Thursday, August 22, 2013

တစ်နေ့လျှင် စီးရေ ၅၀၀၀ ဖြတ်သန်းနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကြံ့ခိုင်မှု မရှိသည့်ယာဉ် တစ်နေ့ငါးစီးနှုန်း စစ်ဆေးတွေ့ရှိ

A-22-8
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ သတိပေး ဆိုင်းဘုတ်အား ယခုနှစ်အတွင်း တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

Created on Wednesday, 21 August 2013

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ကြံ့ခိုင်မှုမရှိသည့်ယာဉ် တစ်နေ့လျှင် ငါးစီးနှုန်း စစ်ဆေးတွေ့ရှိနေရပြီး ယင်းလမ်းပေါ်တွင် ဖြတ်သန်းသွားလာခွင့်အား ပိတ်ပင်ခဲ့ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့၏ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက သြဂုတ် ၂၀ ရက်က Daily Eleven သတင်းစာသို့ ပြောကြားသည်။
"ကျွန်တော်တို့ စစ်ဆေးဆောင်ရွက်တဲ့ အခါမှာ အဓိကတော့ တာယာတွေမှာ ကြံ့ခိုင်မှု မရှိတာကို တွေ့ရတယ်။ တာယာက အသုံးပြုပြီး ဘယ်နှနှစ်မှန်း မသိတာတွေ ရှိတယ်။ ဒီလို တာယာတွေနဲ့က ကွန်ကရစ် လမ်းပေါ်ကို တက်လို့မရဘူး။ ကျိန်သေပေါက် အန္တရာယ်တစ်ခုခု ဖြစ်နိုင်တဲ့အတွက် သူတို့ကို ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်မှာပါ" ဟု ရဲမှူးကြီးနေ၀င်းက ဆိုသည်။
ယင်းသို့ စစ်ဆေးတွေ့ရှိရသော ယာဉ်များမှာ လိုက်ထရပ်ယာဉ်များ၊ ကိုယ်ပိုင်အိမ်စီးကားများ၊ တက္ကစီများ၊ ခရီးတို ပြေးဆွဲနေသော ခရီးသည်တင် ဘတ်(စ်)ကားတို့ဖြစ်ကြောင်း စစ်ဆေးရာတွင် အမြန်လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာဌာန၊ ယာဉ်ပိုင်းဆိုင်ရာ ကျွမ်းကျင်သည့် အဖွဲ့များနှင့် ရဲတပ်ဖွဲ့တို့မှ စစ်ဆေးကြောင်း သိရသည်။
ယာဉ်များကို စစ်ဆေးသည့် ဂိတ်များမှာ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့တွင် ရှိနေပြီး စစ်ဆေးရေး အဖွဲ့များက တစ်ဂိတ်စီ အလှည့်ကျ စစ်ဆေးကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ သိရသည်။ ယင်းသို့ ယာဉ်ကြံ့ခိုင်မှု စစ်ဆေးရာတွင် ပေါ်ပေါက်လာသော အားနည်းချက်များအား ပြန်လည်ပြင်ဆင်ပါက ဖြတ်သန်းခွင့်အား ပြုသွားမည်ဖြစ်ကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် မပြင်ဆင်နိုင်ပါက ရန်ကုန်-မန္တလေး ကားလမ်းဟောင်းတွင် ဖြတ်သန်းခွင့် ပြုသွားမည်ဖြစ်ကြောင်း ရဲမှူးကြီးနေ၀င်းက ဆိုသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်တွင် ယာဉ်တိမ်းမှောက်မှုများစွာ ဖြစ်ပေါ်လာသဖြင့် ယခုနှစ် နှစ်လယ်ပိုင်းမှစ၍ အမြန်လမ်းပိုင်းတွင် ယာဉ်ကြံ့ခိုင်ရေး စစ်ဆေးမှုများနှင့် အရက်မူးတိုင်း ကိရိယာ တပ်ဆင်အသုံးပြုမှုများနှင့်၊ အရှိန်တိုင်း ကိရိယာတို့အား အသုံးပြု စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး တစ်နာရီ မိုင် ၆၀ (ကီလိုမီတာ ၁၀၀) သာ မောင်းနှင်းရန် သတ်မှတ်ခဲ့ကြောင်း သိရသည်။
သို့သော် ယင်းလမ်းပိုင်းအတွင်း ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှုများ၏ အမှုများနှင့် ယင်းနှင့်ဆက်စပ်၍ သေဆုံးသူ၊ ဒဏ်ရာရရှိ သူများမှာလည်း လျော့နည်းသွားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။
ရဲမှူးကြီး နေ၀င်းက "ကျွန်တော်ပြောချင်တာက လမ်းပိုင်းဆိုင်ရာ အားနည်းချက် မရှိတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အဓိကတော့ ယာဉ်မောင်းတွေနဲ့ အများကြီး သက်ဆိုင်တယ် ဆိုတာလည်း ပြောချင်ပါတယ်" ဟု ပြောကြားသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းပိုင်းတွင် ကျွဲနွားမှစ၍ ကုန်တင်ကားအထိ အရေးယူထားသည်မှာ ယခုနှစ် ခုနစ်လအတွင်း အမှုပေါင်း ၂၇၀၀ ခန့် ရှိနေကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...