုန်လှုပ်စေခဲ့ပြီးနောက် သုံးပတ်ခန့် အကြာတွင် အီတလီ၌ ဒုက္ခသည်များ ကယ်ဆယ်သည့် သတင်းထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ နယ်စပ်တွေမှာ လူတွေထောင်ချီပြီး သေဆုံးနေတာကို ဥရောပ သမဂ္ဂက လက်မခံနိုင်ပါဘူး" ဟု ဥရောပကော်မရှင် ဥက္ကဋ္ဌ ဟိုဆေးမန်နျူရယ် ဘာရိုဆိုက ပြောကြားခဲ့သည်။ ကြိုတင်ကာကွယ်မှု၊ ကာကွယ်မှုနှင့် စည်းလုံးညီညွတ်မှု စသည့် မူသုံးချက်ကို ဥရောပ ခေါင်းဆောင်များက သဘောတူညီခဲ့ကြပြီး မကြာသေးခင်က ဒုက္ခသည်များ သေဆုံးမှုကို အလွန်ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။

၂၀၁၄ ခုနှစ် ဇွန်လနှင့် ယခုနှစ် ဒီဇင်ဘာတွင် ကျင်းပမည့် ဥရောပသမဂ္ဂ ထိပ်သီးဆွေးနွေးပွဲများတွင် ရွှေ့ပြောင်းအခြေချ နေထိုင်မှုနှင့် ဒုက္ခသည် ပြဿနာများကို ပြန်လည်သုံးသပ် သွားမည်ဖြစ်ကြောင်းနှင့် ဥရောပ သမဂ္ဂ၏ အရေးယူ ဆောင်ရွက်ချက် အစီစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် ဥရောပ ခေါင်းဆောင်များ ကြေညာချက်က ဖော်ပြခဲ့သည်။ ဆီးရီးယားတွင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွား နေသောကြောင့် ရွှေ့ပြောင်းအခြေချ ဒုက္ခသည်များ ထပ်မံဝင်ရောက် လာမည်ကို ဥရောပက စိုးရိမ်နေသည်။ ယခုနှစ်တွင် ရွှေပြောင်းအခြေချ ဒုက္ခသည် ၃၀၀၀၀ ထိ လေးဆတိုးမြင့်လာကြောင်း အီတလီက ပြောကြားထားပြီး စပိန်ကလည်း အာဖရိက ဒုက္ခသည် ၃၀၀၀ ခန့်ထိ နှစ်ဆမြင့်တက်လာကြောင်း ပြောကြားထားသည်။

ယခုနှစ်တွင် နယ်စပ်များမှ တရားမ၀င် ၀င်ရောက်ရန် ကြိုးပမ်းသူ ခုနစ်ဆအထိ မြင့်တက်လာကြောင်း ဘူဂေးရီးယားက ပြောကြားထားသည်။ ပြီးခဲ့သည့် နှစ် ၂၀ အတွင်း ဥရောပတွင် နေထိုင်ရန် ကြိုးပမ်းသူ ရွှေ့ပြောင်းအခြေချ ၁၇၀၀၀ မှ ၂၀၀၀၀ အထိ ပင်လယ်တွင် သေဆုံးခဲ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ အကျိုးပြုအဖွဲ့များက ခန့်မှန်းထားသည်။

ဥရောပသမဂ္ဂတွင် အဖွဲ့အတွက် ကိုယ်ပိုင်သင်္ဘော၊ လေယာဉ်နှင့် စောင့်ကြည့်ကိရိယာများ မရှိသဖြင့် ပင်လယ်မှ ၀င်ရောက်ရန် ကြိုးပမ်းသော ရွှေ့ပြောင်းအခြေချ နေထိုင်သူများ၊ ဒုက္ခသည်များကို တားဆီးရန် ခက်ခဲနေသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...