Thursday, October 31, 2013

အတူတူမအိပ်သင့်တဲ့ အရာ (၅) မျိုး



Thursday, October 31, 2013

၁. နာရီဝတ်ပြီး မအိပ်ပါနဲ့..

နာရီဟာရေဒီယိုသတ္တိကြွထုတ်လွှင့်
မှုအတော်မြင့်မားပါတယ်…နာရီဟာသေးငယ်တယ်လို့ထင်ရပေမဲ့ ၀တ်ဆင်ပြီး အချိန်ကြာကြာ အိပ်ခဲ့ရင် သင့်ရဲ့ကျန်းမာရေးကို ဆိုးကျိုးတွေအများကြီးဖြစ်လာစေနိုင်ပါတယ်တဲ့….ဒါကြောင့်အိပ်တဲ့အခါ နာရီကို ချွတ်ပြီးအိပ်ကြပါ..

၂. အမျိုးသမီးများ ဘရာဝတ်ပြီး မအိပ်ပါနဲ့

အမေရိကားမှ ပညာရှင်များလေ့လာတွေ့ရှိချက်အရအမျိုးသမီးများ ၁၂နာရီထက်ကျော်လွန်ပြီး အတွင်းခံ(ဘရာ)ကိုဝတ်ဆင်ပါကရင်သားကင်ဆာ ဖြစ်နိုင်ချေ အလွန်မြင့်မားကြောင်းသိရပါတယ်…ဒါကြောင့် ညအိပ်ရာ ၀င်ချိန်မှာတော့ Pls sleep without bra,ok?

၃. ဖုန်းနဲ့အတူတူမအိပ်ပါနဲ့

မိမိလက်ကိုင်ဖုန်းကိုမိမိရဲ့အိပ်ရာဘေး ဒါမှမဟုတ် အနီးအနားမှာထားခြင်းကို အားမပေးပါဘူး..တစ်ချို့က ဖုန်းကို နိုးစက်အနေနဲ့အသုံးပြုတတ်ကြ ပါတယ် ….အဲလိုသုံးရင်လည်းဖုန်းကို မိမိနဲ့ဝေးနိုင်သမျှ ဝေးဝေးမှာ ထားသင့်ပါတယ်. … ပညာရှင်များက လျှပ်စစ်ပစ္စည်းများဖြစ်တဲ့ လက်ကိုင်ဖုန်း အပါအ၀င် တယ်လီ ဗေးရှင်း စက်များ ဟာအသုံးပြုနေတဲ့အခါမှာ သံလိုက်လှိုင်းများကိုထုတ်လွှင့်နေကြကြောင်း သက်သေ ပြခဲ့ကြ ပါတယ်..အဲဒီသံလိုက်လှိုင်းများဟာ ကျွန်မတိုရဲ့ အာရုံကြောအဖွဲ့အစည်းကို အနှောက်အယှက် ပေးစေနိုင် ပါတယ်..ဒါကြောင့် ဖုန်းကို အိပ်ရာဘေးမှာ ထားအိပ်မယ်ဆိုရင်တောင် ဖုန်းကိုပိတ်ထားသင့် ပါတယ်…..

၎.မိတ်ကပ်လိမ်းပြီးမအိပ်ပါနဲ့..

ညအိပ်ရာဝင်တဲ့အခါလိမ်းထားတဲ့မိတ်ကပ်များကိုမဖျက်ဘဲအိပ်တတ်သူများဟာ ရေရှည်မှာ အရေပြားကို ဆိုးကျိုးဖြစ်စေနိုင်ပါတယ် …မိပ်ကပ်လိမ်းပြီး အိပ်ခြင်းအားဖြင့်အရေပြားပေါ်ရှိချွေးပေါက်များကို ပိတ်ဆို့ စေပြီး ၀က်ခြံတင်းတိပ် အစရှိတဲ့ အရေပြားပြဿနာမျိုးစုံကို ဖြစ်ပေါ်စေနိုင်ပါတယ်….အိပ်ချိန်ကို ပြည့် ပြည့် ၀၀နဲ့ နှစ်နှစ်ခြိုက်ခြိုက်ရရှိဖို့လဲလိုအပ်ပါတယ်…ဒါကြောင့် ညအိပ်ရာဝင်ရင် မျက်နှာကို သန့်စင် ပြီးမှ အိပ်စက်ကြပါ…

၅. သူတစ်ပါးရဲ့ယောင်္ကျား မိန်းများနဲ့အတူတူမအိပ်ပါနဲ့

နောက်ဆုံးတစ်ခုအတူတူမအိပ်သင့်တဲ့အရာကတော့ သူတစ်ပါးရဲ့ကာမပိုင်ရှိပြီးသူ လင်သား..သူတစ်ပါး ရဲ့မိန်းမ များနဲ့အတူတူမအိပ်စက်သင့်ပါဘူးတဲ့…ဘယ်သောခါမှပြန်လည်နိုးထမှာ မဟုတ်တော့လို့ပါ….

ရွှေတိဂုံစေတီတော်အောက်မှာ. (၁၀)ပေလောက်ကျယ်တဲ့ရေတွင်းနဲ့ (၆)ပေခွဲ လောက်ရှိတဲ့ လှေတစ်စင်းရှိတယ်....





ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့ ယုံကြည်ကိုးကွယ်ရာ စေတီတော်ကြီးဖြစ်တဲ့
ရွှေတိဂုံစေတီတော်ကြီး အောက်မှာ ပင်လယ်ရေ အတက်အကျအလိုက် ရေအနိမ့်အမြင့်ဖြစ်ပေါ်စေတဲ့ (၁၀) ပေ ပတ်လည်လောက် ရှိတဲ့ ရေတွင်းနဲ့ အဲဒီရေတွင်းထဲမှာ (၆) ပေခွဲလောက်ရှိပြီး ရတနာများစီချယ်ထား
တဲ့ရွှေလှေတစ်စီး ရှိတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံဖူးခဲ့တဲ့မြန်မာနိုင်
ငံဖွား အာမေးနီးယားလူမျိုး ဒီအက်စ်အပရမေကပြောကြားခဲ့တယ်လို့ ၁၃.၃.၆၈ နေ့ထုတ် ကြေးမုံသတင်းစာမှာဖော်ပြခဲ့တာကို ကျီးမနိုးတင်ဝင်း (ပေါင်းတည်) ရဲ့ပြန်လည် ဖော်ပြချက်အရ သိရှိရပါတယ်။

မစ္စတာအပရမေကို ကြေးမုံသတင်းစာက တွေ့ဆုံမေးမြန်းရာမှာ ၁၉၀၄ခု၊ သူ့ရဲ့အသက် (၇) နှစ်သား အရွယ် မှာ သူငယ်ချင်းတွေနဲ့အတူ ရွှေတိဂုံဘုရားကို သွားရောက်ခဲ့တယ်။ ရွှေတိဂုံ ရင်ပြင်တော်ရဲ့ အရှေ့မြောက် ထောင့်၊ တနင်္ဂနွေထောင့်ရှိ ဌာပနာတိုက်ဝကို ရောက်တဲ့အခါမှာ ရသေ့ကြီး တစ်ပါးနဲ့တွေ့လို့ချဉ်းကပ်တောင်း ပန်ပြီး ဌာပနာတိုက်ထဲကို ဆင်းခဲ့တယ်လို့ဆိုပါ တယ်။

ရသေ့ကြီးရဲ့ခွင့်ပြုချက်အရ ဌာပနာတိုက်ထဲကို ဆင်းသွားတဲ့လမ်း တစ်လျှောက်လုံး မှာယောဂီ ဝတ်နဲ့ နီဝါ ရောင်ဝတ်ပုဂ္ဂိုလ် (၇) ဦးကို (၈) ပေ၊ (၉) ပေစီခြားပြီးတွေ့ရတယ်လို့ဆိုပါ တယ်။ ဌာပနာတိုက်ရဲ့ ပတ်ပတ် လည်ကို အုတ်များနဲ့အခန်း (၃၆) ခန်း တည်ဆောက်ထားတယ်။ အလယ်တိုင်မရှိ ဘူး။ အလယ်ဗဟိုမှာတော့ (၁၀) ပေပတ်လည်လောက်ရှိတဲ့ ရေတွင်းရှိ တယ်။ ရေ တွင်း ဟာ ပင်လယ်ရေအတက်အကျအလိုက် ရေအနိမ့်အမြင့် ဖြစ်ပေါ်တယ်လို့ဆိုပါတယ်။

ရေတွင်း ထဲမှာ အလျား (၆) ပေခွဲခန့်ရှိပြီး ကျောက်မျက်ရတနာများ နဲ့ စီချယ်ထားတဲ့ ရွှေကရဝိတ်လှေ တစ်စင်းရှိတယ်။ လှေဟာ ဒီရေ အတက်အကျအလိုက် ရေတွင်းထဲမှာ အနိမ့်အမြင့်လှုပ်ရှားနေ တယ်။ ကရဝိတ်ရွှေလှေပေါ်မှာ ဆံတော်များလို့ ယူဆရတဲ့ ဌာပနာတွေ ကိန်းဝပ် လျှက်ရှိတယ်။ ဒါပေမဲ့ပုဝါလွှမ်းထားလို့ ဆံတော်လို့ အတိအကျ မပြောနိုင်ဘူးလို့ ဆိုပါတယ်။ ဌာပနာတိုက်ရဲ့ ထူခြားချက်မှာ တစ်ခန်းလုံး ထိန်လင်းနေခြင်းဖြစ်တယ်။ တစ်ခုတည်းသော အလင်းရောင်ဟာ အချိန်အခါ မရွေး ရွှေလှေပေါ်ကို အချိန်မရွေး ထိုးစိုက်ကျရောက်နေတယ်။ ထုထည်ကြီးမားလှ တဲ့ စေတီအဆောက်အအုံ ကြီးကို ပင်မအလယ်တိုင်မပါ၊ သံယက်မ မရှိပဲ ကျောက်တုံးကျောက်ခဲ များနဲ့ သာတည်ဆောက်ခဲ့တယ်။ ပင်လယ် ရေဝင်ပေါက်၊ ထွက်ပေါက်နဲ့အလင်းရောင် ယူထား ပုံကရှေး ဗိသုကာတွေရဲ့ လက်ရာဖြစ်တယ်။

ခမ်းနားဆန်းကြယ်တဲ့ ဌာပနာတိုက်ကို ကိုယ်တိုင် တွေ့မြင်ခဲ့ရတာဖြစ်လို့ နှောင်းလူတွေ သုတေ သနပြုနိုင် အောင် ရွှေတိဂုံဂေါပကအဖွဲ့ကိုမြေပုံဆွဲလို့ တင်ပြခဲ့တယ်။ ရွှေတိဂုံဂေါပက အဖွဲ့က လည်း မစ္စတာ အပရမေကို တွေ့ဆုံ မေးမြန်းပြီး ဌာပနာတိုက်တည်နေရာကို လိုက်လံပြသစေတဲ့ အခါမှာ ဌာပနာတိုက် လှိုဏ်ဂူဟာ ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ ဆုတောင်းပြည့် ဘုရားနဲ့ ဆုတောင်းပြည့် တန်ဆောင်း နေရာမှာ ရှိတယ်ဆိုပေမဲ့လည်း နောက်တိုး တန်ဆောင်းတွေ နဲ့ ဘုရားများ ထပ်မံ မွမ်းမံပြင်ဆင် ထားမှုကြောင့် အတိအကျပြသနိုင်ခြင်းမရှိပဲ ဆုတောင်းပြည့်စေတီရဲ့ လှိုဏ်ဂူအောက်မှာသာ ရှိတယ်လို့ ခန့်မှန်းညွှန်ပြ သွားနိုင်တယ်လို့ သိရ ပါတယ်။

မစ္စတာအပရမေ ကို လွစ္စလမ်း (ယခုဆိပ်ကမ်းသာလမ်း) အမှတ် (၂၅) မှာ ၁၈၉၅ ခုနှစ်က ဖွားမြင်ခဲ့ တာပါ။ မိဘများမှာ မစ္စတာအက်စ်အပရမေ နဲ့ မစ္စက်ရိုစ်လူကပ်စ် တို့ဖြစ်ပါတယ်။ မြန်မာ အမျိုး သမီး ဒေါ်သိန်းရွှေနဲ့ အိမ်ထောင်ကျပြီး သားသမီး ၅ ယောက် ထွန်းကားခဲ့ကာ သားသမီးမြေး များနဲ့ အတူ ဘောက်ထော်မှာနေထိုင် တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။

မစ္စတာအပရမေ ကိုယနေ့ကြေးမုံက တွေ့ဆုံမေးမြန်းပြီး ၁၃. ၃.၆၈ နေ့မှာ ဖော်ပြခဲ့ခြင်း ဖြစ်ပါ တယ်။ တွေ့ဆုံ မေးမြန်းချိန်မှာ မစ္စတာအပရမေ ဟာ (၇၃) နှစ်ရှိပြီလို့ ဖော်ပြထား ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကိုးကွယ်တဲ့ ရွှေတိဂုံဘုရားကြီးရဲ့အောက် ပေ (၆၀) ခန့်အကွာမှာ တည်ရှိတဲ့ ဆံတော်တွင်း ဌာပနာတိုက်ကြီးအကြောင်းကို နှောင်းလူများ သိရှိစေရန်ထပ် မံ ဖော်ပြ ရခြင်းဖြစ်ပါတယ်။

- ထေရဝါဒဗုဒ္ဓဘာသာတိုင်းပြည်

ဖြူဝင်းတဲ့ ဂျိုင်းသားလေးတွေ ရရှိစေဖို့



ဂျိုင်းမည်းနေရင် အကျီင်္လက်ပြတ်လှလှလေးတွေ ၀တ်လို့အဆင်မပြေဘူးနော်။ ကိုယ့်ကိုယ်လည်း ယုံကြည်မှုမရှိတော့ဘူးလေ။ အဲဒီတော့ ဂျိုင်းသားတွေ မဖြူလို့ အခက်တွေ့နေရတဲ့သူငယ်ချင်းတွေအတွက် ဂျိုင်းဖြူအောင် ဘယ်လိုလုပ်ရမလဲဆိုတာကို ရင်နှင်း ပြောပြမယ်နော်။

Good Hygiene
ခန္ဓာကိုယ်ကို သေချာမသန့်စင်ပေးရင် ဂျီးအထပ်ထပ်နဲ့ ညစ်လာတတ်တယ်လေ။ ဂျိုင်းလဲ အဲဒီလိုပဲပေါ့။ အဲဒီတော့ ရေချိုးတိုင်း ဂျိုင်းတွေကို ဆပ်ပြာနဲ့သေချာသန့်စင်ပြီး ရေစင်အောင် ဆေးပေးရမယ်နော်။

Exfoliation
ဂျိုင်းတွေ မည်းညစ်နေတယ်ဆိုတာ ဆဲလ်အသေတွေ အထပ်ထပ်ဖြစ်နေလို့ပါ။ အဲဒီတော့
တစ်ပတ်ကို ၂ ကြိမ်လောက် ဆဲလ်သေတွေကို ဖယ်ရှားပေးပါ။ ဘာမှ ထူးထူးခြားခြားမဟုတ်ပါဘူး။ ဂျိုင်းအောက်တွေကို သပွတ်အူတို့ ရေမြုပ်တို့နဲ့ သေချာပွတ်တိုက်ပေးရင် ရပြီနော်။ ဆဲလပ်အသေတွေအစား ဖြစ်ပေါ်လာတဲ့ ဆဲလ်အသစ်လေးတွေကြောင့် ဂျိုင်းသားမည်းတာတွေ တဖြည်းဖြည်းသက်သာသွားမှာပါ။

Removing Hair
ဂျိုင်းမွှေးတွေကို သေချာမရိတ်မိရင်လည်း ကျန်နေတဲ့ အမွှေးလေးတွေက ချွေးပေါက်တွေကို
ပိတ်စေပြီး အရေပြားကို မည်းညစ်စေပါတယ်။ အဲဒီတော့ အမွှေးတွေကို ရိတ်မယ်ဆိုရင်လည်း ရိတ်ဓားကောင်းကောင်းသုံးပါ။ အကောင်းဆုံးနည်းကတော့ နူတ်ပစ်တာပါပဲ။

Chossing a Deodorant
ချိုင်းမွှေးနံ့ ပျောက်အောင် Roll on တွေ သုံးတာကိုလည်း သတိထားသင့်ပါတယ်။
တချို့ Roll on တွေမှာပါတဲ့ ဓာတုဗေဒပစ္စည်းတွေက အရေပြားနဲ့ ဓာတ်မတည့်တော့ ချိုင်းမည်းတာမျိုးလည်း
ဖြစ်တတ်တယ်လေ။ အဲဒီတော့ Roll on သုံးပြီးမှ ဖြစ်လာတာဆိုရင်တော့ အဲ့ Roll on ကိုဆက်မသုံးပါနဲ့တော့။
ချွေးနံ့တွေပျောက်အောင် ရေချိုးပြီးချိန်မှာ ကျောက်ချဉ်ရေလိမ်းပေးနိုင်ပါတယ်။ ချွေးနံ့ခံတွင်းနံဆိုးတွေအတွက်
ဖြေဆေးဆိုတဲ့ ပို့စ်မှာ ချွေးနံနံရင် ဘယ်လိုလုပ်ရမယ်ဆိုတာကို ပြောပြထားတယ်နော်။

Lossen up
အရမ်းကျပ်တဲ့ အင်္ကျီတွေကို မ၀တ်ပါနဲ့။ ဂျိုင်းနေရာအရမ်းကျပ်နေရင် အရေပြားနဲ့ ပွတ်တိုက်မိပြီး
ဂျိုင်းသားတွေ မည်းသွားနိုင်လို့ပါ။

Reduce weight
အရမ်းဝလို့ လက်မောင်းသားတွေ ကြီးပြီး တွဲကျနေတဲ့ အခါမှာလည်း အရေပြားအချင်းချင်း ပွတ်တိုက်ရာကနေ ဂျိုင်းတွေမည်းလာနိုင်ပါတယ်။ ဒါကြောင့် မမ၀၀တွေ ကိုကို၀၀တွေ ၀ိတ်လျှော့သင့်တယ်နော်။

Natural Ways
- သံပရာသီးကို တခြမ်းခြမ်းလိုက်ပြီး မည်းနေတဲ့ ဂျိုင်းသားတွေကို ပွတ်ပေးပါ။ မိနစ် ၂၀ လောက်နေရင် ရေနွေးမှာစိမ်ထားတဲ့ အ၀တ်လေးနဲ့ ပွတ်ပေးပါ။
- Vit E ကို နေ့တိုင်းမှန်မှန်လိမ်းပေးရင်လည်း ဂျိုင်းတွေ ဖြူဖွေးလာနိုင်တယ်နော်။
- သံပရာရည်နဲ့ ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်းဆီကို သမအောင်ရောမွှေပြီး ဂျိုင်းအောက်မှာ လိမ်းပေးပါ။ နာရီဝက်ကြာတဲ့အခါ ရေနွေးလေးနဲ့ ဆေးလိုက်ပါ။

ရင်နှင်းပြောပြတဲ့ နည်းလေးတွေအတိုင်း သေချာလုပ်ပေးသွားရင် ဂျိုင်းသားဖြူဖြူလေးတွေနဲ့ ကိုယ့်
ကိုယ်ကို ယုံကြည်မှုပိုရှိနိုင်ပြီပေါ့။

(ရင်နှင်းငယ်)

Dialysis ကျောက်ကပ်ဆေးခြင်း






ကျွန်မ ယောင်းမက အသက် ၄၁ နှစ်ပါ။ အသက် ၂၅ နှစ်ကနေစပြီိ၊းသွေးတိုးကျဆေး ဆက်တိုက်သောက်လာခဲ့ပါတယ်။ အခုတော့ သူ့ကျောက်ကပ် ကျုံနေတယ်လို့သိရပါတယ်။ နယ်မှာနေတော့ သွေးတိုးကျတဲ့ဆေးကို သောက်ပြီိး တခြား ရောဂါကို မစစ်ဆေးခဲ့ဖူးပါ။ ခုပါမောက္ခ့ နဲ့ ပြတော့ ဆရာက တခြမ်းက ကျံနေပြီိး ကျန်တဲ့တခြမ်းက ကောင်းကောင်း အလုပ်မလုပ်လို့ ပြောပါတယ်။ အခုတော့ ကျောက်ကပ်ဆေးရမယ်၊ တပတ်ကို ၃ ခါ ဆေးရမယ်ပြောပါတယ်။ အမက ကျောက်ကပ်ဆေးရင် သေမယ်လို့ တွေးထားတဲ့သူပါ။ ကျွန်မတို့က ဆရာဝန် ကုသမှုအပိုင်းကို ခံယူစေချင်ပေမဲ့ သူကအတင်းငြင်းဆန်နေပါတယ်။ အစစအရာရာတွေးပြီး ငဲ့ညှာနေပုံပါ။ ကျွန်မ သိချင်တာ ကျောက်ကပ်ဆေးခြင်းနဲ့ ပတ်သတ်တဲ့အကြောင်းအရာပါ။ တခြား မဆေးပဲ နေရင် ဖြစ်လာနိုင်တဲ့ အကျိုးတရားတွေကိုပါ ရှင်းပြပေးပါဆရာ။ တခြား ငွေကုန်သက်သာပြီး အကျိုးရှိမဲ့ကိစ္စပါ သိချင်ပါတယ်ဆရာ။ ငွေမတတ်နိုင်တဲ့လူနာတွေ အတွက်ပါ တခါထဲ သိပါရစေရှင်။

လူတွေရဲ့ကျောက်ကပ်ဟာ မရှိမဖြစ်လိုအပ်တဲ့အင်္ဂါအစိတ်အပိုင်းတခုဖြစ်တယ်။ တယောက်မှာ ၂ ခုရှိတယ်။ တခုထဲလဲ နိုင်လို့ ကျောက်ကပ်လှူလို့ရတယ်။ ကျောက်ကပ်ကနေ ကိုယ်တွင်း ရေ နဲ့ ဓါတ်ဆားတွေ မျှခြေရှိနေအောင်လုပ်ပေးတယ်။ ဓါတ်ဆေားတွေဆိုတာ ဆိုဒီယမ်၊ ပိုတက်ဆီယမ်၊ ကလိုရိုက်၊ ကယ်လ်စီယမ်၊ ဖေါ့စ်ဖါးရပ်စ်၊ မဂ္ဂနီဆီယမ်၊ ဆာလ်ဖိတ်တွေ ဖြစ်တယ်။ ဒါ့ပြင် ကျောက်ကပ်ဟာ (အင်ဒိုခရိုင်း) ခေါ်တဲ့ ဟော်မုန်းနဲ့ဆိုင်တာကိုလဲလုပ်ပေးတယ်။ Erythropoietin ဆိုတာက သွေးနီဥထုတ်ပေးရာမှာ ကူညီတယ်။ Calcitriol ကနေ အရိုးအတွက်ကူတယ်။

ဓါတုဗေဒ သင်ဘူးသူတွေ သိပါမယ်။ တဝက်တပျက်စိမ့်ဝင်နိုင်တဲ့အလွှာပါးလေးတခုကနေ ဟိုဘက်ဒီဘက် ပျော်ဝင်နေတာတွေကို ကူးလူးစေတဲ့နည်းကို ကျောက်ကပ်ဆေးရာမှာသုံးတယ်။ အမျိုးအစား ၂ ခုရှိတယ်။ အဓိက Hemodialysis နည်းနဲ့ Peritoneal dialysis နည်းတွေဖြစ်တယ်။ တခြားနည်းတွေလဲရှိသေးတယ်။

ကျောက်ကပ်အထူးကုဆရာဝန်ကနေ လုပ်ရတော့မယ်ဆိုတာ ဆုံးဖြတ်တယ်။ လုပ်ပြီဆိုတာနဲ့ တိကျတဲ့ အချိန်ဇယားလဲ ဆွဲပေးပါမယ်။ အများအားဖြင့် တပါတ်မှာ ၃ ခါ၊ တခါလုပ်ရင် ၃ နာရီကနေ ၅ နာရီကြာတယ်။ ကျောက်ကပ်ဆေးတာ လုပ်ရပေမဲ့ ကျောက်ကပ်လုပ်ပေးတာမှန်သမျှကိုတော့ ရာနှုန်းပြည့်မတတ်နိုင်ပါ။

• လူနာတွေ စိတ်ဓါတ်ကျနိုင်တယ်။ ဒါကို ပြုပြင်မှုလုပ်ပေးရမယ်။
• အစားအသောက် ဂရုစိုက်ရမယ်။ အတိအကျပြောပါမယ်။ ရေ-အရည် တနေ့ဘယ်လောက်သောက်ရမယ်၊
• ဓါတ်ဆားပါတာတွေလဲသတိထားရတယ်။
o (ပိုတက်ဆီယမ်) များတဲ့အစားတွေ လိမ်မော်သီး၊ အာလူးသီး၊ ငှက်ပျောသီး၊ ခရမ်းချဉ်သီး၊ အသီးခြောက်တွေ။
o (ဖေါ့စ်ဖါးရပ်စ်) များတာတွေက နွားနို့၊ ဒိန်ခဲ၊ ပဲ၊ အစေ့အဆံ၊ မြေပဲ၊ ကိုကာကိုလာ။
o (ဆိုဒီယမ်) များတာတွေ တား၊ ဟင်းချိုမှုံ့၊ ငန်ပြာရည်၊ ငါးပိ၊ ငါးခြောက်၊
o (ပရိုတင်း) များတာတွေက အသား၊ ငါး၊ ဥနဲ့ ပဲတွေ။
• အားဆေးဆိုပြီး သောက်ရမှာကိုလဲ ဆရာဝန်ကညွှန်ပါမယ်။

ကျောက်ကပ် အလုပ်နိုင်အောင်မလုပ်နိုင်ရင် အသက်ရှည်ဘို့ မလွယ်ပါ။ ကျောက်ကပ်ဆေးရတာလဲ ငွေကုန်ပါတယ်။ တခြား ဒိထက်ကောင်းတဲ့နည်း မသိပါ။ ကံတရား အားကိုးပါ။ ငွေကြေး မတတ်နိုင်သူများအတွက် ဇီဝိတဒါနပြုလိုသူများ ပေါ်ပေါက်ပါစေ။

ဒေါက်တာတင့်ဆွေ

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ များအပေါ် အခြေခံမူများ ချမှတ်နိုင်ရေး တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာထိပ်သီး ဆွေးနွေးပွဲ စတင်

 Thursday, 31 October 2013


တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ အောက်တိုဘာ ၃၀ ရက် ပထမနေ့မြင်ကွင်း

တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲအပေါ် အခြေခံမူများ ချမှတ်နိုင်ရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲကို အောက်တိုဘာ ၃၀ ရက်တွင် ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့(KIO) ဌာနချုပ် လိုင်ဇာမြို့တွင် စတင် ပြုလုပ်ခဲ့သည်။

သုံးရက်ကြာမြင့်မည့် ထိုဆွေးနွေးပွဲသို့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့ တက်ရောက်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်ပြီး တစ်ဖွဲ့ချင်းစီ၏ သဘောထားများ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကာင်စီ (UNFC)က ချမှတ်ထားသော ဘုံသဘောထားများကို သုံးသပ်ခြင်း၊ အစိုးရက ပေးပို့ထားသော လက်မှတ်ထိုးရန် သဘောထားမူကြမ်းကို သုံးသပ်ခြင်း၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စရပ်အပေါ် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) တို့နှင့် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ ဥက္ကဋ္ဌတို့အကြား ဆွေးနွေးထားသည့်အပေါ် ရှင်းလင်းမှုများ၊ နိုင်ငံရေး ဆွေးနွေးရေး ကိစ္စရပ်အတွက် အခြေခံ သဘောထားများ ချမှတ်ခြင်း အစရှိသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။

ပထမနေ့ ဆွေးနွေးပွဲတွင် KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက ဆွေးနွေးပွဲ သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပြီး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးနှင့် UNFC ဥက္ကဋ္ဌနှင့် KIO ၏ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လတို့က အရန်သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြသည်။

ဆွေးနွေးပွဲ မစတင်မီ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားက မိန့်ခွန်းပြောကြားခဲ့ပြီး ယခု ဆွေးနွေးပွဲမှတစ်ဆင့် တိုင်းရင်းသားများ၏ လိုလားချက်များ၊ အမြင်သဘောထားများကို စုစည်း ဆွေးနွေးခြင်းဖြင့် တူညီသော သဘောတူညီချက်များ ဖော်ထုတ်နိုင်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။
UNFC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက တစ်နိုင်ငံလုံး အတိုင်းအတာအရ အပစ်အခတ်ရပ်စဲရေး (Nationwide Ceasefire)၊ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး (Political Dialogue)၊ တစ်မျိုးသားလုံး အတိုင်းအတာအရ ဆွေးနွေး အဖြေရှာရေး (National Dialogue)၊ ပြည်ထောင်စုဆိုင်ရာ သဘောတူညီချက် (Union Accord) အစရှိသည့် အချက်လေးချက်မှ တစ်ဆင့် ဖက်ဒရယ် ပြည်ထောင်စုကို တပ်မတော်သားများ အပါအ၀င် အင်အားစုအားလုံး ၀ိုင်းဝန်းတည်ဆောက်ကြရန် တိုက်တွန်းခဲ့သည်။

"ဒီနေ့အထိ ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးများအပါအ၀င် ပြည်ထောင်စုသား အားလုံးဟာ ဂုဏ်သိက္ခာမဲ့စွာ၊ မျက်နှာငယ်စွာနဲ့ နိုင်ငံတကာမှာရော ပြည်တွင်းမှာပါ နေထိုင်လာခဲ့ကြတာ နှစ်ပေါင်း ခြောက်ဆယ်ကျော်ပါပြီ။ တော်လောက်ပါပြီ။ ၀လောက်ပါပြီ။ ဒါကြောင့် ညီညွတ်မှုအားနဲ့ သမိုင်း စာမျက်နှာသစ်ကို ဖွင့်ကြပါစို့။ အဖိနှိပ်ခံ တိုင်းရင်းသား လူမျိုးပေါင်းစုံတို့ရဲ့ (အဆုံးအဖြတ် ပေးနိုင်မယ့်)ဆုံးဖြတ်ပိုင်ခွင့် အပြည့်အ၀ရှိကြတဲ့ ထိပ်သီး ခေါင်းဆောင်ကြီးများ ဖြစ်ကြတာနဲ့အညီ ပြတ်ပြတ်သားသား ဆုံးဖြတ်ကြပါ။ ဆုံးဖြတ်ချက်များကိုလည်း ကတိသစ္စာ တည်ကြသူများပီပီ တစ်သဝေမတိမ်း အကောင်အထည် ဖော်ကြပါ"ဟု ဒုတိယဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းခဲ့သည်။

ထို့အတူ မြန်မာနိုင်ငံအတွက် စစ်မှန်ပြီး ဂုဏ်သိက္ခာရှိသော ငြိမ်းချမ်းရေးဆိုသည်မှာ ဖက်ဒရယ် ပြည်ထောင်စု သမ္မတနိုင်ငံ ထူထောင်ရေးပင်ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးသည်သာလျှင် ပဋိပက္ခအားလုံးကို ချုပ်ငြိမ်းစေမည့် ရေရှည် တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိစေမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

KNU ဥက္ကဋ္ဌဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက KNU အနေဖြင့် နှစ်ပေါင်း ၆၀ ကျော်ကြာ လက်နက်ကိုင် ပဋိပက္ခ ဆင်နွှဲခဲ့ခြင်းကို သုံးသပ်ရာ၌ အဖြေမထွက်ခဲ့ကြောင်းနှင့် နိုင်ငံရေး နည်းလမ်းဖြင့် ဆွေးနွေးမှသာလျှင် အဖြေပေါ်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။

"ဒီကွန်ဖရင့်ထဲမှာ ကျွန်တော်တို့ ချဉ်းကပ်မှု၊ ကျွန်တော်တို့ရဲ့ အနေအထားအရ မတူတဲ့အပေါ်မှာ ကွဲလွဲမှုတွေ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တိုင်းရင်းသား တစ်ရပ်လုံးရဲ့ ဒီနေ့ လိုလားနေတဲ့ လိုလားချက်တွေ ရရှိနိုင်ဖို့အတွက်က ညီညွတ်ရေးက အရေးကြီးပါတယ်။ ခုန ကျွန်တော်တင်ပြသွားသလို ညီညွတ်ရေးကို ကျွန်တော်တို့ တည်ဆောက်တဲ့ နေရာမှာ၊ နားလည်မှုယူတဲ့ နေရာမှာ ကျွန်တော်တို့ ရပ်တည်ချက်နဲ့ ပထ၀ီ အနေအထားမတူတဲ့ အပေါ်မှာ အမြင်ကတော့ တစ်ထပ်တည်း ဖြစ်သွားမှာကိုတော့ တော်တော်ခဲယဉ်းတယ်။ ဒါကြောင့် ညီညွတ်ရေးကိုသာ ကျွန်တော်တို့က အရတည်ဆောက်ရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဖြစ်နိုင်တယ် ဖြစ်ရမယ်ဆိုတဲ့ မတူကွဲပြားခြင်းနဲ့ ညီညွတ်ရေးနည်းက ကျွန်တော်တို့ ရည်မှန်းချက် ညီညွတ်ရေးကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော်တို့ KNU က ဒီလိုပဲ ခံယူထားတယ်"ဟု ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်တွင် စတင်ခဲ့သော လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)၊ မွန်ပြည်သစ်ပါတီ (MNSP)၊ ချင်း အမျိုးသားတပ်ဦး(CNF)၊ KNU/KNLA ငြိမ်းချမ်းရေး ကောင်စီ၊ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA)၊ ပအိုးဝ် အမျိုးသားလွတ်မြောက်ရေး အစည်းအရုံး(PNLO)၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC)၊ မြန်မာ့အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA)၊ ရခိုင်ပြည် အမျိုးသားကောင်စီ(ANC)၊ "၀" အမျိုးသားအဖွဲ့ချုပ်(WNO)၊ လားဟူ ဒီမိုကရက်တစ် သမဂ္ဂ (LDU)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/SSA)နှင့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်တပ်မတော်(AA)နှင့် ကချင် အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (KIO) တို့ ဖြစ်ကြသည်။ ဆွေးနွေးပွဲသို့ "၀" သွေးစည်း ညီညွတ်ရေးပါတီ(UWSP/UWSA) နှင့် မိုင်းလားအဖွဲ့ (NDAA-ESS) အဖွဲ့တို့ကို ဖိတ်ကြားခဲ့သော်လည်း တက်ရောက်ခဲ့ခြင်းမရှိပေ။

EMG

ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များစွာ ရေးဆွဲဖန်တီးခဲ့သည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကွယ်လွန်

 Thursday, 31 October 2013


ထင်ရှားသည့် ကာတွန်းဇာတ်ကောင်များစွာ ရေးဆွဲဖန်တီးခဲ့သည့် ကာတွန်း ဦးအောင်ရှိန်သည် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် အောက်တိုဘာ ၃၀ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိသည်။

ကာတွန်း ဦးအောင်ရှိန်သည် ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ် ရှိပြီဖြစ်သည်။ ကွယ်လွန်သူ ကာတွန်းဦးအောင်ရှိန်၏ ရုပ်အလောင်းကို နိုဝင်ဘာ ၁ ရက်နေ့တွင် ရေးဝေးသုသာန်သို့ ပို့ဆောင် မီးသဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။ "ဆရာကြီးက မွန်းလွဲ ၁၂ နာရီခွဲလောက်မှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးမှာ ကွယ်လွန်တာလို့ သိရတယ်။ အသက်ကြီးနေပြီဖြစ်တော့ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားတာပါ။ ကာတွန်းဇာတ်ကောင်တွေ အများကြီးကို မွေးထုတ် ဖန်တီးပေးခဲ့တဲ့ ကာတွန်းဆရာကြီး ကွယ်လွန်သွားတာ ဖြစ်တဲ့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ဆုံးရူံးမှုတစ်ခုပါပဲ"ဟု ကာတွန်း မောင်မောင်အောင်က ကာတွန်း ဦးအောင်ရှိန် ကွယ်လွန်ခြင်းနှင့် ပတ်သက်၍ ရှင်းပြခဲ့သည်။

ထို့ပြင် ကာတွန်းဦးအောင်ရှိန်၏ တပည့်အရင်းဖြစ်သူ ကာတွန်း ရွှေမင်းသားကလည်း "ကျွန်တော်နဲ့က ဆရာရင်း တပည့်ရင်းတွေပါ။ ၁၉၅၈ လောက်ကတည်းက ဆရာကြီးဆီမှာ ကာတွန်း ရေးဆွဲနည်းပညာကို သွားရောက် သင်ယူခဲ့ရပါတယ်။ ဆရာကြီးရဲ့မတူကွဲပြားတဲ့ ဇာတ်ကောင်တွေ အားလုံးက ပရိသတ်ရင်ထဲကို ရောက်ခဲ့တာချည်းပါပဲ။ ဆရာကြီး ကွယ်လွန်သွားတဲ့အတွက် အရမ်းနှမြောမိပါတယ်"ဟု ရှင်းပြခဲ့သည်။ ကာတွန်း ဦးအောင်ရှိန်သည် ဦးကပ်စေး၊ တိုက်ဂါး၊ ခင်မောင်သိန်းထွန်းဝင်း၊ ဦးစိတ်တိုနှင့် မျောက်ညို၊ ဦးစံရှားနှင့် ဒိန်းဒေါင် စသည့် နာမည်ကျော် ကာတွန်းဇာတ်ကောင်များကို ဖန်တီးရေးဆွဲခဲ့သည့် ကာတွန်းဆရာကြီး တစ်ဦးဖြစ်သည်။

ကာတွန်းဦးအောင်ရှိန်ကို ၁၉၂၉ ခုနှစ်၊ စက်တင်ဘာ ၁၇ ရက်နေ့တွင် မွေးဖွားခဲ့ပြီး ဦးလူပေါ ဇာတ်ရုပ်နှင့် ၎င်း၏ ကာတွန်းလောကကို စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

EMG

မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အစာအဆိပ်သင့်မှု ဖြစ်ပွားပြီး ၉၅ ဦး ဆေးကုသမှုခံယူခဲ့ရ

 Created on Thursday, 31 October 2013


အစာအဆိပ်သင့် လူနာများအား ဆေးကုသပေးနေစဉ် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် အတွင်းရှိ ကျေးရွာအချို့တွင် အောက်တိုဘာ ၂၉ ရက်က အလှူပွဲမှ ပြန်လာပြီးနောက် ရွာသူရွာသား အစာအဆိပ်သင့်မှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ အစာအဆိပ်သင့်မှု မဖြစ်ပွားခင် တစ်ရက်က ရွှေပေါ်ကျွန်း ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ကိုးတောင်ပြည့် ရွာလုံးကျွတ် ဘုရားပွဲအား အောက်တိုဘာ ၂၈ ရက်က ကျင်းပခဲ့ရာ အလှူပွဲတွင် စတုဒိသာအဖြစ် ဒံပေါက်နှင့် ကြက်သားကို ဧည်ခံကျွေးခဲ့ကြောင်း သိရသည်။

"အခုလာရောက်ကုသတဲ့ စာရင်းအရ ပြောရရင်တော့ ရွှေပေါ်ကျွန်းကျေးရွာက ၃၃ ဦး၊ ငွေပေါ်ကျွန်းကျေးရွာက ၃၇ ဦး၊ ဆုံရွာ ကျေးရွာက ၅ ဦး၊ လေးရာကျော် ကျေးရွာက ၇ ဦး၊ သက္ကယ်ကျင်း ကျေးရွာက ၁၃ ဦး စုစုပေါင်း ၉၅ ဦး စတင် ကုသပေးနေပါပြီ။ အစာအဆိပ် သင့်တယ်လို့ပဲ ပြောပါရစေ။ အော့အန်တယ်။ ၀မ်းလျောတယ် စတဲ့လဏ္ခာတွေ အားလုံးမှာ တွေ့ရပါတယ်။ သတင်းရပြီးတဲ့ နောက်ပိုင်း သူနာပြု ဆရာမအင်အား ၂၀ ကျော်နဲ့ လာရောက်ခဲ့ပါတယ်"ဟု မြင်းခြံခရိုင် ကျန်းမာရေးမှူး ဒေါက်တာဇော်ဝင်းက ပြောကြားသည်။

ရွှေပေါ်ကျွန်း ကျေးရွာ၌ အရေးပေါ် ဆေးကုသမှုပေးရာတွင် လာရောက် ကုသမှုခံယူသူ ဦးငွေက "ကျွန်တော် အလှူမှာ ကူညီဖို့လာခဲ့ပါတယ်။ မနက် ၈ နာရီလောက်က ဒံပေါက်နဲ့ ကြက်သားစားပြီး အိမ်ပြန်ခဲ့ပါတယ်။ ည ၁၂ နာရီလောက်မှာ ၀မ်းပျက်ပြီး စအန်ပါတယ်။ မနက်ကျတော့ ခေါင်းမူးလာလို့ နဘူးအိုင် ကျန်းမာရေး ဆေးခန်းကိုလာပြတော့ တခြားရွာသားတွေလည်း ကျွန်တော့်လို ဖြစ်နေတာ တွေ့ရပါတယ်။ အခုတော့ ဆေးသွင်းထားလို့ သက်သာနေပါပြီ"ဟု ပြောကြားခဲ့သည်။

"ကျွန်မတို့ မနက်ပိုင်းကစပြီး ကုသနေတာ။ လူနာများလာတော့ မြင်းခြံခရိုင် ကျန်းမာရေးက လာရောက် ကူညီပါတယ်။ ဒန်ပေါက်စားတဲ့ လူတွေမှာ အဖြစ်များပါတယ်။ လောလောဆယ်တော့ ဘာကြောင့်လဲ ပြောမရသေးပါဘူး။ ဓာတ်ခွဲခန်းကို ပို့ပြီး အဖြေရလာမှပဲ သိရမှာပါ။ နဘူးအိုင် ကျေးရွာအနီးက ရွာငါးရွာက လူနာတွေပါ"ဟု နဘူးအိုင် ကျေးလက် ကျန်းမာရေး ဆေးခန်းမှ ဆရာမ ဒေါ်ဝင်းထက်က ဆိုသည်။

မြင်းခြံမြို့နယ် သူနာပြု ဆရာမကြီးဖြစ်သူ ဒေါ်ခင်သူဇာမိုးမှ အစာအဆိပ်သင့်မှု ဖြစ်ပွားရာဒေသရှိ ကျေးရွာမှ ရွာသူရွာသားများအား ထိုနေ့က ကျေးရွာအတွင်းရှိ ရေတွင်းရေကန်များအတွင်းသို့ ပိုးသတ်ဆေးများ ဖြန်းကာ ရွာသူ ရွာသားများကိုလည်း ကျန်းမာရေးဆိုင် ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

EMG

အစွယ်လိုသူ ခရိုနီ၊ စေခိုင်းသူ မင်းတရားကြီး၊ မြားပစ်သူ EPC... သေပေတော့ ပြည်သူတွေ

 Created on Thursday, 31 October 2013



Written by မာန်သူရှိန်

ပြည်သူတွေရဲ့ နေရေးစားရေး ပိုကျပ်၊ အသေးစား အလတ်စားလုပ်ငန်းရှင်တွေ ပိုအခက်တွေ့စေမယ့် အသိပေးချက်တစ်ခုကို အောက်တိုဘာ ၂၉ ရက်က ထုတ်ပြန်လိုက်ပါတယ်။ အဲဒီထုတ်ပြန်ချက်က ဘာလဲ။ အဲဒီရဲ့နောက်ကွယ်မှာ ဘာတွေရှိနေသလဲ။

အကန့်အသတ်နှင့်သာ မီးရနေသော၊ လျှပ်စစ်မီး အပြည့်အ၀ မရရှိသော စက်မှုဇုန်များက ဇာတ်လမ်းစသည်ဟု ပြောလိုက်ချင်တော့သည်။
မီးမရတစ်ချက်၊ ရတစ်ချက် စက်မှုဇုန်များကို အစိုးရအနေဖြင့် အစိုးရဈေးဖြင့် မီးမပေးဘဲ ပုဂ္ဂလိကအနေဖြင့်သာ ပေးရန်စီစဉ်ထားကြောင်း လျှပ်စစ်ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

အစွယ်လိုသူ ခရိုနီတို့ ပြုံးပြီ

စက်မှုဇုန်များ မီးအပြည့်အ၀မရ၊ အစိုးရကလည်း မပေး၊ ပုဂ္ဂလိကသို့ လုပ်ခွင့်ပြုမည့် သတင်းသည် အစွယ်လိုသူ ခရိုနီတို့အတွက် ငွေတွင်းအဖြစ်
မြင်စေမည့်သတင်း ဖြစ်သွားသည်။ အကြောင်းက ရှင်းသည်။ လျှပ်စစ်မီး အမြောက်အမြားသုံးရပြီး မီတာခ ကျပ်ဘီလျံပေါင်းများစွာ ပေးဆောင်နေရမှုက ခရိုနီတို့ကို သွားရည်ယိုစေသည်။

ချက်ချင်းပင် စက်မှုဇုန်များကို ပုဂ္ဂလိကအနေနဲ့ မီးပေးခွင့်ရဖို့ ခရိုနီကုမ္ပဏီများက ဇုန်တာဝန်ရှိသူများနှင့် အကြိမ်ကြိမ် ဆွေးနွေး ကမ်းလှမ်းကြတော့သည်။ ကိုယ့်အတွက်လည်း အမြတ်အစွန်းကြီး၊ နိုင်ငံတကာ စံချိန်လည်းမီသည့် (ရမည့်အတွက်ဆို နိုင်ငံတကာ ဈေးအမီ တက်တောင်းကြသည်) တစ်ယူနစ် ကျပ် ၂၅၀ လောက်အထိဖြင့် ကမ်းလှမ်းခဲ့ကြသည်။ စက်မှုဇုန်ဆိုသည်မှာ လျှပ်စစ်မီး ပေးခွင့်ရှိသူတို့အတွက် ငွေတွင်းကြီး ဖြစ်နေရာ တစ်ယူနစ် ကျပ် ၂၅၀သာ ရလိုက်လျင်ပြီးပြီဟု တွက်ထားပုံရသည်။

ခရိုနီတို့ ခေတ္တ အကျပ်ရိုက်ခြင်း
သို့သော် စက်မှုဇုန်များက ယနေ့အထိ လုံးဝ လက်မခံပေ။ အစိုးရဈေးဖြင့် အစိုးရမီး ရရှိရန်အတွက် စက်မှုဇုန်များက ထရန်စဖော်မာဖိုးမှအစ မီးကြိုးအဆုံး အစစအရာရာအတွက် ကျပ်သိန်းပေါင်းများစွာ အကုန်အကျခံထားကြပြီးဖြစ်ရာ ခရိုနီများပေးသည့် ဈေးဖြင့် လုပ်ကိုင်လိုခြင်းမရှိသည်က အဓိကအချက် ဖြစ်နေသည်။

ခရိုနီများတောင်းသည့် တစ်ယူနစ် ကျပ် ၂၅၀ ဆိုသည်မှာ စက်မှုဇုန်များ၏ လက်ရှိ အနေအထားပေါ်တွက်ကာ ရနိုင်သမျှ ဆွဲတင်တောင်းထားကြခြင်းလည်း ဖြစ်သည်။
မီးအပြည့်မရသည့်အတွက် စက်မှုဇုန်များ မီးစက်ဖြင့် လည်ပတ်သည့်အခါတွင် တစ်ယူနစ် ကျပ် ၃၀၀ မှ ကျပ် ၃၅၀ အထိ ကုန်ကျနေမှုအပေါ် ခရိုနီတို့က အကွက်မြင်ကာ ထပ်နင်းလိုက်ခြင်းဖြစ်သည်။

စေခိုင်းသူ မင်းတရားကြီးနဲ့ မြားပစ်သူ EPC ဖြစ်နေမလား
ခရိုနီဟူသည် မင်းပေါက်စိုးပေါက် အိမ်တော်ပေါက်တွေ ဖြစ်လေတော့ ခရိုနီတို့၏ ခေတ္တအကျပ်ရိုက်နေမှုသည် မင်းတရားကြီးများ (လုပ်ပိုင်ခွင့်အာဏာ အပ်နှင်းခြင်း ခံထားရသူများ) ရွှေနားတော်သို့ ရောက်ကာ စေခိုင်းလိုက်လေသည်လား မသိပါ။

တည့်တည့်ဆိုရသော် မီးမှန်မှန်မရတဲ့ စက်မှုဇုန်တွေကို ခရိုနီတွေက ကျပ် ၂၅၀-ကျပ် ၃၀၀ နဲ့ ဓာတ်အားရောင်းနိုင်အောင် ကျပ် ၁၅၀ အထိ ဈေးဆွဲတင်ပြီး ၀င်ခုပေးလိုက်သလားလို့
မေးခွန်းထုတ်ရမလိုပင် . . .


အောက်တိုဘာ ၂၉ ရက်။ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စ၍ ဓာတ်အားခနှုန်းထားများ ပြင်ဆင်သတ်မှတ်လိုက်သည်ဆိုကာ မတိုးမီ နှစ်ရက်အလိုကပ်၍ ပြည်သူသို့ အသိပေးလိုက်သည်။
အများပြည်သူသုံးအတွက် ယခင်ကထက် ၄၂ ရာခိုင်နှုန်း၊ စီးပွားရေးသုံးအတွက် ယခင်ကထက် နှစ်ဆ တိုးမြှင့်လိုက်သည့် သတင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။

မင်းတရားများစကား ရှေ့နောက်မညီတာလား ခရိုနီတို့ဘက် ယိမ်းတာလား
၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူများကိုယ်တိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးစရိတ်နှင့် ပြန်ရသည့် ဓာတ်အားခ မကာမိ၍ ကိုက်ညီစေရန်အတွက်၊ အရှုံးမပေါ်စေရန်အတွက် မီတာခများကို ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစကာ နှစ်ဆတက်မည်ဟု အသိပေးခဲ့သည်။

အိမ်သုံး တစ်ယူနစ် ၂၅ ကျပ်မှ ကျပ် ၅၀၊ လုပ်ငန်းသုံး တစ်ယူနစ် ကျပ် ၅၀ မှ ကျပ် ၁၀၀ သို့ တိုးမြှင့်မည်ဖြစ်ပြီး ၀န်ကြီးဌာနကိုယ်တိုင် တွက်ချက်ပြထားသည့် ဈေးဖြစ်သည်။
သို့သော် တိုင်းပြည်၏ စီးပွားရေးလုပ်ငန်းအခြေအနေ၊ အများပြည်သူ၏ ၀င်ငွေအရပ်ရပ်တို့ကို ပြန်လည်တွက်ချက်ပြီး အိမ်သုံးအား တစ်ယူနစ် ၃၅ ကျပ်၊ စီးပွားရေးလုပ်ငန်းများအား ၇၅ ကျပ်အထိသာ တိုးမြှင့်ခဲ့သည်။

ယခု အိမ်သုံးအား ကျပ် ၅၀ ဟုဆိုသည့်အတွက် ရှေ့စကားနောက်စကား ညီသော်လည်း အများပြည်သူကို ပြန်လည် ၀န်ပိစေမည့် စီးပွားရေးလုပ်ငန်းများအပေါ်တွင်မူ ကျပ် ၁၅၀ အထိ ခုန်တိုးလိုက်ခြင်းမှာမူ မည်သည့်အတွက်ကြောင့်လည်း စဉ်းစားစရာ ဖြစ်နေသည်။

မကိုက်လျင် တိုးရမည်။ သို့သော် ရှေ့စကား နောက်စကားညီစေရန် စီးပွားရေး လုပ်ငန်းသုံးအား ကျပ် ၁၀၀ အထိ တိုးမည်ဆိုက လက်ခံစရာရှိသည်။
ယခင် မီတာခများ တိုးမြှင့်စဉ်က ပြည်သူလူထုအား အသေးစိတ် တွက်ချက်ပြခြင်း၊ တစ်လနီးပါး ကြိုတင် အသိပေးခြင်းများ ပြုလုပ်ပြီးမှ တိုးမြှင့်ခြင်းဖြစ်သည်။

ယခုတွင်မူ ဆိုင်းမဆင့်ဗုံမဆင့် နှစ်ရက်အလိုမှ ကပ်၍အသိပေးကာ ထုတ်ပြန်လိုက်ခြင်းမှာလည်း ယခင်လုပ်နည်းလုပ်ဟန်များဖြင့် ကွဲလွဲနေရာ သတင်းထွက်လာသည့်အတိုင်း ခရိုနီများဘက် ယိမ်းသလားဟုပင် ထင်စရာဖြစ်လာသည်။

ခရိုနီတို့ ပျော်လေပြီ
တစ်ဖက်မှ စဉ်းစားလျင် ယခု EPC ၏ ထုတ်ပြန်ချက်သည် ခရိုနီတို့ ပျော်စေမည့် ထုတ်ပြန်ချက်လိုပင် ဖြစ်နေသည်။ ရှင်းရသော် အစိုးရက တစ်ယူနစ် ၇၅ ကျပ်ဖြင့် ဆက်ကောက်လျင် ခရိုနီတို့ စက်မှုဇုန်များဖြင့် ဆက်ညှိနှိုင်း၍ ရမည်မဟုတ်ပေ။ ယခင် တရားဝင် တိုးမြှင့်ရန် အသေးစိတ်တွက်ချက် ထုတ်ပြန်ထားသည့် ကျပ် ၁၀၀ အထိ တိုးမြှင့်သည့်တိုင် စက်မှုဇုန်များက အစိုးရ လျှပ်စစ်မီးဖြင့်သာ ထုတ်လုပ်ကြဦးမည်ဖြစ်သည့်အတွက် ခရိုနီတို့ အနားကပ်၍ ရဦးမည် မဟုတ်သေးပေ။ တစ်ယူနစ် ကျပ် ၁၅၀ သို့ တိုးမြှင့်လိုက်သည့်အခါတွင်မူ ခရိုနီတို့ လက်ဝယ် စက်မှုဇုန် လျှပ်စစ်မီးဖြန့်ဖြူးခွင့်ကြီး ရနိုင်စရာ လမ်းစကြီး ပေါ်လာပြီဖြစ်သည်။

မီးစက်သုံးရသည့်အခါတွင် တစ်ယူနစ် ကျပ် ၃၀၀ မှ ကျပ် ၃၅၀ အထိ ကုန်ကျမည်ဖြစ်ပြီး မရတစ်ချက်ရတစ်ချက် အစိုးရမီးကိုသုံးလျင် ကျပ် ၁၅၀ ပေးရမည်ဖြစ်သည်။ သို့သော် မီတာခတိုးမြှင့်ရာတွင် သတိချပ်သင့်သည့်စကားဖြင့် ထုတ်ပြန်လာသည်ကို တွေ့ရပြီး ၎င်းမှာ မီးအပြည့်အ၀ပေးမည်ဟု အာမမခံနိုင်ဟု ပြော၍ တိုးလိုက်ခြင်းဖြစ်သည်။

စက်မှုဇုန်များကို အစိုးရအနေဖြင့် မီးမပေးဘဲ ပုဂ္ဂလိကလွှဲရန် လေသံပစ်ထား၍ ရှေ့ဆက်မီးရရှိရန် မသေချာမှု၊ ယခုအစိုးရမှ တိုးလိုက်သည့် ဈေးမှာလည်း ပုဂ္ဂလိကမှ လိုချင်နေသည့် ကျပ် ၂၀၀-၂၅၀
ဈေးများနှင့် မကွာမှု၊ ကိုယ်တိုင် မီးစက်မောင်းသုံးရလျင် ကျပ် ၃၀၀ မှ ကျပ် ၃၅၀ အထိ ကုန်ကျနိုင်မှုများအရ စက်မှုလုပ်ငန်းရှင်များအားလုံး မဖြစ်မနေ ဦးတည်ရမည်က ပုဂ္ဂလိက မီးပေးလိုသူ အစွယ်လိုသူ ခရိုနီများဖြင့် ဈေးဆက်ညှိကာ လုပ်ကိုင်ခွင့်ပေးလိုက်ရန်သာ ရှိတော့ရာ အစွယ်လိုသူများ ပျော်ကြလေပြီဟုပင် ပြောရတော့မည်ဖြစ်သည်။ တည့်တည့်ဆိုရသော် မီးမှန်မှန်မရသည့် စက်မှုဇုန်တွေကို ခရိုနီတွေက ကျပ် ၂၅၀ - ကျပ် ၃၀၀ နှင့် ဓာတ်အားရောင်းနိုင်အောင် ကျပ် ၁၅၀ အထိဈေးဆွဲတင်ပြီး ၀င်ခုပေးလိုက်သလားလို့ မေးခွန်းထုတ်ရမလိုပင် ဖြစ်နေသည်။

သေပေတော့ ပြည်သူတွေ
အများပြည်သူသုံးအတွက် ကျပ် ၅၀ သို့ ဓာတ်အားခတိုးမြှင့်လိုက်ခြင်းသည် ယေ ဘုယျအားဖြင့် လက်ခံနိုင်စရာဖြစ်သည်။(လက်ရှိ ပြည်သူ့မျက်နှာကြည့်လျင်မူ အချိန်မတန်သေး)။
စီးပွားရေးလုပ်ငန်းသုံးများကို တိုးမြှင့်ရမည့် ကျပ် ၁၀၀ အစား ကျပ် ၁၅၀ အထိ တိုးလိုက်ခြင်းက စီးပွားရေးလုပ်ငန်းရှင်အပေါ်သာ ကျမည်ဟု စဉ်းစား၍ တိုးလိုက်ခြင်းဆိုလျင် လွန်စွာ လွဲမှားသည်ဟု ပြောရမည်။

စီးပွားရေးလုပ်ငန်းရှင်က အဆိုပါ မီတာခကို ၀င်ထမ်းမည်မဟုတ်ပေ။ ထုတ်ကုန်နှင့် လုပ်အားခ အပါအ၀င် ကုန်ထုတ်လုပ်စရိတ် ကာမိမည့် နည်းလမ်းကိုသာ ရွေးချယ်မည်ဖြစ်ရာ အခြေခံလုပ်သားများကို ပုံမှန်တိုးပေးနေသည့် လုပ်အားခများ ရပ်သွားနိုင်ပြီး စိုက်ပျိုးမွေးမြူ တောင်သူများထံမှ ကုန်ကြမ်းဝယ်ယူရာတွင်လည်း ဈေးလျော့ဝယ်မည်သာဖြစ်ရာ စီးပွားရေးလုပ်ငန်းများသို့ တိုးလိုက်သည့် မီတာခကို အများပြည်သူကသာ ၀င်ထမ်းပေးရမည်ဖြစ်သည်။

အများပြည်သူသုံးအတွက် တိုးလိုက်သည့် တစ်ယူနစ် ကျပ် ၅၀ ကိုလည်း ပြည်သူသာခံ၊ စီးပွားရေးလုပ်ငန်းများသို့ တိုး လိုက်သည့် ကျပ် ၁၅၀ ကိုလည်း ပြည်သူသာခံခြင်းဖြင့် အစွယ်လိုသူ၊ စေခိုင်းသူ၊ မြားပစ်သူ ဇာတ်ပေါင်းထုပ်လျှင် သေရမည်မှာ ပြည်သူသာဖြစ်တော့မည်။

ပြည်သူတွေရဲ့ ပစ္စက္ခ
အောက်တိုဘာ ၂၉ ရက်။ လှိုင်သာယာ စက်မှုဇုန်အတွင်းရှိ တိုင်ကွန်အထည်ချုပ်စက်ရုံ အလုပ်သမားများ လစာကျပ် တစ်သောင်းခွဲတိုးရဖို့ (တစ်ရက် ကျပ် ၅၀၀ လုပ် အားခ တိုးရဖို့)၊ တစ်ရက် အလုပ်ပျက် ကျပ် ၅၀၀၀ ဖြတ်နေတာကို ကျပ် ၃၀၀၀ ပဲ ဖြတ်ဖို့၊ နေမကောင်းလို့ ခွင့်ယူရင် ဆုကြေးလေး မဖြတ်ဖို့အတွက် အလုပ်သမား ၈၀၀ မှ ဆန္ဒပြ တောင်းဆိုနေရသည်။ တစ်လ ကျပ်တစ်သောင်းခွဲ ပိုရဖို့ရန် နိုဝင်ဘာ ၂၆ ရက်မှစကာ လေးရက်ကြာသည်အထိ ဆန္ဒပြနေကြခြင်းဖြစ်သည်။ဆန္ဒပြနေသည်ဟု ဆိုသော်လည်း ၎င်းတို့ ဒုက္ခခံတောင်းဆိုနေသည့် ကျပ်တစ်သောင်းခွဲ ရမည် မရမည်က မရေရာ မသေချာသေး။

ဆိုလိုချင်သည်က ယခုအချိန်အထိ အများပြည်သူမှာ နေမှုစားမှုစရိတ်ဖြင့် ကိုက်ညီသည့် ၀င်ငွေ မရရှိသေးခြင်းကို ပြဆိုလိုခြင်း ဖြစ်သည်။စီးပွားရေး လုပ်ငန်းများတွင်လည်း အသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ယခု အချိန်အထိ ရပ်တည်နိုင်ရန် အနိုင်နိုင် ကြိုးပမ်းနေရဆဲဖြစ်ပြီး အစိုးရအနေဖြင့် အချိန်ပေး ထောက်ပံ့ရမည့် အနေအထားအဖြစ် ရှိနေဆဲဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် မီတာခ တက်လိုက်ခြင်းမှာ လှိုင်သာယာတွင် လစာကျပ်တစ်သောင်းခွဲတိုးရရေး ဆန္ဒပြနေရသော လုပ်သားများကဲ့သို့ ၀င်ငွေနည်း ပြည်သူများ၏ ရင်ဘတ်ကို ဆောင့်တွန်းလိုက်သည်ဟုပင် ပြောရမလို ဖြစ်နေသည်။

လွှတ်တော်ကို မေးလိုက်ချင်ပါသည်
အများပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် ယခု မီတာခ တိုးမြှင့်ခြင်းမျိုးသည် လွှတ်တော်သို့တင်ကာ အဆုံးအဖြတ်ရယူ အချေအတင်ဆွေးနွေးပြီး ပြည်သူကိုချပြပြီးမှ ဆုံးဖြတ်ကာ ထုတ်ပြန်သင့်သည်။
ပုဂ္ဂလိကသို့ လျှပ်စစ်ထုတ်လုပ်ဖြန့်ဖြူးခွင့် ပေးမည်ဆိုပါကလည်း စံသတ်မှတ်ထားသည့်ဈေးနှုန်း၊ အချက်အလက်များပါသည့် ဥပဒေတစ်ရပ်ကို အတည်ပြုပြီးမှ ချထားပေးရမည်ဖြစ်သည်။

ယခု လွှတ်တော်မှပင် မသိလိုက်ဘဲ အများပြည်သူသို့ ပြင်ဆင်ချိန်ရရှိစေရန် အချိန်လုံလောက်စွာ ကြိုတင်အသိပေးမှုမရှိဘဲ ထုတ်ပြန်ခြင်း၊ သီးသန့် ဥပဒေတစ်ရပ် မရှိသေးဘဲ ပုဂ္ဂလိကသို့ ဈေးအမျိုးမျိုးဖြင့် လုပ်ကိုင်ခွင့်ပြုနေခြင်း၊ အများပြည်သူအနေဖြင့် နေမှုစားမှု စရိတ်များ ထပ်မံမြင့်တက်မည့် အခြေအနေ ဆိုက်ရောက်နေခြင်းမျိုးကို မည်သို့များ ဖြေရှင်းကြမလဲ။ ဖြေရှင်းရန်မရှိဘဲ ယခုအတိုင်း ပြီးသွားမလား။ လွှတ်တော်နှင့် မဆိုင်တော့ဘူးလား ဆိုသည်ကို လွှတ်တော်အမတ်များ အားလုံးထံ မေးခွန်းထုတ်လိုက်ချင်ပါသည်။

ပြည်သူ့အတွက် တပ်မတော်ဟုဆိုသော တပ်မတော်မှ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေရော အများပြည်သူအတွက် မေးမြန်းပေးရန် ရှိမရှိ ပြည်သူတို့ကိုယ်စား ထပ်၍ မေးခွန်းထုတ်လိုက်ချင်ပါသည်။

အရေးကြီး အဆိုအဖြစ် ခဏခဏတင်ခဲ့ကြဖူးရာ ယခု လျှပ်စစ်မီတာခတိုးမြှင့်ခြင်း၊ ပုဂ္ဂလိကလက်ဝယ်သို့ ပွင့်လင်းမြင်သာမှု မရှိသည့်ဈေးများဖြင့် လုပ်ခွင့်ပေးနေခြင်းများသည် အရေးကြီးအဆိုအဖြစ် တင်၍ ရ-မရကိုလည်း နောက်ဆုံး မေးလိုက်ချင်ပါသေးသည်။

နိုင်ငံတော်သမ္မတကြီးကိုလည်း မေးချင်ပါသည်။ သမ္မတကြီးရဲ့လက်ထက်အတွင်း မြန်မာနိုင်ငံတွင် မည်သူတွေ ပိုမိုချမ်းသာသွားပြီး မည်သူတွေ ပိုမိုဆင်းရဲသွားပါသလဲ . . . ။


အစိုးရကိုလည်း မေးလိုက်ချင်တယ်
၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင်ကတည်းက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကုမ္ပဏီများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့်ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အထိ ပေးရန် စီစဉ်ခဲ့သည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ ဆန်စပါးလုပ်ငန်းဖြင့် အကျိုးအမြတ်ရရှိနေသည့် ဦးချစ်ခိုင်၏ ဧဒင်စွမ်းအင်နှင့် သဘာဝအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ၊ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာ ကိုကိုကြီး၏ Capital Development Ltd၊ ကျောက်မျက်တွင်းထွက်လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်ထဲမှ ရယူထားခဲ့ကြသည်။

အေးရှားဝေါလ်ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) ဆိုပါက ကုမ္ပဏီတစ်ခုတည်းဖြင့် ပဲခူးတိုင်းဒေသကြီးအရှေ့ရှိ မြို့ နယ်ပေါင်း ၂၇ မြို့နယ်ကို တစ်ဦးတည်း ဖြန့်ဖြူးခွင့် ရရှိသွားခဲ့သည်။
အေးရှားဝေါလ်ကုမ္ပဏီ (ရွှေစွမ်းအင် ကုမ္ပဏီ) က BOT စနစ်ဖြင့် တည်ဆောက် လုပ်ကိုင်ခွင့်ရရှိသွားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ပြန်လည်ဝယ်ယူရာတွင် တစ်ယူနစ်လျင် ကျပ် ၇၀ အထိ ပေးရမည်ဖြစ်ပြီး ထိုသို့ပေးရန်အတွက်လည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သဘောတူစာချုပ်ခဲ့သည့်အတွက် တစ်နှစ်လျင် ကျပ်ဘီလျံ ၃၀ ကျော်အထိ အများပြည်သူဘဏ္ဍာထဲမှ အေးရှားဝေါလ်ကုမ္ပဏီသို့ ပေးချေရတော့မည်ဖြစ်သည်။

သောက်ရေခပ် (၂) အား BOT စနစ်ဖြင့် ပုဂ္ဂလိကသို့ စိုက်ထုတ်လုပ်ကိုင်ခွင့်ပြုသည် ဆိုသော်လည်း မြန်မာနိုင်ငံအပေါ် တရုတ်မှ ထုတ်ချေးသည့် ချေးငွေထဲမှ အမေရိကန်ဒေါ်လာ ၇၂ သန်းကျော်ကိုပင် ထည့်သွင်း အသုံးပြုခဲ့သေးသည်။

သမ္မတကြီးလက်ထက် အစွမ်းအရှိဆုံး၊ ပါလေရာ အခွင့်အရေးရသူ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ရင်းနှီးသူ ရွှေတောင်ကုမ္ပဏီသည်လည်း ဘီလူးချောင်း (၃) စီမံကိန်းကို လုပ်ဆောင်ခွင့်ရထားပြီး အောက်တိုဘာလကုန်တွင် ပြီးစီးတော့မည်ဖြစ်သည်။

ဘီလူးချောင်း (၃) စီမံကိန်းအား တည်ဆောက်ရာတွင် မြန်မာနိုင်ငံအပေါ် တရုတ်က ထုတ်ချေးသော ချေးငွေထဲမှ အမေရိကန် ဒေါ်လာ ၄၈ သန်းကျော်ကို ထည့်သွင်း အသုံးပြုခွင့်ကိုပါ ပေးလိုက်သေးသည်။

လုပ်ကိုင်ခွင့်ရရှိပါက အကျိုးအမြတ်များစွာ ရနိုင်သည့် လှိုင်သာယာစက်မှုဇုန်အား မီးပေးခွင့်ကိုလည်း ရွှေတောင်ကုမ္ပဏီလား ဘာလားဟု အသံထွက်နေသေးသည်။
မြို့နယ်ပေါင်း ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်အား လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးခွင့်ပေးခဲ့ခြင်း၊ ချပေးရာတွင် ဈေးနှုန်းအမျိုးမျိုးဖြင့် စာချုပ်ချုပ်ဆို ချထားပေးခြင်း၊ ရရှိသွားသည့် ကုမ္ပဏီများထဲတွင်လည်း အစိုးရတာဝန်ရှိသူများနှင့် နီးစပ်သည့် လုပ် ငန်းရှင်များသာ အများဆုံးရရှိသွားခြင်း၊ ထိုသို့ ပုဂ္ဂလိက လွှဲပြောင်းပြီးမှ လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်လိုက်ခြင်း၊ တိုးမြှင့်မှုအပေါ် အများပြည်သူ ပြင်ဆင်ခွင့်ရစေရန် အချိန်လုံလောက်စွာ မပေးဘဲ နှစ်ရက်အလို၌ ထုတ်ပြန်ခြင်း၊ ကျပ် ၁၀၀ အထိသာ တိုးရမည့် စီးပွားရေးလုပ်ငန်းသုံး မီတာခကို ကျပ် ၁၅၀ အထိ တိုးလိုက်ခြင်းများသည် မည်သည့်အတွက်ကြောင့်ပါလဲဟု တာဝန်ရှိသူများကို မေးခွန်းထုတ်ချင်မိပါသည်။

နိုင်ငံတော်သမ္မတကြီးကိုလည်း မေးချင်ပါသည်။ သမ္မတကြီးရဲ့လက်ထက်အတွင်း မြန်မာနိုင်ငံတွင် မည်သူတွေ ပိုမိုချမ်းသာသွားပြီး မည်သူတွေ ပိုမိုဆင်းရဲသွားပါသလဲ . . .။

မတတ်နိုင်ပါ...ပြည်သူသန်းပေါင်းများစွာကိုယ်စား ကြားသိရသမျှ မေးသင့်၍ မေးမြန်းလိုက်ပါပြီ။ တရားစွဲဆိုမည်ဆိုလျင်လည်း သမ္မတကြီးနှင့် ငပုတော တစ်နယ်တည်းသား ကျွန်တော် မာန်သူရှိန် အနေဖြင့် ရင်ဆိုင်ရမည်သာဖြစ်သည်။
သမ္မတကြီး ... အမှန်တွေ မြင်နိုင်ကြားနိုင် ပြင်နိုင်ပါစေ ။ ။

EMG

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားသော ယာဉ်မောင်းများအား အမှုကျေအေးခွင့် မပြုတော့

Thursday, 31 October 2013


ရန်ကုန်မြို့တွင်း ယာဉ်တိုက်မှုတစ်ခုမှ ပျက်စီးခဲ့သော ယာဉ်တစ်စီးကို အောက်တိုဘာလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဝေလင်းအောင်)

ယာဉ်တိုက်မှုဖြစ်စဉ်များတွင် ထွက်ပြေးတိမ်းရှောင်သွားခဲ့သည့် ယာဉ်မောင်းများအနေဖြင့် အမှုကျေအေးခွင့်တင်ရာတွင် လက်ခံတော့မည်မဟုတ်ဘဲ ကျေအေးခွင့် ရရှိမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး မြင့်အေးက အောက်တိုဘာ ၃၀ ရက် ပြောကြားသည်။

ထို့အပြင် ယာဉ်တိုက်မှုဖြစ်စဉ်၌ ဒဏ်ရာရရှိသူကို တာဝန်သိစွာ နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးသည့် ယာဉ်မောင်းများအနေဖြင့် တရားရုံးတွင် ကျေအေးခွင့်ရရှိနိုင်ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွေးက ပြောကြားခဲ့သည်။

အလားတူ တိုက်ပြီးထွက်ပြေးခဲ့သည့် ယာဉ်မောင်းများအနေဖြင့် ကျူးလွန်ခဲ့သည့် ဥပဒေအတိုင်း ပြစ်ဒဏ်ခံရမည့်အပြင် လိုင်စင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

''ယာဉ်တိုက်မှုဖြစ်ပြီး ထွက်ပြေးခဲ့တဲ့ ယာဉ်မောင်းတွေ အများစုကလည်း ခရီးသည်တင်ယာဉ်တွေမှာ မောင်းနှင်နေတဲ့ ယာဉ်မောင်းတွေ ဖြစ်ပါတယ်။ ဒီယာဉ်မောင်းတွေနဲ့ ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့သူတွေကလည်း ကိုယ်ရေးအချက်အလက်တွေ၊ မှတ်တမ်းတွေကို တိတိကျကျ မယူထားတဲ့အတွက် ကျူးလွန်တဲ့သူကို ဖမ်းဆီးတဲ့အခါမှာလည်း နှောင့်နှေးမှုတွေ ရှိပါတယ်။

တချို့ယာဉ်မောင်းတွေဆိုရင် လိုင်စင်မရှိဘဲ မောင်းနှင်တာတွေ ရှိပါတယ်။ ကျွန်တော်တို့ဆီကို ယာဉ်တိုက်မှုတွေနဲ့ ပတ်သက်ပြီး ကျေအေးခွင့်တင်တဲ့အခါမှာ သေချာ စစ်ဆေးနေတယ်။ တိုက်ပြေးယာဉ်မောင်းတွေက ကျေးအေးခွင့် တင်လာရင်တော့ ထိရောက်စွာ အရေးယူဖို့ တရားရုံးက တာဝန်ရှိသူတွေကို မှတ်ချက်ပေးသွားမယ့်အပြင် ကျေအေးခွင့် လုံးဝပေးမှာလည်း မဟုတ်တော့ပါဘူး''ဟု ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အေးက ပြောကြားခဲ့သည်။

ပြည်တွင်း၌ ၂၀၁၁ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၉၇၆၂ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၇၃၇၉ ရှိခဲ့ကာ သေဆုံးသူ ၂၈၁၁ ဦး၊ ၂၀၁၂ ခုနှစ်အတွင်း ယာဉ်တိုက်မှု ဖြစ်စဉ် ၁၁၆၄၉ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၉၇၂၆ ရှိခဲ့ကာ သေဆုံးသူ ၃၃၂၆ ဦး၊ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအထိ ယာဉ်တိုက်မှု ဖြစ်စဉ် ၉၀၅၈ ဖြစ်ပွားခဲ့ပြီး ဒဏ်ရာရရှိသူ ၁၅၆၇၅ ရှိခဲ့ကာ သေဆုံးသူ ၂၄၃၇ ဦး ရှိခဲ့ကြောင်း ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

EMG

လက်ရှိရေးဆွဲနေသော ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို ကမ္ဘာ့ဘဏ်က ကူညီရေးဆွဲနေပြီး ငွေကြေးခ၀ါချမှုဆိုင်ရာ ပြဋ္ဌာန်းချက်များပါရှိ

Thursday, 31 October 2013


ပုဂ္ဂလိက ဘဏ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်

လက်ရှိ ရေးဆွဲနေသော ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်အတူ ကမ္ဘာ့ဘဏ်က ဦးဆောင်ရေးဆွဲနေပြီး ယင်းဥပဒေကြမ်းတွင် ငွေကြေးခ၀ါချမှုဆိုင်ရာ ကာကွယ်တားဆီးရေး ပြဋ္ဌာန်းချက်များလည်း ပါဝင်ကြောင်း သတင်းရရှိသည်။

"ဒီနေ့မှာ နေပြည်တော်မှာ အလုပ်ရုံ အစည်းအဝေးပွဲပြီးတယ်။ ပြီးတော့ နောင်အသစ်ထွက်မယ့် ဥပဒေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရယ်၊ ကမ္ဘာ့ဘဏ်ကနေပြီးတော့ လာရှင်းပါတယ်။ ဥပဒေကတော့ နိုင်ငံတကာ အဆင့်မီအောင် ရေးဆွဲထားတဲ့ ဥပဒေပါ။ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့အညီ ဆွဲထားတာပါ။ ဒါပေမဲ့ လက်ရှိဥပဒေနဲ့ ပြောင်းလဲလာမယ့် ဥပဒေကြားထဲမှာတော့ ဆောင်ရွက်ရမယ့် ကိစ္စလေးတွေ ရှိတယ်။ အဲဒီကိစ္စရပ်တွေကို ဘယ်လို ပုံစံမျိုးပြောင်းလဲ ဆောင်ရွက်မလဲ ဆိုတဲ့အပိုင်းကိုတော့ ထပ်ညှိနှိုင်းရမယ်" ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ကိုဖြိုးမင်းသိန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် ဘဏ်လုပ်ငန်းများ အကျပ်ရိုက်ခဲ့ပြီး အချို့ဘဏ်များ ဖျက်သိမ်းလိုက်ရသည်။ အကြောင်းမှာ ပြည်တွင်းရှိ ဘဏ်များ မူးယစ်ဆေးဝါး မှောင်ခိုမှုများနှင့် ပတ်သက်သောကြောင့် DEA ( Drug Enforcement Administration) မှ မြန်မာနိုင်ငံကို ဖိအား ပေးလာခဲ့ခြင်းအပေါ် အခြေတည်နေသည့်အတွက် လက်ရှိရေးဆွဲနေသော ဥပဒေတွင် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ ပါရှိခြင်း ရှိ၊ မရှိ The daily Eleven News ၏ မေးမြန်းချက်အပေါ် "အခု ရေးဆွဲနေတဲ့ ဥပဒေကို BFI ဆိုပြီးသုံးတယ်။ Banking and Financial Institution Law ပေါ့။ မြန်မာလိုတော့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေလို့ ခေါ်ပါတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အားတက်စရာ ကောင်းတယ်လို့ မြင်ပါတယ်။ ဒီဥပဒေမှာ ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားချက်တွေ ပါတယ်။ နောက်တစ်ခုက ဗဟိုဘဏ် ဥပဒေမှာလည်း ဒီသတ်မှတ်ထားတဲ့ နှုန်းရှိတယ်။ နိုင်ငံခြား Bank စာရင်းတွေကို လက်လွတ်စပယ် လုပ်လို့မရဘူး၊ ဗဟိုဘဏ်က သိမှ လုပ်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ထားတဲ့ ဘဏ်စာရင်းတွေတော့ နိုင်ငံခြားမှာ ရှိချင်ရှိမယ်။ ဒါပေမဲ့ တရားဝင်ကတော့ Bank account တွေက ဗဟိုဘဏ်ကို အသိပေးပြီးမှ ဖွင့်ရတာပါ။ ဒီ ဥပဒေက enforcement ရှိဖို့ပဲ လိုတယ်။ ဥပဒေကတော့ နိုင်ငံတကာ အဆင့်မီပါတယ်"ဟု ကိုဖြိုးမင်းသိန်းက ပြောကြားသည်။

သို့သော်လည်း အဆိုပါ ဥပဒေကြမ်းကို ရေးဆွဲနေဆဲ ကာလမှာပင် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများ အနေနှင့် နိုင်ငံခြားဘဏ်များ၏ လွှမ်းမိုးလာနိုင်မှုအတွက် စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။"ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိပေမယ့် နိုင်ငံသား ဘဏ်တွေရဲ့ ရပ်တည်မှုကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေဖြစ်မယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။

"နိုင်ငံခြားသားကို ပြည်တွင်းဘဏ်တွေရဲ့ ရှယ်ယာတွေ ၀ယ်ခွင့်ပြုမယ်ဆိုရင် ပြည်တွင်းက ဘဏ်တွေကို ၀ါးမျိုသွားမယ်ဆိုတာ လူတွေက ခန့်မှန်းပြီး ပြောနေကြတာပါ။ သဲသဲကွဲကွဲကို ထွက်မလာသေးဘူး။ ဘယ်တော့ ထွက်လာမလဲဆိုတော့ ဥပဒေရေးဆွဲပြီးရင် ထွက်လာမှာပါ"ဟု မြန်မာအရှေ့တိုင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

EMG

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးခြင်း အစီအစဉ်အား RCSS၊ KNU ကန့်ကွက်

 Thursday, 31 October 2013


ဦးဟန်ညောင်ဝေ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးရန် အစီအစဉ် ချမှတ်ခဲ့ခြင်းအား ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့က ကန့်ကွက်ခဲ့ကြသည်။

မူလက ရေးဆွဲထားသည့် ဆွေးနွေးပွဲ အစီအစဉ်တွင် အစီအစဉ် အမှတ်စဉ်(၁၁)၌ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး (က) အဖွဲ့လိုက် အမြင်သဘောထားများ သုံးသပ် တင်ပြခြင်း၊ (ခ) UNFC မှ ချမှတ်ထားသော ဘုံသဘောထားအပေါ် ရှင်းလင်းတင်ပြခြင်း၊ သုံးသပ်ခြင်း၊ (ဂ) အစိုးရမှ ပေးပို့ထားသော လက်မှတ်ရေးထိုးရန် သဘောထား မူကြမ်းအပေါ် သုံးသပ်ခြင်း၊ (ဃ) သဘောထား ဆုံးဖြတ်ခြင်း။ အစီအစဉ် အမှတ်စဉ် (၁၂) ၌ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စ KNU နှင့် RCSS ကိုယ်စားလှယ်များ အစိုးရ ကိုယ်စားလှယ်နှင့် ဆွေးနွေးထားသည့်အပေါ် ရှင်းလင်းတင်ပြခြင်း၊ အစီအစဉ် အမှတ်စဉ်(၁၃)၌ နိုင်ငံရေး ဆွေးနွေးရေးကိစ္စ အခြေခံ သဘောထား ချမှတ်ခြင်းတို့ ဖြစ်ကြပြီး ထိုအစီအစဉ်များသည် ရှေ့နောက်မညီသဖြင့် ပြင်ဆင်ပေးရန် RCSS နှင့် KNU တို့က ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။

အခမ်းအနား မစတင်မီ အချိန်တွင် အခမ်းအနားမှူး နိုင်ဟံသာက အစီအစဉ်များနှင့် ပတ်သက်ပြီး ပြင်ဆင်လိုသည်များရှိပါက ပြင်ဆင်ရန် ဖိတ်ခေါ်ပြီးနောက် RCSS ၏ အကြံပေးအနေဖြင့် လိုက်ပါလာသော ဦးဟန်ညောင်ဝေက စတင် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။

"နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စ KUN နှင့် RCSS ကိုယ်စားလှယ်များ အစိုးရ ကိုယ်စားလှယ်နှင့် ဆွေးနွေးသည့်အပေါ် ရှင်းလင်းတင်ပြခြင်း။ ဒီ ၁၁ နဲ့ ၁၂ ကို ခွဲလို့ မရဘူးထင်တယ်လို့ ကျွန်တော်က တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အပစ်အခတ် ရပ်စဲရေးကိစ္စပဲ ဆွေးနွေးမှာ မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲတာဟာ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့သာ တစ်ဆင့်ဖြစ်ပါတယ်။ ဒီနှစ်ခုကို ခွဲပြီး ဆွေးနွေးလို့တော့ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ နောက်ထပ် နံပါတ် ၁၁၊ က၊ ခ၊ ဃ မှာ သဘောထား ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုတဲ့ နေရာမှာ ကျွန်တော်တို့က နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ကျေကျေလည်လည် မဆွေးနွေးသေးဘဲနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမယ်။ ပြီးတော့မှ ဆုံးဖြတ်ချက် ချလိုက်မယ်ဆိုရင်တော့ အစီအစဉ် ပြောင်းပြန်ဖြစ်နေမလားလို့ ကျွန်တော်မြင်ပါတယ်။ ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့နေရာမှာလည်း နံပါတ် ၁၃ နောက်မှာမှ ဆုံးဖြတ်ချက်ချတာ ပိုအဆင်ပြေမယ် ထင်တယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ကျွန်တော်တို့ အချင်းချင်းကြား မသိဘဲနဲ့ ဘာဆုံးဖြတ်ချက်ချမလဲဆိုတာ ကျွန်တော်မေးချင်ပါတယ်"ဟု ဦးဟန်ညောင်ဝေက ဆိုသည်။

ဦးဟန်ညောင်ဝေ၏ ပြောကြားချက်ကို KNU ၏ အကြံပေးအရာရှိ ဗိုလ်မှူးကြီး တူးတူးလေးက ထောက်ခံဆွေးနွေးခဲ့ပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းရေးကို ဦးစားပေး ဆွေးနွေးသင့်သည်ဟု ပြောကြားသည်။

"လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ယာယီအပစ်အခတ်ပဲ ရပ်စဲ ရပ်စဲ၊ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ပဲ ရပ်စဲ ရပ်စဲ ဒါတွေဟာ ဒုတိယ ကဏ္ဍတစ်ခုအနေနဲ့ ဖြစ်နေပါတယ်။ နိုင်ငံရေးကိစ္စကို ဘယ်လို ဆွေးနွေးမယ်ဆိုတာကို ကျွန်တော်တို့ တိတိကျကျ သတ်မှတ်ချက်မရှိဘဲနဲ့ အဲဒီအပေါ်မှာ အခြေခံမထားဘဲနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ သွားနိုင်ဖို့ကတော့ အခက်အခဲ အများကြီးရှိပါမယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အဖွဲ့အစည်းအားလုံးရဲ့ခံယူချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတာ အဓိက ဘယ်လိုဖြေရှင်းမယ်ဆိုတာက အရင်ဆုံး ဆွေးနွေးသင့်တယ်လို့ ကျွန်တော်ကတော့ ထပ်လောင်း တင်ပြလိုပါတယ်"ဟု ဗိုလ်မှူးကြီး တူးတူးလေးက ဆိုသည်။

"အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ခွဲလိုက်မယ်ဆိုလို့ရှိရင် ဒီလိုခွဲခြင်းအားဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အနှောင့်အယှက်ပဲဖြစ်ဖြစ် အခက်အခဲပဲဖြစ်ဖြစ် ရှိလာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်က ထိရောက်မှု မရှိရုံသာမကဘဲနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် အတားအဆီးဖြစ်နိုင်စရာ ရှိတယ်ဆိုတဲ့အကြောင်း၊ နိုင်ငံရေးပြဿနာ ဖြေရှင်းရေးကို အရင်ဆုံး စဉ်းစားသင့်တယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။

ထို့နောက် RCSS ၏ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင်းက ဦးဟန်ညောင်ဝေနှင့် ဗိုလ်မှူးကြီး တူးတူးလေးတို့၏ တင်ပြချက်ကို ဖြည့်စွက် ပြောကြားသည်။

"ကျွန်တော်မြင်တာကတော့ ဘယ်လိုလဲဆိုတော့ အခုကျွန်တော်တို့ အစိုးရအနေနဲ့ အပစ်အခတ် ရပ်စဲရေးကို ကမ်းလှမ်းလာတယ်။ ဘယ်ကနေစလဲဆိုတော့ ကျွန်တော်တို့ UNFC တို့ UNFCထဲမှာ မပါတဲ့ အဖွဲ့ဝင် မဟုတ်တာတို့ ပူးပေါင်းပြီးတော့ ရေးဆွဲထားတဲ့ Comprehensive Union Peace and Ceasefire Agreement မူကြမ်းကို ကျွန်တော်တို့ ဆွဲထားပါတယ်။ ဧပြီလမှာ ပြီးပါတယ်။ အဲဒီမူကြမ်းကို အစိုးရဘက်ကို တင်ပြတဲ့ အခါကျတော့ အစိုးရဘက်ကနေပြီးတော့ သူတို့အနေနဲ့တော့ မြင်တယ်။ အကောင်းမြင်ပါတယ်။ သို့သော်လည်းပဲ အစိုးရအတွင်းမှာ တစ်စုံလုံးကို တင်ပြဖို့ အခက်အခဲရှိတယ်။ အပိုင်းခွဲပြီးတော့ တင်ပြချင်တယ်။ အဲဒါနဲ့ ကျွန်တော်တို့ရဲ့မူကြမ်းကို နှစ်ခြမ်းခွဲလိုက်ပြီးတော့မှ အပစ်အခတ် ရပ်စဲရေးက တစ်ခြမ်း၊ နောက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ နောက်ထပ် တစ်ခြမ်း ဖြစ်သွားပါတယ်။ အဲဒီတော့ ကျွန်တော်ထင်တာက ပထမဦးဆုံးက ကျွန်တော်တို့ နိုင်ငံရေး အခြေအနေတစ်ရပ်ကို ကျွန်တော်တို့ တင်ပြချက်က ဘယ်လိုရှိသလဲဆိုတာ အရင်ရှင်းလင်း တင်ပြထားပြီးတော့မှ အပစ်အခတ် ရပ်စဲရေးအကြောင်းကို ဆက်ဆွေးနွေးမယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေမယ်။ ပိုပြီးတော့ ထိရောက်မယ်။ ကျွန်တော်တို့ ဆွေးနွေးချက်ကလည်း မှန်ကန်နိုင်မယ်လို့ ထင်ပါတယ်"ဟု ဦးခွန်ဆိုင်းက ဆိုသည်။

ထို့နောက် ၎င်းတို့၏ ဆွေးနွေးချက်များကို ကွန်ဖရင့်ကျင်းပရေး ဦးဆောင်အဖွဲ့ကိုယ်စား ဦးနိုင်ဟံသာ ညှိနှိုင်းခဲ့ပြီး အခမ်းအနား အစီအစဉ်(၁၂)ကို (၁၁) သို့ လည်းကောင်း ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။

RCSS သည် UNFC အဖွဲ့ဝင် မဟုတ်ဘဲ WGEC အဖွဲ့ဖြစ်သည့်အပြင် RCSS ၏ အကြံပေးအဖြစ် လိုင်ဇာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဦးဟန်ညောင်ဝေမှာ Euro-Burma Office (EBO) အဖွဲ့၏ ဒါရိုက်တာ ဖြစ်သည်။

EMG

ရွေးကောက်ပွဲတွင် ဥပဒေနှင့်အညီ တရားမျှတစွာ ၀င်ရောက် ယှဉ်ပြိုင်ရမည်ဟု ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်း ပြောကြား

 Created on Thursday, 31 October 2013

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းက လွှတ်တော်သို့ လာရောက်လေ့လာသော ပါတီဝင်များအား ရှင်းလင်းပြောကြားနေစဉ်

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအနေဖြင့် ရွေးကောက်ပွဲ၌ ၀င်ရောက် ယှဉ်ပြိုင်ရာတွင် ဥပဒေနှင့်အညီ တရားမျှတစွာ ၀င်ရောက်ယှဉ်ပြိုင်ရမည်ဟု ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက အောက်တိုဘာ ၃၀ ရက်က လွှတ်တော်သို့ လာရောက်လေ့လာသော ပါတီဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ပြည်ခိုင်ဖြိုး ပါတီဝင်များသည် အခြားပါတီဝင်များကို ရန်သူဟု သဘောမထားဘဲ လုပ်ဖော်ကိုင်ဖက်ဟု သဘောထား ဆက်ဆံရမည် ဖြစ်ကြောင်း၊ နိုင်ငံ၏ အကျိုးစီးပွား ကိစ္စများ ပူးပေါင်းဆောင်ရွက် ရမည်ဖြစ်ကြောင်း၊ သို့ရာတွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်ရာတွင် ပြိုင်ဘက်အဖြစ် သဘောထားရမည် ဖြစ်ကြောင်း၊ ထိုသို့ ယှဉ်ပြိုင်ရာတွင် တရားမျှတသောနည်းဖြင့် ပြိုင်ဆိုင်ရမည်ဖြစ်ပြီး မတရားသဖြင့် ယှဉ်ပြိုင်မှုကို လက်ခံမည် မဟုတ်ကြောင်း ပါတီဝင်များကို သတိပေး ပြောကြားခဲ့သည်။

"ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့နေရာမှာ မိမိတို့ ပါတီအနေနဲ့ ခံယူထားပါတယ်။ တရားသဖြင့် ယှဉ်ပြိုင်ရမယ်။ မတရားနည်းနဲ့ ယှဉ်ပြိုင်ခွင့်မရှိဘူး။ မဖြစ်စေရဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ မျှမျှတတ၊ ဥပဒေနဲ့အညီ ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်စေရမယ်" ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းက ပါတီဝင်များကို ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပတ်သက်၍ ပါတီအနေဖြင့် လေ့လာသုံးသပ်ရာတွင်လည်း နိုင်ငံနှင့် နိုင်ငံသားများ၏ အကျိုးစီးပွားကို ရှေးရှုဆောင်ရွက်ရန်အတွက်လည်း မှာကြား ပြောဆိုခဲ့သည်။

ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်တဲ့နေရာမှာ မိမိတို့ ပါတီအနေနဲ့ ခံယူထားပါတယ်။ တရားသဖြင့် ယှဉ်ပြိုင်ရမယ်။ မတရားနည်းနဲ့ ယှဉ်ပြိုင်ခွင့်မရှိဘူး။ မဖြစ်စေရဘူး။ ဒါကြောင့် ရွေးကောက်ပွဲမှာ မျှမျှတတ၊ ဥပဒေနဲ့အညီ ၀င်ရောက်ယှဉ်ပြိုင်မှု ဖြစ်စေရမယ် . . .


ထို့အပြင် ရွေးကောက်ပွဲတွင် မဲပေးရွေးချယ်ရာ၌ အရည်အချင်းရှိသော ကိုယ်စားလှယ်လောင်းများကို လွှတ်တော်သို့ ရောက်အောင် လုပ်ဆောင်ရန် လိုအပ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။

နိုင်ငံရေး ပါတီတစ်ခု ရပ်တည် ရှင်သန်နိုင်ရေးအတွက် ပြည်သူလူထု၏ ထောက်ခံမှုမပါရှိဘဲ မဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ပြည်သူတို့၏ သဘောထား၊ လိုလားချက်၊ အခွင့်အရေးတို့ကို ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သို့မှသာ ပြည်သူချစ်သော ပါတီ၊ ပြည်သူ လိုလားသော ပါတီဖြစ်မည် ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားသည်။

ထို့အပြင် ပြည်ခိုင်ဖြိုးပါတီသည် ဒီမိုကရေစီ ဖော်ဆောင်ရာတွင် ဦးဆောင်ဆောင်ရွက်ခဲ့သကဲ့သို့ ပါတီတွင်း၌လည်း ဒီမိုကရေစီ ကျင့်စဉ်များ ကျင့်သုံးလျှက်ရှိကြောင်း၊ လွှတ်တော်တွင်းသို့ ရောက်ရှိခဲ့ပြီး နောက်ပိုင်းလည်း ပြည်သူတို့၏ လိုလားချက်များအတွက် လုပ်ဆောင်နေကြောင်း၊ သို့ရာတွင် အခြားလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများက ပါတီအား တိုက်ခိုက် ပြောဆိုမှုများ ရှိကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ပြည်ခိုင်ဖြိုး ပါတီဝင်များက ၎င်းတို့၏ လုပ်ဆောင်နေမှုများကို တင်ပြခဲ့ကြကြောင်း သိရသည်။ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့် ပါတီဝင်များ တွေ့ဆုံပွဲသို့ ပါတီဝင် ၆၅၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်မှ ၀င်ရောက် အရွေးချယ်ခံခဲ့သည်။

စိုးမင်းထိုက်၊
ငြိမ်းဇော်လင်း

EMG

လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ်မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပြောကြား

 Created on Thursday, 31 October 2013

လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားနေစဉ်

လျှပ်စစ်ဓာတ်အားခများ ပြန်လည်လျှော့ချ ကောက်ခံရန် လတ်တလောတွင် အစီအစဉ် မရှိသေးကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

အောက်တိုဘာ ၃၀ ရက်က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီးနောက် သတင်းထောက်များက မေးမြန်းသည်များကို ပြန်လည် ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

သတင်းထောက်တစ်ဦး မေးမြန်းသည့် လျှပ်စစ်မီတာခများ ပြန်လည်လျှော့ချရန် ရှိ၊ မရှိ မေးခွန်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက"လောလောဆယ်တော့ လျှော့ကောက်ခံဖို့ မရှိပါ ဘူး။ ကျွန်တော်တို့ နိုဝင်ဘာလမှာ စကောက်မယ် ပြောသော်လည်း ဒီဓာတ်အားခပေးရမှာက ဒီဇင်ဘာလမှ ပေးရမှာဖြစ်တဲ့အတွက် တစ်လကြိုပြီးတော့ ပြောထားတာ ဖြစ်ပါတယ်" ဟု ပြန်လည် ဖြေကြားသည်။

ထို့နောက် လျှပ်စစ်ဓာတ်အားခ တိုးမြှင့်ရခြင်းနှင့် ပတ်သက်၍ "လျှပ်စစ်မီတာခကို နိုဝင်ဘာ ၁ ရက်စပြီး သတင်းစာပါအတိုင်း ပြောင်းကောက်တာ အဓိက အကြောင်းအရင်းကတော့ မြန်မာနိုင်ငံမှာရှိတဲ့ လျှပ်စစ်ဓာတ်အားခနှုန်းထားသည် နိုင်ငံတကာနဲ့ ယှဉ်ကြည့်ရင် အလွန်နည်းပါတယ်။ ယနေ့ ထုတ်လုပ်နေတဲ့ ဓာတ်အားခရဲ့ ကုန်ကျစရိတ်သည်လည်း လုံးဝအရှုံးခံပြီး ထုတ်နေတာဖြစ်တယ်။ ဒါကြောင့် လျှပ်စစ်ဓာတ်အားခကို အရှုံးကျေအောင်လို့ လျှပ်စစ်ဓာတ်အားခကို တိုးမြှင့်တာဖြစ်တယ်။ လျှပ်စစ်ဓာတ်အား တိုးမြှင့်တဲ့အခါမှာလည်း ပြည်သူလူထုအတွက်ကို အဓိက စဉ်းစားပြီး တိုးပါတယ်။ တစ်ယူနစ်ကနေ ၁၀၀ ယူနစ်ဆိုတာက မြန်မာနိုင်ငံမှာရှိတဲ့ တောင်သူလယ်သမား လက်လုပ်လက်စား လူလတ်တန်းစားတွေ သုံးတဲ့ယူနစ်တွေဖြစ်တယ်။ ဒါတွေကို သေသေချာချာ လေ့လာပြီးတော့မှ တစ်ယူနစ်ကနေ ၁၀၀ ယူနစ်ကြားမှာ သုံးတဲ့ အောက်မှာရှိတဲ့ လူတွေအားလုံးအတွက်ကို ၃၅ ကျပ်ထက် မတိုးပါဘူး။ ပြည်နယ်နဲ့ တိုင်းမှာ အားလုံး စစ်တမ်း ကောက်လိုက်တဲ့အခါမှာ ၇၀ ရာခိုင်နှုန်းဟာ ၁၀၀ ယူနစ်အောက်မှာ ရှိတယ်။ ဒါကြောင့် ၁၀၀ ယူနစ်အောက်မှာ ရှိတဲ့သူတွေအားလုံးကို ၃၅ ကျပ်နဲ့ဆက်ပြီး ပြည်သူတွေ သက်သာအောင် ကောက်တာ ဖြစ်ပါတယ်။ နောက်တစ်ခုက စက်မှုလုပ်ငန်းအသေးစား လုပ်ငန်းအားလုံးသည် ယူနစ် ၅၀၀၀ အောက်မှာပဲ ရှိပါတယ်။ ဒါကြောင့် အဲဒါကိုလည်း ၁၀၀ ပဲထားပြီး တကယ့်အကြီးစား စက်မှုလုပ်ငန်းကြီးမှ ကျွန်တော်တို့က ၅၀၀၀ အထက်မှသာ ၁၅၀ တိုးတာဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နှစ်တိုင်းနှစ်တိုင်းမှာ သုံးသပ်ပြီးတော့မှ နိုင်ငံတော်က ဓာတ်အားအများကြီး ထွက်လာမယ်။ ဈေးနှုန်းတွေ ကျလာရင် ဈေးနှုန်းက ကျလာမှာပဲ။ ဓာတ်အားခတွေက ဓာတ်အားတွေ ထုတ်လုပ်လို့ ကုန်ကျစရိတ်တွေ များရင်တော့ ဒီလိုပဲ တက်မယ်။ ဒီတက်တာက နောက်ထပ်တက်ဖို့ အလားအလာ မရှိပါဘူး။ ဒါကိုလည်း သုံးသပ်ကြည့်ပြီးတော့မှ ကျွန်တော်တို့ တစ်နှစ်လောက်ကြာရင် ကျွန်တော်တို့နိုင်ငံမှာ ဂတ်စ် တာဘိုင်တွေ ထွက်လာမယ်။ ရေအားတွေ ထွက်လာရင် ဒီဓာတ်အားခတွေက ကျွန်တော်တို့ ပြန်လည် ဖြေလျှော့သွားမှာ ဖြစ်ပါတယ်"ဟု ပြန်လည် ဖြေကြားခဲ့သည်။

လျှပ်စစ်ဓာတ်အားခများကို အိမ်သုံး မီတာများအတွက် ယူနစ် ၁၀၀ အထိ သုံးစွဲပါက ၃၅ ကျပ်နှုန်းနှင့် ယူနစ် ၁၀၀ အထက် သုံးစွဲပါက ကျပ် ၅၀ နှုန်းအထိ နိုဝင်ဘာလမှ စတင် တိုးမြှင့် ကောက်ခံမည်ဟု ထုတ်ပြန်ခဲ့သည်။

EMG

Wednesday, October 30, 2013

သုတ်နှင့် သုတ်ရည်


အမျိုးသားလိင်အင်္ဂါက ထွက်လာတဲ့ အကြည်ရောင် ချောကျိကျိ အရည်မှာ သုက်ပိုးပါပါသလား။ ပါမယ်ဆိုရင် ဘယ်လောက် ရာခိုင်နှုန်းအထိ ပါတတ်ပါသလဲ။ အဆိုပါ အကြည်ရောင် အရည်ကြောင့် ကိုယ်ဝန် ရသွားနိုင်တဲ့ ဖြစ်ရပ်ကော သုတေသန ရှိပါသလား။

ယောက်ျား တယောက်ဟာ Sexually stimulated လိင်စိတ်ကြွလာတာနဲ့ Seminal vesicles နဲ့ Prostate gland တွေကနေ Seminal fluid အရည်ထွက်လာ တယ်။ အရည်ဆိုတာထဲမှာ Sperm သုတ်ပိုး ရောနေနိုင်တယ်။ (ပညာပိုင်း အခေါ်ဝေါ်တွေကို နောက်မှာ ရေးထားပါတယ်။)
Semen ကိုလဲ သုတ်ရည်လို့ ခြုံခေါ်နေကြတာ များတယ်။ ဆေးပညာ တတ်သိသူတွေကပါ သုံးနှုန်းကြတယ်။ Bulbourethral Glands တွေကနေ ထုတ်ပေးတဲ့ အချွဲရည်ဟာ Lubrication လိင်ဆက်ဆံတဲ့အခါ အသုံးဝင်တဲ့ ချောဆီ သဘော ဖြစ်တယ်။ တိတိကျကျ ပြောရရင် Semen ဆိုတာ Sperm မပါတဲ့ အရည်သာ ဖြစ်တယ်။ အဲဒီ အရည်ဟာ သုတ်မလွှတ်ခင် ထွက်တာမို့ Pre-ejaculate ကနဦး-အရည်လို့ ခေါ်မှ မှန်တယ်။

Spermatozoa သုတ်ပိုး ပါတာကိုသာ Sperm ခေါ်သင့်တယ်။ Semen အရည်ထဲမှာ Sperm cells က ထုထည် ၂-၅% သာပါတယ်။ သုတ်ပိုးရဲ့ Head ခေါင်းပိုင်းမှာ DNA ပါတယ်။ (ဒီအင်န်အေ) ဆိုတာ လူရဲ့ Blueprint ဗီဇ ဘဲ။ အရည် သန့်သန့်က ဗီဇမပါလို့ သန္ဓေ မရစေနိုင်ဘူး။ သူက သုတ်ပိုးတွေကို အကာကွယ်ပေးတယ်။ လှုတ်ရှားစေနိုင်တယ်။ တခြား နေရာဆီကို သွားနိုင်ဘို့ သယ်ပို့ ပေးတယ်။
Sperm cells သုတ် (ဆဲလ်) တွေဟာ Egg cell မ-မျိုးဥ (ဆဲလ်) နဲ့ အဆက်ရတာနဲ့ လျင်မြန် သွက်လက် လာကြတယ်။ ကိုယ်ခန္ဓာမှာ ရှိတဲ့ တခြား (ဆဲလ်) တွေနဲ့ မတူတာက Chromosome (ခရိုမိုဇုန်း) အရေအတွက်ဟာ တဝက်သာ ရှိတာမို့ Haploid လို့ ခေါ်တယ်။

သုတ်ပိုးမပါတဲ့ အရည်ကနေ (သီအိုရီ) အရ ကိုယ်ဝန် မရစေနိုင်ပါ။ ဒါ့ကြောင့် ပဋိသန္ဓေ တားနည်းတွေထဲမှာ Withdrawl method သုတ်ရည် အပြင်ထုတ်ပြစ်နည်း ဆိုတာပါတယ်။ ဒါပေမဲ့ ဒီနည်းကနေ ၁၅-၂၈% ကိုယ်ဝန် ရနိုင်တယ်။ ဘာလို့လဲ။ လိင်ဆက်ဆံနေတုံးမှာ အချိန်ကြာအောင် စိတ်ကို ထိန်းကြတယ်။ ကြိုးစားနိုင်သူ လူတော်ဘဲ။ ခက်တာက သုတ်ရည် အကုန် ပန်းမထွက်အောင် စွမ်းဆောင်နိုင်ပေမဲ့ တစက် (အမှန်က တစက်တောင်မှ မရှိပါ။) ဖြစ်ဖြစ် ထွက်လာနိုင်တယ်။ တကယ့် Orgasm (အော်ဂဇင်) ကို ထိန်းလို့တော့ ရပါရဲ့ သုတ်ပိုး အရေအတွက် သိန်းနဲ့၊ သန်းနဲ့ ပါနေမယ်။
Sympathetic nerves (ဆင်ပသက်တစ်) အာရုံကြောတွေကနေ လိင်ဆန္ဒ ပြည့်ဝချိန်မှာ Ejaculation သုတ်လွှတ်တာ လုပ်ပေးတယ်။ သုတ်လွှတ်လိုက်ရင် Prostate gland ဆီးကျိတ် နဲ့ Seminal vesicles အိတ်တွေကနေ အရည်တွေ ပိုထုတ်ပေးလာတယ်။ Orgasm လိင်ဆန္ဒ ပြည့်ဝချိန် ကြာလေလေ အရည်များ လေလေ။ အသက်ငယ်သူတွေမှာ ပိုများတယ်။ လူ ၃ဝ ကို စမ်းသပ်တာ ပျမ်းမျှ သုတ်ရည် ထုထည် 3.4 ml ရှိကြတာ တွေ့ရတယ်။ အများဆုံး 4.99 ml နဲ့ အနည်းဆုံး 2.3 ml ရှိတယ်။ သုတ်ပိုးပေါင်း 100 to 600 million ပါနေမယ်။

လူတယောက်မှာ Sperm ထုတ်နိုင်စွမ်းက သိပ်မပြောင်းလဲတတ်ပေမဲ့ Semen အရည်ကတော့ အစားအသောက်ကြောင့် ဖြစ်ဖြစ် နည်းနိုင်တယ်၊ များနိုင်တယ်။ ဆွီဒင် နဲ့ ဒိန်းမတ် လေ့လာမှုတခုကတော့ အချိန် ကြာကြာ လိင်ဆက်ဆံတာက Sperm count သုတ်ပိုး ပိုများတယ်။ Semen ထုထည်ကတော့ ပိုမများဘူးတဲ့။

Semen ဘယ်ကလာသလဲ၊ နေရာ ၄ ခုကနေလာတယ်။
1. Seminal vesicle = 65-75% (Seminal vesicles ဆိုတာ နာမယ်ကိုက Semen ထုတ်တဲ့ အဓိပ္ပါယ်ပါတယ်။ ဆီးအိမ် နောက်နား-အောက်နားမှာ အတက် ကလေးတွေလို ရှိတယ်။)
2. Prostate = 25-30% (ဆီးကျိတ်က ယောက်ျားမှာသာ ရှိတယ်။ ဆီးအိမ်အောက်မှာ ကပ်နေတယ်။ သူ့ထဲမှာ ကြည်တဲ့အရည်ကိုပါ လှောင်ထားတယ်။)
3. Testes = 2-5% (ကျား-အစိ ကနေ Sperm သုတ် နဲ့ ကျားဟော်မုန်း Testosterone ကိုလဲ ထုတ်ပေးတယ်။)
4. Bulbourethral glands = < 1% (ဆီးကျိတ်နောက်မှာ ပဲစေ့လောက်၊ Urethra ဆီးသွားပြွန် တဖက်တချက်မှာ ရှိကြတယ်။)

ကျား-အစိနောက်မှာ Epididymis ဆိုတာ ရှိတယ်။ ရှေးခေတ် ဂရိ-စစ်သား ဆောင်း (ဟဲလ်မက်) နဲ့ ဆင်တယ်။ ပေ ၂ဝ လောက် ရှည်ပေမဲ့ နေရာ ကျဉ်းကျဉ်း လေးမှာ ခွေနေလို့ သုတ်ပိုးတွေ များများ လှောင်ထားနိုင်တယ်၊ ကြီးရင့်လာဘို့ အချိန် ရစေတယ်။ ထိရင်-ကိုင်ရင် နာမယ်၊ ပိုးဝင်ရင်လဲ ရောင်တယ်။ အဲဒါ ရောင်တာကို Epididymitis ခေါ်တယ်။ အစိပါရောင်ရင် Epididymo-orchitis ခေါ်တယ်။ ကလေး၊ လူကြီး ဖြစ်တယ်။ Antibiotic ဆေးပေးရတယ်။ ဆေးမကုဘဲ ထားရင် Sterility ကလေးအဖေ မဖြစ်နိုင်ဘူး။

လိင်ဆက်ဆံလို့ ဖြစ်ဖြစ်၊ ဖါသာ-အာသာ ဖြေလို့ ဖြစ်ဖြစ် လိင်ဆန္ဒ ပြည့်ဝသွားချိန်မှာ ၃ဝ စင်တီမီတာလောက် ရှည်တဲ့ Vas deferens (Ductus deferens) ကိုဖြတ်ပြီး လိင်တံထိပ်ဖျားကနေ သုတ်ရည် ထွက်တာကို Ejaculation သုတ်လွှတ်တယ် လို့ ခေါ်တယ်။ ဒီအကြောနဲ့ ဘေးမှာကပ်နေတာလေးတွေကို Spermatic cord လို့ ခေါ်ပြီး၊ ယောက်ျားတွေ ကလေး မရစေအောင် ဖြစ်ပြစ်ရတာကို Vasectomy ခေါ်တယ်။

• သုတ်လွှတ်ပြီးတဲ့နောက် Semen ဟာ ခဲလာတယ်။ (ဂျယ်လီ) လို ဖြစ်လာတယ်။ ၃ဝ မိနစ်လောက် ကြာရင် အရေပျော်လာမယ်။ ဒီဖြစ်စဉ်ဟာ မျိုးပွါးဘို့မှာ အရေးပါတယ်။
• Semen သုတ်ရည်က (အယ်လ်ကာလိုင်း) ဖြစ်တယ်။ ထူးဆန်းတာက အမျိုးသမီး (ဗဂျိုင်းနား) ဟာ အက်စစ်ဓါတ် ရှိတယ်။ Spermicide သုတ်ပိုး သေဆေး တွေကလဲ အက်စစ်ဓါတ် ရှိတယ်။
• Sperm စစ်စစ်မှာ အရသာ မရှိဘူး။ Seminal fluid အရည်ကတော့ ချိုနိုင်တယ်၊ ခါးနိုင်တယ်။ တချို့မှာ ငန်တယ်။ အစားသောက်ပေါ် မူတည်တယ်။ အသား စားရင် ခါးပြီး၊ သက်သတ်လွတ်ဆိုရင် ချိုတယ်။ ချိုရတာက Fructose သကြားဓါတ်ကြောင့် ဖြစ်တယ်။
• Semen ဆိုတာ အများအားဖြင့် အဖြူရောင်၊ မီးခိုးရောင်၊ သွေးပါနေရင် ပန်းရောင် ဖြစ်တယ်။ ဝါတာ၊ စိမ်းတာ ဆိုရင် Infection ပိုးဝင်တာ ဖြစ်နိုင်တယ်။ များသောအားဖြင့် (ဂနိုးရီးယား) လို လိင်ကတဆင့်ကူးစက်ရောဂါ STD ကြောင့် ဖြစ်နိုင်တယ်။
• ပုံမှန်က Chlorine smell (ကလိုရင်း) အနံ့ ရှိတယ်။ Foul-Smelling အနံ့ဆိုးနေရင် ပိုးဝင်နေလို့ဘဲ။
• Dehydration ရေဓါတ် နည်းနေသူမှာ သုတ်က ပျစ်နေလိမ့်မယ်။ Testosterone နည်းလွန်းနေသူတွေမှာ အမြဲ အဲလိုပျစ်နေတယ်။

၁၉၉၂ World Health Organization (ရီပို့တ်) တခုအရ ပုံမှန် သုတ်ရည်ဆိုတာ -
1. တကြိမ် သုတ်လွှတ်ရင် 2 ml အနည်းဆုံး ရှိရမယ်။
2. pH က 7.2 ကနေ 8.0 ရှိရမယ်။
3. Sperm concentration သုတ်ပိုး အနည်းဆုံး 20x106 spermatozoa/ml နဲ့ တခါသုတ်လွှတ်ရင် အနည်းဆုံး 40x106 spermatozoa/ml ရှိရမယ်။
4. အနည်းဆုံး 50% ဟာ Forward progression ရှေ့ကို ဦးတည်သွားလာနိုင်စွမ်း ရှိရမယ်။
5. အနည်းဆုံး 25% ဟာ သုတ်လွှတ်ပြီးနောက် မိနစ် ၆ဝ အတွင်းမှာ Rapid progression သွက်သွက်လက်လက် ရှေ့ဘက်ဆီ လှုတ်ရှားနိုင်ရမယ်။
ယောက်ျား မျိုးပွါးစနစ်မှာ ဦးနှောက်၊ လိင်အင်္ဂါတွေနဲ့ ဟော်မုန်းတွေ ပေါင်းစုပြီး အလုပ်လုပ်ပေးကြတယ်။

• ဦးနှောက်ထဲက Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ကနေ Gonadotropin-Releasing Hormone (GnRH) ဟော်မုန်းတွေကို ဦးနှောက်ထဲမှာဘဲ ရှိတဲ့ Pituitary gland (ပစ်ကျူထရီ) အိတ်ထဲကို ထုတ်ပေးတယ်။ Luteinizing Hormone (LH) နဲ့ Follicle-Stimulating Hormone (FSH) ဟော်မုန်း ၂ မျိုး ဖြစ်တယ်။
• LH ကြောင့် ကျား-အစိကနေ Testosterone (တက်စ်တိုစတီရုံး) ထွက်စေတယ်။ FSH ကို အကူအညီ ပေးလို့ ကျား-အစိထဲက Seminiferous tubules ပြွန်သေးလေးတွေကနေ နုသေးတဲ့ Sperm တွေကို ရင့်ကျက်စေတယ်။ Testosterone ကို ကျား-ဟော်မုန်းလဲ ခေါ်တယ်၊ Androgen လဲ ခေါ်တယ်။ သုတ်ပိုး ထုတ်တာမှာ မရှိမဖြစ်ပါ။
• သုတ်ပိုးတွေဟာ ကျား-အစိထဲက Seminiferous tubules နံရံတွေမှာ ဖြစ်တယ်။ Epididymis ထဲမှာ နုသေးတဲ့ သုတ်ပိုးတွေ နေကြတယ်။ သုတ်ပိုးတွေဟာ နုရာကနေ ရင့်ကျက်လာဘို့ ၉-၁ဝ ပါတ် အချိန်ယူတယ်။

သုတ်လွှတ်ရင် Epididymis ရဲ့အမြီးပိုင်းကနေ တနာရီ မိုင် ၇ဝ နှုန်းလောက် အရှိန်နဲ့ Ductus deferens ပြွန်ထဲကို ထွက်လာကြတယ်။ ဆက်ပြီး Spermatic cord အကြောထဲ ရောက်မယ်။ Vas deferens ဟာ Seminal vesicle နဲ့ ပေါင်းပြီး Ejaculatory duct ထုတ်ပြွန် ဖြစ်စေတယ်။ သူက Prostate ဆီးကျိတ်နဲ့ Urethra ဆီးပြွန်ထဲကို ပွင့်နေတယ်။ ကျား-အစိကနေ သုတ်ထွက်တာနဲ့ ကြွက်သား အလုပ်လာတယ်။ အချက်ကျကျ ကြွက်သားတွေ ညှစ်လို့မို့ သုတ်ရည်ကို ရှေ့ဆက် တိုးထွက်လာစေတော့တယ်။

သုတ်ရည်ကနေ သယ်ဆောင်ပေးနိုင်တဲ့ ရောဂါတွေထဲမှာ AIDS လဲပါတယ်။ Semen allergy သုတ်ရည်နဲ့ မတဲ့သူတွေလဲ အနည်းအပါး ရှိတယ်။ သုတ်ရည် ထိတာနဲ့ ဗဂျိုင်းနား ယားမယ်၊ ရောင်မယ်၊ နီရဲလာမယ်။ ပိုဆိုးသူတွေက တကိုယ်လုံးမှာ အဲလို ဖြစ်တတ်တယ်။ (ကွန်ဒွမ်) သုံးရင် ရပါတယ်။ ယောက်ျားတွေမှာလဲ သုတ်လွှတ်ပြီး၊ တုပ်ကွေးလို ခံစားရသူတွေလဲ ရှားရှားပါးပါး ရှိတယ်။ Post orgasmic illness syndrome or POIS လို့ ခေါ်တယ်။

သုတ်ရည်ရဲ့ တခြားကောင်းကျိုးတွေလဲ ရှိပါတယ်။ စိတ်ကျရောဂါ ခံစားနေရသူ အမျိုးသမီးတွေဟာ သုတ်ရည်ကြောင့် စိတ်သက်သာ ရစေလို့ Antidepressant သတ္တိရှိတယ်။ ကောလိပ်-ကျောင်းသူ ၂၉၃ ယောက်ကို သုတေသနတခု လုပ်တယ်။ ဆက်ဆံတဲ့အခါ (ကွန်ဒွမ်) မသုံးတဲ့ မိန်းကလေးတွေဟာ လက်ရှိ အဖေါ် ယောက်ျားနဲ့ ခွါပြဲသွားရင် နောက် အသစ်တယောက်ကို မကြာမတင် ရှာချင်တာ တွေ့ရတယ်။ သိပ္ပံသမားတွေက သုတ်ရည်ကို Chemical dependency ဆေးစွဲ သလို Rebound effect ဖြစ်တယ်လို့ ကောက်ချက် ချတယ်။ ဒီလို မိန်းကလေးတွေက ဒီအကျင့်မျိုး ရှိနေတာကိုးလို့ အရပ်စကား ပြောကြမှာဘဲ။

လိင်ဆက်ဆံရာမှာ ပါးစပ်ကို သုံးတာကို Fellatio ခေါ်တယ်။ လက်တင်လို Suck ကနေ လာတာပါ။ တချို့က Semen ingestion သုတ်ရည် မျိုချတဲ့ အကျင့်ရှိတယ်။ St. Priapus Church မှာ လူရှေ့သူ့ရှေ့ သုတ်ရည် သောက်သုံးတာကို ကိုးကွယ်မှု တခုလို့ ယူဆတယ်။ အာဟာရဓါတ်တော့ မရှိသလောက်ပါ။ ရေသာများတယ်၊ Potassium, Magnesium, Selenium, Copper and Zinc ဓါတ်ဆားတွေ ပါတယ်။ 150 mg (ပရိုတင်း)၊ 11 mg ကာဗွန်ဟိုန်ဒရိတ်၊ 6 mg အဆီ နဲ့ 3 mg (ကိုလက်စထော) တွေပါတယ်။

သုတ်ကို ပါးစပ်က မျိုချတာမှာ Health risks ကျန်းမာရေးအရ ဘာဖြစ်နိုင်သလဲ။ အန္တရာယ် မရှိလှပါ။ အမျိုးသမီး ပါးစပ်မှာ အနာအဆာ ရှိမှသာ HIV နဲ့ Herpes ရေယုံပိုးတွေ ဝင်နိုင်တယ်။ ယောက်ျားမှာ Human papillomavirus (HPV) ကြွက်နို့ ဗိုင်းရပ်စ် ရှိနေရင် Oral or Throat cancer ခံတွင်းနဲ့ လည်ချောင်း ကင်ဆာ တွေ ဖြစ်နိုင်ခြေ ပိုများနိုင်တယ်။

ခေတ်ဟောင်း ပညာရှင် Aristotle ကလဲ ဆိုခဲ့သေးတယ်။ “သုတ်ရည်ဆိုတာ အစာအဟာရထဲက ကောင်းပေ့ ဆိုတာကနေ ရတာ” တဲ့။ ခေတ်သစ် လှို့ဝှက်-ထောက်လှမ်းရေးမှာ သုတ်ရည်ဟာ Invisible ink မမြင်နိုင်တဲ့ မင်လို သုံးနိုင်တယ်။

ယဉ်ကျေးမှု မတူတာတွေမှာ မတူတဲ့အမြင်တွေ ရှိကြတယ်။ ဗမာတွေက “ချွေးထွက် များမှ သွေးထွက် နည်းမယ်” လို့ ပြောကြတယ်။ တရုတ်-စကားပုံတခုကတော့ “သုတ်တစက်ဟာ သွေးဆယ်စက်နဲ့ ညီတယ်” တဲ့။ “ကျောက်မျက်ရတနာ Gemstones တွေဟာ Drops of divine semen ဘုရားသခင်ကပေးတဲ့ သုတ်ရည် Celestial Dragon နဂါးမင်းက ဆင်းသက်တာလို့ ယုံကြည်ကြတယ်။

ယောက်ျားတွေဟာ ဒို့မှာသာ ဒါလုပ်နိုင်တယ်လို့ အတင်း ဂုဏ်ယူချင် မနေကြပါနဲ့။ ရိုးရာ ရုရှား-ဆေးပညာကဆိုတာ မှန်တယ်။ “သုတ်ရည်ဆိုတာ ယောက်ျား နဲ့ မိန်မ အကြား ဆန်းပြားလှတဲ့ ဇီဝကမ္မဖြစ်စဉ်ရဲ့ ရလဒ်တခု ဖြစ်တယ်” တဲ့။ အနည်းဆုံး စိတ်ကူးထဲ၊ အိပ်မက်ထဲမှာ မိန်းမ ပါမှသာ သုတ်ရည်ဆိုတာ ထွက်လာနိုင်ပါတယ်။
FROM-DR TINT SWE

ဘယ်နိုင်ငံခြားသားကိုမျှ မြန်မာ့သမ္မတ အိမ်တော်မှာ တော်ဝင်မိသားစုအဖြစ် နေထိုင်မှာကို ခွင့်မပြုနိုင်ဘူး။

 
 
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ်နဲ့ ပတ်သက်ပြီး ကျွန်တော့်အမြင်လေးတွေကို ပြောချင်ပါတယ်။ ပုဂ္ဂလအမြင်နဲ့ ခံစားချက် ဖြစ်တဲ့အတွက် မှားကောင်းမှားမယ်ဆိုတာ ၀န်ခံလိုပါတယ်။ အခြားသူများရဲ့ အမြင်၊ အတွေးတွေကိုလည်း ၀မ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ပါ။
ပထမဆုံး ချီးကျူးစကားနဲ့ စတင်ချင်ပါတယ်။ လူတစ်ယောက်ကို မကောင်းပြောရမှာ ထက် ကောင်းတဲ့ အချက်၊ ချီးကျူးရမယ့်အချက်ကို ကျွန်တော်ပိုပြီး နှစ်သက်ပါတယ်။ ဒေါ်စုနဲ့ ပြုလုပ်ခဲ့သမျှ အင်တာဗျူးတွေ မှာ မြန်မာ့နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်စု ဖြေခဲ့သမျှတွေကို ချီးကျူးပါတယ်။ တော်ပါပေ တယ်၊ ဖြေတတ်ပါပေတယ်၊ ပညာပါလှပေတယ်လို့လည်း အသိအမှတ် ပြုပါတယ်။ အဲဒီမေးခွန်းတွေနဲ့ အလားသဏ္ဌာန်တူတဲ့ မေးခွန်းပေါင်းများစွာကို လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ပါဝင်ကျင်လည်နေကြတဲ့ ပုဂ္ဂိုလ်တွေ အများစု ဖြေဖူးကြပါတယ်။ ဒါပေမယ့် ဘယ်အဖြေကမျှ ဒေါ်စုရဲ့ အဖြေလောက် ပညာသားမပါ သလို၊ တစ်ဖက်မေးသူကိုလည်း အကြပ်မရိုက်စေပါဘူး။ အဲဒီအတွက် ဒေါ်စုကို လှိုက်လှိုက်လှဲလှဲ ချီးကျူးပါ ရစေ။ ဒေါ်စု တော်ပါတယ်။
ချီးကျူးတာနဲ့ စပြီး နောက်ထပ်ပြောမှာတွေက ဝေဖန်သလို ဖြစ်နေလေတော့ ဒါတွေ ရေးချင်တဲ့အတွက် ဟန်လုပ်ပြီး ချီးကျူးခဲ့ရသလို ဖြစ်မှာကိုလည်း စိုးရိမ်မိတာ အမှန်ပါ။ ဒါပေမယ့် ကျွန်တော့်လိပ်ပြာ ကျွန်တော်ယုံတဲ့အတွက် ပွင့်လင်းစွာပဲ ရေးသားဝေဖန်ပါရစေ။ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဒေါ်စု ရဲ့ ဝေဖန်ထောက်ပြမှုတွေဟာ အင်မတန်မှ မှန်ကန်သလို၊ ပညာသား ပါလှပါတယ်။ ဒါပေမယ့် အဲဒီဝေဖန် မှုတွေကို ပြည်တွင်းမှာ မပြောဆိုဘဲ ဘာဖြစ်လို့ ပြည်ပခရီးစဉ် သွားတဲ့အခါတိုင်းကျမှ ပြောရသလဲဆိုတာ စဉ်းစားရခက်ပါတယ်။ ဒေါ်စု ပြည်ပကို ခရီးစဉ် တစ်ခုခုသွားတိုင်း ဆုတစ်ခုမဟုတ်တစ်ခု လက်ခံရယူတာကို သတိထားမိကြပါလိမ့်မယ်။ ဒါဟာ ပြည်ပ အထောက်အပံ့ကို တစ်ဖက်လှည့်နဲ့ ယူနေတာဆိုတာ မျက်စိ မှိတ်ပြီး မငြင်းဘူးဆိုရင် အားလုံးသိနေတဲ့ အချက်တစ်ခုပါ။ ဆုတွေကလွဲရင် ဒေါ်စုမှာ အခြားဝင်ငွေ ရပေါက် ရလမ်း မယ်မယ်ရရ မရှိပါ။ ဟိုမျက်မှန်စိမ်းတပ် အမျိုးသမီးပြောသလို ဒေါ်စုဟာ တစ်နှစ်ကို စာအုပ် တစ်အုပ် ရေးတာနဲ့တင် ထိုင်စားလို့ ရတယ်ဆိုတာမျိုးတော့ ဒီခေတ်ကြီးမှာ လာမရွှီးနဲ့ပေါ့ဗျာ။ မြန်မာပြည်သူ သန်း ၆၀ မှာ ဒေါ်စုရဲ့ Freedom from Fear စာအုပ်ကို ဖတ်ဖူးတဲ့သူ ဘယ်နှဦးရှိသလဲ စစ်တမ်းကောက် ကြည့်ပါဦး။ အင်္ဂလိပ်လိုရေးပြီး နိုင်ငံခြားတိုင်းပြည်တွေမှာ ထုတ်ဝေမယ်ဆိုရင်လည်း ကျွန်တော် လက်လှမ်း မမီတော့ မပြောတော့ပါဘူး။ ချင့်ပြီးတော့ စဉ်းစားကြပေါ့ဗျာ။ လမ်းလွဲသွားတဲ့ အတွက် တောင်းပန် ပါတယ်။ ပြောချင်တာက နိုင်ငံခြားခရီးစဉ်သွားပြီး ဆုတစ်ခုခု ယူခါနီးတိုင်း ဒေါ်စုဟာ မြန်မာ့ပြည်တွင်းရေးနဲ့ ပတ်သက်ပြီး အတင်းတုပ်လေ့ ရှိပါတယ်။ မြန်မာ့ဓလေ့အရ ရှေ့မှာမပြောဘဲ ကွယ်ရာမှာပြောရင် အတင်းတုပ်တာပါပဲ။ ပြည်တွင်းမှာတော့ မသိချင်ယောင် ဆောင်နေပြီး ပြည်ပရောက်ပြီဆိုတာနဲ့ ၀မ်းသာအားရ ဝေဖန်တာ၊ ပြစ်တင်တာဟာ စဉ်းစားစရာ ကိစ္စတစ်ခု ဖြစ်လာ ပါပြီ။ ဒေါ်စုဟာ ပြည်တွင်း ထက် ပြည်ပကို အားကိုးမှု ပိုတယ်ဆိုတဲ့ ကောက်ချက်ကို ချရပါလိမ့်မယ်။ ပြောရ ရင် ဒေသတွင်းနိုင်ငံတွေ ထက် အနောက်နိုင်ငံတွေကို အားကိုးမှု ပိုပြီးတော့ များပါတယ်။
ဒေါ်စုဟာ သူ့ကိုယ်သူ တစ်သက်လုံး အတိုက်အခံလို့ပဲ ခံယူတော့မှာလားဆိုတာ မေးခွန်းထုတ်စရာပါ။ အချို့က အင်တာနက်မှာ ပြောကြရေးကြပါတယ်။ မြန်မာလွှတ်တော် ကိုယ်စားလှယ်တစ်ဦး၊ ကော်မတီ ဥက္ကဋ္ဌတစ်ဦး ပြည်ပကိုသွားတာ ဘယ်သံရုံးကမျှ လာမကြိုကြဘူးတဲ့။ ခက်ချေပြီကော... လွှတ်တော် ကိုယ်စားလှယ်တွေ ပြည်ပသွားရင် သံရုံးတွေက ကြိုဆိုနှုတ်ဆက်ရမယ်လို့ ဥပဒေ ပြဋ္ဌာန်းထားတာ ရှိလို့လားဗျ။ နောက်တစ်ခုက ဒေါ်စုဟာ သူ့ကိုယ်သူ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရယ်လို့ သတ်မှတ်ထားရဲ့လား ဆိုတဲ့မေးခွန်းပါ။ လွှတ်တော်နဲ့ပတ်သက်ပြီး သူဘာတွေ ဆောင်ကြဉ်းခဲ့ပါသလဲ၊ သူသွားမယ့် ခရီးစဉ်မှာ လွှတ်တော်နဲ့ ပတ်သက်ပြီး ဘယ်အကြောင်းအရာတွေ ဆွေးနွေးခဲ့ပါမယ်၊ စကား ပါးခဲ့ပါမယ်လို့ မသွားခင် ပြည်ထောင်စုလွှတ်တော် နာယကနဲ့ လွှတ်တော်ဥက္ကဋ္ဌတွေကို တိုင်ပင်ခဲ့မယ်လို့ ခင်ဗျားတို့ ထင်လို့လား။ သူ ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ ကော်မတီအတွက် ဘယ်လိုဆောင်ရွက်ခဲ့မယ်၊ ဘယ်လိုအကြံဉာဏ်တွေ တောင်းခဲ့မယ်လို့ ကော်မတီဝင်တွေကို ပြောခဲ့မယ်လို့ ထင်သလား။ ကျွန်တော့်အမြင်ကတော့ သူဟာ လေဆိပ်ကနေ ထွက်သွားကတည်းက သူ့ကိုယ်သူ မြန်မာ့ အတိုက်အခံ ခေါင်းဆောင်၊ ဒီမိုကရေစီအရေး ဆောင်ရွက်နေသူလို့ စိတ်နှလုံးသွင်းပြီး မြန်မာအစိုးရမှာ ဘယ်လိုအားနည်းချက်တွေရှိတယ်၊ သူသာ လမ်းမပြရင် မြန်မာ့ဒီမိုကရေစီဟာ မှောင်အတိုက်ဖုံးနေမှာ စသဖြင့် ပြောဖို့ကိုသာ စီစဉ်ထားတယ်လို့ မြင်မိပါတယ်။ ဘယ်နိုင်ငံတကာ ခရီးစဉ်မှာမျှ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေနဲ့ လွှတ်တော်ဟာ ဘာတွေဆောင်ရွက်နေတယ်၊ သူတို့ကော်မတီဟာ ဘာတွေကို တာဝန်ယူ ဆောင်ရွက်နေတယ် စသဖြင့် ပြောဆိုသံ မကြားရမိပါဘူး။
ဒေါ်စု ပြည်ပထွက်တိုင်း မအော်မဖြစ် အော်နေတာက တစ်ခုပဲရှိတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆိုတာပဲ။ ဖွဲ့စည်းပုံကို မပြင်လျှင်ဘဲ မြန်မာနိုင်ငံဟာ ချက်ချင်းလက်ငင်း သူ့ကျွန်ဘ၀ ရောက်သွားမယ့် ပုံစံမျိုး နဲ့ ပြောဆိုနေတာဟာ အတော်ရယ်စရာ ကောင်းပါတယ်။ မြန်မာပြည်ထဲက ဘယ်သူ့ကိုပဲ မေးမေး (ပြည်ခိုင်ဖြိုး လိုလားသူပဲဖြစ်ဖြစ်၊ NLD လိုလားသူပဲဖြစ်ဖြစ်၊ ကြားနေပဲဖြစ်ဖြစ် ဆိုလိုပါတယ်) ဖွဲ့စည်းပုံကို ဘာလို့ပြင်ဖို့ လိုတာလဲလို့ မေးကြည့်လိုက်။ ဘာအဖြေ ထွက်လာမယ်ထင်သလဲ။ ခင်ဗျားတို့ထင်တာ ကွက်တိပါပဲ။ ၁၀၀ % မှန်ပါတယ်ဗျာ။ အားလုံးက ၂၀၁၅ မှာ ဒေါ်စု သမ္မတဖြစ်ဖို့အတွက် ဖွဲ့စည်းပုံ ကို ပြင်ရမယ်၊ ပြင်ချင်တာလို့ ဖြေကြလိမ့်မယ်။ ခရိုင်အဆင့် ဆန္ဒကောက်ခံပွဲဆိုပြီး လူ ၄၀၀-၅၀၀ လောက် တက်တဲ့အခမ်းအနားမှာ လက်ထောင်ခိုင်းပြီး ပြင်ချင်တာမျိုးကိုတော့ ကလေးကလား လာမပြောနဲ့ဗျာ။ Mr.Bean ရဲ့ သရုပ်ဆောင်ချက်တွေတောင် အဲဒီလောက် မရယ်ရဘူး။ အတိုက်အခံတွေ ပြောနေသလို လက်ညှိုးထောင် ခေါင်းညိတ်ခိုင်းတာချင်း အတူတူ အရင် တပ်မတော်အစိုးရ လက်ထက်က ဆန္ဒ ခံယူပွဲတွေကမှ သူ့အဆင့်နဲ့သူ ပေမီဒေါက်မီ ရှိသေးတယ်။ :D အခုတော့ သူတို့စကားနဲ့သူတို့ အသံတောင် မထွက်ဘူး။ NLD လုပ်ရင် ဘာမဆိုဖြစ်မယ်လို့ ထင်နေတာကိုက သူတို့တွေရဲ့ အမှားပဲ။ အဲ... လိုရင်းကို ပြန်ဆက်ရရင် ဒေါ်စု နိုင်ငံတကာ ခရီးစဉ်သွားတိုင်း ရောက်တဲ့နိုင်ငံတိုင်းမှာ ဖွဲ့စည်းပုံဟာ ဒီမိုကရေစီ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အကြောင်း ပြောပြမယ်၊ ကူညီဖို့၊ ဖိအားပေးဖို့ ပန်ကြားမယ်။ ဒါပါပဲ။ အကွက်တွေက တအားရိုးလာတယ်။ ဖွဲ့စည်းပုံမှာ သူ့ကို သမ္မတမဖြစ်အောင် အဟန့်အတား ဖြစ်နေတဲ့ ပုဒ်မတစ်ခုတည်းကို ပြောလို့ရှိရင် သူအာဏာလိုချင်တာ ပေါ်ပေါ်ထင်ထင် ဖြစ်မှာစိုးတဲ့အတွက် လမ်းလွှဲလို့ အကောင်းဆုံး အကြောင်းပြချက်တစ်ခုက တပ်မတော်သား ၂၅ % ဆိုတာကို ထည့်ပြောဖို့ပဲ။ စစ်တပ်က လွှတ်တော်ထဲမှာ ၂၅ % ၀င်ထိုင်နေတာဟာ ဘယ်လို အနှောင့်အယှက်ဖြစ်ကြောင်း၊ ဘယ်စံတွေနဲ့ မကိုက်ညီကြောင်း ပြောပြလိမ့်မယ်။ ရှင်းရှင်းပြောလိုက်စမ်းပါ ဒေါ်စုရာ။ ၂၀၁၅ မှာ ကျွန်မ သမ္မတဖြစ်ခွင့် မရှိရင် ဘယ်အခြေခံဥပဒေပဲဖြစ်ဖြစ် ကျွန်မ လက်မခံဘူးလို့။ ကျွန်တော်ကတော့ ဒီနေရာမှာ သူ့လို မဟုတ်ဘူးဗျ။ ပြတ်ပြတ်သားသားပဲ ပြောရဲတယ်။ ဒေါ်စုတော်တာကို လက်ခံတယ်၊ အသိအမှတ်ပြုတယ်။ ဒါပေမယ့် နိုင်ငံခြားသားကို ယူခဲ့တဲ့ အကြောင်းပြချက်ရယ်၊ သားသမီးတွေ၊ မြေးတွေဟာ နိုင်ငံခြား သား ဖြစ်နေတယ်ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ဒေါ်စုမျှ မဟုတ်ဘူး၊ သိကြားမင်းက လူဖန်ဆင်းပြီး သမ္မတ လာလုပ်မယ်ဆိုရင်လည်း လက်မခံနိုင်ဘူး။ ဘယ်နိုင်ငံခြားသားကိုမျှ မြန်မာ့သမ္မတ အိမ်တော်မှာ တော်ဝင်မိသားစုအဖြစ် နေထိုင်မှာကို ခွင့်မပြုနိုင်ဘူး။ ဘယ်နိုင်ငံခြားသားကိုမျှ သမ္မတရဲ့ မိသားစုဆိုပြီး အထူးအရေးကြီး ပုဂ္ဂိုလ်တွေအဖြစ် ကြိုဆိုတာ၊ နေရာပေးတာ မလုပ်နိုင်ဘူး။ မြန်မာသမ္မတရဲ့ သားသမီးမြေးမြစ်တွေဆိုပြီး မြန်မာလို မနှုတ်ဆက်ရဘဲ အင်္ဂလိပ်လိုပဲ ပြောဆိုနှုတ်ဆက်ရမှာကို မလုပ်နိုင်ဘူး။ အဲဒါ ဒေါ်စုမျှ မဟုတ်ဘူး။ နောင်လာလတ္တံ့သော သမ္မတဖြစ်ချင်သူ ဘယ်သူဖြစ်ဖြစ် အဲဒီအချက်တွေနဲ့ ငြိနေရင် ဆောရီးပဲ။ အင်္ဂလိပ်ကို ယူထားလို့ မြန်မာတွေက ခွင့်လွှတ်တတ်နေတာ လားဆိုတာ စဉ်းစားလို့ မရဘူး။ တကယ်လို့ ဒေါ်စုယောက်ျားဟာ ဘင်္ဂလားဒေ့ရှ်က ဘင်္ဂလီ တစ်ဦး ဖြစ်နေမယ်ဆိုရင်၊ ဒါမှမဟုတ် တရုတ်ပြည်က ပေါက်ဖော်တစ်ဦး ဖြစ်နေမယ်ဆိုရင် ခင်ဗျားတို့ ဘယ်လိုစဉ်းစားမလဲ။ အသားဖြူမို့လို့၊ အနောက်နိုင်ငံသားမို့လို့ ခွင့်လွှတ်တယ်ဆိုရင်တော့ အလကား ဒီမိုကရေစီနဲ့ပဲ တန်တယ်လို့ ပြောချင်တယ်။
ဒေါ်စုသွားတဲ့ နိုင်ငံတိုင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးကို ထောက်ခံတယ်ဆိုတော့ရော ဘာလုပ်လို့ ရသလဲဗျ။ ခင်ဗျားတို့ ဖြေကြည့်ကြပါဦး။ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခန်း (၁၂) မှာ ပြင်ဆင်ရမယ့် နည်းလမ်းတွေ ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။ အဲဒီ အချက်တွေထဲမှာ ပြည်ပနိုင်ငံ ဘယ်နှခုက ထောက်ခံရမည် တို့၊ ထောက်ခံသည့် ပြည်ပနိုင်ငံ အနည်းအများအပေါ် မူတည်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကို ပြင်ဆင်ရမည်တို့ ဆိုတဲ့ပြဋ္ဌာန်းချက်တွေ မပါဘူးဗျ။ အဲဒီလောက်ဆိုရင် ဘယ်လောက်လွဲနေသလဲဆိုတာ သဘောပေါက်ပေါ့ဗျာ။ ဗြိတိန်ခမျာ သူ့ဟာနဲ့သူ မြောက်အိုင်ယာလန်က ဗြိတိန်ကနေ ခွဲထွက်ဖို့ လုပ်နေတဲ့ကိစ္စကို ဖြေရှင်းလို့ မရတဲ့ကြားထဲ မြန်မာ့ဖွဲ့စည်းပုံအတွက် ကူညီမယ်ဆိုတော့ ကျွန်တော်က ဒီိလိုတွေးမိတယ်။ ဦးသိန်းစိန် အစိုးရကလည်း ကြေညာချက် ထုတ်သင့်တယ်။ မြောက်အိုင်ယာလန် ဗြိတိန် ကနေ ခွဲထွက်မသွားဖို့အတွက် မြန်မာနိုင်ငံက ကူညီမယ်လို့။ မကောင်းဘူးလား။ ကျွန်တော် ဘာပြောချင် တယ်ဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။
ဒေါ်စုဟာ သူ့ကိုယ်သူ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးလို့ မခံယူသမျှ ကျွန်တော်တို့ကလည်း သူ့ကို မြန်မာ့ အရေးအတွက် ဥပဒေဘောင်ထဲကနေ ကြိုးပမ်းဆောင်ရွက်နေသူလို့ မြင်ဖို့ ခက်ခဲနေဦးမှာပါ။ သူ့ရဲ့အမြင်၊ သူ့ရဲ့အတွေးတွေကို ပြည်တွင်းမှာ နားလည်အောင် ပြောဆိုရှင်းလင်း ဆွေးနွေးခြင်း မပြုဘဲ ပြည်ပရောက် မှ ပြောဆိုမှုတွေ ပြုလုပ်နေသေးသ၍ သူဟာ ပြည်တွင်းအားကို ယုံကြည်သူမဟုတ်ဘဲ ပြည်ပ အားကိုး ဆောင်ရွက်လိုသူလို့ ကျွန်တော်တို့ မြင်နေဦးမှာပါပဲ။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီဥက္ကဋ္ဌအဖြစ် အစိုးရနဲ့ လက်တွဲပြီး ကြိုးပမ်းဆောင်ရွက်တာတွေ မလုပ်သေးသ၍ သူဟာ အစိုးရဘာလုပ်လုပ် ဆန့်ကျင်ဝေဖန်မယ့် အတိုက်အခံ ပုဂ္ဂိုလ်တစ်ဦးအဖြစ်ပဲ ကျွန်တော်တို့ မြင်ကြဦးမှာပါ။ နိုင်ငံခြားသားကို ယူခဲ့တာဟာ သူ့အခွင့်အရေးကို သူရွေးချယ်ခဲ့တာလို့ ခံယူနေသေးသမျှ နိုင်ငံခြားသားတစ်ဦးရဲ့ ဇနီးတစ်ဦးကို သမ္မတအဖြစ် လက်မခံနိုင်တာလည်း ကျွန်တော်တို့ရဲ့ အခွင့်အရေးတစ်ရပ် ဖြစ်တယ်ဆိုတာ သူနားလည်ပေးနိုင်ရမယ်လို့ ကျွန်တော်တို့ က တွေးနေဦးမှာပါပဲ။ သူသမ္မတမဖြစ်ရင် မြန်မာ့နိုင်ငံရေးကို ဆူဆူပူပူ လှုပ်လှုပ်ရှားရှားဖြစ်အောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းမယ်ဆိုရင်တော့ ကျွန်တော်တို့ကလည်း တည်ငြိမ်အေးချမ်းရေးကို ထိပါးလာသူ မှန်သမျှကို ရန်သူအဖြစ် သတ်မှတ်ဆန့်ကျင် ချေမှုန်းသွားမယ်ဆိုတာ သံန္နိဌာန်ချပြီးဖြစ်ကြောင်း အတိ အလင်း ပြောဆိုပါရစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်၊ တနင်္လာနေ့။
ည ၁၀ နာရီ ၂၉ မိနစ်တွင်ပြီး၏

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်

Photo: လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
 Wednesday, October 30, 2013

လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ်
လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင်ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ်လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။

ဒီတစ်ကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးဟာ တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ အဖြေနှစ်ခုကို အဓိကထားပြောဆိုကြမယ်လို့ သိရပါတယ်။ အောက်တို ဘာလထဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်မယ် ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ် ဆိုပြီး ပြောင်းသွားပြန်ပါတယ်။ အောက်တိုဘာ (၈၊၉၊၁၀) ရက်နေ့တွေ တုန်းက အစိုးရနဲ့ KIO တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့လို့ ဒေသခံအားလုံး ပျော်ခဲ့ ကြတယ်။ KIO ပါတစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှာ ပါဝင်ဖို့ UNFC ကမျှော်လင့်စောင့်စားခဲ့တယ်နဲ့ တူပါ တယ်။

အခုလိုင်ဇာမှာ ထိပ်သီးအစည်းအဝေး ကျင်းပတာက သက်သေပြနေ ပါတယ်။ ဒီအစည်းအဝေးကနေ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ် စဲရေး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေကို မမြင်ချင်တော့သလို သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲသံတွေကို လည်း မကြားချင်တော့ပါဘူး။ ငြိမ်းချမ်းချင်ပါပြီ။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်အတွက် လူနေမှုဘ၀လုံခြုံရေး အာမခံချက် ရချင်လှပါပြီ။ ဒီတော့အဲဒီအစည်းအဝေးက ထွက်ပေါ်လာမယ့် အဖြေကို ကျွန်တော်တို့အနေနဲ့ အကောင်းဘက်ကိုပဲ တွေးထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး အပေါ် သဘောထားအမြင်အမျိုးမျိုးတွေ ထွက်ပေါ်ခဲ့တာ ရှိပါတယ်။ တစ်ဖွဲ့တစ်မျိုး မရိုးအောင်ပြောနေကြမယ့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ကိစ္စတွေကြောင့် ဒီတစ်ကြိမ်ပြုလုပ်မယ့် အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲကို မပျက်စေချင်တော့ပါဘူး။ ဒီတော့ အစိုးရက လက်သင့်ခံနိုင်တဲ့ တောင်း ဆိုမှုမျိုးတွေကိုသာ UNFC အနေနဲ့ ပြုလုပ်ဖို့ လိုသလို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ထိုနည်းတူစွာ လုပ်ရမှာပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သမျှ တိုက်ပွဲတွေလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နကြတယ်၊ ဒေသခံတွေက မြေဇာပင်ဖြစ်ရတာပါ၊ အလားတူ အခြားတိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ တိုက်ပွဲတွေ မဖြစ်အောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ်ရပ်စဲပြီး တိတိကျကျ လိုက်နာဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။ဥပမာ ပြောရရင် လိုင်ဇာ မှာ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇာတ်အဖွဲ့ တစ်ဖွဲ့ဟု သဘောထားပါစို့။ ဇာတ်အဖွဲ့မှာပါဝင်ရတဲ့ သဘင်ပညာရှင်အားလုံး စည်းလုံညီညွတ်မှသာ ဇာတ်နာမည် ထွက်လာမှာဖြစ်သလို ပရိတ်သတ်ကလည်း လက်ခံမှာ ဖြစ်ပါတယ်။ 

အဲဒီလို မဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်ပြော ကိုယ်လုပ်တာမှ အမှန်ထင်ပြီး တစ်ဖို့တည်းဇွတ်လုပ်နေရင်တော့ ဇာတ်ခေါင်းကွဲသွားမှာ သေချာပါတယ်။ လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့အနေနဲ့ကလည်း ကိုယ့် လူမျိုး ကိုယ့်တိုင်းရင်းသားတွေအတွက် ရှေ့ရှု့ပြီး အစိုးရနဲ့ အပေးအယူသင့်မြတ်နိုင်တဲ့ တောင်းဆိုမှုတွေ ချမှတ်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့ဟာကို သွားတောင်းရင်တော့ ဇာတ်ခေါင်းကွဲသွားပြီ တစ်ယောက်တစ် ပေါက် ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသားများအတွက် တောင်းဆိုမှုတစ်ခုလောက် ပြောချင်ပါတယ်။ လိုင်ဇာမှာ ကတဲ့ အပစ်ရပ်ရေး အကြို ဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့ လိုပါတယ်။

နော်မိုင် ( မြစ်ကြီးနား)
မြန်မာပြည်သား
လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့လိုပါတယ် လိုင်ဇာမြို့မှာ ဒီနေ့တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး အကြို ညှိနှိုင်းဆွေးနွေး ပွဲကို စတင်ပြုလုပ်နေပြီဖြစ် ပါတယ်။ UNFC အဖွဲ့အပါအ၀င် အခြား တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းက ခေါင်းဆောင် ပိုင်းတွေ လည်းလာပြီးး တက်ရောက်တာတွေ့ရပါတယ်။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားတွေ အတွက်တော့ မျှော်လင့်စောင့်စားရတဲ့ ငြိမ်းချမ်းရေး အိပ်မက်ဟာ တကယ်အကောင်အထည်ပေါ် လာပြီလို့ ပြောရင်း ၀မ်းသာ နေကြပါတယ်။


ဒီတစ်ကြိမ် တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးဟာ တစ်နိုင်ငံလုံး အပစ်အ ခတ် ရပ်စဲရေး လက်မှတ်ရေး ထိုးပွဲကို လက်ခံမလား လက်မခံဘူးလားဆိုတဲ့ အဖြေနှစ်ခုကို အဓိကထားပြောဆိုကြမယ်လို့ သိရပါ တယ်။ အောက်တို ဘာလထဲမှာ အစိုးရဘက်က တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လုပ်မယ် ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် နိုဝင်ဘာလထဲမှာ ကျင်းပမယ် ဆိုပြီး ပြောင်းသွားပြန် ပါတယ်။ အောက် တိုဘာ (၈၊၉၊၁၀) ရက်နေ့တွေ တုန်းက အစိုးရနဲ့ KIO တို့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးတွေ့ ဆုံဆွေးနွေးပွဲ ကျင်းပနိုင်ခဲ့လို့ ဒေသခံအားလုံး ပျော်ခဲ့ ကြတယ်။ KIO ပါတစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးမှာ ပါဝင်ဖို့ UNFC ကမျှော်လင့်စောင့်စားခဲ့တယ်နဲ့ တူပါ တယ်။

အခုလိုင်ဇာမှာ ထိပ်သီးအစည်းအဝေး ကျင်းပတာက သက်သေပြနေ ပါတယ်။ ဒီအစည်းအဝေးကနေ တစ်နိုင်ငံ လုံး အပစ်အခတ်ရပ် စဲရေး ပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးနေကြပါတယ်။ ကချင်ပြည်နယ် ထဲမှာ တိုက်ပွဲတွေကို မမြင်ချင်တော့သလို သေနတ်သံ၊ ဗုံးသံ၊ မိုင်းကွဲသံတွေကို လည်း မကြားချင်တော့ ပါဘူး။ ငြိမ်းချမ်းချင်ပါပြီ။ ကျွန်တော်တို့ ဒေသခံ တိုင်းရင်းသားအားလုံးရဲ့ အနာဂတ်အတွက် လူနေမှုဘ၀လုံခြုံရေး အာမခံချက် ရချင်လှပါပြီ။ ဒီတော့အဲဒီအစည်းအဝေးက ထွက်ပေါ်လာမယ့် အဖြေကို ကျွန်တော်တို့အနေနဲ့ အကောင်းဘက်ကိုပဲ တွေးထားပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၁) ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ UNFC အနေနဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး အပေါ် သဘောထားအမြင်အမျိုးမျိုးတွေ ထွက်ပေါ်ခဲ့တာ ရှိပါတယ်။ တစ်ဖွဲ့တစ်မျိုး မရိုးအောင်ပြောနေကြမယ့် ဖက်ဒရယ်ပြည်ထောင်စု၊ ဖက်ဒရယ်တပ်မတော် ကိစ္စတွေကြောင့် ဒီတစ်ကြိမ်ပြုလုပ်မယ့် အပစ်အခတ်ရပ်ရေး ဆွေးနွေးပွဲကို မပျက်စေချင်တော့ပါဘူး။ ဒီတော့ အစိုးရက လက်သင့်ခံနိုင်တဲ့ တောင်း ဆိုမှုမျိုးတွေကိုသာ UNFC အနေနဲ့ ပြုလုပ်ဖို့ လိုသလို အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ထိုနည်းတူစွာ လုပ်ရမှာပဲ ဖြစ်ပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သမျှ တိုက်ပွဲတွေလည်း ရပ်တန့်သွားမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ကချင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြန်ဖြစ်နကြတယ်၊ ဒေသခံတွေက မြေဇာပင်ဖြစ်ရတာပါ၊ အလားတူ အခြားတိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ မဖြစ်စေချင်တော့ပါဘူး။ တိုက်ပွဲတွေ မဖြစ်အောင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအားလုံး အပစ်အခတ်ရပ်စဲပြီး တိတိကျကျ လိုက်နာဖို့လိုအပ်တယ်လို့ မြင်မိပါတယ်။ဥပမာ ပြောရရင် လိုင်ဇာ မှာ ပြုလုပ်နေတဲ့ အပစ်အခတ်ရပ်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇာတ်အဖွဲ့ တစ်ဖွဲ့ဟု သဘောထားပါစို့။ ဇာတ်အဖွဲ့မှာပါဝင်ရတဲ့ သဘင်ပညာရှင်အားလုံး စည်းလုံညီညွတ်မှသာ ဇာတ်နာမည် ထွက်လာမှာဖြစ်သလို ပရိတ်သတ်ကလည်း လက်ခံမှာ ဖြစ်ပါတယ်။

အဲဒီလို မဟုတ်ဘဲ ကိုယ်ထင်ရာကိုယ်ပြော ကိုယ်လုပ်တာမှ အမှန်ထင်ပြီး တစ်ဖို့တည်းဇွတ်လုပ်နေ ရင်တော့ ဇာတ်ခေါင်းကွဲသွားမှာ သေချာပါတယ်။ လိုင်ဇာမှာကတဲ့ အပစ်ရပ်ရေး အကြိုဇာတ်အဖွဲ့ အနေနဲ့ကလည်း ကိုယ့် လူမျိုး ကိုယ့်တိုင်းရင်းသားတွေအတွက် ရှေ့ရှု့ပြီး အစိုးရနဲ့ အပေးအယူ သင့်မြတ်နိုင်တဲ့ တောင်းဆိုမှုတွေ ချမှတ်ဖို့ အရေးကြီးပါတယ်။ မဖြစ်နိုင်တဲ့ဟာကို သွားတောင်းရင်တော့ ဇာတ်ခေါင်းကွဲသွားပြီ တစ်ယောက်တစ် ပေါက် ဖြစ်သွားပါလိမ့်မယ်။

ကျွန်တော်အနေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ မြန်မာနိုင်ငံနေရာအနှံ့အပြားမှာရှိတဲ့ တိုင်းရင်းသားများအတွက် တောင်းဆိုမှုတစ်ခုလောက် ပြောချင်ပါတယ်။ လိုင်ဇာမှာ ကတဲ့ အပစ်ရပ်ရေး အကြို ဇာတ်အဖွဲ့ ဇာတ်ခေါင်းမကွဲဖို့ လိုပါတယ်။

နော်မိုင် ( မြစ်ကြီးနား)
မြန်မာပြည်သား

ဦးထုပ်အက သီချင်းပိုင်ရှင် Crayon Pop အဖွဲ့ ဆိုးလ်မြို့တွင် အခမဲ့ ဖျော်ဖြေမည်

Wednesday, 30 October 2013

ဦးထုပ်အက သီချင်းဖြင့် ပရိသတ်များကို ဖမ်းစား နိုင်ခဲ့သည့် Crayon Pop ဂီတအဖွဲ့သည် ၎င်းတို့ အဖွဲ့၏ ပထမဆုံး အခမဲ့ ဖျော်ဖြေပွဲ 1st POPCON IN SEOUL ပွဲကို ဆိုးလ်မြို့ Sangam-dong ၌ အောက်တိုဘာ ၃ဝ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။


Crayon Pop ဂီတအဖွဲ့သည် တောင်ကိုရီးယား ပေါ့ပ်ဂီတ လောကသို့ Saturday Night Bing Bing နှင့် Dancing တေးသီချင်းတို့ဖြင့် ရောက်ရှိ လာခဲ့သော်လည်း မျှော်လင့်ထား သလောက် အောင်မြင်မှု မရရှိခဲ့ပေ။

Crayon Pop အဖွဲ့အား ပရိသတ်များက အသိအမှတ် ပြုခဲ့သော တေးသီချင်းမှာ Bar Bar Bar တေးသီချင်း ဖြစ်ပြီး ၎င်းတေးသီချင်းသည် k-pop ဂီတလောက၏ လူကြိုက် အများဆုံး k-pop တေးသီချင်း ၁ဝဝ စာရင်းတွင် သီတင်းပတ ပေါင်းများစွာ နံပါတ်တစ်နေရာ တွင် ရပ်တည်ခဲ့သည်။

Bar Bar Bar တေးသီချင်းကို မော်တော်ဆိုင်ကယ် ဦးထုပ် အကသီချင်းဟုပင် အမည်တွင် လောက်အောင် ပရိသတ်များက အားပေးခဲ့ပြီးYou Tube ဝက်ဘ်ဆိုက်တွင်လည်း ကြည့်ရှုသူ ပရိသတ် ရှစ်သန်းထက်မနည်း ရှိခဲ့သည်ဟု သိရသည်။



ရုရှားနိုင်ငံက SUKHOI T-50 ဂျက်တိုက် လေယာဉ်သစ်ကို အောင်မြင်စွာ စမ်းသပ်

Wednesday, 30 October 2013



ရုရှားနိုင်ငံထုတ် Sukhoi T-50 ဂျက်တိုက် လေယာဉ်သစ်ကို နိုင်ငံ့အရှေ့ဘက်စွန်း Komsomolsk-on-Amur မြို့ရှိ Gagarin လေယာဉ်ထုတ်လုပ်ရေး စက်ရုံမှ ထုတ်လုပ်ခဲ့ပြီး


ပထမဆုံး အကြိမ်အဖြစ်မိနစ် ၅ဝ ကြာ စမ်းသပ်ပျံသန်းခဲ့ကြောင်း Sukhoi လေယာဉ် ထုတ်လုပ်သည့် ကုမ္ပဏီက အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။

အဆိုပါ စမ်းသပ်ပျံသန်းမှုတွင် အင်ဂျင်၏ လုပ်ဆောင်မှုနှင့် ဝေဟင်၌ လေယာဉ်၏ တည်ငြိမ်မှုတို့ အပါအဝင် ၎င်းလေယာဉ်၏ လုပ်ဆောင်ချက် အားလုံးကို အောင်မြင်စွာ စမ်းသပ် နိုင်ခဲ့ကြောင်း ပျံသန်းမှု အစီအစဉ်တွင် ပါရှိသည့် အဆင့်အားလုံးတွင် ကောင်းမွန်စွာ လုပ်ဆောင် ခဲ့ကြောင်းနှင့် လေယာဉ်တွင် တပ်ဆင်ထားသည့် ပစ္စည်း ကိရိယာနှင့်စနစ် များအားလုံးသည် ယုံကြည် စိတ်ချရကြောင်းကို လေယာဉ်မှူးက အတည်ပြုခဲ့ကြောင်း သိရ သည်။

ရုရှားနိုင်ငံ၏ အနာဂတ် တိုက်လေယာဉ်များအတွက် အရေးပါလာမည့် T-50 ဂျက်တိုက် လေယာဉ်သည် ကိုယ်ပျောက်နှင့် နာနိုနည်းပညာ မြင့်မားသည့် စစ်ကစားမှု၊ အသံ ထက်မြန်စွာ ပျံသန်းနိုင်မှုနှင့် X-band ရေဒါပါဝင်သည့် ခေတ်မီ အီလက်ထရွန်နစ် စနစ်များကို ထည့်သွင်းထားသည့် ပဉ္စမမျိုးဆက်ဘက်စုံသုံး ဂျက်တိုက်လေယာဉ် တစ်စင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေး ကဒ်များ စမတ်ကဒ် အဖြစ်ပြောင်းမည်

မြန်မာနိုင်ငံမှာ ပြည်သူလူထုတွေ လက်ရှိအသုံးပြုနေတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) တွေကို နိုင်ငံတကာအဆင့်မီ စမတ်ကတ်အဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနက ပြောပါတယ်။





လက်ရှိမြန်မာနိုင်ငံမှာ ထုတ်ပေးနေတဲ့ ပန်းရောင် နိုင်ငံသားစိစစ်ရေးကပ်ပြာတွေဟာ အလွယ်တကူ ပျက်စီးနိုင်ပြီး ပုံစံတူ မှတ်ပုံတင်အတုတွေ ပြုလုပ်နိုင်ခြေရှိတဲ့အတွက် နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေအဖြစ် ပြောင်းလဲပေးဖို့ စီစဉ်နေတာလို့ ဆိုပါတယ်။
၂၀၁၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး နောက်ပိုင်းနဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ စမတ်ကတ်တွေ ပြောင်းလဲထုတ်ပေးနိုင်အောင် စီစဉ်နေတာလို့ ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီဌာန ညွှန်ကြားရေးမှူး ဦးကြည်လင်းက ဒီဗွီဘီကို ပြောပါတယ်။
“၂၀၁၄ သန်းခေါင်စာရင်းပြီးရင် အဓိကကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ မဲစာရင်းပြုစုတဲ့ အခါမှာ မထပ် မကျန်အောင် လူစာရင်းတွေ ပါအောင် အထောက်အကူပြုမှာပါ။ လူဦးရေ အပေါ်မှာ ထပ်ပြီးရလာမယ့် အကျိုးအကျေးဇူး အားလုံး၊ ၀န်ကြီးဌာနအားလုံးကို အထောက်အကူ ပြုနိုင်မယ်။ နိုင်ငံတော်အတွက်လည်း အထောက်အကူပြုမယ်။ စိစစ်ရေး ကတ်ပြားတွေ စမတ်ကတ်တွေ ဖြစ်လာမယ်။ နောက် ပီအာရ် စနစ်တွေ ဆက်တိုက်လာမှာပေါ့။ ဒါပေမယ့် နိုင်ငံတော်ရဲ့ ကြွယ်ဝချမ်းသာမှုအပေါ်မှာ မူတည်တာပေါ့။ လုပ်ပေးနိုင်တဲ့ အချက်အလက်တွေ အများကြီးထုတ်ထားပြီးပြီ။ နိုင်ငံတိုင်းမှာ စမတ်ကတ်တွေပဲ သုံးတော့တယ်။ ရေစိုပျက်တာတို့ ဘာတို့ သက်သာတယ်။ တာရှည်ရေရှည်အသုံးပြုနိုင်တယ်။”
မြန်မာ့အိမ်နီးချင်းနိုင်ငံတွေ အပါအ၀င် ဒေသတွင်းနိုင်ငံတွေမှာ မှတ်ပုံတင်ကတ်ပြားတွေကို ကွန်ပျူတာစနစ်သုံး စမတ်ကတ်တွေအဖြစ် အသုံးပြုနေတာဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ ကတ္ထူစက္ကူနဲ့ လုပ်ထားတဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားတွေကိုပဲ အသုံးပြုနေကြတာပါ။
ရန်ကုန်မှာ စမတ်ကတ်တွေ လုပ်ပေးနေတဲ့ ဒစ်ဂျစ်တယ် ကောဒစ် ကုမ္ပဏီပိုင်ရှင် ဦးအောင်သပြေကတော့ အချက်အလက်တွေ ထည့်သိမ်းဆီးထားနိုင်တဲ့ နိုင်ငံတကာအဆင့်မီ စမတ်ကတ်တွေကို သုံးသင့်တယ်လို့ ပြောပါတယ်။
“လုပ်မယ်ဆိုရင် အကောင်းဆုံးကတော့ တကယ့် စမတ်ကတ်အစစ် အချက်အလက်တွေလည်း ထည့်ထားရမယ်။ နိုင်ငံတော် ဗဟိုအဆင့်မှာ ပြည်သူလူထုရဲ့ အချက်အလက်တွေကို ထည့်ထားမယ်။ ဒါတွေကို တိုက်ဆိုင်စစ်ဆေးမယ်၊ အဲဒီအဆင့်ထိ လုပ်နိုင်ရင် အကောင်းဆုံးပေါ့။ မြန်မာပြည်မှာ အခု မှားယွင်းနေတာက ဘာမှ ကွန်ပျူတာနဲ့ သုံးလို့မရတဲ့ ပလတ်စတစ်ကတ်ကို စမတ်ကတ်လို့ ခေါ်နေတာက မှားယွင်းနေတာပေါ့။ သူတို့ ပြောတဲ့စမတ်ကတ်ဟာ ရိုးရိုး ပလတ်စတစ်ကတ်ပဲလား၊ ကွန်ပျူတာလုံခြုံရေးစနစ်တွေနဲ့ သုံးနေတဲ့ မခွဲခြားနိုင်လို့ ဖြစ်မှာပေါ့။”
၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေပေါ်ပြီးနောက်ပိုင်း ၁၉၈၅ ခုနှစ်ကစပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားထုတ်ပေးခဲ့တာဖြစ်ပြီး မြန်မာတနိုင်ငံလုံးအတိုင်အတာနဲ့ ကတ်ပြားပေါင်း ၃၉ သန်းကျော် ထုတ်ပေးထားတယ်လို့ နေပြည်တော် လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင် ဦးစီးဌာနက ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူဦးရေ သန်း ၆၀ လောက်ရှိမယ်လို့ ခန့်မှန်းထားပေမယ့် လက်ရှိလူဦးရေ စာရင်းအတိ အကျ ကိုတော့ လာမယ့်နှစ် မတ်လမှာ ပြုလုပ်မယ့် ပြည်လုံးကျွတ်သန်းခေါင်စာ ရင်း ကောက်မှုအပြီးမှာမှ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
dvb

၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောင်းကင်ဂြိုလ်တု အကူအညီဖြင့်ကောက်မည်





၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအား တစ်နိုင်ငံ လုံးကို ကောင်းကင်ဂြိုလ်တုမှ ဓာတ်ပုံရိုက် ယူပြီး ဖော်ဆောင် ထားသော ကောက်ကွက်များ အတိုင်း ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီလ ၁၀ ရက်အတွင်း တွေ့ရာနေရာတွင် ကောက်ယူ သောဒီဖက်တိုနည်း စနစ်ဖြင့် ကောက်ခံသွား မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးခင်ရီကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊အစိုးရ ရုံးခန်းမဆောင်တွင် ဟိုတယ်လုပ် ငန်းရှင်များ၊ စက်မှုလုပ်ငန်းရှင် များကိုဖိတ်ခေါ်၍ ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေး ဆိုင်ရာ ရှင်းလင်းပွဲကျင်းပပြုလုပ် ခဲ့ရာတွင် ၎င်းကယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။

““ပဋိပက္ခဖြစ်ပွားနေတဲ့နယ် မြေတချို့ဒေသတွေကို ယူရီယန် မြေပုံတွေနဲ့ကြည့်မယ်။ မြေပုံတွေ ကိုလည်း မှာထားပြီ။ နောက်ထပ် တစ်နိုင်ငံလုံးကို ကောင်းကင် ဂြိုလ်တုကနေရိုက်ပြီးတော့ကောက် မယ်။ အဲဒီလိုလုပ်တဲ့အတွက် မရောက်နိုင်တဲ့နေရာတွေမှာရှိတဲ့ အိမ်အရေအတွက်တွေရမယ်။ လုပ်နိုင်မှုကတော့ တစ်နိုင်ငံလုံး ကို ရာခိုင်နှုန်းပြည့်လုပ်နိုင်သွား နိုင်မယ်လို့ ယုံကြည်ပါတယ်”” ဟု ၎င်းကပြောသည်။

သန်းခေါင်စာရင်းကောက်ယူ ရာတွင် မြန်မာနိုင်ငံအခြေစိုက် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများ တွင် တာဝန်ထမ်းဆောင်နေ သော နိုင်ငံခြားသားသံတမန်များ နှင့် မိသားစုဝင်များ၊ ၂၀၁၄ ခုနှစ် မတ် ၂၉ ရက်၊ ညဥ့်သန်းခေါင် ကျော်လွန်ပြီးမှ မွေးဖွားလာသော ကလေးများမှလွဲ၍ ကျန်သန်း ခေါင်စာရင်းရည်ညွှ န်း ချိန်အတွင်း မြန်မာနိုင်ငံနယ်နိမိတ်အတွင်း နေထိုင်သူအားလုံးကို စာရင်း ကောက်ယူမှုသည် မြန်မာနိုင်ငံ တွင်လွတ်လပ်ရေးရပြီးနောက်ပိုင်း နှစ်ကြိမ်သာကောက် ယူနိုင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အရပ်အရှည်ဆုံး တူရကီ အမျိုးသား ဆီးရီးယား အမျိုးသမီးနှင့် လက်ထပ်



Wednesday, October 30, 2013



  Created on Tuesday, 29 October 2013


ကမ္ဘာ့အရပ်အရှည်ဆုံးပုဂ္ဂိုလ် စူတန်ကိုဆင် (၀ဲ) နှင့် ဇနီးတို့ကို အောက်တိုဘာ ၂၇ ရက်က လက်ထပ်မင်္ဂလာ အခမ်းအနားတွင် တွေ့ရစဉ် (Photo:AFP)


ကမ္ဘာ့အရပ်အရှည်ဆုံး တူရကီ အမျိုးသား စူတန်ကိုစင်သည် ဆီးရီးယား အမျိုးသမီး တစ်ဦးနှင့် အောက်တိုဘာ ၂၇ ရက်က လက်ထပ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အရပ် ၂ ဒသမ ၅၁ မီတာရှည်သော အသက် ၃၁ နှစ်အရွယ် ကိုဆင်သည် အရပ် ၁ ဒသမ ၇၅ မီတာမြင့်ပြီး အသက် ၂၀ အရွယ်ရှိသော မာဗီဒီဘိုအား လက်ထပ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော့်ရဲ့ ခံစားမှုတွေကို စကားလုံးတွေနဲ့ မဖော်ပြနိုင်ပါဘူး။ ကမ္ဘာပေါ်မှာ ကျွန်တော်က အပျော်ဆုံးသူ ဖြစ်သွားပါပြီ" ဟု တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ ကိုဆင်၏ ဇာတိမြို့ဖြစ်သော မာဒင်၌ ပြုလုပ်ခဲ့သည့် မင်္ဂလာပွဲ အခမ်းအနားတွင် ကိုဆင်က ပြောကြားခဲ့သည်ဟု နိုင်ငံပိုင် အနာလိုတီယာ သတင်းအေဂျင်စီ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။

ဟာဆာကာ မြို့သူဖြစ်သော မာဗီဒီဗိုက "ဒီပျော်ရွှင်မှုဟာ တစ်သက်လုံး ဖြစ်ပါစေလို့ ကျွန်မမျှော်လင့်ပါတယ်" ဟု ပြောကြားခဲ့သည်။ မင်္ဂလာပွဲ အခမ်းအနားတွင် ချည်အရှည်ရှိသော ရက်ထည်ဖြင့် ပြုလုပ်ရသည့် ရိုးရာဝတ်စုံအား ကိုစင်က ၀တ်ဆင်ခဲ့ကြောင်း သိရသည်။ တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ လယ်သမား မိဘများမှ မွေးဖွားလာခဲ့သူ ကိုစင်သည် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းများ စာအုပ်တွင် ကမ္ဘာပေါ်၌ အရပ်အရှည်ဆုံးဖြစ်ကြောင်း ၂၀၀၉ ခုနှစ်က သတ်မှတ်ခံခဲ့ရပြီးနောက် လူသိများလာ ခဲ့သည်။ ထိုအချိန်က ကိုဆင်၏ အရပ်အမြင့်မှာ ၂ ဒသမ ၄၇ မီတာသာ ရှိသေးသည်။

ဦးနှောက်အတွင်းရှိ ခန္ဓာကိုယ် ကြီးထွားမှုနှင့်ဆိုင်သော ပစ်ကျူထရီ ဂလင်းအား သက်ရောက်စေသော အသားပို တစ်ခုကြောင့် ၎င်း၏အရပ် ထပ်မံရှည်ထွက်လာခြင်းဖြစ်ကြောင်း သိရသည်။

Gamma Knife ဟုခေါ်သည့် ခွဲစိတ်ပစ္စည်း အသုံးပြုပြီး ကြိမ်နှုန်းမြင့် ဓာတ်ရောင်ခြည်နှင့် ပစ်ခတ်ကာ ကိုစင်၏ အသားပိုအား အမေရိကန် ဆရာဝန်များက ၂၀၁၀ ပြည့်နှစ် သြဂုတ်လ၌ ကုသပေးခဲ့သည်။

အရပ်ဆက်လက် ရှည်စေသည့် ဟိုမုန်းဖောက်ပြန်မှု ရောဂါ ကိုဆင့်တွင် မရှိတော့ကြောင်း ဆရာဝန်များက ၂၀၁၂ ခုနှစ်အတွင်းက ပြောကြားခဲ့သည်။ ကိုစင်သည် ချိုင်းထောက်အသုံးပြု၍ သွားလာနေရသည်။

Ref:AFP

တူရကီက ပင်လယ်အောက် ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်း စတင်

Wednesday, October 30, 2013


ဘော့စဖရပ်စ် ရေလက်ကြားတွင် ငါးဖမ်းနေသူများအနီး ရပ်နေသူ တစ်ဦးကို အောက်တိုဘာ ၂၈ ရက်က တွေ့ရစဉ် (Photo:AFP)

တူရကီနိုင်ငံသည် ဘော့စဖရပ်စ် ရေလက်ကြား အောက်မှနေ၍ မြေအောက်ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်ကို အောက်တိုဘာ ၂၉ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။ ယင်းစီမံကိန်းအတွက် ယူရိုသုံးဘီလျံကု န်မည်ဖြစ်ပြီး အစ္စတန်ဘူလ်မြို့၏ ဥရောပဘက်ပိုင်းနှင့် အာရှဘက်ပိုင်းကို ဆက်သွယ်ပေးမည့် ရထားလမ်းဖြစ်သည်။ ယင်းသည် တူရကီ အစိုးရ၏ ကြီးမားသော စီမံကိန်းများထဲမျှ တစ်ခုဖြစ်သည်။

ဥမင်လိုဏ်ခေါင်းသည် ၁၃ ဒသမ ၆ ကီလိုမီတာ (၈ ဒသမ ၅ မိုင်) ရှည်လျားမည်ဖြစ်ပြီး ကမ္ဘာ့အနက်ဆုံး ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖြစ်လာမည်ဖြစ်သည်။ ယင်းသည် ပင်လယ်ကြမ်းပြင်အောက် ၆၀ မီတာ (ပေ ၂၀၀ နီးပါး) ၌ ရှိမည်ဖြစ်သည်။

အဆိုပါ ရထားလမ်း ဖောက်လုပ်ရန် ကြေညာသည့်နေ့သည် ခေတ်သစ်တူရကီနိုင်ငံကို ထူထောင်ခဲ့သည့် နှစ် ၉၀ မြောက် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်နေသည်။

ယခု ဥမင်လိုဏ်ခေါင်း ရထားလမ်းသည် ရှိပြီးသား ဆင်ခြေဖုံးဒေသ ရထားလမ်းများ အဆင့်မြင့် ချဲ့ထွင်မှု စီမံကိန်း တစ်စိတ်တစ်ဒေသဖြစ်ပြီး ရထားလမ်း တစ်ခုလုံးသည် ၇၆ ကီလိုမီတာ (၄၇ မိုင်) ရှည်လျားပြီး ဥရောပတိုက်နှင့် အာရှတိုက်ကို ဆက်သွယ်ပေးမည်ဖြစ်သည်။

ယခု ရထားလမ်း စီမံကိန်းကို အော့တမန် အင်ပါယာဘုရင် ဆူလတန်အဗ္ဗဒူမက်ဂျစ်က ၁၈၆၀ ပြည့်နှစ် ကတည်းက စိတ်ကူးထားခဲ့သော်လည်း ထိုစဉ်က အကောင်အထည်ဖော်ရန်အတွက် လုံလောက်သော နည်းပညာဆိုင်ရာ ကိရိယာများ မရှိခဲ့ပေ။ ၁၉၈၀ ပြည့်လွန်နှစ်များအတွင်း ပင်လယ်အောက်မှနေ၍ ဥမင်လိုဏ်ခေါင်း ရထားလမ်း ဖောက်လုပ်ရန် စိတ်ကူးခဲ့ပြီး လေ့လာချက်များအရ ယင်းကဲ့သို့ ဥမင်လိုဏ်ခေါင်းမျိုးသည် တည်ဆောက်ရန်ဖြစ်နိုင်ပြီး အကုန်အကျလည်း သက်သာဖွယ်ရှိကြောင်း တွေ့ရှိခဲ့ရသည်။ အစ္စတန်ဘူလ်မြို့၏ မြို့တော်ဝန်ဟောင်း တစ်ဦးဖြစ်သော ၀န်ကြီးချုပ် ရေဆက်တေယစ်အာဒိုဂန်သည် လူဦးရေ ၁၆ သန်းရှိသော အစ္စတန်ဘူလ်မြို့အတွက် ဆောက်လုပ်ရေး စီမံကိန်းများကို စိတ်ကူးခဲ့ရာတွင် ၂၀၀၄ ခုနှစ်၌ ယခုရထားလမ်း ဖောက်လုပ်မည့် အစီအစဉ်ကို ပြန်လည်အသက်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Ref:AFP

တရုတ်က နျူကလီးယား ရေငုပ်သင်္ဘော အင်အားကို နှစ် ၄၀ အတွင်း ပထမဆုံးအကြိမ် ပြသ

Wednesday, October 30, 2013



ရက်စွဲမဖော်ပြထားသော ဓာတ်ပုံတွင် တရုတ်ပြည်သူ့ တပ်မတော်၏ နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော တစ်စင်းပေါ်တွင် ရေတပ်တပ်ဖွဲ့ဝင်များကို တွေ့ရစဉ် (Photo:AFP)

ပိုင်နက်အငြင်းပွားမှုများ မြင့်တက်နေချိန်တွင် တရုတ်က ဆယ်စုနှစ် လေးခုခန့်အတွင်း ပထမဆုံး အကြိမ်အဖြစ် နျူကလီးယား ရေငုပ်သင်္ဘောတပ်စုကို အောက်တိုဘာ ၂၉ ရက်၌ လူထုသို့ ပြသခဲ့ပြီး နိုင်ငံပိုင် မီဒီယာက တရုတ်၏ တိုက်ခိုက်နိုင်စွမ်းအားကို အခြားနိုင်ငံများအား ပြသရန် လိုအပ်ကြောင်း ရေးသားခဲ့သည်။ မကြာသေးမီ ရက်များအတွင်းက စစ်ရေးလေ့ကျင့်မှုများကို နိုင်ငံပိုင်ရုပ်သံ စီစီတီဗီက ထုတ်လွှင့်ပြသခဲ့ပြီး ယခုအခါတွင်လည်း တရုတ်ရေငုပ် သင်္ဘောများ အကြောင်းကို နိုင်ငံပိုင် သတင်းစာများ၏ ရှေ့မျက်နှာဖုံးတွင် ဖော်ပြခဲ့ပြီး တရုတ်၏ ရေပြင်စွမ်းအားကို ကြေညာခဲ့သည်။

တရုတ်၏ ပထမဆုံး နျူကလီးယား စွမ်းအားသုံး ရေငုပ်သင်္ဘောကို ၁၉၇၀ ပြည့်နှစ်တွင် စတင်သုံးစွဲခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာ ဂလိုဘယ်လ်တိုင်းမ်က ဖော်ပြခဲ့ပြီး ကျန်ရေငုပ်သင်္ဘောများ၏ အကြောင်းကိုမူ မဖော်ပြခဲ့ပေ။ "ခိုင်မာယုံကြည်ရတဲ့ နျူကလီးယား တိုက်ခိုက်မှုစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ တရုတ်ဟာ အင်အားကြီးမား ပါတယ်။ အချို့နိုင်ငံတွေဟာ သူတို့ရဲ့ တရုတ်ဆိုင်ရာ မူဝါဒကို ကျင့်သုံးရာမှာ ဒီစွမ်းရည်ကို ထည့်သွင်းစဉ်းစားခြင်း မရှိတာကြောင့် လူထုအမြင်မှာ တရုတ်ကို အလေးအနက် မထားတဲ့ သဘောထားတွေကို ဖြစ်စေပါတယ်" ဟု ဂလိုဘယ်လ်တိုင်းမ်၏ အယ်ဒီတာ့အာဘော်တွင် ရေးသားခဲ့သည်။ အရှေ့နှင့် တောင်တရုတ်ပင်လယ်တို့တွင် နယ်မြေအငြင်းပွားမှုများ၌ တရုတ်က ခက်ထန်သော သဘောထား ပြသလာကြောင်း စွပ်စွဲမှုများကို ဂလိုဘယ်လ်တိုင်းမ် အယ်ဒီတာ့အာဘော်က "ဒီလို အင်အားပြသတာက တရုတ်ခြိမ်းခြောက်မှုဆိုတဲ့ ခန့်မှန်းပြောကြား မှုတွေအတွက် ဆင်ခြေပေးစရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ဒီအကျိုးရလဒ်က အပြင်က သဘောထားတွေကြောင့် ဖြစ်လာတဲ့ အကျပ်အတည်းတွေကို မှေးမှိန်စေပါလိမ့်မယ်" ဟု ဆက်လက်ဖော်ပြခဲ့သည်။

တရုတ်က ရေငုပ်သင်္ဘောသစ်များထက် ပင်လယ်အောက်မှ ဒုံးကျည်ပစ်လွှတ်နိုင်သော မျိုးဆက်ဟောင်း ရေငုပ်သင်္ဘောများကို အဓိကထား ပြသခဲ့ကြောင်း လေ့လာသုံးသပ်သူများက ပြောကြားခဲ့သည်။

Ref:AFP

ဥရောပ မြောက်ပိုင်းတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ ၁၁ ဦး သေဆုံး

Wednesday, October 30, 2013


လန်ဒန်တွင် မုန်တိုင်းကြောင့် သစ်ပင်များ ပြိုလဲပြီးနောက် အောက်တိုဘာ ၂၈ ရက်က အပျက်အစီးများ ရှင်းလင်းနေစဉ် (Photo:AFP)

ဥရောပ မြောက်ပိုင်းတွင် အင်အားပြင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် အောက်တိုဘာ ၂၈ ရက်တွင် လူ ၁၁ ဦးထက်မနည်း သေဆုံးခဲ့ကာ ပို့ဆောင်ရေး ၀န်ဆောင်မှုများ နှောင့်နှေးကြန့်ကြာခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဗြိတိန်တွင် လေးဦး၊ ဂျာမနီတွင် သုံးဦး၊ နယ်သာလန်တွင် နှစ်ဦး၊ ပြင်သစ်တွင် တစ်ဦးနှင့် ဒိန်းမတ်တွင် တစ်ဦး သေဆုံးခဲ့သည်။ သေဆုံးသူ ၁၁ ဦးသည် သစ်ပင်ပိမိခြင်း၊ ဓာတ်ငွေ့ပိုက် ပေါက်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားကာ နေအိမ်ပြိုလဲမှုအတွင်း ပိမိခြင်း၊ ရေနစ်ခြင်း၊ အုတ်ခဲထိမှန်ခြင်း စသည်တို့ကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၂၇ ရက်တွင် အင်္ဂလန်တောင်ပိုင်း ကမ်းခြေတစ်ခုတွင် ရေလွှာလျှော စီးနေစဉ် ပျောက်ဆုံးသွားသော အသက် ၁၄ နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ကယ်ဆယ်ရေး ၀န်ထမ်းများက ရှာဖွေရာတွင် ပင်လယ်ပြင်တွင် ဆိုးရွားသော ရာသီဥတု အခြေအနေများက အတားအဆီး ဖြစ်နေသည်။

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်က ယင်းမုန်တိုင်းကြောင့် သေဆုံးမှုများကို အလွန်ဝမ်းနည်းဖွယ်အဖြစ် ပြောကြားခဲ့သည်။

အင်္ဂလန်တောင်ပိုင်း ကမ်းရိုးတန်း တောင်ပိုင်းအနီးဝိုက်ကျွန်းတွင် တစ်နာရီ ၉၉ မိုင်နှုန်းဖြင့် လေပြင်းတိုက်ခတ်ခဲ့ကြောင်း ဗြိတိန်မိုးလေ၀သ ဌာနက ထုတ်ပြန်ခဲ့သည်။ လေပြင်းများကြောင့် ဗြိတိန်နှင့် ပြင်သစ်တွင် နေအိမ် ၅၀၀၀၀၀ ကျော် လျှပ်စစ်ဓာတ်အား မရရှိဘဲ နေထိုင်နေခဲ့ရကြောင်း သိရသည်။

တစ်နာရီ မိုင် ၈၀ နှုန်းဖြင့် တိုက်ခတ်သော လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သစ်ပင်ထောင်ပေါင်းများစွာ လဲပြိုပြီး ကိုပင်ဟေဂင်လေဆိပ်တွင် ခရီးသည် ထောင်ပေါင်းများစွာ သောင်တင်ခဲ့သည်။ အင်္ဂလန်တောင်ပိုင်း၊ ဒိန်းမတ်၊ နယ်သာလန်နှင့် ဂျာမနီတို့တွင် ရထားပို့ဆောင်ရေး ၀န်ဆောင်မှုများစွာ ဖျက်သိမ်းခဲ့ရသည်။ အင်္ဂလန် အရှေ့တောင်ပိုင်းရှိ နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ခုတွင်လည်း ဓာတ်ပေါင်းဖိုနှစ်ခုစလုံး အလိုအလျောက် ပိတ်သွားခဲ့ကြောင်း သိရသည်။

Ref:AFP

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ထပ်မံတိုးချဲ့လိုက်ကြောင်း ထုတ်ပြန်

 Created on Tuesday, 29 October 2013


ရွှေတိဂုံစေတီတော် ပတ်ဝန်းကျင် တစ်ဝိုက်အား အောက်တိုဘာလ အတွင်းက တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ထင်)

ရန်ကုန်မြို့တော်အတွင်း အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ထပ်မံတိုးချဲ့လိုက်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်က ပြောကြားသည်။

အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ကန့်သတ်သည့် ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအား ၁၉၉၄ ခုနှစ်တွင်တစ်ကြိမ် သတ်မှတ်ခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံ ၀န်းကျင်ဖြစ်သော ရှင်စောပုလမ်းနှင့် ဗဟိုလမ်းကိုပါ တိုးချဲ့သတ်မှတ် ခဲ့ကြောင်းနှင့် ယခု ၂၀၁၃ ခုနှစ် စက်တင်ဘာလတွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် တစ်ဝိုက်ကိုပါ ထပ်မံတိုးချဲ့ ခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဇော်က ပြောကြားသည်။

"ကန်တော်ကြီးကလည်း ရွှေတိဂုံစေတီတော် ကန့်သတ်နယ်မြေထဲမှာ ပါပြီးသားပါ။ ကန်တော်ကြီးရဲ့ မျက်နှာချင်းဆိုင်ဖြစ်တဲ့ အခုတိရစ္ဆာန် ဥယျာဉ်ကိုပါ ထပ်သတ်မှတ်ခြင်းအားဖြင့် တစ်ဆပ်တစ်စပ်တည်း ဖြစ်သွားအောင်လို့ပါ" ဟု ဦးမောင်မောင်ဇော်က ပြောကြားသည်။

ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာအတွင်း အထပ်မြင့် ဆောက်လုပ်ခွင့် ကန့်သတ်ကာ ဆောက်လုပ်မည့် အဆောက်အအုံများသည့် အမြင့် ၆၂ ပေထက် မပိုရကြောင်း၊ စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ဆောက်လုပ်မည် ဆိုပါက အဆောက်အအုံ အမြင့်သည် ရွှေတိဂုံ စေတီတော်ကြမ်းပြင် (ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၁၉၀) ထက် မကျော်လွန်စေရန် သတ်မှတ်ထားပြီး ရွှေတိဂုံ စေတီတော် ကန့်သတ်ဧရိယာ ပြင်ပတွင်ဖြစ်ပါက မည်သည့်အဆောက်အအုံမျှ စေတီတော်၏ ငှက်ပျောဖူးအောက်ခါးစည်း (ပင်လယ်ရေမျက်နှာပြင် အထက်အမြင့်ပေ ၄၁၇ ပေ) ထက် မကျော်စေရန် သတ်မှတ်ထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယခု ထပ်မံတိုးချဲ့သည့် တိရစ္ဆာန်ဥယျာဉ် ပတ်ဝန်းကျင် မပါဝင်မီ ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာသည် မြောက်ဘက်တွင် ဓမ္မစေတီလမ်းနှင့် ရှင်စောပုလမ်း၊ တောင်ဘက်တွင် မင်းရဲကျော်စွာလမ်း-မြို့ပတ်ရထားလမ်း-ရွှေတိဂုံဘုရား လမ်းဆုံမှ ယောမင်းကြီးဦးဖိုးလှိုင်လမ်း၊ အရှေ့ဘက်တွင် အလံပြ ဘုရားလမ်း-တိရစ္ဆာန်ဥယျာဉ်လမ်း-ကန်လမ်း-စက်ရုံလမ်း-နတ်မောက်လမ်း-ကမ္ဘာအေး စေတီလမ်း၊ အနောက်ဘက်တွင် ဗဟိုလမ်းတို့အထိ အကျုံးဝင်သည်ဟု သိရသည်။

ယင်းသို့ ရွှေတိဂုံစေတီတော် ကန့်သတ်ဧရိယာ သတ်မှတ်ထားသည့်ကြားမှ ကန့်သတ်ဧရိယာအတွင်း ပါဝင်သည့် ရွှေဂုံတိုင် ၅ လမ်း၊ အနောက်ရွှေဂုံတိုင်ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် ၁၀ ထပ်တိုက် (မြေအောက် ၁ ထပ် ကားပါကင်) ပါဝင်သည့် အဆောက်အအုံ ဆောက်လုပ်ရန်နှင့် မြေတိုင်းအမှတ် ၂၀ အေ၊ ဗဟန်းမြို့နယ်တွင် ၂၂ ထပ် (Commercial Complex) ဆောက်လုပ်ခွင့် တင်လာသည့် အဆောက်အအုံနှစ်လုံး တင်ပြလာခြင်းတို့အား ကန့်သတ်ဧရိယာတွင် ဖြစ်နေ၍ ဆောက်လုပ်ခွင့် မပြုခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အထပ်မြင့် အဆောက်အအုံများ စစ်ဆေးရေး ကော်မတီမှ သြဂုတ်လ အတွင်းက ထုတ်ပြန်ခဲ့သည်။

EMG

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားလာ၍ အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းရန် တင်းကျပ်စွာ စစ်ဆေးဟုဆို

 Created on Wednesday, 30 October 2013


ယာဉ်ကြောပိတ်ဆို့မှု ပုံမှန်ဖြစ်လေ့ ရှိနေသည့် သျှင်ပါကူ ဆေးခန်းရှေ့အား အောက်တိုဘာ၂၉ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်

ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာခြင်းကြောင့် ၂၅၀၀ စတုရန်းပေ (ပေ ၅၀ ပတ်လည်) တွင် အသစ်ဆောက်လုပ်မည့် အဆောက်အအုံများတွင် ကားပါကင်များ ထည့်သွင်းစေပြီး တင်းကျပ်စွာ စစ်ဆေးနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အဆောက်အအုံဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။

"ရန်ကုန်မြို့မှာ နေ့စဉ်ခံစား နေရတာက ကားပိတ်ဆို့မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့် ပေ ၅၀ ပတ်လည် မြေကွက်မှာ ဘယ်လိုအဆောက်အအုံမျိုးပဲ အသစ်ဆောက်ဆောက် ကားပါကင်ကို မဖြစ်မနေ တင်းတင်းကျပ်ကျပ် ထည့်ခိုင်းပါတယ်။ အခုဆိုရင် ရှော့ပင်းမောလ်တွေရှေ့မှာ ကားတွေပိတ်တယ်။ ကမ္ဘာအေး ဂမုန်းပွင့်ရှေ့၊ တော်ဝင်စင်တာ ရှေ့တို့မှာ ယာဉ်ထိန်းရဲတွေတောင် မနိုင်တော့ဘူး။ တာမွေက သျှင်ပါကူ ဆေးခန်းရှေ့မှာလည်း ကားတွေပိတ်နေပါတယ်" ဟု ၎င်းကပြောကြားသည်။

အသစ်ဆောက်မည့် အဆောက်အအုံများတွင် ကားပါကင်အား အဆောက်အအုံ၏ မြေညီထပ်တွင်ဖြစ်စေ၊ မြေအောက်ထပ်တွင်ဖြစ်စေ၊ ဘေးမြေကွက်လွတ် ရှိပါက မြေကွက်လွတ်တွင်ဖြစ်စေ အဆင်ပြေသည့် နေရာ၌ ထည့်သွင်းရန် သတ်မှတ်ထားပြီး အဆိုပါ သတ်မှတ်ချက်ကို ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ စတင်ကာ သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့တွင် လမ်းများ၏ အနေအထားနှင့် ယာဉ်အစီးရေ မမျှတခြင်း၊ ယာဉ်ရပ်နားနိုင်သည့် ကားပါကင်များ မရှိခြင်း၊ လမ်းများပေါ်တွင် စည်းကမ်းမဲ့ ယာဉ်ရပ်နားမှု အချို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားစွာ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး အဆောက်အအုံများတွင်လည်း အခန်းပမာဏနှင့် လုံလောက်သည့် ကားပါကင်များ မရှိသေးကြောင်း သိရသည်။ ယင်းကိစ္စအား ဖြေရှင်းရန် ယာဉ်ရပ်နားစခန်း အသစ်များ ထပ်မံတည်ဆောက်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ယခင်ထုတ်ပြန် ထားခဲ့သော်လည်း အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ရန်ကုန်မြို့တွင်း ယာဉ်ကြောရှုပ်ထွေးမှုများ မရှိစေရေးနှင့် ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်ရန် ကျပ်သန်း ၇၅၀ ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် စက်တင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေးမှ ခွင့်ပြုပေးခဲ့သည်။

EMG

Related Posts Plugin for WordPress, Blogger...