Wednesday, December 4, 2013

ယူကရိန်း ဆန္ဒပြသူ ထောင်ပေါင်းများစွာ ပါလီမန် အပြင်ဘက်တွင် စုဝေးဆန္ဒပြ

Wednesday, 04 December 2013


ဒီဇင်ဘာ ၂ ရက်တွင် ကိဗ်မြို့ရှိ လွတ်လပ်ရေး ရင်ပြင်၌ အစိုးရဆန့်ကျင် ဆန္ဒပြသူများက ကြွေးကြာ်သံများ အော်ဟစ်နေကြစဉ်

ဥရောပ သမဂ္ဂနှင့် သမိုင်းဝင် သဘောတူညီချက် လက်မှတ်ရေးထိုးရန် အစီအစဉ်ကို ဖျက်သိမ်းခဲ့သော ယူကရိန်း အစိုးရအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရန် လွှတ်တော်အမတ်များက ဆွေးနွေးနေချိန်တွင် မြို့တော်ကိဗ်ရှိ ပါလီမန် အပြင်ဘက်၌ ဆန္ဒပြသူ ထောင်ပေါင်းများစွာက ဒီဇင်ဘာ ၃ ရက်တွင် စုဝေးခဲ့ကြကြောင်း သိရသည်။

သမိုင်းဝင် သဘောတူညီချက်ကို လက်မှတ်မထိုးသော ယူကရိန်း အစိုးရအပေါ် ရက်ပေါင်းများစွာ ဆန္ဒပြမှု ဖြစ်ပွားနေချိန်တွင် ၀န်ကြီးချုပ် မိုင်ကိုလာ အဇာရော့ အစိုးရအပေါ် အယုံအကြည်မရှိအဆို မဲခွဲရန် အတိုက်အခံတို့က တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ယူကရိန်း အစိုးရသည် ရုရှားဖိအားပေးမှုကြောင့် ဥရောပသမဂ္ဂနှင့် နိုင်ငံရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးမည့် အစီအစဉ် ဖျက်သိမ်းခဲ့ခြင်းဖြင့် ပြည်သူလူထုကို သစ္စာဖောက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲခဲ့သည်။ ယူကရိန်း အစိုးရအပေါ် အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်ရေး မူကြမ်းကို ကမ္ဘာ့ဟဲဗီးဝိတ် လက်ဝှေ့ချန်ပီယံဟောင်း ဗစ်တာလီကလီရှ်ကို အပါအ၀င် အတိုက်အခံ ခေါင်းဆောင်များက တင်သွင်းခဲ့ခြင်း ဖြစ်သည်။

နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် အစိုးရ ဆန့်ကျင်ဆန္ဒပြ သူများနှင့် ရဲတပ်ဖွဲ့တို့အကြား အကြမ်းဖက် ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့ အသုံးပြုခဲ့ရ သကဲ့သို့ ဆန္ဒပြသူများကလည်း မီးလောင်ဗုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဝန်ကြီးချုပ် အဇာရော့က ယခုအခြေအနေသည် အာဏာသိမ်းရန် ပုံစံနှင့် တူသည်ဟု ပြောကြားခဲ့သည်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က ဆန္ဒပြမှုများသည် လူထုတော်လှေန်ရေးထက် Pogrom (လူမျိုးနှင့် ဘာသာရေး ကွဲပြားမှုကြောင့် လူအများအပြားကို စနစ်တကျ သတ်ဖြတ်ခြင်း)နှင့် ပိုတူနေသည် ဟုပြောကြားခဲ့သည်။ အမေရိကန်ကမူ ငြိမ်းချမ်းစွာ ဆန္ဒပြနေမှုများကို အာဏာသိမ်းမှု တစ်ခုအဖြစ် သတ်မှတ်၍ မရကြောင်း အလေးပေး ပြောကြားခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...