Thursday, August 22, 2013

သံလွင်၊ စစ်တောင်းနှင့် င၀န်မြစ်တို့၌ စိုးရိမ်ရေမှတ် ကျော်လွန်နေပြီး ကရင်ပြည်နယ်နှင့် ဧရာဝတီတိုင်း ဒေသကြီးတို့တွင် ဒုတိယအကြိမ် ရေကြီးမှု ကြုံတွေ့


X-22-8

Created on Thursday, 22 August 2013
မော်လမြိုင်မြို့ ကမ်းနားဆိပ်အား သြဂုတ် ၂၁ ရက်က တွေ့ရစဉ်
သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် င၀န်မြစ်တို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်နေပြီး ကရင်ပြည်နယ်၊ ဧရာဝတီတိုင်း ဒေသကြီးတို့တွင် မြစ်ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို ဒုတိယအကြိမ် ကြုံတွေ့နေရသည်ဟု သိရသည်။
မိုးကောင်းခြင်းပေါ် မူတည်၍ မြစ်ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို မိုးရာသီ ကာလအတွင်း ကြုံတွေ့လျက်ရှိရာတွင် ဇူလိုင်လကုန်ပိုင်းကလည်း မိုးရွာသွန်းမှု ကောင်းမွန်သည့် ဒေသများ၌ မြစ်ရေကြီးမှုကို ကြုံတွေ့ရပြီးနောက် ယခုလတွင် မြစ်ရေကြီးမှု ထပ်မံဖြစ်ပေါ်ခြင်း ဖြစ်သည်။
သြဂုတ် ၂၁ ရက်တွင် သံလွင်မြစ်ရေသည် ကရင်ပြည်နယ် ဘားအံမြို့၌ ၈၀၈ စင်တီမီတာသို့ ရောက်ရှိနေပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၇၅၀ စင်တီမီတာကို ကျော်လွန်တည်ရှိနေသည်။ အဆိုပါ မြစ်ရေမှာ နောက် ၄၈ နာရီ (သြဂုတ် ၂၃ ရက်) အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်၌ ဆက်လက်တည်ရှိ နေနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။
ဇူလိုင်လကုန်ပိုင်းက မြစ်ရေကြီးမှုကြောင့် ဘားအံမြို့တွင် ရေဘေးကယ်ဆယ်ရေး စခန်း ၁၂ ခု ဖွင့်လှစ်ခဲ့ရပြီး ကယ်ဆယ်ရေး စခန်းများတွင် ပြောင်းရွှေ့ခိုလှုံရသူ ရေဘေးဒုက္ခသည် ဦးရေပေါင်း ၆၀၀၀ နီးပါး ရှိခဲ့သည်ဟု သိရသည်။
ဇူလိုင်လကုန်ပိုင်းနှင့် သြဂုတ်လဆန်းပိုင်းက ရေကြီးမှု ကြုံတွေ့ခဲ့ရသည့် င၀န်မြစ်တွင်လည်း ဧရာဝတီတိုင်း ဒေသကြီး ငါးသိုင်းချောင်းမြို့၌ ၁၁၅၈ စင်တီမီတာသို့ ရောက်ရှိနေကာ ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက်တွင် တစ်ပေ၀န်းကျင် ကျော်လွန်ရောက်ရှိနေသည်။ င၀န်မြစ်ရေမှာမူ စိုးရိမ်ရေမှတ် အထက်တွင် နောက်သုံးရက်အတွင်း တည်ရှိမည် ဖြစ်သည်ဟု သိရသည်။
"ငါးသိုင်းချောင်းမှာတော့ ကယ်ဆယ်ရေး စခန်းတို့ဘာတို့ ဖွင့်ရတာ မရှိသေးပါဘူး။ ရွှေ့ရပြောင်းရတာလည်း မရှိသေးဘူးပေါ့။ စိုးရိမ်ရေမှတ် ကျော်နေပေမယ့် လောလောဆယ်တော့ နေလို့ရနေသေးတဲ့အတွက် ပြောင်းရွှေ့တာတွေ မရှိသေးတာပါ" ဟု ငါးသိုင်းချောင်းမြို့ခံ ဦးသန်းအေးက ပြောပြသည်။
စစ်တောင်းမြစ်တွင်လည်း မဒေါက်မြို့၌ ၁၁၀၅ စင်တီမီတာသို့ ရောက်ရှိနေပြီး မဒေါက်မြို့၏ စိုးရိမ်ရေမှတ်မှာ ၁၀၇၀ စင်တီမီတာ ဖြစ်သည်။ အဆိုပါမြစ်တွင် ယခုနှစ် မိုးရာသီအတွင်း ပထမအကြိမ် မြစ်ရေကြီးမှုကို ကြုံတွေ့ခြင်းဖြစ်ပြီး သြဂုတ် ၂၃ ရက် ၀န်းကျင်အထိ စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက်တည်ရှိ နိုင်သည်ဟု သိရသည်။
ပဲခူးတိုင်းဒေသကြီးရှိ မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ကျော်လွန်သည့်နည်းတူ ရွှေကျင်မြစ်သည်လည်း ရွှေကျင်မြို့၌လည်း စိုးရိမ်ရေမှတ် ကျော်လွန်နေသည်ဟု သိရသည်။
"သြဂုတ် ၂၀ ရက်က ပဲခူးတိုင်းဒေသကြီးတောင်ပိုင်း စစ်တောင်းမြစ်အောက်ဘက်ပိုင်း ရွှေကျင်နဲ့ မဒေါက်တို့ဘက်မှာ မိုးရေချိန် ရှစ်လက်မကျော်အောင် ရွာခဲ့ပါတယ်။ အခု မဒေါက်မှာရော ရွှေကျင်မှာပါ စိုးရိမ်ရေမှတ် ကျော်နေပါတယ်။ လောလောဆယ်တော့ တောင်ငူမှာ မိုးနည်းနေပါသေးတယ်။ ဒါပေမဲ့ စစ်တောင်းမြစ် အောက်ဘက်မှာ ရေကြီးနေပြီး လွယ်လွယ်နဲ့ ကျဖို့လည်း မဖြစ်နိုင်လို့ မိုးရေချိန် တစ်လက်မ၊ နှစ်လက်မလောက်ရွာ လိုက်ရင်ပဲ နောက်တစ်ပတ်လောက်ဆို တောင်ငူမှာ စိုးရိမ်ရေမှတ် ရောက်လာနိုင်ပါတယ်" ဟု တောင်ငူခရိုင် မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးမြင့်အောင်က သြဂုတ် ၂၁ ရက် ညနေပိုင်းက ပြောကြားသည်။
သြဂုတ် ၂၁ ရက်တွင် စိုးရိမ်ရေမှတ်အထက် တည်ရှိနေသော မြစ်များအနက် သံလွင်မြစ်နှင့် င၀န်မြစ်တို့သည် သြဂုတ် ၂၀ ရက်ကတည်းက မြစ်ရေကြီးမှု သတိပေးချက်ကို ထုတ်ပြန်ခဲ့ရကာ စစ်တောင်း၊ ရွှေကျင်မြစ်တို့တွင်မူ သြဂုတ် ၂၁ ရက်တွင်မှ မြစ်ရေကြီးမှု သတိပေးချက်ကို ထုတ်ပြန်ရသော အနေအထားသို့ ရောက်ရှိလာသည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝ ဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလနှင့် အောက်တိုဘာလတို့ ဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လကုန် ပိုင်းကလည်း မိုးကောင်းခြင်းကြောင့် ကရင်ပြည်နယ် မြ၀တီမြို့တွင် သောင်ရင်းမြစ်ရေတက်မှု၊ ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ လှိုင်းဘွဲ စသည့်ဒေသများတွင်လည်း ရေကြီးရေလျှံမှု၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်းရှိ ဒေသအနှံ့အပြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှု၊ သံလွင်မြစ်တွင် ဘားအံမြို့၏ စိုးရိမ်ရေမှတ်ဖြစ်သော ၇၅၀ စင်တီမီတာကို ကျော်လွန်မှု၊ မွန်ပြည်နယ် ဘီးလင်းမြို့တွင်လည်း မိုးဆက်တိုက်ရွာသွန်းမှုနှင့် တောင်ရေလိမ့်ဆင်းမှုများကြောင့် ရေကြီးရေလျှံမှု၊ ရှမ်းပြည်နယ် တာချီလိတ်မြို့တွင်လည်း မယ်ဆိုင်ချောင်းရေ မြင့်တက်လာမှု စသည်တို့ကို ကြုံတွေ့ခဲ့ရသည်။
"ဒီနှစ် မိုးကောင်းတာကြောင့် မြစ်ရေကြီးတာကို ကြုံနေရပါတယ်။ အဆိုးဆုံးနှစ်တော့ မဟုတ်ဘူး။ ရေကြီးတာကို ဆိုးဆိုးဝါးဝါး ကြုံရတဲ့ နှစ်ကတော့ ၂၀၀၄ ပါ" ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က ပြောကြားသည်။
လက်ရှိတွင် စိုးရိမ်ရေမှတ် ကျော်လွန်နေသော မြစ်များ၏ ၂၄ နာရီအတွင်း ရေမျက်နှာပြင် ပြောင်းလဲမှုများ အနေဖြင့် ရွှေကျင်မြစ်တွင် +၁၇၄ စင်တီမီတာ၊ စစ်တောင်းမြစ်တွင် +၉၆ စင်တီမီတာ၊ သံလွင်မြစ်တွင် +၆၁ စင်တီမီတာ၊ င၀န်မြစ်တွင် +၂၀ စင်တီမီတာ ဖြစ်သည်။
သံလွင်၊ စစ်တောင်း၊ ရွှေကျင်၊ င၀န် စသောမြစ်များ၌ စိုးရိမ်ရေမှတ် ကျော်လွန်နေချိန်တွင် ပဲခူးမြစ်တွင် ပဲခူးမြို့၌ နောက် ၂၄ နာရီ (သြဂုတ် ၂၂ရက်) အတွင်း စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း ထုတ်ပြန်ထားသည်။
"ပဲခူးမြစ်ရေကတော့ လောလောဆယ်မှာ စိုးရိမ်ရေမှတ် မရောက်သေးတော့ ထူးထူးခြားခြား မရှိသေးပါဘူး။ မိုးဆက်တိုက်ရွာရင် ရေကတက်လာမယ့်သဘော ရှိပါတယ်။ စိုးရိမ်ရေမှတ် ရောက်ရင်တော့ အနိမ့်ပိုင်းတွေ ရေလွှမ်းတာကို ကြုံရမှာပါ" ဟု ပဲခူးမြို့ခံ တစ်ဦးက ပြောပြသည်။
ယခုနှစ်အတွင်း မိုးကောင်းခြင်း၊ ရေကြီးရေလျှံခြင်းတို့ကြောင့် လယ်ယာမြေအချို့ ရေနစ်မြုပ်ခြင်းကို ဧရာဝတီတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်ရှိ ဒေသအချို့၌ ကြုံတွေ့ခဲ့ရကာ ကရင်ပြည်နယ်တွင် လယ်ယာမြေ ရေနစ်မြုပ်မှုကို ဆက်လက်ရင်ဆိုင်နေရသည်။
သြဂုတ် ၅ ရက်တွင် ထုတ်ပြန်မှုအရ ရေဘေးကြောင့် လူခြောက်ဦး သေဆုံးပြီး ရေဘေးသက်ရောက်မှုကို ရင်ဆိုင်ခဲ့ရသော လူဦးရေ ၄၀၀၀၀ ၀န်းကျင် ရှိနိုင်ကြောင်း သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...