Thursday, 31 October 2013
ပုဂ္ဂလိက ဘဏ်လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
လက်ရှိ ရေးဆွဲနေသော ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့်အတူ ကမ္ဘာ့ဘဏ်က ဦးဆောင်ရေးဆွဲနေပြီး ယင်းဥပဒေကြမ်းတွင် ငွေကြေးခ၀ါချမှုဆိုင်ရာ ကာကွယ်တားဆီးရေး ပြဋ္ဌာန်းချက်များလည်း ပါဝင်ကြောင်း သတင်းရရှိသည်။
"ဒီနေ့မှာ နေပြည်တော်မှာ အလုပ်ရုံ အစည်းအဝေးပွဲပြီးတယ်။ ပြီးတော့ နောင်အသစ်ထွက်မယ့် ဥပဒေနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရယ်၊ ကမ္ဘာ့ဘဏ်ကနေပြီးတော့ လာရှင်းပါတယ်။ ဥပဒေကတော့ နိုင်ငံတကာ အဆင့်မီအောင် ရေးဆွဲထားတဲ့ ဥပဒေပါ။ သတ်မှတ်ထားတဲ့ စံချိန်စံညွန်းတွေနဲ့အညီ ဆွဲထားတာပါ။ ဒါပေမဲ့ လက်ရှိဥပဒေနဲ့ ပြောင်းလဲလာမယ့် ဥပဒေကြားထဲမှာတော့ ဆောင်ရွက်ရမယ့် ကိစ္စလေးတွေ ရှိတယ်။ အဲဒီကိစ္စရပ်တွေကို ဘယ်လို ပုံစံမျိုးပြောင်းလဲ ဆောင်ရွက်မလဲ ဆိုတဲ့အပိုင်းကိုတော့ ထပ်ညှိနှိုင်းရမယ်" ဟု ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အဖွဲ့ဝင် ကိုဖြိုးမင်းသိန်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင် ဘဏ်လုပ်ငန်းများ အကျပ်ရိုက်ခဲ့ပြီး အချို့ဘဏ်များ ဖျက်သိမ်းလိုက်ရသည်။ အကြောင်းမှာ ပြည်တွင်းရှိ ဘဏ်များ မူးယစ်ဆေးဝါး မှောင်ခိုမှုများနှင့် ပတ်သက်သောကြောင့် DEA ( Drug Enforcement Administration) မှ မြန်မာနိုင်ငံကို ဖိအား ပေးလာခဲ့ခြင်းအပေါ် အခြေတည်နေသည့်အတွက် လက်ရှိရေးဆွဲနေသော ဥပဒေတွင် ငွေကြေးခ၀ါချမှုနှင့် ပတ်သက်သည့် ပြဋ္ဌာန်းချက်များ ပါရှိခြင်း ရှိ၊ မရှိ The daily Eleven News ၏ မေးမြန်းချက်အပေါ် "အခု ရေးဆွဲနေတဲ့ ဥပဒေကို BFI ဆိုပြီးသုံးတယ်။ Banking and Financial Institution Law ပေါ့။ မြန်မာလိုတော့ ဘဏ်များနှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ ဥပဒေလို့ ခေါ်ပါတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့ အားတက်စရာ ကောင်းတယ်လို့ မြင်ပါတယ်။ ဒီဥပဒေမှာ ငွေကြေးခ၀ါချမှုနဲ့ ပတ်သက်ပြီး ပြဋ္ဌာန်းထားချက်တွေ ပါတယ်။ နောက်တစ်ခုက ဗဟိုဘဏ် ဥပဒေမှာလည်း ဒီသတ်မှတ်ထားတဲ့ နှုန်းရှိတယ်။ နိုင်ငံခြား Bank စာရင်းတွေကို လက်လွတ်စပယ် လုပ်လို့မရဘူး၊ ဗဟိုဘဏ်က သိမှ လုပ်လို့ရတယ်။ ဒါပေမဲ့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ လုပ်ထားတဲ့ ဘဏ်စာရင်းတွေတော့ နိုင်ငံခြားမှာ ရှိချင်ရှိမယ်။ ဒါပေမဲ့ တရားဝင်ကတော့ Bank account တွေက ဗဟိုဘဏ်ကို အသိပေးပြီးမှ ဖွင့်ရတာပါ။ ဒီ ဥပဒေက enforcement ရှိဖို့ပဲ လိုတယ်။ ဥပဒေကတော့ နိုင်ငံတကာ အဆင့်မီပါတယ်"ဟု ကိုဖြိုးမင်းသိန်းက ပြောကြားသည်။
သို့သော်လည်း အဆိုပါ ဥပဒေကြမ်းကို ရေးဆွဲနေဆဲ ကာလမှာပင် ပြည်တွင်းရှိ ဘဏ်လုပ်ငန်းများ အနေနှင့် နိုင်ငံခြားဘဏ်များ၏ လွှမ်းမိုးလာနိုင်မှုအတွက် စိုးရိမ်မှုများလည်း ရှိနေကြောင်း သိရသည်။"ပြည်တွင်း ဘဏ်လုပ်ငန်းရှင်တွေ အနေနဲ့ စိုးရိမ်မှုတွေ ရှိပေမယ့် နိုင်ငံသား ဘဏ်တွေရဲ့ ရပ်တည်မှုကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေဖြစ်မယ်လို့ ယုံကြည်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားသည်။
"နိုင်ငံခြားသားကို ပြည်တွင်းဘဏ်တွေရဲ့ ရှယ်ယာတွေ ၀ယ်ခွင့်ပြုမယ်ဆိုရင် ပြည်တွင်းက ဘဏ်တွေကို ၀ါးမျိုသွားမယ်ဆိုတာ လူတွေက ခန့်မှန်းပြီး ပြောနေကြတာပါ။ သဲသဲကွဲကွဲကို ထွက်မလာသေးဘူး။ ဘယ်တော့ ထွက်လာမလဲဆိုတော့ ဥပဒေရေးဆွဲပြီးရင် ထွက်လာမှာပါ"ဟု မြန်မာအရှေ့တိုင်းဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
EMG

0 comments:
Post a Comment