Wednesday, December 4, 2013

အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာ နိုင်ငံတို့သည် ကမ္ဘာ့ခြစားမှု အများဆုံး နိုင်ငံများဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြ

Wednesday, 04 December 2013


အာဖဂန်နစ္စတန် နာဂါဟာပြည်နယ်၊ ဂျလာလာဘတ်မြို့တွင် လမ်းဘေး၌ မီးဖိုချောင်သုံး ပစ္စည်းများ ရောင်းချနေသူများ (Photo:AFP)

အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယားနှင့် ဆိုမာလီယာ နိုင်ငံများသည် ကမ္ဘာပေါ်တွင် ခြစားမှု အဆိုးဆုံး နိုင်ငံများ ဖြစ်ကြောင်းနှင့် ဒိန်းမတ်နှင့် နယူးဇီလန်တို့သည် ခြစားမှု ကင်းရှင်းလုနီးပါး နိုင်ငံများဖြစ်ကြောင်း ခြစားမှု စောင့်ကြည့်ရေးအဖွဲ့ Transparency Inter-national (TI) ၏ လေ့လာမှု တစ်ရပ်က ဒီဇင်ဘာ ၃ ရက်တွင် ဖော်ပြခဲ့သည်။

အစိုးရ ၀န်ထမ်းများတွင် လာဘ်ပေးလာဘ်ယူမှု ဆိုးဆိုးရွားရွား ဖြစ်နေကြောင်း ကမ္ဘာတစ်ဝန်း နိုင်ငံများ၏ ရာခိုင်နှုန်း ၇၀ တွင် ယုံကြည်နေကြကြောင်း ဘာလင်အခြေစိုက် အကျိုးအမြတ် မယူသော Transparency International အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။ ယခုနှစ် စစ်တမ်းတွင် ပါဝင်သည့် ကမ္ဘာ့နိုင်ငံ ၁၇၇ နိုင်ငံအနက် မည်သည့်နိုင်ငံကမှ ရမှတ်အပြည့် ရရှိခဲ့ခြင်း မရှိကြောင်း TI က ထုတ်ပြန်သည်။

TI ၏ နှစ်စဉ်ထုတ်ပြန်သည့် စစ်တမ်းသည် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့တွင် အောက်ခြေလှိုက်စားမှုများကို ဖြစ်ပေါ်စေသည့် နိုင်ငံရေး ပါတီများ၊ ရဲတပ်ဖွဲ့၊ တရားရေး စနစ်များနှင့် အစိုးရ ဌာနများ၏ ခြစားမှုများကို လေ့လာထားခြင်း ဖြစ်သည်။ "နိုင်ငံတွေမှာ ခြစားမှုဒဏ် ခံရဆုံး လူတွေက အောက်ခြေလူတန်းစားတွေပါပဲ။ ခြစားမှုတွေကို မတိုက်ဖျက်ဘူးဆိုရင် အဲဒီနိုင်ငံတွေဟာ ဆင်းရဲတွင်းထဲကနေ ဘယ်လိုမှ မလွတ်မြောက်နိုင်ပါဘူး" လေ့လာရေး အဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဖင်းဟန်းနရစ်ခ်ျက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

၂၀၁၃ ခုနှစ်၏ ခြစားမှု အညွှန်းကိန်းတွင် အဆင့်အများဆုံး ကျသွားသည့် နိုင်ငံများအနက် ဆီးရီးယား၊ လစ်ဗျားနှင့် မာလီနိုင်ငံတို့ ပါဝင်ခဲ့သည်။ ယင်းနိုင်ငံများသည် မကြာသေးမီ နှစ်များအတွင်း စစ်ရေးပဋိပက္ခများနှင့် ကြုံတွေ့ခဲ့ရသည်။

၂၀၁၃ ခုနှစ် Corruption Perceptions Index တွင် တိုးတက်မှု အရှိဆုံး နိုင်ငံများ၌ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ စာရင်းပြုစုရာတွင် သုညမှ ၁၀၀ အထိ အမှတ်ပေးထားရာ သုညရသည့် နိုင်ငံသည် ခြစားမှု အလွန်မြင့်မားနေပြီး ၁၀၀ ရသည့်နိုင်ငံသည် ခြစားမှု ကင်းစင်းသည့် နိုင်ငံဖြစ်သည်။ ယခုနောက်ဆုံး စစ်တမ်းအရ နိုင်ငံစုစုပေါင်း၏ သုံးပုံနှစ်ပုံသည် အမှတ် ၅၀ အောက်သာ ရရှိခဲ့သည်။ မြန်မာသည် အမှတ် ၂၁ မှတ်ရခဲ့ပြီး အဆင့် ၁၅၇ ရရှိခဲ့သည်။ မြန်မာသည် ယခင်နှစ်က အဆင့် ၁၇၇ ရရှိခဲ့သည်။

Ref:AFP

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...