Wednesday, December 4, 2013

ထွက်နှုန်းမြင့် စပ်မျိုးစပါး တစ်မျိုးကို သိပ္ပံပညာရှင်များ တွေ့ရှိ

Wednesday, 04 December 2013


ထွက်နှုန်း အဆမတန် မြင့်တက်နိုင်သည့် မျိုးစပ်စပါး တစ်မျိုးကို ဖိလစ်ပိုင် အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသနဌာန (International Rice Rese-arch Institute (IRRE)) မှ သိပ္ပံပညာရှင်များက တွေ့ရှိထားကြောင်း ဒီဇင်ဘာ ၃ ရက်တွင် ထုတ်ပြန်ကြေညာ လိုက်သည်။

ကမ္ဘာပေါ်တွင် လက်ရှိစိုက်ပျိုးမှု များပြားနေသည့် အစေ့ရှည် indica စပါးမျိုးစိတ်များအား SPIKE မျိုးစိတ်နှင့် မျိုးစပ်လိုက်ပါက ထွက်နှုန်းမှာ ၁၃ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်လာနိုင်ကြောင်း သိရသည်။

indica စပါးမျိုးစိတ်များသည် မြေဆီလွှာ အရည်အသွေးပေါ် မူတည်၍ တစ်ဟက်တာလျှင် ၂ ဒသမ ၂ တန်မှ ၄ ဒသမ ၄ တန်အထိ ထွက်ရှိကြောင်း သိရသည်။

"SPIKE မျိုးစိတ်ဟာ စပါးအထွက် တိုးရေးအတွက် အဓိက မျိုးစိတ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီလို တွေ့ရှိဖို့အတွက် စိုက်ပျိုးရေး သမားတွေ အနေနဲ့ နှစ်ပေါင်းများစွာ နည်းလမ်းရှာခဲ့ ရပါတယ်" ဟု IRRI ၏ မျိုးဗီဇပြောင်းလဲရေး ဓာတ်ခွဲခန်း အကြီးအကဲ အီနက်ဇ်ဆလာမတ်လိုဒင်က ဌာန၏ ကြေညာချက်တွင် ဖော်ပြထားသည်။

မျိုးဗီဇ ရောစပ်ထားသည့် စပါးမျိုးစိတ်များကို အာရှတိုက်ရှိ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် စမ်းသပ်လုပ်ဆောင် နေဆဲဖြစ်ကြောင်း IRRI က ဦးဆောင်ပြုလုပ်နေသည့် SPIKE မျိုးစိတ် သုတေသနပြုလုပ်ရေး အစီအစဉ် အကြီးအကဲ ဆူတိုမူအီရှီမာရူက ပြောကြားသည်။

SPIKE မျိုးစိတ်ကို ၁၉၈၉ ခုနှစ်တွင် ဂျပန်သုတေသန ပညာရှင် နိုဘူရာကိုဘာရာရှီက အင်ဒိုနီးရှားတွင် စိုက်ပျိုးသော ဂျာပိုနီကာ စပါးမျိုးကွဲတွင် ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိခဲ့ကြောင်း IRRI ၏ ပြောခွင့်ရပုဂ္ဂိုလ် ဂလာဒီအီဗရွန်က ပြောကြားခဲ့သည်။

ဆန်သည် ကမ္ဘာ့ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အရေးကြီးဆုံး ကောက်ပဲသီးနှံ တစ်မျိုးဖြစ်သည်။ အာရှရှိ ဆင်းရဲမွဲတေသူ သန်း ၆၄၀ အပါအ၀င် ကမ္ဘာ့လူ့ဦးရေ၏ ထက်ဝက်ကျော်သည် ဆန်ကိုစားသုံး နေကြကြောင်း IRRI က ခန့်မှန်းထားသည်။

ယခု တွေ့ရှိထားသည့် စပါးမျိုးစိတ်သစ်သည် အခြားစပါးများ စိုက်ပျိုးသည့် မြေအကျယ်အ၀န်းနှင့် တူညီသော ရင်းမြစ်ပမာဏတို့ကို အသုံးချပြီး စပါးပင် အရေအတွက်ကို ပိုမိုစိုက်ပျိုး နိုင်မည်ဖြစ်ကြောင်း သိရသည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...