Thursday, August 22, 2013

ဘောလုံးပွဲကပြောတဲ့ ဒီမိုကရေစီ

ဘော မနိုင် လူကန် ဆိုသလိုပါပဲ။ ပုံမှာမြင်ရတဲ့အတိုင်းပဲ လူငယ်က လူကြီးကို ခြေနဲ့ကန်ခဲ့တာပါ။ ဂါရ၀တရားဆိုတာ ဘယ်မှာလဲလို့မေးရမဲ့ပုံပါပဲ။ ရန်ကုန်ယူနိုက်တက်နဲ့ နေပြည်တော်အသင်း တို့ရဲ့ သြဂုတ်လ ၄ ရက်နေ့ညနေ ၆ နာရီမှာ ကန်ကြတဲ့ MNL ရဲ့ ဒီရာသီ နောက်ဆုံးပွဲစဉ် ပထမပိုင်း ၃၅ မိနစ်လောက်မှာ ဖြစ်ခဲ့တာပါ။ ရန်ကုန်အနေနဲ့ ဒီရာသီရဲ့ သုံးထပ်ကွမ်းချန်ပီယံဖြစ်ပြီးနေသလို နေပြည်တော် အသင်းအနေနဲ့လည်း နိုင်လို့လဲ ချန်ပီယံမဖြစ်တော့တဲ့ အနေအထားပါ။ ဒီပွဲဟာရာသီရဲ့နောက်ဆုံးပွဲဖြစ်သလို ပွဲပြီးရင်လည်း ဒီရာသီအတွက် ဆုပေးပွဲ အခမ်းအနားပြုလုပ်မှာဖြစ်ပါတယ်။
  ဒီလိုအခြေအနေတစ်ရပ်မှာ တစ်သင်းနဲ့ တစ်သင်းထိန်းထိန်းသိမ်းသိမ်းနဲ့ ရာသီတစ်ခုကိုအောင်မြင်စွာပိတ်သိမ်းရမှာ ဖြစ်ပေမယ့်  ဘော လုံးသမားတွေရဲ့ မထိန်းနိုင်တဲ့ဒေါသ၊ ပရိတ်သတ်တွေရဲ့ မဆင်ခြင်တဲ့ အမှားကနေ ပြိုင်ပွဲက အရုပ်ဆိုးအကျည်းတန်ခဲ့ရပါပြီ။ တစ်ယောက်ကိုတစ်ယောက်ထိုးကျကြိတ်ကျနဲ့ ကြွရောက်လာတဲ့ လူကြီးလူကောင်းတွေရှေ့မှာရော အသင်းမှာပါဝင်ကြတဲ့ နိုင်ငံခြားသားတွေရှေ့မှာရော မြန်မာလူမျိုးဆိုတာ ဒါလားဆိုပြီး နိုင်ငံသိက္ခာ၊ လူမျိုးသိက္ခာကို မြန်မာ့ဘောလုံးသမားနဲ့ ပရိသတ်တွေကပြခဲ့ပါတယ်။ အားလုံးကိုမဆိုလိုပေမယ့် ဒီလိုဆိုးသွမ်းတဲ့လူတွေကြောင့် ဒီလိုဖြစ်ရပ်တွေဖြစ်လာရတာပါ။
 ဒီမိုကရေစီရလာတာနဲ့ လူ့အခွင့်အရေးဆိုတာကြီးကို တကြော်ကြော်အော်ပြီး ဆိုးခွင့်မိုက်ခွင့်ကို လိုင်စင်ရလိုက်သလိုပါပဲ ပုံမှာမြင်တဲ့အတိုင်း ပရိသတ်တစ်ယောက်က ဒိုင်ကိုရန်မူ မလို့ ပြေးဝင်လာနေတာပါ။ ဒီလိုဖြစ်ရပ်တွေ နိုင်ငံတကာမှာလည်းဖြစ်ဖူးပေမယ့် အင်မတန်ရှားပါတယ်။ MNL ရဲ့သက်တမ်းက နုနယ်ပေမယ့်  မြန်မာ့ဘောလုံးက အနည်းငယ်တက်ရိပ်ပြလာသလို ဒီမိုကရေစီ ပရိသတ်တွေရဲ့ ရိုင်းပြစွာအားပေးမှုတွေကလည်း နိုင်ငံတကာကလိဂ်ဘိုးအေကြီးတွေ ထက်သာအောင် တိုးတက် လာခဲ့ပါတယ်။ 
လွတ်လပ်စွာပြောခွင့်ဆိုခွင့်ရှိတာ ဒီမိုကရေစီလို့ ဆိုရပေမယ့် လွတ်လပ်စွာ ဖျက်စီးခွင့်ကို ဒီမိုကရေစီလို့ ပြောလို့မရတော့ပါဘူး။ ဒီပုံကတော့ ဆီးဂိမ်းကျင်းပမဲ့ ၀ဏ္ဏသိဒ္ဓိကွင်းမှာ ဆိုးသွမ်း ပရိသတ်တွေ လက်ချက်နဲ့ ဘ၀တစ်ပါးပြောင်းသွားရတဲ့ ထိုင်ခုံတွေပါပဲ။ ဒီထိုင်ခံပျက်တွေကို ကြည့်ပြီး သြော်တို့မြန်မာတွေ အရင်ကကြည့်ခဲ့ရသလို အုတ်ခုံနဲ့ပဲတန်ပါလားလို့တွေးမိပါတယ်။ ငါတို့နိုင်ငံကြီး ဒီမိုကရေစီရတာ တိုးတက်ဖို့လား၊ ဆုတ်ယုတ်သွားဖို့လားဆိုတာ စိုးရိမ်မိပါတယ်။ သူများတကာက တစ်ခွန်းအော်ရင် နောက် ကအကုန်လိုက်အော်။ ပါးစပ်ကအော်နေတာကတော့ လူ့အခွင့် အရေး၊ လက်တွေ့လုပ်နေတာကတော့ အများအခွင့်အရေးကို ဖျက်ဆီးနေတာပါပဲ။  အစိုးရက အားကျိုး မာန်တက် နိုင်ငံ့ပုံရိပ်ကို မြှင့်တင်နိုင်ဖို့ ဘက်ပေါင်းစုံက ပြင်ဆင်နေပါတယ်။ ဒါပေမယ့် မီဒီယာတွေရဲ့ ဖော်ပြမှုတွေက နည်းပါးနေသလို ဒီလိုပရိသတ်တွေရဲ့ အားပေးပုံစိတ်ဓာတ်ကိုလည်း မပြုပြင်နိုင် ရင်တော့ ဒီမိုး ဒီရေ ဒီလေ ဒီလူတွေနဲ့ လာမယ့် ဆီးဂိမ်းအတွက်ကိုတောင် ဘယ်လိုများလုပ်ကြမလဲ တွေးပူမိပါတယ်။ ဒီမိုကရေစီကြောင့်ပဲ ရိုင်းလာကြ သလား။ ဒီမိုကရေစီနဲ့ပဲ မတန်ဘူးလားဆိုတာ ကိုယ့်ကိုကိုယ်ပြန်သုံးသပ်ပြုပြင်ကြဖို့ လိုပါပြီ။

Source_NSP

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ


Thursday, August 22, 2013

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ... နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား.... ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ... ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ... ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ... ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ... ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ... ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်... အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်... ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ... တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ... နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား... သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်... vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား... ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ... ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်... အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်... အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ... လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်... brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ... ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်... ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်... ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်... လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်... သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်... ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ... မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Source from - ဒင်(မြန်မာ့ဟာသနှင့်သတင်းများ)
--------------------------------------
Ref: Amazing Facts

စာအုပ်မျက်နှာ

ဘာသာရေးကင်း စောင့်ပါဘုရား



မနက်က Facebook ဖွင့်ဖွင့်ခြင်း
မြို့ထဲမှာ ဘုန်းကြီးတစ်ယောက် ဆိုင်းဘုတ်ကိုင်ပြီးနိုင်ငံရေးအကျဉ်းသားကိစ္စဆန္ဒပြနေတာတွေ့လို့
စိတ်ထဲ နည်းနည်းတော့ ဘဝင်မကျဖြစ်မိပါတယ်
ဒီကိစ္စနဲ့ပါတ်သက်လို့
ကျွန်တော်ပြောချင်တာလေးတစ်ခု ပြောခွင့်ပြုပါ
.....
အခု မိတ်ဆွေတို့မြင်နေရတာက ဘုန်းကြီးကျောင်းလေးတစ်ခုဖြစ်ပါတယ်
အတိအကျပြောရရင် ဘုန်းကြီးမရှိတဲ့ ဘုန်းကြီးကျောင်းဖြစ်ပါတယ်
ဒီကျောင်းလေးဟာဆိုရင်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နဲ့
ကချင်ပြည်နယ် မိုးမိတ်မြို့နယ် တို့အစပ်က ဟိုစန်ဆိုတဲ့ ရွာကလေးမှာ တည်ရှိပါတယ်
ရွာလေးမှာတော့ ရှမ်းနဲ့ ပလောင်လူမျိုးတွေ နေထိုင်ကြပြီး ဗုဒ္ဓဘာသာဝင်တွေဖြစ်ပါတယ်
ပင်လယ်ရေမျက်နှာအထက် ပေ၃၅၀၀ ခန့်က အဆိုပါရွာကလေးမှာ အိမ်ခြေအားဖြင့် ၁၇ လုံးခန့်သာရှိပြီး
လူဦးရေ ၁၀၀ ခန့်နေထိုင်ပါတယ်
ဝေးလံခေါင်သီတဲ့ရွာကလေးမို့ သွားရေးလာရေး အဆင်မပြေပါဘူး
တောင်သူ လက်ဖက်စိုက်သူတွေမို့ ချမ်းသာတဲ့လူတွေလည်း မဟုတ်ပြန်ပါဘူး
ဒါပေမယ့် မိတ်ဆွေတို့မြင်တဲ့အတိုင်း ရွာဘုန်းကြီးကျောင်းလေးကိုတော့ တကယ့်ကို သစ်ကောင်းဝါးကောင်းနဲ့ ဆောက်လုပ်ထားပါတယ်
တရွာလုံး ဘယ်သူမှ သွပ်မမိုးနိုင်ပါဘူး
ကျောင်းကိုတော့ သွပ်မိုးထားပါတယ်
ဒီလို သဒ္ဓါတရားထက်သန်ကြပေမယ့်
ခေါင်လွန်းတာက တကြောင်း
မျှစ်သာစားရဖို့ များတာကတကြောင်း
စတဲ့ အကြောင်းပြချက်ပေါင်းစုံနဲ့
ဘယ်ဘုန်းကြီးမှ ကျောင်းထိုင်ဖို့ ပင့်မရပါဘူး
ငြင်းလွှတ်ပါတယ်
ရွာသားတွေ အမျိုးမျိုးကြိုးစားကြည့်ပေမယ့် အဆင်မပြေခဲ့ပါဘူး
ဒါကြောင့် ပုံမှာ မြင်တဲ့အတိုင်း အမြဲသော့ခတ်ထားရပါတယ်
.....
တဖက်တောင်ကြောမှာတော့ မန်မောဆိုတဲ့ ကချင်ရွာကလေးရှိပါတယ်
အိမ်ခြေရော လူဦးရေရော ဟိုစန်ထက်နည်းပါတယ်
ဒါပေမယ့် သူတို့မှာ Chruch နဲ့ သင်းအုပ်ဆရာ ရှိပါတယ်
ပွင့်ပွင့်လင်းလင်း ပြောရရင် ဟိုစန်ထက်အများကြီးညစ်ပတ်တဲ့ရွာပါ
သင်းအုပ်ဆရာကိုလည်း သာမန်ထားတာပါပဲ
အထူးတလည် ဘယ်သူမှ အရေးမထားပါဘူး
ဝက်တွေ ဗွက်တွေ ပွထနေပေမဲ့ သင်းအုပ်ဆရာလေးကတော့ ပြုံးပြုံးပါပဲ
ရွာလေးဟာ တနင်္ဂနွေဆို chruch တက် ဘုရားသီချင်းဆို
ဘာသာရေး နဲ့ လွှမ်းခြုံနေပါတော့တယ်
.....
ဟိုစန်ရွာသားတွေကပြောတယ်
ဘုန်းကြီးလည်းမျှစ်ပဲစားရတော့ ပြေးပြီ တဲ့
သူတို့ မပြောလဲပဲ သူတို့စိတ်ထဲမှာ
တဖက်ရွာကို အားကျနေတာကတော့ ဖုံးဖိမရပါဘူး
ရွာမှာအရေးထား အလေးထားရမယ့်
ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်မရှိတာက
အဲ့သည့်ဒေသမှာ သိပ်သိသာပါတယ်
ဒါကြောင့်လည်း
တဖက်ဘာသာကို လိုလိုလားလား ပြောင်းသွားသူတွေ
တဖက်ဘာသာက လူနဲ့ အိမ်ထောင်ရက်သားကျလို့
ဘာသာပြောင်းသွားသူတွေ အရေအတွက်ဟာ တရိပ်ရိပ်တက်လာပါတော့တယ်
ဒီလိုရွာမျိုးမှာ မျိုးစောင့်ဥပဒေဆိုတာလည်း လက်လှမ်းမှီမှာ မဟုတ်ပါဘူး
.....
ဒါကြောင့် ဘာမှမလိုပါဘူး
ဘုန်းဘုန်းတွေ လာနေဖို့ပဲလိုပါတယ်
ကျောင်းထိုင်တာကို
ဘာသာရေး ကင်းစောင့်တယ်လို့ ပြောရမလားတော့မသိဘူး
တနိုင်ငံလုံးမှာလည်း အလားတူအဖြစ်တွေ တပြုံတခေါင်းရှိနေဆဲဖြစ်နေဆဲ ဖြစ်ပါတယ်
စစ်သားစကားနဲ့ပြောရရင်
တဖက်က ကိုယ့်နယ်မြေတွေကို စိမ့်ဝင်သိမ်းပိုက်နေချိန်မှာ ကိုယ်တွေက ဌာနချုပ်နားက မခွဲနိုင် မခွာရက်ဖြစ်နေတာက ကျရှုံးခြင်းအစပဲဖြစ်ပါတယ်
ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာ
ဘုန်းဘုန်းတွေ ရဲပဒေါင်းခတ်အောင်များပြားနေတာတွေ
လောကီကိစ္စတွေမှာ
ဝင်ရောက်ပါဝင်နေတာထက်
ကိုယ့်ရဲ့မူလတာဝန်ဖြစ်တဲ့
ဘာသာ သာသနာပြန့်ပွားရေးကို အလေးအနက်ထားတဲ့အနေနဲ့
ဖော်ပြပါ ရွာလေးတွေမှာ
အပင်ပန်း အဆင်းရဲခံပြီး
အလှည့်ကျဖြစ်ဖြစ် ဘာသာရေးကင်းစောင့် ကြမယ်ဆိုရင်
ဘယ်လောက်များကောင်းလိုက်မလဲ လို့တွေးမိပါတယ်ခင်ဗျာ

ကိုဆေး
(တဖက်ဘာသာကို အပုတ်ချလိုခြင်း
နိုင်ငံရေးသမားများကို အပုတ်ချလိုခြင်း
အလျဉ်းမရှိပါခင်ဗျာ
သာသနာထွန်းကားပြန့်ပွားရေး အမြင်တစ်မျိုးတည်းဖြင့်သာ ရေးသားပါသည်
တဆက်စပ်တည်း လွယ်ဆာရွာ မိုးပြေရွာ ဟိုဝိတ်ကျေးရွာတို့တွင်
အသီးသီး အဆင်းရဲ အပင်ပန်းခံ ကျောင်းထိုင်နေကြသော
အရှင်ဘုရားတို့ကို ဤစာဖြင့် ရိုသေစွာရှိခိုးကန်တော့လိုက်ပါတယ်)

နိုင်ငံကျော် မင်းသားများ စစ်မှုထမ်းကြတော့မည်



        တစ်နေ့ တစ်နေ့ သတင်းစာလေး ဖတ်လိုက် စာအုပ်လေး ဖတ်လိုက် အလုပ်လုပ်လိုက် နဲ့ အချိန်တွေကကုန်မှန်းမသိ ကုန်တာမြန်ပါတယ်။ ထူးထူးခြားခြား ဒီနေ့တော့  သတင်းလေး တစ်ပုဒ် ဖတ်ရင်း အတွေးတစ်ခုရတယ် ။မကြာခင်မှာပဲ တောင်ကိုရီးယား က မင်းသား ချော ဆောင်ဂျွန်ကီ ဟာ စစ်မှုထမ်းရတော့မယ် ဆိုတဲ့ သတင်းပါ ။နောက်ပြီးတော့ တရုတ်ကျောင်းသားတွေကလဲ စစ်မှုထမ်းဖို့ စာရင်းပေးသွင်းကြတယ်လို့ သိရပါတယ်။ လူဆိုတာအားကျတတ်တာ သူများဖြစ်ရင် ကိုယ်လည်း ဖြစ်ချင်တာ သဘောဝ ပဲမဟုတ်လား ။ ငါတို့နိုင်ငံမှာလဲ အဲ့ဒီလိုဆိုသိပ်ကောင်းမှာပဲလို့ စဉ်းစားမိတယ် ။ စဉ်းစားမိတော့ လည်း စိတ်က ပြန်မေးတဲ့ မေးခွန်းတွေကို ကိုယ့်ဘာသာ တစ်ယောက် တည်းကြိတ်ဖြေလို့ပေါ့ ။ 
 
ငါတို့ မြန်မာနိုင်ငံ က ရုပ်ရှင်မင်းသားတွေ၊ ကျောင်းသား   ဟောင်းတွေ ရော  ဘယ်လိုလဲ  ? 
အမိနိုင်ငံတော် ကိုကာကွယ်ဖို့ ဆန္ဒ ရှိကြလေမလား ? 
ဒီရုပ်ရှင်မင်းသားတွေ ကျောင်းသားတွေကကော တပ်မတော် ရဲ့ မပြည့်စုံအောက်မှာ ဘယ်လောက် ကြာကြာ စစ်မှုထမ်းချင်ကြမလဲ ? 
 
       အဲ့လို နည်းနည်း လေး ကိုယ့်ဘက် ကိုယ်ရပ်တွေးလိုက်ပြီးမှ ကိုယ်ဘာသာ ကိုယ်ပြန်စဉ်းစား ရင်း ရှက်လာတယ်။ ကျွန်တော် ဟိုတစ်လော က ဖတ်ရတဲ့ သတင်းကို မေ့တော့မလို့မြန်မာရုပ်ရှင်မင်းသား ချော မင်းအုပ်စိုးက လူလည်ခေါင်မှာ အရက်မူး ရမ်းကား ၊ သစ်ပင်ကို မီးရှို့ ခဲ့တဲ့သတင်းလေ ။ဟူး ... တော်တော် ရှက်ဖို့ကောင်းတယ်ဗျာ ။ သူများနိုင်ငံ က မင်းသားအကြောင်း ဖတ်ပြီးမှ ကိုယ့်မင်းသား အကြောင်းတွေ ပြန်သတိရတော့ စိတ်ထဲ တော်တော် တင်းချင်ချင် ဖြစ်သွားတယ် ။ ကျွန်တော် တို့ မြန်မာ အကျင့်က ခွေး-ခွေးခြင်း ကိုက်ရင်တောင် ကိုယ့်ခွေး နိုင်စေချင်တာ ကိုးဗျ။ ဒါနဲ့ သူငယ်ချင်းတစ်ယောက်ကို ကိုယ့်စိတ်ထဲ ခံစားနေရတာလေး ပြောပြကြည့်မိတယ်။ သူ့ ကို ပြောပြမိကာမှပဲ ကျွန်တော် ပိုပြီး တင်းရပါကော ။

"မင်း က မင်းအုပ်စိုးကိစ္စပဲ သိလိုက်တာလား - သရုပ်ဆောင် ရဲတိုက် ကို ကျောက်တံခါး ရဲစခန်းမှာ
ဆေးခြောက်တွေ နဲ့ ဖမ်းမိတာ မဖတ်မိဘူးလား ၊ မင်း ပြောတဲ့ တပ်မတော် ထဲ ၀င်ဖို့ မပြောနဲ့ သူတို့ လောကနဲ့သူတို့ တောင် စာကလေးသိုက် နဲ့ သပွတ်အူ  ရှုပ်လို့ ပွေလို့ ၀ကြရဲ့လားမသိဘူး"

      အဲ့ဒီလောက်တောင်ပဲလား ။ အနုပညာ လောက ဆိုတာကလည်း ကိုယ်နဲ့ အလှမ်းဝေးတော့ တကယ်ပဲ မသိခဲ့ဘူး။အနုပညာ ရှင်တွေ က ပြည်သူ အချစ်တော် မဟုတ်လား ။ ဟိုးအရင်တုန်းကတော့ တပ်တွေ ရှေ့တန်းပြန်လာပြီဆို အဆိုတော် ၊ နာမည်ကြီးအနုပညာရှင်တွေကရှ့တန်းပြန်ရဲဘော်လေးတွေ ကို ဖျော်ဖြေပေးကြ နဲ့ မြင်ရတာ တကယ့်ကို ပီတ ဖြစ်စရာကောင်းတယ်။ စည်းလုံးတယ်လို့ ပြောရမှာပေါ့ ။ 
     ဟိုတုန်းက စတန့်မင်းသားကြီး ချစ်ရွှေကြီးဆိုတာ နာမည် ကြီးပေါ့ ။ မင်းသား သက် ရှစ် နှစ် မှာ ဇာတ်ကား ပေါင်း ၂၄ ကား ရိုက်သွားတယ် ။ အသားက မဖြူ မညို အရပ်အမောင်း ကလဲ  ၅ ပေ ၁၀ လက်မ လောက် ရှိတယ် ။ သွပ်ပြားတွေ ရံထားတဲ့ ခြံစည်းရိုး ကို တုတ်ထောက် ခုန်ပီးဝင် တဲ့ ဇာတ်ဝင် ခန်းတွေ ဆို လူစားထိုး စာမလို အရမ်းကို စတန့်ကောင်းတယ် ။ အမြဲတမ်း လည်း ကြောင်ကျ , ကျတယ်။ နောက် တော့ မင်းသား ချစ်ရွှေ ဗမာ့ လွတ်လပ်ေ၇း တပ်မတော် ထဲ ၀င်ပြီး စစ်မှုထမ်းတယ် ။ ရဲရဲတောက်  မျိုးချစ်အနုပညာ ရှင်လို့ ပြောရမယ် ။ နောက်တော့ ဟင်္သာတ အထက် က ဒိုက်ယား (သာယာကုန်း ရွာ)  က အင်္ဂလိပ်နယ်ချဲ့တွေကို သွားတိုက်ခိုက်ရင်း ကျဆုံးသွားခဲ့တယ်။ အခုတော့ မပြောပါနဲ့ဗျာ ..မူးပြီး လူလည်ခေါင် တက်ရမ်း တဲ့ မင်းသားနဲ့ ဆေးခြောက်မိတဲ့  မင်းသား နဲ့ ။ ဒါပေမယ့် တစ်ချို့ ကောင်းတဲ့ မင်းသားတွေ လဲ ရှိပါတယ် ။ စစ်မှုမထမ်းမ နေရ လုပ်ရင် သူတို့ လဲ ထမ်းချင် ထမ်းမှာပေါ့ ။ ဒါပေမယ့် လို့ ဘယ်သူမှ တော့ ခုထိ အသံထွက်တာ မကြားပါဘူးဗျာ ။

    မနက်ကတည်းက အခဲမကြေ လိပ်ခဲတည်းလည်း  ဖြစ်နေတာ ညနေဘက် မိတ်ဆွေတစ်ယောက် လက်
ဆောင်ပေးထားတဲ့ စာအုပ်လေး ဖတ်မိမှပဲ  စိတ်ကိုဖြေနိုင်တော့တယ် ။ကျွန်တော် က ကိုယ့်အတွေး နဲ့ ကိုယ် အဲ့လိုစိတ်ကြီးတဲ့ကောင် ။စာအုပ် လေး က တရုတ် စကားပုံ စာအုပ်လေးဗျ ။ အဲ့ဒီထဲ က စကားပုံလေး တစ်ပုဒ် ဖတ်လိုက်ပီးမှ ကျွန်တော် နဲနဲ သဘော ပေါက်သွားတယ် ။စကားပုံက-

"If one generation has been warlike,the ten following will be timid."
"အကယ်၍ မျိုးဆက်တစ်ဆက်သည် စစ်ကိုလိုလားခဲ့လျှင် နောက်ထပ်မျိုးဆက် ဆယ်ဆက်သည် သူရဲဘောကြောင်လိမ့်မည်".... တဲ့

    သိပ်မှန်တယ် ဗျ ။ ကျွန်တော်တွေးနေတာနဲ့ လာတိုက်ဆိုင်တယ် ။ ကိုချစ်ရွှေကြီးတို့ ရဲခဲ့သလောက်  ခုခေတ် မင်းသားတွေများ..စကားပုံ ထဲ က အတိုင်းပါပဲဗျာ။
 
ကိုရွှေကျော်

."အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို အမုန်းဆုံးပဲ"




အင်တာနက်ကို ညဥ့်နက်သန်းခေါင်ထိ သုံးချင်တဲ့သူတွေနဲ့သက်ဆိုင်တဲ့ ဇာတ်လမ်းကောင်းတစ်ခုကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
(အရမ်းကောင်းတဲ့ အချစ်ဇာတ်လမ်းလေးပါ။ ဖတ်ကြည့်စေချင်ပါတယ်)


........................................................................................

သန်းခေါင်ယံ ည(၁၂)နာရီတွင် အင်တာနက်ပေါ်သို့ သူတက်အလာကို စောင့်နေတတ်သည်မှာ
ကျွန်မအတွက် အကျင့်တစ်ခုလို ဖြစ်နေသည်။

အခန်းထဲတွင် မီးများကို ပိတ်ပြီး
ကျွန်မတစ်ယောက်တည်း ထိုင်နေမိသည်။ ကွန်ပျူတာ screen ပေါ်မှ ဖြာကျလာသော ပြာလဲ့လဲ့
မီးရောင်မှလွဲ၍ အခန်းတစ်ခုလုံး မှောင်အတိကျနေသည်။ သူ၏ screen name မှာ
(midnight)ဖြစ်ပြီး သန်းခေါင်ယံည(၁၂)နာရီတိတိတွင် online ပေါ်သို့ တက်လာတတ်သည်။
ကျွန်မမှာ ညတွင်မအိပ်ဘဲ အင်တာနက်ပေါ်တွင် ခြေဆန့်နေတတ်သော
ဇီးကွက်တစ်ကောင်ဖြစ်သည်။ ပထမဆုံးအကြိမ် ကျွန်မဆီပို့သော သူ၏ message မှာ
ထိုစာကြောင်းလေးဖြစ်သည်။

"အင်တာနက်ကို မုန်းတယ်.... မိန်းမတွေကို မုန်းတယ်... ကိုယ့်ကိုယ်ကို
အမုန်းဆုံးပဲ"
ထိုစာကြောင်းကို ဖတ်ပြီး ကျွန်မစိတ်ဝင်စားသွားမိသည်။ ကျွန်မလည်း
ဘာလုပ်ရမှန်းမသိ ပျင်းနေသည့် အချိန်မို့ စာတစ်ကြောင်းရိုက်ပြီး ပို့လိုက်မိသည်။
ကျွန်မပို့သော စာကိုဖတ်ပြီး သူပေါက်ကရထပ်ပြောတော့မည် မဟုတ်ဟု ကျွန်မတွေးမိသည်။

"ကိုယ့်ကိုယ်ဒီလောက်မုန်းနေရင် သွားသေလိုက်ပါလား"
သို့သော် တစ်မိနစ်မျှပင် မကြာလိုက်....
"ဟုတ်တယ်.. ကျွန်တော်က အခုသရဲလေ"
"ဟား....သရဲဖြစ်ရတာပျော်လား"
"ကျွန်တော် မပျော်ပါဘူး။ ကိုယ့်ကိုအဆုံးစီရင်မိတဲ့အတွက် ကျွန်တော်မကျွတ်ဘူး"
"ဟား...ဟား.. အချစ်အတွက်ကြောင့်လား"

ဒီလိုနှင့် စာတွေ အပြန်အလှန်ပို့ကြရင်း သူနှင့် ကျွန်မ online သူငယ်ချင်း
ဖြစ်သွားကြသည်။ သူသည် သူ့ကိုယ်သူ တစ္ဆေတစ်ကောင်အဖြင့် သတ်မှတ်ထားသော
ယောကျာ်းလေးတစ်ယောက် ဖြစ်သည်။ သူသည် ညတိုင်း သန်းခေါင်ယံအချိန်တွင် တိကျစွာonline
ပေါ်သို့ ရောက်လာတတ်သည်။ ထိုအပြုအမှုများကြောင့် သူ့ကို အံ့သြထိန့်လန့်စွာ
ကျွန်မပိုစိတ်ဝင်စားမိသည်။ တစ္ဆေသရဲ အင်တာနက် သုံးပါ့မလား... ဒါဟာ တိုက်ဆိုင်တဲ့
နောင်ပြောင်မှု တစ်ခုပဲဖြစ်မည်ဟု ကျွန်မ ဖြေသိမ့်မိသည်။ သူသည် အရင်ကတည်းက
ကျွန်မ၏ရုပ်ရည်ကို မြင်ဖူးထားသည့်အလား ဘယ်တော့မှ ကျွန်မ၏ ပုံပန်းသဏ္ဍာန်ကို
မမေးဖူးခဲ့။ တစ်ခါတရံ သူသည် ကျွန်မဘေးတွင်ရှိနေခဲ့ပြီး ကျွန်မကို
ထိုင်ကြည့်နေသည်ဟု ခြောက်တတ်သေးသည်။

"ကျွန်မ အခုဘာလုပ်နေလဲ"
တစ်ခါတရံ နောက်ပြောင်ပြီး သူ့ကို ကျွန်မမေးဖူးသည်။ ခဏမျှ သူနှုတ်ဆိတ်
နေတတ်ပြီး...
"တော်ပါပြီ... ကျွန်တော်မပြောချင်ဘူး.. ပြောလိုက်ရင် လန့်သွားဦးမယ်"
"ကော်ဖီတွေ သိပ်မသောက်နဲ့လေ"
"ပုံဆိုးပန်းဆိုး ထိုင်မနေနဲ့လေ"
တစ်ခါတရံ ကျွန်မ မျှော်လင့်မထားသော စကားများကို သူပြောတတ်သည်။ ထိုစာရသော
အချိန်တွင် တိုက်ဆိုင်စွာ ကျွန်မမှာ ကော်ဖီသောက်နေသည့်အချိန် (သို့)
ထိုင်ခုံပေါ်တွင် ခြေအစုံကို စုတင်ပြီး ငုတ်တုတ်ထိုင်ကာ ကျွန်ပျူတာကို
စိုက်ကြည့်နေသည့် အချိန်ဖြစ်သည်။

ကျွန်မနှင့် chatting လုပ်နေသော အချိန်များတွင် သူ့ဘ၀နောက်ကြောင်းကို
ပြောပြတတ်သည်။ သူသည် အသက်(၂၃)နှစ်ဖြစ်ပြီး chat room ထဲမှ မေ"ဟုခေါ်သော
မိန်းကလေးတစ်ယောက်ကို အစွဲအလမ်းကြီးစွာ ချစ်မိခဲ့ကြောင်း၊ မေ"ကြောင့်
သူ့ကိုယ်သူ အဆုံးစီရင်မိကြောင်း၊ အင်တာနက်ကို ပထမဦးဆုံး ထိတွေ့မိသည့် သူ့အဖို့
chatting ဟုခေါ်သော အင်တာနက် စကားဝိုင်း၏ လှည့်စားမှုကို နားမလည်ခဲ့ကြောင်း၊
မေ"၏ဖော်ရွေသော အပြောအဆိုများပေါ်တွင် သူသာယာမိကြောင်း ကျွန်မကို ပြောပြတတ်သည်။
အင်တာနက်တွက် ဆရာတစ်ဆူလို ဖြစ်နေသော မေ"မှာ သူ မသိနားမလည်သည်များကို
သင်ပြတတ်သည်။ မေ"၏ နွေးထွေးသော အပြောများကြောင့် chatroomထဲ
သူအမြဲဝင်ဖြစ်ခဲ့သည်။ chatroom ထဲဝင်တိုင်း မေ"မှလွဲ၍ မည်သူနှင့်မျှ
သူစကားမပြောပေ။

"ကျွန်တော် မေ့ကို ချစ်တယ်.... ကျွန်တော်ရဲ့ အင်တာနက်ချစ်သူ လုပ်နိုင်မလား"
"အင်တာနက် ချစ်သူအတွက် ဘာကောင်းကျိုးရှိလဲ"
"ကျွန်တော့်မှာ မေကိုပေးဖို့အတွက် အချစ်တွေ အပြည့်ရှိပါတယ်"
"အချစ်... အဟား... မေမှာ ပေါလွန်းလို့ကွယ်"
"ဒါဆို မေလိုချင်တာ ကျွန်တော်အကုန်ပေးမယ်"
"အသက် ယူမယ်ဆိုရင် ပေးနိုင်မလား"
"ကောင်းပြီလေ"

မေ"၏အချစ်ကို ရဖို့အတွက် အရာရာကို သူစွန့်လွတ်ရဲခဲ့သည်။ မေ"၏ စကားလုံး
ချိုချိုလေးများကြား သူမိန်းမော သာယာနေခဲ့မိသည်။ ကြာတော့ အင်တာနက်ထဲတွင်
ပြောရသည်ကို သူ အားမရတော့။ မေ"ကို အပြင်လောကတွင် သူတွေ့ချင်လာသည်။
လူကိုယ်တိုင်တွေ့ပြီး မေ"ကို ပွေ့ဖက်နမ်းရှုပ်ချင်မိသည်။ မေ" ကိုအပြင်တွင်
တွေ့ရန်၊ ဖုန်းဆက်ခွင့် ပေးရန် သူတောင်းဆိုမိသည်။ မေ"က တောင်းဆိုမှုတွေ
များလွန်းနေပြီဖြစ်ကြောင်း၊ တွေ့ခွင့်မပေးနိုင်ကြောင်း အပြင်းအထန်
ငြင်းဆန်ခဲ့သည်။ နောက်ပိုင်းတွင် သူ့အပေါ် မေ"၏ဆက်ဆံမှုများက အေးစက်လာခဲ့သည်။
မေ"ပို့လာသော စာကြောင်းများကို ဖတ်ခြင်းဖြင့် သူ့အပေါ်တွင်
မေ"စိတ်ကုန်လာပြီဖြစ်ကြောင်း သိသာနေသည်။

ညတိုင်း သန်းခေါင်ယံအချိန်တွင် သူသည် အချိန်တိကျစွာ onlineပေါ်သို့ ရောက်လာပြီး
သူနှင့်မေ"၏ ပုံပြင်ကို ကျွန်မအား ပြောပြတတ်သည်။ တစ်ခါတရံ သူ၏လုပ်ရပ်များကို
ကျွန်မ မထောက်ခံမိသော်လည်း ညတိုင်း online တက်ပြီး သူပြောသော ပုံပြင်ကို
နားထောင်သည့်အလုပ်မှာ ကျွန်မအတွက် မလုပ်မဖြစ် အလုပ်တစ်ခု ဖြစ်လာခဲ့သည်။

"ဘာဖြစ်လို့ မီးမဖွင့်တာလဲ... အလင်းပြန်နေတာ မျက်စိပျက်မယ်နော်"
"ဘာပြောချင်တာလဲ.. ကျွန်မကို ထိုင်ကြည့်နေပြန်ပြီလို့ ခြောက်လှန့်ချင်တာလား"
"ကျွန်တော် တကယ်ထိုင်ကြည့်နေတယ်လေ... ဘာလဲ မယုံသေးဘူးလား"

ကျွန်မ ဘာပြန်ပြောရမှန်း မသိတော့။ တစ်ခါတလေ ကျွန်မကိုယ်တိုင်ပင် အနားတွင်
သူရှိနေသည်ဟု ယုံမှား သံသယ၀င်မိတတ်သည်။ ၀ိညာဉ်၏ သံလိုက်ဓာတ်နှင့် အင်တာနက်၏
သံလိုက်လှိုင်းများ တစ်ခါတရံ ဆွဲငင်တတ်သည်ဟု သူငယ်ချင်းများက ပြောဖူးသော်လည်း
ကျွန်မ အယုံအကြည် မရှိခဲ့။ ထူးဆန်းသည်မှာ သူ့ကို ကျွန်မနည်းနည်းမှ
ကြောက်မနေခြင်းပင်ဖြစ်သည်။

"ခင်ဗျားက ထူးခြားတယ်"
"ဘာဖြစ်လို့လဲ"
"ခင်ဗျား ကျွန်တော့်ကို မကြောက်လို့ ကျွန်တော်က သရဲဆိုတာ တကယ်မယုံလို့လား"
"ကျွန်မ တစ္ဆေသရဲတွေ အယုံအကြည် မရှိဘူး"
သူပြောသမျှကို နားထောင်ပြီး မနက်မိုးလင်းမှ ကျွန်မအိပ်ယာဝင်ဖြစ်သည်။
မနက်ပိုင်းတွင် နေမြင့်မှ ထတတ်သော အကျင့်ကြောင့် ကျွန်မ၏ အတန်းချိန်များကို
ညနေပိုင်းတွင်သာ ရွေးထားသည်။ ဒီနေ့အတန်းဆင်းချိန်တွင် ကျွန်မခေါင်းတွေ
လေးလံပြီး ကိုယ်လက်မအီမသာ ဖြစ်နေသည်။ အိမ်အရောက် ဆေးသောက်ပြီး midnight online
ပေါ်သို့ တက်လာချိန်မှ ထတော့မည်ဟု စိတ်ကူးနှင့် ကျွန်မအိပ်လိုက်သည်။

အိပ်ပျော်ပြီး သိပ်မကြာလိုက် စိတ်ထဲတွင် တကယ့်အဖြစ်လိုလို အိပ်မက်လိုလို
ယောက်ျားလေးတစ်ယောက် ကျွန်မအခန်းထဲသို့ ၀င်လာသည်ဟု ခံစားမိသည်။
ကျွန်မထထိုင်ဖို့ ကြိုးစားသော်လည်း ဘယ်လိုမှ ထမရခဲ့။ ထိုယောက်ျားလေးမှာ
အပြာနုရောင် ည၀တ်အင်္ကျီကို ၀တ်ဆင်ထားသည်။ ရုပ်ရည်မှာ သန့်ပြန့်နေသော်လည်း
မျက်နှာမှာ သွေးဆုတ်ပြီး ဖြူရော်နေသည်။ အကြည့်မှာ နူးညံ့သိမ်မွေ့သည်။

ကျွန်မ
ကုတင်နားသို့ ချည်းကပ်လာပြီး ကျွန်မ၏ဆံပင်များကို ပွတ်သပ်နေသည်။ ထို့နောက်
ကျွန်မမျက်နှာကို ညင်သာစွာ ပတ်သပ်ပေးပြီး "ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ဟုပြောပြီး ပျောက်ကွယ်သွားသည်။ ကျွန်မမျက်စိကို အားယူဖွင့်လိုက်မိသည်။ နာရီကို
ကြည့်လိုက်တော့ ည ၁၂နာရီ ၁၀မိနစ်။ ကျွန်မ ကုတင်ပေါ်မှ ခုန်ဆင်းပြီး ကွန်ပျူတာကို
အလျှင်အမြန်ဖွင့်လိုက်သည်။ လိုင်းချိတ်နေချိန်တွင် ထိုအဖြစ်အပျက်မှာ တကယ်လား၊
အိပ်မက်လား ဆိုသည်ကို ကျွန်မ တွေးနေမိသည်။ အိပ်မက်ဖြစ်သည်ထားဦး.. ဘာကြောင့်
ထိုလူ့ ရုပ်ရှည်ကို ကျွန်မကောင်းကောင်း မှတ်မိနေပါလိမ့်။ ကျွန်မ
ဝေခွဲမရဖြစ်နေချိန်တွင် ဖန်သားပြင်ပေါ်တွင် စာတစ်ကြောင်းပေါ်လာသည်။

"ကိုယ့်ကိုယ်ကောင်းကောင်း ဂရုစိုက်လေ"
ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းသွားသည်။ အိပ်မက်ထဲက စကားနှင့်
တစ်ထပ်တည်းပါလား...
စာကြောင်းရေးပို့လိုက်သူမှာ ကျွန်မနှင့် ညတိုင်း chatting လုပ်နေသော သူ့ကိုယ်သူ
တစ္ဆေသရဲပါဟု ပြောသော midnight.... ကျွန်မ အသက်ရှူဖို့ ခေတ္တမေ့နေခဲ့ပြီး
ကွန်ပျူတာ ဖန်သားပေါ်က စာကိုသာ မျက်တောင်မခတ် ကြည့်နေမိသည်။ သူဟာ ကျွန်မလို
လူစင်စစ်တစ်ယောက်ဖြစ်ကြောင်း ကျွန်မကိုယ်ကျွန်မ အသိပေးနေမိသည်။

"တစ်ယောက်ထဲနေရင် အစာတွေကို ပုံမှန်စားရမယ်လေ"
ကျွန်မ ပြန်မပြောသည်ကို သူသတိထားမိပုံ မရ။ သူပြောချင်တာကို ပြောနေသည်။
"ရှင်အခု ဘယ်မှာလဲ... ကျွန်မ အခန်းထဲမှာပဲလား.. ဟုတ်တယ် မဟုတ်လား" ကျွန်မ
ထိန့်လန့်စွာ မေးလိုက်သည်။
"ခင်ဗျား ဘယ်လို အဖြေမျိုးကို လိုချင်လဲ"
"တိကျတဲ့ အဖြေမှန်ကို ကျွန်မလိုချင်တယ်"
"ခင်ဗျား ခရမ်းနုရောင် ည၀တ်အင်္ကျီကို ၀တ်ထားတယ်။ အင်္ကျီအောက်မှာ
အိတ်ကပ်လေးနှစ်ခုပါတယ်။ အိတ်ကပ်ပေါ်မှာ လိပ်ပြာပုံဖဲပြားလေးပါတယ်။
စားပွဲခုံပေါ်မှာ ခင်ဗျားသောက်နေကျ ကော်ဖီခွက်လေး တင်ထားတယ်။ ဒီညတော့ ခွက်ထဲမှာ
ကော်ဖီ ရှိမနေဘူး။ ခင်ဗျား အိပ်ပျော်သွားလို့ ကော်ဖီမဖျော်ရသေးဘူး။
ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.... ခင်ဗျား ဖျားနေပြီ"

ဖန်သားပေါ်က ဆက်တိုက်ပေါ်လာသော စာများကို ဖတ်ရင်း ကျွန်မနှလုံးသွေးများပင်
ရပ်တန့်သွားပြီလားဟု ထင်မိသည်။ ကျွန်မဘာမှ ပြန်မပြောနိုင်တော့... ကွန်ပျူတာ
ပါဝါခလုတ်ကို အမြန်ဆုံးပိတ်ပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ စောင်ကို
ခေါင်းမြီးခြုံထားလိုက်သည်။ ကျွန်မဘေးတွင် သူရှိနေသည်။ ကျွန်မ အခန်းထဲတွင်
တကယ်ရှိနေခဲ့လို့လည်း ကျွန်မ၏ ၀တ်စားဆင်ယင်မှုတွေ၊ ကျွန်မ၏အကျင့်တွေကို
သူသိနေခဲ့ခြင်းဖြစ်သည်။ ညတိုင်း online ပေါ်သို့ ပုံမှန်တက်ပြီး
သူ့ကိုစောင့်နေတတ်သော ကျွန်မ၏ တုံးအအ အပြုအမှုများကို သူအရင်ကတည်းက
စောင့်ကြည့်နေပုံရသည်။


သူစောင့်ကြည့်နေသည် ဆိုသည့်အတွေးနှင့် ကြောက်စိတ်ကြောင့်
ကျွန်မတစ်ကိုယ်လုံး စောင်ထဲတွင် တုန်နေမိသည်။ မည်မျှကြာကြာ တုန်လှုပ်နေမိသည်
မသိ။ ညနေက သောက်ထားသော ဆေးအရှိန်ကြောင့် ကျွန်မ တဖြေးဖြေး အိပ်ပျော်သွားသည်။
မှုန်ဝါးဝါး ကျွန်မ၏ မသိစိတ်ထဲတွင် သူသည် ကုတင်ဘေးတွင် ထိုင်ရင်း ကျွန်မအား
ကရုဏာသက်စွာ ကြည့်နေသည်။ နောက်တွင် ကျွန်မ နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်သွားတော့သည်။

မနက်နိုးလာသည့် အချိန်တွင် ကျွန်မ အပူချိန်တက်နေသည်။ တစ်ကိုယ်လုံး
ပျော့ခွေနေပြီး လမ်းလျှောက်ဖို့ရန် အင်အားပင် မရှိတော့။ ညတုန်းက အဖြစ်အပျက်ကို
ပြန်စဉ်းစားမိသည်။ သူသည် နေ့ခင်းတွင် ကျွန်မဘေးတွင် ရှိနေမည် မဟုတ်ဟု ထင်မိသည်။
တစ္ဆေသရဲများသည် အလင်းရောင်ကို ကြောက်ကြသည် မဟုတ်ပါလား..။ ကျွန်မ ကုတင်ပေါ်မှ
အားယူထလိုက်သည်။ ကော်ဖီဖျော်ရန် ရေနွေးတည်နေရင်း ညက သူပြောခဲ့သော စကားကို
ပြန်သတိရမိသည်။

"ဖြစ်နိုင်ရင် ကော်ဖီ မသောက်ပါနဲ့လား.. ခင်ဗျား ဖျားနေပြီ"
ကော်ဖီကို ကျွန်မ ဆက်မဖျော်မိတော့။ ညတုန်းက မြင်ခဲ့ဖူးသော သူ့ပုံရိပ်ကို
ကျွန်မမြင်ယောင်မိသည်။ သူသာ တစ္ဆေမဟုတ်ခဲ့လျှင် မိန်းကလေးများ
ဝိုင်းဝိုင်းလည်နေသော ရုပ်ရှည်ရှိသူဖြစ်သည်။ သူ၏ခံစားချက်များကို နားထောင်ပြီး
သူ့အပေါ် ကျွန်မ သနားမှုတွေ ပိုသွားပြီလား...သူ့ကို ကျွန်မ ချစ်မိသွားပြီမလား..
တစ္ဆေတစ်ကောင်ကို ကျွန်မချစ်မိသွားပြီလား... ဘယ်လောက် စိတ္တဇဆန်တဲ့
အပြုအမှုလဲနော်...

သူပြောပြဖူးသော သူ့အကြောင်းများကို ကျွန်မပြန်စဉ်းစားမိသည်။ သူ့အပေါ် မေ"
ဆက်ဆံရေးကျဲလာခဲ့သည် ဆိုသည့်အထိပဲ ကျွန်မသိခဲ့သည်။ သူ့လို ရုပ်ရည်ချောမောသည့်
လူကို မေ" ဘာကြောင့်များ ငြင်းဆန်ခဲ့သလဲ.. ကျွန်မသိချင်လာမိသည်။ သူဘာကြောင့်
ကိုယ့်ကိုယ် အဆုံးစီရင်ခဲ့လဲ... "အင်တာနက်ကို မုန်းတယ်.. မိန်းမတွေကိုမုန်းတယ်"
ဟုပြောပြီး ဘာကြောင့် ထိုအကြောင်းများကို အင်တာနက်ပေါ်က ကျွန်မအား ပြောပြနေသလဲ..
ကျွန်မသိချင်စိတ် ပိုပြင်းပြလာခဲ့သည်။

ညအမှောင်ထု၏ တဖြေးဖြေး ၀င်ရောက်လာမှုက ကျွန်မစိတ်ကို ပိုလှုပ်ရှားစေခဲ့သည်။
သိချင်စိတ်များကြောင့် ည ၁၁နာရီ မိနစ် ၅၀တွင် ကျွန်မ အခန်းမီးများကို ဖွင့်ပြီး
ကွန်ပျူတာရှေ့တွင် ထိုင်နေမိသည်။ မည်မျှပင် သတ္တိရှိသည်ထားဦး တစ္ဆေတစ်ကောင်နှင့်
အမှောင်ထဲတွင် ကျွန်မ ထိုင်ရဲမည်မဟုတ်။ ကိုယ်ရောင်ဖျောက်ထားသော တစ္ဆေတစ်ကောင်ကို
ကျွန်မ မမြင်မတွေ့နိုင်မှန်း သိနေသော်လည်း တံခါးပေါက်ဘက်သို့ ကျွန်မ မကြာခဏ
လှည့်ကြည့်နေမိသည်။ သူ့ကို ကျွန်မစောင့်နေကြောင်း သူ့အား သိစေချင်သေးသည်။

ည ၁၂ နာရီ ၀၁ မိနစ်... နံရံပေါ်တွင် ချိတ်ဆွဲထားသော နာရီလက်တံ၏ တစ်ချောက်ချောက်
အသံမှလွဲ၍ တစ်ခန်းလုံး တိတ်ဆိတ်နေသည်။ ဒီည သူလာပါဦးမလား...။မနေ့ညက ကျွန်မ
အပြုအမှုကြောင့် ဒီည သူထပ်လာပါ ဦးမလား...

"တစ်ခန်းလုံး မီးတွေ ထိန်နေအောင် ဖွင့်ထားတာ ကျွန်တော့်ကို ကြောက်သွားပြီလား"
သူလာပါပြီ.... ကျွန်မ ၀မ်းသာသွားမိသည်။ သူ့ကိုမေးဖို့ မေးခွန်းတွေ ကျွန်မမှာ
အများကြီးရှိသေးသည် မဟုတ်ပါလား..။

"နည်းနည်းတော့ ကြောက်မိပါတယ်"
ကျွန်မ စာပြန်မရိုက်ဘဲ ပါးစပ်က တိုးတိုးလေး ရေရွတ်လိုက်မိသည်။ သူသာ
ကျွန်မအခန်းထဲတွင် ရှိနေခဲ့လျှင် ကျွန်မပြောသမျှ သူကြားနိုင်လိမ့်မည်ဟု
ကျွန်မထင်သည်။ ယခု အဖြစ်အပျက်မှာ တစ်ယောက်ယောက်က နောက်ပြောင်နေသည်ဟု ကျွန်မ
မျှော်လင့်ချင်သေးသည်။

"ခင်ဗျား အရင်က ကျွန်တော့်ကို မကြောက်ပါဘူး။ ကျွန်တော် စိတ်မကောင်းဘူးဗျာ"
"အရင်တုန်းက တစ်ယောက်ယောက်က နောက်ပြောင်နေတယ်လို့ ကျွန်မထင်ခဲ့တယ်လေ။
တကယ့်သရဲဖြစ်မယ်မှန်း တွေးမထားမိဘူး"
"အခု ခင်ဗျား သိပြီလေ။ ကျွန်တော်နဲ့ ဆက်စကားပြောနေဦးမလား"
"အင်း... ပြောမယ်။ ကျွန်မသိချင်တာတွေ မေးရဦးမယ်" ကျွန်မ အသက်ကို ပြင်းပြင်းလေး
ရှူသွင်းလိုက်မိသည်။
"မေနဲ့ ရှင့်အကြောင်းကို အစအဆုံး ပြောပြနိုင်မလား"

"မေဟာ ကဝေမတစ်ယောက်ပါ။ လှည့်စားတတ်တဲ့ ကဝေမ... ကျွန်တော်နဲ့ချစ်သူတွေ
မဖြစ်ခင်ကတည်းက သူ့မှာ လက်ထပ်ရမဲ့သူရှိပြီးသား.. အင်တာနက်မှာ ကျွန်တော်နဲ့
ချစ်တယ်ဆိုတာကလည်း သူ့အတွက် အပျင်းပြေဖို့ သက်သက်ပဲ။ ကျွန်တော့်ကို
အရုပ်တစ်ရုပ်လို သူသဘောထားခဲ့တယ်။ ကျွန်တော့်ရဲ့ ခံစားချက်ကို သူအမျိုးမျိုး
လှည့်စားခဲ့တယ်"

"ရှင် ဘယ်လိုလုပ်သိလိုက်တာလဲ"

"သူနဲ့တွေ့နိုင်ဖို့ ကျွန်တော် အမျိုးမျိုး ကြိုးစားခဲ့တယ်။ အကြိမ်ကြိမ်လည်း
တောင်းဆိုခဲ့တယ်။ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ကျွန်တော်တွေ့နိုင်အောင်
ကြိုးစားမယ်လို့လည်း ပြောခဲ့တယ်။ ထူးထူးဆန်းဆန်းပဲ ကျွန်တော့်ကို သူတွေ့မယ်လို့
ခွင့်ပြုခဲ့တယ်။ သူနဲ့တွေ့ရမဲ့ရက်မှာ ကျွန်တော်စိတ်အရမ်းလှုပ်ရှားခဲ့တယ်။ သူ့ကို
တွေ့တာနဲ့ သူမှန်း ကျွန်တော်မှတ်မိနေခဲ့တယ်။ သူအရမ်းလှတယ်။ ဓာတ်ပုံထဲကထက်တောင်
လှတယ်"

ကွန်ပျူတာ ဖန်သားပြင်ပေါ်မှ တက်လာသော စာများကို ဖတ်ရင်း ကျွန်မမျက်တောင်ခတ်ဖို့
မေ့နေခဲ့သည်။

"ခင်ဗျားကြည့်ရတာ သက်သာသေးပုံ မပေါ်ဘူး သွားအိပ်လိုက်ပါလား"

"ဟင့်အင်း... ကျွန်မ မေးဖို့ မေးခွန်းတွေ ကျန်နေသေးတယ်" ကျွန်မ ခေါင်းရမ်းရင်း
ပြောလိုက်မိသည်။

"ခင်ဗျားရဲ့ လက်ကို ကျွန်တော် ကိုင်နေတယ်... ခံစားလို့ရလား"
မမျှော်လင့်သော စာကြောင်းကြောင့် ကျွန်မယောင်ရမ်းပြီး လက်ကို ကြည့်လိုက်မိသည်။
ကျွန်မ ခံစားလို့ မရခဲ့...သို့သော် နွေးထွေးသော လက်တစ်စုံက ကျွန်မလက်ကို
ဆုတ်ကိုင်းထားသည်ဟု ကျွန်မမြင်ယောင်ကြည့်မိသည်။

"ခင်ဗျား ကြည့်ရတာ အားမရှိဘူးဗျာ။ ကျွန်တော် စိုးရိမ်တယ်။ မေးချင်တဲ့
မေးခွန်းတွေ နောက်ညမှ မေးပါလား... အနားယူလိုက်နော်"

စာကြောင်းလေး တစ်ကြောင်းသာဖြစ်ခဲ့သော်လည်း ကြင်နာသော သူ့စကားများကို
ကျွန်မခံစားမိသည်။

"ကျွန်မ တစ်ခုမေးပြီးရင် သွားအိပ်မှာပါ"
ကျွန်မ အရဲစွန့်ပြီး ကျွန်မ အသိချင်ဆုံး မေးခွန်းတစ်ခုကို မေးလိုက်မိသည်။
"ဘာဖြစ်လို့ ကျွန်မကိုမှ ရွေးချယ်ခဲ့ရတာလဲ"

"... ကျွန်တော် စောင့်ကြည့်နေတာ ကြာပြီ။ ခင်ဗျားနဲ့ chatting မလုပ်ခင်ကတည်းက
ခင်ဗျားအခန်းထဲမှာ ကျွန်တော်ရှိနေခဲ့တယ်"

တစ္ဆေတစ်ကောင် ကျွန်မ အခန်းထဲတွင် အစောကြီးကတည်းက ရှိနေသည်ကို ကျွန်မ
မသိခဲ့ပါလား.. ကျွန်မ၏ နေ့စဉ် အပြုအမှုများကို သူစောင့်ကြည့်နေခဲ့ပါလား...။
ထိုသို့ တွေးမိလိုက်စဉ် ကျွန်မပါးနှစ်ဘက် အပူကြောင့် ရှိန်းခနဲ ဖြစ်သွားသည်။

"ဟား...ဟား.. ခင်ဗျား ဘာတွေးနေလဲ ကျွန်တော်သိတယ်။ ကျွန်တော် အဲဒီလောက်
အောက်တန်း မကျပါဘူးဗျာ"

ကျွန်မပါးနှစ်ဘက် နီမြန်းသွားသည်ကို ကြည့်ပြီး ကျွန်မ၏အတွေးကို သူသိနေခဲ့သည်။
"တစ်ခြားလူမသိအောင် စောင့်ကြည့်တဲ့ အပြုအမှုတွေဟာ မတရားဘူးဆိုတာ ရှင်မသိဘူးလား"

"တရားတယ်၊ မတရားဘူးဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ၀ိညာဉ်တွေက ဒီလိုပဲ
လျှောက်သွားနေတတ်တယ်လေ။ ခင်ဗျားနဲ့ ခင်ပြီးတဲ့နောက်ပိုင်း ကျွန်တော်
အချိန်သတ်မှတ်ပြီး လာခဲ့တယ်။ တစ်ချိန်လုံး ကျွန်တော်စောင့်ကြည့် မနေတော့ပါဘူး"

"နေပါဦး..... နေ့လည်အချိန်တွေမှာ ရှင်ဘာလုပ်နေလဲ"

"နေ့လည်.. နေ့လည်ဆိုရင် လေးထောင့်အခန်းထဲမှာ ထားထားတဲ့ ခန္ဓာကိုယ်ထဲ
ကျွန်တော်ဝင်နေရတယ်လေ။ ညအချိန်လို လွတ်လွတ်လပ်လပ် ထွက်လာခွင့်မရဘူး"

ကျွန်မ မျက်လုံးများ ပြူးသွားမိသည်။
လေးထောင့်အခန်း......... ခန္ဓာကိုယ်....

"နေ.. နေပါဦး... လူတွေက ရှင့်ကို မသင်္ဂြိုလ်ကြသေးဘူးလား"
"ကျွန်တော်ရဲ့ ခန္ဓာကိုယ်က ဆေးရုံမှာပဲ ရှိနေသေးတယ်။ မေ့မြောနေဆဲမို့ သူတို့က
လက်မလွတ်ချင်ကြသေးဘူးနဲ့ တူတယ်"

သူ...သူ... အသက်ရှင်နေဆဲပါလား..။ ၀ိညာဉ်ကသာ လျှောက်သွားနေခြင်းဖြစ်သည်။
ဆေးရုံတွင် လဲလျောင်းနေသော ခန္ဓာကိုယ်မှာ ၀ိညာဉ်မဲ့သော ခန္ဓာကိုယ်ဖြစ်မည်။

"ရှင်ဘာဖြစ်လို့ ကိုယ့်ခန္ဓာကိုယ်ထဲ မပြန်တာလဲ... လူလုပ်ရမှာ
တော်တော်စိတ်ကုန်သွားပြီလား"

"ကျွန်တော် ပြန်သွားရင် ခင်ဗျားကို ကျွန်တော် မမြင်ရတော့ဘူး။ ကျွန်တော့်ကို
မေ့သွားမှာ စိုးတယ်"

သူ့စကားကို ကြားပြီး ကျွန်မ စိတ်မကောင်းဖြစ်သွားမိသည်။ သူ၏စိတ်ထဲတွင် ကျွန်မ
ရှိနေခဲ့ပြီလား... လူသားတစ်ယောက်အနေနှင့် သူ၏ပိုက်ထွေးမှုကို
ကျွန်မခံယူချင်သေးသည်။ လူတစ်ဖန်ပြန်လုပ်ဖို့ သူ့မှာ အခွင့်အရေးတွေ ရှိနေသေးသည်။
ကျွန်မကို မြင်နိုင်ဖို့အတွက် ထိုအခွင့်အရေးကို သူ လက်လွတ်တော့မလား။ ကျွန်မ
မျက်စိထောင့်စွန်းက မျက်ရည်များ အတားအဆီးမဲ့ စီးကျလာသည်။

"မငို.. မငိုပါနဲ့။ ကျွန်တော် ဘာအမှားများ ပြောမိပါလိမ့်
(ကျွန်တော်မျက်ရည်တွေကို သုတ်ဖို့ ကြိုးစားနေတယ်)"

ထိုစာကြောင်းကို ကြည့်ပြီး ကျွန်မ အသံထွက် ရယ်လိုက်မိသည်။ တစ္ဆေတစ်ကောင်က
ကျွန်မကို နှစ်သိမ့်နေပါလား..။ စီးကျလာသော မျက်ရည်များကို ကပျာကယာ
သုတ်ပေးနေသည့် သူ့ကို ကျွန်မမြင်ယောင်ကြည့်မိသည်။

"ရှင်ရဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်သေးတယ်။ ဒါပေမဲ့ အခုမဟုတ်သေးဘူး။ တကယ့်
လူတစ်ယောက်အဖြင့်နဲ့ ပွေ့ဖက်မှုကို ကျွန်မ ခံယူချင်တယ်"

"ကျွန်တော်ရဲ့ ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့ ပြောနေတာလား"
"ဟုတ်တယ်"

"၀င်သွားပြီးနောက်ပိုင်း ခင်ဗျားနဲ့ ပတ်သက်သမျှ ကျွန်တော် သတိမရတော့မှာကို
မကြောက်ဘူးလား"
"ဒီလိုပဲ ဖြစ်တတ်သလား..ကျွန်မကို မေ့သွားမှာလား" ကျွန်မစိတ်ပူစွာ
ပြောလိုက်မိသည်။

"အသေအချာတော့ မသိဘူး။ တစ်ချို့မေ့တတ်တယ်။ တစ်ချို့ မမေ့တတ်ဘူး။
ခံနိုင်ရည်အားကို ကြည့်ရဦးမယ်လေ"

ပြန်သွားပြီး သူ သတိမရခဲ့လို့ ကျွန်မကို လာမရှာနိုင်ချင်နေပါစေ။ ကျွန်မကြောင့်
သူသည် ခိုကိုးရာမဲ့ ၀ိညာဉ်တစ်ကောင်တော့ မဖြစ်စေချင်ပါ။

"ပြန်သွားပါ။ ရှင် ကျွန်မကို မမေ့ဘူးလို့ ကျွန်မ ယုံကြည်တယ်။
လူစင်စစ်တစ်ယောက်အဖြင့်နဲ့ ကျွန်မရှေ့မှာ ထိုင်ပြီး ရှင်နဲ့
မေအကြောင်းပြောပြတာကို ကျွန်မ ကြားချင်သေးတယ်"

မျက်စိကိုမှိတ် သူ့ပုံရိပ်ကို မြင်ယောင် ခံစားရင်း ကျွန်မ ပြောလိုက်သည်။

"ခင်ဗျား စကားကို ကျွန်တော် နားထောင်မယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲ ပြန်ဝင်မယ်။
ကျွန်တော့် ပြန်အလာကို စောင့်နေမလား"

"ကျွန်မ စောင့်နေမယ်။ တစ်သက်လုံး စောင့်နေမယ်။ ကျွန်မကို မေ့ခဲ့မယ်ဆိုရင်တောင်
ရှင်သတိရပြီး ကျွန်မကို ပြန်မှတ်မိလာတဲ့အထိ စောင့်နေမယ်"

ကျွန်မပြောရင်း ရင်နင့်မိသည်။ မျက်ရည်များက အတားအဆီးမဲ့စွာ စီးဆင်းလာပြန်သည်။
သူ ကျွန်မအနားက ပျောက်ကွယ်သွားတော့မယ်ဆိုတာ ရာခိုင်နှုန်း တစ်ဝက်က သေချာနေပြီ။
ရင်ထဲ စူးနေအောင် နာကျင်လာမိသည်။

"ခင်ဗျားပါးကို ကျွန်တော် နမ်းလိုက်တယ်။ ကိုယ့်ကိုယ် ကောင်းကောင်း
ဂရုစိုက်နော်။ ကျွန်တော်သွားပြီ။ ကျွန်တော့်ပြန်အလာကို စောင့်နေပါနော်"

နာရီလက်တံများ တစ်စက္ကန့်ပြီး တစ်စက္ကန့် ရွေ့နေသည်။ ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင်
သူ၏ စာများ ထပ်ပေါ်မလာတော့။ ကျွန်မ ထိုင်ခုံပေါ်တွင် ထိုင်ရင်း အားရပါးရ
ငိုလိုက်မိသည်။ အိပ်မက်ထဲက သူ့ပုံရိပ်ကို စွဲစွဲမြဲမြဲ မှတ်ထားရန် ကိုယ့်ကိုယ်
သတိပေးလိုက်မိသည်။ သူသည် အချိန်မရွေး ကျွန်မရှေ့တွင် ပေါ်လာနိုင်သည်။
ထိုအချိန်ရောက်လျှင် အလှပဆုံးပြုံးလျှက် သူ့ကို နွေးထွေးစွာ ကျွန်မကြိုမည်။
သူမလာမှန်း သိနေလျှက်နှင့် ညသန်းခေါင် ၁၂နာရီရောက်တိုင်း ကျွန်မ online ပေါ်သို့
တက်ပြီး သူ့ကိုရှာမြဲ... သူ၏ message များကို မျှော်နေမြဲပင်။ ကျွန်မ၏
အပြုအမှုများသည် စိတ္တဇဆန်ကောင်း ဆန်နေလိမ့်မည်။

၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀


ပြက္ခဒိန် စာရွက်များ တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်သည်။ လူသွားလူလာများကြားတွင်
သူ့ကို ကျွန်မ လိုက်ရှာနေမိသည်။ ကျွန်မကိုတွေ့လျှင် ကျွန်မနှင့်
ပတ်သက်ခဲ့ဖူးသမျှ သူ မှတ်မိနေမည်ဆိုသည်ကို ကျွန်မ ယုံကြည်နေမိသည်။
ကျောင်းဝင်းထဲရှိ သစ်ရွက်များပင် နွေဦးလေနှင့်အတူ မြူးတူးပျော်ပါးနေကြကုန်ပြီ။
မကြာမီ နွေရာသီ ကျောင်းပိတ်ရက် ရောက်တော့မည်။ လေရှုးတစ်ချက်အဝှေ့ ကျွန်မလက်ထဲက
စာရွက်များ ပြန့်ကျဲကုန်သည်။ ထိုစာရွက်စာတမ်းများ မရှိလျှင် စာမေးပွဲတွင်
ကျွန်မ ဒုက္ခလှလှလေး တွေ့ဦးမည်။ စာရွက်များကို ကျွန်မ ကပျာကယာ
လိုက်ကောက်လိုက်သည်။ ကျွန်မနှင့်အတူ စာရွက်များကို လိုက်ကောက်နေသော
အရိပ်တစ်ခုကို တွေ့လိုက်မိသည်။ စာရွက်များကို ကောက်ရင်း ကျွန်မ ဘေးနားတွင်
ခြေအစံကို ရပ်လိုက်သည်။

"ကိုယ့်ကိုယ် ကောင်းကောင်း ဂရုစိုက်လေ"

ကျွန်မရင် ဒိန်းခနဲ ခုန်သွားမိသည်။ ခပ်သြသြနှင့် နူးညံ့သော ထိုအသံမှာ
ကျွန်မနှင့် မရင်းနှီးပေမယ့် ထိုလူပြောလိုက်သော စကားမှာ midnight ပြောတတ်သော
စကားနှင့် တစ်ထပ်တည်း။ ကျွန်မ အထိန့်အလန့် မော့ကြည့်လိုက်မိသည်။

သူ... သူပါလား... အိပ်မက်ထဲက ရုပ်ပုံလွှာလေး... အသားအနည်းငယ် ညိုသည်မှလွဲ၍
ကျွန်မ အသိစိတ်ထဲက ရုပ်ပုံလေး၊ ကျွန်မနှင့် ရင်းနှီးသော ရုပ်ပုံလေး။ ခန္ဓာကိုယ်
အနည်းငယ် ဖွံ့ဖြိုးသည်ကလွဲ၍ အိပ်မက်ထဲက ရုပ်ပုံနှင့် တစ်ထပ်တည်း။
ကျွန်မရှေ့တွင် သူထိုင်ချလိုက်သည်။

"ဆောရီးပဲနော်.. တော်တော်လေး ကျန်းမာဖို့အတွက် အချိန်ယူနေရလို့ပါ။ လုံးဝ
နေကောင်းသွားပြီဆိုမှ ကျွန်တော် လာတွေ့ရဲတယ်လေ"

ကျွန်မ အံ့သြ၀မ်းသာပြီး ဘာပြန်ပြောရမှန်း မသိတော့။ မျက်လုံးအိမ်ထဲတွင်
မျက်ရည်များဖြင့် ပြည့်လျှံနေခဲ့သည်။ ကျွန်မကိုယ်ကို ထောင်မတ်ပေးရင်း
ကျွန်မမပါးကို ညင်သာစွာ သူပွတ်သပ်လိုက်သည်။

"ကျွန်တော် ထင်တဲ့အတိုင်းပဲ ပါးပြင်တွေက နူးညံ့နေတယ်"
"ကျွန်တော့်ကိုယ့်ကျွန်တော် ပြန်မိတ်ဆက်ပေးပါရစေ"

သူရယ်ရင်း လက်ကို ကမ်းပေးသည်။ ရယ်နေပုံက အပြစ်ကင်းသော ကလေးလေးတစ်ယောက်နှင့်
တူနေသည်။

"ကျွန်တော့်နာမည် နေဒွေးဇော်ပါ။ တွေ့ရတာ ၀မ်းသာပါတယ်"
"တွေ့ရတာ ၀မ်းသာပါတယ်။ ကျွန်မ မိဆိုးပါ"

ကျွန်မပြန်ကမ်းလိုက်သော လက်ကို ကြင်နာစွာ သူဆုတ်ကိုင်ထားလိုက်သည်။
"မိဆိုး ကျွန်တော်နဲ့ တစ်သက်လုံး လက်တွဲသွားနိုင်မလား"
ကျွန်မ ခေါင်းကို သွင်သွင်ငုံ့လိုက်မိသည်။

နွေဦး၏ လေရူးနှင့်အတူ ကျွန်မရှေ့သို့ သူရောက်လာခဲ့သည်။ ရွက်ကြွေများ
ဖြန့်ခင်းထားသော အ၀ါရောင်လမ်းလေးပေါ်တွင် သူနှင့်ကျွန်မ ပထမဆုံးအကြိမ်
တွေ့ဆုံကြသည်။

ပြီးပါပြီ။

.........................................
နိုင်းနိုင်းစနေ

အိန်းအိန်း ၊နစ်ကီ စတဲ့ ဖေ့စ်ဘုတ် နာမည်ကျော်များ နဲ့ ဟဲလေးရဲ့ ဗီစီဒီ


Thursday, August 22, 2013

ဟဲလေးက သူ့ရဲ့နောက်ဆုံး ထွက်ရှိထားတဲ့ ဒက်ဒီ ဟဲလေး စီးရီး MTVကို သတင်းကျွတ် အမီထွက်နိုင် အောင် အားသွန်ခွန်စိုက် ရိုက်ကူးလျက် ရှိပါတယ်။ စီဒီ ထွက်စဉ်မှာ သီချင်း ၁၂ပုဒ်ပါဝင်ပေမယ့် MTV မှာတော့ bonus အနေနဲ့ အတွဲခွေထဲက သီချင်း တစ်ပုဒ်နဲ့ သီချင်း သစ်နှစ်ပုဒ်ကို ထည့် ထားတယ်လို့ သိရပြီး ပါဝင်မယ့် သီချင်း သစ်နှစ်ပုဒ် ထဲက တစ်ပုဒ် ကတော့ ခေါင်းစဉ်ရော အကြောင်းအရာပါ စိတ်ဝင်စား ဖို့ ကောင်းနေ ပါတယ်။ Facebook Crazy ဆိုတဲ့ သီချင်းကို လတ် တလော မှာခေတ် စား နေတဲ့ အကြောင်း အရာ များနဲ့ခြယ်မှုန်းထားပြီး တလောကဖေ့စ်ဘုတ်မှာ နာမည်ကြီးသွားတဲ့ နစ်ကီဆိုတဲ့ လူငယ်လေးကိုပါ ထည့် သွင်းသရုပ်ဆောင် ခိုင်း ပြီး ဖေ့စ်ဘုတ် ခရေဇီဖြစ်ကြ သူများထဲက လူအယောက် ၄ဝကို ဟဲလေး ကိုယ်တိုင်ရှာဖွေ ဆက်သွယ်ပြီး သရုပ်ဆောင် စေခဲ့တယ်လို့လည်း သိရပါတယ်။

“ကျွန်တော် ကိုယ်တိုင်လည်း ဖေ့စ်ဘုတ် ခရေဇီ တစ်ယောက်ပါ။ အခုနောက်ပိုင်း ဒီပေါ်မှာ တော်တော် လေးစီး မျောလာကြတော့ ခေတ်ရဲ့ အခြေအနေ အတိုင်းလေး၊ ဖန်စီဆန် ဆန် အပျော် သဘောလေး ရေး ထားတာပါ။ ဖေ့စ် ဘုတ်မှာ နာမည်ကြီးခဲ့တဲ့ နစ်ကီကို လည်း ကျွန်တော် ကြိုးစားပြီး ရှာဖွေခဲ့တယ်။ နစ်ကီမှရယ် မဟုတ်ပါဘူး။ တော်တော် များများ တခြားဖေ့စ်ဘုတ် ခရေဇီတွေရော၊ အပြင်က လူတွေ ရော အားလုံး အယောက်၎ဝ လောက် နဲ့ ဒီသီချင်းကို ရိုက်ဖို့ စီစဉ်ထားတယ်” လို့ပြော တဲ့ဟဲလေး ကို ဖေ့စ် ဘုတ် ပရိသတ် တော်တော်များများ စိတ် ဝင်စားကြတဲ့ နစ်ကီ ကိုခေါ်ယူဖြစ် တဲ့အကြောင်း မေးကြည့်တော့ “သူလည်း ဝါသနာရှင် တစ်ယောက်ပဲ။ အရင်တလောက သူလုပ်တာလေး က လွဲနေတယ်ပေါ့။ သူကတော်တော် လေး ငယ်ပါသေးတယ်။

ဗီစီဒီ ရိုက်ကွင်း မှာ ဆိုလည်းသူ့ကို လာကြည့်ကြ၊ ဓာတ်ပုံ ရိုက်ကြ သူတွေတောင် ရှိတယ်။ သူ လည်း အနုပညာကို ရူးသွပ်သူ တစ်ယောက် ဆိုတော့ ကိုယ် ရူးသွပ်ရင်သေချာလေ့ လာပြီး ကြိုးစားဖို့ လိုတယ် စသဖြင့် ပြောဖြစ်ပါတယ်” လို့ဟဲလေးက ဆို ပါတယ်။ ဟဲလေးက ဒက်ဒီဟဲလေး ဗီစီဒီ အတွက် သာမန်ထက်ပိုမို အကုန်ကျ ခံရိုက်ကူးထားကာ ပရိုဂျူဆာ ရဲ့ငွေ အပြင်သူ ကိုယ်တိုင်အိတ် စိုက်ထုတ် ပြီး ရိုက်ကူးထား တယ် လို့ လည်း ဆိုပါတယ်။ သီတင်းကျွတ် အမီ ထွက်ရှိမယ် လို့သိရပြီး ဒက်ဒီ ဟဲလေး အခွေထဲက ရှေးဟောင်းနှောင်း ဖြစ်ဆိုတဲ့ သီချင်း MTV ကို တော့ သြဂုတ်လ ၁၃ ရက်နေ့ နေ့ခင်းပိုင်းက ကန်တော် မင်္ဂလာ ပန်းခြံ မိုးမင်း (Cosmic Ray) စတူဒီယိုမှာ အဲလက်စ်၊ ဖြူဖြူကျော်သိန်း တို့နဲ့ အတူ ရိုက်ကူးခဲ့ကြောင်းသိရပါတယ်။

ရဲရဲ
Popular Journal

ဆွစ်ဇာလန်ထုတ် 41 megapixel SmartWatch


Thursday, August 22, 2013

ဆွစ်ဇာလန်ကထုတ်လိုက်တဲ့ စမတ်နာရီအမျိုးအစားပါ။ယခင် ထွက်ရှိပြီး Nokia Lumia 1020 စမတ်ဖုန်းနဲ့ ကင်မရာ megapixel ချင်းယှဉ်လာနိုင်မယ့် ပထမဆုံး စမတ်နာရီအမျိုးအစားဖြစ်တယ်လို့သိရပါတယ်။

Bluethooth,Wifi တို့နဲ့စမတ်ဖုန်းတို့ကိုချိတ်ဆက်အလုပ်လုပ်မယ့် သာမန် စမတ်နာရီအမျိုးအစားဆိုပေမယ့် 41MP ရှိတဲ့ ကင်မရာ စွမ်းဆောင်ရည်က အခြားစမတ်နာရီတွေထက်သာလွန်ကောင်းမွန်နေခြင်းဖြစ်တယ်လို့
သိရပါတယ်။

မျက်နှာပြင်အရွယ်အစား၊ ပါဝင်တဲ့ Features တွေကိုအသေးစိတ်
ပြောဆိုထားခြင်း မရှိပေမယ့် အခြားစမတ်နာရီတွေလို စမတ်ဖုန်းနဲ့ချိတ်
ဆက်အလုပ်လုပ်မယ့် အမျိုးအစားပါ။

ကမ္ဘာဈေးအကြီး ဆုံးနာရီတွေကိုသာထုတ်တဲ့ Swiss made ဆိုတဲ့အတိုင်း အဆိုပါ စမတ်နာရီအမျိုးအစားကိုတော့ အမေရိကန်ဒေါ်လာ ၁၂၀၀(ပေါင်-၈၀၀)ဝန်းကျင်နဲ့ဖြန့်ချိရောင်းချ ပေးမယ်လို့သိရပါတယ်။

စမတ်ဖုန်းတွေအလွန် စမတ်နာရီတွေရဲ့ ဈေးကွက်အတွင်းကို ဆွစ်ဇာလန် ထုတ် 41MP ကင်မရာစမတ်နာရီကတော့ အခြားပြိုင်ဘက်တွေနဲ့ အတူ ယှဉ်ပြိုင်လာဖွယ်ရှိတယ်လို့ ဝေဖန်သူတွေကသုံးသပ်ပြောဆို နေကြောင်း သိရပါတယ်။

Ref:Gadgetshow
Khun Nay(August Myanmar Media Group)

TechSpace Journal

အစိုးရဌာနများ၏ နည်းပညာလုံခြုံရေးအတွက် မိုက်ခရိုဆော့ဖ် လာဆွေးနွေးမည်


Thursday, August 22, 2013

နည်းပညာ လုံခြုံရေးပိုင်းဆိုင်ရာ ကိစ္စရပ်များအတွက် ပြည်တွင်း ဝန်ကြီးဌာနအချို့နှင့် မိုက်ခရိုဆော့ဖ်မှ နည်းပညာလုံခြုံရေးဆိုင်ရာ အကြီးအကဲတို့ လာမည့် စက်တင်ဘာလအတွင်း တွေ့ဆုံသွားမည်ဟု မိုက်ခရိုဆော့ဖ်၏ ပြည်တွင်းကုမ္ပဏီKnowledge Centricity မှ သိရသည်။

မိုက်ခရိုဆော့ဖ်၏ နည်းပညာလုံခြုံရေးပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် Mr.Pierre Noel မှ ဆက်သွယ်ရေး ဝန်ကြီးဌာနအပြင် အိုင်တီနည်းပညာဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် အခြားဝန်ကြီးဌာနအချို့ဖြင့် တွေ့ဆုံဆွေးနွေး ပွဲကို နေပြည်တော်တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။

ထို့ပြင် ရန်ကုန်မြို့တွင်လည်း ဘဏ်လုပ်ငန်းများ၊ နည်းပညာကုမ္ပဏီ များနှင့် တွေ့ဆုံ၍ လုံခြုံရေးပိုင်းဆိုင်ရာလိုအပ်ချက်များကို တွေ့ဆုံဆွေးနွေး မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း Knowledg Centricity မှ ဒုဥက္ကဋ္ဌ ဒေါ်လွင်လွင်ငြိမ်းချမ်းက ပြောသည်။

''မိုက်ခရိုဆော့ဖ်ရဲ့ နည်းပညာပိုင်းဆိုင်ရာ လုံခြုံရေးကိစ္စတွေတင်မက ဘဲ အခြားနည်း ပညာလုံခြုံရေးတွေကိုပါ ဆွေးနွေးမယ်လို့ထင်ပါတယ်။ အသေးစိတ်တော့ သေချာမသိသေး ပါဘူး''ဟု ၄င်းက ဆက်ပြောသည်။

လာမည့် စက်တင်ဘာတွင် ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် သာ တွေ့ဆုံဆွေးနွေး ဦးမည်ဖြစ်ပြီး နောက်ပိုင်းတွင် နည်းပညာ စိတ်ဝင်စားသူများနှင့် တွေ့ဆုံဆွေးနွေးမှုများ ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မိုက်ခရိုဆော့ဖ်၏ နည်းပညာလုံခြုံရေး ကျွမ်းကျင်အကြီးအကဲ Mr.Pierre Noel မှာ အမေရိကန်အခြေစိုက် မိုက်ခရိုဆော့ဖ်ရုံးချုပ်နှင့် စင်ကာပူရုံးခွဲတွင် တာဝန်ထမ်းဆောင်နေသူ ဖြစ်သည်။

သုတလင်း
Popular Myanmar News Journal

စိတ်ထားအသွင် ဖြူစေချင်


Thursday, August 22, 2013

လူရယ်လို့ ဖြစ်လာရတဲ့ ဘဝမှာ စိတ်ထားလေးတွေနဲ့ ပတ်သက်ပြီး ကျွန် မပြောပြချင် ပါတယ်။ ဘုန်းကြီးစာချ၊ မိကျောင်းမင်း ရေခင်းပြတယ်လို့လည်း မထင်စေချင်ပါ။ လူတစ်ဘဝ ဖြစ်လာရတာဟာ ကိုယ်မသိနိုင် မမြင်နိုင်တဲ့ အတိတ်ဘဝက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကြောင့်ပါ။ အဲဒီထဲမှာမှ လူတန်းစားအမျိုးမျိုး ကွဲပြားသွားကြပြန်ပါတယ်။

ကျွန်မက တရားအကြောင်းတွေကိုလည်း နက်နက်နဲနဲ မသိပါဘူး။ သိပ်လည်း နားမလည်ခဲ့ပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်။ မကောင်းတာလုပ်ရင်မကောင်းတာဖြစ်မယ်ဆိုပြီး တော်တော်များများ ပြော
ဆိုကြပါတယ်။ အကုန်လုံးဟာ ဘယ်ကလာလို့ ဘယ်ကိုသွားရမယ်ဆိုတာ မသိကြတဲ့ သူတွေပါ။ အဲဒါကို ဘာဖြစ်လို့များ လူသားအချင်းချင်း တစ်ယောက် အပေါ် တစ်ယောက် ညှာတာစိတ်လေး၊ စာနာစိတ်လေးတွေ မထားကြတာလဲ။ အဲဒါကို ကျွန်မ နားမလည်နိုင်ဘူး ဖြစ်နေတယ်။

အေးပေါ့လေ……မိသားစု တစ်ခုတည်းက မွေးဖွားလာတဲ့ ညီအစ်ကို မောင်နှမ အချင်းချင်းတောင် စိတ်ထားတွေက တူမှ မတူကြတာပဲ။ လုပ်ငန်းခွင်တို့ ပတ်ဝန်းကျင်တို့ နောက်ပြီး အဖွဲ့အစည်းနဲ့ လုပ်ရတဲ့ အလုပ်တွေဆိုရင် ပိုဆိုးတာပေါ့။ စိတ်ထားကောင်းတဲ့သူရှိသလို မကောင်းတဲ့သူတွေလည်း ရှိကြတာပါပဲ။ ဘယ်နေရာမှာမဆို အကောင်းနဲ့အဆိုးက ဒွန်တွဲနေစမြဲပါပဲ။ ကျွန်မလည်း ကိုယ့်ကိုယ်ကို ကောင်းတယ်လို့ မပြောပါဘူး။ စာဖတ်သူတွေကိုလည်း မကောင်းဘူးလို့ မပြောပါဘူး။ ဒါပေမယ့် ကောင်းအောင်တော့ ကြိုးစားကြရမှာပဲလေ။ မကောင်းတာလေးတွေကို ဖယ်ပြီး ကောင်းတာလေးတွေကို အတုယူကြစေချင်ပါတယ်။ ဘာလို့လဲဆိုတော့ အခု လုပ်ငန်းခွင် အတော်များများမှာ ကြားရ ကြုံရတာတွေက ဘာတွေလဲဆိုရင် လူဟောင်းတွေက လူသစ်တွေကို နေရာမပေးချင်ကြဘူး ဆိုတာပါပဲ။ (ကျွန်မ လက်ရှိ လုပ်နေတဲ့ ကုမ္ပဏီတော့ မပါပါဘူး)။

ဟိုတလောကဆိုရင် ကျွန်မဘူတာမှာ ရထားစောင့်ရင်းနဲ့ ဘေးနား က ကောင်မလေး သုံးယောက်ပြောနေတာ ဖြတ်ကနဲ ကြားလိုက်မိတယ်။ ရထားစောင့်နေတဲ့ ကောင်မလေးကို သူ့သူငယ်ချင်းက တွေ့လို့ လှမ်းမေးလိုက်တယ်။ “သူငယ်ချင်း နင့်ရဲ့အလုပ်မှာ လုပ်ရတာ အဆင်ပြေရဲ့လားတဲ့”အဲဒီမှာ ကောင်မလေးက စိတ်မကောင်း တဲ့ လေသံလေးနဲ့ “အဆင်မပြေပါဘူး သူငယ်ချင်းရယ် စီနီယာတွေက မသင်ပြပေးချင်ဘူးတဲ့” ကဲ…စဉ်းစားကြည့်ကြပါ စာဖတ်သူတို့ရေ။ ဒါဟာ ဖြစ်သင့်လားဆိုတာ၊ တကယ်တော့ ဒါမျိုးတွေက မဖြစ်သင့်ပါဘူး။ ခေတ်မီပြီး တိုးတက်နေတဲ့ ခေတ်ကြီးမှာ လူတွေဟာ ခေတ်နဲ့အညီ လိုက်လျောညီထွေ နေကြပြီးတော့ စိတ်ထားတွေက ဘာလို့ တိုးတက်မှု မရှိကြဘဲ အောက်တန်းကျ ရတာလဲ။ နေရာ မပေးချင်ကြတဲ့ စီနီယာတွေကို ပြောတာပါ။ ခေတ်မီတဲ့ ဆိုင်ကြီးတွေမှာထိုင် ခေတ်မီတဲ့ အဝတ်အစားတွေ ဝတ်ပြီး စိတ်ထားတွေက ဘာလို့ ခေတ်မမီရတာလဲ။ မာန်မာနတွေ တက်ကြတယ်။

ပညာမာန် ချမ်းသာတဲ့မာန် ငါတတ်တယ်။ ငါတော်တယ်ဆိုတဲ့ မာန်၊ ရာထူးမာန်၊ ဒါတွေက သေချာပြန်စဉ်းစားရင် သေရင် မပါပါဘူး။ ချမ်းသာသူဖြစ်ဖြစ်၊ ဆင်းရဲသူပဲဖြစ်ဖြစ် သေရမှာပါပဲ။ သေရမှာချင်း အတူတူ စာနာစိတ်လေး ထားကြစေချင်ပါတယ်။ ထားနိုင်အောင်လည်း ကြိုးစားကြပါ။ လုပ်ငန်းခွင်ထဲ လူသစ်တစ်ယောက် ဝင်လာတယ်ဆိုရင် နွေးထွေးဖော်ရွေ စွာနဲ့ လက်တွဲခေါ်ပြီး ဖေးမ ကူညီကြပါလို့ တိုက်တွန်း အကြံပြုချင်ပါတယ်။ တတ်ပြီးတဲ့သူတွေက အသစ်တွေကို သင်ပြပေးလိုက်ရလို့ ကိုယ့်ထက် ပိုတော်သွားမှာ ပိုတတ်သွားမှာကို စိုးရိမ်တဲ့ စိတ်မျိုး မထားကြပါနဲ့။ ကိုယ်သင်ပြပေးလိုက်ရလို့ လူတစ်ယောက် တတ်သွား တော်သွားတယ် ဆိုရင် သင်ပြပေးတဲ့သူက ပိုလို့တောင် ဂုဏ်ယူ ဝမ်းမြောက်ရဦးမှာပါ။ ကိုယ်တတ်ထားတဲ့ ပညာကို လက်ဆင့်ကမ်း သင်ပေးလိုက်ရလို့ ကုန်သွားတယ်ဆိုတာ မရှိပါဘူး။ စာဖတ်သူတွေထဲမှာ နေရာမပေးတဲ့ စီနီယာတွေ ရှိနေခဲ့ရင် စိတ်ထားလေးတွေကို တတ်နိုင်သလောက် ကြိုးစားပြီး ပြုပြင်ကြရအောင်နော်။ စိတ်ကောင်းလေးထားပြီး အသစ်တွေကို လက်တွဲခေါ်ပါ။

ဒါမှလည်း အသစ်လေးတွေက အလုပ်ထဲမှာ လုပ်ချင်စိတ်တွေ ရှိလာ မယ်။ ပျော်လာမယ်။ မဟုတ်ရင်တော့ အလုပ်ရှင်က အသစ်ခန့်လိုက် စီနီယာတွေက ပါဝါပြလို့ ထွက်သွားလိုက်နဲ့ သံသရာ လည်နေမှာပဲ။ ဒီလို အပြုအမူတွေဟာ ကုမ္ပဏီအတွက်လည်း မကောင်းဘူး၊ စီနီယာတွေ အတွက်လည်း နာမည်ပျက် ထွက်သွားတာပေါ့။ ခံလိုက်ရတဲ့ အသစ်ကလေးကလည်း ကြုံရင် အခါအခွင့်သင့်ရင် သင့်သလို ရင်ဖွင့်ကြမှာပါပဲ။ ဘယ်ကုမ္ပဏီကတော့ဖြင့် ဘယ်အလုပ်မှာကတော့ဖြင့် စီနီယာက ဘယ်လို ဘယ်ပုံ နေရာမပေးဘူးဆိုပြီး ပြောမှာပဲလေ။ ဒီလိုမျိုး အပြောခံရတာကိုက စိတ်ထားမကောင်းလို့ပဲပေါ့။ အပြောမခံပါနဲ့၊ စိတ်ကောင်းထားနိုင်အောင် ကြိုးစားပါ။ နေရာ မပေးချင်တဲ့ စီနီယာတွေကရော တစ်ချိန်က ကိုယ်ဘာလဲဆိုတာ စဉ်စားမိရဲ့လား။

ကိုယ်လည်း တစ်ချိန်က ဘာမှမတတ်ခဲ့လို့ ရှေ့ကလူက သင်ပြပေးခဲ့ရတာပဲ မဟုတ်ဘူးလား။ သင်ပြပေးခဲ့တဲ့ ဆရာကရော အခု စီနီယာဖြစ်နေတဲ့သူတွေကို ဘယ်လိုနေရာပေးပြီး သင်ပြခဲ့တာလဲ ပြန်စဉ်းစားကြည့်ပါ။ ကိုယ့်ကို နေရာပေးခဲ့တဲ့ စီနီယာတွေကို အတုယူပြီး အသစ်လေးတွေကို နေရာပေးနိုင်အောင် ကြိုးစားပါ။ နေရာပေးခံရတဲ့ အသစ်တွေကလည်း ကြိုးစားပြီး သင်ယူနိုင်ရမယ်။ ကိုယ့်ကို သင်ပြပေးတဲ့သူက ငယ်သူဖြစ်စေ ကြီးသူဖြစ်စေ လေးစားမှု ရှိရပါမယ်။ အခုခေတ်က လူငယ်တွေ အတော်များများဟာ ကြီးသူ ရိုသေ၊ ရွယ်တူလေးစား ငယ်သူသနားဆိုတာတွေကို မသိကြတော့ဘူး ထင်ပါရဲ့။

လူတစ်ယောက်မှာ အဓိကကတော့ စိတ်ထားပါပဲ။ အပေါင်းအသင်း မိတ်ဆွေတွေကြားမှာလည်း စိတ်စေတနာကောင်းရှိတဲ့သူဟာ မျက်နှာ မငယ်ပါဘူး ကိုယ့်ထက်သာ မနာလိုတဲ့ စိတ်မျိုး မဖြစ်မိကြပါစေ နဲ့။ မြန်မာနိုင်ငံကြီးဟာ ခေတ်မီပြီး တိုးတက်နေပေမယ့် စိတ်ဓာတ်တွေက တိုးတက်မှု မရှိကြသေးဘူးလို့ ထင်ပါတယ်။ ခေတ်ပညာ တတ်တွေ ပေါများသလောက် အပြိုင်အဆိုင်တွေကလည်း ဒုနဲ့ဒေး ဖြစ်လာတယ်။ ငါတော်တယ် ငါတတ်တယ်ဆိုပြီး မာန်မာနတွေကလည်း ထောင်လွှား ကြသေး၊ ဖြစ်နိုင်မယ်ဆိုရင် လုပ်ငန်းခွင် ဝင်နေကြတဲ့ ယောကျာ်းလေး မိန်းကလေးတွေအားလုံး မကောင်းတဲ့အတုကို မယူကြပါနဲ့။ ကောင်းတဲ့အတုကိုပဲ ယူပြီး ကောင်းအောင် ကြိုးစားကြပါ။

ကိုယ်လုပ်နေတဲ့ အလုပ်ထဲမှာ အမြင်မတော်တာရှိနေရင်လည်း ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး မျက်နှာလွှဲခဲပစ်လုပ်တဲ့ စိတ်ဓာတ်မျိုး မထားပါနဲ့။ တချို့က ရှိကြတယ်လေ၊ ငါကတော့ ဒီရာထူး ငါလုပ်ရမယ့် အရာမဟုတ်ဘူးဆိုပြီး နေနိုင်တဲ့သူတွေလည်း ရှိတတ်ကြပါတယ်။ ဒီလို စိတ်မျိုးထားတာဟာ မကောင်းပါဘူး။ အတတ်နိုင်ဆုံးတော့ စိတ်ထားဖြူစင်အောင် ကြိုးစားကြရမှာပဲလေ။ နေရာလုမှာကို ကြောက်တဲ့ စီနီယာတွေကလည်း ရှေ့က သင်ပေးခဲ့တဲ့ စီနီယာတွေကို အတုယူပါ။ ရှေ့က စီနီယာတွေက မကောင်းခဲ့ဘူးဆိုရင်တောင် ကိုယ်ကတော့ ကောင်းအောင် နေရမှာပါပဲ။ ကျွန်မကိုယ်တိုင်လည်း စီနီယာရဲ့ နေရာမပေးမှုကို ကြုံခဲ့ဖူးပြီးပါပြီ။

ဒီရန်ကုန်ရောက်တော့မှ ပထမဆုံးအကြိမ် ကြုံခဲ့ရတာပါပဲ။ ကျွန်မတို့နယ်မှာ အလုပ်လုပ်ခဲ့တုန်းကလည်း နေရာမပေးချင်တဲ့ လူမျိုးတွေနဲ့ မကြုံခဲ့ဖူးပါဘူး။ သြော်…ကိုယ့်မြန်မာလူမျိုး အချင်းချင်းတောင် ဒီလိုမျိုးဖြစ်နေပါလားဆိုတာ သိလိုက်ရတဲ့အချိန်မှာ ငါကတော့ ဒီလိုလူမျိုးမဖြစ်အောင် ကြိုးစားရမယ်ဆိုတဲ့ အသိတရားတစ်ခု ရလိုက်ပါတယ်။ ဘယ်သူပဲဖြစ်ဖြစ် အားလုံးဟာ ကိုယ်စီကိုယ်ငှ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ရုန်းကန်နေကြရတဲ့သူတွေချည်းပါပဲ။ ဒါတွေကို လူငယ်တွေသာမက လူကြီးတွေပါ သိနားလည်ပြီး တစ်ဦးကိုတစ်ဦး လက်တွဲခေါ်ယူ ဖေးမကူပြီး စိတ်ကောင်းစေတနာကောင်းလေး ထားနိုင်အောင် ကြိုးစားသင့်ပါတယ်။ အမိဝမ်းတွင်းက ထွက်လာကတည်းက မည်သူတစ်ဦး တစ်ယောက်မှ တတ်သိနားလည်ပြီး ထွက်လာကြတာ မဟုတ်ပါဘူး။

သားသမီးတွေရဲ့ လက်ဦးဆရာဟာ မိနှင့်ဖပါ။ ပြီးတော့မှ အသိပညာ၊ အတတ်ပညာတွေ တိုးပွားအောင် စာသင်ပေးတဲ့ ဆရာ၊ ဆရာမ။ အချိန်တန်လို့ လုပ်ငန်းခွင် ဝင်ကြတော့လည်း လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ပညာတွေကို သင်ပေးတဲ့ ဆရာဆိုတာ ရှိလာပြန်တယ်။ ဘယ်မိဘ ဘယ်ဆရာကမှ ကိုယ့်သားသမီး ကိုယ့်တပည့်ကို မကောင်းတဲ့ အရာတွေ မသင်ပေးခဲ့ကြပါဘူး။ စာရိတ္တကောင်းအောင် အရှက်နှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းတတ်အောင် လိမ္မာယဉ်ကျေးအောင် သွန်သင်ဆုံးမခဲ့ကြတာပါပဲ။ ပညာတတ်လေ မောက်မာလေဆိုတဲ့ အဖြစ်မျိုး မဖြစ်ကြပါစေနဲ့။ ဘယ်အလုပ်မှာပဲဖြစ်ဖြစ် နေရာဆိုတာကြီးကို မမက်မောကြပါနဲ့။

အလုပ်ကိုသာ အဓိကထား ကြိုးစားပြီး လုပ်ကြပါ။ နေရာဆိုတာ သေရင် မပါပါဘူး။ ဒီနေ့ ဒီနေရာမှာ နေရလို့ နောက်နေ့ ဒီနေရာမှာ နေရချင်မှ နေရာ မှာ။ သေရင်လည်း သေမှာ၊ ဒါမှမဟုတ် သူဋ္ဌေးက သဘောမကျလို့ အလုပ်ဖြုတ်ရင်လည်း နေရာဆိုတာက မြဲနိုင်ပါဦးမလား။ နေရာဆိုတဲ့ သတ်မှတ်ချက်ကြောင့် မာန်မာနတွေ ထောင်လွှားပြီး နေရာလု မှာ ကြောက်လို့ အသစ်တွေကို မသင်ပြပေးဘဲ ပါဝါပြ ဟောက်စားလုပ်တဲ့ စီနီယာတွေ စိတ်ကောင်းထားနိုင်အောင် ကြိုးစားပြီး အချိန်မီ ပြုပြင်ကြစေ ချင်ပါတယ်။ ပျက်အစဉ် ပြင်ခဏတဲ့။ ကျွန်မတို့ မြန်မာလူမျိုးတွေဟာ သနားကြင်နာတတ်တဲ့ နှလုံးသားတွေ ရှိနေပါလျက်နဲ့ ကိုယ့်ထက်သာ မနာလိုဆိုတဲ့ စိတ်အဆိုးအညစ်တွေကြောင့် အရာရာဟာ တိုး တက်ပြောင်းလဲနေပေမယ့် စိတ်ပိုင်းဆိုင်ရာတွေက တိုးတက်မှု မရှိဘူးဆိုတာ နေရာမပေးကြဘူးဆိုတဲ့ စီနီယာတွေက သက်သေပါ ပဲလေ။ နောက်ပြီး ကားမှတ်တိုင်တွေ ရထားတွေပေါ်မှာ မသန်စွမ်းတဲ့ သက်ကြီးရွယ်အို အဘိုးအဘွား အရွယ်တွေ တောင်းရမ်းနေတာကို မြင်ရင် ကိုယ်က မချမ်းသာလို့ အများကြီး မလှူနိုင်ရင်တောင်မှ (၂၀၀)ပါရင် (၅၀)လောက်၊ (၅၀၀)ပါရင် (၁၀၀)လောက်လေး လှူဒါန်းနိုင်အောင် ကြိုးစားကြပါ။

တန်ဖိုးကြီးတာတွေဝတ် တန်ဖိုးကြီးတာတွေ စားပြီး (၅၀)၊ (၁၀၀)လောက် လှူဖို့ကို လက်တွန့်နေတဲ့ သူတွေကလည်း မြင်နေရတာ ဒုနဲ့ဒေးပါ ပဲ။ စေတနာကောင်း စိတ်ထားကောင်းလျှင် ကံကောင်းကြမယ်ဆိုတာ ကျွန်မရင်ထဲမှာ ခံယူထားတာမို့ ကျွန်မကိုယ်တိုင်လည်း စိတ်ထားကောင်းတဲ့ သူဖြစ်အောင် ကြိုးစားနေသူပါ။ ဒါကြောင့်လည်း လူတစ်ဘဝ ဖြစ်ရတဲ့ အခိုက်အတန့်လေးမှာ“စိတ်ထားလေးတွေ မြင့်မြတ်ကောင်းမွန်ပြီး ဖြူစင်တဲ့
နှလုံးသား ပိုင်ရှင်လေးတွေ” ဖြစ်ကြစေဖို့အတွက် ရည်ရွယ်ရင်း ခံစား တင်ပြလိုက်ရပါတယ်။

Myanmar ICT

အမေရိကန်တွင် ဖြစ်ပေါ်လာမည့် ပိုက်လိုင်း ပို့ဆောင်ရေး စနစ်


Thursday, August 22, 2013

အမေရိကန်အခြေဆိုက် လျှပ်စစ်ဓာတ်အားသုံး ကားသီးသန့် ထုတ်လုပ် နေတဲ့ Telsa ရဲ့  တရားဝင်ကြေညာချက် ဖြစ်ပါတယ်။ ၎င်းတို့ ကြေညာ၊ ထုတ်ဖော်ပြသချက်အရ ကမ္ဘာ့ပထမဆုံး ပိုက်လိုင်း ပို့ဆောင်ဆက်သွယ်ရေးနစ်ကို ဖန်တီးမှာ ဖြစ်ကြောင်း သိရပါတယ်။

နေရောင်ခြည်စွမ်းအင်ကို အသုံးပြုပြီး မော်တာကို လည်ပတ်စေပါမယ်။ ပြီးတော့ ပိုက်လိုင်းထဲက လေကို ထုတ်ပြီး လေဟာနယ် ဖြစ်စေပါမယ်။ လေဟာနယ် ဖြစ်သွားတဲ့ ပိုက်ထဲမှာ ယာဉ်တွေသွားလို့ရအောင် အားတစ်ခုနဲ့ တွန်းပို့ပေးမှာ ဖြစ်ပါတယ်။ တီထွင်သူ ပညာရှင်တို့ရဲ့  ထူးခြားဆန်းသစ်တဲ့ အိုင်ဒီယာကြောင့် ကမ္ဘာ တစ်ဝန်းက ဆက်သွယ်ရေး နည်းပညာသစ် စောင့်ကြည့်သူတွေကို အံ့သြ စေခဲ့ပါတယ်။

ပထမဦးဆုံးအနေနဲ့ အမေရိကန် ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဝါရှင်တန် ဒီစီအထိ ဆက်သွယ်မယ့်ပိုက်လိုင်းကို စတင်မှာ ဖြစ်ပါတယ်။ ပိုက်လိုင်းထဲမှာ စနစ်တကျ ပြုလုပ်ထားတဲ့ ယာဉ်တန်းများ ထည့်သွင်း ထားပြီး အလှည့်ကျ ခရီးသွားမှာ ဖြစ်ပါတယ်။ တစ်နာရီကို မိုင်ပေါင်း ဘယ်လောက်ထိ သွားနိုင်မယ်ဆိုတာ မသိသေးပါဘူး။ သေချတာ ကတော့ လက်ရှိ ကမ္ဘာပေါ်မှာရှိတဲ့ အမြန်ပြေး သံလိုက်ရထားတွေရဲ့  ပြေးနှုန်း ထက်မလျော့စေရဘူးလို့ အာမခံထားပါတယ်။

စွမ်းအင်ကလည်း နေရောင်ခြည်ကို အသုံးပြုခြင်း ဖြစ်တဲ့အတွက် ကုန်ကျစရိတ် သက်သာမယ့် ပို့ဆောင်ဆက်သွယ်ရေး စနစ် ဖြစ်ပါတယ်။ ယင်း ပိုက်လိုင်းပို့ဆောင်ဆက်သွယ်ရေးစနစ်ကို Hyperloop လို့ အမည်ပေး ထားပြီး အမှန်တကယ် ဖြစ်မြောက်လာရန် စတင်ကြိုးပမ်းနေပြီ ဖြစ်ကြောင်း သိရပါတယ်။

Stuff UK
Aung Kham (Stuff Myanmar)
TechSpace Journal

ပြန်ခါနီးတွင် ငိုယိုပြီး ပြောဆိုသွားသော ကင်တားနား၏ပြောကြားချက်အား သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ပြန်လည်ဖြေရှင်း




ဆန္ဒပြမှုများကို အစိုးရဘက်မှ အကာအကွယ်မပေးခဲ့ ကြောင်းကင်တားနား၏
ပြောကြားချက်မှာအဖြစ်မှန်နှင့်ကွဲလွဲနေကြောင်းနိုင်ငံတော်သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်မှ ပြောဆိုလိုက်ပါတယ်။

မစ္စတာ ကင်တားနားက “မိတ္တီလာမြို့ က ဖြစ်ရပ်ဟာ ကျနော့် အတွက် အနီးအနားမှာ
ရဲတွေ ရှိပေမယ့် အကာအကွယ်မဲ့နေပီလို့ ခံစားရပါတယ်။ အဲဒီအချိန်မှာ ကျနော်တွေး
မိတာက ပြီးခဲ့တဲ့ မတ်လတုန်းက ဖြစ်ခဲ့ တဲ့မိတ္ထီလာပဋိပက္ခမှာ လူ၄၃ဦးအသတ်ခံနေရ
တုန်းက ရဲတွေဟာဒီလိုပဲကာကွယ်မှုမပေးဘဲရပ်ကြည့်နေမယ်ဆိုတာကိုတွေးမိပါတယ်”
လို့ ပြောပါတယ်။
ဒီပြောကြားချက်အပေါ်ဦးရဲထွဋ်က “မစ္စတာ ကင်တားနားရဲ့ပြောကြားချက်ဟာ
တကယ်ဖြစ်တဲ့အဖြစ်မှန်နဲ့ကွဲလွဲမှုတွေရှိနေတယ်။တကယ်တော့အဲဒီနေ့က
ကင်တားနားရဲ့ ယာဉ်တန်းနဲ့အတူ ရဲတပ်ဖွဲ့က ကားတစီး၊ လုံးခြုံရေး ယာဉ်တစီးလည်း အတူတူလိုက်ပါလာတယ်။ နောက် မစ္စတာ ကင်တားနားကို ဆန္ဒပြမယ် ဆိုတဲ့ လူတွေ ရှိနေတဲ့အတွက်ကြောင့် အဲဒီလူတွေကို ထိန်းဖို့အတွက် ရဲအင်အား ၃၀ ကျော်ကိုလည်း အဲဒီလူတွေ စောင့်ဆိုင်းတဲ့နေရာမှာ ကျေန်ာတို့ ချထားခဲ့တယ်။ ယာဉ်ထိန်းတပ်ဖွဲ့တွေ
ကိုလည်း ချထားခဲ့တယ်။

“ည ၁၀ နာရီရောက်တဲ့အချိန်မှာတော့ ကာဖျူး အချိန်ရောက်တဲ့ အတွက်ကြောင့်မို့လို့
အဲဒီလူအုပ်စုတွေကို လူစုခွဲဖို့ ရဲက ပြောတယ်။အဲဒီအချိန်မှာလူကကျနော်တို့သတင်းအရ
၃၀၀၊ ၄၀၀ လောက်ရှိတယ်။ အဲဒီလို လူစုတဖြည်းဖြည်းနဲ့ ခွဲနေတဲ့အချိန်မှာ မစ္စတာ
ကင်တားနားရဲ့ ကားယာဉ်တန်းက အဲဒီနေရာကို ည ၁၀နာရီခွဲလောက်မှာရောက်လာတယ်။
ရောက်လာတဲ့အချိန် အဲဒီပတ်ဝန်းကျင်မှာလူ၁၀၀လောက်ဆက်ပြီးတော့ကျန်နေသးတယ်။
အဲဒီလူတွေက မစ္စတာ ကင်တားနားကို ဆိုင်းဘုတ် ၁၆ ခုလောက် ထောင်ပြီးတော့မှ မစ္စတာ ကင်တားနားကို အလိုမရှိကြောင်း အော်တာတော့ရှိတယ်။နောက်တချို့လူအနည်းငယ်တော့
သူကားတခါးမှန်ကို သွားခေါက်ပြီးတော့ စာတစ်စောင်နဲ့ ကင်တားနားပုံ ရိုက်ထားတဲ့ တီရှပ်
တစ်ထည်ပေးဖို့ကြိုးစားခဲ့တယ်။ကင်တားနား ကားတံခါးကို ဖွင့်မပေးတဲ့ အတွက်ကြောင့်မို့
အဲဒီစာပေးဖို့ ကြိုးစားတဲ့လူတွကို ရဲကဖယ်ရှားပြီးတော့မှ ယာဉ်တန်းဆက်သွားနိုင်အောင် လမ်းရှင်းပေးခဲ့တယ်။

“နံပါတ် ၁ ရဲလုံခြုံရေးအစောင့်ရှောက် မရှိဘူးဆိုတာ မဟုတ်ဘူး။ ရဲက အတူတူပါတဲ့အပြင် သွားနိုင်ဖို့အတွက် လမ်းရှင်းပေးခဲ့တယ်။ဆန္ဒပြနေတဲ့ လူတွေက သူကို အန္တရာယ်ပြုဖို့ အကြမ်းဖက်ဖို့အတွက် ကားကြီးကို ၀ိုင်းအုံပြီးတော့မှ ထုနှက်တယ်ဆိုတာ မဟုတ်ပါဘူး။
စာပေးဖို့အတွက် မှန်တံခါးကို ခေါက်ပြီးတော့မှတီရှပ်နဲ့စာထောင်ပြတာပဲရှိတယ်လို့ကျနော်တို့ ရဲတပ်ဖွဲ့တွေရဲ့ အစီအရင်ခံစာတွေအရ သိရပါတယ်။”

မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံ ခရီးစဉ် ၁၁ ရက်တာအတွင်းရခိုင်၊ကချင်၊ချင်းနဲ့ ရှမ်း
ပြည်နယ်တွေက လူ့အခွင့်အရေးအခြေအနေတွေသွားရောက် လေ့လာခဲ့ရာမှာရခိုင်ပြည်နယ်နဲ့ မိတ္ထီလာမြို့မှာ ဆန္ဒပြမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာပါ။မစ္စတာ ကင်တားနားက ရခိုင်ပြည်နယ်
ခရီးစဉ်အတွင်း ဒေသခံတွေ ဆန္ဒပြမယ်လို့ သူ့အနေနဲ့ မမျှော်မှန်းထားကြောင်း၊ ပြည်သူတွေ
အနေနဲ့ သူတို့ရဲ့ ခံစားချက်တွေကို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရတာကို ကြိုဆိုတယ်လို့
ပြောဆိုပါတယ်။

ဒီအစီရင်ခံစာ တင်သွင်းတဲ့အချိန်မှာ အခုအကြမ်းဖက်မှု ဖြစ်ပွားခဲ့တဲ့ အခြေအနေကို မစ္စတာ ကင်တားနားက ထည့်သွင်းရေးသားမယ်ဆိုရင် အစိုးရအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့
ပတ်သက်ပြီး ဦးရဲထွဋ်က အခုလိုပြောပါတယ်။
“ကျနော်တို့ဘက်ကလည်း ဒါကို မဖြစ်ခဲ့တဲ့အကြောင်း ပြန်ရှင်းပြရမှာပေါ့။ သူနဲ့အတူ အဲတုန်းက မန္တလေးတိုင်း ဒေသကြီးအစိုးရ တာဝန်ရှိသူတချို့လည်းပါလာသေးတယ်။ ရဲကားလည်း ပါတယ်။
ဒါတွေကိုသူကထုတ်ဖော်မပြောဘဲနဲ့ရုတ်တရက်နားထောင်လိုက်ရင်မိတ္ထီလာမြို့ကပြည်သူတွေ
ကသူ့ကိုဝိုင်းအုံပြီးအသက်အန္တရာယ် ပြုတဲ့ပုံမျိုးထိဖြစ်အောင် ပြောတာမျိုးကျနော်တို့လည်းစိတ်
မကောင်းဘူး။ဒါကအဖြစ်မှန်နဲ့ လွဲနေတဲ့အတွက်ကြောင့်မို့။”ပါဟု သမ္မတပြောရေးဆိုခွင့်ရှိသူ
ဦးရဲထွဋ်မှ ရှင်းလင်းပြောကြားခဲ့ပါသည်။

dvb

တယ်လီနော ကုမ္ပဏီခွဲဖွင့်ရန် မှတ်ပုံတင်



ရန်ကုန်၊ သြဂုတ် ၂၁

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော တယ်လီနော မြန်မာကုမ္ပဏီက ပြည်တွင်းတွင် ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများစတင်ရန် တရားဝင်ကုမ္ပဏီခွဲ ဖွင့်လှစ်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံတွင် မှတ်ပုံတင်ခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

ဆက်သွယ်ရေးလုပ်ငန်း တင်ဒါအောင်မြင်ထားပြီး လိုင်စင်ရရှိရန် စောင့်ဆိုင်းနေသော တယ်လီနော မြန်မာကုမ္ပဏီသည် လက်ရှိအချိန်အထိ တရားဝင်ရုံးခန်း ဖွင့်လှစ်ရခြင်း မရှိသေးဘဲ မကြာမီ ရုံးစတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ မီဒီယာတာဝန်ခံက ပြောကြားသည်။

လိုင်စင်ရရှိပြီးပါက ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ စတင်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်နေခြင်း ဖြစ်ပြီး လက်ရှိတွင် အုပ်ချုပ်မှုဝန်ထမ်း ခေါ်ယူမှုများ စတင်နေပြီဖြစ်ကာ ယခုနှစ်ကုန်အထိ ကာလအတွင်း ဝန်ထမ်းအရေအတွက် သုံးထောင်ခန့် ခေါ်ယူမည် ဖြစ်ကြောင်း တယ်လီနောမြန်မာ ထံမှ သိရသည်။

အဆိုပါကုမ္ပဏီသည် ဆက်သွယ်ရေးလိုင်စင် လက်ခံရရှိပြီး ရှစ်လအတွင်း ဆက်သွယ်ရေး ဝန်ဆောင်မှုများ စတင်မည်ဟု ကြေညာထားပြီး အခြားပြိုင်ဘက်ကုမ္ပဏီ အော်ရီဒူးကမူ လိုင်စင်ရရှိပြီး ခြောက်လအတွင်း ဝန်ဆောင်မှုများ စတင်မည်ဟု ကြေညာထားသည်။

ထို့ပြင် ပြည်တွင်းတွင် အော်ပရေတာ ပြုလုပ်မည့် ဆက်သွယ်ရေးကုမ္ပဏီ တစ်ခုအတွက် ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ခွင့် ရရှိထားသည်ဟု သတင်းထွက်ပေါ်နေသော အင်ဒိုနီးရှားမှ ဆက်သွယ်ရေးကွန်ရက် တည်ဆောက်ရေးကုမ္ပဏီ PT Telekomunikasi Indonesia International ကုမ္ပဏီကလည်း ယခုလအတွင်းမှာပင် ရုံးခွဲဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ပန်ဝါမှာ ဘာကြောင့်တိုက်ပွဲတွေဖြစ်တာလဲ???? ဦးဇခုန်တိန့်ယိန်း မှ ဂမ်ရှောင်၊ ဂွန်မော် သို့ ပေးစာ (မူရင်း)

လူကြီးမင်းတို့အနေဖြင့် ကျွန်နော်တို့ကို ချေမှုန်းသုတ်သင်ပစ်ဖို့ စိတ်ကူးခြင်းအားလုံး အိပ်မက်ဆိုးဘဲ ဖြစ်ပါမည်။ ကျနော်တို့ပြည်သူ လူထုတရပ်လုံးသည် လူကြီးမင်းတို့ KIO, KIA အဖွဲ့ကို တိုက်ခိုက်ခေမှုန်းဖို့ လုံးဝ မစဉ်းစားကြပါဘူး။



အကျယ်ဖတ်ရန် စာမျက်နှာ (၁)




အကျယ်ဖတ်ရန် စာမျက်နှာ (၂)


From: ချိုချိုလေး
http://www.myanmarexpress.net/2013/08/blog-post_29.html

သူရဘွဲ့ရရှိသူ အမျိုးသမီး သူရဲကောင်း သူရမချစ်ပိုအကြောင်း



၁၉၅၀ပြည့်နှစ် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ "သူရ"ဘွဲ့ ချီးမြှင့်ပေးအပ်ခဲ့သူ အမျိုးတစ်ဦး ရှိခဲ့ပါ သည်။မြန်မာ့ တပ်မတော်နှင့် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော အမျိုးသမီး "သူရ" ဘွဲ့ ပိုင်ရှင်ဖြစ်ပါသည်။ ၄င်းမှာ ထားဝယ်သူ "သူရ မချစ်ပို" ဖြစ်ပါသည်။ 
မချစ်ပိုကို ၁၉၀၇ ခုနှစ်တွင် ထားဝယ်မြို့ တွင် မွေးဖွား၍ ထားဝယ်မြို့ တွင်ပင် ကြီးပြင်းခဲ့ပါသည်။ မချစ်ပို သည် အသက်(၂၀)အရွယ် ၁၉၄၇ ခုနှစ်တွင် BE တပ်ထဲဝင်သွားသော မောင်ဖြစ်သူအာ ရှာဖွေရန် ထားဝယ်မှ ပြင်ဦးလွင်သို့ တစ်ဦးတည်းထွက်ခွါ သွားခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ ဦးကြွယ်၊ ဒေါ်ပုတို့၏ မွေးစား သမီးကဲ့သို့ ချစ်ခြင်းကို ရရှိကာ ၄င်းအိမ်တွင် ဆက်လက်နေထိုင်ဖြစ်သွားလေသည်။ ထို့နောက် ဦကြွယ်ဒေါ် ပုတို့နှင့် ရင်းနှီးသူ BE တပ်မှ တပ်ကြပ် လှမောင်နှင့် လူငယ်သဘာဝ ချစ်ကျွမ်းဝင်ကာ အိမ်ထောင် ကျသွားလေတော့သည်။

မချစ်ပို BE တပ်မှ စစ်သည်ဖြင့် အိမ်ထောင်ကျပြီးနောက် ၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင် KNDOတပ်ဖွဲ့များသည် မေမြို့ (ယခုပြင်ဦးလွင်မြို့) အား အလစ်အငိုက်စီးနင်းသိမ်းပိုက်လိုက်လေသည်။ ထိုအချိန်ကမေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့်ဗိုလ်ကြီးဘဖြူ ဦးစီးသော အမှတ် (၁) BEတပ်ခွဲနှင့် အမှတ်(၂) BE တပ်ခွဲတို့သည် ရရာလက်နက်ခဲယမ်းများ သိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာသွားသော တပ်များသည် လားရှိုးတွင် ပြန်လည်စုဖွဲ့ကာ မေမြို့ သို့ ပြန်လည် ချီတက်ခဲ့ကြ
လေသည်။

မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်း စုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင် လာရောက်ပူးပေါင်းခဲ့ကြလေသည်။ ထို့နောက်.... တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့တွင်ပြန်လည်တိုက်ခိုက်ခဲ့ရာ BE တပ်ကုန်း ( ယခု မေမြို့ အင်ဂျင် နီယာတပ်) နေရာကို ပြန်လည် သိမ်းပိုက် ရရှိခဲ့ပြီး လက်နက် ခဲယမ်းများကိုပါရရှိလိုက်လေသည်။ ထို့အပြင် မြို့ တွင်းတိုက်ပွဲအဖြစ် ဆက်လက် တိုက်ခိုက်သော တပ်ဖွဲ့ဝင်များသည်လည်း မေမြို့ - လားရှိုး လမ်းတစ်
လျှောက် မြို့ မ ရုပ်ရှင်ရုံ ထိသိမ်းပိုက်လိုက်နိုင်ခဲ့လေသည်။

အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သော ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့ခေါ် အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။ထိုသို့... ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် စခန်းများရရှိပြီးဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး တစ်ဘက်နှင့် တစ်ဘက် ခြေကုတ်စခန်းများကို အားပြုကာ အဖွဲ့ငယ်များ စေလွှတ်၍ အပြန်အလှန် သတင်းထောက်လှမ်း တိုက်ခိုက်နေကြလေသည်။ မြို့ပေါ်တွင်လည်း လေ့ကျင့်မှုမရှိသော အရပ်သားများသည်ပင် ရရာလက် နက်စွဲကိုင်ပြီး တပ်နှင့် ပူးပေါင်း` တိုက်ပွဲဝင်ခဲ့ကြသည်။ ဤအခြေအနေတွင် ခက်ခဲသော ကိစ္စရပ် တစ်ခုမှာ ရန်သူ့ သတင်းထောက်လှမ်းရေးရရှိရေးပင် ဖြစ်လေသည်။ထိုစဉ်က BEDT ကုန်းမှထွက်လိုက်သည်နှင့် ရန်သူသည် ယောက်ျားမှန်သမျှအားဖမ်းဆီးခြင်း သို့မဟုတ် ပစ်ခတ်ခြင်းများ ပြုလုပ်လျှက်ရှိပြီး မိန်းမများ မှာ ဈေးရောင်းခြင်း နွားကျောင်းခြင်းများဖြင့် ၀င်ထွက်လျှက်ရှိလေသည်။BE တပ်ဦးစီးသော တပ်ပေါင်းစု အတွက် အခက်အခဲဖြစ်ပေါ်လျှက်ရှိသော သတင်းထောက်လှမ်း ရရှိရေးအတွက် မိမိဆန္ဒအလျောက် တာဝန်ယူလိုက်သူမှာ ထားဝယ်သူလေး `` မချစ်ပို´´ ပင်ဖြစ်ပါသည်။

မချစ်ပိုသည် ထားဝယ်သူဖြစ်ခြင်းကြောင့် စကားပြောလျှင်အသံဝဲပြီး အသားမဖြူမညို၊ မျက်နှာလေးထောင့် စပ်စပ်၊အရပ် ငါးပေသုံးလက်မခန့်ရှိသည်။ စကားပြောလျှင် ခပ်ပြတ်ပြတ်ပြောတတ်သဖြင့် လုပ်စရာရှိ လျှင် ပြတ်ပြတ်သားသားလုပ်မည့် သဘောကိုဆောင်လေသည်။မချစ်ပို၏ ယောက်ျားဖြစ်သူ တပ်ကြပ် လှမောင်အပါအ၀င် အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့် တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ကြရာမှ တပ်ကြပ်လှမောင်အား သေနတ် မှန်ကာ ဒဏ်ရာရရှိခဲ့လေသည်။

မချစ်ပိုသည် ဓါးတို တစ်လက်နှင့် လက်ပစ်ဗုံးတို့ ယူဆောင်ပြီး ခမောက်ဆောင်းကာ၊ တုတ်တစ်ချောင်း၊ လွယ်အိတ်တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များတပ်စွဲထားသော မေမြို့ လေ့ ကျင့်ရေးတပ်ကုန်း၊ ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာ... ရန်သူ၏ လက်နက်ကြီးများ ထားရှိရာနေရာ၊ ကွပ်ကဲရေးရုံး တည်နေရာနှင့် အခြား ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေ သည်။ ရန်သူသည် နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။

မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊ စက်သေနတ်ကြီးများ ချထား သည့် နေရာများအား တပ်ဖွဲ့ထံ သတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ် သုံးလေးဦးခန့်ဖြင့် ဆုံတွေ့စဉ် အခွင့်သာပါကလက်ပစ်ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော် ပင် အထိနာခဲ့လေသည်။စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည် လက်ရှိ လုပ်ဆောင်ချက်အား အားမလိုအားမရဖြစ်ကာ ထမီအစားဘောင်းဘီဝတ်လိုကြောင်း..... နေရာတိုင်း သုံးမရသော လက်ပစ်ဗုံး အစား သေနတ် တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက် တွင် တပ်ဖွဲ့နှင့် အတူ လိုက်ပါတိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီး ဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့်မချစ်ပိုအားခြောက်လုံးပြူးထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင်ညတိုက်ပွဲများဆက်လက်ဆင်နွှဲ ကြလေသည်။

မချစ်ပိုပါဝင်သော တပ်ဖွဲ့၏ တိုက်ခိုက်မှုများကြောင့် KNDO အဖွဲ့များမှာ များစွာ အထိနာခဲ့လေသည်။
ထို့နောက် ထောက်ပံ့ရေးကုန်းသို့ ၀င်စီးသော ညတွင်ကား မချစ်ပိုကိုထိမှန်လေတော့သည်။ နေ့ခင်း ဘက်က မချစ်ပိုဝင်ရောက် ထောက်လှမ်းရရှိခဲ့သည့် လက်နက်ကြီးနေရာအား တပ်ဖွဲ့မှ နောက်ပိုင်းမှ မော် တာဖြင့် ဦးနှိမ် ပစ်ခတ်ထားပြီး.... မချစ်ပိုပါဝင်သော အဖွဲ့က ရန်သူ၏ ခံစစ်စည်းထဲသို့ အတင်း ထိုးဖောက် ၀င်ရောက်သွားကြလေသည်။ ရန်သူများ ခေါင်းမထောင်နိုင်အောင်ဖြစ်နေချိန်တွင် စစ်သည်များက လှံ စွပ်ဖြင့် တက်ထိုးရန် ပြင်ဆင်ကြလေရာ... မချစ်ပိုက လက်မခံပဲ.... လက်ပစ်ဗုံးဖြင့် ပစ်မည်ဟု ဆိုကာ..... လှိမ့်၍ချဉ်းကပ်သွားလေသည်။ မချစ်ပိုအပစ်မခံရစေရန် စစ်သည်များက ကာပစ်ပစ်ပေးရင်း ယောင်ပြ လှုပ်ရှားမှုများပြုလုပ် ပေးကြလေသည်။

ရန်သူ့ သေနတ်သံများ ရပ်စဲသွားခဲ့ပြန်လေသည်။ မချစ်ပိုကား ထပ်မံ..... လက်စွမ်းပြခဲ့ပြန်လေသည်။ချဉ်း ကပ်မျဉ်းမှ ပြန်အထွက်တွင် မချစ်ပိုကို လှိမ့်မှောက်ပြီး ဆုတ်ခဲ့ရန် ပြောသော်လည်း ရန်သူအား အထင်သေး မိကာမတ်တတ် ပြန်လာခဲ့ခြင်းကြောင့်.... ရန်သူ့ သေနတ်သံ တစ်ချက်ထွက်ပေါ်လာပြီး မချစ်ပို ဗိုက်ကို လက်နှင့်ဖိကာ လဲကျသွားခဲ့ရလေသည်။မချစ်ပိုကား သတ္တိကောင်းလှပေသည်။ ဒဏ်ရာရသည့်တိုင် ညည်း ညူခြင်းမရှိ၊ ဗိုက်ကို အ၀တ်ဖြင့်ပတ်ပြီး ဖိထားလေသည်။ ရဲဘော်များမချစ်ပိုကိုပွေ့ကာ မြို့ထဲဘက် သို့ ခေါ်ဆောင်သွားကြသည်။ ထို့နောက်.... မေမြို့ နယူးဆေးတိုက်မှ ဆရာဝန် ဒေါက်တာဘရှင် ရောက်ရှိ
လာပြီး မချစ်ပိုအား ကားဖြင့်တင်ကာ ဆေးတိုက်တွင် ညတွင်းချင်း ခွဲစိတ်ကုသပေးလေသည်။ထိုသို့ ခွဲစိတ်ကုသပြီးသော ချိန်တွင်KNDO အဖွဲ့များကမသင်္ကာသဖြင့်ဆေးတိုက်သို့လာရောက် စစ်ဆေးကြကြောင်းဒေါက်တာဘရှင်က မင်သေသေဖြင့် ဟောက်လွှတ်သောကြောင့် ပြန်သွားကြကြောင်း သိရှိရလေသည်။

ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့် အောက်လင်းမီး မရှိခြင်းကြောင့်မချစ်ပို၏ ဒဏ်ရာကို ဖယောင်းတိုင်မီးဖြင့်ပင် ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရကြောင်း၊ မချစ်ပိုသည် ထိုဆေးတိုက်မှာပင်တစ်ပတ်ခန့်ပုန်းအောင်းကာ ဆေးကုသခံနေခဲ့ရကြောင်း အနာမကျက် သေးမီ မချစ်ပိုက ပြန်ချင်လှပြီဆိုကာ မွေးစားဖခင် ဦးကြွယ်၏ နေအိမ်သို့ ပြန်ခဲ့လေသည်။

KNDO အဖွဲ့မှ ဗိုလ်အဆင့်ရှိသော စောဘစံ ဆိုသူမှာ.... ထုံးဘိုရပ်ထဲမှ မချစ်ပု ဆိုသူ အမျိုးသမီးနှင့် ပတ် သက်လျှက်ရှိကြောင်း။ မချစ်ပုနှင့် စောဘစံ၏ ယုတ်မာမှုများကြောင့် အရပ်ထဲမှ တခြားမိန်းကလေးများမှာ လည်း ဖျက်ဆီးခံခဲ့ရသည်များလည်း ရှိခဲ့ကြောင်း..... ။စောဘစံ၏ အမျှောင်မယား မချစ်ပု၏ လက်ထောက် ချမှုကြောင့်...... စောဘစံအဖွဲ့သည် မချစ်ပိုအား သိရှိသွားလေတော့သည်။ မချစ်ပို၏ လှုပ်ရှားမှုများ အား စောင့်ကြည့်ကာ ဆေးတိုက်မှဆင်းပြီး ဦးကြွယ်၏ အိမ်တွင် ပုန်းခိုနေထိုင်နေသောမချစ်ပိုအားစော ဘစံ ခေါင်းဆောင်ပြီး လက်နက်ကိုင် လေးငါးဦးခန့်ဖြင့် မချစ်ပိုအား လာရောက်ဖမ်းဆီး ခေါ်ဆောင် ကြလေတော့သည်။

မချစ်ပိုသည် ထွက်ပြေးရန် မကြိုးစား၊ ဓားတိုတစ်ချောင်းကိုဝှက်ယူကာ လိုက်ပါသွားလေသည်။ ထိုရက် များတွင်မေမြို့ရှိ BE တပ်များမှာ မန္တလေးသို့ ဆင့်ခေါ်ခြင်းခံရသဖြင့် ပြန်လည်ဆုတ်ခွာ သွားကြလေရာ တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစု ၀င်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။

မချစ်ပိုမှာလည်း ဒဏ်ရာ မပျောက်ကင်းသေးသဖြင့် ကျန်ရစ်ခဲ့ရာမှ အဖမ်းခံလိုက်ရခြင်းဖြစ်လေသည်။ KNDO အဖွဲ့များသည် သာမန် စစ်သည် မိသားစုဝင်များကိုစိတ်မ၀င်စားခြင်း မရှိဘဲ ၄င်းတို့အား နည်းအ မျိုးမျိုးဖြင့် တိုက်ခိုက်ကာ ဒုက္ခပေးခဲ့သော မချစ်ပိုကိုသာ သဲကြီးမဲကြီးလိုက်ရှာနေခဲ့ကြခြင်းဖြစ်လေသည်။ မချစ်ပိုကို စောဘစံကသူ၏အမြှောင်မယား မချစ်ပု၏ အိမ်သို့ ဖမ်းဆီးခေါ်ဆောင်သွားလေသည်။

ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမက နောက်က လိုက် ပါကြသူများသည်လည်း ကျည်ဆန်ထိမှန်ခြင်း မရှိဟု ယုံကြည်နေကြသည်။စောဘစံ၏မယား မချစ်ပု၏ အိမ်သို့ ရောက်သည်နှင့်မချစ်ပိုကိုဖမ်းချုပ်ကာသူမ၏ အံသွားများကို ဓားဖြင့်ကလန့်ထုတ်ကြလေသည်။ မချစ်ပိုသည်အံသွားအပို(အံပွား)ပါသူတစ်ဦးဖြစ်သည်။ မချစ်ပိုသည်ဝှက်ယူလာသော ဓါးတိုဖြင့် သွားနှုတ်ေ နသူအား ထိုးလေရာ နှစ်ဦးထံ ဓါးထိုးခံရကာ သေဆုံးလေတော့သည်.....။မချစ်ပို၏ လုပ်ဆောင် ချက်ကြောင့် စောဘစံသည် မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအား တရစပ် ပစ်ခတ်လေရာ မချစ်ပို မှာလဲကျသွားလေတော့သည်။မချစ်ပိုသည်ဒဏ်ရာပြင်းထန်စွာရနေသော်လညးအတန်ကြာသည်အထိ သေ ဆုံးခြင်းမရှိသဖြင့်အသက်ပြင်းသည်ဟုပြောစမှတ်ပြုကြလေသည်။ ထို့နောက် စောဘစံသည် မချစ်ပို၏ အလောင်းအား ရေတွင်းထဲသို့ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ၊ ပန်းအိုးကွဲများ ပစ်ချထားလိုက်လေသည်။

ဤသို့ဖြင့် အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် ( ၈-၄-၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ် အရွယ်တွင် ကျဆုံးသွားခဲ့ရရှာလေသည်။မချစ်ပို ကျဆုံးသောနေ့ရက်တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များက မန္တလေးမြို့အား ပြန်လည်သိမ်းပိုက်သောနေ့ဖြစ်လေသည်။ထို့နောက် မချစ်ပိုသေဆုံးပြီး (၃) ရက်ခန့်အကြာတွင် တပ်များ ပြန်လည်ရောက်ရှိလာပြီး မချစ်ပို၏ အလောင်း အားပြန်လည်ဆယ်ယူကြလေ သည်။(၁၆-၄-၄၉) ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး - မေမြို့ ကားလမ်းအား စစ်ဆေး ရန်ရာက်ရှိလာသောဗိုလ်မှူးကြင်နှင့်စစ်သည်များသည် မချစ်ပို၏အလောင်းကိုစစ်အခမ်းအနားဖြင့် ကောင်း မွန်စွာ သင်္ဂြိုလ်ခဲ့ကြသည်။ မချစ်ပိုအတွက်အမိန့် စာအား ဦးထွန်းအုံက ဖတ်ကြားကြောင်းသိရှိရလေသည်။

နိုင်ငံတော်အတွက်......အသက်ကိုပဓာနမထားပဲ......သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊ လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရ မှ `` သူရ ´´ဘွဲ့ တံဆိပ်အား ချီးမြှင့်ပေးအပ်ခဲ့လေသည်။မေမြို့ရှိ မချစ်ပို၏ အုတ်ဂူလေးကို အစဉ်အ ဆက် ထိန်းသိမ်းစောင့်ရှောက်ခဲ့ကြလေသည်..... ၁၉၆၀ ပြည့်နှစ်တွင်မေမြို့ အင်ဂျင်နီယာတပ်၌ ဗိုလ်မှူး တင်မောင် (သိပ္ပံမှူးတင်) တပ်မှူး ဖြစ်သောအခါ အုတ်ဂူလေးကို ပြန်လည် မွမ်းမံခဲ့ကြောင်း သိရှိရလေ သည်။


အမိမြေကိုချစ်သောအာဇာနည် အမျိုးသမီး “သူရမချစ်ပို” ၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘို ရပ်တွင်ယနေ့တိုင် တည်ရှိနေဆဲဖြစ်ပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲေ ရာက်နေသဖြင့် ရွှေ့ ပစ်သင့်သည်ဟု ထင်မြင်ယူဆနေကြပါသည်။`` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်းမဟုတ်ပါ။ မေမြို့ (ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် မြန်မာ အမျိုးသမီးများ၏ စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ ဖြစ်ပါသည်။

``သူရ မချစ်ပိုသည် ရုပ်ခန္ဓာ သေဆုံးသွားသော်လည်း စွမ်းရည် သတ္တိ မသေဆုံးသေးသော. ထာဝရရှင် သန် နေမည့်ြုမန်မာ အမျိုးသမီးတစ်ဦးသည် အုတ်ဂူစံအိမ်လေးထဲတွင် အိပ်ပျော်နေခြင်းသာဖြစ်သညိဟု မှတ်ယူနားလည်မိပါသည်။အမိမြေကိုချစ်သော သားကောင်း သမီးကောင်းများအကြောင်း ပြောဆိုရာတွင် မချစ်ပိုက မြန်မာ အမျိုးသမီးများ၏အကြောင်းကို အသံမဲ့ ၀င်ရောက် ပြောဆိုနေဦးမည်.... ထာဝရပြော  ပနေဦးမည်သာ ဖြစ်ပါကြောင်း ဂုဏ်ပြုရင်း.........
( အပြုံးပန်းဈေးခင်း အား ပြန်လည် မှီငြမ်းပါသည်....)

KIA ရဲ့နှိပ်စက်မှုတွေကို ကာကွယ်ပေးဖို့ တပ်မတော်အပေါ် ကချင်ပြည်သူများမှတောင်းဆို



ကချင်ပြည်နယ် ပန်ဝါ အခြေစိုက် ပြည်သူ့စစ်အဖွဲ့နှင့်  (KIA)တို့ အကြား သြဂုတ် ၁၇ ရက်နှင့် ၁၉ တို့တွင် တိုက်ပွဲများ ဖြစ်ပွားရခြင်းနှင့်ပတ်သက်ပြီးတော့ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦး ဖြစ်သူ အမျိုးသား လွှတ်တော် အမတ်  ဦးစက်ခုံတိန်ယန်းက မိမိဦးဆောင်သည့် ပြည်သူ့စစ် အဖွဲ့က ယခုကဲ့သို့ ကေအိုင်အေ ဘက်ကို  ပြည်သူများ လုံခြုံရေး အတွက် တိုက်ရခြင်းသာဖြစ်ကြောင်း ဖြေကြားသွားတာကို ဖတ်လိုက် ရပါတယ်။


KIA တပ်တွေဟာ နိုင်ငံတော်မက ငြိမ်းချမ်းရေးလိုချင်လို့သာ တပ်မတော်နဲ့ အပစ်အခတ် ရပ်စဲပြီး ဆွေးနွေးနေတာတွေကို အခွင့်ကောင်းယူပြီးတော့ ဒေသခံပြည်သူတွေအပေါ် ဖမ်းဆီးနှိပ်စက်ခြင်း၊ ဆက်ကြေး များကောက်ခြင်း၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ပစ်ခတ်သတ်ဖြတ်ခြင်းများကို စိတ်မထင် ရင်မထင်သလို ပြုလုပ်နေကြပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့လည်း လုပ်ငန်းခွင်မ၀င်နိုင်၊ စီးပွားရေးမလုပ်နိုင် သလို ကျောင်းသားတွေ အနေနဲ့လည်း KIA ကြောင့် ကျောင်းသွားမတက်နိုင်ကြပါဘူး။ ဒါကြောင့် KIA ရဲ့ရန်ကကာကွယ်ပေး ဖို့ ပြည်သူ့စစ်တွေအပေါ် အကူအညီတောင်းတာတွေ၊ တပ်မတော်အပေါ် သွားပြီးအကူအညီတောင်းနေရ ပါတယ်။ 

နိုင်ငံတော်အစိုးရရဲ့ ငြိမ်းချမ်းရေးလိုချင်မှုကြောင့် တပ်မတော်ဟာ KIA အပေါ် ပစ်ခတ်တိုက်ခိုက်ခြင်း မပြုပေမယ့်လည်း ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အပေါ် ထိခိုက်မှုရှိလာရင် ကာကွယ်ဖို့ တပ်မတော်မှာ အဓိကတာဝန်ရှိပါတယ်။  ကျနော်တို့အနေနဲ့ KIA ရဲ့ အပစ်အခတ်ရပ်စဲမှုအပေါ် အခွင့်ကောင်း ယူပြီးတော့ ပြည်သူတွေအပေါ် ဒီလို အနိုင်ကျင့်စော်ကားနေတာကို သည်းမခံနိုင်ပါဘူး။ တပ်မတော်အနေနဲ့ ကျနော်တို့ရဲ့ ဒုက္ခတွေအပေါ် ကူညီဖြေရှင်းပေးပါ။ အကာအကွယ်ပေးပါ။ KIA ကို တိုက်ပေးပါလို့ တောင်းဆိုပါတယ်။

By ကချင်တိုင်းရင်းသားတစ်ဦး နိုင်ငံသစ်

စွမ်းအင်နှင့် ရထားလမ်း တည်ဆောက်ရန် ဒေါ်လာ သန်းငါးထောင်တန် သဘောတူစာချုပ် တရုတ်နှင့် ကင်ညာ လက်မှတ်ထိုး



ဘေဂျင်း၊ သြဂုတ် ၂၂

စွမ်းအင် လိုအပ်ချက် မြင့်တက်နေသော ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အားကြီးနိုင်ငံ ဖြစ်သော တရုတ်သည် အာဖရိကနိုင်ငံ တစ်ခုဖြစ်သော ကင်ညာနှင့် စွမ်းအင် စီမံကိန်း၊ ရထားလမ်း တည်ဆောက်ရေးနှင့် တောရိုင်း တိရစ္ဆာန် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမေရိကန် ဒေါ်လာ သန်းငါးထောင် တန်ဖိုးရှိ သဘောတူစာချုပ် ရေးထိုးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကင်ညာနှင့် တရုတ်အစိုးရတို့၏ အထက်ပါ သဘောတူညီချက်မှာ ကင်ညာ သမ္မတ အူဟာရူကင် ညက်တာ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် တွင် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ ကြခြင်း ဖြစ်သည်။

ကင်ညာ သမ္မတ အူဟာရူကင်ညက်တာ၏ စိတ်အား တက်ကြွမှုသည် ကင်ညာနိုင်ငံကို ပိုမိုကြီးမားသော ပြီးမြောက် အောင်မြင်မှုများ ဖြစ်စေလိမ့် မည် ဖြစ်ကြောင်း ကင်ညာ သမ္မတနှင့် တွေ့ဆုံအပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

ကင်ညာသမ္မတ အူဟာရူ ကင်ညက်တာသည် ၂၀၀၇ ခုနှစ် ကင်ညာ သမ္မတ ရွေးကောက်ပွဲတွင် အကြမ်းဖက်မှုများ ဖြစ်အောင် ဖန်တီးခဲ့မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ယခုနှစ်ကုန်ပိုင်းတွင် အမှု ရင်ဆိုင်ရမည် ဖြစ် သည်။

ယခုနှစ် ကျင်းပသော ကင်ညာ ရွေးကောက်ပွဲတွင်လည်း ၎င်းသာ ပြန်လည် အနိုင်ရရှိပါက ကင်ညာနှင့် ဆက်ဆံရေးကို ကန့်သတ်မည် ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောကြားထားသည်။

ထို့ပြင် ၎င်းသည် ပြန်လည် အနိုင်ရခဲ့ပါက အကျိုးဆက်များနှင့် ရင်ဆိုင်ရမည် ဟု အမေရိကန်ကလည်း သတိပေး ပြောကြားထားသည်။

သို့သော် အနောက်နိုင်ငံများ၏ အဆိုပါ ပြောစကားများသည် ကင်ညာ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ကြောင်း ကင်ညာ သမ္မတ အူဟာရူ ကင်ညက်တာက စွပ်စွဲ ပြောကြားခဲ့သည်။

တရုတ်အစိုးရနှင့် ဆက်ဆံရခြင်းသည် ကင်ညာအတွက် ကြီးမားသော တိုးတက်မှုပင် ဖြစ်ကြောင်း ကင်ညာအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

တရုတ်အစိုးရနှင့် သဘောတူညီချက်အရ ကင်ညာနယ်စပ်မြို့ မာလာဘာမှ မွန်ဘာဆာဆိပ်ကမ်းသို့ ဆက်သွယ်မည့် ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်းလည်း ပါဝင်မည် ဖြစ်သည်။

တရုတ်အနေနှင့် ကင်ညာတွင် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေး သွယ်တန်း ဖောက်လုပ်သည့် ကဏ္ဍ၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ထပ်မံ ရင်းနှီးမြှုပ်နှံနိုင်ရန် ဆက်လက် ရှာဖွေသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်နိုင်ရန် တရုတ် ကွန်မြူနစ်ပါတီနှင့်ကင်ညာ ဂျူဘလီ ညွှန့်ပေါင်းပါတီတို့အကြား ဆက်ဆံရေး မြှင့်တင်ရန်ကိုလည်း နှစ်နိုင်ငံ သမ္မတများ အကြား သဘော တူညီခဲ့ကြသည်။

Related Posts Plugin for WordPress, Blogger...