Thursday, August 22, 2013

စွမ်းအင်နှင့် ရထားလမ်း တည်ဆောက်ရန် ဒေါ်လာ သန်းငါးထောင်တန် သဘောတူစာချုပ် တရုတ်နှင့် ကင်ညာ လက်မှတ်ထိုး



ဘေဂျင်း၊ သြဂုတ် ၂၂

စွမ်းအင် လိုအပ်ချက် မြင့်တက်နေသော ကမ္ဘာ့စီးပွားရေး ဒုတိယ အင်အားကြီးနိုင်ငံ ဖြစ်သော တရုတ်သည် အာဖရိကနိုင်ငံ တစ်ခုဖြစ်သော ကင်ညာနှင့် စွမ်းအင် စီမံကိန်း၊ ရထားလမ်း တည်ဆောက်ရေးနှင့် တောရိုင်း တိရစ္ဆာန် ကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အမေရိကန် ဒေါ်လာ သန်းငါးထောင် တန်ဖိုးရှိ သဘောတူစာချုပ် ရေးထိုးခဲ့ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကင်ညာနှင့် တရုတ်အစိုးရတို့၏ အထက်ပါ သဘောတူညီချက်မှာ ကင်ညာ သမ္မတ အူဟာရူကင် ညက်တာ တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိစဉ် တွင် သဘောတူညီချက် လက်မှတ် ရေးထိုးခဲ့ ကြခြင်း ဖြစ်သည်။

ကင်ညာ သမ္မတ အူဟာရူကင်ညက်တာ၏ စိတ်အား တက်ကြွမှုသည် ကင်ညာနိုင်ငံကို ပိုမိုကြီးမားသော ပြီးမြောက် အောင်မြင်မှုများ ဖြစ်စေလိမ့် မည် ဖြစ်ကြောင်း ကင်ညာ သမ္မတနှင့် တွေ့ဆုံအပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

ကင်ညာသမ္မတ အူဟာရူ ကင်ညက်တာသည် ၂၀၀၇ ခုနှစ် ကင်ညာ သမ္မတ ရွေးကောက်ပွဲတွင် အကြမ်းဖက်မှုများ ဖြစ်အောင် ဖန်တီးခဲ့မှုဖြင့် အပြည်ပြည်ဆိုင်ရာ တရားရုံး၌ ယခုနှစ်ကုန်ပိုင်းတွင် အမှု ရင်ဆိုင်ရမည် ဖြစ် သည်။

ယခုနှစ် ကျင်းပသော ကင်ညာ ရွေးကောက်ပွဲတွင်လည်း ၎င်းသာ ပြန်လည် အနိုင်ရရှိပါက ကင်ညာနှင့် ဆက်ဆံရေးကို ကန့်သတ်မည် ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ပြောကြားထားသည်။

ထို့ပြင် ၎င်းသည် ပြန်လည် အနိုင်ရခဲ့ပါက အကျိုးဆက်များနှင့် ရင်ဆိုင်ရမည် ဟု အမေရိကန်ကလည်း သတိပေး ပြောကြားထားသည်။

သို့သော် အနောက်နိုင်ငံများ၏ အဆိုပါ ပြောစကားများသည် ကင်ညာ ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်ခြင်း ဖြစ်ကြောင်း ကင်ညာ သမ္မတ အူဟာရူ ကင်ညက်တာက စွပ်စွဲ ပြောကြားခဲ့သည်။

တရုတ်အစိုးရနှင့် ဆက်ဆံရခြင်းသည် ကင်ညာအတွက် ကြီးမားသော တိုးတက်မှုပင် ဖြစ်ကြောင်း ကင်ညာအစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

တရုတ်အစိုးရနှင့် သဘောတူညီချက်အရ ကင်ညာနယ်စပ်မြို့ မာလာဘာမှ မွန်ဘာဆာဆိပ်ကမ်းသို့ ဆက်သွယ်မည့် ရထားလမ်း ဖောက်လုပ်မည့် စီမံကိန်းလည်း ပါဝင်မည် ဖြစ်သည်။

တရုတ်အနေနှင့် ကင်ညာတွင် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေး သွယ်တန်း ဖောက်လုပ်သည့် ကဏ္ဍ၊ ဓာတ်မြေသြဇာ ထုတ်လုပ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ထပ်မံ ရင်းနှီးမြှုပ်နှံနိုင်ရန် ဆက်လက် ရှာဖွေသွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံ နိုင်ငံရေးနှင့် စီးပွားရေး ပူးပေါင်း လုပ်ဆောင်နိုင်ရန် တရုတ် ကွန်မြူနစ်ပါတီနှင့်ကင်ညာ ဂျူဘလီ ညွှန့်ပေါင်းပါတီတို့အကြား ဆက်ဆံရေး မြှင့်တင်ရန်ကိုလည်း နှစ်နိုင်ငံ သမ္မတများ အကြား သဘော တူညီခဲ့ကြသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...