Wednesday, December 4, 2013

ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ကျင်းပခဲ့ဖူးခြင်း မရှိသော မြန်မာတို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ယနေ့စတင်မည်

 Wednesday, 04 December 2013


နိုဝင်ဘာ ၂၈ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်းတွင် ပြုလုပ်ခဲ့သည့် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးညွန့်)

ဆီးဂိမ်းစ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တစ်ကြိမ်တစ်ခါမျှ ထည့်သွင်းကျင်းပ ခဲ့ဖူးခြင်း မရှိသော မြန်မာတို့ ရွှေတံဆိပ် ရနိုင်သည့် ရိုးရာခြင်းလုံး ပြိုင်ပွဲဖြင့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ် အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၄ ရက် (ယနေ့) တွင် စတင်ကျင်းပမည် ဖြစ်သည်။

၄၄ နှစ်အကြာတွင် အိမ်ရှင်အဖြစ် ပြန်လည်လက်ခံ ကျင်းပခွင့် ရခဲ့သော မြန်မာနိုင်ငံ အနေဖြင့် ဆီးဂိမ်းစ်အဖွင့် ပထမဆုံး နေ့မှာပင် ရိုးရာခြင်းလုံး အားကစားနည်းဖြင့် ရွှေတံဆိပ်ဆုများ ရရှိရန် ရေပန်းစားလျက် ရှိသည်။ သို့သော်လည်း မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ဖူးသော ၁၉၆၁ ဆီးဂိမ်းစ်ပြိုင်ပွဲနှင့် ၁၉၆၉ ဆီးဂိမ်းစ်ပြိုင်ပွဲ တို့တွင်ပင် ရိုးရာခြင်းလုံး အားကစားနည်းမှာ ပါဝင်ခြင်း မရှိခဲ့ဘဲ ယခု (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်တွင် ပထမဆုံး အကြိမ်အဖြစ် ထည့်သွင်းကျင်းပသည့် အားကစားနည်း တစ်ခုလည်း ဖြစ်သည်။

မြန်မာတို့၏ ရိုးရာအားကစားနည်းဖြစ်သော ခြင်းလုံးအားကစားကို ထည့်သွင်း၍ အားသာချက် ရယူကာ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အိမ်ရှင်အနေဖြင့် ပထမဆုံး ရွှေတံဆိပ်များကို ရယူရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူးက ပြောကြားထား . . . . .


၁၉၆၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် ပြန်လည်ကျင်းပခွင့် ရခဲ့သည့် မြန်မာနိုင်ငံ အနေဖြင့် သမိုင်းတစ်လျှောက်တွင် တစ်ကြိမ်တစ်ခါမျှ ပါဝင်ခြင်း မရှိခဲ့ဖူးသော ရိုးရာခြင်းလုံး အားကစားနည်းမှ ရွှေတံဆိပ် ခြောက်ဆု ရရှိရန်လည်း မျှော်မှန်းထားသည်။

ထို့ပြင် မြန်မာတို့၏ ရိုးရာအားကစားနည်းဖြစ်သော ခြင်းလုံးအားကစားကို ထည့်သွင်း၍ အားသာချက် ရယူကာ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ အိမ်ရှင်အနေဖြင့် ပထမဆုံး ရွှေတံဆိပ်များကို ရယူရန် စီစဉ်ထားခြင်း ဖြစ်ကြောင်းကိုလည်း မြန်မာနိုင်ငံ အိုလံပစ် ကော်မတီ၏ တွဲဖက်အထွေထွေ အတွင်းရေးမှူးက ပြောကြားထားသည်။ ဆီးဂိမ်းစ် အဖွင့်ပွဲစဉ် နေ့များ၌ပင် မြန်မာအား ကစားအဖွဲ့များ အနေဖြင့် ရွှေတံဆိပ်များ ရရှိပြီး နိုင်ငံအလိုက် ဆုရရှိမှု ဇယားတွင် ထိပ်ဆုံး၌ ရပ်တည်နိုင်အောင် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံ အနေဖြင့် နောက်ဆုံးကျင်းပခဲ့သော (၂၆) ကြိမ်မြောက် အင်ဒိုနီးရှား ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၆ ခုသာ ရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် (၇) နေရာတွင်သာ ရပ်တည်နိုင်ခဲ့သည်။



နိုဝင်ဘာ ၂၈ ရက်က နေပြည်တော် ၀ဏ္ဏသိဒ္ဓိကွင်းတွင် ပြုလုပ်ခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်မှုကို တွေ့ရစဉ် (ဓာတ်ပုံ-စိုးညွန့်)

သို့သော်လည်း ယခုကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်တွင်မူ အိမ်ရှင်အားသာချက်နှင့်အတူ နိုင်ငံအလိုက် ရပ်တည်မှုတွင် အဆင့် (၁) မှ အဆင့် (၃) အတွင်း ရပ်တည်နိုင်ရန်နှင့် ရွှေတံဆိပ်ခုရေ ၁၀၀ ရရှိရန် မျှော်မှန်းထားကြောင်း အားကစား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားထားသည်။

၎င်းအပြင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်းဖြင့် စတင်မည် ဖြစ်သည့်အပြင် ဆုတံဆိပ်များရရန် အလားအလာရှိသော ပိုက်ကျော်ခြင်း အားကစားနည်းမှာ ပြိုင်ပွဲပိတ်ပွဲတွင် ပြုလုပ်ရန် စီစဉ်ထားသည်ကို ပွဲစဉ်ဇယားများအရ သိရသည်။ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲသည် ဒီဇင်ဘာ ၂၂ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

EMG

ဇန်န၀ါရီလမှ နိုဝင်ဘာလကုန်ထိ မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံသား လာရောက်ခဲ့သူ ၂၅,၄၉၀ ဦးသာရှိကာ နယ်စပ်ဖြတ်သန်းခ ၀င်ငွေ ၂၅၄,၉၀၀ ဘတ် ရရှိခဲ့

Wednesday, 04 December 2013


ထိုင်းနိုင်ငံသားများ မြန်မာနိုင်ငံသို့ လာရောက်ရန် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားဂိတ်တွင် စောင့်ဆိုင်းနေစဉ် (ဓာတ်ပုံ-ကိုရွှေသိန်း)

မြ၀တီမြို့မှ ထိုင်းနိုင်ငံဘက်သို့ နေ့ချင်းပြန် သွားလာနေသော မြန်မာနိုင်ငံသားများ နေ့စဉ်နှစ်ထောင်နီးပါးရှိပြီး ဇန်န၀ါရီမှ နိုဝင်ဘာ လကုန်ထိ ၅၇၈,၈၂၁ ဦး သွားလာခဲ့ကာ နယ်စပ်ဖြတ်သန်းခ ၀င်ငွေ ကျပ် ၂၇၂,၂၉၄,၃၀၀ ရှိခဲ့ပြီး မြန်မာနိုင်ငံဘက်သို့ ထိုင်းနိုင်ငံသား လာရောက်ခဲ့သူ ၂၅,၄၉၀ ဦးသာရှိကာ နယ်စပ်ဖြတ်သန်းခ၀င်ငွေ ၂၅၄,၉၀၀ ဘတ် ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင် တတိယ နိုင်ငံသားများ မြ၀တီမြို့သို့ လာရောက်လည်ပတ်မှုမှာ ၃၁၉၅ ဦးရှိပြီး ဖြတ်သန်းခ ၀င်ငွေ ၃၁,၉၅၀ ဒေါ်လာ ရရှိခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသားများ အနေဖြင့် မြန်မာနိုင်ငံ မြ၀တီမြို့ရှိ ဘုရားများအား လာရောက်ဖူးမြော်ခြင်းနှင့် စီးပွားရေးဇုန်သို့ သွားရောက်လေ့လာမှုများ ရှိသော်လည်း ထိုင်းနိုင်ငံ အတွင်းသို့ သွားရောက်ကြသည့် မြန်မာနိုင်ငံသားများမှာ ဈေးသည်၊ ဈေးဝယ်နှင့် အလုပ်သမား များပြားကြောင်း သိရသည်။

မြန်မာနိုင်ငံ မြ၀တီမြို့နှင့် မဲဆောက်မြို့ (မယ်တော်)ကို ခြားထားသည့် သောင်ရင်းမြစ်ကို တရားဝင် ဖြတ်ကျော်သွားလာရန် ချစ်ကြည်ရေး တံတားဂိတ် တစ်ခုသာ ရှိသော်လည်း တရားမ၀င်၊ တရားဝင်လှေဂိတ် ၂၀ နီးပါး ရှိကြောင်း၊ ထိုဂိတ်များမှလည်း ဂိတ်ကြေးနှင့် လှေခပေးပြီး နေ့စဉ်ဖြတ်သန်း သွားလာသူ မြန်မာနိုင်ငံသား ထောင်နှင့်ချီရှိကြောင်း သိရသည်။

ယင်းခရီးသွားများအတွက် မြန်မာနိုင်ငံဘက်မှ ဖြတ်သန်းခ၀င်ငွေ ဆုံးရှုံးလျက် ရှိသော်လည်း ထိုင်းနိုင်ငံဘက်ကမ်းတွင် တော်မော်လက်မှတ် ပြုလုပ်ပြီးမှသာ မဲဆောက်နှင့် ကန့်သတ်နယ်မြေအတွင်း သွားလာလည်ပတ်ခွင့် ရှိသည်။

ထို့အပြင် မြ၀တီ နယ်စပ်ဂိတ်ကို အပြည်ပြည်ဆိုင်ရာ ၀င်ထွက်ပေါက်အဖြစ် ဖွင့်လှစ်လိုက်ပြီးနောက် မြန်မာနိုင်ငံ အတွင်းသို့ ပတ်စ်ပို့နှင့် ဗီဇာဖြင့် နိုင်ငံခြားသား ၀င်ရောက်လည်ပတ်မှု မြင့်တက်လျက်ရှိကာ ထိုင်းနိုင်ငံသား အများဆုံး ဖြစ်သော်လည်း ချစ်ကြည်ရေး တံတားမှ နေ့ချင်းပြန် သွားလာမှုတွင် မြန်မာနိုင်ငံသား အများဆုံးဖြစ်ကြောင်း သိရသည်။

EMG

SMEs များ၏ ရင်းနှီးမြှုပ်နှံထားမှု၊ လုပ်ငန်းလည်ပတ် နေမှုများနှင့် ပတ်သက်၍ သတင်းအချက်အလက် မှန်ကန်စွာ ရရှိရေး OECD၊ UNESCAP နှင့် UMFCCI တို့ ပူးပေါင်းကာ ဒီဇင်ဘာလလယ်တွင် စစ်တမ်းကောက်ယူမည်

Wednesday, 04 December 2013



အသေးစား စီးပွားရေးလုပ်ငန်းများ မြှင့်တင်နိုင်ရန် လှုပ်ရှားမှုတစ်ခု ပြုလုပ်နေစဉ်

SMEs များ၏ ရင်းနှီးမြှုပ်နှံထားမှု၊ လုပ်ငန်းများ လည်ပတ်နေမှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များ ရရှိစေရန် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI)၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဖွဲ့အစည်း (OECD) နှင့် ကုလသမဂ္ဂ၊ အာရှပစိဖိတ် ဒေသဆိုင်ရာ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ ကော်မရှင် (UNESCAP) တို့ ပူးပေါင်းကာ ဒီဇင်ဘာလလယ်တွင် မြန်မာ့စီးပွားရေး စစ်တမ်းကောက်ယူရေး စီမံကိန်းအဖွဲ့ ဖွဲ့ကာ စစ်တမ်းများ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အခွန်ကောက်ခံခြင်းနှင့် ပတ်သက်၍ ရင်နှီးမြှုပ်နှံမှုများ ပြုလုပ်သော စီးပွားရေး လုပ်ငန်းများက ၎င်းတို့၏ စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များကို ပေးရန် အခက်အခဲများ ရှိနေကြောင်း မှန်ကန်သော သတင်းအချက်အလက်များ မပေးနိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ ရရှိသင့်သလောက် မရကြကြောင်း သိရသည်။ ထို့ကြောင့် စစ်တမ်းများ ကောက်ယူရာတွင် သတင်းအချက်အလက်များ မှန်ကန်စွာ ရရှိရေးသည် များစွာလိုအပ်ကြောင်း UMFCCI ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပြောကြားသည်။

အဆိုပါ စစ်တမ်းကောက်ယူခြင်းအား မြို့နယ်ပေါင်း ၂၅ ခုတွင် စတင်ကောက်ယူမည်ဖြစ်ပြီး အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းများကို အဓိကထား ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

"မြန်မာနိုင်ငံ အနှံ့ကို အထက်ပိုင်းနဲ့ အောက်ပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ မြို့နယ်ပေါင်း ၂၄၊ ၂၅ မြို့လောက် ရှိတယ်။ စက်မှုဇုန်တွေရှိတဲ့ မြို့တွေကိုလည်း ရွေးထားတယ်။ စက်မှုဇုန်တွေကြီးပဲလည်း ပါလို့က မရဘူး။ စစ်တမ်းကောက်တဲ့ နေရာမှာ ဘက်လိုက်မှုတွေ မဖြစ်အောင်လို့ ဇုန်ထဲမှာ မရှိတဲ့ သူတွေရဲ့ အသေးစား၊ အလတ်စား၊ အကြီးစား လုပ်ငန်းတွေကိုပါ စစ်တမ်းကောက်ယူသွားမယ်။ တတ်နိုင်သမျှ စီးပွားရေး လုပ်ငန်းရှင်တွေ အကုန်လုံး ပါလာအောင် လုပ်ဆောင်သွားမယ်" ဟု UMFCCI အလုပ်အမှုဆောင် ဒါရိုက်တာ ဦးအောင်ခင်မြင့်က ပြောကြားသည်။

ထိုကဲ့သို့ စစ်တမ်းများအား အချိန်သုံးလကြာ စစ်တမ်းကောက်ယူ သွားမည်ဖြစ်ပြီး ဂျပန်နိုင်ငံ အစိုးရ၊ ကိုရီးယားနိုင်ငံ ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ အင်စတီကျု့၊ Deutsche Gesellschaftfu`r Internationale Zusammenarbeit (GIZ)၊ ဆွစ်ဇာလန်နိုင်ငံဆိုင်ရာ ဖွံဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အေဂျင်စီနှင့် အာဆီယံ ဖောင်ဒေးရှင်းတို့က ပူးပေါင်းကူညီ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများသည် ငွေကြေးလည်ပတ်မှု အခြေအနေများနှင့် လုပ်ငန်းအောင်မြင်မှု အခြေအနေများကို သိရှိခြင်း၊ မရှိခြင်းများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ချဲ့ထွင်ပြီး တိုးတက်မှုများကို လုပ်ဆောင်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်းနှင့် စစ်တမ်းများ ကောက်ယူပြီးပါက အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

EMG

အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာ နိုင်ငံတို့သည် ကမ္ဘာ့ခြစားမှု အများဆုံး နိုင်ငံများဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ

Wednesday, 04 December 2013


အာဖဂန်နစ္စတန် နာဂါဟာပြည်နယ်၊ ဂျလာလာဘတ်မြို့တွင် လမ်းဘေး၌ မီးဖိုချောင်သုံး ပစ္စည်းများ ရောင်းချနေသူများ (Photo:AFP)

အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာ နိုင်ငံများသည် ကမ္ဘာပေါ်တွင် ခြစားမှု အဆိုးဆုံး နိုင်ငံများ ဖြစ်ကြောင်းနှင့် ဒိန်းမတ်နှင့် နယူးဇီလန်တို့သည် ခြစားမှု ကင်းရှင်းလုနီးပါး နိုင်ငံများဖြစ်ကြောင်း ခြစားမှု စောင့်ကြည့်ရေးအဖွဲ့ Transparency Inter-national (TI) ၏ လေ့လာမှု တစ်ရပ်က ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။

အစိုးရ ၀န်ထမ်းများတွင် လာဘ်ပေးလာဘ်ယူမှု ဆိုးဆိုးရွားရွား ဖြစ်နေကြောင်း ကမ္ဘာတစ်ဝန်း နိုင်ငံများ၏ ရာခိုင်နှုန်း ၇၀ တွင် ယုံကြည်နေကြကြောင်း ဘာလင်အခြေစိုက် အကျိုးအမြတ် မယူသော Transparency International အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ယခုနှစ် စစ်တမ်းတွင် ပါဝင်သည့် ကမ္ဘာ့နိုင်ငံ ၁၇၇ နိုင်ငံအနက် မည်သည့်နိုင်ငံကမှ ရမှတ်အပြည့် ရရှိခဲ့ခြင်း မရှိကြောင်း TI က ထုတ်ပြန်သည်။

TI ၏ နှစ်စဉ်ထုတ်ပြန်သည့် စစ်တမ်းသည် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့တွင် အောက်ခြေလှိုက်စားမှုများကို ဖြစ်ပေါ်စေသည့် နိုင်ငံရေး ပါတီများ၊ ရဲတပ်ဖွဲ့၊ တရားရေး စနစ်များနှင့် အစိုးရ ဌာနများ၏ ခြစားမှုများကို လေ့လာထားခြင်း ဖြစ်သည်။ "နိုင်ငံတွေမှာ ခြစားမှုဒဏ် ခံရဆုံး လူတွေက အောက်ခြေလူတန်းစားတွေပါပဲ။ ခြစားမှုတွေကို မတိုက်ဖျက်ဘူးဆိုရင် အဲဒီနိုင်ငံတွေဟာ ဆင်းရဲတွင်းထဲကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး" လေ့လာရေး အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဖင်းဟန်းနရစ်ခ်ျက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်၏ ခြစားမှု အညွှန်းကိန်းတွင် အဆင့်အများဆုံး ကျသွားသည့် နိုင်ငံများအနက် ဆီးရီးယား၊ လစ်ဗျားနှင့် မာလီနိုင်ငံတို့ ပါဝင်ခဲ့သည်။ ယင်းနိုင်ငံများသည် မကြာသေးမီ နှစ်များအတွင်း စစ်ရေးပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည်။

၂၀၁၃ ခုနှစ် Corruption Perceptions Index တွင် တိုးတက်မှု အရှိဆုံး နိုင်ငံများ၌ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စာရင်းပြုစုရာတွင် သုညမှ ၁၀၀ အထိ အမှတ်ပေးထားရာ သုညရသည့် နိုင်ငံသည် ခြစားမှု အလွန်မြင့်မားနေပြီး ၁၀၀ ရသည့်နိုင်ငံသည် ခြစားမှု ကင်းစင်းသည့် နိုင်ငံဖြစ်သည်။ ယခုနောက်ဆုံး စစ်တမ်းအရ နိုင်ငံစုစုပေါင်း၏ သုံးပုံနှစ်ပုံသည် အမှတ် ၅၀ အောက်သာ ရရှိခဲ့သည်။ မြန်မာသည် အမှတ် ၂၁ မှတ်ရခဲ့ပြီး အဆင့် ၁၅၇ ရရှိခဲ့သည်။ မြန်မာသည် ယခင်နှစ်က အဆင့် ၁၇၇ ရရှိခဲ့သည်။

Ref:AFP

စိုက်ပျိုးမွေးမြူရေး လုပ်ငန်းတွင် ပြည်ပ၀င်ရောက် မြှုပ်နှံခွင့် ပြုရာ၌ နှစ်ဖက်အကျိုးရှိမည့် ပုံစံမျိုးကိုသာ ခွင့်ပြုသင့်ကြောင်း တာဝန်ရှိသူများ ပြောကြား

Wednesday, 04 December 2013


ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ် အတွင်းရှိ လယ်သမားများ၏ လုပ်ငန်းခွင် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေး အခြေခံ ကုန်ကြမ်းများ ပေါများစွာ ရှိခြင်းကြောင့် ပြည်ပနိုင်ငံများအား ၀င်ရောက်မြှုပ်နှံခွင့် ပြုရာတွင် နှစ်ဖက်လုပ်ငန်းရှင်များ အကျိုးရှိမည့် မြှုပ်နှံမှု ပုံစံမျိုးကိုသာ ခွင့်ပြုသင့်ကြောင့် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းရှင်များက သုံးသပ်ခဲ့ကြသည်။

"မြန်မာနိုင်ငံက စိုက်ပျိုးရေး အခြေခံရော၊ မွေးမြူရေး အခြေခံရော ကုန်ကြမ်းတွေ အရမ်းပေါများတယ်။ အဲဒါတွေကို အခြေခံပြီး ကုန်ချောထုတ်မယ်ဆိုရင် အခွင့်အလမ်းတွေ အများကြီး ရနိုင်တယ်။ ဒါက မြန်မာပြည်သူတွေရဲ့ အခွင့်အရေးပါ။ ကိုယ်ပိုင် အမြင်အရ ဆိုရင်တော့ စားသောက်ကုန် လုပ်ငန်းမှာ ပြည်ပက ရာနှုန်းပြည့် မြှုပ်နှံလုပ်ကိုင်တာမျိုးကို ခွင့်မပြုသင့်ပါဘူး။ သူတို့ဘက်က နည်းပညာနဲ့ ဈေးကွက်ချိတ်ဆက်နိုင်မှု စတဲ့အခွင့်အလမ်းတွေကို အခြေခံပြီး အကျိုးတူ ပူးပေါင်းလုပ်ကိုင်မှု မျိုးကိုပဲ ခွင့်ပြုသင့်ပါတယ်" ဟု မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်းမှ ဒုတိယ ဥက္ကဋ္ဌ ဦးစိန်သောင်းဦးက ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ အလုပ်အမှုဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာသန်းလှက "မွေးမြူရေး ကဏ္ဍမှာဆိုရင် နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုအချို့ ရှိပါတယ်။ တာဝန်ရှိသူတွေကလည်း သူတို့လုပ်နိုင်တယ်လို့ ယူဆတဲ့အတွက် လုပ်ကိုင်ခွင့် ချပေးတာပါ။ အဲဒီလို ချပေးတဲ့အတွက် ပြည်တွင်း လုပ်ငန်းရှင်တွေ အနေနဲ့ သူတို့ရဲ့ လုပ်ပုံကိုင်ပုံတွေ၊ နည်းပညာပိုင်း ဆိုင်ရာတွေကို ပိုမြင်လာမယ်။ ယှဉ်ပြိုင်မှုတွေလည်း များလာတဲ့အတွက် တစ်ချက်က ပြည်တွင်းလုပ်ငန်းရှင်တွေ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်လာမယ်။ တစ်ချက်က သူတို့နဲ့ အပြိုင်လုပ်ကိုင်ရမှာ ဖြစ်တဲ့အတွက် အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ဒါကို တာဝန်ရှိသူတွေ အနေနဲ့ ပြည်တွင်းလုပ်ငန်းရှင်တွေ လုပ်သာကိုင်သာရှိမယ့် ရင်းနှီးမြှုပ်နှံမှု ပုံစံမျိုးကို ခွင့်ပြုသင့်ပါတယ်" ဟု ပြောကြားသည်။

မြန်မာနိုင်ငံ အနေဖြင့် ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်မှုများ ပြုလုပ်နေပြီး နိုင်ငံတကာမှလည်း ကဏ္ဍစုံတွင် ၀င်ရောက်မြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် ပြင်ဆင်မှုများရှိကြောင်း သိရသည်။

နိုင်ငံတကာမှ မြန်မာနိုင်ငံတွင် လုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်ရန် အဆိုပြုချက်များအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေများအရ လုပ်ကိုင်ခွင့်များ ပြန်လည်ချထား ပေးလျက်ရှိကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာ လကုန်အထိ စာရင်းများအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁၆၃ သန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၈၈ သန်းကျော်နှင့် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ လယ်ယာစိုက်ပျိုးရေး ကဏ္ဍတွင် ကျပ် ၅၄၇ သန်းကျော်၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍတွင် ကျပ် ၂၂ ဘီလျံကျော် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားကြောင်း သိရသည်။
EMG

မြန်မာ့တရားစီရင်ရေးစနစ်တွင် အဂတိလိုက်စားမှုနှင့် လာဘ်ပေးလာဘ်ယူမှုက ခိုင်မြဲစွာ အခြေကျနေပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ၀င်ရောက် စွက်ဖက်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ

Wednesday, 04 December 2013



ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သော ICJ အစီရင်ခံစာ ထုတ်ပြန်ပွဲတွင် တွေ့ရသည့် ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီနှင့် အထက်တန်းရှေ့နေ ဒေါ်သန်းသန်းအေးတို့အား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)

မြန်မာ့ တရားစီရင်ရေးစနစ်၌ အဂတိလိုက်စားမှုနှင့် လာဘ်ပေး လာဘ်ယူမှုများက ခိုင်မြဲစွာ အခြေကျနေပြီး နိုင်ငံရေးနှင့် ဆက်နွှယ်သော အမှုများတွင် အစိုးရနှင့် အာဏာပိုင်များက ၀င်ရောက် စွက်ဖက်နေဆဲဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေပညာရှင်များ ကော်မရှင် (ICJ) ၏ အစီရင်ခံစာ၌ ဖော်ပြ ရေးသားခဲ့သည်။

ICJ ၏ အစီရင်ခံစာကို ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး အစီရင်ခံစာနှင့် ပတ်သက်သော ရှင်းလင်းပွဲတစ်ရပ်ကို ချက်ထရီယမ် ဟိုတယ်၌ ပြုလုပ်ခဲ့ကာ ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီက တက်ရောက် ရှင်းလင်းခဲ့သည်။

"အကြံပေးပိုင်ခွင့်- မြန်မာနိုင်ငံတွင် ဥပဒေအကျိုးဆောင် ရှေ့နေများ၏ လွတ်လပ်ခွင့်"(Right to Counsel: The Indepen-dence of Lawyers in Myanmar)ဟု အမည်ပေးထားသော ထိုအစီရင်ခံစာတွင် မြန်မာ့တရားစီရင်ရေး စနစ်အတွင်း ကျင်လည်aနသော ရှေ့နေများ၏ အခြေအနေများ၊ တရားစီရင်ရေးစနစ် ယိုယွင်းမှုများနှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရန် ICJ ၏ အကြံပြုချက်များ အစရှိသည်တို့ကို ထည့်သွင်း ဖော်ပြထားသည်။

ဥပဒေ အကျိုးဆောင်ရှေ့နေ ၆၀ နှင့် တွေ့ဆုံမေးမြန်းပြီး ရေးသားထားသည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ နှစ်နှစ်တာ ကာလအတွင်း လွတ်လပ်မှုများ တိုးတက် ဖြစ်ပေါ်နေသော်လည်း ရှေ့နေများသည် ကန့်သတ် ချုပ်ချယ်မှု အမျိုးမျိုးနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည့်အပြင် နေရာတကာ၌ ပျံ့နှံ့နေသော အဂတိ လိုက်စားမှုများကိုလည်း ကြုံတွေ့နေရသည်ဟု ဆိုသည်။

ထို့အပြင် နိုင်ငံရေးနှင့် ဆက်နွှယ်နေသော ကိစ္စရပ်များတွင် မသေချာ၊ မရေရာမှုများနှင့် စိုးရိမ်မှုများကိုလည်း ကြုံတွေ့လာနိုင်ခြေရှိပြီး ပျံ့နှံ့လျှက်ရှိသည့် အဂတိ လိုက်စားမှုများကြောင့် ရှေ့နေတစ်ဦးချင်းစီ၏ ဘ၀ကို အဘက်ဘက်မှ ထိခိုက်စေနိုင်သည်ဟု ရေးသားထားသည်။

"တရားစီရင်ရေးစနစ်ထဲမှာ လာဘ်ပေး လာဘ်ယူမှုက ခိုင်မြဲစွာ အခြေကျနေတယ်။ အဲဒါကို အများစုက လက်ခံထားတယ်။ ဒီအချက်ကို အခြားနိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ထောက်ပြထားတဲ့အတွက် အံ့အားသင့်စရာ မရှိပါဘူး"ဟု ICJ ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ဆမ်ဇာရီဖီက ပြောကြားသည်။

အဂတိ လိုက်စားခြင်းသည် တရားဥပဒေစနစ်ကို အခြေပျက်စေသည်ဟု အများက လက်ခံထားသည့်အတွက် တရားဥပဒေ စိုးမိုးရေးကို ထိပါးယုတ်လျော့စေသည်ဟု ဒီဇင်ဘာ ၃ ရက်က ထုတ်ပြန်သော ICJ ၏ သတင်း ထုတ်ပြန်ချက်တွင်လည်း ဖော်ပြခဲ့သည်။

မြန်မာ့တရားစီရင်ရေးစနစ်၌ အဂတိ လိုက်စားမှု ခိုင်မာနေပြီး မည်မျှရာခိုင်နှုန်းအထိ ရှိသည်ဆိုခြင်းကို ပြောဆိုရန် အဆင်သင့် မဖြစ်သေးကြောင်းနှင့် ၎င်းတို့အနေဖြင့် ပြောဆိုရန် မသင့်တော်ကြောင်း မစ္စတာ ဆမ်ဇာရီဖီက The Daily Eleven သို့ ပြောကြားသည်။ "မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးမှာ ဘယ်လောက်ရာခိုင်နှုန်းအထိ အကျင့်ပျက် ခြစားမှုတွေ ရှိနေသလဲဆိုတာကို ICJ အနေနဲ့ အတိအကျပြောဖို့ အဆင်သင့် မဖြစ်သေးသလို ပြောလို့လည်း မသင့်တော်ပါဘူး။ ဒါနဲ့ပတ်သက်တဲ့ အခြားအဖွဲ့အစည်းတွေ ရှိပါတယ်။ ဥပမာ နိုင်ငံတကာ ပွင့်လင်းမြင်သာမှု အဖွဲ့ဆိုရင် မြန်မာနိုင်ငံကို အကျင့်ပျက် ခြစားမှု အများဆုံးနိုင်ငံစာရင်းမှာ ထည့်ထားပါတယ်။ IMF တို့ World Bank တို့က စာရင်းတွေမှာလည်း အလားတူပါပဲ။ မြန်မာနိုင်ငံမှာ အကျင့်ပျက် ခြစားမှုနှုန်းက အရမ်းမြင့်မားပါတယ်။ တရားစီရင်ရေးစနစ်ရဲ့ အဆင့်ဆင့်မှာ လာဘ်ပေး လာဘ်ယူမှုတွေ၊ အဂတိ လိုက်စားမှုတွေ ရှိနေပါတယ်။ ဒါ့ကြောင့် အဂတိ လိုက်စားမှု ဆန့်ကျင်ရေး မူဝါဒရှိတဲ့ နိုင်ငံတွေက ကုမ္ပဏီတွေအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် မြှုပ်နှံတဲ့အချိန်မှာ အခက်အခဲတွေ ကြုံတွေ့နိုင်ပါတယ်"ဟု မစ္စတာဆမ်ဇာရီဖီက ပြောကြားသည်။

ထို့အတူ ICJ ၏ အစီရင်ခံစာ ရေးသားရာ၌ ပါဝင်ကူညီခဲ့သူ တစ်ဦးဖြစ်ပြီး တရားစီရင်ရေး နယ်ပယ်အတွင်း အကျင့်ပျက်ခြစားမှုများ အကြောင်းကို တစ်နှစ်ကျော်ကြာ လေ့လာခဲ့သည့် အထက်တန်းရှေ့နေ ဒေါ်သန်းသန်းအေးကလည်း တရားစီရင်ရေး နယ်ပယ်တစ်ခုလုံး ယိုယွင်းနေပြီး အမှုတိုင်းတွင် လာဘ်ပေး လာဘ်ယူမှု ရှိနေကြောင်း The Daily Eleven သို့ ပြောကြားသည်။

"ရှေ့နေတိုင်း သိပါတယ်။ အမှုတိုင်း အားလုံးနီးပါးမှာတော့ Corruption မရှိရင်တောင် Bribery ရှိပါတယ်။ အဲဒါက ရဲရဲကြီး ပြောနိုင်ပါတယ်။ တရားရုံးကို စပြီးရောက်လာတာနဲ့ ရဲကတင်လိုက်တဲ့ အမှုပဲဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် Direct Complaint နဲ့ ရောက်လာတာပဲ ဖြစ်ဖြစ်၊ Civil Case အနေနဲ့ ရောက်လာတာပဲဖြစ်ဖြစ်၊ တရားရုံးကို ရောက်လာတာနဲ့ လာဘ်ငွေပေးရမှုက စရှိတာပဲ။ ရာခိုင်နှုန်း ဘယ်လောက်လဲ ဆိုတာကတော့ Judiciary Institution တစ်ခုလုံးနဲ့ ပတ်သက်ပြီး အတိအကျပြောဖို့ ခက်ပါတယ်။ Judiciary Institution တစ်ခုလုံး ယိုယွင်းနေတာ ဖြစ်တဲ့အတွက်ကြောင့်မလို့ ရာခိုင်နှုန်းအားဖြင့် ပြောရဖို့ တော်တော်ခက်ပါတယ်"ဟု ဒေါ်သန်းသန်းအေးက ပြောကြားသည်။

ICJ ၏ အစီရင်ခံစာတွင် ၎င်းတို့တွေ့ဆုံခဲ့သည့် ရှေ့နေတိုင်းက အချက်သုံးချက်ကို ယျေဘုယျအားဖြင့် သဘောတူညီခဲ့သည်ဟု ဆိုသည်။

ပထမအချက်မှာ နှစ်နှစ်တာကာလအတွင်း ရှေ့နေများ၏ လုပ်ငန်းပိုင်းဆိုင်ရာ လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ရပ်တည်ခွင့်မှာ တိုးတက်လာကြောင်းနှင့် ရှေ့နေလုပ်ငန်းများတွင် ခြိမ်းခြောက်ခံရမှု သိသိသာသာ လျော့နည်းလာသည်ဟု ပြောဆိုကြသည်။

ဒုတိယအချက်တွင်မူ "နိုင်ငံရေးဆက်စပ်သော အမှုများနှင့် ရာဇ၀တ်မှုများတွင် အစိုးရနှင့် လုံခြုံရေး အာဏာပိုင်များက ၀င်ရောက်စွက်ဖက်မှုကဲ့သို့ စိန်ခေါ်မှုများ ရှိနေသေးကြောင်း" ရှေ့နေများက သဘောတူညီ ခဲ့ကြသည်။

တတိယအချက်မှာမူ "အကျင့်ပျက်၊ လာဘ်ပေး လာဘ်ယူမှုများကလည်း ရှေ့နေတစ်ဦးချင်းစီ၏ စိတ်လွတ်လပ်ခွင့်နှင့် မြန်မာနိုင်ငံ၏ တရားရေးစီရင်ရေး နယ်ပယ်အတွက် ထိခိုက်မှုရှိသည်"ဟု သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ICJ ၏ အစီရင်ခံစာတွင် မြန်မာနိုင်ငံ၌ ရှေ့နေများအတွက် လွတ်လပ်သည့် ဘားကောင်စီမရှိခြင်း၊ ဥပဒေပညာ သင်ကြားရေး အားနည်းနေခြင်း၊ ရှေ့နေလိုင်စင်ကိစ္စ၌ မမှန်မကန် ဟန့်တား စွက်ဖက်ခြင်းများကဲ့သို့ ပြဿနာအမျိုးမျိုးကြောင့် ရှေ့နေများ၏ လွတ်လပ်ခွင့်ကို ထိခိုက်နေကြောင်း ဆိုသည်။

နိုင်ငံတကာ စံနှုန်းများဖြင့် ကိုက်ညီသော တရားစီရင်ရေးစနစ် ဖြစ်ပေါ်စေရန်အတွက် အကြံပြုချက်အချက် ၂၂ ချက်ကို ICJ က ဖော်ပြခဲ့ပြီး ထိုအချက်များမှာ အပိုင်းသုံးပိုင်း ရှိကြောင်း သိရသည်။

ICJ က ပြောဆိုခဲ့သည့် အကြံပြုချက် အပိုင်းသုံးပိုင်းမှာ (၁)မြန်မာနိုင်ငံတော် ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ဘားကောင်စီ၏ လွတ်လပ်စွာ ဆောင်ရွက်နိုင်ရေးကို အာမခံပေးရန်အတွက် ထိရောက်သည့် ပြုပြင်ပြောင်းလဲမှု ပြုလုပ်ရန်၊ (၂) အဂတိ လိုက်စားမှု စွပ်စွဲချက်များကို ထိရောက်စွာဖြင့် ပြစ်မှုကြောင်းအရ စုံစမ်းစစ်ဆေးရန်အတွက် သီးခြားလွတ်လပ်သည့် လုပ်ထုံးလုပ်နည်း တစ်ရပ်ကို ပြည်ထောင်စု ရှေ့နေချုပ်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ပြဋ္ဌာန်းပေးရန်၊ (၃) ဥပဒေပညာရေး အဆင့်မြှင့်တင်ရန်အတွက် ဥပဒေပညာရှင်များနှင့် တိုင်ပင်၍ ပညာရေးဝန်ကြီးဌာနမှ ဥပဒေသင်တန်းကျောင်း ၀င်ခွင့်သတ်မှတ်ချက် မြှင့်တင်ခြင်း၊ သင်ရိုးညွှန်းတမ်းများ ပြုပြင်းခြင်းနှင့် ကျောင်းသားများ၏ လုပ်ဆောင်ချက်များကို အကဲဖြတ်ခြင်းတို့ကို လုပ်ဆောင်ရန် အကြံပြုခဲ့သည်။ ထို့အပြင် မြန်မာ့တရားစီရင်ရေးစနစ် နိုင်ငံတကာ စံနှုန်းနှင့် ကိုက်ညီပြီး တိုးတက်မြင့်မားလာစေရန် ICJ ကအစိုးရအပြင် လွှတ်တော်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် ရှိသည်ဟုလည်း ပြောကြားသည်။

EMG

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စက်ယန္တရားများမှာ တင်သွင်းလာစဉ်ကပင် အခွန်ဆောင်ထားခြင်း မရှိသဖြင့် စီမံကိန်း ရပ်ဆိုင်းချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခွင့် မပြု

Wednesday, 04 December 2013



ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်း လုပ်ငန်းခွင်အတွင်း ရပ်နားထားသည့် စက်ယန္တရားများအား တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းမှ အီတာလျံ-ထိုင်း ကုမ္ပဏီ၏ စက်ယန္တရားများမှာ မြန်မာနိုင်ငံသို့ တင်သွင်းလာစဉ်ကပင် အခွန်ဆောင်ထားခြင်း မရှိသဖြင့် စီမံကိန်း ရပ်ဆိုင်းချိန်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်သယ်ဆောင်ခြင်း ခွင့်မပြုကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်းများအား အီတာလျံ-ထိုင်း (ITD) ကုမ္ပဏီ တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် ငွေကြေးလုံလောက်မှု မရှိသဖြင့် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၂၁ ရက်မှ စတင်ကာ လုပ်ငန်းများ ရပ်ဆိုင်းခဲ့ကြောင်း သိရသည်။

"အခု အီတာလျံ-ထိုင်းရဲ့ ထိုင်းနိုင်ငံက အလုပ်သမားတွေကို ITD က ထိုင်းကို ပြန်ပို့နေပါပြီ။ လုပ်ငန်းရပ်ဆိုင်းလို့ အလုပ်သမားတွေ ပြန်တာကို ခွင့်ပြုပေမဲ့ စက်ယန္တရားတွေကိုတော့ ထွက်ခွင့်မပေးပါဘူး။ မူလ၀င်လာချိန် ကတည်းက အခွန်မဆောင်ထားလို့ ဖြစ်ပါတယ်" ဟု ထားဝယ်အထူး စီးပွားရေးဇုန်နှင့် ဆက်စပ်စီမံကိန်း လုပ်ငန်းများ ရပ်ရွာဒေသ လူ့အဖွဲ့အစည်းများ ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဋ္ဌ ဦးဘုန်းဆွေက ပြောကြားသည်။

ITD မှ ဆောင်ရွက်နေသည့် လုပ်ငန်းများကို ရပ်ဆိုင်းပြီး ရှေ့ဆက်ဆောင်ရွက်ရမည့် စီမံကိန်း လုပ်ငန်းများအား International Investor and Developer များက ပါဝင်ယှဉ်ပြိုင်နိုင်ရန် ITD မှ ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် ကုန်ကျစရိတ်အား စိစစ်နိုင်ရန် International Consulting Firm တစ်ခုအား ရွေးချယ်သွားမည်ဟု သိရသည်။

EMG

ထိုင်းဘုရင်မွေးနေ့ မတိုင်မီ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ အလျှော့ပေးခဲ့ပြီး အစိုးရ ရုံးချုပ်များကို ၀င်ရောက်ခွင့်ပေး

Wednesday, 04 December 2013



ဘန်ကောက်တွင် ဒီဇင်ဘာ ၃ ရက်က အတားအဆီးများကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် ပျော်ရွှင်နေကြသော အစိုးရဆန့်ကျင် ဆန္ဒပြသူများ (Photo:AFP)

ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ ၈၆ နှစ်မြောက် မွေးနေ့မတိုင်မီ နိုင်ငံတွင်း တင်းမာမှု လျော့ပါးစေရန် ဒီဇင်ဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က အစိုးရ ရုံးဌာနများရှေ့ရှိ အတားအဆီးများကို ဖယ်ရှားကာ ဆန္ဒပြသူများကို ၀င်ရောက်ခွင့် ပြုခဲ့သည်။

ဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ ရုံးများနှင့် ဌာနချုပ်များကို စီးနင်းရန် ကြိုးပမ်းသည့် ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွင်းတော့မည် မဟုတ်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းက ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား ရက်အတန်ကြာ ဖြစ်ပွားနေသော ပဋိပက္ခ ရုတ်ခြည်းငြိမ်သက်စေနိုင်သည့် ဗျူဟာတစ်ခု ဖြစ်သည်။

ဘုရင်အတွက် ငြိမ်သက်ခြင်းနှင့် ကြည်ညိုခြင်း စိတ်ဓာတ်ပြသသည့် နေ့တစ်နေ့ဖြစ်သော ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်သည့် ၈၆ နှစ်မြောက် မွေးနေ့ကျင်းပရန် ပြင်ဆင်နေသဖြင့် ယင်းသို့ ဗျူဟာပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ထိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ရာမှ အစပြုခဲ့သော အတိုက်အခံများ၏ ဆန္ဒပြမှုများသည် ယင်လက်အစိုးရကို ဖြုတ်ချပြီး ပြည်သူ့ကောင်စီ တစ်ခုဖြင့် အစားထိုးရန် တောင်းဆိုခဲ့သော်လည်း ယင်လက်က ပယ်ချခဲ့သည်။

ယင်းဆန္ဒပြမှုများသည် လွန်ခဲ့သည့် ခုနစ်နှစ်က ယင်လက်၏အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် နောက်ဆုံးဖြစ်ပွားသော နိုင်ငံရေး မငြိမ်သက်မှု ဖြစ်သည်။

ယင်လက်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့် တိုက်ပွဲသည် မပြီးဆုံးသေးဟု အတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဒုတိယ ၀န်ကြီးချုပ်ဟောင်း ဆူသက်သောင်ဆူဘန်က ပြောကြားခဲ့သည်။

"ဒါဟာ အောင်မြင်မှု အစိတ်အပိုင်း တစ်ခုပါ။ နောက်ဆုံး မဟုတ်သေးပါဘူး။ သက်ဆင် (ယင်လက်) အစိုးရက နေရာယူထားဆဲ ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ အိမ်ပြန်လို့ မရသေးဘူး။ ကျွန်တော်တို့တွေ ဆက်လက်တိုက်ပွဲ ၀င်ရမယ်" ဟု ဆူသက်က ၎င်း၏ ထောက်ခံသူများအား ပြောကြားခဲ့သည်။

Ref:AFP

ယူကရိန်း ဆန္ဒပြသူ ထောင်ပေါင်းများစွာ ပါလီမန် အပြင်ဘက်တွင် စုဝေးဆန္ဒပြ

Wednesday, 04 December 2013


ဒီဇင်ဘာ ၂ ရက်တွင် ကိဗ်မြို့ရှိ လွတ်လပ်ရေး ရင်ပြင်၌ အစိုးရဆန့်ကျင် ဆန္ဒပြသူများက ကြွေးကြာ်သံများ အော်ဟစ်နေကြစဉ်

ဥရောပ သမဂ္ဂနှင့် သမိုင်းဝင် သဘောတူညီချက် လက်မှတ်ရေးထိုးရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့သော ယူကရိန်း အစိုးရအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရန် လွှတ်တော်အမတ်များက ဆွေးနွေးနေချိန်တွင် မြို့တော်ကိဗ်ရှိ ပါလီမန် အပြင်ဘက်၌ ဆန္ဒပြသူ ထောင်ပေါင်းများစွာက ဒီဇင်ဘာ ၃ ရက်တွင် စုဝေးခဲ့ကြကြောင်း သိရသည်။

သမိုင်းဝင် သဘောတူညီချက်ကို လက်မှတ်မထိုးသော ယူကရိန်း အစိုးရအပေါ် ရက်ပေါင်းများစွာ ဆန္ဒပြမှု ဖြစ်ပွားနေချိန်တွင် ၀န်ကြီးချုပ် မိုင်ကိုလာ အဇာရော့ အစိုးရအပေါ် အယုံအကြည်မရှိအဆို မဲခွဲရန် အတိုက်အခံတို့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အစိုးရသည် ရုရှားဖိအားပေးမှုကြောင့် ဥရောပသမဂ္ဂနှင့် နိုင်ငံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည့် အစီအစဉ် ဖျက်သိမ်းခဲ့ခြင်းဖြင့် ပြည်သူလူထုကို သစ္စာဖောက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။ ယူကရိန်း အစိုးရအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရေး မူကြမ်းကို ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဗစ်တာလီကလီရှ်ကို အပါအ၀င် အတိုက်အခံ ခေါင်းဆောင်များက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြ သူများနှင့် ရဲတပ်ဖွဲ့တို့အကြား အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ရ သကဲ့သို့ ဆန္ဒပြသူများကလည်း မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် အဇာရော့က ယခုအခြေအနေသည် အာဏာသိမ်းရန် ပုံစံနှင့် တူသည်ဟု ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆန္ဒပြမှုများသည် လူထုတော်လှေန်ရေးထက် Pogrom (လူမျိုးနှင့် ဘာသာရေး ကွဲပြားမှုကြောင့် လူအများအပြားကို စနစ်တကျ သတ်ဖြတ်ခြင်း)နှင့် ပိုတူနေသည် ဟုပြောကြားခဲ့သည်။ အမေရိကန်ကမူ ငြိမ်းချမ်းစွာ ဆန္ဒပြနေမှုများကို အာဏာသိမ်းမှု တစ်ခုအဖြစ် သတ်မှတ်၍ မရကြောင်း အလေးပေး ပြောကြားခဲ့သည်။

Ref:AFP

ထွက်နှုန်းမြင့် စပ်မျိုးစပါး တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ

Wednesday, 04 December 2013


ထွက်နှုန်း အဆမတန် မြင့်တက်နိုင်သည့် မျိုးစပ်စပါး တစ်မျိုးကို ဖိလစ်ပိုင် အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (International Rice Rese-arch Institute (IRRE)) မှ သိပ္ပံပညာရှင်များက တွေ့ရှိထားကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ကမ္ဘာပေါ်တွင် လက်ရှိစိုက်ပျိုးမှု များပြားနေသည့် အစေ့ရှည် indica စပါးမျိုးစိတ်များအား SPIKE မျိုးစိတ်နှင့် မျိုးစပ်လိုက်ပါက ထွက်နှုန်းမှာ ၁၃ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

indica စပါးမျိုးစိတ်များသည် မြေဆီလွှာ အရည်အသွေးပေါ် မူတည်၍ တစ်ဟက်တာလျှင် ၂ ဒသမ ၂ တန်မှ ၄ ဒသမ ၄ တန်အထိ ထွက်ရှိကြောင်း သိရသည်။

"SPIKE မျိုးစိတ်ဟာ စပါးအထွက် တိုးရေးအတွက် အဓိက မျိုးစိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလို တွေ့ရှိဖို့အတွက် စိုက်ပျိုးရေး သမားတွေ အနေနဲ့ နှစ်ပေါင်းများစွာ နည်းလမ်းရှာခဲ့ ရပါတယ်" ဟု IRRI ၏ မျိုးဗီဇပြောင်းလဲရေး ဓာတ်ခွဲခန်း အကြီးအကဲ အီနက်ဇ်ဆလာမတ်လိုဒင်က ဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မျိုးဗီဇ ရောစပ်ထားသည့် စပါးမျိုးစိတ်များကို အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် စမ်းသပ်လုပ်ဆောင် နေဆဲဖြစ်ကြောင်း IRRI က ဦးဆောင်ပြုလုပ်နေသည့် SPIKE မျိုးစိတ် သုတေသနပြုလုပ်ရေး အစီအစဉ် အကြီးအကဲ ဆူတိုမူအီရှီမာရူက ပြောကြားသည်။

SPIKE မျိုးစိတ်ကို ၁၉၈၉ ခုနှစ်တွင် ဂျပန်သုတေသန ပညာရှင် နိုဘူရာကိုဘာရာရှီက အင်ဒိုနီးရှားတွင် စိုက်ပျိုးသော ဂျာပိုနီကာ စပါးမျိုးကွဲတွင် ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ကြောင်း IRRI ၏ ပြောခွင့်ရပုဂ္ဂိုလ် ဂလာဒီအီဗရွန်က ပြောကြားခဲ့သည်။

ဆန်သည် ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အရေးကြီးဆုံး ကောက်ပဲသီးနှံ တစ်မျိုးဖြစ်သည်။ အာရှရှိ ဆင်းရဲမွဲတေသူ သန်း ၆၄၀ အပါအ၀င် ကမ္ဘာ့လူ့ဦးရေ၏ ထက်ဝက်ကျော်သည် ဆန်ကိုစားသုံး နေကြကြောင်း IRRI က ခန့်မှန်းထားသည်။

ယခု တွေ့ရှိထားသည့် စပါးမျိုးစိတ်သစ်သည် အခြားစပါးများ စိုက်ပျိုးသည့် မြေအကျယ်အ၀န်းနှင့် တူညီသော ရင်းမြစ်ပမာဏတို့ကို အသုံးချပြီး စပါးပင် အရေအတွက်ကို ပိုမိုစိုက်ပျိုး နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref:AFP

အိမ်ရာ အခက်အခဲ ရှိသူများ နေထိုင်ခွင့် ရရှိရေး ရည်ရွယ်သည့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများဆိုင်ရာ ဥပဒေကို စတင်ရေးဆွဲ

 Tuesday, 03 December 2013


ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် ၄၂ ရပ်ကွက်ရှိ ဗိုလ်မင်းရောင်အိမ်ရာ စီမံကိန်းအား တွေ့ရစဉ်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ရာအခက်အခဲ ရှိသူများ အမှန်တကယ် နေထိုင်ခွင့် ရရှိရေး ရည်ရွယ်သည့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများဆိုင်ရာ ဥပဒေ တစ်ရပ်ကို စတင်ရေးဆွဲနေကြောင်း အဆိုပါ ဥပဒေကို ရေးဆွဲနေသူ ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

အဆိုပါ ဥပဒေတွင် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတ အိမ်ရာများ ရောင်းချရေး ကော်မတီကို ဖွဲ့စည်းရန်၊ ရောင်းချရေး ကော်မတီတွင် ပါဝင်သည့် သူများ၏ ဆွေမျိုးသားချင်းများအား အိမ်ရာများ ၀ယ်ယူခွင့် မပေးရန်၊ မည်သည့်လူမျိုးများ အိမ်ရာဝယ်ယူခွင့် သတ်မှတ်ပေးရန် စသည့်အသေးစိတ် အချက်အလက်များ ထည့်သွင်းရေးဆွဲ သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေ ရေးဆွဲရာတွင် လိုအပ်သည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း အိမ်ခန်းများ ချထားပေးခြင်းဆိုင်ရာ စည်းကမ်းချက်များကို သက်ဆိုင်ရာ ၀န်ကြီးဌာနများမှ တောင်းခံထားကြောင်း၊ ယင်းဥပဒေ ရေးဆွဲပြီးပါက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

"ဥပဒေနဲ့ ပတ်သက်တဲ့ အိမ်ခန်းချထားပေးခြင်းဆိုင်ရာ စည်းကမ်းချက်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေဆီက အန်တီတောင်းထားတယ်။ သူတို့ကလည်း အထက်လူကြီးတွေဆီက သဘောထားမှတ်ချက် တောင်းထားတယ်လို့ ပြောတယ်။ အဲဒီ အချက်အလက်တွေ ရရင်တော့ အန်တီဥပဒေကို မြန်မြန်ရေးဆွဲနိုင်မှာ ဖြစ်ပါတယ်။ အန်တီတို့ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ သက်ဆိုင်ရာ ၀န်ကြီးဌာနကနေ ဥပဒေအရ အချက်အလက်တွေ ရယူပိုင်ခွင့် ရှိတယ်။ ဒါပေမဲ့ အခုဟာက အထက်က သဘောထား တောင်းခံနေတယ် ဆိုတော့လည်း စောင့်ရမှာပေါ့။ ဥပဒေ ဆွဲပြီးရင် လွှတ်တော်ကို တင်မယ်။ တစ်ခု စိုးရိမ်တာက လွှတ်တော်ကိုတင်မှ သက်ဆိုင်ရာ ၀န်ကြီးဌာနက သူတို့ရေးဆွဲ ထားပါတယ်လို့ ပြောတော့လည်း မတတ်နိုင်ဘူးပေါ့။ ဘယ်သူပဲဆွဲဆွဲ ဒီဥပဒေ ထွက်လာရင်တော့ ၀မ်းသာရမှာပေါ့" ဟု ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ယခင်တဲပေါ်မှ တိုက်ပေါ်တင် စီမံချက်ဖြင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက အိမ်ရာ စီမံကိန်းများကို အကောင်အထည် ဖော်ခဲ့သော်လည်း ယခုနောက်ပိုင်း အကောင်အထည် ဖော်နိုင်ခြင်း မရှိတော့ကြောင်း၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက တည်ဆောက်လျက်ရှိသော ဧရာဝဏ်နှင့် ရတနာ စီမံကိန်းများကိုလည်း ၂၀၁၅ မတိုင်မီ အပြီးတည်ဆောက်မည်ဖြစ်ပြီး ဈေးနှုန်းအနေဖြင့် ကျပ်သိန်း ၁၀၀ နှင့် ၂၀၀ အကြား ရှိနိုင်ကြောင်း၊ ရန်ကုန်မြို့တော် စည်ပင်မှ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၈ ရပ်ကွက်နှင့် ၄၂ ရပ်ကွက်တို့တွင် တည်ဆောက်နေသည့် ဗိုလ်မင်းရောင် တန်ဖိုးမျှအိမ်ရာ စီမံကိန်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ရာ တန်ဖိုးအနည်းဆုံး ကျပ်သိန်း ၂၀၀ ကျော် ရှိနိုင်ကြောင်း ခန့်မှန်းထားရာ အခြေခံ လူတန်းစားများ ၀ယ်ယူနိုင်မည့် အနေအထား မရှိနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။

"အခု အကောင်အထည် ဖော်နေတဲ့ တန်ဖိုးနည်းနဲ့ တန်ဖိုးမျှတဆိုတဲ့ အိမ်ရာစီမံကိန်းတွေကလည်း အစိုးရ အဖွဲ့ရဲ့ ရန်ပုံငွေနဲ့ ဆောက်တာဖြစ်လို့ သူတို့ပြောနေကြတဲ့ ဈေးနှုန်းတွေကိုတော့ ပြင်ဆင်ဖို့ ခက်ပါတယ်။ ဒါပေမဲ့ အဲဒီ အိမ်ရာတွေကို အသက်သာဆုံး နည်းလမ်းနဲ့ ၀ယ်ယူခွင့် ရရှိဖို့ပဲ လုပ်ရမှာပါ" ဟု ဒေါက်တာညိုညိုသင်းက ဆက်လက်ပြောကြားသည်။

EMG

ရန်ကုန်နည်းပညာ တက္ကသိုလ်၌ နယ်မှတက်ရောက်ကြမည့် ဒုတိယနှစ် ကျောင်းသားကျောင်းသူ များအတွက် အဆောင်များ စီစဉ်

  Wednesday, 04 December 2013


ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများအား အဆောင်စီစဉ် ပေးသွားမည့် ရန်ကုန်နည်းပညာ တက္ကသိုလ်အား တွေ့ရစဉ်။

ရန်ကုန် နည်းပညာ တက္ကသိုလ် (YTU)၌ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှ ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၌ ပထမနှစ် စတင်တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများအပြင် နယ်မှတက်ရောက်ကြမည့် ဒုတိယနှစ် ကျောင်းသားကျောင်းသူများ အတွက်ပါ အဆောင်များ စီစဉ်ထားကြောင်း သိရသည်။

၂၀၁၃-၂၀၁၄ ပညာသင်နှစ်အတွက် ရန်ကုန်နည်းပညာ တက္ကသိုလ် ပထမနှစ် ဘွဲ့ကြိုသင်တန်းအား ဒီဇင်ဘာ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး အဆိုပါ တက္ကသိုလ်သို့ ၀င်ခွင့်ရ ကျောင်းသားကျောင်းသူများအနက် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် ပြင်ပမှ ပထမနှစ် ကျောင်းသားကျောင်းသူ ၈၈ ဦးအပြင် ကျောင်းနှင့် အလှမ်းဝေးသည့် ကျောက်တန်းနယ်မြေမှ ကျောင်းသားကျောင်းသူများ၊ ဒုတိယနှစ် ကျောင်းသားကျောင်းသူများ အတွက်ကိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ် အတွင်းရှိ ကျောင်းဆောင်များ၌ အဆောင်နေရန် စီစဉ်ထားပြီး အဆောင်စည်းမျဉ်းစည်းကမ်း အသေးစိတ် အချက်အလက်များအား ဆွေးနွေးလျက်ရှိကြောင်း သိရသည်။

"နုနယ်တဲ့ ကလေးတွေ အထူးသဖြင့် ပထမနှစ်၊ ဒုတိယနှစ် ကျောင်းသားကျောင်းသူတွေအတွက် အဆောင်နေထိုင်ခွင့် ရရှိဖို့ကို အဆင့်မြင့် နည်းပညာ တက္ကသိုလ်များ ဦးစီးကော်မတီကနေ သက်ဆိုင်ရာကို တင်ပြခဲ့တာပါ။ ဒါ့ကြောင့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် ပြင်ပက ကျောင်းသားကျောင်းသူတွေအပြင် ကျောင်းနဲ့ အလှမ်းဝေးတဲ့ နယ်ကကျောင်းသား ကျောင်းသူတွေကိုပါ ရန်ကုန်နည်းပညာ တက္ကသိုလ်ထဲမှ ကျောင်းဆောင်စီစဉ် ထားပေးပါတယ်။ အသေးစိတ် အချက်အလက် တွေကိုတော့ ဆွေးနွေးနေကြဆဲပါ" ဟု အဆင့်မြင့်ပညာ ဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီး တစ်ဦးက ပြောကြား ခဲ့သည်။

နည်းပညာ တက္ကသိုလ် အပါအ၀င် ၁၉၉၀ ပြည့်နှစ် ၀န်းကျင်နောက်ပိုင်း အသစ်ဆောက်လုပ်ခဲ့သည့် တက္ကသိုလ် ကျောင်းများ၏ တည်နေရာမှာ မြို့နှင့်ဝေးသည့် အရပ်များတွင် ဆောက်လုပ်ခဲ့သည့်အတွက် ကျောင်းတက်ရာတွင် သွားရေးလာရေး ခက်ခဲခြင်း၊ ကျောင်းသားများ ငွေအကုန်အကျ ပိုများခြင်း၊ လမ်းခရီးတစ်လျှောက် ပင်ပန်းသည့်အတွက် အိမ်တွင်စာကြည့်ရန် စိတ်မ၀င်စား ဖြစ်ရခြင်း၊ ကျောင်းပြေးခြင်း၊ စည်းကမ်းပျက်ခြင်း၊ ကျူရှင်ကို အားကိုးကြရခြင်း စသည့်ဆိုးကျိုးများကို ဖြစ်ပေါ်စေသည့်အတွက် ကျောင်းသားကျောင်းသူများ အဆောင်နေထိုင်ခွင့် ရရှိရေး အစီအစဉ်အား သက်ဆိုင်ရာသို့ တင်ပြခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန် နည်းပညာ တက္ကသိုလ်သို့ ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် စုစုပေါင်းရမှတ် ၄၈၀ မှတ်နှင့်အထက် ရရှိသူများအား လျှောက်ထားခွင့် ပြုခဲ့ခြင်းဖြစ်ပြီး မြို့ပြအင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ အီလက်ထရောနစ် အင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုအီလက်ထရောနစ် အင်ဂျင်နီယာ၊ ဓာတုအင်ဂျင်နီယာ၊ ချည်မျှင်နှင့် အထည်အင်ဂျင်နီယာ၊ သတ္တုတူးဖော်ရေး အင်ဂျင်နီယာ၊ ရေနံအင်ဂျင်နီယာ၊ သတ္တုဗေဒ အင်ဂျင်နီယာ၊ ဗိသုကာ စသည့်ဘာသာရပ်များကို သင်ကြားပေးနေသည်။

EMG

B.Tech,BE ၀င်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆိုခွင့်ရရန် နည်းပညာကျောင်းသား ၁၀၀၀ ကျော်ခန့် လက်မှတ်ရေးထိုးကာ သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ တောင်းဆိုသွားမည်

Wednesday, 04 December 2013


နည်းပညာ ကျောင်းသားများမှ ရှင်းလင်းနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အေးသော်တာလှိုင်)

B-Tech နှင့် BE တန်းသို့ ဆက်လက်တက်ရောက်ခွင့် ရရန် A.G.T.I နှင့် B-Tech ဖြင့် အောင်မြင်သူများကို ၀င်ခွင့်စာမေးပွဲများ ပြန်လည်ဖြေဆို ခွင့်ပြုရန် တစ်နိုင်ငံလုံးရှိ ကျောင်းသားများက ဒီဇင်ဘာ ပထမပတ်အတွင်း သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ လက်မှတ်ရေးထိုး တောင်းဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာ ၀န်ကြီးဌာနသို့ ကျောင်းသားများက လက်မှတ်ထိုး တောင်းဆိုရာတွင် B-Tech နှင့် BE ၀င်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆို ခွင့်ပြုရန်၊ ၀င်ခွင့်စာမေးပွဲ ဖြေဆိုရန် ထုတ်ပြန်သည့် အချိန်ကာလနှင့် မျှတသည့် မေးခွန်းအား ကိုက်ညီစွာ စစ်ဆေးပေးရန် စသည့်အချက်များကိုပါ ပူးတွဲတင်ပြ တောင်းဆိုသွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်က အမျိုးသား ဒီမိုကရေစီ ပါတီသစ်ရုံး၌ ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲမှ သိရသည်။

"ကျွန်တော်တို့ကို ၀င်ခွင့်ပြန်ဖြေခိုင်းရင် တာဝန်ကျေ ကျင်းပပေးတဲ့ ပုံစံမျိုးတော့ မလိုချင်ပါဘူး။ အင်ဂျင်နီယာကျောင်း တက်ခွင့်ရပြီ ဆိုရင်တော့ အင်ဂျင်နီယာပဲ ဖြစ်ချင်ပါတယ်။ ပညာရေး စနစ်တွေ စတင်ပြောင်းလဲနေတဲ့ နေရာမှာ လက်တွေ့ပိုင်းကို မြှင့်တင်သင့်ပါတယ်။ အခု ကျွန်တော်တို့ အပြင်မှာ လုပ်ငန်းခွင် ၀င်တဲ့အခါမှာ အင်ဂျင်နီယာ ကျောင်းသားဆို အလုပ်ကြမ်း သမားတွေကတောင် အထင်မကြီးဘူး ဖြစ်နေတယ်" ဟု သန်လျင်နည်းပညာ တက္ကသိုလ် B-Tech ဖြင့် ကျောင်းပြီးထားသည့် ကိုတင်ကိုကိုက ဆိုသည်။

နည်းပညာ တက္ကသိုလ် (မှော်ဘီ) မှ ကထိက ဆရာတစ်ဦးက "အခု ကျွန်တော်တို့ သိသလောက်ကတော့ ၀င်ခွင့်စာမေးပွဲကို လာမယ့်ဧပြီလမှာ ကျင်းပပေးမယ်လို့တော့ ကြားနေတယ်။ ဒါပေမဲ့ ၀င်ခွင့်စာမေးပွဲကို အောင်ဖို့ဆိုရင်တော့ အမှန်တကယ် အရည်အချင်းပြည့်မှ အအောင်ပေးမှာပါ" ဟု ပြောကြားသည်။

B-Tech နှင့် BE ပေါင်းကူးတန်းတွင် သတ်မှတ်ထားသည့် အရည်အချင်း မပြည့်မီဘဲ ရိုးရိုးအောင်သည့် သူများမှာ နောက်တစ်နှစ် ဖြေဆိုခွင့် မရှိဘဲ အဝေးသင် တက္ကသိုလ်သို့ ပြောင်းလဲတက်ရောက်ကြရသည့် စနစ်ဖြစ်ကြောင်းနှင့် ၀င်ခွင့်စာမေးပွဲ ပြန်လည်ဖြေဆိုသည့် ကျောင်းသား ၃၀၀ ဦးဖြေဆိုလျှင် နှစ်ဦးခန့်သာ အောင်မြင်ကြောင်း ကိုတင်ကိုကိုက ပြောပြသည်။

၎င်းက "ကျောင်းသားလူငယ်တွေ ဒီလိုဖြစ်နေတယ် ဆိုတာကို လာမယ့်လွှတ်တော်မှာ ကျွန်တော်မေးခွန်း မေးသွားမှာ ဖြစ်တယ်။ အရင်ပညာရေး ၀န်ကြီးဌာန အနေနဲ့ ဒီဖြစ်ရပ်ကို သိပါသလား။ သိတယ်ဆိုရင် သူတို့ အခက်အခဲတွေကို ဘယ်လိုဖြေရှင်း ဆောင်ရွက်ပေးမလဲ။ ခုသတင်းစာ ရှင်းလင်းပွဲမှာ ပြောသွားတဲ့ အချက်တွေနဲ့ ကျွန်တော်မေးခွန်း မူကြမ်းကို သက်ဆိုင်ရာ ၀န်ကြီးဌာနနဲ့ အရင်ဆုံး ဆွေးနွေးပြီး လွှတ်တော်ကို တင်ပြသွားမယ်" ဟု ပြောကြားသည်။

EMG

မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာအကြားတွင် M 16 ကျည်ဆန်များ အပါအ၀င် အခြားအမျိုးအစား ကျည် ၁၅၂ တောင့် တွေ့ရှိ

Wednesday, 04 December 2013


တွေ့ရှိခဲ့သည့် ကျည်ဆန်များကို တာဝန်ရှိသူများ လာရောက်စစ်ဆေးနေစဉ်

မင်္ဂလာ တောင်ညွန့်မြို့နယ်နှင့် ပုဇွန်တောင် မြို့နယ်ကြားရှိ မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာအကြားတွင် အသုံးပြု၍ရသော M 16 ကျည်ဆန်များ အပါအ၀င် အခြားအမျိုးအစား ကျည် ၁၅၂ တောင့်အား တွေ့ရှိခဲ့ရကြောင်း သိရသည်။

ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီခန့်တွင် မင်္ဂလာ တောင်ညွန့်မြို့နယ်၊ မလွှကုန်း မီးရထားရပ်ကွက်၊ မလွှကုန်း ဘူတာနှင့် ပုဇွန်တောင် ဘူတာအကြား မိုင်တိုင်အမှတ် ၁/၁ နှင့် ၁/၂ အကြားတွင် မြို့ပတ်ရထားသံလမ်း (၁) နှင့် (၂) အကြား သံလမ်းကျောက်ခဲများ ရှိရာနေရာတွင် ကျည်ဆန်များ တွေ့ရှိရသဖြင့် သွားရောက်စုံစမ်းရာ M 16 အမျိုးအစား ၅ ဒသမ ၅၆ ကျည်ရှစ်တောင့်၊ M 21, M 22 အမျိုးအစားကျည် ၁၈ တောင့်၊ ၇ ဒသမ ၆၂ အမျိုးအစားကျည် ၅၅ တောင့်နှင့် ၉ မမကျည် ၇၁ တောင့် စုစုပေါင်းကျည် ၁၅၂ တောင့် တွေ့ရှိခဲ့သည်။

ဆက်လက်စုံစမ်းရာ အဆိုပါ ကျည်ဆန် ၁၅၂ တောင့်အား မွန်းလွဲ ၃ နာရီခန့်တွင် မီးရထား ၀န်ထမ်းအိမ်ရာ၊ မလွှကုန်း မီးရထားရပ်ကွက်၊ မင်္ဂလာတောင်ညွန့် မြို့နယ်နေ အဋ္ဌမတန်းကျောင်းသား မောင်ကျော်မိုးလွင် (၁၃) နှစ်မှ ကျောင်းဆင်း၍ ရထားသံလမ်းအတိုင်း နေအိမ်သို့ ပြန်လာစဉ် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် ၎င်းသည် နေအိမ်မှကျူရှင်သို့ ပြန်သွားစဉ် ယင်းပစ္စည်းများကို အဆိုပါ နေရာ၌ ပုံစံမပျက် ထပ်မံတွေ့ရှိ၍ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးတို့ကို အကြောင်းကြားခဲ့ပြီး အဆိုပါ ကျည်ဆန်တောင့်များကို မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက ခေတ္တသိမ်းဆည်း ထားရှိပြီး သက်ဆိုင်ရာ စအရ (၉၀၅) တပ်သို့ အကြောင်းကြားကာ ရောက်ရှိလာပါက လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။

EMG

Related Posts Plugin for WordPress, Blogger...