Thursday, August 22, 2013

KIA အဖွဲ့မှ မြို့လှမြို့နယ်ခွဲအတွင်း လူသစ်စုဆောင်းပြီး ဒဏ်ငွေ တောင်းခံမှုများ ရှိနေ



သြဂုတ်လ ၂၂ ရက် ၂၀၁၃

ကချင်ပြည်နယ် မြို့လှမြို့နယ်ခွဲ ကျွန်းကုန်းခါးရွာသို့ သြဂုတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီခန့်တွင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)မှ အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး စုဆောင်းခိုင်းထားသော လူသစ်များပေးရန် နှင့် မပေးနိုင်ပါက ဒဏ်ငွေသွင်းရန် ပြောကြားသွားခဲ့ကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

“ ဟိုတစ်နေ့ညက အုပ်ချုပ်ရေးမှူးအိမ်ကို ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်တွေ လာသွားတာကြောင့် မနေ့က မနက်ပိုင်းမှာ ရွာသူရွာသားတွေကို အစည်းအဝေးခေါ်ပါတယ်၊ အဲဒါ လူသစ်ဝင်မယ့်စာရင်းတောင်းတာပါ ” ဟု ကျွန်းကုန်းခါးရွာသားတစ်ဦးက ပြောပြသည်။

ခုနက ဆက်ပြီး ပြောပြရာကျွန်းကုန်းခါးရွာမှ သြဂုတ်လကုန် နောက်ဆုံးထား၍ လူသစ် (၂) ဦး ပေးရမည်ဖြစ် ကြောင်း၊ လူသစ်မပေးနိုင်ပါက ဒဏ်ငွေအဖြစ် (၁၅) သိန်းပေးရမည်ဖြစ်ကြောင်း ၊ တစ်အိမ်ထောင်လျှင် ငွေ (၂) သောင်းသွင်းရန် အုပ်ချုပ်ရေးမှူးမှ မှာကြားထားကြောင်း သိရသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)မှ တစ်ရွာလျှင် လူသစ် (၂) ဦးနှင့် လူသစ်မပေးပါက ဒဏ်ငွေ (၁၅) သိန်းသွင်းရန် တောင်းခံထားသော ကျေးရွာများမှာ ကျွန်းကုန်းခါးကျေးရွာ အပါအ၀င် စင့်ကင်၊ ငှက်ပျောတော၊ ပါပေါင်၊ မြစေတီ ရွာများလည်းပါဝင်ကြောင်း ၊ အဆိုပါ ကျေးရွာများတွင်လည်း လူသစ်ဝင်ရောက်လိုသော လူငယ်များမရှိသဖြင့် ဒဏ်ငွေ (၁၅) သိန်းပေးဆောင်ရမည့် အခြေအနေကြုံတွေ့နေရကြောင်း၊ ယခုကာလ သည် စိုက်ပျိုးရာသီဖြစ်၍ လယ်ယာလုပ်ငန်းခွင် ၀င်နေရပြီး မိသားစုစားဝတ်နေရေးကို ဖြစ်သလို ဖြေရှင်းပေးနေ ကြရကြောင်း ၊ အပိုဝင်ငွေမရှိသဖြင့် ဒေသခံရွာသားများမှ KIA တောင်းထားသော ဒဏ်ငွေကို ပေးဆောင်ရန် အခက်အခဲဖြစ်နေကြရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

ခွန်နော်
ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...