Wednesday, December 4, 2013

ထိုင်းဘုရင်မွေးနေ့ မတိုင်မီ ဆန္ဒပြသူများအား ရဲတပ်ဖွဲ့ အလျှော့ပေးခဲ့ပြီး အစိုးရ ရုံးချုပ်များကို ၀င်ရောက်ခွင့်ပေး

Wednesday, 04 December 2013



ဘန်ကောက်တွင် ဒီဇင်ဘာ ၃ ရက်က အတားအဆီးများကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီးနောက် ပျော်ရွှင်နေကြသော အစိုးရဆန့်ကျင် ဆန္ဒပြသူများ (Photo:AFP)

ထိုင်းဘုရင် ဘူမိဘော အဒူယာဒက်၏ ၈၆ နှစ်မြောက် မွေးနေ့မတိုင်မီ နိုင်ငံတွင်း တင်းမာမှု လျော့ပါးစေရန် ဒီဇင်ဘာ ၃ ရက်တွင် ထိုင်းရဲတပ်ဖွဲ့က အစိုးရ ရုံးဌာနများရှေ့ရှိ အတားအဆီးများကို ဖယ်ရှားကာ ဆန္ဒပြသူများကို ၀င်ရောက်ခွင့် ပြုခဲ့သည်။

ဝန်ကြီးချုပ် ယင်လက်ရှင်နာဝပ်၏ ရုံးများနှင့် ဌာနချုပ်များကို စီးနင်းရန် ကြိုးပမ်းသည့် ဆန္ဒပြသူများကို အင်အားသုံး ဖြိုခွင်းတော့မည် မဟုတ်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ယင်းက ဆန္ဒပြသူများနှင့် လုံခြုံရေး တပ်ဖွဲ့များအကြား ရက်အတန်ကြာ ဖြစ်ပွားနေသော ပဋိပက္ခ ရုတ်ခြည်းငြိမ်သက်စေနိုင်သည့် ဗျူဟာတစ်ခု ဖြစ်သည်။

ဘုရင်အတွက် ငြိမ်သက်ခြင်းနှင့် ကြည်ညိုခြင်း စိတ်ဓာတ်ပြသသည့် နေ့တစ်နေ့ဖြစ်သော ဒီဇင်ဘာ ၅ ရက်တွင် ကျရောက်သည့် ၈၆ နှစ်မြောက် မွေးနေ့ကျင်းပရန် ပြင်ဆင်နေသဖြင့် ယင်းသို့ ဗျူဟာပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

ထိုင်းတွင် လွတ်ငြိမ်းချမ်းသာခွင့်ဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်ရာမှ အစပြုခဲ့သော အတိုက်အခံများ၏ ဆန္ဒပြမှုများသည် ယင်လက်အစိုးရကို ဖြုတ်ချပြီး ပြည်သူ့ကောင်စီ တစ်ခုဖြင့် အစားထိုးရန် တောင်းဆိုခဲ့သော်လည်း ယင်လက်က ပယ်ချခဲ့သည်။

ယင်းဆန္ဒပြမှုများသည် လွန်ခဲ့သည့် ခုနစ်နှစ်က ယင်လက်၏အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို စစ်တပ်က ဖြုတ်ချခဲ့ပြီးနောက် နောက်ဆုံးဖြစ်ပွားသော နိုင်ငံရေး မငြိမ်သက်မှု ဖြစ်သည်။

ယင်လက်အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့် တိုက်ပွဲသည် မပြီးဆုံးသေးဟု အတိုက်အခံ ဆန္ဒပြခေါင်းဆောင် ဒုတိယ ၀န်ကြီးချုပ်ဟောင်း ဆူသက်သောင်ဆူဘန်က ပြောကြားခဲ့သည်။

"ဒါဟာ အောင်မြင်မှု အစိတ်အပိုင်း တစ်ခုပါ။ နောက်ဆုံး မဟုတ်သေးပါဘူး။ သက်ဆင် (ယင်လက်) အစိုးရက နေရာယူထားဆဲ ဖြစ်တယ်။ ဒါကြောင့် ခင်ဗျားတို့ အိမ်ပြန်လို့ မရသေးဘူး။ ကျွန်တော်တို့တွေ ဆက်လက်တိုက်ပွဲ ၀င်ရမယ်" ဟု ဆူသက်က ၎င်း၏ ထောက်ခံသူများအား ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...