Wednesday, December 25, 2013

၁၅၀၀ တန် CDMA များကို LTE စနစ် ပြောင်းလဲမည်ဟုဆို



မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့ ပူးပေါင်းရောင်းချခဲ့သည့် ၁၅၀၀ ကျပ်တန် MEC Tel CDMA 800 မိုဘိုင်းဖုန်းလိုင်းများကို Long Time Evolution (LTE) စနစ်သို့ ကူးပြောင်းသွားရန် စီစဉ်ထားသည်ဟု သိရသည်။

“အစ်ကိုတို့က 3G စနစ်၊ ဒါကို တချို့ 4G သွားလို့မရဘူးလို့ ပြောနေကြတယ်။ နောက်ပိုင်းထွက်တဲ့ မိုဘိုင်းဖုန်းလိုင်းတွေမှာ 4G စနစ်ကို ဆက်သွားမှာ။ LTE စနစ်ကို သွားလို့မရဘူး မဟုတ်ဘူး။ သွားလို့ ရတယ်” MEC Tel မှ တာဝန်ရှိသူ မန်နေဂျာတစ်ဦးက ပြောသည်။

MEC သည် CDMA ဖုန်းလိုင်းများကို ZTE နှင့် ပူးပေါင်း၍ တည်ဆောက်ထားခြင်းဖြစ်ပြီး နောင်တစ်ချိန်၌ LTE စနစ်သို့ ကူးပြောင်းသွားမည်ဟု သိရသည်။ ZTE နှင့် ပြိုင်ဘက်ကုမ္ပဏီသည် ZTE ၏ နည်းပညာများမှာ ခေတ်မီခြင်း မရှိတော့သည့်အပြင် MEC အနေဖြင့် ZTE နည်းပညာများကို ချဲ့ထွင်နေပါက နောင်တစ်ချိန်ပြင်ဆင်ရန် ခက်ခဲမည်ဟု ဝေဖန်ခဲ့ကြသည်။

MEC အနေဖြင့် ZTE သည် မြန်မာ့ဆက်သွယ်ရေးနှင့် အစဉ်အဆက် လက်တွဲလာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည့်အပြင် လက်ရှိကာလ၌လည်း အဆိုပါနည်းပညာသည် အဆင်ပြေစွာ သုံးစွဲနေဆဲဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အများအနေဖြင့် 4G စနစ်သို့ CDMA များ ကူးပြောင်းနိုင်ခြင်းမရှိဘူး ပြောဆိုကြသည်မှာ မှားယွင်းသည့်အပြင် ၎င်းတို့အနေဖြင့်လည်း LTE စနစ်ကို ကူးပြောင်းရန် ရည်ရွယ်ပြီးဖြစ်ကြောင်း MEC က ပြောဆိုခဲ့သည်။
လက်ရှိအချိန်၌ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် 3G နည်းပညာကိုသာ ဆက်လက်အသုံးပြုမည်ဟု ကြေညာခဲ့ပြီး တိုးချဲ့ခန့်အပ်လိုက်သည့် ဆက်သွယ်ရေး အော်ပရေတာများသည်လည်း 3G, 2G နည်းပညာများကို အသုံးပြု၍ လုပ်ကိုင်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ပြောဆိုထားသည်။ လက်ရှိအချိန်၌ MEC သည် မိုဘိုင်းဖုန်းလိုင်း ၁ သန်းကျော်ကို ချထားပေးပြီးဖြစ်သည်။

မြင့်ကျော်လှိုင်

မြန်မာနိုင်ငံမှာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း သုံးနိုင်မည်



25 December 2013

မြန်မာ့ဆက်သွယ်ရေးဟာ နိုင်ငံပေါင်း ၃၃ နိုင်ငံက မိုဘိုင်းဖုန်း အသုံးပြုသူတွေ မြန်မာနိုင်ငံမှာ လာပြီး အသုံးပြုနိုင်ဖို့ ပြင်သစ်နိုင်ငံ Orange ကုမ္ပဏီနဲ့ International Roaming Service Agreement စာချုပ်ချုပ်ဆိုခဲ့ပြီလို့ ထုတ်ပြန်ကြေငြာပါတယ်။

ဒီဇင်ဘာ ၂၀ ရက်နေ့က ချုပ်ဆိုခဲ့တဲ့ အဲဒီ စာချုပ်မှာ ပထမအဆင့်အနေနဲ့ အာဆီယံ အပါအ၀င် နိုင်ငံပေါင်း ၃၃ နိုင်ငံက အော်ပရေတာ ၆၄ ဦးက ၀န်ဆောင်မှု ပေးနေတဲ့ မိုဘိုင်းဖုန်း တွေ မြန်မာနိုင်ငံထဲ ယူလာတဲ့အခါ International Roaming စနစ်ကို ၀န်ဆောင်မှုပေးဖို့ အောရင့်ကုမ္ပဏီက အကောင်အထည်ဖော်ပေးရမှာ ဖြစ်ပါတယ်။

အဲဒီ စနစ် တည်ဆောက်ပြီးသွားရင် ၃၃ နိုင်ငံက ပြည်သူတွေ သူတို့ဖုန်းနဲ့ မြန်မာနိုင်ငံထဲမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

မြန်မာဖုန်းတွေ နိုင်ငံခြားမှာ သွားသုံးနိုင်ဖို့ကိုတော့ စမ်းသပ်နေတဲ့အဆင့်ပဲ ရှိသေးတဲ့ အကြောင်း ဆက်သွယ်ရေးက ထုတ်ပြန်ကြေညာထားပါတယ်။

အသက်ရှည်ချင်လျှင် အိမ်ထောင်ပြုပါ


သက်လတ်ပိုင်း ရောက်သည်အထိ တည်ငြိမ်သော သံယောဇဉ် နှောင်ဖွဲ့မှု ကင်းမဲ့ နေသူများသည် အရွယ် မတိုင်မီ သေဆုံးနိုင်သည့် အလား အလာများ ပိုမိုကြောင်း Duke တက္ကသိုလ် ဆေးပညာ ဌာန၏ လေ့လာမှုတွင် ဖော်ပြ ထားသည်။

Duke တက္ကသိုလ် သုတေသီများက သုတေသနပြုလုပ်ရန် အမျိုးသား၊ အမျိုးသမီး ၄၈၀၂ ဦးကို ခေါ်ယူခဲ့သည်။ ၎င်းတို့အားလုံးမှာ မြောက်ကာရိုလိုင်းနား တက္ကသိုလ်၏ နှလုံးလေ့လာ သင်ကြားမှု သင်တန်းကို တက်ဖူးသူများ ဖြစ်ကြ သည်။ ထိုသင်တန်းသည် ၁၉၄၀ ခုနှစ်များ တွင်မွေးဖွား ခဲ့သူများ၏ ကျန်းမာရေးကို ခြေရာခံစောင့်ကြည့် နေခဲ့သည့် သင်တန်း တစ်ခုလည်း ဖြစ်သည်။

လက်ထပ်ထိမ်းမြားမှု၏ သက်လတ်ပိုင်း အရွယ်အပေါ် အကျိုး သက်ရောက် ပုံကို လေ့လာ ခဲ့ကြသည်၊ သုတေသန ရလဒ်များကို လွှမ်းမိုးမှု ရှိလာမည့် ကိုယ်ရည် ကိုယ်သွေး ပြဿနာများ၊ လူမှု စီးပွားရေး အခြေအနေ တို့နှင့် ကျန်းမာရေးနှင့် မညီညွတ်သော အပြုအမူ စသည့် အချက်များကို ထိန်းချုပ် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ သုတေသနတွင် ပါဝင်ရန် ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။ သုတေသနတွင် တွေ့ရှိချက်အရ တစ်ကြိမ်တစ်ခါမျှ လက်မထပ်ဖူး သူများသည် လူရွယ်ဘဝမှ စ၍ ခိုင်မာသော ချစ်သံယောဇဉ် ထူထောင်လာ ခဲ့သော ဇနီးမောင်နှံ များထက် အရွယ်မတိုင်မီ သေဆုံးရန် နှစ်ဆ အလားအလာ များကြောင်း သိရသည်။

တစ်ကိုယ်တည်း နေသူများ၊ ဇနီးခင်ပွန်းဆုံးပါးသွား သူများသည် သက်ကြီး ရွယ်အို ဘဝအထိ အသက်မရှည်နိုင်သည့် အလားအလာ များပြားသည်။ ထိုသက်ရောက်မှုသည် ကျန်းမာရေးနှင့် ညီညွတ်စွာ ပြုမူနေထိုင်သူများ၊ လူမှုစီးပွားရေး အခြေအနေ ကောင်းမွန်သူ များ၌ ပါတွေ့ရ တတ်သည်။

လက်မထပ်ဘဲ အတူ နေထိုင်တဲ့ ပုံစံကို အာရုံစိုက် လေ့လာတာဟာ ကလေးတွေ တစ်ပြုံကြီး မွေးနေသူတွေ အတွက် အရေးပါတဲ့ လေ့လာမှု ဖြစ်လာနိုင်ပါတယ်။ ဒီလိုပုံစံ နေထိုင်သူ တွေဟာ စောစီးစွာ သေဆုံးမှုနှင့် ဆက်စပ်နေတဲ့ အတွက် စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးဆိုင်ရာ အထောက် အပံ့တွေ ပိုမို ပေးအပ် သင့်ပါတယ်။ သက်လတ်ပိုင်း အရွယ်မှာ လူမှုရေးအရ တွယ်တာ နှောင်ဖွဲ့မှုတွေကို လေ့လာခြင်း အားဖြင့် အရွယ်မတိုင်မီ သေဆုံးရတဲ့ အကြောင်းရင်း တစ်ခုကို တွေ့ရှိ လာရပါတယ်ဟု သုတေသန စာတမ်းပြုစု သူများက ထည့်သွင်း ဖော်ပြ ထားသည်။

သုတေသနကို အပြုအမူဆိုင်ရာ ဆေးပညာ ဂျာနယ် (journal Annals of Behavioral Medicine) တွင် ဖော်ပြထားသည်။

သီဟ

အမျိုးသမီးတိုင်း မဖြစ်မနေ ရှာဖွေ စစ်ဆေးသင့်သော ရောဂါငါးမျိုး



အမျိုးသမီးတွေ အနေနဲ့ အသက်အရွယ် အလိုက် ရှာဖွေ စစ်ဆေးသင့်တဲ့ ရောဂါတွေ ရှိနေပါတယ်။ ရောဂါ တစ်ခုဖြစ် လာရင် အစောဆုံး သိရှိပါက ကုသ ပျောက်ကင်းဖို့ အခွင့်အလမ်း များပါတယ်။

သင့်အနေနဲ့ ရောဂါရှိ၊ မရှိကို ရှာဖွေ စစ်ဆေးမှု ပြုလုပ်မှသာ သိရှိ နိုင်ပါတယ်။ အထူးသဖြင့် ကင်ဆာ ရောဂါတွေဟာ အသိနောက် ကျပါက အသက်ရှင်သန် နိုင်တဲ့ အချိန်အတိုင်း အတာကို ခြိမ်းခြောက် နိုင်ပါတယ်။ နာတာရှည် ရောဂါ တွေကိုလည်း စောစော စီးစီး သိရှိပြီး ကုသနိုင်ပါက နောက်ဆက်တွဲ ရောဂါတွေ ဆင့်ပွား ဖြစ်ပွားမှုကနေ ကာကွယ်နိုင် ပါတယ်။ သင့်အနေနဲ့ ရှာဖွေသင့်တဲ့ ရောဂါတွေ ကို ဖော်ပြပေးလိုက်ပါတယ်။

၁) ရင်သားကင်ဆာ

ရင်သား ကင်ဆာ ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိလို့ ကုသနိုင်ပါက ရောဂါ ပျောက်ကင်းဖို့ ရာခိုင်နှုန်းအတော် များပါတယ်။ ကင်ဆာဖြစ်တဲ့ အစိတ်အ ပိုင်း နည်းလေလေ ရောဂါပျောက်ကင်းမှု များလေလေ ဖြစ်တာကြောင့်ပါ။ ဒါ့အပြင် လင့်အကျိတ်တွေ၊ အဆုတ်နဲ့ ဦးနှောက်ဆီ ကင်ဆာပျံ့နှံ့နိုင်ခြေလည်း နည်းပါတယ်။ သင်က အသက် ၂၀-၃၀ နှစ်အရွယ် မိန်းကလေး တစ်ယောက်ဖြစ် ပြီး ရင်သားကင် ဆာဖြစ်ပွားနိုင်တဲ့ အချက်တွေကို မသိရှိပါက သုံးနှစ် တစ်ကြိမ် ဆရာဝန်နဲ့ပြသပြီး စစ်ဆေးမှု ခံယူ သင့်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

အမျိုးသမီးတွေက ကိုယ့်ရင်သားမှာ အဖုအကျိတ်ရှိ၊ မရှိ ကိုယ်တိုင် စမ်းသပ် ကြည့်ရှုပြီး သိရှိ နိုင်ပါတယ်။ လိုအပ်ပါက ရင်သားဓာတ်မှန် ရိုက်ပြီးလည်း စစ်ဆေး ကြည့်နိုင်ပါတယ်။ အမေရိကန် ကင်ဆာ ရောဂါအဖွဲ့က အသက် ၄၀ နှစ်က စလို့ အမျိုးသမီးတိုင်း ရင်သားကို ရောဂါရှာဖွေ စစ်ဆေးမှု ပြုလုပ်သင့်တယ်လို့ အကြံပြု ထားပါတယ်။ အသက် ၅၀နှစ်ကနေ ၇၄ နှစ်ကြားမှာ နှစ်နှစ်ခြား တစ်ကြိမ် ရင်သား ပုံရိပ်ဖော် ဓာတ်မှန် (Mammogramy) ရိုက်သင့် ပါတယ်။

၂) သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်း ကင်ဆာက အမျိုး သမီးတွေမှာ အဖြစ်များတဲ့ ကင်ဆာရောဂါ တစ်ခုပါ။ ဗိုင်းရပ်စ်ပိုး တစ်မျိုးဖြစ်တဲ့ Human Papilloma Virus (HPV)က သားအိမ်ခေါင်း ကင်ဆာ ဖြစ်စေတဲ့ အဓိက အကြောင်းရင်း တစ်ခုပါ။ ပုံမှန် ရှာဖွေ စစ်ဆေးမှု ပြုလုပ်ပါက ရောဂါရှိ၊ မရှိ အစောဆုံး သိရှိနိုင်ပြီး ရောဂါရှိပါက ကုသမှုမှာ အကျိုးများ စေပါတယ်။ သားအိမ်ခေါင်း အဝမှာ ကင်ဆာ ဖြစ်ချင်နေတဲ့ ဆဲလ်တွေ့ရှိပါက ကင်ဆာ ရောဂါအဖြစ် ပြောင်းလဲ မသွားခင်မှာဘဲ ကုသမှုကို စတင်ပါက ကင်ဆာဆဲလ်တွေကို ဖယ်ရှား ပစ်နိုင်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

ဆရာဝန်က သားအိမ်ခေါင်း ကင်ဆာရှိ၊ မရှိ သိရှိနိုင်အောင် သားအိမ် အဝရှိ သားအိမ်ခေါင်းမှ ဆဲလ်လေးတွေကို ခြစ်ယူပြီး စစ်ဆေးပေးပါတယ်။ Pap Test လို့ ခေါ်ပါတယ်။ စစ်ဆေးမှုကို အသက် ၂၁ နှစ်အရွယ်ကစလို့ စစ်ဆေး သင့်ပါတယ်။ သားအိမ်ခေါင်းကင်ဆာ ကာကွယ်မှုနဲ့ စစ်ဆေးမှုက သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကုသမှုမှာ ထိရောက်တဲ့ နည်းလမ်း ကောင်းတွေပါ။

၃) အရိုးပါးခြင်း

အမျိုးသမီးတွေက သွေးဆုံး ပြီးချိန်မှာ အရိုး ဆုံးရှုံးမှု များပြီး အရိုးပါး လာပါတယ်။ အရိုးတွေ ပါးလာတဲ့ အခါ အနည်းငယ် ထိခိုက် မိရုံနဲ့ ကျိုးလွယ် လာပါတယ်။ အမေရိကန် နိုင်ငံရဲ့ အသက် ၅၀နှစ်နဲ့ အထက်အရွယ် တွေရဲ့ ထက်ဝက်လောက်က အရိုးပါး ရောဂါကို ခံစား နေရပါတယ်။ အရိုးပါးတာကို ကာကွယ်မှုနဲ့ ကုသမှုတွေကို ထိထိရောက်ရောက် ပြုလုပ် နိုင်ပါက အရိုးကျိုးတဲ့ အဆင့်ကို မရောက်နိုင်ပါဘူး။

- ဘယ်လိုရှာဖွေမလဲ

အရိုး သိပ်သည်းဆကို တိုင်းတာ စစ်ဆေး နိုင်ပါတယ်။ အရိုး သိပ်သည်းဆ တိုင်းတာ ထားတာကြောင့် အရိုး မကျိုးခင်မှာ ကြိုတင် ကာကွယ်မှုတွေ ပြုလုပ် ထားနိုင်ပါတယ်။ အသက် ၆၅ နှစ်နဲ့အထက် အမျိုး သမီးတိုင်း အရိုးသိပ်သည်းဆကို တိုင်း တာသင့်ပါတယ်။ အသက် ၆၅ နှစ်အောက် အမျိုးသမီးတွေလည်း အရိုးပါး နိုင်ခြေ ရှိတာကြောင့် အရိုး သိပ်သည်းဆကို တိုင်းတာဖို့ လိုပါတယ်။

၎) အရေပြားကင်ဆာ

အရေပြား ကင်ဆာထဲမှာ အန္တရာယ် ရှိတဲ့ Melanoma ရှိ၊ မရှိကို အမျိုးသား တွေမှာ စစ်ဆေးသင့် သလို အမျိုးသမီး တွေမှာလည်း စစ်ဆေး သင့်ပါတယ်။ တချို့တွေက မျိုးရိုးဗီဇအရ Melanoma ဖြစ်နိုင်တဲ့ အခွင့်အလန်း ပိုများပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ နေပူ ဆာလှုံတာတွေက အရေပြားကင်ဆာ ဖြစ်စေတဲ့အကြောင်းတွေထဲက တစ်ခုပါ။ ရောဂါကို စောစောစီးစီး သိရှိပြီး ကုသမှု ခံယူ နိုင်ပါက အကျိုးများ စေပါတယ်။

- ဘယ်လိုရှာဖွေမလဲ

အရေပြား ကင်ဆာ ရောဂါအတွက် ရှာဖွေနည်းက အရေပြားကို ဂရုတစိုက် နေ့စဉ် ကြည့်ရှုတာ ပါပဲ။ မိမိကိုယ်တိုင်ပဲ အရေပြားမှာ ပြောင်းလဲမှုတွေ ရှိ၊ မရှိ ကြည့်ရပါမယ်။ ဝေခွဲမရတဲ့ ပြောင်းလဲမှုမျိုး တစ်စုံတစ်ရာကို တွေ့ရှိပါက ဆရာဝန်နဲ့ ပြသ စစ်ဆေးပါ။

၅) အမျိုးအစား (၂) ဆီးချိုသွေးချိုရောဂါ

အမေရိကန် လူဦးရေရဲ့ သုံးပုံတစ်ပုံက သူတို့မှာ ဆီးချို သွေးချို ရောဂါ ရှိနေ တာကို မသိရှိကြပါဘူး။ ဆီးချိုသွေးချို ရောဂါရှိတာကို စောစောစီးစီး သိရှိပါက အစားအစာ၊ လေ့ကျင့်ခန်းနဲ့ ကိုယ်အလေးချိန် လျှော့ချ မှုတွေ ပြုလုပ်ပြီး သွေးတွင်း အချိုဓာတ်ကို လျှော့ချကာ နောက်ဆက်တွဲ ရှုပ်ထွေးမှုတွေ မဖြစ်အောင် ကာကွယ် နိုင်ပါတယ်။

- ဘယ်လိုရှာဖွေမလဲ

သွေးတွင်း သကြားဓာတ်ကို တိုင်းတာ စစ်ဆေးပါ။ သင်ဟာ ကျန်းမာနေသူ တစ်ယောက် ဖြစ်ရင်တော့ အမျိုးအစား ၂ ဆီးချိုသွေးချိုရောဂါ ဖြစ်ပွားနိုင်တဲ့ အခွင့်အလန်း ရှိနေပါတယ်။ အသက် ၄၅ နှစ်က စလို့ သုံးနှစ်တစ်ကြိမ် ဆီးချို သွေးချိုရောဂါ ရှိ၊ မရှိ စစ်ဆေး သင့်ပါတယ်။

မန္တလေးမြို့ရှိ မောင်ကိန်းရွှေဆိုင်တွင် သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့ပြီး အနုကြမ်းစီးသူကို ဖမ်းဆီးရမိ

 Wednesday, 25 December 2013


သေနတ်ပစ်ဖောက်ကာ ဓားပြတိုက်မှုဖြစ်ပွားခဲ့သည့် မန္တလေးမြို့မှ မောင်ကိန်းရွှေဆိုင်

မန္တလေးမြို့လမ်း ၈၀ နှင့် ၂၉ လမ်း ထောင့်ရှိ မောင်ကိန်းရွှေဆိုင်တွင် ဒီဇင်ဘာ ၂၄ ရက် ညနေ ၆ နာရီခန့်က သေနတ်ပစ်ဖောက်ကာ အနုကြမ်းစီး ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် လမ်းတွင် သွားလာနေသူတစ်ဦး ခြေသလုံးတွင် ထိခိုက်မိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း သိရသည်။

ကျူးလွန်သူကို ဆိုင်ပြင်ပြန်အထွက်တွင် ဆိုင်ဝန်ထမ်းမှ ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ပြီး ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းကျူးလွန်သူမှာ ဆိုင်အပြင်အရောက်တွင် သေနတ်ထပ်မံပစ်ဖောက်ခဲ့ခြင်းကြောင့် . . .


"အဲဒီလူက ဆိုင်ထဲဝင်လာတော့ ဘာကြည့်ချင်လဲမေးတာကို ဘာမှပြန်မပြောဘူး။ လက်ပဲခါပြတယ်။ သမီးက သူနောက်လိုက်ပြီး ပစ္စည်းပြဖို့လုပ်တာကို သူကဟန်းချိန်ကောင်တာနားရောက်တော့ သေနတ်ထုတ်ပြီး အပေါ်ကိုထောင်ပစ်တယ်။ ပြီးတော့ ပါလာတဲ့တူနဲ့ရွှေကောင်တာတွေကို ရိုက်ခွဲပြီး နှိုက်ယူတယ်။ ဆိုင်ထဲမှာ သေနတ်ငါးချက်လောက်ပစ်ပြီး တစ်ယောက်မှ မလှုပ်နဲ့လို့ အော်ပြောတယ်။ သူ့ပါးစပ်မှာ အုပ်ထားတာပါ" ဟု မောင်ကိန်းရွှေဆိုင်မှ မဇင်မာဆွေက ပြောသည်။

"ဆိုင်ပြင်ရောက်တော့လည်း သူကလူတွေကိုခြောက်လှန့်ပြီး သေနတ်ထပ်ဖောက်တယ်။ နောက်ပြီး ဆိုင်ကယ်နဲ့ ပြန်ထွက်မယ့်အချိန် အငိုက်မှာ ကျွန်တော်ကပြေးကန်ပြီး ၀င်လုံးခဲ့တာပါ။ သေနတ်ပစ်တာက အားလုံး ကိုးချက်လောက်ရှိမယ်"ဟု မောင်ကိန်းရွှေဆိုင်မှ ကားမောင်းသူ ကိုအာကာက ပြောသည်။ "အခုဖြစ်စဉ်ကို ကျူးလွန်သူက အရပ်ဖက်လား၊ စစ်ဘက်လား မပြောနိုင်သေးပါဘူး။ သူ့ကိုဝိုင်းပြီးဖမ်းဆီးတာမို့ ခုချိန်မှာ သတိလစ်နေလို့ စစ်ဆေးနိုင်ခြင်း မရှိသေးဘူး" ဟု တိုင်းတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ဇော်မင်းဦးကပြောသည်။

အီဂျစ်ရဲဌာနချုပ်တွင် ကားဗုံးဖောက်ခွဲမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံး

Wednesday, 25 December 2013



ဒီဇင်ဘာ ၂၄ ရက်တွင် ကိုင်ရိုမြောက်ဘက် မန်ဆူရာမြို့၌ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ပြီးနောက် အပျက်အစီးများကို စစ်ဆေးနေသော အီဂျစ်အမျိုးသားများ (Photo:AFP)

အီဂျစ်ရဲဌာနချုပ် တစ်ခုတွင် ဒီဇင်ဘာ ၂၄ ရက်၌ အားပြင်းသော ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရာ ယင်းတိုက်ခိုက်မှုသည် ဒီမိုကရေစီစနစ် ကူးပြောင်းမှုကို လမ်းချော်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု အီဂျစ်စစ်တပ်ကျောထောက် နောက်ခံပြု အစိုးရက ထုတ်ပြန်ခဲ့သည်။

မြို့တော်ကိုင်ရိုမြောက်ဘက် မန်ဆူရာမြို့တွင် ဖြစ်ပွားခဲ့သော ယင်းကားဗုံးဖောက်ခွဲမှုအပြီး နာရီပိုင်းအကြာတွင် ၀န်ကြီးချုပ် ဟာဇင်ဘီဘလာဝီက ပိတ်ပင်ထားသော မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကို “အကြမ်းဖက် အဖွဲ့အစည်း” တစ်ခုအဖြစ် တံဆိပ်ကပ်ခဲ့သော်လည်း ယင်းကားဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး အဆိုပါအဖွဲ့ကို တိုက်ရိုက်စွပ်စွဲမှု မပြုလုပ်ခဲ့ပေ။ ဇူလိုင်လတွင် အစ္စလာမ္မစ် သမ္မတ မိုဟာမက်မော်စီကို စစ်တပ်က ရာထူးမှ ဖြုတ်ချပြီးနောက်ပိုင်း သေဆုံးထိခိုက်မှု အများဆုံးဖြစ်သော ယင်းတိုက်ခိုက်မှုကို မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကလည်း ကန့်ကွက်ရှုတ်ချကြောင်း ကြေညာခဲ့သည်။

မော်စီ ဖြုတ်ချခံရမှုအပြီး ကျင်းပရန် စီစဉ်ထားသော အခြေခံဥပဒေသစ် လူထုဆန္ဒခံယူပွဲ မတိုင်မီ သီတင်းပတ်ခန့်သာ လိုတော့ချိန်တွင် ယခုကဲ့သို့ ကားဗုံးဖောက်ခွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မန်ဆူရာမြို့တွင် ဒီဇင်ဘာ ၂၄ ရက် နံနက် ၁ နာရီဝန်းကျင်က အထပ်များစွာရှိ ရဲဌာနချုပ်တွင် ကားဗုံးခွဲမှုကြောင့် လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့သည်ဟု ဆေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဗုံးပေါက်ကွဲမှုမှာ အလွန်အားပြင်းသောကြောင့် ကီလိုမီတာ ၂၀ (၂၁ မိုင်) အကွာအထိ သက်ရောက်မှု ရှိခဲ့ကြောင်း၊ ပေါက်ကွဲရှိန်ကြောင့် အနီးရှိ ရဲကားတစ်စီးနှင့် အရပ်သားကား ၁၀ စီး ထက်မနည်း ပျက်စီးခဲ့ကာ အနီးရှိ အဆောက်အအုံ တစ်ခုမှာလည်း လုံးဝပြိုကျ ပျက်စီးသွားခဲ့ကြောင်း အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံတစ်ဝန်း လုံခြုံရေး တပ်ဖွဲ့ဝင်များအား တိုက်ခိုက်နေသော အစ္စလာမ္မစ် စစ်သွေးကြွများနှင့် မွတ်စလင်ဘရားသားဟုဒ်သည် အချိတ်အဆက်ရှိကြောင်း အစိုးရရှေ့နေများနှင့် တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ယခုတိုက်ခိုက်မှုအတွက် ဒေသခံများကလည်း မွတ်စလင်ဘရားသားဟုဒ် အဖွဲ့ကို အပြစ်တင်ခဲ့ကြသည်။

Ref:AFP

အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးပွဲ နေပြည်တော်၌ ကျင်းပ

Wednesday, 25 December 2013



အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီ အစည်းဝေးပွဲအား တွေ့ရစဉ်

သတ္တမအကြိမ်မြောက် အာဆီယံမသန်စွမ်းသူများ အားကစားပြိုင်ပွဲအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၄ ရက် ၀ဏ္ဏသိဒ္ဓိ အားကစားကွင်းအတွင်း အားကစားနည်း ၁၂ နည်းဖြင့် ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေး ကော်မတီအစည်းဝေးမှ သိရသည်။

အာဆီယံ မသန်စွမ်းသူများ အားကစားပြိုင်ပွဲအား ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်မှ ၂၁ ရက်အထိ ပြိုင်ပွဲကာလ ၁၁ ရက်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကာ မြားပစ်၊ ပြေးခုန်ပစ်၊ ဘိုစီယာ၊ စစ်တုရင်၊ ခုနစ်ယောက်တစ်ဖက်ဘောလုံး၊ ငါးယောက်တစ်ဖက်ဘောလုံး၊ ဂိုးလ်ဘော၊ အလေးမ၊ ရေကူး၊ စားပွဲတင်တင်းနစ်၊ ထိုင်လျက်ဘတ်စကက်ဘောနှင့် ဘီးတပ်ဘတ်စကက်ဘော စသည့်အားကစားနည်း ၁၂ နည်း ထည့်သွင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

သတ္တမအကြိမ်မြောက် အားစားပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ ဥက္ကဋ္ဌ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းမှ “ဆီးဂိမ်းစ်အောင်မြင်အောင် ကျင်းပသွားနိုင်တာဟာလည်း အကျိုးအမြတ်တစ်ခု ဖြစ်ပါတယ်။ ထိုအတူ အာဆီယံ မသန်စွမ်း ဆိုတာကလည်း သူနဲ့အတူ ဒွန်တွဲပါလာတာ ဖြစ်တဲ့အတွက် အောင်အောင်မြင်မြင်နဲ့ ကျင်းပပေးစေ လိုပါတယ်” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ မသန်စွမ်း အားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်နေလင်းက “အမြဲတမ်း ဆီးဂိမ်းစ်ပြီးတိုင်း အာဆီယံ မသန်စွမ်းပြိုင်ပွဲကို ကျင်းပနေကျ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂၆) ကြိမ်မြောက် ဆီးဂိမ်းစ်အင်ဒိုနီးရှားမှာ ကျင်းပပြီးတဲ့ အချိန်မှာ ခြောက်ကြိမ်မြောက် အာဆီယံ မသန်စွမ်းပြိုင်ပွဲကို တစ်လခြားပြီး ကျင်းပတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကို ဒီဇင်ဘာလထဲမှာ ကျင်းပပြီး၊ သတ္တမကြိမ်မြောက် အာဆီယံမသန်စွမ်း အားကစားပြိုင်ပွဲကို ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၁၁ ရက်ကနေ ၂၀ ရက်အထိ ကျင်းပမှာ ဖြစ်ပါတယ်။ ဖွင့်ပွဲကို ၁၄ ရက်မှာ ပြုလုပ်သွားမှာဖြစ်ပြီး အားကစားနည်း ၁၂ မျိုး ပါဝင်မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ကျမရဲ့ ၀တ်လစ်စားလစ်ပုံ အင်တာနက်မှာ တက်လာတယ်


သင်၏ ကိုယ်တုံးလုံး ဝတ်လစ်စားလစ်ပုံကို သင့်ခွင့်ပြုချက် မရဘဲ တစ်ယောက်ယောက်က အင်တာနက် ပေါ် တင်လိုက်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ယင်းသို့ ဖြစ်စဉ်မျိုးကို ‘လက်စားချေ အပြာပုံများ’ လို့ ခေါ်ကြသည်။ ကင်မရာ ကောင်းသော မိုဘိုင်းလ်ဖုန်း ခေတ်တွင် ဒီလိုခံလိုက်ရသူတွေ များသည်ထက် များလာနေသည်။ တချို့ကတော့ ခေါင်းငုံ့မခံကြ။ တရားမျှတမှုကို ပြန်လည် ရှာဖွေကြသည်။


ထိုနေ့ကို ဟိုလီတော့ပ်စ် မှတ်မိနေသေးသည်။ သူငယ်ချင်း တစ်ယောက်က သူအလုပ်မှာ ရှိနေတုန်း လှမ်းဖုန်းဆက်သည်။ အင်တာနက်ပေါ်မှာ သူမပုံ ဝတ်လစ်စားလစ်များကို တွေ့လိုက်သည်တဲ့။ “အလုပ်ကနေ ပြန်လာခဲ့ပြီး အိမ်ကိုတန်းပြေး၊ အပေါ်ထပ်တက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်” ဟု တက္ကဆက် အရှေ့ပိုင်းသူ ဟိုလီက ပြောပြသည်။


တွေ့ပါပြီ။ သူမ အသက် ၂၄နှစ် အရွယ်တုန်းက ရည်းစားဟောင်းကို ပို့ပေးဖူးသည့် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဓာတ်ပုံ၊ တင်ထားသူက ဓာတ်ပုံကိုသာမဟုတ် နာမည်၊ Facebook နှင့် Twitter ဆက်စပ် Link များ၊ သူမအိမ်လိပ်စာ စတာတွေပါ ပါသည်။ Comments တွေကလည်း တစ်ပုံတစ်ခေါင်း။
“စိတ်ပျက်မယ်ဆို စိတ်ပျက်ရမယ့် အချိန်ပေါ့ရှင်။ လူတွေက ပုံအောက်မှာ မှတ်ချက်တွေ ပေးထားကြတယ်။ ကျွန်မကို ဟိုဟာလုပ်သင့်တယ် ဆိုတာတွေပါ ပါတယ်” ဟု ပြန်ပြောင်း ပြောပြသည်။


“နေ့တိုင်း ငိုနေရတယ်” လို့ သူမပြောတာ သဘာဝကျသည်။ အိမ်အပြင်ကိုတောင်မှ မထွက်ရဲပေ။ အပြင် ထွက်တော့လည်း သူမကို မှတ်မိသော ယောက်ျားအချို့ ခဏခဏလာပြီး စကားပြောတာမျိုး ကြုံရသည်။


ဟိုလီတော့ပ်စ်သည် အစပိုင်းကတော့ ရည်းစားဟောင်းက တင်လိုက်သည်ဟု ယူဆသည်။ လက်စားချေ အပြာပုံ တော်တော်များများကို ရည်းစားဟောင်းများက တင်လေ့ ရှိတတ်သည်။ သို့သော် အင်တာနက်ပေါ် ပလူပျံနေသော တချို့ပုံများက သူမဘယ်သူ့ကိုမှ မပို့ဖူးသော ပုံများဖြစ်သည်။ Hack လုပ်ခံရတာလား၊ အခိုးခံရတာလား စဉ်းစားစရာ ဖြစ်သည်။


အပြာပုံများ တင်သူများသည် အီးမေးလ်တွေ ခိုးဖောက်တာ၊ အွန်လိုင်းသိမ်းဆည်း စာမျက်နှာများကို ဝင်မွှေပြီး သူတို့ ပစ်မှတ်ထားသည့် မိန်းကလေး၏ တစ်ကိုယ်ရေ ဓာတ်ပုံများကို ရှာတတ်သည်။ ဟိုလီကတော့ သူမဖုန်းကို ပြင်ဖို့ထားခဲ့စဉ် တစ်ဦးဦးက ဝင်ပြီး လုပ်သွားသည်ဟု ထင်သည်။


ထိုသို့ ဖြစ်ရတာ သူမ တစ်ဦးတည်းတော့ မဟုတ်ပေ။ တက္ကဆက် အရှေ့ပိုင်းမှာပင် texxxan.com (ယခု ဖွင့်၍မရတော့) ဆိုသည့် အပြာ အင်တာနက် စာမျက်နှာသို့ အတင်ခံရသူ အမျိုးသမီး များစွာရှိသည်။ တချို့ အလုပ်ပြုတ်ကြသည်။ အချို့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နှင့် ကွဲကြသည်။ တစ်ယောက်ဆို မိမိကိုယ်ကိုပင် သတ်သေသွားသည်။


အင်တာနက်ပေါ်က ထိုပုံများကို ပြန်ဖြုတ် ချင်သောကြောင့် ခံလိုက်ရသည့် ဟိုလီနှင့် တခြားအမျိုးသမီးများ ပေါင်းပြီး ရဲတွေ၊ ဥပဒေ အရာရှိတွေကို သွားတိုင်ကြသည်။ သူတို့လည်း ဘာမှမလုပ်နိုင်၊ အစကတည်းက ဒီလိုပုံမျိုး မရိုက်သင့်ဟုသာ ပြောလိုက်ကြသည်။


နောက်တော့ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူ တစ်ဦးက သူတို့အမှုကို ကိုင်တွယ်ပေးသည်။ သို့သော် ဒီကိစ္စက တကယ်လုပ်ကြည့်တော့ ထင်သလောက်မလွယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ အင်တာနက် လွတ်လပ်ခွင့်ကို ထိပါးလို့ မရသော လူ့အဖွဲ့အစည်းမျိုးတွင် အပြာ Website ထောင်ခြင်းက တရားဝင်သလား၊ မဝင်ဘူးလား တော်တော် ငြင်းရသည့် ကိစ္စဖြစ်သည်။


ထို့ကြောင့် ဥပဒေနှင့် ငြိမည်ဟု ထင်သည့်အချက် များကို ရှာရသည်။ ပုံတင်ခံရသော အချို့မိန်းကလေး များသည် ထိုစဉ်က အသက် ၁၈ နှစ် မပြည့်သေးကြ။ ထို့ကြောင့် ကလေးသူငယ် ဥပဒေနှင့် ငြိသည်။ ဓာတ်ပုံ ဖြုတ်ပေးစေလိုလျှင် ငွေပေးရမည်ဟု ငွေညှစ်မှုများ ကြုံရသူများ အတွက်လည်း ရာဇဝတ်မှု တစ်ခုနှင့် စွဲ၍ ရသည်။


နောက်ထပ် အားကိုးစရာတစ်ခုက မူပိုင်ခွင့် ဖြစ်သည်။ ဓာတ်ပုံထဲက မိန်းမများ၏ မူပိုင်ခွင့်ကို သူတို့ ပိုင်ကြသည်။ အင်တာနက် စာမျက်နှာက မဖြုတ်ပေးပါက တရားရုံးကို မူပိုင်ခွင့်ဖြင့် တင်နိုင်သည်။


တကယ်တမ်း ဒီပုံမျိုး၊ ဗီဒီယိုမျိုးအတွက် တာဝန်ရှိသူမှာ Website တည်ထောင်သူများထက် တင်သူ များက ပိုပြီး တာဝန်ရှိသည်။ သို့သော် ဘယ်နေရာက ဘယ်လို တင်သွားမှန်း မသိသူကို လိုက်ရှာရတာ နည်းပညာအရ အခက်အခဲ များစွာရှိသည်။ ထို့ကြောင့် ထိုအင်တာနက် စာမျက်နှာ ထောင်သူဆီကို သွားပြီး ပြောရတော့သည်။


သို့သော် အမေရိကန် ဆက်သွယ်ရေး ဥပဒေအရ ပို့စ်တင်သူများက ကိုယ့်တာဝန် ကိုယ်ယူရပြီး Website ထောင်သူများကို အရေးယူဖို့ ခက်သည်။ (ထို့ကြောင့် facebook၊ youtube တို့သည် ၎င်းတို့ အပေါ်မှ မှတ်ချက်များ၊ ဗီဒီယိုများအပေါ် ဥပဒေအရ တာဝန်ယူရန် မလိုခြင်း ဖြစ်သည်)


စုံစမ်းစစ်ဆေးသူများက Texxxan.com တည်ထောင်သူကို သိအောင် လုပ်နိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဟန်တာတေလာ ဆိုသူ ဖြစ်သည်။ သူက အပြာကားတွေ ဘာတွေမှာလည်း ဝင်ပါဖူးသည်။ အမျိုးသမီးတွေ ကာယိနြေ္ဒမဲ့ပုံများ သူ့စာမျက်နှာမှာ အတင်ခံရသော်လည်း သူ့ကို အရေးယူလို့ မရပေ။


“ကျွန်မဖြင့် ဒေါသ တအားထွက်သွားလို့ အသက်ရှူတောင် ရပ်မတတ်ပဲ။ ထမရိုက်မိအောင် စိတ်ထိန်းထားတယ်။ တခြားနေရာက လူတစ်ယောက်က ဒီစာမျက်နှာကို လုပ်နေတာလို့ ထင်ပေမယ့် ကိုယ့် တစ်မြို့တည်းသားချင်း၊ ကိုယ့်သူငယ်ချင်းနဲ့တောင် ကြိုက်ဖူးတဲ့သူ ဖြစ်နေတယ်” ဟု ဟိုလီက ဆိုသည်။


နောက်ဆုံးတော့ ကလေးသူငယ်ပုံတွေ ပါနေသည်ဟူသော အချက်ဖြင့်ပင် Website ၏ hosting ကုမ္ပဏီကို ပိတ်ပေးပါရန် ပြောနိုင်သွားသည်။ FBI ကလည်း အမျိုးသမီးပုံများ ခိုးတင်နေသူများကို ဆက်လက် စုံစမ်းနေသည်။ ဟိုလီတော့ပ်စ်နှင့် ဒါဇင် များစွာသော အခြားအမျိုးသမီးများသည် တက္ကဆက်ပြည်နယ် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ကျူးကျော်မှုဆိုင်ရာ ဥပဒေကိုသုံးပြီး အပြာ Website ထူထောင်သူများ၊ Hosting ပေးသော ကုမ္ပဏီများ၊ တစ်ကိုယ်ရေ ပုံတင်နေကြသူ အမျိုးသားများကို ပုံများ ပြန်ဖြုတ်ဖို့ အရေး လိုက်လံ ပြောဆိုကြသည်။
“ကျွန်မတို့က ပိုက်ဆံလိုချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ တာဝန်ယူတတ်တဲ့ စိတ်ရှိအောင်လုပ်ပြ တာပါ” ဟု ဆိုသည်။


ကိုယ်ကံဆိုးလို့ ဒီလို အတင်ခံရတာပဲဟု ယူဆကြသူ မိန်းကလေးများက ပိုများနေပြီး ကိုယ့်သီးသန့် နေပိုင်ခွင့် လွတ်လပ်ခွင့် ကိုယ်ကာကွယ်ကြမည် ဆိုသည့် ဟိုလီတော့ပ်စ်တို့ အဖွဲ့လို အမျိုးသမီးတွေက ပိုနည်းနေသဖြင့် အင်တာနက်ပေါ်တွင် အနိုင်ကျင့် ပုံတင် ဗီဒီယို တင်သူများ ပိုများလာနေခြင်း ဖြစ်သည်။
By The Voice

စံပြဈေးအနီးတွင် မထသ ၃၄ အထူးယာဉ် ဘရိတ်ပေါက်ပြီး ကားသုံးစီးကို ဆင့်တိုက်ကာ ယာဉ်တိုက်မှုကြောင့် နှစ်ဦးဒဏ်ရာရ

Wednesday, 25 December 2013



ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ယာဉ်များအား သက်ဆိုင်ရာ ယာဉ်ထိန်းတပ်ဖွဲ့ဝင်တစ်ဦးက စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-သက်မျိုးမင်း)

ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက စံပြဈေးအနီးတွင် မထသ ၃၄ အထူးယာဉ်တစ်စီးမှ ဘရိတ်ပေါက်ပြီး ကားသုံးစီးကို ဆင့်တိုက်ရာမှ အဆိုပါ ယာဉ်တိုက်မှုကြောင့် လူနှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၄ ရက် နံနက် ၉ နာရီဝန်းကျင်က ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် စံပြဈေးအနီး၊ လေးထောင့်ကန်လမ်းအတိုင်း မောင်းလာသော မထသ ၃၄ အထူးယာဉ်သည် ဘရိတ်ပေါက်ပြီး ကယ်ဒီနာယာဉ် နောက်ပိုင်းကို ဦးစွာဝင်တိုက်ပြီး ဂျစ်ကားအား ၀င်တိုက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ဂျစ်ကားမှာ မထသ ၃၄ အထူးယာဉ်နှင့်အတူ ချိတ်ပါသွားခဲ့ပြီး ရှေ့ရှိဘီအမ်ကားကိုပါ ထပ်မံတိုက်ခဲ့ပြီးမှ မထသ ၃၄ ယာဉ်မှာ အရှိန်သေသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းယာဉ်တိုက်မှုကြောင့် လမ်းဖြတ်ကူးသူ အမျိုးသမီးတစ်ဦးနှင့် ဂျစ်ကားပေါ်တွင် ပါလာသူတစ်ဦးတို့ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပြီး လက်ရှိအချိန်တွင် စံပြဆေးရုံသို့ တင်ပို့ကုသထားကြောင်း သိရသည်။

“ဂျစ်ကားပေါ်က လူနာကတော့ ဒဏ်ရာအများကြီး မရပါဘူး။ လမ်းဖြတ်ကူးတဲ့သူကတော့ အဘွားကြီးလို့ ပြောတယ်။ အဲဒီအမျိုးသမီးကြီး သေလောက်တဲ့ဒဏ်ရာ ရမရဆိုတာတော့ ဆေးရုံသွားကြည့်ပြီးမှပဲ သတင်းအတိအကျ ပြောလို့ရမယ်။ အနားဝန်းကျင်က လူတွေကတော့ သတိရှိတယ် မသေနိုင်ဘူးလို့ ပြောတာကြားတယ်” ဟု သင်္ဃန်းကျွန်းမြို့နယ် ယာဉ်ထိန်းရုံးမှ ဒုရဲအုပ် ကျော်မင်းလွင်က ပြောကြားခဲ့ကြောင်း သိရသည်။

တရားမ၀င် မှောင်ခိုလမ်းကြောင်းမှ အရက်၊ ဘီယာ၊ စီးကရက် ၀င်ရောက်မှုများတွင် ဘီယာတစ်မျိုးတည်း တင်သွင်းမှု တစ်နှစ်လျှင် လီတာ ၂၆ သန်းခန့်ရှိနေ

Wednesday, 25 December 2013


ဂိုဒေါင်တစ်ခုအတွင်း ဖမ်းမိသော ၀ိုင်နှင့်ဘီယာပုလင်းများကို Mobile Team အဖွဲ့မှ စစ်ဆေးနေစဉ်

မြန်မာနိုင်ငံတွင် အရက်၊ ဘီယာ၊ စီးကရက် တရားဝင်လမ်းကြောင်းမှ တင်သွင်းမှု ပိတ်ပင်ထားသော်လည်း မှောင်ခိုလမ်းကြောင်းမှ ၀င်ရောက်မှုများကြောင့် ဘီယာတစ်မျိုးတည်း တင်သွင်းမှု တစ်နှစ်လျှင် လီတာ ၂၆ သန်းခန့်ရှိနေကြောင်း ဒီဇင်ဘာ ၂၄ ရက်က ရန်ကုန်မြို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောကြားသည်။

“နိုင်ငံတော်က ပိတ်ထားတယ်ဆိုတာက ဘာလဲဆိုတော့ သူတို့က ကောင်းကျိုးထက် ဆိုးကျိုးပိုဖြစ်နိုင်တဲ့ လုပ်ငန်းတွေလို့ သတ်မှတ်ထားလို့ပါ။ ကောင်းတာ ဘာရှိလဲဆိုတော့ တိုင်းပြည်အတွက် အခွန်ရတယ်ပေါ့။ သို့သော် တစ်ဖက်က လူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေလည်း ရှိနေတယ်။ အခုအစိုးရ လက်ထက်မှာ စီးကရက်လုပ်ငန်းနဲ့ ပတ်သက်ရင် Investment ကို ခွင့်မပြုဘူးလို့တော့ မပြောဘူး။ ဒါပေမဲ့ ကန့်သတ်ချက်တွေတော့ များများထည့်ထားတယ်။ ပြည်တွင်းကထွက်တဲ့ ကုန်ကြမ်းရာခိုင်နှုန်း ၅၀ ထည့်ရမယ်။ ပြီးရင် ထွက်သမျှစီးကရက်ရဲ့ ရာခိုင်နှုန်း ၉၀ ကို ပြည်ပကို ပြန်တင်ပို့ရမယ် ဆိုပြီးတော့ပေါ့” ဟု ဦးအောင်နိုင်ဦးက ပြောကြားသည်။

ဆက်လက်၍ ၎င်းက “နောက်တစ်ခုက ဘီယာပေါ့။ ဒါနဲ့ ပတ်သက်ပြီး အယူအဆတွေ အမျိုးမျိုးရှိတယ်။ တချို့က MIC က ဖွင့်သင့်တယ်လို့ ပြောတာလည်း ရှိတယ်။ တချို့က မဖွင့်သင့်ဘူးလို့ ပြောတာလည်း ရှိနေတယ်။ အယူအဆ အမျိုးမျိုး ရှိတာပေါ့။ ဒါနဲ့ပတ်သက်ပြီး MIC က ဘာလုပ်သင့်လဲ ဆိုတာကို လွန်ခဲ့တဲ့ လေးငါးခြောက်လလောက်ကပဲစပြီး ဆွေးနွေးကြပါတယ်။ သက်ဆိုင်ရာ ၀န်ကြီးဌာနတွေလည်း ခေါ်ပါတယ်။ ကျွန်တော်တို့ရဲ့ Review အရဆိုရင်တော့ မြန်မာနိုင်ငံဟာ ဘီယာသောက်သုံးမှု အနိမ့်ဆုံးနိုင်ငံပါ။ တချို့နိုင်ငံတွေက လူတစ်ဦးရဲ့ သုံးစွဲမှုက လီတာ ၃၀ အထိရှိတယ်။ မြန်မာနိုင်ငံက ငါးလီတာလောက်ပဲ ရှိတယ်။ ဒါနဲ့ ပြည်တွင်းထုတ်လုပ်နိုင်မှုကို ပြန်ကြည့်တော့ MIC က ခွင့်ပြုထားတာ စုစုပေါင်း ငါးရုံရှိတယ်။ နောက်တစ်ခုက မန္တလေး ဘီယာစက်ရုံ၊ ရှေးကတည်းက ရှိတယ်။ ဒါက MIC permit တော့မဟုတ်ဘူး။ ဒီအထဲက သုံးရုံက အခုမှဆောက်လုပ်ဆဲ။ ၂၀၁၅ လောက်မှ ထုတ်နိုင်မှာပေါ့။ အခု ဘီယာထုတ်တဲ့ စက်ရုံက မြန်မာပြည်မှာ သုံးရုံပဲရှိတယ်။ ဒီစက်ရုံသုံးရုံရဲ့ ထုတ်လုပ်နိုင်မှုက တစ်နှစ်ကို လီတာသန်း ၂၀ ပဲရှိတယ်။ အဲဒီတော့ ကျွန်တော်တို့က Per Capital Consumption ကို အခြေခံပြီးတော့ ၁၈ နှစ်အထက် လူဦးရေနဲ့တွက်တော့ ယောက်ျားလေးပေါ့လေ။ မြန်မာနိုင်ငံရဲ့ တစ်နှစ်သုံးစွဲမှုအားက လီတာ ၄၆ သန်းလောက်ရှိတယ်။ ဒါက စစ်တမ်းအရ သိရပါတယ်။ ရှိတော့သောက်နေတာက ၄၆ သန်းလောက်ပဲရှိတယ်။ ထုတ်နေတာက သန်း ၂၀ လောက်ပဲဆိုတော့ ၂၆ သန်းက ဘယ်ကလာလဲ။ ကုန်သွယ်ရေးကလဲ ပိတ်ထားတယ်ပြောတယ်။ ဆိုတော့စဉ်းစားကြည်ပေါ့” ဟု ဆိုသည်။

အလားတူ Life Style အပြောင်းအလဲ ရှိသောကြောင့် နောက်ပိုင်းတွင်လည်း ဘီယာသောက်သုံးမှု မြင့်တက်လာနိုင်ကြောင်း လက်ရှိတွင် အမျိုးသမီးများပါ ဘီယာသောက်သုံးမှုများ ရှိလာကြောင်း၊ ထို့အတွက် နောက်ပိုင်းမှောင်ခိုဝင်ရောက်မှု ယခုနှစ်ထက် ပိုများလာနိုင်ကြောင်း သိရသည်။

“နောက်တစ်ခုက ၂၀၁၅ ဆိုရင် AEC စတော့မယ်။ ကုန်သွယ်ရေး ရှုထောင့်က ကြည့်ပြန်တော့ အာဆီယံရဲ့ အကောက်ခွန်နှုန်းထားက ဘီယာအတွက်ဆို သုညရာခိုင်နှုန်းပဲရှိတယ်။ ဥပမာ ကုန်သွယ်ရေးက ခွင့်ပြုလို့ ဘီယာကို တရားဝင် တင်သွင်းလိုက်ပြီဆိုရင် ဆိုလိုတာက အခုအချိန်မှာ ကုန်သွယ်ရေးက မူဝါဒအရ ပိတ်ထားပေမယ့် ၂၀၁၅ မှာ ပိတ်လို့မရတော့ဘူး။ အဲဒီတော့ ကိုယ့်တိုင်းပြည်ကလည်း မထုတ်နိုင်ဘူး။ တစ်ချိန်မှာ ကိုယ့်တိုင်းပြည်ထဲကို ဘီယာတွေက အကောက်ခွန် သုညရာခိုင်နှုန်းနဲ့ ၀င်လာရင် ကုန်သွယ်ရေးမှာပါ Trade Deficit ဖြစ်သွားမယ်” ဟု ၎င်းကဆိုသည်။

ယင်းအနေအထားများကြောင့် ဘီယာမှောင်ခိုမှုများ ရှိနေကြောင်း၊ Trade Balance ကို ပြန်ကြည့်ပါက ထိုင်းနှင့်မြန်မာ ကွာဟမှုများရှိနေကြောင်း၊ ထိုင်းဘက်တွင် Beer Export စာရင်းများရှိနေကြောင်း၊ မြန်မာဘက်က ပိတ်ထားသည့်အတွက် စာရင်းပျောက်နေကြောင်း၊ ၂၀၁၃ ခုနှစ် ဇူလိုင်တစ်လတည်း၌ပင် မြန်မာနိုင်ငံအတွင်းသို့ မြ၀တီကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် ၀င်ရောက်လာသော အရက်နှင့်ဘီယာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၁၂၄ သန်းရှိကြောင်း၊ မြန်မာနိုင်ငံတွင် ဘီယာတင်သွင်းမှုကြောင့် နှစ်စဉ်အမေရိကန်ဒေါ်လာ အခွန်ငွေ ၂၇ သန်းခန့် နိုင်ငံတော်မှ နစ်နာနေကြောင်း သိရသည်။

EMG

စနိုးဒင်က သူ၏ဖွင့်ချမှု လုပ်ငန်းစဉ်များ ပြီးဆုံးကြောင်း ကြေညာ


Wednesday, 25 December 2013




ဂါးဒီးယန်းသတင်းစာက ထုတ်ပြန်ပေးခဲ့သည့် ဟောင်ကောင်တွင် ရောက်ရှိနေသော စနိုးဒင်၏ဓာတ်ပုံ (Photo:AFP)

အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီ (NSA) ၏ လျှို့ဝှက်ချက်များကို စတင်ဖွင့်ချခဲ့ပြီးနောက် ခြောက်လအကြာတွင် အက်ဒ၀ပ်စနိုးဒင်က သူ၏ဖွင့်ချမှု လုပ်ငန်းစဉ်များ ပြီးဆုံးကြောင်း ဒီဇင်ဘာ ၂၄ ရက်တွင် ကြေညာခဲ့သည်။ စနိုးဒင်၏ ဖွင့်ချမှုများသည် အမေရိကန်တွင်သာမက ကမ္ဘာတစ်လွှားသို့ပါ အကြီးအကျယ် ဂယက်ရိုက်သွားစေခဲ့ပြီး အမေရိကန်၏ ထိန်းချုပ်စောင့်ကြည့်ရေး မူဝါဒများကို ပြန်လည်သုံးသပ်ရန် လှုံ့ဆော်ပေးသည့် အပြောင်းအလဲ တစ်ရပ်ကို ဖြစ်စေခဲ့သည်။

စနိုးဒင်သည် ဇွန်လတွင် ရုရှားသို့ ရောက်ရှိခဲ့ပြီးနောက် ပထမဆုံးအဖြစ် ၀ါရှင်တန်ပို့စ် သတင်းစာနှင့် လူတွေ့အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် ယခုအခါ ပြည်သူများသည် အမေရိကန်အစိုးရ၏ အင်တာနက်နှင့် ဖုန်းမှတ်တမ်းများ အကြီးအကျယ် စုဆောင်းခဲ့သည့် အကြောင်းကို သိရှိသွားကြပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် ကျေနပ်အားရသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

သူက “ကျွန်တော့်အတွက်တော့ ပုဂ္ဂိုလ်ရေးအရ ကျေနပ်မှုရရှိပြီး ကျွန်တော့်ရဲ့ လုပ်ငန်းစဉ်ဟာလည်း ပြီးမြောက်အောင်မြင် သွားခဲ့ပါပြီ။ ဂျာနယ်လစ်တွေ အလုပ်လုပ်နိုင်စွမ်း ရှိလာတာနဲ့ ကျွန်တော်လုပ်ဖို့ ကြိုးစားခဲ့သမျှ အရာရာဟာ တရားဝင် ဖြစ်သွားပါပြီ။ ကျွန်တော်က လူ့အဖွဲ့အစည်းကို ပြောင်းလဲချင်ခဲ့တာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း အနေနဲ့ သူတို့ဘာသာသူတို့ ပြောင်းလဲသင့်တာကို ဆုံးဖြတ်နိုင်ဖို့ အခွင့်အရေး တစ်ရပ်ကိုပဲ ပေးချင်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။

၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကတည်းက NSA သည် ဆက်သွယ်ရေး လမ်းကြောင်းများမှနေ၍ အချက်အလက်များကို အကြီးအကျယ် သူလျှိုလုပ် စုဆောင်းခဲ့ခြင်း ဖြစ်သည်။

ဒီဇင်ဘာ ၂၀ ရက်တွင် အမေရိကန်သမ္မတ ဘာရက်အိုဘားမားက ပြည်သူများအနေဖြင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးများနှင့် ပတ်သက်၍ အကြီးအကျယ် အော်ဟစ်နေကြချိန်တွင် သူ့အနေဖြင့် ကျယ်ပြန့်သော လုပ်ပိုင်ခွင့်များကို ပြောင်းလဲရန် ဖြစ်နိုင်ဖွယ်များကို ချိန်ဆနေပြီး NSA ၏ အခန်းကဏ္ဍနှင့် ပတ်သက်၍ ငြင်းခုံမှုတစ်ရပ်ကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။ အိုဘားမားက NSA ကို မည်သို့မည်ပုံ အလုံးစုံ ပြောင်းလဲသင့်ကြောင်း ဇန်န၀ါရီလတွင် အလွန်တိကျသည့် ကြေညာချက်တစ်ရပ်ကို ထုတ်ပြန်ပေးမည်ဟုလည်း ပြောကြားခဲ့သည်။ ဥပဒေနှင့် ထောက်လှမ်းရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို အိမ်ဖြူတော်က ရွေးချယ်ကာ အဖွဲ့တစ်ဖွဲ့ ရွေးချယ်ခဲ့ပြီး NSA ၏ အာဏာများကို အဆိုပြုထားသည့် အပြောင်းအလဲ ၄၆ ခုထဲမှ မည်သို့မည်ပုံ လျှော့ချမည်ကို အကြံပြုရန် တာဝန်ပေးထားကြောင်း သိရသည်။

Ref:AFP

ပြည်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းမှလွဲ၍ ကျန်မြို့နယ်များတွင် အထပ်မြင့်အဆောက်အအုံ တည်ဆောက်မှုအား ကန့်သတ်သကဲ့သို့ ဖြစ်နေသည့်အတွက် ပြန်လည်သုံးသပ်ပေးရန် အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြမည်


Wednesday, 25 December 2013




ရန်ကုန်မြို့တွင်းရှိ အထပ်မြင့် အဆောက်အအုံများ

ရန်ကုန်မြို့၏ မြို့နယ်အလိုက် အဆိုပြု မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ သတ်မှတ်နိုင်ရေးအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ စီစဉ်လျက်ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ မြို့နယ်အလိုက် အဆိုပြု မြို့မြေအသုံးချမှုနှင့် အဆောက်အအုံ တည်ဆောက်မှုဇုန်များ သတ်မှတ်ရေးဆိုင်ရာ ဆွေးနွေးပွဲကိုလည်း ဒီဇင်ဘာ ပထမပတ်အတွင်းက ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း၊ လတ်တလော သတ်မှတ်ထားသည့် ဇုန်များနှင့် ပတ်သက်ပြီး အကြံပြုလိုပါက တစ်လအတွင်း ပြန်လည်တင်ပြနိုင်ကြောင်းလည်း သိရသည်။

သို့ဖြစ်ရာ ရန်ကုန်မြို့တွင် အဆောက်အအုံ တည်ဆောက်မှုဇုန် သတ်မှတ်ထားမှုအရ အထပ်မြင့် အဆောက်အအုံများ ဆောက်လုပ်ရန် ကန့်သတ်သကဲ့သို့ ဖြစ်နေသည့်အတွက် ပြန်လည်သုံးသပ်ပေးရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ သိရသည်။

သူတို့ သတ်မှတ်တဲ့ FAR နဲ့ BCR အရ ပြည်လမ်းနဲ့ ကမ္ဘာအေးလမ်းမှာတောင်မှ ပေ ၁၀၀ မြေကွက်ရှိတဲ့သူဆိုရင် အထပ် ၂၀ ဆောက်လို့ မရတော့ဘူး။ အထပ် ၂၀ ဆောက်မယ်ဆိုရင် အနည်းဆုံး ဘယ်လောက်မြင့်မလဲ။ ပေ ၂၆၀ လောက် မြင့်မယ်။ ၂၆၀ ရဲ့ သုံးပုံတစ်ပုံ ပေ ၇၀၊ ၈၀ လောက်ဖြစ်မယ်။ ပေ ၁၀၀ ရှိတဲ့ မြေကွက်က ပေ ၇၀၊ ၈၀ လောက် နောက်ဆုတ်ပေးရမယ်ဆိုတော့ ပေသုံးဆယ်ပဲကျန်ရင် ဘယ်လိုဆောက်တော့မလဲ။ ဒါတွေက တွက်ချက်မှုမှာ လိုနေတာလား။ ဒါတွေကို အသေးစိတ် ဆွေးနွေးရမှာ ဖြစ်တယ် . . . . .


ယင်းကဲ့သို့ အဆောက်အအုံ တည်ဆောက်မှုဇုန် သတ်မှတ်ရာ၌ အဆောက်အအုံ၏ အထပ်အမြင့်ကို ကန့်သတ်ထားသကဲ့သို့ ဖြစ်နေခြင်းနှင့် ပတ်သက်ပြီး “အထပ်မြင့်တွေ မဆောက်ရဘူးလို့ ပြောတာမဟုတ်ဘူး။ ဒါပေမဲ့ သဘောက အဲဒီလိုဖြစ်နေတယ်။ ဘယ်လိုအခက်အခဲကြောင့်လည်း မသိဘူး။ အထပ်မြင့်တွေကို သိပ်မဆောက်စေချင်လို့ တားလိုက်တဲ့ သဘောမျိုးလား။ သူတို့ သတ်မှတ်တဲ့ FAR နဲ့ BCR အရ ပြည်လမ်းနဲ့ ကမ္ဘာအေးလမ်းမှာတောင်မှ ပေ ၁၀၀ မြေကွက်ရှိတဲ့သူဆိုရင် အထပ် ၂၀ ဆောက်လို့ မရတော့ဘူး။ အထပ် ၂၀ ဆောက်မယ်ဆိုရင် အနည်းဆုံး ဘယ်လောက်မြင့်မလဲ။ ပေ ၂၆၀ လောက် မြင့်မယ်။ ၂၆၀ ရဲ့ သုံးပုံတစ်ပုံ ပေ ၇၀၊ ၈၀ လောက်ဖြစ်မယ်။ ပေ ၁၀၀ ရှိတဲ့ မြေကွက်က ပေ ၇၀၊ ၈၀ လောက် နောက်ဆုတ်ပေးရမယ်ဆိုတော့ ပေသုံးဆယ်ပဲကျန်ရင် ဘယ်လိုဆောက်တော့မလဲ။ ဒါတွေက တွက်ချက်မှုမှာ လိုနေတာလား။ ဒါတွေကို အသေးစိတ် ဆွေးနွေးရမှာ ဖြစ်တယ်။ ပြုပြင်စရာတွေ အသေးစိတ် ဆွေးနွေးစရာတွေက အများကြီးရှိတယ်။ ဒါကြောင့်မို့လို့ ဆောက်လုပ်ရေးသမားတွေ အိမ်ရှင်တွေက မဖြစ်သင့်ဘူး ပြောနေကြတယ်” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးရန်ဝင်းက ပြောကြားသည်။

Floor Area Ration(FAR) ဆိုသည်မှာ အဆောက်အအုံ တစ်ခုလုံး၏ စုစုပေါင်း ကြမ်းခင်းဧရိယာနှင့် ယင်းအဆောက်အအုံ တည်ရှိရာ မြေကွက်အချိုးကို FAR ဟု သတ်မှတ်ကြောင်း၊ Building Coverage Ratio(BCR) ဆိုသည်မှာ အဆောက်အအုံ တစ်လုံးကို အပေါ်စီးမှကြည့်လျှင် မြင်ရသော အပြင်ဆုံး အနားသတ်မျဉ်းဖြင့် ကန့်သတ်ထားသော ဧရိယာကိုခေါ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သတ်မှတ်ထားမှုအရ မြို့မြေအသုံးချမှုဇုန် ၁၁ ဇုန် ခွဲခြားသတ်မှတ်ထားကြောင်း၊ အဆိုပါဇုန် ၁၁ ခုမှာ ဆိတ်ငြိမ်ရပ်ကွက် (သို့မဟုတ်) လူနေသိပ်သည်းမှုနည်းသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှု အသင့်အတင့်ရှိသည့် လူနေရပ်ကွက်ဇုန်၊ လူနေသိပ်သည်းမှုများသည့် လူနေရပ်ကွက်ဇုန်၊ မြို့မြေအသုံးချမှု မျိုးစုံရောနှော ပါဝင်နိုင်သည့်ဇုန်၊ ကုန်သွယ်မှုနှင့် စီး ပွားရေးဇုန်၊ စက်မှုနှင့် ကုန်လှောင်ရုံများဇုန်၊ ဆိပ်ကမ်းနှင့် ဆိပ်ကမ်းဆက်စပ် ၀န်ဆောင်မှုများဇုန်၊ စိမ်းလန်းမြေနှင့် ရေပြင်များဇုန်၊ အစိုးရ၊ အဖွဲ့အစည်းနှင့် အခြေခံ အဆောက်အအုံများဇုန်၊ မြို့ပြအမွေအနှစ်များ ထိန်းသိမ်းမှုဇုန်နှင့် ကမ်းနား အထူးဖွံ့ဖြိုးရေးဇုန်တို့ဖြစ်ကြောင်း သိရသည်။

“အဆောက်အအုံ တည်ဆောက်မှုနဲ့ ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်နေပါပြီ။ ပြီးရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုတင်မယ်။ နောက်ပြီးတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကိုတင်မယ်။ Zone Law ဆွဲတဲ့ ပညာရှင် အဖွဲ့ကိုလည်း အကြံပြုစာ ပို့မယ်။ သူတို့ကလည်း အခုဒီဟာနဲ့ ပတ်သက်ပြီး တစ်လအတွင်း အကြံဥာဏ် ပေးနိုင်ပါတယ်လို့ ပြောထားတာ ရှိပါတယ်။ ဒီအတွက် ကျွန်တော်တို့ အမြန်ဆုံး တင်ပြသွားမှာပါ” ဟု မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးရန်ဝင်းက ပြောကြားသည်။

EMG

ဘင်္ဂလားဒေ့ရှ် အထည်ချုပ် အလုပ်သမားများအတွက် လျော်ကြေးရန်ပုံငွေ ဒေါ်လာသန်း ၄၀ မတည်ရန် သဘောတူညီချက် ရရှိ


Wednesday, 25 December 2013



ဧပြီ ၂၅ ရက်က ပြိုကျခဲ့သော ရှစ်ထပ်အဆောက်အအုံ ရာနာပလာဇာ၌ ကယ်ဆယ်ရေး ပြုလုပ်နေသူများ (Photo:AFP)

ဘင်္ဂလားဒေ့ရှ်တွင် လူ ၁၁၃၅ ဦး သေဆုံးခဲ့သော ရာနာပလာဇာ ပြိုကျမှု၌ သေဆုံးထိခိုက် ခဲ့သူများအတွက် လျော်ကြေးရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၄၀ မတည်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ လက်လီလုပ်ငန်းလေးခုနှင့် အထည်ချုပ်လုပ်ငန်းများ၊ အလုပ်သမား အဖွဲ့အစည်းများအကြား သဘောတူညီချက် ရရှိခဲ့သည်ဟု တာဝန်ရှိသူများက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ဧပြီလတွင် ရာနာပလာဇာ အထည်ချုပ်စက်ရုံ ပြိုကျမှု၌ သေဆုံးခဲ့သူများ၊ ထိခိုက်ဒဏ်ရာ ရခဲ့သူများ၊ ၎င်းတို့အပေါ် မှီခိုနေရသူများအတွက် လျော်ကြေးရန်ပုံငွေ ထူထောင်ခဲ့ခြင်း ဖြစ်သည်ဟု ပြီးခဲ့သော သီတင်းပတ်တွင် ရရှိခဲ့သည့် ယင်းသဘောတူညီချက်အတွက် ညှိနှိုင်းပေးခဲ့သော အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) မှ လီဂျိုဆစ်ဘယ်က ပြောကြားခဲ့သည်။ ယင်းရန်ပုံငွေအတွက် အပြည်ပြည်ဆိုင်ရာ ကုန်အမှတ်တံဆိပ် လုပ်ငန်းများနှင့် လက်လီလုပ်ငန်းများက ဆန္ဒအလျောက် ထည့်ဝင်နိုင်သကဲ့သို့ အခြားအလှူရှင်များကလည်း ထည့်ဝင်နိုင်ကြောင်း ၎င်းကပြောကြားခဲ့သည်။ ရန်ပုံငွေအတွက် စပိန်မှ El Corte Ingles၊ ကနေဒါမှ Loblaw၊ ဗြိတိန်မှ Bon Marche လုပ်ငန်းတို့က ထည့်ဝင်မည်ဟု သိရသော်လည်း မည်မျှထည့်ဝင်မည်ကိုမူ မသိရသေးပေ။ ဘင်္ဂလားဒေ့ရှ် အစိုးရကမူ ယင်းမတော်တဆမှု ဖြစ်စဉ်တွင် ခံစားခဲ့ရသူ ၇၇၇ ဦးအတွက် လျော်ကြေးအမေရိကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်း ပေးလျော်ပြီးဖြစ်သဖြင့် ရန်ပုံငွေသစ်တွင် ထည့်ဝင်မည်မဟုတ်ဟု ဆိုသည်။

ဂျီနီဗာတွင် စက်တင်ဘာလ၌ အထည်ကုမ္ပဏီများနှင့် အလုပ်သမား အဖွဲ့အစည်းတို့အကြား လျော်ကြေးရန်ပုံငွေအတွက် ညှိနှိုင်းဆွေးနွေး ခဲ့ကြသော်လည်း သဘောတူညီချက် မရခဲ့ဘဲ ယခုမှ သဘောတူညီချက် ရခဲ့ခြင်းဖြစ်သည်။

အထည်ချုပ်စက်ရုံ ၄၅၀၀ ခန့်ရှိသော ကမ္ဘာ့ဒုတိယ အကြီးဆုံး အထည်တင်ပို့မှု လုပ်ငန်းဖြစ်သည့် ဘင်္ဂလားဒေ့ရှ်တွင် မြို့တော်ဒါကာ အပြင်ဘက်ရှိ အထပ်ကိုးထပ်ရှိ အထည်ချုပ်စက်ရုံ ပြိုကျခဲ့ရာ လုပ်ငန်းခွင် အခြေအနေ ဆိုးရွားမှုနှင့် အလုပ်သမား အခွင့်အရေး မရှိမှုတို့အပေါ် မီးမောင်းထိုးပြခဲ့သည်။ ပြိုကျခဲ့သော ရာနာပလာဇာရှိ စက်ရုံငါးခုတွင် အထည်အမှတ်တံဆိပ် အနည်းဆုံး ၂၉ ခုအတွက် ချုပ်လုပ်နေသည်ဟု သိရသည်။ ကမ္ဘာပေါ်တွင် ယင်းအဆိုးရွားဆုံး လုပ်ငန်းမတော်တဆမှု ဖြစ်ပွားခဲ့ပြီးနောက် ဥရောပနှင့် အမေရိကန် လက်လီလုပ်ငန်း ၁၀၀ ကျော်က အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးကင်းစေရေး တိုးတက်ကောင်းမွန်စေရန် လုပ်ဆောင်မည်ဟု ကတိပြုခဲ့သော်လည်း လျော်ကြေးကိစ္စအတွက် သဘောတူညီချက် မရရှိခဲ့ပေ။ ယင်းဖြစ်ရပ်အပြီး အင်ဂလို-အိုင်းရစ် လက်လီလုပ်ငန်း Primark နှင့် ဘင်္ဂလားဒေ့ရှ် အစိုးရက သေဆုံးထိခိုက်ခဲ့သူ မိသားစုများကို ကာလတိုလျော်ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ယခုလျော်ကြေး ရန်ပုံငွေကိုလည်း Primark က ထည့်ဝင်မည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ IndustriALL မှ အထွေထွေ အတွင်းရေးမှူး ရွိုင်ရာမက်ရှ်က ပြောကြားခဲ့သည်။

Ref:AFP

လူမှုဖူလုံရေး ဥပဒေသစ်အရ ကျန်းမာရေးအာမခံထားဝန်ထမ်းများ ဆေးကုသစရိတ် တိုးမည်

 Wednesday, 25 December 2013


ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းရှိ အလုပ်သမားအချို့ကို တွေ့ရစဉ်

လူမှုဖူလုံရေးဥပဒေသစ်အရ ကျန်းမာရေး၊လူမှုရေးအာမခံစနစ် ထားရှိသော ၀န်ထမ်းများအတွက် ဆေးကုသခွင့်စရိတ်နှင့် ခွင့်ရက်သက်တမ်းခံစားခွင့်များ တိုးမြှင့်ပေးသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ သိရသည်။

ကျန်းမာရေးအာမခံစနစ်သစ်တွင် သက်ပြည့်ပင်စင်၊ ကျန်ရစ်သူ ပင်စင်ခံစားခွင့်၊ မွေးကင်းစကလေးငယ်၏ ကျန်းမာရေးဆေးကုသခခွင့်နှင့် မွေးဖွားစရိတ်နှင့် ကိုယ်ဝန်ဆောင်နားရက်ခွင့်တို့ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

"အရင်က အာမခံထားရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ ကလေးကို ကလေးမွေးပြီး ခြောက်လအထိ ဆေးကုသခွင့်ပေးတယ်။ အခုဥပဒေသစ်မှာဆိုရင် တစ်နှစ်အထိတိုးပေးထားတယ်။ ကလေးအတွက် တစ်နှစ်ဆေးကုသခွင့်ရရှိမယ်။
အာမခံထားရှိထားသူရဲ့ ဇနီးကိုယ်ဝန်ဆောင်ရင်လည်း အဲ့ဒီလူကို ကလေးပြုစုစောင့်ရှောက်ခွင့် ၁၅ ရက်နှင့် လစာခံစားခွင့်ကို မွေးဖွားနှုန်းပေါ်မှုတည် ပြီး စရိတ်ရမယ်" ဟု ဦးယုလွင်အောင်က ပြောကြားသည်။

လူမှုဖူလုံရေးအာမခံထားရှိသော အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှု အာမခံအတွက် လူမှုဖူလုံရေးဆေးကုသမှု စံနှုန်းစနစ်များသတ်မှတ်ရန်နှင့် လူမှုဖူလုံရေးဆေးရုံများကို နိုင်ငံတကာအဆင့်မြှင့်တင်ရန် ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ကိုရီးယားနိုင်ငံတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။

"အရင်က အာမခံစနစ်မှာပါတဲ့ အထွေထွေ အာမခံစနစ်ဆိုတာကို အခုဥပဒေသစ်မှာ ကျန်းမာရေး၊ လူမှုရေးအာမခံစနစ်လို့ ပြောင်းခေါ်ပြီး သက်ကြီးပင်စင်နဲ့ ကျန်ရစ်သူပင်စင်၊ မွေးကင်းစကလေးအတွက်ဆိုပြီး နှစ်မျိုးပါလာတယ်။ အာမခံထားရှိထားတာ နှစ် ၃၀ ပြည့်တဲ့ ဘယ်ဌာနက၀န်ထမ်းမဆို သက်ပြည့်ပင်စင် ကျန်းမာရေးအာမခံ ဆေးကုသခွင့်ရရှိမယ်"ဟု လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ဦးယုလွင်အောင်က ပြောကြားသည်။

လူမှုဖူလုံရေးအာမခံထားရှိသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ယခင်က မီးဖွားခွင့်ခြောက်လ သတ်မှတ်ထားသော်လည်း ဥပဒေသစ်တွင် တစ်နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး အာမခံထားရှိသူ၏ ဇနီးကိုယ်ဝန်ဆောင်ပါက ၎င်းအား ကလေးစောင့်ရှောက်ခွင့် ၁၅ ရက်နှင့် ယင်းကာလအတွင်း ဇနီးသည်မွေးဖွားမှုနှင့် သက်ဆိုင်သော ငွေကြေးအကျိုးခံစားခွင့်များကိုပါ ရရှိမည်ဖြစ်ကြောင်း သိရသည်။

အထက်ပါ ကျန်းမာရေးခံစားခွင့်များသည် ၂၀၁၄ ခုနှစ် ဧပြီ ဥပဒေ စတင်ကျင့်သုံးသည့်အချိန်မှ အကျုံးဝင်မည်ဖြစ်ကြောင်း သိရသည်။ လက်ရှိအသုံးပြုနေသည့် ၁၉၅၄ ခုနှစ် ဥပဒေအရ အထွေထွေအာမခံစနစ်တွင် လုပ်သက်ပြည့်အငြိမ်းစားယူသည့် ၀န်ထမ်းများအနေဖြင့် အငြိမ်းစားယူပြီးနောက်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ခံစားခွင့်မရရှိသော်လည်း ယခုပြင်ဆင်သည့် ၂၀၁၂ ခုနှစ် ဥပဒေသစ်တွင် ယင်းခံစားခွင့်များ ရရှိလာမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယုလွင်အောင်၏ ပြောကြားချက်အရ သိရသည်။

ဒီဇင်ဘာ နောက်ဆုံးပတ် နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တက်ရိပ်ပြလာပြီး သိမ်ဖြူငွေလဲကောင်တာ၌ တစ်ဒေါ်လာ ကျပ် ၉၉၀ အထိရှိလာ

  Wednesday, 25 December 2013



ပြည်တွင်းပုဂ္ဂလိကဘဏ် တစ်ခုရှိ ငွေလဲကောင်တာ တစ်ခုကို တွေ့ရစဉ်

ဒီဇင်ဘာ နောက်ဆုံးပတ်မှ စတင်၍ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးမှာ တက်ရိပ်ပြလာပြီး သိမ်ဖြူငွေလဲကောင်တာတွင် တစ်ဒေါ်လာလျှင် ကျပ် ၉၉၀ ၀န်းကျင်အထိ မြင့်တက်လာကြောင်း ဗဟိုဘဏ်၏ ခွင့်ပြုချက် ရရှိထားသော နိုင်ငံခြားငွေကြေး လဲလှယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသည့် ပြည်တွင်းပုဂ္ဂလိက ဘဏ်များနှင့် ပြင်ပဈေးကွက် အသိုင်းအ၀ိုင်းထံမှ သိရသည်။

ဒီဇင်ဘာလ ၂၄ ရက် သိမ်ဖြူငွေလဲကောင်တာတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၂ ကျပ်ဝန်းကျင်၌ ရှိနေပြီး ပြင်ပငွေလဲနှုန်းတွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၉၈၉ ကျပ်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင်တွင် တည်ရှိနေသည်။

ဒီဇင်ဘာ တတိယပတ်အထိ နိုင်ငံခြားငွေ လဲလှယ်မှုနှုန်းတွင် အမေရိကန်ဒေါ်လာ တန်ဖိုးသည် သိမ်ဖြူငွေလဲကောင်တာ၌ ရောင်းဈေး ၉၈၇ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၇၉ ကျပ်ဝန်းကျင်၌ ရှိခဲ့ခြင်းဖြစ်သည်။ ပြင်ပငွေလဲနှုန်းတွင် အမေရိကန်တစ်ဒေါ်လာ တန်ဖိုးမှာ ရောင်းဈေး ၉၈၄ ကျပ်၊ ၀ယ်ဈေး ၉၈၂ ကျပ်ဝန်းကျင်၌ တည်ရှိခဲ့ပြီး ဒီဇင်ဘာ ၂၀ ရက်မှစ၍ ရောင်းဈေး ၉၈၇ ကျပ်၊ ၀ယ်ဈေး ၉၈၅ ကျပ်ဝန်းကျင်သို့ စတင်မြင့်တက် လာခဲ့သည်။

ယခုဖြစ်ပေါ်နေသော ငွေလဲလှယ်မှုနှုန်းသည် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန် တစ်ဒ်ါလာ ၁၀၀၄ ကျပ်အထိ မြင့်တက်လာပြီး နောက်သုံးလကျော်အတွင်း အမြင့်ဆုံးငွေလဲနှုန်း ဖြစ်ခဲ့ပြီး ဇွန်လ ၂၁ ရက်နှင့် နိုဝင်ဘာ ၂၈ ရက်တွင် ဖြစ်ပေါ်ခဲ့သော ပြင်ပငွေလဲလှယ်မှုနှုန်း ရောင်းဈေး ၉၉၀ ကျပ်ဝန်းကျင်၊ ၀ယ်ဈေး ၉၈၈ ကျပ်ဝန်းကျင်သို့ ပြန်လည်ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ခဲ့သည့် ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၈၁၅ ကျပ်ပေါက်ဈေးသာ ရှိရာမှ ယခု ၁၉ လအကြာ ကာလအတွင်း တစ်ဒေါ်လာလျှင် ၁၇၅ ကျပ်ကျော်အထိ ဈေးနှုန်းဆက်လက်မြင့်တက်လျက် ရှိသည်။

တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းကို အခြေခံ၍ သိမ်ဖြူဈေးကွက် လက်လီရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

EMG

ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ကစားသမား ၁၀၀၂ ဦးအား အားကစားသမား အာမခံ အခမဲ့ ထားရှိပေးခဲ့သော်လည်း လျော်ကြေးပေးလျော်ရခြင်း မရှိ

Wednesday, 25 December 2013



တိုက်ကွမ်ဒို ၀င်ရောက်ယှဉ်ပြိုင်နေသော မြန်မာအားကစားသမားတစ်ဦး

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သော (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော်အတွင်း ၀င်ရောက်ယှဉ်ပြိုင်သော မြန်မာအားကစားသမားများအတွက် မြန်မာ့အာမခံနှင့် ပုဂ္ဂလိကအာမခံ ကုမ္ပဏီများမှ ပူးပေါင်း၍ အားကစားအာမခံကို အခမဲ့ထားရှိခွင့် ပြုခဲ့သော်လည်း လျော်ကြေးပေးလျော်ရမှု မရှိခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။

နိုင်ငံခြားသားများ အနေဖြင့် အားကစားသမား အာမခံ Sport Contigent Personal Accident Insurance ကို ၀ယ်ယူနိုင်ရန် စီစဉ်ပေးထားခဲ့ပြီး နိုင်ငံခြားသား အားကစားသမားများ အနေဖြင့် ၀ယ်ယူခဲ့ခြင်း မရှိကြောင်း သိရသည်။

“၀င်ရောက်ယှဉ်ပြိုင်တဲ့ အားကစားသမားတွေ အားလုံးအတွက် အာမခံကို အခမဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ လျော်ကြေးပေးလျော်ရခြင်း မရှိခဲ့ပါဘူး” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းအာမခံ အမျိုးအစားသည် နိုဝင်ဘာ ၁ ရက်မှ ဒီဇင်ဘာ ၂၃ ရက်အထိ အကျုံးဝင်မည်ဖြစ်ပြီး ဆီးဂိမ်းစ်ပြီးဆုံးပါက ယခင်ဆောင်ရွက်လျက်ရှိသည့် အားကစားအာမခံ အမျိုးအစားကိုသာ ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အားကစားနည်း ၃၃ မျိုးတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် အမျိုးသား ၅၈၅ ဦး၊ အမျိုးသမီး ၄၁၇ ဦး စုစုပေါင်း ၁၀၀၂ ဦးကို အားကစားဝန်ကြီးဌာနမှ စာရင်းပေးပို့ထားခဲ့ပြီး ၎င်းတို့အတွက် အားကစားအာမခံကို အခမဲ့ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ်မှစတင်၍ ပုဂ္ဂလိကအာမခံ ကုမ္ပဏီများကို လုပ်ငန်းလိုင်စင် ချထားပေးခဲ့ပြီး မီးအာမခံ၊ အလုံးစုံမော်တော်ယာဉ် အာမခံ၊ ငွေသားလုံခြုံမှု အာမခံ၊ အသက်အာမခံ၊ သမာဓိအာမခံနှင့် ငွေပို့ငွေသယ် အာမခံတို့ကို လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

EMG

အစိုးရ၊ RCSS နှင့် UNODC တို့၏ သုံးပွင့်ဆိုင် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သဘောတူညီချက်များ စာရွက်ပေါ်၌သာရှိပြီး လက်တွေ့အကောင်အထည် မပေါ်ကြောင်း RCSS က သုံးသပ်


 Wednesday, 25 December 2013


မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် သုံးပွင့်ဆိုင် ပူးပေါင်းလုပ်ဆောင်ရန် သဘောတူညီထားသည့် ဧရိယာပြမြေပုံ

အစိုးရ၊ RCSS (ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ)နှင့် UNODC (ကုလသမဂ္ဂ မူးယစ်နှင့် ရာဇ၀တ်မှုဆိုင်ရာရုံး)တို့၏ သုံးပွင့်ဆိုင် စံပြရှေ့ပြေး အစားထိုးဖွံ့ဖြိုးရေး စီမံကိန်းနှင့် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးအတွက် သဘောတူညီချက်များသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့အကောင်အထည် မပေါ်ကြောင်း RCSS က ဒီဇင်ဘာ ၂၃ ရက် နေ့စွဲဖြင့် သုံးသပ်ချက်စာတမ်း ထုတ်ပြန်ပြီး ပြောကြားလိုက်သည်။

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း UNODC က ဒီဇင်ဘာ ၁၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ငါးရက်အကြာတွင် RCSS က ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အတွင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအကြား အပစ်အခတ် ရပ်စဲထားသော်လည်း မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ စိုးရိမ်ဖွယ် အနေအထားအထိ မြင့်တက်လာခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံမှ ဘိန်းထွက်ရှိမှု အားလုံး၏ ရာခိုင်နှုန်း ၉၀ သည် ရှမ်းပြည်နယ်မှ ထွက်ရှိခဲ့ခြင်းဖြစ်သည်။

RCSS ၏ သုံးသပ်ချက်စာတမ်းတွင် ဖော်ပြထားချက်အရ ၂၀၁၂ ခုနှစ် အောက်တိုဘာ နောက်ဆုံးပတ်အတွင်းက အစိုးရ၊ RCSS နှင့် UNODC တို့သည် တာချီလိတ်မြို့၌ တွေ့ဆုံခဲ့ပြီး သဘောတူညီချက် ကိုးချက်အား ချမှတ်ခဲ့ကြောင်း သိရသည်။

ထိုသဘောတူညီချက် ကိုးချက်အနက် ပထမဆုံးအချက်မှာ ရှမ်းပြည်နယ် မိုးနဲနှင့် မိုင်းပန်မြို့နယ်တို့တွင် ခန့်မှန်းလေ့လာမှုများအား သုံးပွင့်ဆိုင် ပူးပေါင်းပြုလုပ်ရန် အချက်ဖြစ်သည်။ ထို့နောက် ရှေ့ပြေးအစားထိုး စီမံကိန်းနေရာများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး အစီအမံများကို နည်းပညာပံ့ပိုးမှုများ၊ ပညာပေးစည်းရုံးမှုများ၊ သတင်းဖလှယ်မှုများ ပြုလုပ်သွားရန် ကျန်ရှိသော အချက်များဖြင့် သဘောတူညီခဲ့ကြသည်။ ထို့အပြင် အစိုးရ၏ မူးယစ်ဗဟို (CCDAC) နှင့် UNODC တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် RCSS မှ ဗိုလ်မှူးကြီးဝမ်းဆိုင်းကို တောင်ကြီးဆက်ဆံရေးရုံးတွင် တာဝန်ခန့်အပ်ခဲ့သည်ဟု သုံးသပ်ချက်၌ ဖော်ပြခဲ့သည်။

ထိုသဘောတူညီချက်များအရ သုံးပွင့်ဆိုင် ပူးပေါင်းပြီး ၂၀၁၃ ခုနှစ် မတ်လတွင် မိုင်းပန်နှင့် မိုးနဲဒေသများ၌ ကွင်းဆင်းလေ့လာမှု ပြုလုပ်ခဲ့ကြောင်း၊ မိုင်းပန်မြို့နယ်တွင် ကျေးရွာပေါင်းကိုးရွာ၊ မိုးနဲမြို့နယ်တွင် ကျေးရွာပေါင်း ၁၁ ရွာသို့ သွားရောက်ခဲ့ကြောင်း သိရသည်။

ကွင်းဆင်းလေ့လာမှုအရ ထိုမြို့နယ်နှစ်ခုမှ ကျေးလက်နေ ပြည်သူများသည် စားဝတ်နေရေးအတွက် ဘိန်းစိုက်ပျိုးခြင်းဖြင့်သာ အသက်မွေးဝမ်းကျောင်းအတွက် ရုန်းကန်နေရပြီး ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုဘ၀ မြှင့်တင်ရေးအတွက် စာသင်ကျောင်းနှင့် ဆေးခန်းများ မရှိကြောင်း၊ ဘိန်းမဟုတ်သော အခြားသီးနှံ စိုက်ပျိုးရေးအတွက် မြေဆီမြေနှစ် နည်းပါးသည့်အပြင် သောက်သုံးရေရှားပါးမှု ပြဿနာအား ရင်ဆိုင်နေရသည်ကို တွေ့ရှိရကြောင်း သုံးသပ်ချက်တွင် ရေးသားခဲ့သည်။

၂၀၁၃ ခုနှစ် မြန်မာနိုင်ငံ၏ ဘိန်းထုတ်လုပ်မှုမှာ ယခင်နှစ်ကထက် ၂၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း UNODC က ဒီဇင်ဘာ ၁၈ ရက်တွင် အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး ငါးရက်အကြာတွင် RCSS က ယခုကဲ့သို့ . . . . .


ထို့အတွက်ကြောင့် ဒေသခံ ကျေးလက်ပြည်သူများ အဆင်ပြေရန်နှင့် ဘိန်းအစားထိုး သီးနှံများ စိုက်ပျိုးနိုင်ရေးကို ပြုလုပ်နိုင်ရန်၊ ဒေသခံများ၏ တောင်းဆိုချက်များကို အကောင်အထည်ဖော်နိုင်ရန် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းများကို အရှိန်မြှင့် လုပ်ဆောင်လိုသော်လည်း အစိုးရ၏ မူးယစ်ဗဟို (CCDAC) ဘက်မှ UNODC ကို မေးမြန်းရဦးမည် သို့မဟုတ် အထက်က မည်သည့်ညွှန်ကြားချက် တစ်စုံတစ်ရာမျှ ပြန်ကြားပေးခြင်း မရှိသေးကြောင်း တုံ့ပြန်ချက်များဖြင့်သာ ရင်ဆိုင်ခဲ့ရသည်ဟု RCSS ၏ သုံးသပ်ချက်စာတမ်းတွင် ဖော်ပြခဲ့သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လတွင် သုံးပွင့်ဆိုင် ပူးပေါင်းပြီး မိုးနဲနှင့် မိုင်းပန်ဒေသ၌ Needs Assessment များကို ဆောင်ရွက်ခဲ့ပြီး ထိုသို့ဆောင်ရွက်နေစဉ် ဇူလိုင် ၂၅ ရက်တွင် မူးယစ်ဗဟို (CCDAC) မှ ရဲမှူးကျော်ဆန်းက Needs Assessment ဆောင်ရွက်ခြင်း လုပ်ငန်းတွင် RCSS မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့ ပါဝင်ဆောင်ရွက်နေခြင်းကို ရှမ်းပြည်နယ် အစိုးရအဖွဲ့က မသိရှိကြောင်းပြောကာ ထိုလုပ်ငန်းစဉ်တွင် မပါဝင်ရန် တားမြစ်ခဲ့သည်ဟု သုံးသပ်ချက်တွင်ဆိုသည်။ ထိုတားမြစ်ချက်နှင့် ပတ်သက်ပြီး (CCDAC) မှ ရဲမှူးကြီးမြင့်သိန်းထံ စာဖြင့်မေးမြန်းသော်လည်း မည်သည့်တုံ့ပြန်ချက်မျှ မရခဲ့ကြောင်း သိရသည်။

သုံးပွင့်ဆိုင် သဘောတူညီချက်များအနက် ပထမအဆင့် လုပ်ဆောင်မှုမှာပင် အခက်အခဲများ ရှိနေပြီး စီမံကိန်းဒေသတွင်း နိုင်ငံခြားသံတမန်များ လာရောက်ခြင်း ကိစ္စတွင်လည်း UNODC က တွေ့ဆုံရန် အကြောင်းကြားသော်လည်း CCDAC နှင့် ရှမ်းပြည်နယ်အစိုးရက RCSS ကို ဖိတ်ကြားခဲ့ခြင်းမရှိကြောင်း သိရသည်။

သုံးသပ်ချက်စာတမ်း နိဂုံးပိုင်း၌ သုံးပွင့်ဆိုင်ပူးပေါင်းပြီး စံပြရှေ့ပြေးအစားထိုး ဖွံ့ဖြိုးရေးစီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဟု သဘောတူညီခဲ့သော်လည်း ထိုသဘောတူညီချက်များသည် စာရွက်ပေါ်တွင်သာရှိပြီး အကောင်အထည် မပေါ်ကြောင်း၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရာတွင်လည်း အစိုးရဘက်မှ ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိကြောင်းနှင့် တောင်ကြီးမြို့တွင် RCSS ကိုယ်စားလှယ် ထားရှိပေးသော်လည်း အစိုးရဘက်မှ တစ်နှစ်ကျော်လာသည်အထိ တရားဝင်ဆက်သွယ်မှု လုံးဝမရှိခဲ့ကြောင်းနှင့် ဤဖြစ်ရပ်သည် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်းကို ထိခိုက်စေသည့် အကြောင်းအရာ တစ်ရပ်ဖြစ်ကြောင်း RCSS က ပြောကြားခဲ့သည်။

RCSS ၏ သုံးသပ်ချက်စာတမ်းပါ အချက်အလက်များနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အစိုးရနှင့် CCDAC ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ဒီဇင်ဘာ ၂၄ ရက် ညပိုင်းအချိန်အထိ ဆက်သွယ်မှု မရရှိခဲ့ပေ။

မြန်မာနိုင်ငံတွင် ဘိန်းစိုက်ပျိုးလေ့ရှိသော နယ်မြေများမှာ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ ဖြစ်ကြပြီး ရှမ်းပြည်နယ်တွင် ဘိန်းစိုက်ပျိုးမှု အများဆုံး ရှိနေသည်။

ရှမ်းပြည်နယ်အတွင်းရှိ အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့ခန့်ရှိနေပြီး ‘၀’ သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ/ရှမ်းပြည်တောင်ပိုင်းတပ်မတော် (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ ပအို့ဝ်အမျိုးသား အဖွဲ့ချုပ် (PNO) နှင့် တအာင်း(ပလောင်)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA/PSLF) အပြင် အခြားအဖွဲ့များ၊ ပြည်သူ့စစ်အဖွဲ့များစွာ ရှိနေသည်။

EMG

ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသနှင့် လူမှုဘ၀မြှင့်တင်ရေးအတွက် သမ၀ါယမ၀န်ကြီးဌာနမှ ကျပ်သန်းပေါင်း ၈၁၀၀ ကျော် ချေးငွေပေးအပ်ပွဲကျင်းပ


Wednesday, 25 December 2013


ကျေးလက်ဒေသနှင့် လူမှုဘ၀မြှင့်တင်ရေးအတွက်သမ၀ါယမအသင်းသားများအား ချေးငွေပေးအပ်ပွဲတွင် သမ္မတ ဦးသိန်းစိန်အား တွေ့ရစဉ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ကိုးသိန်းအားကစားကွင်းတွင် ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်းက ကျေးလက်ဒေသနှင့် လူမှုဘ၀မြှင့်တင်ရေးအတွက် ငွေကျပ်သန်းပေါင်း ၈၁၀၀ ကျော်အား သမ၀ါယမ၀န်ကြီးဌာနမှ တိုင်းအတွင်းရှိ သမ၀ါယမအသင်းသားများအား ချေးငွေပေးအပ်ပွဲ ကျင်းပခဲ့ပြီး၊ ယင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တက်ရောက်ချီးမြှင့်ခဲ့သည်။

"လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမားရိုးကျအတိုင်း စိုက်ပျိုးထုတ်လုပ်ရာမှ၊ ခေတ်မှီနည်းစနစ်များနဲ့ ပြောင်းလဲစိုက်ပျိုးထုတ်လုပ်မှသာ တောင်သူလယ်သမားများအတွက် ၀မ်းစာဖူလုံရုံသာမက၀င်ငွေလည်း တိုးပွားလာမှာဖြစ်ပါတယ်၊ စိုက်ပျိုးခြင်းကြိတ်ခွဲခြင်း၊ ဈေးကွက်သို့တင်ပို့ရောင်းချခြင်း စသည်အားဖြင့် Supply Chain တစ်ခုလုံး အချိတ်အဆက်မိမိ ဆောင်ရွက်မှသာ တစ်ဦးတစ်ယောက်တည်းအားထက်၊ သမ၀ါယမအသင်းများ ဖွဲ့စည်းပြီး ဆောင်ရွက်သွားလို့ရှိရင် အောင်မြင်မှာ ဖြစ်ပါတယ်၊ ဒါကြောင့် သမ၀ါယမအသင်းများက တောင်သူလယ်သမားတွေကို ငွေထုတ်ချေးရုံသက်သက်မဟုတ်ဘဲ ကြိတ်ခွဲရောင်းချတဲ့အဆင့်ထိ စီမံဆောင်ရွက်ပေးသွားဖို့ လိုအပ် ပါတယ်" ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်မှ ပြောကြားခဲ့သည်။

ထို့ပြင် "ကျေးလက်ဒေသများသာမက မြို့ပေါ်ရပ်ကွက်များမှာပါ အောက်ခြေ၀န်ထမ်းများအပါအ၀င် ဆင်းရဲနွမ်းပါးသူတစ်ချို့ဟာ ငွေကြေးအရင်းအနှီးမရှိတဲ့အတွက် ဆိုက္ကား၊ မော်တော်ဆိုင်ကယ် အငှားနင်းသူတွေ၊ အပ်ချုပ်စက်ငှားပြီး အငှားချုပ်နေရတဲ့သူတွေ ရှိနေကြပါတယ်၊ တစ်နေ့စာတစ်နေ့ ရှာဖွေစားနေရပြီး မိမိတို့ပင်ပန်းကြီးစွာ ရှာဖွေရရှိတဲ့ ငွေကြေးတစ်ချို့တစ်ဝက်ကို ပိုင်ရှင်များကို နေ့စဉ်ပေးနေရတဲ့အတွက်၊ ငွေပိုငွေလျှံ မကျန်တော့ဘဲ သားသမီးများကျောင်းထားရေးကိစ္စ၊ နေထိုင်မကောင်းတဲ့အခါ ဆေးဝါးကုသဖို့ပင် အခက်ကြုံနေကြရသူများ ရှိနေပါတယ်၊ သမ၀ါယမ၀န်ကြီးဌာနအနေနဲ့ လိုအပ်နေတဲ့ ငွေကြေးအရင်းအနှီးကို စိုက်ထုတ်ပေးပြီး အချိန်တိုအတွင်းမှ ဆိုင်ကယ်ပိုင်၊ ဆိုက္ကားပိုင်၊ အပ်ချုပ်စက်ပိုင်ရှင်များ ဖြစ်လာအောင် နိုင်ငံတော်မှ စီမံဆောင်ရွက်ပေးခြင်းဘဲ ဖြစ်ပါတယ်" ဟု နိုင်ငံတော်သမ္မတကြီးမှ ဆက်လက်ပြောကြားခဲ့သည်။

ယင်းအခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံသမ၀ါယမအသင်း ၈၇၉ သင်းရှိ အသင်းသားပေါင်း ၇၆၄၄၇ ဦးအတွက် ပံ့ပိုးထုတ်ချေးငွေ ကျပ်သိန်း ၇၆၂၁၁ ဒသမ ၅၀ ထုတ်ချေးပေးခဲ့ပြီး၊ စက်ပစ္စည်းအမျိုးမျိုးအား တိုင်းအတွင်းရှိ အသင်းပေါင်း ၃၁၄ သင်းသို့ ကျပ်သိန်း ၆၅၇၄ ဒသမ ၅၃ အား ပံ့ပိုးနိုင်ခဲ့ပြီး၊ စုစုပေါင်းအားဖြင့် တန်ဘိုးငွေကျပ်သိန်း ၈၂ရ၈၆ ဒသမ ၀၃ အား ပံ့ပိုးနိုင်ခဲ့သည်ဟု သိရသည်။ သမ၀ါယမ၀န်ကြီးဌာနအနေဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ချေးယူ၍ ပထမအရစ်ရရှိသည့် ဒေါ်လာသန်း ၁၀၀ ဖြင့် ယခုကဲ့သို့ ချေးငွေများ ဆက်လက်ထုတ်ပေးနေခြင်းဖြစ်သည်။ ကျန်ဒေါ်လာ သန်း ၆၀၀ ကိုလည်း ဆက်လက် ရယူဆောင်ရွက်သွားမည်ဟု သိရသည်။

EMG

ကချင်ပြည်နယ် မန်စီမြို့နယ် နန်းဟိုင်သစ်ကွင်းအတွင်းမှ တန်ချိန် ၃၀၀၀ ကျော်ရှိသည့် တရုတ်သို့ ခိုးထုတ်မည့် မှောင်ခိုသစ်များ အမြန်သယ်ယူရေး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမည်

Wednesday, 25 December 2013



ကချင်ပြည်နယ်၊ မန်စီမြို့နယ် မန်စီမြို့နှင့် မိုင် ၅၀ ကျော်ဝေးသော နန်းဟိုင်သစ်ကွင်းအတွင်းတွေ့ရသောသစ်လုံးများ

ကချင်ပြည်နယ်၊ မန်စီမြို့နယ် မန်စီမြို့နှင့် မိုင် ၅၀ ကျော်ဝေးသော နန်းဟိုင်သစ်ကွင်းအတွင်း တန်ထောင်ချီပြီး တရုတ်နိုင်ငံပေါက်ဈေး ကျပ်သိန်းပေါင်း နှစ်သိန်းဝန်းကျင်ရှိ အဖိုးတန်မှောင်ခိုသစ်များ အမြန်သယ်ယူရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ထည့်သွင်းဆွေးနွေးမည်ဟု မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က The Daily Eleven သို့ ယနေ့ပြောကြားသည်။ ယင်းကိုယ်စားလှယ်က အစိုးရတပ်နှင့် ကေအိုင်အေတို့ ၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ဒေသခံဒုက္ခသည်များကို ကွင်းဆင်းအလှူသွားပေးရာမှ ယင်းသစ်ပုံကြီးကို မြင်တွေ့ကာ ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးရန်ဖြစ်လာကြောင်း သိရသည်။

ယင်းသစ်ကွင်းသစ်ပုံကြီးအား ကိုယ်တိုင်မြင်တွေ့ခဲ့ရသည့် မိုးကောင်းမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစံပြည့်က "ဦးလေးတို့က စစ်ရှောင်ဒုက္ခသည်တွေကို အလှူသွားပေးရင်းနဲ့ တွေ့တာပါ။ တန်သုံးထောင်ကျော်မယ်။ ဆယ်ဧကလောက်ရှိတဲ့ ကွင်းပြင်ကြီးမှာ ပုံထားတာပါ။ တရုတ်နိုင်ငံကို ရောင်းမယ့်သစ်တွေလို့ သိရပါတယ်။အောက်တိုဘာထဲမှာ တပ်မတော်က ၀င်သိမ်းလိုက်တော့ ကားတွေ၊ လူတွေမိတယ်လို့သိရတယ်။ လာမယ့် ပြည်ထောင်စုလွှတ်တော်မှာ သစ်တောပြုန်းတီးမှုကို ကာကွယ်ဖို့ အဆိုတင်တဲ့အခါ ထောက်ခံဆွေးနွေးသွားမယ်။ လွှတ်တော်မှာ မြန်မြန်သယ်ဖို့ ဆွေးနွေးသွားမယ်။ တရုတ်ပြည်ထုတ်တဲ့လမ်းကြောင်းက လက်နက်ကိုင်အဖွဲ့အစည်း ကေအိုင်အေနယ်ထဲ ဖြတ်သွားတာပါ" ဟု The Daily Eleven သို့ ပြောကြားသည်။

မန်စီနယ်မှာ တရုတ်နိုင်ငံကို သစ်ခိုးထုတ်တာက ၁၉၈၇ ခုနှစ်လောက်ကစတာ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အလုံးအရင်းနဲ့ ထုတ်လိုက်တာ ၂၀၀၄၊ ၂၀၀၅ မှာ မန်စီနယ်မှာ အဖိုးတန်သစ်တွေကုန်ပြီ။ လက်နက်ကိုင်နှစ်ဖက်စလုံးနှင့် ၀န်ထမ်းတွေအားလုံးက ပါဝင်ပတ်သက်ခဲ့တာပါပဲ။ တရုတ်က ကိုယ်တိုင်လာတာလည်းရှိတယ်။ ကိုယ်စားလှယ်လွှတ်ပြီး ၀ယ်ခိုင်းတာကတော့ အများစုပါ . . .


ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ တစ်ကျော့ပြန်ဖြစ်လာသည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း ယင်းဒေသတွင် တရုတ်နိုင်ငံသို့ မှောင်ခိုသစ်များ အများအပြားတင်သွင်းခဲ့ကြောင်း ယင်းဒေသခံများက ပြောကြားသည်။ ယင်းဒေသသည် ၂၀၁၁ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလ၀က်အထိ ကေအိုင်အေ လက်နက်ကိုင်အဖွဲ့များ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ဟု သိရသည်။

ယင်းကိစ္စအား ပြည်နယ်သစ်တောဌာနသို့ စုံစမ်းခဲ့ရာ ယင်းသစ်များကို အောက်တိုဘာလအတွင်းက အနည်းငယ်သာတိုင်းနိုင်ခဲ့ပြီး ယင်းသစ်များသယ်ရန် လမ်ပိုင်းကို ဒီဇင်ဘာ ၁၅ မှ စတင်ဖောက်လုပ်နေပြီဖြစ်ကြောင်း သိရသည်။

ပြည်နယ်သစ်တောညွှန်မှူး ဦးသန်းဌေးက "အောက်တိုဘာ ၁၉ ရက်က အကြောင်းကြားစာရောက်လာပါတယ်။ တန် ၄၀၁.၅၉၅ တန်တော့ သွားတိုင်းပြီးသွားပြီ။ အဲဒီလထဲမှာပဲ သုံးလေးရက်တိုင်းပြီး နယ်မြေလုံခြုံရေးတွေကြောင့် ပြေးလာရတယ်။ တန်ထောင်ချီရှိနိုင်တယ်လိုတော့ သိရတယ်။သစ်ပုံတွေမှာ မိုင်းထောင်တယ်လို့သိရလို့ ၀န်ထမ်းတွေကို ဂရုစိုက်ဖို့မှာရတယ်။ ဒီဇင်ဘာ ၁၅ ရက်မှာ စလမ်းဖောက်တယ်။

ဗန်းမော်စင်းခန်းလမ်းအတိုင်းသယ်ပြီး မြန်မာ့သစ်လုပ်ငန်းကို အပ်ဖို့ရှိပါတယ်။ သစ်အမျိုးအစားကတော့ တရုတ်ကယူတဲ့ ပထမတန်း သစ်အမျိုးထဲက ကျွန်း၊ သံမလမ်း၊ ပိတောက်တွေပါ။ အခုချိန်မှာ သစ်ပုံကြီးကို တပ်မတော်က စောင့်နေတယ်။ ဒီသစ်တွေဟာ စစ်ကိုင်းတိုင်း၊ ရှမ်းမြောက်ကသစ်တွေလို့ သိရတယ်။ကချင်ပြည်နယ် အရှေ့ချမ်းကတော့ အဖိုးတန်သစ်ကတော့ ကုန်သလောက်ရှိသွားပြီ။ အဲဒီဒေသ လမ်းကြောင်းတွေကိုလည်း ပိတ်ဆို့နေပါတယ်။ လမ်းကြောကတော့ နန်းဟိုင်ကနေ ကောင်လွင်- မန်ဝိန်းကြီး- တရုတ်နိုင်ငံ နန့်တောင်းမြို့ကို သွားတာပါ။ တရုတ်ပြည်ပေါက်ဈေးက တစ်တန် သိန်းလေးဆယ်ရှိနေတယ်။ တရုတ်နိုင်ငံကို သားရဲတိရစ္ဆာန်တွေနဲ့ ပတ်သက်ပြီး တရားဝင်အကြောင်းကြားတာရှိပေမယ့် သစ်နဲ့ပတ်သက်ပြီး မကြားမိသေးဘူး။ ကချင်ပြည်နယ်မှာ သစ်တောပြုန်းရတာတော့ အလွန်အကျွံသစ်ထုတ်တာ၊ ၀မ်းစာရေးအရ တောင်ယာခုတ်တာ၊ ထင်းသုံးတာ၊ တရားဥပဒေ မစိုးမိုးတာ၊ လက်နက်ကိုင်အခွန်ငွေကိုမျှော်ကိုးပြီး အဖွဲ့အစည်းတွေ မတားမြစ်တာတွေလည်း ပါတာပေါ့။ အဲဒီနေရာတွေကို သစ်တောဌာနက မရောက်နိုင် ၂၀၁၁ ခုနှစ်ကပါပဲ။ ၂၀၁၃ အောက်တိုဘာလထဲရောက်မှသာ ရောက်တော့တာပါ"ဟု ပြောကြားသည်။

မန်စီမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းကြိုင်က "မန်စီနယ်မှာ တရုတ်နိုင်ငံကို သစ်ခိုးထုတ်တာက ၁၉၈၇ ခုနှစ်လောက်ကစတာ။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း အလုံးအရင်းနဲ့ ထုတ်လိုက်တာ ၂၀၀၄၊ ၂၀၀၅ မှာ မန်စီနယ်မှာ အဖိုးတန်သစ်တွေကုန်ပြီ။ လက်နက်ကိုင်နှစ်ဖက်စလုံးနှင့် ၀န်ထမ်းတွေအားလုံးက ပါဝင်ပတ်သက်ခဲ့တာပါပဲ။ တရုတ်က ကိုယ်တိုင်လာတာလည်းရှိတယ်။ ကိုယ်စားလှယ်လွှတ်ပြီး ၀ယ်ခိုင်းတာကတော့ အများစုပါ။ သစ်ကိစ္စနဲ့ ကောင်းစားတာက လူတစ်စုပါ။ ပတ်ဝန်းကျင်ဘေးဒဏ်ခံရတာက အများစုဆိုတော့ အားလုံးဝိုင်းဝန်းထိန်းသိမ်းဖို့ လိုပါတယ်" ဟု The Daily Eleven သို့ ဆက်သွယ်ပြောကြားသည်။

စည်ခမ်းကြီး၊ သံတတား၊ စီအူ၊ ကောင်လွင်စသည့် အောက်ချောင်းကျေးရွာများမှ သစ်မှောင်ခိုလုပ်သည့် ဒေသခံများက "ပိုင်ရှင်ကတော့ တရုတ်ပါပဲ။ စစ်တပ်ရော ကေအိုင်အေရော အခွန်ပေးပြီးလုပ်ကြတာပါ။ တရုတ်ကြိုက်တဲ့ သစ်အကောင်းစားက ကချင်ပြည်နယ်မှာ မရှိတော့လို့ စစ်ကိုင်း၊ ရှမ်းမြောက်ကနေ သယ်ရတာ။ ငွေကတော့ ဘယ်ယူနီဖောင်းဝတ်ဝတ် ပေးနေရတာပါ။ ကျွန်းက တစ်တန် ပြည်တွင်းမှာ ရှစ်သိန်းဝန်းကျင်၊ တမလန်းနှင့် ပိတောက်က ၁၅ သိန်းဝန်းကျင်ရှိပြီး တရုတ်နိုင်ငံပေါက်ဈေးက ကျွန်းကတစ်တန် သိန်း ၄၀ ၀န်းကျင်၊ တမလန်းက ၅၀၊ ၆၀ ကျော်ဝန်းကျင်မှာ အမြဲရှိတယ်။ တစ်ရက်ဝင်ငွေက သောင်းချီရှိနေတော့ မူးယစ်ဆေးဝါး အလျှံပယ်သုံးကြတာပဲ။ သစ်လုပ်ငန်းတွေရပ်တော့ ရွာမှာ မူးယစ်ဆေးသုံးတဲ့အကျင့်ပဲ ကျန်ခဲ့တယ်။ တရုတ်ပြည်ကို မှောင်ခိုသယ်တဲ့လမ်းကြောင်းက ရှုပ်ယှက်ခတ်နေတာ။ သွားရာလမ်းကတော့ လွယ်ဂျယ်နဲ့ နန့်တောင်းမြို့ကို အဓိကပေါ့" ဟု ပြောကြားသည်။

ကချင်ပြည်နယ်တွင် သစ်တောကြိုးဝိုင်းပေါင်း ၇၁ ခု ဧကပေါင်း ၁၂၄၆၂၇၉ ဧက၊ ကြိုးပြင်ကာကွယ်တောပေါင်း ၃၄ ခု ဧကပေါင်း ၃၁၉၄၈၅၈ ဧက၊ အမျိုးသားဥယျာဉ်နှင့် ဘေးမဲ့တောပေါင်း ခုနစ်ခု ဧကပေါင်း ၄၉၄၅၁၅၁ ဧကရှိကြောင်း သိရသည်။ ယခုအချိန်တွင် ကချင်ပြည်နယ်အတွင်း ကုမ္ပဏီကြီးများမှ စိုက်ပျိုးမြေဧကပေါင်းများစွာ ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်လာခြင်း၊ ဒေသခံများ တောင်ယာခုတ်ခြင်း၊ တရုတ်နိုင်ငံသို့ ဆယ်စုနှစ်သုံးခုနီးပါးကြာ မှောင်ခိုသစ်များတင်ပို့ခြင်း၊ ထင်းလောင်စာအဖြစ် အသုံးများခြင်း၊ တရုတ်နိုင်ငံမှ သဘာဝတောရိုင်းတိရစ္ဆာန်များကို ပရဆေးများဖော်စပ်ရန် ဈေးကောင်းပေး ၀ယ်ယူနေခြင်းကြောင့် သစ်တောသယံဇာတများမှာ ရှားပါးပျောက်ကွယ်နေပြီဖြစ်သည်။

EMG

မနက်စာက ဘာကြောင့် တစ်နေ့တာလုံးရဲ့ အရေးကြီးဆုံး အစာဖြစ်နေ သလဲ?



နေ့တစ်နေ့ရဲ့ အစမှာ စားရတဲ့ မနက်စာက တစ်နေ့တာလုံး အတွက် အရေးကြီးဆုံး အစာ ဖြစ်တာကြောင့် မနက်စာကို မဖြစ်မနေ စားသင့်ကြောင်း မကြာခဏ ကြားဖူး ကြမှာပါ။

ဒါပေမဲ့ အပြိုင်အဆိုင် များတဲ့ မျက်မှောက် ခေတ်ကြီးမှာ နောက်ကောက်ကျ မကျန်ခဲ့ဖို့ အတွက် အများစုက အလုပ် လောဘကြီး နေတတ် ကြပါတယ်။

မနက်မနက် အလုပ်ချိန် မှီအောင်၊ ကျောင်းချိန်မှီအောင် လုံးပန်း နေရတာနဲ့ မနက်စာ စားဖို့ အချိန် မပေးနိုင်ဘူး ဖြစ်နေပါတယ်။ ထမင်းစားပွဲမှာ ထိုင်ခုံနဲ့ အကျအန ထိုင်ပြီး အေးဆေး စားဖို့ နေနေသာသာ ကော်ဖီ တစ်ခွက် ကိုတောင် အပြင်ထွက် ခါနီးမှ အမြန်မျိုချ နေရတဲ့ အလုပ်များသူ တွေမှ အများကြီးပဲ။ တကယ်ဆို မနက်စာက ကျန်းမာရေး အတွက် အရေးကြီးဆုံး အစာပါ။

ဒီစကား အပ်ကြောင်း ထပ်အောင် ကြားနေရပေမယ့် ဒါအမှန်တရားပါ။ တစ်ညတာလုံးမှာ ဘာမှမစားဘဲ အိပ်နေတာကြောင့် ဟာနေတဲ့ အစာအိမ် အတွက် အိပ်ရာနိုးချိန်မှာစားတဲ့ မနက်စာက အရေးကြီးပါတယ်။ မနက်စာဆိုတဲ့ အင်္ဂလိပ်စာလုံး Break fastရဲ့ အဓိပ္ပာယ် ကလည်း ဥပုသ် (fast)ကို ဖြတ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။

မနက်တိုင်း မနက်စာ ပုံမှန် စားနေသူ တွေဟာ မစားသူတွေထက် ပိုပြီး ကျန်းမာ နေကြောင်းကို လေ့လာချက် မြောက်မြားစွာ အရ တွေ့ရှိ ရပါတယ်။ မနက်စာကနေ ရရှိတဲ့ အကျိုးထူး တွေကတော့ အားအင်တွေ ပြည့်ဝ နေခြင်းနဲ့ တစ်နေ့တာလုံး အာရုံစူးစိုက်မှု ကောင်းနေခြင်းတို့ပဲ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသူ၊ ကျောင်းသားတွေ စာသင်ကြားရာမှာ ပိုစိတ်ဝင် စားပြီး စာတွေ ပိုမှတ်မိလွယ် စေပါတယ်။

ဒါ့အပြင် ရောဂါဘယ တွေမှလည်း ကာကွယ် ပေးနိုင်ပါတယ်။ ကိုယ်အလေးချိန် ထိန်းသူတွေ အနေနဲ့လည်း မနက်စာ စားသင့်ပါတယ်။ တချို့က ဝိတ်လျှော့ချင်လို့ မနက်စာကို လျှော့စားတတ်ကြပါတယ်။ ဒါပေမဲ့ မနက်စာကို လျှော့စားခြင်းက မပိန်စေတဲ့အပြင် ပိုလို့တောင် ဝလာစေ နိုင်ပါတယ်။ လေ့လာချက်တွေအရ မနက်စာ မစားသူတွေက အဝလွန်ခြင်း ဖြစ်နိုင်ခြေ ပိုများတာ တွေ့ရပါတယ်။

ဒါဟာ ဘာကြောင့်လဲ ဆိုတော့ မနက်စာကို မစားဘဲ နေလိုက်ခြင်းဟာ နောက်ပိုင်းစားတဲ့ နေ့လယ်စာတွေ၊ ညစာတွေကို အဝအပြဲ စားလိုစိတ် ဖြစ်ပေါ် စေလို့ပါ။ ဒါ့အပြင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ Fast Food တွေ ကိုလည်း ပိုစား မိတတ်ပါတယ်။ ဒါကြောင့် မနက်စာမစားသူတွေဟာ စားသူတွေထက် စာရင် ဆီးချိုရောဂါ၊ နှလုံးသွေးကြော ကျဉ်း ရောဂါ ဖြစ်နိုင်ခြေ များပါတယ်။

မနက်စာမှာ စားလေ့ရှိတဲ့ ကောက်နှံတွေပါတဲ့ ပေါင်မုန့်တွေ၊ Cereal တွေကလည်း ကျန်းမာရေး အတွက် ကောင်းစေပါတယ်။ Antioxidant သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တွေ ပါရှိတာကြောင့် အဲဒီမနက်စာတွေကို ပုံမှန်စားပေးခြင်းဖြင့် အသက်ရှည် ကျန်းမာစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် အရေးကြီးတဲ့ မနက်စာကို မနက်တိုင်း အချိန်ပေးပြီး စားပေး သင့်ပါတယ်။

Related Posts Plugin for WordPress, Blogger...