Sunday, October 27, 2013

နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှု မရှိဟု အရပ်ဘက် အဖွဲ့အစည်းများမှ ထောက်ပြသော မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးမည်

 Created on Sunday, 27 October 2013


အောက်တိုဘာ တတိယပတ်က နေပြည်တော်တွင် ပြည်သူ့လွှတ်တော် အစည်းအဝေးတစ်ရပ် ကျင်းပနေစဉ်

နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် ကိုက်ညီမှု မရှိဟု အရပ်ဘက် အဖွဲ့အစည်းများမှ ထောက်ပြခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို လွှတ်တော်အတွင်း ပြန်လည်ဆွေးနွေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လူ့အခွင့်အရေး ပညာပေးရေး ဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောကြားသည်။

အရပ်ဘက် အဖွဲ့အစည်းများနှင့် လွှတ်တော်အမတ်များသည် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းနှင့် ပတ်သက်၍ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် လွှတ်တော်အမတ်များက ၎င်းတို့ထောက်ပြသော အချက်များကို ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးမည်ဟု ပြောကြားခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးနိုင်သည်ဟု ဖော်ပြပါရှိ ထားသော်လည်း ကြိုတင်ခွင့်ပြုချက် ရပြီးမှသာ လုပ်ဆောင်ရမည် ဆိုသောကြောင့် အဖြစ်အပျက်အမှန်ကို ပေါ်ပေါက်အောင် စုံစမ်းနိုင်မည့် အခြေအနေ နည်းသွားကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ကြောင်း . . . . .


"ကျွန်တော်တို့ လွှတ်တော်အမတ် ၆၀ ကျော်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်။ သူတို့က ကျွန်တော်တို့ ထောက်ပြတဲ့ အချက်တွေကို လက်ခံတယ်။ အဲဒီအချက်တွေကို လွှတ်တော်အတွင်းမှာ ဆွေးနွေးဖို့အတွက် လွှတ်တော်အမတ် ရှစ်ယောက်ကလည်း စာရင်းပေးပြီး သွားပြီလို့ ပြောတယ်။ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းက နိုင်ငံတကာ စံချိန်တွေနဲ့ ကိုက်ညီမှု မရှိပေမယ့် သိပ်ဆိုးဆိုးရွားရွားကြီးတော့ မဟုတ်ပါဘူး။ လူထုအမြင်တွေ၊ ပြည်သူ့အသံတွေကို ထည့်လိုက်မယ်ဆိုရင် ပိုမိုကောင်းမွန် သွားမှာပါ" ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ယခုလကုန် အတွင်းတွင် ယင်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်အတွင်း ဆွေးနွေးသွားဖွယ် ရှိကြောင်းလည်း ၎င်း၏ပြောပြချက်အရ သိရသည်။

အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်၍ အရပ်ဘက် အဖွဲ့အစည်းများက သြဂုတ်လအတွင်း တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဥပဒေမူကြမ်း ပုဒ်မ ၄ တွင်ပါရှိသော ရွေးချယ်ရေးဘုတ် အဖွဲ့ဖွဲ့ရာတွင် အစိုးရနှင့် သက်ဆိုင်သော ဌာနဆိုင်ရာ ခေါင်းဆောင်များ၊ အစိုးရ၀န်ကြီး၊ လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်မှုမှာ များပြားနေပြီး အစိုးရ မဟုတ်သော အဖွဲ့အစည်း NGO အဖွဲ့အစည်းမှာမူ မှတ်ပုံတင်ထားသော ကိုယ်စားလှယ် တစ်ဦးတည်းသာ ဖြစ်ရမည်ဟု ဖော်ပြပါရှိ ထားကြောင်း၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ အကျဉ်းထောင်သို့ သွားရောက်စစ်ဆေးနိုင်သည်ဟု ဖော်ပြပါရှိ ထားသော်လည်း ကြိုတင်ခွင့်ပြုချက် ရပြီးမှသာ လုပ်ဆောင်ရမည် ဆိုသောကြောင့် အဖြစ်အပျက်အမှန်ကို ပေါ်ပေါက်အောင် စုံစမ်းနိုင်မည့် အခြေအနေ နည်းသွားကာ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ကြောင်း၊ သက်ဆိုင်ရာ ဌာနများတွင် လိုအပ်သည့် အချက်များကို တောင်းခံနိုင်သည်ဟု ဆိုထားသော်လည်း အဆိုပါ ဌာနများမှ လျှို့ဝှက်ချက်ဟု ပြောဆိုပါက ကော်မရှင် အနေဖြင့် တောင်းခံခွင့် မရှိကြောင်း ကန့်သတ်ထားသဖြင့် ယင်းအချက်သည်လည်း အရေးကြီးသော သတင်းအချက် အလက်များကို ထိမ်ချန်မှုများ ဖြစ်လာနိုင်ကြောင်း စသည့်အချက်များသည် နိုင်ငံတကာမှ သတ်မှတ်ထားသော Paris Principle နှင့် ကွာဟမှု ရှိနေကြောင်း၊ ထို့ကြောင့် ယင်းအချက်များကို ပြင်ဆင်သင့်ကြောင်း လူ့အခွင့်အရေး ဆောင်ရွက်နိုင်သော အဖွဲ့အစည်းများက ထောက်ပြပြောကြားသည်။

၂၀၁၃ ခုနှစ် ဇူလိုင် ၇ ရက်တွင် အစိုးရပိုင် သတင်းစာများတွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေကြမ်းကို ဖော်ပြခဲ့သည်။

EMG

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...