Thursday, August 22, 2013

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာသော်လည်း တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေဆဲဟု ကင်တားနား ပြောကြား

V-22-8
ကင်တားနား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ်

Created on Thursday, 22 August 2013

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး အခြေအနေ တိုးတက်လာသော်လည်း တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး ဖော်ဆောင်ရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေဆဲဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားက ပြောကြားသည်။
သြဂုတ် ၂၁ ရက်၊ ည ၇ နာရီခန့်က မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမီ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် ရှင်းလင်းပွဲ ပြုလုပ်ရာတွင် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေနှင့် ပတ်သက်၍ ကြေညာချက်ကို ဖတ်ကြားရာ၌ ကင်တားနားက ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
"မြန်မာနိုင်ငံဟာ ကဏ္ဍတော်တော်များများမှာ တိုးတက်လာနေပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေး အခြေအနေတွေဟာ အကောင်းဘက်ကို ဦးတည်ပြောင်းလဲ နေပါတယ်။ ဒါပေမဲ့လည်း တိုင်းရင်းသား လူမျိုးစုတွေနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေး လုပ်ဆောင်တဲ့ နေရာမှာတော့ ကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေပါသေးတယ်။ အစိုးရ ထိပ်ပိုင်းကနေ အပစ်အခတ် ရပ်စဲဖို့ လုပ်ဆောင်တာကို အောက်ခြေကပါ လိုက်နာဖို့ လိုပါတယ်။ ဒီလိုပါပဲ။ အောက်ခြေဒေသခံ အသိုင်းအ၀ိုင်း အခြေအနေကြားမှာ နားလည်မှုနဲ့ သင့်မြတ်မှု တည်ဆောက်ဖို့ လိုပါတယ်" ဟု ကင်တားနားက ဆိုသည်။
ထို့ပြင် ကင်တားနားက ပဋိပက္ခ ဖြစ်ပွားခဲ့သည့် ဒေသများတွင် တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှု ရှိကြရန် လိုအပ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်ရန်အတွက် တစ်ဦးနှင့်တစ်ဦး အာဃာတ မထားကြရန် လိုကြောင်း၊ ဒုက္ခသည် စခန်းများတွင် နေထိုင်နေကြသူများ မိမိနေရပ်သို့ အမြန်ပြန်လည် ရောက်ရှိရန် အစိုးရအနေဖြင့် လုပ်ဆောင်ပေးရန် လိုအပ်ကြောင်း ကင်တားနားက ပြောကြားသည်။
"လားရှိုးမြို့မှာဆိုရင် ပဋိပက္ခဖြစ်ပြီးတဲ့နောက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အတူယှဉ်တွဲ နေထိုင်ဖို့ နှစ်ဖက်စလုံးက ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ မိတ္ထီလာမှာတော့ အတူယှဉ်တွဲ နေထိုင်ဖို့က မလွယ်ကူနိုင်သေးပါဘူး။ မိတ္ထီလာမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကို ကျွန်တော် သြဂုတ် ၁၉ ရက်က သွားတုန်းမှာ ဒေသခံ နှစ်ရာလောက်က ဒေါသတကြီးနဲ့ ကျွန်တော့်ကားကို ကန်တာတွေ၊ ထုနှက်တာတွေ လုပ်ကြပါတယ်။ ဒါဟာ ပဋိပက္ခ ဖြစ်ပွားပြီးနောက်ပိုင်း အတူယှဉ်တွဲ နေထိုင်ဖို့ ကြိုးစားမှု မရှိတာကို ပြသနေပါတယ်။ ဒီလိုမျိုး လူအုပ်စုနဲ့ အကြမ်းဖက်နေတုန်းမှာ ရဲတွေကနေ လုံခြုံရေးအတွက် ၀င်ထိန်းတာမျိုး မရှိခဲ့ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်တွေးမိတာက ပြီးခဲ့တဲ့ မတ်လအတွင်း မိတ္ထီလာ ပဋိပက္ခဖြစ်စဉ်မှာ လူ ၄၃ ဦး အသတ်ခံနေရတုန်းက ရဲတွေက ဒီလိုပဲ ကာကွယ်မှု မပေးဘဲ ရပ်ကြည့်နေတာ ဆိုတာကိုပါ" ဟု ၎င်းက ပြောကြားသည်။
ပဋိပက္ခများအတွင်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသော ဒုက္ခသည်များကိုလည်း လက်ရှိအချိန်တွင် ဒုက္ခသည် စခန်းများအတွင်း ဆက်လက်နေထိုင်စေခြင်းသည် မွတ်စလင် အသိုင်းအ၀ိုင်းပေါ်တွင် မကောင်းသည့် အကျိုးဆက် ဖြစ်ပေါ်စေနိုင်ကြောင်း၊ မွတ်စလင် ဒုက္ခသည် စခန်းများနှင့် မွတ်စလင် ကျေးရွာများတွင် ပြင်းထန်သည့် ကန့်သတ်မှုများ ယခုထက်ထိ ရှိနေသေးကြောင်း၊ စစ်တွေရှိ အောင်မင်္ဂလာ ဒုက္ခသည်စခန်းတွင် မွတ်စလင်များသည် နေရာကျဉ်းကျဉ်းလေးထဲတွင် နေထိုင်နေရပြီး ၎င်းတို့အား လက်နက်ကိုင် ရဲများနှင့် စစ်သားများက အမြဲတမ်း စောင့်ကြည့်နေကြောင်း၊ ထိုအချက်များသည် အခြေခံ လူ့အခွင့်အရေးဖြစ်သည့် အသက်ရှင် နေထိုင်မှု၊ ပညာရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုတို့အား အဟန့်အတား ဖြစ်စေကြောင်းလည်း ကင်တားနားက ပြောကြားသည်။
ကင်တားနားက "ဒုက္ခသည် စခန်းတွေဆီသွားပြီး မွတ်စလင်တွေကို ကူညီထောက်ပံ့ပေးလို သူတွေတောင် စစ်တပ်ကို ကြောက်တာနဲ့ တော်ရုံသွားဖြစ်မှာ မဟုတ်ပါဘူး" ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ ယခုနှစ်မကုန်မီ နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည်ဟု သမ္မတ ဦးသိန်းစိန်၏ ပြောကြားချက်ကို ကြိုဆိုကြောင်း၊ အပြောနှင့်အညီ လုပ်ဆောင်ရန် လိုအပ်ကြောင်း၊ ပြီးခဲ့သည့်နှစ် ဇွန်နှင့်ဇူလိုင်လအတွင်း ဖမ်းဆီးခံခဲ့ရသော နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ၀န်ထမ်းများအား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်းလည်း ၎င်းကပြောကြားသည်။
ထို့ပြင် ကင်တားနားက မြန်မာအစိုးရသည် မိမိအား ကာကွယ်ပေးရန် တာဝန်ရှိသော်လည်း မိတ္ထီလာမြို့တွင် ကာကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း၊ အကျိုးဆက် အနေဖြင့် ယခုခရီးစဉ် မတိုင်မီက သွားရောက်လေ့လာရန် စနစ်တကျ ပြင်ဆင်ခဲ့သော မွတ်စလင် ၁၆၀၀ ခန့် နေထိုင်သည့် ဒုက္ခသည်စခန်းအား သွားရောက်မည့် အလည်အပတ် ခရီးစဉ်ကို လုံခြုံရေး ပြဿနာများကြောင့် ဖျက်သိမ်းခဲ့ရသည်ဟု ဆိုသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...